Sunday, January 10, 2016

ရှိစုမဲ့စု အရှေ့အရပ် ရေးသူ - မောရူးဆိုး



ကြယ်ပန်းနဲ့ ဟမ်းမင်းဘတ် ငှက်ကလေးတို့ ဆုံတဲ့နေရာမှာ ငါရှိတယ်။
ငါက လမင်းကြီးကို ကြည့်လို့
လမင်းကြီးက တောင်ကုန်းတွေကို ကြည့်လို့
တောင်ကုန်းတွေက ချည်မျှင်ရှည်လို အနက်ရောင်လမ်းတွေကို ကြည့်လို့
အဲဒီအချိန်မှာ
"နောင်" "ကြည်အေး" "ညွန်ကြူး" "ခင်လေးမူ" "မြေချစ်သူ" "မိနှောင်း" "နေထက်နိုင်" တို့ကို သတိရစွာ…………

ပြောရရင် အရှည်ကြီးပဲ
ဥပဒေနဲ့ လှပတဲ့ အဆောက်အဦတွေ
နည်းလမ်းနဲ့ ဝိရိယလွင်ပြင်တွေ
ကိုယ်စီကိုယ်ငှနဲ့ လွတ်လပ်ဆွဲကြိုးတွေ
အနှစ်သာရနဲ့ အတ္တရဲ့ အရသာခြေနင်းဖိနပ်တွေ
ညီမျှခြင်းနဲ့ ကိန်းဂဏန်း ရောင်စုံမီးတွေ
ဘယ်သူ့အခွင့်အရေးလဲ မေးခွန်းထုတ်စရာမလို
ဒါကိုလဲ မမေ့ပါ…………

နောက်ပြီးတော့ကာ
သမုဒ္ဒရာရေ အစပ်မှာ ဖြုတ်ကနဲ နေလုံးကြီး ငုတ်လျှိုးသွားရင်
ကြည့်နေတဲ့ လှေကားထစ်နေရာက ထရပ်လိုက ထရပ်ကြ
တစ်ချို့လည်း ရသမျှကလေး ဓါတ်ပုံရိုက်ယူကြ
အကောင်းဆုံး အားထုတ်တဲ့ သီချင်းနဲ့ တခြားအနုပညာတွေ ပြကြ
အလွန့်ကို မြင်ကွင်းကျယ်ကျယ်ကြီးမှာ ချယ်မှုန်းကြ
ထုထည်နဲ့ အစက်အပြောက်တွေ မျဉ်းအမျိုးမျိုးတွေ ကြီးကျယ်ကြ
ဖြစ်တည်ချက် အရှိန်အဟုန်က လင်းလက်ကြ
ပျဉ်ထူထူခင်း လမ်းမ မကျဉ်းမကျယ်မှာ
အစောင့်အရှောက်ဆိုတာကလည်း ထည်ထည်ဝါဝါ……..။

နေ့လည်း တိုချင်တို ရှည်ချင်ရှည်
ညလည်း တိုချင်တို ရှည်ချင်ရှည်
ညက နေ့ကို အလုပ်အကျွေးပြု
နေ့ကလည်း ညကို လေးစားသမှုပြု
ရက်သတ္တပတ်အဆုံးမှာ စစ်ပွဲဝင်သူ ကျား/ မများ
လူကြီးလူကောင်း ပီသကြသလို
ဘဝကို ခဏ
ဘယ်သူကမှ ယူစရာမလို
အဲသလို ဖွဲ့ဆိုကြတာ ဖွဲ့ဆိုကြတာ……..။

အိပ်မက်ထဲကလို
ဝယ်စရာ ခြမ်းစရာလေးတွေ ပြီးရင်
အိပ်မက်က လန့်နိုးတာမျိုးမှာ
ပေးစရာ ကမ်းစရာတွေ ပေးကမ်းပြီးသွားရင်
ထမင်းလုံးတစ္ဆေခြောက်သလို
မှောက်မှောက်မှားမှား ယောင်ယောင်ဝါးဝါးနဲ့
လောကဓံ ကစားပွဲများကို တက်မနင်းမိဖို့
သတိတွေ ကာရံ
လက်ကျန်အနာဂါတ်ကို ခပ်တင်းတင်း
ငါ ဖြန့်ခင်းထားရတော့မယ်……….။


မောရူးဆိုး
၁၂/၀၄/၂၀၁၅
Tracy, CA, USA.

No comments: