Thursday, May 17, 2018

(မေ ၂၅၊ ၂၀၁၈ ကိုအေးဝင်း ရဲ့  ၆၆နှစ်ပြည့် မွေးနေ့ သို့) မိုးချိုသင်း

မလေးရှားမှာ နေတုန်းက အမေရိကားက ဖုန်းတခု လာတယ်။ ကျနော် လမင်းတရာ မောင်အေးဝင်းပါ တဲ့။ မိုးချိုသင်းရဲ့ စာမူတပုဒ် လမင်းတရာ စာစဉ်မှာ ဖော်ပြထားလို့ စာအုပ် လှမ်းပို့ပေးချင်ပါတယ် တဲ့။ အခုလို တကူးတက လှမ်း အသိပေးဖော်ရလို့ စိတ်ထဲမှာ ၀မ်းသာရတယ်။ စာကို တန်ဖိုးထားတဲ့သူ၊ စာပေကို ချစ်မြတ်နိုးတဲ့သူမှန်း မမြင်ဖူးပေမဲ့ ပထမအကြိမ်စကားပြောအပြီးမှာပဲ မိုင်ပေါင်းများစွာ ကွာဝေးနေတာတောင် သိလိုက်ရတယ်။ လွန်ခဲ့တဲ့ ၁၉နှစ်လောက်ကမို့ ဖုန်းခတွေ ဈေးကြီးနေတာတောင် ရှည်ရှည်ဝေးဝေး စကားတွေ ပြော လှမ်းဆက်တာ အမှတ်တရ ရှိနေပါတယ်။

အဲဒီတုန်းက အကို - ကိုအေးဝင်းလို့ အလွယ် ခေါ်မိတာပါ။ အသံကလဲ ကံကောင်းထောက်မစွာ နု သလို ဖြစ်နေတယ်လေ။ ကျနော်တို့က ကျနော်တို့က နဲ့ အများသဘောဆောင်သလိုမျိုး စကားပြောတတ်တယ်။ ဒါနဲ့ သူလို ကိုယ်လို လူငယ်တယောက်လို့သာ ထင်မိတာပဲ။ အဲဒီတုန်းကသာ ခုလို Facebook တွေပေါ်လို့ ရုပ်မြင်လိုက်ရင်တော့ "ကြည်" ခေါ်သလို အဘ ခေါ်ချင် ခေါ်မိမှာပါ (ဤကား စကားချပ်)။
နောက်တော့ ကံကြမ္မာက တမြို့ တည်းမှာ နေရဖို့ ဖန်လာပါတယ်။ LA ရောက်ပြီး နောက်တနေ့မှာပဲ အဖေက ဒီနေ့ ကိုအေးဝင်းလာလိမ့်မယ် သမီးရေ..တဲ့။ ဒီမှာ အဖေရယ်၊ ခင်ပွန်းရယ် ရှိပေမဲ့ အရောင်တူနိုင်တဲ့ မိတ်ဆွေတွေနဲ့ ခင်ခွင့်ရမှာ သိရလို့ အားရှိသွားတာ အမှန်ပဲ။ စကားကို လေးလေး မှန်မှန် နဲ့ ပြောလိုက်တဲ့ စကား၊ တနေ့လုံး သူချည်း ပြောပြီး ပြန်သွားတယ်။ သူ့အိမ်ကိုလဲ လာလည်ဖို့ ဖိတ်သွားတယ်။ ရုပ်ကတော့ တရုတ် သိုင်းဘိုးဘိုးကြီး ဒီဇိုင်းပဲ။ တခေါင်းလုံးဖြူနေတဲ့ ဆံပင်ရှည်ကြီးကို စည်းထားသေးတယ်။ ကြည့်လိုက်တာနဲ့ အတော်မိုက်တဲ့သူမှန်း သိသာပါတယ်။ ခေတ်ဆန်တဲ့ မိုက်နည်းမျိုး မဟုတ်ရပါ။ လူမိုက်ရုပ် ထွက်နေတာကို ဆိုလိုချင်တာပါ။

အဖေနဲ့က ဘော်ဒါတွေပေါ့။ သူတို့ ကဗျာတွေ အတူဖတ်ကြတယ်၊ စာတွေအတူ ဆွေးနွေးကြတယ်။ သူတို့ချစ်တဲ့ မိတ်ဆွေတွေအကြောင်း ပြောကြတယ်။ မြန်မာပြည် အတူ လွမ်းကြတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေရောပေါ့။ ပြီးတော့ ကက်ဆက်လေးနဲ့ ကပြားမလေး ဂိုယာရမ်သီချင်းကို နားထောင်ကြ ဆိုကြပေါ့။ အစားအသောက်အကြောင်းလဲ ပါတာပေါ့။ ကိုယ်ကတော့ ဘေးကနေ နားထောင်သူပေါ့။ အကိုက အဖေ့ကို အတော်ချစ်တယ်။ အဖေကလဲ သူ့ကို အမြဲလို မျှော်နေရှာတာပါ။ သူတို့ အတူ San Diego တို့ Universal Studio တို့ သွားကြတယ်၊ အဖေက ကိုအေးဝင်းနဲ့ Universal Studio သွားလည်တဲ့အကြောင်း ကဗျာစပ်သေးတယ်။ Studio ထဲက ဆက်တင်တွေမှာ ငလျင်တွေ လှုပ်၊ ရေတွေကြီး၊ ရထားတွေ မှောက်၊ မီးတွေ လောင်ပြီး စိတ်မောရပေမဲ့ ပြကွက်ပြီးသွားရင် အကုန် အကောင်းပဂတိ ပြန်ဖြစ်သွားသလို ကိုယ်တို့ ရွှေပြည်ကြီးလဲ ရုပ်ရှင်ဆက်တင်တွေလို ပျက်တာတွေ ခဏချင်း ပြန်ကောင်းသွားရင် ဘယ်လောက် ကောင်းလိုက်မလဲ တဲ့။ ကဗျာဆရာက အကောင်းကို မျှော်လို့ လမင်းတရာကိုအေးဝင်းကို ပွေ့ဖက်ပြီး ပြန်ခဲ့ပါသတဲ့။ ကဗျာဖတ်ရင်း သူတို့နှစ်ယောက်ကို ရုပ်ရှင်ပြကွက်တွေလို မြင်ယောင်ပြီး စိတ်ထိခိုက်ရသေးတယ်။

အဖေဆုံးသွားပြီးတဲ့နောက်မှာ ကိုအေးဝင်းရဲ့ စကားပြောဖော်ဟာ ကိုယ် ဖြစ်လာတယ်။ အဲဒီအခါ ထူးခြားတာက သူက ကိုယ်တို့ကြားမှာ ရှိနေတဲ့ အချိန် အပိုင်းအခြားကို ချုံ့ ပစ်လိုက်တာပါ။ စကားတွေပြောတိုင်း သူတို့ခေတ်က လူတွေ အကြောင်းကို ကိုယ်လဲ အဲဒီခေတ်မှာ မွေးဖွားကြီးပြင်းခဲ့သလို ပြောဆိုနေတော့တာပါ။ တကယ်က သူ နိုင်ငံရေးလုပ်၊ ထောင်ကျချိန်မှာမှ ကိုယ်က လူ့လောကထဲ စ ရောက်တဲ့သူ။ ဘယ်လိုလုပ် သူ့ဘော်ဒါတွေကို သိနိုင်ပါ့မလဲ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ အင်း လိုက်ရတာပဲ။ ဒီလူကြီးကို ခင်မိပြီကိုး။
ချိုသင်း အဲဒီတုန်းကလေ ကိုဖိုးကြူးက ဘယ်လို၊ ဆန္ဒန်ကြီးက ဘယ့်နှယ်၊ စသဖြင့် သူပြောတဲ့လူတွေနဲ့ ကိုယ်က ငယ်ပေါင်းကြီးဖော်တွေလို အားလုံး ဘော်ဒါတွေပဲ ဆိုသလိုမျိုး သူ့သူငယ်ချင်းတွေအကြောင်း ပြောနေတတ်တာပါ။ ပြီးရင် ဟိုလူ့ကို သိလား၊ ဒီလူ့ကို သိလား လဲ မေးသေးတာ။ သည်းခံပါတယ်။ သည်းခံပါတယ်။ သူ့အလွမ်းတွေ သွန်ချနေတာကို အတော် သည်းခံနေပါတယ်။ တခါတလေ ကိုယ် နားမလည်တဲ့ အယူအဆရေးရာတွေဖက် ရောက်ပြီး ပြောရင်းဆိုရင်း ဘေးတိုက်သွားတဲ့ ဂဏန်းကြီးလို ဖောက်သွားသေးတယ်။ ကိုယ်ကသာ ဂဏန်းလို့ သူ့ကို ထင်နေတာ၊ သူကတော့ အတည့်သွားနေတယ် ဖြူးလို့ ဖြောင့်လို့ လို့ ထင်ချင်ထင်နေမှာပေါ့။ အဲဒီအခါကျတော့လဲ ငြင်းရပြန်တာပေါ့။ အဲလို ငြင်းခုန်ပြီး တလ နှစ်လလောက် စကားမပြောကြဘူး။ နောက်တော့လဲ မနေနိုင်ပါဘူး။ သူ ဆီးချိုတက်နေတယ်ကြားရင် ဟိုဟာမရှောင်ဘူးလား၊ ဒါတွေ စားလိုက်ပြန်ပြီလား ဆိုပြီးကိုယ်ကလဲ ဆရာမကြီး သွားလုပ်ပြီး ပြန်ခေါ်လိုက်တာပါပဲ။ မုန့်လုံး စက္ကူကပ်ပဲ။

တခါတလေကျတော့လဲ Virtual world က အဖြစ်အပျက်တွေကို သူ ခံစားပြီး ဟင်းချက်နေတာပဲ ကောင်းပါတယ် ချိုသင်းရယ် တဲ့။ ကိုယ်လဲ ချ ချ လို့ အားပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူချက်တဲ့ဟင်းတွေက တကယ်ကောင်းတာပါ။ စေတနာတွေနဲ့ ပြည့်နေတာ..။ သူစားချင်တာတွေ ချက်နည်း ပြုတ်နည်းတွေ အားပါးတရ ရေးတတ်သေးလို့ ကိုယ့်အမျိုးသားက အရသာရှိသောစာ လို့ သွားရည်ကျတတ်သေးတယ်။

ဘ၀ဆိုတာ ဒီလိုပါပဲ။ ခရီးတခု အတူသွားခဲ့ကြတယ်။ အားလုံးဆင်တူ ၀တ်ထားတဲ့ group tour တော့ မဟုတ်ခဲ့ဘူး။ သူက အနီရောင် ၀တ်ထားပေမဲ့ ကိုယ်က အဖြူရောင် နှစ်သက်ချင်နှစ်သက်မိမှာပေါ့။ ဒါပေမဲ့ အဲဒီအရောင်တွေက ရောက်ချင်တဲ့ ခရီးဆုံးကိုတော့ အနှောက်အယှက် မဖြစ်စေခဲ့ဘူး။ တောင်တွေကို အတူ တက်လို့၊ မောရင် ရေ မျှတိုက်လို့၊ ခက်ခဲရင် အထုပ် ကူဆွဲ လို့ သွားကြရတာကို ၀မ်းသာတယ်။ မှောင်နဲ့မဲမဲမှာ မောင်နဲ့ နှမ လက်ချင်း တွဲလို့ရသေးတာ ကျေနပ်တယ်။ ကိုယ်ချစ်ခင်သူတွေနဲ့ ကြာရှည်လေးမြင့် မခေါ်မပြော ဖြစ်ရမှာ ပျင်းတယ်။ ခုခေတ်မှာ ပေါပေါပဲပဲဖြစ်နေတဲ့ အပြစ်တင်မှုတွေ၊ ရန်ဖြစ် စိတ်ဆိုးရမှာတွေအတွက် အချိန်တွေ အင်အားတွေ နှမြောတယ်။
အကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှည်ရှည် နေပါအုံး။ စာပေနဲ့ မွေ့လျော်ရတဲ့ဘ၀မှာ တည်ငြိမ်တဲ့ ငြိမ်းအေးမှုကို ခံစားလိုက်ပါအုံး..။



(မေ ၂၅၊ ၂၀၁၈ ကိုအေးဝင်း ရဲ့  ၆၆နှစ်ပြည့် မွေးနေ့ သို့)
မိုးချိုသင်း

No comments: