Sunday, April 6, 2014

ငွေနဲ့တန်ဖိုးမဖြတ်စေချင် ရေးသူ - ဇော်ဝင်းကို

မသိမ့်၊ အင်ကြင်း၊ ထွန်းတေဇာ

တနေ့က မင်းတို့ အိမ်ကို ဘဘဇော် ရေချိုးလာတော့ မင်းတို့ မောင်နှမတတွေ၊ သတင်းစာတစောင် အလယ်မှာချပြီး ငြင်းခုံနေကြတာ တွေ့လိုက်ရတယ်။ သတင်းစာထဲ နာရေးကြော်ငြာတခု ဖတ်ရင်းပေါ့။ ကြော်ငြာမှာက 'သမာဓိမြို့ဝန် KSM, ATM ဦးဘယ်သူ ဒေါ်ဘယ်ဝါတို့၏ မြေး၊ ဝဏ္ဏကျော်ထင် ဦးဘယ်သူ ဒေါ်ဘယ်ဝါတို့၏ သမီး၊ သရေစည်သူ ဦးဘယ်သူ ဒေါ်ဘယ်ဝါတို့၏ ချွေးမ' လို့ ပါနေတာနဲ့ အဲဒါကို ဖတ်ရင်း၊ မောင်နှမ အချင်းချင်း ဝိဝါဒတွေ ကွဲနေကြတာပါ။ မောင်နှမ သုံးယောက်အကြားမှာ သုံးဦးသုံးဖလှယ် ငြင်းခုံနေကြလေရဲ့။

သားငယ်လေးက KSM, ATM ဆိုတာ ဘဘဇော် ဆောင်းပါးတခုမှာ ရေးခဲ့တဲ့ ICS လို ရာထူးမျိုးကို ခေါ်တာတဲ့။ အင်ကြင်းကတော့ သမာဓိမြို့ဝန် ဆိုတာ ရာထူးမို့ KSM, ATM ဆိုတာ ရာထူးမဖြစ်နိုင်တော့ဘူး၊ ဝဏ္ဏကျော်ထင်လို ဘွဲ့ထူးပဲ ဖြစ်ရမယ်တဲ့။ မသိမ့်ကတော့ ဂုဏ်ထူးရရင် ဂုဏ်ရှိသွားရောလားလို့ 'စောဒနာ' နေလေ၇ဲ့။ မင်းတို့ရဲ့ မေးခွန်းမြားချက် ဘဘဇော်ဆီ လှည့်လာခဲ့ရင် တထိုင်တည်း ဖြေဖို့ကလည်း မဖြစ်နိုင်တာမို့ အသာလေး လှည့်ထွက်ခဲ့ပြီး ခုမှ ရှင်းပြလိုက်ရတာပါ။

သားတို့ သမီးတို့ရေ..

KSM, ATM ဆိုတာ ICS လို ရာထူးအခေါ်အဝေါ်၊ ဝေါဟာရ မဟုတ်ဘူးကွဲ့။ ဘွဲ့ထူး ဂုဏ်ထူးမျိုးပဲ။ တဆက်တည်း တလုံးတည်းလည်း မဟုတ်ဘူး၊ သုံးလုံးတွဲ ဘွဲ့နှစ်ခုပါ။ ICS အကြောင်းကို အရင်ပြောကြရအောင်။

ICS ဆိုတာ Indian Civil Service ရဲ့ အတိုကောက် စကားလုံး ဖြစ်တဲ့အကြောင်း၊ မြန်မာလိုပြန်ရင် အိန္ဒိယ မြို့ပြဝန်ထမ်းလို့ အဓိပ္ပါယ်ရကြောင်းက မင်းတို့ သိပြီး ဖြစ်ပါလိမ့်မယ်။ အကျယ်ပြောရရင်တော့ ဒီလိုပါ။

အင်္ဂလိပ်တွေ အိန္ဒိယကို စပြီးနယ်ချဲ့တော့ အရှေ့အိန္ဒိယ ကုမ္ပဏီကတဆင့် လုပ်ခဲ့တာ။ ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီပေါ့။ အဲဒီ ကုမ္ပဏီက အိန္ဒိယနယ်မြေမှာ လက်ဝါးကြီးအုပ် စီးပွါးရေးလုပ်ကိုင်ဖို့ ခရစ်နှစ် ၁၆၀၀ လောက် ကတည်းက ပထမအဲလိဇဘက်ဘုရင်မကြီးရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ ကုမ္ပဏီပဲ။ အဲဒီ ကုမ္ပဏီဟာ တခြား အရှေ့အိန္ဒိယ ကုမ္ပဏီတွေ (ဒပ်ခ်ျ အရှေ့အိန္ဒိယ ကုမ္ပဏီ၊ ပြင်သစ် အိန္ဒိယကုမ္ပဏီ စတာတွေ) နဲ့ ပြိုင်ပြီး အိန္ဒိယမှာ နယ်ချဲ့လာလိုက်တာ ၁၉ ရာစု အစပိုင်း ရောက်လာတဲ့ အခါမှာတော့ အိန္ဒိယတိုက်ငယ် တခုလုံးနီးပါး သြဇာ ဖြန့်ကြက်မိ သွားသကွဲ့။ ဗြိတိသျှ အစိုးရကလည်း အိန္ဒိယရဲ့ အုပ်ချုပ်ရေးကို အရှေ့အိန္ဒိယကုမ္ပဏီ လက်ထဲကိုပဲ ထည့်ထားခဲ့တယ်။ ဒါပေမယ့် ၁၈၁၃ ခုနှစ်လောက်မှာ ကုမ္ပဏီရဲ့ စီးပွါးရေး လက်ဝါးကြီးအုပ်ထားမှုကို ပယ်ဖျက်ခဲ့ပြီး စစ်ဗာရီပုန်ကန်မှုကြီး (Sepoy Rebellion 1857 - 1859) ပြီးတဲ့အခါမှာတော့ Better Government of India Act) နဲ့ ဘုရင့်အစိုးရက အိန္ဒိယအုပ်ချုပ်ရေးကို ကုမ္ပဏီလက်က အပြီးအပိုင် လွှဲယူလိုက်တယ်။ ဒီလို လွှဲယူ လိုက်တဲ့ အခါ အုပ်ချုပ်ရေးနဲ့ အထွေထွေလုပ်ငန်း ကိစ္စတွေမှာ အစိုးရက ဝန်ထမ်းအဖွဲ့ (Service) တွေ ခွဲခန့် အုပ်ချုပ်တယ်။ မြို့ပြ အုပ်ချုပ်ရေးမှာ (Indian Civil Service)၊ ရဲဘက်မှာ (Indian Police Service)၊ သစ်တောဘက်မှာ (Indian Forest Service I,F.S)၊ စသဖြင့်ပေါ့။  Indian Service တွေကတော့ အတော်စုံပါတယ်။ Indian Education Service (I.E.S) ဆိုတဲ့ ပညာရေး ဆားဗစ်တွေလည်း ရှိသေးတယ်။ အဲဒီထဲမှ  အရေးပါဆုံးကတော့ မြို့ပြဆိုင်ရာဝန်ထမ်း (အိုင်စီအက်စ်) တွေပါပဲ။ ဒါကြောင့် ICS ဆိုတာ ရာထူးလို့ ပြောရမယ်။

KSM တို့၊ ATM တို့ကတော့ မြန်မာနိုင်ငံအတွက် သက်သက် ဗြိတိသျှအစိုးရက ထွင်ပြီး ပေးသွားတဲ့ ဘွဲ့ထူးတွေပါ။ KSM ဆိုတာ Kyetthaye saung Salwe taw ya Min (ကျက်သရေဆောင် စလွယ်တော်ရ မင်း) တဲ့။ ATM ဆိုတာကတော့ Ahmuhtan kaung Taseik taw ya Min (အမှုထမ်းကောင်း တံဆိပ်တော်ရ မင်း) တဲ့။ ဇာတ်မင်းသား ဂရိတ်ဦးဖိုးစိန်ရခဲ့တဲ့ တိုင်းကျိုးပြည်ကျိုးဆောင် (Taing kyo Pyi kyo Saung) ဆိုတဲ့ TPS ဘွဲ့လည်း ရှိသေးတယ်။ နောက် TDM ဆိုတဲ့ Thyye gaung Ngwe Daya Min (သူရဲကောင်းငွေဓားရမင်း) ဆိုတာလည်း ရှိသေးတယ်။ မြန်မာစာလုံးတွေကို အင်္ဂလိပ်လို စာလုံးပေါင်းပြီး ရှေ့ဆုံးစာလုံးတွေနဲ့ အတိုကောက် Initialize လုပ်ထားတာ။

အင်္ဂလိပ်က အဲဒါမျိုးတော့ အတော်ရှိတယ်ဟေ့။ ဘွဲ့တို့ ရာထူးတို့ ပေးတာတောင် သူတို့နဲ့ မတူအောင် ခွဲခြားပြီးပေးတာ။ စစ်ဘက်မှာဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေကို မသုံးမဖြစ် သုံးရတော့ စစ်ဘက် ရာထူးတွေ ပေးရတာပေါ့။ ဒီလို ပေးတဲ့အခါ မျက်နှာဖြူ အရာရှိတွေက ကက်ပတိန်၊ လက်ဖတင်နင် စတဲ့ ပုံမှန်ရာထူးတွေနဲ့ တာဝန်ထမ်းကြပေမယ့် တိုင်းရင်းသားတွေကိုတော့ ဆူဘဒါ၊ ဂျမဒါ စတဲ့ (ပုံမှန်ထက် တဆင့်နှိမ့်ပြီး တီထွင်ထားတဲ့) အရာရှိ ရာထူးမျိုးတွေပဲ ပေးခဲ့တာပါ။ ဘွဲ့ထူးတွေမှာလည်း OBE (Order of the British Empire) လို ဘွဲ့တွေနဲ့ ခြားနားအောင် (အချီးမြှောက်ခံ တိုင်းရင်းသားတွေလည်း ကျေနပ်အောင်) မြန်မာစကားလုံးတွေကို အင်္ဂလိပ်လိုပေါင်း အတိုကောက်လုပ်ပြီး နားလှည့် ပါးလှည့်လုပ်ထားတာပေါ့။

မြန်မာနိုင်ငံမှာ ဗြိတိသျှအစိုးရက ဒီလိုဘွဲ့ထူးတွေ ပထမဆုံး စပြီး အပ်နှင်းခဲ့တာက မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်သိမ်းပြီးစ ၁၈၈၅ ခုနှစ်က ရန်ကုန်မြို့ ဝင်ဆာလမ်း (အခု ရှင်စောပုလမ်း) အစိုးရအိမ်တော်မှာ လုပ်တဲ့ ဒါဘာပွဲမှာပဲ။ မြန်မာတွေထဲက KSM ဘွဲ့ နှစ်ဦး၊ KTM ဘွဲ့ ငါးဦး၊ TDM ဘွဲ့ တဦးတို့ကို မဟာဝန်ရှင်တော်မင်းကြီး ဆာချားလ်ခရော့ စဝိတ် (Sir Charles Crosweith) က ချီးမြှင့်ခဲ့တယ်။ သူတို့ဟာ ဗြိတိသျှအစိုးရ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ပထမဆုံး ရခဲ့သူတွေပေါ။ နောက်တကြိမ် ၁၈၈၇ ခုနှစ် မန္တလေးနန်းတွင်းမှာလုပ်တဲ့ ဒါဘာပွဲ မှာတော့ ကင်းဝန်မင်းကြီး ဦးကောင်းကို ဆာချားလ်ခရော့စဝိတ်ကပဲ 'အိန္ဒိယ မဟာအတုလတာရာသဟာယဘွဲ့' (Companion of the Most Exalted Order of the Star of India - CSI) ချီးမြှင့်ခဲ့သတဲ့။ (ဒီဘွဲ့ကလည်း အိန္ဒိယအတွက် သက်သက်ထွင်ထားတဲ့ ဘွဲ့ပါ)။

သားတို့၊ သမီးတို့ရေ……

အင်ကြင်းနဲ့ ထွန်းတေဇာ အငြင်းပွါးတဲ့ကိစ္စက အချက်အလက် ကိစ္စမို့ ဖြေရလွယ်ပါတယ်။ မသိမ့် 'စောဒနာ' ထားတာက အတွေးအခေါ် ပါနေတာမို့ နည်းနည်း ဂရုစိုက် ဖြေရမှာ။ မသိမ့်က 'ဂုဏ်ထူးရရင် ဂုဏ်ရှိသွားရောလား' လို့ မေးထားတယ်လေ။

တကယ်တော့ မသိမ့်ရယ်…… ဂုဏ်ထူးဆိုတာကိုက သက်ဆိုင်ရာ ဂုဏ်ရှိပြီးသူကို 'သူ့မှာ ဒီဂုဏ်ရှိပါတယ်' လို့ အသိအမှတ် ပြုတဲ့အနေနဲ့ ပေးတဲ့ ဘွဲ့တဆိပ်ပါ။ ပညာရှိသူကို ပညာရှိသူလို့ အသိအမှတ်ပြုတဲ့ ပညာနဲ့ ဆိုင်တဲ့ ဂုဏ်ထူးတံဆိပ်ပေးတယ်။ သတ္တိရှိသူကို သတ္တိရှိသူလို့ အသိအမှတ်ပြုပြီး သတ္တိနဲ့ဆိုင်တဲ့ ဆုတံဆိပ် ပေးတယ်။ ဥစ္စာရှိသူကိုလည်း ဥစ္စာ၇ှိသူလို့ အသိအမှတ်ပြုပြီး ဘွဲ့တံဆိပ်ပေးတယ်။ အနုပညာထွန်းပေါက်သူကိုလည်း ဒီလို ထွန်းပေါက်ပါတယ်လို့ အသိအမှတ်ပြုပြီး ဘွဲ့ပေးတယ်။ ဒါကြောင့် ဂုဏ်ထူးဘွဲ့ထူးဆိုတာ ဂုဏ်ရှိပြီးသားလူကို အသိအမှတ် ပြုလိုက်တာပါ။

ဒီတော့ ဂုဏ်နဲ့ ဂုဏ်ထူးဆိုတာ ဆက်နေတဲ့ သဘောပေါ့။ အဲဒီမှာ ဂုဏ်က အရင်လာပါတယ်။ ဒီ ဂုဏ်ပေါ် အခြေပြုလို့ ဂုဏ်ထူးကို သတ်မှတ်တယ်။ ဂုဏ်ရှိပြီးသားသူကိုသာ ဂုဏ်ထူးပေးတာပါ။ ဒါက မူလ တရားကိုယ်သဘော။

ဒါပေမယ့် ကလေးတို့ရေ။ သမိုင်းမှာ ဘယ်အရာမှ မူလတရားကိုယ်သဘောအတိုင်း မတည်ဘူးကွဲ့။ နောက်ပိုင်းမှာ ဘွဲ့တို့ ဂုဏ်ထူးတို့ ဆိုတာတွေကလည်း မူလ တရားကိုယ် သဘောက ရွေ့လျားသွားတယ်။ ဂုဏ်ထူးဆိုတာ ဂုဏ်သရေရှိသူကို ပေးရာက ဂုဏ်ထူးကြောင့် ဂုဏ်ရှိသွားရတာမျိုးတွေ ရှိလာတယ်။ ဒီအခါမှာတော့ ဂုဏ်ရှိအောင် ဂုဏ်ထူးဆောင်ရသူတွေလည်း ပေါ်လာတော့တာပေါ့။ တဆက်တည်းမှာ ဂုဏ်ထူးပေးနိုင်သူတွေရဲ့ သဘောဆန္ဒအပေါ်မှာ တည်ပြီး ဂုဏ်ထူးရသူတွေရဲ့ အလျော့အတင်းတွေလည်း ရှိလာတယ်။ ဒီတခါ ဂုဏ်ထူးရဲ့ သဘောသဘာဝ၊ ဂုဏ်ထူးခံပုဂ္ဂိုလ်ရဲ့ အရည်အသွေး၊ ဂုဏ်ထူးပေးသူရဲ့ ပေးပိုင်ခွင့်သြဇာ (Authority) ဆိုတာတွေကလည်း ထည့်စဉ်းစားစရာ ဖြစ်လာတော့တယ်။ ဘွဲတံဆိပ်တခုဟာ ဘာတံဆိပ်လဲ၊ ဘယ်သူက ပေးတာလဲ၊ ဘယ်သူ့ကို ပေးတာလဲ ဆိုတဲ့ ခြားနားချက်တွေအပေါ်မှာ အရည်အသွေး ကွာခြားတာ၊ အများပြည်သူရဲ့ လက်ခံမှု ကွာခြားတာတွေ ရှိလာတယ်။

မင်းတို့ ဘိုးဘိုးကြီး ဦးခင်မောင်လတ် ပြောပြဖူးတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ အလင်္ကာကျော်စွာ ဘွဲ့ကိစ္စမျိုးပေါ့ကွယ်။ လွတ်လပ်ရေးရပြီးတော့ ဖဆပလ အစိုးရလက်ထက်မှာ ထူးချွန်တဲ့ နိုင်ငံသားတွေကို ထူးချွန်သလို အသိအမှတ်ပြုရေးဆိုပြီး ဘွဲ့ထူး ဂုဏ်ထူးတွေ တီထွင်သတဲ့..။ ထူးချွန်သူ ဝန်ထမ်းတွေဆိုရင် စည်သူ၊ သရေစည်သူ၊ မဟာသရေစည်သူ အဆင့်ဆင့်၊ ပညာရှင်ပိုင်းမှာ ဆိုရင်လည်း သီရိပျံချီ၊ အခြား ထူးချွန် ဂုဏ်သရေရှိသူ တွေဆိုရင် ဝဏ္ဏကျော်ထင် စသဖြင့်ပေါ့။ အဲဒီမှာ ဆရာကြီးသခင်ကိုယ်တေယ်မှိုင်းကိုတော့ 'အလင်္ကာကျော်စွာ' ဆိုတဲ့ဘွဲ့ ပေးဖို့ လျာထားသတဲ့။ ဒီဘွဲ့ထူးတွေ တီထွင်ကြံဆကတည်းက ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူတွေက 'အလင်္ကာကျော်စွာ' ဆိုတဲ့ဘွဲ့ကို စာပေအနုပညာမှာ တခေတ်တယောက် ထွန်းပေါက်တဲ့ ပုဂ္ဂိုလ်မျိုးမှ ပေးဖို့၊ ပေးရာမှာလည်း နှစ်ပေါင်းများစွာကြာမှ တယောက်တလေသာ ရတဲ့အထိ စိစစ်ရွေးချယ်ဖို့၊ ဒါမှ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးနဲ့ ထိုက်တန်မှာ ဖြစ်တဲ့အကြောင်း ဆွေးနွေးကြသတဲ့။ ဒါနဲ့ ၁၉၅၀ ပြည့်နှစ် လွတ်လပ်ရေး နှစ်ပါတ်လည်မှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို 'အလင်္ကာကျော်စွာ' ဘွဲ့ ဦးဦးဖျားဖျား ချီးမြှင့်လိုက်ကြ ပါတယ်။

ဒါပေမယ့် သခင်ကိုယ်တော်မှိုင်းက အလင်္ကာကျော်စွာပီပီ မနေဘူးလို့ ဆုပေးသူတွေက ထင်လာကြသလား မသိပါဘူး။ ဆရာကြီးကလည်း ဆရာကြီးပဲလေ( ဒါပေမယ့် ဒါကြောင့်လည်း 'သခင်ကိုယ်တော်မှိုင်း' ဖြစ်နေတာကိုးကွဲ)။ ဆရာကြီးက နှစ်ပေါက်အောင်တောင် မစောင့်ဘူး။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလမှာ ဘွဲ့ထူးရ၊ ဇွန်လမှာပဲ ဖဆပလ အစိုးရနဲ့ ဆန့်ကျင်ပြီး ရပ်ပြခဲ့သတဲ့။ အဲဒီနှစ် ဇွန်လ ၂၅ ရက်မှာ အမေရိကန်က ကုလသမဂ္ဂ အလံထောင်ပြီး ကိုးရီးယားနိုင်ငံကို ဝင်တိုက်တယ်လေ။ ဒါကို ဖဆပလအစိုးရက ထောက်ခံတယ်။ ဆရာကြီးကတော့ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ပဲ ဆိုပြီး အတိအလင်း ကန့်ကွက်တယ်။ နောက်ပိုင်းမှာလည်း ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်နဲ့ ဆက်သွယ်၊ ပြည်တွင်းငြိမ်းချမ်းမှုမှာ ဦးဆောင်လုပ်လာတယ်။ 'ဟိုယခင်ယမန် တံပိုးတည့်တည့် ထမ်းခဲ့တဲ့၊ စိုးနဲ့ သန်းတို့ကိုလည်း တမျိုးကွဲ့ လွမ်းသူ ဆရာဖအေက၊ မာပါစေ၊ သာပါစေ၊ လာပါစေ' ဆိုတာမျိုး လေးချိုးကြီးတွေ ရေးလာတယ်။ ဒီတော့ ဘွဲ့ပေးသူတွေနဲ့ ဘွဲ့ရသူအကြားမှာ အဟပ်ကွာလာတယ်။

ဒီနောက်မှာတော့ 'အလင်္ကာကျော်စွာ' ဆိုတဲ့ဘွဲ့ဟာ 'တခေတ်တယောက်' ဆိုတာကနေ 'တနှစ်သုံးလေးယောက်' ဆိုတဲ့ အခြေအနေမျို ရောက်သွားတယ်။ ဂုဏ်ရည် သတ်မှတ်ရာမှာလည်း 'ထူးချွန်သူ အနုပညာရှင်များအတွက် ချီးမြှင့်တဲ့ဘွဲ့' ဖြစ်သွားတယ်။ အလင်္ကာကျော်စွာ ရွှေပြည်အေး၊ အလင်္ကာကျော် စောင်းဦးဘသန်း၊ အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည်၊ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် စသဖြင့် ဘွဲ့ရသူတွေ များလာကြတယ်။

သားတို့၊ သမီးတို့ရေ.. အလင်္ကာကျော်စွာဟာ တခေတ်တယောက်ကနေ တနှစ် သုံးလေးယောက် ဖြစ်သွားပေမယ့် အလင်္ကာကျော်စွာ ပထမဆုံး ရခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ တခေတ်တယောက်အဖြစ်ကနေ လျှောကျ မသွားပါဘူး။ ဒါဟာ 'ဂုဏ်' နဲ့ 'ဂုဏ်ထူး' တို့မှာ ဘယ်ဟာက ပဓါနကျသလဲ ဆိုတဲ့ အကောင်းဆုံး သာဓကပေါ့ကွယ်။

သခင်ကိုယ်တော်မှိုင်းကလည်း 'အလင်္ကာကျော်စွာ' ဆိုတဲ့ဘွဲ့ကို 'ဆရာကြီးသခင်ကိုယ်တော်မှိုင်း' ဆိုတဲ့ ဘွဲ့လောက် မက်ခဲ့ပုံ မရပါဘူး။ ဆရာကြီး အလင်္ကာကျော်စွာ ဘွဲ့ရလို့ လစဉ်ထောက်ပံ့ကြေးငွေ ငါးရာကျပ်လည်းရတော့ အိုးဝေဦးညိုမြက သူ့သတင်းစာမှာ ဆရာကြီးကို ချစ်စနိုးနဲ့ ထေ့ သတဲ့။ ဒီတော့ ဆရာကြီးက ချက်ချင်းပဲ တုံ့ပြန်တဲ့ လေးချိုးတပုဒ် ရေးလိုက်တယ်။ အတိတ်က သူ့လုပ်ရပ်တွေကို ပြောပြရင်း "ဟေ့ တဗိုလ် ထမည့် ညိုမြရဲ့။ ထင်းခုတ်တော့ဟဲ့ ထမင်းတလုပ်တော့ အများတကာနဲ့ စားရမှာမလွဲ" လို့ တုံ့ပြန်လိုက်သတဲ့။ နောက်ပိုင်းမှာလည်း အလင်္ကာကျော်စွာ ဘွဲ့ရတဲ့ အကြောင်းပြောရင် "ဆိုင်းသမားတွေကို ပေးတဲ့ဘွဲ့ပါကွာ" လို့ ဆရာကြီးက ပြက်လုံး ထုတ်လေ့ ရှိသတဲ့။

ပြောရမယ်ဆိုရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဂုဏ်ထူးထက် မကာမိအောင် ဂုဏ်ကြီးပြီးသား ပုဂ္ဂိုလ်ပေကိုး။ သူ့အတွက် 'တခေတ်တယောက်ထွန်းပေါက်သူ' လို့ အသိအမှတ်ပြုခံရဖို့ ဆိုတာ 'အလင်္ကာကျော်စွာ' မလိုပါဘူး။ အလင်္ကာကျော်စွာ မပါလည်း သခင်ကိုယ်တော်မှိုင်းဟာ တခေတ်တယောက် ထွန်းပေါက်သူ စာပေပညာရှင်ကြီးပါပဲ။ ဂုဏ်ရှိပြီးသား ပုဂ္ဂိုလ်ဟာ သူ့ဂုဏ်ကို ထင်ရှားစေဖို့ ဂုဏ်ထူးဘွဲ့ထူး မလိုဘူးဆိုတာ သခင်ကိုယ်တော်မှိုင်းက ပြလိုက်တာပါ။

ဒီလို ပုဂ္ဂိုလ်တွေ အများအပြား ရှိတယ် မသိမ့်ရေ။ မင်းတို့ ဘိုးဘိုးကြီးရဲ့ ဆရာသမားတွေ ဖြစ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ဟာလည်း 'သီရိပျံချီ' ဘွဲ့ခံတွေပဲ။ ဆရာဇော်ဂျီက (၁၉၆၀)၊ ဆရာမင်းသုဝဏ်က (၁၉၆၂) မှာ ရခဲ့ကြတာ။ ဒါပေမယ့် သီရိပျံချီဇော်ဂျီ၊ သီရိပျံချီမင်းသုဝဏ်လို့ သူတို့ကိုယ် သူတို့ တခါမှ မညွှန်းခဲ့ပါဘူး။ သီရိပျံချီဇော်ဂျီရဲ့  ဗေဒါလမ်းကဗျာများ၊ သီရိပျံချီမင်းသုဝဏ်ရဲ့ အင်းယားကန်သို့ အိုကုတို့ ကဗျာစာအုပ်ဆိုပြီး ကြော်ငြာတာလည်း မကြားဖူးပါဘူး။ ဆရာမြသန်းတင့်ဆိုရင် အမျိုးသားစာပေဆု ၅ ကြိမ်တောင် ရခဲ့တာပဲ။ အမျိုးသားစာပေဆုရှင် မြသန်းတင့်လို့ ဘယ်စာအုပ်မှာမှ မကျေညာခဲ့ပါဘူးကွယ်။

သားတို့ သမီးတို့ ချွန်ပြီး မွန်တဲ့ မျိုးဆက်သစ်များ ဖြစ်ကြပါစေ။

ဘဘဇော်။


ဗျူးတီးမက်စ်၊ ဖေဖော်ဝါရီ ၂၀၀၈။

[ဇော်ဝင်းကို ရဲ့ ကြီးမြတ်တဲ့တသက်တာ ဂုဏ်ပြောင်တဲ့ သေဆုံးမှု စာအုပ်၊ ပထမအကြိမ်၊ ၂၀၁၃ မေလထုတ် မှ ကူးယူဖော်ပြ ပါတယ်။]

Tuesday, April 1, 2014

အနှစ် ၃၀ က လ ၂၀၀… ရေးသူ - အေးဝင်း(လမင်းတရာ)



အနှစ် ၃၀ က လ ၂၀၀


ကိုယ့်ရဲ့ အဟောင်းတွေထဲက အမေရိကကို ရောက်လာတဲ့အထဲ သူလည်းပါတယ်

မိုးဝေမဂ္ဂဇင်း လ ၂၀၀ ပြည့် အထူး။

ရောက်နေတာတော့ ကြာပါပြီ..။ သတိရလို့ ရှာဖွေ တူးဖော်လိုက်တာ ပြန်တွေ့တယ်..။

ကိုနတ် (နတ်နွယ်) လက်မှတ်ထိုးပေးတာ နေ့စွဲက ၃၀/၈/၈၄ ။

အဲဒီကာလတွေမှာ ဆိုင်ကြီးလို့ ကိုယ်တို့ ခေါ်တဲ့ မောင်သိန်းဆိုင် နဲ့ ကိုယ်နဲ့ အတော်တွဲကြတယ်..။ ညနေတိုင်းလိုလို ဆိုင်တဆိုင် ဆိုင်မှာ ဒါမှမဟုတ် မြောက်ဥက္ကလာက သူ့အိမ်မှာ သောက်ဖြစ်တယ်။ သူတို့ ခေါ်တဲ့ ကိုနတ် (နတ်နွယ်) လည်း ပါတယ်။ ဆိုင်ကြီး အိမ်မှာ ဆိုရင်လည်း သမီးယောက်ဖတော်တဲ့ သူတို့ နှစ်ယောက်က အိမ်ချင်းမဝေးလှတော့ ကိုနတ်က ရောက်ရောက် လာတတ်တယ်။ တခါတလေ ဖာသာကြီးလို့ သူတို့ ခေါ်တဲ့ မောင်သိန်းဆိုင် အဖေ ဆရာ ဦးတင့်ဆန်းလည်း လာတတ်တယ်။ ဒီလိုနဲ့ပဲ သူတို့ (အများခေါ်သလို) ကိုယ်လည်း ကိုနတ် ခေါ်တာ နှုတ်ကျိုးသွားတာ။ တကယ်တော့ ကိုယ်က အပြာနဲ့အဝါ၊ မြန်မာပြည်ပြောက်ပိုင်းတို့ ဖတ်ပြီး ကြီးလာရတာ။ ကိုယ့်ထက် အများကြီး ကြီးတယ်။


အဲဒီနေ့က ဆိုင်ကြီးက ကိုယ့် လမင်းတရာကို ရောက်လာပြီး နှစ်ယောက်သား မိုးဝေတိုက်ကို ချီတက်ကြတယ်။ မိုးဝေ လ ၂၀၀ ပြည့် ထွက်တဲ့နေ့။ တိုက်မှာ လူစည်တယ်။ ဆုံနေကျ ဘော်ဒါတွေ တော်တော်များများ ရောက်နှင့် နေကြတယ်။ ကိုနတ်က မဂ္ဂဇင်းတအုပ် လှမ်းယူလိုက်ပြီး သူ့ဆောင်းပါးပါတဲ့ စာမျက်နှာကိုလှန်လိုက်ပြီး အမှတ်တရ လက်မှတ်ထိုးပေးတယ်။
သူ့ဆောင်းပါးက..

"မိမိနှင့်ဒဂုန်တာရာ သိုမဟုတ် လှုပ်ခတ်နေသော အရိပ် အရောင်များ.."  တဲ့။

ပြီးတော့ သူတို့ ဆင်ကြီးလို့ ခေါ် ခေါ်နေတဲ့ ဆင်ဖြူကျွန်းအောင်သိန်းကလည်း စာအုပ်ကို လှမ်းယူလိုက်ပြီး သူ့ဆောင်းပါးမျက်နှာမှာ လက်မှတ်ထိုးတယ်။

နတ်ကတော်ကြီးလို့ ကျနော် နာမည်ပေးထားတဲ့ ဘားလမ်းက ပရဆေးဆိုင် မန်နေဂျာ မြင့်မောင်မောင်ကလည်း သူ့စာမျက်နှာ "အားလေ၏မျက်နှာမှတဆင့်" မှာ လက်မှတ်ထိုးတယ်။ သူက မြန်မာစာ
အဓိကနဲ့ ကျောင်းပြီးတာ..။ သူ့စာတွေက နူးနူးညံ့ညံ့ ညက်ညက်ညောညော။ လူက မဲမဲ ဝဝ နားမှာ နားကွင်းပေါက်လေးတပေါက် ပါသေး။ ဒါနဲ့ ကျနော်က သူ့ကို နတ်ကတော်ကြီးလို့ နာမည်ပေးထားတာ

နောက်.. ရှော့တီ.. ဒီနာမည်ကို စခေါ်တာ ဆိုင်ကြီး..။ ဆွေလှိုင်ဦးတို့လိုပဲ လေတပ်က ထွက်လာတဲ့ လွင်စန်းယဉ်က သူ့ရဲ့ မဂ္ဂဇင်းဝတ္ထု စာမျက်နှာ "မမသို့ အလွမ်းပြေ ၁" လက်မှတ်ထိုးတယ်။

မောင်သွေး (မောင်သွေးသစ်) က သူ့ ကဗျာ စာမျက်နှာ "တောင်ငူ" မှာ လက်မှတ်ထိုးလိုက်တယ်။ ခု ပြန်ကြည့်လိုက်တော့ မောင်သွေးက လွဲလို့ တယောက်မှ မရှိတော့ဘူး.။


စာတည်းချုပ် နတ်နွယ်၊ အထွေထွေစာတည်း လွင်စန်းယဉ် ကွယ်လွန်ခဲ့ပြီ။ တာဝန်ခံစာတည်း မောင်သွေးသစ် စာပေတာဝန် ထမ်းဆောင်နေဆဲ

ပန်းချီဒီဇိုင်းဆိုတဲ့ စာရင်းအောက်မှာ ကြည့်လိုက်တာ ကိုယ့်နဲ့ အင်မတန် ရင်းတဲ့အထဲက ဆရာဗဂျီအောင်စိုး မရှိတော့ဘူး။ ကိုသိုက် (မောင်မောင်သိုက်)၊ ဆရာစံ (စံတိုး)၊ ကိုဝသုန် (ဝသုန်) မရှိတော့ဘူး..။ သန်းထွန်းစိုး (မောင်သိန်းဆိုင် သား) တော့ ရှိသေးလား မပြောတတ်ဘူး။ ကိုသန်းဌေးမောင် က အမေရိကမှာ..။ သူက အလတ်ကြီး ရှိသေးတယ်

မဂ္ဂဇင်းထဲမှာ နှစ်တရာစုံထောက်ဝတ္ထုတို ဘာသာပြန်သူ၊ ဇီမာလမ်းဆုံ ၆ ကဗျာကို ဘာသာပြန်သူ ဆရာမြ (မြသန်းတင့်၊ မောင်သစ်တည်) မရှိတော့ဘူး။ အရှေ့ရိုးမအလွမ်းများ ကဗျာရေးတဲ့ အောင်ဝေး က အမေရိကမှာ ရှင်သန်ဆဲ.။ ဂျက်ကီကောလင်းကို ရေးတဲ့ မေအောင်စိုး အင်္ဂလန်မှာတဲ့။ facebook ပေါ်မှာ မကြာသေးခင်ကတော့ တွေ့သေး


ကာတွန်းတွေထဲမှာ မြေဇာ နဲ့ ငွေကြည် ကျန်းကျန်းမာမာ။ ကံချွန်၊ မြင့်စိုးလေး ကွယ်လွန်သွားရှာပြီ.။ ကိုမြင့်စိုးလေး အင်းယားလိတ်ဟိုတယ်မှာ အစားအသောက်ဆိုင်ရာ မန်နေဂျာ လုပ်တုန်းက ကျနော်နဲ့ ကာတွန်းမောင်မောင် ကိုပြောတယ်။ ခင်ဗျားတို့ ဘီယာဖိုးပဲယူလာ ကျနော် အမြည်းကောင်းကောင်း ကျွေးမယ်. တဲ့။ VIP တွေကိုမှ ထုတ်ပေးတဲ့ sauce တွေ၊ စားစရာ အကောင်းစား တွေနဲ့ ကျနော်တို့ နှစ်ယောက်ကို ဧည့်ခံလိုက်တယ်။ export beer ကလည်း အဲဒီတုန်းက အင်းယားလိတ်မှာမှ ရတာဆိုတော့ ကိုမောင်မောင်နဲ့ ကိုယ်နဲ့ တွယ်လိုက်ကြတာ.။


အမှတ်တရလေးက ဒါပါပဲ……..။


မိုးဝေ အမှတ် (၁)က ၁၉၆၈ ဖေဖော်ဝါရီမှာ ထွက်တယ်။