Sunday, May 29, 2016

မာယာရှင်ကိုအေးဝင်း ရေးသူ - ဖိုးသံ (လူထု)



ကျွန်တော် တခါက စာအုပ်တအုပ်အတွက် အမှာစာတခု ရေးရာမှာ ဗမာပြည်သားတွေဟာ ထောင်ထဲပဲရောက်ရောက်၊ ပြည်ပပဲ ရောက်ရောက်၊ ကဗျာရေးတယ်၊ ဝတ္ထုရေးတယ်။ နောက်ပြီး စာအုပ်ထုတ်ဝေတာ၊ စာပေ ဝက်ဘ်ဆိုက် တင်တာတို့ လုပ်လေ့ရှိတယ်။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဂုဏ်ယူစရာ ဓလေ့တခု ဖြစ်တယ်။

အဲဒီလို လူအများစုဟာ သူတို့ကို ဘယ်သူကမှ ခိုင်းလို့လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ဝါသနာအလျောက် ကိုယ်အိတ်ထဲက ပိုက်ဆံထုတ်၊ ကိုယ့်လုပ်အား ကိုယ်စိုက်ပြီး ကိုယ့်ဟာကိုယ် (တချို့လူတွေရဲ့) အငြိုငြင်ကို ခံပြီး ဖတ်သင့်တယ် ထင်တာတွေကို ရွေးချယ်ပြီး စင်တင်ကြတာပါ။ စာပေတာဝန်၊ အမျိုးသားတာဝန်ကို ထမ်းဆောင်ကြတာ ဖြစ်တယ်လို့ ဆိုရမှာပါ။

စစ်အာဏာရှင် ဒီမိုကရေစီနဲ့ စစ်အာဏာရှင် စီးပွါးရေးစနစ်တို့ကြောင့် ပြည်ပကို ရောက်ရှိခဲ့ကြ တဲ့ ဗမာပြည်သားအရေအတွက်ဟာ မကြုံစဖူး၊ မမျှော်မှန်းဖူးတဲ့ ကိန်းဂဏန်းမျိုးကို ရောက်ခဲ့ ပါတယ်။ ဒီအခါမှာ အဲဒီ ဗမာပြည်သားတွေဟာ ပတ်ဝန်းကျင်ရဲ့ ဂယက်ရိုက်မှု၊ ရောင်ပြန်ဟပ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရပါတယ်။

စာနာမှု၊ အထင်သေးမှု၊ ပေလယျကံ ပြုမှု၊ နေရာပေးမှု၊ ကိုယ့်ကို အသုံးချလိုမှု၊ ခေါင်းပုံဖြတ် အနိုင်ကျင့်လိုမှု စတဲ့ သဘောထားအမျိုးမျိုးနဲ့ ရင်ဆိုင်ကြရပါတယ်။ လေဆိပ်၊ သင်္ဘောဆိပ်မှာ ဗမာပတ်စ်ပို့ ဆိုရင် နှခေါင်းရှုံ့ခံရတာ တွေ့ကြုံရသလို၊ သူများတွေက မရှိခိုးနိုး၊ မလှစုန်းရိုး အကြည့်ခံရတာတွေလည်း ရှိနေတယ်။

အဲဒီလို အနေအထားတွေ အကြားမှာ "ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား" လို့ ထကြွေးကြော်သူတွေကို တွေ့ရတော့ အလွန်ကြည်နူးမိ၊ ဂုဏ်ယူမိတာ အမှန်ပါပဲ။ ကိုယ်နဲ့ ခံစားမှုချင်း တူလေစွဆိုပြီး လက်ဆွဲနှုတ်ဆက်ချင်မိပါတယ်။

သူတို့တတွေ ဒီလို လုပ်ကြတာဟာ ကိုယ့်ပြည်ကိုယ့်ရွာကို လွမ်းလို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပြည်တွင်းတုန်းက ရေးခွင့် ထုတ်ခွင့် မရတာတွေကို ပြည်ပရောက်မှ အတိုးချ ထုတ်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စာပေကို ဝါသနာပါလို့၊ ကိုယ့်အမျိုးသားရဲ့ စာပေကို တန်ဖိုးထား မြတ်နိုးလို့ လုံးပမ်းကြတာလည်း ဖြစ်နိုင်ပါတယ်။ တချို့ဆိုရင် တခေတ်က ရှားရှားပါးပါး စာအုပ်တွေ၊ ဆောင်းပါးတွေကို ကုတ်ကုတ်ကတ်ကတ် လုံးပမ်းရှာဖွေပြီး ပြန်ထုတ်ကြ၊ ဖော်ပြကြတာပါ။ အဲဒီလို ပြည်ပ စာပေလုပ်ငန်းလုပ်သူတွေထဲမှာ တော်တော် များများဟာ ပြည်တွင်းတုန်းက နိုင်ငံရေးလုပ်ခဲ့တဲ့ စိတ်ဓာတ်နဲ့ လုပ်ဟန်အတိုင်း ကိုယ့်စရိတ်၊ ကိုယ့်လုပ်အားစိုက်ပြီး၊ အားသွန်ခွန်စိုက် လုပ်ကြတာ ဖြစ်ပါတယ်။ (ဟိုအထောက်အပံ့၊ ဒီအထောက်အပံ့ရလို့ လုပ်သူတချို့လည်း မရှိဘူး မဟုတ်ဘူး ရှိပါတယ်၊ ဒါပေမယ့် ဒါဟာ အနည်းငယ်ပဲလို့ ထင်ပါတယ်)။

သူတို့နဲ့ ပါတ်သက်ပြီး သတိထားမိတဲ့ အချက်တွေထဲမှာ အရေးကြီးတာ တခုက သူတို့ဟာ သူတို့ ရေးတာတွေကို ထုတ်ဖော်ချင်တာထက် လူအများ ဖတ်သင့်တယ်လို့ သူတို့ ထင်တဲ့ စာတွေကို စာဖတ်သူတွေဆီကို ပို့ပေးတာ ဖြစ်ပါတယ်။

နောက်တခုကတော့ သူတို့မှာ ဘာမှ ဖုံးကွယ်မထားတဲ့ ရည်ရွယ်ချက်၊ မူတွေ ထင်ထင်ရှားရှား ရှိပါတယ်။

အထူးသဖြင့် နိုင်ငံရေးရည်ရွယ်ချက် ရှိကြပါတယ်။ အဲဒါက "ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား" ဆိုတဲ့ ပြည်ချစ်စိတ်ဓါတ်နဲ့ ပြည်သူ့ဖက်က ရပ်တည်တဲ့ မူ ဖြစ်ပါတယ်။ ဒီမူက သူတို့ကို စာပေလုပ်ငန်း လုပ်ချင်အောင် စေ့ဆော်ပြီး၊ သူတို့က သူတို့ရဲ့ သူတို့ရဲ့ စာပေလုပ်ငန်းနဲ့ ဒီမူတွေ လှုံ့ဆော်ပါတယ်။ တချို့ကဆိုရင် သေနတ်နဲ့ မပစ်နိုင်လို့ ကလောင်နဲ့ ပစ်နေကြတာ ဖြစ်ပါတယ်။

သူတို့ လုပ်ကြကိုင်ကြတာကို ကြည့်ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းတုန်းက ကျွန်တော့်မိဘများ မန္တလေးမြို့ရဲ့ မြောက်ဖက် မိုင် ၂၀ လောက် (ထင်တာ)မှာ ရှိတဲ့ ကပိုင်ဆိုတဲ့ ရွာလေးကို ပြေးကြတော့ စာပုံနှိပ်စက်နဲ့ ခဲစာလုံးတွေကို မဖြစ်ဖြစ်အောင် သယ်သွားတာ၊ စက္ကူမရှိလို့ မီးခြစ်ဘူးထုပ်တဲ့ စက္ကူတွေနဲ့ စာအုပ်ထုတ်တာ စတာတွေကို သတိရမိပါတယ်။ နောက်ပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ကြလို့ ကိုယ့်နေရာလေး ခိုင်ခိုင်မာမာ ရှိလာပြီဆိုရင် ပုံနှိပ်စက်ရှာကြ၊ ခဲစာလုံး ရှာကြ၊ ရရင် လှည်းနဲ့ တိုက်ကြတယ်ဆိုတဲ့ အဖြစ်အပျက်လေးတွေ ကြားဖူးတာကိုလည်း သတိရနေပါတယ်။

ဒီလိုနဲ့ ပြည်ပရောက် ပြည်ချစ် စာပေဝါသနာအိုးတွေ ကောင်းမှုကြောင့် အင်တာနက်ပေါ်နဲ့ စာမျက်နှာတွေပေါ်မှာ ကျွန်တော်ဖတ်ချင်တာ၊ ကျွန်တော်က ဖတ်စေချင်တာတွေကို တွေ့ရတော့ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ နို့ပေမယ့် တဖက်က ပြန်စဉ်းစားတော့ ကျွန်တော့်အနေနဲ့ လူပုဂ္ဂိုလ်အရ၊ စာပေအရေးအသားအရ အထင်ကြီးလေးစားတဲ့ လူတွေရဲ့ စာတွေ၊ ပြည်တွင်းမှာ မထုတ်ကြရ၊ ပြည်ပမှာပဲ လသာနေတာကို တွေးမိပြီး။ ဒီကနေ တဆင့်တက်တော့ ဒီပြည်ပ စာပေလောက က ကျွန်တော့်ကို စာရေးဖို့ တိုက်တွန်းတာ၊ စာမူတောင်းတာတွေ ဖြစ်လာပါတယ်။ ဝမ်းသာတာပါပဲ။

ပြည်မမှာတုန်းက စာရေးသားခွင့် နည်းနည်းပါးပါးသာ ကြုံခဲ့တဲ့ စာရူးပေရူး တယောက်ဟာ ဒီလိုနဲ့ နယ်စပ်ရောက်၊ ပြည်ပရောက်တော့မှ ကလောင်ရှင်တဦး ဖြစ်ခဲ့ရတာကိုး။ ကျွန်တော့်ကို အဲဒီလို ချောင်ထဲက ဆွဲထုတ် (ပွဲထုတ်တယ်လို့ မဆိုလိုပါ) တဲ့ လူတွေထဲမှာ ကိုအေးဝင်း တယောက်လည်း ထိပ်ဆုံးက ပါပါတယ်။

လူချင်း နိုင်ငံရေး ပဌာန်းဆက်က ပါကြပြီးသားမို့ ဘယ်သူမှ အထူးမိတ်ဆက်ပေးဖို့ မလိုပဲ အင်တာနက်ပေါ်မှာပဲ သိကျွမ်း-ရင်နှီးပြီး ရဲဘော်ရဲဘက်တွေ ဖြစ်လာကြပါတယ်။ နောက်ကျတော့ ကိုအေးဝင်းက စာမူလို့ တောင်းလိုက်တာနဲ့ ကျွန်တော်က မိုက်ခရိုဆော့ဖ်ဝဒ် ဖွင့်ပြီးသား ဖြစ်သားပါတယ်။

အခုလည်း သူ့မွေးနေ့တဲ့။

ကျွန်တော့်ညီနဲ့မှ ရွယ်တူလောက်ရှိတဲ့ သူ့အသက်ဟာ ၆၄ ဆိုတော့ ကိုယ့်အသက်ဟာ - အမယ်မင်း တွေးတောင် မတွေးချင်ဘူး။

ဘာရေးရမလဲ။

ရှေးဟောင်းနှောင်ဖြစ်တွေ ရေးရအောင်ကလည်း မေ့ကုန်ပြီ။ နိုင်ငံရေးအကြောင်းတွေ ရေးမယ်ဆိုတော့လည်း ဟိုဟာထောက်ထားရ၊ ဒီဟာချင့်ချိန်ရ၊ အရင်ကလို ကလောင်မသွက်နိုင်။

ကိုယ့် ဘဝကလည်း တရုတ်ပြည်ထဲမှာနေတဲ့ သက်တမ်းကိုက သုံးပုံတပုံ မကတော့။

ဒီမှာနေရတဲ့ စာရေးချင်လောက်တဲ့ အဖြစ်အပျက်ကတွေ ကြုံတွေံရတာက အနည်းသား။ မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်တုန်းက အမေရိကန် အမျိုးသမီးတယောက် က ရွှေလီမှာ ကျွန်တော့်ကို လာပြီး အင်တာဗျူးတဲ့အခါမှာ ကျွန်တော့်ဖြတ်သန်းမှုတွေ ပြေပြပါလို့ တောင်းဆိုပါတယ်။ ဒါကြောင့် မှတ်မိသလောက် ပြောပြရရင်း တရုတ်ပြည်ထဲကို ပြောင်းနေရတဲ့ နေရာရောက်တော့ "ကျန်တာတွေ သမိုင်းမဟုတ်ဘူး (The rest is non-history)" လို့ ပြောလိုက်မိတယ်။

အခု အဲဒီ သမိုင်း မတင်ချင်တဲ့ ကာလတခုကို ဖြတ်သန်းနေတာကိုကပဲ ဒီ ၂၆ နှစ်အတွင်း ကိုယ်လုပ်နိုင်တာတွေထဲက တိတိကျကျ ပြောနိုင်တာကတော့ စာရေးတာပဲလို့ ပြောရတော့မယ်။

အဲဒီထဲမှာ မာယာမှာ ကိုအေးဝင်းအတွက် ရေးခဲ့တာတွေလည်း ပါတာပေါ့။

ဖိုးသံ(လူထု)

Tuesday, May 24, 2016

အို……သံတိုင်တို့

ကိုယ်အေးဝင်းမွေးနေ့
အမှတ်တရကဗျာတစ်ပုဒ်
ပေးပို့လိုက်ပါတယ်…………
ဟံလွင်(မီးမောင်း)

အို……သံတိုင်တို့
________________
_နောက်ဆုံးအရှုံး ဘယ်သူရှုံးမလဲ
ရဲရဲဖြေစမ်း
-ပိန်းပိတ်မဲမှောင်
အကျဉ်းထောင်တိုက်ခန်းများ…………
_ညှင်းပမ်းနှိပ်စက်
သွေးပွက်ပွက်အန်
ဒဏ်ရာဒဏ်ချက်များ………………
_လူသတ်ကြိုးစင်
ရာဇဝင်ဝယ်
တင်ခဲ့ကမ္ဗည်း
ထွင်းပြီးကျောက်စာ
သွေးသစ္စာသည်
ကမ္ဘာတည်စေ……………။

 မောင်ဆွေဆက်

အဝေးကိုလိမ့်သွားတဲ့ ပန်းသီးတလုံး ရေးသူ - မော်မင်းသန်း

အဝေးကိုလိမ့်သွားတဲ့ ပန်းသီးတလုံး
ရေးသူ - မော်မင်းသန်း









ပန်းသီးတလုံးဟာ
အပင်ကဝေးဝေးကို
ကြွေကျရိုးထုံးစံမရှိတဲ့
ဒါပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့ပါတယ်။

အပင်ရဲ့သားသမီးဟာ
အသီးအပွင့်တွေပဲ
ဒါပေမယ့် မုန်တိုင်းကြောင့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့ပါတယ်။
ကိုယ့်မြေ ကိုယ့်ရေ
ကိုယ်ပိုင်လေထုထဲမှာ
လွတ်လပ်စွာ
အသက်ရှူချင်တယ်
ဒါပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့ပါတယ်။
ကိုယ့်မိခင်မြေကြီး
ကိုယ့်ပညာသင်ကြားရာကျောင်းတော်
သူငယ်ချင်းများ ရဲဘော်များ
ခွဲခွါမသွားချင်ပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့တယ်။
အရေးတော်ပုံ တိုက်ပွဲခေါ်သံများ
လူထုတိုက်ပွဲများ
လေထဲလွင့်နေတဲ့ ခွပ်ဒေါင်းအလံများ
အိမ်အလွမ်းစိတ်ဟာ
နှင်းမြူတွေလို
ဆိုင်းနေပေမယ့်
ပန်းသီးတလုံးဟာ
အဝေးကိုလိမ့်သွားခဲ့တယ်။


ကိုအေးဝင်း(လမင်းတရာ)သို့
မော်မင်းသန်း

[ဆရာမြသန်းတင့် ဘာသာပြန်ဆိုသော အီလျာအာရင်ဘတ်၏ လူများသက္ကဇ်များဘဝ စာအုပ်မှ အဝေးသို့လိမ့်သွားသော ပန်းသီးတလုံး စကားလုံးကို ယူထားပါသည်။]

ထိုသစ်ပင် ရေးသူ - မောင်စိန်ဝင်း (ပုတီးကုန်း)

ထိုသစ်ပင်
ရေးသူ - မောင်စိန်ဝင်း (ပုတီးကုန်း)









( ၆၄ နှစ် ပြည့် ကိုအေးဝင်းအတွက် အမှတ်တရ)
ထိုသစ်ပင်
………………..
စွယ်တော်တောက
မောသမျှတွေ……
စွယ်တော်တန်းက
လွမ်းသမျှတွေ……
စွယ်တော်ရိပ်က
အတိတ်ခြေရာ
ဝေဒနာတွေ…..
ထာဝရပျိုမျစ်
မအို..သစ်လွင်
ထိုသစ်တပင်
ရင်မှာစူးစိုက်ရှင်သန်ဆဲ။

မောင်စိန်ဝင်း (ပုတီးကုန်း)
၆၄ နှစ်ပြည့် ကိုအေးဝင်းအတွက် အမှတ်တရ

Saturday, May 21, 2016

လမင်းဟာမွေးနေ့ရှိခဲ့တယ် ရေးသူ - ညီလင်းညို






လမင်းဟာမွေးနေ့ရှိခဲ့တယ်


 





ရေးသူ - ညီလင်းညို

 ခေတ်တခေတ်ရဲ့ လမ်းဘေးမီးတိုင်များပမာ
အဲ့သည့်လမင်းဟာ သာခဲ့တယ်။
ရွှေဘုံသာလမ်းရဲ့ ရွှေအလွမ်းတွေကြား
အဲသည့်လမင်းဟာ သာခဲ့တယ်။
၆၄ လမင်းတဲ့
တကယ်တော့ လမင်းတရာသာခဲ့တာပါ။
သည်လရောင်မှာ
ကျည်ဆံရာတွေ သမိုင်းခြေရာတွေ
အဝေးပြေးညတွေ အိမ်အလွမ်းတွေ
ကိုယ်ရေးရာဇဝင်တွေ
မိုးထဲရေထဲတွေ
ပုဒ်မပုဒ်ထီးတွေ စွဲချက်တွေ သည်းထိတ်ရင်ဖိုတွေ
ရန်ကုန်မကတပြည်လုံးသာခဲ့ရ
ခင်ဗျားမသိတဲ့တညညမှာ
အဲ့သည့်လမင်းသာခဲ့တာ
ခင်ဗျားဒဏ်ရာဟာလရောင်နဲ့ချုပ်ထားတာ။
သည်လမင်းဟာ မွေးနေ့ရှိခဲ့ပါတယ်။

ညီလင်းညို