Saturday, December 5, 2015

နှင်းလို့ ထင်ရတဲ့ မြူ ရေးသူ - မောရူးဆိုး



နှင်းလို့ ထင်ရတဲ့ မြူ
ရေးသူ - မောရူးဆိုး

ဒီလိုပါပဲ
ခြေလှမ်းတွေကို မှတ်သားရင်းနဲ့
အဝါ အနီတွေ အညိုတွေ ရောင်စုံပြီးတဲ့နောက်
တစ်ခါတစ်ရံလည်း အစိမ်းရောင် တစ်ချို့တစ်ဝက် တလှုပ်လှုပ်ကျ
ဘာမှလည်း သိတ်မထူးခြားသလို
သေချာတာကတော့ ဝမ်းနည်းနေတာမျိုး။

ဒီလိုပါပဲ
မွဲခြောက်ခြောက် ကုန်းမို့မို့တွေ စိုပြေလာလိုက်
အနိမ့်ထဲဆင်း အမြင့်ထဲ ကွေ့ကောက်
ရောက်တတ်ရာရာ မဟုတ်ပေမယ့် ကျကျနန
ဆန်းကျယ်သလို မဟုတ်ရလို့
သေချာတာကတော့ ဟာလပ်နေတာမျိုး။

ဒီလိုပါပဲ
အထပ်ထပ် အခါခါ အကြိမ်ကြိမ် အလွှာလွှာ
အဝိုင်း ရှည်မျောမျော အချပ်လိုက် အလိပ်လိုက် ပုံသဏ္ဍန်ချ
အလှအပ ဒီဇိုင်းကျကျ ခပ်သွက်သွက် အလောသုံးဆယ်
အခြေခံကတော့ တစ်မျိုးထဲနဲ့
သေချာတာကတော့ တွေဝေနေတာမျိုး။

ဒီလိုပါပဲ
ငြိမ်ငြိမ်သက်သက် စည်းခြားထားသလို တိတ်ဆိတ်
မလှုပ်မယှက် ဖာသိဖာသာတွေ ပျာယာခတ်
ဖွာတာတာ အသံတွေ လျောလျောထွက်သွား
နားလည်ရခက်တာ မဖြစ်ပေမယ့်
သေချာတာကတော့ နောက်ကျန် နောက်ချန်ရတာမျိုး။

ဒီလိုပါပဲ
ငေးမောစောင်းငဲ့ ပတ်လည်လှည့် အမျှင်တန်း
ဘာကမှ ပူလောင်စရာ မရှိလို့ ထင်ရ
အတွင်းကျကျ အဓိပ္ပါယ်တွေ မသိနိုင်
ဝင်္ကပါလို မဆိုသာပေမယ်လို့
သေချာတာကတော့ လက်ကျန် မရှိနေတာမျိုး။

ဟုတ်ပါပြီ
အကယ်၍များ ဘဝ တစ်ခုစီ တစ်ခုစီ မခြားခဲ့ရင်
ဘာပိုင်ဆိုင်ခဲ့တယ် နားလည်ခဲ့ရင်
အပြစ်တင်စရာတွေ မထားခဲ့ရင်
မျှော်လင့်ချက်များ ဆိုတာတွေဟာ
သေချာပါတယ်
ဒီလိုပါပဲ
ဒီလိုပါပဲ .။    

မောရူးဆိုး
03/12/2015 Tracy, CA, U.S.A.

Friday, November 20, 2015

အမေမာ ရာပြည့်၊ သားတင်မိုး ၈၄ နှစ်။



သက္ကရာဇ် ၂၀၁၅၊ အမေမာ ရာပြည့်၊ သားတင်မိုး ၈၄ နှစ်။


အမေမာ(လူထုဒေါ်အမာ) သား-လူထု(တင်မိုး) ကွယ်လွန်တော့ ဟောသည်လို ဝမ်းနည်းမှတ်တမ်းရေးပါတယ်။

"သူဆုံးတယ် ကြားလိုက်တော့ နှမြောလိုက်တာ။
သူလိုလူ ၂ ယောက် မရှိဘူး။
တို့ခေတ်မှာ ဇော်ဂျီ၊ မင်းသုဝဏ် ရှိတယ်။
ကဗျာဆိုတာ တယောက်တမျိုး ကောင်းကြတာပဲ။
မောင်တင်မိုးကတော့ ငါ့စိတ်ထဲ သူ့ကဗျာတွေက
အိတယ်၊ ထိတယ်၊ မိတယ်၊
ပိုပြီးတော့ ဗမာဆန်တယ်လို့ ခံစားရတယ်။

အခုအမေက ဘာမှ မရေးနိုင်တော့ဘူး။
ကြီးပြီး အသုံးမကျတဲ့လူ (အဘွားကြီး)က သေရမှာ၊
၇၃ နှစ်ရှိတဲ့ မောင်တင်မိုး ဆုံးသွားရှာသတဲ့။
သူ့လို မနေလို့ သေရရင် ကိုယ့်နိုင်ငံမှာပဲ သေစေ့ချင်တယ်
နောက်ဆုံး မြင်ရ၊ တွေ့ရ၊ သင်္ဂြီုဟ်ရတာပေါ့။

တင်မိုးရေ သွား တော့နော်..

ဘဝတွေရှိကြသေးတယ်ဆိုရင် နောင်ဘဝမှာ ဆုံကြ၊ တွေ့ကြ သေးတာပေါ့နော်။

လူထု ဒေါ်အမာ
(ဇန်နဝါရီ ၂၃၊ ၂၀၀၇)"

ဆရာဂျမ်းဟာ သမီးဖြစ်သူ မိုးမိုးနှင်း နေတဲ့ ဘယ်လ်ဂျီယံကို ရောက်တော့ ကိုယ့်ဆီကို ဖုံးဆက်တယ်။ ၁၉၉၉ ခုနှစ် အကုန်ပိုင်းလောက်က ဖြစ်မယ်။ နောက်တော့ ၂၀၀၀ ဇွန်လမှာ အမေရိကပြည်၊ လော့စ်အိန်ဂျယ်လိစ်ကို ရောက်လာတယ်။ Alhambra မှာ တည်းတယ်။

ကိုယ်က ဆရာ့ကို တည်းတဲ့ အိမ်မှာ သွားခေါ်ပြီး တနေကုန် နှစ်ယောက်သား နားနားနေနေ စကားပြော နိုင်အောင် Universal Studio ခေါ်သွားတယ်။

ယူနီဗာဆယ်စတူဒီယိုထဲက ရုပ်ရှင်ရိုက်တဲ့ နေရာတွေ၊ ရုပ်ရှင်ရိုက်ပုံရိုက်နည်း ပြတဲ့ နေရာတွေ လျှောက်ကြည့်ကြတယ်။

ဆရာ့အကြိုက်ဆုံးနေရာက ကောင်းဘွိုင်(cow boy) ရုပ်ရှင်ရိုက်ခန်းပဲ။ ပရိသတ်က မြေဝိုင်းဇာတ်ကို ပွဲကြည့်စင် ပေါ်က ကြည့်ရတယ်။ ဆက်တင်ကို အကျအန ဆောက်ထားတယ်။ saloon ရှေ့မှာ ရေတွင်း၊ ကောက်ရိုးပုံ၊ ခြံစည်းရိုးတိုင် စသဖြင့်.။

မြင်းတွေနဲ့ ထွက်လာ သေနတ်တွေပစ်ကြ၊ လက်သီး တွေထိုးကြ၊ ထိုးလိုက်တာ ရေတွင်းထဲ ကျ၊ saloon အပေါ်ခေါင်မိုးနဲ့ အောက်မြေပြင် သေနတ်တွေ အပြန်အလှန်ပစ်၊ ခေါင်မိုးပေါ်က ဂျွမ်းပစ်ကျလာ အောက်က ကောက်ရိုးပုံပေါ်ကျ၊ ဟာသတွေလည်း ပါသေးတယ်။ ဒိုင်းနမိုက်ခွဲဖို့ လုပ်ထားတဲ့ ခလုတ်ပေါ် ဖင်ထိုင်လျက်လဲ၊ မိုင်းတွေပေါက်ကွဲ၊ saloon ကြီး ပြိုကျ၊ ပွဲသိမ်း။

ပြိုကျလာတဲ့ saloon ကြီး ပြန်ထောင်မတ်သွား၊ ပကတိ အကောင်းအတိုင်း၊ လက်သီး ထိုးလိုက်လို့ ရေတွင်းထဲကျ သွားတဲ့ ကောင်လည်း ပြန်တက်လာ၊ သရုပ်ဆောင်သူတွေ ပရိသတ်ကို နှုတ်ဆက်၊ ဓါတ်ပုံတွေ တွဲရိုက်။ ပျော်စရာကြီး။

နောက်တခုက စတူဒီယိုထဲ tram ကားနဲ့ လျှောက်ကြည့်ရတယ်။ မောင်းတဲ့ လူက မိုက်ခွက်နဲ့ လမ်းညွှန်လာတယ်။ တနေရာရောက်တော့ မိုးတွေက မည်းလာလိုက်တာ..။ လမ်းညွှန်ကား မောင်းသမား အသံတွေ တုန်တက်လာတယ်။ လေတွေ မိုးတွေကျ၊ လျှပ်စီးတွေ လက်၊ မိုးတွေ ခြိမ်း။ တောင်ပေါ်က ကျလာတဲ့ ရေလုံးကြီးက ကားရှေ့ကို လှိမ့်ဆင်းလား၊ သစ်ပင်တွေ ကားရှေ့ ဖြတ်လဲ..။

နောက်တော့ မုန်တိုင်း ရပ်သွားတယ်။ လဲတဲ့ သစ်ပင်တွေ သူ့နေရာနဲ့ သူ ပြန်ထောင်သွားတယ်။ ရေတွေလည်း ဘယ်ရောက်ကုန်လဲ မပြောတတ်ဘူး။ ပျောက်ကုန်တယ်။ ဘာမှ မဖြစ်သလို.. ကားသမားလဲ တဟဲဟဲနဲ့ သူ ကြောက်ပြတာ အောင်မြင်သွားတဲ့ ပုံနဲ့ ဂုဏ်ယူစွာ။

တခါ tunnel (studio) ကြီးတခု ထဲ ဝင်လိုက်တော့ မီးတွေ မှောင်ချ ထားချိန်မှာ ကိုယ်တို့ စီးလာတဲ့ ကားက ငလျင်လှုပ်လို့ သွက်သွက်ခါပါလေရော။ ရေကာတာကြီး ကျိုးကျလို့ ကားဘေးကို ရေတွေရောက်လာတုံးမှာ မျက်နှာချင်းဆိုင်က လာတဲ့ မီးရထားကြီးက မှောက်ပြီး ဒရွတ်တိုက် ဆွဲလာတာ ကားနားမှာမှ လာရပ်သွားတယ်။ ကြောက်လန့်စရာတွေ ဖန်တီးပြထားတာ။ ရုပ်ရှင်ထဲမှာဆိုတော့ တကယ် ဖြစ်နေသလို.။ တနေရာမှာ ကားရှေ့မှာ မြစ်ကြီးလိုမျိုး (ရေကန်ကြီး) ခံထားတယ်။ The Ten Commandments ရုပ်ရှင်ထဲကလို၊ ကားဆရာက Jesus လုပ် အော်သလို အော်လိုက်တယ်။ ရေပြင်ကြီးက နှစ်ခြမ်းကွဲသွားတယ်။ အဲဒီမှာ ကားက ဖြတ်လာလိုက်တယ်။ ကားဖြတ်ပြီးသွားတော့ ရေပြင်ကြီး ပြန်ဖြစ်သွားတယ်။

နောက်ပြီး ရုပ်ရှင်ထဲက တိရစ္ဆာန်အလိမ္မာတွေ၊ အပြင်မှာလည်း တကယ်အလိမ္မာတွေ၊ သူတို့ သရုပ်ဆောင်ပြတယ်။ ခွေး၊ ဝက်၊ ငှက်၊ မျောက်၊ ကြောင်…….။ ဝက်က stop bacon ဆိုပြီး ကားလိပ်ဆွဲ စာတမ်းထိုးသွားတာ၊ ခုခေတ် ဦးသိန်းစိန်တို့ စကားနဲ့ဆို ဆန္ဒကို ထုတ်ဖော်သွား ခြင်းပေါ့။

ဆရာနဲ့ ကိုယ်နဲ့ နားနားနေနေ စားလိုက်သောက်လိုက် စကားတပြောပြောနဲ့ တနေ ကုန်ခဲ့ တယ်။ နှစ်ယောက်သား ပီတိတွေ ဖြစ်ပြီး ပြန်လာကြတယ်။

"ဟောလီးဝုဒ်ကအပြန်"

ယူနီဗာဆယ်စီးတီး-တဲ့
မီးရောင်စုံ၊ ပန်းရောင်စုံ၊ လူရောင်စုံနဲ့
တုန်လှုပ်ဖွယ်၊ မက်မောဖွယ်၊ ရင်သပ်အံ့သြဖွယ်
တကယ်လား၊ အတုလား
ခွဲခြားလို့ မရ မရနိုင်တဲ့၊ မြို့တော်ကြီးမား
ခမ်းနားလှတဲ့ ဟောလီးဝုဒ်စခန်းမှာ
လမ်းရိုးအတိုင်းသွားနေတဲ့ ကဗျာဆရာ ငါရယ်
စာချစ်သူ ကဗျာချစ်သူ ပညာချစ်သူ လမင်းတရာဆရာရယ်
အံ့ဖွယ်ကမ္ဘာ အလည်အပတ် ရောက်လာပါတယ်။

တိုက်ခန်း ခိုက်ခန်းတွေနဲ့
မိုက်ရမ်းနေကြတဲ့ ကောင်းဘွိုင်ဇာတ်လမ်းမှာ
ယမ်းငွေ့မပြတ် သေနတ်တွေ စမ်းနေပေမယ့်
ဇာတ်သိမ်းခန်းမှာတော့ လူမိုက်တွေ ကျဆုံးရ
သဘောကျလို့ မဆုံးနိုင်ခဲ့။

ရေတံခွန်တွေ တံတားတွေ ကျိုးကျ
ဟဒယနှလုံးတွေ ဂျွမ်းထိုးမှောက်ခုံပေမယ့်
ဇာတ်ရုံကထွက်တော့ လေပြေညင်းညင်း
ပန်းသင်းသင်းနဲ့ပါ။

မြေငလျင်ကြီးတုန်ခါ
ကမ္ဘာကြီးပြိုကျ
ဘဝတွေလွင့်စဉ်ခမန်း
လျှပ်စီးလျှပ်ပန်းတဝင်းဝင်း
တခြွင်းခြွင်းမြည်ဟိန်း
တဂျိမ်းဂျိမ်း တဂျိုင်းဂျိုင်းနဲ့
လှိုင်းတွေမောက် လမ်းတွေပျောက်ပေမယ့်
နောက်ဆုံးတော့ ငြိမ်သက်
ရွှေလက်တူတူတွဲလို့
ရဲရင့်စွာလျှောက်လှမ်း
အောင်ပွဲခန်းရောက်လို့
ကိုကာကိုလာသောက်ရင်း
နှစ်ယောက်သား ရယ်မောနိုင်ခဲ့ကြပါတယ်။

တိရစ္ဆာန် ဇာတ်လိုက်တွေမို့
ခပ်မိုက်မိုက် မထင်လေနဲ့
လူယဉ်ကျေး လူလိမ္မာတို့လို
လုပ်သင့်တာ မလုပ်သင့်တာ
လိမ္မာစွာ ပညာရှိစွာနဲ့
ချစ်စရာ ဖြစ်ခဲ့ကြပါတယ်။

ရုပ်ရှင်မြို့တော်က အပြင်ထွက်လို့
လက်တွေ့လောကထဲ ရောက်လာတဲ့အခါမှာလည်း
ပညာသာ ထာဝရ
အလိမ္မာသာ ထာဝရလို့
သဘာဝကျကျ စိတ်မှာစွဲပြီး
ရဲရဲကြီး လမ်းလျှောက်နိုင်ခဲ့ပါတယ်။

ဘယ်လောက်ပဲ ဟိန်းဟိန်း
ခြိမ်းခောက်မှုဆိုတာ တခဏပါပဲ
ထာဝရ ဘယ်တော့မှ မဖြစ်နိုင်လို့
အခိုင်အမာ ယုံကြည်ပြီး
ယူနီဗာဆယ်မြို့တော်က
ကဗျာကျော် ငါတယောက်ဟာ
ထွန်းတောက်မယ့် အနာဂတ်ကို မျှော်မှန်းရင်း
လမ်းပေါ်က လမင်းတရာကို
ဝမ်းမြောက်စွာနဲ့ ပွေ့ဖက်ခဲ့ပါတယ်။

[လမင်းတရာကိုအေးဝင်းနဲ့ အမှတ်တရ။ ဇွန်လ ၁၈ ရက်၊ ၂၀၀၀ခု။ တနင်းဂနွေနံနက်ခင်း၊ လော့စ်အိန်ဂျယ်လိစ်။]

Sunday, September 20, 2015



စာရေးဆရာများ၏ ရင်ခုန်သံ

စာပေဆွေးနွေးပွဲ
ရေးသူ - အထောက်တော်လှအောင်
ထုတ်ဝေသူ - သန္တာအောင်စာပေ
စာပေဆွေးနွေးပွဲ
ရေးသူ - သိန်းဖေမြင့်၊ ဇဝန
ထုတ်ဝေသူ - ဂျလာရမ်စာပေ
အဘိုး - ၄ ကျပ်
စာပေဆွေးနွေးပွဲ
ရေးသူ - သော်တာဆွေ
ထုတ်ဝေသူ - ဂုဏ်ထူးစာပေ
အဘိုး - ၃ ကျပ်
စာပေဆွေးနွေးပွဲ
ရေးသူ - မောင်သိန်းဆိုင်
ထုတ်ဝေသူ - ချင်းတွင်းတိုက်
အဘိုး - ၆ ကျပ်

                                        (က)

၁၉၇၄ ဇူလိုင်လ ပထမပတ်က စတင်၍ ကလျာဏယုဝ ခရစ်ယန်အသင်း ခန်းမဆောင်တွင် တလ (၄) ကြိမ် စနေနေ့ နေ့လည်များတွင် စာပေဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ဝင်ကြေး တယောက် သုံးကျပ်။ စနေနေ့တွင် လုပ်သဖြင့် စနေပတ် ဆွေးနွေးပွဲဟု တချို့က နာမည်ပေးကြသည်။ 'အကြောင်းကြောင်းသော အကြောင်းများကြောင့်' ဒီဇင်ဘာလတွင် ရပ်စဲသွား ခဲ့သည်။

ယင်း စနေပတ် စာပေဆွေးနွေးပွဲတွင် သိန်းဖေမြင့်၊ မောင်သာရ၊ ဇဝန၊ သော်တာဆွေ၊ ခင်နှင်းယု၊ ယုဝတီခင်စိန်လှိုင်၊ ညိုဝင်း(သူ၏စာအုပ်များ၌ အမျိုးသားစာပေဆုရ ညိုဝင်း ဟုတပ်သည်)၊ မောင်သိန်းဆိုင်၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်ထင်၊ ခင်ဆွေဦး၊ လင်းယုန်မောင်မောင် စသော စာရေးဆရာ သတင်းစာဆရာများ ပါဝင်ကြသည်။ ယနေ့ခေတ် လူကြိုက်များသော ဝတ္ထုရေးဆရာများလည်း ပါသည်။ ဝါရင့်စာရေးဆရာကြီးများလည်း ပါသည်။

တက်ရောက်ကြသူများမှာ စာပေအနုပညာ လေးနက်စွာ လေ့လာသူများဟု ယူဆရသည်။ လူကြိုက်များသော ဝတ္ထုရေးဆရာဟူ၍ အခန်းပြည့်လာကြမည်ဟု တွက်ထား၍ မရ။  စာပေကို အပျင်းပြေ ပျော်တော်ဆက်အဖြစ် အဖြေဖျော် ခံချင်သော နှုတ်ခမ်းနီ ပါးနီကလေးများ လာကြပုံ မရ။

တက်ရောက်သူ အနည်းဆုံး ၃၅ ယောက်မှ အများဆုံး ၁၈၃ အထိ ရှိကြသည်။  အခန်းငှားခ၊ အသံသွင်း ကြိုးခွေခ၊ အသံချဲ့စက်ငှားခ စသည်ဖြင့် စရိတ်စကပင် မကျေသူ၊ ပိုကန်သူ စသည်ဖြင့် ခြားနားခြင်းရှိသည်။

တချို့လည်း မေးခွန်းကို ဖြေခြင်းထက် မိမိအကြောင်းကိုသာ ပြောသွားသည်က များသည်။ စင်မြင့်ရ၍  မိမိဝါဒကို ဖြန့်ကြသည်။

တချို့က မေခွန်းတခြား အဖြေတခြား၊ တချို့က ပြေလည်အောင် မဖြေနိုင်။ စာဖတ်သူများကို အထင်သေး၍ မရ။ တချို့လည်း ကောင်းစွာ ဖြေဆိုနိုင်ကြသည်။ လိုရင်းကို ပြောကြသည်။ မေးခွန်းကို နားလည်ကြသည်။ တချို့မှာ ဝတ္ထုများသာ ရေးသော်လည်း စာပေဆိုင်ရာ သဘောတရား အဘိဓမ္မာများကို လေ့လာပုံ မရကြ။ တချို့ကား သဘောတရားကို ကျနစွာ ပြောနိုင်ကြသည်။

ပထမ ကျယ်ဝန်းသည့် ခန်းမဆောင်ကြီးထဲ၌ ဆွေးနွေးပွဲ စတင်သည်။  စာရေးဆရာက စင်မြင့်ပေါ်မှ။  ပရိသတ်က ပွဲကြည့်သလို၊ တရားနာသလို။  ဆွေးနွေးပွဲ သဘောထက် ဟောပြောသည့်သဘော။ အမေးအဖြေ သဘောမျှသာ ရှိခဲ့သည်။

နောက် မောင်သိန်းဆိုင်နေ့ကစ၍ အခန်းကျဉ်းထဲ ပြောင်းရွှေ့လိုက်သည်။ စာပရိသတ်နှင့် စာရေးဆရာ ကြမ်းတပြေးတည်း နီးကပ်စွာ ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။ ဆွေးနွေးပွဲ သဘော ပို၍ သက်ရောက်သွားသည်။

မည်သို့ပင် ဖြစ်စေ စာရေးဆရာ အသီးသီး၏ အတွေ့အကြုံများကို ဟောပြေကြလေရာ နားထောင်သူတို့မှာ ဗဟုသုတ တိုးကြသည်။  စာပေလေ့လာမှုသည် ယင်းဆွေးနွေးပွဲများကြောင့် နိုးကြား ထကြွလာကြသည်။

၁၉၆၄ သည်ဘက်၌ စာရေးဆရာအသင်းများ မရှိတော့ပြီ ဖြစ်၍ ယခု စနေပတ် ဆွေးနွေးပွဲ များကြောင့်  စာရေးဆရာများ စုဝေးမိ ဖြစ်ကြသည်။  စာဖတ်သူနှင့် စာရေးသူတို့ တွေ့ဆုံဖြစ်ကြ သည်။  စာရေးဆရာ၏ အယူအဆများ၊ ခံစားချက်များကို သိကြရသည်။ စာပေလေ့လာရေး အတွက် အကျိုးရှိသော လုပ်ငန်း ဖြစ်ပေသည်။

ယင်း ၁၉၇၄ က စာပေဆွေးနွေးပွဲများ ယခုနှစ် ၁၉၇၅ နှစ်လယ်၌ စာအုပ်များအဖြစ် ထွက်ပေါ် လာခြင်း ဖြစ်ပေသည်။ စာရေးဆရာ အားလုံးကား မဟုတ်၊ (၅)ဦး။

                                               (ခ)

ဆွေးနွေးချက်များကို စာအုပ်အဖြစ် ထုတ်ဝေလိုက်သောအခါ တချို့က ပြောခဲ့သည့်အတိုင်း မဟုတ်ဘဲ မိမိတို့၏ ဖြေကြားချက်၊ တင်ပြချက်များကို ပြင်ဆင်ဖြည့်စွက် ထားကြသည်။  ပို၍ ခိုင်မာ ပြည့်စုံအောင်ထင့်။  အကိုးအကားများ ဖြည့်ထားကြသည်။  အားနည်းသော အချက်များကိုချန်၊ ဖြုတ်တန်တာဖြုတ်၊ လုပ်ကာ မွမ်းမံထားကြသည်။  ဖတ်ကောင်းအောင် ပြုပြင် ထားကြသည်။  ပြန်လည်ဆွေးနွေးချက်၊ မေးမြန်းချက်များကိုကား အသံဖမ်းထားသည့် အတိုင်း ဖော်ပြထားသည်။

အင်္ဂလိပ်စကားလုံးများလည်း များပြား ပြည့်ကျပ်လာသည်။ မြန်မာစကားလုံး ရှိပြီးသား ဝေါဟာရများကိုပင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားကြသည်။  ဘာကြောင့် အင်္ဂလိပ်စာ ခုံမင်ကြပါလိမ့်။

မည်သို့ပင် ဖြစ်စေ၊ စာအုပ်များထဲရှိ ရေးသားချက်များမှာ သူတို့၏ စာပေရေးရာ အယူအဆများ၊ အာဘော်များ ဖြစ်ကြသည်ကား အမှန်။

"အနုပညာသည် အနုပညာအတွက်" ဟူသော အယူအဆနှင့် ပတ်သက်၍ တက္ကသိုလ် မြန်မာစာဌာနမှ ဆရာတဦးက စာရေးဆရာများကို ဒိုင်ခံ၍ မေးထားသည်။  စာရေးဆရာ၏ နှုတ်ထွက်စကားကို ကြားလို၍ ဖြစ်မည်။ သူ၏ အတန်းထဲ၌ သင်ကြားပို့ချရန် အချက်အလက် ရှာခြင်းလည်း ဖြစ်နိုင်သည်။

ဦးသိန်းဖေမြင့်က သူ၏ အယူအဆကို ရှင်းလင်းပြတ်သားစွာ ပြန်ကြားသည်။

"အနုပညာသည် အနုပညာအတွက် သက်သက်ဆိုတာ ရှိတယ်၊ ရှိနိုင်တယ်၊ အတိုင်းအတာအရ ရှိနိုင်တယ်" ဟု ဖော်ပြပြီး -
"ခေတ်အဆက် အုပ်စိုးသူ လူတန်းစာဘက်က ကိုယ်စားပြု ရှေ့နေလိုက်၊ ရှေ့ဆောင်ရှေ့ရွက် ပြုတဲ့  စာရေးဆရာ အနုပညာရှင်တွေဟာ အမှန်အားဖြင့် အုပ်စိုးသူဘက်က လိုက်နေ သော်လည်းပဲ အဲဒီအဖြစ်သနစ်ကို သူက ဖုံးကွယ်ချင်တယ်။ အဲဒီလို ဖုံးကွယ်ချင်တဲ့အတွက် အနုပညာသည် အနုပညာသည်အတွက် သက်သက်ဆိုတဲ့ ကြွေးကြော်သံကို အသုံးချတယ်။ အနုပညာသက်သက် ဆိုတဲ့ ဝါဒကို ထူထောင်ခြင်း ဖြစ်တယ်ဆိုတာ တေါ့ရတယ်" ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။
"အလုပ်သမား လူတန်းစားက အရင်းရှင်စနစ်ကို တော်လှန်ပြီး ဆိုရှယ်လစ်စနစ်ကို ထူထောင်ချင်တဲ့ အခါကျတော့ အဲဒီ အရင်းရှင်လူတန်းစားဘက်က ရပ်တဲ့လူတွေက အရင်းရှင် ဘက်တော်သားတွေက အနုပညာသည် အနုပညာအတွက်ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲလာကြပြန်တယ်။ အနုပညာသက်သက်ဝါဒကို အားပေးလာတယ်" ဟု သုံးသပ်သည်။  မြန်မာစာပေလောကတွင် ၁၉၄၈ လောက်က အနုပညာသည် အနုပညာသည်အတွက် အယူအဆနှင့် ပတ်သက်၍ စာပေသဘောတရားရေးရာ တိုက်ပွဲစတင်ခဲ့သည်ကို သတိရမိသည်။

တာရာမဂ္ဂဇင်း ခေါင်းကြီးပိုင်း(၁၉၄၈ မတ်လ)၌ အောက်ပါအတိုင် ဖော်ပြ ပါရှိပါသည်။

"ပြည်သူနှင့် စာပေသည် ဆက်စပ်၍ နေရပေသည်။ ဆိုရှယ်လစ်သမတနိုင်ငံတော် ဖြစ်သည့်အခါ စာပေဘဝသည်လည်း လှုပ်ရှားလာပေမည်။ ထိုအခါ ဆိုရှယ်လစ် သရုပ်ဖော်စာပေသည် တန်ဖိုးရှိလာပေလိမ့်မည်"။

"ကျွန်ပ်တို့ကား အနုပညာမြောက်သော ပြည်သူ့စာပေသို့ မျှော်မှန်းကာ အမျိုးသားယဉ်ကျေးမှု ကို တင်ဆောင်သွားမည်သာ။ လမ်းသည် အဘယ်မျှ ကြမ်းတမ်းခက်ထန်"[ကောက်နှုတ်ချက်]

ထိုအပတ် တာရာမဂ္ဂဇင်း(မတ်လ ၁၉၄၈) ၌ပင် စာရေးဆရာ တက်တိုး၏ "ကိုသိန်းဖေသို့" ခေါင်းစဉ်တပ်ထားသော စာတစောင် ဖော်ပြ ပါရှိသည်။ ယင်းဆောင်းပါးမှာ ဦးသိန်းဖေမြင့် (ထိုအခါက ဦးသိန်းဖေ)၏ စာပေဝေဖန်ရေး ဆောင်းပါးကို ချေပ ပြန်ကြားထားခြင်း ဖြစ်သည်။  ထိုဆောင်းပါးရေးစဉ်က ဦးသိန်းဖေမြင့်သည်လည်း မြန်မာပြည် ကွန်မြူနစ်ပါတီ အတွင်း၌ မရှိတော့ပြီ။

"ခင်ဗျားက ကျွန်တော့် ဝတ္ထု 'ဇိကုတ်နတ်ပြည်ပို့' ကို လူထုနှင့် ဆန့်ကျင်သော ဝတ္ထုဟု ဆိုထားသည်။ လူထုနှင့် ဆန့်ကျင်သည်၊ လူထုကို ထောက်ခံသည် ဆိုခြင်းမှာ ကွန်မြူနစ် ပရောဂကြောင့် ထွက်လာသော စကားပင် ဖြစ်သည်။ ခင်ဗျားနှင့် ကျွန်တော် စာပေဝါဒချင်း မတူချေ။ ခင်ဗျားက All Art is propaganda အနုပညာအားလုံးသည် ဝါဒဖြန့်ဖြူးရေး မျှသာ ဖြစ်သည်ဟူသည့်  ဝါဒကို လက်ကိုင်ပြုသည်။ ကျွန်တော်ကတော့ Art for art sake အနုပညာဆိုလျှင် အနုပညာသက်သက် ဆိုသည့် ဝါဒကို သက်ဝင် ယုံကြည်သူ ဖြစ်ပါသည်" {ကောက်နုတ်ချက်}

စာရေးဆရာတက်တိုး၏ သူ၏ ယုံကြည်ချက်ကိုလည်း ဆက်လက်၍ "ကျွန်တော်သည် ဓနရှင်စနစ်ကို ကန့်ကွက်သူ တဦးဖြစ်ပါသည်။ သို့သော် ကွန်မြူနစ် မဟုတ်ပါ။ ဆိုရှယ်လစ်လည်း မဟုတ်၊ ကျွန်တော်သည် ဆင်းရဲသားများ ဆင်းရဲရသည့်အကြောင်းရင်းကို စိစစ်ရှာဖွေရန် ဝါသနာ ထုံပ်သည်။ ဘဝအခြေခံ သဘောတရားတို့ကို လေ့လာဆည်းပူးလျက် ရှိပါသည်" ဟု ဖော်ပြခဲ့သည်။

နောက် ၂၇ နှစ် ကြာသောအခါ ဦးသိန်းဖေမြင့်က စာပေဆွေးနွေးပွဲ၌ အနုပညသည် အနုပညာအတွက် အယူအဆနှင့် ပတ်သက်၍ စင်မြင့်ပေါ်မှ ရှင်းပြနေသည်။ ဦးတက်တိုးလည်း ပရိသတ်ထဲ၌ ရှေ့တန်းမှထိုင်ကာ နားထောင်နေသည်။  သူတို့ (၂)ဦးသည် ယခုအခါဝယ် တလှေတည်းစီး ဖြစ်နေကြပေပြီ။

ဦးသိန်းဖေမြင့်က သူ၏ စာပေသုံးသပ်ချက်များကိုလည်း ဖော်ပြထားပေသေးသည်။

"လှတာ သက်သက်ပဲ၊ အဲဒါ အနုပညာသက်သက်ကို တန်ဘိုးမရှိဘူး ပြောလို့တော့ ရုပ်ကြမ်းဝါဒသမားပဲ ဖြစ်သွားမှာပေါ့" ဟူ၍လည်းကောင်း။

"အဲဒီမှာ အနုပညာသည် အနုပညာအတွက် သက်သက်ဆိုတာကို ရှုတ်ချရင်းနဲ့ အဲဒီဝါဒကို ထိုးနှက်ရင်းနဲ့ တခါတခါကျတော့ အစွန်းကို ရောက်သွားတယ်။ အနုပညာကို ပယ်တဲ့ အစွန်းဖြစ်ပါတယ်။ အဲဒီလို အစွန်းရောက်တာကိုဖြင့် ကျွန်တော်လက်မခံ နိုင်ပါဘူး" ဟူ၍ လည်းကောင်း။

"ကျွန်တော်တို့ဟာ အနုပညာ လက်ရာကောင်းအောင် စာပေအရေးအသား အဆင့်အတန်း မြင့်အောင်  technique ပိုကောင်းအောင် လုပ်ကြရမှာ ဖြစ်တဲ့အကြောင်း တင်ပြပါတယ်"  ဟူ၍လည်းကောင်း။

သူ၏ထင်မြင်ချက်များကို တင်ပြသွားသည်။

ဇဝနနှင့် သော်တာဆွေတို့ကမူ အနုပညာသည် အနုပညာအတွက် ဟူသော စကားစုမှာ ဘာသာပြန်လွဲနေကြောင်း ပြောကြသည်။ သူတို့ (၂) ယောက်က အနုပညာသည် လူထုအတွက်၊ အနုပညာသည် ပြည်သူ့အတွက် ဟူသော စကားရပ်များနှင့် နှိုင်းယှဉ်ကာ ပြောသွားကြသည်။  သူတို့ နှစ်ယောက်စလုံးသည် အနုပညာသည် အနုပညာအတွက်ဟူသော အယူအဆ ဖြစ်ပေါ်နေသည်ကို သဘောပေါက်ဟန်မတူ။ လုံး၍ ဖြေကြားလိုက်ကြသည်။

ဇဝနက "တကယ်တော့ အနုပညာဟာ လူထုအတွက်ပဲ၊ လူထုအတွက် မဟုတ်လို့ ဘယ်သူ့အတွက် ဖြစ်မှာလဲ၊ ဘယ်သူ့အတွက်မှ ဖြစ်စရာ မရှိဘူး"

သော်တာဆွေက "ဒီတော့ ကျွန်တော်တို့ဟာ အနုပညာသည် ပြည်သူလူထုအတွက်လို့ ပြောစရာ လိုပါသေးလား၊ ကျွန်တော်တို့ အနုပညာဟာ ကျွန်တော်တို့ ပြည်သူလူထုအတွက် မဟုတ်လို့ ဘယ် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲတွေက ဝင်ပြီး ခံစားနေလို့လဲဟင်၊ ဒါကြောင့် ဒီစကား ပြောစရာကို မလိုဘူး"
"ဘာမှ အငြင်းပွါး ပဋိပက္ခ ပွါးစရာ မလိုပါဘူး"

သူတို့ နှစ်ယောက်အဖို့ အနုပညာသည် အနုပညာအတွက် ဟူသည့် ပြသနာ မရှိ။ ဘာမှလည်း အရေးမကြီး။

ယနေ့ခေတ်၌ ပေါ်ပေါက်နေသော ကာရန်မဲ့ကဗျာ၏ အဓိပ္ပါယ်ကိုကား မည်သို့မျှ မဖွင့်ဆိုကြတော့။

ဦးသိန်းဖေမြင့်က "ကျွန်တော် ကာရန်မဲ့ကဗျာကို အားမပေးဘူး၊ မထောက်ခံဘူး၊ မကြိုက်ဘူးလို့လဲ ပြောပါ့မယ်" ဟူ၍လည်းကောင်း၊
"ကျွန်တော် စဉ်းစားကြည့်တယ်၊ ဘာဖြစ်လို့ ကာရန်မဲ့ချင်ကြတာလဲ၊ ထူးချင် ဆန်းချင်လို့ပဲ၊ ဒိပြင် ဘာမှ မရှိဘူးလို့ အဖြေထွက်တယ်" ဟူ၍လည်းကောင်း။

ဇဝနက - "ကာရန်မဲ့ကဗျာကတော့ ဥရောပ အစရှိတဲ့ နိုင်ငံတွေမှာ ခေတ်စားနေတာ အတော်ကြာပါပြီ၊ ဒီအယူအဆ ဒါမှ မဟုတ် ဒီရောဂါဟာ မြန်မာစာပေနယ်ထဲ ကူးလာတာ မကြာသေးပါဘူး။ ကျွန်တော်တို့က ရှေးကျတယ်ပဲ ပြောပြော၊ ခေတ်နောက်ကျတယ်ပဲ ဆိုဆို သမားရိုးကျ ရေးပုံရေးနည်းပဲ ကြိုက်တယ်"

သော်တာဆွေကမူ ကာရန်မဲ့ကဗျာ ဆိုတာ မပြေလေနှင့်၊ ခေတ်ပေါ်လေးလုံးစပ်ကဗျာကိုပင် လက်မခံပေ။
"ကျုပ်တို့ ခုခေတ် လေးလုံးစပ် ကဗျာတွေမှာတော့ ဘာသံနေသံထားမှ မရှိဘူး၊ ဖတ်လို့လဲ မကောင်းဘူး၊ ဆိုလို့များတော့ ခဲ ပစ်ခံရမယ်၊ သူတို့ ရေးတာမျိုး ကျွန်တော်လည်း မစပ်ချင်ဘူး ပြတ်ကရော၊ ဒါ ကျွန်တော့် သဘောထားပါပဲ" ဟု ပြန်ကြားသွားသည်။

                                                       (ဂ)

စာပေဝေဖန်ရေးဆရာ မောင်စွမ်းရည်က 'အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်စာပေ' ဟူ၍ ညွှန်းဆိုသော ယနေ့ခေတ် လျှို့ဝှက်သဲဖို သေနတ်စာပေ ရေးသူများ အထဲတွင် မောင်သိန်းဆိုင်လည်း တယောက်ပါဝင်သည်။ ထိုစနေနေ့က ပရိသတ်ထဲမှာ သူ့ကို ယင်းအမြင်မျိုးဖြင့် မေးမြန်းဆွေးနွေးကြသည်။  ထိုအခါ သူကလည်း ခုခံ ကာကွယ်ရတော့သည်။

ယင်းသို့ ခုခံကာကွယ်ရင်း ဝန်ခံမိသွားတာတွေလည်း ပါရှိသည်။ ယင်းသည် စာဖတ်ပရိသတ် နှင့် တွေ့ဆုံသည့်အတွက် ရရှိသော အကျိုး ဖြစ်သည်။

တဖက်က -
"ကျွန်တော့အနေနဲ့ လျှို့ဝှက်သည်းဖို ဝတ္ထုဆိုတာ စာပေအရာ မမြောက်လို့၊ ရသဘောင် မဝင်လို့ ဆိုတဲ့ ဝေဖန်ချက်တွေကို တုန်လှုပ်လို့၊ ကြောက်လို့၊ တခြားစာတွေကို ဖောက်ရေးတာ မဟုတ်ပါဘူး၊ ဝတ္ထုတပုဒ်ဆိုတာ ဘယ်ပုံစံနဲ့ပဲ ရေးရေး ကောင်းရင် ကောင်းတာပါပဲ၊ ညံ့ရင် ညံ့တာပါပဲ" ယူ၍ ကာကွယ်သည်။
တဖက်ကလည်း -
"များစွာသော စုံထောက်ဝတ္ထုနဲ့ လျှို့ဝှက်သည်းဖို ဝတ္ထုရေးသမားတွေဟာ မှီကြပါတယ်" ဟူ၍လည်းကောင်း၊
"တခါတလေလည်း ခါနာတလုပ်အတွက် ဝါစာကမာ လုပ်ရတာတွေ ရှိပါတယ်" ဟူ၍လည်းကောင်း ဝန်ခံလေသည်။

ယခုခေတ် စုံထောက် လျှိ့ဝှက်သည်းဖို ဝတ္ထုများကား ရှေးကလို စုံထောက်သက်သက်၊ လျှို့ဝှက်သည်းဖို သက်သက်မဟုတ်တော့။ အချစ်၊ လိင်၊ သေနတ်၊ အရက်တို့ဖြင့် ပေါင်းစပ်ထားကြသည်။ အပျော်ဖတ် စာဖတ်ပရိသတ်ကြိုက်အောင် ဘက်စုံက ဆွဲထားရန် ဖြစ်သည်။ ဂျိမ်းစဘွန်းရုပ်ရှင် အမျိုးအစားများ ကဲ့သို့။

ရှေးကမူ စုံထောက်မောင်စံရှားသည် စုံထောက်သက်သက်။ ရူပနန္ဒီဝတ္ထုသည် လျှို့ဝှက်သည်းဖို ဆန်းကြယ်သက်သက်။ အချစ်ဆိုလျှင်လည်း အချစ်ဝတ္ထု သက်သက် ရေးကြသည်။

အမှန်အားဖြင့် မောင်သိန်းဆိုင်သည် အပစ်အခတ်၊ အညစ်အပတ်၊ အညှစ်အသတ် နွံတောထဲမှ လာသူ ဖြစ်သော်လည်း သူသည် အချစ်ဝတ္ထုများ ရေးနိုင်သည်။ ကြာပွင့်ဖူးငုံနိုင်သည်။ ဇာတ်ကောင်၊ လူ့ဘဝဖွဲ့ဝတ္ထုမျိုး(ဥပမာ ရေနံ့သာခင်ခင်ကြီး) ရေးတတ်သော စိတ်ကူး ရှိသူ ဖြစ်သည်။ သို့သော် အများကြိုက် ဝတ္ထုရေးဆရာအဖြစ် တပ်မက်ခြင်း၊ တဏှာကို မပယ်နိုင် သဖြင့်သာ လူးလာပြန် ကူးခတ်နေခြင်း ဖြစ်ပေမည်။ သို့မဟုတ် ခါနာတလုပ်အတွက် ဝါစာကမာ လုပ်ရခြင်းများ ဖြစ်ပေမည်။

ဒုတိယ အရွယ်တွင် လျှို့ဝှက်သည်းဖို ဝတ္ထုများများ ရေးလာသော ကဗျာဆရာ ဒေါင်းနွယ်ဆွေက မောင်သိန်းဆိုင်ဘက်မှ ကာကွယ်ပေးသည်။ ဒေါင်းနွယ်ဆွေ တင်ပြချက်အရဆိုလျှင် ဘယ်သူမှ လျှို့ဝှက်သည်းဖိုနှင့် မကင်းကြ။

ဗုဒ္ဓဝင်၊ သမ္မာကျမ်းစာ၊ ဂေါ်ကီ၏ ဝတ္ထုများသည်လည်း လျှို့ဝှက်သည်းဖို၊ မြင်မြင်သမျှ လျှို့ဝှက်သည်းဖို။ တယောက်က ကြာပွင့်မှ နွံထဲသို့ ဆင်းလာသူ။

စာရေးဆရာများ၏ ရင်ခုန်သံကို စာဖတ်ပရိသတ်က ကြားနေရပေသည်။

တကယ်တော့ စာရေးဆရာသည် အမှန်တရားကို ရှာဖွေသူ ဖြစ်သည်။  ကမ္ဘာကြီး၏ အဖြစ်အပျက်များကို ကြေးမုံထင်ဟပ်ချင်သူ ဖြစ်သည်။ သို့သော် ဝတ္ထုတပုဒ်နှင့် တနှစ်ထိုင်မစားနိုင်တော့။ ပျော်တော်ဆက်ဘဝ ရောက်ရရှာသည်။ နောက်တော့ နုံးအိုင်ထဲမှ နှုတ်မရတော့။ 'အခြေအနေ' ကို နားလည်၍ ဘဝတူများကတော့ စာနာနိုင်ကြပေလိမ့်မည်။ ခွင့်လွှတ်နိုင်ကြပေလိမ့်မည်။ သို့သော် စာပေသမိုင်းကတော့ ညှာမည်မဟုတ်ပေ။ သူ့ဏ္ဍနှင့်သူ ထားပေလိမ့်မည်။

စာရေးဆရာများ၏ ရင်ခုန်သံကြောင့် ယနေ့ စာပေသွေးကြော ဘယ်စီးဆင်းသည်ကိုကား ထိတွေ့ရပေပြီ။

ဗညာသီဟ
(ဒဂုန်တာရာ)