အေးစက်တဲ့
ဒီဇင်ဘာ ဆောင်းနေ့တနေ့။
နယူယောက်မြို့
ယူနီယံစကွဲယား မြေအောက်ဘူတာကနေ ဘရွတ်ကလင်ဘူတာကို အချိန်မှန်ထွက်ခွါလာတဲ့ 'Q'
မြို့ပါတ်ရထား ထဲမှာ အားလုံးဟာ အေးခဲနေသလို ရထားတွဲတွေ ထဲမှာက လူအပြည့်။ ရပ်သူရပ်၊
ထိုင်သူထိုင်၊ သတင်းစာဖတ်သူဖတ်။ ဖုန်းပြောသူပြော၊ MP3 နားထောင်သူက နားထောင်။
ဒါပေမယ့် အားလုံးဟာ အေးခဲနေတယ်။ တဦးနဲ့ တဦး နှုတ်ဆက်ဖို့ မပြောနဲ့ စကားပင် မဟကြ။
ပီဘိ သူစိမ်းပြင်ပြင်။
ဒီအချိန်မှာ
ရထားတွဲ တနေရာက သီချင်းဆိုသံ တသံထွက်လာတယ်။ နယူးယောက်မြို့သား တွေရဲ့ အေးခဲမှုကို
ဒီသီချင်းသံက လှုပ်မနှိုးနိုင်။ ရထားတွဲထဲမှာ အာရုံခံစားမှု မဲ့နေဆဲ။ သတင်းစာ
ဖတ်သူကလည်း ဆက်ဖတ်၊ တယ်လီဖုန်း ပြောသူကလည်း ဆက်ပြော၊ MP3 နားထောင်သူကလည်း
နားကြပ်နဲ့ နားနဲ့ပ မခွါ၊ ဟမ်းဖုန်း ဖန်သားပြင်ကို အာရုံစိုက်သူက စိုက်၊ ငိုက်သူက
ဆက်ငိုက်။
ဟော…..
နောက်ထပ် အသံတသံ ရထားတွဲ တခြားတနေရာက ထွက်လာပြန်ပြီ။ ကဗျာရွတ်သံပါလား။ အခု
ရေပန်းစားနေတဲ့ ကဗျာဆရာမ လူစီကလက်ဖ်တန်ရဲ့ "မေမေ့ဆန္ဒ" ကဗျာပါလား။
ကဗျာရွတ်သံနဲ့ အတူ ဘေစ်ဂစ်တာသံ တခုတွဲဖက်ပြီး ကြားလာရတယ်။ ဘေ့စ်ဂစ်တာသံက
ညှင်းညှင်းငြိမ့်ငြိမ့်။ ကဗျာရွတ်သံနဲ့ အတူ ရထားတွဲထဲက အေးခဲမှုတွေ တစတစ
အရည်ပျော်ကျလာခဲ့။ ဂျုံးဂျုံးဂျက်ဂျက် ခုတ်မောင်းသံဆီ ရောက်နေတဲ့ အာရုံတချို့
ကဗျာဆီကို ပျံဝဲလာကြ။ အတွဲအဖက် ညီလှတဲ့ ကဗျာနဲ့ ဂစ်တာသံရဲ့ ညှို့မြူမှု အောက်မှာ
အပြုံးစတွေ ဝေစီလာနေတယ်။ သတင်းစာကို ဘေးချ။ ဟမ်းဖုန်းကို ပိတ်၊ MP3 နားကြပ်ကို
ဖြုတ်သူ ဖြုတ်ပေါ့။
ဒီရထားတွဲမှာ
ပထမဆုံး သီချင်းဆိုလိုက်သူက အသက် ၂၈ နှစ်အရွယ် ဖောက်နာ ဖြစ်ပြီး၊ ကဗျာရွတ်သူကတော့
အသက် ၃၃ နှစ်အရွယ် ကဗျာဆရာမ သွန်းဟေးလ် ဖြစ်ပါတယ်။ ဘေ့စ် ဂစ်တာသံလွင်လွင်ကို
တီးခတ်တဲ့ ဂစ်တာဆရာမလေးကတော့ မာဗင်ဂရင်း ဖြစ်ပါတယ်။ ဒီရထားပေါ်မှာ သူတို့နဲ့ အတူ
နောက်ထပ် ကဗျာဆရာ၊ ဆရာမ ၃ ဦး ပါပါသေးတယ်။
ကဗျာချစ်သူ
ငါးဦးနဲ့ သီချင်းသည် ဂစ်တာဆရာမလေးတို့ဟာ သူတို့အဖွဲ့ကို Poets of Unexpected
Places အနုပညာ မရှိနိုင်ဘူးလို့ ထင်ရတဲ့ နေရာတွေမှာ မထင်မှတ်ဘဲ ရောက်လာတတ်တဲ့
ကဗျာတစ္ဆေတွေ လို့ နာမည်ပေးခဲ့ကြတယ်။
သူတို့ဟာ
မြေအောက်ရထားတွေထဲကိုလည်း သွားတယ်။ ကူးတို့ သင်္ဘေတွေကိုလည်း သွားတယ်။ မထင်မှတ်တဲ့
ပလက်ဖောင်းတွေ၊ အဝတ်လျှော်ဆိုင်တွေမှာလည်း တွေ့ရတယ်။ သေချာတာကတော့ သူတို့ လိုက်ပါလာတာကို
ရထားတွဲထဲမှာ ဘယ်သူမှ သတိမထားမိကြ၊ ကူးတို့ သင်္ဘောပေါ်မှာလည်း တယောက်တကွဲစီ တက်လာကြ။
အချိန်ရောက်မှ တယောက် တလှည့်စီ ကဗျာတွေ ရွတ်ကြ၊ သီချင်းတွေ ဆိုကြ။
ဝင်ကြေးပေးစရာမလို
တန်းစီစောင့်စရာမလို၊ ဒီနေရာရာမှာ ကတ္တီပါ ကော်ဇောမခင်း၊ ဖဲကြိုးမတန်း၊ ရာဇမတ်ကွက်
မကာ။ သူတို့ရဲ့ ကဗျာပွဲတော်ဟာ ကဗျာဆရာတွေ ကိုယ်တိုင် နယူးယောက် မြို့သူမြို့သားတွေ
လက်ထဲ ကဗျာတွေ လင်္ကာတွေကို တိုက်ရိုက် ထည့်ပေးတဲ့ပွဲ။ ကဗျာဆရာနဲ့ ကဗျာချစ်သူတွေ
ရင်ဘတ်ချင်းဆက်တဲ့ပွဲ။
နယူးယောက်မြို့ပတ်ရထား
အမြဲစီးလေ့ရှိတဲ့ ဘရွတ်ကလင်သား လူငယ်အရောင်းစာရေးလေး တဦးကတော့ အခုလို
ကဗျာရွတ်ပွဲကို ပထမဆုံး ကြုံရတာ ဖြစ်ပေမယ့် အမြဲကြုံချင်တယ်လို့ ပြောခဲ့တယ်။ သူက
ကဗျာဆရာ ဂျုံးဆင်းရဲ့ ကိုယ်တိုင်ရေးကဗျာကို သဘောကျသတဲ့။ သူရှေ့မှာလည်း ကဗျာတွေ
အတော်လေး ရွတ်ပြီးသွားပြီ။ ရထားက ဘူတာ ဝင်တော့မယ်လို့ တောင် ကြေညာနေပြီး။
ဒီအချိန်မှာမှ ဂျုံးဆင်းကိုယ်တိုင် "ဂီတအပိုင်းအစ ပေါလောမျောနေတဲ့
ယမကာရော" ကဗျာကို ရွတ်တယ်။ ပါတီပွဲတခုမှာ သူနဲ့ တွဲကဖို့ ဘယ်လို ဖိတ်ခေါ်ခဲ့သလဲ
ဆိုတဲ့ အကြောင်းအရာကလေးပါပဲ။ သူ့ကဗျာထဲမှာ R&B အပြင်းစား ခံစားချက်
စင်တင်တေးတပုဒ် ဖြစ်တဲ့ Blackstreet အဖွဲ့ရဲ့ No Diggity ထဲက သီချင်းတပိုဒ်ကိုလည်း
ထည့်ထားတယ်။ ဒီသီချင်းလည်း ရောက်ရော ရထားတွဲထဲက လူတွေလည်း မနေနိုင် ကြတော့ဘူး။
သီချင်းကို ဝိုင်းပြီး ဆိုကြတာပါပဲ။
ရထားတွဲလေးဟာ
ထွက်လာစနဲ့ ဘာမှ မဆိုင်တော့ဘူး။ အားလုံး ကဗျာသေရည်နဲ့ မူးယစ်ရီဝေနေကြပြီ။ ခုနက
ဟမ်းဖုံးဆရာတွေကလည်း အိတ်ထဲက ဟမ်းဖုံးတွေ မသိမသာ ထုတ်ပြီး ကဗျာတေးငှဲ့ပေးသူနဲ့
ကဗျာတေး သောက်သုံးသူတွေကို တိတ်တိတ် ဓါတ်ပုံတွေ ရိုက်နေကြပြီ။ တကယ်တော့
ဓါတ်ပုံရိုက်တယ်ဆိုတာ ခိုးလုပ်ဖို့ ခက်ခဲတဲ့ အရာပဲ။ ဒီလိုနဲ့ ဓါတ်ပုံကောင်း ရအောင်
ကြံကြဖန်ကြပြီ။ ဒီလိုနဲ့က ကဗျာဆရာမတွေကလည်း ကိုယ်ရေးထားတဲ့ ကဗျာတွေ တခွက်ပြီးတခွက်
ငှဲ့လောင်းပေးကြ။ သောက်သုံးသူတွေကလည်း သောက်လို့ မဝကြ။ ဓါတ်ပုံတွေကလည်း တဖျတ်ဖျတ်။
"ကျွန်တော်ဖြင့်
ကဗျာရွတ်တာကို နားထောင်ရင်း အသက်ရှူဖို့တောင် မေ့နေတယ်" လို့ ရထားစီး
ခရီးသွားဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတဦးက ရီဝေစွာ ပြောနေတယ်။
သူတို့
အဖွဲ့ဟာ မထင်မှတ်တဲ့ နေရာတွေမှာ ဘွားကနဲ ပေါ်လာတတ်တဲ့ ကဗျာတစ္ဆေ အဖွဲ့ ဖြစ်သလို
ခရီးသွား လင်္ကာသည် အဖွဲ့လည်း ဖြစ်တယ်။ အနုပညာသည်တွေအတွက်ာကားခံ စင်မြင့်တွေဟာ
မရှိမဖြစ် အရာတွေ ဆိုပေမယ့် သူတို့ကတော့ တိုက်ရိုက်ထိတွေ့ဖို့ ကြိုးစား နေကြတယ်။
Whole Foods စတိုး ဆိုင်တွေ၊ Victoria Secret ဆိုင်တွေ စူပါမားကက်တွေ ပန်းခြံတွေဟာ
သူတို့ရဲ့ စင်မြင့်တွေ ပဲပေါ့။
တခါတော့
နယူးယောက်တိုင်းစကွဲယားကို သူတို့အဖွဲ့ ရောက်သွားတယ်။ ဧရာမ အမေရိကန်
အလံတော်ကြီးကို မီးချောင်းတွေ ရောင်စုံ မီးလုံးတွေနဲ့ ပုံဖော်ထားတော့
ထိန်ထိန်လင်းနေတာ ပေါ့။ အားလုံး သိကြတဲ့အတိုင်း တိုင်းစကွဲယားဆိုတာ
ကမ္ဘာလှည့်ခရီးသည်တွေ အစုံရောက် သလို အနုပညာ ခင်းကျင်းပြသသူတွေ ပြည့်နှက်နေတဲ့
နေရာ။
တိုင်းစကွဲယားထဲမှာ
ပင့်ကူလူသား ဇာတ်လိုက်ပုံ အဝတ်အစားနဲ့ လူက သုံးလေးယောက် တောင် ရှိတယ်။ Toy Story
ကာတွန်းထဲက ကောင်းဘွိုင် ဝူဒီပုံ ဖမ်းထားသူကလည်း လေးငါးယောက်မက ရှိတယ်။
ကပ္ပီတန်အမေရိက ပုံစံနဲ့ ပုဂ္ဂိုလ်တွေကလည်း မနည်းဘူး။ သူတို့နဲ့ အတူ
ဓါတ်ပုံတွဲရိုက်ရင် ပိုက်ဆံပေးရတယ်။ ဓါတ်ပုံရိုက်ချင်သူတွေကို သူတို့ လှည့်ပြီး
ခေါ်နေပုံက မျက်စိတောင် နောက်ချင်လာတယ်။ ဒီ ပုဂ္ဂိုလ်တွေကြားမှာ သူတို့ရဲ့ ကဗျာတစ္ဆေ
အဖွဲ့ကလေး ရောက်သွားတော့ မထင်မှတ်ပဲ ဧရာမပရိသတ်ကြီး ဝိုင်းလာတာ တွေ့ရတယ်။
ဘရွတ်ကလင်းမှာ
လူတိုင်းဝင်ပြီး ငွေပေး အဝတ်လျှော် အခြောက်ခံတဲ့ ရုံကြီးတရုံ ရှိတယ်။
ဒီနေရာကိုလည်း သူတို့ ကဗျာအဖွဲ့ အလွတ်မပေးဘူး။ အဝတ်လျှော် စက်ထဲမှာ အဝတ်တွေ
ထည့်ထားပြီး ကဗျာရွတ်သူကလည်း ရွတ်။ အဝတ်လာလျှော်သူတွေကလည်း အဝတ် အခြောက်ခံရင်း
ကဗျာတွေ သောတဆင်လို့ပေါ့။ အမှန်တော့ အဝတ်လျှော်ရုံ ဖေါက်သည်တွေ ဟာ ကဗျာနဲ့
မကင်းကွာ ကြဘူး။
အဝတ်လျှော်ရုံမှာ
ပင်တိုင်ကဗျာဆရာကြီးတဦး ရှိနေတာကိုး။ ဒီအဝတ်လျှော်ရုံထဲမှာ အသက် ၆၇ နှစ် ရှိပြီ
ဖြစ်တဲ့ ဂျပန်ကဗျာဆရာကြီး နာဂိုမာအိုတယေမီ ဟာ နှစ်ပေါင်း ၂၀၊ ၃၀ လောက်
ကဗျာရွတ်လာခဲ့တာတဲ့။ အသက်ကြီးပြီ ဖြစ်လို့ သူ့မှာ ဆွဲဆောင်မှု မရှိဘူးလို့
မထင်လိုက်ပါနဲ့။ အဝတ်လျှော်စက်တွေ အခြောက်ခံစက်တွေ ကျိုးကျိုး ကျီကျီ
မြည်နေတဲ့ကြားမှာ သူ့ကဗျာကို ဝိုင်းအုံ နားဆင်နေကြဆဲ ဖြစ်ပါတယ်။ ကဗျာဆရာကြီးက
ကဗျာရွတ်ရင်း ဂျပန်ဝါးပုလွေကို မှုတ်ရင် မှုတ်မယ်။ ပရိသတ် မကြာခဏ ပွဲတောင်းခံရတဲ့
သူ့ကဗျာက "ဒီကဗျာကအခမဲ့" တဲ့လေ။
အဝတ်လျှော်ရုံကြီးဟာ
တခါတလေ ကဗျာပြပွဲရုံကြီးနဲ့တောင် တူနေတယ်။ အဝတ်လျှော်ရုံကို လာကြသူတွေ ထဲမှာ
ကဗျာပါရမီရှင်တွေကလည်း မနည်းဘူး။ အသက် ၁၀ နှစ်အရွယ် ဟာမိုနီကလေးဟာ သူ့အလှည့်
ကဗျာရွတ်ဖို့ စောင့်ရင်း ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေ လုပ်လေ့ရှိတယ်။ သူ့အလှည့်
ရောက်ရင် "လူမည်းတွေရဲ့ သမိုင်းဆိုတာ ဘာလဲမေမေ" ဆိုတဲ့ ကဗျာကို ရွတ်ဖို့ ပြင်ထားတယ်။ "မင်းအကြိုက်ဆုံးကဗျာကို
ပြောစမ်းပါ" ဆိုတော့ဟာမိုနီက "မေမေ့ကဗျာ" လို့ ဖြေပါတယ်။ ဒီတော့မှ
သြော်..သူ့အမေလည်း ကဗျာဆရာမကိုးလို့ သိလိုက် ရတယ်။ သူ့အမေက "ထရေစီ" လေ။
အသက် ၃၃ နှစ် "ကျွန်မ အာဖရိကသူ စစ်စစ်" ဆိုတဲ့ ကဗျာကို ရွတ်နေတယ်။
ပရိသတ်က စိတ်ဝင်စားလွန်းလို့ ငြိမ်ကျသွားတယ်။ ကဗျာဟာ ကူးစက်တတ်တဲ့ အရာဖြစ်လာတယ်။
တဦးကနေ တဦး ကူးစက်တာလည်း မြန်တယ်။ ထရေစီရဲ့ ကဗျာ ပြီးသွားတာနဲ့ အသက် ၃၀ အရွယ်
ဟတ်သီရင်က သူရေးတဲ့ ကဗျာတပုဒ် ဖြစ်တဲ့ "ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာ"
ကဗျာကို ဝင်ရွတ်နေတယ်။
သူတို့ရောက်လေရာ
ပရိသတ်ကြီးက အားတက်သရော ကြိုဆိုကြတယ်။ သူတို့ရဲ့ ကဗျာ အနုပညာကို ချွင်းချက်မရှိ
လက်ခံခဲ့ကြတယ်။ ရထားတွဲထဲမှာ ကဗျာရွတ်တာကို ဆက်ပြီး နားထောင်ချင်ကြလို့ ကိုယ်ဆင်းရမယ့်
ဘူတာမှာ မဆင်းပဲ ဆက်လိုက်လာသူတွေလည်း မနည်းဘူး။ ရထားတွဲ ထဲမှာလည်း ကိုယ်ရေးထားတဲ့ ကဗျာကို
ထရွတ်ပြီး ကဗျာပြပွဲ လုပ်သူတွေ ရှိနေတယ်။
သူတို့
ကဗျာတစ္ဆေအဖွဲ့ကို နေရပ်လိပ်စာကဒ်၊ အလုပ်ခန်း လိပ်စာကဒ် တောင်းသူက တောင်းတယ်။
တချို့ကလည်း ငွေတွေ ထုတ်ပြီး လှူကြတယ်။ ငွေတွေကိုတော့ လက်မခံ ကြဘူး။
အားနာစကားပြောပြီး ငြင်းကြတယ်။ တကယ်တော့ ကိုယ်စီ ကိုယ်စီ ကိုယ့်ကဗျာစာအုပ်လေး
ထုတ်ဖို့ ကြိုးစားနေကြသူတွေပါ။ ဒါ ကိုယ့်ဖာသာ ကြိုးစားရမယ့် ကိစ္စလေ။
ဒီအဖွဲ့က
တချို့ ဂီတဆရာတွေလို ဂီတာသေတ္တာဖွင့်ပြီး အလှူခံတာ၊ ဦးထုပ်ကလေးထိုးပြီး အလှူခံတာ
မလုပ်ဘူးဗျ လို့ ပရိသတ်တဦးက ပြောပါတယ်။
သူတို့
အဖွဲ့မှာ ဘာတာဝန်မှ မရှိဘူးလို့တော့ မထင်လိုက်ပါနဲ့။ လူတွေနဲပ ကင်းကွာအောင်
အလုပ်ခံထားရတဲ့ အနုပညာကို လူတွေကြားထဲ ပြန်ပို့ ရမယ့်တာဝန်က သူတို့ တာဝန်တဲ့။
ဘရောဒ်ဝေးပြဇာတ် တခါကြည့်ရင် ဒေါ်လာ ၁၀၀ လောက်ပေးမှ ကြည့်ခွင့်ရတယ်။ ဒါတောင်
လက်မှတ်ရဖို့ မလွယ်ဘူး။ မော်ဒန်ပန်းချီပြတိုက် MMA ကို ဝင်ချင်ရင်လည်း ငွေတွေ တထပ်ကြီး
ပေးရမယ်။ အနုပညာဟာ လူတွေနဲ့ ကြာလေ ကင်းကွာလေ ဖြစ်နေပြီ။ အများပြည်သူကို
ဖျော်ဖြေတင်ဆက်တဲ့ အနုပညာလက်ရာထဲမှာ အလှတရားဆိုတဲ့ ဂုဏ်ပုဒ် ကိန်းအောင်းသားပါလို့
ပရိသတ်တဦးက ရှင်းပြတယ်။ သေချာတာကတော့ တဒီးဒီး ဆူညံနေတဲ့ မြို့ကြီးထဲမှာ
ငြိမ့်ညောင်းလှပတဲ့ ကယရန်တွေ မီတာတွေ လင်္ကာတွေ ရောက်ရှိလာခြင်းဟာ
နယူးယောက်မြို့ကြီးကို ပိုမိုငြိမ်းချမ်း ဝင်းပသွားစေတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
နေဦးဝေ။
[Dusica Sue
Malesevic ရဲ့ City Room Adding Verse and
Meter to the Drome of The City ကို ဘာသာ ပြန်ပါတယ်။]
No comments:
Post a Comment