Wednesday, November 14, 2007

ကြောင်း တူ သံ ကွဲ

ဝတ္ထု- ကြောင်း တူ သံ ကွဲ
စာရေးသူ- မသီတာ(စမ်းချောင်း)
အောက်တိုဘာ ၂၀၀၂၊ မြန်မာ့ဓနမဂ္ဂဇင်းက စာပေစီစစ်ရေးခွင့်ပြုချက်မရခဲ့သောဝတ္ထု


လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကနဲ့ မတူနိုင်တော့ဘူးလို့တော့ ကြိုတွေးခဲ့တာပေါ့။
"ကလေးမဟုတ်တော့တဲ့ မိမိကံ"ကို တွေ့ရမှာလေ။
* * * *

"ဒါက ကောက္ကသံ...။ တရုပ်စကားသားနဲ့ ထုထားတယ်။ လက္ခဏာရေး သုံးပါးကို ပြတာ...။ မျက်နှာ တော်ကို အနီးကကြည့်ရင် တည်တယ်။ အဝေးကကြည့်ရင် ပြုံးတယ်...။ ဒါက အရှေ့ဘက်မုခ်...၊ ဘုရားက ကောဏဂုံ။ စန္ဒကူးသားနဲ့ ထုထားတာ။ လက်ထဲမှာ ကိုင်တာက ငရဲမီးလုံး၊ ရေထဲကျရင် ရေခန်းတယ်။ ကုန်းပေါ်ပစ်ရင် မီးလောင်တယ်။ မိုးပေါ်ပစ်ရင် မိုးခေါင်တယ်။ ဒါကြောင့်မို့ ချေပစ်လိုက် တာ။ အရင်တုန်းက မယ်သီလရင်တပါး ဘုရားခြေပေါ်မှာ မီးပူဇော်တာ မီးလောင်သွားတယ်..."


လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က 'မိမိကံ' ဟာ 'အာန္ဒာရဲ့ ဧည့်ကြိုဆည်းလည်း' ပိစိကွေးလေးပေါ့။ ပိန်ပိန်သေးသေးနဲ့ ငေါင်တောင်တောင်လေး၊ အလွတ်ကျက်ထားတဲ့ ဘုရားအကြောင်းတွေကို သံစဉ်မဲ့ ရေရွတ်လို့။ သူရွတ်ပြတဲ့ ဘုရားအကြောင်းထက် သူ့ဘ၀အကြောင်းတွေ စပ်စုလိုက်တော့ သူ့သံစဉ်တွေ ပြောင်းလဲ သွားခဲ့တယ်လေ။
"မိကံကျောင်းလိုက်ရအောင် ပိုက်ဆံရှိချင်တယ်။ မိကံကို အဘကပြောတယ်။ ဒီနှစ် စာမေးပွဲ အောင် အောင်၊ မအောင် အောင်၊ ကျောင်းထွက်ရမယ်တဲ့၊ မိကံ ငိုတာဘဲ။ ကျောင်းမထွက်ချင်ဘူး။ ပြီးတော့ ဒီအလွတ် ကျက်ထားတာတွေ မပြောချင်ဘူး။ ဒါပေမယ့် အဘက ပိုက်ဆံမရှိဘူး။ အမကလည်း အချွဲလေးတွေများတော့ မနိုင်ဘူး"


အဲဒီမိမိကံက ခုနှစ်နှစ်သမီး မိမိကံပေါ့။
* * * *
မိကံသားကပိန်တယ်၊ ငါးနှစ်ပြည့်တော့မယ်။ ကိုအောင်က တောင်ကြီးကို ကားလိုက်သွားတယ်။ မိကံက ဧည့်ပါးတဲ့ ရက်တွေမို့ ဒီယွန်းဆိုင်ကို မှန်မှန်လာမဖွင့်ဖြစ်ဘူး။
အခု မိကံက 'အာနန္ဒာဘုရား' ဆိုင်ထိုင်ဧည့်ခံ အိုးစည်အလောတော်လေးပါလား။ ၀၀ပြည့်ပြည့်နဲ့ အေးအေးဆေးဆေးလေး။ သူ့ဘ၀ သံစဉ်တွေကို တည်တည်ငြိမ်ငြိမ်ပဲ သီကုံးပြပါတယ်။
"မိကံက အတန်းပညာ မရှိပေမယ့် ဧည့်တွေအကြိုက်တော့ အသာလေး ပြောနိုင်ပါတယ်။ ဆိုင်လည်းရှိတော့ မဆိုးပါဘူး။ ကိုအောင်ကလည်း အလုပ်ပြတ်တယ် မရှိပါဘူး။ ငွေကတော့ ၀င်ပါတယ်။ ပုဂံကလည်း ရန်ကုန်ထက်တောင် ကုန်ဈေးနှုန်း ကြီးမယ်ထင်တယ်။ ဧည့်ရှိနေတော့ ဈေး တွေ တင်ယူထားကြတာ။ နောင်တော့ ကိုအောင်ရော မိကံပါ မိသားစုကို ပြန်ထောက်နေရတယ်။ ကိုယ် တွေက အကြီးမို့လား။ အငယ်တွေက ကျောင်းလိုက်ကြတုန်းလေ။ ၀င်သလောက်က သုံးတာနဲ့ ကုန်တာပါဘဲ။ စုမိတာ သိတ်မရှိဘူးပေါ့။
အခု မိမိကံက အသက်နှစ်ဆယ့်နှစ်နှစ်သမီး မိမိကံလေး။
"ကလေးမဟုတ်တဲ့ မိမိကံပေါ့"
* * * *
ရွှေစည်းခုံပေါ်မှာ....။
" ဒီ စေတီတော်ကြီးက လူတရစ်၊ နတ်တရစ် တည်တာတဲ့။ နေ့မှာဆို လူတွေက တည်တယ်။ ညကျမှ နတ်တွေက တည်တာ။ ဒါကြောင့် ခဏလေးနဲ့ ပြီးတယ်။ အတွင်းအံ့ဘွယ် ကိုးပါး၊ အပြင်အံ့ဘွယ် ကိုးပါး ရှိပါတယ်။ စေတီတော်ကြီးရဲ့ အရိပ်ဟာ တံတိုင်းရဲ့ အပြင်ကို မထွက်ဘူး။ လူသူ ပရိသတ် ဘယ်လောက်များများ စေတီပရ၀ုဏ်ထဲ မဆန့်ဘူးဆိုတာ မရှိဘူး..."
"ကျန်စစ်သားက ဒီနေရာမှာ လှံထောက်ခုန်ခဲ့လို့ လှံရာကျန်ခဲ့တယ်။ ဟိုး ကျောက်မြင်းက ကျန်စစ်သားရဲ့ မြင်း။ ဗိုက်နာရင် အဲဒီမြင်းရဲ့ ဗိုက်ကိုပွတ်၊ ပြီးရင် ကိုယ့်ဗိုက်ကို ပြန်ပွတ်ရတယ်။ ခေါင်း.. ကိုက်ရင် ခေါင်းကိုပွတ်...."
"ဒါက ဆွမ်းမဦး သပိတ်။ အခါကြီး ရက်ကြီး လပြည့်နေ့တွေမှာဆိုရင် အန်တီ ဘယ်လောက်ပဲ စောစောထထ၊ ဒီသပိတ်မှာ ဆွမ်းလောင်းပြီးသား တွေ့ရတယ်။ နတ်တွေက..အမြဲဦးတယ်..."
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်ကျော်က ရင်းနှီးခဲ့ဘူးတဲ့ သံစဉ်က စာသားအတိအကျနဲ့ ပြန်လည်ဆန်းသစ် လာပါပကော။
"ဘုရားအကြောင်း ပြောပြမယ်နော်။ ကုသိုလ်ပါ။ ပိုက်ဆံမပေးလည်း ရတယ်။ ပြောပါရစေ..."
ဒီစာသားနဲ့ သံစဉ်က မော်ဒန်ပါ။ ဧည့်တယောက်ကို ဘုရားအကြောင်းပြောပြမယ့် ကလေးတသိုက် ဖြစ်နေတယ်လေ။
"ဧည့်ပါးတဲ့ ရက်မို့ပါ အန်တီရယ်။ အန်တီ သိန်းသုံးရာဆုကြီး ပေါက်ပြီး ပါဂျဲရိုးကားကြီး ၀ယ်စီးလို့ ပုဂံတခေါက်ပြန်လာပြီး အလှူကြီး ပေးနိုင်ပါစေ..."
သံစဉ်မဲ့ စာသားတွေက ဆည်းလည်းပိစိကွေး၊ ဆည်းလည်းအနေတော်၊ ဆည်းလည်းခပ်ကြီးကြီး အားလုံးဆီက တပြိုင်တည်း ပဲ့တင်ထပ်လို့...။ မော်ဒါန်သံစဉ်နဲ့ပါလား။ ဒါဆို ဆည်းလည်းလေးတွေရော မော်ဒါန်နေပြီလား။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က မိမိကံကို စပ်စုချင်စိတ် ပေါက်လာခဲ့လေတော့..။
"သမီးအသက် ဘယ်နှစ်နှစ်လဲ"
"ဆယ့်တနှစ်"
"ကျောင်းနေလား"
"သုံးတန်းမှာ ကျောင်းထွက်လိုက်တယ်"
"ဘာလို့လဲ"
"အငယ်တွေက များတော့ သူတို့ ကျောင်းလိုက်လို့ ရအောင်လို့"
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က မိမိကံက ဘွားကနဲ ပြန်ပေါ်လာတယ်။ မဟုတ်တာ။
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကထက် တောက်ပနေတဲ့ "ရွှေစည်းခုံ" ကို ကျောခိုင်းရင်း အဲဒီတုန်းကနဲ့ မတူနိုင်တော့ဘူးလို့ ကြိုတွေးခဲ့တယ် မဟုတ်လားလို့ ကိုယ့်ဘာသာကိုယ် ပြန်မေးနေမိတယ်။
* * * *
ငှက်ပစ်တောင်မှာ...။
"ဒါက ပြူစောထီးရဲ့ လက်ချက်နဲ့ သေသွားတဲ့ ငှက်ကြီးပုံတူ ထုထားတာ။ ပျက်စီးသွားပြီး ပြန်ထုတော့ မတူပဲ င်္ဟသာနဲ့ တူသွားတာ။ အဲဒီ အထဲမှာ အပျိုတော်တွေ ပုန်းနေရတယ်။ ငှက်ကြီးက အပျိုတိုင်း မစားဘူး။ ဗိုက်ပူရင် မစားဘူး။ ကျောက်ပေါက်မာပါရင် မစားဘူး။ သွားခေါရင် မစားဘူး။ နဖူး မောက်ရင် မစားဘူး..."
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က ရင်းနှီးခဲ့ဖူးတဲ့ စာသားကို သံစဉ်တူ ပြန်လည်ဆန်းသစ်စွာ ကြားရပြန် ပါပြီ။
"ကျွန်တော် ဆက်ရှင်းပြမယ်နော်။ ပြောရမလား။ အန်တီ သိန်းသုံးရာဆုကြီးပေါက်ပြီး ပါဂျဲရိုးကား ကြီးဝယ်စီးလို့ ပုဂံတခေါက်ပြန်လာပြီး အလှူကြီးပေးနိုင်ပါစေ.."
မော်ဒါန်ယိမ်းက ညောင်ဦးမှာတောင် ပေါ်ပြူလာ ဖြစ်နေပြီပဲ။
"သားကျောင်းနေလား"
တည့်တည့်ပဲ မေးလိုက်တော့တယ်။
"လေးတန်း။ အခု မုံ့စားဆင်းတုန်း အမေ့ဆီးထုတ်ဆိုင် လာကူရောင်းတာ။ ဧည့်ပါးတုန်း အန်တီ့ကို မြင်လို့ လာပြောတာ။ ကျောင်းပြန်တက်မှာ။ မုန့်ဖိုး လိုချင်လို့..."
တော်ပါသေးရဲ့ ။ အေးလေ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကနဲ့ မတူနိုင်တော့ဘူးလို့ ကြိုတွေးခဲ့သား။
* * * *
မနူဟာမှာ.....။
"ဘုရားအကြောင်း တလုံးချင်း ရှင်းပြမယ်နော်။ ရှင်းပြရမလားဟင်။ ကုသိုလ်ပါ။ မုန့်ဖိုးမပေးလဲ ပြောပါ့မယ်"
ပိန်ပိန်သေးသေးနဲ့ငေါင်တောင်တောင်လေး။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်က မိမိကံကို ဖြတ်ကနဲ မြင်ယောင်မိသေးတော့။
"အေး တလုံချင်း ရှင်းပြမှာလား။ မုန့်ဖိုးပေးရမှာပေါ့။ တလုံချင်းပြော။ ဟုတ်ပလား"
"ဟုတ်ကဲ့။ ဒီဘုရားကြီးက မနူဟာမင်းက သူ ခံစားရတာတွေကို အနော်ရထာကို သိစေချင်လို့ တည်ခဲ့တာ။ သူ့ လက်ဝတ်ရတနာကို ရောင်းပြီး မွန်ပညာရှင်တွေနဲ့ တည်ခဲ့တာ။ ရုပ်ပွါးတော် လေးဆူရှိတယ်။ အားလုံးကို တန်ဆောင်းနဲ့ အကြပ်ကြီး တည်ခဲ့တာပဲ..."
တကယ့်ကို တလုံးချင်းမှ တလုံးချင်း။ ဟုတ် နဲ့ ကဲ့ကို တလုံးချင်း ပီပီသသ ရွတ်လို့။
"အနု မှာတော့ အာနန္ဒာ၊ အမြင့်မှာ သဗ္ဗေညု၊ ထု ဆိုရင် ဓမ္မရံ..."
ဟိုက်။ ပိစိကွေးလေးက ပေါ့စ် pause ဖမ်းလို့ မရပါလား။ သူ့အရှိန်နဲ့သူ တလုံးချင်း ဆက်လည်နေတဲ့ အသံသွင်းကြိုးခွေလေးပါလား။
"ခဏလေးပါ သမီးရယ်။ အဲဒီတလုံးချင်းကို ခဏရပ်ပြီး အန်တီမေးတာ ဖြေပါနော်"
"ဟုတ် ကဲ့"
အို ခုထိ တလုံးချင်း သံစဉ်ပဲ ရှိတုန်း။
"သမီး ကျောင်းနေလား"
"မနေပါဘူး"
" ဒါဆို ဒီအကြောင်းတွေ နှုတ်တိုက်သင်ပေးထားတာလား"
"ဟုတ် ကဲ့"
သူ့ ဟုတ်နဲ့ ကဲ့ က တော်တော့်ကို အသည်းယားစရာ မော်ဒန်သံစဉ်။
"ဒီတခုပဲ တတ်တာလား"
"နောက်ဘုရားတွေ အကြောင်းလည်း ထပ်သင်ပါဦးမယ်။ အန်တီ သိန်းသုံးရာဆုကြီး.."
"တော်...တော်...ရပြီ သမီး...ရပြီ...အန်တီ့သမီး မောပါတယ်ကွယ်။ မုန့်ဖိုးပေးမှာနော်။ ဆက်မရှင်း ပြနဲ့တော့နော်။ သမီးဘာလို့ ကျောင်းမတက်တာလဲပဲ ပြောပြ"
"အငယ်လေးတွေကို ထိန်းရမယ်။ သူတို့ ကြီးလာရင် ကျောင်းနေရအောင်..."
"တော်..တော်..ရပြီ သမီး တကယ်ရပြီ"
နာမည်ဘယ်လို ခေါ်သလဲလို့တောင် မေးစရာ မလိုတော့ပါဘူးလေ။ မော်ဒါန်မိမိကံလေး...အဲ.. ဟုတ်ကဲ့လေးက မုန့်ဘိုးရတာနဲ့ ပြေးထွက်သွားပါပြီ။
* * * *
စူဠာမဏိမှာ...။ ဓမ္မရံကြီးမှာ..။ ...မှာ...။
* * * *
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်ကျော်ကထက် 'သစ်' နေတဲ့ ဘုရားတွေကြားမှာ သံစဉ်ဟောင်း၊ သံစဉ်သစ်တွေ လွင်လေ့ရှိတဲ့ ဆည်းလည်းပေါင်းများစွာနဲ့ တွေ့ဆုံပြီးတဲ့နောက် မော်ဒါန်ပုဂံက ပြန်ဖြစ်ခဲ့ပါတယ်။
* * * *
ပြန်ခါနီးမှာ 'ကလေးမဟုတ်တော့တဲ့ မိမိကံ' ကို နှုတ်ဆက်ဖို့ 'အာနန္ဒာ'ကို ၀င်ခဲ့ပါသေးတယ်။ ဒါပေမယ့် ...အဲဒီနေ့က မိမိကံနဲ့ မတွေ့ခဲ့ရပါဘူး။
* * * *
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကနဲ့ မတူနိုင်တော့ဘူးလို့တော့ ကြိုတွေးခဲ့တာပေါ့။
ဒါပေမယ့်.....။
'မော်ဒါန်မိမိကံကလေးတွေ' နဲ့တော့ တွေ့ခဲ့ရပါသေးတယ်။


မသီတာ(စမ်းချောင်း)

No comments: