Sunday, February 22, 2009

လမင်းကိုထရံပေါက်မှကြည့်ခြင်း
ဟောပြောသူ-မြသန်းတင့်

အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။
ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့် ရတဲ့အတွက် ၀မ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။ တချက်ကတော့ ဒီစာပေဆုဟာ စာဖတ်သူများက ပေးတဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှုဆောင်လူငယ်များဟာ သူတို့မြို့မှာ မလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။ သူများရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ကျင်းပရတာဟာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော် တာဝန်ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော်လည်း ငွေကုန်ကြေးကျ များတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ရှိတယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။


အမှန်ကတော့ ကျွန်တော်ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့်နေရာဟာ ကျွန်တော့်နေရာ မဟုတ်ပါဘူး။ ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတက်တိုး၊ ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး ထင်လင်း၊ ဆရာကြီး တက္ကသိုလ်နေ၀င်းတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့သာလျှင် ဒီနေရာမှာ ရပ်ပြီး ပြောသင့်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့် ကျွန်တော့်ထက် ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ သူတို့ ရပ်ပြောရမယ့်နေရာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆရာကြီးတွေဟာ အသက်ကလည်းကြီး၊ (အင်္ဂလိပ်တွေပြောလေ့ရှိသလို) "ရက်စက်သော တိတ်ဆိတ်မှု" ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီးဖြစ်တဲ့ ကျွန်တော်က "ရက်စက်သောဆူညံမှု" ကို ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ "ရက်စက်သောဆူညံမှု" အတွက် ခွင့်လွှတ်ပါရန် တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခန်းအနားမှာ ဟောပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲဒါတွေကတော့......
(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေကို ဖတ်ကြမလဲ၊
(၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လို အကျိုးသက်ရောက်မှုကို ရစေသလဲ ဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လို သဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ကျွန်တော့်ခေါင်းထဲက၊ ကျွန်တော့်ဦးနှောက်ထဲက ထွက်လာတဲ့ အတွေးတွေ မဟုတ်ပါဘူး။ ဆရာသမား ပညာရှိနှစ်ဦးက ပြောခဲ့တဲ့ အဆိုအမိန့်များကို ကျွန်တော်မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကျွန်တော် သဘောကျ လွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေကို ပြောတာထက် ပညာရှိများရဲ့ အဆိုအမိန့်က ပိုပြီး တန်ဘိုးရှိတဲ့အတွက် ဒီအချက်များကို ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။
အဲဒီပညာရှိနှစ်ဦးကတော့ ၁၉ ရာစုမှာ ပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းဆရာ ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတဦးကတော့ ၁၇ ရာစုနှစ်က ပေါ်ခဲ့တဲ့ တရုတ်စာဆို ကျန်းကျောက် ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အဆိုအမိန့်တွေကို ပေါင်းပြီး ကျွန်တော် ပြောသွားပါမယ်။

(၁) စာအုပ်ဆိုတာ ဘာလဲ။
ပညာရှိတယောက်၊ စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသား ထားတဲ့ စာပုဒ်ဟာ စာအုပ်တအုပ်ပါပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာ တွေ၊ ကရော်ကမယ်ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ၊ ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခုနာရီပိုင်းသာ ခံတဲ့ စာအုပ်ဖြစ်တယ်။ နောက်တမျိုးက ရေရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်း ဖတ်ရမယ့်စာဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ့် စာတွေ မဟုတ်ပါဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်ခံတဲ့စာ ဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ ဆော်ပေးတဲ့စာ ဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်း ပြောပါသေးတယ်။ အသံကို ပွါးစေတဲ့စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို့ ပြောပါသေးတယ်။ အသံကို ပွါးစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တခါတည်း မပြောနိုင်တဲ့အတွက်၊ တနေရာ တည်းမှာ ပြောလို့မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်း မဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တချိန်တည်း၊ တနေရာတည်းမှာ ပြောလို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအထဲမှာ ပါတဲ့သတင်းတွေကို ပွါးပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပွါးစေတဲ့စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။ အသံကို ထိမ်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ မပျောက်ကွယ် သွားအောင် နောင်လာနောက်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တနည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လိုရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လိုရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာ ဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလိုစာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့်စာအုပ် မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့၊ ဖတ်ပြီး သိရုံရေးထားတဲ့ အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင် ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ရေတိုခံတဲ့ စာအုပ်နဲ့ နောက်တမျိုးက ရေရှည်ခံတဲ့ စာအုပ်၊ တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တမျိုးက ရေတိုအတွက်ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တမျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက်ဖတ်တာ၊ အဲဒါကို ပြောနေတာ။

(၂) စာကို ဘယ်လိုဖတ်ကြမလဲ။
စာဖတ်တဲ့ လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့ တူတယ်။ ကျွန်တော်အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာ ရှိတဲ့ ရွှေတွေကို ဘာဖြစ်လို့ တခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ ပို့မပေးလိုက်သလဲ။ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစ သည်တစ ရှိနေရသလဲလို့ မချင့်မရဲ ဖြစ်ချင်စရာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ အနက်ကြီး အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။ တခါတလေမှာ ဘာမှမရဘဲ အချည်းနှီး ဖြစ်ရတယ်။
သဘာဝကြီးဟာ ရွှေတွေကို မြေကြီးပတ်ကြားအက်တွေမှာ ဟိုတစ သည်တစ နည်းနည်းစီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ပင်ပန်းကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစကို ရချင်မှ ရတာ။
ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဥာဏ် ပညာတွေဟာလည်း ထိုနည်း လည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့် ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတယောက်လို လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကရိယာတွေ ကောင်းရဲ့လား။ ကျန်းမာရေး ကောင်းရဲ့လား။ စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။ အဲဒီမေးခွန်းတွေ မေးဖို့ လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။ ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။ အဲဒီအခါမှာ တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေ ဖြစ်ပြီး၊ အချို့သော ကျောက်ခဲတွေမှာ ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ရွှေလေးတစကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စာအုပ်တအုပ်ကို ဖတ်ပြီဆိုရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှုနဲ့၊ စိတ်အားထက်သန်မှုတို့၊ ကိုယ့်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေကို ထုထောင်းခွဲချေပြီး ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်းတိုက်ကျိုရလိမ့်မယ်။ စာအုပ်တအုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး၊ အဲဒီဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တလုံးချင်းရဲ့ အဓိပ္ပါယ်ကို တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင် တစုံတခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင်သူတဦးလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီ စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ တည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။
ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။

(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ။

ဒါကိုတော့ တရုတ်ပညာရှင် ကျန်းကျောက်က ဒီလိုပြောပါတယ်။ ရှေးဟောင်း ဂန္ထ၀င်ကို ဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းမှာ စိတ်ဟာ ပျံ့လွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။ သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင်၊ နွေရာသီမှာ နေ့ဟာရှည်လျားပြီး အချိန်များများရလို့ ဖြစ်တယ်။ ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောင်းဦးပေါက်ဟာ နှစ်သက်စဖွယ် စိတ်ကူးတွေကို ပေါ်ပေါက်စေတယ်။ ခေတ်ပေါ်စာပေကို နွေဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးဟာ အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီအဆိုအမိန့်ဟာ တော်တော်မှတ်သားဖို့ ကောင်းပါတယ်။


(၄) စာပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ။
သူက လူငယ်အရွယ်မှာ စာဖတ်ရတာဟာ လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်ရတာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့အကြုံ မရင့်သန်သေးဘူး။ အတွေးအခေါ် မလေးနက်သေးဘူး။ ဒါကြောင့်မို့ ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာဟာ လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။ လရောင်ဘယ်လောက်လင်းသလဲ။ ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့် ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတော့ လမင်းကို လသာဆောင် ၀ရန်တာပေါ်က တက်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်နောက်မှာ အတွေ့အကြုံတွေ အများကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ။
ခရီးသည်ကောင်းတယောက်ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။ သူ့အဖို့ စာအုပ်တွေနဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ၀ိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။ အလားတူပဲ စာဖတ်ကောင်းသူတယောက်ဟာလဲ သွားလေရာရာမှာ စာအုပ်ကိုပဲ မြင်တယ်။ သူ့အဖို့ တောင်နဲ့ရေဟာ စာအုပ်ပဲ။ စစ်တုရင်ခုံနဲ့ ၀ိုင်အရက်ဟာလဲ စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ စာအုပ်ပဲ။


(၅)
စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ။
စာအုပ်တအုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေရဲ့ အတွေးအခေါ်တွေထဲကို ၀င်ရောက်နိုင်အောင် ကြိုးစားရမယ်။ သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။
ဒါတွေတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့ ဟောပြောချက်ထဲက စာတပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့်မို့ ဖတ်ပြရတာ ခွင့်လွှတ်ကြပါ။
ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်္ဂလန် နပိုလီယန် စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန် ဖြစ်တယ်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန် ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ တနည်းပြောရရင် ဗြိတိသျှ အင်ပိုင်ယာကြီးကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်း ဖြစ်ပါတယ်။ သူ့စကားကို ကျွန်တော် ကောက်နှုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအ၀ယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲ တွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာဆင်းရဲသားတွေရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ တောင်တရုတ်ပင်လယ်တ၀ိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားကြီးတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကျွန်တော်တို့ တတွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့ အကြောင်းကို ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ် ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာ မဟုတ်ဘူး။
ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး။
လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာဂရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည် တည်တံ့နိုင်မှာ မဟုတ်ဘူး။
ကျွန်တော် ပြောခဲ့တဲ့ စကားတွေဟာ ရင့်သီးတယ်လို့များ ထင်ကြရင် သည်းခံ နားထောင် ကြပါ။
ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။

[၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ၀ိုင်အမ်စီအေခန်းမတွင် ကျင်းပသော ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲ အခန်းအနားတွင် ပြောသည့်စကား]
{မြသန်းတင့် ရဲ့ လမင်းကိုထရံပေါက်မှကြည့်ခြင်း စာအုပ် ၂၀၀၀ ခု၊ ပထမနှိပ်ခြင်း မှ ကူးယူဖော်ပြပါတယ်။}

Wednesday, February 11, 2009

အိလျအာရင်ဘတ် (၁၈၉၀-၁၉၆၇) {ဒုတိယပိုင်း}
ရေးသူ- ဒဂုန်တာရာ


ကျွန်တော့်တွင် ကဗျာနှင့်ပတ်သက်၍ ခံစားချက်တခု ရှိသည်။ ယင်းခံစားချက်မျိုးပင် အာရင်ဘတ်လည်း ခံစားသည်ကို နောက် သူ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖတ်ရသည်။ သူငယ်စဉ်က ကဗျာရေးသားလာခြင်းနှင့် ပတ်သက်၍ 'စကားပြေဖြင့် ဖော်ပြမရသည်များကို ကဗျာဖြင့် ဖော်ပြနိုင်သည်ကို နားလည်လာသည်' ဟု ရေးသည်ကို ဖတ်ရသည်။ ဤသဘောကို ကျွန်တော်သည် ၁၉၅၄ လောက်ကတည်းက ရေးသားလာခဲ့သည်။ တချို့သော အကြောင်းအရာများကို ကဗျာစာလုံးများဖြင့်သာလျင် ဖော်ပြချင်ပေသည်။ ကဗျာဖြင့် ရေးမှသာ ရင်ထဲမှ ဝေဒနာကို ဖော်ပြရာရောက်သည်ဟု ယုံကြည်နေသည်။ စကားပြေသည် စာပေ ပုံသဏ္ဍာန်ဖြစ်သည် မှန်သော်လည်း ကဗျာကား အစားထိုး၍ မရသော အာရုံခံစားမှု အနုပညာ ပုံသဏ္ဍာန် ဖြစ်ပေသည်။

ထိုအခါ အာရင်ဘတ်သည် ကဗျာအကြောင်းမပြော၊ နီရူဒါကသာ 'ကာရံနောက်လိုက် ရင် အဓိပ္ပါယ် အကြောင်းအရာမှာ လျော့မှာပေါ့၊ ကျွန်တော် ယခုရေးတာတွေမှာ ကာရံကို ဦးစားမပေးတော့ပါဘူး။ ငယ်ငယ်တုန်းကသာ ကာရံနောက်လိုက်ခဲ့တာပါ' ဟု ပြောသည်။ ကျွန်တော်ကလည်း ကျွန်တော်၏ ကဗျာဘ၀ အတွေ့အကြုံကို ပြောပြလိုက်သည်။
ပြန်ခါနီး နှုတ်ဆက်ကြသောအခါ ကဗျာဆရာနီရူဒါက 'ပိတောက်ဝေနေတဲ့ မြန်မာပြည်ဟာ အင်မတန် သာယာလှပတယ်' ဟု ပြောနေ နေသည်။ အာရင်ဘတ်ကလည်း ၀င်ကာ 'ပိတောက်ပန်း ကဗျာတွေကို ကျွန်တော်ဖတ်ချင်တယ်' ဟု ညည်းသလိုက်လေသည်။

(၄)
၁၉၅၃-ခုက ချက်ကိုစလိုဗက်ကီးယားပြည် ပရားဟားသို့ သွားရင်း မော်စကိုဝင်ရာ၊ အာရင်ဘတ်နှင့် တွေ့ရန် ကြိုးစားသေးသည်။ ကျွန်တော်တို့က ဂျော်ဂျီယာ၊ ယူကရိန်းစသော ဆိုဗီယက် ပြည်ထောင်စုဝင် ပြည်များသို့ လှည့်လည်နေရာ၊ ကျွန်တော်တို့ မော်စကို ပြန်ရောက်ချိန်၌ အာရင်ဘတ်က ခရီးထွက်နေပြီး၊ ကျွန်တော်တို့ စတာလင်ဂရက် ရောက်နေစဉ် သူက မော်စကို ရှိနေသည်။ ယင်းသို့ အဆင်မသင့်သဖြင့် သူနှင့် တွေ့ဆုံခွင့် မရတော့ပေ။ သူက သူရေးသော 'မုန်တိုင်း' ၀တ္ထုကို မေတ္တာလက်ဆောင်အဖြစ် သူ့နာမည် ရေးထိုးပြီး ထားခဲ့သည်။
သူသည် ခေတ်အခြေအနေကို ထင်ဟပ်သော ၀တ္ထုကြီး (၃)ပုဒ် ရေးသည်။ ပဲရစ်မြို့ကျဆုံးခန်း၊ မုန်တိုင်း၊ န၀မလှိုင်း။ ပဲရစ်မြို့ကျဆုံးခန်းမှာ စစ်မဖြစ်ခင် ခေတ်အခြေအနေ၊ မုန်တိုင်းမှာ စစ်အတွင်းအခြေအနေ၊ န၀မလှိုင်းမှာ စစ်ပြီးအခြေအနေများကို သရုပ်ဆောင်ထား ပေသည်။ မုန်တိုင်း ၀တ္ထုကြီးမှာပင် တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး လောက် ရှည်ပေသည်။ ဇာတ်ဆောင်တွေ အများကြီးဖြင့် ဖွဲ့ထားသော လူ့သရုပ်ဖော် ၀တ္ထုကြီးဖြစ်သည်။
ကျွန်တော်တို့မှာ ရုရှားစာပေဖတ်သည် ဆိုသော်လည်း ကုန်စင်နှံ့စပ်အောင် ဖတ်နိုင်သည် မဟုတ်ပေ။ ကျောင်းသားဘ၀က အများက ကောင်းသည်ဟု စံတင်အသိအမှတ် ပြုထားသော စာပေများကို ဖတ်ကြသည်။ ရုရှမှာ ဒေါတော့ယက်စကီး၊ တော်စတွိုင်း၊ ပွတ်ရှကင်၊ ချက်ကော့၊ ဂေါ်ကီ စသော ရှေးခေတ်စာရေးဆရာကြီးများ၏ ၀တ္ထုများကို ဖတ်သည်။ ကဗျာထဲကဆိုလျင် ပွတ်ရှကင်၊ ဘလောက် တို့လောက်သာ ဖတ်ဖူးသည်။ ဆိုဗီယက်ခေတ်ရောက်တော့ အာရင်ဘတ်၊ ရှိုလိုကော့၊ ဖာဒေယိ၊ ဖီဒင်၊ အော်စထရော့စကီး၊ စီမိုနော့၊ ကဗျာထဲက မာယာကော့စကီး၊ ယက်တူရှင်ကို၊ ပက်စတာနက် တို့လောက်သာ ဂရုပြုဖတ်သည်။ ရုရှစာပေ၌ ဖတ်စရာတွေ တပုံကြီး ရှိသည်။ စာရေးဆရာ တော်တွေလည်း အများကြီး။ တချို့ စာပေများကို နာမည်ဖြင့်တပ်၍ စာရေးဆရာကို မစွဲလန်းတော့။
ယင်းသို့ နည်းနည်းလောက်သာ ဖတ်မိသည်ထဲ၌ အာရင်ဘတ်မှာ ကျွန်တော် ကြိုက်သည့်အထဲ၌ ပါဝင်သည်။ ပက်စတာနက်ကိုကား 'ဒေါက်တာဇီဗားဂိုး' ၀တ္ထုတွင် တော်တော် နှစ်သက်မိသည်။ သူ့ကဗျာများကား အသိခက်လှသည်။
စတာလင်ဆန့်ကျင်ကျင်ရေးခေတ် (၁၉၅၆) ၌ အာရင်ဘတ်၏ 'နှင်းခဲပျော်ချိန်' ၀တ္ထုထွက်လာသည်။ ဥရောပ၌ နှင်းခဲပျော်ချိန်မှာ အဓိပ္ပါယ်ရှိသည်။ ဆောင်းတွင်း၌ ရေခဲပြီး ဆောင်းယွန်းသွားသောအခါ ရေခဲ ပျော်ကျလာလေသည်။ နှင်းခဲများ ကျဆင်းချိန်၌ တင်ရှိနေသော အမှိုက်သရိုက်များမှာ ရေအဖြစ် ပျော်ကျကာ စီးဆင်းသွားလေတော့သည်။ စတာလင်ခေတ် အပြီးကာလကို တင်စားထားသည်။ စတာလင်ခေတ်ကာလ၏ ချုပ်ချယ်ကျပ် တည်းမှုမှ လွတ်မြောက်လာခြင်းကို သရုပ်ဖော်ထားသည်။ အလုပ်ရုံတခု၌ လူများမှာ ငြီးငွေ့နေကြသည်။ လင်ရှိမိန်းမမှာ အခြားယောက်ျားတပါးနှင့် လွန်ကျူးနေ၏။ အလုပ်ရုံ အုပ်ချုပ်ရေးမှူးမှာ ကုန်ထုတ်လုပ်ရေး၌ အလုပ်များနေသဖြင့် ဇနီးသည်ကိုပင် ကြင်နာယုဖို့ အချိန်မပေးပေ။ နှင်းခဲပျော်ချိန်၏အဆက် 'နွေဦးပေါက်' ၀တ္ထု ထွက်လာသေးသည်။ ယင်းဝတ္ထုများကို ကျွန်တော် သိတ်မစွဲလန်းတော့ပေ။
လွန်ခဲ့သော (၁၀)နှစ် ကာလကား ကွန်မြူနစ်လောက၌ ဆန့်ကျင်ဘက်များဖြင့် ပြွမ်းတီး လှုပ်ရှားနေသော ခေတ်ဖြစ်သည်။ ယင်း ပဋိပက္ခရှုခင်းများမှာ နိုင်ငံခြား၌ ဖြစ်ပျက်နေသည် ဖြစ်ရာ၊ ကျွန်တော်တို့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ဖော်ပြမှုတို့ကိုသာ 'မူရင်း' အနေဖြင့် သိခွင့်ရရှိကြ၏။ ပဋိပက္ခများကို လေ့လာရာ၌ သူတို့ ပင်ရင်းဘာသာ မတတ်သဖြင့် တပန်းရှုံးနေလေတော့သည်။ နိုင်ငံရေးတိုက်ပွဲများ ပြင်းထန်နေဆဲအခါ တဖက်စကားချည်း အားကိုး၍ အမှန်ရှာမရနိုင်ပေ။ မိမိ ပြည်တွင်း၌ပင် (၂)ဖက် အဖြစ်အပျက်၊ ဟောရပ်ပြောရပ် စကားရင်းများကို ဃဂဏန လေ့လာမှသာလျှင် တကယ့်ရှုခင်းကို ငုံမိမည် ဖြစ်ပေသည်။
၁၉၆၁ က ဆွီဒင်ပြည် စတော့ဟုမ်း၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေး တက်ရောက်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်ကိုယ်စားလှယ် အဖွဲ့ဝင် ဖြစ်သည်။ ယင်း အစည်းအဝေး၌ တရုပ်-ဆိုဗီယက် အငြင်းပွါးမှု သက်ရောက်လျက်ရှိသည်။ ကျွန်တော်တို့မှာ နှစ်စဉ် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှ ကျင်းပမည့် ယဉ်ကျေးမှု နှစ်ပါတ်လည်၌ ဦးပုညကို ထည့်သွင်းရန် စိုင်းပြင်းလျက်ရှိသည်။
ကျွန်တော်သည် အာရင်ဘတ်ကို လိုက်ရှာသည်။ အစည်းအဝေးမှာ ဆက်တိုက် လုပ်နေ၍ မအားရ။ ဟော်တယ် တည်းသည်မှာလည်း တနေရာစီ ဖြစ်နေ၍ မဆုံမိကြ။ ည အစည်းအဝေးပြီးလျင် မြေအောက်ရထားဖြင့် ကမန်းကတမ်း ပြန်ရသည်။
တညနေ အစည်းအဝေးနားချိန်၌ အာရင်ဘတ်နှင့် သွားတွေ့သည်။ သူကလည်း အင်္ဂလိပ်စကားမတတ်။ ကျွန်တော်ကလည်း ပြင်သစ်စကား မတတ်၍ လက်ဆွဲနှုတ်ဆက်ပြီး စကားမပြောလိုက်ရ။ မော်စကို မှတဆင့် ရန်ကုန်သာ ပြန်ရောက်လာသည်။ သူနှင့် မတွေ့တော့။ မော်စကိုတွင်လည်း တွေ့ရန် မကြိုးစားမိ။
၁၉၆၂ က ကရူးရှက်သည် ဆိုဗီယက် ခေတ်သစ်ပန်းချီကို ဝေဖန်သည်။ ခေတ်သစ်ပန်းချီကို မြင်းမြီးလှုပ်ရမ်းထားသော ဆေးစက်များဟု ဝေဖန်လိုက်သည်။ ထိုအချိန်လောက်ကပင် ကရူးရှက်က အာရင်ဘတ်အား အာရင်ဘတ်ဟာ အောက်တိုဘာ တော်လှန်ရေးတုန်းက ထိထိရောက်ရောက် ပါခဲ့တာမဟုတ်ဟု ပြောသည်ကို ဖတ်လိုက်ရ၏။
၁၉၆၂ က အာရင်ဘတ်၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ စာအုပ်နှစ်တွဲ ဖတ်လိုက်ရသည်။ ပြည်သူနှင့် ဘ၀၊ တော်လှန်ရေး၏ ပဌမနှစ်များ ၁၉၁၈-၁၉၂၁၊ အားလုံး (၆)တွဲရေးရာ၊ ကျန် (၃)တွဲကို ယခုမှ ဖတ်ရသည်။
ယင်းကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှတ်တမ်းများကိုမူ နှစ်သက်မိသည်။ အာရင်ဘတ်မှာ သူနှင့် ခေတ်ပြိုင် ရုရှ စာရေးဆရာများ၊ အနုပညာရှင်များသာမက၊ ဥရောပ စာရေးဆရာ၊ အနုပညာရှင်များနှင့်လည်း သိကျွမ်းခင်မင်ရာ၊ သူ၏ မှတ်တမ်းမှာ ယနေ့ခေတ်ပြိုင် စာပေနှင့် အနုပညာရုပ်ပုံလွှာ ကားချပ်ကြီးပင် ဖြစ်သည်။ နှစ်ပေါင်း (၅၀)၏ ဥရောပ ယဉ်ကျေးမှု လှုပ်ရှားမှုကြီးကို ဖွဲ့ထားသော စာအုပ်ဖြစ်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်အစိုးရ အာဘော် အစ်ဇဗက်ရှား သတင်းစာ သတင်းထောက်လည်းဖြစ်ရာ၊ ဥရောပတခွင်မှ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဘ၀ မြင်ကွင်းများကို သူကြုံတွေ့ခံစားသည့်အတိုင်း ရေးထားလေသည်။ စပိန် ပြည်တွင်းစစ်တုန်းကလည်း သေနတ်သံများကြားထဲ ရောက်နေ၏။ ကမ္ဘာကျော် ပန်းချီဆရာ များဖြစ်သော ပီကာဆို၊ ဒီရူး၊ စသူတို့နှင့် လုံးထွေးနေခဲ့၏။ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စာရေးဆရာ စည်းရုံးရေးများတွင်လည်း သူပါနေ၏။
အာရင်ဘတ်သည် မှန်တံခါးအတွင်း အခန်းအောင်းနေသော စာရေးဆရာ သက်သက် မဟုတ်ပေ။
၁၉၆၁- က စတော့ဟုန်းမြို့၏ မယ်လမင် ဟော်တယ်အနီး အပေါ်ထပ်အခန်းကလေး၌ အာရင်ဘတ်သည် လက်နှစ်ဖက်ကို လှုပ်ကာ လှုပ်ကာ စကားထပြောနေ၏။ ကမ္ဘာ့ငြိမ်းချမ်းရေး စည်းရုံးရေးရာ ကော်မရှင် အစည်းအဝေးဖြစ်သည်။ အာရင်ဘတ်က 'လက်နက်ဖျက်သိမ်းရေး ပဌမ' ဆိုသော အချက်ကို ထောက်ခံ ရှင်းလင်းနေ၏။ သူပြောပြီးလျှင် တရုတ်ကိုယ်စားလှယ် ထကာ အမျိုးသား လွတ်လပ်ရေးဘက်မှ ချေပ၏။
ကျွန်တော်တို့ကား လက်နက်ဖျက်သိမ်းရေးကို မပယ်၊ သို့သော် လက်နက်ဖျက် သိမ်းရေးလော၊ အမျိုးသားလွတ်လပ်ရေးလောဟု ဆုံးဖြတ်မည် ရှိသောအခါ အမျိုးသား လွတ်လပ်ရေးဘက်က ရပ်တည်ခဲ့ကြသည်။ လွတ်လပ်ခါစ နိုင်ငံကလေးများအဖို့ကား မိမိတို့၏ အမျိုးသားလွတ်လပ်ရေး၊ ခိုင်ခံ့ရေးသည် ပဌမ မဟုတ်ပေလော။
ကျွန်တော်တို့သည် တရုတ်ဆိုဗီယက် ကွဲလွဲချက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ ရသည်။ ကျွန်တော်က ကပ်လျက်ထိုင်နေသူ ဗီယက်နမ်ကိုယ်စားလည် အဖွဲ့ဝင်အား လှမ်းကြည့်လိုက်သည်။ မြန်မာပြည်ရောက်ဖူးသော ဗီယက်နမ်သားက လက်ဝါးနှစ်ဖက်ဖြန့်ကာ ပခုံးကို တွန့်လိုက်၏။ သဘာပတိလုပ်သူ ကနေဒါမှ ခရစ်ယံရဟန်းမှာ စကားပြောဓါတ်ခွက်၌ ငေးနေ၏။
မုန်တိုင်းသစ်သည် ဝှေ့ယမ်းလျက်ရှိသည်။ အပြင်ဘက်တွင်ကား တဝေါဝေါ အော်မြည်ကာ နှင်းပွင့်များ ကျဆင်းလျက် ရှိသည်။ မှန်ပြတင်း၌ ရေခဲမြူလွများ တင်နေ၏။
အာရင်ဘတ်သည် မုန်တိုင်းသစ်အကြား၌ပင် နှလုံအခုန်ရပ်စဲ သွားခဲလေပြီ။ သူ့ရင်ခုန်သံကိုကား သူ၏စာအုပ်များ၌သာ ခံစားရပေတော့မည်။
ကျွန်တော်တို့မှာ မုန်တိုင်းသစ်၌ သစ်ရွက်ကြွေသံ၊ သစ်ပင်လဲကျသံ၊ မြစ်ရေဒလဟော စီးဆင်းသံများ ကြားနေရသေးသည်။ မုန်တိုင်းစဲပါတော့ဟု ဆုတောင်းကြမည်လော။ မုန်တိုင်းဟောင်းစဲလျင် မုန်တိုင်းသစ် လာပေဦးမည်။
လူ့ဘုံလောကကြီးပင်လျင် မုန်တိုင်းကြီး မဟုတ်ပေလော။ မြင်ရသော မုန်တိုင်းနှင့် မမြင်ရသော မုန်တိုင်းသာ ခြားနားသည် မဟုတ်ပေလော။

ဒဂုန်တာရာ
ရှုမ၀၊ ၁၉၆၇။

{ဒဂုန်တာရာ ရဲ့ "စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်" စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၇၄ ဧပြီ မှ ကူးယူဖော်ပြပါတယ်။}

Friday, February 6, 2009

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး{၅}

အဲဒါဖြစ်ပြီး တစ်ပတ်လောက်အကြာမှာ ဝေမိုးကျနော့်ဆီရောက်လာတယ်။ သူက ပြန်လွတ်လာ တာ မကြာသေးဘူး။ လွတ်လွတ်ပြီးချင်း ဘုန်းကြီးဝတ်တော့ ကျနော်နဲ့ဆရာကြီးတို့ သွားကြသေး တယ်။ အခုသူက ဘုန်းကြီးထွက်ခါစ အိမ်မှာအနားယူနေတဲ့အချိန်။ ကျနော့်ဆီတော့ မကြာခဏ လာတတ်တယ်။ အခုလာတာကတော့ အလုပ်ကိစ္စနဲ့ပါ။ ''အကို့ ကို လူတစ်ယောက်ကတွေ့ချင်လို့ တဲ့။ အရေးကြီးတယ်။ လျှို့ဝှက်တွေ့ရမှာ..''။ တွေ့မယ် သူဘယ်သူလဲ လို့မေးလိုက်တော့ သူက ''ဘယ်သူလို့မပြောရဘူးလို့ မှာလိုက်တယ်။ တွေ့ရင်သိမှာပဲ။'' ဒါဆို ငါမတွေ့တော့ဘူးကွာ။ မင်းပဲ စဉ်းစားကြည့်။ အခုလို နိုင်ငံရေးအခင်းအကျင်းမျိုးမှာ ဘယ်သူမှန်းလည်း ကြိုမသိ၊ အရေးလည်း ကြီး၊ လျှို့ဝှက်လည်း ဆိုသေး ဆိုတော့ ငါမတွေ့တော့ဘူးကွာ..''။ ဝေမိုးပြန်သွားတယ်။ ကျနော် ပြတဲ့အကြောင်းပြချက်က ခိုင်လုံနေတယ်လေ။ နောက်တစ်နေ့ ဝေမိုးပြန်ရောက်လာတယ်။ ကျနော့်နား နားကပ်ပြီး ''ခုတွေ့မယ့်လူက တခြားသူမဟုတ်ဘူး။ ကိုသက်ဝင်းအောင်ပဲ'' လို့ပြောလိုက်တော့ ကျနော်ရင်ထဲ ဒိန်းခနဲဖြစ်သွားတယ်။

သက်ဝင်းအောင်နဲ့ကျနော် မတွေ့ရတာ (၆)နှစ် ကျော်ပြီ။ ၁၉၉၂ သူလွတ်သွားပြီး ကျနော့်ကို ရုံးထွက်မှာလာတွေ့ခဲ့တာ နောက်ဆုံးပဲ။ ၁၉၉၇ ကျနော်ထောင်ကလွတ်တော့ သူရန်ကုန်မှာ မရှိတော့ဘူး။ နိုင်ငံရေးကိစ္စတွေနဲ့ ထောက်လှမ်းရေး လိုက်ဖမ်းနေလို့ ထိုင်းဘက်ထွက်သွားပြီ။ ဒါကြောင့် သက်ဝင်းအောင်ကိုတွေ့ရင် ဖမ်းဖို့ ထောက်လှမ်းရေးက ဝရမ်းထုတ်ထားတဲ့အချိန်။ ဒါပေမဲ့ သူ ထိုင်းမှာရှိနေတယ်ဆိုတော့ ကိစ္စမရှိဘူးပေါ့။ ခုတော့ မြန်မာပြည်ထဲ ပြန်ရောက်ပြီး လှုပ်ရှားနေပြီပေါ့။ သြဂုတ် လှည်းတန်းကိစ္စ၊ ပုံမှန်ထွက်နေ တဲ့ Statement ကိစ္စ၊ ကျောင်းသား လှုပ်ရှားမှုတွေ..။ တစ်ခုချင်း ကျနော့်ခေါင်းထဲ အစီစီအရီရီ ပေါ်လာတယ်။ ဒါ သူ့လက်တွေပဲ။ သူနဲ့တစ်စုံတစ်ရာ ပတ်သတ်နေတယ်ဆိုတာ သိထားပေမဲ့ လူ ကိုယ်တိုင် ပြည်တွင်းပြန်ရောက်ပြီး လှုပ်ရှားနေမယ်တော့ ထင်မထားခဲ့မိဘူး။ အခု သူပြန်ရောက် နေပြီ။ လှုပ်ရှားနေပြီ။ ကျနော့်ကိုတွေ့ဖို့ ချိန်းနေပြီ။ ကျနော်ဘာလုပ်ရမလဲ။

ဒီအချိန်မှာက ညတိုင်း လူဖမ်းပွဲကြီးလုပ်နေတဲ့အချိန်။ NLD အဖွဲ့ဝင်တွေရော၊ ကျောင်းသားတွေရော တစ်သုတ်ပြီး တစ်သုတ်ဖမ်းခံနေရချိန်။ ကျနော်က ထောင်ကထွက်လာတာ (၁)နှစ်တောင် တင်းတင်းမပြည့်ချင် သေးဘူး။ ထောက်လှမ်းရေး စစ်ကြောရေးခန်းက ပြန်ထွက်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ ဒီ အခြေအနေမှာ သူ့ကိုသွားတွေ့မလား။ မတွေ့ဘဲ ငြင်းလိုက်မလား။ သွားတွေ့ရင် အကြီးအကျယ် အန္တရာယ်ရှိနိုင်တယ်။ အနည်းဆုံး ထောင်ဒဏ် (၇)နှစ်ပဲ။ မတွေ့ဘဲ ငြင်းလိုက်ရင်ကော ကျနော့် ခေါင်းထဲ ဆက်တိုက်ဖြစ်လာတဲ့အတွေးတွေပါ။ ကျနော် ငြိမ်ကျသွားတာကို ဝေမိုးသတိထားမိ တယ်။ နောက်ဆုံးတော့ ကျနော်တွေ့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ တွေ့မယ့်အချိန်နဲ့နေရာ သတ်မှတ်ပြီး ဝေမိုးပြန်သွားတယ်။

ခုလို သက်ဝင်းအောင်နဲ့ တွေ့ဖို့ဆုံးဖြတ်လိုက်တာဟာ ကျနော့်အတွက် အန္တရာယ်ကြားကစွန့်စားမှု တစ်ခုပါပဲ။ သာမန်အချိန်မှာ အဲဒီလောက်မဟုတ်ပေမဲ့ အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်းက ဇာတ်ရှိန်အမြင့်ဆုံးဖြစ်နေတဲ့အချိန်၊ ကျနော်ပြင်ဆင်သင့်တာတွေ အသေးစိတ်ပြင်ဆင်တယ်။ ကျနော့်အမိုးအတွက် လိုအပ်တာတွေ၊ ပေးရမယ့်အရာတွေ၊ ရစရာရှိတာတွေ အကုန်စာရင်းချပြီး အပြီးလုပ်ထားလိုက်ပါတယ်။ နောက်နေ့မနက် (၉)နာရီလောက် ဝေမိုးရောက်လာတယ်။ သူ လည်း လိုက်ဖို့လာပြောတာပါ။ ဒါပေမဲ့တွေ့ဖို့ချိန်းထားတာက နေ့လည် (၂)နာရီ။ အချိန်အစော ကြီး ရှိသေးလို့ ကျနော်တို့အိမ်မှာပဲ စကားထိုင်ပြောနေကြတယ်။ (၁၁)နာရီလောက်ကျတော့ ဆရာကြီးက ဆိုင်းမဆင့် ဗုံမဆင့် ဗြုန်းစားကြီးရောက်ချလာတယ်။ သူနဲ့လိုက်ခဲ့ဖို့ အတင်းခေါ်နေ တော့တယ်။ ပထမ ကျနော်ငြင်းသေးတယ်။ ဒါပေမဲ့သူကမရဘူး။ အကြောင်းပြချက် မခိုင်လုံလို့ ကတော့ အတင်းဇွတ်နေတော့တာ။ ကျနော်လည်း နာရီကြည့်တော့ အခုမှ (၁၁)နာရီဆိုတော့ (၃)နာရီလောက် လိုသေးတာပဲဆိုပြီး သူနဲ့လိုက်သွားလိုက်တယ်။

ဝေမိုးလည်း လိုက်လာတယ်။ ပထမတော့ မဂ္ဂဇင်းတိုက်ကို သွားကြတာ။ နောက် ကျနော်တို့တွေ ပန်းဆိုးတန်းက ဟိန္ဒူဘုရား ဝင်းထဲဖွင့်ထားတဲ့လက်ဖက်ရည်ဆိုင် သွားထိုင်ကြတယ်။ အဲဒီမှာက စားစရာစုံတယ်လေ။ အဲဒီမှာ နေရင်း (၁)နာရီထိုးတော့ ကျနော်ထွက်ဖို့လုပ်တယ်။ ဆရာကြီးက မရဘူး။ ညနေထိ သူနဲ့နေချည်း လုပ်နေတယ်။ သူပြန်ပို့ပေးမယ်ပေါ့။ ကျနော်ကလည်း ချိန်းထားတာရှိလို့ သွားမယ်ဆိုတာကို ''ဘာလဲ မင်းရည်းစားရနေပြီလား။ ငါ့ကို မိတ်ဆက်ပေး၊ ငါလည်းလိုက်မယ်''ဆိုပြီး လုပ်နေတယ်။ ကျနော်လည်း ဘယ်လိုပြောရမလဲမသိတော့ဘူး။ နာရီကြည့်ပြီး ဝေမိုးလည်း မျက်စိမျက်နှာပျက် နေပြီ။ သက်ဝင်းအောင်နဲ့တွေ့ဖို့ကိစ္စကို ကျနော် ဆရာကြီးကိုအသိမပေးချင်ဘူး။ သူ့ကိုအန္တရာယ် စက်ကွင်းထဲ မရောက်စေချင်လို့။ ဘာပြောပြော သိထားရင် အန္တရာယ်ရှိတယ်လေ။

ဘယ်လိုမှ ထွက်လို့မရတဲ့အဆုံး ကျနော်ဝေမိုးကိုမျက်ရိပ်ပြလိုက်ပြီး ဆရာကြီးကို လက်ကုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်ကထွက်လာပြီး ဆရာကြီးနားကပ်ပြီး အခုတွေ့မှာ သက်ဝင်းအောင်ဖြစ်ကြောင်း ဆရာကြီးအန္တရာယ်ရှိမှာစိုးလို့ အသိမပေးတာဖြစ်ကြောင်း၊ အခုချိန်းထားတဲ့အချိန် မိနစ်ပိုင်းပဲ လို တော့ကြောင်း၊ ပြောလိုက်မှ မျက်လုံးပြူးသွားတယ်။ ချက်ခြင်းပဲ '' အေး.. အေး..သွား.. ငါ့ကားယူသွား '' ဆိုပြီး ကားပါ ပေးလိုက်တယ်။ သူကတော့ အဲဒီမှာဘဲ ကျန်ခဲ့တယ်။ ကားပေါ်တက်ခါနီး ကျနော့်နားနားကပ်ပြီး '' သက်ဝင်းအောင်ကိုပြောလိုက် ၊ ငါသတိရနေတယ်လို့ ။ ငါ့ကိုပေးစရာရှိတဲ့အကြွေးလည်း ဆပ်ဦး'' လို့ မှာလိုက်သေးတယ်။ သူ့ကိုပေးစရာရှိတဲ့အကြွေးးဆိုတာက အထဲမှာနေကြတုန်း စာမေးပွဲပြန်ဖြေဖို့ သူတောင်းထားတဲ့ကတိကို သက်ဝင်းအောင်က ပေးခဲ့ပြီး စာမေးပွဲမဖြေဖြစ်သေးတာကို ပြောတာပါ။

ချိန်းထားတဲ့နေရာရောက်တော့ သက်ဝင်းအောင်က ကြိုရောက်နှင့်နေပြီ။ သူ့ပုံစံက လွန်ခဲ့တဲ့ (၆) နှစ်က အတိုင်းပဲ။ ဘာမှ သိပ်မပြောင်းဘူး။ ကျနော့်ကို တွေ့တွေ့ချင်း ကျနော့်လက်မောင်းကို လက်သီးနဲ့ ထိုးလိုက်တယ်။ ကျနော်လည်း သူ့ရဲ့ပြောင်နေတဲ့နဖူးကို လက်နဲ့လှမ်းတောက်ချလိုက် တယ်။ ပြီးမှ (၂)ယောက်သား ပြိုင်တူရယ်လိုက်ကြပြီး ဘေးချင်းယှဉ်လျှက်က တစ်ယောက်ပခုံး တစ်ယောက်လှမ်း ဖက်ထားလိုက်ကြတယ်။ အဲဒါ ကျနော်တို့နှစ်ယောက် နှုတ်ဆက်နေကျပုံစံလေ။ သူနဲ့ကျနော် (၁) ဆောင် မှာအတူတူနေကြတုန်းက ကျနော်က နေ့တိုင်း 'ဒိုက်' ထိုးတယ်။ အဲဒါကို သူက ''မင်းလက်မောင်းတွေက ကောင်းသားပဲ။ မှန်း ..ငါစမ်းကြည့်စမ်းမယ်”ဆိုပြီး ထိုးတော့တာ ပဲ။ ကျနော့်ကို ဘယ်အချိန်တွေ့တွေ့ကျနော့်လက်မောင်းကို ထိုးလိုက်ရမှ ကျေနပ်တဲ့ကောင်။ ကျနော်ကလည်း သူ့နဖူးကို လက်နဲ့လှမ်းလှမ်း တောက်တယ်။ သူ့နဖူးပြင်က ထူးထူးခြားခြားကို ကျယ်နေတာ။ အဲဒါကို သူက ဆံပင်နဲ့ဖုံးထားတတ်တယ်။ ကျနော်ကသူ့ကိုဘယ်အချိန်တွေ့တွေ့ သူ့နဖူးကို တစ်ချက်လောက် တောက်လိုက်ရမှ ကျေနပ်တဲ့ကောင်လေ။ ဒီလိုနဲ့ သူနဲ့ကျနော်ကြားမှာ အဲဒီလို နှုတ်ဆက်တဲ့ပုံစံလေး ဖြစ်မှန်းမသိ ဖြစ်သွားကြတာလေ။

အဲဒီမှာ ခဏပဲနေပြီး ရွှေတိဂုံဘုရားသွားဖို့ သူကပြောတယ်။ သူက သူ့ဆိုင်ကယ်နဲ့ သက်သက် သွားတယ်။ ကျနော်နဲ့ဝေမိုးက ဆရာကြီးကားနဲ့။ ဘုရားပေါ်မှာ ညနေ (၅)နာရီလောက်ထိ အေးအေး ဆေးဆေး စကားတွေပြောဖြစ်ကြတယ်။ သူ ကျနော့်ကို တွေ့ဖို့ခေါ်တဲ့ အကြောင်းကတော့ အလုပ်ကိစ္စ ထက် အရင်သံယောဇဉ်အရ ခေါ်တွေ့တဲ့သဘောပါပဲ။ အဲဒီမှာ သူ ကျနော့်ကို ပြောခဲ့ တာတွေကတော့ ပုံမှန်တရားထိုင်ဖို့၊ သူလည်း ပုံမှန်တရားထိုင်ဖြစ်တဲ့အကြောင်း၊ အခက်အခဲတွေ ကြုံလာတဲ့အခါတိုင်း တရားထိုင်ထားတဲ့အကျိုးကြောင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လို့ရခဲ့ကြောင်း၊ ဒါကြောင့် တရားထိုင်တာ အကျိုးများကြောင်း၊ ကျနော်အနေနဲ့ လောလောဆယ် နိုင်ငံရေးကိစ္စ ခဏနားထားပြီး ပညာရေးကိစ္စကို ဇောင်းပေးသင့်ကြောင်း၊ ကျနော့်အနေနဲ့ ဟိုဖက်ထွက်ပြီး ပညာရေးဆက်လုပ်သင့်ကြောင်းတွေ ပြောတာပါ။ အဲဒီတုန်းက သူက ကျနော်ထောင်ထဲ (၆)နှစ် ကျော်နေခဲ့ရတာကို စိတ်မကောင်းဖြစ်နေတာ။

ကျနော်ကတော့ သူ့ကို သိပ်ပြီးမပြောဖြစ်ပါဘူး။ သိပ်ပြီး အတင့်မရဲဖို့နဲ့ ကိစ္စဝိစ္စပြီးရင် ခြေရာဖျောက် နေဖို့လောက်သာ သတိပေးလိုက်တာပါ။ ညနေ (၅)နာရီထိုးတော့ ကျနော်တို့ပြန်ဖို့ ထရပ်လိုက်ကြတယ်။ ထုံးစံအတိုင်း သူက ကျနော့် လက်မောင်းကို ထိုးလိုက်တော့ ကျနော်က သူ့နဖူးကို လှမ်းတောက်လိုက်တယ်။ ပြီးတော့ တယောက်ပခုံး တယောက်ဖက်ပြီး နှုတ်ဆက်လိုက်ကြတယ်။ အဲဒါ ကျနော်တို့နောက်ဆုံးနှုတ်ဆက်ကြတယ်ဆိုတာ (၂)ယောက်လုံး မသိခဲ့ကြဘူးလေ။ ကျနော်နဲ့တွေ့ပြီး နောက်(၂)ရက်လောက် နေတော့ သူအဖမ်းခံရတယ်။ အဲဒီထဲက အပြင်လောကကို အသက်ရှင်လျက် ပြန်ထွက်လာခွင့် မရတော့ပါဘူး။ ထောင်ထဲမှာ (၈)နှစ်ကျော်လောက် ခက်ခဲကြမ်းတမ်းမှုတွေ၊ တိုက်ပွဲတွေနဲ့ ရင်ဆိုင်တိုးခဲ့ရပြီး ပထမအောက်ပိုင်း သေသွားတယ်။ နောက်တော့ (၂ဝဝ၆) အောက်တိုဘာ (၁၆)မှာ မန္တလေးထောင်ထဲမှာ ကျဆုံးသွားရတယ်။ သူဆုံးတော့ ကျနော်က သာယာဝတီမှာ၊ နံရံတွေကြား ကနေပဲ သူ့ကို ''သက်ဝင်းအောင် (သို့မဟုတ်) ငြိမ်းချမ်းရေးဝိညာဉ်'' လို့ကင်ပွန်းတပ်ပြီး လှမ်း ဦး ညွတ်ခဲ့ရတယ်။

သက်ဝင်းအောင်အဖမ်းခံရပြီး ဘိုဘိုလည်း ဖမ်းခံရတယ်။ နောက်တော့ ကိုထွန်းမြင့်အောင်ပါ အဖမ်းခံရတော့ ကျနော်လည်း အိမ်မှာသိပ်မနေပဲ ရှောင်နေလိုက်ရတော့တယ်။ အဲဒီအတောအတွင်း ပညာရေးစနစ်အပြောင်းအလဲတွေ ဖြစ်သွားတယ်။ နှစ်စတုန်းက ပြောခဲ့တဲ့စနစ်က နောက်နှစ်မှစမှာ ဆိုတော့ ဒီနှစ်မှာ ဘယ်သူမဆို ဆယ်တန်းအပြင်ဖြေခွင့်ရှိသေးတယ်။ ကျနော့် ဆရာမတွေက ကျနော့် အတွက် 'ဖောင်' ဝယ်ပြီး တင်ဖို့လုပ်တယ်။ ကျနော့်လက်မှတ်လိုနေလို့ ကျနော့်ဆီ အကြောင်းကြားတော့ လက်မှတ်သွားထိုးပေးလိုက်ရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ စာမေးပွဲဖြေဖို့ စိတ်ကူးလုံးဝမရှိတော့ပါဘူး။ မြန်မာပြည်ပညာရေးကို လုံးဝကျောခိုင်းလိုက်ပါပြီ။ လောလောဆယ် ကျနော်ကိုယ်တိုင်လည်း အဖမ်းခံရမလား၊ ထွက်ပြေးရမလား ဆိုတာလည်း သေသေချာချာ မသိနိုင်သေးဘူး။ ဒါတွေကို ဆရာမတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ ဖွင့်မပြောခဲ့ပါဘူး။ ဒီအတောအတွင်း အခြေအနေက ပိုရှုပ်ထွေးလာတယ်။ ကျနော့်အိမ်ကို ထောက်လှမ်းရေးတွေ လာမေးနေပြီဆိုတာသိတော့ ကျနော် နယ်ထွက်သွားပါတော့တယ်။

နယ်မှာ (၃)လလောက်ရှောင်နေပြီး အေးဆေးပြီဆိုမှ ရန်ကုန်ပြန်တက်လာခဲ့တယ်။ မှတ်မှတ်ရရ ကျနော် ရန်ကုန် ပြန်ရောက်တဲ့နေ့က ၁၉၉၈ရဲ့ နောက်ဆုံးနေ့ ဒီဇင်ဘာ (၃၁)ရက်နေ့ပါ။ နောက်နေ့မှာ ဆရာမတွေ သွားနှုတ်ဆက်တယ်။ ဟိုရောက်တော့ ဆရာမတွေက ကျနော့်ကို မျှော် နေကြတာ။ စာမေးပွဲအတွက် ပြင်ဆင်ဖို့၊ စာကျက်ဖို့အတွက်ပါ။ ဒီတော့မှ ကျနော် စာမေးပွဲဖြေဖို့ အစီအစဉ် မရှိတဲ့အကြောင်း ပြောပြလိုက်တယ်။ ဆရာမက မရဘူး၊ ဖြေကို ဖြေရမယ် ဆိုပြီး အတင်း လုပ်တော့တာပဲ။ ကျနော်လည်း မဖြေတော့ဘူးဆိုတာ အကြောင်းတွေရှိတယ်လေ။ စာမေးပွဲဖြေရမှာက မတ်လ (၉)ရက်နေ့။ ကြားထဲမှာ (၂)လလောက်ပဲ အချိန်ရှိတော့တာ။ ခေါင်းထဲမှာလည်း ဘာစာမှမရှိတော့ဘူး။ ဒီကြားထဲမှာလည်း အိပ်မက်ဆိုးတွေ ဖြတ်သန်းမက်ခဲ့ရသေးတော့ ကျနော်တော်တော် ပင်ပန်းနွမ်းနယ်နေပြီ။ ဒါကြောင့် မဖြေတော့ဘူး။ ဖြေရင်လည်း ကျဖို့ပဲရှိတော့တယ်။ ကျနော့်မူက ''ဖြေရင်အောင်ရမယ်'' ။ ဆရာမတွေက ဘယ်လိုပဲဖြစ်ဖြစ် ဖြေကိုဖြေရမယ်၊ နောက်ဆုံး ကျရင်ကျပါစေ။ ကျနော် စာမေးပွဲခန်းထဲဝင်ရင်တော်ပြီ။

ဒီလိုနဲ့ ကျနော်နဲ့ ဆရာမတို့ စကားအခြေအတင် ဖြစ်ကြတယ်။ ကျနော်က မဖြေတော့ဘူးလို့ ပြောပြီး ပြန်ဆင်း ဖို့လုပ်တော့ ဆရာမက ''မင်းမပြန်နဲ့။ ဒီမှာ စာကျက်ရမယ်။ မင်း ဖြေကိုဖြေရမယ်။'' လို့လှမ်းပြော တယ်။ ကျနော်ကလည်း မရဘူး။ ဖိနပ်စီးပြီး တံခါးဖွင့်ဆင်းမယ်လုပ်တော့ ဆရာမက နောက်ကနေ ကျနော့်ဂုတ်ကိုကိုင်ပြီး မျက်နှာကို လက်သီး နဲ့ထိုးချလိုက်တယ်။ ကျနော့်မျက်စိထဲ မီးတောင် ပွင့်သွားတယ်။ ဆရာမအဖေက နာမည်ကျော် လက်ဝှေ့သမားကြီး။ ဆရာမလည်း ငယ်ငယ်က သဲအိတ်တွေ ဘာတွေထိုးပြီး လက်သီးကျင့်ခဲ့ဖူးတဲ့ ဆရာမ။ သူက ကျောင်းသားတွေကို ဘယ် တော့မှ မရိုက်ဘူး။ မာမာထန်ထန်တောင် ပြောတာမဟုတ်ဘူး။ စာသင်ရင် အမြဲပြုံးရွှင်နေ တတ်တာ။ ဒါပေမဲ့ သူစိတ်ဆိုးပြီဆိုရင်တော့ ခုနကလို ဂုတ်ဆွဲပြီး ဘယ်ပြန်ညာပြန် ထိုး တော့တာ။

ကျနော့်အကို ငယ်ငယ်တုန်းက သူ့လက်သီးစာမိပြီး (၃)ရက်လောက် ထမင်းမစားနိုင် ဖြစ်ခဲ့ဖူး တယ်။ ကျနော်လည်း (၈)တန်းနှစ်လောက်က တစ်ကြိမ်ထိခဲ့ဖူးတယ်။ အခု တစ်ကြိမ်ထိပြန်ပြီ။ စိတ်ထဲ ထူပူသွားပြီး ဆရာမကို လှည့်ကြည့်လိုက်တော့ သူက မင်းအထဲပြန်ဝင်ဆိုပြီး နောက်တစ် ချက်ထိုးချလိုက်ပြန်တယ်။ ဒီတခါ ကျနော်ရှောင်လိုက်နိုင်ပါတယ်။ ဒီတစ်ချက်ပါထိရင်တော့ ကျနော်ထင်တယ် (၅)ရက်လောက် ဆန်ပြုတ်သောက်ရမယ့်ကိန်းပဲ။ ကျနော်လည်း အသားလည်း နာ၊ ရှက်လည်း ရှက်ဆိုတော့ ဆရာမကို စူးစူးရဲရဲပြန်ကြည့်လိုက်တယ်။ အရိုင်းစိတ်တွေ ကြွလာတယ်။ ဆရာမနေရာမှာ တခြားလူဆိုရင်တော့ အရိုးတခြား၊ အသားတခြားဖြစ်သွားမှာ အမှန်ပဲ။ ဒါပေမဲ့ ဒီဆရာမက ကျနော့်ကို ငယ်ငယ်ထဲက သားတစ်ယောက်လို စောင့်ရှောက်ခဲ့တဲ့ဆရာမ၊ ကျနော်က အမေတစ်ယောက်လိုချစ်ခဲ့ရတဲ့ဆရာမ ဆိုတော့ စိတ်လျှော့ပြီး ခေါင်းငုံခံလိုက်ရတယ်။ ဆရာမအမေရောက်လာပြီး ကျနော်တို့ကို အိမ်ထဲခေါ်သွားလို့ ဆရာမလည်း ဘာမှ ထပ်မပြော တော့ပါဘူး။

ကျနော် စဉ်းစားကြည့်တယ်။ ကျနော့်ဘဝမှာ အနိုင်ကျင့်မှုမှန်သမျှကို ဘယ်တော့မှ ခေါင်းငုံ့ခံလေ့ မရှိဘူး။ ရတဲ့နည်းနဲ့ တွန်းလှန်ခဲ့တာချည်းပဲ။ ရုပ်ပိုင်းနဲ့ တွန်းလှန်လို့မရတဲ့ကိစ္စတွေဆိုရင် စိတ်ပိုင်း နဲ့တွန်းလှန်ခဲ့တာပဲ။ ဒါပေမဲ့ ကျနော်တွန်းလှန်လို့မရဘဲ ဒူးထောက်အညံ့ခံခဲ့ရတဲ့ အနိုင်ကျင့်မှုတော့ ရှိတယ်။ အဲဒါ 'မေတ္တာရဲ့အနိုင်ကျင့်မှုပဲ'။ အခုဆရာမလုပ်ရပ်နဲ့ ကျနော် ထောင်ထဲမှာရှိစဉ် ထောင်မှူးစောထွန်းနဲ့ဖြစ်တဲ့ကိစ္စမှာ ဆရာကြီးပါဝင်ခဲ့တဲ့ လုပ်ရပ်မျိုးတွေပါပဲ။ အဲဒါတွေကို ကျနော်က 'မေတ္တာရဲ့အနိုင်ကျင့်မှု' လို့ ခေါ်ချင်တယ်။ လူတယောက်က လူတယောက်ကို အနိုင်ကျင့်တယ်ဆိုတာ အနိုင်ကျင့်သူက သူ့ရဲ့အတ္တ အကျိုးစီးပွားအတွက် အနိုင်ကျင့်တာပါပဲ။ ဒါပေမဲ့ မေတ္တာရဲ့အနိုင်ကျင့်မှုကတော့ အဲဒါနဲ့ပြောင်းပြန်ပါ။ အနိုင်ကျင့်သူက သူရဲ့အတ္တ အကျိုး စီးပွားလုံးဝမပါဘဲ အနိုင်ကျင့်ခံရသူရဲ့ အကျိုးကို ရှေးရှုပြီး အနိုင်ကျင့်တာပါ။ ဒီလိုအနိုင်ကျင့်မှုမျိုးကို မေတ္တာရဲ့အနိုင်ကျင့်မှုလို့ ယူဆတယ်။ ကျနော့်ဘဝမှာ ကျနော် ဘာကိုမှ မကြောက်ပါဘူး။ မေတ္တာရဲ့အစွမ်းသတ္တိကိုတော့ အရမ်းကြောက်တယ်။ ဒီဒဏ်ကို ကျနော်မခံနိုင်ဘူး။ တကယ်တော့ ကျနော့်ဘဝမှာ အငတ်မွတ်ဆုံး၊ အတောင့်တဆုံးအရာဟာ မေတ္တာပဲလေ။

အဲဒီလိုမေတ္တာရဲ့အနိုင်ကျင့်မှုကြောင့် (၁ဝ)တန်းဖြေဖို့ လုပ်ရပါတော့တယ်။ ဖြေရဖို့ရက်က တအား နီးနေတော့ ဂုဏ်ထူးထွက်ဖို့ မမျှော်မှန်းတော့ဘူး။ အောင်မှတ်ရဖို့တောင် မနည်းလုပ်ရမှာ။ တော် သေးတာက ဝိဇ္ဇာတွဲ (၃)ဘာသာမှာ (၂)ဘာသာ (၄ဝ) ရရင် အောင်တယ်။ သိပ္ပံတွဲလည်း ဒီလိုပဲ။ အချိန်မရတော့လို့ ဝိဇ္ဇာတွဲထဲက သမိုင်းနဲ့အီကိုပဲ ကြည့်ပြီး ပထဝီကို လုံးဝလွှတ်ထားလိုက်တယ်။
သိပ္ပံတွဲထဲက Chemistry နဲ့ Physics ကိုပဲကြည့်ပြီး Bio ကို လုံးဝလွှတ်လိုက်တယ်။ အိပ်ချိန် (၅) နာရီလောက်ပဲထားပြီး ကျန်တဲ့အချိန်တွေမှာ စာနဲ့ပဲ မျက်နှာအပ်ထားလိုက်တယ်။ ဆရာကြီးက ကျနော့်ဆီ တစ်ပတ်တစ်ခါလောက် လူကိုယ်တိုင်ရောက်လာတတ်ပြီး ဖုံးနဲ့တော့ နေ့တိုင်းနီးပါး ပြောဖြစ်ကြပါတယ်။ စာအုပ်တွေ၊ မေးခွန်းလွှာတွေ တောက်လျှောက်ပို့ပေးပါတယ်။ စာမေးပွဲ စ ဖြေတော့ မြန်မာစာ ရှောရှောရှုရှုပဲ ဖြေနိုင်တယ်။ အင်္ဂလိပ်လည်း အေးအေးဆေးဆေးပဲ။ သချာင်္ လည်းအောင်မှတ်ရအောင် ဖြေနိုင်တယ်။

သိပ္ပံတွဲမဖြေခင်ညမှာတော့ ဆရာမက ကျနော့်အတွက် နည်းနည်းစိုးရိမ်နေတယ်။ Bio ကို လုံးဝလွှတ်ထားတော့ ကျန်တဲ့ Physics နဲ့ Chemistry ကို အပြည့်ရထားစေချင်တယ်။ Physics ကတော့ ရပါရဲ့။ Chemistry ကတော့ (၁) ခန်းလောက် လွှတ်လိုက်ရတယ်။ အချိန်လည်းမရှိ၊ ကျနော်လည်း အရမ်းပန်းနေပြီလေ။ ဒါပေမဲ့ ကျနော်ကတော့ ကျရာမှကျရော။ ကျနော်ခံယူချက်ကို လုံးဝ အထိမခံဘူး။ ကူးချလို့အောင်တာထက်စာရင် အကျခံပြီး ဂုဏ်ယူလိုက်မယ်။ စာခိုးချတာ ဘယ်သူ မှမသိရင်တောင် ကိုယ်ကိုယ်တိုင်တော့ သိနေဦးမှာပဲ။ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့အဖြစ်မျိုး မလုပ်ချင်ဘူး။ ကျနော် လိပ်ပြာသန့်ချင်တာလို့ ပြောလိုက်တော့ ဆရာမက ကျနော့်ကို အထူးအဆန်းလို ကြည့်နေတယ်။

စာမေးပွဲဖြေပြီးပြီးချင်းပဲ ကျနော်နဲ့ သူငယ်ချင်းတို့စုပေါင်းပြီး အလူမီနီယမ်ကုမ္ပဏီတစ်ခု ထောင် လိုက်ပါတယ်။ ဆရာကြီးက သဘောတွေကျလို့။ သူလည်း ရှယ်ယာထည့်မယ်ဆိုပြီး သူ့သမီး ဆီက ပိုက်ဆံယူလာပြီး ကျနော့်ဆီမှာ ရှယ်ယာထည့်တယ်။ ကျနော်တို့ ကုမ္ပဏီဖွင့်ပွဲမှာ ဆရာကြီးလာပြီး ဧည့်မှတ်တမ်းစာအုပ်မှာ အောင်မြင်စေကြောင်း ဆုတောင်းလက်မှတ် ထိုးပေးခဲ့သေးတယ်။ ဒီလိုနဲ့ သြဂုတ်လထဲမှာ (၁ဝ)တန်း အောင်စာရင်းထွက် တယ်။ အဲဒီနေ့က ကျနော် ရန်ကုန်မှာ မရှိဘူး။ အလုပ်ကိစ္စနဲ့ မအူပင်ရောက်နေတယ်။ အောင် စာရင်းထွက်မှန်းတောင် မသိပါဘူး။ ရန်ကုန်က ဖုံးဆက်ပြောမှသိတာ။ နောက်တစ်နေ့ ရန်ကုန် ပြန်ရောက်တော့ ကျနော် ဆရာကြီးဆီ သွားလိုက်တယ်။ ကျနော့်မြင်တော့ ဆရာကြီးက ထုံးစံအ တိုင်း ''ခွေးကောင်..ငါ အရမ်း ဝမ်းသာတယ်ကွာ။ မင်း စာမေးပွဲအောင်တာ..''ဆိုပြီး ကျနော့် ခေါင်းကို သူ့ရင်ဘတ်နဲ့ ဖိကပ်ထားတော့တယ်။ ကျနော့်ကို ဂုဏ်ပြုမယ်လို့လည်း ပြောပါသေး တယ်။

''ငါက ကျောင်းဆရာတစ်ယောက်ဆိုတော့ ကျောင်းသားတစ်ယောက် စာမေးပွဲအောင်တာ မဆန်းသလို ကျတာလည်းမဆန်းဘူး။ ဒါပေမဲ့ မင်းအောင်တာအတွက်တော့ ဆန်းတယ်။ အခက်ခဲ တွေ၊ အပိတ်ဆို့ အတားဆီးတွေ အထပ်ထပ်ကနေ ဖြေရမလို မဖြေရတော့ဘူး လိုလိုနဲ့ ကမျော သောပါး ဖြေခဲ့ရတာ မဟုတ်လား။ ဒါထက်ပိုတာက စာလုံးဝခိုးမချဘဲဖြေမယ်ဆိုတဲ့ မင်းရဲ့ခံယူ ချက်အတွက် ငါချီးကျူးတာ..'' လို့ ဝမ်းသာအားရ ဆက်ပြောနေပါသေးတယ်။ သူက ''အဲဒါသစ္စာပဲကွ။ သစ္စာရဲ့ရောင်ပြန်ဟပ်မှုပဲ'' လို့ ပြောပါ တယ်။ ကျနော်ကြောင်သွားတယ်။ ခုကိစ္စနဲ့ သစ္စာနဲ့ ဘယ်လိုစပ်ဆက်နေလဲပေါ့။ အဲတော့မှ သူက ''မင်းစာမေးပွဲမဖြေခင်ထဲက ကိုယ်မသိတာတွေ၊ အဖြေလွှာထဲမပါသွားစေရဘူး။ ကျရင် ကျပစေ။ စာလုံးဝခိုးမချဘူးဆိုပြီး မင်းဆုံးဖြတ်ထားတယ် မဟုတ်လား။ အဲဒီခံယူချက်က သစ္စာပဲ။ မှန်တဲ့ သစ္စာကြောင့် မင်းအခုအခက်အခဲတွေကြားကနေ အောင်ခဲ့တာ” တဲ့။

ကျနော်က သစ္စာဆိုတာ သိပ် နားမလည်သေးတော့ သူ့ကို ထပ်မေးမိတယ်။ သူက ''ဗုဒ္ဓဘာသာတရားတော်ကို ခြုံလိုက်ရင် စကား လုံး (၂)လုံးပဲ ထွက်လာတယ်။ အဲဒီ (၂)လုံးက ပညာနဲ့သစ္စာပဲ။ ပညာဆိုတာက ''အကောင်းမြင်'' နဲ့ ''အဆိုးမြင်''ကလွတ်တဲ့ ''ယထာဘူတအမြင်'' ကိုရတဲ့ပညာ။ သစ္စာဆိုတာကတော့ အမှန်တရား ပဲ။ တကယ့်အစစ်အမှန်၊ တကယ့်အဖြစ်တရား၊ အရှိတရားပဲ။ ဗုဒ္ဓတရားတော်တွေမှာ ပညာအကြောင်း အများကြီးပါသလို၊ သစ္စာနဲ့ပတ်သတ်ပြီးလည်း အများကြီးပါတယ်။ သစ္စာလေးပါးကို ခဏထားလိုက်။ ထောင်ထဲမှာတုန်းက ရွတ်နေတဲ့ ပရိတ်ထဲမှာ အင်္ဂုလိမာလသုတ်ဆိုတာ ရှိတယ်။ အဲဒါက သစ္စာကို ဟောတာပဲ။ ''ငါသည် အရိယာ ဖြစ်ပြီးသည့်အချိန်မှစ၍ မည်သည့်အသက်ကိုမှသတ်ခြင်းမရှိခဲ့ပါ။ ဤမှန်သောသစ္စာစကားကြောင့် မိခင်ရော၊ ခလေးပါ ချမ်းသာရာရပါစေ။''ဆိုပြီး သစ္စာပြုတာ ဒါကို ရှင်းရှင်းယူကြည့်ရင် ကိုယ် တကယ်စောင့်ထိန်းတဲ့၊ ကျင့်ကြံတဲ့တရားတစ်ခုကို သစ္စာပြုရင် အဲဒီသစ္စာစူးရှတာပဲ..''လို့ ရှင်းပြ တယ်။ တကယ်ဆို အဲဒီတုန်းက ဆရာကြီးပြောခဲ့တာတွေကို ကျနော်သေသေချာချာနားမလည်ခဲ့ပါဘူး။ ရေးရေးလေးလောက်သာ မိခဲ့တာပါ။

ကျနော့်ကို ဘာမေဂျာလျှောက်မှာလဲလို့ မေးပါသေးတယ်။ ကျနော်က Law လျှောက်ဖို့ စဉ်းစားထားတယ်ဆိုတော့ သူက Law မယူနဲ့ကွာ။ ဥပဒေအကြောင်းက အပြင်ကနေ စာတွေ ဖတ်ယူလို့ရတယ်။ မင်းနဲ့ကိုက်တာ ''ဖီလော်''ပဲ။ ဒါကြောင့် ''ဖီလော်''ယူကွာတဲ့။ ကျနော်သိထား တဲ့ ဖီလော်ဆိုတာက နက်နက်နဲနဲစဉ်းစားရတဲ့အလုပ်။ အငြိမ်အလုပ်။ ကျနော်က လှုပ်လှုပ်ရှားရှား သမား။ အပူနဲ့အအေးတခြားစီလို့ ဆရာကြီးကို ပြန်ပြောလိုက်တယ်။ ''ဆရာကြီးက မင်းကိုအပေါ် ယံသဘောကြည့်ရင်တော့ဟုတ်တယ်။ ဒါပေမဲ့ မင်းရဲ့အတွေးတွေထဲမှာ ဖီလော်နဲ့ဆက်စပ်နေ တယ်။ ဥပမာ စေတီကိုဖြိုကြည့်လိုက်ရင် အုတ်၊ သဲ၊ ကျောက်ပဲ ထွက်လာမယ်။ ဒါကို ဘာလို့ ကန်တော့ရလဲဆိုတဲ့ မင်းအသက် (၂ဝ)လောက်က ငါ့ကိုမေးခဲ့တဲ့စကားမျိုး နောက်အများကြီး ရှိ သေးတယ်။ မင်းက အများလက်ခံထားတဲ့အတိုင်း လက်ခံချင်မှ လက်ခံတာ။ အဲဒီအမြင်တွေက ဖီလော်နဲ့အကိုက်ဆုံးပဲ။ ဒါကြောင့် မင်း ဖီလော်ယူသင့်တယ်။ ငါမင်းကို အကြံပေးလို့ မင်းဒုက္ခ ရောက်တာ ရှိဖူးလား'' ဆိုပြီး မေးပါတယ်။ ဟုတ်ပါတယ် ဆရာကြီးကြောင့် ဒုက္ခမတွေ့ရဖူးပါဘူး။ ဒါပေမဲ့ ကျနော် စဉ်းစားဦးမယ်လို့ ပြောတော့ ဆရာကြီးက ''အဲဒါပဲ။ မင်းက ကိစ္စတစ်ခုကို ဘယ်တော့မှ လွယ်လွယ်နဲ့ အဖြေမပေးဘူး။ စဉ်းစားပြီးမှပေးတယ်။ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်လည်း ရေကုန်ရေခမ်းလုပ်တော့တာပဲ။ အဲဒါ မင်းဆီမှာ ငါကြိုက်တဲ့ စရိုက်တွေထဲက တခုပဲ''တဲ့။

ဒါပေမဲ့ ကျနော် ဆရာကြီးပြောခဲ့တဲ့ ''ဖီလော်'' မလျှောက်ဖြစ်ခဲ့ဘူး။ ဘာမေဂျာမှ မလျှောက်ရခင် ထောင်ထဲရောက်လာခဲ့တာ ခုထိပါပဲ။ ကျနော် ထောင်ထဲရောက်ပြီး မှ စာအုပ်တစ်အုပ်ထဲမှာ ''ဖီလော်''ကို အဓိပ္ပါယ်ဖွင့်ထားတာက “Philo” နဲ့ “Sophia” ကနေ လာ ထားတာလို့ဆိုတယ်။ အဓိပ္ပါယ်ကတော့ Love and Wisdom or Love of Wisdom တဲ့။ ဆိုတော့ ''ပညာကို ချစ်မြတ်နိုးခြင်း''လို့လည်း အဓိပ္ပါယ်ထွက်နိုင်တယ်လေ။ ဒီတော့ ဆရာကြီး ကျနော့်ကို ဖီလော်လျှောက်ခိုင်းတာဟာ ''အတွေးအခေါ်ပညာ''ကို လေ့လာဆည်းပူးခိုင်းတာပဲလား။ ဒီထက်ပိုပြီး ပညာကို ချစ်မြတ်နိုးဖို့ ပညာသားပါပါ တွန်းအားပေးခဲ့တာများလား..ကျနော့် စိတ်ထဲ သိချင်တာ။ ဆရာကြီးနဲ့ တွေ့ပြီး ပြောလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့ဖူးတယ်။ ခု တော့ ဆရာကြီး မရှိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးဆုံးတယ်ကြားတဲ့ နောက်တနေ့မှာပဲ ကျနော်ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ကျောင်းတက်ဖြစ်ရင် ''ဖီလော်''ဘာသာရပ်ယူမယ်။ ခမ်းခမ်းနားနားမဟုတ်ရင်တောင် နက်နဲတဲ့ ဒဿနစာတမ်းတစ်စောင် ပြုစုဖို့ ကြိုးစားမယ်။ ကျနော့်အပေါ်တင်နေတဲ့ ဆရာကြီးရဲ့ ကျေးဇူးတွေအတွက် ဒီစာတမ်းနဲ့ ဆရာကြီးကို ကျနော် ပူဇော်မယ်။

အောင်စာရင်းထွက်ပြီး သိပ်မကြာဘူး။ တညနေမှာ ဆရာကြီး ကျနော့်ကိုဖုံးဆက်ပြီးခေါ်ပါတယ်။ အရေးကြီးလို့ အခုပဲလာခဲ့ပါတဲ့။ ကျနော် ဖုံးလက်ခံတဲ့အချိန်က ည (၇)နာရီလောက်ရှိပြီ။ တာမွေ နဲ့ အင်းစိန်က (၁)နာရီလောက်သွားရတော့ ဟိုကို (၈)နာရီလောက်မှရောက်တယ်။ ဟိုရောက် တော့ ဆရာကြီးက ''ငါ မနက်ဖြန် နိုင်ငံခြားထွက်တော့မယ်'' လို့ပြောတော့ ကျနော်အံ့သြသွားတယ်။ နံမည်ရင်းဖြစ်တဲ့ ဦးဘဂျမ်းဆိုတဲ့ နာမည်နဲ့တင်ပြီး သိုသိုဝှက်ဝှက်လုပ်ခဲ့လို့ အခုမှအသိပေးတာလို့ ဆက်ပြောပါတယ်။ ဒါတောင် ဒီည လျှို့ဝှက်ထားဖို့ ပြောပါသေးတယ်။ မနက်ဖြန်လေဆိပ်မှာ အတားခံရမယ့် အန္တရာယ်ရှိသေးတယ်လေ။ မိသားစုဝင်တွေလောက်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေလောက်ပဲ အသိပေးထားတာတဲ့။ ဘာပြောပြောဆရာကြီးနဲ့ ခွဲရတော့ မယ်ဆိုတော့ ကျနော်ဝမ်းနည်းသွားတယ်။ ဘယ်တော့လောက် ပြန်လာမလဲမေးတော့ ''သိပ်မကြာ ပါဘူးကွာ။ အလွန်ဆုံး (၃)နှစ်ပေါ့''တဲ့။

ကျနော် ဆရာကြီးကို ကြမ်းပြင်မှာထိုင်ပြီး ကန်တော့လိုက် ပါတယ်။ ဘေးမှာထိုင်နေတဲ့မမိုးချိုသင်းက ခုံကထပြီး ဘေးကနေရပ်ကြည့်နေတယ်။ ကျနော်ရော၊ ဆရာကြီးပါ မျက်ရည်တွေဝဲနေတာ သူထင်ထင်ရှားရှား တွေ့ရမှာပဲလေ။ အဲဒါ ကျနော် ဆရာကြီး ကို နောက်ဆုံးကန်တော့ခြင်းပါပဲ။ အဲဒီတုန်းကတော့ နောက်ဆုံးလို့ ဘယ်ထင်ပါ့မလဲ။ ပြီးတော့မှ ဆရာကြီးက မင်းနဲ့ငါအမှတ်တရ လက်ဖက်ရည်ဆိုင်ထိုင်ရအောင်ဆိုပြီး အိမ်ကထွက်ခဲ့ကြတယ်။ တံခါးလိုက်ဖွင့်ပေးတဲ့ မမိုးချိုသင်းက သိပ်ဝေးဝေးမသွားဖို့မှာတယ်။ ကျနော် သူ့ကိုလှည့်ကြည့် တော့ ''မနက်ဖြန်လေဆိပ်မှာ အတားအဆီးဖြစ်မှာ ပူနေလို့''တဲ့။ ကျနော် ကိုယ်ချင်းစာပါတယ်။ သူတို့လဲ သူတို့အဖေကို ပူကြမှာပါပဲ။ တကယ်ဆို ဒီအချိန်မှာ အပြင်မထွက်သင့်တော့ဘူးလေ။ ခါတိုင်းအချိန်တွေမှာ ဘာမှပြောလေ့မရှိပေမဲ့ အခုသူတို့စိုးရိမ်မှုကို ကျနော် အသိအမှတ်ပြုရမယ်။ ဒါကြောင့် ကျနော်ကမသွားတော့ဘူးပြောတော့ ဆရာကြီးက မရဘူး။ ''လမ်းထဲက လက်ဖက်ရည်ဆိုင်လေး သွားထိုင်မယ်''တဲ့။ ဒါနဲ့ သူနဲ့ကျနော် ထိုင်ဖြစ်သွားတယ်။ ဆရာကြီးအတွက် မြန်မာပြည်ရဲ့နောက်ဆုံး လက်ဖက်ရည်ဆိုင်ထိုင်ခြင်း ဖြစ်ပါလိမ့်မယ်။ အဲဒီညက ဆရာကြီးက သူ့အိမ်မှာအိပ်ဖို့ ကျနော့်ကို ပြောသေးတယ်။ ကျနော် ငြင်းလိုက်တယ်။ သူ သမီးတွေနဲ့ လွတ်လွတ်လပ်လပ် နှုတ်ဆက်ကြပါစေ။ လူစိမ်းတစ်ယောက်ရှိနေရင် သူတို့ရဲ့လွတ်လပ်မှုကို အနည်းအများ ထိခိုက်နိုင်တယ်လေ။ အဲဒီနေ့ညက ဆရာကြီးအိမ်က ကျနော်ပြန်ထွက်တော့ ည (၉)နာရီကျော်နေပါပြီ။

နောက်တစ်နေ့ ဆရာကြီး ဘန်ကောက်လေဆိပ်ကို ချောချောမောမောရောက်သွားတယ်။ နောက် တစ်ပတ်လောက်နေတော့ ကျနော်လည်း ဒုတိယအကြိမ်ထောင်နန်းစံရတာ ခုထိစံနေရတုန်းပါပဲ။

ခုတော့ ဆရာကြီးဆုံးပြီ။ ကိုယ့်တိုင်းပြည်ရှိနေရက်နဲ့ ကိုယ့်ပြည်ကိုယ့်ရွာကို ချစ်လျက်နဲ့ သူတပါး တိုင်းပြည်မှာ ဆုံးပါးရတာ ကျနော်ဘယ်လိုဖြေရမလဲ ဆရာကြီး။ ဆရာကြီး ရုပ်အလောင်း ရှိတဲ့ L.A မှာ နှင်းတွေကျနေလား။ ကျနော်မသိဘူး။ မြန်မာပြည် သာယာဝတီမှာတော့ နှင်းတွေတအား ကျနေတယ်။ ခါတိုင်းနှစ်တွေထက် အအေးပိုလွန်းတဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အအေးကလည်း တာရှည်နေသေးတယ်။ ကျနော့်ရင်ထဲမှာ မီးဟုန်းဟုန်းတောက်နေလေရဲ့။ ဟိုးလွန်ခဲ့တဲ့ (၁၅)နှစ် က ခုလို ဇန်နဝါရီ နှင်းတွေဝေနေတဲ့ မနက်ခင်းလေးမှာ ဆရာကြီးရယ်၊ ကျနော်ရယ်၊ သက်ဝင်းအောင်ရယ် (၃)ယောက်လေ။ ခုတော့ ကျနော်တစ်ယောက်တည်း ကျန်ပါတော့လား။ ၂ဝဝ၆၊ အောက်တိုဘာ ၁၆ရက်နေ့မှာ သက်ဝင်းအောင်ဆုံးတယ်။ နောက် (၃)လအကြာမှာ ဆရာကြီးဆုံးပြန်တယ်။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ပိုကြေကွဲဖို့ကောင်းတာက ဒီနှစ်ယောက်လုံးရဲ့ ဈာပနအခမ်းအနားကို ကျနော်တက်ရောက်ခွင့် မရဘူးလေ။ အုတ်ရိုး၊ သံတိုင်၊ သော့ခလောက်တွေက မိစ္ဆာတွေအလိုကျ ကျနော့်ကို တားဆီးထားကြတယ်လေ။ 8’ 10’ အခန်း ကျဉ်းလေးထဲမှာ ကျနော်တယောက်ထဲ စိတ်နဲ့ ဦးညွတ်အလေးပြုနေရတယ်လေ။

တိုက်ဆိုင်လွန်းတယ်ပဲ ပြောရမလား။ သက်ဝင်းအောင်ဆုံးတော့ ၈၈မျိုးဆက်သစ် ကျောင်းသား တွေရဲ့ ''အဖြူရောင်ဖော်ပြချက်'' လှုပ်ရှားမှုကာလ။ လူတိုင်းအဖြူရောင်ဝတ်ပြီး ဆန္ဒထုတ်ဖော် ပြနေချိန်မှာ သက်ဝင်းအောင်က သူ့ရဲ့ခန္ဓာကိုယ်ကို မီးသင်္ဂြိုလ်စက်ထဲထည့်၊ ပြန်ထွက်ကျလာတဲ့ အဖြူရောင်ပြာမှုန့်တွေနဲ့ အမြင့်ဆုံးဆန္ဒထုတ်ဖော်ပြလိုက်တယ်လေ။ ''အခု ဆရာကြီးဆုံးတဲ့အချိန် မှာလည်း (၈၈) မျိုးဆက်တွေရဲ့ ''ရင်ဖွင့်လွှာ'' လှုပ်ရှားမှုကာလ။ လူတိုင်းလူတိုင်း သူတို့ခံစားနေရ တဲ့ ဒုက္ခတွေ၊ မတရားမှုတွေကို ဖွင့်ဟထုတ်ဖော် စာရေးသားနေချိန်မှာ ဆရာကြီးက ''ငါသိပ်ချစ် တဲ့ ငါ့တိုင်းပြည်ကို ငါပြန်ချင်တာ ငါ့ကို ပြန်ခွင့်မပြုဘဲ မတရားပိတ်ပင်တားဆီးထားကြတယ်ဟေ့'' ဆိုပြီး လူသိရှင်ကြားဖြစ်အောင် အကောင်းပကတိကနေ ဘုန်းကနဲလဲသေပြလိုက်ပါရောလား။ ဒါ ဟာ ''အမြင့်ဆုံး ရင်ဖွင့်လွှာ'' ရေးပြလိုက်တာများလား..။

သက်ဝင်းအောင်ရော ဆရာကြီးပါ (၂) ယောက်လုံး ဘုန်းခနဲလဲကျ၊ နှလုံးရပ်ပြီး သေသွားကြပုံ တူနေတာ တမင်တကာ တိုက်ဆိုင်မှု တွေများလား။ သက်ဝင်းအောင်က သူ့မိသားစုနဲ့ဝေးရာ နံရံလေးဘက်ကြား တစ်ယောက်ထဲ ရေကန်အသွား ဘုန်းခနဲလဲကျ နှလုံးရပ်သွားတယ်။ ဆရာကြီးက သူ့မိသားစုနဲ့ရော သူချစ်တဲ့ တိုင်းပြည်နဲ့ဝေးရာ တိုင်းတပါးမှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဘုန်းကနဲ လဲကျ နှလုံးရပ်သွားတယ်။ သက်ဝင်းအောင်အရိုးအိုးကို သူ့ဇာတိရန်ကုန်မှာ ပြန်သင်္ဂြိုလ်ချင်တာ ခွင့်မပြုဘူးတဲ့လေ။ ဆရာကြီးရဲ့အရိုးအိုးကို သူ့ဇာတိမြန်မာပြည်ကို ပြန်သယ်ချင်တာ သယ်ခွင့်မရဘူးဆိုပါလား။ ကျနော် ဘယ်လိုဖြေရမလဲ ဆရာကြီး။ ကျနော်ကိုယ်တိုင် အုတ်ရိုး၊ သံတိုင်၊ နံရံလေးဘက်ကြားမှာ ဒီ ကြေ ကွဲဖွယ်ရာဖြစ်ရပ်တွေကို ရင်နဲ့မဆန့်အောင် ခံစားနေရတယ်လေ။

သူတို့ သိပ်ရက်စက်ကြပါလား..အဟုတ်ပဲ သူတို့ သိပ်ကို ရက်စက်လွန်းတယ် ဆရာကြီးရေ..။ ဆရာကြီး အရိုးပြာအိုးကို မြန်မာပြည် သယ်ခွင့်မပေးတာ ထားပါဦး။ ဆရာကြီး နာရေးကြော်ငြာ ကိုတောင် ထည့်ခွင့်မပြုကြဘူးတဲ့။ လူကြားလို့မှ ကောင်းကြသေးရဲ့လား။ ဒါ မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်တဲ့လား။ ယဉ်ကျေးပါတဲ့ မြန်မာလူမျိုးတွေ ကမ္ဘာ့အလယ်မှာ ဘယ်လိုမျက်နှာပြဝံ့ကြ တော့မှာလဲ။ ဆရာကြီးရေ သူတို့ ဆရာကြီးကို အူလှိုက်သည်းလှိုက်မုန်းနေကြပါရောလား။ သူရဲ၊ တစ္ဆေတွေ 'ဂုဏ်တော်' မြင်ရင် ထွန့်ထွန့်လူးကြောက်ကြသလို သူတို့ ဆရာကြီးရဲ့ဝိညာဉ်ကို ကြောက်နေကြပြီလေ။ ဒါကြောင့် ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဝိညာဉ် ပြည်တော်ဝင်ခွင့်ကို မပေးရဲ ကြတော့တာလေ။ ဆရာကြီး ရေးခဲ့ဖူးသားပဲ။ ဗုဒ္ဓဆင်းတုကို သံကြိုးနဲ့တုပ် ချုပ်နှောင်ထားမဲ့ ဗိုလ် ချုပ်တွေဆိုတာလေ။ ဆရာကြီး မလွန်ဘူး။ သူတို့ မြင်မြင်ကရာ သံကြိုးနဲ့တုပ်၊ ချုပ်နှောင်ချင်နေ ကြတာ ဘုရားတောင် ချမ်းသာမပေးကြတော့ဘူးလေ။

ဆရာကြီး ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာဦးမြသန်း ဈာပနမှာ ဆရာကြီး ပြောခဲ့ဖူးတယ်လေ။ ''လူဟာ အသေကောင်းဖို့လိုတယ်။ အနေကောင်းမှ အသေကောင်းမယ်''ဆိုတာလေ။ ဆရာကြီး ရော၊ သက်ဝင်းအောင်ရော အနေကောင်းခဲ့ကြတယ်ဆိုတာ ကျနော် အပြည့်အဝ လက်ခံတယ်။ ဒါပေမဲ့ အသေကော ကောင်းကြရဲ့လား။ ဆရာကြီးက အနေကောင်းရင် အသေကောင်းမယ်လို့ မြင်တယ်နော်။ ကျနော်ကတော့ အသေကောင်းဖို့အတွက် အနေကောင်းရုံသက်သက်နဲ့ မလုံ လောက်ဘူးလို့ ယုံနေတယ်။ အသေလည်း ဖြောင့်ဖို့လိုတယ် မဟုတ်လား။ အသေဖြောင့်မှ အသေ ကောင်းမယ်လေ။ အနေလည်းကောင်း၊ အသေလည်းဖြောင့်မှ အသေလည်း ကောင်းတယ်လို့ ပြောလို့ရမယ်လေ။

ဒါဆို ဆရာကြီး အသေဖြောင့်ခဲ့ရဲ့လား။ အနေကောင်းခဲ့ပေမဲ့ အသေမဖြောင့် ခဲ့ဘူးမဟုတ်လား။ မသေခင်မှာ ဆရာကြီးသိပ်ချစ်တဲ့ တိုင်းပြည်ကို ပြန်ချင်တဲ့ အိမ်လွမ်းစိတ် ဝေဒနာအကြီးအကျယ် ခံစားခဲ့ရတယ် မဟုတ်လား။ အိမ်ပြန်ချင်တဲ့ဆန္ဒမပြည့်ဘဲ သေသွားခဲ့ရတာ မဟုတ်လား။ ဆရာကြီးသိပ်ချစ်တဲ့တိုင်းပြည်လည်း အမှောင်လွှမ်းနေဆဲမဟုတ်လား။ ဒီမိုကရေစီမရှိ၊ လူ့အခွင့်အရေးမရှိ၊ ဆင်းရဲခြင်းနဲ့ မတရားမှုတွေကြားမှာ ဆရာကြီး ချစ်တဲ့ပြည်သူတွေ မချိမဆန့်ခံစားနေရဆဲဆိုတာ ဆရာကြီးအသိပဲ မဟုတ်လား။ ဒီဝေဒနာတွေက လွတ်မြောက် စေချင်လွန်းလို့ ဆရာကြီးပဲ တဖွဖွပြောနေခဲ့တာ မဟုတ်လား။ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ခွင့်မရဘဲ သေခဲ့ရတဲ့ဆရာကြီး၊ ကိုယ့်တိုင်းပြည်ကို လွတ်လပ်တဲ့၊ တရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် မျက်ဝါးထင်ထင် မမြင်လိုက်ရဘဲ သေခဲ့ရတဲ့ဆရာကြီး အသေမဖြောင့်ခဲ့ဘူး မဟုတ်လား။ ဟုတ်တယ်။ ဆရာကြီး အသေမဖြောင့်ခဲ့တာ သေချာတယ်။

ဆရာကြီး ..ကျနော် ဘယ်လိုဖြေရမလဲ။ ဆရာကြီးနဲ့တွေ့ရင် ပြောဖို့ ရင်ဘတ်ထဲ ထည့်သိမ်းထား ခဲ့တဲ့စကားတွေ အခု ကျနော်ဘယ်သူ့ကို သွားပြောရတော့မှာလဲ။ ကျနော့်ရင်ထဲက စကားတွေ ဆရာကြီး မကြားနိုင်တော့ဘူးလား။ ဆရာကြီး ကျနော့်ကို ကဗျာခံစားဖတ်ရှုစေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော်ကဗျာကို တရှိုက်မက်မက် ခံစားတတ်နေပြီ။ ကဗျာကို ကိုယ်တိုင်ဖန်တီးနေပြီ။ ကဗျာနဲ့ ကျနော့်နှလုံးသားကို နူးညံ့အောင် မွမ်းမံနေပြီလေ။ ဆရာကြီး ကျနော့်ကို ဘာသာတရား နဲ့ ယဉ်ကျေးတဲ့လူသားတစ်ယောက် ဖြစ်စေချင်ခဲ့တာ မဟုတ်လား။ အခု ကျနော် ဘာသာတရား ကို သက်ဝင်ယုံကြည်သူတစ်ယောက် ဖြစ်နေရုံတင်မက ဘာဝနာပါ ကျင့်ကြံနေပြီလေ။ ဒါတွေ ဆရာကြီး သိမသွားရဘူး။ ဒီအကြောင်းတွေ ကျနော် ဆရာကြီးကို မပြောလိုက်ရသေးဘူး။

ဆရာကြီး .. ကျနော် ဘယ်လိုဖြေရမလဲ။ ကျနော် ဆရာကြီးကို ကတိပေးမယ်။ ဆရာကြီး သိပ် ချစ်တဲ့ တိုင်းပြည်အတွက်၊ ဆရာကြီး သိပ်တန်ဖိုးထား မြတ်နိုးတဲ့ ပညာရေးလုပ်ငန်းတွေအတွက် ဘဝတစ်ခုလုံးနှစ်ပြီး အစွမ်းကုန်လုပ်သွားဖို့ ကတိပေးတယ်။ ဆရာကြီး .. ကျနော့်အသံကြားရလား။ ကျနော် ကတိပေးတာ ကြားရရဲ့လား။ ကျနော်ကတိပေးတယ်။ ကျနော့်အသက်နဲ့ ထပ်ပြီး ပေးတဲ့ကတိပါ ဆရာကြီး။ သူများတိုင်းပြည်မှာ နေနေရတဲ့ ဆရာကြီးရဲ့အရိုးပြာအိုးကို ကိုယ့်ပြည် ကိုယ့်ရွာကို မရောက်ရောက်အောင် ကျနော်ပြန်သယ်မယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ကျနော် ပြန်သယ်မယ်။ ဆရာကြီးလို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်ကြီးရဲ့အုတ်ဂူဟာ မြန်မာပြည်မှာ အထင်ကရ ရှိနေရမယ်လေ။ ကျနော် သစ္စာပြုတယ်။

ဆရာကြီးရဲ့ အရိုးပြာအိုး မြန်မာပြည် ပြန် မရောက်မချင်း ကျနော် မသေသေးဘူး။ ဆရာကြီး ကျနော် ကတိပေးပြီလေ။ ''မင်းက ကတိပေး ပြီးရင် မဖြစ်ဖြစ်အောင် လုပ်တတ်တယ်ဆိုတာ ငါယုံတယ်'' လို့ ဆရာကြီး ပြောခဲ့ဖူးတယ် မဟုတ်လား။ ယုံတော့ဆရာကြီး။ အခု ကျနော်ကတိပေးပြီ။ အသက်နဲ့ထပ်ပြီး ပေးတဲ့ကတိလေ။ သစ္စာပြုပြီးပေးတဲ့ကတိလေ။ ဆရာကြီး ကျနော့်အသံ ကြားရရဲ့လား။ ကျနော် ကတိပေးတာ ကြားရရဲ့ လား။ ကျနော့်ရင်ထဲကို အလိုအလျောက် ထိုးဖောက်သိနိုင်စွမ်းတဲ့ ဆရာကြီး၊ အခု ကျနော့် ရင်ထဲ သိမ်းထားတဲ့စကားတွေ မြင်ရရဲ့လား။

ကျနော် တက်ခွင့်မရတဲ့ ဆရာကြီးရဲ့ဈာပန အခမ်းအနားမှာ ဆရာအောင်ဝေးက ''ဆရာ ကွယ်လွန်သွားပါပြီ။ ဒါပေမဲ့ ဆရာမသေဘူးတဲ့။ ဆရာ သက်တော် ရာကျော်ရှည်ပါစေ''တဲ့။ ဟုတ် တယ်။ ဆရာအောင်ဝေးပြောတာ ကျနော်အပြည့်အဝ သဘောတူတယ်။ ဆရာကြီး မသေဘူး။ ဘယ်တော့မှ ဆရာကြီး မသေဘူး။ ဆရာကြီးကိုယ်တိုင် ရေးခဲ့ဖူးတာပဲ။ ''အာဇာနည်မျိုး၊ သေရိုး မရှိ၊ အာဇာနည်တိုင်း၊ သမိုင်းမသေ'' ဆိုတာလေ။ ဆရာကြီးက ကျနော့် အာဇာနည်ပဲ။ မြန်မာ ပြည်ရဲ့ အာဇာနည်ပဲ။ အာဇာနည်ဆရာကြီး သေရိုးထုံးစံမရှိဘူး။ မြန်မာရာဇဝင်မှာ ဆရာကြီး သမိုင်းတွင်ရစ်နေဦးမယ်။ ဆရာကြီး ထာဝရ ငြိမ်းချမ်းပါစေ ...


ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး{၄}

၁၉၉၈ သင်္ကြန်အပြီးလောက်မှာ ဆရာကြီးရဲ့ရပ်ဆွေရပ်မျိုးတစ်ယောက်ရဲ့သမီး မင်္ဂလာဆောင်ရှိလို့ သူမြင်းခြံသွားရမယ့်အကြောင်းပေါ်လာတယ်။ ဆရာကြီးညီမ အန်တီစန်းလည်း ရန်ကုန်ရောက်နေပြီး သူနဲ့အတူ မြင်းခြံပြန်မယ်။ ကျနော့်ကိုသူနဲ့လိုက်ဖို့ ဆရာကြီးက အတင်းခေါ်တယ်။ ဆရာကြီးရဲ့သမီးတွေကလည်း သူတို့အဖေနဲ့အဒေါ် လူငယ်အဖော်မပါဘဲ ခရီးသွားရမှာပူနေတာနဲ့ ကျနော်လိုက်သွားနိုင်ရင် သိပ်ကောင်းမယ်လို့ ပြောကြတယ်။ ကျနော်ကလည်း မြင်းခြံထောင်က ထွက်လာတော့ အထဲကရဲဘော်တွေကို စားစရာပေးချင်တာနဲ့အကြောင်းဆုံပြီး လိုက်သွားဖြစ်ရော ဆိုပါတော့။ ကျနော်တို့ကို ဆရာကြီးသမီးတွေက အဝေးပြေးဂိတ်အထိ လိုက်ပို့ကြတယ်။ မမိုးအေးရဲ့သမီးလေးက သူ့အဖိုးနဲ့လိုက်မယ်ချည်းတကဲကဲ ။ ဒီကလေးလေးက ဆရာကြီးနဲ့ အတော့်ကိုချွတ်စွတ်တူတာ။ ရဲလိုက်တာမှ လွန်ရော။ ဘာကိုမှမကြောက်တတ်ဘူး။ ကျနော့်ကိုလည်း မြင်ရဖန်များလာတော့ မှတ်မိနေပြီ။ ဦး.. ဦးဆိုပြီး လက်ကမ်းပေးတတ်တယ်။ ကျနော်ကလည်း သူ့အတွက် ကစားစရာလေးတွေ ယူသွားပေးတတ်တာကိုး။


အဲဒီ့မြင်းခြံခရီးကတော့ ဆရာကြီးနဲ့ကျနော်နဲ့တကယ့်အမှတ်တရလေးပဲ။ ဆရာကြီးနဲ့ကျနော် ပထမဦးဆုံးနဲ့ နောက်ဆုံးခရီးရှည်ထွက်ခြင်းပါဘဲ ။ ဆရာကြီးအတွက်ကတော့ သူ့ဇာတိမြေကို ပြန်ခဲ့တဲ့ နောက်ဆုံးခရီးရှည်ထွက်ခြင်းပါဘဲ ။ ဆရာကြီးအတွက်တော့ သူ့ဇာတိမြေကို ပြန်ခဲ့တဲ့နောက်ဆုံးခရီး ဖြစ်မယ်ဆိုတာ အဲဒီ့တုန်းကမသိခဲ့ကြဘူးလေ။ ကားစစထွက်ချင်း စကားတွေပြောလိုက်တာ တောက်လျှောက်ဘဲ ။ တစ်မှေးလောက်ဘဲ မှေးခဲ့ရတယ်။ ဆရာကြီးကတော့ စကားတွေလည်းပြော ၊ ကားတစ်ခါရပ်ရင် ဒေသစာတစ်ခုမဟုတ် တစ်ခုဝယ်စားတယ်။ တစ်လမ်းလုံးပဲ။

သူ့ဇာတိမြေပြန်ရမှာဆိုတော့ သူ့ပုံစံက တက်ကြွလန်းဆန်း မြူးတူးနေတယ်။ တကယ့်ပီဘိ ကလေးလေးတစ်ယောက်လိုဘဲ ။ သူ့ဇာတိမြေအကြောင်း ၊ သူ့ငယ်ဘဝ နေပုံထိုင်ပုံအကြောင်းတွေ ၊ ငယ်သူငယ်ချင်းတွေအကြောင်းအစုံပဲ ဖောင်နေအောင် ပြောပြတာ။ အခုကျနော်တို့စီးနေတဲ့ကားက သူ့အဆက်ဟောင်းပိုင်တဲ့ကားလိုင်း လို့ ရှက်အမ်းအမ်းနဲ့ ပြောပြသေးတယ်။ ကားပေါ်မှာ '' ရွှေသုန္ဒရီ '' သီချင်းဖွင့်တော့ သူ့ရွာသား 'ပန်းရည်ဘဏ်တိုက်' သီချင်းရေးဖွဲ့သူ အကြောင်း ပြန်ပြောပြပါတယ်။ အဲဒီ့ပုဂ္ဂိုလ်ရဲ့အနုပညာဗီဇနဲ့ သူ့အစ်မကြီးအကြောင်း သူဆုံးတော့ သူ့အစ်မကြီးက ကျန်ခဲ့တဲ့ အနုပညာအစအနအားလုံးကို မီးရှို့လိုက်လို့ နှမြောတသ ဖြစ်ရတဲ့အကြောင်း ဆွေးဆွေးမြေ့မြေ့ပြောပြပါတယ်။ ကျနော်သိသမျှ ဆရာကြီး ရွှင်လန်းအတက်ကြွဆုံးအချိန်ဟာ အဲဒီ့ခရီးစဉ်ဘဲဖြစ်မယ်ထင်ပါတယ်။

နောက်တစ်နေ့မနက်စောစောမြင်းခြံရောက်တော့ မင်္ဂလာပွဲကျင်းပတဲ့အိမ်မှာဘဲ ကျနော်တို့ တည်းရတယ်။ တောဓလေ့မင်္ဂလာပွဲဆိုတော့ ရွာနီးဝန်းကျင်က ဆွေမျိုးသားချင်းတွေ မင်္ဂလာပွဲမစခင် တစ်ပတ်လောက်ထဲက ကြိုရောက်နေကြတာ တစ်အိမ်လုံး ဧည့်သည်တွေချည်း တရုံးရုံးနဲ့ ။ ဆရာကြီးကို ဝိုင်းနှုတ်ဆက်ကြတဲ့အထဲမှာ သူ့သူငယ်ချင်းအဖိုးကြီးတစ်ချို့လည်းပါတယ်။ ' ဟေ့ . . ဘဂျမ်း.. ဟေ့ဘယ်သူ.. မင်း.. ငါ ' နဲ့ ပြောနေလိုက်ကြတာ။ ရယ်လိုက်မောလိုက်နဲ့ တစ်ကယ့်လူပျိုပေါက်စနလေးတွေအတိုင်းပါဘဲ ။ ဘေးကကျနော်တို့ကိုတောင် အမှတ်မရကြတော့ဘူးနဲ့ တူပါတယ်။

မင်္ဂလာပွဲက နောက် ( ၁ ) ရက်ကျော်မှ ကျင်းပတယ်။ အဲဒီ့အိမ်နဲ့မနီးမဝေး ဧည့်ခန်းမမှာပါ။ မြင်းခြံမြို့ရဲ့အကောင်းဆုံးခန်းမလို့ ဆိုတာပါဘဲ။ ဆရာကြီးနဲ့ကျနော့်ကိုရှေ့ဆုံးက လူကြီးတွေ အတွက် သီးသန့်ထားတဲ့ခုံတွေမှာ နေရာချပေးတယ်။ အဖိုးကြီးတွေကြားနေရတာဆိုတော့ ကျနော့်မှာ မလွတ်မလပ်နဲ့ မအီမသာကြီးကိုဖြစ်လို့ ။ မင်္ဂလာပွဲအစီအစဉ်စတော့ ဆရာကြီးက သူ့ရဲ့အချစ် ကဗျာတစ်ပုဒ်စင်မြင့်တက်ပြီး ကိုယ်တိုင်ရွတ်တယ်။ '' အချစ်ဆိုတဲ့'ချောက်'.. လက်တွဲကာအတူလျှောက်တော့..'' ဆိုတဲ့ ကဗျာလေးပါ။ မင်္ဂလာပွဲပြီးတော့ ကျနော်တို့ နောက်ထပ်
( ၃ ) ရက်လောက် နေကြသေးတယ်။ မြင်းခြံထောင်ထဲရဲဘော်တွေအတွက် အစားအသောက်တွေ သွားပို့ဖြစ်တယ်။ ဆရာကြီးနဲ့ သူ့မိတ်ဆွေတွေက ဝိုင်းပေးကြဆိုတော့ ပစ္စည်းတွေအများကြီးဘဲ ။ မြင်းခြံသပိတ်ကိစ္စနဲ့ထောင်ကျနေတဲ့ရဲဘော်ကြီးကိုသန်းဌေးအိမ်လည်း ရောက်ခဲ့သေးတယ်။ သူ့ကိုထောင်ဝင်စာသွားတွေ့သေးပေမယ့် ဝန်ထမ်းတွေ ကျနော့်ကိုမှတ်မိသွားလို့ မတွေ့ရဘဲ ပြန်ခဲ့ရတယ်။

စွန်းလွန်းဆရာတော်ကြီး ရုပ်ကလာပ်ကိုသွားဖူးဖို့ ဆရာကြီးကခေါ်သွားတယ်။ ဟိုရောက်တော့ ဆရာကြီးနဲ့သူ့မိတ်ဆွေက ရုပ်ကလာပ်ကိုဝပ်ချကန်တော့နေတော့ ကျနော်တစ်ယောက်တည်း မိုးတိုးမတ်တပ်ကြီး ဖြစ်နေတာ။ ဆရာကြီးက ကျနော့်လက်ဆွဲပြီး အတင်းဝပ်ချကန်တော့ဖို့ မျက်ရိပ်မျက်ကဲပြ ၊ ပါးစပ်ကလည်း လေသံလေးနဲ့ '' ကန်တော့.. ဦးချ '' လို့ ပြောသေးတာ။ ကျနော်ကပေရပ်နေတော့ သူ ကျနော့်နားနားကပ်ပြီး ဒီဆရာတော်ကြီးကို ဖူးရခဲတယ်၊ ဖူးထား ..တဲ့။

တစ်ညနေတော့ ဆရာကြီးက မြို့ပြင်ထန်းတောသွားဖို့ ကျနော့်ကိုခေါ်သွားတယ်။ သူ့မိတ်ဆွေလူကြီး ( ၂ ) ယောက်နဲ့ လူလတ်ပိုင်းကျောင်းဆရာဟောင်း တယောက်လည်း ပါတယ်။ ဆရာကြီးက '' ငါ.. သောက်ကျင့် မရှိတော့ မူးရင်နည်းနည်းပါးပါး ငါ့ထိန်းဦး ။ ငါ့အနားမှာနေ။ လိုရင်မင်းကိုတွဲလျှောက်လို့ရတာပေါ့ '' လို့ ကျနော့်ကိုကြိုပြောထားပါတယ်။ ထန်းတောရောက်တော့ တဲလေးတစ်လုံး ရှေ့အပင်အောက်မှာ သစ်သားကွပ်ပျစ်လေးတစ်ခု ၊ ဘာခွက် ဘာပုလင်းမှ မရှိဘူး ။ တခြားလည်း ဘယ်သူမှမရှိဘူး။ ခဏနေတော့ ထန်းရည်အပြည့်ဖြည့်ထားတဲ့ မြေအိုးလေးတစ်လုံး လာချပေးတယ်။ လက်ကိုင်တပ်ထားတဲ့ အုန်းမှုတ်တစ်လုံးပါ လာချပေးတယ်။ ကျနော်အတော်အံ့သြနေတာ။ လူက ( ၅ ) ယောက် ၊ အိုးတစ်လုံး ၊ ခွက်တစ်ခွက်တည်း ၊ ဘယ်လိုသောက်ကြမလဲပေါ့။ အမြည်းဆိုလို့ ပဲလှော်နဲ့မြေပဲလှော် ( ၂ ) မျိုးတည်း ။ ကျောင်းဆရာယူလာတဲ့ အမဲကြော်လေးပါလာလို့ တော်သေးတယ်။

အဲဒီ့တုန်းက ဆရာကြီးက သူ့သွားတွေ ပြန်စိုက်ပြီးပြီဆိုတော့ ပဲလှော်လည်း ဝါးလို့ရနေပြီ။ (ကြုံတုန်းပြောရဦးမယ်။ ကျနော် ထောင်က လွတ်ခါစက ဆရာကြီးကို ကြည့်ပြီး အံ့သြရသေးတယ်။ ကြည့်ဦးလေ ။ သွားတွေ အကုန်ပြန်စိုက်ထားတယ်။ စပို့ရှပ်နဲ့ ။ ခေါင်းလည်း ဆေးဆိုးထားတော့ နက်လို့ ။ သူ့သမီးတွေ သူ့ကို အပြတ်ရှိုင်းပေးထားတာ။ ကျနော်က '' ဆရာကြီးက ဒီလိုဆိုတော့ တော်တော်ကြည့်ကောင်းတာဘဲ ၊ နုဖတ်လို့ '' ဆိုတော့ သူက '' မင်းပြောသလိုဆို ခုမှ ကြည့်ကောင်းတယ်ဆိုတော့ အရင်က တော်တော်ကြည့်ရဆိုးတဲ့သဘောဖြစ်နေပြီ '' လို့ ရယ်ရယ်မောမော ပြန်ပြောတယ် ) ဒီလိုနဲ့ ကျနော်တို့ ထန်းရည်သောက်ကြတယ်ဆိုပါတော့။ သူတို့ ထန်းရည်သောက်တဲ့ဓလေ့က တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ဝိုင်းပတ်သောက်ကြတာ။ သူ့ခွက်ကိုယ့်ခွက် သပ်သပ်စီသောက်ကြတာမဟုတ်ဘူး ။

သောက်ရင်းနဲ့ ( ၂ ) အိုးကုန်ပြီ နောက်( ၁ ) အိုး ထပ်သောက်ကြတယ်။ ကျနော်က တော်ပြီ။ ကျနော့်ကိုအလှည့်ကျော်လိုက်ဖို့ ပြောတာ မရဖူးတဲ့။ တစ်ယောက်တော်ရင် တစ်ဝိုင်းလုံးတော် ရတာ။ ကျော်လို့မရဘူးတဲ့လေ။ ဒါနဲ့တစ်အိုးကုန် ဆက်သောက်လိုက်ရတယ်။ သောက်လို့ပြီးလို့ ပြန်ဖို့ထကြတော့ ဆရာကြီးက ကျနော့်အနားကပ်ပြီး '' ငါနည်းနည်းထိတယ်ကွ '' ဆိုပြီး ကျနော့်ပုခုံးကိုကိုင်ပြီး ကားရပ်ထားတဲ့ဆီ လျှောက်လာကြတယ်။ မေလနေပူရှိန်ကလည်း ပြင်း၊ ကျနော်က သောက်လေ့သောက်ထလည်း သိပ်မရှိတော့ လူကမဟန်ဘူးးဖြစ်နေတယ်။ ယိုင်တိုင်တိုင်ဖြစ်နေတာ ကိုယ့်ကိုယ်ကိုလည်း မနည်းမတ်ထားရတယ်။ ကားနားရောက်တော့ ကျနော်က မဟန်တော့ဘူး။ ထိန်းထားရင်းနဲ့ကို လဲကျသွားပါရော။ ဆရာကြီးက ကျနော့်ကို ပြန်ထူနေရတယ်။ သူကထိတယ်သာဆိုတယ် အေးအေးဆေးဆေးလမ်းလျှောက်လို့ရသေးတယ်။ ကားပေါ်ရောက်တော့ ကျနော်မနေနိုင်ဘူး။ အန်ချင်နေတာ။ မနည်းထိန်းထားရတယ်။

တည်းတဲ့အိမ်ရောက်လို့ ကားပေါ်ကဆင်း အိမ်ထဲဝင်ရုံရှိသေးတယ်။ ကျနော်ထိုးအန်ပါလေရော။ ဧည့်သည်တွေအများကြီး ကျနော့်ကို ဝိုင်းကြည့်နေကြတာ။ အိမ်ထဲက လူငယ် ( ၂ ) ယောက်ထွက်လာပြီးကျနော့်ကိုလာတွဲခေါ်ကြတယ်။ ရေချိုးခန်းရောက်တော့ အားရအောင် အန်လိုက်မှ နည်းနည်းသက်သာသွားသလို ရှိလာတယ်။ ဆရာကြီးက ရေချိုးခန်းထဲထိ လိုက်လာပြီး ချက်ချင်းရေမချိုးဖို့ လာသတိပေးတယ်။ အဲဒီ့ညနေက ကျနော်ထမင်းလည်း မစားနိုင်တော့ဘူး။ တစ်ညလုံးလည်း အိပ်လို့မရဘူး။ ရင်ပူလို့ထလိုက် ရေသောက်လိုက်နဲ့ မိုးကို စင်စင်လင်းရော။

ဘေးနားက ဆရာကြီးကတော့ ထုံးစံအတိုင်း တခေါခေါနဲ့ ဟောက်တောင် နေလိုက်သေးတယ်။ မိုးလင်းလို့ ရေချိုးကော်ဖီကြမ်းသောက် ၊ မုန့်စားပြီးမှ နေလို့ သက်သာလာတယ်။ မနေ့ကတော့ မူးနေလို့ ရှက်ရကောင်းမှန်းမသိတာ။ ဒီမနက်တော့ ရှက်လွန်းလို့ လူရှေ့တောင် မျက်နှာမပြရဲတော့ဘူး။ အိမ်ရှင်တွေကတော့ ရယ်ရယ်မောမောပါဘဲ ။ '' ရန်ကုန်သားသာဆိုတယ် ၊ ထန်းရည်လေးနည်းနည်းသောက်တာ ခေါင်းကိုမထောင်နိုင်တော့ .. အံ့ပါရဲ့ '' တဲ့ ။ ဆရာကြီးကတော့ ထုံးစံအတိုင်း '' ခွေးကောင်.. ငါမင်းကိုပြန်တွဲနေရတယ်၊ ပြောင်းပြန်ဖြစ်နေပြီ '' ဆိုပြီး ကျနော့်ခေါင်းကို ထုပါလေရော။ ခုနေပြန်တွေးကြည့်တော့ မနေ့တစ်နေ့တုန်းကလိုဘဲ ဆရာကြီးမျက်နှာမြင်ယောင်လာပြီး လွမ်းလိုက်တာ။ ရင်ထဲ ဆို့တက်လာမိတယ်။

ရန်ကုန်ပြန်ရောက်ပြီး သိပ်မကြာလိုက်ဘူး။ ဆရာဦးမြသန်း ဆုံးတယ်။ ဆရာကြီးအိမ်မှာ ရှိ၊ မရှိ ဖုံးဆက်ပြီး ရှိတယ်ဆိုတော့ အိမ်ကို ကဗျာတောင်းဖို့ လူကိုယ်တိုင်သွား လိုက်တယ်။ ဟိုရောက်တော့ အကျိုးအကြောင်းပြောလိုက်တော့ ဆရာကြီးမျက်နှာမှိုင်းကျသွား တယ်။ ''ကိုမြသန်းက တော်တော်စိတ်နှလုံး နူးညံ့တဲ့သူပဲ။ ဆရာဆိုတဲ့ဂုဏ်နဲ့ ရာနှုန်းပြည့် ထိုက်တန်တဲ့သူ။ စေတနာနဲ့ စာသင်ဖို့ လောကမှာ လူအဖြစ်မွေးဖွားလာတဲ့လူပဲ။ သိပ်နှမြောဖို့ကောင်း တယ်'' ဆိုပြီး လေးလေးတွဲတွဲကြီး ပြောနေတော့တယ်။ ပြီးမှ ဒီည သူကဗျာရေးမယ်ဆိုတဲ့ အကြောင်းနဲ့၊ မနက်ဖြန်မနက် ကျနော့်ဆီကမှတဆင့် ဆရာဦးမြသန်းအိမ်ကိုသွားကြဖို့ပြောတယ်။ နောက်တနေ့မနက် အစောကြီး သူ ကျနော့်ဆီရောက်ချလာပြီး ကျနော့်လက်ထဲကဗျာ (၂) ပုဒ် ထည့်ပေးတယ်။ တစ်ပုဒ်က ''မြတ်ဆရာ'' ဆိုလားပဲ။ ''အပြုံးတမြမြနဲ့ နှလုံးလှတဲ့တို့ရဲဘော်..'' ဆိုပြီး နုနုညက်ညက် သိမ်သိမ်မွေ့မွေ့လေး။ နောက်တစ်ပုဒ်ကတော့ စကားလုံးတွေက ခပ်မာမာ၊ ခပ်ပြင်းပြင်း။

ဟိုရောက်တော့ (၂) ပုဒ်လုံးကို white board မှာ ကူးရေးလိုက်တယ် ဆိုတော့ နာရေးလာမေးသူတိုင်း အလွယ်တကူ ဖတ်လို့ရသွားတာပေါ့။ ဈာပနအဖွဲ့လေးဖွဲ့ပြီး တာဝန်တွေခွဲတော့ ကျနော်လည်း တာဝန်ထည့်ခွဲထားတယ်။ ဒါကြောင့် မြေချတဲ့နေ့မှာ ဆရာကြီးက သူ့ကားနဲ့သွားဖို့ပြောပေမယ့် ကျနော်လိုက်လို့မရဘဲ လွမ်းသူ့ပန်းခွေကိစ္စ လုပ်နေရတယ်။ ကျနော့်တသက်တာမှာ အဲဒီလောက်စည်ကားပြီး လူများများစားစားလိုက်ပို့ကြတဲ့ ဈာပနအခမ်းအနားမျိုး တခါမှ မတွေ့ဖူးဘူး။ လမ်းတစ်ခုလုံးပြည့်နေတဲ့အပြင်၊ အပြင်ဘက် လမ်းမကြီးအထိ ကားတွေ၊ လူတွေ ပြွတ်ခဲနေတယ်။ ဆရာ့ကို ချစ်ခင်လေးစားသူတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ သူရဲ့နောက်ဆုံးခရီးမှာ အထင်းသားတွေ့နေရတယ်လေ။ ဆရာ က တာမွေ (၅) ကျောင်းမှာ အလုပ်လုပ်ဖူးတယ်။ အခုလည်း တောက်လျှောက်စာသင်နေတာ။ ဆရာဝန်က ကျန်းမာရေးအရ အနားယူဖို့၊ အထပ်မြင့်မတက်ဖို့ သတိပေးလျက်နဲ့ သူ့တပည့်တွေကိုငဲ့ပြီး အထပ်မြင့်တိုက်တွေ ပေါ်တက်ပြီး စာသွားပြတာ။ သင်ရင်းနဲ့ ဆေးရုံရောက်ပြီး ဆုံးသွားရတာ ဆိုတော့ ဆရာဟာ သေတဲ့အထိ စာသင်သွားသူလို့ ပြောရမှာပဲ။

တကယ်တော့ ဆရာ့ကို ကျနော်လူချင်းမကြုံဖူးပါဘူး။ ကျနော့်အမှုတွဲတွေဖြစ်တဲ့ သက်ဝင်းအောင် တို၊ ဇေယျာဝင်းတို့ပြောပြလို့ ဆရာ့အကြောင်းသိနေကြရတာ။ ကျနော်ထောင်ကလွတ်တော့ ဆရာ့ဆီမှာ အင်္ဂလိပ်စာသွားသင်ဖို့ ဆရာကြီးက တိုက်တွန်းခဲ့တယ်။ ကျနော်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆရာအိမ်မှာမရှိလို့ မဆုံလိုက်ရဘူး။ နောက်ပိုင်းလည်း ကျနော် မရောက်ဖြစ်တော့ပါဘူး။ အခု သူဆုံးမှရောက်ဖြစ်တာ။ ပြောရရင် ဆရာ့အကြောင်း နားနဲ့မဆံ့အောင် မွှေးမွှေးမြမြကြားခဲ့ရပေမဲ့ သက်ရှိထင်ရှား တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ ဆရာရဲ့စိတ်ကောင်းစေတနာကောင်းတွေကြောင့်ပဲ ဆရာ့ကို လာရောက် ဂါရဝပြုသူတွေ ဖွေးဖွေးလှုပ်နေကြတာလေ။ လူတွေကတအားများတော့ ထိမိခိုက်မိမှာစိုးလို့ ဆရာ့ရုပ်ကလာပ်ကို ကာထားတာပါ။ ကျနော့်ကို ကာဖို့တာဝန်ပေးထားတော့ ကြိုးဝိုင်းထဲဝင်ပြီး ဆရာ့ရုပ်ကလာပ် နားမှာစောင့်ကြည့်ပေး နေရတယ်။ ဆရာက သေတာနဲ့မတူဘူး။ အိပ်ပျော်နေသလိုပဲ။ မျက်နှာမှာ တင်းမာမှုအရှင်းမရှိဘူး။ ငြိမ်းချမ်းလို့။ ဆရာ့လက်ထဲ ဘောလ်ပင်လေးထည့်ပေးထားကြတယ်။

အပြန်လက်ဖက်ရည်ဆိုင်ထိုင်တော့ ဆရာကြီးပြောခဲ့တဲ့ စကားတွေ ကျနော့်နားထဲ အခုထိ ကြားယောင်နေသေးတယ်။ ''လူက အသေကောင်းဖို့လိုတယ်။ ဒါပေမဲ့ အနေကောင်းမှ အသေကောင်းမယ်။ ကိုမြသန်းဆို ဘဝတစ်လျှောက်လုံး ကောင်းတာ တွေပဲလုပ်ခဲ့တော့ အနေကောင်းခဲ့တယ်။ တကယ့်စေတနာဆရာ၊ မြတ်ဆရာ တစ်ယောက်ပဲ။ စာသင်တဲ့အလုပ်ကို မြတ်မြတ်နိုးနိုးလုပ်ခဲ့တဲ့သူ။ သူမြတ်နိုးတဲ့အလုပ်ကို သေတဲ့အထိလုပ်သွားတာ အားကျဖို့ကောင်းတယ်။ သေတော့လည်း ဘယ်သူ့ကိုမှ ဒုက္ခပေးမသွားဘူး။ အနေလည်းကောင်းခဲ့တယ်။ ဒါကြောင့် အသေလည်းကောင်းတာ..''

ဆရာဦးမြသန်း ရက်လည်ပြီးတော့ ကျနော် (၁ဝ)တန်းဖြေဖို့၊ ကျူရှင်တက်၊ ပြင်ဆင်တာတွေ လုပ် ရတော့တယ်။ ဆရာကြီးက သန်လျှင်က သူ့ခြံကြီးဆီသွားတိုင်း ကျနော့်ဆီဝင်လာတတ်တယ်။ တစ်နေ့ကျ အဲဒီခြံအသွား ကျနော့်ဆီဝင်လာတယ်။ ကျနော့် အိမ်မှာ ခဏနေပြီး ဖုံးဆက်သေးတယ်။ ပြီးမှ ထွက်သွားကြတာ။ နောက်တစ်နေ့ညနေကျတော့ ဖုံးနဲ့ နံရံကြားမှာ ပိုက်ဆံအိတ်တစ်လုံးတွေ့လို့ အံ့သြပြီး ဖွင့်ကြည့်လိုက်တော့ ဆရာကြီးအိတ်ဖြစ် နေတယ်။ ဒါနဲ့ ကျနော် ချက်ချင်းဖုန်းဆက်လိုက်တော့ မမိုးမိုးစံ ဖုံးလာကိုင်တယ်။ ည (၇)နာရီ လောက်ရှိမယ်။ ကျနော်က ဆရာကြီးပိုက်ဆံအိတ် ကျနော့်ဆီ ကျန်ခဲ့ကြောင်းပြောတော့ မစံက ရယ်နေတယ်။ ''ဟုတ်လား..ဖေဖေက သူခါးပိုက်နှိုက်ခံရတယ် ပြောနေတာ။ သူ့နှိုက်တဲ့ ခါးပိုက် နှိုက်တောင် သူမြင်ရင် မှတ်မိတယ်တဲ့။ သူ့ကို ဝင်တိုက်သွားပြီးမှ နှိုက်သွားတာလို့ အတိအကျ ပြောနေတာ'' လို့ ပြောပါတယ်။ ဒါနဲ့ ကျနော်က ''ဒါဆို မစံ သူ့ကို သွားခေါ်ပေး။ ဘာမှ သွား မ ပြောနဲ့ဦး။ ကျနော် စဦးမယ်'' လို့ပြောတော့ မစံ သွားခေါ်ပေးတယ်။

သူဖုံးကိုင်တော့ ကျနော်က ဘာမှမသိသေးသလိုနဲ့ မနေ့ကဘယ်လိုဖြစ်တာလဲဆိုပြီး မေးလိုက်တော့ သူက ''အေးကွာ..မင်း အိမ်ကထွက်ပြီး သံလျင်အသွား ကားပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်ရတာ။ ငါ့ကိုဝင်တိုက်သွားသေးတာ။ အမှုမဲ့ အမှတ်မဲ့ပေါ့။ ကားခပေးဖို့ကြည့်လိုက်မှ ပိုက်ဆံအိတ်မရှိတော့ဘူး။ ပါသွားပြီ။ ငါ့ ဝင်တိုက်သွားတဲ့ ခါးပိုက်နှိုက်ကြည့်တော့လည်း မရှိတော့ဘူး။ ဘယ်မှာဆင်းသွားတယ် မသိဘူး။ ကားသမားကို အကျိုးအကြောင်းပြောပြီး စီးခဲ့ရတယ်။ သန်လျင်ရောက်တော့ မိတ်ဆွေ တစ်ယောက်ဆီ ငွေချေးပြီး ပြန်လာခဲ့ရတာ'' လို့ပြောတော့တာပဲ။

ဒါနဲ့ ကျနော်က ''ဘာမှ ခါးပိုက် မနှိုက်ဘူး။ ကိုယ့်ဟာကိုယ် မေ့ကျန်ခဲ့ပြီးတော့။ အခုပိုက်ဆံအိတ်က ကျနော့်လက်ထဲမှာ။ ဆရာကြီး ဖုံးဆက်ပြီးမေ့ကျန်ခဲ့တာ။ ကျနော်လည်း ကြားထဲကျနေတော့မမြင်ဘူး။ အခုမှတွေ့လို့ ဆရာကြီးဆီ ချက်ချင်းဖုံးဆက်လိုက်တာ။ မနက်ဖြန်ကျနော်ပြန်ပေးမယ်။ ဒါပေမယ့် ဒီအတိုင်းမရဘူး။ ရေအဆုံး၊ ကုန်းတစ်ဝက်ဆိုတော့ ကျနော်တဝက်ပိုင်တယ်'' လို့ပြောလိုက်တော့ သူက ရယ် ပြီး ''ရပါတယ်ကွာ'' တဲ့။ နောက်တ်နေ့ မနက်ပိုက်ဆံအိတ်သွားပြန်ပေးတော့ ကျနော်နဲ့သူ့သမီးတွေက ဝိုင်းစကြသေးတယ်။ ''ခါးပိုက်နှိုက်ခံရသလေး ဘာလေးနဲ့။ ခါးပိုက်နှိုက်ပဲ သူသိသလိုလို၊ ဘာလိုလိုနဲ့ ဆိုပြီးတော့ပေါ့လေ။ သူက သူ့အပြစ်သူသိတော့ ဘာမှမပြောဘူး။ ရယ်ပဲရယ်နေတယ်။ ကျနော်ကထပ်ပြီး ''ဆရာကြီးကလည်း လူကြီး ရှက်တော့ရယ်ဆိုတာ ဒါမျိုးဖြစ်မယ်ဆိုတော့ သူက ''ခွေးကောင်..မရယ်လို့ ငါက ကလေးလိုငိုရမှာလား''တဲ့။ အဲဒီနေ့က သူ့ပိုက်ဆံအိတ်ပြန်ရလို့ ကျနော်နဲ့ကိုပိုက်ကြီးကို လက်ဖက်ရည်လိုက်တိုက်ပါသေးတယ်။

ပညာရေးနဲ့ပတ်သတ်ရင် ကျနော်မှာ အမြဲအခက်အခဲတွေ့ရတတ်တယ်။ ခုလည်း (၁ဝ)တန်းဖြေဖို့ ကျူရှင်တက်နေတုန်း ဒီနှစ်ပညာရေးစနစ်ပြောင်းပြီဆိုပြီးဖြစ်ရော။ (၁ဝ)တန်း ကျဖူးသူတွေသာ အပြင်ဖြေလို့ရမယ်။ အခုမှ (၉)တန်းအောင် (၁ဝ)တန်းစတက်တဲ့သူတွေ အပြင်ဖြေလို့မရဘူး။ ကျောင်းတက်၊ ကျောင်းခေါ်ချိန်ပြည့်မှ စာမေးပွဲဖြေလို့ရမယ်ဆိုပြီး လုပ်ရော။ အဓိကကတော့ ဘော်ဒါဆောင်တွေကိုသတ်ချင်တာပါ။ အများစုက (၉)တန်းအောင်တယ်ဆိုတာနဲ့ ကျောင်းမတက် တော့ဘဲ ဘော်ဒါတက်ပြီး အပြင်ဝင်ဖြေကြတာမဟုတ်လား။ ဒါကိုသတ်ချင်လို့ စနစ်ပြောင်းဖို့လုပ် လိုက်တာထင်ပါတယ်။

ကျနော့်အတွက်တော့ သတင်းဆိုးကြီးပါပဲ။ ကျနော်က ခုမှ(၉)တန်းအောင် တဲ့သူဆိုတော့ (၁ဝ)တန်းကို အပြင်ဖြေလို့မရတော့ဘူးပေါ့။ ကျောင်းတက်ဖို့ဆိုတာကလည်း ကြည့် ပါဦး။ အသက်က (၂၇)နှစ်၊ ကိုယ့်ထက် (၁ဝ)နှစ် (၁၁)နှစ်လောက်ငယ်တဲ့ တူ၊ တူမအရွယ်တွေနဲ့ အတူ အဖြူအစိမ်းဝတ်ပြီး ကျောင်းပြန်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆရာမတွေကတော့ ကျောင်း အပ်ပြီး ဖြေဖို့ပဲ တိုက်တွန်းနေကြတယ်။ ကျနော်ကလည်း ဒီအရွယ်ကြီးကျမှ အဖြူအစိမ်းဝတ်ပြီး ကျောင်းထဲပြန်မဝင်ချင်တော့ဘူး။ ဒါကြောင့် မဖြေတော့ဘူးဆိုပြီးနေလိုက်တယ်။

ဒါကို ဆရာကြီး သိတော့ စိတ်မကောင်းဘူး။ ပညာရေးစနစ် ကမောက်ကမကိုလည်း သူသိတယ်။ ''တတ်နိုင်ရင် တော့ ကျောင်းအပ်ပြီးဝင်ဖြေကွာ။ သူသူငါငါ (၁ဝ)တန်းအောင်ဘွဲ့ရနေချိန်မှာ ကိုယ်က(၁ဝ)တန်း တောင်မအောင်ဘူးဆိုတော့ အများအမြင်မှာ မတင့်တယ်ဘူး။ အထင်သေးခံရတတ်တယ်..'' ပြောလိုက်တော့ ကျနော့်ရင်ထဲ အောင့်သွားတယ်။ သူ့ကိုတစ်ချက်ကြည့်ပြီး ''ကျနော်မအောင်တာ မဟုတ်ဘူး ဆရာကြီး။ မဖြေတာ...''လို့ ပြောလိုက်တယ်။ သူက ''ဒါပေမဲ့ အများက အဲဒါတွေ သိမှာမဟုတ်ဘူး။ ပညာအရည်အချင်းမေးရင် (၁ဝ)တန်းပဲ။ ဒါဆို (၁ဝ)တန်းမအောင်ဘူး။ ဒါပဲ သိကြမှာ'' လို့ ပြန်ပြောတယ်။

ကျနော့်ရင်ထဲမှာ ဆစ်ကနဲနာသွားတယ်။ အတန်းပညာ (၁ဝ)တန်း ပဲရှိလို့ အထင်သေးတတ်တဲ့
သူတွေထဲ ဆရာကြီးပါနေပြီလား။ ဒါဆို လူတစ်ယောက်ရဲ့ အရည် အချင်းကို (၁ဝ)တန်းအောင်၊ မအောင်နဲ့ တိုင်းတာကြတာလား။ ကျနော့်အမြင်မှာတော့ (၁ဝ) တန်းအောင်ဘွဲ့ရပြီး ''ဖွတ်''ဖြစ်နေတဲ့သူတွေ တပုံကြီး၊ မမြင်ချင်မှအဆုံး။ အတန်းပညာမရှိပေမဲ့ အရည်အချင်း ရှိတဲ့သူတွေ ဒုနဲ့ဒေးပဲ။ ကျနော့်ရင်ထဲ ဗလောင်ဆူနေတယ်။ ဆရာကြီးကိုတော့ ဘာဘာညာညာမပြောတော့ပါဘူး။ နှုတ်ဆက်ပြီးထပြန်ခဲ့တယ်။

ကျနော်မျက်နှာမကောင်းဖြစ်သွားတာ သူသိတယ်။ ဒါကြောင့် နောက်နေ့မှာ ကျောင်းတက်ဖို့ကိစ္စ ဆုံးဖြတ်ပြီးပြီလားလို့ ဖုံးနဲ့လှမ်း မေးတယ်။ ကျနော်က မဆုံးဖြတ်ရသေးဘူး။ ဆရာမတွေ နားပူနားဆာလုပ်နေလို့ ကျနော်ဂွကျနေတယ်လို့ ပြန်ပြောလိုက်တယ်။ ''ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါကွာ'' လို့ပြောပြီး ဖုံးချ သွားတယ်။

ကျနော် ဘယ်လိုဆုံးဖြတ်ရမလဲမသိတော့ဘူး။ ကိုယ့်ကိုကိုယ် မျက်စိထဲ ပြန်မြင်ကြည့်တယ်။ အဖြူ၊ အစိမ်းဝတ်၊ လက်ပိုက်၊ စာအော်ဆို..ဘေးက ကိုယ့် တူ၊ တူမအရွယ်တွေ၊ တဖက်မှာကလည်း ကိုယ့်ကို သားလိုချစ်ကြတဲ့အမေလိုဆရာမတွေ၊ ကိုယ့်ကို(၁ဝ)တန်းအောင် ဘွဲ့ရစေချင်တဲ့ မေတ္တာ ရှင်တွေ။ နောက်တဘက်မှာက '(၁ဝ)တန်းတောင်မအောင်ဘူး' ဆိုပြီး အထင်သေးကြတဲ့သူတွေ။ ကျနော့်ခေါင်းထဲချာချာလည်နေတယ်။ နောက်ဆုံးတော့ ကျနော်ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

နောက်တစ်နေ့မနက် ဆရာမတွေဆီသွားပြီး ကျောင်းတက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတော့ ဆရာမတွေခမျာ ဝမ်းသာလွန်းလို့ မျက်ရည်တွေဘာတွေကျလို့။ ''ငါ့သား..မင်းဖြေရင် သေချာပေါက်အောင်မှာ။ ဆရာမတို့ယုံတယ်''တဲ့။ ''ကျနော်အောင်ရုံလေးနဲ့ ကျောင်းတက်ပြီးဖြေမှာ မဟုတ်ဘူး။ ဘာသာစုံဂုဏ်ထူးရ ရမယ်။ ဒါတွေကို အထင်ကြီးလို့၊ မက်မောလို့တော့ မဟုတ်ဘူး။ ထောင်ကျ ဖိနှိပ်ခံခဲ့ရပေမဲ့ အရှုံး ပေးမသွားဘူး။ ဒါမျိုးရအောင် လုပ်လို့ရတယ်ဆိုပြီး ပြချင်လို့၊ ကျနော့်အရင်းနှီးဆုံးလူတွေထဲကတောင်(၁ဝ)တန်းမအောင်တာကို အထင်သေးချင်တဲ့အသံတွေ ကြားရတာကို ရင်နာလွန်းလို့ .. ဒါကြောင့် ဘာသာစုံဂုဏ်ထူး ရအောင်ချမယ်''ဆိုပြီး ရင်ထဲရှိတာတွေ ဖွင့်ထုတ်ပစ်လိုက်တယ်။ ဆရာမတွေက ပိုတောင်ဝမ်းသာကြသေးတယ်။ ''ငါ့သား .. ချ ဆရာမတို့နောက်ကနေ လိုတာ မှန်သမျှ အပြည့်အဝပံ့ပိုးပေးမယ်..'' လို့ အားပေးကြတယ်။

ကျနော်ဒီလိုဆုံးဖြတ်တာ ဆရာကြီးကို မပြောဘူး။ ဟိုနေ့က သူပြောခဲ့တဲ့စကားတွေကြောင့် ရင်ထဲ ခုထိမကောင်းသေးလို့။ ကျောင်းအပ်တော့ ကျနော်အရင်တက်ခဲ့တဲ့ ကျောင်းက လက်မခံဘူး။ ဆရာမတွေက လက်ခံချင်ပေမဲ့ ထောက်လှမ်းရေးက ထောင်ထွက်ကျောင်းသားကို ကျောင်းတက် ခွင့်မပေးရဘူး ညွှန်ကြားထားလို့တဲ့။ ကျနော့်စိတ်ထဲ တင်းခနဲဖြစ်သွားတယ်။ ကျနော် ထိပ်တိုက် ဝင်တိုးလည်း ရမှာမဟုတ်ဘူး။ သူတို့က ဓါးထက်နေတဲ့အချိန်လေ။ ကျနော့်အကိုကြီးနဲ့တိုင်ပင်ပြီး ကျနော့်နောက်ကြောင်းမသိတဲ့ လူလည်းနည်းတဲ့ တခြားကျောင်းမှာ သွား အပ်လိုက်တယ်။ ကျောင်းအုပ်ဆရာမကြီးကိုတော့ လိမ်ထားရတာပေါ့။ အရေးအခင်းမှာ ကျောင်း ကတစ်ပိုင်းတစ်စနဲ့ စင်္ကာပူထွက်ပြီး အလုပ်လုပ်နေလို့။ အခု (၁ဝ)နှစ်လောက်ကြာမှ မြန်မာပြည် ပြန်ရောက်တာ။ သူငယ်ချင်းတွေအားလုံး ဘွဲ့ရနေကြလို့၊ မခံချင်တာနဲ့ ကျောင်းတက်ပြီး ဘွဲ့ယူမလို့ဆိုပြီး အကြောင်းပြရတယ်။ ဒါနဲ့အဆင်ပြေပြီး ကျောင်းတက်ဖြစ်ရော ဆိုပါတော့။

ဆရာမတွေ ဝယ်ပေးတဲ့ အဖြူအစိမ်းဝတ်ပြီး ကျောင်းထဲဝင်တော့ ကျောင်းသူ၊ ကျောင်းသားတွေက ဆရာအသစ်လို့ ထင်နေကြတာ. ကျနော်က ခန္ဓာကိုယ်ကလည်း ခပ်ကြီးကြီး၊ (၁၄၅) ပေါင်ရှိတယ်။ အရပ်က (၅ပေ ၇လက်မ)။ ဆံပင်လည်း တိုတိုကပ်ကပ်လေး ညှပ်ထားလိုက်တော့ မျက်စိထဲ မြင်သာမြင် ကြည့်လိုက်တော့။ ပထမဆုံး ကျောင်းထဲ စဝင်တဲ့နေ့က ရင်တွေဘာတွေခုန်လို့။ စာသင်ခုံမှာ ဝင်ထိုင်ပြီး ''မင်္ဂလာပါဆရာမ'' လို့ ကျောင်းသူ ကျောင်းသားတွေနဲ့အတူ သံပြိုင်နှုတ်ဆက်ရတော့ ရင်ထဲ တမျိုးကြီး။ တလှပ်လှပ်နဲ့။ ရှက်တာလည်းမဟုတ်ဘူး။ (၈၈) မတိုင်ခင် ငယ်ဘဝစာသင်ခန်း တွေကို ပြန်မြင်ယောင်ပြီး လွမ်းသလိုလို။

နောက်နေ့တွေမှာတော့ သူ့ဟာသူ အထာကျသွားပါတယ်။ ကျနော်လည်း အချိန်ပြည့် ကျောင်းနဲ့ စာမှာပဲ နှစ်ထားလိုက်တယ်။ ဘယ်သူနဲ့မှလည်း သိပ်မတွေ့ဖြစ်ဘူး။ ကိုယ့်ဝန်းကျင်နဲ့ အဆက် ဖြတ်ထားလိုက်တယ်။ ကျောင်းတက်တဲ့ကိစ္စ ဆရာကြီး မသိသေးဘူး။ ဆရာကြီးပြောခဲ့တဲ့စကားနဲ့ အကြည့်က ခုထိရင်ထဲ အခုအခံရှိနေသေးလို့ ကျောင်းတက်တာကို သူ့မပြောဘဲထားလိုက်တာ။ တစ်နေ့တော့ အဖြူအစိမ်းဝတ်စုံနဲ့ကျောင်းသွားဖို့အထွက်မှာ ဆရာကြီး ကျနော့်ဆီအလာနဲ့ တိုက် တိုက်ဆိုင်ဆိုင် သွားဆုံတယ်။ ကျနော့်ကို အဖြူအစိမ်းနဲ့ လွယ်အိတ်နဲ့မြင်တော့ ဆရာကြီးမျက်နှာ အပြုံးနဲ့ အရောင်လက်သွားတယ်။ ''ခွေးကောင်..ဒီလိုဆိုတော့ မင်းကချောသားပဲကွ'' ဆိုပြီး ထုံး စံအတိုင်း ကျနော့်ခေါင်းကိုဆွဲပြီး သူ့ရင်ဘက်နဲ့ဖိထားတော့တယ်။

တကယ်တော့ ကျနော်ကျောင်း တက်နေပြီဆိုတာ ကျနော့်အမိုး ဖုန်းထဲက ပြောထားလို့ သိထားပြီးသားပါ။ အခု ကျနော်ကျောင်း သွားမယ့်အချိန်ကိုက် ကျနော့်ကိုလာကြည့်တာ ''ဆယ်တန်းအောင်မှ လူရာဝင်တယ်ဆိုတာ ငါ သတ်မှတ်တာမဟုတ်ဘူးကွ။ မင်းနဲ့ ငါတို့ပတ်ဝန်းကျင်က လူတွေ သတ်မှတ်ကြတာ။ လူတွေနဲ့နေရင် ကြိုက်ကြိုက်မကြိုက်ကြိုက် လူ့သတ်မှတ်ချက်တွေကိုရှောင်လို့မလွတ်ဘူး။ အဲဒီသတ်မှတ်ချက် ဘောင်ထဲမှာ ရာနှုန်းပြည့်ဖြစ်အောင် ကိုယ့်ကိုကိုယ် လုပ်ဖို့ပဲလိုတာ'' လို့ပြောပါတယ်။ ကျနော့် ရင်ထဲက အဖုအထစ်လေးကို သူဖြည်တာပါ။ ''ဆရာကြီး ..ကျနော်မဖြေသေးလို့ပါ။ ဖြေရင် အောင်ရုံတင်မကဘူး။ ဟိုဘက်ကမ်းတောင် လွန်သေးတယ်။ ဆရာကြီးစောင့်ကြည့်'' လို့ ပြန်ပြော လိုက်ပြီး ကျနော်က ကျောင်းသွား၊ သူက မြို့ထဲထွက်သွားပါတယ်။

ကျနော်ကျောင်းအပ်တော့ ဇူလိုင် ပုံမှန်အပ်ရမှာထက် (၁)လနောက်ကျပြီးမှ အပ်ဖြစ်တာ။ အခု ကျောင်းတက်ပြီး (၁)လကျော်ကျော်လောက် ရှိသေးတယ်။ မထင်မှတ်တဲ့ မုန်တိုင်းတစ်ခုနဲ့ရင်ဆိုင် တိုးရပြန်ရော။ NLD က 'လွှတ်တော်' ခေါ်ပေးဖို့တောင်းဆိုပြီး မြန်မာတစ်ပြည်လုံးကို တပ်လှန့်လိုက် တယ်။ နိုင်ငံတကာရော၊ ပြည်တွင်းမှာပါ လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ အခုကျနော်တက်နေတဲ့ ကျောင်းက တာမွေမြို့နယ်မှာ လူဦးရေအနည်းဆုံး၊ အစဉ်အလာအရ နိုင်ငံရေးလှုပ် ရှားမှုတွေမှာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဖူးဘူး။ ဖြစ်ချင်တော့ ကျနော်ခိုးပြီးတက်တဲ့နှစ်ကျမှ တခြား ကျောင်းတွေ ငြိမ်နေတဲ့အချိန်မှာ ဒီကျောင်းက ထဆန္ဒပြပါလေရော။ လွှတ်တော်ခေါ်ယူရေးကိစ္စ နဲ့ တပြည်လုံး နိုင်ငံရေးစိတ်နိုးကြားနေတဲ့အချိန်မှာ ဒီကျောင်းက ထဆန္ဒပြတာဆိုတော့ ရဲတွေ၊ ထောက်လှမ်းရေးတွေ ချက်ခြင်းရောက်လာပြီး ကျောင်းကိုဝိုင်းထားလိုက်တယ်။လမ်းဟိုဘက်ဒီဘက်မှာလဲ စစ်ကားတွေ ပိတ်ထားလိုက်ကြတယ်။ ကျောင်းသားမိဘတွေရောက်လာကြပြီး ကျောင်းသားကျောင်းသူတွေကို မိဘတွေ လက်ထဲထည့်ပြီး ပြန်လွှတ်နေတယ်။

ဆန္ဒပြဖို့စတင်တဲ့ ကျောင်းသား (၁၅)ယောက်လောက်က ကျောင်းအပြင်ရောက်သွားနှင့်ကြပြီ။ ကျနော်လည်း လူ အုပ်ကြားထဲက ကိုယ်ရောင်ဖျောက်ပြီး ကျောင်းပြင်ထွက်ဖို့ ကြိုးစားပေမဲ့ ထောက်လှမ်းရေးတွေက ကျနော့်ကိုတွေ့သွားကြတယ်။ ကျနော့်အကြောင်းသိထားကြတော့ ဒီကိစ္စ ကျနော့်လက်ချက်လို့ယူဆပြီး ညကျတော့ ကျနော့်ကိုလာဖမ်းပါလေရော။ ကျနော်ကလည်း မရှောင်ဘူး။ စာမေးပွဲအောင်ရေးပဲ ဗျူဟာချထားတော့ ကျန်တာတွေအားလုံးဖြတ်ထားတယ်။ ကျောင်းအုပ်ဆရာမကြီးအပါအဝင်တစ်ကျောင်းလုံးက ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ အားလုံး ကျနော့်အကြောင်း မသိကြဘူး။ စင်္ကာပူကပြန်လာပြီး ကျောင်းပြန်တက်တယ်ပဲ သိထားကြတာ။ ဆန္ဒထပြတဲ့ ကျောင်းသားတွေကိုယ်တိုင်လည်း မသိကြဘူး။

ထောက်လှမ်းရေးကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လေ့မရှိတဲ့ကျောင်းက ခုမှ ဒီလို ဖြစ်တာဆိုတော့ ကျနော့်ကြောင့်ပဲလို့ ကောက်ချက်အခိုင်အမာ ချထားတယ်။ ဖမ်းထားတဲ့ ကျောင်းသားလေးတွေကို ကျနော်ခိုင်းလို့လုပ်တာ မဟုတ်လားဆိုပြီး အတင်းမေးကြတာ။ ဟုတ်မှမဟုတ်ဘဲ။ အားလုံးကထွက်ချက်တွေတူနေတော့ နောက်ဆုံး ကျနော့် ကို ပြန်လွှတ်လိုက်တယ်။ ဒါပေမဲ့ ကျောင်းထဲမဝင်ဖို့ ဝင်ရင်ဖမ်းမယ်ဆိုပြီး အတိအလင်းပြောလိုက်တယ်။ ကျနော်အကြီးအကျယ် ဒေါပွသွားတယ်။

''ခင်ဗျားတို့ဟာ လွန်လွန်းတယ်ဗျာ။ အေးအေး ဆေးဆေး ပညာသင်တာကို ခွင့်မပြုရအောင် ကျနော်က ဘာဖြစ်နေလို့လဲ။ ရာဇဝင်လူဆိုးမို့လား။ အကြမ်းဖက်သမား မို့လား။ ထောင်ကလွတ်ပြီးမှ အပြင်မှာထောင်ကျနေတဲ့ အကျဉ်းသားလို ဖြစ်နေပြီ။ ကောင်းပြီ။ ကျနော်ကျောင်းထဲမဝင်ရရင် ကျောင်းခေါ်ချိန်ရအောင် ခင်ဗျားတို့လုပ်ပေး။ အဲဒါမှ ကျနော် စာမေးပွဲဖြေလို့ရမှာ..''ဆိုပြီး မာမာထန်ထန်ပဲ ပြန်ပြောလိုက်တယ်။ဒါပေမဲ့မရပါဘူး။ ကျောင်းခေါ်ချိန်ကိစ္စ သူတို့လုပ်ပေးလို့ မရနိုင်ဘူး။ သူတို့အနေနဲ့တော့ ကျောင်းထဲဝင်ရင် ဖမ်းရမှာပဲလို့ အတိအလင်းထပ်ပြောပါတယ်။

ဒါမတရားမှုတစ်ခုပဲ။ လက်နက်ရှိတယ်၊ အာဏာရှိတယ်ဆိုပြီး ဥပဒေကို ဘေးဖယ်လိုက်တာပဲ။ လူကို နိုင့်ထက်စီးနင်းလုပ်တာပဲ။ တိုင်းသူပြည်သားတစ်ယောက်ရဲ့ ငြိမ်းချမ်းစွာပညာသင်ခွင့်ကို အဓမ္မကျင့်ပစ်လိုက်တာပဲ။ ကျနော့်ရင်ထဲ ဗလောင်ဆူနေတယ်။

အိမ်ရောက်တော့ ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ အိပ်ယာထဲတန်းဝင်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တယ်။ ကျနော့်မှာ ရွေးချယ်ခွင့်၊ ရွေးချယ်စရာ ဘာမှမရှိတော့ဘူး။ ကျောင်းထဲဝင်ရင် အဖမ်းခံရမယ်။ ကျောင်းထဲမဝင်ရင် ကျောင်းမတက်လို့ ကျောင်းခေါ်ချိန်မရရင် စာမေးပွဲဖြေလို့မရဘူ။ အပြင်လည်း ဖြေလို့မရဘူး။ ဒီ စာမေးပွဲဖြေဖို့ ကျနော်အခက်အခဲတွေ၊ စိတ်ညစ်စရာတွေအားလုံးကို နပမ်းလုံးပြီး ကြိုးစားခဲ့ရတာ။ အားခဲထားတာ။ နှစ်ပြီးလုပ်ထားတာ။ ဆယ်တန်းအောင်တာကို မက်မောလွန်းလို့တော့ မဟုတ်ဘူး။ ကျနော် ပြောခဲ့သလို မခံချင်လို့ ထလုပ်ခဲ့တာ။ အခုတော့ မျှတတဲ့အကြောင်းပြချက် မရှိဘဲနဲ့ ကျနော်ကျောင်းကထွက်ခဲ့ရပြန်ပြီ။ မျက်နှာကို အစိမ်းသက်သက်ဖြတ်ရိုက်သလိုမျိုး ခံစားနေရတာ။ ဗလာချည်ကြီး။

မတရားမှုမှန်းသိပါလျက်နဲ့ ဘာမှ ပြန်လုပ်လို့မရတာလောက် ခံရခက်တာ လောကမှာ ဘာမှမရှိတော့ဘူး။ အဲဒီအချိန်မှာကျနော့်လက်ထဲလက်ပစ်ဗုံးသာရှိရင် အဲဒီထောက်လှမ်းရေးရုံးကို သွားထုမိမှာအသေအချာပဲ။ အဲဒီအချိန်မှာပဲ ဘေးနားစာကြည့်စားပွဲပေါ်က ကျောင်းစာအုပ်တွေ မြင်တော့ ကျနော့်ရင်ထဲနင့်ကနဲဖြစ်သွားတယ်။ကျနော်မခံနိုင်တော့ဘူး။စာအုပ်တွေအားလုံးကို အောက်ထပ်သံမံတလင်းပေါ်ချပြီး တစ်အုပ်မကျန်မီးရှို့ပစ်လိုက်တော့တယ်။ မီးတောက်တွေကို ကြည့်ပြီး ကျနော့်ရင်ထဲမှာလည်း မီးဟုန်းဟုန်းတောက်နေတယ်လေ။ ရင်ထဲကမီးက ပိုပူတယ်ဆိုတာ ပြောဖို့တောင်မလိုဘူးထင်ပါရဲ့။

စာအုပ်တွေမီးရှို့ပစ်တာကို အမိုးကတဆင့် ဆရာကြီးသိတော့ ချက်ခြင်း ကျနော့်ဆီရောက်လာပါ တယ်။ အဲဒီအချိန်မှာ ကျနော်အတော်ဖလက်ပြနေပြီ။ မုန်ယိုနေတဲ့ဆင်တစ်ကောင်လိုလား။ ဒါမှ မဟုတ် နာနေတဲ့ကျားနာတစ်ကောင်လိုလားတော့ ဘာဖြစ်မယ် ကျနော်မသိဘူး။ သေချာတာကတော့ ကျနော်အကြီးအကျယ်နာနေတာပဲ။ ဆရာကြီး ကျနော့်အခြေအနေမြင်တော့ အတော်စိတ် ထိခိုက်သွားပုံရပါတယ်။ သူ့မျက်နှာပေါ်မှာ ဖော်ပြလို့မရတဲ့ အသွင်ပြင်မျိုးလို့ ကျနော်ထင်တယ်။ မှိုင်းပြီးမှောင်နေတာမျိုးလည်း မဟုတ်ဘူး။ ဒေါသနဲ့ခက်ထန်နေတာမျိုးလဲမဟုတ်ဘူး။ ထိန်းချုပ် ထားရလို့ ခံရခက်တဲ့အရိပ်ယောင်လေးတော့ တွေ့ရတယ်။ ကျနော့်အတွက် သူလဲ စိတ်ထိခိုက်နေ တာသေချာတယ်လေ။ ဒါဟာမတရားမှုဆိုတာ သူလည်းသိနေတယ်လေ။ ပြီးမှ ကျနော့်ကို စကား တစ်လုံးချင်းပြောပါတော့တယ်။ ''စာအုပ်တွေ မီးရှို့ပစ်တာတော့ မကောင်းဘူး။ မတော်လို့အိမ်ပါ မီးလောင်သွားရင် မခက်ပါလား..''တဲ့။

''အိမ်ပါမဟုတ်ဘူး။ ကျနော်ပါ မီးထဲပါသွားရင် ပိုတောင်ကောင်းဦးမယ်..''လို့ပြောလိုက်တော့ သူက ''မင်းဘယ်လိုခံစားရမယ်ဆိုတာငါနားလည်ပါတယ်။ မင်းအစွမ်းကုန်လုပ်ခဲ့ပြီးပြီပဲ။ သူတို့က လက်နက်တွေ၊ အာဏာတွေနဲ့ မင်းသွားမယ့်လမ်းကို ပိတ် ဆို့လိုက်ကြတာ။ ကိုယ်မှန်းထားတဲ့၊ ကိုယ်အားခဲထားတဲ့ ကိုယ့်ရဲ့ဆန္ဒကို ပိတ်ပင်ခံလိုက်ရတာလောက် ခံရခက်တာ ဘာရှိဦးမှာလဲ။ ဒါပေမဲ့ ငါအခုပြောမှာ သေချာနားထောင်ကွာ။ မင်းအခု (၁ဝ)တန်းမဖြေရတော့ ဘာဖြစ်သေးလဲ။ ဘွဲ့မရတော့ကော ဘာဖြစ်သေးလဲ။ ဒီမှာ ..ဆယ်တန်း အောင်၊ ဘွဲ့ရဆိုတာ သာမန်ရွက်ကြမ်းရည်ကြို လူတွေအတွက်ပဲလိုတာပါ။ မင်းလိုအရည်အချင်းရှိ တဲ့လူတွေအတွက်တော့ ဆယ်တန်းအောင် ဘွဲ့ရဆိုတာမလိုပါဘူး။ အမေရိကန် သမ္မတတွေထဲမှာ အတော်ဆုံးလို့ ပြောလို့ရတဲ့ လင်ကွန်းကိုကြည့်..နောက် ဒေါက်တာနိုင်ပန်းလှ..နောက်..'' ဆိုပြီး နောက်ထပ်နာမည် သုံးလေးခုလောက် ဆက်ပြောပါသေးတယ်။ ကျနော့်နားထဲပဲ့တင်ထပ် ကျန်ခဲ့တာကတော့ 'ရွက်ကြမ်းရေကျို '...'မင်းလိုအရည်အချင်း ရှိသူတွေ' ..'ဆယ်တန်း အောင်ဘွဲ့ရ..လိုမလို' ဆိုတာတွေပါပဲ။

ကျနော်ဆရာကြီးကို သေသေချာချာကြည့်လိုက်မိတယ်။ ခါတိုင်းလို ရယ်ရယ်မောမောမဟုတ်ဘူး။ လေးနက်တည်ကြည်ပြီး ငြိမ်သက်နေတယ်။ တိုင်းပြည် ကို တိုက်ရိုက်စကားပြောနေတဲ့ သမ္မတတစ်ယောက်ရဲ့ဟန်မျိုး။ သူ့အသံက ခါတိုင်းနဲ့မတူဘူး။ ခပ်လေးလေး ဒါပေမဲ့ မာနေတယ်။ ဆယ်တန်းအောင် မအောင်ကိစ္စ သူအရင်က ပြောခဲ့တဲ့စကား ကျနော့်နားထဲ ပြန်ကြားယောင်လာတယ်။ ''သူသူငါငါ ဆယ်တန်းအောင်၊ ဘွဲ့ရနေတဲ့ခေတ်မှာ ကိုယ်က ဆယ်တန်းလေးတောင် မအောင်ဘူးဆိုတော့ လူရာမဝင်ဘူး၊ လူအထင်သေးခံရတတ်တယ်..'' ဆိုတာလေ။ အခုလေးတင် သူပြောလိုက်တဲ့စကားနဲ့ အရင်ပြောခဲ့တဲ့စကား အကြောင်း အရာတစ်ခုပေါ်မှာပဲ ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား။

ကျနော့်ရင်ထဲ သိချင်စိတ်ပြင်းပြလာတာနဲ့ ''ဆရာကြီး အရင်တစ်ခါက ဆယ်တန်းလေးတောင် မအောင်ရင် လူရာမဝင်ဘူး၊ လူအထင်သေးခံရ တတ်တယ်လို့ပြောခဲ့ဖူးတယ်မဟုတ်လား။ အခုတော့ ကျနော့်လိုလူတွေအတွက် ဆယ်တန်းအောင် ဖို့မလိုဘူးပြောနေပြန်ပြီ။ ရှေ့စကားနဲ့နောက်စကား ဆန့်ကျင်ဘက်ဖြစ်မနေဘူးလား'' လို့ ပြောလိုက်တော့ သူက ''အေး ဟုတ်တယ်။ အဲဒီတုန်းက မင်းဖြေခွင့်ရှိတယ် မဖြေတာ။ အခုက ဖြေမယ်။ ဒါပေမဲ့ ဖြေခွင့်ပိတ်ခံရတယ်။ ရတနသုတ်ကျက်ခဲ့တာ မှတ်မိသေးလား။ ကျက်ရင် ရရဲ့ သားနဲ့ မကျက်ဘဲနေတာ။ မင်းရဲ့မခံချင်စိတ်ကို ဆွပေးလိုက်မှ မင်းကျက်တယ်။ တကယ်လည်း ရ ခဲ့တယ်။ ခုလည်း ဒီအတိုင်းပဲ။ ဖြေခွင့်ရှိတာကို မင်းက မဖြေချင်ဘူး။ မင်းဖြေရင်အောင်မယ်ဆို တာငါယုံတယ်။ မင်းစကားနဲ့ပြောရရင် အောင်ရုံတင်မကဘူး။ ဟိုဘက်ကမ်းတောင် လွန်သေး တယ်။ ဒါကြောင့် မင်းဖြေဖြစ်အောင် ငါတမင်ပြောလိုက်တာပဲ။ မင်းငါ့ကို စိတ်ကွက်သွားတယ် ဆိုတာလဲ ငါသိတယ်။ ဒါကြောင့် ကျောင်းအပ်ပြီးတာတောင် မင်းငါ့ကို အသိမပေးခဲ့ဘူး။ အခု အဲဒါတွေထားလိုက်တော့။ မင်းလိုလူအတွက် ဆယ်တန်းမအောင်လည်း ဘာမှမဖြစ်ဘူး။ ပင်ကိုယ် အရည်အချင်း ရှိပြီးသားပဲ။ ဘဝမှာလုပ်စရာတွေအများကြီး ရှိသေးတယ်။ အဲဒီအတွက် အားမွေး၊ ကိုယ့်ကို ကိုယ် တည်ဆောက်ရမှာ အရေးကြီးဆုံးပဲ။ မင်းလုပ်နိုင်သမျှ အစွမ်းကုန် လုပ်ခဲ့ပြီးပြီ။ မင်းညံ့လို့ မဟုတ်ဘူး။ မတရားမှုကြောင့် ကိုယ့်ရည်ရွယ်ချက် အထမမြောက်ရတာ။ ဘာမှ ဝမ်းနည်းစရာမလိုဘူး..'' ကျနော် ဆရာကြီးစကားတွေနားထောင်နေရင်း လေဟာနယ်ထဲ မြောက်တက်သွားသလို ခံစားလိုက်ရတယ်။ ရင်ထဲမှာလည်း ပေါ့ပါးလွတ်လပ် သွားသလိုမျိုး၊ ကာလတစ်ခု ထိ ဆရာကြီးပေါ် ''ဖု''နေတဲ့စိတ်အခံရော၊ အခုလောလောလတ်လတ် ခံစားနေရတာတွေရော အားလုံးလွင့်စင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။

ဆရာကြီးကိုကြည့်ရင်း ကျနော် လက်အုပ်ချီလိုက်မိတယ်။ ''ကျနော်ကို ခွင့်လွှတ်ပါ။ ကျေးဇူးကြီးလွန်းပါတယ် ဆရာကြီး'' လို့ပြောချင်နေတာ။ ဒါပေမဲ့ ပါးစပ်က ဘာအသံမှထွက်ကျ မလာဘူး။ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ရင်း ပါးပြင်ပေါ်မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတယ်။ ကျနော်စကားပြောချင်နေပေမဲ့ ပြောလို့ မရဘူး။ တဒင်္ဂ ဆွံ့အသွားသလို ခံစားနေရတယ်။ ရင်ထဲမှာ စကားတွေအဆက်မပြတ်ပြောနေသလိုပဲ။ ဆရာကြီးက လက်အုပ်ချီထားတဲ့ ကျနော့်လက်ကိုကိုင်လိုက်ပြီး ကျနော့်ခေါင်းကို သူ့ ရင်ဘတ်နဲ့ထိပြီး ဖိထားလိုက်တယ်။ ကျနော့်ရင်ထဲကစကားကို ဆရာကြီးသိသွားပြီလေ။ တကယ်ဆို ကျနော့်ရင်ထဲ ထိုးဖောက်မြင်နိုင်တဲ့သူဟာ ဆရာကြီးပဲလေ။ ခုလို ကျနော် မျက်ရည် ပိုးပိုး ပေါက်ပေါက်ကျတာကို ဆရာကြီးမြင်ဖူးတာ ပထမဆုံးပါပဲ။ ပြီးတော့နောက်လည်းနောက်ဆုံးပါပဲ။ (၂ဝဝ၇၊ ဇန်နဝါရီ နံနက်ခင်းနှင်းတွေကြားမှာ ကျတဲ့မျက်ရည်တွေကိုတော့ သူမမြင်နိုင်တော့ဘူး။ သူမှမဟုတ်ပါဘူး။ ဘယ်သူမှမမြင်နိုင်အောင် နံရံတွေအထပ်ထပ်ခြားထားကြတယ်လေ။)

ဆက်ပါအုံးမည်..

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး{၃}

နောက်ဆရာကြီးရဲ့ချစ်စရာကောင်းတာလေးက သူ့ကြောင့်တဖက်သားထိခိုက်နစ်နာသွားမှာကို မလိုလားတာပဲ။ ချစ်စရာကောင်းတာထက်လေးစားဖို့ ကောင်းတာပါ။ ( ၅ ) ဆောင်မှာ
'' ဘိုးတော်ဟိန်း '' ဆိုတဲ့ ဘိုးတော်တစ်ယောက်ရှိတယ်။ ယောင်တုံးကြီးနဲ့ ။ ဆန်တွေစုထားကြ ၊ ဆီတွေစုထားကြ ၊တိုင်းပြည်ပျက်တော့မယ်ဆိုပြီးသူ့တပည့်တွေကိုပြောလို့စစ်ခုံရုံးက (၅-ည)ပုဒ်မတပ်ပြီးထောင် ( ၁ဝ ) နှစ်ချခံထားရသူပါ။ ဘိုးတော်ဟိန်းကို အပြင်မှာ စီးပွားရေးသမား လူချမ်းသာတွေ ကိုးကွယ်ကြတယ်လို့ သိရတယ်။ အထဲမှာတော့ နေချင်သလိုနေ ၊ ဖြစ်သလိုစား ၊ ပါးစပ်ကလည်းတောင်တောင်အီအီ လျှောက်ပြောနေတာပါပဲ။



ဘယ်သူ့ကိုမှတော့ ဒုက္ခမပေးဘူး ။ ဒါပေမယ့်အရူးကြီးတစ်ယောက်လို စုတ်စုတ်ပြတ်ပြတ်နဲ့နေတာ။ ပုဆိုးတစ်ထည်ကို တေဇလူငယ်တွေ ပုခုံးသိုင်းလည်စီးထားသလိုမျိုးအမြဲစည်းထားတယ်။ မနက်ခင်းနဲ့ညနေခင်းတွေဆိုရင် အဲဒီ့ ပုဆိုးကြီး နဲ့ဝှေ့ယမ်းပြီး ပါးစပ်ကလည်းတတွတ်တွတ်နဲ့ ရွတ်ဖတ်နေတတ်တာ။ ဘယ်သူမှသူ့ကို အဖက်မလုပ် ကြပါဘူးး။ တစ်ချို့ဆိုရိုးရိုးအကျဉ်းသားတွေဆို သူ့ကို ဖင်ပုတ် ကျောပုတ်စနောက်ပြီး ထွက်ပြေးကြ တာ။ သူကစိတ်ဆိုးပြီး နောက်ကလိုက်ပေါ့။

အဲဒီလိုနေတဲ့ဘိုးတော်ဟိန်းကိုဆရာကြီးက သနားနေ တယ်။ '' သူ့ခမျာကြောင်တောင်တောင်ပါကွာ ၊ ဒါပေမယ့်ဘယ်သူ့မှဒုက္ခမပေးဘဲ ရိုးရိုးသားသား နေရှာတယ် '' လို့ ဆရာကြီးက ခဏခဏပြောလေ့ရှိတယ်။ ဘိုးတော်ဟိန်းက ဘယ်သူ့ကိုမှ စကား ဟက်ဟက်ပက်ပက် ပြောတာမဟုတ်ဘူး ။ ဘောက်ချည့်ပြောနေတတ်တာ။ ဒါပေမယ့် ဆရာကြီးက သူနဲ့ စကားသွားသွားပြောရင်း ကြာတော့ ဆရာကြီးကို စိတ်လိုလက်ရစကားတွေ ဖောင်အောင်ပြော နေတော့တယ်။ ဆရာကြီးကလည်း ထုံးစံအတိုင်း ဟိုမေးဒီမေးပေါ့။ ဒီလိုနေကြရင်း တစ်နေ့တော့ ဘိုးတော်ဟိန်းက သူ့ကိုကုလားသီချင်းတွေဆိုပြတယ်လို့ ဆရာကြီးပြန်ပြောပြပါတယ်။ ဘိုးတော်ဟိန်း ဟာ အိန္ဒိယကိုအနှံ့လျှောက်သွားဖူးတယ်လို့ဆိုတယ်။ အဲဒီလိုဘိုးတော်ဟိန်းက ဆရာကြီးကို သီချင်း တွေဆိုပြ စကားတွေပြောပြောနေလိုက်ကြတာ တစ်နေ့တော့ဘိုးတော်ဟိန်းက ထပေါက်ပါလေရော။

ဖြစ်ပုံကဆရာကြီးကို ပထမသီချင်း ( ၂ ) ပုဒ်ဆိုပြတယ်တဲ့။ ပြီးတော့ ထသွားမယ်လုပ်တော့ ဆရာကြီးက နေပါဦး နောက်တစ်ခေါက်လောက်ဆိုပြပါဦးလို့ ပြောလည်းပြော ၊ လက်လည်းဆွဲ ပေါ့လေ။ ဒီမှာတင်ဘိုးတော်ဟိန်းက '' ဟာ . . ဒီကောင် . . တော်တော်လက်ပေါက် ကပ်တဲ့ အကောင်ပဲ '' ဆိုပြီး ဗြုန်းကနဲ ဆရားကြီးကို '' နားရင်း '' ပိတ်အုပ်လိုက်ပါတော့တယ်။ ကျနော်ဒေါသဖြစ်ပြီးဘိုးတော်ဟိန်းကို ကြိမ်းမောင်းထိုးကြိတ်မယ်လုပ်တော့ ၊ ဆရာကြီးက ပျာပျာာသလဲပြေးလာပြီး '' မလုပ်နဲ့ ၊မလုပ်နဲ့ . . ငါမှားတာ.. ငါမှားတာ.. သူမမှားဘူး .. သူ့ဖာသာ နေတာ ငါသွားနှောက်ယှက်လို့ဖြစ်ရတာ၊ သူ့ကိုဘာမှသွားမလုပ်ပါနဲ့… '' လို့အမောတကော
တားရှာတယ်။

တကယ်ဆို ဆရာကြီးဟာ သူ့အသက်အရွယ်၊ သူ့ဂုဏ်နဲ့ဘယ်သူမှ သူ့ကို ကိုယ်ထိလက်ရောက် နေနေသာသာ ၊ စကားတောင်မာမာထန်ထန်မပြောကြပါဘူး။ အခုလို နားရင်းအုပ်ခံရတာ တော်တော်လွန်လွန်းနေပြီလေ။ ဒါပေမယ့်ဆရာကြီးက သူ့ကြောင့် တစ်ဖက်သား ထိခိုက်နစ်နာသွားမှာ မလိုလားဘူး။ သူမှားလို့ဆိုကာချည်း ထပ်တလဲလဲပြောပြီး သူ့အမှားကို ဝန်ခံရဲ တဲ့သတ္တိရှိသူပါ။ နောင်တော့ သူ့ကိုအေးအေးဆေးဆေးမေးကြည့်တယ်။ နားရင်းအုပ်ခံလိုက်ရတာ စိတ်မဆိုးဘူးလားလို့။သူကပြုံးပြီး ''ဗြုန်းကနဲ ထအုပ်လိုက်တော့ စိတ်ထဲ ပူကနဲဖြစ်သွားတာပေါ့။ ဒါပေမယ့် ကိုယ်က အတင်းအကြပ်သွားလုပ်တော့ ကိုယ်မှားတာပေါ့ ကိုယ်မှားလို့ခံရတာပဲ။ စိတ်ထဲဘာမှမရှိတော့ပါဘူး ။'' လို့ ပြန်ဖြေပါတယ်။ ဆရာကြီးဟာအဲဒီလိုလူစားမျိုးပါ။ သူ့အစ္ဈတ္တ ရုပ်ကို ထင်းခနဲတွေ့နိုင်ကြပါတယ်။

ဆရာကြီးနဲ့ကျနော်က ထမင်းစားဝိုင်းမတူဘူး။ ဆရာကြီးတို့ဝိုင်းမှာက ကိုသိန်းအောင်၊ ကိုရင်လေး၊ ကျောင်းဆရာကိုစိုးလွင်အပါအဝင် စုစုပေါင်း ( ၅ ) ယောက်လောက်ရှိမယ်။ ကျနော်တို့ဝိုင်းမှာက ကိုတင်ဝင်းအောင် ၊ ဝေမိုး၊ ကိုမျိုးအောင် ၊ရဲကျော်လှိုင်၊ ကိုခင်မောင်ဝင်း၊ ကိုမောင်ဦး အားလုံး ( ၇ ) ယောက်။ ကိုတင့်ဝေအောင်က လူကြီးဆံတယ်။ ပြသနာတစ်ခုကိုဘယ်တော့မှ ထိပ်တိုက်မဖြေရှင်းဘူး၊ ဒါပေမယ့် လွယ်လွယ်နဲ့အလျှော့ပေးတတ်တဲ့လူစားမျိုးတော့မဟုတ်ဘူး။ မရရတဲ့နည်းနဲ့ ကျားကုတ်ကျားခဲလုပ်တတ်တဲ့ ဝီရိယမျိုးရှိသူ။ ကျနော်ကသူ့ကို အောင်ဘုလို့ခေါ်တယ်။ ကျနော့်အပေါ် တော်တော်နားလည်ပေးနိုင်တဲ့သူပါ။ အထူးသဖြင့်ကျနော်ဒေါသထွက်ရင် အမြဲအလျှော့ပေးတတ်တယ်။ ပြီးမှ အကျိုးသင့်အကြောင်းသင့် ပြန်ပြောတတ်သူ။

ကိုမျိုးအောင်ကတော့ ကျနော်နဲ့ကချင်ပြည်နယ်မှာ စစ်သင်တန်းအတူတူတက်ခဲ့တဲ့ တိုက်ဖော်တိုက်ဖက်ရဲဘော်ဟောင်း၊ ထောင်ထဲရောက်မှ ပြန်ဆုံတာ။ သူကရှုးရှုးရှားရှားသမား။ တစ်ခုခုဖြစ်တာနဲ့ချမယ်နှက်မယ်ဆိုတာချည့်ဘဲ။ ကျနော်တောင်ဘရိတ်အုပ် အုပ်ထားရတဲ့
လူစားမျိုး။ ရဲကျော်လှိုင်က ကျနော့်ထက်အသက်( ၁ ) နှစ်လောက်ဘဲငယ်တယ်။ ဒါပေမယ့်
ကျနော့်ကို အကိုတစ်ယောက်လို ဆက်ဆံတတ်တယ်။ အနစ်နာခံစိတ်ရှိတဲ့သူ၊ ထမင်းဝိုင်းမှာ ဘယ်သူမှမလုပ်တဲ့အလုပ်မျိုးကိုသိမ်းကြုံးလုပ်တတ်တာ။ ဘယ်သူလုပ်လုပ်မလုပ်လုပ် ၊ ဘာကိုမှ
မပြောတာ၊ သူဘဲလုပ်လိုက်တယ်။ အစားအသောက်လည်း အရမ်းညှာတတ်တယ်။ ဟင်းကို အလယ်
မှာပုံပြီးခပ်စားကြမယ်ဆိုရင် အဖြစ်လောက်ထည့်စားပြီး ထသွားတာ။ နောက်လူရှေ့လူအတွက် အမြဲ
ဦးစားပေးတယ်။ ''ဝေပုံကျ'' '' ကိုယ်တာ ''နဲ့စားတာတောင် သူရတဲ့ဝေစုကို ဘယ်တော့မှ အကုန်
မစားဘူး။ တစ်ဝက်လောက်စားပြီး ထမင်းဝိုင်းထဲဘယ်သူဟင်းလိုသလဲ လိုက်ကြည့်ပြီး ဟင်းကုန်နေတဲ့ သူ ပန်းကန်ထဲ အတင်းထည့်ပေးတာ။ များသောအားဖြင့် ကျနော့်ဟင်းပန်းကန်ထဲ ရောက်တာများ ပါတယ်။ ကျနော်ကအမြဲ ဟင်းကုန်ကုန်နေတတ်လို့။

ဝေမိုးကတော့ ကျနော်တို့ဝိုင်းမှာအငယ်ဆုံး။ ကျနော့်ညီတယောက်လို ချစ်ရတဲ့သူ။ ကျနော့်အပေါ်ကိုလည်း အကိုလိုသဘောထားတာ။ သူက လူပုံက ဖြူဖြူနွဲ့နွဲ့ ကလန်ကလားကြီး ဆိုပေမယ့် စိတ်ဓာတ်အတော်မာတဲ့ကောင်။ အရွယ်နဲ့ မလိုက်အောင် စာဖတ်အားများတယ်။ ယုံကြည်ချက်ခိုင်မာပြင်းထန်သလို၊ အငြင်းလည်းသန်တယ်။ အဲဒီလို အငြင်းသန်လို့ တခါက ဆရာကြီးနဲ့ “ဘု” ဖြစ်ခဲ့ရသေးတာပေါ့။ အဲဒီတုန်းက ကျနော်နဲ့ ဝေမိုး စာပေ စိစစ်ရေးကိစ္စပြောရင်း စာပေလွတ်လပ်ခွင့်အကြောင်း ရောက်သွားတယ်။ သူကစာပေလွတ်လပ်ခွင့် ဆိုတာ အလုံးစုံလွတ်လပ်ရမယ်လို့ သဘောရတယ်။ ကျနော်ကလိုအပ်တဲ့ အကန့်အသတ် စည်း ဘောင်တော့ ရှိသင့်တယ်လို့ယူဆတယ်။ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးဆိုင်ရာကိစ္စမျိုးမှာ ထိန်းထိန်း သိမ်းသိမ်းရှိသင့်တယ်လို့ လက်ခံထားလို့ပါ၊ ဝေမိုးကမဟုတ်ဘူး။ လုံးဝလွတ်လပ်ရမယ်။ အလုံးစုံ အကန့်အသတ်မဲ့နေရမယ်ဆိုပြီးတော့ရပ်ခံထားတယ်။ ကျနော်က လိင်မှုဆိုင်ရာ အညှီအဟောက် ကိစ္စ မျိုးမှာ ပရမ်းပတာဖြစ်တာနဲ့စာရင် လိုအပ်တဲ့ထိန်းသိမ်းမှုရှိရင်ကောင်းမယ်လို့မြင်တယ်။ သူက “၁၆နှစ် အောက်မဖတ်ရ” စာတမ်းကပ်လိုက်တာနဲ့ လုံလောက်တယ်လို့ယူဆတယ်။

အဲဒီလိုနဲ့သူနဲ့ကျနော်ဒေါင့်တစ်ခုစီကနေရပ်ခံပြောနေကြတုန်း စကားဝိုင်းထဲကို ဆရာကြီးဝင်လာတယ်။ ဆရာကြီးက ကျနော့်ရှုဒေါင့်အမြင်ကို လက်ခံတယ်။ သူပြောတာပိုပြီးတောင် ပြည့်စုံသေးတယ်။ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာ၊ ဘာသာတရားတွေနဲ့ချိန်ထိုးပြီး ကျနော့်အမြင်ကို ထပ်ဖြည့်စွက်တယ်။ ဝေမိုးက သူ့အမြင်သူ့ရှုဒေါင့်ကနေ တစ်ပြားမှ မလျှော့ဘူး။ အဲ့ဒီလိုပြောနေရင်းကနေ ဝေမိုးက '' ဒါဆို ဆရာကြီးက န.ဝ.တ အာဏာပိုင်တွေကို အားပေးနေသလိုပဲပေါ့။ ဘာထူးသေးလဲ။ ဆရာကြီးလည်း အာဏာရှင်ပါပဲ '' လို့ ပြောတော့ ဆရာကြီးမျက်နှာတင်းကနဲဖြစ်သွားတယ်။ '' အေး.. ငါသာ အစိုးရ ယန္တယားထဲရှိရင် မင်းလိုကောင်မျိုးကို အရင်ဖမ်းချုပ်ပစ်မယ် '' လို့ ပြောပြီး စကားဝိုင်းထဲက ထထွက်သွားပါလေရော ။

မှတ်မှတ်ရရ ဆရာကြီး စကားမာမာနဲ့ မျက်နှာတင်းတင်းနဲ့ ပြောတာ ဒီတစ်ခါတည်း တွေ့ဖူးတယ်။ သူက အာဏာရှင်ဆိုတာကို သွေးထဲသားထဲကနေ ဆန့်ကျင်နေတဲ့သူပဲလေ။ အခုသူကိုယ်တိုင် အာဏာရှင်လို့ ပြောခံလိုက်ရတော့ ' ဘု ' သွားတယ်နဲ့တူပါတယ်။ ဒါပေမယ့် ဝေမိုးအပေါ်မှာတော့ ဘယ်လိုမှ သဘောမထားတော့ပါဘူး။ နောင်နေ့တွေမှာလည်း ဝေမိုးကို ဖက်လဲတကင်း နွေးနွေးထွေးထွေး ဆက်ဆံနေတာပါပဲ ။ တကယ်တော့ ဝေမိုးအဖေကလည်း စာပေနယ်ကပဲလေ။ ဆရာကြီးနဲ့ရင်းနှီးနေတာ နှစ်ပေါင်းကြာလှပြီ။ ဝေမိုးအကို ဝေဦးကိုလည်း ( ၁ဝ ) တန်းမှာ ဆရာကြီးက စာသင်ပေးခဲ့ဖူးတာ။ ၁၉၉၈ ဝေမိုးထောင်ကလွတ်လို့ ဘုန်းကြီးဝတ်တော့လည်း ကျနော်နဲ့ဆရာကြီး သွားခဲ့ကြပါသေးတယ်။

ရယ်စရာလေးတစ်ခုရှိသေးတယ်။ ( ၅ ) ဆောင်မှာ ကိုရင်ဂေါင်းပြားဆိုတဲ့ ကိုရင်လေးရှိတယ်။ သူက ဘုန်းကြီးကံဆောင်သပိတ်မှာပါပြီး ထောင်ကျနေတာ။ အဖမ်းခံရတော့ ( ၁၆ ) နှစ်သားရှိသေးတယ် ဆိုလားပဲ ။ သူက အသက်ကလည်း ငယ်၊ သွက်ကလည်းသွက် ၊ ယဉ်လည်းယဉ်ကျေးလို့ အားလုံးက ဝိုင်းချစ်နေကြတာ ။ အဲဒီတုန်းက ထောင်ထဲမှာ ဆရာကြီးရဲ့ ' ဧည့်သည်ကြီး ' ကဗျာကို သူသူငါငါ ပြောနေကြတဲ့အချိန်လေ ။ ကဗျာလေးက ရွတ်လို့ကလည်းကောင်း ၊ တိုလည်းတိုတိုလေးဆိုတော့ လူတိုင်းပါးစပ်ဖျားမှာ ' ဆေးလိပ်လည်းတို ၊ နေလည်းညိုပြီ ၊ ငါ့ကို ပြန်ပို့ကြပါလေ ' ဆိုပြီး ရွတ်ရွတ်နေကြတာ။ အဲဒါကို.. ကိုရင်ဂေါင်းပြားက '' ပုံစံလည်းပြဲ ၊ ဝဲလည်းစွဲပြီ ၊ ငါလည်း အိမ်ပြန်ချင်လှပြီ ..'' ဆိုပြီး လုပ်ချလိုက်တာ။ လူတိုင်းတသောသောဖြစ်ကုန်ကြတယ်။

' ပုံစံ ' ဆိုတာ ထောင်ဝတ်စုံနဲ့အကျီ င်္၊ ပုဆိုးကိုခေါ်တာ ။ ထောင်မှာက အားလုံး ပုံစံနဲ့ မလွတ်ဘူး။ ပုံစံထိုင် ၊ ပုံစံထ ၊ ပုံစံရပ် ၊ ပုံစံပန်းကန် ၊ ပုံစံခွက် ၊ ပုံစံဆောင် ၊ ပုံစံထမင်း ၊ ပုံစံဟင်း ၊ ပုံစံဆပ်ပြာ ၊ ပုံစံနဲ့သွား ၊ ပုံစံနဲ့ပြော.. ဆိုပြီး ထောင်ထဲရှိရှိသမျှ ပုံစံဆိုတာနဲ့ ပတ်သက်နေတော့တာ။ ' ငါးပိ ' တောင် ထောင်က ပေးတဲ့ ' ငါးပိ ' ကို ' ပုံစံငါးပိ ' လို့ ခေါ်တာလေ ။ ကိုရင်ဂေါင်းပြားက အဲဒီ့ ' ပုံစံ ' ဆိုတာကို အမိအရယူပြီး ဆရာကြီးရဲ့ ' ဧည့်သည်ကြီး ' ကဗျာကို တုဆိုလိုက်တော့ အားလုံး သဘောကျသွားကြတယ်။ ဆရာကြီးကိုယ်တိုင်က ' ကိုရင်တော်တယ် ၊ ကဗျာဥာဏ်ရှိတယ် ' ဆိုပြီး ရယ်ရယ်မောမောနဲ့ ချီးကျူးနေလိုက်သေးတယ်။ အဲဒီ့နောက်ပိုင်းတော့ ' ဆေးလိပ်လည်းတို ' ဆိုတဲ့နေရာမှာ ' ပုံစံလည်းပြဲ ' ဆိုပြီး ပြောနေကြတော့တာပဲ ။ ဆရာကြီးကတော့ ထုံးစံအတိုင်း ပြုံးပြုံး ပြုံးပြုံးနဲ့ ။

ဆရာကြီးက သီချင်းလည်းအတော်ဝါသနာကြီးတာ။ သူ့အသံကတော့ သိကြတဲ့အတိုင်းပဲ ။ စကားပြောတာတောင် မနည်းညှစ်ပြောနေရတာ။ ဒါတောင် အသံက သိပ်မထွက်ချင်သေးဘူး။ ရှရှကြီး။ ဒါပေမယ့် သူက သီချင်းတော့ ဆိုချင်သေးတာ။ ကျနော်တို့ရဲဘော်ကြီး ကိုခင်မောင်ညွန့်က သီချင်းကြီးတွေ အကုန်ရတာဆိုပဲ ။ ဘယ်သီချင်းပြောလိုက်ပြောလိုက် အကုန်သူရပြီးသားပဲ ။ ဒါကို ဆရာကြီးက သိပ်သဘောတွေ့နေတာ။ အားတာနဲ့ ကိုခင်မောင်ညွန့်ကိုသီချင်းဆိုခိုင်းတော့တာပဲ ။ ကိုခင်မောင်ညွန့်ကလည်း သိပ်မဆိုချင်ရှာပါဘူး။ ငိုချင်လျက်လက်တို့သူ ဆိုသလို မဆိုခိုင်းခင်ကတည်းက ဆိုချင်လွန်းလို့ ပါးစပ်တပြင်ပြင်ဖြစ်နေတာ။ ဒါကြောင့် သူ့ကို ' ဖိုးဆိုချင် ခင်မောင်ညွန့် ' လို့ ခေါ်ကြတာ။

သူတို့နှစ်ယောက်ဆုံပြီဆိုတာနဲ့ သီချင်းဘဲ ။ ကိုခင်မောင်ညွန့် သီချင်းတွေရဲ့ စာသားတွေသာရတာ။ အသံကတော့ ( ၅ ) ဆောင်ပရိတ်သတ်စကားနဲ့ ပြောရရင် ' တအီအီ ၊ တအာအာ ' ဆိုတာမျိုး ။ '' ခင်မောင်ညွန့်သီချင်းဆိုရင် ဆရာကြီးက စည်းချက်လေးလိုက်ပြီး သူလည်း လိုက်ဆိုလိုက်သေးတယ်။ ကျနော်က ဆရာကြီးနဲ့ ကိုခင်မောင်ညွန့် အပြင်ရောက်လို့ ' စီးရီး ' ထုတ်ရင် ဝက်ဝက်ကွဲမှာပဲ ။ ' ဝက်ဝက်ကွဲ ' မယ်ဆိုတာ ပရိတ်သတ်ဝက်ဝက်ကွဲမှာ မဟုတ်ဘူး ။ ရှိသမျှ စည်းစိမ်ဝက်ဝက်ကွဲမှာကို ပြောတာလို့ '' လို့ ပြောတော့ ဆရာကြီးက ထုံးစံအတိုင်း ' ခွေးကောင်. . ခွေးမသား ' ဆိုပြီး ကျနော့်ခေါင်းကို ထုပါလေရော။ ပြီးတော့ ရယ်လိုက်တာမှ မျက်လုံးကြီးကို ပိတ်လို့။ ဒီမြင်ကွင်းလေးကို ခုထိ ကျနော့်မျက်စိထဲ စွဲကျန်နေသေးတယ်။

နောက် ဆရာကြီးနဲ့အတွဲမိသူတစ်ယောက်က စာရေးဆရာ မောင်သာမညပါ။ ကိုသာမညက ကျနော်တို့နဲ့ တဝိုင်းတည်းစားတာ။ နောက်ပိုင်းမှ သီးသန့်ပြောင်းခံလိုက်ရတယ်။ ဆရာကြီးနဲ့သူ အများဆုံးပြောဖြစ်တာကတော့ စာအကြောင်းပေအကြောင်းတွေပါဘဲ ။ ဆရာကြီးက ကိုသာမညကို တော်တော်ချီးကျူးတယ်။ စာအရမ်းဖတ်ကြောင်း ၊ နှံ့စပ်ကြောင်း ၊ အတွေးအခေါ်မျှတကြောင်း ခဏခဏ ပြောဖူးတယ်။ အပြင်ရောက်တော့လည်း သူတို့နှစ်ယောက် မကြာခဏတွေ့ဖြစ် ၊ ပြောဖြစ်ကြတယ်လို့ ဆိုတယ်။ ကျနော်နဲ့ကိုသာမညက အပြင်မှာ တစ်ခါမှ မဆုံဖြစ်ကြပါဘူး ။

ဒီလိုနဲ့ ၁၉၉၅ ဖေဖော်ဝါရီလမှာ တပ်မတော်ရွှေရတုအထိမ်းအမှတ်နဲ့ ဆရာကြီးလွတ်သွားတယ်။ သာမန်လွတ်ရက်စေ့ဖို့ ( ၄ ) လလောက်ပဲလိုတော့တယ်ထင်ပါရဲ့။ ဆရာကြီးလွတ်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် သူထောင်ဝင်စာတွေ့ရမယ့်နေ့ ။ သူ့သမီးတွေထောင်ဝင်စာလာတွေ့တာ သူ့ကိုလာကြိုသလို ဖြစ်သွားကြတာပေါ့ ။ ထောင်ဝင်စာပစ္စည်းတွေကို ကျနော်တို့ကို လှမ်းပို့ပေးလိုက်ပါတယ်။ ဆရာကြီးမရှိတော့ ကျနော်တော်တော်ဟာသွားတယ်။ အထူးသဖြင့် ညနေပိုင်းတွေမှာ နေလို့ ထိုင်လို့ကို မရဘူး ။ အဲဒီ့အချိန်က ဆရာကြီးနဲ့ကျနော်လမ်းလျှောက် ၊ စကားတွေပြော ၊စေတီလေးထဲသွားထိုင် ၊ အဲဒီလို နေနေကျလေ ။ ကျနော်သိရသလောက် ရနံ့သစ်မှာ ကဗျာကဏ္ဍအနေနဲ့ ဆရာကြီးလွတ်တော့ သူ့ကဗျာလေးတစ်ပုဒ်ပါလာတယ်။ 'တကိုယ်တော် ' တဲ့။ ကျနော်တို့အတွက် အမှတ်တရလက်ဆောင်လှမ်းပို့ပေးတယ်။ သင့်ဘဝမဂ္ဂဇင်းထင်ပါရဲ့ ။

'သည်လစကား' မှာ ဆရာကြီးကဗျာတွေထဲက ကောက်နုတ်ချက်လေး ထည့်ပေးလိုက်တာ။ ' ရိက္ခာနဲ့ သိက္ခာအတူယှဉ်လာပြီဆိုရင်. . ရိက္ခာမရွှင်ပေမယ့် သိက္ခာတင်ရတဲ့အခါလည်းရှိရဲ့. . သိက္ခာစင်မှ လိပ်ပြာရွှင်မှာ မဟုတ်လား. . ' တဲ့ ။ ကျနော်တို့အတွက် ပို့လိုက်တဲ့အမှတ်တရ လက်ဆောင်ဆိုတာ ကျနော်တို့ ချက်ချင်းတန်းသိတယ်။ သိတဲ့အတိုင်းပဲ ကျနော်တို့နေနေရတဲ့အခြေအနေက အစားအသောက် အဝတ်အစား ၊ အနေအထိုင်ကစလို့ ချို့တဲ့ခြင်းပေါင်းစုံနဲ့ နေနေရတာလေ။ ဒါပေမယ့် ကျနော်တို့ရဲဘော်တွေ ရုပ်ဝတ္ထုပစ္စည်းဆိုတဲ့ ရိက္ခာတွေချို့တဲ့နေပေမယ့် သိက္ခာစင်နေကြတယ်မဟုတ်လား ။ ဒီတော့ လိပ်ပြာလည်း ရွှင်နေကြတာပေါ့။ ဆရာကြီး ရင်ထဲက စကားလုံးတွေနဲ့ ကျနော်တို့ ဖြစ်နေတာတွေနဲ့က တထပ်တည်းပဲလေ။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာကြီးဟာ ရိက္ခာနဲ့သိက္ခာမှာ ဘယ်ဟာကို ပိုတန်ဖိုးထားရမယ်ဆိုတာတွေ့ရမယ်။ လိပ်ပြာသန့်ဖို့ ဘယ်လောက်လိုလားတယ်ဆိုတာလည်း ထင်းကနဲတွေ့ရပါလိမ့်မယ်။

ဆရာကြီးလွတ်ပြီး ( ၇ ) လအကြာ ၊ ၁၉၉၅ခု စက်တင်ဘာလ ( ၅ ) ရက်နေ့မှာ ကျနော်ထောင်ပြောင်းခဲ့ရတယ်။ မန္တလေးထောင်ကနေတဆင့် မြင်းခြံထောင်ရောက်တယ်။ မြင်းခြံထောင်မှာ ( ၂ ) နှစ်လောက်နေရပြီး ၁၉၉၇ ၊ အောက်တိုဘာလ ( ၈ ) ရက်နေ့မှာ ကျနော်လွတ်ရက်စေ့လို့လွတ်တယ်။ ရန်ကုန်ရောက်ပြီး ( ၂ ) ရက်လောက်နေပြီးတော့ ဆရာကြီးဆီ သွားတွေ့တယ်။ ကျနော်နဲ့အတူ အမှုတွဲထောင်ကျတဲ့ထွန်းထွန်းက လိုက်ပို့ပေးတာ။ သူက ကျနော့်အရင် ( ၁ ) နှစ်လောက်စောပြီး လွတ်သွားတဲ့သူ ။ အင်းစိန်က ဆရာကြီးအိမ်ရောက်တော့ သံတံခါးမှာချိတ်ထားတဲ့ ခေါင်းလောင်းလေးကိုဆွဲလိုက်တယ်ဆိုရင်ဘဲ ခပ်ဝဝ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ ဘယ်သူနဲ့တွေ့ချင်လို့လဲလို့မေးတော့ ၊ ကျနော်က ဆရာတင်မိုးနဲ့တွေ့ချင်လို့ပါ လို့ ပြောလိုက်တယ်။ ခေါ်ပေးမယ်လို့ ပြောပြီး သူပြန်လှည့်ထွက်သွားတယ်။ ကျနော့်ကို တံခါးမဖွင့်ပေးဘူး။ ကျနော်နဲ့ထွန်းထွန်းလည်း တံခါးဝမှာ ဒီအတိုင်းရပ်နေရတာပေါ့။

ဒီလိုလှည့်ထွက်ပြီးခြေလှမ်း သုံးလှမ်းလောက်လှမ်းပြီးတော့မှ နောက်ပြန်လှည့်ပြီး ဘယ်သူလို့ပြောလိုက်ရမလဲလို့ မေးပါတယ်။ ကျနော်က ' နေခြူး လို့ပြောလိုက်ပါ ' လို့ ပြောလိုက်တော့ ' ဟယ် . . နေခြူးလား ' လို့ ပြောပြီး တံခါးလည်းပြန်ပြေးဖွင့် ၊ ပါးစပ်ကလည်း ' ဖေဖေရေ . . ဒီမှာ နေခြူးရောက်နေတယ် ' လို့ အိမ်ထဲကိုလည်း အော်ပြောလိုက်သေးတယ်။ တံခါးဖွင့်ပြီး ကျနော့်ကိုအိမ်ထဲခေါ်ထိုင်ခိုင်းထားပြီးတဲ့ အချိန်ထိ ဆရာကြီးရောက်မလာသေးဘူး။ နောက်ထပ် အမျိုးသမီးနှစ်ယောက် ထပ်ရောက်လာတယ်။ 'နေခြူး..လား ၊ ဖေဖေပြောပြလို့မောင်လေးအကြောင်း အမတို့သိထားကြပြီးသား. . နေကောင်းလား. . ဖေဖေအောက်မှာ ၊ ခုပဲတက်ခဲ့မယ်။ လွတ်တာဘယ်နှစ်ရက်ရှိပြီလဲ. .” ဆိုပြီး ဝမ်းပမ်းတသာနဲ့ ပြောနေလိုက်ကြတာ ခရီးဝေးကပြန်ရောက်လာတဲ့ သူတို့မောင်လေးကို ဝိုင်းနှုတ်ဆက် နေကြသလိုမျိုးပါပဲ။

ခဏနေတော့မှ ဆရာကြီးလှေကားကနေ အမောတကောတက်လာပြီး ၊ ကျနော့်လည်းမြင်ရော ' ဟာ . . ခွေးကောင် . .' ဆိုပြီး တအားဖက်နှုတ်ဆက်ပါတော့တယ်။ ဆရာကြီးမျက်ဝန်းထဲမှာ မျက်ရည်စတွေရစ်ဝဲနေတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်မယ်ထင်ပါရဲ့။ ဆရာကြီးအသံတွေတောင် တုန်ခါနေလို့ ။ မေးတာတွေလည်း အများကြီးပဲ ။ ' နေကောင်းရဲ့လား ။ အခုဘယ်မှာနေလဲ ။ မြင်းခြံထောင်မှာ သေလုမျောပါးဖြစ်နေတယ်ကြားလို့ . ဟုတ်လား .. ' နဲ့ စုံနေတာပါပဲ။ သမီးတွေနဲ့မိတ်ဆက်ပေးတော့ အမကြီး မမိုးမိုးစံ ၊ မမိုးမိုးအေး ၊ မမိုးမိုးနှင်းတို့ကို လူနဲ့နာမည်နဲ့တွဲမိသွားတယ်။ မမိုးချိုသင်းနဲ့ကိုဥာဏ်မိုးစန်းတို့က အိမ်မှာမရှိကြဘူး။ သူတို့ ( ၂ ) ယောက်နဲ့နောက်ပိုင်းကျမှလူချင်းတွေ့ဖူးကြတာ။ မမိုးမိုးစံကဆို ကျနော့်ကို မောင်လေးတယောက်လိုပဲ။ ' ဘာလိုလဲ.. လိုတာရှိရင်ပြောနော် ' ဆိုပြီး အကြိမ်ကြိမ်ပြောတာ။ ဆရာကြီးအိမ်ကအပြန်မှာ ထွန်းထွန်းက ' မင်းကို ဆရာကြီးက တော်တော်ချစ်တာပဲ ၊ သူ့သမီးတွေဆိုလည်း မင်းနဲ့လူချင်းခုမှ တွေ့ဖူးတယ်သာဆိုတာ ၊ တကယ့်ဆွေမျိုးရင်းချာ တယောက်လိုမျိုး နုတ်ဆက်ကြတာ ' လို့ သူအံ့သြပြီးတော့ကို ပြောတာပါ။ ကျနော်ကိုယ်တိုင်လည်း အံ့သြသွားမိတာအမှန်ပါပဲ။

ပထမချက်ချင်း တံခါးမဖွင့်ပေးဘူး။ နောက် ကျနော့်နာမည်ကြားတာနဲ့တံခါးဖွင့်ပြီး ပျာပျာသလဲ နှုတ်ဆက်ပုံတွေက လူချင်းမတွေ့ဖူးကြပေမယ့် ကျနော့်အကြောင်းကို သူတို့ရင်ထဲ ရင်းနှီးနေကြပြီးသားဆိုတာ ဖော်ပြနေတာပါဘဲ။ ဒါကိုကြည့်ရင် ဆရာကြီး ကျနော့်အကြောင်း ဘယ်လောက်များ ရွှန်းရွှန်းဝေအောင် ဖောက်သည်ချထားမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိသာပါတယ်။ တကယ်ဆို ကျနော်ကိုယ်တိုင် အဲဒီလောက်ထင်မထားခဲ့မိဖူး ။ ဆရာကြီးနဲ့သာရင်းနှီးတာလေ ။ သူ့မိသားစုနဲ့ကတော့ ပုံမှန်ဝတ်ကျေတန်းကျေလောက် ဆက်ဆံကြမယ် ထင်ခဲ့တာ။ အဲဒီ့တုန်းက မြင်ကွင်းလေး ခုထိ ကျနော့်မျက်လုံးထဲ စွဲထင်နေဆဲပါ။

ဆရာကြီးနဲ့ရော သူ့မိသားစုတွေနဲ့ပါ စကားပြောနှုတ်ဆက်ပြီး ပြန်မယ်လို့ လုပ်တော့ ဆရာကြီးက ခဏဆိုပြီး အိမ်ထဲဝင်သွားတယ်။ ပြန်ထွက်လာတော့လက်ထဲမှာ ပိုက်ဆံတွေကိုင်လာပြီး ' ရော့. . မင်းသုံးဖို့ ယူသွား ' ဆိုပြီး ပေးတယ်။ ကျနော်က မယူဘူး ငြင်းတာ မရဘူး ။ အတင်းအိတ်ထဲထည့် ပေးတော့တာပဲ ။ ' ဆရာကြီး ကျနော်မယူချင်ဘူး ။ ကျနော်ဒီကိုလာတာ ဆရာကြီးကိုတွေ့ချင်လို့ လာနုတ်ဆက်တာ ၊ ပိုက်ဆံမလိုဘူး ' လို့ ပြန်ပြောလိုက်တော့ ဆရာကြီးက ' အထဲက ထွက်လာတဲ့သူတွေ ငါ့ဆီလာကြရင် ငါက သုံးဖို့ဆိုပြီး ပေးနေကျဘဲ ။ ထွက်ခါစမှာ သုံးဖို့ လိုတယ်မဟုတ်လား ။ ဒါကြောင့် ယူပါကွာ ' ဆိုပြီး အတင်းပေးနေပြန်တယ်။ ကျနော်ကလည်း အတင်းငြင်းနေတာ။ မျက်စိမျက်နှာပျက်ပြီး ငြင်းလွန်းမကငြင်းတော့မှ ဆရာကြီး မပေးတော့ပါဘူး ။ မမိုးမိုးစံအနားကပ်ပြီး တိုးတိုးလေးပြောလိုက်တော့ မမိုးမိုးစံအထဲ ပြန်ဝင်သွားတယ်။ ပြန်ထွက်လာတော့ ပုဆိုးနဲ့အကျီ င်္တစ်စုံပါလာတယ်။ '' ဒါတွေ ယူကွာ။ အသစ်တွေပဲ ။ မင်းဝတ်လို့ရတာပေါ့ ''ဆိုပြီး ပေးနေပြန်ရော။ ကျနော်လည်း အတော်လေး စိတ်ကသိကအောက် ဖြစ်သွားတယ်။

မယူချင်ဘူးဆိုပြီး ဇွတ်ငြင်းတော့ ဆရာကြီးက '' ငါမင်းကို အမှတ်တရပေးတာ ၊ ယူပါကွာ ''ဆိုပြီး အတင်းပေးပြန်တယ်။ '' အမှတ်တရလား ။ ဆရာကြီးနဲ့ကျနော့်ကြားမှာ ရုပ်ဝတ္ထုပစ္စည်းအမှတ်တရ လိုသေးလို့လား ၊ ကျနော်တို့ရင်ထဲမှာဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရတဲ့အမှတ်တရ ရှိနှင့်ပြီးသားပဲ ။ ဒါတွေ ဆရာကြီးဝတ်ဖို့ ယူထားလိုက်ပါ ''လို့ ပြောလိုက်တော့ ဆရာကြီးလှစ်ခနဲ ပြုံးတာတွေ့လိုက်ရတယ်။ ကျနော်ပြောလိုက်တဲ့စကားကို သဘောကျသွားပုံရပါရဲ့။ ဒါပေမယ့် သူပေးတာ ကျနော်မယူလို့ '' မင်း တော်တော်မာနကြီးတဲ့ကောင်ကွာ '' လို့ ငြီးငြူလိုက်တယ်။ အဲဒီလိုမှတ်ချက်မျိုး အထဲမှာ နေစဉ်ကတည်းက သူကျနော့်ကို မကြာခဏ ပြောခဲ့ဖူးသားပါ။ ကျနော်က အစားအသောက်ကအစ မလိုအပ်ဘဲ သူများဆီကမယူတတ်ဘူးလေ။ အထူးသဖြင့်အလကားရတာကို မလိုချင်တာဘဲ။ နောက်သူနဲ့ကျနော်ကြားမှာ ခဏခဏ ကသိကအောက်ဖြစ်ရတာရှိသေးတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ရင် ငွေရှင်းတဲ့ကိစ္စ ။ သူလည်းရှင်းမယ် ကျနော်လည်းရှင်းမယ် ဖြစ်ကြတာ။ နောက်ဆုံးတော့ ဆရာကြီးက ဒီလိုစည်းမျဉ်းချလိုက်ပါတော့တယ်။ သူနေတဲ့အင်းစိန်မြို့နယ် ပရိဝုဏ်ထဲမှာဆိုရင် သူရှင်းမယ်။ ကျနော်နေတဲ့မြို့နယ် ဧရိယာထဲဆိုရင် ကျနော်က ရှင်း ။ ဒီလိုတော့မှ အဆင်ပြေသွားတော့တယ်။

ကျနော်ကပစ္စည်းတစ်ခုရဲ့တန်ဘိုးကို လိုအပ်မှုနဲ့တိုင်းတာတယ်။ လူ့သတ်မှတ်ချက်အရ ဘယ်လောက်တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်နေပါစေ ၊ ကျနော်မလိုအပ်ရင် ဒီပစ္စည်းက ကျနော့်အတွက် တန်ဖိုး မရှိဘူး ။ သတ်မှတ်ချက်အရ တန်ဖိုးနည်းနေပေမယ့် ကျနော့်အတွက်လိုအပ်နေရင် အဲဒီ့ပစ္စည်း တန်ဖိုးကြီးတယ်။ နောက်တစ်ခုက အလကားရတာကို ကျနော်မယူတာပဲ။ အလကားရလို့ယူရင် စိတ်က အဲဒီ့အလကားရမှုအပေါ်ကိုသာယာသွားပြီး အလကားလိုချင်စိတ် အချောင်လိုချင်စိတ်တွေ ဖြစ်သွားတတ်တယ် လို့ ယူဆတယ်။ ဘာဘဲဖြစ်ဖြစ် အားထုတ်မှုတခု စိုက်ထုတ်ပြီးမှ ကျနော်လိုချင်တယ်။ အဲဒီ့လိုအားထုတ်မှုနဲ့ရတဲ့အပေါ်တန်ဖိုးထားတယ်။

နောက်တခုက လူ့စိတ်က တစ်ခုခုပေးပြီးရင် တစ်ခုခုပြန်လိုချင်ကြတယ်။ တန်ရာတန်ကြေး ပြန်တောင်းချင်တတ်ကြတာ ထုံးစံလို ဖြစ်နေပြီ။ ဆရာကြီးကျနော့်အပေါ် အဲဒီလိုမျိုးမရှိဘူးဆိုတာ ကျနော်အတိအကျယုံကြည်တယ် ။ ကျနော့်စိတ်မှာ ကိုယ်က ကိုယ်ယုံကြည်ချက်နဲ့ ကိုယ် အခုအခံ ဖြစ်နေတာလေ။ ကျနော့်အနေနဲ့တစ်ခုခု ယူပြီးရင် တစ်ခုခုပြန်ပေးဖို့ တာဝန်ရှိတယ်လို့ ခံယူထားတယ်။ ဒီခံယူချက်ကြောင့်ပဲ ဘာဘဲဖြစ်ဖြစ် မလိုရင် မယူဘူး ။ အလကားရလို့ ယူတာမျိုး ဘယ်တော့မှ မလုပ်ဘူး ။ ငွေကြေးဥစ္စာသာမကပဲ ကျနော်ပညာရေးမှာလည်း ဒါမျိုးကျင့်သုံးခဲ့တာပါ။ ဒါပေမယ့် အများအမြင်မှာတော့ ကျနော်ဟာ မာနကြီးတယ် ၊ ခေါင်းမာတယ်ဆိုပြီး အမြဲလိုလို အမြင်ခံရတယ်။ ဒီအမြင်ကို ကျနော်ရှင်းဖို့ မကြိုးစားဘူး။ လူပဲလေ ။ အမြင်ခံရတတ်တာချည့်ဘဲ ။ အဲဒါလူ့လောကရဲ့ထုံးတမ်းအစဉ်အလာတစ်ခုခုလိုတောင် ဖြစ်နေပြီလေ။

ကျနော်လွတ်ခါစအချိန်တွေမှာ ဆရာကြီးနဲ့သုံးလေးကြိမ်လောက်ပဲ လူချင်းတွေ့ဖြစ်ကြတယ်။ ဖုန်းနဲ့တော့ နေ့တိုင်းပြောဖြစ်ပါတယ်။ ထောင်ကထွက်တော့ ကျနော့်အသက်က ( ၂၆ ) နှစ် ၊ ပညာအရည်အချင်းက ( ၉ ) တန်း ၊ စီးပွားရေးက ဘာမှမရှိ ၊ လက်မှုပညာကလည်း သေနတ်ပစ်တာကလွဲရင် ဘာတစ်ခုမှ မလုပ်တတ်မကိုင်တတ် ။ ရွယ်တူတန်းတူတွေအားလုံးလိုလိုက ဘွဲ့တွေရလို့ တစ်ခုခုမှာ ခြေကုတ်ရနေကြပြီ။ လူတော်တော်များများက ( ၈၈ ) လိုမျိုး လူထုတိုက်ပွဲကြီး ဖြစ်ခဲ့ဖူးပါလားဆိုတာတောင် မေ့သလောက်ရှိနေကြတယ်။ စိတ်ထဲမှာ အားမလိုအားမရမှုတွေ ၊ မခံချင်မှုတွေနဲ့ မုန်တိုင်းထန်နေတော့တယ်။ လူတွေကိုကြည့်ပြီး အဓိပ္ပါယ်မဲ့သလိုမျိုးခံစားလာရတယ်။ ဒီတော့လူတွေနဲ့ဝေးသထက်ဝေးပြီး တစ်ကိုယ်တည်းအထီးကျန်လာတယ်။ ထောင်ထဲကျန်ခဲ့တဲ့ရဲဘော်တွေအတွက် ဘာမှမကူညီမထောက်ပံ့နိုင်လို့ အကြီးအကျယ်ကြေကွဲ ဝမ်းနည်းရတယ်။

ကိုယ့်စိတ်ကို ဘုန်းဘုန်းလဲပြိုကျမသွားအောင် အနိုင်နိုင်စုစည်းမတည်ဖို့ ကြိုးစားနေချိန်မှာ ကျနော့်ကိုငယ်ငယ်က စာသင်ပေးခဲ့တဲ့ဆရာမ ( ၂ ) ယောက်က ကျနော့်စိတ်အခြေအနေကို နားလည်တယ်။ ကျနော့်ကို အားပေးတယ်။ စာမေးပွဲပြန်ဖြေဖို့ တိုက်တွန်းတယ်။ လိုအပ်တာမှန်သမျှ သူတို့တာဝန်ယူဖို့ ပြောတယ်။ တကယ်ဆို ဒီဆရာမနှစ်ယောက်ဟာ ကျနော့်အမေလိုပါဘဲ ။ ငယ်ငယ်ကတည်းက ကျနော့်ကို စောက်ရှောက်ခဲ့တာပါ။ သားတစ်ယောက်နဲ့မခြားပါဘဲ။ သူတို့တစ်မိသားစုလုံး ဆရာ ဆရာမတွေချည်းဆိုတော့ သူတို့အိမ်ကလည်း ဘော်ဒါဆောင်လို ဖြစ်နေတယ်။ အမြဲတမ်းကျောင်းသားတွေနဲ့ တရုံးရုံး ၊ ဒီလိုအခြေအနေမှာ ကျနော်သာ စာမေးပွဲပြန်ဖြေမယ်ဆိုရင် ကျနော့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီး အစစအရာရာတာဝန်ယူမယ်။ ကျနော့်ဘက်က ဆုံးဖြတ်ဖို့ပဲလိုတော့တယ်။

ပထမတော့ ကျနော်ပညာရေးကို ကျောခိုင်းလိုက်ဖို့ပါဘဲ။ အသက်က ( ၂၆ ) နှစ် ၊ အတန်းက ( ၉ ) တန်း ၊ အစပ်အဟပ်က အရမ်းကွာလွန်းတယ်။ ဆရာမတွေကတော့ စာမေးပွဲပြန်ဖြေဖို့ပဲ တပူပူတစာစာလုပ်နေကြတယ်။ သူတို့ကစာသင်ကြားမှုအပြင် ကုန်ကျစရိတ်အကုန်လုံး တာဝန်ယူဖို့အဆင်သင့်။ ကျနော်ငယ်ငယ်က စာကြိုးစားတာ သူတို့သိနေတယ်လေ။ ( ၈၈ ) ကြောင့် ပညာရေးတပိုင်းတစဖြစ်သွားရတာကို စိတ်မကောင်းဖြစ်နေကြတာ။ နောက်ဆုံးတော့ ဆရာမတွေရဲ့မေတ္တာစေတနာကို လိုက်လျောဖို့ကတစ်ကြောင်း၊ အခြေအနေတွေရဲ့ ပြဌာန်းချက်ကြောင့်တကြောင်း ကျနော်ပြန်ဖြေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ပြီးမှ ဆရာကြီးဆီဖုန်းဆက်ပြီး ကျနော်ဖြစ်နေတဲ့အခြေအနေတွေနဲ့ ဆုံးဖြတ်ချက်ကိုပါ ပြောပြလိုက်ပါတယ်။

သူဝမ်းသာသွားပါတယ်။ ဖုန်းထဲကနေ '' မင်းအခုအိမ်မှာ ရှိလား၊ ခုဘဲ ငါလာခဲ့မယ်၊ စောင့်နေ ''ဆိုပြီး ဖုန်းချပြီးတာနဲ့ ကျနော့်ဆီ တန်းလာခဲ့တယ်။ လူချင်းတွေ့တော့ ဆုံးဖြတ်ချက်မှန်ကြောင်း သူလည်းလိုအပ်တာမှန်သမျှ အကုန်ပံ့ပိုးပေးမယ်ဆိုတဲ့အကြောင်း ၊ ကျနော့်ဖက်ကသာ မာနမထားဘဲ လက်ခံဖို့လိုတဲ့အကြောင်းတွေ ပြောပြီး ၊ ''အထဲမှာထဲက မင်းက ကတိမပေးခဲ့ဘူး။ အခုမင်းပြန်ဖြေမယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် မင်းဖြစ်ထွန်းအောင်မြင်မယ်ဆိုတာ ငါယုံတယ်။ မင်းကဆုံးဖြတ်ချက်ချပြီးရင် မရရအောင် အကောင်အထည်ဖော်တတ်တယ်။ ဒါကို ငါအပြည့်အဝ ယုံနေတယ်.. '' တဲ့ .။

ထောင်ကလွတ်တာက ၉၇ အောက်တိုဘာ ၊ စာမေးပွဲက ၉၈ ဖေဖော်ဝါရီဆိုတော့ အချိန်က ( ၄ ) လလောက်ရှိတာ။ ဒါတောင်မှလွတ်ခါစက ဟိုဟိုဒီဒီနဲ့ အချိန် ( ၁ ) လကျော်ကျော်ကုန်သွားပြီးမှ စာမေးပွဲပြန်ဖြေဖို့ ဆုံးဖြတ်တာဆိုတော့ ပြင်ဆင်ချိန် ( ၃ ) လတောင်မရှိတော့ဘူး ။ ( ၈၈ ) မဖြစ်ခင် ကျနော်တက်ခဲ့တဲ့ ကျောင်းမှာဘဲ ပြန်ဖြေဖို့လုပ်တာဆိုတော့ ဆရာမတော်တော်များများက ကျနော့်နောက်ခံအကြောင်းသိနေကြတယ်။ ဒါကြောင့် သူတို့အားလုံး အကူအညီဝိုင်းပေးကြတယ်။ ကျက်ရ ဖတ်ရမယ့် သင်ခန်းစာတွေကို ဘာသာရပ်အလိုက်မှတ်စုထုတ်ပြီး ကော်ပီကူးပေးကြတယ်။ အပြင်ဖြေကျောင်းသားတွေအတွက် ဖွင့်ထားတဲ့သင်တန်းတွေကိုလည်း လာတက်ဖို့ ခေါ်ကြသေးတယ်။

ကျနော်ကလည်း ကိုယ့်ယုံကြည်ချက်အတိုင်း စာလုံးဝခိုးမချဘူး။ ကျနော်မသိတဲ့စာတစ်လုံးကို အဖြေလွှာထဲပါမသွားစေရဘူး ။ အားကုန်ကျက်မယ်၊ ကြိုးစားမယ်၊ ရသလောက်ဖြေမယ်၊ အဲ့လို အားထုတ်မှုတွေနဲ့ရတဲ့အောင်မြင်မှုမျိုးကိုဘဲ ကျနော်ယူမယ်။ ခိုးချပြီး အောင်တဲ့စာမေးပွဲမျိုးကို ကျနော်လုံးဝ တန်ဖိုးမထားဘူး ။ ဒီလိုကျနော့်ခံယူချက်တွေကို ဆရာမတွေကိုကြိုပြောထားတယ်။ ပြီးတာနဲ့ အချိန်ဇယားဆွဲပြီး စာထဲနှစ်ထားလိုက်တယ်။

တောထဲနဲ့ထောင်ထဲ စုစုပေါင်း ( ၁ဝ ) နှစ်လောက် စာနဲ့ အဆက်အသွယ်ပြတ်သွားတော့ ထင်သလောက်မလွယ်ဘူး။ စိတ်မှာလည်း အခြားအခုအခံတွေနဲ့ဆိုတော့ မနည်းအားထုတ်နေရတယ်။ ဆရာကြီးလည်း ကျနော့်ဆီလူ ကိုယ်တိုင်လာတဲ့အခါလာ ဖုန်းနဲ့တော့အမြဲပြောဖြစ်တယ်။ စာမေးပွဲဖြေခါနီးဆဲဆဲမှာ အဒေါ်အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ရတယ်။ စာမေးပွဲတစ်ဖက် ဆေးရုံတစ်ဖက်နဲ့ ဗျာများသွားပါသေးတယ်။ စာမေးပွဲဖြေပြီးမကြာဘူး။ အဒေါ်လည်း ဆုံးသွားတယ်။ ကျနော်စာမေးပွဲတော့ အောင်သွားပါတယ်။

ဆက်ပါအုံးမည်..