Sunday, November 4, 2007

မန္တလေးတောင်ထိပ်ပေါ်ကနေ ..မန္တလေးရဲ့ ရုပ်ပုံလွှာကို ပန်းပုထုဆစ်ကြည့်ခြင်း
ရေးသူ-မောင်နွေထက်

* ရိုဒင်တောင်လိုက်မမီတဲ့ ပန်းပုတခုကို ငါ
ငါ့မန္တလေးတောင်ပေါ်
ကနေ ထုဆစ်လိုက်တော့
မြွေကြီးနှစ်ကောင်ဟာ နွေဦးသစ်တခုကို မျှော်ဖို့
ပါးပြင်းတွေ
အသင့်ထောင်ထားတယ်။

* အရှေ့ ရိုးမတောင်ပေါ်က နေရောင်ဟာ ဦးစွာ
မန္တလေးတောင်
ထိပ်ဆီပျံသန်းလာပေါ့။

* နွေဦးမြူတွေကြားမှာ ၀ိုးတိုးဝါးတားနဲ့ မန္တလေးဟာ
ကိုယ်ဟန်ပြလို့။
မီးခြစ်ပုန်းတွေထောင်ထားသလို
မိုးထိတော့မဲ့ တိုက်ကြီးတွေက
မန္တလေးတောင်ကို လက်ယပ်ခေါ်လို့။

* ဧရာဝတီဟာ မန္တလေးတောင်ကြီးကို မော်ကြည့်နေတယ်
တောပန်းတောင်ပန်းတွေကလည်း နွေလမ်းမှာ
စိမ်းလန်းကြတော့မယ်။

* ရန်ကင်းတောင်ဘက်ဆီက ကျူဘစ်ဇင်လယ်ကွက်တွေက
ကောက်သစ်ဦးနဲ့ အမြူးကြွဆုံးခုန်ပေါက်လို့၊
ပန်းသည်မလေးရဲ့ ဘ၀ ပန်းလိုမမွှေးတာကြာခဲ့ပြီ
စက်လှေကားနဲ့ ဓါတ်လှေကားဟာ လွန်းထိုးလို့မဆုံးသေး။

* အပျော်ရိုက်ဓါတ်ပုံတပုံက ငါ့ကို ငါ့ကို
ရင်မခုန်စေတာကြာပြီ၊
လယ်ကွင်းကျူဘစ်ဇင်တွေက ပီကာဆိုရှုံးလောက်အောင်
ရင်ကော့ကော့ပြ။

* ငါ....မန္တလေးတောင်ထိပ်ပေါ်က
နွေဦးကြိုမနက်ခင်းကလေးဟာ
ရိုဒင်တောင် လိုက်မမီတဲ့ ပန်းပုတခုကို လက်ဆောင်အပါး
ဟိုး.....မန္တလေးအရှေ့ ဖျားဆီ ငါ့ဧရာဝတီရဲ့
ဒီရေသစ်တက်သံ
ကြားရပေါ့။

မောင်နွေထက်

No comments: