Friday, March 4, 2011
သွားနှင့်လေဦး
ရေးသူ- လူထုစိန်ဝင်း
ဧပြီ ၂၅ ရက်၊ အင်္ဂါနေ့မနက်ထွက်တဲ့ ဖတ်စရာဂျာနယ်က ဂျာနယ်ရဲ့ 'ခေါင်းကြီး' နေရာမှာ အမြဲရေးတဲ့ 'တပတ်တခါ အယ်ဒီတာအညွှန်း' ကို ဖတ်မိပြီး သူ့ကျန်းမာရေးကို စိုးရိမ်မိတာကြောင့် ဖတ်စရာဂျာနယ်က လူငယ်လေးတွေ စာမူလာယူတော့ မေးဖြစ်သေးတယ်။ ခုတလော သူတော်တော်မောနေလို့ စကားပြောသံတောင် မနည်းနားထောင်ရတယ်လို့ ပြောပြကြတယ်။
ဒါပေမဲ့လို့ 'ခု စာရေးနေတဲ့ နောက်ဆုံးအခြေအနေမှာ အောင်ပြည့် dream bed ပေါ်က မထနိုင်တော့ဘူး။ wheel chair နဲ့ သွားနေရတယ်။ ဒါပေမယ့် မာတယ်။ အောက်ဆီဂျင်မပါပဲ အသက်မရှူနိုင် တော့ဘူး။ ဒါပေမဲ့ နှုတ်နဲ့ပြောပြီး စာတွေ အများကြီး ရေးနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်ပြည့်က မသေကောင် ဖြစ်နေလို့ပါ' လို့ ဧပြီ ၂၅ ထုတ် ဂျာနယ်မှာ သူရေးခဲ့တဲ့အတိုင်း သူပြန်ပြီး ထလာဦးမှာပဲလို့ ထင်မိတယ်။
ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း သတင်းစာရောက်တော့ အရင်ဖတ်မိတဲ့ဇနီးက ကိုအောင်ပြည့် ဆုံးသွားတဲ့ နာရေးကြော်ငြာ ပါလာတယ်လို့ ပြောတာကြောင့် ကမန်းကတန်း ယူပြီး ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ သူဆုံးသွားပြီပဲ။ ဘ၀တူတဦး ဆုံးသွားတာကြောင့် ကြီးစွာ စိတ်မကောင်း ဖြစ်ရတယ်။ ဘ၀တူလို့ ဆိုရာမှာ စာရေးဖော် စာရေးဖက် ဘ၀တူ ဖြစ်ရုံသာမက အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ အသက်ရှင်နေတာချင်းလည်း တူနေတာကြောင့် ပိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ စာပေလောကမှာ အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ အသက်ရှင်နေသူ လေးဦးရှိတယ်။ တဦးက အသက် ၉၀ ကျော် အမေလူထုဒေါ်အမာ၊ နောက်တဦးက CTO လို့လည်း ခေါ်ကြတဲ့ ဂါးဒီးယန်းသတင်းစာ အယ်ဒီတာ (အခုတော့ မြန်မာတိုင်း) ဦးချစ်သိန်းဦး။ ပြီးတော့ သူ နဲ့ ကျွန်တော်။ သူက ကျွန်တော့်အောက် တနှစ်ငယ်တယ်။ ဦးချစ်သိန်းဦးကတော့ ကျွန်တော်တို့ထက် နည်းနည်း ကြီးတယ်။
ဖတ်စရာဂျာနယ် ထွက်မယ်ဆိုတော့ သူ့ဆီက စာလေးတစောင် ရောက်လာတယ်။ သူကိုယ်တိုင် လုပ်မှာဖြစ်လို့ ပင်တိုင် စာရေးပေးစေချင်ကြောင်း။ လှေကားမတက်နိုင်လို့ သူကိုယ်တိုင် မလာနိုင်တာ ခွင့်လွှတ်စေလိုကြောင်း ရေးထားတယ်။ သူ့ စာလေးကို ရတော့ ဟို ရှေးရှေးတုန်းကလည်း သူ့ဆီက ဒီလို စာတိုလေးတစောင် ရဖူးတာ ပြန်အမှတ်ရမိတယ်။ အဲဒီတုန်းက နေရာတခုကို ရောက်သွားတော့ ရောက်နှင့်ပြီး ဖြစ်တဲ့ သူ့ဆီက နှုတ်ဆက်စာတိုလေး တစောင်နဲ့ ဆေးလိပ်ထုပ်၊ ဘီစကစ်ထုပ်များ လူကြုံနဲ့ ပို့ပေးလိုက်ဖူးတယ်။
ဟိုးတခေတ် သူ အထောက်တော်လှအောင်ရဲ့ သတင်းဂျာနယ်မှာ အယ်ဒီတာလုပ်နေတုန်းက ချယ်ရီ မဂ္ဂဇင်းမှာ အယ်ဒီတာ လုပ်နေတုန်းက ကိုယ့်ကျန်းမာရေးကလည်း အိပ်ရာထဲက မထနိုင်တဲ့ အခြေအနေမို့ စာရေးမပေးနိုင်ခဲ့ဘူး။ အခု 'ဖတ်စရာဂျာနယ်' အတွက် သူ စာမူတောင်းတော့ ရေးပေးရမယ့် ၀တ္တရားရှိတယ်လို့ ခံယူပြီး အတတ်နိုင်ဆုံး အပတ်စဉ် မပြတ်အောင် ကြိုးစား ရေးပေးခဲ့တယ်။ အိပ်ရာထဲက လုံးဝမထနိုင်တဲ့အခါပဲ ပျက်ကွက်ခဲ့ဖူးတယ်။
သူ့ကြောင့် ဖတ်စရာဂျာနယ်ဟာ စာပေလောကမှာ လူတိုင်း ဂရုစိုက်မိတဲ့ ဂျာနယ်တစောင် ဖြစ်လာခဲ့တယ်။ ဒီဂျာနယ်မျိုး သူမို့ လုပ်နိုင်တာ။ တော်ရုံတန်ရုံလူ မလုပ်နိုင်ဘူး။ သူက ကျောင်းဆရာ၊ စာရေးဆရာ၊ ဂျာနယ်ဆရာ၊ အယ်ဒီတာ၊ ရုပ်ရှင်သရုပ်ဆောင် အကုန်လုပ်ဖူးတဲ့သူ။ something of everything ဆိုသလို သူမလုပ်ဖူးတာ မရှိသလောက်ပဲ။ မြန်မာစာဆရာမို့ စာရေးကောင်းတာ မဆန်းဘူးဆိုပေမယ့် ရုပ်ရှင်သရုပ်ဆောင် ၀င်လုပ်တော့လည်း သူ့ကို လူတိုင်း ချီးကျူးရလောက်အောင် သရုပ်ဆောင်တတ်တာ တွေ့ရတယ်။
သူ့မှာ နယ်ပေါင်းစုံမှာ ၀င်လုပ်ဖူးရုံသာမက နယ်ပယ်ပေါင်းစုံမှာလည်း လူချစ်လူခင် ပေါများတယ်။ သူ့ရဲ့ ဖြူစင်ရိုးသားမှုကို လူတိုင်းက ချစ်ကြတယ်။ ဒါကြောင့် ဖတ်စရာဂျာနယ်မှာ လူကြီး၊ လူလတ်၊ လူငယ် စာရေးဆရာ၊ စာရေးဆရာမတွေရဲ့ စာတွေ အဆက်မပြတ် တွေ့နေရတာ ဖြစ်တယ်။ အခုဆို တော်တော်အရှိန်ရနေပြီ။ စာသမားတိုင်း တန်ဖိုးထားပြီး ဖတ်ကြတယ်။ ကျန်ရစ်တဲ့ လူငယ်အယ်ဒီတာလေးတွေ သူခင်းပေးသွားတဲ့ လမ်းပေါ် အေးအေးသက်သာ ဆက်လျှောက်ရုံပါပဲ။ စာပေ အနုပညာ အဓိကထားတဲ့ ဂျာနယ်တစောင်အနေနဲ့ ငွေကြေးအမြတ်အစွန်း မရှိနိုင်တာတော့ သေချာပါတယ်။ ဒါပေမယ့် စာပေတန်ဖိုးအနေနဲ့ အင်မတန် ကြီးပါတယ်။ သူမရှိပေမယ့် 'ဖတ်စရာ' ဂျာနယ် ဆက်လက်ရှင်သန်အောင် ၀ိုင်းဝန်းကြိုးပမ်းကြစေချင်ပါတယ်။
မုန်တိုင်းစဲသွားတော့ ရာသီဥတုက ပိုပြီး ပူလာတယ်။ ပူလေ နှလုံးသမား၊ အဆုတ်သမားတွေ ခံရခက်လေပဲ။ အောက်စီဂျင် ပိုက်တပ်ထားတာတောင် အသက်ရှူလို့ မ၀ဘူး။ ပါးစပ်ကြီး ဟပြီး ကုန်းပေါ်ပစ်တင် ခံရတဲ့ ငါးလို ဟောဟဲ ဟောဟဲ ဖြစ်နေရတယ်။ ဒီလိုအခါမျိုးမှာ အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ အသက်ရှင်နေကြရတဲ့ ဒေါ်ဒေါ် လူထုဒေါ်အမာ၊ ကိုချစ်သိန်းဦး နဲ့ ကိုအောင်ပြည့်တို့ကို ကိုယ်ချင်းစာစိတ်နဲ့ အဝေးကလှမ်းပြီး သနားနေရတယ်။ အခုတော့ အသက်အငယ်ဆုံးကိုအောင်ပြည့်က အရင်ဆုံးထွက်ခွါသွားပြီ။ ဘာတတ်နိုင်မှာလဲ။ လူဆိုတာ ဒီလမ်းသွားနေကြသူတွေချည်းပဲ မဟုတ်လား။
ကိုအောင်ပြည့်ရေ.......
'သွားနှင့်လေဦး'
လူထုစိန်ဝင်း
ဖတ်စရာ ၆၇
[ပင်ဝါးရုံစာပေမှ ထုတ်ဝေတဲ့ လူထုစိန်ဝင်း ရဲ့ 'ဖတ်စရာ' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၇ မှ ကူးယူဖော်ပြ တာ ဖြစ်ပါတယ်]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment