Saturday, March 19, 2011
ဝသုန္ဒြီ မဟေသီ
ရေးသူ - မိနှောင်း
[ဒီကဗျာကို မာယာအတွက်၊ သူ့ စုဆောင်းမှု ကိုယ်ပိုင်စာကြည့်တိုက်က ရိုက်ကူးပို့တဲ့ ကဗျာဆရာမ မေငြိမ်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း။]
မကိုဋ်နဖူးစီး
ပြောင်ဟီးသတင်းပေး
ရွှေချွေး ငွေချွေး လက်ယပ်ခေါ်
ထန်းလျက်က တဆုပ်
သကြားရုပ် လောကနတ်
နှုတ်မြတ်အချိုတည်
ဝမ်းဝယ်ဘ၀ပြောင်း
ခေါင်းဆယ်လုံးဒဿ
မာယာပြသီတာငယ်ကို.. လို…။
ဘယ်မျက်လုံးကန်း
စိုးရိမ်စမ်းလျှောက်
ဝဲဘက်ရောက်လေကြောင်
အောင်အတိတ်နဲ့ ချောင်ပိတ်မိသူများ
ပီတိအပြားလိုက်ကပ်တော့သတည်း။
မိနှောင်း
မိနှောင်းရေးတဲ့ နှောင်းသစ္စာ ကဗျာစာအုပ်
၂၀၁၀ ဒီဇင်ဘာ။ ကြယ်နီစာအုပ်တိုက်
Friday, March 18, 2011
တအိအိ အနောက်မှာ
ရေးသူ - ညီပုလေး
{အင်တာနက်ကနေ ရတဲ့ ရွှေအမြုတေက ညီပုလေးဝတ္ထုကို မာယာက ကြိုက်လို့ တဆင့် ကူးယူတင်ပြလိုက်တာ ဖြစ်ပါတယ်။}
ဟောဒီမြို့မှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့၊ ရှင်စန်္ဒိမာလမ်း၊ အာဇာနည် လမ်းတို့ကို မြို့နေပြည်ထိုင် ပုဂ်္ဂိုလ်တိုင်း သိမီကြတယ်။ အထင်ကရ လမ်းကြီးတွေ ဟုတ်လား။
အဲဒီ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်မှာ ဆိုင်တွေ၊ ကနားတွေ အများကြီး။ ရွှေဆိုင်တွေလည်းရှိတယ်။ ကျောက်မျက်ရတနာ အရောင်း ဆိုင်တွေလည်း ရှိကြတယ်။ ပုဂ္ဂလိက ဘဏ်တိုက်တွေရော၊ စားသောက်ဆိုင်တွေရော၊ ရုပ်ရှင်ရုံတွေရော၊ စတိုးဆိုင်တွေရော၊ ဖိနပ်ဆိုင်တွေ၊ နာရီ အရောင်းဆိုင်တွေ၊ ဘာလိုချင်သလဲ ဟောဒီ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာအကုန်ရတယ်။
ဒီတော့စာအုပ်ဆိုင်ဆိုတာလည်းပါတော့တာပေါ့။ စာအုပ်ဆိုင်ကရှိတော့ရှိတယ်။အကြီးကြီးတော့ မဟုတ်ဘူး။ စာအုပ်ဆိုင်ရှင်တွေခမျာ စစချင်းတော့ နည်းနည်းနဲ့ကျဲကျဲဝိုင်းကြရတယ်ထင်ပါရဲ့။ ဆိုင်ရှင်လင်မယားနှစ်ယောက်မှာ ယောက်ျားသည်က ညိုညိုပုပုပါးပါး၊ မိန်းမဖြစ်သူက ဖြူ ဖြူ ဖြောင့်ဖြောင့်။ သူတို့နှစ်ယောက်ကို မြင်ရတဲ့ စာအုပ်ဝယ်သူတွေက ရှေ့သွားနောက်လိုက် ညီပါပေတယ်လို့ ဆိုသူ ရှိသလို ဘယ်လိုကြည့်ကြည့် မအပ်မစပ်တဲ့ အတွဲပါကွာလို့ တွေးသူလည်း တွေးမိကြပေမပေါ့။ သူတို့ နာမည်တွေကလည်း ၀တ္ထုစာအုပ် မာတိကာထဲက ယူပြီးမှည့်ထားသလိုပဲ။ ခင်ပွန်းဖြစ်သူကကိုထွန်းဆွေမင်းတဲ့။
ထွန်းတောက်ထွဋ်ဆီ က ထွန်းကိုယူ၊ ဦးဆွေ(ဒဿ နိက)ဆီက ဆွေကိုကောက်၊ မင်းခိုက်စိုးစန်ဆီက မင်းကိုယူ မှည့်ထားရော့သလား။ ဇနီးသည်ရဲ့ နာမည်က လည်း မခေဘူး။ နှင်းခင်ရီ တဲ့လေ။ ခင်နှင်းရီ၊ ခင်နှင်းရည် ဆိုတာလို ကြားဖူးနေကျ နာမည်မျိုး မဟုတ်ဘဲ နှင်းခင်ရီတဲ့လေ။ စာရေးဆရာမတွေ ဖြစ်ကြတဲ့ နှင်းဆီအောင်၊ ပုညခင်၊ ကေသရီတို့ကိုများသူ့မိဘကစွဲလမ်းခဲ့လေသလား။
ကိုထွန်းဆွေမင်းက မနက်စောစော ဆိုင်ခင်းလေ့ ရှိတယ်။ ဒီမောင် ဆိုင်ရှေ့မှာ တံမြက်စည်း လှည်းရင် မနှင်းခင်ရီက စင်ပေါ်က စာအုပ်တွေ ဖုန်သုတ်တယ်။ ပါးစပ် ကတော့ ဈေးရောင်းကောင်းမယ့် ဓနသိဒ်္ဓိ ဂါထာ တစ်ခုခု ရွတ်ရင်းပေါ့။ အကြောင်း မညီညွတ်လို့၊ ဒါမှမဟုတ် ကိုထွန်းဆွေမင်း ရပ်ကွက်ထဲက လူမှုရေး ကိစ္စ တစ်ခုခုရှိလို့ တံမြက်စည်း မလှည်းအားရင်မနှင်းခင်ရီလှည်းတယ်။ဖုန်လည်းသုတ်တယ်။
မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုင်လေးပါပဲ။ စစချင်း စာအုပ် သုံးလေးရာနဲ့ စဖွင့်ခဲ့တဲ့ ဆိုင်ကလေး။ ဆိုင်သက်တမ်းငါးနှစ်လောက်ရတော့ စာအုပ်ရေ တစ်ထောင့်ငါးရာ ဖြစ်လာရော။ သိပ်ပြီးထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒီလင်မယားချွေချွေတာတာ ၀တ်စားကြတယ်လေ။ ရောင်းရသမျှဆိုင်ထဲပဲပြန်မြှုပ်နှံတဲ့သဘော။ အပျော်ဖတ်စာအုပ်တွေ၊ ကျောင်းပြဋ္ဌာန်းချက်တွေ မရောင်းလေတော့ သူတို့စာအုပ်ဆိုင်လေးက “ဖြောက်ဖြောက် ဖြောက်ဖြောက်” ရောင်းရတဲ့ ဆိုင်လေး။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ သခင်မြသန်း၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ သိန်းဖေမြင့်၊ ခင်မျိုးချစ်၊ အောင်သင်း၊ ဦးရွှေအောင်၊ ရွှေဘိုမိမိကြီး တို့ရဲ့ စာအုပ်မျိုးတွေ ရောင်းရာကနေ စာဖတ်ပရိသတ် တောင်းဆိုတဲ့ ခင်နှင်းယု၊ ခင်ဆွေဦး၊ ကလျာ၊ တက္ကသိုလ် ဘုန်းနိုင်တို့ တင်ရောင်းလာတယ်။ စာအုပ်ဝယ်သူတွေရဲ့ အလိုကို လိုက်ရင်း ရှင်ဆန္ဒာဓိက၊ ရဝေနွယ်(အင်းမ)၊ မေတ္တာရှင်(ရွှေပြည်သာ)၊ ဆရာကြီးဦးကြည်၊ ဂျူး၊ မင်းခိုက်စိုးစန် တို့ပါ ဖြန့်ချိရပါလေရော။
စာအုပ်ဝယ် ဆိုတာက စိတ်ကူးအမျိုးမျိုးနဲ့ လာကြတာ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်း ၀ယ်မလို့လာတာ၊ ဒါပေမဲ့ ဒေါက်တာ သန်းထွန်းရဲ့ ငါ ပြောချင်သမျှ ငါ့အကြောင်း တွေ့တဲ့အခါ ကောက်ဝယ်ချင် ၀ယ်သွားတာ။ လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များဝယ်ပြီး ငွေပိုငွေလျှံလေးကျန်သေးတော့ ဘုရားရှိခိုးအမျိုးမျိုးပါ ၀ယ်သွားသူ မျိုးလည်းရှိ။ ဖြောက်ဖြောက် ပေမယ့် တချို့ဈေးဝယ်တွေက ဒိပြင် စာအုပ်ဆိုင်ကြီးတွေ မြို့အနှံ့ ရှိပေမယ့် သူတို့ဆိုင်ကိုမှ ပုံမှန်အားပေးကြတဲ့ အမာခံ ဖောက်သည်တွေလည်းရှိတယ်။
ကုန်စည်ဒိုင်က ပဲအရောင်းအ၀ယ်ဆရာကြီးကိုကြည်လွင်လိုပုဂ်္ဂိုလ်၊ ဆန်ကုန်သည်များ အသင်းက ကိုသိန်းဇော်လိုလူ၊ သမိုင်းကျူရှင်ဆရာ ဦးသိန်းဟန်၊ ပွဲကုန်းက ဒေါက်တာစံရ၊ မဟာဝိသုဒ္ဓါရုံနဲ့ မြတောင်တိုက်ကဦးပဉ္စင်းတချို့၊ စစ်ကိုင်း မြစကြာကျောင်းတိုက် ဦးပဉ္စင်းတွေ၊ သူတို့လိုချင်တဲ့စာအုပ် ဒီဆိုင်မှာမရှိရင် မှာထားခဲ့တယ်။ နောက်တစ်ခေါက်မှယူမယ်။ အဲဒီအခါ ကိုထွန်းဆွေမင်း ဆိုင်ကယ် ဖင်ကြားညှပ်ပြီး အော်ဒါပေးထားတဲ့စာအုပ် မရ ရအောင် ရှာပြီ။
ဒီလိုနဲ့ လစဉ်ဝယ်သူတွေ၊ ပုံမှန် ဖောက်သည်တွေ တစ်လပြီး တစ်လ တိုးလာတော့တယ်။ သူတို့ သင်ပေး လို့ပဲ ဗလာစာအုပ်ပါ တွဲရောင်းတော့ အထိုက်အလျောက် ရောင်းရတာပါပဲ။
စာအုပ်ချည်းလား၊ ခဲတံလေး၊ ဘောလ်ပင်လေး ပါထားလေ။ ပြန်အမ်းစရာ အနုပ်မရှိတဲ့ အခါ ဘောလ် ပင် အမ်းနေကြတာ၊ ပေတံ မရှိဘူးလား။ ခဲဖျက်ရော၊ ခဲသား ဘောလ်ပင် တင်ဦး၊ ဒီလိုနဲ့ မနှင်းခင်ရီ ဈေးချိုထဲက စာရေး ကိရိယာဆိုင်တွေဘက် ခြေဦး လှည့်တဲ့အခါ လှည့်ရတယ်။
စာအုပ်ရောင်းတယ် ဆိုတာ လာဝယ်သူက ဘာစာအုပ် မရှိဘူးလားလို့ မေးရင် ရှိပါတယ်။ ဒီမှာပါ ခင်ဗျာ၊ ဒီမှာပါရှင် ဆိုပြီး ၀ယ်သူ့လက် အပ်လိုက်ချင်တာ။ ဒါပေမဲ့ စာအုပ်တိုက် မျိုးစုံက စာအုပ်တွေကလည်း ထွက်လိုက်တာ၊ သူတို့ ဇနီး မောင်နှံ လိုက်မမီဘူး။
ဈေးဝယ် ဖြောက် ဖြောက်ဆိုတဲ့ စကားဟာ ဘာ အလင်္ကာ မြောက်တယ်တော့ သူတို့ ဇနီးမောင်နှံ သိကြပုံ မပေါ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့မိတ်ဆွေဆိုလည်း ဟုတ်၊ သူတို့ရဲ့ စာအုပ်ဝယ်ဖောက် သည်ဆိုလည်း ဟုတ်တဲ့ ဒေါက်တာ စိုးစန်ရဲ့ ဆေးခန်းကလည်း ဖြောက်ဖြောက် ထဲမှာပါတယ်။ ဒေါက်တာ စိုးစန်ရဲ့ ဆေးခန်းက မြို့စွန်မြို့ဖျား မဟုတ်သလို လူစည်ကားတဲ့မြို့အလယ်ကောင်လောက်မှာလည်းမဟုတ်ဘူး။
ဒါပေမဲ့ သူလိုအမ်ဘီဘီအက်စ်ဘွဲ့ တစ်ခုတည်း ပိုင်ဆိုင်ထားတဲ့ ဆရာဝန်ခမျာ ရှင်စန်္ဒိမာ လမ်းပေါ်မှာ အတော် ရုန်းရရှာတယ်။ ဒေါက်တာစိုးစန်က ကိုထွန်းဆွေမင်းတို့ဆိုင်က တိုင်းမ် မဂ္ဂဇင်းအဟောင်း၊ ရီးဒါးဒိုင်ဂျက်စ်အဟောင်းလေးတွေဝယ်ပြီး ဆေးခန်းမှာလူနာတွေစောင့်ရင်း ဖတ်လေ့ရှိတယ်။
လူချင်း ခင်လေတော့၊ ဘယ့်နှယ်လဲ ဆရာ ဆေးတွေ ၀ယ်လာတာ များလှချေလား၊ လူနာတွေ ကျတယ်လို့ ထင်တယ်မေးရင်၊ ဟုတ်ပါဘူးဗျာ၊ ဒါ ယောက္ခမကြီးအတွက် အ၀ယ်ခိုင်းလို့ ၀ယ်လာတာ၊ ဆေးခန်းဖွင့်တာ အင်္ဂလိပ်စာတော့ အတော်တိုးတက်လာပြီ ဆိုတဲ့ ဖြောက်ဖြောက်ဖြောက်ဖြောက်မျိုး။
မြန်မာ့ရေနံကအင်ဂျင်နီယာ ကိုတင့်လွင်နဲ့ ကွန်ပျူတာဆရာ ကိုမျိုးတို့ ခဏခဏ မေးကြလွန်းလို့ မန္တလေးမြို့ မြေပုံ၊ မြန်မာပြည်မြေပုံ၊ ကမ္ဘာမြေပုံ၊ အေဘီစီဒီ ကားချပ်၊ ကကြီးခခွေး သင်ထောက်ကူကားချပ် ပလတ်စတစ်လောင်းပြီးသားတွေ ချိတ်ထားလိုက်တယ်။ မဟာမုနိဘုရားကြီး ပုံတော်တွေ တောင် ပါလိုက်သေး။ ရွှေတိဂုံ၊ မဟာမုနိ၊ ကျိုက်ထီးရိုး ဘုရား စေတီကြီးသုံးဆူရဲ့ရုပ်ပုံတွေပါမကျန်ဘူး။
ဒါတွေလည်း ဖြောက် ဖြောက် ဖြောက်ဖြောက်နဲ့ ရောင်းနေရတာပဲ။ စာအုပ် ဆိုင်သက်လေး အတော် ရလာတော့ ကိုထွန်းဆွေမင်းက စာအုပ်လာဝယ် သူတွေကို ခန့်မှန်းတဲ့ အကျင့် ကျင့်ကြည့် တယ်။ ဒီပုဂ်္ဂိုလ် ကြည့်ရတာ ရှေ့နေ ထင်ပါရဲ့။ ဒါဆိုရင် သူတို့ဖောက်သည် ရှေ့နေ ဦးထွန်းဝေနဲ့များ စာအုပ် အကြိုက်ချင်း တူလေမလား။ အတွေးအမြင်၊ ရွက်နုဝေ၊ အောင်ပင်လယ်၊ ရနံ့သစ် မဂ္ဂဇင်းတွေကို ရောင်းရမယ် ထင်ပေမယ့် “ရေးပေးပါ” လို သူ့မြေးအရွယ်တွေဝယ်လေ့ ရှိတဲ့စာအုပ် ရှိသလားမေးချင် မေးတာမျိုး။
ဒီကလေးမ တစ်သိုက် ကတော့ ကွန်ပျူတာ စာအုပ်တွေ လှန်လှောကြမယ် ထင်ပါရဲ့။ ဖိုတိုရှော့တွေ၊ ၀င်းဒိုးစ်တွေ၊ ကိုရယ်ဒရောတွေ ရှိရဲ့လားလို့ ကိုထွန်းဆွေမင်း မျက်လုံးနဲ့ ကြိုရှာ ထားပေမယ့် သူတို့မေးတဲ့ စာအုပ်က မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ပြုစုတဲ့ သညာသိနှင့် ပညာသိဆိုတဲ့ သုဒ္ဓ၀ိပဿနာကျင့်စဉ်စာအုပ် ဖြစ်ချင်ဖြစ် တတ်တယ်။
ကိုထွန်းဆွေမင်းနဲ့ မနှင်းခင်ရီတို့ ခမျာလည်း စာအုပ်ဆိုင် ဖွင့်ခါမှ သူတို့နဲ့ အသက်အရွယ် မတိမ်းမယိမ်းတွေက ဦးလေး၊ ဦးကြီးတို့၊ ဒေါ်ကြီး၊ အန်တီတို့ အခေါ် ခံရလို ခံရနဲ့။ တစ်ခါတစ်ရံတော့ ကိုထွန်းဆွေမင်း မှန်းချက်နဲ့ နှမ်းထွက် ကိုက်တယ်။ ဒီချာတိတ် သုံးယောက်ကတော့ ကဗျာစာအုပ် ၀ယ်မယ့် ချာတိတ်တွေလို့ ထင်မိတာ။မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင်သာမက စောဝေ၊ နွယ်စိမ်းဝေဆိုတဲ့ ဆိုင်ကပ် နေတတ်တဲ့ ဝေနှစ်ပါး ၀ယ်သွားသလိုမျိုးကြုံရရင်အလွန်ပျော်တာပေါ့။
ဒါပေမဲ့ အဲဒီနေ့ ကိုထွန်းဆွေမင်း နာမည် ပေးခက်တဲ့ ခံစားမှု တစ်ခုခံစား လိုက်ရတယ်။ စာအုပ် လာဝယ်သူတွေရဲ့ ဒီဇိုင်းတွေက ဈေးသူ ဈေးသား ထင်ပါရဲ့။ မော်တော်ကားနဲ့ လာတာ။ သပ် သပ်ရပ်ရပ်ဝတ်စားလာကြတာ။ အချိန်ကလည်း ဈေးချိုမှာ ဆိုင်ခင်းကြ၊ မန်းမြန်မာပလာဇာမှာ ဆိုင်ထွက်ကြတဲ့အချိန်။
အဒေါ် အရွယ်နဲ့ တူမ အရွယ်နှစ်ယောက် ကားပေါ်က ဆင်းလာကြတာ။ သားအမိလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါဆရာမ ခင်နှင်းယုပရိသတ်၊ ဒါမှမဟုတ် ဆရာမကြီး လူထုဒေါ်အမာ ပရိသတ်ထင်ရဲ့။အမေ့ရှေးစကားလား၊ဇီဝဇိုးလား။
“၀သုန္ဓရေလက်ရေးဆိုတဲ့စာအုပ်ရှိသလား”
ကိုထွန်းဆွေမင်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး ရှော့ခ်ရ သွားတယ်။
၁၉၈၇ ကာလဆီက ထွက်ခဲ့တဲ့ ၀တ္ထုတိုစုစည်းမှုစာအုပ်လေး။ မန္တလေးမြို့က ထုတ်ဝေတဲ့ လက်ခုပ်သြဘာ သံတွေညံခဲ့တဲ့ ဒီစာအုပ်လေး။ သူမှတ်မိတယ်။ သူ့ဆိုင်ကတင် အုပ်သုံးလေးဆယ် လောက် ရောင်းခဲ့ရဖူးတယ်လေ။ ဟေ့ကောင် စဉ်းစား စမ်း၊ အဟောင်းဆိုင် တစ်ခုမှာ မင်းတွေ့ခဲ့ဖူးတယ်လေ။ အဲဒီ ဆိုင်ညွှန်းရအောင် ထွန်းဆွေမင်း ပြန်စဉ်းစားစမ်း။ အမြန်စဉ်းစားပေမယ့်စဉ်းစားလို့မရဘူး။
စဉ်းစားလို့မရတာ ဒီလိုကား၊ ဒီလိုအဆင်အယင်နဲ့ ၀သုန္ဓရေလက်ရေးဆိုတဲ့စာအုပ်နဲ့ ဘယ်လိုမှ ဆက်စပ်မရတာလည်းပါတယ်။ ကိုထွန်းဆွေမင်းက အရိုးခံအတိုင်း ပြောလိုက်တယ်။
“ဒီစာအုပ်က ထွက်ခဲ့တာ ကြာသွားပြီ။ ကျွန်တော့်ဆိုင်မှာ မရှိပါဘူးခင်ဗျာ၊ အဟောင်းဆိုင် တွေမှာမှရှိလိမ့်မယ်။ကျွန်တော်ရှာထားပေးရမလားခင်ဗျာ”
ဟုတ်ကဲ့လို့ အမျိုးသမီး နှစ်ယောက်ပြိုင်တူ ဖြေကြပြီး အသက် နည်းနည်းကြီးသူက “ကျွန်မတို့ ဖုန်းနံပါတ် ပေးခဲ့မယ်၊ အဲဒီစာအုပ်ရရင် ဖုန်း ဆက်ပေးပါလားရှင်”
ကိုထွန်းဆွေမင်း ခေါင်းလည်း ညိတ်သလို ပါးစပ်ကလည်း ဟုတ်ကဲ့လို့ ပြော လိုက်မိတယ် ထင်ပါရဲ့။
ပြည်သူချစ်သော အနုပညာသည်များ စာအုပ်နဲ့ အမေ့ ရှေးစကား ပ-ဒု-တ သုံးတွဲ စလုံး ရောင်းလိုက်ရတယ်။
သူတို့တစ်တွေ ဆိုင်က ထွက်သွားပြီး ခဏနေမှ ကိုထွန်းဆွေမင်း သတိရတော့တယ်။ ၀သုန္ဓရေလက်ရေးစာအုပ်ကို အာဇာနည်လမ်းပေါ်က ကိုခင်မောင်ရဲ့ စာအုပ်အဟောင်းဆိုင်မှာ သူတွေ့ခဲ့ဖူးတယ်။ သူလည်း ဖတ်ဖူးပြီး ကြိုက်တဲ့စာအုပ်ကို အခုလို လာမေးတော့ ကိုထွန်း ဆွေမင်း မရရအောင် ရှာပေးချင်မိတယ်။ နေနှင့်ဦး၊ ပိုက်ဆံ မရှိသေးလို့၊ ငါ့မှာများ ပိုက်ဆံ ရှိရင် ဒီစာအုပ်မျိုး ပြန်ထုတ်မယ်လို့ ကြုံးဝါးတဲ့ အထဲမှာ ၀သုန္ဓရေလက်ရေး စာအုပ်လည်း တစ်အုပ် အပါအ၀င်ပေါ့။
ဆရာဝင်းစည်သူ၊ မိုးမိုး (အင်းလျား)၊ နုနုရည် (အင်းဝ)၊ ခင်ပန်နှင်း၊ သိုက်ထွန်းသက်၊ ရဲသျှမ်း၊ ညီပုလေးတို့ အမျိုးသားရေးတာဝန်ကျေခဲ့ကြတဲ့ လက်ရာတွေ။ ဒီစာအုပ် ပြန်ထုတ်ခွင့်ရရင် စာရေးဆရာတွေကိုလည်း ဉာဏ်ပူဇော်ခ စို့စို့ပို့ပို့ ကန်တော့လိုက်ဦးမယ်လို့ တေးထားတဲ့ စာအုပ်။
အရောင်းအ၀ယ်ပါးနေချိန်မှာ ဆိုင်ရှေ့ကို မော်တော်ဆိုင်ကယ် မပြောနဲ့ စက်ဘီးနဲ့ ဖြစ်ဖြစ်၊ ခြေကျင်ပဲဖြစ်ဖြစ် လူတစ်ယောက်ယောက်လာရပ်ပြီး ဆိုင်ဘက်ကြည့်နေရင် ကိုပဲ မျှော်လင့်တကြီးနဲ့ ပျော်ရတာ မဟုတ်လား။ ရောင်းရ ချေသေးရဲ့၊ ရောင်းချင်လွန်း လို့လေ။
ဒီတစ်ခါတော့ အမျိုးသမီးလေး တစ်ယောက် သပ်သပ်ရပ်ရပ်၊ ဣနြေ္ဒရရလေး။ အသက်တော့ အစိတ်နဲ့သုံး ဆယ်တွင်းလောက် ရှိပေ မပေါ့။ မော်တော်ဆိုင်ကယ် ပေါ်က ဆင်းတာလည်း အေးအေးဆေးဆေး။ ဒီဆိုင်မှာ ၀ယ်နေကျ ဖောက်သည် ဟန်မျိုး။ သူစီးလာတဲ့ မော်တော် ဆိုင်ကယ်ကလည်း သူဝတ် စားထားသလိုပဲ သစ်သစ် လွင်လွင် ပြောင်ပြောင်လက်လက်။ ကုမ္ပဏီဝန်ထမ်းလား၊ ဘဏ်ဝန်ထမ်းလား၊ တက္ကသိုလ် တစ်ခုခုက ဆရာမလေး လေလား။ ဒါမှ မဟုတ်အတော်အတန်ပြည့်စုံတဲ့အသိုင်းအ၀ိုင်းကလား။
စာအုပ်စင်ပေါ်က စာအုပ်တွေကို တစ်ချက် ဝေ့ကြည့်ပြီး သင်ထောက်ကူ ကားချပ်တွေ၊ မြေပုံကားချပ် တွေဆီ သူ့မျက်လုံးလေး ရောက်သွားတယ်။ က ကလေးငယ် ချစ် စဖွယ်လား၊ အေဖော် အဲရိုး ပလိန်းလား။ ဒါမှမဟုတ် ကိုး န၀င်း မိုးလင်းမှသိမယ်ဆိုတဲ့ အဆင့်ကိုးဆင့်ပါတဲ့ ပုတီးစိပ်နည်းကားချပ်လား။
စာအုပ်သည် ဆိုတာ ၀ယ်သူရဲ့ လိုအင်ကို ဖြည့် ဆည်းရင်း ဆိုင်ကလေးဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားရတာ ဟုတ်လား။ အခုလာတဲ့ အမျိုးသမီးလေးရဲ့ လိုအင်ကို သူတို့ လင်မယား ဘယ်လို ဖြည့်ဆည်းကြမလဲ။ အမျိုးသမီးလေးက “တရုတ်စာနဲ့ ရိုက်ထားတဲ့ မြန်မာပြည် မြေပုံတို့၊ မန္တလေး မြို့မြေပုံတို့ ရှိသလား”တဲ့။ သူတို့ လင်မယားနှစ်ယောက်ခမျာ ပါးစပ် အဟောင်းသားနဲ့။
ညီပုလေး
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)
Saturday, March 12, 2011
ပျောက်ဆုံးသွားသောမိန်းမများ
ရေးသူ - ဖော်ဝေး
[၁]
နေခြည်နုလေးများထက်
အနှီးတထည် ဖျတ်ဖျတ်လွင့်နေတယ်။
လုံချည်ဂွင်းသိုင်း
ဆံရစ်ဝိုင်းနဲ့ကလေးငယ်
ဟိုး.... မြစ်ပြင်ကျယ်ဆီမှ
လှေတစင်း ထွက်လာလိမ့်မယ်။
အတ္တရံမြစ်ကမ်းပါး
အစွန်အဖျား ရွာလေးတရွာမှာ
ငါမွေးဖွားခဲ့ပါတယ်။
မုန်တိုင်းတခုရဲ့ ၀မ်းဗိုက်
ဘယ်ကလောက်ကျယ်လိုက်သလဲ
ဒေါနတောင်ကြီးကိုဖြို
ဧရာဝတီကိုသောက်
(အများထဲကတယောက်ပါ)
အဖမဲ့သားတယောက်ရဲ့ ကြမ္မာအစအန
တကိုယ်လုံးမှာရှခဲ့ပြီ။
၁၉၄၉ မှ
အရှိုးရာဗရပွနှင့်
ငါထလာခဲ့သည်။
ဆံညိုညိုတွင်
ပြာဖြူဖြူပေကပ်
သနပ်ခါးထူထူလိမ်း
မုန့်စိမ်းပေါင်း ပေါင်းသူ
မရွေးကွက်လုပ်သူ
သနပ်ဖက်ထိုးသူ
အို.... သူမ
တလောကလုံးရဲ့ အင်အားများ
စုပွါးထားသူ။
အကစားပဲ မက်နေတာပဲ
မုန့်တွေတော့ ကုန်အောင်မရောင်းဘူး
ကဲဟယ် ကဲဟယ်
အို.... မေမေရယ်
လက်ဝါးပြင်နှစ်ချက်နဲ့
မေတ္တာမျက်ရည် တပေါက်နှစ်ပေါက်
ကျွန်တော့နှလုံးသား အောက်ခြေမှာ
ခုထိ အနယ်မထိုင်သေးပါ။
ဗုံးခိုကျင်းထိပ်မှာလဲ
အိပ်မက်တခု တွဲလွဲချိတ်
ခုတိုင်မူးရိပ်မပြေနိုင်
"ဗုံးနီနီကြီးက လှလိုက်တာနော်"
"သြော်... သားရယ်"
အမောမျက်နှာ သောကမျက်နှာ
မေတ္တာမျက်နှာ ကဗျာမျက်နှာ
အသာယာဆုံးတေးဆိုသူ
လူအပီဆုံးမိန်းမ
အလှဆုံးမေမေ။
ကြုံလှီဖြူဖျော့သောနေ့ရက်များ
ထွားကြိုင်းခက်မာလှသော ဒုက္ခ
ဘ၀ရဲ့ ပျားရည်စက်
"သားအတွက်ပါကွယ်"
"မြို့တက်ကျောင်းနေရမယ်"
ကျိုးကျတော့မယ့်တာရိုးပေါက်
အမေတယောက်တည်း ပိတ်ဆို့တယ်။
သြော်.... အမေ
နွေလက်အ၀ါ
ကြွေရွက်အ၀ါ
ချူချာသောကမ္ဘာကြီးမှ
အပြီးအပိုင်ထွက်ခွါသွား
ညတညလုံး လေထန်တယ်။
ဤရာစုအထိ
ချို့ငဲ့ခြင်းအဆင်းနဲ့
ပြည့်စုံခြင်းအတက်မှာ
တယောက်စာလမ်းကျဉ်းလေး
လူ့သွေးများနဲ့ ခင်းထားရဲ့။
သူတို့ကို ဖြေရှင်းပေးခဲ့သော
ကံတရားသည်
သူတို့ကို ဖြေသိမ့်ပေးခဲ့သော
တမလွန်သည်
အရုဏ်နီတလင်းပြင်၌
အမှိုက်အဖြစ် ကျန်ရစ်မည်
"လူဆိုသည်ကား
........................
........................
........................။
တရားသည်
နွားစားသွားသည့်မြက်နှယ်
ခါးလယ်မှပြတ်ရရှာပြီ။
[၂]
တောသည်၎င်း
တောင်သည်၎င်း
မြစ်ချောင်းအင်းအိုင်များသည်၎င်း
မပေါင်းဆုံနိုင်သော မေတ္တာဘွဲ့
ဆိုခဲ့ကြရသည်။
မိန်းကလေးရယ်
စိမ်းလန်းတဲ့နှလုံးသား
ရိုးသားတဲ့ဆက်ဆံရေးတွေ
လမ်းဘေးမှာကြေမွကုန်ကြပြီ။
ဒေါင်းချီမောင်းချီ
ချွေးဝေ့သီမျက်နှာနဲ့
ခမျာရန်တွေ့နေရှာပါပကော။
ညှိုးနွမ်းသိမ်ငယ်ခြင်းရဲ့
နေရင်းနိုင်ငံမှာ
သူမ၀င်ရောက်လာသောနေ့
လေ့လာသူ သုတေသီများ
အပျော်ကူးစက်သွားတော့မည်။
စစ်တောင်းကမ်းပါးပေါ်က
ရထားလမ်းဘေးမြို့ငယ်ဟာ
ကမ္ဘာကြီးထဲမတော့
အမဲစက်ကလေးတစက်သာ
ငါ့နေရာကကြည့်တော့လဲ
အမဲစက်ကြီးတစက်သာ။
နံစော်သောနာရီများသည်
သူမ၏ရယ်မောဂီတ၌
ငေးစိုက်မင်သက်မိကြပြီ။
ဟင့်အင်း.... ချစ်သူ့လက်ဆောင်မှာ
မာနမထားရဘူးမောင်
ခဲတန်ဖောင်တိန်တချောင်းနဲ့
ငါ ၇ တန်း အောင်ခဲ့တယ်။
ဟိုမှာ ခေါင်းငိုက်စိုက်ကောင်လေး
သွေးအလိမ်းလိမ်းနဲ့
ဒိန်းဒလိန်းနတ် ဖမ်းစား
နှလုံးသားလက်မှာကိုင်
တိုင်တည်နေပါပေါ့။
တတိယအကြိမ်
ချစ်သူ့စေ့စပ်သတင်းများ
ဝါးဓနိသက်ကယ်အိမ်ငယ်ထဲ
ခြေလှမ်းကြဲကြဲလျှောက်လာတယ်။
လေးကျွန်းကန်တော်ကြီးမှာ
အပျော်လှေစီးရအောင်ကွယ်
သြော်..... ကလေးရယ်
မင်းသွေးအေးပါပေရဲ့
တတ်လဲတတ်နိုင်ပါပေရဲ့။
ရွံ့ဗွက်ထဲက ဖိနပ်လောက်တောင်
အရောင်မတောက်တဲ့ကောင်ကကွာ
အသပြာရယ်မောသံက
ငါ့နှလုံးသားနုနုထဲ
သလိပ်ချွဲခန်းများနဲ့ ထွေးလိုက်တယ်။
တွန်သံမှမကြားရဘဲ
ကြက်ဖိုကြက်မရယ်လို့
ငါခွဲခြားပြမိခဲ့လေသလား။
ချစ်သူရယ်
အ၀တ်တထည် ကိုယ်တခုနဲ့
ရေကြည်ရာမြက်နုရာမှာ
ကဗျာတပုဒ် ဖွဲ့စို့နော်။
သြော်... မန္တလာက
မန်းသီတာဥယျဉ်ပင်
မမြင်ချင်ရင်တုန်လှိုက်
ငိုရှိုက်နေပါပကော။
နေခြည်ပျောက်တကွက်နှင့်
နှင်းတောင်ထုအား
ပျော်ကျသွားရန်မစွမ်းချေ။
ခေါင်းလောင်းသံ
ကြေးစည်သံကြား
ဘာဝနာပွါး တရားမရနိုင်ပါ
ရာဇ၀င်စာရွက်လဲ
မျက်ရည်တွေထဲ နှစ်လိုက်တယ်။
ကမ္ဘာကြီးကို ကြိုးတိုက်ထဲအလုံပိတ်
အို.... အိပ်ပျော်နေသူတို့
ပန်းများမမွှေးကြတော့ပါ။
ဧ၀ရက်တောင်ထိပ်၌
တိမ်တိုက်များကင်းရှင်းလျှင်
နှင်းဖြူဖြူကိုမြင်ရအံ့။ ။
ဖော်ဝေး။
၂၅-၉-၇၄ မှ ၆-၁၀-၇၄
[ဖော်ဝေး ရဲ့ 'ဖော်ဝေးငှက်များ ပျံသန်းချိန်' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၄ အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]
Friday, March 11, 2011
ကျေးဇူး
ရေးသူ- သုခမိန်လှိုင်
အမှောင်က
ညစဉ် မင်းကို ငါစမ်းသပ်ခဲ့တာ စိတ်မရှိပါနဲ့ကွာတဲ့
တောင်းပန်စကားဆိုတယ်။
စိတ်မရှိပါဘူး အမှောင်ရေ
မင်းကြောင့်သာ
ငါအလင်းရဲ့ ဂုဏ်သတ္တိတွေကို ရှိခိုးဦးညွတ်တတ်ခဲ့တာ။
Thanks
Translated by Maung Tha Noe
Darkness says
I've tested you every night
don't be offended, please
and asks for forgiveness
I won't mind, darkness
thanks to you
I know how to honor light's greatness.
[လက်နှိပ်ဓာတ်မီးထိုးပြီး.....
၁၃ ရက် ည ၁၁ နာရီ၊ အားလုံးမှောင်သွားပါသည်။ လက်နှပ်ဓာတ်မီးနှင့် ထိုးပြီး ကျွန်တော်ကဗျာတွေ တပုဒ်ပြီး တပုဒ် ရေးမိသွားပြန်ပါသည်။ ၀န်ခံရလျှင် မီးပြန်လာမှာ စိုးရိမ်နေမိပါသည်။ လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြီး ကဗျာစာအုပ်လေး တအုပ်စာ ရပြီးမှ မီးကို ပြန်လာစေချင်မိပါသည်။ ကျောက်ခေတ်လူသားတယောက်ထက်သာသော ဓာတ်မီးတလက်ကိုင်ပြီး ကြိုးစားလို့ ရနိုင် မရနိုင် ကျွန်တော့်ကိုယ်ကျွန်တော် စမ်းသပ်ချင်မိပါသည်။ ၉၀ ရာခိုင်နှုန်းလောက် ကံကောင်းသည်ဟု ဆိုရမည်လား၊ ၁၆ ပုဒ်မြောက်အရောက် ၁၄ ရက်အကူး ည ၀၂း ၃၀ လောက်တွင် မီးပြန်လာပါသည်။ မီးအလင်းရောင်အောက်တွင် အပိတ်ကဗျာလေးတပုဒ် ထပ်ရေးပြီး ဤ၀န်ခံချက်လေးကို ရေးလိုက်ရပါသည်။
ရည်ရွယ်ချက်က ဘာလဲ ..... လူတွေကို ကျွန်တော် ခွန်အားတွေ၊ အားတွေ ရှာကြံပေးချင်နေလို့ပါပဲ.... အမှောင်ဆန်သော ကမ္ဘာကြီးထဲတွင် အလင်းဆန်သော သတ္တိထူးတွေ ရစေချင်လို့ပါပဲ.... မရလျှင် ကျွန်တော်ညံ့၍ လို့လည်း ၀န်ခံနိုင်ပါသည်။ (ကျွန်တော်တို့ သက်တမ်းသည် နေရန်အချိန်တွေ သိပ်မကျန်တော့ဟု တန်ဖိုးထားပြီးအလုပ်တွေ များများ လုပ်နိုင်ရန် ကျွန်တော်၏ ကြိုးစားမှုတခုလည်း ဖြစ်ပါသည်။)
အမှောင်နှင့် အလင်းသည် လှည့်စားခြင်းဟုဆိုလျှင်လည်း အမှောင်ကို ကျွန်တော် မမုန်းပါ။ အလင်းကိုတော့ ချစ်မိပါသည်။]
သုခမိန်လှိုင်
၁၄ မေ ၂၀၀၉
၀၃း၀၅ နာရီ
{သုခမိန်လှိုင်ရဲ့ 'လက်နှိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ' စာအုပ်၊ ၂၀၁၀ အောက်တိုဘာလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။}
ရေလယ်မီးပြ
ရေးသူ - ဖော်ဝေး
[ကလောင်အမည်- ဖော်ဝေး။ အမည်ရင်း- ၀င်းထိန်။ ၁၉၇၈ ဇူလိုင်လ ၃ ရက်တွင် ကွယ်လွန်တယ်။]
အမှောင်ကြားမှာ
စမ်းတ၀ါးဝါး
သွားနေရရင်
ဘယ်ခရီးတွင်ပါ့မလဲ။
ပင်လယ်ပြင်ဟာ
အရွယ်ဝင်စ
အပျိုမရဲ့
နားလည်ရခက်တဲ့ မျက်နှာလို
ခု ငိုမယ်, ခု ရယ်မယ်
မှန်းဆဖို့ မလွယ်ပါဘူး။
ညဆိုတာက
မှောင်ကြီးကျပလားဆို
ဘာဆို ဘာမှ
မမြင်ရတာ
ဘယ်ဟာ ကမ်းပါး
ဘယ်နား ကျောက်ဆောင်
သောင်က ဟိုရှေ့
အကွေ့ ဒီမှာ
ရှာမရနိုင်။
ဟို...... အဝေးဆီက
မီးနီရွှန်းပြက်
တလက်လက်နဲ့
လက်ညှိုးညွှန်တယ်
ရေလယ် 'မီးပြ'
ကျေးဇူးတင်စရာ။
မီးပြကိုကြည့်ပြီး
ခရီးထွက်ခွါ
ဘယ်နေရာဆို
ဘယ်လိုအန္တရာယ်
ဘယ်အဆွယ် ဘယ်အကွေ့
ဘယ်ရွေ့ ဘယ်မျှ
မှန်းဆလို့ ရပါပြီ။
ဒါပေမယ့်
အနီရောင် တလက်လက်နဲ့
မီးပြများ.... ပျက်တဲ့ခါ
အန္တရာယ်ဟာ
မငယ်တော့ပေဘူး။
သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့ တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။ ။
ဖော်ဝေး။
မိုးဝေ၊ ၁၉၇၂၊ မေလ။
[ဖော်ဝေး ရဲ့ 'ဖော်ဝေးငှက်များ ပျံသန်းချိန်' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၄ အောက်တိုဘာမှ ကူးယူဖော်ပြပါတယ်။]
ဖော်ဝေး - ခေတ်ပေါ်ကဗျာ နဲ့ အမည်ရေးခဲ့သူ
(၁)
မြန်မာခေတ်ပေါ်ကဗျာအတွက် လမ်းပြ 'ထင်းရူးပင်ရိပ်' ၁၉၆၈ ခုနှစ်မှာ ထွက်ခဲ့။ ဒီ့နောက် ၂ - နှစ်အကြာမှာ သိဒ္ဓတ္ထလှိုင်က 'ဂျွန်လ၏ မိုးရေများ' ရေးဖွဲ့ ပြီးစီးခဲ့။ ၁၉၇၀။ နောက် ၂ နှစ်အကြာ ၁၉၇၂ ရောက်တော့ 'ဂျွန်မိုးရေ' ပုံနှိပ် ထုတ်ဝေဖြစ်။ နောက်ထပ် ၂ နှစ် ထပ်ကြာပြီး 'သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ' စာအုပ်ထွက်ခဲ့။ အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ ရေးဖွဲ့ခဲ့ကြ။ ၁၉၇၄။
မြန်မာခေတ်ပေါ်ကဗျာ ဇာတ်ခုံပေါ်တက်ခဲ့ ရာဇ၀င်ထဲဝင်ခဲ့။
(၂)
အဲဒီ ရာဇ၀င်ထဲက တဦးဖြစ်တဲ့ ဖော်ဝေးဟာ တောသား။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့၊ ဒေါနတောင်ခြေ ပတ်ကျောရွာ ဇာတိ။ ဦးစံချိန်၊ ဒေါ်နုတို့၏ သား။ ၁၉၄၅ ဖွား [ဟုထင်]။ ဆင်းရဲ၍ ကျောင်းတန်းလန်းနဲ့ စစ်ထဲဝင်။ စာကြိုးစား။ စာတွေဖတ်။ တပ်ကြပ်ကြီးစာရေးဖြစ်။ ရန်ကုန်ရောက်။
အောင်ချိမ့်၊ မောင်ချောနွယ်၊ သုခမိန်လှိုင်တို့နဲ့ ပူးပေါင်း။ တယောက်ကို တယောက် ချစ်ကြိုက်ကြ။ ချီတက်ကြ။ ၁၉၇၃။
အဆီပျံ မျက်နှာများ၊ ဆံပင်များ၊ ဘေးဖယ်ထားခံရမှုများ၊ ချွေးသွေးများ၊ ရှုံးနိမ့်မှုများ၊ အရယ်အမောများ မီးခိုးအူလျက်။
(၃)
ဒီတော့မှ သူဟာ မြန်မာခေတ်ပေါ်ကဗျာကို ထမ်းရွက်ရန်၊ ခုန်ချရန်၊ တိတိကျကျ ရွေးချယ်ခဲ့ကြောင်း ကျွန်တော်တို့တွေ သိခဲ့ကြရ။ သူ့ သက်တမ်းဟာ တိုခဲ့တဲ့အတွက် ကျွန်တော်တို့တွေ အသံမထွက်နိုင်အောင် ၀မ်းနည်းကြေကွဲခဲ့ရ။ ၁၉၇၈။ သန်းပေါင်းများစွာ လူတွေထဲမှ 'ဖော်ဝေး' တယောက် လျော့ပါးသွားခဲ့တာဟာ သိသာလွန်းလှ။
(၄)
မကျေပွန်နိုင်ခဲ့တဲ့ နှစ်အများကြီးကို ကျော်လွန်ပြီး အခု 'ဖော်ဝေးငှက်များ ပျံသန်းချိန်' အမည်ရှိ 'ဖော်ဝေးကဗျာပေါင်းချုပ်ပဲ' လို့ ခေါ်လောက်တဲ့ စာအုပ်ကို ကျွန်တော်တို့ တင်ဆက်ဖြစ်။
ခေတ်ပေါ်ကဗျာချစ်သူများ တွေ့ဆုံကြပါစို့။
လေးစားစွာဖြင့်
အောင်ချိမ့်
၁၇-၁-၂၀၀၄
Saturday, March 5, 2011
အကို ကန္ဒီကူးမား (သို့မဟုတ်) ၃၃ လမ်း တမ်းချင်း
ရေးသူ- မောင်အေးဝင်း
အကို ကန္ဒီရေ-
၃၃ လမ်းလို့ ပြောရင်တော့ ကျနော့်မှာ အကိုကလွဲလို့ အထွေအထူး ညွှန်စရာမရှိပါဘူး။ အကို့ကို ကျနော်က ဆရာလို့ ခေါ်တယ်။ ဟုတ်တယ်လေ... အကိုက ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ရူပဗေဒဌာနမှာလည်း နည်းပြဆရာ လုပ်ခဲ့တယ်။ ကျနော်တို့ တက္ကသိုလ်ရောက်တော့ ကျနော်က အာရ်အိုင်တီဆိုပေမယ့် ဆရာ့ကို ၀/သ မှာ တွေ့နေတာပဲ။ ကိုနေအုပ်တို့၊ မောင်ပန်းမွှေးတို့လို ဆရာကလည်း ဆရာတယောက်ပေါ့။ ရူပဗေဒဌာနမှာ ဆရာဖြစ်မယ့်သူတွေ နိုင်ငံရပ်ခြားမှာ ပညာတွေ သင်တုန်းမို့ အရည်အချင်းရှိသူ ဆရာ့ကို မေတ္တရပ်ခံ ခေါ်ယူရတာမို့ အကိုကန္ဒီ ခေတ္တ ဆရာဝင်လုပ်ရနေရတာ မဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်းလမ်းဘက်ကနေ ၃၃ လမ်းထဲဝင်ရင် အပြုံးနဲ့ ဆီးကြိုနေတဲ့ ဆရာ့ကို အရင်ဆုံး မြင်ရ တာပဲ။ ဆရာ့ဦးလေး (ဆရာ့မွေးစားအဖေ) မဆုံးခင်ကဆိုရင်၊ တခါတလေ သူလည်း ဆရာတို့ ဂုဏ်ထူးစာပေမှာ ထိုင်နေတာ တွေ့ရတယ်။ စကားကြုံတုန်းပြောရအုန်းမယ်။ အဲဒီ ဦးလေး ကွယ်လွန်တော့ ကျနော် ချစ်ခင်လေးစား တဲ့ သူတွေ အသုဘပို့ဖို့ အများကြီး လာကြတယ်။ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူတို့ ကို တွေ့တယ်။ နိုင်ငံရေး လောက ကတော့ ၀န်ကြီးချုပ်ဟောင်း ဦးနု၊ ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ တို့လည်း ပါတာပေါ့။ ဦးနု ဆိုရင် အလုံဘက်က ဟိန္ဒူ ဘုရားကျောင်းဝင်းထဲမှာ ဦးလေးကြီး အလောင်းပြာဖြစ်လို့ မြစ်ထဲမျှောပြီးမှ ပြန်တာ ကျနော့်အမြင်ပါပဲ။
ဦးနု ပြည်ပြေးဘ၀ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လက်နက်ချပြီး ဗမာပြည် ပြန်ရောက်လာတော့လည်း ဆရာတို့ ၃၃ လမ်းနေအိမ် ဂုဏ်ထူးစာပေ အပေါ်ထပ်ကို ဒေါ်မြရီနဲ့အတူ အလည်ရောက်ခဲ့တာ။ ဦးနုက သီချင်းထဲမှာ ကြား ကြားနေတဲ့ ဘားလမ်း မုတ်ဆိတ် လက်ဘက်ရည် အကြောင်းကို မေးလို့ ဆရာတို့ အပြေးသွားဝယ်ပြီး တိုက်ရတာလေ။ ဦးနုက မုတ်ဆိတ်လက်ဘက်ရည်ကို သောက်ရင်း သူတို့ခေတ် သူတို့အခါ သမဂ္ဂထဲက ကရာနီ့ လက်ဘက်ရည်ကို တမ်းတမ်းတတ ပြောသွားသေးတာ ဆရာပြောလို့ ကျနော် ကြားလိုက်မိ ပါတယ်။
ကျနော့် အဖို့တော့ ၃၃ လမ်းလို့ ပြောရင် ဂုဏ်ထူးစာပေနဲ့ ဆရာ ကန္ဒီကူးမားပါပဲ။ ၃၃ လမ်း အလံတော်လည်း မတွေ့ပါဘူး။ ၃၃ လမ်း ရဲတိုက်တို့၊ ၃၃ လမ်း ခံတပ်တို့လည်း မတွေ့ဘူး။ ရှိမှ မရှိပဲ။ အနော်ရထာလမ်းဖက်က ၀င်ရင် စာပေနယ်ပယ်မှာ မှတ်တိုင်တခုစီ ထူထားနိုင်တဲ့ ကိုမျိုးညွန့် အဖေ သခင်ခင်ညွန့်ရဲ့ 'စာပေလောက' နဲ့ 'ဇွဲစာပေရိပ်မြုံ' ရဲ့ ဖခင် ဦးထွန်းရှိန်တို့ကို တွေ့ရမယ်။
လမ်းထိပ်က တရုတ်လက်ဘက်ရည်ဆိုင် အပေါ်ထပ် တိုက်တန်းလျားမှာ ကျနော်တို့ရဲ့ ထင်းရူးပင်ရိပ် ဆရာကြီး ဒေါက်တာနိုးနေတယ်။ သူ့လှေကားက ဆင်းရင် ဆီချက်ခေါက်ဆွဲနဲ့ ထမင်း ဟင်းရောင်းတဲ့ တရုတ်ဆိုင်ကလေး ရှိတယ်။ ဟိုးတုန်းကတော့ စာပေသမားတွေ ထိုင်ကြတဲ့ ပွင့်ဦးဆိုတဲ့ လက်ဘက်ရည်ဆိုင် ၃၃ လမ်း ထိပ်မှာ ရှိဖူးတယ်။ စာပေသမား အနုပညာသမားတွေရဲ့ စာပေဆိုင်ရာ၊ ယမာကာ ဆိုင်ရာအတွက် ဆုံဆည်းရာ ချိန်းဆိုရာ 'ပွင့်ဦးကို လာခဲ့' ဆိုတဲ့ နေရာလေးပေါ့။ ရာဇ၀င်ကို ထမ်းသလား မထမ်းသလား မပြောတတ်ဘူး။ လမ်းပေါ်ကသွားတဲ့ ဘတ်စ်ကားက ပလက်ဖောင်းပေါ်တက်ပြီး လက်ဖက်ရည်ဆိုင်ကို ၀င်တိုက်သေးတယ်။ ခုလို ခွေးခြေကလေးတွေနဲ့ ထိုင်သောက်နေရလိုတော့ အကုန် မလကီးယားကုန်မှာ။ ပွင့်ဦးက ဆိုင်ထဲဝင်ဖို့တောင် ပလက်ဖောင်းကနေ လှေကားထစ် နှစ်ဆင့် တက်နင်းရသေးတာ။ ပွင့်ဦး မရှိတဲ့နောက် အောင်ချိမ့်တို့ မုတ်သုံတို့ကို ဆိုင်မျက်နှာစာ စာပွဲမှာ အမြဲမြင်ရတဲ့ တရုတ် လက်ဘက်ရည်ဆိုင် တဆိုင်ရှိတယ်။ ဒေါက်တာနိုးအိမ် အောက်ပေါ့။ သူ့ဘေးမှာ ကောလိပ်ဂျင်တို့ ရုပ်ရှင်ကုမ္ပဏီ၊ နောက်တော့ ကြုံဟွာ စားသောက်ဆိုင်။ မေ့လို့ ဒေါက်တာနိုး အိမ်ဘေးမှာ ဘာသာစကားမျိုးစုံသင်တဲ့ ကျူရှင်ဆရာ အမ် တင်နွယ် ဆိုတာ ရှိသေး။
ထမင်းဆိုင်ကျော်ရင် ရမည်းသားညီအစ်ကို ကိုကျော်သန်း၊ ကိုအောင်သန်း တို့ရဲ့ 'သီလ၀စာပေ' ရှိတယ်။ သူတို့ဆီမှာတော့ ဥာဏ်ဝင်းစာပေ ကိုဥာဏ်ဝင်း၊ မအေးပွင့် မြင့်မြင့်စန်း တို့ရဲ့ အဖေ ဆွေလှိုင်ဦး၊ စာရေးဆရာ ငွေမောင်း၊ သူ့သား ၉ မီလီတာ တင်သန်းဦး၊ တက္ကသိုလ်မောင်အောင်ဆွေ ထိုင်တတ်တယ်။ ပေဖူးလွှာဦးမြလှိုင်က ၃၃ လမ်း အလယ်လောက်မှာ ရှိတယ်။ သူ့ဘေးမှာ ယခု အရီဇိုးနားနေတဲ့ ကိုအေးမြင့်အဖေ သွားဆရာဝန် (ကျနော်တို့အခေါ် ဒေါက်တာအံ့ကျော်) ဆေးခန်းရှိတယ်။ သူတို့အောက်မှာ နဂါးနီဆိုတဲ့ အိမ်မှာဖွင့်တဲ့ ဗမာထမင်းဆိုင် တဆိုင်ရှိတယ်။
ဒါတွေကို သတိရနေတယ် ဆရာရေ.....။
၃၃ လမ်းအကြောင်း ဋီကာဖွင့်နေတာနဲ့ ဆရာ့ အကြောင်းရေး နေရင်း ပျောက်သွားတယ်။ ဆရာ့ဆိုင်မှာ ပင်တိုင် မကြာခဏ ဆုံရသူတွေ ရှိတယ်။ ဆရာပါရဂူ၊ ဆရာဦးမြဇင်၊ ယခု အင်္ဂလန်ရောက်နေတဲ့ ဆရာကြီး ဒေါက်တာမောင်မောင်ညို။ ဆရာသော်တာဆွေ (သူက ကိုကျော်သန်းတို့ သီလ၀မှာလဲ ထိုင်တတ်တယ်)။ တခါတလေ ဆရာ့ဆီ ကျနော်ရောက်တာ မနက်ပိုင်း ဆရာ့ဆိုင်မခင်းမီ စောနေရင် ဆရာက လမ်းလျှောက်ကြ ရအောင်ဆိုလို့ မဂိုလမ်းဘက် တပါတ်လျှောက်ပြီး သဲဝါရ် မှာ မနက်စာ စားလိုက်ကြ သေးတယ်လေ။ နေ့လည်ဆိုရင်တော့ ဆရာမှာ တိုက်တဲ့ ဆရာ့စာအုပ်ဆိုင်နားက လက်ဘက်ရည်ပဲပေါ့။
ဆရာတို့ ဂုဏ်ထူးစာပေကတော့ သုမနကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလိုပါပဲ။ နိုင်လို့ရမလားဆိုပြီး အနိုင်ကျင့်တဲ့ စာရေးဆရာ ကြီးငယ်တွေ ကျနော် တွေ့ခဲ့ရတယ်။ ဆရာလည်း ပြောဖူးပါတယ်။ ကျနော်မမေ့ပါဘူး။ ဆရာမင်္ဂလာဆောင်တော့ သင်္ဃန်းကျွန်းက ဘုရားကျောင်းမှာ ကျွေးမွေးဧည့်ခံတာ အမှတ်ရသေး။ အသက်သတ်လွတ် အစာတွေ စုံ မှ စုံ။ ကောင်း မှ ကောင်း။ ဒေ၀ါလီတိုင်း စားရတဲ့ ဆရာ့ဆီက ဟိန္ဒူမုံ့မျိုးစံလည်း တသက်မမေ့ဘူး။
ကျနော့် လမင်းတရာစာအုပ်ဆိုင်ဟာ ဆရာ့ကျေးဇူတွေကြောင့် တောက်ပြောင်ခဲ့ရပါတယ်။ ဆရာ့ဆိုင်က အကူစာရေး ကိုအောင်မြင့်ကိုလည်း ခုထိ မမေ့ပါဘူး။
"ကျနော် မလိမ်ပါဘူး၊ ၃၃ လမ်း ညနေချမ်းမှာ၊ ကျနော့်ရဲ့ အမွန်မြတ်ဆုံး၊ အဆွေးတွေ ရှိတယ်...." အဲဒါ ဆရာကန္ဒီကူးမား......။
ဆရာ့ကို အကိုလို လေးစားချစ်ခင်တဲ့ ကျနော် မောင်အေးဝင်း ကယ်လီဖိုးနီးယား၊ လော့အိန်ဂျယ်လိစ်ကို ရောက်နေပါတယ်။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကျနော့်ဆရာကန္ဒီရေ.........။
မောင်အေးဝင်း
မတ်လ ၅ ရက်၊ ၂၀၁၁။
Friday, March 4, 2011
သွားနှင့်လေဦး
ရေးသူ- လူထုစိန်ဝင်း
ဧပြီ ၂၅ ရက်၊ အင်္ဂါနေ့မနက်ထွက်တဲ့ ဖတ်စရာဂျာနယ်က ဂျာနယ်ရဲ့ 'ခေါင်းကြီး' နေရာမှာ အမြဲရေးတဲ့ 'တပတ်တခါ အယ်ဒီတာအညွှန်း' ကို ဖတ်မိပြီး သူ့ကျန်းမာရေးကို စိုးရိမ်မိတာကြောင့် ဖတ်စရာဂျာနယ်က လူငယ်လေးတွေ စာမူလာယူတော့ မေးဖြစ်သေးတယ်။ ခုတလော သူတော်တော်မောနေလို့ စကားပြောသံတောင် မနည်းနားထောင်ရတယ်လို့ ပြောပြကြတယ်။
ဒါပေမဲ့လို့ 'ခု စာရေးနေတဲ့ နောက်ဆုံးအခြေအနေမှာ အောင်ပြည့် dream bed ပေါ်က မထနိုင်တော့ဘူး။ wheel chair နဲ့ သွားနေရတယ်။ ဒါပေမယ့် မာတယ်။ အောက်ဆီဂျင်မပါပဲ အသက်မရှူနိုင် တော့ဘူး။ ဒါပေမဲ့ နှုတ်နဲ့ပြောပြီး စာတွေ အများကြီး ရေးနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်ပြည့်က မသေကောင် ဖြစ်နေလို့ပါ' လို့ ဧပြီ ၂၅ ထုတ် ဂျာနယ်မှာ သူရေးခဲ့တဲ့အတိုင်း သူပြန်ပြီး ထလာဦးမှာပဲလို့ ထင်မိတယ်။
ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း သတင်းစာရောက်တော့ အရင်ဖတ်မိတဲ့ဇနီးက ကိုအောင်ပြည့် ဆုံးသွားတဲ့ နာရေးကြော်ငြာ ပါလာတယ်လို့ ပြောတာကြောင့် ကမန်းကတန်း ယူပြီး ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ သူဆုံးသွားပြီပဲ။ ဘ၀တူတဦး ဆုံးသွားတာကြောင့် ကြီးစွာ စိတ်မကောင်း ဖြစ်ရတယ်။ ဘ၀တူလို့ ဆိုရာမှာ စာရေးဖော် စာရေးဖက် ဘ၀တူ ဖြစ်ရုံသာမက အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ အသက်ရှင်နေတာချင်းလည်း တူနေတာကြောင့် ပိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ စာပေလောကမှာ အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ အသက်ရှင်နေသူ လေးဦးရှိတယ်။ တဦးက အသက် ၉၀ ကျော် အမေလူထုဒေါ်အမာ၊ နောက်တဦးက CTO လို့လည်း ခေါ်ကြတဲ့ ဂါးဒီးယန်းသတင်းစာ အယ်ဒီတာ (အခုတော့ မြန်မာတိုင်း) ဦးချစ်သိန်းဦး။ ပြီးတော့ သူ နဲ့ ကျွန်တော်။ သူက ကျွန်တော့်အောက် တနှစ်ငယ်တယ်။ ဦးချစ်သိန်းဦးကတော့ ကျွန်တော်တို့ထက် နည်းနည်း ကြီးတယ်။
ဖတ်စရာဂျာနယ် ထွက်မယ်ဆိုတော့ သူ့ဆီက စာလေးတစောင် ရောက်လာတယ်။ သူကိုယ်တိုင် လုပ်မှာဖြစ်လို့ ပင်တိုင် စာရေးပေးစေချင်ကြောင်း။ လှေကားမတက်နိုင်လို့ သူကိုယ်တိုင် မလာနိုင်တာ ခွင့်လွှတ်စေလိုကြောင်း ရေးထားတယ်။ သူ့ စာလေးကို ရတော့ ဟို ရှေးရှေးတုန်းကလည်း သူ့ဆီက ဒီလို စာတိုလေးတစောင် ရဖူးတာ ပြန်အမှတ်ရမိတယ်။ အဲဒီတုန်းက နေရာတခုကို ရောက်သွားတော့ ရောက်နှင့်ပြီး ဖြစ်တဲ့ သူ့ဆီက နှုတ်ဆက်စာတိုလေး တစောင်နဲ့ ဆေးလိပ်ထုပ်၊ ဘီစကစ်ထုပ်များ လူကြုံနဲ့ ပို့ပေးလိုက်ဖူးတယ်။
ဟိုးတခေတ် သူ အထောက်တော်လှအောင်ရဲ့ သတင်းဂျာနယ်မှာ အယ်ဒီတာလုပ်နေတုန်းက ချယ်ရီ မဂ္ဂဇင်းမှာ အယ်ဒီတာ လုပ်နေတုန်းက ကိုယ့်ကျန်းမာရေးကလည်း အိပ်ရာထဲက မထနိုင်တဲ့ အခြေအနေမို့ စာရေးမပေးနိုင်ခဲ့ဘူး။ အခု 'ဖတ်စရာဂျာနယ်' အတွက် သူ စာမူတောင်းတော့ ရေးပေးရမယ့် ၀တ္တရားရှိတယ်လို့ ခံယူပြီး အတတ်နိုင်ဆုံး အပတ်စဉ် မပြတ်အောင် ကြိုးစား ရေးပေးခဲ့တယ်။ အိပ်ရာထဲက လုံးဝမထနိုင်တဲ့အခါပဲ ပျက်ကွက်ခဲ့ဖူးတယ်။
သူ့ကြောင့် ဖတ်စရာဂျာနယ်ဟာ စာပေလောကမှာ လူတိုင်း ဂရုစိုက်မိတဲ့ ဂျာနယ်တစောင် ဖြစ်လာခဲ့တယ်။ ဒီဂျာနယ်မျိုး သူမို့ လုပ်နိုင်တာ။ တော်ရုံတန်ရုံလူ မလုပ်နိုင်ဘူး။ သူက ကျောင်းဆရာ၊ စာရေးဆရာ၊ ဂျာနယ်ဆရာ၊ အယ်ဒီတာ၊ ရုပ်ရှင်သရုပ်ဆောင် အကုန်လုပ်ဖူးတဲ့သူ။ something of everything ဆိုသလို သူမလုပ်ဖူးတာ မရှိသလောက်ပဲ။ မြန်မာစာဆရာမို့ စာရေးကောင်းတာ မဆန်းဘူးဆိုပေမယ့် ရုပ်ရှင်သရုပ်ဆောင် ၀င်လုပ်တော့လည်း သူ့ကို လူတိုင်း ချီးကျူးရလောက်အောင် သရုပ်ဆောင်တတ်တာ တွေ့ရတယ်။
သူ့မှာ နယ်ပေါင်းစုံမှာ ၀င်လုပ်ဖူးရုံသာမက နယ်ပယ်ပေါင်းစုံမှာလည်း လူချစ်လူခင် ပေါများတယ်။ သူ့ရဲ့ ဖြူစင်ရိုးသားမှုကို လူတိုင်းက ချစ်ကြတယ်။ ဒါကြောင့် ဖတ်စရာဂျာနယ်မှာ လူကြီး၊ လူလတ်၊ လူငယ် စာရေးဆရာ၊ စာရေးဆရာမတွေရဲ့ စာတွေ အဆက်မပြတ် တွေ့နေရတာ ဖြစ်တယ်။ အခုဆို တော်တော်အရှိန်ရနေပြီ။ စာသမားတိုင်း တန်ဖိုးထားပြီး ဖတ်ကြတယ်။ ကျန်ရစ်တဲ့ လူငယ်အယ်ဒီတာလေးတွေ သူခင်းပေးသွားတဲ့ လမ်းပေါ် အေးအေးသက်သာ ဆက်လျှောက်ရုံပါပဲ။ စာပေ အနုပညာ အဓိကထားတဲ့ ဂျာနယ်တစောင်အနေနဲ့ ငွေကြေးအမြတ်အစွန်း မရှိနိုင်တာတော့ သေချာပါတယ်။ ဒါပေမယ့် စာပေတန်ဖိုးအနေနဲ့ အင်မတန် ကြီးပါတယ်။ သူမရှိပေမယ့် 'ဖတ်စရာ' ဂျာနယ် ဆက်လက်ရှင်သန်အောင် ၀ိုင်းဝန်းကြိုးပမ်းကြစေချင်ပါတယ်။
မုန်တိုင်းစဲသွားတော့ ရာသီဥတုက ပိုပြီး ပူလာတယ်။ ပူလေ နှလုံးသမား၊ အဆုတ်သမားတွေ ခံရခက်လေပဲ။ အောက်စီဂျင် ပိုက်တပ်ထားတာတောင် အသက်ရှူလို့ မ၀ဘူး။ ပါးစပ်ကြီး ဟပြီး ကုန်းပေါ်ပစ်တင် ခံရတဲ့ ငါးလို ဟောဟဲ ဟောဟဲ ဖြစ်နေရတယ်။ ဒီလိုအခါမျိုးမှာ အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ အသက်ရှင်နေကြရတဲ့ ဒေါ်ဒေါ် လူထုဒေါ်အမာ၊ ကိုချစ်သိန်းဦး နဲ့ ကိုအောင်ပြည့်တို့ကို ကိုယ်ချင်းစာစိတ်နဲ့ အဝေးကလှမ်းပြီး သနားနေရတယ်။ အခုတော့ အသက်အငယ်ဆုံးကိုအောင်ပြည့်က အရင်ဆုံးထွက်ခွါသွားပြီ။ ဘာတတ်နိုင်မှာလဲ။ လူဆိုတာ ဒီလမ်းသွားနေကြသူတွေချည်းပဲ မဟုတ်လား။
ကိုအောင်ပြည့်ရေ.......
'သွားနှင့်လေဦး'
လူထုစိန်ဝင်း
ဖတ်စရာ ၆၇
[ပင်ဝါးရုံစာပေမှ ထုတ်ဝေတဲ့ လူထုစိန်ဝင်း ရဲ့ 'ဖတ်စရာ' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၇ မှ ကူးယူဖော်ပြ တာ ဖြစ်ပါတယ်]
Subscribe to:
Posts (Atom)