Sunday, January 24, 2016

ဂျော့ဇီရတ်၏ ဓါတ်ပုံကဗျာများ ရေးသူ - နေဦးဝေ



ဂျော့ဇီရတ်၏ ဓါတ်ပုံကဗျာများ
ရေးသူ - နေဦးဝေ

မူလဆုံမှတ်- အနုပညာအယ်လ်ဘမ် ၂ (၂၀၁၅ ခုနှစ်၊ ဇွန်လ)  စာအုပ်မှ ကူးယူဖော်ပြပါတယ်။


ဂျော့ဇီရတ် George Szirte သည် ၂၀၀၄ ခုနှစ် TS Eliot Prize စာပေဆုကို Reel ကဗျာစာအုပ်ဖြင့် ရရှိထားသူ ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် New and Selected Poems စာအုပ်ကို ထုတ်ဝေခဲ့လေသည်။ ယခု ကဗျာများမှာ ၂၀၀၈ ဖေဖော်ဝါရီလထုတ် Poetry အမေရိကန် မဂ္ဂဇင်းတွင် ဓါတ်ပုံများနှင့်တကွ ပါရှိသော ကဗျာများ ဖြစ်ပါသည်။

ယင်းကဗျာများမှာ လန်ဒန်မြို့ ဘာဘီကန် ခန်းမတွင် ပြသော ၂၀ ရာစု ဓါတ်ပုံဆရာများ၏ 'သမိုင်းစာမျက်နှာများမှ'  ဟုပင် အမည်တပ်၍ စာအုပ်အဖြစ် ထုတ်ဝေထားပါသည်။ ကဗျာများကိုလည်း သီးသန့် အမည်မတပ်ပဲ သက်ဆိုင်ရာ ဓါတ်ပုံဆရာ ပေးသော အမည်အတိုင်း ခေါင်းစဉ်ပေးခဲ့လေသည်။

ဆူဒတ်၏ သစ်ပင်


စိတ်ကူးရုပ်သွင် တဒင်္ဂ မိုးသဲသဲရွာပြီဆိုရင်လည်း ရောက်လာတတ်
ဗုံးတွေ ဒလစပ်ကြဲပြီဆိုရင်လည်း ရောက်လာတတ်
မြို့ကြီးရဲ့ ဥယျာဉ်ကို လွင့်စင်သွားအောင် နှာချေပစ်လိုက်တဲ့
အနုမြူဗုံးတလုံး ကွဲပြီဆိုရင်လည်း ရောက်လာတတ်။

နောက်တော့ အမှောင်ထုက အလှည့်စောင့်နေတဲ့ လှေကြီးတစင်း ဆိုက်လာသလို
လက်ဖဝါးတွေကို ဖြန့်ပြီး ဖုန်မှုန့်တွေကို ဖူးကနဲ မှုတ်ပစ်လိုက်စမ်းပါ
ကျောက်ခဲတလုံးကို ကောက်ပြီး အားရပါးရ ပစ်ထည့်လိုက်စမ်းပါ။

အလင်းရဲ့ ပြီးပြည့်စုံမှုအလား ဝိုင်းစက်လာတဲ့အထိ
ပါးစပ်ကို အားကုန်ဖွင့်ပြီး ဟစ်ကြွေးလိုက်စမ်းပါ။

လေးကန်ကန်ညထဲမှာ ရောက်နေတဲ့ အဲဒီသစ်ပင်ကလေးက
ကွေးပြလာမယ်၊ တည့်တည့်ပြန်မတ်သွားမယ်။

ရော့စ်၏ ကြယ်ဝါ



မလုပ်ကောင်းမှန်း သိပေမယ့် အကြည့်တွေကို
တခုတည်းသော ကြယ်ဝါကြီးဆီကိုပဲ ပို့လွှတ်နေမိ။

ခါးကိုင်းနေတဲ့ ဦးထုပ်နဲ့အဖိုးကြီးတွေ၊ မနှစ်မြို့မှုနဲ့ ရှုံ့မဲ့နေတဲ့ အဖွားအို
မျက်စိကို စုံမှိတ်ရင်း ပါးတွေ ခွက်ဝင်သွားခဲ့။

ထပ်တလဲလဲ စိုက်ကြည့်လွန်းတော့
စက္ကူပေါ်မှာ မီးလောင်ပေါက်တောင် ဖြစ်လာရဲ့။

သူတို့ဘာကြောင့် အခုလို အံကြိတ် အရှုံးပေးခဲ့ကြသလဲ
စောကြောအဖြေရှာဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ လက်လှမ်းမမီခဲ့။
အကုန်လောင်ကျွမ်းတဲ့အထိ ဒီအတိုင်း လွှတ်ပေးလိုက်မိ။

ရော့စ်၏ ဂျူးရပ်ကွက်မှ ကလေးငယ်များ



တခါက ခပ်ငယ်ငယ်ချစ်စရာအရွယ်
အကောင်းစားဖိနပ်အသစ်တွေနဲ့
မြေပြင်အဖု အထစ်ပေါ်မှာ အပြေးပြိုင်ကြ
ကျောက်ခဲတွေ့ရင် ပိတ်ကန်ကြ
လဲကြကွဲကြ၊ ရှုံ့ကြမဲ့ကြ။

ကျုပ်တို့ရဲ့ ဒူးတွေပေါ်မှာ
ကိုယ့်နေရာရဲ့ လျှို့ဝှက်ချက်တွေ
ကိုယ့်လူမျိုးရဲ့ ရိုးရာအစဉ်အလာတွေ
ကိုယ့်ဘာသာတရားရဲ့ အသင်းအဖွဲ့တွေ
ကျုပ်တို့ဗျူဟာနဲ့ ကျုပ်တို့ပရိယာယ်တွေ
အားလုံးပေကျံနေခဲ့ကြ။

ကျုပ်တို့ရဲ့ မူလဘူတ အလှကျက်သရေဖြစ်တဲ့
ခွန်အားတွေ လျှင်မြန်မှုတွေ ဖူးယောင်ကွဲပြဲမှုတွေကို
အဆုံးအဖြတ်ပြုဖို့
ကျောက်ခဲတွေ့ရင် ပိတ်ကန်ကြ
လဲကြ၊ ကွဲကြ၊ ရှုံးကြ၊ မဲကြ။

အဲသလောက်တောင်လုပ်တဲ့ကြားက
ပွေလီတဲ့ ချစ်ခြင်းမေတ္တာအတွက်
တိုက်ကြခိုက်ကြ၊ ကျဆုံးကြရင်း
ရေရှည်ခံ ခြေရာခြေကြောင်းလေးပင် မကျန်ခဲ့။
တခါကငယ်ရွယ်ခဲ့၊ အပြေးလည်းပြိုင်ခဲ့ဘူးခဲ့။

ဂျူးတွေအတွက်ဆိုပြီး
ရွှေဥာဏ်တော် စူးရောက်လိုက်တဲ့
ဂျူးရပ်ကွက်၊ ဂျူးအကျဉ်းစခန်းတွေ
မနှစ်မြို့ဘွယ်ရာ နေရာတွေကို ရောက်တော့လဲ
ကျောက်ခဲတွေကို ပိတ်ကန်ကြ
လဲကြ ကွဲကြ၊ ရှုံ့ကြမဲ့ကြ။

ကျုပ်တို့ကို ရွေးချယ်ခွင့်တွေ
ပေးထားသလို ထင်ယောင်ထင်မှားဖြစ်စေမယ့်
ဘောင်းဘီသိုင်း ရှုံ့ကြိုးတွေ
ဖိနပ်ကြိုးတွေ
ကတ်ဗူးခွံ သေတ္တာခွံတွေ ဗရပွကြားမှာ
တခါကခပ်ငယ်ငယ် ချစ်စရာအရွယ်
အပြေးတွေပြိုင်ကြ
ကျောက်ခဲတွေတွေ့ရင် ပိတ်ကန်ကြ
လဲကြ ကွဲကြ၊ ရှုံ့ကြမဲ့ကြ။  


ကားတစ်၏ အိမ်သာ



(၁)
ပြင်သစ်စစ်သည်တော်လေးဦး
အခင်းသွားနေပုံက၊ သိပ်ခြိုးခြံရာကျ
သေမင်းတောင်
စောင့်ကြည့်ရင်း အူနှိပ်ရယ်မောရ။
ဘဝဆိုတာ ငိုကျွေးခြင်း
ရယ်မော်ခြင်းက ကပ်လိုက်လျက်
ခန္ဓာဆိုတာ အစကတော့ ခန္ဓာ
နောင်အခါ အညစ်အကြေး။

(၂)
တောကြီးက တိတ်လွန်းလှ
သစ်ကိုင်းကျိုးသံလေးလို
ချက်ကနဲမြည်သံတခု ကြားလိုက်ရ
တကယ်အချိန်ကောင်းကို ဖမ်းဖို့
ကင်မရာ ခလုတ်နှိပ်တာလား
မောင်းထိန်းခလုတ် ဖြုတ်တာလား။

(၃)
ကမ္ဘာပျက်ချိန်မှာ
ဆောင့်ညှောင့်ထိုင် ခြေလျင်စစ်သားကြီးလေးဦးဟာ
အရပ်လေးမျက်နှာက လာတဲ့လေနဲ့ တူသလို
လေသန့်ကို နှစ်ခြမ်းခွဲပစ်တဲ့ ခပ်တိုးတိုး
လေလည်သံနဲ့လည်း တူတယ်
တစက်စက်ကျလာတဲ့ ကျင်ငယ်ရေနဲ့လည်း တူတယ်။

(၄)
သစ်ရွက်လေးတွေထဲက
ပန်းလျလျထွက်လာတဲ့ လေပြေလေးဟာ
သူတို့နဖူးပေါ်က ချွေးတွေကို သုတ်ရင်း
သူတို့ကို ခပ်ဖွဖွနမ်းရင်း
စိတ်သက်သာရာရတဲ့ သက်ပြင်းကလေးဖြစ်သွားရှာခဲ့
အလင်းနဲ့မထိဘူးသေးတဲ့
အနာဂတ် နဂ္ဂတစ်ဖလင်ပြားပေါ်မှာ
ကိစ္စပြီးအောင် လုပ်ခွင့်
ဆက်လက်ရှင်သန် လှုပ်ရှားခွင့်လေး
သူတို့ကို ပေးမယ်ဆိုရင်
ဖြစ်နိုင်ပါဦးမလား
သိပ်နောက်ကျသွားပြီလား။    


ဒွိုက်စနဲ့ယိုး၏ မြေအောက်ပုံနှိပ်ခန်း




ကျုပ်သာ နောက်တကြိမ် အစကနေ ပြန်ချစ်ခွင့်ရခဲ့ရင်.
ကျုပ်မိမယ့်အရာဟာ
မျက်နှာကျက် နိမ့်နိမ့်လေးသာရှိတဲ့
အလုပ်ထဲမှာ တည်ငြိမ်စွာ အာရုံစိုက်နေသူ နှစ်ဦးရှိတဲ့
လွတ်လပ်ပေါ့ပါးလှပသလောက်
မဟုတ်မခံစိတ်ထားပိုင်ရှင်
ကိုယ်ကို ဘေးစောင်းလှည့်လိုက်သူလေးရှိတဲ့
ဒီနေရာလေးပဲဖြစ်လိမ့်မယ်။

ဘာကြောင့်ပါလဲ
အလှဆိုတဲ့အရာဟာ တချိန်တခါသူ့ဖာသာလှပြီး
ဘာမဟုတ်တော့တဲ့အရာ ဖြစ်တတ်သလို
လှခြင်းရဲ့ အတောက်ပဆုံးတဒင်္ဂလေးဟာလဲ
ထပ်ခိုးခန်းလေးထဲမှာရှိချင်ရှိမယ်
မြေအောက်ခန်းလေးထဲမှာ ရှိချင်ရှိမယ်ဆိုတာ
မေ့နေတတ်လို့ဘဲ။

ဘာကြောင့်ပါလဲ
အလှဆိုတဲ့အရာဟာ
လျှို့ဝှက်ဖြိုဖျက်ရေး စစ်ဆင်ရေးတခုမှာ
ရင်နှီးရတဲ့အချိန်တွေ တိတ်ဆိတ်မှုတွေနဲ့
သိပ်သိပ်သည်းသည်း ပေါင်းစည်းထားလို့ဘဲ။
ဒီအလုပ်ဟာ သတ္တိရှိဖို့ လိုတယ်။

စွန့်လွှတ်အနစ်နာခံဖို့လိုတယ်
တန်ဖိုးတခုခု မပေးဆပ်ရင်
ဘယ်တော့မှ မရနိုင်တဲ့ အလုပ်မျိုးဘဲ။


ပီတာဆင်၏ ကလိုချင်နဲ့ ထိုသူ



ထာဝရတရားကို ကိုယ်မြင်ဖူးပြီ
ကိုယ်မြင်လိုက်ရတဲ့ ထာဝရတရားက
ဆင်းရဲသားရပ်ကွက် အရက်ဆိုင်တဆိုင်ရဲ့
ညစ်ပေနေတဲ့ ကြမ်းပြင်ပေါ်မှာ
ကနေကြတဲ့ စုံတွဲတတွဲလေ။

တင်းကြပ်တဲ့တွယ်ဖက်မှု၊ လျှို့ဝှက်အကွက်ချမှု
အရူးအမူးဖြစ်မှု အပြည့်ပါတဲ့ ထာဝရတရားတခု
အကြမ်းဖက်လုလုကာလနဲ့
ကြောက်ဒူးဆတ်ဆတ်ကာလအကြား
ပူနွေးတဲ့ အပွေ့နဲ့
လူတောသူတောရှောင်တဲ့ ကြောက်စိတ်အကြား
တကယ် ထာဝရတရားလေးတခု
ကိုယ့်ကို
အဲဒီထဲက ရုန်းထွက်ခွင့်ပေးပါ။

ငြ်းဆန်ကန့်ကွက်မှုတွေကိုလည်း
ကြောက်ဒူးဆတ်ဆတ်တုန်တာ ပြောင်းချင်ပြောင်းပါစေ
ဘဝကိုယ်၌က
သွေးရူးသွေတန်းဆန်လွန်းတဲ့ အရာမဟုတ်လား။

ဒါမှလည်း ဟောဒီလှဲကျင်းမထားတဲ့ ကြမ်းပြင်ပေါ်မှာ
တယောက်ခြေရာ တယောက်ထပ်ပြီး
အကွက်ကျကျ လှလှပပကလေး
ကခွင့်ရနိုင်မှာ
ဘားဆိုင်ကလေးကလည်း ထာဝရတရားထဲမှာ
လွင်ဝဲချင်သလောက် လွင့်ဝဲစမ်းပါ
ဒါ.. ကိုယ်မြင်လိုက်တဲ့ ထာဝရတရားပဲ။

 



ကိုလာ၏ လူနေတိုက်တန်းနယ်မြေ


ကုန်းပြောင်ပြောင်လေးနောက်မှာရှိတဲ့
ပြတင်းပေါက်တွေထဲမှာ
မင်းမမြင်နိုင်တဲ့ အရာတွေဟာ
စားပွဲပေါ်တင်ထားတဲ့ လက်တဖက်
ငြိမ်ငြိမ်လေး လှဲနေတဲ့ လူတယောက်
မနေ့က ရင်ခုန်ခဲ့တာကို ပြန်တွေးနေဆဲ
ဧည့်ခန်းထဲက မိန်းမငယ်တယောက်
ပန်းကန်ရေစစ်စင်အောက်မှာ
တွန့်ဆုတ်နေဆဲ ကြွက်ကလေးတကောင်
အဖေနဲ့အမေ နှစ်ယောက်တွဲကတုန်းက ဖွင့်ဖူးတဲ့
မြူးကြွကြွ "ဝေနာဗလတ်" ဓါတ်ပြားကို
ဓါတ်စက်ထဲထည့်နေဆဲ
၁၂ နှစ်သား ကောင်လေးတယောက်..။

မင်းမြင်ရတဲ့အရာဆိုလို့
ဝတ်လစ်စလစ်ကောင်းကင်အောက်မှာရှိတဲ့
ဝတ်လစ်စလစ်ကုန်းကမူလေးပေါ်က
ဝတ်လစ်စလစ်ချာတိတ်ကလေးဘဲ မဟုတ်လား။

မင်းမမြင်နိုင်တဲ့အရာတွေက
မေးခွန်းပဟေဠိဆိုပါတော့
အဲဒီကောင်မလေးက
မင်းအတွက် အဖြေပဲပေါ့။

မူလဆုံမှတ်- အနုပညာအယ်လ်ဘမ် ၂ (၂၀၁၅ ခုနှစ်၊ ဇွန်လ)  စာအုပ်မှ ကူးယူဖော်ပြပါတယ်။

No comments: