Monday, December 29, 2008

ပြည်ပြေး
ရေးသူ-တင်မိုး


ငါ့ယာခင်းရဲ့
နှင်းစက်မြက်ဖျား၊ ပေါင်းပင်ကြားမှာ
ထွန်သွားကလေးနဲ့ ထွန်ချင်တယ်။



မြေသားရဲရဲ၊ ပဲနှမ်းကြဲလို့
ကန်မြဲဇဂျမ်းမှာ ပျော်ချင်တယ်။

ချိုးကူသံကြား၊ ငှက်ခါးတွန်သံ
စာကလေးပျံတဲ့
သာလာယံမှာ အိပ်ချင်တယ်။

နေ့လယ်နေ့ခင်း၊ ကျော်လျားခင်းကာ
ထမင်းလုံးစီ၊ တရေးမှီပြီး
လက်ဖက်ရည်ဝိုင်း၊ သင်္ဂြိုဟ်ဝိုင်းမှာ
မိုင်းခိုင်းပိဋကတ်၊ စာတတ်လယ်တီ
တောမှီသစ်ချ၊ ပဏ္ဍိတတို့
ကျမ်းစတိုထွာ၊ ငြင်းစရာကို
ရွတ်ကာရွတ်ကာ၊ ဟန်ပါပါနဲ့
အဘိဓမ္မာပွဲမှာ နွှဲချင်တယ်။

ညနေချိုတော့
ဆရာအိုရဲ့၊ ဘင်ဂျိုအတော
တယောဗုံသံ၊ ညဥ့်ဦးယံထိ
နာခံကြည်နူး၊ စိတ်ရွှင်မြူးပြီး
ဘုရားဖူးချိန်၊ စိတ်ကိုငြိမ်တော့
ပိန်ဖောင်းမှတ်လို့ အိပ်ချင်တယ်။

မနက်လင်းတော့
ထမင်းကြမ်းခဲ၊ လွေးမြဲအစာ
လွေးပြီးခါမှ
နွားပြာတရှဉ်း၊ ထွန်တစင်းနဲ့
ယာခင်းယာထွန် သွားချင်တယ်။

ယခုအခါ၊ ငါ့ရွာနဲ့ဝေး
ပြည်ပြေးတိုင်းခြား၊ ငါရောက်သွားပေါ့
ဘာများတတ်နိုင်မှာလဲကွယ်။

တင်မိုး
၀၁၊ ၀၃၊ ၂၀၀၀

ဗမာပြည်ကမောင်လူလှ
ရေးသူ-တင်မိုး

ငါတို့ကြားဖူးတာက-
တို့ရွာသားတွေ
မြို့တကာသွားပြီး
မော်တော်ကားတွေနဲ့
ဒေါ်လာစားတွေဟဲ့- တဲ့
ပျော်စရာစကားတွေ ကြားခဲ့ရသကိုးကွဲ့။



အမေရိက ငါရောက်တော့
အနောက်အရှေ့၊ တအောက်မေ့မေ့နဲ့
တယောက်တွေ့ နှစ်ယောက်တွေ့
မပျောက်သရွေ့ တွေ့ခဲ့ရ။

တချို့က-
လူပီပီ မအိပ်ရ
ဆူရှီလိပ်ရရှာသတဲ့။
တချို့က စက်ရုံမှာ
လက်ကုန် လုပ်ရရှာသတဲ့။
တချို့က-
ဘုရားကျောင်းက
တံခါးအပေါင်းကို စောင့်ရသတဲ့။
တချို့က-
နေ့ကျောင်းတက်
ညဖက်အလုပ်ဆင်း၊ ငုတ်တုတ်လင်းရသတဲ့။

နားရက်အားရက် မှတပါး
ကားတဖက်မောင်းပြီး
ကျောင်းကနေ အလုပ်ရုံ
အလုပ်ရုံကနေ ကျောင်း
ဆောင်းမှန်း နွေမှန်းမတွေးအား
နေ့လားညလား မမှတ်အား
ဗမာပြည်ကို မလွမ်းအား
နာရီပေါ်မှာ လမ်းသလားနေခဲ့ရသတဲ့။

ဖုန်းနဲ့ဆက် ဖက်စ်နဲ့ပြော
ခရီးဝေးရင်လဲ အီးမေးနဲ့ပြော
မောသမျှ ပြောပြရင်း
သောကတွေ ဖြေရရှာတယ်။
စားစရာလဲ မပူရ
နေစရာလဲ မပူရ
ဖြေစရာလဲ မပူရ
ဗမာပြည်သား မောင်လူလှမှာ
ဒီမိုကရေစီ ရ မရကိုပဲ
တ တတ မျှော်မှန်း
အပူခန်း ဖွင့်နေရရှာသတဲ့။

ခုတော့ဖြင့်- ဒုက္ခသည်ဘ၀အဆုံးသတ်
ဂရင်းကဒ်ကလေးလဲရ
အိမ်လှလှနဲ့ ဇိမ်မကျ တကျ နေနိုင်ပါရဲ့။
စပိန်မနဲ့လဲ ချစ်ခြင်းတူတူ မတူတူ
living together ဆိုလား
ဘာဆိုလား-တဲ့။
ဘာလိုလိုနဲ့
တ၀ါတောင် ဆိုတော့မယ်။
ဒီလို.... ဒီလို...
အချစ်တန်ခိုးပြပေမဲ့
စစ်အစိုးရကိုတော့ မုန်းမြဲမုန်း
နှလုံးသားထဲက လက်မခံ
အော့ကြောလန်လို့ ဆန္ဒပြရင်
ရှေ့ဆုံးက သူပါတာချည်းပါပဲ။

တနာရီ တမိနစ်မျှ
ဗမာပြည်ကို မချစ်တာမရှိ
အလွန့်အလွန် သစ္စာရှိပါသတဲ့။

ဗမာပြည်က မောင်လူလှတို့
နောင်မပူရစေဖို့
အောင်သူဘ၀ရောက်စေကြောင်း-
ကညာမဒီ အခြံအရံနဲ့
ဗမာပြည်အပြန် လှစေကြောင်း
ဆုတောင်းလိုက်ပါရဲ့ကွယ်။ ။

တင်မိုး
၀၇၊ ၁၃၊ ၂၀၀၀ ကြာသာပတေး ညနေခင်း၊
ဘော့စတွန် (Boston,MA)။

ခိုလှုံစရာတနေရာ
ရေးသူ-တင်မိုး

နိုင်ငံတကာမှာ
အကြံအဖန်များစွာနဲ့
ခိုးဝင်လာကြတဲ့ ပြဿနာ။


ပတ်စပို့အတု၊ တံဆိပ်တွေထုပြီး
ဥရောပ အင်္ဂလန်၊ အမေရိကန်နိုင်ငံတလွှား
လူဝင်မှု ဥပဒေတွေနဲ့
အသေအချာ တားသော်လဲ
သွားကြလာကြ၊ ၀င်ထွက်ကြနဲ့
တားမရဆီးမနိုင်
ပတ်စပို့ အမျိုးမျိုးကိုင်ပြီး
ခြေသလုံးအိမ်တိုင်
ကိုယ်ပိုင်စီးပွါး၊ ကြီးထွားလာဘိ
နိုင်ငံသီးခြား၊ စည်းတားစရာမရှိ။

ငါတို့လို ပြည်ပြေး
နိုင်ငံရေးခိုလှုံမှုတွေကလဲ
အတုတွေနဲ့ ရောနေတော့
သောကောရောကောဖြစ်
စိတ်ညစ်စရာမျိုးစုံ ကြုံပြန်ရ
သိက္ခာတွေ ကျရပြန်တယ်။

အာဖရိကက ကပ္ပလီ
သောင်းချီပြီး ၀င်ရောက်
နိုင်ငံစုံ ပေါက်ခဲ့ပေါ့
မြောက်ပင်လယ်နော်ဝေ
ပါကစ္စတန်တွေ တပုံကြီး
လှေစီးဗီယက်နမ်တွေလဲ
နိုင်ငံတကာ အနှံ့အပြား
တရုတ်ကုလားကတော့
အဟုတ်များသလားမမေးနဲ့
ကျုပ်သွားရာ ရှောင်မလွတ်
မြို့လုံးကျွတ် နယ်လုံးကျွတ်တွေပေါ့။

လွတ်လပ်ရေးတိုက်ပွဲဝင်
တို့ဗမာသခင်တွေလဲ
စင်မြင့်ရှိရာ တက်လို့ဟော
မောနိုင်တယ်မရှိ
တကမ္ဘာလုံးက သိကြရဲ့
မိမိတိုင်းပြည် လွတ်မြောက်ကြောင်း
ခွပ်ဒေါင်းအလံတလူလူနဲ့
နိုင်ငံတကာမှာ ထူချေပြီ။

ကျုပ်လဲပဲ ဘယ်နိုင်ငံမှာ နေခိုလို့
ဘယ်လိုစခန်းသွားရပါ့
ရေခြား မြေခြားမှာ
မဖျားမနာအောင် သတိထားရင်း
စကားမတူ အစားမတူ
လူဖြူတွေရဲ့ အရိပ်အာဝါသမှာ
စိတ်ချလက်ချ နေနိုင်ခွင့်
တဆင့်ပြီးတဆင့် ကြိုးစားကာ
တို့အမျိုးသား များစွာတို့ရဲ့အကျိုး
သယ်ပိုးရွက်ဆောင်ရဦးမယ်။

တင်မိုး
၀၂၊ ၁၃၊ ၂၀၀၀

ခွပ်ဒေါင်းခင်းတဲ့လမ်း
ရေးသူ-တင်မိုး

တို့တိုင်းပြည်က ကမောက္ကမ
ခေတ်နောက်ကျလို့ ပက်လက်လန်
ယက်ကန်ယက်ကန်။
တော်လှန်ဟေ့ တော်လှန်
အသံကမြည်ဟိန်း။
ကျောချင်းခွာ ဖျာချင်းလု
ဘယ်သူ့ကို တော်လှန်ရမလဲ
လက်စမသိမ်း။



ပန်းတိုင်ပျောက်ပါလို့
လှမ်းကိုင်ထောက်စရာ မရှိပြီ။
လက်ညှိုးတွေ ပြန်လှန်ထိုး
ယိုးစွပ်ကြသည်။

သွေးနဲ့လောင်းခဲ့ကြတဲ့
ခွပ်ဒေါင်းတို့ အာဇာနည်
ပြန်လည်၍ကြည့်စမ်း။
ကိုယ်ကျိုးကို ဘယ်မငဲ့
ခင်းခဲ့တဲ့လမ်း။
မင်းတည့်တည့်လှမ်း။

တင်မိုး
၀၃၊ ၁၆၊ ၂၀၀၂

Saturday, December 27, 2008

ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
ရေးသူ-တင်မိုး

(၁)
ဒီလူကြီးတွေ...ဒီလူကြီးတွေ....
သွားရေတွေ တများများ
လူသားစား ကျားပါးစပ်နဲ့
အရပ်မှာ "ဗျိုး" ဟစ်ပြီး
"ကွန်မြူနစ်ဆန့်ကျင်ရေး" တဲ့
အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့
လုပ်စားပေါင်းများခဲ့ပြီ။

(၂)
ကွန်မြူနစ်တွေ ဆိုတာ
ဘုရားမရှိ တရားမသိ
အမှားအတိနဲ့
အလကားငတိတွေ ထင်အောင်
တွင်တွင်ကြီး ၀ါဒဖြန့်
ကွန်မြူနစ်တစ္ဆေနဲ့ လှန့်
ရွာအနှံ့ ရပ်အနှံ့ မောင်းထု
ပြည်သူကိုတော့ ထောင်းထုပြီး
မကောင်းမှုမှာ သရဖူဆောင်း
သူရဲကောင်းကြီး ဟန်ပန်လုပ်
အာဏာကို အချောင်အုပ်ကြတယ်၊
...

ပုပ်လိုက်တဲ့ သမိုင်း
ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။

(၃)
ကွန်မြူနစ်ကို လက်ညှိုးထိုး
ကိုယ်ကျိုးကို အရနှိုက်
ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။

လဲဗီးတဲ့....ပြူစောထီးတဲ့...
လက်နက်မဲ့ ပြည်သူတွေကို
ကူညီမလို အကြောင်းပြပြီး
ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ
မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။
ကွန်မြူနစ် ရန်စွယ်ဟာ
ဓမ္မ န္တရာယ် အစစ်ပါပဲလို့
ကလိမ်ကညစ် နည်းထုံးတွေနဲ့
ဖီးလုံးတွေလွှင့်ထုတ်
စာအုပ် စာတမ်း ရေဒီယို
ထိုထိုသော သတင်းစာတွေနဲ့
အတင်းညာကာ ၀ါဒဖြန့်
ရွာလန့်အောင် လုပ်ကြတယ်။
ရိုးသားတဲ့ ဗုဒ္ဓဘာသာ
တို့မြန်မာလူထုရဲ့ စိတ်ထဲ
ကွန်မြူနစ် သူရဲပုံပြင်တွေနဲ့
ယုံထင်ကြောင်ထင် ဖြစ်အောင်
သံကြောင်တွေ ဟစ်ကြတယ်
တကယ်ညစ်တာက သူတို့....သူတို့။

မသိဘူးလို့များမထင်နဲ့
ပြည်သူတွေက "မြင်"ပါတယ်။
ပြည်သူတွေက "လျင်"တယ်။

(၄)
မှန်တဲ့စကားတခွန်း
တစွန်းတစ မဟလိုက်လေနဲ့
ကွန်မြူနစ် တံဆိပ်ကပ်
အရပ်နဲ့ လှည့်တိုက်မယ်။

အခွင့်အရေး ဆိုစကား
တပြားဘိုးမျှ မတောင်းလိုက်လေနဲ့
ကွန်မြူနစ်တွေ သွေးထိုး
သူပုန်မျိုး အဖျက်သမားတွေလို့
မတရားစွပ်စွဲပြီး
နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။
အမှန်ကို ချစ်တာနဲ့
ကွန်မြူနစ် ဖြစ်ရရောလား။
လူကြီးမင်းများ ခင်ဗျား....
စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။

(၅)
ကျောင်းသားတွေ မခံနိုင်လို့
သံပြိုင်ဟစ် အုံကြွတော့လဲ
သူပုန်ထမဲ့ ဗကပ တဲ့
ဗကပ လှုံ့ ဆော်လို့
ကြွေးကြော်သံ အနန္တနဲ့
အလျှံထမတတ်
ဆန္ဒပြကြတာတဲ့။
ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး
ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို
မစိစစ် မဖွေရှာ
အာဏာပြ ပါဝါပြပြီး
အဓမ္မနှိမ်နင်း
အပြစ်ကင်းတဲ့ ကလေးငယ်တွေကို
ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။

ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ
အတန်တန် သွေးစွန်းခဲ့ရတယ်။

လွတ်လပ်ရေး ရပြီးကထဲက
တကသ ဗကသ
ကျောင်းသားသမဂ္ဂတွေကို
ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့
ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့
ပစ်ခတ် သတ်ဖြတ်ခဲ့တာ
မှတ်တိုင်ကြီးတတိုင်
ဇူလိုင် ၇ ရက် သက်သေပါ။
တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့
ဟာသ ရသတောင်မြောက်ကုန်ပြီ
ဗကပတစ္ဆေ ခြောက်တုန်းပါကလား။
(၆)
အမှန်တကယ်အဖြစ်က
ပြည်တွင်းစစ်နဲ့ စားသာနေတာ
အာဏာလက်ရှိ လူတစုပါ။
ပြည်တွင်းစစ်ကို လက်ညှိုးညွှန်
ကွန်မြူနစ်ကို အပြစ်ပုံချ
ရသမျှအခွင့်အရေး အိပ်ထဲပိုက်
နှိုက်ချင်တိုင်း နှိုက်
ပိုက်ချင်တိုင်း ပိုက်
မိုက်ချင်တိုင်း မိုက်
ရိုက်ချင်တိုင်းရိုက်
ရွှေစိတ်တော်အကြိုက်ပ၊
မြို့ ရွာတွေ မီးတိုက်လိုတိုက်
ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး
အမျိုးသမီးတွေ ယူလိုယူ
ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ
အိမ်တွေရ တံဆိပ်တွေရ
ဧရာမ သူရဲကောင်းလို့
အကြောင်းပြလို့လဲကောင်းသေး
ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့
ဝိုင်းအုပ် ၀ိုင်းတုတ်လိုက်ကြတာ
အလုပ်ကိုဖြစ်လို့၊
တကယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ ပါလားနော်။

(၇)
ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
ဘယ့်နှယ်လုပ် ဆွေးနွေးကြမလဲ
ငြိမ်းချမ်းရေး အသံကြားရင်
နားဝမှာ ခါးနေတဲ့လူတွေ
စစ်ရှိမှ ကြီးပွါး
စစ်နဲ့ဘဲ လုပ်စားနေကြတာ
စစ်အား မကောင်းရင်
ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။
စစ်အလုပ် ကင်းဝေးမဲ့
ငြိမ်းချမ်းရေး ကိစ္စကိုများ
တရားသဘောနဲ့
အလကား ဟောမနေနဲ့
မောရုံသာ အဖတ်တင်မယ်
"၀တ္ထုနိပါတ် ပိဋကတ်"ကို
လျှာပြတ်အောင် ဟောသော်လဲ
ဟောရင်းသာ ပျံတော်မူရမယ်
"ဆန်ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ" ဆိုတဲ့၊
ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား။

(၈)
ဒီလိုနဲ့ပဲ
တို့လူထုမှာတော့
ပူမှုတွေဖုံး
အပူလုံးတွေကြွ ယူကျုံးမရ
ပြည်တွင်းစစ်ဒုက္ခနဲ့
ပြေးရ လွှားရ ပုန်းရ အောင်းရ
ဘ၀တွေ ပျက်ခဲ့ပြီ။
လက်နက်တွေ တလကြမ်းနဲ့မို့
အမျိုးသားပန်းမှ ပွင့်နိုင်ပါအုံးမလား။
တနိုင်ငံလုံး ပြာပုံပေါက်
တည်ဆောက်လို့မှ ရနိုင်ပါအုံးမလား။
စစ်မီးတွေ တလောင်တည်းလောင်
ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ
ပြောင်ခဲ့ပြီလေ။

(၉)
ဒီလို ဒီလိုနဲ့
ဒီမိုကရေစီ ပြုတ်ကျ
စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့
မဆလတွေ မင်းမူခဲ့
တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့
တဖွဖွ စွပ်စွဲရင်း
ဖွတ်မွဲစာရင်း တို့တတွေ ရောက်ကုန်ပြီ၊
မှိုလိုပေါက်လာတဲ့ မဆလဗဟိုကော်မတီ
ဘာကောင်စီ ညာကောင်စီ
အလံနီ အလံဖြူ လက်နက်ချနဲ့
မဆလ စစ်ဗိုလ်ကြီးတွေဟာ
တသီးတသန့် အခန့်စားစံရာ
ပါရမီ ငွေကြာရံ
ရန်ကင်း ကမ္ဗောဇ ဗိုလ်ချုပ်ရွာတွေမှာ
တိုက်တာကြီးတွေ ဟိန်းထ
ပစ္စည်းတွေက သိန်းမက
ဘိန်းချသလား အောက်မေ့လောက်အောင်
ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။

ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့
စားဦး စားဖျားတွေ ဝေစားခဲ့ကြတယ်။

မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်
မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်

အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်
အရက်တငုံ ကျိုက်ပြီး လွှတ်တော်ဝင်
မဆလလမ်းစဉ် အောင်ရမယ်လို့
မယုံကြည်ပဲ ကြွေးကြော်ပြီး
အရေးပေါ် ဆိုရှယ်လစ်တွေက
စခန်းသစ် ဖွင့်ခဲ့ကြတယ်။
မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ။

(၁၀)
ခုအခါ လူထုကနာပြီမို့
တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့
အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့
ဆူပူရေးသမား ဗကပများ တဲ့။
လုပ်စားနေတဲ့ လူကြီးများက
ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး
လူထုလုပ်ရပ် သေးသိမ်အောင်
ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ။

ပြည်ထောင်စု ပြိုကွဲပြီး
ဖရိုဖရဲ မဖြစ်အောင်တဲ့။
မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့
စကားကို တရားလုပ်
လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း
အပ်သွားကြောင်းထပ်ပြီး
အဓမ္မပါးစပ်နဲ့
ကျားကျား မီးယပ်လုပ်ကြပြန်ပြီ။
ကျောင်းသားနဲ့ ပြည်သူ
ဆူပူအောင်လုပ်တာ ဗကပ လို့တမျိုး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း
ကွန်မြူနစ်တွေ စီးနင်းလေဟန်
သတင်းတွေ ချဲ့ ကား
အတင်းလိမ်လည် လှည့်စားလို့တမျိုး
မဟားဒယား ကြံစည်ပြီး
ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။

(၁၁)
ခုတော့
သမိုင်းကသိ လူကမိပြီ
လူကြီးမင်းတို့ လက်ရာ
ညာလို့ မရတော့ဘူး
နိုးကြားတဲ့ ပြည်သူတွေမို့
အထူ အပိန်းတွေ မထင်ကြနဲ့တော့
ပါးစပ်ဟ လိုက်တိုင်း
အူမကို အတိုင်းသားပါပဲ။
လူကြီးမင်းတို့ ဖော်နည်းကားတွေ
ခေတ်မစားတော့ဘူး
ခေတ်နောက်ကျ သွားပါပြီ။
"ပြည်သူတွေဟာ ဗကပ မဟုတ်"
ဗကပ နဲ့လှန့်တိုင်း
လန့်လိမ့်မည်မဟုတ်။
နိုင်ငံရေး အခြေအနေ
ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို
ပိုင်းခြားလို့ သိနေပြီ။
ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့
တသက်လုံး လုပ်စားဖို့ကြံရင်
ပန်လန်လက်
ပက်လက်လန် မည်သာမှတ်ပေရော့။
ပါးစပ်က ဘုရား ဘုရား
လက်က ကားယားကားယားနဲ့
စားဖား လူကြီးမင်းများ ခင်ဗျား............။ ။

တင်မိုး။
[ ၂၀၀၀၊ သြဂုတ်လ ၁၅ ရက်မှာ လမင်းတရာစာပေဆက်ဆံရေးက ထုတ်ဝေလိုက်တဲ့
"တင်မိုး ရဲ့ ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ"စာအုပ်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်]


Friday, December 26, 2008

အနာဂတ်အတွက်ကဗျာ-တင်မိုး အမှာ

{ "ဘားတော့ဘရက် ၏ ကဗျာများကို ဖတ်ကြည့်ရသောအခါ စစ်မောင်းသံကို ကြားလိုက်ရဘိ သကဲ့သို့ ကြက်သီးမွေးညင်း ထလာပါသည်။ ဆံပင်မွေးထောင်လာပါသည်။ ကဗျာများ၏ အသံ မှာ ဟိန်းလှပါသည်။ ကဗျာတေးသံမှ ဟုတ်ရဲ့လား။ ကျည်ဆံတွေများလား။ ဤသို့ ခံစားမိပါသည်...... " - တင်မိုး။
၁၇၊ ၇၊ ၁၉၇၀ မှာ ဘားတော့ဘရက် ရဲ့ ကဗျာတွေကို တင်မောင်အေး က ဘာသာပြန်ပြီး "အနာဂတ်အတွက်ကဗျာ" လို့ စာအုပ်ထုတ်ဝေရာမှာ ကဗျာဆရာ တင်မိုးက အမှာစာကို ဒီလို ရေးထားပါတယ်။}


အဆီယစ်နေသူများ

ပြည်သူ့ချွေးနှီးစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစားလုပ်နေသူတွေက
နဲနဲနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့။

ဗိုက်အပြည့် စားသောက်နေရတဲ့သူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။

တိုင်းပြည်ကြီးကို ဂျောက်ထဲ ဆွဲခေါ်ချမဲ့လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေ နားလည်ဘို့
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့။ ။

ဘားတော့ဘရက်။
[ဘားတော့ဘရက် ရဲ့ ကဗျာတွေကို တင်မောင်အေးက ဘာသာပြန်ပြီး သမဂ္ဂစာပေက ထုတ်ဝေတဲ့ 'အနာဂတ်အတွက်ကဗျာ' စာအုပ်မှ ကူးယူဖော်ပြပါတယ်။ မာယာ ၂၀၀၂ ဇူလိုင်။]

ကိုရင်ကလေး ဣန္ဒာလောက
ရေးသူ- တင်မိုး

ဘုရားကြီး ကျောက်ဆစ်တန်း
ပန်းတွေနဲ့ ဝေနေတဲ့
မန္တလေးမြေမှာ
ချမ်းအေးစွာ ပညာသင်
ကိုရင်ကလေးဘ၀၊ ဣန္ဒာလောက။


မိဘက ကန်မြဲဇဂျမ်း
လှည်းလမ်းကလေး တဖုန်ဖုန်
သူပုန်လဲထူ ဖုန်လဲထူတဲ့
တောင်သူတွေ မြေပဲစိုက်
ရေစည်တိုက်တဲ့ အရပ်မှာ။

သူပုန်နဲ့ အစိုးရ
ပစ်ကြ ခတ်ကြ သတ်ဖြတ်ကြလို့
ဆွမ်းမျှ မလောင်း
ကျောင်းမျှ မဆောက်နိုင်
ပုတီးမျှ မကိုင်နိုင်တဲ့အခါ။

ဒီဝါကျွတ်ရက်
ကိုရင်ကလေး လူထွက်ရင်
ခေတ်ပျက်ကြီးထဲမို့
သူပုန်အဆွဲခံရမလား
စစ်သားဖြစ်ပြီး သေနတ်ပစ်သင်နေရမလား
အမေတားပါရစေ
လူများတော့ မထွက်လိုက်ပါနဲ့
ကိုရင်သာ လူထွက်ရင်
အမေ့အသက် ဘယ်မှာထားရပါ့
တို့သားအမိ တောင်ကြားပုန်းပြီး
ကတုံးတုံး အမေမယ်သီလရင် ၀တ်ခဲ့ရင်
ပြည်တွင်းစစ်က လွတ်ကောင်းရဲ့။

ပြုံးဖြီး ပြုံးဖြီးနဲ့
ကတုံးကြီးနဲ့ ကိုရင်လူထံက်ကို
ငပိချက် ချက်ကျွေးနေတဲ့
ကျေးဇူးရှင် အမေရဲ့အရိပ်
သောကလွှမ်းတဲ့ ဇာတ်လမ်းအတိတ်ကို
တိတ်တဆိတ် လွမ်းမိတယ်။

ပြည်တွင်းစစ် မီးလောင်ကုန်းမှာ
အမေလဲ ဆုံးခဲ့ပြီ။
အဖေလဲ ဆုံးခဲ့ပြီ။
သုံးယောက်သား မောင်နှမတို့
လူ့လောကမှာ ကျက်စား
နှစ်များလဲ ကြာချေပြီ။

ကိုရင်ကလေး ဣန္ဒာလောက
လူ့ဘ၀မှာ သက်ဆင်း
ပြည်တွင်းစစ် မီးလျှံကြားမှာပဲ
တဖားဖား ရုန်းကန်ရင်း
ကာရန်တွေရှာတဲ့
ကဗျာဆရာ ဖြစ်လာခဲ့လေပြီ။

ပြည်တွင်းစစ် မီးရောင်လဲ
တညီးညီး တောက်လောင်နေဆဲ။
ကဗျာတထုပ်၊ စာတအုပ်နဲ့
မီးမှုတ်မီးငြိမ်း၊ ကလေးထိန်းရင်း
ငြိမ်းချမ်းရေး မရရုံ မကသေး
သူ့ကလေးတွေ သူ့မြေးတွေကို
ရန်ကုန်မှာထားပြီး
တိုင်းတပါး ကိုယ်လွတ်ပြေးခဲ့ရ
အမေ့မြေးတွေ မြစ်တွေအတွက်
ကိုရင်လူထွက် ကဗျာဆရာ
စိတ်ပူပန်ရပါလေပြီ။

စစ်ဝါဒီ စနစ်ဆိုး
စစ်မီးခိုး အလျှံတလူလူနဲ့
မြန်ပြည်သူ ဘယ်ခါငြိမ်းနိုင်ပါ့မလဲ။

အမေ့ရွာ ပြန်အလာ
သံသာသာ ကဗျာတေးတွေနဲ့
ငြိမ်းချမ်းရေး ဗိမာန်သစ်ကို
တို့ပြည်ရွာ မေတ္တာအချစ်နဲ့
ကျောက်ဆစ်ကာ ထုထွင်းဖို့
မျှော်လင့်ခြင်း ရင်မှာပိုက်
အမျှော်စိုက်တေးတွေနဲ့
ရပ်ဝေးက တစောင့်စောင့်။ ။


တင်မိုး။
၁၀၊ ၃၊ ၂၀၀၀
ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း နှစ်နှစ်မြောက်နေ့ အမှတ်တရ (၀၁၊ ၂၂၊ ၂၀၀၈) ကို ရည်မှန်းပြီး မာယာ ဇူလိုင်၊ ၂၀၀၅ မှာ၊ ထည့်သွင်းဖော်ပြပြီးတဲ့ ကဗျာဖြင့် ထပ်မံ ဂါရ၀ပြု ပါတယ်။

အိုဘယ့်ကဗျာဆရာ
ရေးသူ- တင်မိုး

ကော်ဖီတခွက်၊ စီးကရက်တလိပ်
စိတ်ကူးတခုနဲ့
ခပ်နုနု ခပ်ယဉ်ယဉ် ကဗျာဆရာ။



၁၉၈၈
ခေတ်မုန်တိုင်းအတိုက်၊ ခေတ်ရေလှိုင်းအရိုက်မှာ
အငိုက်တွေပြေကျ၊ အိပ်ရာမှနိုးထသကဲ့သို့
သွေးကြွတဲ့ စိတ်ကူးနဲ့
ရေရူးအမြောက်၊ လှေလူးလို့ မှောက်ပစေ
လူထုနောက် တကောက်ကောက်လိုက်
တိုက်ပွဲတွေမှာပါဝင်
သွေးစဉ်တဲ့လက်နဲ့ ကဗျာစပ်
လွတ်လပ်မှု ဆာလောင်တဲ့ဗိုက်နဲ့
ကလောင်ပိုက်ကာ လိုက်ခဲ့တယ်။

တိုက်ပွဲက ပြင်းထန်တော့
ပက်လက် လန်သူလန်
နံရံလေးဖက်ထဲ ရောက်သူရောက်
ပျောက်သူ သေသူတွေလဲ အများအပြား
တရားမျှတ လွတ်လပ်ခြင်းရအောင်လို့
ဘ၀တွေနဲ့ရင်းနှီး
တန်ဖိုးကြီးကြီး ပေးခဲ့ကြရတယ်။

သစ်ရွက်တွေ ကြွေလျောလို့
နွေဥသြ တွန်ခါနီးပြန်ပြီ။
ဤခရီး မဆုံးသေး။

ကဗျာဆရာမှာလဲ၊ ဒဏ်ရာတွေရ
ကလောင်ထက်မှာ သွေးစက်တွေကျခဲ့ပြီ။

နွေတန်ခူးမှာ
လေရူးကလေးနဲ့ မလိုက်အား။
အင်းယားကန် ရေပြင်ရိပ်မှာ
အတိတ်ကို မလွမ်းအား။

ကလောင်တချောင်းနဲ့
အောင်မောင်း အောင်စည်သံ မျှော်ရင်း
ရဲဘော်များနဲ့ အတူ
ကလောင်ဖျား ချွန်နေဆဲ။

ကော်ဖီတခွက်၊ စီးကရက်တလိပ်နှင့်
စိတ်ကူးမယဉ်နိုင်ရှာတော့ချေ။ ။

တင်မိုး
ဇန်န၀ါရီ၊ ၂၈၊ ၁၉၉၉။
မာယာ ၂၀၀၁ မတ်လ။

မမေ့နိုင်တဲ့ ဆရာ့ပုံရိပ်
ရေးသူ- အေးဝင်း (လမင်းတရာ)

၁၉၉၉ ခုနှစ်ရဲ့ ကျနော်အလုပ်က ပြန်ရောက်တဲ့ တညနေအချိန်မှာ message တခု အိမ်ကို ရောက်နေတယ်။ ဦးဘဂျမ်း ဖုန်းခေါ်တယ်တဲ့။
ရုတ်တရက် ကျနော် အံ့သြသွားတယ်။ ကျနော့် အသိထဲမှာ ဒီနာမည်ဟာ ကဗျာဆရာ 'တင်မိုး' ပဲ။ သူပေးတဲ့ ဖုန်းနံပါတ်ရဲ့ area code ကို ကြည့်တော့ (၃၁၃) တဲ့။ ကျနော့်စိတ်ထဲ သူအမေရိက ရောက်နေပြီမှတ်ပြီး အတော်ပျော်သွားတယ်။ ချက်ချင်း ကျနော် ဖုံးခေါ်လိုက် တယ်။



သြော်.... သူ ဘယ်လ်ဂျီယမ်ကို ရောက်နေတာကိုး။ သူ့သမီးက ဒေါက်တာမိုးမိုးနှင်းတဲ့။ သမီးက ခေါ်လို့ သူထွက်လာခဲ့တာ အပြင်၊ တခြားသူရဲ့ အကြောင်းကိစ္စတွေနဲ့ အခြေအနေကို လည်း ရှင်းပြတယ်။ ကျနော်ကတော့ မြန်မာပြည် မပြန်နဲ့တော့၊ ပြန်ရင် ဖွတ်ကျားတွေ ဆရာ့ကို ဒုက္ခအကြီးအကျယ် ပေးလိမ့်မယ်လို့ အကြံပေးလိုက်တယ်။ တခြားသူတွေလည်း ကျနော့်လိုပဲ အကြံပေးကြတယ်နဲ့တူပါတယ်။ သူ မပြန်ဖြစ်တော့ဘူး။
အမေရိကကို ပထမဦးဆုံးအကြိမ် ဘယ်လ်ဂျီယံကနေ အလည်ရောက်လာတော့ သူတည်းတဲ့အိမ်မှာ သူ့ကို ကျနော် သွားခေါ်ပြီး ယူနီဗာဆယ်စတူဒီယိုကို ခေါ်သွားတယ်။
ဇွန်လ ၁၈ ရက်၊ သက္ကရာဇ် ၂၀၀၀။
အဓိက ကတော့ အချိန်ကြာကြာ၊ အေးအေးဆေးဆေး နှစ်ယောက်ထဲ စကားပြောဖို့ပါ။
နှစ်ယောက်သား ယူနီဗာဆယ် စတူဒီယိုထဲမှာ ဟိုဝင်ဒီထွက် လှည့်ပတ်ကြည့်ရှုရင်းက စကားတွေ ပြောဖြစ်ကြတယ်။ အကြောင်းအရာကတော့ မျိုးစုံပါပဲ။ ပြောရင်း ကျနော် ထိုင်းမှာနေတုန်းက စုထားတဲ့ ကဗျာတွေအကြောင်း ရောက်သွားတယ်။ အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု(မနတ) က ထုတ်တဲ့ 'မတ်လ၏ ဂန္ထ၀င်ပန်းရိုင်းများ' ကဗျာ၊ ဒေါ်ခင်ကြည်ဈာပနမှာ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မနတ) က ဝေတဲ့ 'သံမဏိပန်းတဖူး၏ ဥယဉ်မှူးမိခင်' ကဗျာ၊ နောက်ပီး သူ့ကဗျာတွေ... 'အိမ်လည်ကြူးတဲ့သား' 'ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်း များ'.....။
အဲဒီမှာ အကြံတခု ကျနော့်ခေါင်းထဲ ရောက်လာတယ်။ သူအမေရိကကို ရောက်လာတဲ့ အထိမ်းအမှတ် လမင်းတရာက ကဗျာစာအုပ်ကလေးတအုပ် ထုတ်လိုက်ရရင် ကောင်းလေ မလား.....။ သူက ကောင်းသားပဲ လုပ်လေတဲ့။ သူလည်း သင့်တော်တာလေးတွေ ထပ်ဖြည့် ပေးမယ် ပြောတယ်။ သူ ထပ်ပေးတဲ့အထဲမှာ အကြိုက်ဆုံးက 'ဗုဒ္ဓနှင့်တွေ့ဆုံခြင်း' တဲ့။ ကျနော်တို့ နှစ်ယောက် ကဗျာစာအုပ်တအုပ် မွေးဖွားလိုက်ကြတယ်။ 'ဗုဒ္ဓနှင့်တွေ့ဆုံခြင်းနှင့် အခြားကဗျာများ' တဲ့။
မှတ်မှတ်ရရတခုက သူနဲ့ကျနော် ယူနီဗာဆယ်စတူဒီယိုထဲကအထွက် ဟောလီးဝုဒ် တောင်ကုန်းပေါ်ကနေ ကျနော်ကြိုတင်ယူလာတဲ့ ဖုံးကဒ်ကိုသုံးပြီး အများသုံးတယ်လီဖုံးကနေ တနေရာကို ကျနော် တယ်လီဖုံး ခေါ်တယ်။ ကျနော် ဘာမှ ပြောမနေပဲ သူ့လက်ထဲကို တယ်လီဖုံးခွက် ထည့်ပေးလိုက်တယ်။ ၀င်းပသွားတဲ့ သူ့မျက်နှာနဲ့အတူ၊ သူ့ဆီက အသံတခု ထွက်လာတယ်။

"ဟေ့ကောင်..... ဖိုးသံ... ငါ့လခွီးမှပဲကွာ......." တဲ့။

အဲဒီအကြောင်းကို ပြန်တွေးတိုင်း အင်မတန် ချစ်စရာကောင်းတဲ့ သူ့မျက်နှာကို အတိုင်းသား မြင်တုန်း။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ညီငယ်တယောက်ကို သူမမျှော်လင့်တဲ့ အချိန်၊ သူမမျှော်လင့်တဲ့နေရာမှာ ရုတ်တရက် သူ စကားပြောလိုက်ရတယ်လေ။ သူ့ရဲ့ တုန့်ပြန်လိုက်တဲ့ အသံကြီးက တကယ့်ကို ကျေနပ်အားရ ပီတိဖြစ်တဲ့အသံကြီး။ နားထောင်လိုက်ရုံနဲ့ သူဘယ်လောက် ရွှင်လန်းအားတက် သွားတယ်ဆိုတာ သိလိုက်တယ်။
သူ့အသံ၊ သူ့လေယူလေသိမ်း၊ သူ့ အသုံးအနှုန်းဟာ ဒီ လူအပေါ် သူ နွေးထွေးမှု၊ လေးနက်မှု၊ ဖြူစင်မှု၊ ရိုးသားမှု၊ ပွင့်လင်းမှုတွေ အတိုင်းသား ပေါ်လွင်ခဲ့တယ်။

အေးဝင်း (လမင်းတရာ)
ဆရာဆုံးတယ်လို့ ကြားကြားခြင်း ဒီအမှတ်တရစာကို ကောက်ရေးပြီး မိုးမခ အင်တာ နက် ရေဒီယိုကို ပို့လိုက်တာဖြစ်တယ်။

Thursday, December 25, 2008

ဟောလီးဝုဒ်ကအပြန်
ရေးသူ- တင်မိုး




ယူနီဗာဆယ်စီးတီး-တဲ့
မီးရောင်စုံ၊ ပန်းရောင်စုံ၊ လူရောင်စုံနဲ့
တုန်လှုပ်ဖွယ်၊ မက်မောဖွယ်၊ ရင်သပ်အံ့သြဖွယ်
တကယ်လား၊ အတုလား
ခွဲခြားလို့မရနိုင်တဲ့ မြို့တော်ကြီးမား
ခမ်းနားလှတဲ့ ဟောလီးဝုဒ်စခန်းမှာ
ကျမ်းကိုးကျမ်းကားနဲ့
လမ်းရိုးအတိုင်းသွားနေတဲ့ ကဗျာဆရာ ငါရယ်
စာချစ်သူ ကဗျာချစ်သူ ပညာချစ်သူ လမင်းတရာဆရာရယ်
အံ့ဖွယ်ကမ္ဘာ အလည်အပတ်ရောက်လာပါတယ်။



တိုက်ခန်း ခိုက်ခန်းတွေနဲ့
မိုက်ရမ်းနေကြတဲ့ ကောင်းဘွိုင်လမ်းမှာ
ယမ်းငွေ့မပြတ် သေနတ်တွေစမ်းနေပေမဲ့
ဇာတ်သိမ်းခန်းမှာတော့ လူမိုက်တွေကျဆုံးရ
သဘောကျလို့ မဆုံးနိုင်ခဲ့။

ရေတံခွန်တွေ တံတားတွေ ကျိုးကျ
ဟယဒယနှလုံးတွေ ဂျွမ်းထိုးမှောက်ခုန်ပေမဲ့
ဇာတ်ရုံကထွက်တော့ လေပြေညှင်းညှင်း
ပန်းသင်းသင်းနဲ့ပါ။

မြေငလျင်ကြီးတုန်ခါ
ကမ္ဘာကြီးပြိုကျ
ဘ၀တွေ လွင့်စင်ခမန်း
လျှပ်စီးလျှပ်ပန်း တ၀င်းဝင်း
တခြွင်းခြွင်း မြည်ဟိန်း
တဂျိမ်းဂျိမ်း တဂျိုင်းဂျိုင်းနဲ့
လှိုင်းတွေမောက် လမ်းတွေပျောက်ပေမဲ့
နောက်ဆုံးတော့ ငြိမ်သက်
ရွှေလက်တူတူ တွဲလို့
ရဲရင့်စွာ လျှောက်လှမ်း
အောင်ပွဲခန်း ရောက်လို့
ကိုကာကိုလာ သောက်ရင်း
နှစ်ယောက်သား ရယ်မောနိုင်ခဲ့ကြပါတယ်။

တိရစ္ဆာန် ဇာတ်လိုက်တွေမို့
ခပ်မိုက်မိုက် မထင်လေနဲ့
လူယဉ်ကျေး လူလိမ္မာတို့လို
လုပ်သင့်တာ မလုပ်သင့်တာ
လိမ္မာစွာ ပညာရှိစွာနဲ့
ချစ်စရာ ဖြစ်ခဲ့ကြပါတယ်။

ရုပ်ရှင်မြို့တော်က အပြင်ထွက်လို့
လက်တွေ့လောကထဲ ရောက်လာတဲ့အခါမှာလဲ
ပညာသာ ထာဝရ
အလိမ္မာသာ ထာဝရလို့
သဘာဝကျကျ စိတ်မှာစွဲပြီး
ရဲရဲကြီး လမ်းလျှောက်နိုင်ခဲ့ပါတယ်။

ဘယ်လောက်ပဲ ဟိန်းဟိန်း
ခြိမ်းခြောက်မှုဆိုတာ တခဏပါပဲ
ထာဝရ ဘယ်တော့မှ မဖြစ်နိုင်လို့
အခိုင်အမာ ယုံကြည်ပြီး
ယူနီဗာဆယ် မြို့တော်က
ကဗျာကျော် ငါတယောက်ဟာ
ထွန်းတောက်မဲ့ အနာဂတ်ကိုမျှော်မှန်းရင်း
လမ်းပေါ်က လမင်းတရာကို
ဝမ်းမြောက်စွာ ပွေ့ဖက်ခဲ့ပါတယ်။ ။

တင်မိုး
လမင်းတရာ ကိုအေးဝင်းနဲ့ အမှတ်တရ။
ဇွန်လ ၁၈ ရက်၊ ၂၀၀၀ တနင်းဂနွေနံနက်ခင်း၊ လော့စ်အိန်ဂျယ်လိစ်။

Artist- Lin YaungNi (လင်းရောင်နီ)






Rest of your post

Wednesday, December 24, 2008

တမာပွင့် မှ ဒပ်ဖေဒယ် သို့
ရေးသူ- ဒဂုန်တာရာ




ကိုတင်မိုး
ရိုးရာကျေးရွာ တမာပွင့်ရနံ့
မွှေးမြယစ်ရီ လက်ဖက်ရည်ဆိုင်
ထိုင်ရင်း သူအိပ်ပျော်နေခဲ့ပြီ။


ကိုတင်မိုးဟာ
သာယာအေးကြည် ချိုမွှေးသူပါ
ကဗျာဆရာ နွဲ့ရာမျိုးချစ်
သူဖြစ်သော်လည်း ခွဲခွါရစ်ခဲ့
ချစ်စိတ်ပြင်းပြ အိမ်ပြန်စိတ်က
တသသနှင့် ချစ်ဒေါသစေ
နေမင်းကညို ဆေးလိပ်တိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါလေ
ပန်းကြာဝတ်မှုန် လွမ်းရပုံများ
ခြယ်သား ရုပ်ပုံလွှာတချပ်။ ။

ဒဂုန်တာရာ
[၀၁၊ ၂၅၊ ၀၇ ပန်းကြာဝတ်မှုန်]
"ဖလ်မီးအိမ်သို့ အလွမ်းစာ" ၊ ကဗျာဆရာတင်မိုး (ဦးဗဂျမ်း) (၁၉၃၃-၂၀၀၇) ကွယ်လွန်ခြင်း တလပြည့် အမှတ်တရ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

တမာတန်းသို့ လွမ်းကဗျာ
ရေးသူ- မောင်စွမ်းရည်

တမာတန်းတွေနဲ့
ရွာလမ်းဆီသို့ ပြန်ချင်ပြီ။

ဒို့အစ်ကို ရွာကိုတမ်း
လွမ်းကဗျာစီ။


တယောအို ချောင်ကြိုကြားမှာလ
ထားရစ်ပေါ့ တေးမသီ
ငေးရီလို့ စာမဆုံး။

ဆေးလိပ်ရယ်တို
နေညိုချိန် အမှောင်ကြားဆီသို့
ဒို့အစ်ကို ဘယ်ကိုသွားပြီလဲ့
ချိုးကူသံ ထံတျာစကားတွေနဲ့
အဖြည့်ခံ ကာရန်များကို
ညီဘွားတွေ ဖြည့်စေဖို့ထားခဲ့လေသလာ့
သွားနှင့်လေဦး။ ။

မောင်စွမ်းရည်
၀၁၊ ၂၃၊ ၀၇
"ဖလ်မီးအိမ်သို့ အလွမ်းစာ" ၊ ကဗျာဆရာတင်မိုး (ဦးဗဂျမ်း) (၁၉၃၃-၂၀၀၇) ကွယ်လွန်ခြင်း တလပြည့် အမှတ်တရ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

ဖန်မီးအိမ်
ရေးသူ- မောင်စွမ်းရည်

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဒို့အစ်ကို ထွန်းကာညှိ
လင်းပါဘိ ဖန်မီးအိမ်။



ဖန်မီးအိမ်
မှောင်ချိန်ကို ခွင်း
မှောင်လေ လင်းလေ
လင်းထက်လင်း။

မီးအိမ်ရှင် ကွယ်ကာပျောက်ပေမယ့်
ဖန်မီးအိမ် ထိန်ထိန်တောက်ပေလိမ့်
ထိုးဖောက် ညတွင်း
မိုးသောက် လမင်း။ ။

မောင်စွမ်းရည်။
၀၁၊ ၂၂၊ ၀၇
"ဖလ်မီးအိမ်သို့ အလွမ်းစာ" ၊ ကဗျာဆရာတင်မိုး (ဦးဗဂျမ်း) (၁၉၃၃-၂၀၀၇) ကွယ်လွန်ခြင်း တလပြည့် အမှတ်တရ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

ရှမ်းရိုးမမှာ မြူခိုးဝေနေပြီပေါ့ ဆရာ
ရေးသူ-မောင်လှဝင်း[မြင်းခြံ]

အို.... မီးအိမ်ရှင်
ပြည်ရွာဘ၀၊ မိုးမှောင်ကျချိန်
ဖန်မီးအိမ်မှ၊ အလင်းစနှင့်
လမ်းပြနေဆဲ၊ ဖေးကူဆဲမှာ
မီးစာလဲကျွမ်း၊ ဆီလဲခန်း
စခန်းမ၀င်တော့ပြီလော။



အို...... သီချင်းသည်
ဧရာနဒီတွင်း၊ ညနေခင်းအချိန်
နေခြည်နုဖြာဆင်း
တိမ်ရောင်စုံ သဘင်ကျင်းလို့
လေညှင်းဆော် စည်းသံသွင်းနေဆဲ
လှေတစင်းနဲ့
သီချင်းမညည်းတော့ပြီလော။

အို...... အိပ်မက်သခင်
စိမ်းလန်းသောအိပ်မက်
ငြိမ်းချမ်းသော နီလာအိပ်မက်
တော်လှန်သော ပတ္တမြားအိပ်မက်
အိပ်မက်ကွန်ယက်၊ ဖြန့်ကြက်အလှခင်း
မိုးမလင်းမီ
အိပ်မက်အကြွေစောခဲ့ပြီ။

တမာမြေတမာတန်းက
ငယ်စဉ်အခါ တပည့်တပန်းတို့
သင်လာလမ်းကို
စောင့်ကြိုနေဆဲ.....
ညောင်ညိုရွက်တွေ လင်္ကာညည်း
ဆည်းလည်းသံတချိုချို
ကျေးငှက်တွေ တေးဆိုဆဲမှာ
ဆရာနေညိုချိန် စောခဲ့ပြီ။

ပြည်သူတွေချစ်တဲ့
ပြည်ချစ်ပုဂ္ဂိုလ်ကျော်
ဗိုလ်ချုပ်ကျော်ဇောအား
ဝပ်တွားဦးခိုက်
ပူဇော်ထိုက်သူ ပူဇော်မည်
ကော်ရော်ဂါရဝ
ပြုရဖို့ သင်မျှော်ရည်ဆဲ....
လေသာမိုးသာ၊ လမ်းပန်းသာချိန်
လာခဲ့ပါမည်၊ သင်မျှော်ရည်ဆဲ....
ကြမ္မာသွေဖီ သွားခဲ့ပြီ။

မိုးပေါ်မှာ ကြယ်တွေကြွေ
မြေပေါ်မှာ ပန်းတွေကြွေ
မြေခ ကြွေကျ၊ တရားသင်္ခါရ
လှပပန်းပွင့်ဖြူ၊ အကျည်းတန်သရဖူဥသျှောင်
ချစ်သူမုန်းသူ၊ နှင်းဖြူမီးခဲ
မခွဲမခြား၊ အားလုံးအနိစ္စ
စိတ်က တရားပြလည်း
အစားထိုးလို့ မလွယ်ကူ
အဖိုးတန်သူမို့
ချစ်ခင်သူတို့ မျက်ရည်စို့ရပြီ။

ဆရာလာလျှင်
မြန်မာဆန်ဆန်၊ ဆရာ့ထံပါး
ဝပ်တွားလက်အုပ်မိုး
ရှိခိုးကန်တော့မည်
ကျွန်တော်တို့ မျှော်ရည်ထားခဲ့
သည်ရည်ရွယ်ချက်များ
မြူမင်ပန်းချီကားတချပ်လို
ဆေးသားပျက်ပြယ်သွားခဲ့ပြီ။

ဆရာလာလျှင်
တမာပင်ရိပ်၊ ထန်းညိုရိပ်နှင့်
အရိပ်ထနောင်း၊ အတိတ်ကြောင်းကို
ပြန်ပြောင်းပြောကြ၊ လွမ်းမြမြနှင့်
တမ်းတကြမည်၊ စိတ်ကရည်ခဲ့။

အညာမြေလမ်း၊ တမာတန်းကို
ဆရာလွမ်းခဲ့ရှာလိမ့်မည်။

ပုပ္ပါးတောင်ထိပ်
တိမ်ရိပ်ညို ခမောက်ဆောင်းချိန်
အိမ်ကို ရွာကို
ဆရာလွမ်းရှာပေလိမ့်မည်
တောင်သာချောင်းထဲက
သဲဖြူလွလွ၊ စိုမြမြမြေခင်း
လက်ယက်တွင်းက၊ ရေချိုမြကို
ဆရာတမ်းတရှာလိမ့်မည်
အခုတော့ ဆရာဟာ
နှင်းဆီပွင့်ပေါ်မှာ
ထာဝရ အိပ်ပျော်သွားရှာပြီ။

ဆေးလိပ်လည်းတို
နေလည်းညိုလို့
ဆရာအို.....
လက်ပြထွက်ခွါသွားပြီကော။

မြန်မာ့ကန္တာရနှစ်များ
ဆရာ့ကလောင်ဖျားက
ကျခဲ့တဲ့မင်စက်
နှင်းဆီရောင်ရဲရဲလက်
ပြည်သူဘက်မှာ
ထက်မြတက်ကြွ
လှပကဗျာ၊ နှင်းဆီပွင့်များစွာ
ဆရာဟာ
တော်လှန်စာဆိုပါ။
နရသိမ်ထောင်အတွင်း
အကျဉ်းဒဏ်မမှု
မင်းရန်ကို အံတုခဲ့
ဆရာဟာ
ပြည်သူ့စာဆိုပါ။

အဆောင်ဆောင်အခန်းခန်း
အောင်စခန်းအောင်နန်းတွေနဲ့
ပြည်သူတွေ ခေါင်မြန်းချိန်ရောက်ရင်
သပြေညိုအောင်ပန်းတွေ ဝေပေလိမ့်
ပြည်တော်ဝင်အပြန်လမ်း
ကျွန်တော်တို့ အတူတူလှမ်းတဲ့အခါ
'ပန်းလက်ဆောင်' ဝေငှ
အပြုံးမြမြနဲ့ ပျော်ကြရအောင်
ကြွခဲ့ပါဦး ဆရာ။

ပုဂံကျောင်းက
ခေါင်းလောင်းသံတချိုချို
ပြည်သူတွေ တေးဆိုချိန်ရောက်ပြီဆို
'ထီးကလေးနဲ့မနီ' လည်း
မျက်နှာကြည်မြ၊ ၀င်းပပနဲ့
တ, ရှာမှာပေါ့
အလှဆုံးအချိန်မှာ
ကဗျာတွေတပွေ့၊ စာတွေတပွေ့နဲ့
ကျွန်တော်တို့.... ပြန်တွေကြဦးစို့ဆရာ
"ရှမ်းရိုးမက မြူခိုးဝေရင်
လွမ်းနိုးထလို့ ပူမျိုးထွေသရှင်" တဲ့
ကဗျာအနွဲ့ ဆရာဖွဲ့ခဲ့။

အခုတော့......
ချစ်သူခင်သူတို့
လွမ်းစ ကျွမ်းစေဖို့ရာ
လွမ်းမိုးကျနေပြီကော
"ရှမ်းရိုးမမှာ မြူခိုးဝေနေပြီပေါ့ဆရာ"။

မောင်လှဝင်း(မြင်းခြံ)
၀၁၊ ၂၃၊ ၂၀၀၇
"ဖလ်မီးအိမ်သို့ အလွမ်းစာ" ၊ ကဗျာဆရာတင်မိုး (ဦးဗဂျမ်း) (၁၉၃၃-၂၀၀၇) ကွယ်လွန်ခြင်း တလပြည့် အမှတ်တရ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

ဂျမ်းဆရာ....မှန်းကာ ကန်တော့ပါရဲ့
ရေးသူ- ၀င်းတင့်ထွန်း

ဒီအချိန်မှာ.....
တောင်သာ ဇဂျမ်း-ကမြဲ နယ်တခိုမှာ
နှင်းတွေငို မြူတွေဆိုင်းပြီပေါ့
စိတ်လှိုင်း လိပ်ပြာယဉ်နဲ့
စာဆိုရှင် ရောက်အောင်လှမ်းရှာလိမ့်
အလွမ်း ကဋေကဋာနဲ့
ပြေရွာကို ချစ်ရှာလွန်းသူမို့
ဝေဒနာတွေ သစ်ကာ သစ်ကာသွန်းပါလို့
ခွန်းဆင့်သံ နှုတ်ဆက်တေးတွေနဲ့
လွမ်းတေးကိုလည်း သီလေပြီ။




အ ကာလ ညအချိန်မှာ
ဖန်မီးအိမ် လက်မှာဆွဲပါလို့
ရင်ထဲမှာ သစ္စာပန်းတွေနဲ့
အထက်အညာ မန်းတခွင် တထောက်ဆီသာမက
အမိဗမာပြည် တ၀ှမ်းတပြင်တလျှောက် အနုပညာကဗျာရနံ့ မွှေးခဲ့ပါရဲ့
မျိုးချစ်သွေး ဇာတိမာန်နဲ့
ဒေါင်းနိုင်ငံ ဒေါင်းသံနိုးရအောင်
ရွှေဒေါင်းတောင် ကလောင်မျိုးပေမို့
တန်ဘိုးအနဂ္ဃ ပြည့်ဂုဏ်ရည်။

စစ်အာဏာကို
အမြစ်ပါဖြို တူးကာဖျက်ချင်ရဲ့
ပြည်သူဘက်က ရပ်တည်ကာ
အနုပညာဆိုတာ... ပြည်သူအတွက်ဟေ့...လို့
သမိုင်းတကွေ့ တိုက်ပွဲစဉ်မှာ
မဆိုင်းမသွေ့ တိုက်ပွဲဝင်ကာ စံနမူပြခဲ့သူမို့
ခေါင်းမကြို့တဲ့ ဒေါင်းတို့ရဲ့ ဟောဒီမြေမှာ
အတုယူစရာ က၀ိဓဇ ရတနာတပါးပါပဲ
နှလုံးသားရဲရဲနဲ့ မော်ကွန်းတည်
ပြည်သူတွေရဲ့ ကြယ်စင်ပွင့်။

ဂျမ်း ဆရာ.... ကို
မှန်းကာဆို ဦးနှိမ်ညွတ်ပါရဲ့
ဖန်မီးအိမ် နန်းချည်ကျွမ်းပေမယ့်
လွမ်းပန်းတွေ ဘယ်မညှိုးနိုင်ဘု
ရင်လှိုင်းသံ တောင်ပံနှိုးပါလို့
အမိမြေ နဒီရိုးဆီက
ရိုးရိုးလေးနဲ့ ခေါင်းလောင်းသံ
ပုဂံကျောင်းက ခေါင်းလောင်းသံ
ခွပ်ဒေါင်းသံနဲ့ ခွပ်ဒေါင်းတေး
တသွေးသွေးနဲ့ ဆက်ပြီးသင်း
လှေတစင်းနဲ့ သီချင်းသည်
ဧည့်သည်ကြီးရဲ့ သစ္စာခရီး
ဝေးနီးမကျန် မြိုင်ယံ မလပ်ရအောင်
တက်ခတ်သံ ညံမစဲပါပဲ
အမှောင်ထဲ အောင်ဇွဲတကြော်ကြော်နဲ့
ဒီ ၀ဲ ဒီလိုကျော်မတဲ့
ဒီခေါ်သံ လှိုင်းလေဦးမှာ
ဒီ ကျူးသံနင့်။ ။

ဝင်းတင့်ထွန်း
၀၁၊ ၂၃၊ ၀၇"ဖလ်မီးအိမ်သို့ အလွမ်းစာ" ၊ ကဗျာဆရာတင်မိုး (ဦးဗဂျမ်း) (၁၉၃၃-၂၀၀၇) ကွယ်လွန်ခြင်း တလပြည့် အမှတ်တရ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

Thursday, December 18, 2008

တောကျောင်းဆရာရဲ့သုခ
ဘာသာပြန်သူ- လူထုဒေါ်အမာ

ကျွန်တော့်နာမည် အပြည့်အစုံက ဝိရာဒက်တန်ယုန်ပါ။ နို့ပေမယ့် ရွာသားတွေက "ဆရာကြီးဒက်" လို့ပဲ တိုတိုခေါ် ကြပါတယ်။ ကျွန်တော်က တကယ်တော့ သာမန် မြူနီစပါယ် ကျောင်းတွေမှာ စာပြရတဲ့ မူလတန်းပြ ဆရာငယ် တယောက်သာပါ။ ဆရာကြီးလို့ ခေါ်တာခံ လိုက်ရတော့ နည်းနည်းတော့ သွေးမြောက်စရာ ကောင်းတာပေါ့လေ။


ကျွန်တော့်ဘဝက ကြီးတော့လည်းကြီးပါတယ်။ ကျောင်းထဲမှာ ရှိရှိသမျှအလုပ်တွေကို ကျွန်တော် တယောက်တည်း ဒိုင်ခံလုပ် နေရတာဟုတ်လား။ ကျောင်းအုပ်ဆရာကြီးဆိုလည်း ကျွန်တော်ပဲ၊ အဖွဲ့ဝင်ဆရာဆိုလည်း ကျွန်တော်ပဲ၊ ကျောင်းစောင့်ဆိုလည်း ကျွန်တော်ပဲ။ ခု ခေတ်မှာ ကိုယ့်လက်အောက်ကရှိတဲ့ အလုပ်မှန်ရင် ကိုယ့်သားကိုယ့်မြေး ကိုယ့်ဆွေမျိုးတွေ ကိုသာ ခွဲဝေပေးနေကြတာကိုး။ ကျွန်တော်က ဒါမျိုးမလုပ်ဘူးလေ။ အဲ..... အမှန်ကို ပြောရရင်တော့ ကျွန်တော့အမျိုးတွေက ဒီအလုပ်မျိုး တယောက်ကမှ မလုပ်ချင်ကြပါဘူး။ ဘာပြုလို့လဲလို့ မေးစရာရှိပါတယ်။ မလွမ်းလောက်တဲ့ လခ၊ မလွမ်းလောက်တဲ့ အလုပ်မျိုးမို့ပါ။
အလုပ်မှာ အဖော်မရှိဘူး။ ကိုယ်တယောက်တည်းဆိုတာ ပျင်းစရာတော့ ကောင်းတာ ပေါ့။ ဒါပေမယ့် ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အကျင့်လည်းရတယ်။ အလုပ်ခွင်ထဲကနေပြီး ကိုယ့်ကို ဒုက္ခပေးမယ့် လူလည်းမရှိဘူး။ ကျောင်းအုပ်ချုပ်ရေးပညာနဲ့ စီမံခန့်ခွဲမှုပညာတို့ ဆိုတာတွေ ကျွန်တော်မတတ်လည်း ဘာမှအရေးမကြီးဘူး။
ကျွန်တော့်ကျောင်းက နာမည်လေးကြားရုံနဲ့ ထုတိသြဘာ ဖြစ်စေနိုင်တဲ့ကျောင်း။ ဘန်ဒုံပရိုင်တဲ့။ ဒုံမောင်းလေဆိပ်ကြီးတို့၊ ဒုံဝမ်းတို့နဲ့ ခပ်ဆင်ဆင် မရှိလား။
ဒီနာမည်ပါပဲ ကျွန်တော့်ကို ဒုက္ခပေးခဲ့တာ။ ကျောင်းဆရာ အလုပ်ကို ကျွန်တော်စ လျှောက်တော့ ဒီအသံကိုကြားတာနဲ့ ကျွန်တော့်စိတ်ထဲ တော်တော်စိတ်ကူးယဉ်မိတယ်။ ကိုယ်ကြိုက်ရာ ကျောင်းသွားနိုင်ဖို့ ကံကောင်းသူ ရွေးပွဲက ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့ပါ တယ်။
ကျောင်းဆရာ ခန့်လွှတ်ဖို့နေရာက ၅ဝ ရှိနေတာပါ။ စာမေးပွဲမှာ အမှတ်အများဆုံး ရတဲ့ ကျောင်းဆရာက ဒီနေရာ ၅ဝ ထဲက အကြိုက် ဆုံးနေရာကို ရွေးပြီး သွားခွင့်ရှိမှာပါတဲ့။ ကျွန်တော်က ကြက်ကန်းဆန်အိုးတိုး၊ အမှတ်တွေက အများဆုံး ဖြစ်နေသတဲ့။ ဒါကြောင့် ကြိုက်ရာနေရာကို ကျွန်တော့်ကိုပဲ ရွေးခိုင်းပါတယ်။ အဲဒီတော့ ဆရာလစ်လပ်တဲ့ ကျောင်း တွေရဲ့ နာမည်စာရင်းကို ကျွန်တော်က လျှောက်ဖတ်လိုက်တယ်။ ဘန်ရေးတဲ့၊ ဘန်နတဲ့၊ ဘန်ဆွမ်းတဲ့၊ ဘန်လန်းတဲ့၊ ဘန်ကော့တဲ့၊ ကျွန်တော် ဒီကျောင်းတွေ တကျောင်းမှ ဘယ်နားမှာ ရှိမှန်း မသိဘူး။ ဒါပေမယ့် သူတို့ နာမည်တွေ ဖတ်ရတာ လယ်ကွင်းတွေကြား၊ တောတွေ ခြားနေတဲ့ အလွန်ခေါင်တဲ့ နေရာတွေက သွေ့ခြောက်ခြောက် ကျောင်းတွေဖြစ်မှာပဲလို့ ထင် မိတယ်။ ဘန်ဒုံပရိုင် ဆိုတဲ့ကျောင်းကလေးရဲ့ နာမည်ကိုဖတ်လိုက်ရတော့ ဘန်ကောက်က ဒုံမောင်းကို သွားသတိရပြီး အဲဒီကျောင်းကို သွားမယ်လို့ ကျွန်တော်က ချက်ချင်းဆုံးဖြတ် လိုက်တာပဲ။ အရမ်းမှ တကယ့် အရမ်းဆုံးဖြတ် လိုက်တာပါ။
ကျောင်းက တကယ်တော့ ကမ္ဘာအစွန်းမှာ ရှိသလောက် ဝေးပါတယ်။ ကျောင်း ၅ဝ ထဲ မှာ အဝေးဆုံး အခေါင်ဆုံး ကျောင်းပါ။ စူခိုတိုင်နဲ့ ကီလိုမီတာ ၅ဝ-၆ဝ လောက်ဝေးပြီး၊ တကယ့်ကို အတော်ကြီး ခေါင်ခေါင်ထဲက မြန်မာနယ်စပ်မှာ ရှိနေတဲ့ ကျောင်းကလေးပါ။
ကဲ..... သူ့သမိုင်းကလေးကို ပြောကြဦးစို့ ရဲ့။ ဒီကျောင်းဖွင့်တာ ၁ဝ နှစ်ကျော်ပါပြီ။ နို့ပေ မယ့် ဒီကျောင်းကို ကြီးကြီးမာစတာ တခေါက်တည်း လာဖူးပါတယ်။ အဲဒါ ကျွန်တော်ရောက် စ နှစ်ကပါ။ ဒီနောက် ဘယ်သူမှ မကြွလာတော့ပါဘူး။ မလာတာလည်း အဆိုးတော့ ဆိုစရာမ ရှိဘူးပေါ့။ အလွန်ထူထပ်တဲ့ တောကြီးထဲက ဖြတ်လာရမယ်။ မိုးတွင်းဆိုရင် ရွှံ့ဗွက်ထဲက ခြေ ကျင်လာခဲ့ပေရော့၊ လမ်းမှာ ညပေါင်းများစွာ အိပ်ပြီးမှ ရောက်တာ။ မိုးကုန်ရင်တော့ ဘိုင်စကယ်နဲ့ လာလို့ရပါတယ်။ ဒါပေမယ့် လမ်းက သဲလည်းပေါတယ်။ ပြီးတော့ အတက် က ခပ်များများရယ်။ ဒါကြောင့် ခြေသလုံး မတောင့်တဲ့ လူများအဖို့ ခြေကျင်လျှောက်လာရင် အသက်သာဆုံးပဲ။
ဘန်ဒုံပရိုင်ကျောင်းရဲ့ ကျောင်းဝင်းက အကျယ်ကြီးပါ။ ဘယ်အထိ ကျယ်သလဲဆိုရင် ကျောင်းဝင်းမြေကို ဒါကျောင်းရယ်လို့ သတ်မှတ်မှုတောင် မရှိပါဘူး။ ကျောင်းဝင်းမြေ လိုချင်သပဆိုရင် ချဲ့ချင်သလောက် ချဲ့ယူပါ။ ဘယ်သူကမှ မတားဆီး မကန့်ကွက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီမြေတွေက ဘာအသုံးမှ မကျပဲကလား။ ကျောင်းနဲ့အနီးဆုံးမှာ တောင်ကုန်းတခုရှိတယ်။ တောင်ဖက်ကို တဖြေးဖြေး နိမ့်လျှောသွားတာ။ ဒါကြောင့် မိုးရွာတယ်ဆိုရင် ရေကစီးဆင်းသွားတာမို့ ချက်ချင်းခြောက်တယ်။ ဘန်ကောက်မှာလို ဗွက်တွေ ရေအိုင်တွေ မရှိဘူး။ ကျောင်းအဆောက်အဦကလည်း တောင်ကုန်းကလေးကို နောက်ခံထားပြီး ခပ်မားမားရပ်တည်နေတာပါ။ ကျောင်းအရှေ့မှာ ဝါးအမျိုးပေါင်းစုံလှစွာ ပေါက်ချင်သလို ပေါက်နေကြပြီး၊ ကျောင်းဘေး တဖက်တချက်မှာတော့ သစ်တောတွေ အရမ်းခုတ်ခဲ့လို့ တောပြုန်းရာက အတက် ထပေါက်တဲ့ သစ်ပင်ပျိုတွေရှိပါတယ်။ ဒီအပင်တွေ ဟာ နောင်အနှစ်ငါးဆယ် ဆိုရင် လူက ခုတ်ယူသုံးစွဲလို့ ရလောက်ပါပြီ။
ကျောင်းဝင်းမှာ ပန်းပင် သစ်ပင် အလှအပ စိုက်ချင်ရင်လည်း တလုံ့တလ စိုက်စရာ မလိုပါဘူး။ ကျောင်းပတ်ပတ်လည်မှာ၊ သူ့ဘာသာ အလေ့ကျ ပေါက်နေတာတွေကိုပဲ အမျိုးလဲစုံ၊ လှလဲလှလို့ပါ။ သစ်ခွအရိုင်းတွေဆိုတာ အမျိုးကိုစုံလို့၊ ပွင့်လိုက် မွှေးလိုက်တာ လည်း ကြိုင်လို့၊ ဍ ရင်ကောက်ပင်တွေကလည်း လှမှလှ၊ ပေါမှပေါ။ ကျောင်းမြေထဲ ကျောက်စရစ်အဖြူနဲ့ အနီကလေးတွေကို လှအောင်ခင်းလိုက်ရင် ကျောင်းဝိုင်းဟာ တကယ့် သဘာဝပန်းခင်းနဲ့ လှနေမှာပဲ။ အသီးသီးတဲ့အပင် ရှိတယ်။ နွယ်ပင်ကြီးတွေရှိတယ်။ တချို့ နွယ်တွေဆိုရင် ကျောင်းသားတွေ ဒန်းစီးလို့ရတယ်။
ကျောင်းဆောင်ကတော့ စရိတ်အကုန် အကျအသက်သာဆုံးနည်းနဲ့ ဆောက်လုပ် ထားတာပါ။ ဆောက်လုပ်ရေးပစ္စည်းကလည်း အားလုံးဒေသထွက်ချည်းပါ။ ကျောင်းတိုင် ၁၆ လုံးစလုံးက သစ်သားတိုင်တွေ၊ သစ်သားဆိုရာမှာ အပင်ကခုတ်ပြီး ရွှေပေါ်မထိုး ဘာမထိုး၊ အခေါက်ပဲ ခွါထားတာမို့ အမျက်တွေ အတက်တွေနေရာက နဂိုအတိုင်း ဖုနေ ထစ်နေ ခွက်နေ တာမို့ ကျောင်းတိုင်တွေက အလိုလို အနုပညာ ဆန်နေတယ်။ ကျောင်းရဲ့အမိုးက ထန်းရွက်၊ ကျီးယက်ကဝါး၊ အကာနဲ့ခန်းဆီးက ဝါးနဲ့ယက်ထားတဲ့ထရံ၊ ရွှေရောင်ပေါက်ပြီး ဖိတ်ဖိတ် တောက်နေတယ်။ ဘာဆေးမှ သုတ်ဖို့မလိုဘူး။ သဘာဝအရောင်နဲ့ လှလို့ပလို့။
ကျောင်းရှေ့မှာတော့ သစ်ကိုင်းကောက်ကောက်ကွေးကွေးတွေကို ရွေးပြီး မြေထဲစိုက် ပြီး သစ်ကိုင်းကောက်နဲ့ပဲ တန်းရိုက်ထားလိုက်တော့ တမျိုးတဖုံဆန်းသစ်ပြီး မော်ဒန်အတ် အမြင်နဲ့ လှနေပါတော့တယ်။ နို့ပေမယ့် ဒါက ကဗျာဆန်သလေး၊ အနုပညာမြောက်သလေး၊ မော်ဒန်အတ်ဖြစ်သလေးနဲ့၊ ကျွန်တော့်ဘာသာ စိတ်ကူးယဉ်တဲ့ ကိစ္စပါ။ သူတို့ရွာက လူတွေ စိတ်ထဲမှာ ဘယ်လိုရှိကြတယ် မသိပါဘူး။
ကျောင်းတံစက်မြိတ်က ရေကျရင် ကျတဲ့ရေက တင်မနေဘဲ စီးသွားအောင်၊ တံစက်မြိတ် အောက်မှာ မိုးရေစီးမြောင်း တူးပေးထားတယ်။ ပြီးတော့ ကျောင်းအဝင်လမ်းကို ရောင်စုံ ကျောက်တုံးကလေးတွေ ကျွန်တော်က ကလေးတွေ အကောက်ခိုင်ပြီး၊ အင်္ဂလိပ် စာလုံး အက်စ် ပုံသဏ္ဍာန် ကျောင်းအဝင်လမ်းကလေးလုပ်ပြီး တဖက်တချက် ကျောက်တုံးတွေ အစီခိုင်းထား ပါတယ်။
ကျောင်းရှေ့က အလံတိုင်ကိုတော့ တိုင်ခြေမှာ ကျောက်တုံးအရွယ်အမျိုးမျိုး ပုံစံအစား စားကို စုပုံပြီး စိုက်ထူပေးထားတယ်။ ကျွန်တော့် ကျောင်းအလံတိုင်ဟာ စူခိုထိုင်တနယ်လုံးမှာ အမြင့်ဆုံး အလံတိုင်ပါ။ စူဠလုံကွန် တက္ကသိုလ် အလံတိုင်ထက် မြင့်တာလည်း သေချာ ပါတယ်။ ထိုင်းတနိုင်ငံလုံးမှာ ဒီအလံတိုင်ဟာ အမြင့်ဆုံးပဲလို့ တယောက်ယောက်က ပြောလာရင်လည်း ကျွန်တော်က ဟုတ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။
ပြီးတော့ ကျောင်းခန်းထဲ စာသင်ခုံတွေက ဘယ်ကျောင်းသား ဘယ်လောက်ဆော့လို့မှ ကျိုးနိုင်၊ ပဲ့နိုင်တဲ့ ခုံမျိုးတွေ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆန်ထောင်းတဲ့ဆုံကြီးတွေ လောက်အဝရှိတဲ့ သစ်တုံးကြီးတွေကို တပေစီ ဖြတ်ပြီးချထားတာမို့ ဝက်သားဆိုင်က စဉ်းတီ တုံးကြီးတွေ စီထားသလား အောက်မေ့ရပါတယ်။ ကလေးတွေက ဒီသစ်တုံးတွေပေါ်မှာ ထိုင်တယ်။ ဒီတုံးတွေပေါ်မှာ စာရေးတယ်။ အမျိုးစုံ အသုံးချလို့ရပါတယ်။ တခုပဲသတိထား ရတယ်။ ဒီတုံးကြီးတွေ ခြေထောက်ပေါ် မကျ အောင်တော့ ဂရုစိုက်မှ။
ကျွန်တော့် ကျောင်းထဲမှာ ကျောင်းသား ၆ဝ ကျော် စုပြွတ်ပြီး သွတ်ထားပါတယ်။ ၁-တန်း နဲ့ ၂-တန်းက ကျောင်းရဲ့ ၀ဲဘက်ခြမ်းမှာ၊ ၃-တန်းနဲ့ ၄-တန်းက ယာဘက်ခြမ်းထဲမှာပါ။
ကျွန်တော်လုပ်နေကျ တနေ့တာ စာစသင် ပုံက၊ ပထမဆုံး ၄-တန်းကျောင်းသားတွေရဲ့ ကျောက်သင်ပုန်းပေါ်မှာ ဂဏန်းပုစ္ဆာ ၃-ပုဒ်။ ၃-တန်းကျောင်းသားတွေရဲ့ ကျောက်သင်ပုန်း ပေါ်မှာ ပုစ္ဆာ ၃-ပုဒ်ရေးပြီး သူတို့ကို ဒါတွက်ကြလို့ ခိုင်းလိုက်ရတယ်။ အဲဒီကပြီးမှ ၂-တန်း ဘက်ကိုပြေးပြီး၊ ထိုင်းစာနဲ့ အာရဗီဂဏန်း ၁၊၂၊ ၃၊ ၄ ကို အရေးခိုင်းရတယ်။ အဲဒါ ပြီးတော့မှ ပထမတန်းကိုကူးရတယ်။ ဒီကလေးတွေကို အခြေခံ စာလုံးပေါင်းတချို့ ၂ ကြိမ် ၃ ကြိမ်ပါးစပ် က အော်ပြီး အလွတ်ပေါင်းခိုင်းလိုက်ပြီးမှ ကျွန်တော်က ကျောက်သင်ပုန်းမှာ ရေးပေးပြီး
"အဲဒါ..... ကူးရေးကြ" လို့ ပြောရပါတယ်။
ဒါပြီးရင် ၂-တန်းကိုပြဖို့ လာခဲ့ရတယ်။ ဒီအချိန်မှာ အမျိုးကောင်းသားကလေးများက ၁ က ၁ဝ အထိ ကူးရေးပြီးလို့ တယောက်နဲ့ တယောက် ကြိုက်သလောက် စကားပြောနေ ကြပါပြီ။ ကျွန်တော်က စာပွဲကို ကြိမ်နဲ့တချက် ဗျန်းခနဲ အသံပေးလိုက်တော့ ခုနင်ကအသံတွေ အားလုံး ဗြုန်းဆိုတိတ်သွားကြပြီး သူတို့ လေ့ကျင့်ခန်းစာအုပ်ကလေးတွေ ပြကြဖို့ တခါတည်း တန်းစီလိုက်တယ်။ ကျွန်တော်က စာအုပ်တိုင်းကို အမြန်ဆုံးနည်းနဲ့ မှန်တယ်ဆိုတာကို ခြစ်ပေး လိုက်တယ်။ ဒီအမှတ်ဟာ ကလေးတိုင်းကို ပြုံးသွားစေတယ်မဟုတ်လား။ ကလေးတိုင်းက လည်း မှန်ကြတယ်လေ။ ပြီးရင် အနှုတ်ဂဏန်း ၃ ပုဒ် ကျောက်သင်ပုန်းပေါ် ရေးပေးခဲ့ပြီး၊ သူတို့ ကို အတွက်ခိုင်းခဲ့၊ ပြီးတော့ ၃-တန်းနဲ့ ၄-တန်း ဖက်ကို ပြန်ကူးခဲ့ပြီး၊ တွက်ခိုင်းထားတဲ့ ပုစ္ဆာတွေ ကို ကျွန်တော်က ကျောက်သင်ပုန်းပေါ်မှာ တွက်ပြလိုက်တယ်။ ပြီးတော့ မင်းတို့တွက်ထား တာနဲ့ တိုက်ကြည့်၊ မှန်မမှန် ကိုယ်ဖာသာကိုယ် စစ်ကြလို့လည်း ခိုင်းလိုက်တယ်။ လုပ်နေကျ ပုံမှန်ကတော့ အလီတချို့ဆိုခိုင်း၊ ပုစ္ဆာနဲ့ ပတ်သက်လို့ ရှင်းစရာရှိတာကို ရှင်းပြရတာပေါ့လေ။ ပြီးမှ.....
"အကုန်လုံး ဘယ်သူမှန်သလဲဟေ့"
"အေး...... ကောင်းတယ်"
"ဘယ်သူက ဘယ်အပုဒ်မှားသလဲ။ မှားတဲ့လူက ဆရာတွက်ပြတာကို ကူးပြီးပြင်ကြ" လို့ခိုင်းပြီး ရှင်းစရာရှိတာကို နည်းနည်းရှင်းပြ လိုက်ရပါတယ်။
ဒီအချိန်ဆိုရင် ပထမတန်းကလေးတွေ စာလုံးပေါင်းကူးတာ ပြီးနေပါပြီ။ ဒါကြောင့် အချင်းချင်း ထိုးကြကြိတ်ကြ သတ်ကြပုတ်ကြ ဖြစ်နေကြပါပြီ။ နာတဲ့ဟာကလည်း မျက်ရည်နဲ့ ငိုလို့ အော်လို့ပေါ့။ ကြိမ်ကို လက်လွှတ်လို့ မရပါဘူး။ ကြိမ်သံကြားတော့ ခဏဖြစ်မချည်း တိတ်သွားပြန်တာပေါ့။ ၃-တန်းကို ပြန်ရောက်တော့ သူတို့ပုစ္ဆာလေးတွေကို ဖြေရှင်းပေးလိုက် တယ်။ အဲဒါပြီးရင် အလွန်စိတ်ပါလက်ပါ စကား လက်ဆုံကျနေကြတဲ့ ၄-တန်းသားတွေဆီကို ပြန်ဝင်ရပါတယ်။ သူတို့ကိုတော့ တယောက်ဆီမှာ တအုပ်တည်းသာရှိတဲ့ ထိုင်းဖတ်စာအုပ်ကို အဖတ်ခိုင်းရပါတယ်။ အဲဒီတော့ ကလေးတွေက ဒါသူတို့ အလှည့်ပဲ၊ ဆရာကို ကလဲ့စားချေ မယ်လို့ အောက်မေ့တယ်ထင်ပါရဲ့။ ဖတ်စာထဲက ကဗျာကို ကျွန်တော် ဦးနှောက်ပျက်လောက် အောင် အော်ပြီးဖတ်ကြပါရော။ ဒါနဲ့......
"ဟေ့ကောင်တွေ၊ အပြင်ထွက်ပြီး၊ အဲဒီ သစ်ပင်ရိပ်တွေအောက်မှာ ဖတ်ချေကြကွာ" လို့ လွှတ်လိုက်ရတယ်။ အလုပ်ဖြစ်ပါတယ်။ သူတို့ ကျောင်းပြင်ရောက်သွားတော့ ဆရာ့လက်စွဲစာ အုပ်ကို ဖွင့်လိုက်ပါတယ်။ ဒီစာအုပ်လည်း ဘာသာစုံ တအုပ်တည်း စုပေါင်းထည့်ထားတဲ့ စာအုပ်ပါ။ "ဒီမိုကရက်တစ်အစိုးရရဲ့ မူဝါဒများ" ဆိုတဲ့ အခန်းကိုဖွင့်လိုက်ပြီး၊ တမျက်နှာလုံးကို ကျောက်သင်ပုန်းပေါ်မှာ ရေးချပေးလိုက်ပြီး....
"ကဲ..... အဲဒါ ကူးကြ" လို့ ကျွန်တော်က အော်ခိုင်းလိုက်တော့ ကလေးတွေအားလုံးက ရိုရိုကျိုးကျိုး လိုက်နာကြပါတယ်။
ဒီအချိန်ရောက်တော့ ကျွန်တော့လည်ချောင်းက ကွဲမတတ်ခြောက်နေပါပြီ။ ခေါင်းက လည်း တဒိတ်ဒိတ်ထိုးနေပါပြီ။ ဒါကြောင့် အက်စ်ပရင်ဆေး ၂ ပြားကို ကျောင်းခန်းထောင့်က မြေသောက်ရေအိုးထဲက မိုးရေနဲ့သောက်ချ လိုက်ရပါတယ်။ ချောင်းတချက်လောက် ဆိုး လိုက်ပြီး၊ စီးကရက်ကို မီးညှိပြီး တဖွာနှစ်ဖွာ သောက်ပြီးတော့ ၂-တန်းဖက် ဂဏန်းတွက်နေ ရာကို မလှည့်လိုက်ရခင် ပထမတန်းကကောင်တွေ ဝိုင်းအော်စရာ ကျောက်သင်ပုန်းပေါ်မှာ စာလုံးပေါင်း တချို့ကို ရေးပေးပြီး၊ "ကူးကြဟေ့" လို့ ပြောလိုက်တယ်။
အဲဒါ ပြီးရင် ၄-တန်းဖို့ အချိန်ရောက်ပါပြီ၊ ဒါကြောင့် ကျောက်သင်ပုန်းပေါ်မှာ "ဖွဲ့စည်းပုံ အခြေခံလွတ်လပ်ခွင့်နဲ့၊ ထိုင်းလူမျိုးတို့ရဲ့ လူ့အခွင့်အရေးများ" ကို ကူးရေးပေးလိုက်ပြီး.....
"ကလေးတို့ ကူးကြကွာ" လို့ ခိုင်းရပြန်တယ်။
ကျွန်တော် စီးကရက်ဆက်သောက်လို့ ကုန်တဲ့အချိန်မှာ နေ့လည်ကျောင်းဆင်းချိန်တိုင် သွားပါပြီ။ ဒီနည်းနဲ့ မနက်ပိုင်း ကျောင်းတက်ချိန်များကို ကုန်လွန်စေရပါတယ်။
ကျွန်တော် စာသင်ကြားပြသပေးနေပုံနဲ့ ပတ်သက်လို့ ဘာမှအသုံးမကျဘူး။ ခေတ် နောက်ကျတယ် သိပ်ညံ့ဖျင်းတဲ့ သင်နည်းစသဖြင့် ဘယ်သူကမဆို ကြိုက်သလို ဝေဖန်ပါ။ ကျွန်တော်ကိုယ်တိုင် သင်ကြားတတ်မြောက်ခဲ့ ရတာကမှ ဒီလောက်မမြင့်၊ ဒီလောက်မကောင်း ခဲ့ဘဲနဲ့ ကျွန်တော်က ဘယ်ပညာရေးပါရဂူ တယောက်လို သင်ပြတတ်ပါ့မတုံး။ ကျွန်တော့် ဆရာတွေက ကျွန်တော့်ကို သင်ပြပေးလိုက်သလို ကျွန်တော်သူတို့ကို သင်ပြပေးတာပဲဟာ။ ကျွန်တော့်ကျောင်းကလေးလို ကျောင်းမှာ ဒီထက်ပိုပြီး ရှုပ်ထွေးပွေလီတဲ့ သင်ပုံသင်နည်း တွေလည်း လုပ်လို့ရနိုင်မယ် မထင်ပါဘူး။
ကျွန်တော် ဘန်ဒုံပရိုင်မှာ ၅-နှစ်ကျော် ကျောင်းဆရာလုပ်ပြီးတဲ့အခါတော့ တခါတလေ ရေငတ်ပြေလေး သောက်လို့ကောင်းတဲ့ အော်လျှိုင်ဆိုင်ကလေး တဆိုင်တလေရှိတဲ့ မြို့နား နီးနီး ကျောင်းကလေးမျိုးကို ပြောင်းရွှေ့ချင်ပါတယ်။ အနို့ပေမယ့် ကျွန်တော့်နေရာကို လာမယ့် လူစား မရလို့တဲ့။ (အော်လျှိုင်ဆိုတာ တရုတ် ဆိုင်ကရောင်းတဲ့ နို့မပါတဲ့ ကာဖီပြင်းပြင်းကို သကြားနဲ့ ရေခဲနဲ့ သောက်ရတဲ့ အအေးသောက်စရာပါ။) ကျွန်တော် ဒီရွာကမပြောင်း နိုင်တော့ ကျွန်တော်နဲ့ ဒီရွာသားတွေနဲ့ လည်ပင်းဖက်ကြီးတဲ့ ငယ်သူငယ်ချင်းတွေလို သင့်မြတ်နေကြပါ တော့တယ်။
ဘန်ဒုံပရိုင်ရွာသားတွေရဲ့ ဘဝကလည်း အပူအပင် လုံးဝမရှိ။ သောကကင်းကြလွန်းလို့ သူများတွေ မနာလိုတို ရှည်တော့လည်း ဖြစ်လောက်စရာပါပဲ။ သူတို့ရွာကလေးက တောင် ခြေမှာ မျက်နှာချင်းဆိုင် ၂-အိမ်တန်း အိမ်ခြေ ၆၅-အိမ်ရှိတဲ့ ရွာကလေးပါ။ သူတို့ရဲ့ အဓိက စီးပွါးရေးက လယ်ယာစိုက်ပျိုးရေးပါ။ အဲဒီတော့ လယ်စိုက်ပြီးတဲ့ အချိန်ကစပြီး မရိတ်သိမ်းရ မချင်း အားနေလိုက်တဲ့ သူတို့ဘဝကို ကျွန်တော်က မနာလိုတိုရှည် ဖြစ်မိတာ ဧကန်ပါ။ သူတို့က အဲဒီရက်တွေမှာ တနေ့လုံး သောက်စား ပျော်ပါးရင်း အချိန်ကုန်ကြပါတယ်။ သောက်လိုက်ကြပုံများကတော့ သူတို့ လည်ချောင်းတွေနဲ့ အစာအိမ်တွေဟာ ကြေးနီပြား တွေများ ခင်းထားလေသလား အောက်မေ့ရပါတယ်။ ဒီလောက် သောက်စားနေလို့ အသုံး အဖြုန်းကြီးလှတယ်လို့ မထင်နဲ့။ သူတို့သောက်သမျှ အရက်အားလုံး အိမ်တွင်းဖြစ်ချည်းရယ်ပါ။ အိမ်တိုင်းမှာ ကိုယ်လုပ်နေတဲ့ လယ်ကွက်ထဲမှာ ငချိတ်ကောက်ညှင်းကလေးတွေ တကွက်စ နှစ်ကွက်စ နှစ်တိုင်းထည့်စိုက်ပါတယ်။ အဲဒါဟာ မီးတောက်အရက်စိမ်ဖို့ သက်သက်ပါ။ သူတို့မှာ ဒီသောက်ပွဲဟာ နေ့တိုင်းကျင်းပတာ ဖြစ်ပြီး၊ ဒါပဲ သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေး၊ ဒါပဲ သူတို့ရဲ့ ပျော်ရွှင်မှု၊ ဒါပဲ သူတို့ရဲ့ အပန်းဖြေနားနေရာ အလုပ်ပါ။ ဒီရွာသားတွေအဖို့ ကွယ်ရာက အတင်းပြောခြင်း၊ တဖက်သားကို မကောင်းကြံခြင်းလည်း မရှိပါဘူး။ ပျော်ပျော်ရွှင်ရွှင် စုပေါင်း စားသောက်နေကြတာပဲ။ သူတို့ စိတ်ထဲရှိတာ အရက်ဝင်ပြီးရင် အော်ကြီးဟစ်ကျယ် ဖွင့်ပြော လိုက်မှာပဲ။ အဲဒီမှာ အဆိုးဆုံးဖြစ်နိုင်တာက ထိုင်းထုံးစံ နပမ်းသတ်ပွဲအထိ ဖြစ်ချင်ဖြစ်မယ်။ ဒီမှာ လူသတ်မှုမဖြစ်ဘူး။ တယောက်ကို တယောက် မကျေနပ်တာက အမူးပြေတော့ အိပ်မက်လို ပျောက်သွားပြီမို့ ကလဲ့စားချေတယ် ဆိုတာလဲ မကြားဖူးပါဘူး။
ကျွန်တော် ဒီရွာရောက်ပြီးလို့ ၄-နှစ်ကြာတော့ ကျွန်တော်လည်း ဒီရွာက အရက်ကိုစွဲ လာပြီလို့ ပြောရတော့မှာပဲ။ သောက်နေကျ အချိန်တိုင်လာရင် ကျွန်တော့်ဗိုက်က ကျွမ်းသူ ပုန်ထပြီး ဗြောင်းဆန်အောင် တောင်းဆိုလာ နေပါပြီ။ ဒီလိုဖြစ်တာဟာ တကယ်တော့ ကျွန်တော့် အားနည်းညံ့ဖျင်းချက်ကြောင့်ပါ။ သူများက တိုက်လာရင် ကျွန်တော်ကဘယ်လို ငြင်းရမှန်းမသိဘူး။ မငြင်းရက်ဘူး။ သိပ်အားနာ တတ်တာ။ ရောက်စ ပထမနှစ်တုန်းက အားနာ လို့ တစက်နှစ်စက် မျိုချမိရင် အမယ်လေး လည်ချောင်းတလျှောက် လောင်ဆင်းသွားလိုက်တာ မီးထတောက်နေရစ်တယ် မှတ်ရပါတယ်။ ဒုတိယနှစ်ရောက်တော့ တကျိုက်ချင်းတော့ ရလာ ပါပြီ။ ကျွန်တော်က ဒီလောက်လေးမှ မစွမ်းရင်လည်း မိန်းမသူတွေကတောင် ကျွန်တော့်အပေါ် မထေမဲ့မြင် စော်ကားမော်ကား လုပ်ချင်လာကြပြီဟာကိုး။ အဲ..... စတုတ္ထနှစ်ရောက်တော့ ကျွန်တော်က အသောက်ဝိဇ္ဇာဓိုရ် ရပါပြီ။ ဘယ် မိန်းမကမှ ကျွန်တော့်ကိုလာလေ သတ္တိရှိရင် ပြိုင်သောက်ရအောင်လို့ မချဲရဲတော့ပါဘူး။ သောက်လုံးအကြီးဆုံးဆိုတဲ့ လူများနဲ့ ရင်ဘောင် တန်းနေပါပြီ။ သူတို့အထဲက မြေကြွက်တွင်းကြီးလို့ နာမည်ကြီးလှတဲ့ အိုက်ဒွါးနဲ့ ပြိုင်သောက် ကြရာမှာတောင် နိုင်တယ်လို့ အဆုံးအဖြတ် မပေးနိုင်လောက်အောင် ကျွန်တော်တို့ နှစ် ယောက်လုံး မြေပေါ်လိမ့်နေကြတာပဲဟာ။
အိုက်ဒွါးအကြောင်း စကားစပ်မိလို့ ပြောရအုံးမယ်။ ဒီကောင်က ဒီရွာမှာ ကျွန်တော့် အရင်းချာဆုံး မိတ်ဆွေပါ။ ဒီတရွာလုံးမှာ ကျွန်တော်ကလည်း အိုက်ဒွါးထက် ပိုခင်မင်တဲ့လူမရှိ ပါဘူး။ အိုက်ဒွါးကလည်း ကျွန်တော့်အပေါ် ဒီအတိုင်းဖြစ်မှာပါ။ သူက အခုမှအသက် ၂၂-နှစ် ရှိသေးတာ။ ကျွန်တော့်ထက် ၅-နှစ်လုံးလုံးငယ် ပါတယ်။ ဒါပေမယ့် တောမှာနေတဲ့ အသက် ၂၂-နှစ်သားက မြို့နေအသက် ၄ဝ-အရွယ်လောက်ထက် ငယ်မယ် မထင်ရပါဘူး။ အလုပ် ပင်ပင်ပန်းပန်းလုပ်ရလို့ ဒီလိုအိုစာသလားတော့ မပြောတတ်ပါဘူး။ သူတို့ကိုယ်ထဲ အရက်ဝင် များလို့ ဒီလိုအိုစာသလားလည်း မပြောတတ်ပါဘူး။
အိုက်ဒွါးက အရပ်ကလည်း အပုလေးရယ်။ သူ့ခန္ဓာကိုယ်က အချိုးအစား ကျတာ မဟုတ်ဘူး။ ခါးအထက်က ကိုယ်ပိုင်းက အလွန် တောင့်တင်းပြီး ခါးအောက်ပိုင်းက အပေါ်ပိုင်းနဲ့ မလိုက်အောင် တိုနေတဲ့လူ။ အဲဒီတော့ သူ့ ကြည့်ရတာ ကျွဲလိုပဲ။ အပေါ်ကိုယ်ကြီးက ကြီး နေတောင့်နေသလောက် အောက်က ဂင်တိုတို ကလေးမို့ အရုပ်တော်တော်ဆိုးပါတယ်။ သူ့ ခေါင်းကလည်း အသုံးချတာ နည်းလှပေမယ့် အလွန်ကြီးတဲ့ ခေါင်းပါ။ သူ့ခေါင်းဟာ အီးဝမ်နဲ့ အချီအချ ညစ်တီးညစ်ပတ်ကဗျာ အလင်္ကာမျိုး အပြိုင်ရွတ်ဖတ်ကြတာလွဲရင် တခြားဘာမှ အသုံးကျတာမဟုတ်ပါဘူး။
အိုက်ဒွါးက လူဘယ်လောက် အရုပ်ဆိုးအကျည်းတန်လို့ ရွာခွေးကတောင် မြင်ပြင်းကတ်လို့ ဟောင်ဟောင် သူ့သန်မာတောင့်တင်းမှုမျိုးနဲ့ အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် သူ့ပါးစပ်က ပြောတတ်ဆိုတတ်မှုက ရွာထဲက မိန်းမသူများကို စိတ်ဝင်စားစေနိုင်တဲ့လူပါ။ ပြီးတော့ အိုက်ဒွါး ရိုးသားတာ၊ ရက်ရောတာကလည်း အရုပ်ဆိုးမှုကို ဖုံးကွယ်စေနိုင်လောက် အောင် ရှိပါပေတယ်။ သူက ကျွန်တော့်ကို သူ့မိဘလို ချစ်တာပါ။ ကျွန်တော့်အတွက်ဆိုရင် သူ့အသက်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော့်ကို ကျေးဇူးတင်လွန်းလို့တဲ့။ အိုက်ဒွါးရဲ့ ထွန်းပနေတဲ့ ချစ်စရာ့ ဒီအရည်အသွေးတွေဟာ ပညာရေးနဲ့ ဘာမှမဆိုင်ဘူးနော်။ သူ့မှာ ပညာနဲ့ပတ်သက်လို့ အသုံးလုံးကျေရုံသာရှိတာ။
အိုက်ဒွါးက ငှက်ဖျားနဲ့ သေတော့မယ် ဖြစ်တဲ့အချိန်ကစပြီး ကျွန်တော့်ကျေးဇူးများ သူ့အပေါ် ရှိတယ်လို့ ယူဆထားပါတယ်။
ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ တရွာလုံးက နတ်ကိုယုံကြတယ်။ ကိုးကွယ်ကြတယ်။ ရွာထဲ မှာဆိုရင် နတ်စင်ကလေးတွေ ဟိုနားတခု ဒီနားတခု ပြည့်နေတာပါ။ ကျောက်ပေါ်နတ်တဲ့။ ကျောက်မယ်နတ်တဲ့။ သူတို့ နာရင် ဖျားရင် ဖမ်းစားတဲ့မကောင်းဆိုးဝါးတွေကို ဒီနတ်တွေက မောင်းထုတ်နိုင်တယ်လို့ ယုံကြတယ်လေ။ အဲဒီ လို မောင်းထုတ်ပေးချင်အောင် ဒီနတ်တွေကို လွမ်းလောက်တဲ့ အတင်အသတွေနဲ့ ပူဇော်ပသရတယ်။ ဥပမာဆိုပါတော့၊ မီးတောက် အရက်တပုလင်းနဲ့ ကြက်ကောင်လုံးပြုတ်၊ ဒါမှ မရရင် မီးတောက်ပုံးနဲ့ ဝက်ကောင်လုံးပြုတ်ပေါ့။ အလွန်စိုးရိမ်ဖွယ်ကောင်းလောက်အောင် နာဖျားမကျန်းဖြစ်ပြီဆိုရင်တော့ အရက် ၅-စည် နဲ့ နွားတကောင်ဆိုတာမျိုး တင်သရတယ်။ ဒီ အတင်အသတွေကို သူတို့နတ်တွေက အငွေ့ သာစားတာ သောက်တာဖြစ်လေတော့ နတ်တွေလည်း စားတော်သောက်တော်ခေါ်လို့ ပြီး ပါလေရော၊ ဘာမှမလျော့ပါးတဲ့ သောက်စရာ စားစရာများကို ရွာသူရွာသား အားလုံးက တပျော်တပါးကြီး စားကြသောက်ကြတာပါပဲ။
အဲ..... အိုက်ဒွါး နေမကောင်းတော့ အရက်လည်း ၁ဝ စည် ရှိပါပြီ၊ ကျွဲလည်း ၂ကောင်ရှိပါပြီ၊ တင်တာ သတာ၊ နို့ပေမယ့် နတ်တွေက မ,တော်မမူပါဘူး။ ခေါင်းမာလိုက်တာ၊ အိုက်ဒွါးကဖြင့် သေခါနီးနေပြီ။ အဲဒီမှာ ကျွန်တော်က ကြည့်မနေနိုင်တာနဲ့ ပစ်စာနုလောက် ဘက်ကို လာသွားတဲ့ ငှက်ဖျားနှိမ်နင်းရေးအဖွဲ့က ပေးသွားတဲ့ ဆေးပြားကလေးတွေကို တိုက်ရတယ်။ အတော်အသင့် ဆေးဝင်ရုံနဲ့ အိုက်ဒွါးက သက်သာလာပြီ။ သက်သာ တယ်ဆိုရင်ပဲ အိုက်ဒွါးက သူသေရွာပြန် ဖြစ်ပြီလို့ သိလိုက်တယ်။ အဲဒါ ကြောင့် မူလကလည်း နတ် ၂ ပါးကို တယ်အယုံအကြည် မရှိတာလည်းတကြောင်း၊ ကျွန်တော့်ဆေးက သူ့အဖျားကို နိုင်လိုက်တာလည်း တကြောင်း၊ ၂ ခုပေါင်းပြီး ကျွန်တော်ဟာ သူ့ အသက်သခင်ပဲလို့ သူက အသိအမှတ်ပြုလိုက်တယ်။ ဒါကြောင့် ကျွန်တော့်အပေါ်ကို ကျေးဇူးရှင်အနေနဲ့ အလွန်ရိုကျိုး သမှု ရှိတာပါ။
အိုက်ဒွါးကသာပါ။ တခြားလူတွေက ဒီ ဆေးပြားကလေးငယ် စီနာကြောင့် အိုက်ဒွါး ကျန်းမာလာတယ်လို့ မယုံပါဘူး။ ကျောက်ပေါ်သခင်နဲ့ ကျောက်မယ်သခင်မတို့ စောင်မလို့ ခုလို အံ့သြစဖွယ် နေပြန်ကောင်းသွားတာလို့ ယုံပါတယ်။ ဒါကြောင့် အိုက်ဒွါးဆီက အရက် ၁ဝ စည်နဲ့ ကျွဲ ၂-ကောင် နောက်ထပ် သောက်ကြ စားကြပါသေးတယ်။ သုံးနေ့နဲ့သုံးည မိုးမ လင်းတမ်းသောက်ကြတာ ဖြစ်လေတော့ နပမ်းပွဲကလေးလည်း ၃-ပွဲလောက်တော့ ကြည့် လိုက်ကြရသပေါ့။
အဲဒီပွဲမှာ သူကြီးလည်း လဲလို့ ကွဲလို့ ခေါင်းမှာ ဒဏ်ရာရလို့၊ သူကြီးသမီးလည်း ထမင်း တအိုးပြီးတအိုး ချက်ကျွေးရလို့ ခြေကုန်လက်ပမ်းကျပြီး ငိုယူရပါတယ်။ ပျော်ပျော်နေ သေခဲ မုဆိုးမ အီဝမ်ကတော့ ယောက်ျား ၅ ယောက်နဲ့ တွဲဖြစ်လိုက်ပါသတဲ့။ အိုက်ဒွါးတို့ဆို တာ အီဝမ်နဲ့ ဘယ်လောက်များ ဆိုရပြောရတယ်မသိ၊ အသံကိုကွဲလို့ နာလို့၊ သူကြီးကတော် ကတော့ စားဖို့ မေ့နေလောက်အောင် ပျော်ပါးနေလို့တဲ့၊ ပွဲတတိယနေ့မှာ အာဟာရ ပြတ်ပြီး သတိမေ့သွားတာ ဘုံးဘုံးလဲပါတယ်။ အဲဒါကြောင့် နတ်ကတော်နဲ့ မှော်ဆရာတို့ အလုပ်ပေါ်လာပြန်ပြီး သူကြီးတို့မိသားစုကို ဖမ်းစားနေတဲ့ မကောင်းဆိုးဝါးများကိုနှင်ဖို့ ကြိုး ပမ်းရပြန်တယ်။ နတ်ကတော်များ မှော်ဆရာများက အရက် ၅စည်နဲ့ ဝက်များကို ပသရမယ် လို့ အဟောထွက်ပြန်တယ်။ အဲဒီပွဲကိုတော့ နောက်လမှ ပသပူဇော်ဖို့ ရွှေ့ဆိုင်းလိုက်ရတယ်။ ဘာလို့လဲဆိုတော့ အရှင်ကြီး အရှင်ကောင်းတွေအားလုံးမှာ လိုတာထက်တောင် ပိုနေအောင် ဒီလတော့ ပသပြီးနေပြီ မဟုတ်လား။
ဒီရွာမှာ အနေကြာလာတော့ ကျွန်တော်လည်း ဒီရွာက ဓလေ့စရိုက်တွေ ကြားထဲမှာ ရေ ပျော်ပျော် ငါးပျော်ပျော် နေတတ်ပါပြီ။ ကျွန်တော့်အဖို့ လခထုတ်ဖို့ အစည်းအဝေး တက်ဖို့ မြို့ကိုသွားရတဲ့အခါလောက်ပဲ သူတို့နဲ့ ကင်းကွာမှု ရှိပါတော့တယ်။ မြို့သွားရတာက အသွားအပြန်ဆိုရင် ၇ ရက် ကြာပါတယ်။
တနေ့ ရွာကထွက်သွားရတာ ၇ရက် အကြာ ကျွန်တော် ပဒုံပရိုင်ကို ပြန်ရောက်ပါပြီ။ ရောက်တယ်ဆိုရင်ပဲ ကျောင်းကို စောလည်းမစော၊ နောက်လည်းမကျဘဲ ကျွန်တော် ကျောင်းတက်လာခဲ့ပါတယ်။ ကျောင်းတက်လာ တယ်ဆိုတော့ ကျွန်တော့်ကျောင်းရဲ့ ကျောင်း တက်ချိန် သတ်မှတ်ထားရပုံကို နည်းနည်းပြော ပါဦးမယ်။ ကျောင်းသားတွေ နေကြတာက ကျောင်းနဲ့အဝေးကြီးပါ။ တချို့များ ကျောင်းနဲ့ ကီလိုမီတာ အများကြီး ဝေးပါတယ်။ ပြီးတော့ အချိန်နာရီနဲ့ ပါတ်သက်လို့လဲ ကျွန်တော့်မှာ ပြဿနာရှိပါတယ်။ ကျွန်တော်က ကျောင်းကို စောစောရောက်ရင် ကျောင်းသားက နောက်ကျတယ်။ ကျောင်းသားက စောစောရောက်ရင် ကျွန်တော်က နောက်ကျတယ်။
ဒီအရပ်မှာ အချိန်စကားပြောရတာကလည်း နေအလင်းရောင်နဲ့ စကားပြောရတာပါ။ မိုးတွေအုံ့နေတဲ့နေ့ဆိုရင် မနက် ၉-နာရီ ၁ဝ- နာရီထိ ကျောင်းသားက တယောက်မှ ကျောင်း မလာသေးဘူး။ အဲ..... နေသာတဲ့နေ့ဆိုရင် ကြက် ဦးတွန်မှာ ရောက်လာတဲ့ ကျောင်းသားက ရောက်လာပြီ။ အဲဒီတော့ ကျွန်တော်က အဖြေရှာတယ်။ ကျောင်းမှာ ကျောင်းသားအစုံ ရောက်တယ်။ ကျွန်တော်ရောက်တယ်ဆိုရင် ကျောင်းတက်တာပဲ၊ အဲဒါ ကျောင်းစချိန်ပဲ၊ အဲဒီအချိန်က စပြီး သင်လိုက်ကြတာ၊ ဗိုက်ထဲက တဂျုတ်ဂျုတ်မြည်ပြီး ကျွမ်းသူပုန်ထကြတော့ ထမင်းစားရအောင် နေ့ကျောင်းဆင်းလိုက်ရော။ ဒီလိုလုပ်ရတာ တခြားကြောင့်တော့ မဟုတ်ဘူး။ ကျွန်တော် "ရွှေ" လက်ပတ် နာရီက ဘာမဆို သူ့သဘော၊ စက်က သွားချင် တဲ့အခါ သွားနေမယ်။ ရပ်ချင်တဲ့အခါ ရပ်နေမယ်။ ကြားနေတဲ့ ကောလာဟလ အတိုင်း ကျွန်တော့် လခတိုးမယ်ဆိုတာ မှန်ခဲ့ရင် ကျွန်တော် နာရီသစ်ဝယ်မယ်လေ။
ကနေ့တော့ ဘယ်လိုဖြစ်တယ် မသိဘူး။ ကျောင်းထဲမှာရော၊ ကျောင်းအနီးအပါးမှာရော ကျောင်းသားတယောက်မှ မြင်ရတယ် မရှိ။ ဒါကြောင့် ကျောင်းခေါင်းလောင်းအဖြစ် သုံးနေတဲ့ တူးရွင်ပြား သံချေးတက်ကြီးကို သံချောင်းနဲ့ အကြိမ်ကြိမ်ခေါက်ပြီး တောင်ကြားတရိုးလုံး ကြားအောင် အသံပေးပေမယ့် လက်သာနာ လာတယ်၊ ကလေးတွေကတော့ တကောင်တ မြီးမှ ပေါ်မလာဘူး။
"ဆရာကြီး အဲဒါကြီးဘာလို့ တီးနေတာလဲ" လို့ မေးသံကြားလို့ လှည့်ကြည့်လိုက်တော့ အိုက်ဒွါးခမျာ တူရွင်းပြားကြီးတွေ စိုက်စီထားတာနဲ့တူတဲ့ သူ့သွားကြီးတွေ အကုန်ပေါ်အောင် ပါးစပ်ကြီးဖြဲပြီး ပြုံးလို့။
"ဟ...... ဘာလို့မတီး ရမှာလဲ၊ ငါ ရောက်နေပြီလေ၊ ကျောင်းသားတွေတယောက် မှ မလာသေးလို့"
"သူကြီးက ကျောင်းတပတ်လုံး ပိတ်ထားတယ်လို့ ပြောတယ်ဗျ" လို့ ပြောပြီး ထုံးစအ တိုင်း ဝမ်းသာတဲ့အခါ ရယ်တဲ့ သူ့အသံကြီးနဲ့ ရယ်ပါတယ်။
"ဘာပြုလို့လဲကွ"
"မနေ့က ကျောင်းသားတွေအားလုံး လာကြသဗျ၊ ဆရာမရှိတော့ ခြေကုန်လက်ပမ်း ကျတဲ့အထိ ဆော့နေကြသဗျ"
"ဟ.... ဒါပေမယ့် ငါက ၇-ရက်နေ့မှ ကျောင်းပြန်တက်လှည့်ကြလို့ မှာခဲ့တာပဲကွ"
"ဒါတော့ ကျုပ်လဲဘယ်သိမလဲ" သူကြီးက ဒီလမ်းကို သမင်ပစ်ထွက်ရင်း ကျောင်းကို တွေ့သွားတော့ ဆရာမရှိရင် ကျောင်း ၇-ရက် ပိတ်ထားဆိုပြီး အမိန့်ပေးသွားတာတဲ့
"ကောင်းကွာ"
"ဆရာကြီးက မကြိုက်ဖူးလား၊ စီးကရက်တလိပ် ပေးပါဦး"
ကျွန်တော်မြို့မှာ အစည်းအဝေးတက်ခဲ့တုန်းက ဝယ်သောက်ခဲ့တဲ့ စီးကရက်တလိပ် တည်းကျန်နေတာကို ရှာဖွေပြီး အိုက်ဒွါးကို ပေးရပါတယ်။ အိုက်ဒွါးက မီးညှိပြီး အားရပါးရ ရှိုက် ရင်း စိတ်ပါလက်ပါကြီး ပြုံးနေပါတယ်။ ပြီးမှ
"လာဆရာရယ်။ ကျွန်တော်တို့ ပျော်ချေရအောင်" တဲ့။
"ဘယ်ကိုလဲကွ"
အီဝမ်ဆီပေါ့။ သောက်ရင်းစားရင်းလေ။
အိုက်ဒွါးက ကျွန်တော့်လက်ကိုဆွဲပြီး ကျောင်းနဲ့ဝေးရာကို ခေါ်သွားပါပြီ။ အစိုးရလခ ရိက္ခာကို စားရင်း ရက်တပတ် ပျော်ပျော်ပါးပါး နေလိုက်ရဦးမှာပေါ့လေ။
တောကျောင်းဆရာရဲ့ သုခအဖုံဖုံထဲက ဒါကတော့ တစိတ်တဒေသပေါ့ခင်ဗျား။


လူထုဒေါ်အမာ။
{ထိုင်းစာရေးဆရာ နိုမိဘူမိသာဝုန် ရေးသားတဲ့ တောကျောင်းဆရာရဲ့သုခ ၀တ္ထုတိုကို ချမ်းနော့စာရိတ္တနင် က အင်္ဂလိပ်လိုဘာသာပြန်ပါတယ်။}

(ကြီးပွါးရေးစာအုပ်တိုက်က ထုတ်တဲ့ လူထုဒေါ်အမာ ရဲ့ "ထိုင်းဝတ္ထုတိုများ ၁" စာအုပ်က ကူးယူဖော်ပြ ပါတယ်၊)

ယာယီနှင်းများ
ရေးသူ-ခင်လွန်း

နှင်းတွေ။

လာရာကို ကျောခိုင်းလို့
တံတိုင်းခြားခံလိုက်ရတဲ့ တောင်တန်းတွေအောက်
ညှို့ကွင်းမိ သားကောင်တွေ
ထောင်ချောက်မိနေတာ မဟုတ်ဘူး။



ဒါ.....
စစ်ပန်းသွားတဲ့ ခေါဘဏီတပ်ကြီး
နားနေတာလည်း မဟုတ်ဘူး။

အိပ်မက်ကိုယ်စီပျိုးလို့
အရိုးကိုဆံထိုးလုပ်လိုသူတွေနဲ့
ကမ်းလွန်ရွှေမုဆိုးတို့ရဲ့
စခန်းထောက်ရာလို့ဆိုဆို
ကိုလံဘတ်အလိုအရ ပြောရရင်
သူတို့အာငွေ့နဲ့ ရွက်လွှင့်ထွက်ခွါရာ ဆိပ်ကမ်း။

သေချာတာက
အမေတခြား သားတခြား
အိပ်ရာတခြား အိမ်တခြား
ချစ်သူတခြား ပါးတခြား
အဓိပ္ပါယ်ထွေထွေပြားပြားမှာ
နတ်နေကိုင်းသားတွေ အများသားရှိရာက လာတဲ့
တတိယကမ္ဘာသားတွေပါ။

ဒီလိုဆောင်းဆိုရင်
ဒုက္ခကိုရှေ့တင် ကစားကြရတဲ့ပွဲမှာ
အသားငတ်တာကလွဲလို့
စကားငတ်တာကလွဲလို့
အသားပတ်တဲ့ ဆောင်းဟာ
ချောင်းတဟွတ်ဟွတ် ဆိုးပြီဆိုရင်
ထုံးဓါတ်များတဲ့ ရေကို
ထင်းမီးဖိုနဲ့ နာနာကြိုပြီ။

ဒီလိုဆောင်းဆိုရင်
နှင်းဝေေ၀ကြား
အပေါစား ဗွီဒီယိုကားရဲ့
ဖြစ်ကတတ်ဆန်း ဆက်တင်ထဲကလို
ပုဆိုးခြုံ ဆေးလိပ်တဖွားဖွားနဲ့
ထင်းကောက်သူကောက်
ဘေထုပ်ထည် တဖါးဖါးနဲ့
လမ်းလျှောက်သူတွေကလျှောက်
တချို့ တောပန်းလေးတွေကောက်လို့
တချို့ကျ ထင်းမီးပုံတဖွားဖွားဘေး
သိုက်စာဖတ်ရာ နားထောင်ငေးလို့။

သည်လို တောခန်းတောင်ခန်း
တထောက်စခန်းပဲ ဆိုဆို
စင်တင်ကဇာတ်ထဲက ပြဇာတ်မင်းသားဆန်နေသူတွေဟာ
အချီအချ ဒိုင်ယာလော့ခန်းဆိုရင်
ကိုယ့်လူများက ခေ, သူတွေမဟုတ်
တချို့ မြန်မာပြည်အရေး
သူတို့ သွေးနဲ့ရေးခဲ့တဲ့အကြောင်း
တချို့ သူတို့အသက်
တိုင်းပြည်အတွက် စွန့်လွှတ်ထားခဲ့ပုံအကြောင်း
တချို့ မိပစ်ဘပစ် ချစ်သူပစ်ပြီး
နိုင်ငံကိုချစ်စိတ်နဲ့ အတိတ်ကို ဖြတ်သန်းလာခဲ့ကြောင်း
.........
.........
.........
အကြောင်းကြောင်းတွေ ဟောင်းနွမ်းကြွေလဲ
သွေးထဲသားထဲ နှုတ်ဖျားစွဲကာ သေရာပါလေ။

အင်း.....
သူ့အကြောင်းပြောရင်
ကိုယ့်အကြောင်းလဲ ပြောပြန်ကြလိမ့်မယ်
ထားတော့။

တငွေ့ငွေ့လောင်သွားတဲ့ ရက်တွေလို
နောက်ဆုံး အံသွားနဲ့ခဲထားတဲ့ ပေါ့လိပ်တိုကို
စက္ကူပတ် ခွါလိုက်ချိန်
"သုခိတာ" တဲ့
(ဒုတိယ ဘာသာစကားအောက် ဒို့တွေခိုလှုံနေရပုံများ)
သုခိတာ ဟောန္တု ဒုက္ခာ မ စ္ဆ န္တု
ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်မြောက်ကြစေသတည်း။

ခင်လွန်း။

Friday, December 12, 2008

အဝေးကပေးစာတစောင်
ရေးသူ- ယာတောကသာဗျော


ကိုဟိုဒင်းရေ-
၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာ ၇ရက်။
၂ဝဝ၈ ခုနှစ် ကုန်ကာနီး လာတာနဲ့အမျှ ဗမာပြည်သာမက နိုင်ငံပေါင်းစုံ၊ ဘာသာ အယူဝါဒပေါင်းစုံတို့နဲ့ သက်ဆိုင်တဲ့ အခါကြီးရက်ကြီးတွေ တခုပြီးတခု ဆက်နေတာ သတိ ထားမိတယ်ဗျာ။ အခုအခါဟာ ဗမာပြည်မှာ စာဆိုတော်လ မဟုတ်လားဗျာ။ ခင်ဗျား မှတ်မိတယ် မဟုတ်လား။ နဂို ဂျပန်ခေတ်၏ စာဆိုတော်နေ့ သတ်မှတ်ကြတုန်းကတော့ နတ္တော်လဆန်း (၁)ရက်နေ့ကိုသာပဲ စာဆိုတော်နေ့ရယ်လို့ သတ်မှတ်ခဲ့တာ၊ နောက်ကျ တော့ စာပေသမားတွေကို မြင်ဖူးချင်၊ သူတို့ ဟောပြောတာတွေကိုကြားချင်လို့ မြို့တကာ နယ်တကာက ဖိတ်တာတွေများလွန်းလာပြီး တနေ့တရက်ထဲနဲ့ မဖြစ်နိုင်တာနဲ့ စာဆိုတော် လလို့ သတ်မှတ်ပြီး တလလုံး လှုပ်ရှားကြတာလေဗျာ။ စာပေသမားတွေဟာ သူတို့ ပြောချင်တာတွေကို ပြဇာတ်တွေ၊ ဟောပြောပွဲတွေလုပ်ပြီး တင်ဆက်ကြ၊ ဟောပြောကြ၊ ပြည်သူလူထုဆီက အသံတွေကို ကိုယ့်နားနဲ့ကိုယ် ဆတ်ဆတ်နားထောင်ကြ၊ အင်မတန် ကျက်သရေမင်္ဂလာရှိတဲ့ အစဉ်အလာတွေပဗျာ။ အခုတော့ နဝတ-နအဖတို့ရဲ့ ဒီမိုကရေစီ အောက်မှာ စာဆိုတော်ပွဲဆိုတာ ဟိုအရင်လို ခြိမ့်ခြိမ့်သဲ မကျင်းပနိုင်ယုံမက ပြိုးပြိုး ပြောက်ပြောက်သာ မသေကောင်းမပျောက်ကောင်း ကျန်တော့တယ်။ ဒါ့အပြင် ဟောပြောရ သူတွေခမျာလည်း "ဓား ဂုတ်ပေါ်မှာဝဲ" ဆိုတဲ့ ငိုချင်းကို ဆိုပြီး ပြောသလို လုပ်နေရတာ။ ဒါ့အပြင် နားထောင်သူတွေကလည်း ကိုယ့်ဘေးကထိုင်နေသူကို ထောက်လှမ်းရေးလားလို့ လှည့်လှည့် ကြည့်နေရသေးတယ်။


ထားပါတော့။ ကျနော် ဒီတခါရေးချင်တာက ဒါအဓိကမဟုတ်ပါဘူး။ ကျနော် ပြောချင်တာက ဒီလိုစာပေသမားများရဲ့ အခါကြီးရက်ကြီးမှာ စာပေသမား၊ မီဒီယာသမား၊ ဘလော့ဂါသမားတွေ မကြားစဖူးထောင်ဒဏ်တွေနဲ့ ထောင်ချခံနေကြရတဲ့အဖြစ်ကိုပါ။ အီးမေးလ်တစောင် ထောင်၁၅နှစ်တဲ့၊ တရားဥပဒေကိုပြက်ရယ်ပြု၊ ဒီမိုကရေစီကို စော်ကား၊ ခေတ်သစ် နည်းပညာအပေါ် အာဃာတတွေ ဖော်ပြနေကြတာ၊ သူတို့ ဘယ်လို လိပ်ပြာ လုံကြပါလိမ့်လို့သာ ကျနော်တော့ မေးလိုက်ချင်တော့တာပဲ။
ဒီရက်ကျော်တော့ ရောက်လာတာက အစ္စလမ်ဘာသာဝင်တွေရဲ့ ဘက္ကရီ အစ်ပွဲတော်ဗျ။ အစ်ကြီးလို့ အလွယ်ခေါ်ကြတဲ့ဟာလေဗျာ။ ဒီနေ့ ဒီရက်မှာ အစ္စလမ် ဘာသာဝင်တွေက လူမျိုးမရွေး၊ ဘာသာမရွေး၊ မိတ်ဆွေတွေ၊ အိမ်နီးနားချင်းတွေကို အမဲသား တွေပေးကြ၊ ဆမ်မိုင်တွေဝေကြ၊ ကုသိုလ်ပြုကြ၊ ပြီးရင် ညနေစောင်းကျရင် ဝတ်ကောင်းစားလှနဲ့ လက်ဆောင်တွေ လက်ဆွဲပြီး တအိမ်သားလုံး ထွက်လည်ကြ၊ ကျနော်ဖြင့် မြင်-မြင်ယောင်သေးတော့ဗျာ။ အဲဒီလို "သူတကာကန်တော့ပွဲတွေနဲ့ ရွာထဲမှာ လူယောင်ပြ" ကြချိန်မှာ ၈၈မျိုးဆက် ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအတွက် ပြောဆို၊ တောင်းဆိုသူတွေဟာ မှောင်မိုက်တဲ့တိုက်ခန်းတွေထဲမှာ ဆွေကွဲမျိုးကွဲ၊ ဘယ်လိုနေကြရှာ မလဲ-နော်ဗျာ။ ထောင်ကျဖူးတဲ့ ကျနော်ကတော့ ကောင်းကောင်း ကိုယ်ချင်းစာမိတယ်ဗျာ။
အစ်ပွဲတော်လွန်ရင် ရောက်လာမှာက နာတာလူးပွဲတော်ပေါ့။ ခရစ္စမတ်ပွဲတော် ဆိုတာ အကြင်နာ၊ သဒ္ဒါတွေကိုကိုယ်စားပြုတဲ့၊ ဖော်ပြတဲ့ ပွဲပါ။ မိသားစုအတွင်း နွေးထွေးမှု၊ ချစ်ခင်ကြင်နာမှုတွေ ဖော်ပြကြ၊ လက်ဆောင်တွေပေးကြ၊ အင်မတန်သိမ်မွေ့တဲ့ ရက်မြတ် ပါပဲ။ နာတာလူးပွဲအကြို ညမှာ မိသားစုအတူတူ ခရစ္စမတ် ညစာစားကြတာကရော၊ ဘယ့်ကလောက် နွေးထွေးပြီး ကြည်နူးစရာကောင်း လိုက်လဲဗျာ။ ဒါပေမဲ့ အကြင်နာ သဒ္ဒါဆိုတာ ချို(ဂျို)နဲ့လားလို့ မေးရမယ့် နအဖ စစ်ဗိုလ်ချုပ်တွေကတော့ နိုင်ငံရေး အကျဉ်းသားတွေအပေါ် စာနာမှုတံခါးကိုပိတ်၊ ထောင်တံခါးတွေကိုဖွင့်လို့ ဝေးလံသီခေါင်၊ ချမ်းအေးခိုက်တုံတဲ့ နေရာတွေဆီကို ဒလေဟောပို့ပစ်ကြတယ်။ မိသားစုတွင်း မေတ္တာမျှဝေမှု၊ စည်းလုံးညီညွတ်မှုကို သင်္ကေတပြတဲ့ ရက်မြတ်ကာလမှာ ဒီစစ် အာဏာရှင်တွေဟာ တိုင်းပြည်အတွင်းမှာ ဆယ်စုနှစ်နဲ့ချီတဲ့ သွေးကွဲမှုနဲ့ ရန်ညှိုးတွေ ဖန်တီးနေကြတယ်။ နာတာလူးပွဲတော်လို ကာလမှာ မဲဇာထက်အများကြီးပိုဝေး၊ ပိုအေးတဲ့ အရပ်တွေကို ပို့ပစ်ကြတယ်။ တကယ်တော့ အပို့ခံရသူတွေလည်း ဒီလိုအခါမှာ "ရွှေလည်ဆွဲချင်ရှာလိမ့်ပေမပေါ့ဗျာ။" ဒါကို နအဖက သံခြေချင်းတွေ ဆွဲပေးနေကြတယ် လေ။
ဇန်နဝါရီလ တတိယအပါတ်ကို ရောက်ရင်တော့ တရုတ်နှစ်သစ်ကူးရောက်ပြီ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတပုံနီးပါးရှိတဲ့ လူတွေရဲ့ အမွန်မြတ်ဆုံး ရိုးရာပွဲတော်ပေါ့။ သူတို့ တရုတ်တွေဟာ ဒီနေ့ဒီရက်ကို ရောက်ပတဲ့ဆိုရင် ရောက်ရာအရပ်ကနေ ကိုယ့်အိမ် ကိုယ်ပြန် ကြရတယ်။ ပြီးရင် အိမ်သားတွေစုပြီး ထမင်းအတူစားကြတယ်။ ဒါဟာအဓိကပဲ။ အခေါ်အဝေါ်ကိုက မိသားစုစုစည်းတဲ့ပွဲတဲ့။ ဒါကြောင့် အဲဒီ ထမင်းစားပွဲ မစမီ ပသ သင့်တာတွေ ပသ ရသေးတယ်။ ပြီးတော့မှ "သားမြေးငယ်မာချာ ဘယ်ညာထွေး တော့သည်၊ အလုပ်ကယ် ဧရာ ငုံ့ကာလွေးတော့သည်" ဆိုသလို အပြတ်တွယ်ကြတာပဲဗျို့။ အဲ- နောက်တနေ့ရောက်တော့ ဒီနေ့ဒီရက်အတွက် တမင် တင်ကြိုဝယ်ထားတဲ့ အဝတ် အစားအသစ်တွေ ဝတ်ပြီး လည်စရာ ပတ်စရာ နေရာတွေကို သွားလည်ကြတယ်။ တချို့များဆိုရင် အဖိုးအဖွားကနေ မြေးအထိ မျိုးဆက်သုံးခု၊ ကျောပိုးတန်သူကိုပိုး၊ လက်တွဲတန်သူကို လက်တွဲပြီး တောက်တောက်ပြောင်ပြောင် အဝတ်အစားတွေ၊ အရယ်အပြုံးအတွေနဲ့ လမ်းပေါ်ထွက်လာကြတာ၊ တယ်လဲ မင်္ဂလာရှိသကိုးဗျ။ ကလေးတွေ လက်ထဲမှာလည်း စားစရာမျိုးစုံ၊ ပူပေါင်း-ရဟတ်လို ကစားစရာမျိုးစုံနဲ့။ ကျနော်လို အိမ်နဲ့ နှစ်ရှည်လများ ကွဲနေရသူအဖို့ တကယ့်ကိုအားကျစရာ၊ အိမ်လွမ်းစရာကြီးပေါ့ဗျာ။ ဒါပေမဲ့ အသေအချာ ပြန်စဉ်းစားလိုက်တော့ ကိုယ်ကမှ အဲဒီလို လည်ပတ်၊ ပျော်ပါးနေတဲ့လူတွေကို မြင်နေရသေးတယ်၊ အကျဉ်းကျနေတဲ့ သူတို့တတွေဖြင့် နေ့စဉ်နဲ့အမျှ မျက်နှာပုပ်ကြီးတွေနဲ့ ဆဲရေး ငေါက်ငမ်းသံတွေကိုပဲ မြင်နေ၊ ကြားနေကြရမှာ။ သူတို့အတွက် နှစ်သစ် မကူးသေးတာကတော့ အမှန်ပဲဗျာ။
ပြန်ချုပ်ပြောရရင် အထက်မှာရေးခဲ့သလို လူမျိုးပေါင်းစုံ၊ ဘာသာဝင် ပေါင်းစုံတို့ မေတ္တာတွေ၊ မုဒိတာတွေ ပွားများကြတဲ့ မင်္ဂလာ အချိန်ကာလတွေမှာ နအဖကြောင့် ဗမာပြည်သားတွေဟာ အမျက်တွေပွားရ၊ အံကြိတ်ရ၊ လက်သီးဆုပ်ရတွေ ဖြစ်ကုန်ကြရတယ်။ ထမင်းစားရင် ထမင်းလုပ်မျိုမကျ၊ မျက်ရည်ကျရတာတွေ ဖြစ်ကြ ရတယ်။ ဒီလို အိမ်ထောင်တွေကိုတောင် ခွဲပစ်နေတဲ့အစိုးရတရပ်ဟာ အမျိုးသား စည်းလုံးရေး၊ လူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်ရေး စတာတွေကို ဘယ်လိုလုပ်ဆောင် နိုင်ပါ့မလဲ။
ကျနော်တို့ ပြည်သူလူထုတွေကတော့ ဒီလိုနေ့တွေရက်တွေ၊ အခါတော် မင်္ဂလာတွေ ရောက်တိုင်း ထောင်ထဲရောက်နေတဲ့ ဒီပုဂ္ဂိုလ်တွေကို ကိုယ့်အရင်းအချာတွေသဖွယ် သတိရလွမ်းဆွတ်ပြီး သူတို့အတွက် တိုက်ပွဲဝင်ဖို့ သန္နိဋ္ဌာန်တွေချနေမိကြမှာပဲ။ ခရစ္စမတ်တေးတွေ ဆိုရမယ့်အစား "ကမ္ဘာမကြေဘူး" သီချင်းဆိုနေရတာ ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ဘာတတ်နိုင်မလဲ။

ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော

Sunday, December 7, 2008

ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးလို
ရေးသူ- သခင်ဘမောင်

၁၉၄၅ ခုနှစ်တွင် မြန်မာပြည်သူတို့သည် ဂျပန်ဖက်ဆစ် စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့ပြီး နောက် ၁၉၄၂ ခုနှစ်က မိမိတို့ တိုက်ထုတ်ခဲ့သော အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ပြန်လည်ရင်ဆိုင် ကြရပြန်သည်။
အင်္ဂလိပ်နယ်ချဲ့အစိုးရတို့ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသောအခါ ယခင်က အင်္ဂလိပ်အစိုးရအပေါ် ဆန့်ကျင်ခဲ့ကြသော တို့ဗမာအစည်းအရုံးမှ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်များ သဘောထားကြီးကြောင်း၊ သစ္စာရှိကြောင်း၊ ပုဂ္ဂိုလ်အနေအားဖြင့် အင်္ဂလိပ် နန်းရင်းဝန်ကြီး မစ္စတာအက်တလီသည် မြန်မာပြည်သူတို့အပေါ် စေတနာကောင်းထားသူ ဖြစ်ကြောင်း၊ ဆာစတက်ဖို့ကရစ် ဆိုသူက မြန်မာပြည်သူတို့ကို ခင်မင်မြတ်နိုးသူ ဖြစ်ကြောင်း၊ မစ္စတာဖာနီဗယ်ကြီးက မြန်မာတို့အတွက် ဘောဂဗေဒပညာ ပေးခဲ့ကြောင်း စသဖြင့် အင်္ဂလိပ်ချီးကျူးခန်း ဖွင့်ကြသည်။

ယင်းကဲ့သို့ သခင်ခေါင်းဆောင်အချို့က အင်္ဂလိပ်ချီးကျူးခန်းဖွင့်နေကြသည်ကို ကြားသိရသော ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အောက်ပါအတိုင်း မိန့်ကြားခဲ့ဘူးပါသည်။
ဘဲနဲ့လဲကွဲ့ မင်းသခင်ခေါင်းဆောင်အချို့က အင်္ဂလိပ် နယ်ချဲ့ကောင်တွေကို သိပ်ချီးကျူး နေပါကလား။ ဒီကောင် ခွေးမသားတွေက ဟိုတုန်းက အင်္ဂလိပ်နယ်ချဲ့ကောင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး အခုတော့ သိပ်သဘောကျနေကြပြီထင်တယ်။ ဒီကောင် တွေက ဆရာတို့ ငယ်ငယ်တုန်းက ကြားဘူးတဲ့ ကြွယ်ကြီးကြိုက်တဲ့ ပေါက်ဖော်ကြီးနဲ့ တူနေတယ်ဟု မိန့်ကြားပါသည်။
ထိုအခါ ကျွန်တော်တို့က ဘယ်လိုလဲဆရာ အမိန့်ရှိပါအုံးဟု မေးကြသဖြင့် ဆရာကြီးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါသည်။
ဆရာတို့ ငယ်ငယ်တုန်းက မန္တလေးမြို့မှာ ကြွယ်ကြီးရုပ်သေးဆိုတာ ရှိတယ်။ ကြွယ်ကြီး ဆိုတာက ရုပ်သေးမင်းသားရဲ့ အမည်။ သူ့အမည်ကို အစွဲပြုပြီး သူပါဝင်တဲ့ ရုပ်သေးအဖွဲ့ကို ကြွယ်ကြီးရုပ်သေးလို့ ခေါ်ကြတယ်။
ကြွယ်ကြီးရုပ်သေးဟာ မန္တလေးမြို့ပေါ်နှင့်တကွ အညာအကြေတခွင်မှာတော့ အဲဒီ အချိန်က အကျော်ကြားဆုံး လူကြိုက်အများဆုံးပေါ့။ ကြွယ်ကြီးရုပ်သေး လူကြိုက်များတာ ကျော်ကြားတာကတော့ မင်းသား ကြွယ်ကြီး အသံကောင်း အဆိုကောင်းတဲ့ အတွက်ပါဘဲ။
ကြွယ်ကြီးရုပ်သေးကို ကြည့်ကြရာမှာလဲ အများစုက အမျိုးသမီးတွေ ဖြစ်ကြတယ်။ မောင်တို့ အခုခေတ် ဖိုးစိန်ကြီးကို အမျိုးသမီးတွေက အကြည့်များသလိုပေါ့။ မင်းသား ဦးဖိုးစိန် အရွယ်ကောင်းတုန်းအချိန်က ရန်ကုန်မှာ ကွမ်းသီးဖက်ဆေးပေါ့လိပ်ကလဲ တော်တော်ခေတ် စားတာကိုး။ အဲဒီတုန်းက ဦးဖိုးစိန်တို့ ဘယ်လောက်များ စန်းပွင့်သလဲဆိုရင် အချို့ အမျိုးသမီးတွေက ကွမ်းသီးဖက်ဆေးလိပ်ထဲ ရွှေင်္ဒဂါးထည့်ပေးကြဆို မဟုတ်လား၊ အဲဒီအထိ ဦးဖိုးစိန်တို့ ခေတ်စားခဲ့တာကလား။
ရုပ်သေးမင်းသား ကြွယ်ကြီးကိုလဲ ဇာတ်မင်းသား ဦးဖိုးစိန်လိုပဲ မိန်းမပိုင်းက အလွန်သဘောကျကြတယ်။ အဲဒီအထဲ မန္တလေးတရုပ်တန်းက တရုပ်သူဌေးမယား တရုပ်မကြီး တယောက်လဲ ပါတယ်။ မန္တလေးမြို့ပေါ်မှာ ကြွယ်ကြီးရုပ်သေး ဘယ်နေရာကက ကတဲ့နေရာ လိုက်ကြည့်တာဘဲတဲ့။ နောက်တော့ တရုပ်မကြီးဟာ ဘယ်လောက်များ စွဲလန်းသွားသလဲ ဆိုရင် မန္တလေးမြို့ပေါ်သာမဟုတ် ကြွယ်ကြီးရုပ်သေး ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုမြို့များမှာ ကတယ်ဆိုရင်လဲ ကားတစီးနဲ့ သတင်းမေးပြီး လိုက်ကြည့်သည်အထိ ဖြစ်ရသတဲ့။
အဲဒီလို မန္တလေးမြို့ပေါ်သာမက နယ်မြို့များအထိ လိုက်ပီး ကြည့်ပါများတော့ လင်ယောက်ျား တရုပ်သူဌေးကြီးက အစတော့ အေးအေးဆေးဆေး ပြောတယ်။ နောက် အေးအေးဆေးဆေး ပြောမရတော့ ဆူပူကြိမ်းမောင်းသည်အထိ ဖြစ်လာသတဲ့။ တရုပ် သူဌေးကြီးက ဆူပူကြိမ်းမောင်းခြင်း ပြုလာတဲ့အခါ တရုပ်မကြီးက ရှင်မကြည့်ဘူးသေးလို့ အခုလို ကျမကို ကြိမ်းမောင်း တားမြစ်နေတာ၊ ရှင်တခါကြည့်ဘူးရင် ကျမလို ခဏခဏ ကြည့်ချင်မှာဘဲလို့ ပြန်ပြောသတဲ့။
တရုပ်မကြီးက မကြခဏ ကြိမ်းမောင်းတိုင်း အခုလို ရှင်မကြည့်ဘူးသေးလို့ပါ ရှင်တခါကြည့်ဘူးရင် ကြွယ်ကြီးရုပ်သေးကို ခဏခဏကြည့်ချင်မှာ ကျမလိုဘဲ စွဲသွားမှာပေါ့လို့ ပြောပါများတော့ တရုပ်ကြီးက အေးနောက်တခါလိုက်ကြည့်မယ်လို့ သူ့မယားကို ပြောသတဲ့။
ရက်များမကြာခင် မန္တလေးမြို့တနေရာမှာ ကြွယ်ကြီးရုပ်သေးကတော့ တရုပ်မကြီးက ခပ်စောစောထဲက နေရာကောင်းကောင်း အယူခိုင်းလိုက်ပြီး ညကျတော့ သူ့ယောက်ျား တရုပ်သူဌေးကြီးကိုပါ ခေါ်သွားတယ်။ တရုပ်ကြီးကလဲ အေး ငါအခုလိုက်ကြည့်မယ် နင်ပြောသလို ဟုတ်ရင်ဟုတ် မဟုတ်ရင် နင်ဘယ်တော့မှ မကြည့်ရဘူးလို့ ပြောရင်း လိုက်သွား သတဲ့။
ရုပ်သေးပွဲရောက်ကြတော့ ထုံးစံအတိုင်း မျောက်၊ မြင်း၊ ဇော်ဂျီ၊ အပျိုတော်၊ ၀န်၊ ရှင်ဘုရင် စသည်တို့ အစီအစဉ်အတိုင်း ထွက်တာ ကြည့်ကြရတယ်။ အဲဒီနောက်တော့ မင်းသား မင်းသမီး ထွက်လာပြီး ကြွယ်ကြီးက နှစ်ပါးသွားသီချင်းတပုဒ် ကောက်ဆိုလိုက်ရင်ဘဲ ပရိသတ်ဟာ ချောင်းဟန့်သံတောင် မကြားရအောင် ငြိမ်သွားတယ်။ တရုပ်ကြီးလဲ စောစောကလို လှုပ်လှုပ်ရှားရှား မနေတော့ဘဲ ကြွယ်ကြီးသီချင်းသံကို စိုက်နားထောင်သတဲ့။ တရုပ်ကြီးဟာလဲ ဘာစကားမှ မပြောတော့ဘဲ သီချင်းသံကို နားထောင်ရင်း ထောင်ရင်းနဲ့ တဖြည်းဖြည်း ရှေ့တိုးသွားလိုက်တာ ကိုယ့်ဖျားပေါ်ကနေ အခြားသူရဲ့ ဖျာပေါ်တောင် ရောက်သွားသတဲ့။
အဲဒီတော့မှ သူ့ယောက်ျားအကဲကို ကြည့်နေတဲ့ တရုပ်မကြီးက အသာလက်တို့တဲ့ပြီး "ဘဲ့နဲ့လဲမောင်ရဲ့ သဘောမကျဘူးလား" လို့ မေးလိုက်တဲ့အခါ တရုပ်ကြီးက တရုပ်မကြီးဘက် ကို လှည့်တဲ့ပြီး "အေး ကြွယ်ကြီး ကို နင်တို့မိန်းမတွေ မပြောနဲ့ ငါတောင် သူ့မယားဖြစ်ချင်စိတ် ပေါက်လာပြီဟ" လို့ ပြောလိုက်သတဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် သူ၏ပါးစပ်ကို လက်ဝါးဖြင့် ခပ်ကွယ်ကွယ်ပြုကာ ရယ်မောရင်း "အေး- တို့သခင်တွေဟာ အစကတော့ အင်္ဂလိပ်နယ်ချဲ့သမားကို မကြိုက်ခဲ့ကြဘူး၊ ဆရာနဲ့အတူ ရွာရိုးလျှောက်ပြီး အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေးတရားတွေ လက်သီးလက်မောင်းတန်း ပြောခဲ့ ဟောခဲ့ ဆဲခဲ့ကြတာကလား။ ဒါပေမဲ့ အခု အင်္ဂလိပ်က ဖိတ်ပြီး ထမင်းကျွေးလိုက်၊ အရက်ကလေးတိုက်။ အာဏာပါဝါနံ့ကလေးပေးလိုက်ဆိုတော့ အချို့သခင်တွေဟာ ကြွယ်ကြီးကို ပေါက်ဖော်ကြီး ကြိုက်သလို ဖြစ်ကုန်ကြပထင်ပါရဲ့ ကွာ" ဟု ပြောကြားပါတော့သည်။

{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

Thursday, December 4, 2008

ချက်ကြီးနှင့်ရွှေပန်း
ရေးသူ- သခင်ဘမောင်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ပြည်သူကို အုပ်ချုပ်ရေးအာဏာအချို့ ခွဲဝေပေး သည်ဆိုသော ဒိုင်အာခီခေတ်တွင်၎င်း၊ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ၁၈၈၅ (၁၂၄၇) ခုနှစ် သီပေါမင်းလက်ထက်က တနိုင်ငံလုံး သိမ်းယူပြီး အိန္ဒိယဘုရင်ခံချုပ် လက်အောက်ခံ အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခု အဖြစ်ထားရာမှ ခွဲထုတ်ရန်စီစဉ်သည့် ခွဲရေးတွဲရေး ခေတ်တွင်၎င်း၊ အုပ်ချုပ်ရေးဌာနပေါင်း ၉၇ ဌာနအနက် အရေးအကြီးဆုံးဖြစ်သည့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ တောင်တန်းဒေသများအရေးအစရှိသည့် ခြောက်ဌာနကို ဘုရင်ခံက ကိုင်ပြီး၊ ကျန် ၉၁ ဌာနကို တိုင်းပြည်က ရွေးကောက်တင်မြောက်သည့် အမတ်များအား အပ်နှင်းအုပ်ချုပ်စေသည်ဆိုသော ၉၁-ဌာန ခေတ်တွင်၎င်း၊ ဂျပန်ခေတ်နှင့် လွတ်လပ်ရေး ကြေငြာပြီးသော ခေတ်များတွင်၎င်း၊ တင်စားပြောဟောလေ့ရှိသော ဥပမာ ပုံပြင်များအနက် "အယောင်ဆောင်တောခွေး" နှင့် ယခုဖော်ပြမည့် "ချက်ကြီးနှင့်ရွှေပန်း" အကြောင်းကို အများဆုံးပြောခဲ့ပါသည်။ ကြားနာသူတို့အဖို့လည်း စိတ်အ၀င်စားဆုံး ပွဲအကျဆုံး ဖြစ်ပါသည်။


ထိုခေတ် ထိုကာလများအတွင်း သူရိယဦးဘဘေ (ဘကြီးဘဘေ)၊ ၀တ်လုံဦးပု၊ ရွှေတိဂုံဘုရား ဘုရားလူကြီး ဦးသိမ်းမောင်၊ ရဲတပ်ဦးမောင်ကြီး အစရှိသော ၂၁ ဦးတို့၊ ဂျီစီဘီအေ (မြန်မာအသင်းချုပ်ကြီး) မှ ခွဲထွက်ပြီး ဒိုင်အာခီအုပ်ချုပ်ရေး လက်ခံကာ "သမတကြီး" ဟု ရဟန်ရှင်လူ ပြည်သူတို့ ကိုယ်တိုင်က အသိအမှတ်ပြုခြင်း၊ လေးစားခေါ်ဝေါ်ခြင်း ခံရသော ဦးချစ်လှိုင်၊ သာယာဝတီဦးပု၊ ဦးထွန်းအောင်ကျော် စသည့် ဂျီစီဘီအေခေါင်းဆောင်များ၊ အသင်းဝင်များအား အနှောက်အယှက် အမျိုးမျိုး ပေးသည်တို့ကို အကြောင်းပြု၍ ဤပုံပြင်များကို ပြောကြားခဲ့ပါသည်။
ခွဲရေးတွဲရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထွက်ရေး အတွက် ခေါင်းဆောင်ကြသည့် ဦးဘဘေ၊ ဦးပု၊ ဦးသိမ်းမောင် စသော ခွဲရေး ဂိုဏ်းသားများ၊ ယခုမခွဲသင့်သေး၊ နောက်မှ ခွဲမည်ဟု တွဲရေးအတွက် ခေါင်းဆောင်ကြသည့် ဦးချစ်လှိုင်၊ ဦးထွန်းအောင်ကျော် စသော တွဲရေးဂိုဏ်းသားများ။ မူလက တွဲရေးဘက်မှ ပါဝင်ဆောင်ရွက် ရန် မဲဆန္ဒအရွေးခံခဲ့ကြပြီး အမတ်ဖြစ်ခါမှ ခွဲရေးဘက်သို့ ပြောင်းသွားကြသည့် ဒေါက်တာဘမော်၊ ယမ်းဗြဲဦးမောင်မောင် စသူများ တဖက်နှင့်တဖက်၊ တဦးနှင့်တဦး အပြန်အလှန် စွပ်စွဲပြောဆိုကြသည်ကို၎င်း၊ အင်္ဂလိပ်တို့ထံမှ ၉၁ ဌာန အုပ်ချုပ်ရေး လက်ခံသင့် မခံသင့် ဆွေးနွေးပြောဆိုကြရာတွင် ပုဂ္ဂိုလ် အဖွဲ့ချင်း စွပ်စွဲ ပုပ်ခတ် ပြောဆိုကြသည်ကို၎င်း၊ ၉၁-ဌာနအုပ်ချုပ်ရေး လက်ခံပြီးနောက် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ၊ ဦးပုအစိုးရ၊ ဦးစောအစိုးရတို့ တဖွဲ့ပြီးတဖွဲ့ ပြောင်းလဲကြပြီး၊ အာဏာလက်ရှိအဖွဲ့နှင့် အာဏာလက်မဲ့အဖွဲ့တို့ အပြန်ပြန် အလှန်လှန် ပြောဆို ဖိနှိပ်ကြသည်ကို၎င်း၊ အကြောင်းပြု၍လည်း ဤပုံများကို ပြောကြားခဲ့ပါသည်။
တဖန် အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကစ၍ လွတ်လပ်ရေးကြေညာပေးပြီးသည့် နောက်ပိုင်းခေတ်များတွင် အများအားဖြင့် တို့ဗမာအစည်း အရုံးဝင်ဟောင်း သခင်အချင်းချင်း အပြန်အလှန် စွပ်စွဲပြောဆိုကြသည်ကို၎င်း၊ အာဏာရသူ တို့က အာဏာမဲ့အဖွဲ့၊ အာဏာမဲ့အင်အားစုများအပေါ် ဖိနှိပ်ညှင်းပမ်းခြင်း စသည်တို့ကို၎င်း၊ အကြောင်းပြု၍ ဤပုံများကို ပြောကြားခဲ့ပါသည်။
အခုလို ဆရာတို့နိုင်ငံမှာ နိုင်ငံရေးသမားကြီးငယ်တို့ဟာ တဦးအပေါ်တဦး အမျိုးမျိုး စွပ်စွဲပုတ်ခတ်ပြောဆိုနေကြတာ ကိုယ်အာဏာကလေး ရတဲ့အခါ ကိုယ်နှင့် ဂိုဏ်းဂဏကွဲပြား သူ၊ အယူဝါဒ မတူညီသူကို ဖိနှိပ်ညှင်းပမ်းတာ၊ ညစ်ပတ်သေးသိမ်တာတွေ အပြန်ပြန် အလှန်လှန် လုပ်နေကြတာ ကြားရတွေ့ရတော့ ဆရာငယ်ငယ်က ကြားဘူးတဲ့ ချက်ကြီးနဲ့ရွှေပန်း တို့လို ဖြစ်နေကြပြီလို့ တွေးမိတယ်။
ဆရာတို့ မြန်မာနိုင်ငံကို မြန်မာဘုရင်များ အုပ်စိုးနေစဉ်က ရေနံချောင်းမြို့နယ်မှာ ကျေးရွာကြီးတရွာ ရှိတယ်။ အဲဒီရွာကြီးဟာ တောရွာဆိုသော်လဲ အိမ်ခြေလေးငါးရာရှိပြီး သူ့ခေတ်သူ့အခါအလျောက် တော်တော် စည်ကားသိုက်မြိုက်တယ် ဆိုဘဲ။ ရွာကြီးစည်ကား သလောက် ကျောင်းကန်ဘုရားပုထိုးများလည်း ပေါများတယ်။ ရွာကြီးမှာ တောင်ပိုင်း မြောက်ပိုင်းရယ်လို့ အပိုင်းကြီး နှစ်ပိုင်းရှိပြီး နှစ်စဉ်နှစ်တိုင်း ဘုရားပွဲ ကျောင်းပွဲ လုပ်ကြရာမှအစ ရှင်ပြုမင်္ဂလာ ပွဲနေပွဲထိုင်မကျန် ပွဲလမ်းများကျင်းပကြတိုင်း၊ အပြိုင်အဆိုင် သူ့ထက်ငါ သာအောင် လုပ်ကြတယ်။
အဲဒီလို အပြိုင်အဆိုင်လုပ်ကြတဲ့အခါ တောင်ပိုင်းမှာ ဦးချက်ကြီးဆိုသူက ဦးစီးခေါင်း ဆောင်လုပ်ပြီး၊ မြောက်ပိုင်းမှာတော့ ဦးရွှေပန်း ဆိုသူက ဦးစီးခေါင်းဆောင်ပြုလုပ်တယ်။ သူတို့ နှစ်ဦးစလုံးဟာ ကြေးရည်တတ် မြေရှင်ကြီးများ ဖြစ်ကြလို့ ရပ်သူရွာသားများဟာ သူတို့ ကြေးငွေများကို ချေးငှားသုံးစွဲရသူ၊ သူတို့လယ်ယာများကို သီးစားလူငှား လုပ်ကိုင်ကြရသူတို့က များတော့ သူတို့ အစေအပါး အချွေအရံတွေ ချည်းလို ဖြစ်နေကြတာပေါ့။
သူတို့နှစ်ဦးဟာ ဘုရားပွဲ ကျောင်းပွဲ၊ အလှူမင်္ဂလာပွဲများကို အကြောင်းပြုပြီး ပြိုင်ဆိုင် ကြရုံမကဘူး၊ လူချင်းလဲ ပြိုင်ကြသေးတယ်။ တဦးထက်တဦးက သာအောင် ကြံစည်ကြိုးစား ကြသေးတယ်။
တခါတော့ ရေနံချောင်မြို့မှာ ဦးချက်ကြီးနှင့် ခင်မင်ရင်းနှီးသူတဦး မြို့ဝန်အဖြစ်ပြောင်း လာတယ်။ အဲဒီတော့ ဦးချက်ကြီးက မြို့ဝန်ထံသွားပြီး သူတို့ရွာကြီးမှာ သူ့ကို သူကြီးဖြစ်အောင် ဆောင်ရွက်ပေးဘို့ ပြောတယ်။ မြို့ဝန်ကလဲ သူယုံကြည်အားထားရသူဖြစ်လို့ ဦးချက်ကြီးကို သူကြီးအဖြစ် ဆောင်ရွက်ခန့်ထားပေးလိုက်တယ်။
ဟိုခေတ်က သူကြီးဆိုတာ ရုံးပိုင် ဓားပိုင်ကလား၊ သူ့ရွာမှ သူဟာ ဘုရင်ငယ်တဦးပေါ့။ ရပ်သူ ရွာသားထဲက မလိုသူကို သတ်တောင်ပစ်နိုင်တာကဘဲ။ ဒါကြောင့်မို့ ဦးချက်ကြီးကို ရွာသူကြီးဖြစ်လာပြီဆိုတော့ ပြိုင်ဖက်ဦးရွှေပန်းဟာ ဒူးတုန်အောင် ကြောက်နေတာပေါ့။
ဦးချက်ကြီးဟာ သူကြီးဖြစ်လာတဲ့အခါ သူ့အိမ်ကို တရွာလုံးတအိမ်တယောက် မောင်းတီးခေါ်ပြီး ဦးရွှေပန်းကို လူပုံအလယ် မတ်တပ်ရပ်ခိုင်းတယ်။ ဦးရွှေပန်းဟာ ခါတိုင်းလိုဆိုရင် သူ့အိမ်တောင် လာမှာ မဟုတ်ပါဘူး။ အခုတော့ ဦးချက်ကြီးက သူကြီးဖြစ် နေတဲ့အတွက် အထက်အရှိန်အ၀ါ ကြောက်လန့်ပြီး အများနည်းတူ လာရတယ်။ တခါ ဦးချက်ကြီးက သူကြီးအာဏာနှင့် မတ်တပ်အရပ်ခိုင်းပြန်တော့ မငြင်းသာဘဲ လူပုံအလယ် မှာ ထ မတ်တပ်ရပ်လိုက်ရတယ်။
ဦးရွှေပန်း မတ်တပ်ရပ်နေတဲ့အခါ ဦးချက်ကြီးက "ဟေ့ ရွှေပန်း၊ အခု ချက်နဲ့ ရွှေပန်း ဘယ်ဒင်းက အပေါ်ကလဲ" လို့ မေးသတဲ့။ အဲဒီအခါမှာ ဦးရွှေပန်းက ခတ်ရှက်ရှက်နှင့် "ချက်အပေါ်ကပါ" လို့ ဖြေလိုက်ရသတဲ့။
ဦးချက်ကြီးက လူပုံအလယ်မှာ အခုလို လုပ်လိုက်ထာကို ဦးရွှေပန်းအနေနဲ့ အခဲမကျေ နိုင်ဘူးတဲ့။ ဘယ် ကျေနိုင်ပါ့မလဲ။ သူ့ခမျာ လူပုံအလယ် အကြောင်းမဲ့ အရှက်ခွဲခံရတာကိုး။ နောက်တချိန်ရောက်တော့ ရေနံချောင်းမြို့က ဦးချက်ကြီးနဲ့ ခင်မင်တဲ့ မြို့ဝန်တနေရာ ပြောင်းသွားရပြီး ဦးရွှေပန်းနဲ့ ခင်မင်တဲ့ ပုဂ္ဂိုလ်တဦးက ရေနံချောင်းမြို့မှာ မြို့ဝန် ဖြစ်လာပြန်တယ်။ အတုန့်အလှဲ့ ကြုံချင်တော့ ကြံကြံဖန်ဖန် ဖြစ်လာရတာပေါ့။
အဲဒီတော့ ဦးရွှေပန်းကလဲ သူ့လူ မြို့ဝန်ထံသွားပြီး သူတို့ရွာမှာ သူ့ကို သူကြီးဖြစ်အောင် လုပ်ပေးဖို့ ပြောတယ်။ သူ့လူ မြို့ဝန်ကလဲ သူယုံကြည်အားထားရသူမို့ ဦးရွှေပန်းကို သူကြီးဖြစ်အောင် ဆောင်ရွက်ပေးလိုက်တယ်။
ဦးရွှေပန်း သူကြီးဖြစ်လာတဲ့အခါ ဟိုတုန်းကလိုဘဲ သူ့အိမ်ကို တရွာလုံး တအိမ် တယောက် မောင်းတီးခေါ်ပြီး ဦးချက်ကြီးကို လူပုံအလယ် မတ်တပ်ရပ်ခိုင်းပြန်တာဘဲ။ သူကြီးဟောင်းဦးချက်ကြီးဟာလဲ သူကြီးသစ် ဦးရွှေပန်းရဲ့အာဏာကို မဖီဆန်သာတော့ မတ်တပ်ရပ်လိုက်ရတယ်။
ဦးချက်ကြီး မတ်တပ်ရပ်လိုက်တဲ့အခါ ဦးရွှေပန်းက "ခါးတောင်းကျိုက်ပြီး အုံးပင်စိုက်လိုက်ကွာ" လို့ ထပ်ခိုင်းပြန်တယ်။ ဒီတခါမှာလဲ ဦးရွှေပန်းရဲ့ သူကြီးအာဏာကို မလွန်ဆန်ဝံ့တော့ ဦးချက်ကြီးဟာ ခါးတောင်းမြောင်အောင်ကြိုက်ပြီး အုန်းပင်စိုက်ရပြန်တယ်။ ဦးချက်ကြီး အုံးပင်စိုက်နေတဲ့အခါ ဦးရွှေပန်းက "ဟေ့ချက်ကြီးရ၊ အခု ချက်နဲ့ရွှေပန်း ဘယ်ဒင်းက အပေါ်ကလဲကွ" လို့ မေးလိုက်တော့ "ရွှေပန်း အပေါ်ကပါ" လို့ ဦးချက်ကြီးက ဖြေရတော့သတဲ့။
ကျုပ်တို့ခေတ် နိုင်ငံရေးသမားတွေလဲ တယောက်တပြန် ညစ်ပတ်ကြ၊ ဖိနှိပ်ညှင်းပမ်း ကြတာကတော့ ချက်ကြီးနဲ့ ရွှေပန်းလိုပါဘဲဟု မိန့်ကြားပြီး၊ ဆရာကြီးမှာ ခါတိုင်းလိုပင် ပါးစပ်ကို လက်ဝါးနဲ့ကာလျက် ပြုံးရယ်နေပါတော့သည်။ ။

{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

ကုက္ကုရဇာတ်လာဘုရားအလောင်းခွေးပမာ
ရေးသူ- သခင်ဘမောင်

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၉၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်အစိုးရက ဗမာနိုင်ငံအား ဒိုင်အာခီအုပ်ချုပ်ရေး ပေးသည်ကို အကြောင်းပြုပြီး၊ ဂျီစီဘီအေမြန်မာ အသင်းချုပ်ကြီး ၂ ဂိုဏ်း၊ ၂ သင်း ပြိုကွဲခဲ့ရသည်ကို အထူးစိတ်မကောင်း ဖြစ်ခဲ့သည်။ တဖန် ၂၁ ဦး ဂျီစီဘီအေက ဒိုင်အာခီ ဥပဒေပြုအမတ်ရွေးပွဲဝင်ကာ ငါးထောင်စားအမတ်ကြီး ရာထူးယူသည်ကို များစွာသဘောမကျ ဖြစ်ခဲ့သည်။ ခွေးဋီကာ၊ မျောက်ဋီကာ၊ ခွေးဂဏ္ဍိ၊ မျောက်ဂဏ္ဍိ စသည်တို့ကို ရေးသား၍ ဒိုင်အာခီ ဥပဒေပြုအမတ်များနှင့် ဒိုင်အာခီငါးထောင်စား ၀န်ကြီးများကို ရာဇ၀င်၊ မဟာဝင် နိပါတ်တော်လာ ခွေး မျောက် တို့နှင့် ဥပမာပုံအမျိုးမျိုး တင်စားကာ အများပြည်သူတို့အကျိုး မြှော်ကိုးဆောင်ရွက်ရန် ညွှန်ပြခဲ့သည်။

ထိုအချိန်က ဆရာကြီးသည် "မစ္စတာမောင်မှိုင်း" ဟူသော အမည်ဖြင့် ၅၅၀ ကုက္ကုရဇာတ်တွင် ဘုရားအလောင်းခွေးသည် ခွေးပင်ဖြစ်လင့်ကစား မိမိ၏ မျိုးတူခွေးများ အတွက် မည်ကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံကို ဂျီစီဘီအေခေါင်းဆောင်ကြီးတို့အား စံယူရန် လေးချိုးကြီး ရေးသားခဲ့ပေသည်။
ကုက္ကုရဇာတ်တွင် တနေ့သော ညအခါ ဗာရာဏသီပြည်၌ မိုးသည်းထန်စွာ ရွာသဖြင့် နန်းတော်တွင်းရှိ ဗြဟ္မဒတ်မင်း၏ ရထားက သားရေကြိုး မိုးရေစိုသောကြောင့် ပျော့ပျောင်း၍ နေသည်။ ယင်းသို့ ပျော့ပျောင်းနေသော သားရေကြိုးမှ သားရေနံ့ ရသောအခါ နန်းတော်ထဲ၌ မွေးထားသော မင်းခွေးတို့က စားပစ်ကြသည်။
နံနက်လင်း၍ ရထားက သားရေကြိုး မရှိကြောင်း ရှင်ဘုရင် သိရသဖြင့် မေးသည့်အခါ နန်းတော်ထဲရှိ မင်းခွေးတို့အပေါ် မစွပ်စွဲရဲဘဲ၊ နန်းတော်ကြီး အပြင်တွင် လေလွင့်နေကြသော ခွေးများစားသွားပါသည်ဟု ဖြေကြသည်။
ရှင်ဘုရင်က အလွန်လုံခြုံပြီး အစောင့်အကြပ်များ ရှိနေသော နန်းတွင်းရှိ သားရေကြိုး ကို အပြင်အပမှ ခွေးတို့ မည်သို့စားနိုင်အံ့နည်းဟု မေးသည်။
အမှန်ကို မပြောရဲသော မှူးမတ်တို့က ပြင်ပမှ ခွေးတို့သည် ရေပြွန်ပေါက်က ၀င်ရောက် ပြီး စားကြသည်ဟု ထပ်မံတင်ပြသည်။
ထိုအခါ ဗာရာဏသီဘုရင်က ဤအတိုင်းမှန်လျှင် မြို့ပြင်ရှိ ခွေးမှန်သမျှ "တကောင် မကျန်" သတ်စေဟု အမိန့်ပေးလေသည်။ ရှင်ဘုရင်က အမိန့်ပေးသည်နှင့် တပြိုင်နက် လက်မရွံ့ အာဏာသား ခွေးသတ်သမား သကောင့်သားများက မြို့ပြင်ရှိ ခွေးများကို လိုက်လံ သတ်ဖြတ်ကြသည်။
နန်းတော်တွင်းထားသည့် ဘုရင့်ရထားသားရေကြိုး မြို့ပြင်က ခွေးဝင်စားသည် ဆိုကာ မြို့ပြင်ရှိ ခွေးများကို လိုက်လံသတ်ဖြတ်နေသည့် သတင်းချက်ခြင်းပင် မြို့ပြင်ရှိ ကျောင်းဇရပ်နှင့် သုသန်အနီးတ၀ိုက် နေကြသည့် ခွေးထုအတွင်း ရောက်ရှိသွားရာ ခွေးအပေါင်းတို့ အမြီးကို ကုတ်၍ သုတ်သုတ် သုတ်သုတ်ဖြင့် ပြေးစရာ နေရာမရှိ "ခွေးနေရာမရ" ဆိုသကဲ့သို့ အသက်ဘေးမှ ချမ်းသာရန်အတွက် ဟိုပြေးဒီလွှား အိနြေ္ဒမရ ဖြစ်ကြရသည်။
ဤသတင်းကို သုသန်အနီးနေသည့် ဘုရားလောင်းခွေးသည်လည်း ကြားသိလေရာ ခွေးအပေါင်း သေကြေဒုက္ခရောက်ရမည့်အရေးနှင့် စပ်လျဉ်းပြီး မည်သို့မည်ပုံ ဖြစ်ပေါ်၍ မည်သို့မည်ပုံ ကာကွယ်ကယ်တင်ရမည်ကို တွေးကြံမိသည်။
နန်းတော်တွင်းရှိ ဘုရင့်လှည်းက သားရေကြိုးကို "ခွေးစားသည်" ဆိုရာ၌ ငါတို့ မြို့ပြင်က ခွေးမဖြစ်နိုင်။ နန်းတော်တွင်းက မင်းမွေးထားသော မင်းခွေးများပင် စားရမည်။ ထိုကြောင့် မှူးမတ်မိုက်တို့ လျှောက်တိုင်း မဆင်မခြင်ပြုမူသည့် ဗာရာဏသီဘုရင်ကို အမှန်ပြပြီး မြို့ပြင်ရှိ ခွေးအပေါင်း၏ အသက်ကို ငါကယ်မည်။ အကယ်၍ ဘုရင်သည်၎င်း၊ မင်းခစားလက်မရွံ့အာဏာသားတို့သည်၎င်း၊ ငါ့အား သတ်လိုက သတ်စေဟု နန်းတော်တွင်းသို့ ချက်ခြင်းဝင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနောက် အိနြေ္ဒမရ ဟိုပြေးဒီလွှား ဖြစ်နေကြသော ခွေးများအား စုရုံးစေပြီး "အချင်းတို့ မစိုးရိမ်ကြကုန်လင့်။ သင်တို့အားလုံး အသက်ဘေးမှ လွတ်စေရန် ယခုပင် ကျွန်ပ် နန်းတော်ကြီးအတွင်း ၀င်၍ ဆောင်ရွက်မည်။ ကျွန်ပ်ပြန်မရောက်မချင်း ဤသုသန်တ၀ိုက် မှာပင် နေကြ။ ဘယ်မှ မသွားကြနှင့်" ဟု မှာကြားပြီး နန်းတော်တွင်းသို့ ၀င်သွားသည်။
ဘုရားအလောင်းခွေးကြီး နန်းတော်တွင်းသို့ ၀င်လာသည်ကို မည်သူမျှ သတိမပြုမိကြ။ နန်းတွင်းက ခွေးအမှတ်ဖြင့် တနေရာမှ တနေရာသို့ သွားနေသည်ကို ကြည့်နေမိသည်။ နောက်ဆုံး ရှင်ဘုရင် ထိုင်နေသည့် ပလ္လင်အောက် ၀င်သွားသည့်အခါမှ နန်းတွင်းမဟုတ် ကြောင်း သိကြသဖြင့် အစောင့်အရှောက်တို့က ရိုက်နှက်နှင်ထုတ်ရန် ပြင်ဆင်ကြသည်။
ခွေးကြီးတကောင် နန်းရင်ပြင် ညီလာခံခန်းမအတွင်းထိ မကြောက်မရွံ့ ၀င်လာသည်ကို အံ့အားသင့်စွာ ကြည့်ရှုနေမိသော ရှင်ဘုရင်သည် အစောင့်အရှောက်တို့က ရိုက်နှက်ကြ၊ ရန်ပြုမူကြသည်ကို "သင်တို့ ရန်မပြုကြနှင့်" ဟု ပြောဆို ဟန့်တားလိုက်သဖြင့် လက်မရွံ့ အာဏာသား အစောင့်အရှောက်များသည်လည်း မိမိတို့ နေရာသို့ ပြန်နေကြရသည်။
ထိုအခါ ဘုရားအလောင်းခွေးသည် ဘုရင့်အပါး ကပ်လာကာ ဂါရ၀ပြုသည့်အနေဖြင့် အမြီးနှံ့ခြင်း၊ လက်မြှောက်ခြင်းတို့ ပြုလုပ်ပြီး "အို အရှင်မင်းကြီး အသင်မင်းကြီးသည် မြို့ပြင်ရှိ ခွေးအပေါင်းတို့ကို သတ်စေဟု အမိန့်ပေးသည်မှာ မှန်ပါသလား"
"အေး မှန်တယ်"
"ဘာကြောင့် သတ်ရန် အမိန့်ပေးပါသလဲ"
"ငါဘုရင်ရဲ့ ရထားက သားရေကြိုးများကို ကိုက်စားဖျက်စီးတဲ့အတွက်ကြောင့်ဘဲ"
"အပြင်က ခွေးများစားကြောင်း ဧကန်မုချ သိရပါသလား"
"ဧကန်မုချတော့ ငါမသိဘူး"
"အရှင်မင်းကြီးသည် ဤကဲ့သို့ ဧကန်မုချ မသိရဘဲလျက် နန်းတော်တွင်း၌ မွေးထားသည့် မင်းခွေးများကို အပြစ်တစုံတရာ မပြုဘဲ အရှင်မရှိ၊ သခင်မရှိ ကျွေးမွေးသူမရှိ၊ နန်းတော်မြို့ရိုးအပြင် ကိုယ့်ဘာသာဘာဝ ရှာဖွေစားသောက်နေကြသော ကျွန်ပ်တို့ကိုသာ အပြစ်ပြု သတ်စေခြင်းသည် မတရားပါ။ မည်သည့်ခွေးစားသည်ဟု တပ်အပ်သေချာ မသိပါဘဲလျက် သူတပါးတို့ ပြောစကားအရ ကျွန်ပ်တို့အား သတ်စေအမိန့်ချမှတ်ခြင်းသည် မျက်နှာကြီးငယ်ရွေးချယ်၍ အပြစ်စီရင်ခြင်းသာ ဖြစ်ပါသည်။"
ယင်းကဲသို့ ဘုရားလောင်းခွေးက ကျိုးကြောင်းပြ၍ ဆိုသည့်အခါ ဗာရာဏသီမင်းသည် ခွေးပင်ဖြစ်လင့်ကစား မှန်သည့်အချက်ကို ဆိုပေသည်ဟု သတိရလျက် ''သင်သည် တိရစ္ဆာန်ပင်ဖြစ်လင့်ကစား အသိရှိသော ခွေးဖြစ်သည်။ ယင်းသို့တပြီးကား ကျွန်ပ်ရထားက သားရေကြိုးကို စားသောခွေးသည် အဘယ်ခွေးဖြစ်လိမ့်မည်နည်း" ဟုမေးသည်။
အရှင်မင်းကြီးရထားက သားရေကြိုးကို အရှင်မင်းကြီး နန်းတော်တွင်း မွေးထားသော ခွေးများပင် စားပါလိမ့်မည်ဟု ဖြေကြားသည်။
အဘယ်အချင်းအရာဖြင့် သိနိုင်ပါမည်နည်းဟု ဘုရင်က မေးသည့်အခါ-
ဘုရားလောင်းခွေးက နန်းတော်တွင်းရှိ ခွေးများကို တကောင်မကျန် ယူစေပြီး နေဇာမြက်ကို ရက်တက်ရေ(ပုန်းရေ)နှင့် စနယ်၍ တိုက်စေသည်။ နန်းတွင်းခွေးတို့ မကြာမီ ပျို့အံကာ သားရေကြိုးအစအနများ ပါလာလေသည်။
ထိုအခါမှ ဗာရာဏသီမင်းသည် ဘုရားလောင်းခွေးအားကောင်းချီးသြဘာပေးပြီး စားတော်ပွဲများကျွေးကာ ခွေးအပေါင်းကိုလည်း အသက်ဘေးမှ လွှတ်စေလေသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ဤကုက္ကုရဇာတ်လာ ဘုရားအလောင်းခွေးသည် သူ၏ ခွေးအချင်းချင်းအပေါ် ၀ံသာနုပုံ၊ ကိုယ်ကျိုးမငဲ့ဘဲ ဆောင်ရွက်ပုံတို့ကို ဥပမာတင်စားလျက် နိုင်ငံရေးခေါင်းဆောင်တို့ကို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် သစ္စာရှိစွာ တကယ်ဝံသာနု စိတ်ထားဖြင့် ကိုယ်ကျိုးစွန့်ဆောင်ရွက်ရန်နှင့် ဘုရားအလောင်းခွေးသည် ယခုအခါ ငါးထောင် စားမက်သော ခေါင်းဆောင်များနှင့် အဆတသောင်းမျှ ကွာခြားပုံ စသည်တို့ကိုပါ ဖော်ပြထားသည်။


မင်းခွေးဘွဲ့ကဗျာလေးချိုးကြီး

အမွှေးညိုညိုပြာပြာ ဓာတ်နဂိုရ်အမှားတွေနှင့်
ခွေးဆိုတာ ဘိနပ်ကိုလဲ စားတာမို့
မြတ်ဗြဟ္မစိုရ်ပွါးသူက အများတို့ နှလုံးလှစရာ
အိုကွယ် ခပ်တိုတိုတရားရယ်နှင့်
သနားသမို့ ဆုံးမတာ
သြော် ဒကာအမတ်ကြီးများကိုဖြင့်
ပဏ္ဏာလာဘ်လည်း မစားစေဘို့
ဆရာအကြပ်အတည်းတားလိုက်ပါရဲ့
အစားမဆင်ခြင်သနဲ့
အရင်ယခင် အဆက်အစပ်တွေးလိုက်တော့
ရှင်ဘုရင် လက်သပ်မွေးပေတဲ့
သဘင်းအကျော်အမော်ပေ
အတွင်းတော်ခွေးတွေကြောင့်
ရှေးဖျားအခါဆီက
ဗာရာဏသီမှာ ခွေးတွေသတ်စဉ်က
ဥပါဌ်တခါကြိမ်လို့မို့
တကိန်ကိန်ပြေးစရာမရှိပြန်တော့
ဇာတိဝင်အပေါင်းအဖော်တွေရဲ့ ဘေးကိုဖြင့်
ပါရမီသည် အလောင်းတော်ခွေးရယ်က
တွေးမိလျင်အလွန်နာလို့မို့
ဝန်ဘယာကို လွန်စရာလဲ ပြုခဲ့ပေသပေါ့
ခုနဲ့ အလွန်ကွာတယ်နော်ကွယ့် နုတဲ့ဝံသာ။

ဘေးဆိုးအဖုံဖုံ ကြမ္မာမကြည်ရွှင် ဒုက္ခအတွင်းတွင်မှ
ခွေးမျိုးစုံမှာ ပြီစီဒင်လုပ်ရတဲ့မင်းရယ်လို့
ဥက္ကဌ စာရင်းရယ်နှင့် အစားကောင်းပမာလို
ငါးထောင်အသပြာကိုတဲ့ လုစရာပင်မတွေး
အရီးစိမ်းရယ် အများမဟောင်ရှာပေဘု
ကရုဏာသခင်ခွေး
ချစ်စ၀ါဒီ မေတ္တာပါရမီနှင့်
အာဇာနည်စိတ် အခံကလဲ များပေသမို့
ပါရမီအဓိဌာန်ထားတဲ့ပြီး
ငါ့အား သေချင်သေရော့ဟဲ့လို့
ရဝေပလ္လင်ဗွေမြေစမုတ်တွင်မှ
ယေကုက္ကုရာ ဒေသနာဖြင့်
အပြေပြေကမ္ဘာမှာ ဒြပ်လင်းပေမဲ့
ပရမေရာဇာ ဗြဟ္မာဒတ်သနင်းလိုလ
သတ်ချင်း မညီပုံနှင့်
ဝသီအထုံ လိမ္မာဘို့ ဟောပြန်တော့
မနောဟရ ထီးဖြူအောက်တွင်မှ
လောက "တခွင်" ကြီးသူမြှောက်ပါ(တော့)လို့
ချီးမြှောက်ပျူငှာ ပူဇာမင်္ဂလာကြောင့်
အူကာ ရွှင်ကာ ခေါ်သာဓုတွေနှင့်
ဗျာတုအခက် ဖန်ဘွယ်အရေးတွေနှင့်
အာယုအသက်အန္တရာယ်မှ ဝေးတဲ့ပြင်
သြော်၊ ပလ္လင်အဆင့်ဆင့်ဆီက
အရှင်သခင်ရယ်လို့ တင့်ပေတဲ့
ရှင်ဘုရင်ပွဲတော်လို
အဆင်သင့် အမြဲအကြော်အလှော်တွေနဲ့
လွေးကြရသတဲ့။

နိပါတ်အလာကို သတိချပ်ခါတွေးလိုက်တော့
အမယ်မင်း ဝေးသောအကွာ ပြရမှာဖြင့်
မြန်မာများ ကာလ ခေါင်းဆောင်ကလေးတွေနှင့်
ပမာဏ တသောင်းနှစ်ထောင်ဝေဟတာမို့
သြော်- ကျေးတောအညာက
ဆရာ့တပည့်ကျောင်းမှာတောင် မွေးချင်ရဲ့
အို မယ်စန္ဒာရဲ့
ရှေးသရောအခါသမယဆီက
နာယကဆိုတဲ့၊ အာက ခေါင်းဆောင်ခွေး။
(ခွေးဋီကာစာမျက်နှာ ၁၁၀)


{သခင်ဘမောင်စုဆောင်းတင်ပြတဲ့-သခင်ကိုယ်တော်မှိုင်း တင်စားပြောသောပုံပြင်များ-စာအုပ်၊ ဒုတိယအကြိမ်၊ ၁၉၇၆ ဖေဖော်ဝါရီ၊ မှ ကူးယူဖော်ပြပါတယ်။}

Monday, December 1, 2008

Artist- Lin YaungNi (လင်းရောင်နီ)











လင်းရောင်နီ (အဘ ဦးသန်းထိုက်၊ အမိ နှင်းရွှေစင်အေး)

မြေး လမင်းတရာ

Sunday, November 30, 2008

သူစိမ်းတွေကြားမှာ{၅- ဇာတ်သိမ်း}
ရေးသူ- နုနုရည် (အင်းဝ)





အို.... အသင်လောက...။ ယခု ကျွန်မကား ကျွန်မ၏ မနက်လက်ဘက်ရည်ချိန်လေးကို ပြန်လည်ရရှိပေပြီ....။
အသင်လောက....၊ ကျွန်မ၏ ကိုးရီးယားစာ သူငယ်တန်းကျောင်းသူဘ၀ ပြီးဆုံးသွား လေပြီ။
အဟောသုခံ... ချမ်းသာစွ...။ လာကြလော့.. ဒေါ်ရီသန့်တို့၊ ဒေါ်ချိုပြုံးတို့၊ ကိုသုမောင်တို့၊ စိန်မောင်ကိုကြီးတို့၊ စိန်မွတ်တားတို့၊ ဦးအံ့ကြီးတို့ရေ.. စိမ်းမြတဲ့ တောအုပ်ကလေးကို ကြည့်ရင်း လက်ဘက်ရည်တူတူ သောက်ကြရအောင်... လာကြလော့..။
မကြာမတင်မှာလဲ ကျွန်မသည် အိမ်လက်ဘက်ရည်လေးကို ချစ်တဲ့သူနဲ့ အတူ သောက်ရပေတော့မည်။
ကျွန်မ အိမ်ပြန်ရတော့မှာလေ...။
သူစိမ်းတွေကြားမှာ ကျွန်မ နေခဲ့ရှာတာ ငါးလကျော်ကြီးများတောင် ရှိခဲ့ပြီလေ။
နိုဝင်ဘာ သုံးဆယ်ရက်နေ့ဆို.... ကျွန်မ အိမ်ပြန်ရတော့မှာ...။


နောက်တလနေရင်ပေါ့...၊ တလဆိုတာ ခဏလေးပါ..၊ ခဏလေးပဲ စောင့်ရတော့မှာပါ.. လို့ အားတင်းစကား ဆိုတတ်တဲ့ ချစ်တဲ့သူ ပြောသလိုပါပဲပေါ့။
ခုဆိုရင် ဂျူမုံတို့ ရှေးဂျိုဆောင်နယ်မြေကလဲ အေးစိမ့်စ ပြုလာနေပြီ..။
စိမ်းမြတဲ့ သစ်ရွက်တွေက အရောင်ပြောင်းစ ပြုပြီ။ မကြာခင်မှာ ဆောင်းဦးရွက်ကြွေ လေးတွေကို မြင်ရတော့မယ်...။ ပြီးတော့မှ အရိုးပြိုင်းပြိုင်း သစ်ပင်တွေဘဝနဲ့ အင်မတန် အေးလှတဲ့ ဆောင်းရာသီကို ဖြတ်သန်းရရှာတော့မယ်။
သူတို့ ဆောင်းရာသီမှာ ဘယ်လောက်များ အေးသလဲဆိုရင် ဆိုလ်းမြို့ကို ဖြတ်သန်းစီး ဆင်းနေတဲ့ ဟန်မြစ်ဟာ ရေခဲသတဲ့။ ဟန်မြစ်ရေခဲပြင်ပေါ်မှာ လမ်းလျှောက်သွားလို့ ရသတဲ့။ အဆိုးဝါးဆုံးက 'ရေခဲလေ' ပဲတဲ့။ ရေခဲလို အေးစိမ့်နေတဲ့ လေတိုက်ထဲမှာ လှုပ်ရှားသွားလာ ရတာဟာ အဆိုးဝါးဆုံးပဲတဲ့။ အိမ်ထဲမှာလဲ အပူငွေ့ လွှတ်မထားရင်၊ Heater မရှိရင် ဘယ်လိုမှ နေလို့ မရ၊ အိပ်လို့မရအောင် အေးတာပေါ့..။ သူတို့ပြောတဲ့ ရေခဲလေကို ၁၉၉၈ ခုနှစ် အင်္ဂလန်နွေရာသီမှာ ကျွန်မခံစားဖူးခဲ့ပြီ။ ကျွန်မ ကိုယ်ချင်းစာနိုင်ပါတယ်။
သူတို့က ဒီ အောက်တိုဘာလ အေးစိမ့်စိမ့်ကလေးကို အင်မတန်ကြိုက်ကြတယ်။ သူတို့အတွက် မပူမအေး၊ အနေတော်လေးနဲ့၊ အဲယားကွန်းမလို၊ ဟီတာ Heater မလို။ ပိုက်ဆံလဲ ချွေတာလို့ ရတာကိုး...။ အဲယားကွန်းခ၊ ဟီတာခက ဈေးသိပ်ကြီးတယ်လေ။ သူတို့အတွက် အေးစိမ့်စိမ့်ကလေးပေမယ့် ကိုယ့်အတွက်ကတော့ တော်တော်ကလေးကို အေးစိမ့်ပါတယ်။ အပြင်ထွက်ရင် ဂွမ်းကပ် ဆွယ်တာ ထူထူနဲ့ ခြေအိတ်စွပ်၊ ခြေနင်းစီးထွက်တဲ့ ကျွန်မကို အင်္ကျီလက်ရှည် အပါးလေးတွေနဲ့ သူတို့က အထူးအဆန်း ကြည့်ကြတယ်။ ဈေးတွေ၊ စူပါမားကက်တွေ၊ မောလ် Mall တွေမှာလဲ ဖြတ်ဆို နွေရာသီသုံး ပစ္စည်းတွေ အကုန်ပျောက်ကုန်ပြီ။ ဆောင်းရာသီသုံးပစ္စည်းတွေ အကုန်ရောက်လာတော့တာပဲ။
နွေအ၀တ်အစားတွေ၊ ဖိနပ်တွေ၊ ဘယ်မှာမှ ရှာလို့ မတွေ့တော့ဘူး။ အနွေးထည်တွေ..၊ လည်ပင်းစီ စကပ်ပုဝါနဲ့။ ဖိနပ်တွေကလဲ အားလုံး ထိပ်အလုံတွေနဲ့ ဝေါ့ကင်းရှူးတွေချည့်ပဲ။ ပြီးတော့ သူတို့ဆီမှာ ဈေးဝယ်ရတာ ထူးဆန်းတာ တခုက တွေ့ရင်ဝယ်ထား၊ ဈေးမများဆိုသလိုပဲ။ ပစ္စည်းတခုကို တွေ့လို့ ကြိုက်ရင် ၀ယ်ပစ်လိုက်ပေတော့...။ မဟုတ်လို့ ကတော့ နောက်နေ့မှ စဉ်းစားအုံးမယ်လေဆိုရင်တော့ နောက်နေ့မှ နောက်တခါမှာ မရှိတော့ ဘူးသာ၊ မှတ်ပေတော့။ ချီတုံချတုံ လုပ်တတ်တဲ့ ကျွန်မ ခဏခဏ ကြုံဖူးပြီ။
ပြီးတော့ ဈေးထဲက ဈေးဝယ်နဲ့ ဈေးသည်ဆက်ဆံရေးကိုလဲ ခဏခဏ နားမလည်နိုင် ဖြစ်ရဖူးပြီ။ ဈေးဝယ်တဲ့သူက ပစ္စည်းတခုကို အကြာကြီးရွေးနေရင် သူတို့ စိတ်မရှည်တော့ဘူး။ စိတ်တိုနေတဲ့ အမူအရာ၊ သည်းမခံတော့ဘူးဆိုတဲ့ အမူအရာကို ခပ်ရိုင်းရိုင်းပဲ ပြတတ်တယ်။ ပြီးတာနဲ့ မရောင်းတော့ဘူး ဆိုတာမျိုးလဲ လုပ်တတ်တယ်။ သူတို့ လူမျိုးအချင်းချင်းကိုရော၊ နိုင်ငံခြားသားကိုရောပဲ။
'မြောင်ဒုံ' လို့ခေါ်တဲ့ နံမည်ကျော် ဈေးအကြီးကြီးထဲမှာ မောင်ငယ် ဦးမြတ်ထွန်းအောင် (မန္တလေးယဉ်ကျေးမှုတက္ကသိုလ်၊ ပန်းချီတွဲဖက်ပါမောက္ခ) တွေ့ခဲ့တာဆို...၊ အရုပ်ရောင်းတဲ့ ဆိုင်ရှင်ယောက်ျားက ဈေးဝယ်အမျိုးသမီးတယောက် (သူတို့လူမျိုးပဲ) ကို သူ့ဆိုင်က မြေကြီး ပေါ်ပေါက်ကြည့်ရတဲ့ ပလပ်စတစ်ပျော့ ဘောလုံးအရုပ်လေးကို မပြောမဆို မြေကြီးပေါ် ပေါက်ကြည့်လိုက်တဲ့ အမှုနဲ့ 'ပါး' ကို ဖျန်းကနဲ ရိုက်ထည့်လိုက်သတဲ့။
ပြီးတော့ သူတို့တွေ (sub way) ပေါ်မှာ တယောသံစုံနောက်ခံတေးဂီတနဲ့လဲ ရန်ဖြစ်၊ နပန်းလုံးတတ်ကြတယ်။ အစိုးရ အစည်းအဝေးတွေမှာလဲ ဖိနပ်ချွတ်ပြီး ဖိနပ်နဲ့ ထပေါက်ကြ တာမျိုးလဲ ရှိတယ်။
ဘယ်လိုလဲ မသိပါဖူး။ တခုတော့လဲ ကျွန်မတွေးမိပါတယ်။ သူတို့တွေလဲ အာရှတိုက် သားတွေပီပီ၊ သွေးပူ၊ သွေးဆူလွယ်၊ စိတ်လှုပ်ရှားလွယ်ကြတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ဒီက 'ရွှေမြန်မာတွေ၊ (ရွှေ)တွေ' ရဲ့အခေါ် 'ကကြီးသား' တိုင်းတော့ မဟုတ်ပါဖူး။ တချို့သော 'ကကြီးသား' တွေကျတော့လဲ သူတို့ခင်မိရင် ဇွတ်ကို ခင်နေတော့တာပဲ။ ကျွန်မတို့ ကျောင်းနားက 'ဆန်ဝဲကုတ်' ဈေးကလေးထဲမှာတင်ကို ဈေးလေး အလည်တန်းက ကိုးရီးယားမိတ် ဖိနပ်တွေ ရောင်းတဲ့ 'ကကြီးသား' ဆို ကျွန်မတို့ကို 'ဖတ်စ်ကပ်ချင်းဂု' တဲ့၊ 'ပထမတန်းစာသူငယ်ချင်း' ပေါ့လေ။ 'ချင်းဂု' ဆိုတာ ကိုးရီးယားလို 'သူငယ်ချင်း' ကို ပြောတာ။ ကျွန်မတို့ သူ့ဆိုင်ရှေ့က ဖြတ်သွားတာနဲ့ 'ဟေး' ဆိုပြီး ၀မ်းသာအားရ အော်နှုတ်ဆက်တော့တာပဲ။ သူ့ဆီက ဖိနပ်ဝယ်ရင်လဲ ဈေးအမြဲလျှော့ပေးတယ်။ ကုန်စုံဆိုင်က 'အိုမား(အမေ)' တယောက်နဲ့ 'အိုနီး(အမ)' တယောက်လဲ အဲလိုပဲ။ သဘောကောင်းပြီး အမြဲကူညီတယ်။ ဈေးလဲ အမြဲ လျှော့ပေးတယ်။ အဲဒီကျွန်တို့ ဈေးလေးထဲမှာပဲ နဲနဲလေး ပစ္စည်းရွေးတာ ကြာတာနဲ့ 'ရှူးရှူး' 'ရှူးရှူး' ဖြစ်ပြီး စိတ်တိုမောင်းထုတ်တတ်တဲ့ သူတွေလဲ ရှိတယ်။
ကိုးရီးယားလူမျိုးတိုင်းဟာ 'ဂျွန်စော' တို့၊ 'အွန်စော' တို့၊ 'ဂျူမုံ' တို့၊ 'ဒါရိုက်တာရင်' တို့ 'ချန်ဂင်' တို့လိုတော့ မဖြစ်နိုင်ဘူးလေ။ ရုပ်ရှင်ထဲက ဘ၀တွေနဲ့ အပြင်လောက က ဘ၀တွေဟာ ထပ်တူထပ်မျှ ဘယ်လိုတူနိုင်ပါ့မလဲ..။ သူတို့ မင်းသား မင်းသမီးလေးတွေ တောင်မှ သူတို့သရုပ်ဆောင်နေရတဲ့ ဘ၀နဲ့ အပြင်ဘ၀တွေက တူနိုင်ရှာကြတာမှ မဟုတ်တာ။
အခု... ဒီ အောက်တိုဘာလဆန်းမှာတင် ကိုယ့်ကိုယ်ကို သတ်သေသွားရှာတဲ့ နံမည်ကြီး မင်းသမီးလေးတယောက် ရှိတယ်လေ။ 'Choi' တဲ့။ ကျွန်မတို့ဆီက ကိုးရီးယားရုပ်ရှင် ပရိသတ်တွေ ကောင်းကောင်းသိတဲ့ မင်းသမီးလေးတယောက်ပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလဲ မင်းသားတယောက် အဲလိုပဲ။ (suicide) ပဲ။
ကိုးရီးယားမင်းသား မင်းသမီးတွေကြားမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ suicide ဟာ ဖက်ရှင်တခုလို ဖြစ်နေတာဟာလဲ ကြောက်စရာကောင်းပါတယ်။ သူတို့ စာရင်းမှာ ကျွန်မဖတ်ကြည့်တာ ရုပ်ရှင်လောကသားတွေရဲ့ (suicide) ဟာ ၁၉၆၀ ခုနှစ်ပိုင်းကနေ စလိုက်တာ ၁၉၉၀ လောက်ကစပြီး ဒီနှစ်ထိ နှစ်တိုင်း၊ နှစ်ယောက်နဲ့သုံးယောက်ကြာမှာ ဖြစ်နေတာပဲ။
ကျွန်မထင်တော့ ဘာသာရေးအဆုံးအမ မရှိတာလဲ ပါမယ်ထင်တယ်။ ဒီနေ့ခေတ် မျိုးဆက်သစ် ကိုးရီးယားလူငယ်တော်တော်များများက ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့၊ ဘာသာမရှိတဲ့ 'ဘာသာမဲ့' တွေ ဖြစ်ကုန်ကြပြီလေ။
ဘာသာရှိတဲ့ လူနည်းစု ကိုးကွယ်ကြတာက ခရစ်ယန်ဘာသာပေါ့။ ဗုဒ္ဓဘာသာဝင်က သိပ်နည်းတယ်။ ပြီးတော့ မဟာယနပဲ။ ကျွန်မတို့ ထေရ၀ါဒ ကိုးကွယ်သူ ရှားတယ်။ ဆိုးလ်မြို့တ၀ိုက်မှာ နေကြတဲ့ မြန်မာတွေရဲ့ ကြိုးစားမှုနဲ့ မြန်မာဘုန်းကြီးကျောင်း ၃ ကျောင်း ရှိတယ်။ မြန်မာပြည်က တကူးတက ပင့်ပြီးကိုးကွယ်ထားတဲ့ ဥာဏ်တော်၊ တော်တော်မြင့်တဲ့ ရုပ်ပွါးတော် တဆူလဲ ရှိတယ်။ ကိုးရီးယားမှာ တောင်တွေ အလွန်ပေါပေမယ့် စေတီပုထိုးကတော့ အလွန်ရှားတာကိုး။
အံ့သြစရာကောင်းပြီး ထူးခြားတာတခုကတော့ ကျွန်မတို့နိုင်ငံကို 'မြန်မာ' လို့ ပြောလိုက်တာနဲ့ ချက်ချင်းသိပြီး 'မြန်မာ' အကြောင်းကိုပါ သိနေတဲ့ 'ကကြီးသား ကကြီးသူ' တွေဟာ အခြေခံလူတန်းစားတွေ ဖြစ်နေတာပါပဲ။
ကိုးရီးယားရဲ့ ဒုတိယမြို့တော် ပူဆန် (Pusan) ကို ( cultural field trip ) သွားရတုန်းက ပုဆန်ရဲ့ ပင်လယ်ကမ်းခြေ၊ မီးပြတိုက်က သန့်ရှင်းရေး အလုပ်သမကြီး 'ချွဲစုအီ' က ကျွန်မကို 'မြန်မာ' မှန်း သိတာနဲ့၊ အင်္ဂလိပ်လို ပြောတတ်တဲ့ ကိုးရီးယားမလေးကနေ တဆင့် တန်းပြောတာ..၊ 'နာဂစ်' အကြောင်းကိုလေ...။ 'နာဂစ်' မုန်တိုင်းဒဏ်ကို ခံကြရတဲ့ မြန်မာပြည်အကြောင်းကို သူ တီဗွီမှာကြည့်ရတယ်တဲ့..။ သူအများကြီး စိတ်မကောင်း ဖြစ်တယ်တဲ့..။ ခုကော ဘယ်လိုနေသေးလဲလို့ မေးရှာတယ်။ ပြီးတော့ ကျွန်မကို...၊ စာရေးဆရာမှန်းလဲ သိသွားရော (women right) ကို သူသိသလို ပြောပြခဲ့သေးတယ်။ သူ့ရဲ့ဇာတိမြို့ (ပူဆန် မလာခင် ကျွန်မတို့ တည၀င်အိပ်ခဲ့ရတဲ့မြို့) 'ဂျောင်ဂျူး (Gyeongju)' မြို့က ကိုးရီးယားအမျိုးသမီးတွေမှာ လွတ်လပ်စွာ ကွာရှင်းခွင့် မရှိဘူးတဲ့။ အဲဒါကြောင့် သူဟာ ပူဆန်သားကို လက်ထပ်ပြီး၊ ပူဆန်ကို လိုက်လာခဲ့တာတဲ့။
နောက်.. ပူဆန် ဟိုတယ်က လုံခြုံရေး ၀န်ထမ်း အလုပ်သမားကြီးတယောက်..။ ဓါတ်လှေကားထဲမှာ 'မြန်မာ' မှန်း သိတာနဲ့ 'နာဂစ်' အကြောင်းရော၊ သူမြင်ဖူးတဲ့ တီဗွီသတင်း တွေထဲက မြန်မာအကြောင်းတွေကိုရော မေးတော့တာပဲ။ ပြီးတော့...၊ ကျွန်မတို့ ဈေးသွားဝယ် ရာ လမ်းကလေးဘေးက စားသောက်ဆိုင် သေးသေးလေးမှာ အမြဲချွေးတလုံးလုံးနဲ့ ကြော်လှော်နေတဲ့ 'ကကြီးသူ' ကြီးတယောက်...၊ မြန်မာဆိုတာနဲ့ သူသိထားတဲ့ မြန်မာနံမည်တခုကို ချက်ခြင်းပြောလိုက်တာ အံ့သြသွားတာပဲ။ ကျွန်မနဲ့ တွေ့ရတဲ့ ပညာတတ် လူတန်းစားတွေထဲက 'နာဂစ်' အကြောင်း တခုတ်တရ မေးသူ တယောက်မှ မရှိပါဘူး။ 'မြန်မာ' ဆိုတာနဲ့ ချက်ခြင်းမသိဘဲ 'မြန်မာ မြန်မာ' ဆိုပြီး မျက်တောင် ပုတ်ကလပ် ပုတ်ကလပ် လုပ်နေတဲ့ သူတွေ များတယ်။ အော်... ကိုယ့်စိတ်ထဲမှာတင် မျိုးဆက်သစ်တွေဆိုတော့ မေ့ကြပြီပေါ့။ တကယ်တော့ မမေ့စကောင်းပါဖူးကွယ်။ ၁၉၅၀ ခုနှစ်များဆီတုန်းက.. အစာရေစာ ပြတ်လပ်နေတဲ့ မင်းတို့ အဖိုးအဖွားတွေအတွက် တို့မြန်မာပြည်က ဆန်တန်ချိန်များစွာ ထောက်ပံ့ခဲ့ဖူးပါတယ်လို့....။ ၁၉၇၃ မှာလဲ ကိုးရီးယားသမတ ပတ်ချုံဟီးရဲ့ 'ပတ်ချုံဟီးဖလား' ကို အနိုင်ရ ဗိုလ်စွဲယူနိုင်ခဲ့တဲ့ ဘော့လုံးအသင်းဟာ မြန်မာဘော့လုံးသင်း ပါလို့....။
အင်း... ကျွန်မလဲ ရွှေရောင်ရက်တွေကို တမ်းတတတ်တဲ့.. 'တို့ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ 'အဖွားကြီးလေသံ' မျိုးပေါက်နေပြီလားမသိ..။ မကြာခင် ကျွန်မမြေး စကားပြောတတ် ရင် 'အဖွားတို့ ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ စကားကို ကျွန်မမပြောခင် ကြိုပြောပြီး နောက်ပြောင်ခံရတော့မှာ အသေအချာပေါ့။
ကျွန်မ ဒီမှာနေရတဲ့ အတောအတွင်းအမှာ၊ သူတို့ လိုက်ပို့ပေးတဲ့ ယဉ်ကျေးမှု လေ့လာရေးခရီး ခေါ်မှာပေါ့။ (cultural field trip) တွေကိုတော့ အကြိုကပ်ဆုံးပဲ။ ကိုးရီးယား နိုင်ငံထဲက သွားသင့်တဲ့ မြို့တွေကို နှစ်ညအိပ်၊ သုံးညအိပ် လျှောက်သွားကြည့်တာပေါ့...။ အဲဒီမှာ ကျွန်မ စိတ်ဝင်စားတဲ့ တခုက တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနဲ့ နယ်စပ်ဘော်ဒါ၊ စစ်မဲ့ဇုံ ( Demiliterized zone DMZ) လို့ သူတို့ခေါ်တဲ့၊ လွမ်းစရာ၊ ကြေကွဲဖွယ်ရာ နေရာလေးပဲ။
လူမျိုးလဲ အတူတူ၊ ဘာသာစကားလဲတခုတည်း၊ ဒါပေမယ့် တောင်နဲ့ မြောက် နှစ်ခြမ်းကွဲပြီး၊ ရန်သူကြီးတွေလို အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး၊ ခုချိန်ထိလဲ အညှိုးအတေး၊ အမုန်းတွေနဲ့ ပြန်လည်ပေါင်းစည်းလို့ မရသေးဘူးလေ။ အဖေနဲ့သား၊ အမေနဲ့သမီး၊ အစ်ကိုနဲ့ နှမ၊ ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေဟာ အများကြီး ရှိမှာပေါ့။ အဲဒီ စစ်မဲ့ဇုံ ဘော်ဒါမှာ တန်းစီချထားတဲ့ မှန်ပြောင်းလေးတွေ ရှိတဲ့နေရာကို သူတို့က 'အမျိုးကြည့်တဲ့နေရာ' တဲ့...။ အဲဒီ မှန်ပြောင်းလေးတွေကနေ ကိုယ့်ဆွေကိုယ့်မျိုးကို အလွမ်းပြေ လာကြည့်ကြသတဲ့။ ရာသီဥတုကောင်းရင် ဟိုဖက် မြောက်ကိုရီးယားဘက်က လယ်ကွင်းတွေ ထဲမှာ အလုပ်လုပ်နေတဲ့ သူတွေကို ဒီတိုင်း လှမ်းမြင်ရတာကိုး။ ကျွန်မတို့ သွားတဲ့နေ့ကတော့ မိုးတွေက သဲသဲမဲမဲ ရွာနေလေတော့ လှမ်းကြည့်လို့ ဘာမှ မမြင်ရဘူး။ မှတ်မှတ်ရရ ကျွန်မတို့ (၆၁) နှစ် မြောက် အာဇာနည်နေ့ပေါ့။ မိုးရွာကြီးထဲမှာ မျက်နှာသေကြီးတွေနဲ့ တောင့်တောင့်ကြီး ရပ်နေတဲ့ စစ်သားအစောင့်တွေကို ကျွန်မတို့ကို လိုက်ပို့တဲ့ တာဝန်ရှိတဲ့သူတွေက 'ကျေးဇူးပြုပြီး ပြုံးမပြပါနဲ့၊ စကားလှမ်းမပြောပါနဲ့....' တဲ့။ ကြောက်နေရပါလား။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီနယ်စပ် ဘော်ဒါတ၀ိုက်ကို စစ်မဲ့ဇုံလို့ နှစ်ဖက်သဘောတူ သတ်မှတ်ထားပေမယ့် မသွားရတဲ့နေရာတွေ ရှိတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပါတ်ကပဲ မသွားရတဲ့ နေရာကို သွားမိတဲ့ တောင်ကိုးရီးယား အမျိုးသမီးကြီးတယောက်ကို ဟိုဖက် မြောက်ကိုးရီးယားတပ်က သေနတ်နဲ့ ပစ်ချလိုက်လို့ သေရှာပါရော့လား..။ ကျွန်မတို့မှာ တာဝန်ရှိသူများနဲ့ တလက်မမှ မခွါရဲပါဘူး။
အဲဒီ စစ်မဲ့ဇုံမှာ ဒီဖက် တောင်ကိုးရီးယားက ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုတရပ် အနေနဲ့ လုပ်စားနေတာ တခုကတော့ မြောက်ကိုးရီးယားများအတွက် မခံချိ မခံသာ ဖြစ်ဖွယ်ပါဘဲ။ ၁၉၇၈ မှာ မြောက်ကိုးရီးယားက ဒီဖက် ဆိုးလ်မြို့လည်ခေါင်ထိ ဥမင်လှိုင်ခေါင်းတူးပြီး တိုက်ခိုက်မဲ့အကြံအစည်ကို တောင်က သိသွားတာလေ။ ဥမင် လှိုင်ခေါင်းက သုံးခုတောင်တူးတာ။ တောင်ကိုးရီးယားထဲကို တော်တော်ရောက်နေပြီ။ လယ်သမားတယောက်နဲ့ တက္ကစီသမားတယောက်က သတိထားမိရာက ပေါ်သွားတာ။ အဲဒီ လှိုင်ခေါင်းတွေကို ထရော်လီတွေ၊ ကားလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ပြပြီးတော့ တောင်ကိုးရီးယားက လုပ်စားတော့တာကိုး။ အိုး ကျွန်မဖြင့် အေးစိမ့်နေတဲ့ အဲဒီလှိုင်ခေါင်းရှည် တွေကို ဖြတ်ရင်း မြောက်ကိုးရီးယားများကိုလဲ ချီးကျူးမိပါတယ်။ မပြေနိုင်တဲ့ အညှိုးအတေး၊ အမုန်းတွေက ပေးတဲ့ အားအင်တွေနဲ့ ဒီဥမင်တွေကို တူးနိုင်ခဲ့တာ ထင်ပါရဲ့။
စစ်မဲ့ဇုံ (DMZ) နယ်ခြားမြေရဲ့ နောက်ထပ် လွမ်းမောကြေကွဲစရာ နေရာလေးက 'ဒိုရာဆန်ဘူတာရုံ' (Dorasan station) ကလေးနဲ့ မီးရထားလေးပါ။ ဒီရထားလေးဟာ တောင်နဲ့မြောက် နှစ်နိုင်ငံက ကွဲကွာနေသူများ ပြန်လည်ဆုံတွေ့ကြမဲ့နေ့ကို စောင့်နေရတာ (၅၂) နှစ်တောင် ရှိပါပြီတဲ့...။ ဒီဖက် ဟိုဖက် ကွဲကွာနေသူများကို တင်ဆောင်လို့ ဟိုဖက်ဒီဖက် လွန်းထိုးပြေးချင်လွန်းလို့ စောင့်နေရှာပါတယ်တဲ့လေ။ ဆိုးလ်မြို့ကလာတဲ့ မီးရထားလမ်းဟာ ဒီ 'ဒိုရာဆန်' ဘူတာကလေးမှာ ခရီးဆုံးပါတယ်။
နောက် ကျွန်မ သဘောကျတဲ့ နေရာလေးတခုက (DMZ) နဲ့ တနေ့ထဲ သွားခဲ့တဲ့ 'ဟေရီ (Heyri)' ဆိုတဲ့ အနုပညာရွာလေး (Art village) ပေါ့။ ဆိုးလ် ကနေ (၉) မိုင်ကျော်ပဲ ဝေးတယ်။ ဟေရီ အနုပညာရွာလေးက အနုပညာသမားတွေချည်း သီးသန့်နေထိုင်ကြတဲ့ ရွာလေး လေ...။ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာ၊ ပန်းချီဆရာ၊ ဒီဇိုင်းဆရာ၊ အတီးအမှုတ်ဆရာ၊ အက မင်းသား မင်းသမီး စတဲ့ စတဲ့ အနုပညာသမားတွေ စုပြီး နေထိုင်ကြသတဲ့။ နေထိုင်သူပေါင်း သုံးရာကျော်၊ လေးရာနီးပါး ရှိသတဲ့။ ဒီနေရာမှာ တယောက်က စနေရင်း သဘောကျကြပြီး လိုက်နေကြရင်းနဲ့ များများလာတာလို့ ပြောတယ်။ ခုဆိုရင် ဒီနေရာက ဈေးလဲ သိပ်ကြီးသွားပြီ၊ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာလဲ ဖြစ်သွားပြီတဲ့။
အိမ်တွေက တောင်ကုန်းလေးတွေပေါ်မှာရော၊ ချိုင့်တွေထဲမှာရော၊ တောင်ကြားမှာ ခပ်စောင်းစောင်း ကန့်လန့်ဖြတ်တင်ထားတာရော၊ ရှည်မျောမျော၊ ၀ိုင်းတိုင်းတိုင်း၊ မျှောင်းမျှောင်းကလေးတွေမျိုးလဲ ပါရဲ့....။ အိမ်ပုံစံတွေကတော့ အမျိုးစုံပါပဲ။ စိတ်ထင်ရာတွေ လုပ်ထားကြတာလေ။ တကယ်တော့ ကျွန်မတို့လို လူစားမျိုးတွေရဲ့ 'အရူးရွာ' ပေါ့။
အဲဒီ 'ဟေရီ' ဆိုတဲ့ နံမည်ကတော့ ကိုးရီးယားရိုးရာသီချင်းခေါင်းစဉ် 'The Sound of Heri' ကနေ ယူထားတာတဲ့။ အဲဒီမှာ စာအုပ်ဆိုင်တွေလဲ ရှိတယ်။ (ထုတ်ဝေသူတွေလဲ နေတာကိုး)။ ပန်းချီပြခန်းတွေလဲ ရှိတယ်။ အတီးအမှုတ်ဂီတဆရာတွေ အိမ်ကျတော့ နိုင်ငံတကာ တူရိယာပစ္စည်းတွေနဲ့ ဆင်ယင်ထားလိုက်တာ။ ကြည့်လို့ရတယ်လို့ ရေးထားလို့ ၀င်မသွားလိုက်နဲ့၊ တယောက်ကို ၀မ် ငါးထောင် ရှင်းရပြီးသာမှတ်။ အဲလိုပဲ ပန်းချီပြခန်းလဲ ကြည့်ချင်ရင် ပိုက်ဆံပေးရတယ်။ ကျန်တဲ့ အိမ်တွေလဲ အဲလိုပဲ၊ ဘာမှ အလကားကြည့်လို့ မရဘူး။ စာအုပ်ဆိုင်တခုပဲ အလကား ၀င်ကြည့်လို့ ရတယ်။ စာအုပ်ကြိုက်ရင် ၀ယ်ပေါ့။ စားသောက်ဆိုင်လေး တွဲဖွင့်ထားတယ်။ စားချင်ရင် ၀ယ်စားပေါ့။ 'ဟေရီ' ဟာ ကမ္ဘာလှည့် ခရီးသည်စိတ်ဝင်စားတဲ့ နေရာတနေရာ ဖြစ်နေပြီလေ။ 'ဟေရီရွာ' ကလေးရဲ့ တောင်စောင်းတခု ပေါ်ကနေ ကာလာရောင်စုံရွာလေးကို စီးမိုးကြည့်ရင်း ကျွန်မ စိတ်ကူးယဉ်မိတယ်။ ဒို့တတွေလဲ မြေကျယ်ကျယ်နဲ့ အေးအေးချမ်းချမ်း ရှိတဲ့နေရာလေး၊ တနေရာမှာ ဒို့လူတွေ ဒီလိုမျိုးလေး စုနေကြရင် ကောင်းမှာပဲလို့။
ကျွန်မ စဉ်းစားကြည့်မိတယ်။
ကျွန်မအိမ်ပုံစံကို ကျွန်မတို့ရဲ့ ပိသုကာ (ဆရာရွှေ)ကို အဆန်းတကာ့ အဆန်းဆုံး ထွင်ခိုင်ပြီး ဆောက်မယ်လေ...။
ပြီးတော့ ကျွန်မ ဘယ်သူတွေနဲ့ အိမ်နီးနာချင်း နေရင်ကောင်းမလဲ။
အင်း.... ကျွန်မကို မြောက်ဒဂုံပစ္စန္တရာဇ်အရပ်မှာ အိမ်နီးနာချင်းနေဖို့ ဆွယ်တရားဟော ဖူးတဲ့ ကျွန်မ အကိုကြီး ဆရာမောင်ကျောက်မဲ (ဒါရိုက်တာကြည်စိုးထွန်း) (အဲလေ.. မောင်ကျောက်ခဲ ပါ။ အသားအရေက မျက်လုံးထဲ အရင်ပေါ်လာလို့ပါ...) ဆိုရင်ရော... မဖြစ်ဖူး...မဖြစ်ဖူး...။ ဒင်းက အညာစာက အင်မတန်ငတ်ပါဘိသနဲ့...၊ ကျွေးရတာက ကိစ္စမရှိဘူး၊ မောင်ကျောက်မဲနဲ့ ဘာမှမဆိုင်အောင် ဖြူဖွေးသဘောကောင်းတဲ့ ကျွန်မအစ်မ မဂွမ်းပုံလေးက ပြောဖူးတယ်။ မောင်ကျောက်မဲ ဗိုက်ကြီး အင်မတန် စူထွက်လာလို့ ၀ိတ်လျှော့တာ၊ ညနေစာမစားဘူး။ အသုပ်ကလေးပဲ စားမယ်ဆိုလို့ သုတ်ပေးရတာ၊ 'ဇလုံ' အကြီးကြီးနဲ့ အပြည့်အမောက်တဲ့။ မဖြစ်ဖူး..။ မဖြစ်ဖူး..။
မောင်ဂွစာ(ပုတီးကုန်း) ကျတော့လဲ နေ့စဉ်နဲ့အမျှ 'နှလုံး' (နှလုံးသားမဟုတ်) ဝေါဟာရတွေ..၊ နားညီးအောင် လာပြောနေမှာ။ ပြီးတော့ သူ့ခွေးတွေ ရန်ကလဲ ရှိသေးတယ်။ ဆရာမောင်ဘိုချစ် (ချစ်ဦးညို) ကျတော့လဲ ယောင်းမ 'မယ်မြင့်ကြီး' က စေတနာကောင်းပြီး၊ အချက်အပြုတ်ကောင်းတော့ (ကိုယ်စာရေးနေတဲ့အချိန်၊ အိုးပျောက်ခွက်ပျောက် ဖြစ်တဲ့အချိန် မှာ) အရှည်ကို မျှော်တွေးပြီး စဉ်းစားမိပေမဲ့ ညနေတိုင်း ရင်ဆိုင်ရမယ့် အရေးဟာ ဘယ်လိုမှ စိတ်အေးနိုင်စရာ မရှိဘူး။ အက၊ အဆို၊ အငို မြိုင်ဆိုင်စွာနဲ့ စတိတ်ရှိုး၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါး၊ နောက်ပိုင်း စုံနေအောင် (သမီးယောက်ဖနှစ်ယောက်) မိုးအလင်းခင်းပစ်မှာ.. တော်၊ တော်၊ မဖြစ်ဖူး...။
ကိုယ့်ကို ချစ်ခင်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် စေတနာကောင်းပြီး အချက်အပြုတ် ကောင်းတဲ့ မတင်တင်ရီလေး(ဦးသွေးဆိုသူ၏ဇနီးလေး) ကိုလဲ ခေါင်းထဲရောက်လာပေမယ့်၊ ကဗျာဆရာမောင်သွေးသစ် ဆိုသူသည်လဲ နဲနဲလေးမှ ရီဝေလာပလားဆို 'ညီမလေး.. ငါပြောမယ်' ဆိုပြီး ဘာမှလဲ မပြောပဲ အလကားနေရင်း မျက်နှာကြီးက အရင် 'မဲ့' လာပြီး မျက်ရည်တွေ...၊ တွေတွေ တွေတွေ စီးကျလာတဲ့ ဒဏ်၊ တဖြည်းဖြည်း ပြင်းထန်လာပြီး ဘာမှန်းမသိ ရှိုက်ငို၊ နှပ်တွေ တရွှီးရွှီး ညှစ်တဲ့ဒဏ်ကို ဘယ်လိုမှ မခံနိုင်ပါဘူး...။ မဖြစ်ဘူး..မဖြစ်ဘူး..။
အင်း ကိုသုမောင်တို့၊ ကိုမင်းလူတို့ ဆိုရင်ရော...၊ မအေးဘုံတို့၊ မစန်းစန်းအောင်တို့က ကျွန်မနဲ့ ချစ်ခင်တဲ့သူတွေ၊ ကိုမင်းလူရဲ့ မစန်းစန်းအောင်ဆို ကျွန်မနဲ့ စာကြည့်တိုက်ဆွေမျိုး လေ။ ဒါပေမယ့် မဖြစ်နိုင်..။ ဒင်းတို့ ညီအကို နှစ်ယောက်လုံးဟာ အိမ်နီးချင်း လှုပ်သမျှကို၊ ၀တ္ထု လုပ်စားတတ်တဲ့လူတွေ၊ ပြီးတော့ တောင်ကျောင်းဘုန်းကြီး မောင်မင်းလူတယောက်၊ မစန်းစန်းအောင်ရဲ့ စီမံခန့်ခွဲ ညွှန်ကြားမှု အောက်မှာ ရေခပ်၊ ထင်းခွဲ၊ အ၀တ်လျှော်၊ ကြမ်းတိုက်၊ ခြင်ရိုက်၊ ခွေးမောင်း၊ ဈေးဝယ်၊ ထမင်းချက်၊ ဇက်ကြောဆွဲ စတဲ့ စတဲ့ တောက်တိုမယ်ရတွေ လုပ်နေရတာကို ကိုယ့်အချင်းချင်းဆိုတော့ မကြည့်ရက်ပါဘူး။
သူတို့ အကိုကြီး ဟိုပိန်တာရိုး လူကြီး (ချစ်ခင်တဲ့ မချိုရီလေးအတွက် စဉ်းစားမိတိုင်း ရင်ထုမနာ ဖြစ်ရတဲ့) ဒါရိုက်တာ မောင်ဝဏ္ဏ ဆိုတဲ့သူတော့ ( အခုလောလောဆယ် ကျွန်မနဲ့ မခေါ်တဲ့အတွက်) လုံးဝကို မစဉ်းစားဘူး။
နေအုန်း...၊ အိမ်နီးနာချင်းအဖြစ် အသင့်တော်ဆုံးဟာ ဘာမှဇယား မရှုပ်တဲ့၊ ကျွန်မအကို လူပျိုကြီး ရွှေ (ရွှေကိုဝင်းငြိမ်း) ဆိုဘယ်နှယ်လဲ။ စာမူခတွေ ဘာတွေ ကြိုထုတ်လို့ရမယ်။ ပြီးတော့ ဒင်းက စာနယ်ဇင်းခေါင်ချုပ်ကြီး ဖြစ်တဲ့အပြင်၊ မိတ်ဆွေတွေလဲ ပေါများတော့ စားစရာ၊ သောက်စရာ၊ လက်ဆောင်ပဏ္ဏာတွေလဲ ပေါများတယ်။ ဒင်းတယောက်ထဲဆို အလျှံပယ်ဖြစ်နေတာ...။ ကိုယ်သွားစားရုံပဲ။ မကောင်းဖူးလား..။ ဟင့်အင်း မကောင်းသေးဘူး၊ မဖြစ်ဘူး၊ ဒင်းရဲ့ လက်သုံးစကားကြီး ရှိတယ်လေ..။ "ဒီမယ် ငါ့နှမ..၊ စာမူမပါရင် တိုက်ကို မလာနဲ့" ဆိုတဲ့ စကားကြီးလေ။ 'စာမူမပါရင် အိမ်ကိုမလာနဲ့.. ငါ့နှမရေ' လို့ ပြောမဲ့လူမျိုးကြီးနဲ့လဲ နေလို့မဖြစ်နိုင်။
သူနဲ့တွဲရက် စဉ်းစားမိတဲ့ ဇမ္ဗူတလူ (ရွှေမောင်ဇော်) (ဆိုက်ကားတစီးနဲ့ တမြို့လုံး လှည့်တဲ့ ဇမ္ဗူတလူ (ရွှေဦးဥာဏ်လှိုင်) ရဲ့ သားချစ်ကလေး) ကျတော့လဲ ငယ်ငယ်ကတည်းက ချစ်ခင်တဲ့ ကလေး၊ ကိုယ့်စာအုပ်တွေကိုလဲ ဂရုတစိုက် လုပ်ပေးရှာတဲ့ ကလေးပေမယ့်.. ဒင်းကလေးကလဲ 'ထုတ်ဝေသူ is ထုတ်ဝေသူကလေး'....။ (ဒီကိုမထွက်ခင် ဒင်းမှာတဲ့ စကား က 'အမ ကိုးရီးယားမှာ လုံးချင်းတအုပ် ပီးအောင်ရေးခဲ့၊ ကျွန်တော်ထုတ်မှာ' တဲ့) ဆိုတော့ အိမ်နီးနားချင်းဆိုလို့ကတော့ ကျွန်မ ဘယ်လောက်များ နားညီးရမလဲ..။ တော်သေးပြီ။
အင်း... ရေးတေးတေးရှိတာကတော့ 'ရွှေ'ရဲ့ ညီလေးတွေ၊ ကိုဆန်နီငြိမ်းတို့၊ ကိုမျိုးမြင့်ငြိမ်းတို့တွေပဲ။ ကျွန်မ၀တ္ထု မျက်နှာဖုံးအတွက် ကိုဆန်နီကို အချိန်မရွေး အပူကပ်လို့ ရမယ်။ ပြီးတော့ သူ့ချစ်ဇနီးကလေး 'အေမီ'လေးက စစ်ကိုင်းသူပီပီ ကျွန်မကြိုက်တဲ့ အညာစာတွေ အကုန်ချက်တတ်တယ်။ မဆိုးဖူးနော်။ ဒါတောင် ဆရာမျိုးမြင့်ငြိမ်းကို (ပေဖူးလွှာ သံယောဇဉ် ဘယ်လောက်ကြီးပေမယ့်) စဉ်းစားရမဲ့ထဲမှာ ပါတယ်။ ကျွန်မ နေရဲပါ့မလား...။
အိုတော်ပြီ..၊ အကောင်းဆုံးကတော့ လူကြီးတွေနဲ့ နီးနီးနေတာ အကောင်းဆုံးပဲ။ ဆရာပါ၊ ဆရာတာ၊ မေဦး၊ မမ၀င်း၊ ကျွန်မဦးလေးကဗျာဆရာကြီးတွေ၊ ဆရာနိုး (ဆရာနိုးကတော့ သူ့ကို ဇာတ်လိုက်လုပ်မှာစိုးလို့ ကျွန်မနားမှာ နေချင်မယ်မထင်)။ ဘာပဲဖြစ်ဖြစ် လူကြီးတွေ နားမှာ နေတာပဲ ကောင်းမယ်။
အင်း.... ကျွန်မ မြင်ယောင်သေးတော့တယ်...။
ရွာလမ်းမပေါ်မှ ကဗျာကို အော်ဟစ်ရွတ်နေမယ့်သူတွေ။ 'ဘယ်သူပြောလဲ တတောလုံးကြွေ' တွေလေ..။ ဆွေးနွေးငြင်းခုန် ရန်ဖြစ်သံတွေ..။ ရီဝေသီဆို ကခုန်သံတွေ။ အိုး.. ကိုယ့်လူတွေကတော့ လူဂုဏ်တန်တွေချည့်ပဲ။
ပြောရင်းဆိုရင်းနဲ့ ကိုယ့်လူ၊ လူဂုဏ်တန်တွေကို ကျွန်မ လွမ်းလိုက်တာ။
လွမ်းအောင်လဲ ကျွန်မကို ရွာစားကျော် စိန်မောင်ကိုကြီးနဲ့ ကိုအံ့ကြီးတို့ရဲ့ နံမည်ကျော် 'မြိုင်ဟေမ၀န်' မြိုင်ထနှစ်ပါးသွားက ဖေးကူနေတယ်လေ...။
'xx လွမ်းစရာ့ မြိုင်ကုန်းဗွေxx တခိုင်လုံးရွှေ' တဲ့...။
တခိုင်လုံးရွှေ..၊ ဟုတ်တာပေါ့..။ ကြည့်ပါအုံး.. တကယ့်ကို တခိုင်လုံးရွှေ။ ကျွန်မရှေ့က ခူနွာ တောအုပ်ကလေး လေ..။ ကျွန်မရောက်စတုန်းက အစိမ်းရောင်တွေနဲ့ ကျွန်မကို ကြိုဆိုခဲ့တဲ့ စိမ်းမြမြ တောအုပ်ကလေးက လွမ်းစရာ အ၀ါရောင်တွေနဲ့ ကျွန်မကို နှုတ်ဆက်နေပါပေါ့လား။
'xx သင်း၍ပျော်ကျူးဝေ.. ညှင်းလေ့ဆော်ဦးနွေxx သင်း၍xx သင်း၍ ပျော်ကျူးဝေ..၊ နွေဦးဆန်း.. သမို့xx'
လွမ်းဖွယ့် ဦးအံ့ကြီးရဲ့အသံ..။ မြန်မာဆန်လှတဲ့ အသံ၊ အလွန်ဆွဲဆောင်မှု ရှိတဲ့အသံ။ ထပ်တလဲလဲ နားထောင်လို့ မ၀တဲ့အသံ။
အိုး ရွာစားစိန်မောင်ကိုကြီးရဲ့ လက်သံကရော၊ ကောင်းလိုက်တာ၊ တ၀ိုင်းလုံးကလဲ မြိုင်နေတာပဲ၊ 'ချွင်' ဆိုတဲ့ စည်းသံလေးကလဲ လွင်နေတာပဲ၊ ၀ါးလက်ခုပ်သံလေးကလဲ ချိုနေတာပဲ။ ဆိုင်းနောက်ထကြီး ပြောသလို 'ပါရမီ့ရှင်' နှစ်ဦးတွေ့တဲ့ ပွဲပေကိုး။
ကျွန်မငယ်ငယ်တုန်းက၊ ဂါဝန်ဝတ်အရွယ်တုန်းက၊ ဘာမှန်းညာမှန်း မသိပဲ၊ ဒီမြိုင်ဟေမ၀န် မြိုင်ထကို မပီကလာ ပီကလာဆိုပြီး ကတန်းခုန်တန်း ကစားခဲ့ဖူးတယ်။ သီချင်းထဲက 'တောင်ဝဏ္ဏဗွေတခွင်မှာxx မောင်လှဖေ မြင်ရုံနဲ့မော' ဆိုတာကို 'မောင်လှဖေ မြင်ရုပ်ကြီးနဲ့..' လို့ပဲ ကျွန်မက ဆိုတယ်လေ။ ပြီးတော့ ကျွန်မစိတ်ထဲမှာ ကျွန်မအဖိုးရဲ့ ကူးတို့ဆိပ်က ရထား(မြင်းလှည်း) မောင်းတဲ့ ကိုလှဖေကြီးကို ပြောတယ်လို့ ထင်နေတာ။ အဲဒီခေတ်အခါက အင်မတန် ခေတ်စားပြီး လူတိုင်းပါးစပ်ဖျား ရောက်ခဲ့တဲ့ သီချင်းမို့၊ ကလေးတွေ ပါးစပ်ထဲအထိ ရောက်သွားတာပေါ့....။
နဲနဲကြီးလာတော့ ဒီသီချင်းကို ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ 'သူငယ်ချင်းလို့ပဲဆက်၍ခေါ် မည်ခိုင်' ၀တ္ထုထဲက 'ကြိုင် လှိုင် ခိုင်လုံးရယ်၊ မြိုင်လုံးရယ်' ဆိုတာနဲ့ ထပ်ပြီး သိတယ်။ သေသေချာချာ ခံစားဖူးတာက ကိုအံ့ကြီးသီချင်းတွေကို ကျွန်မ အရူးအမူး စွဲလန်းသွားတဲ့ အချိန်။ ကျွန်မ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးနဲ့ အစွဲလန်းဆုံး သီချင်းနှစ်ပုဒ်က 'မြိုင်ဟေမ၀န်' မြိုင်ထနဲ့ ဆရာကြီးဦးဘသိန်း(မန္တလေး)ရဲ့ 'စိမ့်ကြီးမြိုင်ကြီး' ပြည်တော်ပြန် နှစ်ပါးသွားပေါ့..။
ဝေးမြေရပ်ခြား ရောက်နေတဲ့ အချိန်မို့လေလား..၊ မပြောတတ်ပါဘူး...၊ နားထောင်ရ တာ ပိုလို့ အရသာ ရှိနေသလိုပဲ။ လွမ်းစရာလဲ ပိုတောင်ကောင်းနေသလိုပဲ။ အခုဒီမှာ ကျွန်မတယောက် ဘယ်လိုဖြစ်နေလဲ မသိ။ မနက်စာစားလဲ ဒီသီချင်းနှစ်ပုဒ်...။ ညစာစားလဲ... ဒီသီချင်းနှစ်ပုဒ်နဲ့။ စာရေးတော့လဲ ဒီသီချင်းနှစ်ပုဒ်နဲ့..။ အငိုဆရာတွေရဲ့ နှမပီသစွာ မျက်ရည်ကလဲ ကျရသေးတာ။ ကျွန်မရူးလောက်အောင်လဲ သီချင်းက ကောင်းပေတာကိုး။ အဆိုက ကောင်းပေတာကိုး။
'စိမ့်ကြီးမြိုင်ကြီး' ထဲက ဆရာကြီးဦးဘသိန်းရဲ့ စကားလုံး အနု၊ အနွဲ့၊ အလှလေးတွေ ကိုလဲ ကြည့်စမ်းပါအုန်း...။
'xxx ဖိုးရွှေခေါင် ငှက်ငယ်ကရယ်... မလေးကို မြည်ကာချော့တယ်...
ရီကာချော့တယ်xxx ရီပါတော့ကွယ်...၊ မြည်ကာချော့တယ်လေး...' တဲ့။
ပြည်တော်ပြန်လမ်း ခရီးကြမ်းမှာ...၊ ပင်ပန်းရှာတဲ့ ချစ်သူမင်းသမီးလေးကို မင်းသားလေးက ချော့တဲ့ အချော့လေး လေ..။ စကားလုံးလေးတွေ ထပ်ထားတာများ ဘယ်လောက်လှလဲ။ ကြင်နာ ညှာတာတတ်တဲ့ ယောက်ျားကောင်းတို့ရဲ့ စိတ်ကိုလဲ ကြည်နူး စရာ မြင်ရတယ်။ မလေးရယ်၊ မင်းမျက်နှာလေး ညှိုးနေလို့၊ ရွှေဖိုးခေါင်ငှက်ကလေးက၊ ပြုံးကာရီကာနဲ့ အော်မြည်လို့ ချော့နေရှာတာ.... ရီလိုက်ပါတော့ကွယ်တဲ့။
'ဟောဒီ ကုန်းအတက်ကလေးက ချော်မယ်.. မောင်ပုခုံးကို မှီတွဲလိုက်ပါ့ကွယ်' ဆိုတဲ့ အဖွဲ့လေး ကိုများ ကြည့်ပါအုန်း..။ 'ချော်မယ်' ဆိုတဲ့ စကားလုံးမျိုးလေးကို လူတိုင်း သုံးနိုင်ဖို့ မလွယ်ပါဖူး။
'တလှမ်းမကွာတယ်၊ ဘယ်ဆီ မြန်းပါစေတော့ရယ်xx၊ နန်းညာနွယ် တွယ်မှီကာ လိုက်ရှာလေတဲ့ မယ်' တဲ့။
'ကန္တာမဆုံးမီမှာကွယ်... တလမ်းလုံး သီကရီ... မဒီပန်းရှာရော့မယ်' တဲ့။
'ရှာ' ဆိုတဲ့ စကားထောက် လှလှလေးကို မန္တလေးသားဆရာကြီးက သုံးသွားတာလေး များ လှလိုက်တာ။
ကျွန်မကြိုက်သလောက်သာ ပြောရမယ် ဆိုရင်ဖြင့် ဒီသီချင်းနှစ်ပုဒ်ကို နားမထောင်ဘူး သေးရင်၊ နားထောင်ပြီးတော့လဲ မခံစားရဖူးဆိုရင် အဲဒီသူဟာ မြန်မာမဟုတ်ဖူး။
'မြိုင်ဟေမ၀န်' ကို တစိမ့်စိမ့် နားထောင်ရင်းနဲ့ မြိုင်ဟေမ၀န်စပါယ်ရှယ်လစ် ဆရာနိုး (ဆရာမောင်သာနိုး) ရဲ့ အသံဝါကြီးကိုလဲ လွမ်းပါ့ ဆရာနိုးရယ်။ အိုး.. ပြီးတော့ ခုမှ သိတယ်။ ကိုအံ့ကြီး ဆိုပေါက်တွေကို.. ဆရာနိုးက အပီရတာပဲ။ 'နွေဦးဆန်း... သမို့' 'ဆန်း' ဆိုတဲ့ နေရာမှာ လည်ချောင်သံလေးနဲ့ 'ဆန်း' လိုက်တာကအစ အပီပါပဲလား။
တောရိပ်တောင်ရိပ်တွေအောက်မှာ အသံကုန် ဟစ်အော်တတ်တဲ့ ဆရာနိုးရဲ့ 'မြိုင်ဟေမ၀န်' သံကို နားမထောင်ရတာ ကြာပြီ။
ကျွန်မ ပြန်လာရင် တောရိပ်တောင်ရိပ် တနေရာကို ကျွန်မတို့သွားပြီး အော်ကြရအောင် ဆရာနိုးရေ...။
ဒါပေမယ့် မမခင်လေးနွယ်ရေ...။ ကျွန်မတို့မှာ ဆရာနိုးအော်ရင် လိုက်အော်မဲ့ အဖွဲ့က နည်းသွားပြီနော်။ လက်ခုပ်သံတွေက သိပ်မြိုင်မှာ မဟုတ်တော့ဘူး။
'မောင်မင်းတို့ရေ' လို့ တိုင်လိုက်တဲ့နေရာရောက်ရင် 'ဘုရား' ဆိုတဲ့ အသံကုန် အော်လိုက်မယ့် အသံတွေက အားပျော့နေတော့မှာ....။
လက်ခုပ်တီးနေရာက စိတ်ပါလာရင် ခါးထောက်ပြီး ကဗျာလွတ်ထ 'က' တတ်သူ တယောက်လဲ ပါမှာမဟုတ်တော့...။
ပြုံးချိုမြမြနဲ့ လပ်ခုပ်တီးရင်း ပြာလဲ့လဲ့အသံနဲ့ လိုက်အော် ပျော်ရွှင်တတ်ရှာသူ တဦးဟာလဲ ကျွန်မတို့နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ဟို... အဝေးကြီးကို ထွက်သွားခဲ့ပြီ။
'ကမ္ဘာတ၀ှမ်းမှာ
ငါအလွမ်းဆုံး ရိပ်မြုံ
ရွှေတိဂုံစေတီရှိရာ
ကိုယ့်ပြည်ကိုယ့်ရွာသို့
ဘယ်ခါကျမှ ပြန်နိုင်ပါ့
လေယဉ်ဘယ်တော့မှ ဆိုက်နိုင်ပါ့
သည်မှာ မင်္ဂလာဒုံ
သည်မှာ ရွှေတိဂုံ လို့
အာရုံညွှတ်တမ်း
စိတ်ကပဲ မှန်းလိုက်ရ
အိမ်ပြန်လမ်းစ... မှုန်ပျပျ....' တဲ့....။
ကျွန်မ စိတ်ထိခိုက်လှတဲ့ ဒီကဗျာအပိုင်းအစလေးကို ပြီးခဲ့တဲ့ အပါတ်တနင်္ဂနွေ စာအုပ်ဂုဏ်ပြုပွဲမှာ ကျွန်မ ရွတ်ပြမိတော့၊ မျက်ရည်သုတ်ရှာတဲ့.. မြန်မာလူငယ်လေးတွေ...။
အိမ်ပြန်ချင်နေကြရှာတဲ့ ကျွန်မတို့ လူမျိုးတွေ...။
ကျွန်မမှာ အိမ်ပြန်ချိန် နီးပေမဲ့ ဒီမှာ ကျွန်မကို တုပ်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေ ကလဲ အများကြီးရယ်...။
ညနေစောင်းလို့ အလုပ်သိမ်းချိန်ရောက်တာနဲ့ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ တဖျပ်ဖျပ် စိမ်းလာကြတဲ့ G Talk ရဲ့ သံယောဇဉ် မီးစိမ်းလေးတွေ....။
'ဆရာမ နေကောင်းပါရဲ့လားခင်ဗျာ...၊ ရာသီဥတု အေးလာလို့ နွေးနွေးထွေထွေ ၀တ်ပြီး နေပါခင်ဗျာ..'
'လိုတာရှိရင်လဲ အားမနာပဲ မှာစေချင်ပါတယ်ခင်ဗျာ..၊ ရာသီအကူးအပြောင်းမှာ ဖျားနာ တတ်တဲ့အတွက် ကျန်းမာရေး ဂရုစိုက်ပါခင်ဗျာ..'
'ဆရာမ ဒိနေ့ ကျောင်းမသွားရဖူးလား၊ မီးစိမ်းနေတာ မြင်လို့၊ နေမှ ကောင်းရဲ့လားလို့...၊ ဘာပဲဖြစ်ဖြစ် အကြောင်းကြားစေချင်ပါတယ် ခင်ဗျာ..'
'ဆရာမရေ.. ခုတလော အဖမ်းအဆီးတွေ ကြမ်းနေတယ်၊ အသွားအလာခက်နေလို့ တနင်္ဂနွေ ဆရာမဆီ လာလို့ မရတော့ဘူး၊ စိတ်မပူပါနဲ့ ဆရာမ'
'ကျွန်တော်က ကျွန်ဇာတာပါတယ် ထင်ပါရဲ့ ဆရာမရယ်၊ ဆယ့်လေးနှစ်ရှိပြီ၊ ခုထိတော့ အဖမ်းမခံရသေးဘူး ဆရာမရဲ့...'
'ဆရာမ.. ကိုးရီးယားမှာ မြင်းခွါရွက်နဲ့ နံနံပင်ကို ခွဲလို့ရရဲ့လား၊ ဆရာမ ဒီလို ခရီးတွေ လျှောက်သွားနေတာကို အဖိုး (ဘိုးကျောက်ကြီး) များသိရင် သိပ်ဝမ်းသာမှာပဲနော်၊ သမီးက ငယ်ငယ်လေးကတည်းက ဆရာမရဲ့ စာဖတ်ပရိသတ်ပါ၊ စင်္ကပူကပါ၊ သမီး ဆရာမကို မအိပ်ခင် စင်္ကပူပုံပြင်တွေ ပြောပြမယ်နော်..'
'ဆရာမရေ.. ဟိုတခါ.. ဘောကျော်မွေးနေ့မှာ မုန့်ဟင်းခါး တူတူစားတဲ့ 'ကိုဘိုးသာ' တယောက် ပြေးရင်လွှားရင်း နှလုံးသွေးရပ်ပြီး ဆုံးသွားရှာပြီ.. ဆရာမရယ်'
'ဆရာမက ကြွက်နီ ကျတော့ သတိရ၊ မိုးဇော်ကျတော့ သတိရ ကျနော့်ကျတော့မေ့...၊ ချင်းမိုင်က.. ကြွက်ဖြူလေ..၊ ခုတော့ ချင်းမိုင်ကို မေ့ပြီပေါ့....'
ကျွန်မမှာ သူတို့လေးတွေရဲ့ မေတ္တာတွေနဲ့လဲ နွေးထွေးလှပါရဲ့...။
စိတ်ထိခိုက်စရာကျတော့လဲ စိတ်ထိခိုက်ပါရဲ့။
ညဖက်ရောက်လို့ တယောက်ယောက်ရဲ့ မီးစိမ်းလေး တက်မလာရင်.. ရင်ပူရပြီ..။ ကလေးတွေ ပါသွားပြီလား။ ဘာများဖြစ်ပါလိမ့်ဆိုပြီး ဖုံးဆက်ချင်ပြီ။
မီးစိမ်းလေးတွေနဲ့အတူ တင်ထားတတ်တဲ့ သူတို့ပြောချင်တာ၊ သတင်းပေးချင်တာ၊ ဝေမျှချင်တာ၊ ခံစားရတာလေးတွေကို ဖတ်ရတာကလဲ တခါတရံ စိတ်ဝင်စားစရာ၊ တခါတရံ ပြုံးစရာ၊ တခါတရံကျတော့လဲ မျက်ရည်ဝဲချင်စရာပါ။
'ကိုဘိုးသာ' လေး ဆုံးတဲ့နေ့က သူတို့တင်ထားတဲ့ စာလေးတွေလေ...။
'စနေနေ့တိုင်း သတိရနေတယ် ဘိုးသာရာ' တဲ့။
'ငါတို့အားလုံး စိတ်မကောင်းကြပါဖူးကွာ.. ဘိုးသာရာ၊ ကောင်းရာသုဂတိလားပါစေ' တဲ့။
ဒီက သံယောဇဉ်တင်မကပါဖူး..။ ဟိုး..... ကမ္ဘာအနောက်ခြမ်းမှာ နေထိုင်တဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်း အကိုကြီး မောင်မာယာ တယောက်ကလဲ အလွန်စိတ်ထိခိုက်အောင် ပြောတတ်တာ....။
'မြန်မာပြည်က ထညက်ခဲကို လွမ်းတယ်ဗျာ... မစားရတာ ဘယ်လောက် ကြာသွားပြီလဲ တောင် မပြေတတ်တော့ဘူး....'
'.... သူနဲ့ ငရံ့ အူနဲ့ မစားရတဲ့ သက်တမ်း၊ အတူတူလောက်ရှိမှာ.....'
'ဒီနေ့ တခုသတိရတယ်၊ '၀ရောင်းချဉ်'၊ မစားရတာ နှစ်နှစ်ဆယ် ကျော်သွားပြီ..'
' '၀ရောင်းချဉ်' ဆိုတာ သိလား၊ မော်လမြိုင်က။ ဒေါင်းခြေရောပဲ'
'အညာက နွားနို့ခဲ၊ ကျွဲနို့ခဲ ကိုလဲ လွမ်းတယ်....'
'စားချင်တာတွေ၊ သွားချင်တာတွေ၊ ကျန်းမာတုန်း၊ စားနိုင်တုန်း၊ သွားနိုင်တုန်း၊ ပြန်နိုင်ရင် ကောင်း မှာနော်...၊ ကပ်ပေါ်တင်ပြီး ပက်လက်ပြန်သွားရလို့ ဘာလုပ်ရမှာလဲ...'
'ဘယ်လိုမှ မတတ်နိုင်ပါဖူး.....'
ဘယ်လိုမှ မတတ်နိုင်ပါဘူးတဲ့.....။ မပြောပါနဲ့...။ အဲလို မပြောကြပါနဲ့...။
အိမ်ပြန်ချိန်ဆိုတာ ရောက်လာမှာပါ...။
ပျော်စရာ အကောင်းဆုံးနဲ့ ကြည်နူးစရာအကောင်းဆုံး အိမ်ပြန်ချိန်ဟာ တနေ့နေ့မှာ ရောက်ကိုလာမှာပါ..........။

နုနုရည် အင်းဝ။