Saturday, December 13, 2014

ရေးခဲ့မိတဲ့ကဗျာ - ရေးသူ ဖိုးသံ(လူထု)

ရေးခဲ့မိတဲ့ကဗျာ

            ဘာကြောင့်မှန်းမသိ၊ ထောင်ထဲရောက်တော့ ကျွန်တော်ကဗျားရူး ရူးခဲ့ပါတယ်။ ထောင်ထဲကို မရောက်မီက အနည်း အပါးရေးခဲ့ဖူးပေမဲ့ ထောင်ထဲကျမှ သဲကြီးမဲကြီးရေးမိပါတယ်။ ရရာစာရွက်အတိုအစမှန်သမျှကို စုဆောင်း၊ ခဲတံတိုရအောင် အကြံအဖန်လုပ်ပြီးရေးတာပါ။ တခါတလေများဆို တနေ့တပုဒ်ဆက်တိုက်ထွက်လာပါတယ်။ ကျွန်တော့်ပရိသတ်ကတော့ တတိုက်ထဲနေကြတဲ့ ထိန်းသိမ်းခံနိုင်ငံရေးသမားတွေပါ။ သူတို့ကဖတ်စရာမရှိလို့လား၊ အားနာလို့လားမသိဘူး၊ ကျနော့်ပို့ သမျှကိုဖတ်ပြီး သူတို့ရဲ့ထင်မြင်ချက်တွေပေးကြပါတယ်။ ဒါကိုကအဲဒီတုန်းက ကျွန်တော်ပထမဆုံးနေရတဲ့ (၂)တိုက်ထဲက ထုံးတမ်းစဉ်လာတခုလို ဖြစ်နေပါတယ်။

            ကျွန်တော်က ငါတို့ဗမာစကားနဲ့ ဗမာစာပေ(အထူးသဖြင့်ကဗျာ)ဟာ အင်မတန်ကြွယ်ဝတယ်လို့ အဲဒီကတည်းက စွဲစွဲမြဲမြဲယုံကြည်သူဖြစ်ပါတယ်။ ဒါ့အပြင် ဆရာမင်းသုဝဏ်ရဲ့လမ်းရိုးဟောင်းတွင်ဆက်ကာထွင်ဆိုတဲ့အဆိုအမိန့်ကိုလည်း အင်မတန်သဘောကျသူဖြစ်တော့ ကဗျာပုံစံတွေကိုအမျိုးမျိုးလျှောက်စမ်းရေးကြည့်ပါတယ်။ အင်္ဂလိပ်ကဗျာပုံစံတွေကို တုမှီးတဲ့ ဒီကဗျာမျိုးလည်းရေးမိခဲ့ပါတယ်။

ဝန်ချတောင်းပန်ခြင်း


ဗီယက်နမ်ပြည်တနေရာ
ဘုရားကျောင်းတခုအတွင်းမှာ
ကန်စစ်သားလေးသူဒူးထောက်
ဘုန်းတော်ကြီးရှေ့မှောက်။

ခပ်လှမ်းလှမ်းကသေနတ်သံ
ဘုရားကျောင်းဆီပဲ့တင်လျှံ
ဒီအသံတွေဂရုမစိုက်
သူ့ခေါင်းရှေ့ကိုငိုက်။

ဘုန်းတော်ကြီးမြတ်အိုအရှင်
တပည့်တော်ခုဝန်ချချင်
တပည့်တော်အပြစ်အလွန်များ
စိတ်မသန့်ပါဘုရား။           

တနေ့ဆီကရွာတရွာမှာ
အပြစ်မဲ့တဲ့လူတွေခမျာ
တပည့်တော်တို့သေနတ်အောက်
လဲကျအသက်ပျောက်။

“ခရစ်ယန်ကြီးတပည့်တော်ဟာ
ပညတ်တော်များဆန့်ကျင်ကာ
သူ့ဥစ္စာကိုခိုးလုယက်
သတ်ဖြတ်သူ့အသက်။“

သေနတ်သံများနီးလို့လာ
စစ်သားကလေးမရွေ့ပါ
ခေါင်းငိုက်စိုက်နဲ့ ပြောမပြီး
မျက်ရည်သွယ်သွယ်စီး။

“ကိုယ့်တိုင်းပြည်နဲ့ဘယ်မဆိုင်
လူမျိုးတွက်လည်းမဟုတ်နိုင်
တပည့်တော်တို့သေနတ်ပိုက်
အချောင်သေပွဲဆိုက်။

ဒီစစ်ပွဲကိုဘုရားရှင်
မဖန်ဆင်းလို့တပည့်တော်ထင်
ဖန်တီးလေသူ သူကြွယ်များ
အပြစ်ပေးပါဘုရား။

“ခရစ်ယန်ကြီးတပည့်တော်ဟာ
သစ္စာတရားပစ်ပယ်ကာ
အေးချမ်းမှုကိုဝင်ဖျက်ဆီး
လူသားတိုင်းမုန်းတီး။

ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်းကျည်သံလှိုင်
ဘုရားကျောင်းလေးယိမ်းခါယိုင်
ဘုရားသခင့်သားတော်လေး
ဒူးထောက်လျက်ရှိသေး။

“တပည့်တော်ခုဝန်ချတာ
ခွင့်လွှတ်ပေးဖို့မဟုတ်ပါ
တပည့်တော်လည်းထူးမခြား
အပြစ်ပေးပါဘုရား။“

ကန်စစ်သားလေးတုန်ရီရီ
တံခါးပေါက်ဆီလှမ်းလို့ချီ
ဘုရားကျောင်းပြင်ခြေအချ
ဗုံးဆံတခုသူ့ရှေ့ကျ
                     ၂၄--၆၇

            အဲဒီအချိန်တုန်းက ဗီယက်နမ်စစ်ပွဲဟာအထွတ်အထိပ်ကိုရောက်နေချိန်၊ နိုင်ငံတကာ့ရေးရာတွေမှာ ဒီစစ်ပွဲအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာ စံတခုဖြစ်နေတဲ့အချိန်ပါ။ ဒါကြောင့်ကျွန်တော်လည်း ဗီယက်နမ်ပြည်သူတွေ ဘက်ကရပ်တည်ပြီး အမေရိကန်နယ်ချဲ့သမားကိုဆန့်ကျင်တဲ့ ကဗျာတွေအများကြီးရေးခဲ့ပါတယ်။ အဲဒီတုန်းက ကဗျာပုံစံ တွေကို အမျိုးမျိုးပြောင်းလဲ စမ်းကြည်နေပေမဲ့ အကြောင်းအရာပိုင်းတွေးခေါ်ပုံကတော့ နည်းနည်းမှမပြောင်းပါဘူး။ အဖွဲ့ အစည်းပေါင်းစုံကလူတွေကလည်း မျက်စိဒေါက်ထောက်ကြည့်နေကြတယ်လို့ယူဆပြီး ကိုယ့်ကိုယ်ကိုအမြဲသတိပေးနေခဲ့ တာပါ။ ကိုယ့်အရင်ရောက်နေတဲ့အထဲက ထောင်ကလွတ်သွားတယ်ဆိုတာ မကြားရဖူးသလောက်ဖြစ်နေတော့ ကိုယ့်စိတ် ပိုင်းဖြတ်ချက်ခိုင်မှဖြစ်မယ်ဆိုတာ စွဲစွဲမြဲမြဲယုံနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အမေရေးသလိုပဲ ကျွန်တော်ဟာအဲဒီ တုန်းကအသက်ငယ်တဲ့လူငယ်လေးမို့ ကျားကလေး ကျားသစ်ကလေးတွေ တောထဲကဖမ်းလာပြီး လှောင်အိမ်ထဲမှာ ထည့်ထားတဲ့အခါ မာန်ဖီပြီးလှောင်အိမ်ထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့သဘောမျိုးဖြစ်လိမ့်မယ် ဆိုတဲ့အတိုင်း ဖြစ်နေတာပါ။

            အဲဒီတော့ ထောင်အာဏာပိုင်တွေကကိုယ့်ကိုဘယ်လိုဆက်ဆံတယ်ဆိုတာကို အင်မတန်အကဲဆတ်ခဲ့ပါတယ်။ ဘာ သဘောနဲ့ဒီလိုပြောတာလဲ၊ ဘာအဓိပ္ပာယ်နဲ့ဒီစည်းကမ်းထုတ်သလဲ စသဖြင့်အမြဲစဉ်းစားနေတာပါ။ မဆလအစိုးရလုပ်တာ၊ ပြောတာတွေဆိုတာကတော့ ပြောစရာမလိုတော့ပါဘူး။ ကျွန်တော့်အသက်ဟာပြည့်ဝရင့်ကျက်တဲ့အရွယ်မဟုတ်သေး ပေမဲ့ မဆလရဲ့အတုအယောင်ဆိုရှယ်လစ်စကား၊ အတုအယောင် ဝါဒဖြန့်မှုတွေကိုတော့ အသေအချာသိမြင်သဘော ပေါက်နေပါတယ်။ ၁၉၆၂ခုနှစ်မှာ ကျောင်းသားတွေကိုသတ်၊ ကျောင်းသားသမဂ္ဂကြီးကိုဖြိုပြီးတဲ့နောက် ကျောင်းသားတွေ ကိုမျက်နှာချိုသွေးချင်တဲ့ မဆလအစိုးရဟာ ကျောင်းသားပွဲတော်ဆိုတာတွေ နှစ်စဉ်ကျင်းပပါတယ်။ ကျင်းပတာက ဗမာ ပြည်သမိုင်းနဲ့ ကျောင်းသားသမိုင်းမှာ ဘယ်လိုမှချန်လှပ်ထားလို့မရတဲ့ ဗိုလ်အောင်ကျော်နေ့- ဒီဇင်ဘာလ ၂၀ရက်နေ့မှာမှ ကျင်းပတာဖြစ်ပါတယ်။

            မဆလစစ်အစိုးရက ကျောင်းသားပွဲတော်ဆိုတာကို မြို့ကြီးတွေမှာအလှည့်ကျကျင်းပတာဆိုတော့ မန္တလေးမှာက ဒုတိယအကြိမ်နဲ့တူပါတယ်၊ မန်းရာပြည့်ကွင်းကြီးထဲမှာကျင်းပပါတယ်။ ဒီတော့ အဲဒီပွဲကိုသွားကြတဲ့ ကားသံလူသံတွေကို နန်းတော်ရဲ့အနောက်မြောက်ထောင့်မှာရှိတဲ့ ထောင်ထဲကလူတွေက ကောင်းကောင်းကြားနေရပါတယ်။ ဒါပေမဲ့ညမှပါ။ ထောင်ဆိုတာက ညကိုးနာရီရောက်ရင် မအိပ်ချင်လည်းအိပ်၊ မတိတ်ချင်လည်းတိတ်ရတဲ့အရပ်ဆိုတော့ ညမှာကိုးနာရီ ကျော်တယ်ဆိုတာနဲ့ အားလုံးတိတ်ဆိတ်သွားပါတယ်။ ဒီအခါမှာအပြင်ကအသံတွေလှိမ့်ဝင်လာတာပါပဲ။

            တကယ်ကဗိုလ်အောင်ကျော်နေ့ဆိုတာ ကျောင်းသားသမဂ္ဂတွေကနှစ်စဉ် အလေးအနက်ဂုဏ်ပြုကျင်းပကြတဲ့ နေ့ ထူးနေ့မြတ်တရက်ပါ။ ကျောင်းသားနေ့လို့တောင်ခေါ်ခဲ့ကြတာပါ။ ကျွန်တော်မန္တလေးတက္ကသိုလ်တက်နေတဲ့ တနှစ်မှာ ပန်းချီဆရာ(ဦး)မောင်ငွေထွန်းဆွဲတဲ့ ခွပ်ဒေါင်းရုပ်လေးနဲ့ အနီရောင်ရင်ထိုးအလံလေးတွေ လိုက်ရောင်းပြီး ရံပုံငွေရှာ ခဲ့ကြတာကိုမှတ်မိနေပါတယ်။ မတကသအဆောက်အဦထဲမှာလည်း ဗိုလ်အောင်ကျောက်ရဲ့ပုံအကြီးကြီးထောင်ထားးတာ ရှိပါတယ်။ ဒါပေမဲ့ ဗိုလ်နေဝင်းစစ်အစိုးရကတော့ ဒီနေ့ဒီရက်၊ ဒီအထိမ်းအမှတ်ကိုကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ အာရုံထဲကနေပျောက်သွားအောင် စနစ်တကျဖျက်ဆီးခဲ့ပါတယ်။ ဗိုလ်အောင်ကျောင်အသတ်ခံရတဲ့နေ့ မှာပျော်ပွဲရွှင်ပွဲ တွေလုပ်တာထက် စော်ကားတာရိုင်းပျတာ မရှိတော့ဘူးလို့ဆိုချင်ပါတယ်။ ဒါကြောင့်ကျွန်တော်လည်း အောက်ပါကဗျာ လေးကိုရေးချခဲ့မိပါတယ်။

အောင်ကျော်သို့ (ကာချင်း)
    ကားများသံသည်
ညံရန်ကော ညံညံ။

ခွပ်ဒေါင်းလံသည်
ပျံရန်ကော ပျံပျံ။

    ကားများသံက နားဝမှာတည့် နားဝမှာ
ခွပ်ဒေါင်းလံက သဲစမှာတည့် သဲစမှာ

နားဝလေလော၊ သဲစလောဟေ့
တွေးတောပါက ရှင်းလင်းစွတည့်၊ ရှင်းလင်းစွ။

    ကားများသံက ဆူညံလှ
ပြင်ပလွမ်းရဖွယ် လွမ်းရဖွယ်။

ဒေါင်းမိခင်က သွန်သင်ပြ
မြင်ရနာကျည်းဖွယ်၊ နာကျည်းဖွယ်။

ကျောင်းသားပွဲတော် ထွင်လို့အော်
အောင်ကျော်မေ့ဖို့ရွယ် မေ့ဖို့ရွယ်။

 မသာအိမ်မှာလော်စပီကာ
မသတီစရာ ပွဲခံတယ်၊ ပွဲခံတယ်။

ဒီနေ့ချိန်ခါတို့ပြည်ရွာ
ခွေးသာစိုးတွင်ကျယ် စိုးတွင်ကျယ်

 ကျောင်းသားတွေဟာ ညှိုးငယ်စွာ
သွားလာစက်သို့နှယ် စက်သို့နှယ်။

ဒေါင်းပျိုငှက်ပျံ ချုပ်ဖို့ကြံ
မခံခွပ်တော့တယ် ခွပ်တော့တယ်။

 စက်ရုပ်ပမာ ကျောင်းသားဟာ
မာတာနှီလို့နွှယ် နှီလို့နွှယ်။

အောင်ကျော်ရဲ့စံ နည်းနာခံ
တွန်းလှန်ဒီနေ့ဝယ် ဒီနေ့ဝယ်။

အောင်ကျော်ပမာအောင်ပွဲဟာ
တို့မှာမဝေးတယ်၊ မဝေးတယ်။

                        ၂၁-၁၂-၆၆


(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ၂၀ရက် ဗိုလ်အောင်ကျော်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ပါ)

Friday, December 12, 2014

သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ - ရေးသူ ဒေါက်တာလှကျော်ဇော

သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ။ 



          ကျွန်မ ဆောင်းပါးအမှတ် (၂၇) ဗိုလ်လက်ျာအကြောင်း ရေးပြီးတော့ ရဲဘော်တချို့က ဗိုလ်လက်ျာနဲ့ တတွဲတည်းအဖြစ် ဗိုလ်ဇေယျအကြောင်းလည်း ရေးပါဦးလို့ တိုက်တွန်းလာကြပါတယ်။  ကျွန်မက ဗိုလ်ဇေယျ အကြောင်း ဖေဖေ ပြောပြဖူးတဲ့ နည်းနည်းပါးပါးပဲ သိတယ်။  ဗိုလ်လက်ျာကြီးလို သိပ်ရင်းရင်းနှီးနှီး မဟုတ်ခဲ့လို့ ရေးရတာ မဝံ့မရဲဖြစ်မိပါတယ်။  ဒါပေမဲ့ သမိုင်းဝင် ပုဂ္ဂိုလ်ကြီး တယောက်အကြောင်း မိမိတို့နဲ့ ပတ်သက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို တဒေါင့်တနေရာက ရေးကြည့် ချင် လာပါတယ်၊

          ကျွန်မ ဗိုလ်ဇေယျအကြောင်း ရေးဖို့ပြင်တော့ ဒီဆောင်းပါးနဲ့အတူ ထည့်ဖော်ပြချင်တဲ့ ဓာတ်ပုံနှစ်ပုံကို အသည်းအသန် ရှာမိပါတယ်။  တပုံကတော့ ၁၉၆၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့က ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးဖို့ ပဏာမကိုယ်စားလှယ် အဖွဲ့အဖြစ် လာကြတဲ့ ရဲဘော်ဌေးနဲ့ ဗိုလ်ဇေယျတို့အဖွဲ့ စမ်းချောင်း ချမ်းသာလမ်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအိမ်ကို ဂါရဝပြုဖို့ လာတုံးက ဖေဖေနဲ့ ဗိုလ်ဇေယျ တယောက်နဲ့တယောက် ဖက်ပြီး မျက်ရည် တွေစီး ကျနေတဲ့ပုံဖြစ်ပါတယ်၊

အဲဒီ ဓာတ်ပုံဟာ ဆွေးနွေးပွဲတွေ ပျက်ပြီးနောက် အဲဒီကာလက ဓာတ်ပုံများအတွက် ပြိုင်ပွဲပြုလုပ်ရာမှာ ‘တတိယဆု’ ရရှိခဲ့ပါတယ်။  (ပထမရတဲ့ ပုံကတော့ အဲဒီ ကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြီးနောက် ပေါက်ခေါင်းချောင်း (နဝင်းချောင်း) ကို ဖြတ်နေတဲ့ပုံ။  ရှုဒေါင့်ဂျာနယ်က ‘ပြည်သူကိုသူတို့ ကျောခိုင်းကြလေပြီ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ပုံဖြစ်ပါတယ်။)

          နောက်တပုံကတော့ ၁၉၆၃ စက်တင်ဘာလ ၁၂ ရက်နေ့က အဲဒီ ကိုယ်စားလှယ်အဖွဲ့ ကျွန်မတို့ ဆီဆုံလမ်းအိမ်ကို လာလည်စဉ်က ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။  အဲဒီကာလ သတင်းစာတွေထဲမှာတော့ အထင်ကရ ဖော်ပြခံရတဲ့ ဓာတ်ပုံတွေ ဖြစ်ခဲ့ ပါတယ်။

          အဲဒီ ပုံတွေရမရ မသေချာပါဘူး။ (သတင်းစာဖြတ်ပိုင်းဟောင်း တခုရလို့ ထည့်ထား ပါတယ်။)  ကျွန်မဆီမှာတော့ ၁၉၄၁ ဂျပန်ရောက် ရဲဘော်သုံးကျိပ်ဝင်တချို့ကို ရိုက်ကူးထားတဲ့ပုံ တပုံတော့ ရှိပါတယ်။ အဲဒီထဲမှာတော့ ဖေဖေရော ဗိုလ်ဇေယျရော ပါပါတယ်။ (ရှေ့ကဆောင်းပါးတစောင်မှာ ဖော်ပြထားပြီးဖြစ်ပါတယ်။)

          တကယ်တော့ ဗိုလ်ဇေယျဟာ အစဉ်အလာကြီးပါတယ်။ ရဲဘော်သုံးကျိပ် မသွားခင်ကတည်းက ကျောင်းသား ခေါင်းဆောင် တဦး ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်း မန္တလေးအရေးတော်ပုံကို သွားပြီး ခေါင်းဆောင်ခဲ့ပါတယ်။  ရန်ကုန်မှာ ဆန္ဒပြကျောင်းသူကျောင်းသား ၂ဝဝ ကျော် ဒဏ်ရာရခြင်းနှင့် ဗိုလ်အောင်ကျော် ကျဆုံးရခြင်းတို့နှင့် ပတ်သက်၍ အရေးယူပေး ရန် စီတန်းလှည့်လည် ဆန္ဒပြရာမှာ အင်္ဂလိပ်အစိုးရက ပစ်ခတ်လို့ အာဇာနည် ၁၇ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့ပါတယ်။ ဒဏ်ရာရသူများ အထဲမှာ ဗိုလ်ဇေယျ ပါပါတယ်။  ရန်ကုန်တက္ကသိုလ်မှာ သမဂ္ဂခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါ တယ်။ အဲဒီကမှ ရဲဘော်သုံးကျိပ်အဖြစ် ပါသွားတာပါ။   အဲဒီမှာလည်း သူဟာ ခေါင်းဆောင်တဦးပါပဲ။  အထူးသဖြင့် ဖေဖေတို့ ဆရာကြီးမှိုင်းအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လက်ျာပြီးရင် ဗိုလ်ဇေယျက တတိယခေါင်းဆောင်ပါ။  (ဗိုလ်နေဝင်းကတော့ ကံကောင်းထောက်မစွာနဲ့ သခင်ထွန်းအုပ် သခင်ဗစိန်ဂိုဏ်းရဲ့ ခေါင်းဆောင်နေရာကို ရခဲ့တာပါ။ ဒီအကြောင်း ကျွန်မရေးပြီးပါပြီ။)

          ဂိုဏ်းနှစ်ဂိုဏ်း ညီညွတ်စေလိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စေတနာကြောင့်သာ ဗိုလ်နေဝင်း ဒီနေရာတွေ ရလာတာပါ။  ဗိုလ်ဇေယျနဲ့ တန်းတူနေရာမျိုးပါ။  တခါတရံ  ဗိုလ်ဇေယျကို အထက်မှာထားပြီး တခါတရံ ဗိုလ်နေဝင်းကို အထက်မှာထား ပါတယ်။

          ဂျပန်တော်လှန်ရေးအပြီးဖွဲ့တဲ့ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်ဇေယျကို စစ်ဦးစီးချုပ်ပေးပြီး ဗိုလ်နေဝင်းကိုတော့ ရှေ့တန်း စစ် ဌာနချုပ်မှူးပဲ ပေးထားပါတယ်။

          ၁၉၄၅ စက်တင်ဘာမှာ ချုပ်ဆိုတဲ့ ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်အောင်ဆန်းက အရပ်ဘက်ကူးပြောင်းတော့မယ်လို့ ဆုံးဖြတ်ပြီး ကျန်လူများကို ကိုယ်ပိုင်အမှတ်စဉ်တွေ ထုတ်ပေးရာမှာ-
         
          ဗိုလ်လက်ျာ                 BC 3501
          ဗိုလ်နေဝင်း                BC 3502 
          ဗိုလ်ဇေယျ                 BC 3503
          ဗိုလ်ကျော်ဇော            BC 3504
          ဗိုလ်အောင်ရွှေ (NLD)    BC 3505
          ဗိုလ်ရဲထွဋ်                 BC 3506

          စသဖြင့် ဗိုလ်နေဝင်းအုပ်စုကိုလည်း တစုံတရာ နေရာပေးထားတာ တွေ့ရပါတယ်။

          (ဒီနေရာမှာ ကျွန်မကြုံကြိုက်လို့ ကိစ္စတခုပြောပါဦးမယ်။  ဖေဖေတို့က သူတို့ ကိုယ်ပိုင်နံပါတ်ကို အတော်စွဲလမ်း ပုံရပါတယ်။  ဖေဖေ နေထိုင်မကောင်း ဖြစ်နေတဲ့အခါ ကျွန်မက စိတ်ပြေလက်ပျောက် စကားစမြည် ပြောရင်း အော် ဒါထက် ဖေဖေ့ ဘီစီ နံပါတ်က ဘယ်လောက်ပါလိမ့်လို့ ဖြတ်မေးလိုက်ရင် ဖေဖေက ‘သရီး-ဖိုက်-အို-ဖိုး’တဲ့။  မဆိုင်းမတွကို ဖြေနိုင်ပါတယ်။)

          အဲဒီ ကန္ဒီစာချုပ်အရ ဗြိတိသျှက ဖွဲ့စည်းပေးခဲ့တဲ့ အမြဲတမ်းဗမာ့တပ်မတော်မှာ သေနတ်ကိုင် ခြေလျင်တပ်ရင်း ၃ ရင်း (သနက-၃-၄-၅) မှာ ဖေဖေရယ် ဗိုလ်နေဝင်းရယ် ဗိုလ်ဇေယျရယ် ဒုတပ်ရင်းမှူးများ အသီးသီးဖြစ်လာပါတယ်။  အင်္ဂလိပ်လူမျိုး တွေကတော့ တပ်ရင်းမှူးတွေပေါ့။   အဲဒီကမှ တပ်ရင်း ၃ ရင်းက အရာရှိ ၁ဝ ဦးစီရွေးပြီး ၁၉၄၆ ခုနှစ် မေမြို့မှာ အထူးဗိုလ်သင်တန်းဖွင့်ပြီး အင်္ဂလိပ်တွေက ဖေဖေတို့ကို စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။

          အဲဒီ ဗိုလ်သင်တန်းနဲ့ ပတ်သက်လို့ ဖေဖေက သူ့ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ အသေးစိတ် ဖော်ပြထားခြင်း မရှိပေမယ့် ဗိုလ်မှူးကြီးဟောင်း တင်မောင် (စာရေးဆရာ မြတ်ထန်)ရဲ့ ‘ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်မှာ ’  တော်တော် ပြည့်ပြည့် စုံစုံ ရေးထားပါတယ်။   တနေရာမှာ ရေးထားတာကတော့ ----

          ထိုသင်တန်းသည် တမျိုးတော့ ပျော်စရာကောင်းလှပါသည်။

          မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီးနောက် အင်္ဂလိပ်စစ်တပ်သို့ ဝင်ရောက်ခဲ့ကြရပြီးမှ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့သည် တစုတဝေး ပြန်လည်တွေ့ဆုံကြရခြင်းဖြစ်သည်။  ထို့ကြောင့် ရောက်စကမူ ရင်ဆိုင်ကြရမည့် သင်တန်း၏ ပင်ပန်းမှု ပြင်းထန်မှုတို့ကို သတိမရနိုင်ကြဘဲ တဲတတဲမှတတဲ ကူးကြသန်းကြ အတွေ့အကြုံခြင်း ဖလှယ်ကြ ရှေးဖြစ် နှောင်းဟောင်းတွေပြောကြ တဝါးဝါး တဟားဟား ---လို့ ရေးထားတာ တွေ့ရပါတယ်။

          ဟုတ်ပါတယ်။  အဲဒီကာလက ပျော်စရာတွေအကြောင်း ဖေဖေလည်း ပြောပြခဲ့ဖူးတာတွေ ရှိပါတယ်။

          ဖေဖေက အဲဒီသင်တန်းတက်တုန်းက ဗိုလ်ဇေယျနဲ့ အတူ တက်ခဲ့ပြီး နောက်ပိုင်း မတွေ့ဖြစ်တော့တာဟာ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးကာလကျမှ ပြန်တွေ့ကြတာဖြစ်တယ်လို့လည်း ပြောပြခဲ့ဖူးပါတယ်။

          ဖေဖေက ‘ဗိုလ်ဇေယျကြီးဟာ သိပ်သဘောကောင်းတာ လက်အောက်ငယ်သားတွေ ဖေဖေတို့လို သူ့ထက်ငယ်သူတွေ အပေါ်မှာလည်း ညှာတာတယ်။  လူကလည်း လူချောကြီး အသားက ဖွေးနုနေတော့ အမျိုးသမီးတွေက အတော်လိုက်ကြ တယ်’ လို့လည်း ပြောပြဖူးပါတယ်။

          ဗိုလ်ဇေယျက ဘီအိုင်အေခေတ် အစောပိုင်းမှာပဲ မန္တလေးက အချောအလှ စာရင်းဝင် ကျောင်းသူလေး မခင်တင့်နဲ့ အိမ်ထောင်ကျပါတယ်။ မခင်တင့်က သိပ်လှတာ အိမ်ထောင်ကျတော့ ငယ်ငယ်လေးရှိသေးတယ်လို့ မေမေက ပြောပြဖူးပါတယ်။

          (မကြာမီက ဒေါ်ခင်တင့်ကွယ်လွန်တော့ သတင်းစာထဲ နာရေးကြော်ငြာထည့်ရာမှာ ‘ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ဇနီး’လို့ ထည့်ထားတာကို သတင်းစာတိုက်တာဝန်ခံများကတဆင့် ဖိအားပေးဖြုတ်ခိုင်းလို့ ဖြုတ်ပေးလိုက်ရတယ် တဲ့။  အဲသလောက် အာဃာတကြီးကြပါတယ်။)

          ဒေါ်ခင်တင့် ဘယ်လောက်လှလဲ ဆိုတာတော့ ကျွန်မ မတွေ့ဖူးလို့ မသိပါဘူး။  ဒါပေမဲ့ မမခင်မာလာ (ဗိုလ်ဇေယျ ဒေါ်ခင်တင့် တို့၏ သမီးကြီး) လှတာကိုတော့ ကောင်းကောင်း သတိပြုမိပါတယ်။  အသားအရည်က ဝင်းနေပြီး မျက်နှာဝိုင်းဝိုင်း လေး မျက်လုံးတောက်တောက်လေးနဲ့ အတော် ကျက်သရေရှိပါတယ်။  ယခု နာမည်ကျော်သရုပ်ဆောင် (ဗိုလ်ဇေယျမြေး တဦးလည်း ဖြစ်တဲ့) အိနြေ္ဒကျော်ဇင်တို့ မျက်နှာပေါက်ပဲ။

          မမခင်မာလာက ၁၉၆၂ ဇူလိုင် ၇ ရက်နေ့မှာ ကောလိပ်ဂျင်နေဝင်းနဲ့ မင်္ဂလာဆောင်ပါတယ်။  အဲဒီတုန်းက အသက် ၂ဝ တောင်မပြည့်သေးပါဘူး။  ကောလိပ်ဂျင်နေဝင်းက ခရစ်ယာန်ဖြစ်လေတော့ ခရစ်ယာန်ဘုရားကျောင်းမှာလည်း လက်ထပ် ဖို့လိုပါတယ်။  အဲဒီဘုရားကျောင်းမှာ လက်ထပ်တော့ သတို့သမီးကို တွဲထုတ်ဖို့ သတို့သမီးဖခင်နေရာမှာ နေပေးဖို့ ဖေဖေကို ဦးစိုးဝင်း (ဗိုလ်ဇေယျညီ)က လာဖိတ်ခေါ်လို့ ဖေဖေ သွားလက်ထပ်ပေးရပါတယ်။  တရားရုံးမှာ လက်ထပ်တုန်းကတော့ ဗိုလ်လက်ျာတို့ ဇနီးမောင်နှံက ဦးစီးလက်ထပ်ပေးခဲ့တာပါ။

          ဗိုလ်ဇေယျညီ ဦးစိုးဝင်းဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာပဲ ကျဆုံး ကွယ်လွန်သွားရတဲ့ နိုင်ငံရေးအကျဉ်းသမားတဦးပါ။ မမခင်မာလာတို့ ညီအမတတွေကို တောက်လျှောက် အုပ်ထိန်းသူအဖြစ် စောင့်ရှောက်လာခဲ့သူပါ။

          ကောလိပ်ဂျင်နေဝင်းကြီးကလည်း ဘယ်လောက်သရုပ်ဆောင်ကောင်းကောင်း ဘယ်လောက် လူကြိုက်များများ မမခင် မာလာနဲ့ယူမိလို့ တော်တော်နဲ့ အကယ်ဒမီမရနိုင်ခဲ့ပါဘူး။  ကောလိပ်ဂျင်နေဝင်းကြီးဟာ ရုပ်ရှင်ထဲမှာသာ နောက်တီး နောက်တောက် နေပေမယ့် အပြင်မှာကျတော့ အလွန်အိနြေ္ဒကြီး  တည်ကြည်ပါတယ်။  ကျွန်မမောင်တွေ ၁၉၆၃ ဧပြီလထဲမှာ ရှင်ပြုတော့ သူတို့ ဇနီမောင်နှံလာလို့ ကျွန်မ နီးနီးကပ်ကပ် တွေ့ဖူးလိုက်တာပါ။  နိုင်ငံရေးစိတ်ဓာတ် အခြေခံကောင်းပုံရပါတယ်။ စာရေးဆရာကြီး ဒဂုန်တာရာကို အိမ်ပေါ်တင်ထားပြီး ပြုစုစောင့်ရှောက်ရုံသာမက ဆရာကြီး ဒဂုန်တာရာနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း စာပေမိတ်ဆွေတွေ ကဗျာဆရာတွေ ဝင်ထွက်သွားလာနေမှုကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံ ဆက်ဆံတယ်လို့လည်း ကြားဖူးပါတယ်။  သူတို့အများစုက လက်ဝဲနွယ်တေ ဖြစ်ပြီး အစိုးရရဲ့ အငြိုငြင်ခံရသူတွေပါ။

          ဗိုလ်ဇေယျမှာ သမီးချည်း ၅ ယောက်ရှိပါတယ်။  အငယ်ဆုံး သမီးလေး ရိုးရိုး ၇ လသမီးမှာ သူတို့ သားအမိတတွေ အစိုးရ ထိုးစစ်တခုမှာ အဖမ်းခံလိုက်ရပါတယ်။  အဲဒီတုန်းက ပါတီကလည်း  ၅၅ လမ်းစဉ်အရ အိမ်ထောင်သည်များ မြို့ပြန်ပို့ရေး အစီအစဉ်တွေရှိနေလို့ သူတို့ သားအမိတတွေ တောထဲ ပြန်မရောက်တော့ပါဘူး။  ဒါကြောင့်ဘဲ ရိုးရိုးက သူ့အဖေကို  ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ တပတ် နှစ်ပတ်လောက်ပဲ တွေ့ဖူးလိုက်လို့ ဖေဖေ့အကြောင်း ဘာမှမသိလိုက်ရပါဘူးလို့ ပြောတယ်လို့ ကြားရဖူးပါတယ်။  အခုလည်း ရိုးရိုးဟာ ‘ရဲဘော်သုံးကျိပ်ဝင် မိသားစု’ အဖွဲ့မှာ တက်တက်ကြွကြွ ခေါင်းဆောင် ပါဝင်နေကြောင်း ကြားရပါတယ်။  ဖခင်ကြီးရဲ့ မပြီးဆုံးသေးတဲ့တာဝန်ကို တတောင့်တနေရာက ပါဝင်ထမ်းဆောင်ရွက်နေပုံပါပဲ။

          ဗိုလ်ဇေယျကြီးဟာ ပဲခူးရိုးမအတွင်း အစိုးရရဲ့ ဖြတ် ၄ ဖြတ် စစ်ဆင်ရေးများအတွင်း ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက်မှာ ကျဆုံးသွားခဲ့ပါတယ်။  တလောက လွတ်လပ်တဲ့ အာရှအသံက လွှင့်သွားတဲ့ (ဗိုလ်ချုပ်ကြီးဟောင်း) ဦးတင်ဦးရဲ့ (ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီးတဦး) ပြန်ပြောင်း ပြောဆိုချက်ထဲမှာ တော်တော် အသေးစိတ် ပြောထားပါတယ်။

          စစ်ကြောင်းနှစ်ကြောင်းက ဗကပ ခေါင်းဆောင်တွေ ခိုအောင်းနေတယ်လို့ သတင်းရတဲ့ တောင်ကြောနှစ်ကြောကို ပိတ်ပြီး ရှင်းလင်းရေးလုပ်ရာမှာ ခြုံပုတ်တခုထဲအဝင် အပေါ့အပါး သွားမယ့် လူတယောက် တွေ့ရာမှာ အဲဒီလူ ထွက်ပြေးလို့ ပစ်လိုက်ရာမှာ အသေဖမ်းမိသူ မျက်မှန်နဲ့ ပုဂ္ဂိုလ်တဦးကို လာပြီး ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ကြည့်ရှုစစ်ဆေးပေးဖို့ တိုင်းမှူး (ဗိုလ်ချုပ်) ဦးတင်ဦးကိုခေါ်လို့ သွားကြည့်ရာမှာ ဦးတင်ဦးက ‘အလွန်ဝမ်းနည်းစရာ ကောင်းစွာနဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ဖြစ်နေ တာ တွေ့ရတယ်’ လို့ ပြောပြထားပါတယ်။

          ဒီလိုနဲ့ အလွန်ရင်နာဖွယ် ဗမာပြည် ပြည်တွင်းစစ်အတွင်း အဖိုးတန် ဗမာ့သားကောင်းတဦး (ဗမာပြည် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုအတွင်းက သူရဲကောင်းတဦး) အချိန်မတိုင်မီ ကျဆုံးသွားခဲ့ရပါတယ်။  ဗမာပြည်ရဲ့ ပြည်တွင်း နိုင်ငံရေးအခြေအနေအရ ဗိုလ်ဇေယျရဲ့ သမိုင်းဝင် စာမျက်နှာများဟာ မေ့ပျောက်ခြင်းသော်လည်းကောင်း မှေးမှိန်ထားခြင်း သော်လည်းကောင်း ခံနေရပါသေးတယ်။

          ဒီလိုပုဂ္ဂိုလ်ကြီးတွေ သမိုင်းမှန် နေရာမှန် ပြန်ရရေးအတွက် ဆက်လက်ကြိုးစားကြပါစို့။

          တဆက်တည်း အလျဉ်းသင့်တုန်း ကျွန်မတို့ တော်လှန်ရေးအတွင်း ရဲဘော်များအတွင်း ခေတ်စားခဲ့တဲ့ ရဲဘော်ဗိုလ်ဇေယျရဲ့  ‘မိခင်ပါတီ’  သီချင်းကို ဖော်ပြရင်း ဗိုလ်ဇေယျ အပါအဝင် ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးအတွင်း ကျဆုံးသွားရတဲ့ အာဇာနည် အထောင်အသောင်းကို ဦးညွတ် အလေးပြုလိုက်ပါတယ်။

          မိခင်ပါတီသီချင်း
          ရေးစပ်သူ- ဗိုလ်ဇေယျ

          (ဂုဏ်ရောင်ပြောင်တယ် ပစ္စည်းမဲ့ တို့ပါတီရယ်x စာဖွဲ့ရမယ် x သီကုံးလို့ရယ် x သွေးလှူပေးအပ်ထားတဲ့ x ချစ်မိခင်ပါတီမြတ်ရယ်)၂ အူသည်းလှိုက်ဆူ x (ဂုဏ်ယူမိတယ်)၂ x ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။

          မာက်စ် လီနင် မော် အတွေးအခေါ် ဦးထပ်ပန်လို့ရယ် x  ရင့်ကျက်သံမဏိနှယ် x ကျောက်ဆိုင်ပမာသို့ကွယ် x ခိုင်မာတယ် x အောင်လံနီစိုက်ကာလွှင့်မယ် x ရန်သူကို တိုက်ကာခွင်းမယ် x ပြည်သူကိုခေါင်းဆောင်လို့ရယ် x အောင်ပွဲသို့သာချီကာရယ် x (အာဏာနီထူမယ်)၂ x လက်နက်ကိုင်လို့ တိုက်ကြပါစို့ကွယ် x (အာဏာနီထူမယ်) ၂ လက်နက်စွဲလို့ ရဲရဲတောက်နီ ဆန္ဒပြုမယ် x အမှန်ပင် အောင်မြင်စေရမယ် x အဓွန့်ရှည်ပါစေလို့ x မိခင် x ပါတီ x အလီလီကြွေးကြော်တယ် xxx

          သဘောတရားက ရှေ့ဆောင်တယ် x လက်တွေ့နဲ့ရယ် ပေါင်းစပ်မယ် x လက်နက်ကိုင် x ကြီးပြင်းခဲ့လို့  လူလားမြောက်တဲ့ ဒီချိန်ခါဝယ် x အသက်နဲ့ ထပ်တူချစ်ခင်ရမယ် x သွေးနဲ့ရင်းကာ သစ္စာပြုမယ် x တူတံဇင်ရွှေရောင်အဆင်းနဲ့ x လမ်းပြတံခွန်ကြယ် xx ရဲဘော်အပေါင်းရယ် xx လွှင့်ထူစို့ကွယ် x အဓိဋ္ဌာန်ပြုမယ် xx အောင်စေဖွယ် xx ဗမာပြည်အနီရောင်လွှမ်းလို့ xx ချမ်းမြေ့စေမယ် xx (အလေးနီ)၃ xxx အဓိဋ္ဌာန်ပြုပါတယ်။

          အို xx ရဲဘော် xx ချစ်ရဲဘော်ရယ်x ငုပ်မိသဲထိုင် တက်နိုင်ဖျားရောက် အောင်ရမယ်x တနေ့တလံ ပုဂံ ဘယ်ပြေးမယ်x ဟုတ်တယ်xဟုတ်တယ်x ဟုတ်တယ်x ဟုတ်တယ်x မာ့က်စ်လီနင်ဝါဒ xအောင်ပွဲရတဲ့ခုချိန်မယ် x အနာဂတ်ကို x တို့ပိုင်တယ် x တို့ပိုင်တယ်x တို့သာပိုင်ရမယ် xxx

          (တို့တတွေ x ပေးအပ်ထားတဲ့တာဝန်ရယ် x မဆုတ်မနစ်ကြိုးစားလို့ဖြင့် xx အောင်စေရမယ် xx အောင်စေရမယ်)၂ xxx

          သံမဏိစည်းကမ်း x လိုက်နာလို့ရယ် x ပါတီတောင်းဆိုချက်ကို x ပြည့်စုံစေမယ် x ကိုယ်ကျိုးမဖက်တယ် x အသက်ကိုပင် x ပေးလှူဖြူစင်ကြယ်


                                                                                                                                                                   ၁၄-၁၁-၂ဝ၁၂

Thursday, December 11, 2014

ဆိုရှယ်လစ်တပ်မှူးများ အပိုင်း (၂) ဗိုလ်မောင်မောင်- ရေးသူ ဒေါက်တာလှကျော်ဇော



ဆိုရှယ်လစ်တပ်မှူးများ
အပိုင်း (၂)  ဗိုလ်မောင်မောင်

          ၁၉၅၁ ခုနှစ် သြဂုတ်လကုန် ရက်တရက်။  ဖေဖေ မနက် ရုံးမသွားခင်မှာ မေမေ့ကို မှာခဲ့တာက “ ဒီနေ့ ဗိုလ်မောင်မောင်တို့ ရောက်လာလိမ့်မယ်။ မင်းတို့ လေယာဉ်ပျံကွင်း သွားကြိုပြီး ဧည့်ခံလိုက်ကြပါ ”  တဲ့။

          အဲဒီ ကာလက ဖေဖေက တောင်ပိုင်းတိုင်း တိုင်းမှူးအဖြစ် မင်္ဂလာဒုံမှာ ရှိနေပြီး၊ ကေအင်ဒီအိုတွေနဲ့ တိုက်ပွဲ အဆုံး သတ်တွေ ဆင်နွှဲ နေရချိန်ပါ။  မေမေကတော့  အဲဒီခေတ်  အဲဒီကာလက ဗိုလ်ချုပ်အောင်ဆန်း ကတော် ဒေါ်ခင်ကြည်တို့၊ ဝန်ကြီးချုပ် ဦးနု ကတော် ဒေါ်မြရီတို့  နာယကများ အဖြစ် ဦးစီး ဖွဲ့စည်း လှုပ်ရှားခဲ့တဲ့ မိခင် နဲ့ ကလေး စောင့်ရှောက်ရေးအသင်း၊ တပ်မတော် အမျိုးသမီးများ အသင်း စတာတွေရဲ့ တောင်ပိုင်းတိုင်း ဌာနရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင် နေရချိန်ပါ။

          အဲဒီ အသင်းအဖွဲ့ တွေရဲ့ ရည်ရွယ်ချက် ကတော့ ရှေ့တန်းမှာ တိုက်ပွဲဝင် နေရတဲ့ တပ်မတော်သား များရဲ့ နေထိုင်စား သောက်ရေး၊ စိတ်ဓာတ်ရေးရာတွေကို နောက်တန်းကနေ ကူညီပံ့ပိုးဖို့နဲ့ နောက်တန်းမှာ ကျန်ခဲ့တဲ့ စစ်သားမိသားစုများရဲ့ ဘဝ သက်သာချောင်ချိရေး များအတွက် ဆောင်ရွက်ကြဖို့ ပဲ ဖြစ်ပါတယ်။

          ဖေဖေ ရည်ညွှန်း ပြောဆိုလိုက်တဲ့ ဗိုလ်မောင်မောင်ကတော့ ၁၉၄၉ ခုနှစ် အတွင်းက မိတ္ထီလာမှာ ကေအင်ဒီအိုတွေရဲ့ အဖမ်းအဆီးခံ လိုက်ရပြီး နှစ်နှစ်ကျော်ကျော် သုံးနှစ်နီးပါး သုံ့ပန်းအဖြစ် နေရာအမျိုးမျိုး ရွှေ့ အချုပ်အနှောင် ခံရပြီးမှ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၁-၂၅ ရက်နေ့ အတွင်း ဗမာ့တပ်မတော်ရဲ့ ကယ်တင်မှုနဲ့ လွတ်မြောက်လာတဲ့ ဗိုလ်မှူးကြီးမောင်မောင်နဲ့ အရာရှိတစုကို ဆိုလိုတာဖြစ်ပါတယ်။ သူတို့ လွတ်မြောက် ပြီးနောက် လေယာဉ်ပျံတွေနဲ့  မင်္ဂလာဒုံကို ခေါ်လာကြတာပါ။

          မေမေကလည်း သူ့ အဖွဲ့ အတွင်းက စစ်ဗိုလ် ကတော်တွေကို စုစည်းပြီး မင်္ဂလာဒုံ လေယာဉ်ကွင်းကို သွားကြို ခဲ့ပါတယ်။ လွတ်လာသူ တချို့ရဲ့ ဇနီးတွေလည်း သူတို့ အုပ်ထဲမှာ ပါခဲ့ကြတယ်တဲ့။ မေမေတို့ က သူတို့ ကို သွားကြိုဆိုပြီး မင်္ဂလာဒုံမှာရှိတဲ့ ဧည့်ဂေဟာ (Guest House) မှာ နေရာချထား ပေးပါတယ်။  ဒီနောက် မေမေက “ ကဲ ဗိုလ်မှူးတို့ ဘာစားချင်ကြသတုန်း ” လို့  မေးတော့ အားလုံးက တသံတည်း “မုန်‹ဟင်းခါး” လို့ ဖြေကြသတဲ့။  မုန့်ဟင်းခါး စားချင်တယ် ဆိုတဲ့ အဖြေရတော့ သုံးဆယ်သူ ကြီးဖြစ်တဲ့ မေမေက အကြိုက်ကျ သွားတော့တာ ပါပဲ။

          ကျွန်မတို့  မွေးဇာတိ သုံးဆယ်က သုံးဆယ် မုန့်ဟင်းခါး ဟာ နာမည်ကြီး ပါတယ်။  အဲဒီခေတ်က ရန်ကုန်က အလှူပွဲတွေမှာ သုံးဆယ်မုန့်ဟင်းခါးကို အော်ဒါမှာပြီး ကျွေးတတ်ပါတယ်။  ကျွန်မတို့ ငယ်ငယ်က “ ဦးဖိုးသူ သုံးဆယ် မုန့်ဟင်းခါး ” ဆိုတာ အလွန် နာမည်ကြီးပြီး ကျွန်မတို့  အဘိုးအဘွား ဆွေမျိုးသားချင်းများရဲ့ အလှူပွဲတွေမှာ ဖြစ်ဖြစ်၊ အဘိုးရဲ့ ရုံးက ဒါဘာ ပွဲတွေမှာ ဖြစ်ဖြစ် မပါရင် မပြီးပါဘူး။  ကျွန်မတို့ အရပ်က အင်းတွေ၊ ကန်တွေ၊ ချောင်းတွေလည်း ပေါတော့ ငါး သိပ်ပေါပါတယ်။  ငါးပေါတော့ ငါးပိ၊ ငံပြာရည်လည်း ပေါတော့ တာပေါ့။ မုန့်ဟင်းခါးဆိုတာက ငါးနိုင်ရင် ငံပြာရည်နိုင်ရင် ကောင်းတာပဲလေ။  ဒါကြောင့်မေမေက မုန့်ဟင်းခါး ချက်ဖို့ဆိုရင် သိပ်တက်ကြွပါတယ်။  သူပိုင်တဲ့ ဘာသာရပ်ကိုး။

          ဒါနဲ့ မေမေက စစ်ဗိုလ်ကတော် နှစ်ယောက် သုံးယောက်လောက် ခေါ်ပြီး ရန်ကုန် သိမ်ကြီးဈေးကို ပြေးရပါတယ်။  အဲဒီတုန်းက မင်္ဂလာဒုံဟာ တပ်မြို့နယ်လေးပဲ ဖြစ်ပြီး ဈေးကလည်း ချောက်ချီး ချောက်ချက်ပါပဲ။ မနက် ၁ဝ နာရီလောက်ဆို ဈေးကွဲနေပါပြီ။  ဒါကြောင့် မေမေတို့က ရန်ကုန်ထိပြေး၊ ဈေးဝယ်ရတာပါ။ မေမေက မုန့်ဟင်းခါး တပင်တိုင်ဟင်း သက်သက်အတွက် သာမက ဘူးသီးကြော် ကြော်ဖို့ပါ အစုံအလင် ဝယ်ခြမ်းပြီး တနေ့လုံး လုံးပန်း ချက်ပြုတ် ရပါတယ်။

          သုံးဆယ် မုန့်ဟင်းခါးက ငါးခူနဲ့ ချက်ပါတယ်။ ပြီးမှ အဆာပလာကို ချဲ့ချင် သမျှ ချဲ့ကြပါတယ်။ ဘဲဥပြုတ်၊ ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော် စတာတွေ ထပ်ထည့် စားကြပါတယ်။ တချို့ အရပ် ( ဥပမာ-ဟင်္သာတ၊ မိုးညို) မှာဆိုရင် ငါးသလောက်နဲ့ ချက်ပြီး၊ ငါးသလောက်ဥ ကြော်တွေကို အဆာပလာအဖြစ် ထည့်တတ်ပါတယ်။  ဟင်းရည်ထဲလည်း ငှက်ပျောအူ တို့၊ မင်းတုန်း ကြက်သွန် အလုံးလိုက် စတာတွေလည်း ထည့်တတ် ပါသေးတယ်။

          မေမေက မုန့်ဟင်းခါးချက်ရင် သူ့မှာ ပုံသေနည်း (ဖော်မြူလာ) ရှိပါတယ်။  လူ ဘယ်နှစ်ယောက် ဆိုရင် မုန့် အချိန် ဘယ်လောက်၊ ငါး ဘယ်နှစ်ပိဿာ စသဖြင့်ပေါ့။  အဲဒီ နည်းနဲ့ ချက်တတ်ပါတယ်။  မေမေက အဲဒီ နေ့က အဖြစ်အပျက်ကို ပြောပြတုန်းက “ တော်သေးတယ်။  မေမေက အပိုဆောင်း ချက်မိပေလို့။ စားမယ့် လူတွေက အားလုံးလည်း ယောက်ျားသားချည်း ဖြစ်ပြန်၊ အလွန် တောင့်တနေတဲ့ အစားလည်းဖြစ်လို့၊ တော်တော် ပိုပိုမိုမို လုပ်မိပေလို့ပဲ။  ဒါတောင် လာကူတဲ့  ရဲဘော်လေးတွေကို ထမင်းပဲ ကျွေးလိုက်နိုင်တယ်။ ခေါင်းတောင် မဖော်ကြဘူး။ မြိန်ရည်ရှက်ရည် စားလိုက်ကြတာ၊ ကျွေးရတာ အားရလိုက်တာ” တဲ့။  မေမေက သူခါတိုင်း ချက်နေကျထက် နှစ်ဆခွဲလောက် ပိုချက်ခဲ့တာတဲ့။

          မေမေက  အဲဒီ အဖြစ်အပျက်တွေကို  ပြန်ပြောပြတုန်းက ထူးထူးဆန်းဆန်း  စကားတခုလည်း ပြောခဲ့ပါသေးတယ်။  “ အဲလူတွေက ဗိုလ်မောင်မောင်ကို ဖေဖေက ကယ်တာလို့ ပြောဆိုပြီး၊ ဖေဖေ့ကို ဗိုလ်မောင်မောင်ကို ကယ်တဲ့သူရဲ ကောင်းကြီးအဖြစ် အပြင်မှာ နာမည်ကြီးနေပေမယ့် ကာယကံရှင် ဗိုလ်မောင်မောင် ကိုယ်တိုင်ကတော့ ဒါကို သိပုံတောင် မရဘူး” တဲ့။  ကျွန်မက အဲဒီတုန်းကတော့ ဘာမှ ဆက်မမေးမိဘဲ  မေမေဘာလို့  ဒီလို ပြောပါလိမ့်လို့  ပဟေဠိ ဖြစ်နေမိပါတယ်။

          အဲဒီ ပု စ္ဆာ ရဲ့ အဖြေကို နောက် နှစ်ပေါင်းများစွာ ကြာမှ သိလာ ရပါတယ်။  ၂ဝဝ၆ ခုနှစ်မှာ ထွက်လာတဲ့  မှူးသမိန်  (ဗိုလ်မှူးကြီး စောမြင့်) ရဲ့ “ ဘုံဘဝ ကြုံတွေ့ ရဇာတ်လမ်းများ ”  စာအုပ်ထွက်လာပြီး အဲဒီထဲက ဆောင်းပါးတွေ ဖတ်ရမှ ကျွန်မ လိပ်ပတ်လည် သွားပါတော့တယ်။  အဲဒီစာအုပ်ဟာ ဗိုလ်မှူးကြီးစောမြင့်က  မှူးသမိန်ဆိုတဲ့ ကလောင်နာမည် အပါအဝင် ကလောင်ခွဲ နာမည်အမျိုးမျိုးနဲ့ မဂ္ဂဇင်းများမှာ ရေးခဲ့တဲ့ ဆောင်းပါး အများအပြားထဲက သမိုင်းဝင် မှတ်တမ်းတင်နိုင်တဲ့ စာမူများကို ရွေးထုတ်ပြီး လုံးချင်း ထုတ်ဝေလိုက်တဲ့ စာအုပ်ပါ။  အဲဒီ အထဲက ၁၉၅၁ ခုနှစ် အတွင်းက အဖြစ်အပျက်တွေကို ရေးထားတဲ့ ဆောင်းပါးတွေ ထဲမှာ ဗိုလ်မှူးကြီးမောင်မောင်တို့ အဖွဲ့ကို ကယ်တင်တဲ့ ကိစ္စကို အတော် ပြည့်ပြည့်စုံစုံ ရေးထားတဲ့ ဆောင်းပါး ၅ စောင်တောင် ပါပါတယ်။  ဗိုလ်မောင်မောင် ကိုယ်တိုင်ရေးပေးထားတဲ့ ကိုယ်တွေ့မှတ်တမ်း  ကောက်နုတ်ချက်လေးတောင် ပါလိုက်ပါသေးတယ်။  အဲဒီဆောင်းပါးတွေကို ဖတ်မိပြီးနောက်  ကျွန်မ  မေမေပြောဖူးတဲ့ “ ကာယကံရှင် ဗိုလ်မောင်မောင် ကိုယ်တိုင်ကတော့ ဘာမှတောင် သိပုံမရပါဘူး” ဆိုတဲ့ စကားရဲ့  အရင်းခံ အကြောင်းကို တွေးမိလိုက် ပါတော့တယ်။

          အဲဒီ ဆောင်းပါးတွေကို ဗိုလ်စောမြင့် ရေးစဉ်က (၁၉၈ဝ-၁၉၉ဝ ခုနှစ်များအကြား)  ဖြစ်တာကြောင့် ဖေဖေ ဗမာပြည် ကွန်မြူနစ်ပါတီထဲ ပြန်ရောက်ပြီး ကာလဖြစ်လို့  ဖေဖေ့နာမည်ကို  မထည့်ဘဲ  ‘ တောင်ပိုင်းတိုင်း တိုင်းမှူး ’ ၊ ‘ တောင်ပိုင်းတိုင်း စစ်ဆင်ရေးမှူးကြီး ’ စတဲ့ ရာထူး တာဝန်ပိုင်း နေရာများကိုသာ ဖော်ပြထားတာ တွေ့ရပါတယ်။  ဗိုလ်စောမြင့်က သူကိုယ်တိုင်ရေးတဲ့ ဆောင်းပါးတွေ မှာတော့၊  သူ ဗိုလ်မောင်မောင်တို့ ကယ်ဖို့  ( ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ်) ဗိုလ်ချုပ်နေဝင်းက ခေါ် တာဝန်ပေးပြီး သူနဲ့ ပေါင်းစပ် ကူညီဖို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အမိန့်ပေးကာ  သူ့ ကိုလည်း တောင်ပိုင်းတိုင်းမှူး (ဖေဖေ)နဲ့ ဝင်တွေ့  အစီရင်ခံဖို့  လွှတ်လိုက်ကြောင်း၊  ဖေဖေ ကိုယ်တိုင်ကလည်း တတိုင်း တပြည်လုံး အခြေအနေ အခက်အခဲများကို  ရှင်းပြပြီး  လိုအပ်တဲ့ တပ် အကူအညီတွေပေးဖို့  ခက်ခဲကြောင်း၊ သို့သော် အတတ်နိုင် ဆုံး ကြိုးစားပေးမယ်လို့ ကတိပေးပြီး ကတိ အတိုင်းလည်း ဆောင်ရွက်လုပ်ကိုင်ပေးကြောင်းတွေ ရေးထားတာ တွေ့ ရပါတယ်။ ဖေဖေက သူ့ တပ်တွေကို ရက်အတိအကျနဲ့  ဗိုလ်စောမြင့်ကို ထုတ်ပေးတာပါ။  ဒါပေမဲ့ ရက်ကျော် သွားပေမယ့်လည်း ဗိုလ်စောမြင့်ကိုယ်တိုင် သွား အကျိုးအကြောင်း  အစီရင်ခံတော့ ဖေဖေက ရက်တိုးပေး လိုက်လို့  ဝမ်းသာရကြောင်းလည်း ရေးထားတာ တွေ့ရပါတယ်။  အမှန်အတိုင်း ရေးထားပုံရပါတယ်။

          ဒါပေမဲ့ ဗိုလ်မောင်မောင်ကိုယ်တိုင် ပြန်ရေးထားတဲ့ သူတို့ လွတ်မြောက်လာပုံ အကြောင်းအရာတွေ (ဆောင်းပါးအမည် စစ်ဆင်ရေး အလင်းရောင်-၃) ထဲမှာတော့  “ ဤ ကယ်ယူရေးစီမံချက်သည် ဗိုလ်စောမြင့်က တောင်ငူမှ တပ်မဟာမှူး အဖြစ်နဲ့  ကြိုးစား၍ ဆောင်ရွက်ခြင်းဖြစ်သည်။  သူ့ စွမ်းဆောင်မှု၊  သူ့ ကြိုးပမ်းမှု၊ သူ့ မလျှော့သောလုံ့လနဲ့ သူ့ ဇွဲဖြင့် သူ အခါခါ  ကြံစည်ခဲ့ခြင်းဖြစ်၏။  သူ့ အထက်မှာ တောင်ပိုင်းစစ်တိုင်း၊ တပ်မှူးကြီး (ဖေဖေ့ကို ဆိုလို) က အားမပေးခဲ့ချေ။  သူကား  မိမိတိုင်းအတွင်း  ဗိုလ်မောင်မောင်တို့ လူစု ကယ်ဆယ်ရေးထက် အရေးပါသော လုပ်ငန်းပေါင်းများစွာကို ဦးစားပေး၍ လုံးပန်းနေ၏။  ဤကယ်ဆယ်ရေး စစ်ဆင်ရေးအတွက် သူက တပ်မပေးလို၊ မသုံးလိုပေ။  ဗိုလ်စောမြင့်က  မိမိတပ်မဟာ၌ ရှိသော တပ်မျှဖြင့် ကြိုးပမ်းပါမည်ဟု တောင်းပန်သော်လည်း သူမနှစ်မြို့နိုင်၊ ကေအင်ဒီအိုများကိုသာ မဲ၍တိုက်စေခဲ့၏။ ” လို့ ရေးထားတာ တွေ့ရပါတယ်။

          တနေရာမှာလည်း ဗိုလ်စောမြင့်က သူ့ စစ်ဆင်ရေးတွေကို ဗိုလ်မောင်မောင်ကို ရှင်းပြရာမှာ စစ်ရုံးက စီစဉ်ပေးသမျှ တပ်နည်းနည်းနဲ့  မရရအောင် ကြိုးစားရကြောင်း၊ ကြန့်ကြာနေလျှင် တိုင်းမှူးက သူ့ စစ်ဆင်ရေး စီမံကိန်းများမှာ  လှီးလွှဲ သုံးမှုဖြင့် စိတ်ဆိုးခံရမှာကို ကြောက်ရကြောင်း စတာတွေလည်း ရေးထားတာ တွေ့ ရပါတယ်။

          ဗိုလ်မောင်မောင်က သူ့ ကယ်တင်ပြီး ၁ ရက်အတွင်း သူရှိရာ တောတွင်းကို သက်စွန့် ကြိုးပမ်း လေယာဉ်ပျံလေး (အဲဒီတုန်းက ဟယ်လီကော်ပတာ မပေါ်သေးပါဘူး။ ဗြိတိသျှလေတပ်က ချန်ခဲ့တဲ့ မီးကျိုးမောင်းပျက် Oxford  လေယာဉ်လေး တွေပဲ ရှိတာပါ) နဲ့  အပြေးအလွှား ရောက်လာကြတဲ့ ဗိုလ်အောင်ကြီး ( အဲဒီကာလက စစ်ရုံးချုပ်၊ စစ်ဦးစီးအရာရှိ ပထမတန်း) နဲ့  ဗိုလ်စောမြင့်တို့  ပြောသမျှကို ယုံရဟန်ရှိပါတယ်။

          ဖေဖေကတော့ သူ့ ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲမှာ ဗိုလ်မောင်မောင် ကယ်တင်ရေး စစ်ဆင်ရေးကြီးကို ဗိုလ်နေဝင်းရဲ့ တာဝန်ပေးချက်အရ လုပ်ဆောင်ရကြောင်း။  အဲသလို လုပ်ဆောင်ရာမှာ သေနင်္ဂဗျူဟာအရ ယောင်ပြတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း။  ကေအင်ဒီအိုတွေရဲ့ ဗဟိုဌာနချုပ် စခန်းကြီးကို မိမိတို့ တပ်မတော်က စစ်ဆင်ရေး အကြီးစားလုပ်ပြီး ချီတက် တိုက်ခိုက်မည့်  ‘ဟန်ပြစစ်ဆင်ရေးကြီး’ လုပ်နေစဉ် ကာလမှာ၊ ရန်ကုန်ဘဆွေတို့  ဦးစီးတဲ့ ကယ်တင်ရေး ပြောက်ကျားတပ်ဖွဲ့ က ဗိုလ်မောင်မောင်တို့ အဖွဲ့ ကို ဖမ်းချုပ်ထားတဲ့ စခန်းကိုဝင်ပြီး တိုက်ခိုက် ထိုးသုတ် ကယ်တင်ရန် ဖြစ်သည်လို့ ရေးထားပါတယ်။

          ဖေဖေ ရည်ရွယ်ချက်ကတော့ ကေအင်ဒီအိုများအနေနဲ့  မိမိဗဟိုစခန်းကယ်တင်ရေးကိုပဲ အဓိကထားနေရပြီး၊ ဗိုလ်မောင်မောင်တို့ အကျဉ်းကျအဖွဲ့ကို  ဂရုမစိုက်နိုင်အောင် လုပ်တာဖြစ်ပါတယ်။ တကယ်လည်း  ကယ်တင်ရေး တပ်ဖွဲ့တွေ အကျဉ်းချ ထားတဲ့နေရာကို ဝင်သွားတဲ့အခါ ကေအင်ဒီအိုများက ဆုတ်ထားနှင့် ပြီးဖြစ်ကာ အရပ်သားများသာ ကျန်ခဲ့ပြီး ဘာတိုက်ပွဲ မှ ကြီးကြီးကျယ်ကျယ် မဖြစ်လိုက်ပါဘူး။ ဗိုလ်မောင်မောင် တို့ကို တောလမ်းခရီးနဲ့  ၂ ရက် နီးပါးလောက် ခြေကျင်လျှောက် ခေါ်ထုတ်လာရာမှာလည်း လိုက်လံ တိုက်ခိုက်တာတွေ မရှိခဲ့ပါဘူး။

          အဲဒီ ဗိုလ်စောမြင့်ရဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ရင် ဆိုရှယ်လစ် အုပ်စုရဲ့ ဂိုဏ်းဂဏ လုပ်ဆောင်မှုတွေကို ကောင်းကောင်း တွေ‹ရှိနိုင်ပါတယ်။  ဒါ့အပြင် ဗိုလ်မောင်မောင်က လွတ်မြောက် လာပြီးနောက် စစ်ရှုံးတဲ့  စစ်ဗိုလ်ဟာ စစ်တပ်က  ထွက်ရမယ်ဆိုတဲ့ အယူအဆနဲ့  စစ်တပ်ကထွက်မယ်လို့ လုပ်တဲ့အခါ  သူတို့ အုပ်စုတွေ (ဗိုလ်အောင်ကြီး၊ ဗိုလ်စောမြင့်၊ ရန်ကုန် ဘဆွေ) စသူတွေက ဘယ်လိုဝိုင်းဝန်း ဖျောင်းဖျ တောင်းပန်ရတယ်ဆိုတာတွေကို တွေ့ရှိ နိုင်ပါတယ်။ သူတို့ အင်္ဂလိပ်တော်လှန်ရေး၊ ဂျပန်တော်လှန်ရေး စတာတွေကို ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ အုပ်စု (ဗိုလ်နေဝင်းဦးဆောင်တဲ့ နောင် ဆိုရှယ်လစ်ဂိုဏ်းလို့  အမည်တွင်ခဲ့တဲ့ အုပ်စုဝင်တွေ) တဦးအပေါ်တဦး ဘယ်လောက် သံယောဇဉ်ရှိကြောင်း ဗိုလ်မောင်မောင်ကို ဘယ်လောက် အားထားကြောင်း၊ ဒါကြောင့် ဗိုလ်မောင်မောင် အမြန်လွတ်ရေးအတွက် ဘယ်လောက် ဝိုင်းဝန်း ကြိုးစားရကြောင်း စတာတွေ အပြည့်အစုံ ရေးထားတာ ဖတ်ရပါတယ်။  ဟုတ်ပါတယ်။ တကယ်လည်း ဗိုလ်မောင်မောင်ဟာ ထူးချွန် ထက်မြက်သူတဦး၊ ဗမာ့တပ်မတော်ကို တကယ့် အသက်မွေးဝမ်းကြောင်း တပ်မတော် Professional Army အဖြစ် တည်ဆောက်ဖို့ အတွက် အလွန် အားထားရတဲ့ ပုဂ္ဂိုလ်တဦးပါ။

          ဗိုလ်မောင်မောင် ဘီအိုင်အေ အစောပိုင်းကာလ တပ်ထဲဝင်လာစဉ် ကတည်းက ဗိုလ်ချုပ်အောင်ဆန်းက အလွန်သဘော ကျခဲ့ပြီး၊  သူ့ အနားခေါ်ထားတာ မြေတောင် မြှောက် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ဗြိတိသျှတွေနဲ့ လွတ်လပ်ရေး အတွက် ပြောဆို ဆွေးနွေးရယူဖို့  ပြင်ဆင်ရာမှာ  အင်္ဂလိပ်တွေနဲ့ ဆက်ဆံရာမှာ အမြင်ကောင်းစေဖို့ အတွက် မိမိအနားမှာ အင်္ဂလိပ်စကား ကျွမ်းကျင်တဲ့၊  အင်္ဂလိပ်တွေရဲ့ ထုံးတမ်း စဉ်လာတွေကို နားလည်တဲ့ လူတွေကို ထားခဲ့ပါတယ်။ (သတင်းထောက် ဦးပုကလေးရေးတဲ့ “ ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ ”   စာအုပ်ကို ဖတ်ကြည့်ပါ။) ဗိုလ်မောင်မောင် ကိုယ်တိုင်ကလည်း သူတပ်ထဲသာ ဝင်လာရတယ်၊  ဘာစစ်ပညာမှ မတတ်သေးဘူးဆိုပြီး နှိမ့်ချစွာနဲ့  ဖေဖေရဲ့  စံပြကျောင်း (ပဲခူး) ကို လာတက်ခဲ့ ပါသေးတယ်။  တကယ်လည်း  မျိုးချစ်ပြည်ချစ်စိတ် အပြည့်အဝနဲ့  လွတ်လပ်ရေးလှုပ်ရှားမှု အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တာပါ။  ဂျပန်တော်လှန်ရေး အတွင်း မှာလည်း ကောင်းမှုတွေ ရှိခဲ့ပါတယ်။

          ဒါပေမဲ့  ဗိုလ်မောင်မောင်ရဲ့ အဓိက အားနည်းချက်ဟာ  အလွန် မာန်မာနကြီးပြီး  လူမှုဆက်ဆံရေး အင်မတန် ညံ့ပါတယ်။  အလွန် ထက်မြက်သူတို့ရဲ့ ထုံးစံအတိုင်း မိမိရဲ့ ဉာဏ်ရည်မမီသူတွေကို အထင်အမြင် သေးတတ်ပါတယ်။  ဒါ့အပြင် လူတန်းစားလည်း  အင်မတန်  ခွဲခြားပါတယ်။  အင်္ဂလိပ်ခေတ် မင်းမှုထမ်း မျိုးရိုးက ဆင်းသက်ပြီး ပညာရေး အခြေခံကလည်း (သာသနာပြုကျောင်းတွေနေပြီး) အလွန်ခိုင်မာ ကောင်းမွန်တာလည်းပါ။  မိသားစုထဲမှာ တဦးတည်းသော သားယောက်ျားလေးဖြစ်လို့  မိဘများရဲ့ ဖူးဖူးမှုတ် မြှောက်စားခြင်းလည်း ခံရလေတော့ အလွန်ကို ဘဝင်မြင့်ပါတယ်။  ဘယ်သူနဲ့ မှ မတည့်ပါဘူး။ အလွန် ဘုကျသူပါ။  ဗိုလ်ချုပ်အောင်ဆန်း  ရှိစဉ်တုန်းကတော့  ဗိုလ်ချုပ်ရဲ့အရှိန်အဝါနဲ့  ထိန်းသိမ်းထားလို့ သူ့ အားနည်းချက်တွေ သိပ်မပေါ်လွင်လှပါဘူး။  ဗိုလ်ချုပ် ကိုယ်နှိုက်ကလည်း ဗိုလ်မောင်မောင်ရဲ့ အင်မတန် ကြီးမားတဲ့ အားကောင်းချက်တွေ ( ဥပမာ မျိုးချစ်ပြည်ချစ်စိတ်၊ ထက်မြက်မှု စသဖြင့်) ကိုသာ အာရုံထားပြီး နောင်တပ်မတော် တည်ဆောက်ရေးအတွက် အားထားခဲ့ ပုံရပါတယ်။

          ဒါပေမဲ့ BDA  ကာလ (၁၉၄၃-၄၄ ခုနှစ်များ) များမှာတော့ သူတို့ ရဲ့ ပင်ကိုယ် လူတန်းစား ဗီဇတွေ ပေါ်လာပါတယ်။  BDA ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လှုံ‹ဆော်ချက်နဲ့  တပ်ထဲ လှိမ့်ဝင်လာတဲ့ ပညာတတ် အုပ်စုကို ဗိုလ်မောင်မောင်နဲ့  ဗိုလ်အောင်ကြီး ပေါင်းပြီး ဂိုဏ်းအုပ်စု ဖွဲ့ပါတယ်။  “ ဂျပန်တော်လှန်ရေး လုပ်ရန်” ဆိုတဲ့ အကြောင်းပြချက်နဲ့  စုစည်း လှုပ်ရှားကြတာပါ။  တကယ်တော့ ဗိုလ်မောင်မောင်နဲ့  ဗိုလ်အောင်ကြီးဟာ အလွန် ဘက်ညီပါတယ်။  ဗိုလ်မောင်မောင်ဟာ ဆက်ဆံရေးတွေမှာ ဘုကျပေမယ့်  ဗိုလ်အောင်ကြီးကတော့ (သူကိုယ်တိုင် ပြောဆိုချက်အရ ကုန်သည်ပွဲစားမျိုးရိုးက ဆင်းသက်လာသူပီပီ)  အလွန်ဆက်ဆံရေး ညက်ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းနား  အတွင်းရေးမှူးအဖြစ် ရောက်နေတဲ့  ဗိုလ်မောင်မောင်နဲ့ ကပ်ပြီး ရသမျှ အခွင့်အရေး အသုံးချပါတော့တယ်။  ဗိုလ်အောင်ကြီးအကြောင်း ရေးပြီးဖြစ်လို့ ဗိုလ်မောင်မောင်အကြောင်းပဲ ဆက်ရေး ပါရစေတော့။

          အဲဒီ BDA  ကာလ ‘ဂျပန်တော်လှန်ရေး’ အတွက် လျှို့ဝှက် လှုပ်ရှားစဉ်ကစလို့  သူတို့ ပြည်သူ့အရေးတော်ပုံ ပါတီ (ဝါ) နောင် ဆိုရှယ်လစ်ပါတီဆိုတာ သန္ဓွေတည်ခဲ့ပြီး  ရဲဘော်သုံးကျိပ်ဝင် ထဲက ‘ဗိုလ်နေဝင်း’ ကို ဆရာတင်ကာ တပ်တွင်းအာဏာရရေးကို  ကြိုးပမ်းခဲ့ ကြတာပါ။  သူတို့ အတွက် အရေးသာ သွားရတဲ့ အချက်တွေကတော့ ဗမာပြည် လက်ဝဲသမား အများအကြား အကွဲကွဲ အပြားပြား ဖြစ်ကုန်တာ (အလံနီ၊ အလံဖြူ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါ အမျိုးမျိုးကွဲတာ)၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားရတာ၊ ဖဆပလ အဖွဲ့ ချုပ်အတွင်း (ဦးနုက ဝန်ကြီးချုပ်ဖြစ်ပေမယ့်) အာဏာကို ဆိုရှယ်လစ်အုပ်စုက အဓိက ကိုင်ထားခွင့် ရသွားတာ စတာတွေကြောင့် ဖြစ်ပါတော့တယ်။

          လွတ်လပ်ရေး ရပြီးကာစ ပြည်တွင်းစစ် စတောက်လောင်စဉ် ကာလမှာ ဗိုလ်မောင်မောင်ဟာ ကေအင်ဒီအိုတွေရဲ့ စစ်သုံ့ပန်းအဖြစ် နေခဲ့ရပေမယ့်  အဲဒီကာလက လွန်မြောက်လာပြီး ကေအင်ဒီအို အရေးအခင်းတွေ ညှိုခြောက်သွားပြီး ကွန်မြူနစ်တွေနဲ့  ပြည်တွင်းစစ် ပြင်းထန်လာချိန်မှာတော့ လူတန်းစား ဗီဇအရကိုက ကွန်မြူနစ်ကို အင်မတန်မှ မုန်းတီးတဲ့ ဗိုလ်မောင်မောင်တို့  ကံဇာတာ ထလာ ပါတော့တယ်။

          ၁၉၅ဝ ခုနှစ် လွန်နှစ်များမှာ  စစ်ရုံးချုပ်ကို ဆိုရှယ်လစ် တပ်မှူးများ အုပ်စီးလိုက်နိုင်ပါတယ်။ နဝတ ခေတ်ထုတ် တပ်မတော် သမိုင်း၊ စတုတ္ထ (၁၉၄၈-၁၉၆၂)မှာ ရေးထားတဲ့ စာပိုဒ်တပိုဒ်ကို ကိုးကားပါရစေ။ (နှာ-၁၄၁ ကြည့်)

          ၁၉၅၃ ခုနှစ် တပ်မှူးများ ညီလာခံသို့  စစ်ဦးစီးဌာနဆိုင်ရာ လုပ်ငန်းရပ်များကို စစ်ဦးစီးအရာရှိ (ပထမတန်း)  ဗိုလ်မှူးကြီး အောင်ကြီး ကလည်းကောင်း၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စများကို စစ်ဦးစီးအရာရှိ (လေ့ကျင့်ရေး)  ဗိုလ်မှူးကြီး မောင်မောင် ကလည်းကောင်း၊  စစ်ရေးချုပ် ဌာနဆိုင်ရာ လုပ်ငန်းလုပ်ရပ်များကို စစ်ရေးချုပ် ဗိုလ်မှူးချုပ် ကျော်ဝင်း ကလည်းကောင်း၊  စစ်ထောက်ချုပ်ဌာနဆိုင်ရာ လုပ်ငန်းလုပ်ရပ်များကို စစ်ထောက်ချုပ် ဗိုလ်မှူးကြီးတင်ဖေ ကလည်းကောင်း၊ အစီရင်ခံစာများ တင်သွင်းကြပြီး စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက နိဂုံးချုပ်မိန့်ခွန်း မြွက်ကြား ပါသည်လို့  ရေးထားတာ တွေ‹ရပါတယ်။

          ဗိုလ်အောင်ကြီးနဲ့  ဗိုလ်မောင်မောင်တို့ဟာ ဆိုရှယ်လစ်တပ်မှူး ထိပ်သီးတွေအဖြစ် အားလုံး သိပြီးသားပါ။  ဗိုလ်မှူးချုပ် ကျော်ဝင်း ဆိုတာကတော့ မဆလခေတ် အထိ ဗိုလ်နေဝင်း လူယုံ အဖြစ်ပါခဲ့ပြီး၊ ဦးမောင်မောင်ကျော်ဝင်း ဆိုတဲ့အမည်နဲ့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ တပ်ထဲကို BDA  ကာလမှ ဝင်လာတာပါ။  ဒါပေမဲ့  ပညာတတ်ကြီး ဖြစ်တာကို အကြောင်းပြပြီး ဗိုလ်အောင်ကြီးတို့က အတော်ဦးစားပေးပြီး ရာထူး ဝါ စီစဉ်တဲ့ နေရာမှာ ဖေဖေရှေ့ က ထားတတ်လို့  ဖေဖေက မကျေမနပ် ဖြစ်ပြီး ဗိုလ်နေဝင်းကို တိုင်တန်းဖူးကြောင်း ဖေဖေက သူ့ စာအုပ်ထဲမှာ ရေးဖူးပါတယ်။ ဗိုလ်တင်ဖေကတော့ မဆလခေတ်မှာ ကုန်သွယ်ရေးဝန်ကြီး လုပ်ခဲ့ဖူးသူပါ။

          ဒီတော့ ၁၉၅၃ ခုနှစ်တဝိုက်မှာ စစ်ရုံးချုပ်လုပ်ငန်းတွေအားလုံးကို သူတို့ ချုပ်ကိုင်ထားပြီဆိုတာ ရှင်းနေပါတယ်။

          (ဒီနေရာမှာ စကားချပ်တရပ်အနေနဲ့  ရေးချင်တာတခုရှိပါသေးတယ်။  အဲဒီစာအုပ်ထဲမှာ ၁၉၅၃ ခုနှစ်မှာ ဗိုလ်အောင်ကြီး ကို စစ်ဦးစီးအရာရှိ (ပထမတန်း)လို့  ဖော်ပြထားပေမယ့်  မှူးသမိန်ရဲ့ ဆောင်းပါးတွေမှာတော့ ၁၉၅၁ ခုနှစ်က အဖြစ်အပျက် တွေကို ရေးရာမှာ ဗိုလ်အောင်ကြီးကို ဒုကာကွယ်ရေးဦးစီးချုပ်လို့ သွယ်ဝိုက် ရေးထား ပါတယ်။  အဲဒါ သူတို့ရဲ့  လုပ်ဟန်ပါ။  မိမိ တင်ချင်သူတွေကို မသိမသာ တင်မြှောက်ပေးတဲ့ လုပ်ဟန်ပါပဲ။)

          အဲဒီ တပ်မတော်သမိုင်း စာအုပ်ကို ဖတ်ကြည့်ရင် တပ်မတော်ကို ဘက်စုံ ဘယ်လို တည်ဆောက်ကြောင်းတွေ ပါပါတယ်။  ဒီနေရာမှာ အခရာနေရာက ပါဝင်ခဲ့သူနှစ်ဦးဟာ ဗိုလ်အောင်ကြီးနဲ့  ဗိုလ်မောင်မောင်ပါ။  (ဒါပေမဲ့  ဒီစာအုပ် ထဲမှာတော့ နာမည် တွေကို တချို့နေရာများမှာသာ ဖော်ပြပြီး တချို့ နေရာမှာတော့ ရာထူးတွေကိုသာ ရေးထားတာ တွေ့ရပါတယ်)။

          ဗိုလ်မောင်မောင်ကို နောင် ဗိုလ်မှူးချုပ်ရာထူးအထိ တိုးမြှင့်ပေးပါတယ်။  လေ့ကျင့်ရေး ညွှန်ကြားရေးမှူး အဖြစ် နေရာပေးကာ  အနောက်နိုင်ငံ အသီးသီးသို့  ပို့လွှတ် လေ့လာစေကာ တပ်ကို ဘက်စုံက တည်ဆောက် စေပါတယ်။  တပ်မတော် ထောက်လှမ်းရေးဌာနတို့၊  စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့၊ ကာကွယ်ရေး တက္ကသိုလ်တို့  စတာတွေဟာ သူ့ ရဲ့ လက်ရာတွေပါ။  အိမ်စောင့် အစိုးရခေတ်က စလို့ ပေါ်ပေါက်ခဲ့တဲ့ ကိုကိုးကျွန်း စခန်းဆိုတာဟာ ဗိုလ်မောင်မောင်ရဲ့ ( brain child ) ပါ။  သူက အစ္စရေးရဲ့ မော့ဇက် (ထောက်လှမ်းရေးအဖွဲ့) ကို အလွန်အားကျ လေ့လာခဲ့သူပါ။  အဲဒီကနည်းတွေကို ယူပြီး ထောက်လှမ်း ရေးအဖွဲ့ကို  တည်ဆောက်ခဲ့တာပါ။

          ဗိုလ်အောင်ကြီးက စစ်တပ်ကို ဥစ္စာဓန ပြည့်ဝအောင် စီးပွားရေးလုပ်ငန်းများနဲ့  ထူထောင်ပေးပြီး ပြည်သူလူထုကို ဖိနှိပ် ဖို့နဲ့  ပြည်တွင်းစစ်ကို  မီးကုန်ယမ်းကုန်တိုက်ဖို့  လိုအပ်တဲ့  အခြေခံ အဆောက်အအုံတွေ ကိုတော့  ဗိုလ်မောင်မောင်က တည်ဆောက်ပေးခဲ့တာပါ။

          အဲဒီ လုပ်ငန်းတွေ အတွက် လေ့လာရေး ခရီးတွေအဖြစ် အမေရိကန် အပါအဝင် အနောက်နိုင်ငံ အတော်များများကို  ဗိုလ်မောင်မောင်က သွားခဲ့ဖူးပါတယ်။  ဘရင်ဂျီဘာသာထဲ  ပြောင်းဝင်ပြီး အနောက်နိုင်ငံများရဲ့ ယဉ်ကျေးမှုနဲ့  ဓလေ့များကို  အလွန်သဘောကျ နှစ်ခြိုက်ပြီး  စိတ်ဓာတ်အရလည်း အနောက်တိုင်းဆန်နေတဲ့ ဗိုလ်မောင်မောင်ကို အဲဒီခေတ် အဲဒီအခါက အရှေ့အာရှဒေသတွေထဲ ကိုလိုနီဟောင်းတွေ (အင်္ဂလိပ်၊ ပြင်သစ်) ကိုဖယ် တိုးဝင်လာနေတဲ့ အမေရိကန်က သဘောကျပြီး ချဉ်းကပ်ပုံရပါတယ်။  ဒါမျိုးမှာ ချက်ဆိုနားခွက်က မီးတောက်တဲ့ ဗိုလ်နေဝင်းက ရိပ်မိပြီး လက်ဦးမှုရှိစွာ ဘေးဖယ်ခဲ့တာပါပဲ။  တပ်က အနားပေးတယ်ဆိုပြီး သံအမတ်ကြီးအဖြစ်ခန့်ကာ ကတ္တီပါလမ်းခွဲ လုပ်လိုက်တာပါပဲ။

          တကယ်တော့ ၁၉၅၈ ခုနှစ် ပထမအကြိမ် အာဏာသိမ်းပွဲမှာ ဗိုလ်မောင်မောင်တို့၊ ဗိုလ်အောင်ကြီးတို့ရဲ့ အခန်းကဏ္ဍ အတော်ကြီးပါတယ်။  ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးနဲ့  ဗိုလ်တင်ဖေတို့  သုံးဦး (အဲဒီ ကာလဝန်ကြီးချုပ် ဦးနုကို ဖိအားပေးပြီး၊ ဗိုလ်နေဝင်းကို အာဏာ အပ်ခိုင်းအပြီး)  ဦးနုအိမ်ဝင်းထဲက ထွက်လာတဲ့ ကားပေါ်မှာ  ပြုံးရွှင်စွာ ရယ်မောပြောဆို နေတဲ့ ဓာတ်ပုံတပုံ အဲဒီ ကာလက ကြေးမုံသတင်းစာ မျက်နှာဖုံးမှာ ဖော်ပြဖူးပါတယ်။

          ဗိုလ်အောင်ကြီးတို့၊ ဗိုလ်မောင်မောင်တို့ ဘယ်လောက်ပဲ သူ့ အပေါ်ကို အကျိုးပြုခဲ့ပြုခဲ့၊  သူ့ နေရာ ထိပါးလာတော့မယ်လို့  မြင်လာတဲ့အခါ ဗိုလ်နေဝင်းဟာ ဘယ်သူ့ကိုမှ မညှာပါဘူး။  ၁၉၆ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးမှာ  သန့်ရှင်းပထစ အပြတ်အသတ် နိုင်လိုက်တဲ့အခါ ဗိုလ်နေဝင်းအနေနဲ့  ဆိုရှယ်လစ်တွေနဲ့ လမ်းခွဲ ချိန်တန်ပြီ ဆိုတာ နားလည်သွားပြီး အစီအစဉ်ရှိ စွာနဲ့  ဆိုရှယ်လစ်တပ်မှူး ထိပ်သီးများကို တပ်ထဲကနေ တစတစ  ဖယ်ရှားတော့တာပါပဲ။

          ဗိုလ်မောင်မောင်ကတော့  သံအမတ်အဖြစ်က ပင်စင်ယူပြီး နောက်မှာတော့ ပညာရေး လောကထဲဝင်ပြီး ပညာရှင်တဦး ဖြစ်အောင် ကြိုးစားရာမှာ အောင်မြင်တာ တွေ‹ရပါတယ်။  သြစတြေးလျ တက္ကသိုလ်တခုမှာ နောက်ပိုင်း စာပေပို့ ချတာတွေ လုပ်ဆောင်ပါတယ်။ တိုင်းပြည်အတွက်တော့ အဖိုးတန် ပညာတတ်တဦးပါ။  ဒါပေမဲ့ အခြေခံ စိတ်နေစိတ်ထားက ပြောင်းပုံ မရပါဘူး။

          ၁၉၉ဝ ခုနှစ်များက သူပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဗမာပြည် လွတ်လပ်ရေးရပြီး အခုချိန်အထိ မတိုးတက်တာ ဗမာတွေ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့  ပြောသွားပြီး သူနဲ့  အင်မတန် အတွဲ ညီခဲ့တဲ့ ဗိုလ်အောင်ကြီးကိုတောင် “ ဗိုလ်အောင်ကြီး အကြောင်းတော့ မပြောပါနဲ့။  သူက ဘာအလုပ်မှ ဖြစ်ဖြစ် မြောက်မြောက် လုပ်နိုင်တဲ့သူ မဟုတ်ပါဘူး” လို့  ပယ်ပယ်နယ်နယ် ပြောသွားပါသေးတယ်။

          ဖေဖေက အဲဒီဟာတွေ နားထောင်ပြီးနောက် “သြော် ဗိုလ်မောင်မောင်….  အသက်တွေလည်း ရလာနေပြီပဲဟာ  အခုအထိ မာနမချသေးပါလား ” လို့  မြည်တွန် တောက်တီးပါတယ်။  ဖေဖေက ဆက်ပြီး “ကျွန်တော် အမေရိကန်မှာ လူမဖြစ်ရတာ သိပ်နာတယ်ဗျာလို့  မပြောတာ တော်သေးတာပေါ့” လို့ လည်း ကောက်ချက် ပေးလိုက်ပါသေးတယ်။

          ဗိုလ်မောင်မောင်ဟာ အဲသလို လူစားပါ။


                                                                                                                                                ၁၇-၅-၂ဝ၁၂