Tuesday, May 14, 2013

"၀" လူမျိုးတို့ရဲ့ဒေသ ပန်းဆန်းမြို့မှာ စုံစုံညီညီ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ် ရုံးစိုက်သည်၊ ရေးသူ နီမော်



          ဗမာပြည် အရှေ့မြောက်ဘက်ယွန်းယွန်း၊ တရုတ်-မြန်မာနယ်စပ် တောင်တန်းကြီးတွေပေါ်မှာ "၀" ပန်း လို့ခေါ်တဲ့ "၀"ပြည်ရဲ့ မြို့တော် ပန်ဆန်းမြို့ ရှိတယ်လေ။ တန်ယန်းမြို့က လာရင် သံလွင်မြစ်ကို ကျော်ဖြတ်ပြီး တာနဲ့ ၀နယ်ထဲ ၀င်ရောက်လာတယ်။  "၀"လူမျိုးတို့ရဲ့  ဒေသဟာ  "၀" မြောက်နဲ့  "၀" တောင်ဆိုပြီး နှစ်ဒေသ ခွဲလျက် တည်ရှိတယ်။ "၀" ဘာသာစကားနဲ့  "၀" လူမျိုးတို့ရဲ့ ဓလေ့ထုံးစံကတော့ နှစ်ဒေသလုံး  အတူတူပါ။  "၀"  မြောက် ခရိုင်ရဲ့ မြို့တော်က မိုင်းမောမြို့ခေါ် ရှင်းတီဖန့် (တရုတ်အမည်) ဖြစ်ကာ ဆောက်ဖားမြို့နယ်က သွားရင် မိုင်းမောမြို့ကို ရောက်ပါတယ်။ ၀မ်လိန်၊ ဆောက်ဖား၊ မိုင်းမော ခရီးစဉ်ပါ။ ၀မ်လိန်မြို့နယ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသရဲ့ မွေးမြူရေးခြံကြီး ရှိပြီး ၀မ်လိန် တောင်ကြော၊ တောင်ကြား၊ မြေပြန့်စားကျက်ကောင်းတဲ့ နေရာတွေမှာ သိုး၊ ဆိတ်၊ မြင်း၊ လား၊ နွားတွေကို အုပ်စုလိုက် တွေ့ရတယ်။ မွေးမြူရေးခြံ ကြီးကို ဦးစီးတဲ့ တာဝန်ခံက တရုတ်ပြည် ကွေ့ကျိုးကေဒါ (ခေါ်) ကွေ့ကျိုးမြို့မှာ ဖွင့်တဲ့ မာက်စ်၊ လီနင်၊ မော် အတွေးအခေါ် နိုင်ငံရေးသင်တန်းဆင်း ကေဒါရဲဘော် သန်းမောင်ပါ။ စစ်ဒေသ မွေးမြူရေးခြံကြီးထဲမှာ မြင်းနဲ့ လားကို သားစပ်ထားတဲ့ မြည်းကလေးတွေရှိတယ်။ အရပ်ကလေး ပုပေမယ့် ခြေလက် တောင့်တင်း သန်မာ ကြောင်း၊ မြင်းနဲ့ လားထက် ၀န် ပိုထမ်းနိုင်ကြောင်း၊ တောင်ပေါ်ဒေသမှာ သိပ်အသုံးဝင်ကြောင်း၊ တနေ့ကို ကြက်ဥ၊ ကြံသကာနဲ့ ကောက်ညှင်းကဇော် လေးကြိမ်လေးခါ ကျိုချက်ကျွေးရကြောင်း ပြောတော့လွတ်မြောက် ဒေသ ရောက်လာကတည်းက ပဲပုတ်နဲ့ မုန်ညင်း၊ ပြောင်းထမင်း၊ ကန်းစွန်းဥထမင်း နေ့စဉ် ၀တ္တရားမပျက် ပုံစံ စားနေကြရတဲ့ ကျွန်မတို့ ရဲဘော်အားလုံး  "မြည်းလေးဘ၀  ကောင်းလေစွ၊ကောင်းလေစွ"  လို့  မြည်းကလေး နှာယောင်ကို ပွတ်လို့ မုဒိတာပွားများကာ မြည်းပုလေးကို ပီတိသံပြိုင် ပြောကြားလိုက်ကြတယ်။

ကျွန်တော်တို့  ခြံမှာ ပင်ဒါ ၀က်ဝံ နှစ်ကောင် မွေးထားတယ်ဗျာ၊ အဲ့ဒါ မနှစ်က ရဲဘော်ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော)တို့  တပ်ဖွဲ့လာတုန်းက ကျွန်တော် ဂုဏ်ပြုချင်လွန်းလို့ ပင်ဒါတစ်ကောင် သတ်ကျွေးလိုက်တာဗျ။  ၀မ်လိန် မွေးမြူရေး ခြံကြီးအနီးမှာ နတ်ရေကန်လို့ တင်စား ခေါ်ဝေါ်ထားတဲ့ တောင်ပေါ်က ရေကန်ကြီးရှိတယ်။ ရေကန်ကြီးဟာ သန့်ရှင်းလှပြီး ရေ၀င်ပေါက်၊ ရေထွက်ပေါက်မရှိ  ရေအမြဲ ပြည့်နေတယ်။ ရေကန်ကြီးပတ်လည် တောကြီးထဲမှာ တန်ဘိုးကြီးလှတဲ့ တိုင်းရင်းဆေးပင်တွေရှိကြောင်း၊ ရောဂါ တကယ် ပျောက်ကင်းတာကြောင့်  "၀" လူထုတွေ အလွန် တန်ဘိုးထားကြောင်း ရဲဘော်သန်းမောင်က ပြောပြတယ်။

          ၀ မြောက်ခရိုင်၊ ဆောက်ဖားမြို့ကို ရောက်တော့ ရှေးယခင်ကာလက လူလူချင်း ခေါင်းဖြတ်၊ နတ်တင် ယဇ်ပူဇော်တဲ့ စနစ်ဆိုးကြီး ရှိခဲ့တာကြောင့် "၀" လူထုတွေဟာ  ခေါင်းဖြတ်တော့မယ့်  သတင်းကြားရင် တုံးမောင်း ခေါက်ကာ အချက်ပေးကြရတယ်။ ဒီအခါ  အိမ်ရှေ့ကလာရင် အိမ်နောက်ကို၊ အိမ်နောက်ကလာရင် အိမ်ရှေ့ကို ထွက်ပြေးဖို့  တူးမြောင်းကြီးတွေ တူးထားကြရတယ်။  ဒီမြောင်းကြီးတွေထဲကနေ ထွက်ပြေး လွတ်မြောက်ကြ ရတယ်။ လူခေါင်းဖြတ် နတ်တင်ပြီး ယဇ်ပူဇော်တဲ့အခါ ကျွဲခေါင်း၊ နွားခေါင်းတွေကိုလည်း ဖြတ်ကာ ပူဇော်ရ ကြောင်း၊ အရိုးခြောက်နေပြီဖြစ်တဲ့ ကျွဲခေါင်း၊ နွားခေါင်းခွံတွေကို  ပြကြတယ်။  "၀" လူမျိုးတွေဟာ အိမ်ကို ခပ်ကုပ်ကုပ် ဆောက်ကာနေထိုင် ကြတာ။ ခေါင်းဖြတ် နတ်တင်တဲ့ စနစ်ဆိုးကြီးကြောင့်ပါ။  ဒီလိုအဖြစ်ဆိုးကြီးကို မကြုံရဖို့ ပုန်းလျှိုး ကွယ်လျှိုး နေလို ကြတယ်။  ဒါကြောင့် အိမ်ဆောက်ရာမှာ ရှည်လျားတဲ့  ခေါင်တိုင်ကြီးတလုံးကို စိုက်ထူကာ တိုင်ထိပ်ဖျားက မြေကြီးအထိ လူတယောက် ၀င်နိုင်ရုံသာ ထားပြီး သက်ကယ်တွေ အထုံးလိုက် အထုံးလိုက် ချိတ်ဆွဲ ကာရံထား ပုံက တဲပုံသဏ္ဍာန်ဟာ လက်ထိုးကန်တော့ကြီး မှောက်ထားသလိုပါပဲ။ တတဲလုံးမှာ ကဲလားလို ပြူတင်းပေါက် တပေါက် ဖောက်ထားတယ်။ တတဲလုံး မှောင်နေတယ်။  တဲအလယ်မှာ မီးဖိုရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ရောက်လာမှ  "၀" ဒေသမှာ ခေါင်းဖြတ် နတ်တင်ယဇ်ပူဇော်တဲ့ စနစ်ဆိုးကြီး ပပျောက်သွားကြောင်း သိရသည်။

          "၀" မြောက်မှာလည်း တောင်ယာစပါးစိုက်တာ၊ "ခေါ့" လို့ခေါ်တဲ့ အနှံတစ်မျိုး စိုက်တာတွေ့ရပြီး ရိက္ခာ ဆန်မလောက်ရင်"ခေါ့" ကို ချက်စားကြရတယ်။  "ခေါ့" ကို ချက်စားကြရတယ်။  "ခေါ့" က ညိုညိုနက်နက် နှမ်း သာသာ အလုံး အစေ့လေးတွေပေါ့။  "ခေါ့" ကို တဆေးနဲ့ ရောကာ "၀" ခေါင်ရည် ချိုချိုအေးအေးကို ချက်ကြ ရတယ်။ "၀" ခေါင်ရေဟာ ချိုမြတဲ့အပြင် အာဟာရရှိတာကြောင့် "၀" လူမျိုးတို့ အလွန်နှစ်သက်ကြတယ်။  "၀" ခေါင်ရည်ချိုချို အေးအေးသောက်လိုက်ရင် အမောပြေအားရှိလာမယ့်အကြောင်း သီချင်းစပ်ဆိုကာ ဘူးပလွေမှုတ်ပြီး  "၀" ပျိုဖြူတွေ က ကြတယ်။

"၀" လူမျိုးတွေဟာ အသားညိုညို၊ မျက်လုံးမျက်ဖန် ကောင်းကောင်း၊ မျက်တောင်ကော့ကော့၊ ခန္ဓာကိုယ် တုတ်ခိုင်သန်စွမ်းကာ အလွန်အပင်ပန်းခံနိုင်တဲ့၊ သတ္တိဗျတ္တိကောင်းတဲ့ လူမျိုးစု ဖြစ်ပါတယ်။

          "၀" မြောက်က ခရီးဆက်လိုက်တာ တောင်စဉ်တောင်တန်း အကြီးအငယ်၊ အနိမ့်အမြင့် အသွယ် အတန်းလိုက် ကျော်ဖြတ်ကြရပြီး  "၀" တောင်ခရိုင်ကို ရောက်လာပါတယ်။  မန်မန်းဆိုင်မြို့နယ်၊ ၀င်းကောင်မြို့ နယ်တို့ကို တောင်စဉ် တလျှောက် ကျော်ဖြတ်ပြီးတော့ နမ့်ခါ ချောင်းဘေးက ရှမ်းရွာကြီး နှစ်ရွာဖြစ်တဲ့ ဘန့်ပွဲရွာ၊ နားလော့ရွာတို့က ၀င်လာလိုက်တာနဲ့  ၀တောင်ခရိုင်ရဲ့  မြို့တော်  "၀" ပန်း ခေါ်  ပန်ဆန်းမြို့ကို ရောက်တယ်။ ဗကပတွေဟာ ပန်ဆန်းစစ်ဒေသကြီးကို အရင်ဖွဲ့စည်းတယ်။

ပန်ဆန်း စစ်ဒေသကြီးဟာ မယ်ဇလီပင် အုပ်အုပ်ရှိတဲ့  ရှမ်းလူမျိုးတို့ရဲ့ ကောင်းဟုန်းရွာ၊ ကောင်းမုရွာတို့နဲ့ တဆက်တည်း ရှိတယ်။ တောင်ကြားထဲက မြေပြန့်ကြီး တခုလို့ ပြောလို့ ရတယ်။ လယ်ကွင်းတွေနဲ့ လှေကားထစ် လယ်တွေရှိတယ်။ နမ့်ခါချောင်းရိုးတလျှောက်မှာ လယ်ကွင်း လယ်ကွက်တွေ၊ သဲသောင်ခုံတွေ၊ ထင်းအတွက် စိုက်ပျိုးထားတဲ့ မယ်ဇလီပင် အုပ်အုပ်တွေနဲ့ မျက်စေ့ ပသာဒရှိလှတယ်။ နမ့်ခါချောင်းရိုး တလျှောက်မှာ ကြောင်ဘန်းပင်၊ ခံတက်ပင်၊ မြင်းခွာရွက်ပင်၊ ၀ဥပင်၊ ဒရင်ကောက်ပင်၊ ဖန်းအပင် ခေါ် ဒရင်ကောက်ရိုင်းပင်၊ ကြိတ်မှန်ရွက်ပင်တွေကို တွေ့နိုင်တယ်။ မြန်မာပြည်မမှာ မသိန်းရှင်ဆီပို့ပေးပါ၊ နွေတည၊ မဟူရာမေတ္တာ စတဲ့ လုံးချင်းဝတ္ထုတွေကြောင့် နာမည်ကျော်ကြားခဲ့ရတဲ့ စာရေးဆရာ နိုင်ဝင်းဆွေ (ရဲဘော်ကျော်ဆိုင်) နဲ့ ဇနီး ၀ အမျိုးသမီး မကျုံတို့ နှစ်ဦးဟာ  ခံတက်ချဉ် တည်ရောင်းဖို့၊ ရဲဘော် ရဲဘက်တွေကို ပေးဝေငှဖို့ ခံတက်ပင်တွေရှိရာ နမ့်ခါချောင်းရိုး တလျှောက် မမောနိုင်မပန်းနိုင် ခံတက်ရွက် ရှာပုံတော် ဖွင့်ရတာကလည်း အရှေ့မြောက်စစ်ဒေသ ပန်ဆန်းမြို့ရဲ့ ပစ္စည်းမဲ့ အလှတပါးလို့ ဆိုပါရစေ။  နမ့်ခါ ချောင်းမှာ အ၀တ်လျှော် ရေချိုးဆင်းတဲ့ ရဲဘော်တိုင်းကို  ရဲဘော်ကျော်ဆိုင်က သူ့ရဲ့ သွားအကုန်ပေါ်အောင် ပြုံးရွှင်ရယ်မောတဲ့ မျက်နှာ ပြည့်ပြည့်ညိုညိုကြီးနဲ့  ဖော်ရွေရင်းနှီးစွာ  ခံတက်ချဉ်လာယူဖို့ မှာရ၊ ပြောရတာကလည်း အမောပါ။

          တကယ်တော့ ကျွန်မတို့ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗဟိုခေါင်းဆောင်တွေဟာ ၁၉၇၇ ခုနှစ်လောက်က  ၀နယ် ပန်ဆန်းမှာ ဗဟိုရုံးချုပ်၊ စစ်ဒေသရုံးချုပ်ဖွင့်ဖို့ စတင် အကောင်အထည် ဖော်ရတာကတော့ ပန်ဆန်းမြို့ ဟာ ဥက္ကဋ္ဌနဲ့ ပေါလစ်ဗျူရို ဗဟိုခေါင်းဆောင်များအတွက် နောက်ကျော အင်မတန်လုံလို့ပါ။  ပန်ဆန်းအ၀င် ရှမ်းရွာကြီး နှစ်ရွာဖြစ်တဲ့ ကောင်းဟုန်းရွာ၊ ကောင်းမုရွာ ကစလို့ မြေပြန့်ကြီးတခု ဖြစ်နေတာရယ်၊ တရုတ်ပြည်နဲ့ ပန်ဆန်းကို ခြားထားတဲ့ နမ့်ခါချောင်းက ရွာနဲ့ လယ်ကွင်းတွေ၊ တပ်တွေ၊ ဌာနတွေကို ရစ်ခွေစီးနေလို့ စိုက်ပျိုးရေးလုပ်ဖို့ အဆင်ပြေနေတာရယ် ပန်ဆန်းမြေပြန့်ကြီးရဲ့ အနားသတ်အဖြစ် တောင်ကုန်းတောင်တန်းတွေ ကာရံ ထားတာရယ်၊ စစ်ရေးနဲ့ လုံခြုံရေးအတွက် ကင်းတပ်တွေ တောင်ကုန်းမြင့်မြင့်တွေမှာ တင်ထားနိုင်တာရယ်ကြောင့် အဖက်ဖက်က အဆင်ပြေနေတယ်။

ယုန်တင်ရွာကအဆင်း ပန်ဆန်းအ၀င်မှာ စစ်ဒေသ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စတင်တွေ့ရတော့တာပါ။ လျှပ်စစ်ရုံတောင်ကုန်းကနေ ပန်ဆန်းတမြို့လုံး လျှပ်စစ်မီး ရစေ တယ်။ လျှပ်စစ်ရုံ တောင်ကုန်းအောက်မှာတော့ ပန်ဆန်းရဲ့ ငါးရက်ဈေးလို့ခေါ်တဲ့ ဒူးလောက်မြင့်တဲ့ တိုင်လေးတိုင် ပေါ်မှာ ပျဉ်ခင်းကာ သက်ကယ်မိုးထားတဲ့ ဈေးဆိုင်တန်းပါ။ ဈေးကြိုနေ့ ဈေးနေ့ကို ငါးရက်တစ်ကြိမ် ကြုံကြရ တာပါ။ ဈေးမှာ တရုတ်ငွေ၊ မြန်မာငွေ၊ ပန်းခိုက်ခေါ် ဒင်္ဂါးနဲ့ ၀ ပိုက်ဆံခေါ် ကြေးနီပြားတွေကို ငွေလဲနှုန်းအလိုက် လဲလှယ်သုံးစွဲကြတယ်။ တန်ယန်းကုန်သည်တွေက ငါးပိငါးခြောက်၊ ကုလားပဲ၊ အ၀တ်အထည်၊ နို့ဆီ၊ ငါးသေတ္တာစတာတွေ သယ်ယူရောင်းချကြသလို ပန်ဆန်းရဲ့ ရှမ်းလူထုနဲ့ ၀ လူထုတွေကတော့ ဒေသထွက် ကြံသကာ၊ ပဲပုတ်စေ့၊ ဘိန်းစေ့၊ ပြောင်းစေ့၊ဘိန်းဆီ၊ ကြံသကာ၊ ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချကြတယ်။ တချို့လည်း တရုတ်ပြည် မုံအာရွာအထိ ခေါက်ဆွဲခြောက်၊ ဆား၊ ရေနံ၊ သကြားစတဲ့ လူသုံးကုန် အမျိုးမျိုးကို သွားရောက် ၀ယ်ယူကြတယ်။

တကယ်တော့ ကျွန်မတို့  ပြည်သူ့တပ်မတော်သားများအားလုံးဟာ တရုတ်ပြည် ကြီး နောက်ကျောမှာ ရှိနေလို့သာ နေထိုင် စားသောက်ရေး၊ လုံခြုံရေး၊ စစ်ရေး အစစအရာရာ အဆင်ပြေ ချောမွေ့နေတာပါ။  အပြန်အလှန်အားဖြင့် တရုတ်နယ်စပ်အတွက်လည်း လုံခြုံမှုရနေတာပါ။ ပန်ဆန်းဈေးကြီး ကနေ လမ်းမကြီးအတိုင်း ဆက်လျှောက်လာခဲ့ရင် နားလော့ရွာခေါ် ရှမ်းရွာ အသွားလမ်းမှာ စစ်ဒေသဆေးရုံကို တွေ့ရတယ်။ စစ်ဒေသ အမြာက်တပ်၊ စစ်ဒေသ ကင်းတပ်၊ စစ်ဦးစီးဌာန စစ်ဒေသကင်းတပ်၊  စစ်ဒေသ မူလတန်းကျောင်း၊ ဘောလုံးကွင်း၊ စစ်ဒေသ စည်းရုံးရေးဌာန၊ စစ်ဒေသဌာနချုပ်၊ စစ်ဒေသ ဆက်သွယ် ရေးဌာန၊ စစ်ဒေသ အမျိုးသမီးတပ်ကျောင်း၊ မြင်းတပ်၊ လားတပ်နဲ့ ဆေးတပ်ဖွဲ့တို့ပြီးရင် ဗဟိုယူနစ်ဖြစ်တဲ့ စပယ်တောစခန်း၊ ဗဟိုဝါဒဖြန့်ချိရေး၊ ဗဟိုပြည်သူ့အသံလွှင့်ဌာန၊ ဗဟိုကင်းတပ်၊ ဗဟို ဘဏ္ဍာရေးနဲ့ ထောက်ပံ့ ရေးဌာန၊ ဗဟိုစီးပွားရေးဌာနတို့ကို နမ့်ခါချောင်းရိုး တလျှောက် နမ့်ခါချောင်းနဲ့ လယ်ကွင်းတွေခြားပြီး တည်ရှိ ပါတယ်။

ဗဟိုထောက်ပံ့ရေး စီးပွားရေးဌာန၊ ဗဟိုကင်းတပ်တို့ကနေ တဖြည်းဖြည်း တောင်ကုန်းအတိုင်း နိမ့်ရာမှ မြင့်ရာသို့ တက်လာတဲ့အခါ ပန်ဆန်းမြို့ရဲ့အတွင်းပိုင်းအကျဆုံး၊ တရုတ်ပြည် မုံအာရွာနဲ့ အနီးဆုံး၊ ပန်ဆန်းမှာ အမြင့်ဆုံး ဂငယ်ပုံတောင်စွယ်လေးကတော့ ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ရုံးပါ။ ဗဟိုဌာနချုပ် တောင်စွယ်လေးပေါ်ရှိ မြေပြန့်ကလေး အ၀င်မှာ ဗဟိုကင်းတပ်ရှိတယ်။ တောင်ယာစိုက်ပျိုးခင်းတွေ၊ မယ်ဇလီ ပင်တွေနဲ့ စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်း တောင်စွယ်လေးပေါ်မှာ ဥက္ကဋ္ဌ သခင်ဗဟိန်းတင်ရဲ့ နေအိမ်၊ ဒု-ဥက္ကဋ္ဌ သခင်ဖေတင့်နဲ့ ဒု-ဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီးတို့နှစ်ဦးရဲ့ အိမ်၊ ပေါလစ်ဗျူရို ရခိုင်ဦးကျော်မြနဲ့ ပေါလစ်ဗျူရို ရဲဘော်ထွန်း ခေါ် ဗိုလ်ကြင်မောင်တို့ နှစ်ဦးရဲ့အိမ်၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောခေါ် ရဲဘော်ဦးတင် ဇနီးမောင်နှံနဲ့ ဗဟိုစစ် အကြံပေး ရဲဘော်ဟိုကောင်း ခေါ် ရဲဘော်သန်းရွှေတို့နှစ်ဦးရဲ့အိမ်၊ ဗဟိုခေါင်းဆောင်များ ရဲ့ အိမ်တွေဟာ သရက်ပင်၊ ငှက်ပျောပင်၊ ပုဏ္ဏားရိပ်ပင်၊ စကားဝါပင်၊ ခရေပင်တွေနဲ့ စိမ်းစိုအုံ့ဆိုင်းကာ နေချင် စဖွယ်ကောင်းတဲ့ ရွှံ့၊ အုတ်ကာ သက်ကယ်မိုး နှစ်ခန်းတွဲအိမ်တွေ ဖြစ်ပါတယ်။ အစီအရီ ဆောက်လုပ်ထားတဲ့ နေအိမ်တန်းတွေရဲ့ အတွင်းဘက်မှာ ဘော်လီဘောကွင်း၊ ရိက္ခာရုံ၊ စာကြည့်တိုက်၊ အစည်းအဝေးခန်းမကြီးတို့ ရှိကြတယ်။  ရဲဘော်တွေ ညနေတိုင်းကစားကြတဲ့ ဘော်လီဘောပွဲ၊ ကြက်တောင်ပွဲတွေကို ဥက္ကဋ္ဌ သခင်ဗဟိန်းတင်နဲ့ ဗဟိုခေါင်းဆောင်များဟာ ကြည့်ရှုအားပေးလေ့ရှိပါတယ်။
ဆက်လက်ဖော်ပြပါမည်.....

နီမော်

Wednesday, March 13, 2013

မှောင်နဲ့မည်းမည်းထဲကတဲကလေး ရေးသူ - ဖိုးသံ (လူထု)



(ကျွန်တော်မေ့မရသောအဆောက်အဦများ)

မှောင်နဲ့မည်းမည်းထဲကတဲကလေး


            ကျွန်တော်တို့ အက်စ်အက်စ်ပီပီ (ရှမ်းပြည်တိုးတက်ရေးပါတီ) ဌာနချုပ်က ထွက်လာပြီးနောက် လမ်း လျှောက်နေတာဟာ ၅ရက် ၆ရက်လောက် ရှိသွားပါပြီ။ မနက်ကနေ နေ၀င်အထိ လျှောက်ကြတာ ဖြစ်ပါတယ်။ တခါတလေများဆိုရင် (ဥပမာ မိုင်းရယ် မော်တော်ကားလမ်းကို ဖြတ်တုန်းက) ကားလမ်းနဲ့ မလှမ်းမကမ်း တနေရာမှာ ၀ပ်နေပြီး ညကျမှ ကားလမ်းကို သုတ်သုတ် ဖြတ်ကြရပါတယ်။ များသောအားဖြင့်တော့ မနက်အစောကြီးထ၊ ချက်ပြုတ်စားပြီး တနေကုန်လောက် လမ်းလျှောက်ကြတာပါ။ တောင်စောင်းမှာ၊ ပြန့်မှာ၊ တခါတလေ ချောင်းရိုးအတိုင်း ရေထဲမှာ လျှောက်ရတာလည်း ရှိပါတယ်။

ဒီလိုနဲ့ပဲ သံလွင်မြစ်ကြီးနဲ့ နီးသထက် နီးလာခဲ့ပါတယ်။

            ဒီ မြစ်ကြီးရဲ့ တဘက်မှာက ရန်သူ လုံးဝမရှိဘူး။ ကိုယ့်လူတွေချည့်ဖြစ်တယ်။ လွတ်လွတ်လပ်လပ် သွားနိုင်၊ လာနိုင်၊ ပြောနိုင် ဆိုနိုင်တယ်။ ကိုယ်လေးစားတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့နိုင်တယ်။ ကိုယ့်အရင် သွားနှင့်ကြတဲ့ မန္တလေး ပလိုင်းရပ်က ကိုသန်းမောင် (ကိုကိုးကျွန်းပြန်)လို၊ ဦးလေးဗိုလ်ချုပ်ကျော်ဇော ရဲ့သား ကိုကျော်ဇောဦးလို ကိုယ်သိတဲ့ လူတွေနဲ့ တွေ့နိုင်တယ် စတဲ့ အသိတွေနဲ့ လူဟာ သိတ်တက်ကြွ လန်းဆန်းပြီး ခြေလှမ်းတွေ သွက်နေတာပါ။

            ဒါပေမဲ့ သံလွင်မြစ်ကြီးကို ဖြတ်ရတာ အန္တရာယ် သိပ်ရှိပါတယ်။ အဲဒီ ဒေသ (သံလွင်မြစ် အနောက် ဘက်) ဟာ အက်စ်အက်စ်ပီပီအဖွဲ့က လွှမ်းမိုးတဲ့ ဒေသမို့ သူတို့က လိုက်ပို့၊ သူတို့က ကူးတို့သမားစီစဉ်၊ သူတို့က ကူးတို့ဆိပ်ရွေး စတာတွေ လုပ်ပေးပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ စီစဉ်သမျှကို လိုက်နာရုံပါပဲ။ ဒီလိုနဲ့ ကူးတို့နဲ့ မလှမ်းမကမ်း နေရာတခုမှာ ကျွန်တော်တို့က နေ၀င်အောင်၊ မှောင်အောင် စောင့်ကြပါတယ်။ ည ခွန်နှစ်နာရီ၊ ရှစ်နာရီလောက်ကျမှ လူတယောက်က သွားလို့ရပြီဆိုတဲ့ သဘောနဲ့ လာခေါ်ပါတယ်။ သူတို့ချင်း ရှမ်းလို ပြောကြတာပါ။ ကျွန်တော်က သူတို့ အမူအရာကို မှန်းပြီး နားလည်ယူတာပါ။ ဒါနဲ့ အဲဒီနေရာက ထလာပြီး တောင်ကုန်း (တောင်ရိုး?) ကို ကျော်လိုက်တယ်ဆိုတာနဲ့ သံလွင်မြစ်က ရေသံတွေ တဝေါဝေါ ကြားရပါတော့တယ်။ တကယ့်ကို အားတက်စရာကြီးပါ။ ဒါပေမဲ့ ဒီနေရာဟာ အန္တရာယ်ရှိတဲ့ နေရာဆိုတာ သိနေတော့ ဘယ်သူမှ စကားတခွန်းမပြော၊ လက်နှိပ်ဓာတ်မီး တချက်မထိုးပဲ လျှောက်ခဲ့ကြပါတယ်။ ခဏနေတော့ တောင်နှစ်ခု အကြားမှာ တသွင်သွင် စီးဆင်းနေတဲ့ သံလွင်မြစ်ကြီးရဲ့ တပိုင်းတစကို မြင်ရပါတယ်။ ညဆိုတော့ မသဲမကွဲပဲပေါ့။ ဒါပေမဲ့ ကျက်သရေ ရှိလိုက်တာ။

            မြစ်ကမ်းကို ရောက်တော့ လှေငယ်တစ်စီးနဲ့ လူတယောက် အသင့်စောင့်နေတာ တွေ့ရပါတယ်။ ကြို စီစဉ်ထားတဲ့ အဓိပ္ပာယ်ပါ။ လရောင်ကို သတိမထားမိပါဘူး။ ဒါပေမဲ့ ကြယ်ရောင်တွေ အောက်မှာကိုပဲ သံလွင်မြစ်ကြီးဟာ တင့်တယ်ချင်တိုင်း တင့်တယ်နေပါတယ်။ ကျွန်တော်တို့ အားလုံးပဲ အချိန်မဖြုန်းးပဲ လှေပေါ်ကို အမြန် တက်လိုက်ကြပါတယ်။ ပြီးတော့ လှေက ချက်ခြင်းပဲ ထွက်ပါတယ်။ လွတ်မြောက်ဒေသ၊ ၀နယ်ကို ရောက်တော့မယ်။

            ရေလယ်နား ရောက်တာနဲ့ပဲ ကျွန်တော်က ရေတလက်ခုပ် ခပ်ပြီးမျက်နှာ သစ်လိုက်ပါတယ်။ သံလွင် မြစ်ကြီးကို နမ်းရှုတ်တဲ့ သဘောပေါ့။ မကြာပါဘူး။ ၁၀မိနစ် လောက်ပဲရှိမယ် ထင်ပါတယ်၊ တဘက်ကမ်းကို ရောက်သွားပါတယ်။ အဲဒီ တဘက်ကမ်းကို ခြေချလိုက်တယ် ဆိုတာနဲ့ စိတ်တက်ကြွနေတဲ့ လူငယ်တယောက်ရဲ့ စိတ်ထဲ၊ ခေါင်းထဲမှာ ဘယ်လို ခံစားမှုတွေ ပေါ်လာမယ်ဆိုတာ အလွယ် စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ် မနေနိုင်ပါဘူး။ တဘက်ကမ်းက နေလှမ်းပစ်လို့ ရနေသေးတာမို့ မှုံရေးရေး လူသွား လမ်းကလေးအတိုင်း ခပ်သုတ်သုတ်ပဲ တောင်စောင်းကို တက်ကြပါတယ်။ ဒီလိုနဲ့ အတော်လေးတက်လိုက်တော့ အမှောင်ထဲမှာ မှောင်မှောင်မည်းမည်း တည်ရှိနေတဲ့ တဲကုပ်လေးတလုံးကို တွေ့တယ်။ အလျားနဲ့ အနံက အလွန် ၁၀ ပေ - ၁၂ ပေ စီလောက် ရှိပါလိမ့်မယ်။

            ဒါဟာ ကင်းစောင့်တဲ့ တဲပဲလို့ အတူသွားသူတွေက ပြောပြပါတယ်။ သံလွင်မြစ်ဆိုတာက ဖြတ်ကူးနိုင်တဲ့ နေရာတွေက မများ၊ ဖြတ်ကူးပြီးတော့လည်း တောင်စောင်းကို တက်လို့ရတဲ့ လမ်းကတခု၊ နှစ်ခုပဲ ရှိတာ။ ဒီတော့ ဒီလိုနေရာမှာ ကင်းထိုး ထားလိုက်ရင် ဒီတက် လမ်းကို စိုးမိုးလို့ ရပြီပေါ့။

            တဲအလယ်မှာ မီးဖိုထားတဲ့ နေရာတကွက် တွေ့ပါတယ်။ လောင်ပြီးသား ထင်းတို ထင်းစနဲ့ ပြာတွေကို တွေ့လို့ ပြောတာပါ။ နောက်ပြီး ခေါင်းအထက်က သက်ကယ်မိုးမှာလည်း ကြပ်ခိုးစွဲနေတာ တွေ့ရပါတယ် (နောက် မနက်မိုးလင်းမှ သတိထားမိတာပါ)။ ကျွန်တော့်တို့ရဲ့ ၀နယ်ရောက် ပထမဆုံးညကို ဒီတဲကလေးမှာပဲ အိပ်လိုက်ကြပါတယ်။ လွတ်မြောက်နယ်မြေမှာ ပထမဆုံး အိပ်စက်ခြင်း။ ပန်ဆန်းအထိ သွားကြမှာဆိုတော့ နောက်ထပ် ၄ရက်လောက် ဆက်လျှောက်ရဦးမှာလေ။ ဒါပေမဲ့ စိုးတထိတ်ထိတ် ရက်များကတော့ အဆုံးသတ်သွားပါပြီ။

            အိပ်ကာနီးကျတော့ ”ဒီနေရာမှာ ဒီလို စိတ်ချလက်ချ အိပ်လို့ရအောင် ရဲဘော်တွေရဲ့ အသက် သွေးတွေ ဘယ်လောက်များ ပေးခဲ့ကြသလဲ” ဆိုပြီး တောင်တောင်အီအီ စဉ်းစားမိနေပါတယ်။

ဖိုးသံ(လူထု)

Sunday, March 10, 2013

မသိတဲ့အိမ်တအိမ် - ရေးသူ - ဖိုးသံ (လူထု)



(ကျွန်တော်မမေ့နိုင်သောအဆောက်အဦများ)
မသိတဲ့အိမ်တအိမ်


            ကျွန်တော် အိမ်ကထွက်ပြေးလာပြီးနောက် တနှစ်လောက်အကြာ၊ တနေ့မှာ ကျွန်တော်တို့ အောင်းနေတဲ့နေရာကို မြေအောက်တာဝန်ယူထားတဲ့ ရဲဘော်တယောက် ရောက်လာပြီး ကျနော်တို့ကို ခေါ်သွားတော့မယ့် အကြောင်း ပြောပါတယ်။
 
            ဒီအခါမှာ ကျွန်တော်တို့လည်း အမေက အိမ်ကိုပြန်ခဲ့လို့ ခေါ်လိုက်တာကိုကြားလိုက်ရတာလို ရှိသမျှပစ္စည်းလေး တွေကို လွယ်အိတ်ထဲသွတ်ထည့်၊ ကန်တော့ထိုက်သူကို ကန်တော့၊ နှုတ်ဆက်တန်သူကို နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။ ရွာပြင်ကိုထွက်တော့ မိုးကလေးတဖွဲဖွဲထဲ လျှောက်ရင်း အိမ်တအိမ်က ကလေး ၃ယောက်က လက်ပြနှုတ်ဆက်နေလို့ လက်ပြန်ပြ နှုတ်ဆက်ရင်း စိတ်မကောင်းဖြစ်မိတာကို မှတ်မိနေပါတယ်။ ကျနော်ရယ်၊ ကိုတော်ဝင်းရယ်၊ မြေအောက်က ရဲဘော်ရယ်၊ ကားမောင်းသူရယ်။ ဒတ်ဆန်းကား နောက်ပွင့်လေးနဲ့ပါ။

            ဦးတည်ချက်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၀၈ စစ်ဒေသ။ စခန်းထောက်က ဗထူးမြို့နဲ့ ကျောက်ဂူ။ သူတို့ နှစ် ယောက်က ကားရှေ့ခန်းထဲမှာထိုင်၊ ကျနော်တို့နှစ်ယောက်က ကားနောက်ပိုင်းမှာထိုင်။ ဘယ်သူ့ ဘယ်သူမှ စကား မပြောကြပါဘူး။ ကားအပြင်ရှုခင်းက ခြောက်သယောင်းလှတယ်။

            တနာရီကျော်လောက် မောင်းမိတော့ သာစည်ရွှေညောင် မီးရထားလမ်းအကူးမှာ မီးရထားလာကာနီးလို့ မောင်းတံကြီး ချပိတ်ထားတာ တွေ့ရပါတယ်။ နောက်ပြီး အဲဒီအနားမှာ ကိုယ့်အရင် ရောက်နှင့်နေသူတွေ စောင့်နေကြတာကိုလည်းတွေ့ရ ပါတယ်။ သူတို့ အနားနီးတော့မှ သတိပြုမိတယ်၊ ဆင်အက အဖွဲ့တဖွဲ့။ ဆင်ရုပ်ကြီး ကျောပေါ်က နာမည်ကိုကြည့်လိုက်တော့ ရတနာမင်းတဲ့။ အဲဒါမှဒုက္ခ။ ရတနာမင်းဆိုတာက မန္တလေး တမာကုန်းက၊ နောက်ပြီး ကျနော့်မိဘများဆီ မကြာခဏ ၀င်ထွက်သွားလာနေကြသူတွေ။ အဲဒီ အရင်တနှစ်တုန်းကပဲ ဒီအဖွဲ့ အကြောင်း ကျနော့်မိဘတွေက ဦးနေ၀င်းကို ပြောပြတော့ သူက ကြည့်ချင်တယ်ဆိုလို့ ပုဂံသီရိပစ္စယာမှာ သွားဖျော်ဖြေနိုင်အောင် စီစဉ်ပေးခဲ့ရသေးတယ်။ ကိုယ့်ကို မှတ်မိတဲ့လူများ ပါနေရင် ဒုက္ခပဲ။ ကိုတော်ဝင်းကလည်း တမာကုန်းအရပ်ထဲမှာ အသိမိတ်ဆွေတွေပေါသမို့ နှစ်ယောက်စလုံး မီရထားဂိတ်မှာ ခေါင်းတွေ ငုံ့နေကြရပါတယ်။

            ဗထူးမြို့ကို ရောက်တော့ နေအတော် စောင်းနေပါပြီ။ ကျနော်တို့ကတော့ ထားရာနေ၊ ကျွေးတာစား၊ ခင်ပေးရာအိပ် လိုက်ကြပါတယ်။ နောက်တနေ့က ကျောက်ဂူဈေးပါ။ ကျနော်တို့က ဈေးကားနဲ့ ကျောက်ဂူကို လိုက်သွားပြီး ဟိုက လာကြိုတဲ့ လူနဲ့အတူ သူတို့ ဈေးပြန်တွေအထဲ ရောပြီး လိုက်သွားကြပါတယ်။ တောဈေးဆိုတော့ ဈေးသယ်တွေဈေးဝယ် တွေဟာ အစောကြီးလာ၊ အစောကြီး ပြန်ကြပါတယ်။ ဒါကြောင့် ဗထူးမြို့ကနေ စောစောထပြီး သုံးတန်ကားကြီးတစင်းပေါ်မှာ လူ ၄-၅၀နဲ့ ရောပြီးလိုက်သွားကြတာပါ။

            ကျောက်ဂူ ဈေးကွဲချိန်ကျတော့ ဈေးပြန် ဒေသခံတွေနဲ့ ရောပြီး လှည်းပေါ်ထိုင်လိုက်သွားကြပါတယ်။ အင်ပင်ကြီးတွေ၊ ကျွန်းပင်ကြီးတွေ ထီးထီးမားမား အပြိုင်းအရိုင်းနဲ့၊ ချိုးသံ၊ ငှက်တော်သံ၊ ယောက်ဖခွေးခေါ်သံတွေနဲ့။ သာယာချင်တိုင်း သာယာနေတဲ့ တောကြီးပါ။ ကျနော်သာ အဖြစ်ရှိရင် တောလား လှလှတပုဒ်တောင် ရေးထွက် လာနိုင်လောက်ပါတယ်။ လှည်းပေါ်မှာတော့ သူတို့ချင်းပြောနေတဲ့ ဓနုစကား၊ ရှမ်းစကားကိုလည်း ကျနော်တို့က နားမလည်၊ ကိုယ်က ပြောရင်လည်း ဗမာမှန်း ပေါ်သွားမှာမို့ တောအလှ၊ ငှက်ဂီတကို ခံစားရင်းသာ လိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ညနေ သုံး-လေးနာရီလောက်မှာ ရွာတရွာကို ရောက်လို့ ကျနော်တို့ ဆင်းလိုက်ကြပါတယ်။ ရေးမထားတဲ့ စည်းကမ်းအတိုင်း ရွာနာမည်ကို ကျနော်စနည်း မနာမိပါ။ လိုက်ပို့တဲ့လူ၊ လာကြိုတဲ့ လူတွေရဲ့ နာမည်ဆိုတာတော့ ဝေလာဝေး။ ပြောမထွက်တဲ့ ကျေးဇူးတင်စကားတွေကို မျက်လုံးက ပြောရင်းသာ နှုတ်ဆက်ခွဲခွာ ရတာချည်းပါပဲ။

            ကျနော်တို့ ရွာထဲက အိမ်တစ်အိမ်မှာ ထိုင်စောင့်ကြပါတယ်။ အဲဒီက အိမ်တွေဟာ ဗမာပြည် ကျေးလက် အနှံ့အပြားက အိမ်တွေလိုပါပဲ၊ ခြေတံရှည်၊ ၀ါးကပ်ကာ အိမ်တွေပါ။ ပျဉ်ထောင်အိမ်လည်း ရှိသလောက်ရှိပါတယ်။ နာမည်မသိတဲ့ရွာက နာမည်မသိတဲ့ အိမ်ရှင်ရဲ့ အိမ်တစ်အိမ်လို့ပဲ ဆိုကြပါစို့။ ညနေစောင်းတော့ အိမ့်ရှင်များနဲ့အတူ ထမင်းစားရပါတယ်။ အဲဒီ နောက် အခန်းအလယ်က မီးဖိုဘေးမှာထိုင် စကားစမြည် ပြောကြပါတယ်။ ပြောတယ်ဆိုတာ သူတို့ချင်းပါ။ ရွာထဲက တခြား အိမ်တွေက လူတွေ ထင်ပါတယ်။ လူကြီးလူငယ်  ၇ယောက် ၈ယောက်လောက် တက်လာပြီး ၀ိုင်းဖွဲ့စကား ပြောကြပါတယ်။ သူတို့ အစဉ်အလာအတိုင်း ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ကိုတော့ ဘယ်သူကမှ မမေးပါဘူး။ နောက်နားမှာ ထရံမှီပြီး တေမိ ဇာတ်ခင်းနေသူ နှစ်ယောက်အကြောင်းကို သူတို့က မစပ်စုပါဘူး။ သူတို့အဖို့ ရိုးနေပြီဆိုတဲ့ သဘောများလားမသိပါ။

            ဒီလိုနဲ့ ညဘက် ကူးလာပါတယ်။ အခန်းထဲမှာ ဘာမှ အပြောင်းအလဲ မရှိပါ။ စကားဝိုင်းကတော့ လူတိုးလိုက်၊ လျော့ လိုက်နဲ့ပါပဲ။ ကျနော့်အထင် ည၈နာရီ-၉နာရီလောက် ဖြစ်ပါမယ်။ သေနတ်ထမ်းထားတဲ့ လူငယ်နှစ်ယောက် အိမ်ပေါ်ကို တက်လာပြီး စကားဝိုင်းထဲ ၀င်ထိုင်လိုက်ပါတယ်။ အိမ်ရှင်နဲ့ သူတို့ ချင်းတီးတိုးပြောပြီး အိမ်ရှင်က ကျနော်တို့ ဘက်ကို မေးထိုးပြ လိုက်ပါတယ်။ နောက်ပြီး ကျနော်တို့ကိုလည်း တချက်ကြည့်ပြီး  သူတို့ပဲဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါင်းငြိတ်ပြပါတယ်၊ ကျနော်တို့ကလည်း ထိုင်ရာကနေ ငေါက်ကနဲ ထလိုက်ပါတယ်ဲ။ နောက်ပြီး အားလုံးကို လေးစား ကျေးဇူးတင်တဲ့သဘောနဲ့ ခါးညွှတ်ပြုံးပြပြီး ရှေ့က လူနှစ်ယောက်- အော် ရဲဘော်နှစ်ယောက်ရဲ့ နောက်ကနေ ကောက်ကောက်ပါ လိုက်သွားခဲ့ကြ ပါတယ်။

            အပြင်မှာ လသာနေပါတယ်။ ထိန်ထိန်လင်းနေတာ မဟုတ်ပေမဲ့ ညီအစ်ကို သဲသဲကွဲကွဲ မြင် နိုင်တဲ့ အလင်းရောင်မျိုး ဖြစ်ပါတယ်။ ကျနော်တို့ စကားတခွန်းမှ မပြောပဲ သုတ်သုတ်လျှောက်ကြပါတယ်။ ဒီလိုနဲ့ ရွာက ထွက်တယ် ဆိုတာနဲ့ တောတန်းထဲကို တန်းဝင်တာပါပဲ။ တောလမ်းလေးတခုအတိုင်း ခပ်ပြေပြေ တက်ခဲ့ကြပါတယ်။ လမ်းကလေး ဖုံဖုံက လရောင် အောက်မှာ ကိုယ့်ကို ခေါ်သွားပါတယ်။ နာရီဝက်လောက် လျှောက်မိတော့ လမ်းအတိုင်း ထိုင်စောင့်နေကြတဲ့ သေနတ်ကိုင် ရဲဘော် ၇ယေက် ၈ယောက်ကို ဘွားကနဲ တွေ့ရပါတယ်။ ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို အချက်ပေးသံတို့ ဘာတို့  ဘာမှ သတိမထားမိပါဘူး။ ကျနော်တို့ အဲဒီ နေရာမှာပဲ ထိုင်ချလိုက်ပြီး လက်ဆွဲနှုတ်ဆက်ကြ၊ မိတ်ဆက်ကြပါတယ်။ ကျနော့်ကို လာကြိုတဲ့အဖွဲ့ကို ခေါင်းဆောင်လာသူက ၁၀၈ စစ်ဒေသကော်မတီ ရဲဘော်(ဦး)သောင်းတင် ဖြစ်ပါတယ်။ အဲဒီအချိန်က အသက် ၅၀ကျော်ပြီ ဖြစ်တဲ့သူ့ကို အများက ဦးလေးသောင်းလို့ ခေါ်ကြပါတယ်။ ကျနော်တို့ကို ရွာမှာလာကြိုတဲ့ ရဲဘော်နှစ်ယောက်ရဲ့ နာမည်တွေက ရဲဘော်ဝင်းအောင်နဲ့ ရဲဘော်လှတင့်တို့ ဖြစ်ပါတယ်။ သူတို့နဲ့ အဲဒီလို စကားပြော နေကြတုန်းမှာ ကျနော့် မျက်စိတွေက သူတို့ ဦးထုပ်ပေါ်က ကြယ်နီနဲ့ သူတို့လက်ထဲက သေနတ်တွေဆီကိုပဲ ရောက်နေပါတယ်။ ဒါကို သတိထားမိတဲ့ ဦးလေးသောင်းက ပြုံးပြီး သူ့ရဲ့ ဦးထုပ်ကို ချွတ်ပေး၊ ရဲဘော်တယောက်ဆီက အမ်-၂၃ သေနတ်တလက်ကို ယူပေးပါတယ်။ လရောင်လေး မှိန်မှိန်အောက်မှာပေမဲ့ ကြယ်နီရော သေနတ်ရောပါ တလက်လက် တောက်နေတယ်ထင် ရပါတယ်။ အင်မတန် ထူးခြားတဲ့  ခံစားမှုတခု ပေါ်လာပါတယ်။

            ကျနော် ဘ၀တခုပြောင်းတဲ့ ညရယ်ပါ။
ဖိုးသံ(လူထု)

Wednesday, February 20, 2013

နှုတ်ဆက်လိုက်သည် အာအိုင်တီ - ရေးသူ ရင်မောင်





နှုတ်ဆက်လိုက်သည် … အာအိုင်တီ


နှစ်ပေါင်းနှစ်ဆယ်တိုင် ခွဲခွါခဲ့ရသော အာအိုင်တီနှင့် ပြန်ဆုံရမည်ဆိုသော စိတ်တွေက လှုပ်ရှားနေမိသည်။ ပြန်တွေ့သည့်အခါ အာအိုင်တီသည် ဘယ်လိုများ နေမလဲ။ ဒါလောက်တောင် ခွဲထားရသလားဟူ၍ စိတ်လုပ်နေမည်လား။ မတွေ့တာကြာ၍ ခပ်စိမ်းစိမ်း ဖြစ်နေမည်လား။

တွေ့ရတာ ဝမ်းသာလွန်း၍ ဖက်လဲတကင်း ဖြစ်လေမလား။ အာအိုင်တီနှင့် ခွဲခွါခဲ့ရသော နှစ်ပေါင်းနှစ်ဆယ် တို့ထက်လွန်၍ အာအိုင်တီနှင့် စတင်တွေ့ရသည့် နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်ကျော် အတိတ်သည် ဆလိုက်ကားချပ်များသဖွယ် တချပ်စီ တချပ်စီ ပေါ်လာကြသည်။

ယခု ပထမအကြိမ် အတန်းပေါင်းစုံနှင့် နှစ်ပေါင်းစုံ ပြန်လည်ဆုံတွေ့ပွဲကြီးကို ဝှဲချီးကျင်းပမည့် အာအိုင်တီမြက်ခင်း။

ကျွန်တော်တို့ ၁၉၆၉ ဘွဲ့ရသူများ ဘွဲ့နှင်းသဘင် ကျင်းပခဲ့သည့် နေရာပေပဲ။ စနစ်သစ်ပညာရေးအကြောင်းကို သည်နေရာတွင် ဆိုရပေလိမ့်မည်။

စနစ်တွေက အသစ်အသစ်၊ သစ်ပြီးရင်း သစ်လာခဲ့သဖြင့် ဘယ်စနစ်သည် မူလပထမ လက်ဟောင်းစနစ်သစ် ဖြစ်လေသလဲ။ နှောင်းလူတို့ သိစေရန် အနည်းငယ် စမြုံ့ပြန်လိုပါသည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်ခေတ်ကတည်းက ကျင့်သုံးလာခဲ့သည့်စနစ်မှာ ရန်ကုန်တက္ကသိုလ်လက်အောက်တွင် ဆေးပညာမဟာဌာန၊ အင်ဂျင်နီယာမဟာဌာန၊ စသည်ဖြင့် မဟာဌာနကြီးများဖြင့် ဖွဲ့စည်းထားသော တက္ကသိုလ် ပညာရေး ဖြစ်သည်။ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်တို့တွင် အဓိကဘာသာရပ် လိုင်းခွဲမထားပဲ Inter A, Inter B ဟူ၍ ကြိုက်ရာဘာသာရပ်တွဲများကို ယူပြီး သင်ကြရသည်။ ထိုနောက် ယခုအခေါ် တတိယနှစ် ရောက်မှ ကြိုက်ရာလိုင်းကို လိုက်ကြရသည်။

ထိုစနစ်ဟောင်းကြီးကို အမြစ်မှ ပြောင်းလဲလိုက်သည်က ၁၉၆၄ တွင် ပေါ်လာသော စနစ်သစ်ပညာရေး ဖြစ်သည်။ တက္ကသိုလ်များကို သီးခြားခွဲ ဖွင့်လိုက်သည်။ ဆေးပညာတက္ကသိုလ်၊ စက်မှုတက္ကသိုလ် စသည်ဖြင့် ပါမောက္ခချုပ် သီးခြားအုပ်ချုပ်သော institute များ ပေါ်ပေါက်လာခဲ့သည်။

ကျွန်တော်သည် ၁၉၆၃ တွင် ဆယ်တန်းအောင်သူဖြစ်ရာ တက္ကသိုလ်ပထမနှစ်ကို စနစ်ဟောင်းဖြင့် မန္တလေးတက္ကသိုလ် (၁၉၅၆ - ၅၇ ခန့်က ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်၍ သီးခြားဖြစ်လာသည်) တွင် သင်ရသည်။

ကျွန်တော်၏ တက္ကသိုလ်ပညာရေးမှာ လာလာချင်း ဆောက်နှင့်ထွင်းခံရတော့သည်။ ၁၉၆၃ ဇွန်လတွင် ဖွင့်သော မန္တလေးတက္ကသိုလ်သည် အောက်တိုဘာလတွင် စပြီး ပိတ်လိုက်သည်။ ရန်ကုန်တက္ကသိုလ်သည် လည်း ထိုနည်းလည်းကောင်း ပါပဲ။ ၁၉၆၂ အရေးအခင်း၏ ရိုက်ခတ်ချက်က ၁၉၆၃ တွင် ပြန်ပေါ်လာခြင်း ဖြစ်သည်။

မန္တလေးတက္ကသိုလ်တွင် အောက်တိုဘာလထဲ၌ အကြီးအကျယ် ဆန္ဒပြကြ၏။ ကျောင်းမတက်ရဟူ၍ ကျောင်းတက်လာသူများကို လမ်းမတွင် ပိတ်ဆို့ တားဆီးကြသည်။ မအူမလည် ပထမနှစ်ကျောင်းသား ကျွန်တော်သည် လမ်းဘေးမှ ကြည့်ကောင်းကောင်းဖြင့် ကြည့်နေခဲ့သည်။ မန္တလေးနန်းတော် တောင်မုခ်နှင့် မန္တလေးတက္ကသိုလ် အဓိပတိလမ်းသည် တောင်မြောက် ဖြောင့်တန်းနေသော လမ်းမကြီး ဖြစ်သည်။ နေမြင့်လာသောအခါ နန်းတော်ဘက်မှ သံချပ်ကာ ကားကြီးများ တရွေ့ရွေ့ လာနေကြသည်ကို မြင်ရသည်။ ကားပေါ်တွင် မန္တလေးမြို့ တရားသူကြီး ပါ၏။ တရားဥပဒေနှင့်အညီ ဆန္ဒပြသူများကို ဖယ်ရှားခိုင်းသည်။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဖယ်မပေးပါက အရေးယူမည် ဆိုပြီး အသင့်ပါလာသော မီးသတ်ကားပေါ်မှ ရေပိုက်ကြီးများဖြင့် ထိုးချတော့သည်။ ဆန္ဒပြသူများက သင်္ကြန်ရေသဘင်သဖွယ် “ရယ်တာပေါ့၊ ရယ်တာပေါ့” ဟု အော်ကြသည်။ နောက်တော့ မကြာပါ။ ရယ်သံများ ပျောက်ပြီး “ဗြောက် ဗြောက်၊ ဗြောက် ဗြောက်” နှင့် အသံတွေ ကြားလာရတော့သည်။

“ဒါ မျက်ရည်ယို ဗုံးဟေ့” ဟု အော်သူက အော်သဖြင့် ကျွန်တော်သည် ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ပြေးတော့သည်။

ထို့နောက်တော့ ကျောင်းတွေပိတ်၊
ဘယ်တော့ ဖွင့်မယ်မှန်းမသိရ။

နောက်တော့ စာမေးပွဲတွေကို နယ်က၊ အထက်တန်းကျောင်းတွေမှာပဲ လုပ်တော့မည်ဟု ကြေညာသည်။ ၁၉၆၄ မတ်လထဲတွင် ကျွန်တော်သည် ငယ်ငယ်က ကျောင်းတက်ခဲ့သော ကျောက်ဆည် အထက်တန်းကျောင်းတွင် Inter A စာမေးပွဲကို ဖြေရသည်။ လေးလတည်းသာ တက်လိုက်ရသော Inter A။

မြန်မာ့ပညာရေးသမိုင်းတွင် ပွဲဦးထွက် (နောက်ထွက်တွေ ရှိသေး၍ ဤစကားလုံးကို သုံးခြင်း ဖြစ်သည်) နယ်တွင် ဖြေရသော တက္ကသိုလ်စာမေးပွဲ။

စာမေးပွဲကြီးပြီးတော့လည်း ကျောင်းက မဖွင့်၊ ပုံမှန်မှာ သင်္ကြန်အပြီး မေ ဇွန်တွင် ဖွင့်နေကျ ဖြစ်သည်။ နောက်တော့ စနစ်သစ် ပညာရေးဟူ၍ ပေါ်လာတော့သည်။ ၁၉၆၄ ခု၊ တနှစ်လုံး ကျွန်တော်သည် လပ်လျားလပ်လျားနှင့် ဘာအလုပ်မှ မရှိ။

၁၉၆၄ ခု နိုဝင်ဘာလကျတော့မှ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဒုတိယနှစ် ကျောင်းသားအဖြစ် စတက် ရတော့သည်။ ရန်ကုန်ကို ထိုစဉ်က Rangoon ဟု ခေါ်သဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်သည် အများအခေါ် R.I.T. ။ ၁၉၆၄ ခုနှစ် R.I.T ဝင်သော ကျွန်တော်သည် ငါးနှစ်တက်ပြီးနောက် ၁၉၆၉တွင် ဘွဲ့ရသည်။

အာအိုင်တီ၏ ပထမဆုံး ဘွဲ့နှင်းသဘင်မှာ စိမ်းလန်းစိုပြေ၊ အုန်းထန်းပင်များ ဝေဆာသော အာအိုင်တီ မြက်ခင်းပြင်မှာ ဖြစ်သည်။

Building 2 ကို ကျောပေး၍ စင်ကို မနိမ့်မမြင့် ဆောက်ထားသည်။ Architect ဌာနက ဒီဇိုင်းဆွဲ ဆောက်လုပ်ပေးသည်ဟု ဆိုသည်။ အခြားတပါးကို မှာမနေရ၊ ထိုစဉ်က Architect ဌာနတွင် အချိန်ပိုင်း ကထိက လုပ်သော ဆရာဗဂျီအောင်စိုး ရှိနေသေးသည်။

ညနေစောင်း။
အုန်ထန်းပင်များ၏ အရိပ်တို့ ရှည်လျားလှပြီ။
မြန်မာဆိုင်းဝိုင်းကြီးက စည်တော်ရွမ်း၏။
အာအိုင်တီ၏ ပထမဆုံး ပါမောက္ခချုပ် ဆရာကြီး ဦးရုံးမို အမှုပြုသော ပါမော်က္ခ ဆရာ ဆရာမများသည် ဝတ်ရုံကြီးတဖားဖား ခေါင်းပေါ်မှ ဦးထုပ်ကြီး တကားကားဖြင့် ဝင်းခင်းပြီး လျှောက်လာကြသည်။ အလွန်မြန်ဆန်၍ အလွန်ကြည်နူးဖွယ် ကောင်းလှသည်။ အာအိုင်တီ မြက်ခင်းသည် သည်လောက် ကျက်သရေ မင်္ဂလာရှိလိမ့်မည်ဟု မထင်ခဲ့။

ယခု  ဤမြက်ခင်းတွင် အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်၊ အနှစ်လေးဆယ်အတွင်း ဘွဲ့ရသွားကြသော အင်ဂျင်နီယာများ၊ ဆရာ တပည့်များ ကြုံဆုံကြရတော့မည်။

ဘယ်လောက်ကျက်သရေ မင်္ဂလာ ရှိလိုက်ဦးမည်လဲ။ အာအိုင်တီသည် ဘယ်လောက်ဝမ်းသာလိုက်လေမလဲ။
အာအိုင်တီဟု ဆိုလိုက်လျှင် ပုံရိပ်အမျိုးမျိုး၊ ယခုခေတ် Internet အခေါ် Key Word အမျိုးမျိုး ခေါင်းထဲတွင် ပေါ်လာပေလိမ့်မည်။

“စွယ်တော်ရိပ်”၊ ”ဦးလူပေါ”၊ ”ဂျီဟော”၊ ”နွေးအေး”၊ ”မပြောမရှိနဲ့”…… စသည် စသည်……၊
ပုံရိပ်တကာ့ ပုံရိပ်ထဲတွင် အာအိုင်တီ မြက်ခင်းပုံရိပ်သည် အထင်လင်းဆုံးဖြစ်သည်။ ဤမြက်ခင်းသည် ပွဲလန်းသဘင်မျိုးစုံ၊ အဖြစ်သနစ်မျိုးစုံ တွေ့ကြုံခဲ့ရပြီ။
ဘွဲနှင်းသဘင်မှသည် Funfair ၊ လောင်းကြေးစားကြေး သြဘာလမ်းလျှောက်ပွဲ၊ ထိုမှတပါး အခြားအခြားသော အဖြစ်အပျက်များ၊ အကောင်းလည်းပါ၊ အဆိုးလည်းပါ၏။ ယခုတော့ ဆရာကန်တော့ပွဲနှင့် ပြန်လည်ဆုံတွေ့ပွဲ။ အာအိုင်တီသမိုင်းကိုအသိဆုံးမှာ ဤမြက်ခင်းပင် ဖြစ်ပါသည်။

ကျွန်တော့်အကြောင်းကို ပြန်ကောက်ရလျှင် တက္ကသိုလ် တက်တက်ချင်း ဆောက်နဲ့ ထွင်းခံရသော ကွှန်တော်သည် အာအိုင်တီ တက်နေစဉ်နှင့် ထို့နောက် နှစ်များတွင်လည်း ဆောက်သာမက စူးရော၊ ပေါက်ဆိန်ပါ ပါလာသော အဖြစ်များကို ကြုံဆုံခဲ့ရပါသည်။

၁၉၆၇ တွင် တရုတ်ဗမာအရေးအခင်း ဖြစ်သဖြင့် ကျွန်တော် စတုတ္ထနှစ်အရောက်တွင် ကျောင်းတွေ ပိတ်လိုက်ပြန်၏။ အာအိုင်တီမှ အရှေ့လားသော် တရုတ်သင်းချိုင်း ဖြစ်သဖြင့် ဗမာတွေ ရန်ကို ကြောက်၍ ညမှ လာချသော အသုဘများအကြောင်း ကောလာဟလက လာပြန်၏။

ဟုတ်ပါရဲ့။ ညဥ့်ဘက်လှမ်းကြည့်ပါက တရုတ်သင်းချိုင်းမှ မီးတလက်လက်။ အဆောင်နှင့် တရုတ်သင်းချိုင်း အဝေးကြီး ဖြစ်ပါလျက် ကြောက်လွန်း၍ အိမ်သာသွားရန်ပင် အပြင်မထွက်ရဲသူကလည်း ရှိသေးသည်။

ကျောင်းတွေ ပိတ်လိုက်တော့ သူများတွေ ဝမ်းသာအားရ ကိုယ့်ရပ်ကိုယ့်ရွာ အလုအယက် ပြန်ကြသော်လည်း ကျွန်တော့်မှာတော့ ကျွန်တော့်အပူနှင့် ကျွန်တော်။ အညာသားဖြစ်သော်လည်း အသားဖြူ မျက်လုံးမှေးသော ကျွန်တော့မှာ “ပဲခူးဘူတာမှာ ရထားပေါ် တရုတ်ပါရင် ရိုက်သည်” ဟူသော ကောလဟလ ရှိနေ၍ ပြန်ရမှာ မဝံ့မရဲ။ ပဲခူးဘူတာ ဝင်ရင် ကိုယ့်ကို မမြင်ရအောင် ပုန်းနေမည်ဟူ၍ စိတ်ကို ရဲဆေးတင်ကာ ကြောက်ကြောက် လန့်လန့် ပြန်ရ၏။

သည့်နောက် ၁၉၇၀ ရောက်ပြန်တော့ ရန်ကုန်တက္ကသိုလ်ရွှေရတုသဘင် ပွဲတွင်းကြီး ပျော်ကောင်းနေတုန်း ကျောင်းတွေ ပိတ်ပြန်သည်။ ကျွန်တော်က ဆရာ ဖြစ်စ၊ အာအိုင်တီ ထီးယိမ်းကလည်း ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ဇာတ်စင်မှာ၊ နာမည်အရဆုံး ဖြစ်နေချိန် ကျွန်တော်တို့ Chemical ဘာသာရပ်အသင်းကလည်း ယိုးဒယား မုန့်ဟင်းခါးကို ဆိုင်ဖွင့်ရောင်းကောင်းနေချိန်၊ ဘာပြောကောင်းမလဲ၊ နှစ်ရက် သုံးရက်နှင့် ပိတ်သွားတော့သည်။

ကြည့်၊ သမိုင်းစဉ်တခုနှင့် ယှဉ်လျှင် အနှစ်နှစ်ဆယ် သုံးဆယ်ဆိုသော ကာလသည် မကြာသေးဟု ဆိုနိုင်ပါ၏။ သို့သော် ကျွန်တော့်မှတ်ဥာဏ်သည် မကောင်းတော့။ မေ့တေ့တေ့။ ရှေ့နောက် ပြောင်းပြန် ဖြစ်ချင်ချင်။ ရွှေရတု အရင်လား..၊ ရွှေရတုနောက်မှာလား၊ ခုမှ သတိရသည်။

ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့်နှစ်။ သမိုင်းဝင်းထဲက အားကစားရုံတွင် ဘောက်ဆင်ထိုးပွဲ၊ အကြိတ်အနယ်။ လက်မှတ်မရသူတွေက အပြင်တွင် ဆူကြပူကြသည်။ ထို့နောက်တော့ ကျောင်းပိတ်ပြန်သည်။ ရွှေရတုနှင့် ကျွန်းဆွယ်ပွဲ ဘယ်ဟာက အရင်မှန်း မသိတော့။ သို့သော် သေချာသည်ကတော့ ကျောင်းပိတ်ခြင်းပင်။ အာအိုင်တီအဖို့ သူချစ်သော ကျောင်းသားများနှင့် ခွဲရသည်မှာ တကယ်တော့ မဆန်းလှ။

ကျွန်တော်သည် ဆရာပြန်လုပ်ပြီး အဆောင်နည်းပြလည်း လုပ်ခဲ့သဖြင့် ကျောင်းတွေ ပိတ်တိုင်း ခြောက်ကပ်ကျန်ရစ်သော အဆောင်အကြောင်းကို အသိဆုံးဖြစ်သည်။ ကျောင်းသား တရာကျော်၊ နှစ်ရာခန့်ရှိသော အဆောင်ပင်လျှင် ဤမျှ ခြောက်သွေ့သွားပါက၊ ကျောင်းသား နှစ်ထောင်ကျော်ရှိသော အာအိုင်တီကြီးဆိုလျှင် ဘယ်လိုနေလိမ့်မည်နည်း။ ခွဲခွါရသည်များက အကြိမ် စိပ်လာသည်။

ရက်တိုမှ ရက်ရှည်၊ ရက်မှသည်လ၊ လမှသည် နှစ်။
ခွဲခွါရတိုင်း ခံစားရမြဲ ဖြစ်သည်။
အာအိုင်တီ ဘယ်လို ခံစားရမလဲ။
အနှစ်နှစ်ဆယ်တောင် ခွဲနေခဲ့သော ကျွန်တော့်ကို အပြစ်ဖို့လေမလား။

ပြန်လည်တွေ့ဆုံပွဲကြီးကို ဝှဲချီးပြုလုပ်မည် ဆိုသောအခါ၊ ပြန်လည်မဆုံတွေ့နိုင်တော့သူ များကို သတိရပြန်သည်။

အတန်းထဲမှ ကိုမင်းထွန်းလှိုင်တို့၊ ကိုမြင့်ဆွေတို့ မရှိကြတော့။ ဆရာကြီးတွေထဲက ဦးစိန်လှိုင်တို့ ဒေါက်တာစန်းတင့်တို့၊ ဦးအောင်သန်း စသော ဆရာကြီးများကို ကန်တော့နိုင်တော့မည် မဟုတ်တော့။

ကျောင်းသားတွေထဲကရော၊ နိုင်ငံတကာတွင် ပြန်လည်ဆုံတွေ့ပွဲများ ခေတ်စားသည်။

Facebook စသော Social Network များ ခေတ်စားသည့် ယခုလိုအခါတွင် ပို၍ များလာသယောင် ဖြစ်သည်။

ပြန်လည်ဆုံတွေ့ပွဲတွေ တက်ရောက်နိုင်ဖို့က အချိန်ရော၊ ငွေရော၊ လူရော အားလုံး အဆင်ပြေဖို့ လိုသည်။

အားလုံး အဆင်ပြေနေသူ မဟုတ်ပါက ပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ဖို့ မလွယ်။ သုံးခုလုံးကို ပြည့်စုံမှ ဖြစ်မည်။

ယခုပွဲတွင် ဘယ်သူတွေနှင့်များ ပြန်တွေ့ရမလဲ။ ပြန်တွေ့ရသူသည် သေချာပေါက် ပြန်တွေ့နိုင်လောက်အောင် ခွန်အားရှိသူဟု မှတ်ရမှာ ဖြစ်သဖြင့် သူ့အတွက် ကြိုတင် ဝမ်းသာမိသည်။

သို့သော် ပြန်မတွေ့နိုင်သူများကို သတိရလှ၏။ အချို့မှာ ရပ်ခြား၊ မြေခြား၊ နိုင်ငံခြား၊ အချို့မှာ အခြေအနေခြား၊ အချို့မှာ ဘဝပင် ခြားသွားကြလေပြီ။

တင်တင်စော၊ ကိုအေးဝင်း၊ မသန်းနှောင်း၊ ဖုန်းမော်၊ တင်အေးကြူ စသူတို့ကို သတိရလှသည်။

အာအိုင်တီသည် ဦးလူပေါဂိတ်ကြီးက ဂိတ်မကြီး ဖြစ်သဖြင့် တရားဝင်ဆိုပါက ထိုဂိတ်မှ ဝင်ပြီး ထိုဂိတ်မှ ပြန်ထွက်ရမည် ဖြစ်သည်။ ပုံမှန် ကျောင်းဝင်ပြီးနောက် ဘွဲ့ယူကာ ပုံမှန် ကျောင်းထွက်ရမည် ဖြစ်သည်။

သို့သော် အာအိုင်တီတွင် ဂိတ်တွေ အများသား……..။

ဘီပီအိုင်ဂိတ်မှာ ဘတ်စ်ကားစီးသူ အများက သုံးသော ဂိတ်ဖြစ်သည်။ ကျဉ်းသော်လည်း လူဝင်လူထွက် ပိုများသည်။ သည့်ပြင်လည်း ကြို့ကုန်းရပ်ကွက်နှင့် ဆက်နေသော ဘေးဂိတ်များ ရှိသေး၏။ အမှုထမ်းရပ်ကွက်ကို ကျော်ပြီး တရုတ်သင်းချိုင်း(ဟောင်း) ကို ထွက်သော နောက်ဖေးပေါက်လည်း ရှိသေးသည်။

ဝင်တုန်းက ဦးလူပေါဂိတ်မှ ဝင်လာပြီး နောက်တော့ ဘယ်အပေါက်က ထွက်သွားမှန်း မသိသူတွေ တပုံတပင်…။

အာအိုင်တီကတော့ ကျောသားရင်သားမခွဲခြားဘဲ လှေလှော်ရင်း တက်ကျိုးကြသော ထိုသူတို့ကိုလည်း လွမ်းနေပေလိမ့်မည်။

အများတကာတွေ ပြန်တွေ့ဆုံကြသည့်အခါ သူတို့ကို မမြင်လို့ အာအိုင်တီကမေးလျှင် ဘယ်လိုဖြေရမည်နည်း။ ဆရာကြီးမင်းသုဝဏ်၏ “သူ့မှာတမ်း” ကဗျာလေးကို သတိရသည်။

လွတ်လပ်ရေး တိုက်ပွဲတွင် ဖက်ဆစ်များကို တိုက်ရင်း ကျည်သင့်၍ သေလုမြောနေသော စစ်သားလေးအား ကျန်ရစ် ရဲဘော်များက မေးသည်။

“မွေးရပ်မြေတွင် ကျန်ရစ်သော မိဘများကို ဘာမှာဦးမလဲ”
”ကန်တော့လိုက်ကြောင်း ပြောပြပါ”
”နေအိမ်တွင် ကျန်ရစ်သော ဇနီးသည်အား ဘာမှာဦးမလဲ”
”ခွင့်လွှတ်ကြောင်း ပြောပြလိုက်ပါ”
”တိုက်ပွဲဝင်ရဲဘော်တွေကို ဘာမှာဦးမလဲ”
“အားနာကြောင်းပြောလိုက်ပါ”
အာအိုင်တီကို ပြန်တွေ့သည့်အခါ ဘာကို ပြောရပါ့။

ရင်မောင်။