Sunday, May 31, 2009

ကိုစောလွင်နဲ့ကျနော်
ရေးသူ- ဖိုးသံ(လူထု)




ကျနော်တို့ လူထုသတင်းစာတိုက်မှာ စစ်ပြီးကာလကစပြီး ၆ဝစုနှစ်ပိုင်းအထိ စာအုပ်လည်းရောင်း ပါတယ်။ အစောပိုင်းကဆိုရင် လူထုတိုက်ထုတ်စာအုပ်တွေသာမက စာပေဗိမာန်တိုက်ထုတ် စာအုပ်တွေနဲ့ အနောက်နိုင်ငံကထုတ်တဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊စာအုပ်တွေလည် ရောင်းပါတယ်။ နောက်မှာတော့ အနောက်နိုင်ငံက ထုတ်တဲ့စာအုပ်တွေ မတင်တော့ပဲ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ပြည်ကထုတ်တဲ့ စာအုပ်တွေရောင်းပါတယ်။ စာအုပ်ဆိုင်တိုင်းမှာ ပုံမှန်စာအုပ်လာဝယ်သူတွေ ရှိစမြဲပါ။

ကျနော်ငယ်ငယ်တုန်းက ကျောင်းအားရင် အောက်ထပ်ဆင်း၊ စာအုပ်ရောင်းသူကို ဆော့ရင်းကူ၊ ကူရင်းဆော့ ဆိုသလို တခါတလေဘောက်ချာ(အင်္ဂလိပ်လို၊ ဗမာလို) ကူရေးပေး၊ စာအုပ်သစ်တွေရောက်လာရင် ကူပြီးစင်ပေါ်တင်ပေး၊ စတာတွေလုပ်ပေးလေ့ရှိပါတယ်။ အဲဒီလိုနေရင်းနဲ့ပဲ ကျနော်တို့ စာအုပ်ဆိုင်ကို ပုံမှန်လာပြီး ဝယ်သူတွေထဲမှာ လူငယ်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို သတိထားမိနေပါတယ်။ လူငယ်လို့ သာဆိုတာ၊ အဲဒီတုန်းက ကျနော့်ထက် အသက်အများကြီးကြီးပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တက္ကသိုလ် ကျောင်းသားတွေဖြစ်ပြီး နှစ်ယောက်စလုံး မျက်မှန်တပ်ကြပါတယ်။ တကယ့်စာသမား၊ စာဂျပိုးပုံတွေပါ။ ကျနော်သတိထားမိတာ သူတို့ချင်းလည်းသိကြပြီး သူတို့နှစ်ယောက်စလုံးဟဟာ ကျနော့်မိဘများနဲ့လည်း ရင်းရင်းနှီးနှီး သိကြရုံမက တွေ့တိုင်း သူတို့ရဲ့ မိဘတွေ သာကြောင်းမာကြောင်း မေးလေ့ဖြေလေ့ ရှိကြပါတယ်။ ဒါဟာ ၁၉၅၆-၅၇ ဆီလောက်က ဖြစ်ပါလိမ့်မယ်။ အတိအကျတော့ မမှတ်မိတော့ပါဘူး။
အဲဒီ နှစ်ယောက်ထဲမှာ အမျိုးသမီးရဲ့ နာမည်က မခင်အေးမွန်ဖြစ်ပြီး အမျိုးသားနာမည်က ကိုစောလွင်ဖြစ် ပါတယ်။ နောင်မှာ မခင်အေးမွန်က မန္တလေးတက္ကသိုလ် ကျောင်းသား သမဂ္ဂအမှုဆောင်အဖွဲ့ဝင်ဖြစ် လာပြီး ကိုစောလွင်ကတော့ ၁၉၅၈-၅၉ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။
ကျနော်အခုရေးပြမှာ ကိုစောလ
ွင်အကြောင်းဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ၊ လူထုသတင်းစာအယ်ဒီတာအဖွဲ့ဝင်စတာ တွေဖြစ် ဖူးတဲ့၊ စာရေးဆရာတက္ကသိုလ်မောင်စောလွင် ခေါ် ကိုတောလူပါ။ သူ့အိမ်က မန္တလေးရှမ်းပွဲရပ်မှာ ဖြစ်ပါတယ်။ တံတားဦး (အင်းဝ) အဆက်တွေပါ။ သူ့ရဲ့ စိန်ပီတာကျောင်းသားဘဝ နာမည်က ပီတာဘသန်းပါ။ ဒါကြောင့် ကျနော်နဲ့ လူထုကိုစိန်ဝင်းက သူ့ကို "ကိုပီ" လို့ခေါ်လေ့ ရှိကြပါတယ်။
အသားဖြူဖြူ၊ အရပ်မြင့်မြင့်- ငါးပေရှစ်လက်မ၊ ကိုးလက်မလောက်။ မျက်နှာသွယ်သွယ်၊ ဆံပင်က သခင်ဗဟိန်းလို လှိုင်းတွန့်လေးတွေနဲ့။ စကားပြောရင် လေအေးအေးနဲ့ ပြုံးပြီး ပြောတတ်သူ။
အထက်မှာ ကျနော်သူ့ကို စတွေ့ဖူးခဲ့ပုံကို ပြောပြပြီးပါပြီ။ ဆက်ရရင် နောက်မှာတော့ သူက ကျနော်တို့ လူထုသတင်းစာတိုက်ရဲ့ အ
ယ်ဒီတာ အဖွဲ့ထဲမှာ ဝင်လုပ်ပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီခေတ်က ကျောင်းသားလှုပ်ရှားမှုထဲမှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားသူ အများအပြားဟာ လူထုတိုက်ကို စာအုပ် ဝယ်ရင်းဖြစ်စေ အလည်လာရင်းဖြစ်စေ၊ ဝင်ထွက် သွားလာလေ့ရှိကြပါတယ် (ဒါကိုပဲ အဲဒီတုန်းက ဖဆပလ အစိုးရက လူထုဇနီးမောင်နှံဟာ ကျောင်းသားတွေကိုသွေးထိုးပေးတယ်၊ အရောင်ဆိုးပေးတယ်လို့ အညှိုးထား၊ လက်စားချေခဲ့ပါတယ်)။ အဲဒီလို ကျောင်းသားတွေထဲမှာ ကိုသာနိုး (မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း)၊ ကိုမြင့်သိန်း(မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင်ဟောင်း)၊ ကိုစောလွင် (မန္တလေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်း)၊ ကိုကျော်စိုး (တပ်ဦးသစ်အဖွဲ့ဥက္ကဋ္ဌဟောင်း)၊ ကိုခင်မောင်လွင် (မော်လမြိုင် ကောလိပ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်း) နဲ့ ကိုစွမ်းရည် (မန္တလေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တွဲဖက်အတွင်းရေးမှူးဟောင်း) ၊ မန္တလေးခရိုင် ဗကသ အမှုဆောင် ကို(ဂလိ) တင်ဝင်း တို့ဟာ လူထုအယ်ဒီတာ အဖွဲ့ဝင်တွေတောင် ဖြစ်ဖူးကြပါတယ်။
ဒါ့အပြင် တခြားကျနော်မေ့တာ၊ မသိတ
ာတွေလည်း ကျန်ကောင်း ကျန်နိုင်ပါသေးတယ်။
သူ မတကသ (မန္တလေး
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ဥက္ကဋ္ဌဖြစ်တဲ့ ကာလတွေတုန်းက ကျောင်းသား သမဂ္ဂတွေဟာ တိုင်းပြည်မှာ အရှိန်သြဇာ အလွန်မြင့်မားပါတယ်။ အုပ်စိုးသူများကလည်း တလေးတစား ဆက်ဆံသလို မီဒီယာများကလည်း အလွန်အလေးထားကြပါတယ်။ မန္တလေးတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ် လက်အောက်ကခွဲထုတ်ပြီး သီးခြားတက္ကသိုလ်အဖြစ် အသိအမှတ်ပြု ဖွဲ့စည်းခဲ့တာကို ကြိုဆိုကြတဲ့ သီးခြားတက္ကသိုလ် ပွဲတော်ကြီးကို မတကသ ကဦးစီး ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ပထစ အစိုးရတက်တော့ ဝန်ကြီးချုပ်ဦးနုဟာ ပညာရေးနှီးနှောဖလှယ်ပွဲကြီးကို ကျင်းပပေးခဲ့ပြီး သမဂ္ဂခေါင်းဆောင် တွေနဲ့ အစိုးရတာဝနရှိသူတွေ တက်ရောက် အမြင်ဖလှယ်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ကိုတင်ရွှေ(မုံရွာ) ဟာ ကိုစောလွင် ဥက္ကဋ္ဌလုပ်ခဲ့တဲ့ သမဂ္ဂမှာ အမှုဆောင်အဖွဲ့ဝင် (အတွင်းရေးမှူး ထင်ပါတယ်) တဦးပါ။ သူတို့ခေတ်မှာပဲ တရုတ် - ဗမာ ကျောင်းသားတွေ အပြန်အလှန် ချစ်ကြည်ရေး လည်ပတ်တဲ့ အစီအစဉ်လုပ်တော့ မန္တလေးတက္ကသိုလ်က သူနဲ့ မုံရွာကိုတင်ရွှေ၊ ရန်ကုန်က ဗကသကိုသက် (တောထဲမှာ ကွယ်လွန်သွားသူ)နဲ့ ကိုစိုးသိန်း (မဆလလက်ထက်မှာ တက္ကသိုလ်မော်ကွန်းထိန်း ရာထူးယူသွား သူ) စသူတို့ လိုက်ပါသွားခဲ့ပါတယ်။
ကိုစောလွင်ရဲ့ ထူးခြားချက်တခုက သူဟာဘယ်သူနဲ့ပဲတွေ့တွေ့၊ စကားပြောပြော အင်မတန်နှိမ့်ချပြီး အားနာတတ်တာဖြစ်ပါတယ်။။ ဆင်းရဲသူ ဆင်းရဲသားတွေနဲ့ ပဲဖြစ်ဖြစ်၊ အမျိုးသမီးတွေနဲ့ ပဲဖြစ်ဖြစ်၊ နောက်ဆုံး ကျနော်တို့လို ကလေးတွေနဲ့ပဲ ဖြစ်ဖြစ်ဆက်ဆံရာမှာ သူ့မာနကို နှမ်းတစေ့မှ မတွေ့ရပါဘူး။ သူ့အကြောင်း မသိသေး သူတွေကတော့ လူပုံကသန့်၊ စာတွေအများကြီး ဖတ်ထားသူမှန်းလည်း သူ့ကိုသိ နေကြပေမဲ့ သူက သူမသိရင်၊ နားမလည်ရင် နည်းနည်းမှ ဟန်မဆောင်ပဲ မေးတာကို ကြုံရလို့ အံ့သြကြရတာလည်း ခဏခဏပါ။ ဒါ့အပြင် သူ့ထက်ငယ်သူတေ
ွအပါ၊ သူများတွေကို ချီးကျူးစရာရှိရင် မချွင်းမချန်၊ ရက်ရက်ရောရောကြီး ချီးကျူး တတ်တာဟာလည်း သူ့ရဲ့ ထူးခြားချက်ပါပဲ။ ကွယ်လွန်သူ ကဗျာဆရာကြီးများဖြစ်တဲ့ ကိုတင်မိုးနဲ့ ကိုကြည်အောင်တို့ကို သူအဲဒီလို ရက်ရက်ရောရော ချီးကျူးခဲ့လို့ သူ့အပေါ် တချို့က မကြည်မလင် ဖြစ်ခဲ့ကြဖူးပါတယ်။ သရော်တာ၊ တိုက်ခိုက်တာတွေလည်း လုပ်ကြပါတယ်။ သူကဒါတွေကို ဘာမှမ တုန့်ပြန်ပါဘူး။ ဒီလိုနဲ့ သူရေးတာ မမှားကြောင်း သမိုင်းက သက်သေပြသွားလေတော့ ဒီကိစ္စဟာ မေ့မေ့ ပျောက်ပျောက်ဆိုတာ မျိုးပဲ ဖြစ်သွားခဲ့ပါတယ်။ နောက်သူ့ထူးခြားချက်တခုကတော့ လောဘနည်းတာပါ။ ဆေးလိပ်မသောက်၊ အရက်မသောက်တာလောက် မကပဲ စီးပွားရေးလုပ်ရင် သူများအပေါ်က အညွန့်ခူးသလိုဖြစ်မှာစိုးလို့ ဆိုပြီး ဘာစီးပွားရေးမှ မလုပ်ပါဘူး။ အစိုးရအလုပ်ကျတော့လည်း ဒီအစိုးရတွေကိုတော့ ဘယ်လိုမှအလုပ်အကျွေး မပြုဘူးဆိုပြီး သူက စဉ်းစားတောင် မစဉ်းစားပါဘူး။ (တကယ်တော့ သူကလုပ်ချင်တယ် ဆိုဦးတော့ ဟိုက အလုပ်ပေးမယ် မထင်ပါဘူး)။ သူမက်မောတာ၊ လိုချင်စိတ်ရှိတာဟာ စာအုပ်နဲ့ စာအုပ်ပါပဲ။ သူ့တသက်မှာတခါလို့ ပြောရလောက်အောင် စီးပွားရေးလုပ်ခဲ့တာက မန္တလေးတက္ကသိုလ် နဲ့ မဝေးတဲ့ ဗောဓိကုန်းမြောက်ဖျားနားမှာ "အရှေ့လေ" ဆိုတဲ့ စာအုပ်အငှားဆိုင် ဖွင့်ခဲ့တာစပါပဲ။ ကြာကြာမခံ လိုက်ပါဘူး။ တနှစ်တောင် မခံလိုက်ဘူး ထင်ပါတယ်။ သူ့မှာရှိတဲ့ စာအုပ်ကောင်းလေးတွေ တချို့ဆုံးကုန်တာပဲ အဖတ်တင်ပါတယ်။
ဒါပေမဲ့ သူ့မှာ ကံကောင်းတဲ့ အချက်တချက် ရှိခဲ့ပါတယ်။ အဲဒါကတော့ သားသမီးကိုးယောက်နဲ့ အိမ်ထောင်ကြီးတခုလုံးကို ကျွေးမွေးသုတ်သင်ပြီး ကလေးတွေကို လူလားမြောက်တဲ့အထိ ပညာသင် ပြုစုတဲ့ အလုပ်အားလုံးကို တာဝန်ယူကုန်းရုန်း လုပ်ပေးခဲ့တဲ့ သူ့မိခင်ကြီး ဒေါ်ထိုက်ထိုက်နဲ့ ချစ်ဇနီး ဒေါ်စိန်စိန်ရီတို့ရဲ့ ပါရမီဖြည့် ခြင်းပဲဖြစ်ပါတယ်။ သူကတော့ သူလုပ်ချင်ရာ၊ ဝါသနာပါရာကိုပဲ တသက်လုံး တစိုက်မတ်မတ် လုပ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ သူက ဝင်ငွေသာမရှာတတ်တာ သုံးတော့သုံး တတ်ပါတယ်။ မကြာခဏ ဆိုသလို အမေနဲ့ ဇနီးဆီကငွေကို ဆွဲပြီး ချို့တဲ့တဲ့၊ လိုအပ်နေတဲ့ ရဲဘော်တွေ၊ အပေါင်းအသင်းတွေကို ပေးတာပါပဲ။
ငယ်ရွယ်စဉ်တုန်းက ကျောင်းသားအရေး လုပ်ငန်းတွေထဲမှာ တဘဝလုံးနှစ်ပြီး လုပ်ပါတယ်။ သူဟာ ကျောင်းက အထုတ်ခံရပြီး ဘွဲ့မရခဲ့ပါဘူး၊ နောက်တော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်ကျော်ဇောတို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ပါတယ်။ နောက် အထက်ဗမာနိုင်ငံ စာရေးဆရာ အသင်း တက်ကြွစွာ လှုပ်ရှားနေနိုင်တဲ့ ကာလတွေမှာ အသင်းလုပ်ငန်းတွေကို ကုလားထိုင်စီတာကနေ ပတ်စာခွာ ဖျာသိမ်းတဲ့အထိ လုပ်ပါတယ်။ ဒါ့အပြင် မြေအောက်လုပ်ငန်းတွေကိုလည်း သူတတ်နိုင်သလောက် ကူညီခဲ့ပါတယ်။ ဒါကြောင့် သူ့ဘဝမှာ သူ့ဖို့ဆိုလို့ စာဖတ်တာပဲ လုပ်တယ်လို့ ဆိုရမှာပါ။ သူ့ဘဝရဲ့ နောက်ဆုံးပိုင်း နားရောက်တော့ သူအားတက်သရော လုပ်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ တိ-နိ သာသနာ့ တက္ကသိုလ် လုပ်ငန်းတွေလည်း ပါပါတယ်။
သူ့အမေက သူ့ကို မန္တလေးက မလွန်ရပ်ထဲမှာ တိုက်ကလေးတလုံး ပေးထားပါတယ်။ အဲဒီတိုက်ကလေး ရဲ့ နောက်ပိုင်းမှာလည်း တိုက်ခန်းလေးတွေရှိပါတယ်။ အဲဒီတိုက်ခန်းလေးတွေထဲမှာ ကိုသာနိုးနဲ့ ကိုလေးမောင်၊ ကိုအောင်ငြိမ်းစတဲ့ ကျနော်တို့ရဲဘော်တွေ နေကြပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းတွေ၊ အစည်းအဝေး လေး တွေလည်း လုပ်ကြပါတယ်။
ကျနော့် တဦးချင်းအနေနဲ့ သူ့ကိုမမေ့နိုင်တဲ့ အချက်တချက်တွေထဲမှာ ကျနော် ထောင်ကထွက်လာတဲ့ အချိန်တုန်းက သူ့ရဲ့ကြိုဆိုမှုလည်း ပါဝင်ပါတယ်။ လူတွေဟာ ကိုယ်ထောင်ထဲမှာ အကြာကြီးနေပြီးနောက် ထွက်လာတဲ့အခါ ကိုယ့်အပေါ်ကို ဘယ်သူတွေက ဘယ်လိုဆက်ဆံတယ်၊ ပြောဆိုတယ်ဆိုတာကို အင်မတန် ဂရုစိုက် သတိထားတတ်ပါတယ်။ မှတ်လည်းမှတ်မိနေမိပါတယ်။ ကျနော့်ခေါင်းထဲမှာ ကျနော်ထောင်က လွတ်လာစတုန်းက လာတွေ့သူတွေ၊ ပြောဆိုကြတာတွေ၊ မျက်ရည်ကျကြတာတွေကို အခုအချိန်အထိ မနေ့တနေ့ ကလိုပဲ ကောင်းကောင်း မှတ်မိနေပါတယ်။
ဥပမာဆိုရင် ကျနော့် မိဖများနဲ့ အင်မတန်ရင်းတဲ့၊ ဗိုလ်အောင်ကြီးနဲ့ ပတ်သက်ပြီးအဖမ်းခံခဲ့ရတဲ့ ဂါးဒီးယန်း ဦးစိန်ဝင်းက ကျနော့်မိဘများဆီကို လာလည်ရင်း ကျနော့်ကို တမင်မေးပြီး တွေ့တဲ့အခါမှာ "အေး၊ မင်းနဲ့ ငါနဲ့ အယူအဆ ချင်းတော့မတူဘူးပေါ့ကွာ၊ ဒါပေမဲ့မင်း မူပေါ်မှာ ကြံ့ကြံ့ခိုင်ရပ်ခဲ့တာကိုတော့ ငါ အသိအမှတ် ပြုပါတယ်၊ ကွန်ဂရက်ကျူလိတ်လုပ်ပါတယ်" လို့ ပြောခဲ့တာမျိုးပါ။ နောက်ပြီး တုန်တုန်ရီရီနဲ့ "ငါ့သားကြီးပြန်လာပြီ" လို့ပြောပြီး မျက်ရည်တွေ တပေါက်ပေါက်ကျရင်း ပြုံးကြည့်နေတဲ့ ကျောက်ဆည်ဒေါ်မြရီ ရဲ့ မျက်နှာ (သူ့သား ကိုစိုးသိန်းနဲ့ ကျနော်က တက္ကသိုလ်ကို အတူရောက်ကြတာပါ)။ မန္တလေးက ချမ်းမြသာစည် လေယာဉ်ကွင်းမှာ လေယာဉ်ထဲက ထွက်လိုက်တယ်ဆိုတာနဲ့ တွေ့လိုက်ရတဲ့ အမေ့အဖေ ကျနော့် အဖိုးခေါင်းဆောင်ပြီး ကျနော်ကို လာကြိုနေကြတဲ့ ကျနော့်ဦးလေး၊ အဒေါ်နဲ့ ညီအစ်ကို မောင်နှစ်မ အရင်း၊ တဝမ်းကွဲတွေအပါ စုစုပေါင်းလူနှစ်ကျိပ် လောက်ရဲ့ မျက်နှာတွေ။
အဲဒါတွေအပြင် တချို့ တိုးတိုးတိတ်တိတ် လာနှုတ်ဆက်ကြပုံတွေကလည်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီလိုနဲ့ ကျနော်အိမ်ပြန်ရောက်ပြီး ၂ရက်၊ ၃ရက်အကြာမှာ ကျနော်တို့ အိမ်အနားက ကိုတင်ဝင်းက ကျနော့်ကို "ဖိုးသံချောင်း၊ မင်းဒီနေ့ည ငါ့အိမ်မှာလာ ထမင်းစားကွာ၊ မင်းကို ငါနဲ့ ကိုစောလွင်က ထမင်းကျွေးမလို့" လို့လာပြောပါတယ်။ အဲဒီတုန်းက မန္တလေး အတိုက်အခံ နိုင်ငံရေးသမားများ လောကမှာ တင်ဝင်းနှစ်ယောက် ရှိပါတယ်။ ဒါကြောင့် အထက်မှာပြောခဲ့တဲ့ အခု ပန်းချီဆရာ၊ ဒါရိုက်တာ ကိုဝင်းဖေရဲ့ညီ၊ ဆရာကြီး ရွှေပြည်ဦးဘတင်ရဲ့သား ကိုတင်ဝင်းကိုတော့ "ဂလိစာစောင်" ထုတ်ခဲ့တာ အကြောင်း ပြုပြီး "ဂလိကိုတင်ဝင်း" လို့ခေါ်ပါတယ်။ အခုတော့ ကွယ်လွန်သွားရှာပါပြီ။ နောက်တဦးဖြစ်တဲ့ ကျနော့်ကို ကိုစောလွင်နဲ့အတူ ထမင်းစားဖိတ်တဲ့ ကိုတင်ဝင်းကိုတော့ သူဖွင့်ထားတဲ့ "နဂါးနီဒန်ရောင်တင်လုပ်ငန်း"ကို အကြောင်းပြုပြီး နဂါးနီကိုတင်ဝင်းလို့ ခေါ်ကြပါတယ်။ သူက ပြည်သူ့တိုးတက်ရေး ပါတီထဲမှာလုပ်ဖူးပါတယ်။ ၁၉၈ဝ ခုနှစ်မှာ ကျနော့် မိဘများအဖမ်းခံရတော့ သူရော ကိုစောလွင်ပါ အတူတူ အဖမ်းခံခဲ့ကြရပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ ကျနော့်ထက် အသက်လည်းအတော်ကြီး၊ နိုင်ငံရေးဝါလည်း အများကြီးရင့်တဲ့ သူတွေမို့ အခုလိုတကူးတကန့် ထမင်းဖိတ်ကျွေးတာကို အခုပြန်စဉ်းစားရင်တောင် ကြည်နူးမိပါသေးတယ်။ ထမင်းစား ပြီးတော့မှ သူတို့က ကိုကိုးကျွန်းတိုက်ပွဲတွေအကြောင်း၊ ကိုလေးမောင်အကြောင်း၊ ဗန်းမော်တင်အောင်-မြသန်းတင့် အကြောင်း စသဖြင့် မေးတော့တာကိုး။ မီးရောင်လေး မှိန်မှိန် အောက်မှာ ထမင်းဆီလေးတရစ်ရစ်နဲ့ ပြန်ပြောခဲ့တာကိုလည်း ကျနော်မှတ်မိနေ ပါသေးတယ်။
ကိုစောလွင်ကွယ်လွန်တဲ့သတင်းကို ကျနော်ကြားတာက ရှစ်လေးလုံးအရေးတော်ပုံကြီး အရှိန်ကောင်းနေချိန်၊ ဝနယ်၊ ပန်ဆန်းမှာ တာဝန်ထမ်းနေတုန်းမှာပါ။ ကျနော်တို့မှာ 'ဟာ' ကနဲဖြစ်သွားပြီး ဒီလို အချိန်မျိုးမှာမှ ဖြစ်ရဖြစ်ရပလေလို့ အောက်မေ့ပူဆွေးမိခဲ့ပါတယ်။ သူကွယ်လွန်တာက ၁၉၈၈ခုနှစ်၊ သြဂုတ်လ ၂ရက်နေ့မှာ ဖြစ်ပေမဲ့ ကျနော်တို့ဆီကို သတင်းရောက်တာက နောက်ကျပါတယ်။ သူက လူထုအုံကြွမှုကြီး ပေါက်ကွဲလုလု၊ အထွတ်အထိပ် ရောက်ကာနီးမှာ ဆုံးသွားရှာတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်က ၅၆နှစ်ပဲ ရှိပါသေးတယ်။ သူကွယ်လွန်ပုံကြောင့်လည်း ပိုပြီးနှမျောကြေကွဲမိပါတယ်။ သူက အိမ်သုံးရေအတွက် ရေစက် နှိုးရင်း မတော်တဆဖြစ် ကွယ်လွန်သွားတာဖြစ်ပါတယ်။
အဲဒီနောက် ရှစ်လေးလုံး အရေးတော်ပုံကြီး အရှိန်ကောင်းနေတဲ့ ကာလအတွင်းမှာပဲ ကျနော်တို့ရဲ့ မြေအောက်လုပ်ငန်း ရဲဘော်တွေက ပို့ပေးလို့ မန္တလေးက ရှစ်လေးလုံးဆင်နွှဲသူတွေရဲ့ တိပ်ခွေတွေရခဲ့ပါတယ်။ အဲဒါတွေကို ဖွင့်နားထောင်လိုက်တော့ ကိုစောလွင်ရဲ့ တိုက်ဖော်တိုက်ဖက်၊ ရင်းနှီးလှတဲ့ရဲဘော်ကြီးတွေဖြစ်တဲ့ ကဗျာဆရာကိုကြည်အောင်တို့၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ မိန့်ခွန်းပြောသံတွေ ကြားရပြီး "သြော်၊ သူသာရှိနေရင်" လို့ပဲ တွေးနေခဲ့မိပါတယ်။
တကယ်တော့ သူလိုလူမျိုးကို ပြည်သူလူထုက အမြဲလိုအပ်နေမှာပါ။

ဖိုးသံ (လူထု)

Thursday, May 28, 2009

မေ-ဇွန် အလုပ်သမား အရေးအခင်း "ဆင်မလိုက် သင်္ဘောကျင်းတိုက်ပွဲ"
ရေးသူ- ရဲဘော်ဝင်းထိန်

သင်္ဘောကျင်းမှာ ကျွန်တော်က ကောင်စီဝင်တဦး ဖြစ်ပါတယ်။ အလုပ်သမားထုက ရွေးချယ်ပြီး တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်ပါ။ ကောင်စီကနေပြီး ကျွန်တော့်ကို ထုတ်လုပ်ရေး အတွင်းရေးမှူး၊ စည်းကမ်း ထိမ်းသိမ်းရေး အတွင်းရေးမှူး၊ စံပြရွေးချယ်ရေး အတွင်းရေးမှူး ဆိုပြီး တာဝန် ၃ ခု ပေးပါတယ်။
(အခု VOA မှာ လုပ်နေတဲ့) ဦးချစ်ဦး(၃၇) နှစ် ဆိုတာက ကျွန်တော်တို့ ကောင်စီ ဥက္ကဌပါ။ သူက စာရင်းကိုင်ချုပ်။ ကျွန်တော်တို့ သင်္ဘောကျင်းမှာ လခ ကျပ် ၁၂ဝဝ နဲ့ ဘားဆုံးနေပြီ။
ကောင်စီအစည်းအဝေးကို အပတ်တိုင်း ထိုင်ရတယ်။ တက်ရောက်တဲ့သူတွေထဲမှာ ဦးချစ်ဦး၊ ဗိုလ်မှူးရဲညွန့်၊ ကောင်စီအထွေထွေ အတွင်းရေးမှူး၊ နောက် ဌာနဆိုင်ရာ အလုပ်သမားကိုယ်စားလှယ်တွေ.......
ဆင်မလိုက် သင်္ဘောကျင်းက ယူဂိုစလဗ်က အကူအညီပေးတာ၊ သိန်း ၆၅ဝ ကုန်ကျတယ်။ ယူဂိုစလဗ် အင်ဂျင်နီယာတွေနဲ့ အတူ အလုပ် လုပ်ကြရတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အနောက်ဂျာမဏီ လျှပ်စစ် ဆီးမင်း ကုမ္ပဏီရှိတယ်။ တပ်ဆင်ထားတဲ့ စက်တွေက အရှေ့ဂျာမဏီ စက်တွေ။ စက်ရုံထဲမှာ သင်္ဘောလွန်းလမ်းတွေ၊ သင်္ဘောကို တနေရာက တနေရာကူးပြောင်းပေးတဲ့ Transmitter ရေကန်ကြီးတွေ၊ သင်္ဘော တည်ဆောက် ရေးစက်ရုံ၊ အလုပ်ရုံတွေပေါင်းစုံ၊ ဌာနပေါင်းစုံ ရှိပါတယ်။ အလုပ်သမားတွေ ဆိုတာကလဲ များသောအားဖြင့် ကိုးတန်း၊ ဆယ်တန်း သမားတွေ...... အလုပ်သမားပေါင်း ၁ဝဝဝ ခန့်ရှိတယ်။


ကျွန်တော်တို့ အနေနဲ့ တန်ချိန် ၃ဝဝဝ ရှိတဲ့ မေယု သင်္ဘောက အစ ရန်မျိုးအောင် စစ်သင်္ဘော အထိ ကုန်းပေါ် တင်ကြရတယ်၊ Five Stars က ပြည်တော်ညွန့် သင်္ဘောလဲ တင်ရတာပဲ။ လုပ်ရတဲ့ အလုပ်က အတတ်ပညာမြင့်တယ်။ တချို့ အလုပ်တွေက သိပ်ပင်ပန်းတယ်။ ဘာကြောင့်လဲ ဆိုတော့ စက်နဲ့ လုပ်ရမယ့် ဟာတွေကို လူအားနဲ့ လုပ်နေရလို့ ဖြစ်တယ်။ ဥပမာ... ဆိုပါတော့ တန်ဝက်လောက် လေးတဲ့ဟာ ဆိုရင် ချိန်းဘလောက်နဲ့ မ, ရမှာ ဖြစ်ပေမယ့် လူ ၄,၅ ယောက်နဲ့ မ, နေရတော့ လူတွေဟာ အကြော အခြင်တွေ ပြတ်ထွက်ကုန်ပြီလား ခံစားရတယ်။ နောက်- သင်္ဘောပန်ကာကြီးတွေ ဖြုတ်တဲ့ အခါ ၁၂ ပေါင် လေးတဲ့ တူကြီးနဲ့ တအား လွှဲ, လွှဲရိုက်ပြီး ဖြုတ်ကြရတာ၊ မေယု ပန်ကာ ဆိုရင် ၂တန်-၃တန် လောက် လေးတယ်။ အဲဒါကြီးကို ချိန်းဘလောက်နဲ့ ဖြုတ် တူနဲ့ ရိုက်ရတဲ့ အလုပ်သမားတွေဟာ တပေါင်း တန်ခူး နေပူကြီးထဲမှာ၊ စဉ်းစားသာ ကြည့်ပါ။ သင်္ဘောဝမ်းထဲ လေးဘက်ထောက်ဝင်ပြီး ရပစ် (Rivet) ရိုက်ရတဲ့ အခါမျိုးဆိုရင် သေချင်စော် နံတယ်။ ဒါပေမဲ့ ရတဲ့ လခ ကျတော့ သိပ်နည်းတယ်။
ကျွန်တော်တို့ ကောင်စီက လူတွေဟာ ရန်ကုန်တိုင်းမှာ ရှိတဲ့ စက်ရုံ အလုပ်ရုံတွေကို မကြာမကြာ လေ့လာခွင့် ရပါတယ်။ ဘီပီအိုင်၊ ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင်နဲ့အထည်စက်ရုံ..... စသည် ရောက်ဖူးတယ်။ ဒီအပေါ်က ကျွန်တော်တို့ အလုပ်သမားတွေ နှိုင်းယှဉ်ပြီး ဆွေးနွေးခဲ့ကြတယ်။ အလုပ်သမားတွေရဲ့ နေထိုင် စားသောက်မှုဘဝ၊ အလုပ်ခွင် အခြေအနေ၊ လစာ၊ ထောက်ပံ့မှု၊ စောင့်ရှောက်မှု.... စသည်။ ထောင့်ပေါင်းစုံက ကြည့်ပါတယ်။
ဥပမာ... ဘီပီအိုင် (ဆေးဝါးစက်ရုံ) မှာဆိုရင် ကလေးထိန်းဌာန ရှိတယ်။ စည်းကမ်းသတ်မှတ်မှု မြင့်တယ်။ အခန်းထဲဝင်ရင် ဘိနပ်ချွတ်ဝင်၊ ပိုးသတ်ထားတဲ့ ဝတ်စုံတွေ လဲပြီးမှ ဝင်ရတာမျိုး။
လေ့လာရေးက ပြန်လာရင် ကောင်စီအစည်းအဝေး ထိုင်ရတယ်။ ထုတ်လုပ်ရေး ဘယ်လိုတိုးအောင် လုပ်ရမလဲ၊ ဆွေးနွေးကြတယ်။
ဒီနေရာမှာ မဆလခေတ် အရာရှိကြီးတွေနဲ့ သူတို့လည်ပတ်နေတဲ့ ယန္တားရားကြီး အကြောင်းကို မိမိနဲ့ ဆက်စပ်နေတဲ့ အပိုင်းကနေပြီး ပြောပြချင်တယ်။
တယောက်က ဗိုလ်မှူးကြီး တင်စိုး- သယ်ယူပို့ဆောင်ရေးမှာ ဦးသာကျော် ပြီးရင် သူပဲ။ သူက "ဒီမှာ ကိုဝင်းထိန်- ခင်ဗျား သိတဲ့အတိုင်း ကျွန်တော်ဟာ အစိုးရ အကြီးတန်းအရာရှိ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှ လုပ်လို့ မရဘူး" တဲ့။
အဲဒီကောင်စီ အစည်းအဝေးမှာပဲ ကျွန်တော်က "ထုတ်လုပ်ရေးမှာ M -၆ လုံးလို့ ပြောကြတယ်။ Man လူ၊ Machine ဆိုတဲ့ စက်ကရိယာ၊ Market ဈေးကွက်၊ Money ဆိုတဲ့ ပိုက်ဆံ၊ Method နည်းပညာနဲ့ Management ခေါ်တဲ့ စီမံခန့်ခွဲမှု။ ကျွန်တော်တို့ စက်ရုံမှာ ခေတ်မီဖို့ ဆိုရင် ကျွန်တော်တို့ အလုပ်သမား အားလုံးကို အတတ်ပညာ မြှင့်ရမယ်။ စက်ရုံကို ခေတ်မီဖို့ M-၆ လုံးတပ်ဆင်ရမယ်။ ကျွန်တော်တို့ သိပ်ပင်ပန်း နေတယ်။ လစာ ကနည်းတယ်။ အာဟာရ မလိုက်နိုင်၊ ခွန်အားမရှိ။ ခေတ်က မမီတော့ ကရိန်းနဲ့ လုပ်ရမယ့် ဟာကို လူတွေနဲ့ မ, နေရတယ်။ ဒါကြောင့် M ၆လုံး ကိစ္စ အမြန် စဉ်းစား ပေးကြပါ" လို့ ပြောလိုက်တယ်။
ဒု ဗိုလ်မှူးကြီး ညွန့်အောင် ဆိုတာ ရှိတယ်။ အဲဒီတုန်းက သူက ရန်လုံးအောင် စစ်ရေယာဉ်ရဲ့ C.O ဖြစ်တယ်။ ဗိုလ်နေဝင်း စာတိုက်ကြီး စာရေး လုပ်နေစဉ်က သူ့ကို ထိန်းပေးရတာ ဆိုတော့ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ သူ့ အထက်က ဗိုလ်ချုပ်သောင်းတင် လာရင်လဲ salute မပေးဘူး။ မမြင်ချင်ယောင်ဆောင်နေတာ။
ကျွန်တော်တို့ရဲ့ GM (အထွေထွေ မန်နေဂျာ) က ဦးမျိုးခင် ဆိုတဲ့ ရခိုင် ကုလားကြီး၊ သူက စက်ရုံကို သိပ်ဖွံ့ဖြိုးချင်တယ်။ သိပ်တိုးတက်ချင်တယ်။ အလုပ်သမားတွေရဲ့ ဘဝကို ကောင်းစေချင်တယ်။ ဒါကို သိတဲ့အခါ သူ့အထက်အရာရှိ- ဦးသာကျော်က "ဟေ့ မျိုးခင်" ဆိုပြီး 'ငါ' နဲ့ ကိုင်တုတ်တယ်။ ဦးသာကျော်ဟာ ရခိုင်တွေထဲမှာ ဘုရင်လို ဆက်ဆံတာ - တော်တော်များများက သူ့ကို ဘုရားမထူးရရုံ တမယ်ပဲ။
ရေတပ်ရဲ့ အထာက တမျိုး၊ ဗိုလ်တွေကို ထမင်းပို့ရတဲ့ AP တပ်သားတွေ ရှိသေးတယ်။ ထမင်းပို့တဲ့ အခါ သူတို့ မကြည်လို့ရှိရင် ထမင်းထဲ တံတွေး ထွေးထည့်ပေးလိုက်တာ- မိသွားတဲ့ အခါ ထိုးကြ ကြိတ်ကြ ဖြစ်ကြတယ်။
သူတို့နဲ့ ကျွန်တော်တို့ အလုပ်သမားတွေ ယေဘုယျအားဖြင့် ခင်ကြတယ်။ အရာရှိရော တပ်သားတွေပါ ခင်ကြတယ်။ ဘဝ အရကို မခင်လို့ မဖြစ်ဘူး။ လူ ၂ဝဝ-၃ဝဝ လောက် စီးတဲ့ တန်ချိန် ၃ဝဝဝ လောက် ရှိတဲ့ စစ်သင်္ဘောကြီး ပင်လယ်ထဲ သွားတဲ့အခါ အလုပ်သမားတွေ လုပ်ပေးလိုက်တာ မသေသပ်ရင် လိုရာမရောက် သေရွာရောက်သွားနိုင်တယ်။ သင်္ဘော ဒေါက်ဆင်းရင် ကျွန်တော် လက်မှတ်ထိုးမှ ထွက်ခွင့်ရတာ ဆိုတော့ ကျွန်တော့်ကို အရေးပေးပါတယ်။
မေဒေးတို့ ပြည်ထောင်စုနေ့တို့ဆိုရင် ကျွန်တော်တို့ သင်္ဘောကျင်း အလုပ်သမားတွေပဲ ထမနဲ ထိုးပေးရတယ်။ လူ ထောင်သောင်းအတွက် ထိုးပေးရတာပါ။ ကျွန်တော် အလုပ်သမားတွေနဲ့ အတူထိုး အတူစားနေခဲ့တယ်။ သင်္ဘောကျင်းမှာ စာကြည့်တိုက် ဖွင့်တယ်။ အတူဖတ်ကြ လေ့လာကြတယ်။ ဒီအလုပ်သမား တွေထဲမှာ ရုရှား၊ ပိုလန်၊ အရှေ့ဂျာမဏီ.... စတဲ့ ဆိုရှယ်လစ် နိုင်ငံတွေကို သွားပြီး ပညာသင်ခဲ့ရသူတွေ ရှိတယ်။ ဒါကြောင့် ဆိုရှယ်လစ် စနစ်အပေါ် တိမ်းညွှတ်မှု ရှိကြတယ်။
အထက်မှာ ပြောခဲ့တာတွေဟာ အရေးအခင်း မပေါ်မီ နောက်ခံ အနေအထားတွေ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဌာနနဲ့ ဆိုင်တဲ့ အရေးအခင်းအကြောင်း တင်ပြပါမယ်။
ဇွန်လ ၅-ရက်နေ့က စပါမယ်။ ကျွန်တော်တို့ ဆင်မလိုက် သင်္ဘောကျင်းနဲ့ လှည်းတန်း မီးရထားလမ်းနဲ့က ကပ်နေတယ်။ ရန်ကုန်ဘက်က မီးရထားအလုပ်သမားတွေ အင်းစိန်ဘက် ချီတက်သွားကြပြီ ဆိုတဲ့သတင်း ကြားနေကြရပြီ။
၆-ရက်နေ့မှာ ထုံးစံအတိုင်း ဌာနကို အစောကြီးသွားတယ်။ သန့်ရှင်းရေးလုပ်၊ ရေနွေးတည်၊ စာကြည့် တိုက်ဖွင့်၊ စက်ရုံ ဖွင့်ပေးပြီး ကဲန်တင်းထဲ သွားထိုင်ပြီး စောင့်နေတုန်း အလုပ်သမားတွေ ဝင်လာတယ်။
"ကိုဝင်းထိန် ဟိုမှာ မီးရထားမှာတော့ ဆန္ဒပြမှုတွေ ဖြစ်နေပြီ။ ဘာလုပ်ကြမလဲ?" လို့ အလုပ်သမား ရဲဘော် ကိုဘာစိန်က မေးတယ်။
"သူတို့တောင် မှောက်ရင် ကျွန်တော်တို့လဲ မှောက် ပေါ့ æဗျာ။ ဒါ ကိစ္စ ကောင်းပဲ။" æ ဆိုပြီး လက်မြေ‡ာက်ပြလိုက်တယ်။ အလုပ်သမားတွေကလဲ အားလုံး လက်မြှောက်ပြလိုက်ကြကာ "ဒီလိုဆိုရင် ကျွန်တော်တို့ သပိတ်မှောက်ကြမယ်။" လို့ ညှိလိုက်ကြတယ်။ ကဗျာကယာ ဆိုင်ထဲ စားသောက်ပြီး ထွက်လာ ကြတယ်။ ဆိုင်ရှေ့မှာ ကျွန်တော်က "သပိတ်- သပိတ်" တိုင်တာနဲ့ 'မှောက်၊ မှောက်' ဆိုတဲ့ အသံတွေ ဟိန်းထွက်ခဲ့ တယ်။
အလုပ်သမားတွေကို ကျွန်တော်က "ရဲဘော်တို့ æ ခုအချိန်က စပြီးတော့ သပိတ်မှောက်မယ်။ တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် တို့ သပိတ်မှောက်ကြမယ်။ ဆန္ဒ ပြကြမယ်။ ဒီအခွင့်အရေး တွေ ရရှိဖို့ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြမယ်။" လို့ လှုံ့ဆော်လိုက်တယ်။
အလုပ်သမားတွေ တဖြောဖြော ရောက်ရှိလာချိန်မှာတော့ ကျွန်တော်က စားပွဲတလုံးပေါ် တက် ရပ်လိုက်ပြီး "သပိတ်၊ သပိတ်" လို့တိုင်လိုက်တာနဲ့ "မှောက်æမှောက်" ဆိုတဲ့ အသံကြီးက တုန်ဟီး ထွက်ပေါ် လာတယ်။ နောက်တော့ တခြားစက်ရုံတွေဘက် ချီတက်ကြတယ်။ ဝယ်လ်ဒါရှော့ (Welder Shop) ဘက် ရောက်တော့ တခါ-
"ရဲဘော် အလုပ်သမား အပေါင်းတို့ တို့ ရဲ့ အခွင့်အရေးတွေကို ရဖို့ တိုက်ပွဲဝင်ကြမယ်။ ဒီအတွက် တို့ အလုပ် မလုပ်ကြတော့ဘူး။ စက်ရုံတွေ ပိတ်မယ်" လို့ ကြေညာလိုက်တယ်။
ရဲဘော် ဘာရွှေက "အလုပ်သမား သပိတ်... မှောက်၊ မှောက" လို့ တိုင်ပေးတယ်။ နောက် ကျွန်တော်က ဖိတင်ရှော့က သော့၊ ဝယ်လ်ဒါရှော့က သော့၊ ၂ချောင်းကို သိမ်းထားလိုက်တယ်။
ရဲဘော်ဘာရွှေ ဦးဆောင်တဲ့ အလုပ်သမားတွေက ဒေါက်ကာ (Docker) ဘက်ကို ထွက်သွားကြတယ်။ ရဲဘော် ဘာရွှေဟာ ကရိန်းပေါ် တက်လိုက်ပြီး
"အလုပ်သမား ရဲဘော် အပေါင်းတို့ ခု အချိန်မှာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တောင်းဆိုမယ်။ ရအောင်ကို တောင်းဆိုမယ်။ နွားမွေးရင် မြက်ကျွေးရမယ်။ လူမွေးရင် ဆန်ပေးရမယ်။" လို့ ဟောပြောတယ်။
အလုပ်သမားထုကြီးက "ဒို့အရေး ဒို့အရေး" လို့ ကြွေးကြော်ကြတယ်။
အဲဒီလိုနဲ့ ကျွန်တော်တို့တတွေ အယ်လက်ထရီကယ်ရှော့၊ မရှင်းရှော့၊ ရှစ်ဘီလ်ဒင် (Ship Building)၊ နောက် ဝယ်လ်ဒင်ရှော့၊ ကာပင်တာ (Carpenter) ဘော်ဒီ (Body) ရှော့၊ အင်ဂျင်ရီပဲယားရှော့ (Engine Repair Shop)၊ ဝန်ကြီးရုံး (TLC)၊ ဦးသာကျော်ရုံး( သင်္ဘောကျင်းထဲမှာပဲ သုံးတယ်) တွေဘက် လှည့်လည်ကြတယ်။
အဲဒီနေ့က ဦးသာကျော် မလာဘူး။ သူက အလယ်ထပ်မှာ နေတယ်။ ဝန်ကြီးရုံးမှာ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းတွေ ရှိတယ်။ သူတို့ကို ကျွန်တော်က ပြောတယ်။
"သင်္ဘောကျင်း တခုလုံးကို အလုပ်သမားတွေ သိမ်းလိုက်ပြီ၊ အဲဒီတော့ ခင်ဗျားတို့ အလုပ်သမားတွေနဲ့ လက်တွဲပြီး သပိတ်မှောက်ပါ။ အတူတကွ ကျွန်တော်တို့ အခွင့်အရေးတွေကို တောင်းဆိုကြမယ်။ မရမချင်း တောင်းမှာ ဖြစ်တယ်။ ခင်ဗျားတို့ အလုပ်မဆင်းကြပါနဲ့"
သူတို့ဘက်က တုံ့ပြန်မှု ကောင်းပါတယ်။ အလုပ်မဆင်းကြပါဘူး။
ဒီကနေ ဆေးခန်းထဲ သွားတယ်။ ဒေါက်တာ စီစီနဲ့ နာ့စ် မလေး တင်တင်မူ ရှိတယ်။ သူတို့ နှစ်ယောက်စလုံး အလုပ်သမားတွေနဲ့ ခင်ကြတယ်။ စေတနာလဲ ကောင်းကြတယ်။ ဆေးပေး ရက်ရောတယ်။ တက်ထရာ ဆိုက်ကလင်း ဆို လက်တခုပ်ကြီး ပေးတာ။
သူတို့က အိမ်ပြန်ဖို့ ပြင်နေကြပြီ၊ ကျွန်တော်က အလုပ်သမားတွေကို ပစ်မသွားဖို့၊ အတူ လက်တွဲ တိုက်ဖို့ တောင်းပန်ပါတယ်။ သူတို့လဲ အလုပ်သမားတွေကို စာနာပြီး မျက်ရည်တွေ ဝိုင်းလာကြတယ်။ နောက်တော့ အတူ လက်တွဲ တိုက်ဖို့ သန္နိဌာန် ချကြတယ်။
အလုပ်သမား ရဲဘော်တွေက ကျွန်တော့်ဆီ ရောက်လာတယ်။ "ရဲဘော် ဝင်းထိန် တချို့ အရာရှိတွေ သပိတ်ကို ဖြိုခွဲဖို့ ကြိုးစားနေတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ? ရိုက်ကြရမှာလား?" လို့ ပြောတာနဲ့
"ဟာ မလုပ်လိုက်ကြပါနဲ့၊ ထိန်းသိမ်းထားပါ။ ဒီမှာ ရုံးဖွင့်ထားတာပဲ၊ ဒီကို ခေါ်ခဲ့ပါ" ဆိုတော့ မကြာခင် ကောင်စီဥက္ကဌ ဦးချစ်ဦး၊ ဒု ဥက္ကဌ ဦးအုန်းမောင်၊ နောက် အတွင်းရေးမှူး ကိုလှမြင့် ပါလာတယ်။ ပြီးတော့မှ မန်နေဂျာ ဦးမျိုးထွဋ်၊ ဦးဘကြိုင် စသူတို့ ပါလာတယ်။ သူတို့ မျက်နှာတွေလဲ မကောင်းကြဘူး။ ကျွန်တော်က
"ဦးမျိုးထွဋ်တို့ ဦးချစ်ဦးတို့ ခင်ဗျား စိတ်မရှိပါနဲ့၊ လုံခြုံရေးအတွက် ခေါ်ရတာပါ။ ကျွန်တော်တို့ကို ယုံစေချင်တယ်။ ခင်ဗျားတို့ကို မသတ်ပါဘူး။ ခုလို အပြင်မှာ လုပ်နေတာကို အလုပ်သမားတွေက ခင်ဗျားတို့အပေါ် သံသယ ဖြစ်နေတယ်။ ဒါကြောင့် လုံခြုံရေးအခန်းမှာ နေကြပါ" လို့ ပြောပြီး ထိန်းထားလိုက်ရပါတယ်။ လုံခြုံရေး သော့တွေအပါ သော့အားလုံးကို ကျွန်တော် ကိုင်ထားပါတယ်။
သပိတ်တိုက်ပွဲကို ၈ နာရီ ၉ နာရီမှာ စလိုက်ကြပြီမို့ အလုပ်သမား သပိတ် ကော်မတီလဲ ဖွဲ့ကြရတယ်။
ဥက္ကဌ ကျွန်တော်၊ ဒု ဥက္ကဌ ကိုဘန်ရွှေ၊ အကြံပေး ကိုတင်မြင့် စသည် တာဝန်ပေးကြတယ်။
ဥက္ကဌ အနေနဲ့ ဂိတ်က အုတ်တိုင် တတိုင်ပေါ်တက် မိုက်ကရိုဖုန်း ကိုင်ပြီး မိန့်ခွန်းပြောရတယ်။
"ရဲဘော် အလုပ်သမား အပေါင်းတို့-
ခုအချိန်က စပြီး ဒို့တတွေ ဆင်မလိုက် သင်္ဘောကျင်းကို သိမ်းလိုက်ပြီ၊ စက်ရုံတွေ အားလုံးကို တို့ သိမ်းပိုက်လိုက်ပြီ၊ စက်ရုံတွေနဲ့အတူ စစ်သင်္ဘောတွေကိုလဲ သိမ်းထားလိုက်ပြီ၊ ဒါကြောင့် စက်ရုံတွေ အားလုံးဟာ သင်္ဘောတွေ အားလုံးဟာ တို့ အလုပ်သမားတွေရဲ့ အာဏာအောက်မှာ ရှိတယ်။ ဒါကြောင့် တို့သိမ်းပိုက်ထားတဲ့ စက်ရုံတွေအတွက် တို့ အလုပ်သမားတွေ ပြည်သူတွေရဲ့ အကျိုးအတွက် တို့ သပိတ်မှောက် ဆန္ဒပြမယ်။ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ဟာ အညံ့မခံဘူး။ အလျှော့မပေးဘူး။
ရဲဘော် အလုပ်သမား အပေါင်းတို့-
စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြပါ။" လို့လဲ တောင်းဆိုလိုက်ရော အလုပ်သမားတွေက "ဒို့ အရေး ဒို့ အရေး" လို့ ကြွေးကြော်လိုက်ကြတယ်။ ကျွန်တော်က ဆက်ပြီး ကောင်စီမှာ ကျွန်တော်တင်ပြဆွေးနွေးတဲ့ M ၆လုံး ကိစ္စ ရှင်းပြပါတယ်။ နောက်မှ....
"ဒီ M ၆လုံး ပြည့်ပြည့်စုံစုံ မရှိဘဲနဲ့ ဒီလောက် ခေတ်မီတဲ့ သင်္ဘောကျင်းကြီး မလည်ပတ်နိုင်ဘူး။ ကရိန်းနဲ့ မ, ရမယ့်ဟာကို လူတွေနဲ့ မနေကြရတယ်။ ရဗစ် ရိုက်နေတဲ့ အလုပ်သမားတွေကို ကြည့်လိုက်ဦး စစ်ဘိနပ်က ကျွဲတဖက်၊ နွားတဖက် ကိုယ်ပေါ်မှာ စက်ဆီတွေပေ၊ တပေါင်း-တန်ခူး၊ ဧပြီ လကြီးထဲမှာ ခွေးတွေလို ၄-ဘက်ထောက် ရဗစ်ရိုက်နေကြရတယ်။ သံဂဟေဆော်တဲ့ အလုပ်သမားတွေ ခဏခဏ ဓာတ်လိုက်ခံရတာတို့ ဘာတို့ ဖြစ်ကုန်တယ်။
ဆိုချင်တာက လုပ်ငန်းခွင်ဟာ အန္တရာယ် မကင်းဘူး။ အန္တရာယ်ကင်းအောင် ရဲဘော်တို့ တောင်းဆိုကြရ လိမ့်မယ်။ နောက်တခု-
ရဲဘော်တို့ အလုပ်ဆင်းတဲ့ အခါ ၇ နာရီခွဲ အရောက်လာနိုင်ဖို့ ၆ နာရီ ကတည်းက အိမ်က ထွက်ရတယ်။ မိုးချုပ်မှ အိမ် ပြန်ရောက်တယ်။ အချိန်တွေ အများကြီး ကုန်သွားပြီ။ တနေကုန် အလုပ်ထဲမှာပဲ နစ်နေကြရတယ်။ ရတဲ့ လစာက သိပ်နည်းတယ်။ ဒါကြောင့် ဒီမှာ အိမ်ခန်းရဖို့ လိုလာပြီ။ အိမ်ခန်း ရဖို့ တောင်းဆိုရမယ်။
အိုဗာတိုင်ကိစ္စလဲ ပြောရမယ်။ အိုဗာတိုင်ကို တလ ၇၂ နာရီ ပဲ လုပ်ခွင့်ပေးတယ်။ တို့ လက်တွေ့ လုပ်ပးကြရတာက နာရီ ၁ဝဝ ကျော်တယ်။ နာရီကျော်တွေဟာ ဒေးအော့ (day off) နဲ့ပဲ ပြန်ရတယ်။ ဆိုချင်တာက အိုဗာတိုင် လုပ်ခ အပြည့်မရဘူး။ ရတဲ့ လစာက သိပ်နည်း။ တချို့ ဘားဆုံးနေပြီ။ ပရိုမိုးရှင်း တင်ပေးသင့်ပြီ။
ချုပ်လိုက်ရင် လုပ်ခတွေ သိပ်နည်းတယ်။ အိုဗာတိုင် တအားလုပ်နေရတယ်။ လုပ်ငန်းခွင်ကလဲ အန္တရာယ်ကြီးတယ်။ ဒါကြောင့် ဒါတွေအတွက် တို့ တိုက်ကြမယ်။ ဆန်လုံလောက်စွာ ရဖို့ တောင်းဆိုရမယ်။ လစာ တိုးပေးဖို့၊ ရာထူးတိုးပေးဖို့၊ နေအိမ် ရရှိဖို့၊ ကုန်ဈေးနှုန်း ကျဆင်းဖို့တွေလဲ တောင်းဆိုကြရမယ်။" နောက်တော့ ကျွန်တော်က ကြွေးကြော်သံတိုင်ပေးလိုက်ပါတယ်။
ဆန်လုံလောက်စွာ ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး။)
ကုန်ဈေးနှုန်း ကျဆင်းရေး.... ( ။ )
နေအိမ်ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး)
လုပ်ငန်းခွင် အန္တရယ်ကင်းရေး..... ( ။ )
လစာ တိုးမြှင့်ရေး..... ( ။ )
နောက်တဆက်တည်း သင်္ဘောကျင်းထဲမှာရှိတဲ့ ရေတပ်ကိုလဲ ထပ်ပြီးတော့ ပန်ကြားရတယ်။ ဒီအချိန်က ဒေါက်တင်ထားတဲ့ ရေတပ်သင်္ဘော ၅ စင်း ရှိတယ်။
"ရန်လုံးအောင်၊ ရန်မျိုးအောင်၊ သုတေသီ၊ နဂါးကျင်း၊ နဝရတ် သင်္ဘောပေါ်က တပ်မှူး တပ်သား အပေါင်းတို့ ရဲဘော်တို့ကို ကျွန်တော်တို့ အိမ် ပြန်ခွင့် မပေးတော့ဘူး၊" လို့လဲ ကြေညာလိုက်တယ်။
(ကျွန်တော်က ကြားဖြတ်ပြီး ရဲဘော်တွေကို မေးလိုက်တယ်။)
မေး။ ။ ဒေါက်တင်နေတဲ့ အချိန် သင်္ဘောပေါ်မှာ စတင်းဘိုင် (stand by) လား?
ဖြေ။ ။ သူတို့ဘာသာ လုပ်နေကြတာပဲ၊ ရိုးရိုးနေကြတာပေါ့။ အိမ်မှာ နေသလို နေကြတာပဲ။
မေး။ ၊ သူတို့က သင်္ဘောကြီး ထားခဲ့ပြီး ကမ်းပေါ်တက်တာ ရှိသလား?
ဖြေ။ ။ မရှိဘူးလေ။
ဒီနေရာမှာ ပြောဖို့လိုတာက သင်္ဘော တစီးမှာ တပ်ခွဲ တခွဲ ရှိတယ်။ ၅စီး ဆို ၅ ခွဲ ရှိတယ်။ တစီး တစီးကို ဒု ဗိုလ်မှူးကြီး (C.O) သို့မဟုတ် ဗိုလ်မှူးတယောက် အုပ်ချုပ်တယ်။
သုတေသီ သင်္ဘောက အဏ္ဏဝါ ဆိုက်စမစ် (Seismic) ဒီကောင်က တန်ဖိုး သိပ်ကြီးတယ်။ အဲဒီခေတ် ငွေဈေးနဲ့ကို သိန်း ၅ဝ-၆ဝ လောက် ပေးရတယ်။ ရန်မျိုးအောင်က စတီး သင်္ဘော၊ ဒုတိယ ကမ္ဘာစစ်တုန်းက မဟာရေယာဉ် (ဒု ဗိုလ်မှူးကြီး အုပ်ချုပ်တယ်) ရန်မျိုးအောင်မှာ အမြောက် ပါတယ်။ သုတေသီ၊ မေယု တို့မှာလဲ အမြောက်ပါတယ်။ တခြား လက်နက်မျိုးစုံ တပ်ဆင်ထားရာမှာ ဘောက်ဖာ၊ ပွိုင့် ၅ စသည့် ရှိကြတယ်။ နေဝင်းစတင်းကို ရိုးရိုး တပ်သားတွေ ကိုင်ကြရတယ်။ သင်္ဘောတိုင်းမှာ ရိက္ခာတွေ ရှိကြတယ်။ ပဲအိတ်၊ ဆန်အိတ် အပြင် အခြေခံ ရိက္ခာ စုံစုံလင်လင် တင်ထားရတယ်။ သူတို့ အတွက် ပြဿနာ မရှိ၊ ဒါနဲ့.....
"သင်္ဘောပေါ်မှာ ရှိတဲ့ တပ်မှူး တပ်သားအပေါင်းတို့၊ ရဲဘော်တို့ အိမ် မပြန်ကြပါနဲ့။ ဒီအထဲမှာပဲ နေကြပါ။ ကျွန်တော်တို့နဲ့ တိုက်ပွဲ အတူ ဝင်ကြပါ။ ကျွန်တော်တို့ရဲ့ တိုက်ပွဲကို ရဲဘော်တို့ ထောက်ခံ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်"
အဲဒီတော့ ရေတပ်က ရဲဘော်တွေ ကျွန်တော်တို့နဲ့အတူ လာပြီး ဆန္ဒပြတယ်။
သင်္ဘောပေါ်ရှိတဲ့ သူတွေဟာ မြို့ထဲ သွားချင်ရင် ကျွန်တော်တို့ ဂိတ်တွေ ဖြတ်မှရတယ်။ ရေလမ်းပေါက် က ထွက်မယ်ဆိုရင်လဲ သင်္ဘောတွေကို ကျွန်တော်တို့က ကိုင်ထားလိုက်ပြီ။ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်လာနိုင်တဲ့ အနေအထားပါ။ ရေတပ် အနေနဲ့ ပစ်မယ် ခတ်မယ် ဆိုရင် အချိန်မရွေး ပစ်နိုင်ပါတယ်။
မကြာလိုက်ပါဘူး၊ ရန်လုံးအောင် သင်္ဘောက ဗိုလ်မှူး စိုးလှိုင် ကျွန်တော့်ဆီ ရောက်လာတယ်။ ဝန်ကြီး ရုံးမှာဆွေးနွေးတယ်။ သူက "ဆရာ ဝင်းထိန် ဘယ်လိုလဲ?"...... တဲ့။
ကျွန်တော်က "ဗိုလ်မှူး စိုးလှိုင် ကျွန်တော်တို့ကို ကူညီပါ။ ရိက္ခာတွေ လိုချင်တယ်။ ရမလား?" ဆိုတော့ "ယူပါ၊ ရပါတယ်" တဲ့။
ဆက်ပြီး သူက "ခင်ဗျားတို့ သပိတ် နိုင်ပါ့မလား?" ပေါ့
ကျွန်တော်က "နိုင်ပါတယ်၊ ကျွန်တော်တို့ကို ဗိုလ်မှူး ထောက်ခံစမ်းပါ။ ဗိုလ်မှူးတို့ လုံခြုံရေးကို အာမခံပါတယ်။" လို့ ပြောလိုက်တော့ နှုတ်ဆက်ပြီး ဗိုလ်မှူး စိုးလှိုင် ပြန်သွားတယ်။ ကျွန်တော်လဲ ပင်ပန်းလွန်းတာနဲ့ နားနေစဉ် အလုပ်သမား ရဲဘော် တယောက် လာသတင်းပို့တယ်။
"ဗိုလ်မှူးရဲညွန့် လာနှောက်ယှက်နေတယ်။ အလုပ်သမားတွေ သပိတ်မမှောက်ရဘူး...လို့ ပြောနေတယ်။"
ဗိုလ်မှူးရဲညွန့်ကို သွားအခေါ်ခိုင်းပေမယ့် လိုက်မလာပါ။ သူက ညွှန်ကြားရေးမှူး၊ သူ့ရုံးခန်းကို ကျွန်တော် လိုက်သွားပြီး "ဗိုလ်မှူး ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ခဲ့စေချင်တယ်။" လို့ ပြောတော့ ပထမမှာ ငြင်းနေသေးတယ်။ ကျွန်တော်က "ခင်ဗျားရဲ့ လုံခြုံရေး အန္တရာယ် ရှိတယ်နော၊ လိုက်ခဲ့ပါ" ဆိုတော့မှ လိုက်လာပါတယ်။ "မောင်ရင် ကြည့်လဲ လုပ်ပေးပါ" လို့ လဲ ပြောတယ်။
"ဒါတွေ ထားလိုက်စမ်းပါ" ဆိုပြီး ခေါ်ထုတ်လာခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက် တွဲထွက်လာတာ မြင်တော့ အလုပ်သမားတွေက လက်ခုပ်တီး ကြိုကြပါတယ်။
"ဒို့အရေး... ဒို့အရေး၊ သပိတ်.... သပိတ်၊ မှောက်...... မှောက်။ ကုန်ဈေးနှုန်း ကျဆင်းရေး.... ဒို့အရေး" ကြွေးကြော်သံတွေ ထွက်ပေါ်လာပါတယ်။
သပိတ်မှောက် အလုပ်သမားတွေအတွက် ရိက္ခာ ကိစ္စက စဉ်းစားရပြီ၊ ဒါကြောင့် ကားတစီးကို အလံထိုးပြီး ရဲဘော်တချို့ အင်းစိန်ဘက် ထွက် အလှူခံကြတယ်။ ပြန်လာကြတော့ ရိက္ခာတွေက ကားနဲ့ အပြည့်ပဲ၊ ထမင်းထုပ်တွေ၊ လက်ဖက်သုတ်ထုပ်တွေလဲ ပါလာတယ်။ ထမင်းထုပ်တွေထဲမှာ လက်ရေးလှလှနဲ့ "အလုပ်သမား သပိတ်ကို ထောက်ခံတယ်" ဆိုတဲ့ စာတွေတွေ့ပြီး အားတက်ကြတယ်။ တချို့ အထုပ်တွေထဲမှာ ပိုက်ဆံတွေ ပါတယ်။ ပစ္စည်းတွေကတော့ မျိုးစုံပဲ။ ရပ်ကွက်ထဲက အရပ်သူအရပ်သားတွေကလဲ ထမင်းအိုးကြီးတွေနဲ့ ရောက်လာကြတယ်။ ဟင်းတွေကလဲ မျိုးစုံ။
ကျွန်တော်တို့ စက်ရုံမှာပဲ လက်ကမ်း စာစောင်တွေ ရိုက်တယ်။ တောင်းဆိုချက်တွေ ကြွေးကြော်သံတွေ ပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဆန်လုံလောက်စွာ ရရှိရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ လစာ တိုးမြှင့်ရေး စသည် အပြင် ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး အောင်ရမည် ဆိုတာလဲ ထည့်ရိုက်တယ်။ ကျွန်တော်တို့ အလုပ်သမားတွေက ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တာမှ မဟုတ်ပဲ။ မဆလ လုပ်ချင်သလို လုပ်နေတာက တပိုင်းပဲ။ ဂက်စတင်နာ (Gestener) နဲ့ရိုက်ပီး ဝေငှကြတယ်။
နောက်.... မိန်းခလုတ်ရှိရာ တယ်လီဖုန်းရုံးမှာ ကျွန်တော် သွားထိုင်တယ်။ စက်ရုံအသီးသီးကို ဆက်သွယ်ကြည့်တယ်။ ကျွန်တော်တို့ စက်ရုံဘေးမှာတင်ရှိတဲ့ သုံးထပ်သား စက်ရုံမှာလဲ စ တိုက်ပွဲဝင်နေပြီ။ သူတို့က ကိုယ်စားလှယ်လွှတ်လာတယ်။ ဘယ်လို လုပ်ရမလဲပေါ့။ ကျွန်တော်က "သပိတ်ကတော့ ဆက်မှောက် ရမယ်။ ကျွန်တော်တို့ကတော့ အညံ့မခံဘူး။ တောင်းဆိုချက်တွေ ရတဲ့ အထိ တိုက်သွားမယ်" ပြောတာကို လက်ခံသွားတယ်။ နောက် အမှတ် ၁-၂ သစ်စက်တွေက ကိုယ်စားလှယ်တွေ ရောက်လာတယ်။ ဆွေးနွေးကြတယ်။ ဘဝတူ အလုပ်သမား အချင်းချင်း သွေးစည်းကြတယ်။
ကျွန်တော်တို့ကလဲ ဆက်သား၊ ကိုယ်စားလှယ် စသည် လွှတ် ဆွေးနွေးတာတွေ ရှိတယ်။ BPI ဘက် လွှတ်ဖို့ ပြင်နေစဉ် စက်ရုံပေါင်းစုံက အလုပ်သမားတွေ ရောက်လာပြန်တယ်။ သူတို့ခံစားချက်တွေ ရင်ဖွင့်ကြတယ်။ သမိုင်းချည်မျှင်၊ ဂုံနီစက်ရုံ၊ BPI က အလုပ်သမားတွေ ရောက်လာပြီး ဟောပြောကြ၊ ရင်ဖွင့်ကြတိုင်း "ဒို့အရေး.... ဒို့အရေး" ထောက်ခံသံတွေနဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း တီးကြတယ်။
ညနေပိုင်းလောက် ဗိုလ်မှူးစိုးလှိုင်နဲ့ ထပ်တွေ့တော့ "ဗိုလ်မှူး ခင်ဗျား ကျွန်တော်တို့ကို ကူညီပါဦး" ဆိုတော့ "ဘာများလဲ? ကူညီတာပေါ့" လို့ပြောတယ်။ အဲဒီအချိန်က ကျွန်တော်တို့ ဌာနမှာ ရေတပ်က လာတည်ပေးထားတဲ့ လျှပ်စစ်ဌာန ရှိတယ်။ တချို့ လျှပ်စစ်ပညာတွေက မြင့်တော့ ရေတပ်က သင်ထားတဲ့ လူတွေမှ လုပ်လို့ရတာ ရှိတယ်။ ရေတပ်က PO တွေအားလုံးကိုလဲ အရေးကြီးတဲ့ ဌာနတွေကို အလုပ်သမားတွေနဲ့ တွဲပြီး စောင့်ရှောက် ပေးဖို့ မေတ္တာရပ်ခံထားတယ်။
ညနေဘက်မှာ အလုပ်သမားရဲဘော်တချို့ကို အင်းစိန်ဘက် ထပ်လွှတ်တယ်။ ၆ နာရီလောက် ရှိမယ် ထင်တယ်။ သူတို့ပြန်လာပြီး သမိုင်း ဘာတာရှေ့၊ သမိုင်းဈေးမှာ အလုပ်သမား အရပ်သားတွေ ပစ်သတ်ခံရတဲ့ အကြောင်း ပြောပြကြတယ်။
ဒါနဲ့ ကျွန်တော်က "ရဲဘော် အလုပ်သမားအပေါင်းတို့ တို့ရဲ့တောင်းဆိုချက်တွေကတော့ တဖြည်းဖြည်းနဲ့ ခက်လာပြီ၊ ဒါပေမဲ့ တို့ဟာ ဒူးမထောက်ဘူး။ အညံ့မခံဘူး။ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ အခု သမိုင်း ဘာတာရှေ့မှာ တို့အလုပ်သမား ရဲဘော်တွေ အသတ်ခံရတယ်။ ပစ်သတ်တာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆုံး တို့ဟာ ဒူးမထောက်ဘဲနဲ့ အသေခံ တိုက်ပွဲဝင်သွားမယ်။ တို့တောင်းဆိုချက်တွေ မရမချင်း တောင်းဆို တိုက်ပွဲဝင်သွားမယ်။ တို့ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်မယ်။ ရဲဘော်တို့ကို ကျွန်တော် ကတိပေးတယ်။ ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ရဲဘော်တို့နဲ့အတူ ကျွန်တော်ရှိမယ်" လို့ မိန့်ခွန်းတို ပေးခဲ့တယ်။
နောက်တော့ တယ်လီဖုန်းနဲ့ ဂုံနီစက်ရုံကို လှမ်းဆက်တယ်။ ကောင်စီအတွင်းရေးမှူးက ဖုန်းလက်ခံတယ်။ ကျွန်တော်က သမိုင်းချည်မျှင်စက်ရုံရှေ့မှာ အလုပ်သမားတွေ ပစ်သတ်ခံရတဲ့ အကြောင်း သတင်းပေးပြီး "ကျွန်တော်တို့ကတော့ မလျှော့ဘူး၊ ဒူးမထောက်ဘူး။ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမယ်၊ မရမချင်း တိုက်ပွဲဝင်သွားမယ်။ လိုအပ်တာရှိရင် အကြောင်းကြားမယ်၊ ခင်ဗျားတို့ဘက်ကလဲ အကြောင်းကြားပါ" လို့ ပြောတယ်။ သူတို့စက်ရုံကလဲ ဒီသဘောအတိုင်းရှိကြောင်း ပြန်ပြောတယ်။ အဲဒီအချိန် ဂုံနီစက်ရုံမှာ ဗဟိုကော်မတီ အသစ်ရွေးချယ်ပွဲ စနေပြီ။
အဲဒီ ညနေမှာ မိုးတွေ ရွာချလာတယ်။ အခြေအနေကအရေးကြီးလာချိန်မို့ ဝန်ကြီးရုံးမှာ အိပ်စောင့်နေကြတဲ့ အမျိုးသမီးတွေကို ကျွန်တော်ကပြောတယ်။ "ခင်ဗျားတို့ ကျွန်တော်နဲ့ လိုက်ခဲ့ပါ၊ ဒီတိုင်းနေလို့ မဖြစ်ဘူး၊ လုပ်စရာတွေ ရှိတာတွေ လုပ်ကြရမယ်။ အခြေအနေ သိပ်မကောင်းဘူး" ဆိုတော့ ကျွန်တော့်နောက် လိုက်လာကြတယ်။
ဆက်သွယ်ရေးတွေနဲ့ ပတ်သက်ပြီး ရေတပ်က အရာရှိတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေ တွဲကိုင်ထားကြတယ်။ လုံခြုံရေးလဲ အလားတူပဲ။ တယ်လီဖုန်းရုံးကို ကျွန်တော်တို့ သွားကြတယ်။ ကက်ဆက်နဲ့ ကျွန်တော့်အသံကို သွင်းလိုက်ပြီး စပီကာနဲ့ "ပြည်သူကိုပန်ကြားချက်" ထုတ်လွှင့်လိုက်တယ်။ စက်ကြီးကသိပ် ကောင်းတော့ စက်ရုံတွေအားလုံးဆီ တပြိုင်တည်း ရောက်ရှိ သွားပါတော့တယ်။
"မိဘ ပြည်သူအပေါင်းတို့ခင်ဗျား အစိုးရဟာ သမိုင်းဘာတာရှေ့မှာ ရိုးသားစွာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ပစ်သတ်ခဲ့ပါတယ်၊ အဲဒီတော့ မိဘ ပြည်သူအပေါင်းတို့ ကျွန်တော်တို့နဲ့ လက်တွဲပါ။ စစ်အစိုးရက အခု အပြစ်မဲ့တဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ပစ်သတ်နေပါပြီ။ ကျွန်တော်တို့ကို ကာကွယ် စောင့်ရှောက်ပါ" လို့ ပန်ကြားပါတယ်။ ဒီ အသံကို အသံချဲ့စက်ကနေ အမြဲဖွင့်ပေးထားလိုက်ပါတယ်။
ဒီအချိန်မှာ အစိုးရအလိုတော်ရိ တယောက်က သပိတ်ကော်မတီ ပြင်ဖွဲ့ရမယ်။ သူလဲ ပါမယ်ဆိုပြီး ရုတ်ရုတ် ရုတ်ရုတ် လုပ်လာတယ်၊ အတွင်းပိုင်းကနေ သပိတ် ဖြိုခွဲဖို့ လုပ်လာတာမို့ ဖမ်းထိန်းသိမ်းလိုက်ရ တာရှိတယ်။
မိုးက ချုပ်သည်ထက် ချုပ်လာပြီ။ ဒီအချိန် ဗိုလ်မှူးရဲညွန့်က ကျွန်တော့်ကို လှမ်းခေါ်ပြန်ရော၊ "ဘာလုပ်ချင်လို့လဲ" ဆိုတော့ "မောင်ရင်တို့ကို စစ်တပ်က ပစ်တော့မယ်၊ ကိုယ်လဲ အရာရှိပဲမောင်ရင်၊ စေ့စပ်လိုက်စမ်းပါ။" လို့ ပြောတယ်။ "တော်စမ်းပါ၊ လုပ်မနေစမ်းပါနဲ့၊ ထားလိုက်စမ်းပါ၊" လို့ ကျွန်တော်က ဟန့်လိုက်တော့ ဦးချစ်ဦးတို့ ဦးမျိုးထွဋ်တို့က ကျွန်တော့်ကို ကြည့်တယ်။ သူတို့ကိုတော့ စာနာပါတယ်ဆိုတဲ့ အမူအယာလောက်ပဲ ပြလိုက်မိတယ်၊ သူတို့ကိုလဲ အချုပ်ထဲ ထည့်ထားရတယ်လေ။
ဒီလိုနဲ့ အချိန်တွေ ကုန်လိုက်လာတယ်။ ထမင်းလဲ မစားရ၊ ရေလဲ မသောက်မိတာ ဘယ်လောက်ကြာ သွားပြီလဲ မသိ။ ဝန်ထမ်း အမျိုးသမီး တယောက်ပေးတဲ့ Lunch Box နဲ့ကိစ္စပြီးလိုက်ပြီး တယ်လီဖုန်း ရုံးခန်းထဲ ရောက်နေချိန် ဦးမြဟန်ကြီး ရောက်လာတယ်။ မူလက PO ပင်စင်ယူပြီးတဲ့နောက် ကျွန်တော်တို့ဆီ ဖစ်တာ အဖြစ်နဲ့ ဝင်လုပ်နေသူပဲ။
သူက "ကိုဝင်းထိန် ကမ်းနားမှာကွန်မင်ဒို သင်္ဘော ကပ်နေပြီ။ သူတို့ပစ်လိမ့်မယ်။" လို့ ပြောတော့ "ဦးမြဟန် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မဆွေးနွေးချင်ဘူး၊ ထားလိုက်ပါ" လို့ တားလိုက်တယ်။
သူထွက်သွားပြီး မကြာခင် ကိုကျော်ကြီးခင်နဲ့ ရောက်လာပြန်တယ်။ "ရေလယ်မှာ ဗိုလ်မှူးသိန်းထွန်း စောင့်နေတယ်၊ ခင်ဗျားနဲ့ စကားပြောချင်လို့တဲ့၊" ဒီတော့ ကျွန်တော် တွက်လိုက်မိပြီ "ငါ့တော့ ဆွဲတော့မယ်" သူတို့ခေါ်တဲ့နေရာ လိုက်သွားပြီ ဆိုတာနဲ့ ဖမ်းပြီလေ၊ ဒီလိုဆိုရင် အလုပ်သမားတွေကို ညွှန်ကြားလို့ မရတော့ဘူး၊ လှုပ်ရှားမှု ပြိုကွဲသွားတော့မယ်၊ မဖြစ်ဘူး။
"ကျွန်တော် မလာနိုင်ဘူး၊ တွေ့ချင်ရင် ဗိုလ်မှူးသိန်းထွန်း ကျွန်တော့်ဆီ လာပါစေ" လို့ ပြောလိုက်တယ်။ ဦးမြဟန် ပြန်ထွက်သွားတယ်။
ခဏနေတော့ တခေါက်ပြန်လာကြတယ်။ ကျော်ကြီးခင်က "ကိုဝင်းထိန် သူတို့ တကယ်ပစ်တော့မယ်" တဲ့။ "ပစ်ရင်လဲ ပစ်ပစေကွာ" လို့ တုံ့ပြန်လိုက်တယ်။
စဉ်းစားရတာတွေကတော့ အများကြီး- ရေတံခါးကြီး ပျက်စီးသွားရင်၊ ပေါက်ကွဲသွားလို့ရှိရင်၊ အားလုံးအထိနာမယ်။ စက်ရုံတွေ ပျက်စီးမယ်။ စက်ရုံထဲ ဝင်ပစ်ရင်လဲ သေကြ ကြေကြ အထိနာကြမယ်။ စက်ရုံရဲ့ လုံခြုံရေး အလုပ်သမားတွေရဲ့ လုံခြုံရေး စဉ်းစားလာရတယ်။ နောက်ထပ် ဆုံးရှုံးမှုကြီးတခု ရှိသေးတယ်။ ခုလို တောင်းဆိုလာကြပြီးမှ တောင်းဆိုချက် ဘာမှ မရဘဲနဲ့ ကျွန်တော်တို့သပိတ်ကြီး ပျက်စီးသွားမှာ- ပြီးဆုံးသွားမှာပဲ။
ဒါကြောင့် ကျွန်တော် ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ မိုက်ကရိုဖုန်း ကောက်ကိုင်လိုက်ပြီး...
"ရဲဘော် အလုပ်သမားအပေါင်းတို့ စက်ရုံရဲ့ လုံခြုံရေးကို တို့အားလုံး တာဝန်ယူရမယ်။ နောက် ရေတံခါး၊ သင်္ဘောတွေရဲ့ လုံခြုံမှုနဲ့ စက်ရုံတွေ အားလုံးရဲ့ လုံခြုံမှု၊ တို့အားလုံးရဲ့လုံခြုံမှုကို တို့တာဝန်ယူရမယ်။ ဒီစက်ရုံဟာတို့ရဲ့ စက်ရုံဖြစ်တယ်။ တို့ဟာ တို့တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ အညံ့မခံဘူး၊ ဒူးမထောက်ဘူး၊ ရတဲ့အထိတိုက်ပွဲဝင်သွားမယ်။
အခု သပိတ်မှောက်မှုဟာ ဗမာတပြည်လုံး ဖြစ်နေပြီ။ တို့ယုံကြည်စိတ်ချရတဲ့ ရန်ကုန်ဆိပ်ကမ်း ဆိုလို့ ရှိရင်လဲ အခု သပိတ်မှောက်နေပြီ၊ ရန်ကုန်ဆိပ်ကမ်းဆိုတာက ဒုဗိုလ်မှူးကြီး လှမြင့်- ဘဲကြီးလှမြင့် (ဘဲလ်အဲယား လှမြင့်) ဆိုတာဟာ တက္ကသိုလ် ကျောင်းသားတွေ ပါးရိုက်တဲ့ ဘဲ။ ဒီကောင် သူရဲ-သူရဲ၊ အဲဒီမှာ သူက နာယက ဖြစ်နေတာ- ခု သူ့ဆိပ်ကမ်းမှာ အလုပ်သမားတွေ သပိတ်မှောက်နေပြီ။
ပြီးတော့ တို့ရဲ့ သပိတ်ဟာ တပြည်လုံးလက္ခဏာ ဆောင်တယ်။ တို့ တောင်းဆိုချက်တွေ ရ, ရမယ်။ တို့ တတွေ ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ရအောင် တိုက်မယ်။ တို့ အညံ့မခံဘူး။ လျှော့လို့ မရဘူး" လို့ ပြောချလိုက်တယ်။
ဒါကိုကြားပြီး ချက်ချင်းပဲ သုံးထပ်သားစက်ရုံကလဲ ကျွန်တော်တို့နဲ့ တသဘောထဲ ရှိကြောင်း။ "လုံးဝ အညံ့မခံဘူး၊ ဆက်လက် တိုက်ပွဲဝင်သွားမယ်၊ တောင်းဆိုချက်တွေ ရအောင်တိုက်မယ်" ဆိုတဲ့အကြောင်း အကြောင်းကြားလာတယ်။
စစ်တပ်က နေဝင်ရင် ပစ်မယ်လို့ သတင်းတွေ ထွက်နေတာရှိတယ်။ ဒါကြောင့် သစ်စက်ကလာ ပြောတယ်။ "ကျွန်တော်တို့ သစ်တုံးတွေနဲ့ ကာထားတယ်။ စက်ရုံထဲ ဝင်ပစ်လို့မရအောင် ဖြစ်တယ်" တဲ့။ ကွန်မင်ဒိုတွေ ဝင်ပစ်မှာကို တားဆီးတဲ့သဘောပဲ။
ကျွန်တော်တို့ရဲ့ အနောက်ဘက်မှာ အက်ဆစ် စက်ရုံရှိတယ်။ ကော့စတစ် စက်ရုံ- အဲဒီကလဲ အတူတူပဲ။ ကျွန်တော်တို့နဲ့ အတူတိုက်ပွဲ ဝင်မယ်တဲ့။
ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင်စက်ရုံ တို့ကိုလဲ "စစ်တပ်က ဝင် ပစ်မယ့် အခြေအနေရှိတယ်၊ ဘာပဲ ဖြစ်ဖြစ် တို့ရအောင် တိုက်ပွဲ ဝင်သွားမယ်။ မစေ့စပ်တော့ဘူး၊ သပိတ်ကတော့ တပြည်လုံး ဖြစ်နေပြီ။ ရန်ကုန်ဆိပ်ကမ်း သပိတ်ကြောင့် ကမ်းနားမှာ ကုန်တင်ကုန်ချ လုပ်ငန်းတွေ ရပ်တော့မယ်။ ရပ်တာနဲ့ အစိုးရ အခက်အခဲရှိပြီး တပြည်လုံး အလုပ်သမားနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့် တောင်းဆိုချက်တွေ ရအောင် တိုက်ပွဲ ဝင်သွားမယ်" လို့ ဖုန်းနဲ့ အကြောင်းကြားလိုက်တယ်။
နောက်တော့ အခန်းသော့ဖွင့်ပြီး ဗိုလ်မှူးရဲညွန့်ကို ခေါ်ထုတ်လာခဲ့တယ်။ ချက်ချင်းလိုပဲ ကျွန်တော်တို့ရဲ့ မိန်းဂိတ်ရှေ့မှာ စစ်ကားတွေရောက် လာတယ်။ ကွမ်းခြံဘက်က လာတာဖြစ်တယ်။ ရေတပ်က မဟုတ်ဘူး၊ လှည်းတန်းဘက်က- ကျွန်တော်တို့ ခေါင်းဆောင်မှုအဖွဲ့ သပိတ်ကော်မတီဝင်တွေက အလုပ်သမားထု ကြားထဲမှာ ရှိနေတယ်။
တချို့ရဲဘော်တွေက ကျွန်တော့်ကို ဒီနေရာက စွန့်ခွာဖို့ ပြောနေပြီ။ ကျွန်တော့်လက်ထဲမှာ စက်ရုံသော့ အားလုံးရှိတယ်။ မာဇဒါ ဂျစ်ကားကို လိုရ မယ်ရ အပြင်တနေရာမှာ ထားတာ ရှိတယ်။ ထွက်သွားရမလား... လို့ အတွေးတချက် ပေါ်တယ်။ ဒါပေမဲ့ ကျွန်တော် အလုပ်သမားရဲဘော်တွေကို သစ္စာမဖောက်နိုင်ဘူး။ ပေါက်ကွဲလု မတတ်ဖြစ်နေတဲ့ အခြေအနေကြီးကို စွန့်မသွားနိုင်ဘူး။ အဲဒီတော့ သေစရာရှိလို့ရှိရင် ရှေ့ကသေမယ်။ ခေါင်းဆောင်ဆိုတာ ဘယ်တော့မှ နောက်ကနေ မသေရဘူး။ ဘယ်တော့မှ နောက်မဆုတ်ရဘူး။ ငါသေပြီး နောက်မှ နောက်လူတွေ သေရမယ်။ ဒီလို စဉ်းစားပြီး 'လူထု' ကြားထဲက တပ်ဦးကို ကျွန်တော် တိုးထွက်လာ တယ်။ ဗိုလ်မှူးရဲညွန့်ကိုတော့ ကိုင်ထားတယ်။ ဒီလိုနဲ့ မိန်းဂိတ် သံတံခါးကို ရောက်သွားပြီ၊ တဖက်က မြင်နိုင်တဲ့နေရာ ပစ်မယ်ဆို လှမ်းပစ်လို့ ရတဲ့နေရာ၊ ပထမ ဆုံးထိမှာက ကျွန်တော်နဲ့ ဗိုလ်မှူးရဲညွန့်ပဲ။ အဲဒီ အချိန်မှာပဲ ရဲဘော်ဘီကျော်စိန်က တွန်းထိုး ထွက်လာတယ်။ နောက် အုတ်ခုံပေါ် တက်လိုက်တယ်။ သင်္ဘောကျင်း တခုလုံး မီးတွေလင်းနေတယ်။ ဆလိုက်မီးတွေကလဲ ထွန်းထားသေးတယ်။ BAA ဂရောင်းက ဆလိုက်ကြီးတွေ လေ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
ရဲဘော် ဘီကျော်စိန်က စစ်တပ်ကို "မင်းတို့ပြန်သွားပါ၊ အလုပ်သမားတွေကို အန္တရာယ်မပေးနဲ့၊ တို့ အလုပ်သမားတွေ တောင်းဆိုနေတာက ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန်လုံလောက်စွာ ရရှိရေးပဲ၊ အလုပ်သမား တွေနဲ့ အစိုးရဟာ ရန်သူမဟုတ်ဘူး၊ နောက်ကို ပြန်ဆုတ်ကြပါ။ အလုပ်သမားတွေဘက်ကို လှည့်ထားတဲ့ သေနတ်ပြောင်းတွေ- တဖက်ကို လှည့်လိုက်ပါ။" လို့ ပြောတယ်။ စစ်တပ်ဘက်က လှုပ်ရှားမှု မပြတာနဲ့ ပြန်ဆင်းသွားတယ်။
ဒီတော့မှ ဆိုင်ထားတဲ့ဘက်က ဗိုလ်မှူးတယောက် စပီကာနဲ့ စကားပြောတယ်။ "အလုပ်သမားတွေ၊ ခင်ဗျားတို့ တောင်းဆိုချက်တွေကို ကောင်စီအဆင့်ဆင့်ကနေ တောင်းပါ၊ ခု ဆန္ဒပြမှုကို ရပ်လိုက်ကြပါ။ ဗိုလ်မှူးရဲညွန့်ကို ကျွန်တော်တို့လက်ထဲ ပြန်အပ်ပါ။ သပိတ်ကို လူစု မခွဲဘူး၊ ဗိုလ်မှူး ရဲညွန့်ကို ပြန်မအပ်ဘူးတိုရင် ရတဲ့နည်းနဲ့ ယူရပါလိမ့်မယ်။" တဲ့။ ပြောပြီးတာနဲ့ စစ်တပ်က ကျွန်တော်တို့ကို သေနတ်နဲ့ ချိန်ထားလိုက်ကြတယ်။ ဒီအချိန်မှာ ကျွန်တော်က ဗိုလ်မှူးရဲညွန့်လက်ကို လိမ်လိုက်ပြီး "ခင်ဗျားတို့ တွေ့ချင်တဲ့ ဗိုလ်မှူးရဲညွန့်ဆိုတာ ဟောဒီမှာပဲ။ အဲဒီတော့ သူ့ကိုလိုချင်ရင် ကျွန်တော်တို့ တောင်းဆိုချက်တွေကို လိုက်လျောပါ။ ချက်ချင်း ပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ တောင်းဆိုနေတာမှာ - အလုပ်သမားတွေနဲ့ လုပ်သားပြည်သူတရပ်လုံး အတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန်လုံလောက်စွာရရှိရေး၊ လုပ်ငန်းခွင်ကိစ္စ၊ နေအိမ်ရရှိရေး တို့ဖြစ်တယ်။ အလုပ်သမား အခွင့်အရေးကို တောင်းနေတာသာ ဖြစ်တယ်။ ခင်ဗျားတို့ဆီက အာဏာကို လုနေတာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို တိုက်မယ့် သေနတ်ပြောင်းတွေကို တနေရာကို လှည့်လိုက်ပါ။
စစ်တပ်ဘက်က အရာရှိကြီး အပေါင်းတို့- ကျွန်တော်တို့ကို မတိုက်ပါနဲ့။ ခင်ဗျားတို့ တိုက်ရမှာက တနေရာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ လုပ်သားပြည်သူတရပ်လုံးအတွက် တောင်းဆိုနေတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်နေတာ ဖြစ်တယ်။ အလုပ်သမား လူတန်းစားဟာ ဆိုရှယ်လစ်စနစ်ကို ဘယ်တော့မှ သစ္စာ မဖောက်ဘူး။ ဆိုရှယ်လစ် စနစ်အတွက် အလုပ်သမားလူတန်းစားက အခု တိုက်ပွဲဝင်နေတာဖြစ်တယ်။"
(ဒီအချိန် နောက်ကနေ ထပ် ရိုက်လာတဲ့ ပန်းဖလက်တွေ လာပို့လို့ ဖတ်ကြည့်လိုက်တော့ 'ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး အောင်ပွဲခံရမယ်။' 'ဗိုလ်ချုပ်ကြီး တင်ဦး သက်တော် ရာကျော် ရှည်ပါစေ' ဆိုတာတွေ ပါတယ်။ ထိပ် မြွေကိုက်ခံနေရ ချိန်မှာမှ ရောက်လာတာဖြစ်လို့ ဒီအတိုင်းထားလိုက်ပြီး)
"အဲဒီတော့ စစ်တပ်က တပ်မှူး တပ်သား အပေါင်းတို့ ခင်ဗျားတို့ တပ်ကို ပြန်သွားကြပါ။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ် စနစ်ကို တည်ဆောက်နေတဲ့အတွက် ဆိုရှယ်လစ်စနစ်ရဲ့ ရန်သူမဟုတ်ဘူး။ နောက်ပြန်ဆုတ်ကြပါ။"
၆ ရက်ည တညလုံး အပြန်အလှန်ပြောလာလိုက်ကြတာ ၇ ရက် နံနက် ၄ နာရီထိုးတော့ မီးကျည်တလုံး ကောင်းကင်ကို ဖွေးကနဲ ထိုးတက်လာတယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တခု ရှိတယ်။ တညလုံး အချိန်ဆွဲ ထားပြီး မိုးလင်းတာနဲ့ ရန်ကုန်တမြို့လုံးမှာ ရှိတဲ့ စက်ရုံတွေ ထပ်ပြီးဆွေးနွေးဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်က
"ဗိုလ်မှူးရဲညွန့်ကို ခင်ဗျားတို့ဆီ ကျွန်တော်ပြန်အပ်မယ်။ ခင်ဗျားတို့က သေနတ်ပြောင်းတွေ တနေရာ လှည့်လိုက်ပါ" လို့ လှမ်းပြောလိုက်တယ်။
ဗိုလ်မှူးရဲညွန့်က "ဖိုးဝင်းထိန် စစ်တပ်ကတော့ တကယ် ပစ်တော့မယ်။ ကိုယ့်ကို မောင်ရင်တို့အလျှော့ ပေးလိုက်ပါ။" လို့ ခပ်အုပ်အုပ်ပြောတယ်။
"ဗိုလ်မှူးရဲညွန့် ခင်ဗျားလဲ ကျည်ဆံတတောင့် ကျွန်တော်လဲ ကျည်ဆံတတောင့်ပဲ၊ သေရင်တော့ အတူသေကြမှာပဲ။ အဲဒါကြောင့် ခင်ဗျားအနေနဲ့ လုပ်သားပြည်သူတွေအပေါ်မှာ တကယ်သံယောဇဉ် ရှိရင်၊ တကယ်သစ္စာရှိရင် စစ်တပ်ကို 'မပစ်ပါနဲ့' လို့ မိုက်ကရိုဖုန်းနဲ့ ပြောပေးပါ" ဆိုပြီး မိုက်ကရိုဖုန်း ထိုးပေးလိုက်တယ်။
သူက "ဖိုးဝင်းထိန်-ကိုယ်ဟာ စစ်တပ်က တပ်မတော် အရာရှိဖြစ်တယ်။ တပ်မတော်ကို သစ္စာဖောက်လို့ မဖြစ်ဘူး။ ဒါကြောင့် ကိုယ်မပြော ဘူး"æတဲ့။
ဒီတော့ ကျွန်တော်က "ဗိုလ်မှူး ခင်ဗျားကလဲ တပ်မတော်ကို သစ္စာရှိတယ်။ ကျွန်တော်ကလဲ အလုပ်သမားတွေအပေါ်မှာ သစ္စာရှိတယ်။ ပြည်သူပေါ်မှာ သစ္စာရှိတယ်။ အဲဒီတော့ နှစ်ယောက်သေ သေကြတာပေါ့ တယောက် ကျည်ဆံ တတောင့်စီနဲ့" လို့ ပြောရင်းနဲ့ ပြန်ဆုတ်ခဲ့တယ်။
ဒီအချိန် ဦးမြဟန်နဲ့ ကိုကျော်ကြီးခင် လာပြောပြန်တယ်။ "စစ်တပ်က တက်လာပြီ၊ ကမ်းခြေက နေတက် လာတာဖြစ်တယ်။" တဲ့။ တချို့ရဲဘော်တွေကလဲ ဘာလုပ်ရမလဲ လာမေးကြတယ်။
"ဘာမှမလုပ်နဲ့၊ ဒီအတိုင်း တောင်းဆိုကြမယ်။ ဘာမှ မလုပ်နဲ့၊ ဘာကိုမှ မလုပ်နဲ့" လို့ အမိန့်ပေး လိုက်တယ်။
ဒီအချိန် ဖြတ်ကနဲ သတိရလိုက်တာရှိတယ်။ ဘယ်လိုတုံ့ပြန်မလဲ?။
ကျွန်တော့် လက်ထဲမှာ သင်္ဘောကျင်းတခုလုံးရဲ့ သော့တွေ ရှိတယ်။ ပါဝါစတေရှင် ကို ဖောက်ခွဲလို့ရ တယ်။ သင်္ဘောကျင်း ရေလုံကျင်းက ရေတွေ ဖောက်ထုတ်လိုက်လို့ရှိရင် သင်္ဘောတွေ ပျက်သွားနိုင်တယ်။ ဂျွမ်းထိုးမှောက်ခုန် ဖြစ်သွားမယ်၊ ဒီမှာ ရေတပ် စစ်သင်္ဘောတွေကလဲ ရှိနေတယ်။ သင်္ဘောကျင်း ပြာကျသွား အောင်လဲ လုပ်နိုင်တယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ ပြည်သူတွေလဲ ပြာကျတဲ့အထဲ ပါသွားနိုင်တယ်။ ဒီအချိန် ကွမ်းခြံ ရပ်ကွက်တခုလုံး စစ်တပ်က ဝိုင်းထားပြီးပြီ။ အခြေအနေတွေက အဲဒီလိုရှိတယ်။
ကိုကျော်ကြီးခင်က "နောက်မှာ ကွန်မင်ဒို တပ်တွေ ရောက်လာပြီ" လို့ သတိပေးတယ်။
"ကဲ ဗိုလ်မှူး ကြားတဲ့အတိုင်းပဲ၊ ကျုပ်တို့ကတော့ အသေခံပြီး တိုက်ရတော့မယ်။ ဒီတော့..... "
ဗိုလ်မှူးရဲညွန့် လက်ကို လိမ်လိုက်ပြီး သူနဲ့အတူ ပြန်သွားခဲ့တယ်။ ကွန်မင်ဒိုတပ် လာမယ့် နေရာကို ဦးတည်လိုက်တယ်။ ရှေ့ရောက်သွားတာနဲ့ စ ပစ်ပြီ။ "ဗိုလ်မှူး ရဲညွန့်ကို ပေး ပေး" လို့လဲ ပါးစပ်က အော်တောင်း တယ်။ "ဟေ့ အလုပ်သမားတွေ မင်းတို့ ဆန်မရဘူး၊ ဟောဒါပဲ ရမယ်ကွ" လို့လဲ ကြုံးဝါးတယ်။ ပြောပြော ပစ်ပစ် လုပ်ကြတယ်။ ဘက်နက် (လှံစွပ်) တွေနဲ့ တက်ထိုးတယ်။ ရဲဘော်တွေဟာ အထွေးလိုက် လဲကျကုန်တယ်။ တချို့ ရေကန်ထဲ ကျတယ်။
ဒီအချိန် ဗိုလ်မှူးရဲညွန့်က "ရဲညွန့်ဆိုတာ ကျွန်တော်ပါပဲ" အော်ပြီး ရုန်းတယ်။ ကျွန်တော်ကလဲ လွှတ်ပေးလိုက်ပါတယ်။ လက်ထဲက ပါသွားတဲ့အခါ "ဟေ့ ရဲညွန့် ရပြီဟေ့" ပေါ့နော်။
မိုးက လင်းနေပါပြီ။ လမ်းပေါ်က သွေးတွေကတော့ စွေးစွေးနီနေပါတယ်။ သွေးခဲတွေ သွေးစီးကြောင်း တွေ.........။
ရဲဘော်တချို့ G3 ကျည်ဆံ ဖောက်ထွက်သွားလို့ ခြေထောက်မှာ အပေါက်တွေနဲ့။
ရဲဘော် သန်းအောင် ဆိုရင် ပါးစပ်ကြီး ပြတ်ထွက်သွားပြီး လျှာဟာ ကတ်ကြေးနဲ့ ညှပ်ထားသလိုပဲ။
သယ်နိုင်သလောက် ရဲဘော်တွေကို ပွေ့ပွေ့ပြီးတော့ ဆေးခန်းထဲ သွင်းရတယ်။ ဒေါက်တာ စီစီကလဲ မျက်ရည်တွေနဲ့ ငိုနေရှာတယ်။ ဒေါက်တာ စီစီနဲ့ တင်တင်မူတို့ တော်ရှာပါတယ်။ လူနာ ရဲဘော်တွေကို ဆေးထိုး ပေး၊ ပတ္တီးစည်းပေး ပါတယ်။
ဒဏ်ရာရ ရဲဘော်တွေဆိုတာ အများကြီး ကုတင်ပေါ်မှာ မဆန့်လို့ ကြမ်းခင်းပေါ် မှာ ချထားရတယ်။
ရဲဘော် တင်မောင်- သူ စကားမပြောနိုင်တော့ဘူး၊ သူက မီးသတ်စက်ကို နှိုးနေတုန်း နောက်ကနေ G3 နဲ့ပစ်လို့ စအိုထဲ ကျည်ဆံဝင်သွားတယ်။ သူ့နားသွားတော့ - မရတော့ဘူးပေါ့နော်၊ လက်ခါပြတယ်။ အလားတူ ရဲဘော်သန်းအောင်ကလဲ ခေါင်း, ခါ ပြရှာတယ်။ ရဲဘော်ဘဖူး ကတော့ နားထင်ကို လှံစွပ်နဲ့အထိုးခံထားရလို့ ပါးစပ်က သွေးတွေ ဗွက်ခနဲ ဗွက်ခနဲ အန်ကျနေပါတယ်။ ဒီလိုလျှောက်ကြည့် အားပေးနေစဉ် ရဲဘော်တွေက ကျွန်တော့်ကို ပြေးခိုင်းနေကြတယ်။
ကျွန်တော်က "ရဲဘော်တို့ ကျွန်တော် ရဲဘော်တို့နဲ့ အတူ အသေခံမယ်။ ပြဿနာတွေ ကျွန်တော်ရှင်းမယ်။ ဘယ်တော့မှ ရဲဘော်တို့ကိုမစွန့်ခွာဘူး၊ အဲဒီတော့ ရဲဘော်တို့နဲ့ အတူ ကျွန်တော်ရှိမယ်။ ကြိုးစင်ကို ကျွန်တော်တက်သွားမယ်။ ရဲဘော်တို့အပေါ်မှာ ထာဝစဉ် သစ္စာရှိမယ်။ ရဲဘော်တို့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး" လို့ ပြောနေချိန်မှာပဲ......
စစ်တပ်က ကက်ပတိန်တယောက် အခန်းထဲ ရောက်လာပြီး "ဟေ့ ဝင်းထိန်" ဆိုပြီးတော့ G3 နဲ့ လှမ်းထောက်ထားတယ်။ နောက်တော့ ကျွန်တော့်ကို လက်မြှောက်ခိုင်းပြီး အပြင်ကို ခေါ်ထုတ်သွားတယ်။ သပိတ် လမ်းမကြီးမှာ သွေးတွေ...... သွေးခဲတွေ အများကြီးပါပဲ။ အဲဒီလမ်းပေါ်မှာ ကွန်မင်ဒို ဗိုလ်ကြီး ဖြစ်သူက ကျွန်တော့်ကို ဆောင့်ကြောင့် ထိုင်ခိုင်းတယ်။
"မင်း ငါ့ကို ပစ်ချင်ပစ်လေ၊ ငါကတော့ ထိုင်စရာ မလိုဘူး၊ ငါ တရားခံ မဟုတ်ဘူး၊ မင်းတို့ တရားခံပဲ၊ ပစ်လိုက်စမ်းပါ။" ပြောမှ ဒီကောင်က ကျွန်တော့်ကို ဦးချစ်ဦးတို့ ဦးအုန်းမောင်တို့ ဦးထွန်းရီတို့ကို ကျွန်တော် ချုပ်ထားတဲ့ အခန်းထဲ ပြန်ထည့်တယ်။ ဦးချစ်ဦးက ကျွန်တော့်ဆီက သော့တွေ တောင်းတယ်။ သူက "ရဲဘော်တွေတော့ အတော်များများ ကျကုန်ပြီ.. ကိုဝင်းထိန်" လို့လဲ ပြောတယ်။ သူ့ကို သော့ အားလုံးပေးလိုက် ပါတယ်။
မိုးအတော်လင်းနေပြီ၊ ကွန်မင်ဒို တပ်သားတွေ လက်နက်မျိုးစုံ အီကွစ်မင့်မျိုးစုံနဲ့ ကမ်းနားပေါ်က တက်လာပြီး သင်္ဘောကျင်း လမ်းကြီးကို ဖွင့်ချပစ်လိုက်တယ်။ နောက် မိန်းဂိတ်ကြီးကို ဖွင့်ပြန်တယ်။ ဒီအချိန် တိုင်းမှူးလို့ ယူဆရသူ တယောက် မာစီဒီးကားကြီးနဲ့ သင်္ဘောကျင်းထဲ ဝင်ရောက်လာတယ်။ အလုပ်သမားတွေရဲ့ သွေးတွေပေါ် နင်းပြီး စစ်သားတွေက သွားလာနေကြတယ်။
၇ နာရီလောက်မှာ အလုပ်သမားတိုက်ပွဲကြီး ပြီးဆုံးသွားပြီပေါ့၊ ကျွန်တော့်ကိုတော့ ဘားလမ်းကို ခေါ်သွားပါတယ်။ အဲဒီကမှ အင်းစိန်ထောင်။
{အလုပ်သမားတွေ၊ ပြည်သူတွေ အသက်ပေး သွေးမြေကျခဲ့ရတဲ့ ၃၅ နှစ်မြောက် မေ-ဂျွန် အလုပ်သမား အရေးခင်းကို အမှတ်ရလို့ အင်တာနက်မှာတွေ့လို့ ကူးယူသိမ်းထားတဲ့ ဒီဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။ ခွင့်ပြုချက် မတောင်းနိုင်တာကို ခွင့်လွှတ်နားလည်ပေးပါရန်။}

Monday, May 25, 2009

မိချမ်းဝေ နဲ့ မိတ်ဆက်
ရေးသူ- လူထုဒေါ်အမာ

ပင်လယ်ဝတ္ထုတိုကလေးတွေကို သတ်သတ်မှတ်မှတ် စုစည်းထုတ်ဝေတဲ့ မိချမ်းဝေကို ကျွန်မက လွန်ခဲ့တဲ့ (၁၆) နှစ်လောက်တုန်းက စသိခဲ့တာပါ။ အဲဒီတုန်းက မိချမ်းဝေက မြိတ်မြို့မှာ ကျောင်းဆရာမကလေး။ သူ့အနေနဲ့ စာပေနယ်ထဲ စမ်းတ၀ါးဝါး ၀င်လာစ။ သူ့ခင်ပွန်းကလည်း အစိုးရ၀န်ထမ်းတဦး။ ကဗျာဆရာ အောင်မှူးတဲ့။
ဦးလှဆုံးမယ့်နှစ် နှစ်ဦးပိုင်းက ကျွန်မတို့မှာ သတင်းစာလုပ်ငန်းလို ဖယ်မရရှားမရ ကြီးလေးတဲ့တာဝန် တွေ မရှိချိန်၊ သမီးခင်ပွန်းအတူတူ ခရီးရှည်ထွက်ပြီး လည်ကြ ပတ်ကြမယ်လို့ ရန်ကုန်က ဆရာကြီးဦးသုခ နဲ့ ဇနီး ဒေါ်ကြင်မေကို အဖော်စပ်ကြပြီး သမီးလေး မတင်ဝင်းနဲ့အတူ မြိတ်၊ ထားဝယ်ကို မရောက်ဖူးလို့ အလည်သွားကြ တာလေ။


ကျွန်မတို့ လင်မယားက ခရီးသွားဖို့ ကြိုက်ပေမယ့် အလုပ်တွေနဲ့မို့ နှစ်ယောက်အတူတူ သွားရလာရ တာရယ်လို့ တယ်မရှိပါဘူး။ ၁၉၅၀ ခုနှစ်က စင်ကာပူကို လင်မယားနှစ်ယောက် ရယ်၊ သားကြီးကိုစိုးဝင်းရယ်၊ မောင် ကိုမောင်လေးရယ်၊ ဆန်းကဖီးဦးထွန်းရင်ရယ် အလည် သွားကြဖူးတာတခေါက်၊ ခုတခေါက်လို့ပဲ ပြောကြပါစို့။ ဦးလှ ခရီးသွားရင် ကျွန်မက အိမ်မှာ တာဝန်နဲ့ နေရစ်ခဲ့ရတယ်။ ကျွန်မခရီးထွက်ရင် ဦးလှက (၂)ယောက်စာ အလုပ်တွေနဲ့ အိမ်မှ ရှိရစ်ရတယ်။ ဒီတခါတော့ သတင်းစာလို တာဝန်ကြီးလုပ်ငန်းတွေ မရှိတော့လို့ နှစ်ယောက် အတူ သမီးလေးပါခေါ်ပြီး မိတ်ဆွေကြီးဦးသုခ လင်မယားနဲ့ ခရီးထွက်ခဲ့ကြတာပါ။
ဦးလှက မစ္စတာမောရစ်ကောလစ်ရဲ့ စာအုပ်နှစ်အုပ်ဖြစ်တဲ့ 'မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ' နဲ့ 'စန္ဒမာလာ' ၀တ္ထုတို့ကို ဘာသာပြန်ပြီး ကျွန်မက စာရေးဆရာလုပ်လာတာ ဖြစ်လေတော့ မစ္စတာမောရစ်ကောလစ်ကို ကမ္ဘာကျော်စာရေးဆရာဖြစ်အောင် လုပ်ပေးလိုက်တဲ့ မြိတ်ကို လိုက်ပို့မယ်လို့ ဟိုအနှစ် (၄၀)လောက်ကတည်းက ပြောပြောနေတာပါ။ နို့ပေမယ့် မရောက်ရပါဘူး။ ဒါကြောင့် ကျွန်မတို့က စာပေဟောပြောပွဲခရီးမဟုတ်ပဲ၊ မြိတ်က ဖိတ်ကြားထားတာ မရှိဘဲနဲ့ သက်သက်မယ့် တနင်္သာရီဘက်ကို အလည်ထွက်လာကြတာလေ။ (မှတ်ချက်။ လူထုဒေါ်အမာ ရဲ့ 'အညာသူများပင်လယ်သွား' စာအုပ်ထွက်ခဲ့ပြီး မာယာမဂ္ဂဇင်းမှာ အဲဒီစာအုပ်ထဲက တပုဒ်ကို ဖော်ပြခဲ့ဖူးပါတယ်။)
ဒါပေမယ့် ထားဝယ်နဲ့ မြိတ်ကိုရောက်တော့ မြို့ခံစာပေအပေါင်းအသင်း ရောင်းရင်းတွေက ၀မ်းမြောက် ၀မ်းသာကြိုကြ၊ စာပေတွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြ၊ ကျွေးကြ မွေးကြ ဧည့်ခံကြပေါ့။
အဲဒီမှာ ကဗျာဆရာအောင်မှူးခေါ်တဲ့ ကိုစိုးမြင့်ရယ် သူ့ဇနီးကျောင်းဆရာမလေး ရီရီထွန်းရယ်ကို မြိတ်မှာ တွေ့ခဲ့ သိခဲ့ ခင်မင်ခဲ့ကြတာပါ။
ရီရီထွန်းက ကျောင်းဆရာမအလုပ်တဘက်နဲ့ သူက စာရေးချင်နေသူ ဖြစ်တယ်။ ဒါကြောင့် စာပေရေခံ မြေခံကောင်းတဲ့ မြိတ်က နှစ်တိုင်းထုတ်ဝေနေတဲ့ မြိတ်မဂ္ဂဇင်းမှာလည်း ၀င်ပြီး ကလောင်သွေးတယ်။ တိုင်းရင်းမေတို့၊ အိုးဝေတို့မှာလည်း ၀င်ပြီး ကဗျာရေး စာရေး လုပ်တယ်။ နောက်တော့ ရန်ကုန်ထုတ် မဂ္ဂဇင်းတွေမှာ သူ့ဝတ္ထုကလေးတွေ ကြိုးကြားပါလာတယ်။ အဲဒီလိုပါလာတော့ သူက သူ့ဝတ္ထုတိုကလေးတွေကို 'ဒေါ်ဒေါ်ဖတ်ပါဦး' ဆိုပြီး ကျွန်မဆီကို ပို့လေ့ရှိပါတယ်။
ပို့လာတာတွေကို ဖတ်ရတော့ မိချမ်းဝေရဲ့ ၀တ္ထုကလေးတွေက ပင်လယ်နဲ့ ပတ်သက်တာလေးတွေ ပါလာတယ်လေ။ အဲဒီတော့ ကျွန်မက အညာသူဟုတ်လား။ ပင်လယ်နဲ့ပါတ်သက်တဲ့ စာရေးလာတဲ့ ဆရာမလေးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး လိုင်းချပေးလိုက်တယ်။
'တို့စာပေမှာ ပင်လယ်နဲ့ပါတ်သက်တာရေးတဲ့ စာရေးဆရာက အလွန်နည်းသေးတယ်။ ငါ့သမီးက မြိတ်မှာနေတာဆိုတော့ အဲဒီဘက်က အကြောင်းအရာတွေကို နောက်ခံထားပြီးရေး၊ အဲဒီဘက်က ဗဟုသုတတွေ ထည့်' လို့ အကြံပြုလိုက်တယ်။
ကျွန်မတို့မှာ ပင်လယ်ကမ်းရိုးတန်းကြီး နတ်မြစ်ကနေပြီး ကော့သောင်အထိ မိုင် (၁၈၀၀)လောက် ရှည်လျားတာကြီး ရှိပါတယ်။ ဒါပေမယ့် ရခိုင်စာဆိုကြီးတွေကလည်း ပင်လယ်ကို သိတ်မရေးဖွဲ့ခဲ့ကြပါဘူး။ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ပဲခူး၊ ရွှေဘို၊ အမရပူရ၊ မန္တလေးမြို့တွေမှာ ထီးနန်းတွေ စိုက်ထူသွားကြတော့လည်း ခေတ်အဆက်ဆက် စာဆိုတွေက ပင်လယ်ကို ဖွဲ့သီမှု အလွန်နည်းခဲ့ကြပါတယ်။ ကျွန်မတို့ခေတ်မှာ မြစ်ဝကျွန်းပေါ်သားတွေ ဖြစ်ကြတဲ့ ဇော်ဂျီတို့၊ မောင်ထင်တို့ စာတွေ ဖတ်လာရတော့မှ ကျွန်မတို့မှာ လမုတို့၊ လတာတို့၊ ဒီတို့ ဆိုတာတွေကို ရင်းနှီးလာရတာပါ။
အဲဒီတော့ ကျွန်မက ရီရီထွန်းဟာ မြိတ်မှာ ကျောင်းဆရာမလေး လုပ်နေသူမို့ မြိတ်ရဲ့ကျွန်းတောင် သောင်ကမ်းနဲ့အတူ မြိတ်က ရေလုပ်သားတွေအကြောင်း၊ ကျွန်မတို့ မသိတဲ့ ပင်လယ်တွင်းစားစရာ ရေထွက်ကုန်တွေအကြောင်းပါတဲ့ ၀တ္ထုတွေ ရေးဖို့ တိုက်တွန်းပါတယ်။
ရီရီထွန်းက သထုံသူ။ အဖေက မြန်မာ၊ ဦးထွန်းခင်တဲ့။ အမေက မွန်၊ ဒေါ်သန်းစိန်တဲ့။ သထုံက (၁၀)တန်းအောင်တော့ ၁၉၇၆ ခုနှစ်မှာ ဆွဲခန့် မူလတန်းဆရာမ ၀င်လုပ်ခဲ့တယ်လေ။ သူလုပ်ရတဲ့ကျောင်းက မြိတ်မြို့နယ်က ကလင်ဘန်းကျေးရွာမှာ ဖြစ်သတဲ့။ အဲဒီ တနင်္သာရီတောပိုင်းမှာ (၂) နှစ်လုပ်ပြီးတော့၊ မြိတ် အ-ထ-က မှာ (၁၄) ဆရာမလုပ်ခဲ့တယ်။ နောက် ရန်ကုန်ပြောင်းပြီး မင်္ဂလာတောင်ညွန့် မှာ ဆရာမ (၄) နှစ်လုပ်ပြီး၊ အလုပ်က ထွက်လိုက်တယ်။ အနှစ် (၂၀) ဆရာမ လုပ်သက်နဲ့ ခုတော့ အလုပ်ကထွက်ပြီး စာကိုပဲ ဇောက်ချရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အလုပ်အားသွားတော့ ကျွန်မတိုက်တွန်းတဲ့ စာတွေ ရေးနိုင်ဖို့ သူက မြိတ်ကို ပြန်ပြီး ကွင်းဆင်းပါတယ်။ သူ့မှာ ဆရာမလုပ်သက် မြိတ်ဒေသမှာချည်း (၁၆)နှစ် ရှိခဲ့သူမို့ သူကွင်းဆင်းပြီး အချက်အလက် စုတဲ့အခါတော့ တပည့်တွေနဲ့ သူတို့မိဘတွေက အများကြီး အကူအညီ ပေးကြသတဲ့။ တချို့ ရေလုပ်သားများကတော့လည်း ရိုးရှာကြလို့ စာရေးဆရာတယောက်က စစ်စစ်ပေါက်ပေါက် မေးနေတဲ့ အမေးမျိုးကို မကြုံဖူးလေတော့ ဘ၀အာမခံချက် မရှိရှာသူများမို့ သူ့ကိုကြောက်ပြီး မသင်္ကာဖြစ်လာလို့ ဆက်မပြောကြသူတွေလည်း တွေ့ရသတဲ့။ သူ့တို့ကို ဖမ်းမှာလား မေးတဲ့သူက မေးသတဲ့။ 'ဒေါ်ဒေါ်ရဲ့ မြိတ်ဘက် သွားရတာ မိန်းမဖော်တယောက်လည်း လိုတယ်။ လေယဉ်ခလည်း ဈေးကြီးလိုက်တာ' တဲ့လေ။
'မိချမ်းဝေ' ဆိုတဲ့ ကလောင်နာမည်က မွန်လို မှည့်ထားတာ၊ မြန်မာလို ဘာသာပြန်ရင် 'အေးမေတ္တာ မျှဝေသူ မိန်းကလေး' လို့များ အဓိပ္ပါယ်ရှိမလား မသိဘူး။ သူကတော့ ပထမတော့ ခင်နှင်းယု ရဲ့ 'သခွတ်ပန်း' ကို သဘောကျလို့ တိုင်းရင်းမေမှာ ကဗျာစရေးတော့ 'သခွတ်ပန်း' ဆိုပြီး ကလောင်နာမည် ယူသေးသတဲ့။ နောက်မှ မြိတ်မဂ္ဂဇင်းမှာ ၀တ္ထုတိုလေးတွေ ၀င်ရေးရင်း 'မိချမ်းဝေ' ဆိုတဲ့ ကလောင်နာမည်ကို ပြောင်းလိုက်တာတဲ့။
မြိတ်မြို့ဟာ မြန်မာနိုင်ငံရဲ့ တောင်စွန်ဆုံးနားကမြို့၊ အဲဒီမှာ လူမျိုးတော်တော်စုံ ရှေးကတည်းက နေခဲ့တယ်။ ဒါပေမယ့် မြိတ်မှာနေကြတဲ့ မြန်မာအမျိုးသားတွေက အမျိုးသားရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ ယဉ်ကျေးမှုကိစ္စတွေမှာ တက်တက်ကြွကြွ စည်းစည်းလုံးလုံးရှိတယ် ထင်တာပဲ။ မြို့နယ်မဂ္ဂဇင်း တစောင်ကိုလဲ သိပ်များတဲ့ အခက်အခဲတွေကြားထဲက မှန်မှန်ထွက်နိုင်အောင် ကြိုးစားကြတယ်။
အဲဒီမြိတ်မဂ္ဂဇင်းမှာ ရီရီထွန်းက 'မိချမ်းဝေ' အမည်နဲ့ ၀တ္ထုတိုအရေးအသားကို ၁၉၈၄ ခုကစပြီး ကလောင်သွေးခဲ့တယ်လေ။ မြိတ်မဂ္ဂဇင်းမှာ ဆက်ဆက်ပြီး ရေးတယ်။ နောက်တော့ ရန်ကုန်ထုတ် လစဉ်မဂ္ဂဇင်းတွေထဲ သူ့လက်ရာလေးတွေ ရောက်လာတယ်။ ခု မိချမ်းဝေရဲ့ ကလောင်သက် (၁၄) နှစ် ရှိတော့မယ်ပေါ့။ ဒီပထမဦးဆုံး စထွက်မယ့် သူ့ဝတ္ထုတိုပေါင်းချုပ် 'ကမာရင်ကွဲနဲ့ အခြားပင်လယ်ဝတ္ထုတိုများ' မှာ ပင်လယ်ဝတ္ထု (၁၉) ပုဒ်ပါတယ်။ တချို့က မဂ္ဂဇင်းတွေမှာ ဖော်ပြပြီးသား၊ တချို့က မပါသေးတဲ့ ၀တ္ထုတိုအသစ်ကလေးတွေပါ။
သူ့ ၀တ္ထုလေးတွေက ပေးတဲ့ ဗဟုသုတာက ကျွန်မတို့ အညာသူအညာသားတွေအနေနဲ့ စိတ်ဝင်စားဖို့ သိတ်ကောင်းပါတယ်။ ဥပမာ- ပင်လယ်စာဖြစ်တဲ့ ပင်လယ်ငါးတွေဆိုပါတော့ ကျွန်မတို့က စားဖူးမြင်ဖူးဖို့ နေနေသာသာ တချို့ကိုများ နာမည်ကိုသော်မှ ကြားတောင် မကြားဖူးဘူးလေ။ ငါးမဟုတ်တဲ့ ကမာတို့၊ မျှော့တို့၊ ရေခူတို့ ဆိုတာတွေလည်း အများကြီး ရှိသေး။ တကယ်တော့ ကျွန်မတို့ နိုင်ငံရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ မြိတ်ရဲ့ ကျွန်းတောင်သောင်ကမ်းက သယံဇာတတွေ အလွန်ပေါပေါများများ ရှိတဲ့ဒေသ။ ငါး၊ ပုဇွန်၊ ကမာ၊ ရေခူ စတာတွေအပြင် ငှက်သိုက်တို့၊ ပုလဲတို့၊ ငါးကြီးအံဖတ်တို့ စတဲ့ အဖိုးတန်ပစ္စည်းတွေကလည်း ရှိသေး။ ငါး ပုဇွန် တွေဆို နိုင်ငံခြားကို ဒေါ်လာနဲ့ အစိမ်းလိုက် ရောင်းစားရသလို ငါးပိ၊ ငံပြာရည်၊ ငါးခြောက်၊ ပုဇွန်ခြောက်အဖြစ်နဲ့လည်း ထုတ်လုပ်နိုင်သေးတယ်။ ဒီဒေသက နိုင်ငံခြားငွေရအောင် ဘယ်လောက်ရှာပေးနိုင် နေပြီလဲ။ ကျွန်မတို့ နိုင်ငံက မရလိုက်ဘဲနဲ့ ဘယ်လောက်ဖိတ်ယိုနေတာလဲ ဆိုတာလည်း ခန့်မှန်းဖို့ ခက်တဲ့ အနေအထားပါ။
မိချမ်းဝေရဲ့ ၀တ္ထုလေးတွေမှာ ဒီအကြောင်းတွေ အစုံအစေ့ မဟုတ်စေကာမူ တစေ့တစောင်း တော်တော်စုံအောင် ပါပါတယ်။
သူ့ဝတ္ထုလေးတွေက ပေးတဲ့ ရသကတော့ အဲဒီဒေသက လူငယ်လူရွယ်ကလေးတွေဟာ ကျောင်းနေပြီး ပညာရှာရမှာလား၊ စားဝတ်နေရေး အလွန်ကျပ်နေကြတာမို့ ပင်လယ်မှာ အသက်ဆံဖျားနဲ့ ငွေရှာရမှာလားဆိုတဲ့ လမ်းဆုံလမ်းခွမှာ တချို့က တွေဝေလို့၊ တချို့က မှားမှားမှန်မှန် လောလောဆယ် အကျပ်အတည်းကြားက လွတ်မြာက်ဖို့အတွက် ငါးဖမ်းလှေတွေပေါ်၊ ဂွေးဖောင်တွေပေါ် ရောက်ကုန်ကြလို့ ကိုယ့်ဘ၀ကိုယ်ပြဌာန်း ရုန်းကန်နေကြရရှာသူတွေရဲ့ ခံစားချက်ကလေးတွေကို တွေ့ရပါတယ်။
'လရောင်ကြောက်တဲ့ငါး' ဆိုတဲ့ ၀တ္ထုလေးမှာ ပလာတူးငါးကို ၀ိုင်းချုပ်ပိုက်နဲ့ လဆုတ်ရက်မှာ ဖမ်းရပုံတွေကို ဖတ်ရတယ်။ 'ငါးဖမ်းကောင်းတဲ့မြားစကြာ' ၀တ္ထုကတော့ ငါးမန်းကို မြားစကြာဆိုတဲ့ မြားတွေ အများကြီးနဲ့ ဘယ်လို ဖမ်းရတယ်။ လှေပေါ်မှာတင် ငါးမန်းကို ကိုင်တွယ်ခုတ်ထစ်ပြီး ဘယ်လိုအခြောက်လှမ်း တယ်ဆိုတာကို ဖတ်ရတယ်။ 'ရေနာရတဲ့ဝေလ' ၀တ္ထုက ပုလဲပါတဲ့ မုတ်ကောင်ကို ပင်လယ်ရေနက်မှာ ငုပ်ရှာရပုံ ၀တ္ထုပါ။
ပုဇွန်ကို ကျွန်မတို့ အညာမှာ အကြီးကို ပုဇွန်ထုပ်နဲ့ အသေးကို ပုဇွန်ဆိတ်လို့ (၂) မျိုးပဲ သိတယ်။ တကယ်ကတော့ ပုဇွန်ဆိုတာ အရွယ်အစားအမျိုးမျိုး အများကြီးထဲမှာ ကျွန်မတို့ မမြင်ဖူးတဲ့ ဂွေးဆိုတဲ့ မီးခြစ်ဆံလောက်ရှိတဲ့ ပုဇွန်သေးသေးမျှင်မျှင် ရှည်ရှည်ကလေးတွေလည်း ရှိသေးတယ်။ ကျွန်မတို့ သိတ်ကြိုက်ပေမယ့် ဘယ်တော့မှ စစ်စစ်ကောင်းကောင်းကို မစားရတဲ့ မြိတ်ငပိခေါ်တဲ့ စိမ်းစားငပိဟာ အဲဒီ ဂွေးကို ထောင်းတဲ့ငါးပိပါ။ အဲဒီ ပုဇွန်အမျိုးမျိုးကို ဘယ်လိုဖမ်းရတယ်ဆိုတာ 'ကြယ်တွေကတဲ့ရေအီည' ဆိုတဲ့ ၀တ္ထုကလေးနဲ့ 'ဖောင်ခံလူသား' ဆိုတဲ့ ၀တ္ထုကလေးမှာ စိတ်ဝင်တစား ဖတ်ရပါတယ်။
ကျွန်မတို့ မစားရဖူးတဲ့ ကမာနဲ့ ပဂဲဆိုတာကို ဘယ်လိုငုပ်ဖမ်းရတယ်ဆိုတဲ့ အကြောင်းတွေကိုတော့ 'ကမာရင်ကွဲ' ဆိုတဲ့ ၀တ္ထုလေးမှာရော၊ 'မေ့ဆေး' ဆိုတဲ့ဝတ္ထုကလေး၊ 'ဆဲဗင်းကာလာ' ဆိုတဲ့ ၀တ္ထုကလေးတွေမှာရော ပါတယ်။ ဖတ်လို့ သိတ်ကောင်းပါတယ်။ အဲဒါတွေကို စားဖူးဖို့ နေနေသာသာ မြင်တောင် မမြင်ဖူးပါဘူး။
မိချမ်းဝေရေးတဲ့ 'တိုးဝံ့တိုး' ဆိုတဲ့ ၀တ္ထုကတော့ ပင်လယ်ရေအောက်မှာ ကြောက်စရာ့သတ္တ၀ါကြီး တကောင်ဖြစ်တဲ့ ရေဘ၀ဲခေါ်တဲ့ ရေသရဲကြီးနဲ့ ငါးအူကြီးလို့ခေါ်တဲ့ ငါးလိပ်ကျောက်ကြီး သူသေကိုယ်သေ တိုက်ခိုက်သတ်ဖြတ်ကြတဲ့ တိုက်ပွဲပါ။ ရေသရဲကြီးဟာ ငါးလိပ်ကျောက်နဲ့ အသေအကြေ တိုက်ပွဲကြီး ပြီးသွားတော့ ငါးမန်းစွယ်သီကြီးနဲ့တခါ တိုက်ပွဲ ဖြစ်ရပြန်တယ်။ အဲဒီ တိုက်ပွဲ (၂)ခုစလုံးကို ပွဲကြည့်ပရိသတ် လုပ်ခဲ့တဲ့ ပြည်ကြီးငါးခေါ်တဲ့ ကင်းမွန်ကြီးကတော့ လူတွေရဲ့ မီးထောင်ခြောက်ထဲ ၀င်လိုက်ရလို့ လူ့ငါးဖမ်းလှေပေါ် ရောက်လာရတယ်ဆိုတာကို သည်းထိတ်ရင်ဖို တိုက်ပွဲအဖြစ် ရေးသားပြထားပါတယ်။ [မှတ်ချက်။ မာယာမဂ္ဂဇင်းမှာ ဖော်ပြပြီး ဖြစ်ပါတယ်။]
မိချမ်းဝေဟာ စာရေးသက် မရင့်လှသေးပါဘူး။ ဒါပေမယ့် ကျောင်းဆရာမအလုပ်က ထွက်လိုက်ပြီး စွန့်စွန့်စားစား စာပေနယ်ထဲကို ၀င်လာတာ။ သူကြိုးစားထားတာတွေကို ခု ၀တ္ထုတိုတွေမှာ တွေ့ရတော့ အလားအလာရှိတဲ့ ကလောင်ရှင်အမျိုးသမီးပဲလို့ အောက်မေ့မိပါတယ်။
မိချမ်းဝေရေးတဲ့ ၀တ္ထုတိုတွေထဲမှာ ဆလုံတိုင်းရင်းသားတွေရဲ့ ဘ၀မြှင့်တင်ရေး ၀တ္ထုတပုဒ်လည်းပါ တယ်။ သူ့ဝတ္ထုက ဆလုံအမျိုးသားတွေအကြောင်း စိတ်ဝင်စားစရာ ကောင်းပေမယ့် သူတို့ဘ၀ကို မြှင့်တင်ဖို့ အတွက် မြန်မာအမျိုးသမီး ကျောင်းဆရာမလေးတဦးနဲ့ ဆလုံအမျိုးသားတဦးကို အိမ်ထောင်ဖက်စေပြီး ဘ၀မြှင့်တင်ရေးလုပ်မယ် ဆိုတာကတော့ ပုံပြင်ဆန်အားကြီးတယ် ထင်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် မိချမ်းဝေ ဒီလိုင်းကို လိုက်လာတော့ ကျွန်မတို့ စိတ်ဝင်တစား ဖတ်စရာတွေ အများကြီး တွေ့လိမ့်ဦးမယ်။ ကျွန်မတို့လည်း သူ့လက်က ဆက်လက်ပြီး ထွက်လာမှာကို ဖတ်ရလိမ့်ဦးမယ်လို့ မျှော်လင့်စောင့်စားရင်း မိချမ်းဝေကို စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

လူထုဒေါ်အမာ
[မိချမ်းဝေ ရဲ့ ကမာရင်ကွဲနဲ့ အခြားပင်လယ် ၀တ္ထုတိုများ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၀ခု၊ မေ က ကူးယူဖော်ပြပါတယ်။]


ငါးဖန်ခွက်နဲ့ပက်တဲ့ရေ
ရေးသူ- မိချမ်းဝေ

နေခြည်စူးရှနေသော်လည်း မြောက်ပြန်လေအဝှေ့မှာတော့ ဆောင်းရနံ့တို့ သင်းပျံ့ပျော်မွေ့ဆဲ။ တခါတရံ ခပ်လှမ်းလှမ်းဆီမှ ကျွန်းရိပ်ညိုများကိုပင် မမြင်ရအောင် နှင်းဇာပါးက ပိတ်ဆီးကာရံတတ်သေးရာ သည်လိုရက်မျိုး ဆိုရင်တော့ ကျွန်းခိုနေသည့် သူတို့ လှေကလေးသည် နှင်းကွဲကို စောင့်ပြီးမှ ပင်လယ်ထွက်လေ့ရှိသည်။ ကုန်တင်စက်လှေကြီးများနှင့် ငါးဖမ်းလှေများက နှင်းဇာပါးကို မြူမှုန်ခြယ်သော နံနက်များမှာ သူတို့လို ခူဖမ်း လှေကလေးတွေအတွက် အန္တရာယ်ဆိုးတွေပင် ဖြစ်သည်။



သည်နေ့တော့ ရွှေရည်သောက်တဲ့ နေခြည်ပြောက်ကလေးများက နှင်းမှုံငွေစက်တွေကို ယူငင် သိမ်းဆည်း သွားသည့်အတွက် ၀န်းကျင်တခွင်လုံး ထင်လင်းဝါရွှေလို့နေသည်။ နေခြည်ဆမ်းပက်ထားသည့် ပြာလဲ့လဲ့ ပင်လယ်ရေပင်လျှင် ၀ါတလီ စိမ်းတလှည့်ဖြင့် သဘာဝတရားကြီးရဲ့ လှည့်စားခြင်းကို ခံစားနေရသည်။
သူလည်း ဘာထူးသေးလဲ။ ပဉ္စလက်မှော်ဆရာရဲ့ ကြိမ်ရိုက်ခြေဆောင့်ခြင်းကို ခံနေရသည်ပဲ။ သွားစမ်းပါ။ နေပူပူ နှင်းကျကျ သူ့အဖို့ကတော့ ဘာမှမဆန်း။ သည်ခရီး သည်လမ်း သည်လုပ်ငန်းတွေ ပင်လယ်နှင့် မကင်းသရွေ့ ပင်လယ်အတွင်း ပျော်မွေ့နေရမည်က မသေမချင်းပေါ့။ သေခြင်းကလည်း သူ့လိုလူအတွက် မေ့လျော့နေသည်ထင်ပါရဲ့။ နုနယ်ငယ်ရွယ်လွန်းသူ သူ့ညီမလေးကိုမှ ရွေးချယ်ခေါ်ငင်သွားခဲ့သည်။
မျက်စိများကိုဖွင့်၍ အိပ်စက်ခြင်းကို ယူဆောင်တတ်သော ငါးတို့သည် တိမ်ညိုရိပ်မဲတွေရဲ့အောက်မှာ ငြိမ်သက်နေကြသည်။ ရွေ့လျားစီးမျောမှုတွေကြား ရပ်တန့်ငြိမ်သက်သက်ခြင်းတွေ ဘာကြောင့် ရှင်သန်ပျော်ဝင် နေပါလိမ့်။ ပင်လယ်ပြင်တွင် ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်၍ဟု တခါက အော်ဟစ်ခဲ့ဖူးသူများကို သူ့အနေဖြင့် တဆိတ်လောက် လက်တို့လိုက်ချင်သည်။ တိမ်စိုင်ရိပ်မဲတို့ရဲ့အောက်မှာ ငြိမ်သက်စွာ အိပ်စက်နေသည့်ငါးများ၊ ဒီမှာလေ ငြိမ်သက်ခြင်းတွေ။
ငါး၏ ဦးခေါင်းနှင့် အမူအကျင့်ချင်း တူလှစွာသော သူ၏ လှေဦးသည် ရေဆန်ကို ထိုးခွဲဆန်တက် နေသည်။ စူးရှရှနေခြည်အောက်မှာ တိမ်ရိပ်ခို ငြိမ်သက်နေသည့် ငါးအုပ်ကို ကွင်းရှောင်ခုတ်မောင်းပေမယ့် စက်ရှိန်ကြောင့် လှိုင်းယက်ထမှုမျိုးကိုတော့ သူ့အနေဖြင့် တားဆီးပိုင်ခွင့် မရှိပါ။ မျှားချိတ် သို့မဟုတ် ပိုက်တန်းကိုသာ ရန်သူထင် စိုးရွံ့တတ်သော ငါးများအဖို့ စက်ရှိန်ကြောင့် လှုပ်ရှားလာသော လှိုင်းယက်လောက် ကိုတော့ အိပ်ပျက်ခံ၍ ထကြည့်မည် မဟုတ်ပေ။
ထိုးခွဲဖိတ်စင်လာသည့် ရေစက်ရေပန်းကလေးတွေ သူ့မျက်နှာကို ကလူကျီစယ်ချိန်၌ ရေစီးအတိုင်း မျောပါလာသော သတ္တ၀ါကောင်လေးတွေကို ခပ်ခွက်နှင့် ဆီးခပ်ဆယ်ယူလိုက်သည်။ ပါလာသည်က ငါးလည်းမဟုတ်၊ ပုဇွန်လဲမဟုတ်၊ ခမောက်ပုံသဏ္ဍာန် လုံးဝန်းသည့်ခန္ဓာကိုယ်နှင့် ရေထဲမှာ လှုပ်ရှားသွားလာ နေသည့် ပင်လယ်ခူကောင်များ။ ငါးတွေက ဆူးတောင်၊ ရေယက်နှင့် အမြီးတို့ကို အသုံးပြုပြီး ရေမှာ လူးလာခေါက်ပြန် ကူးနိုင်ပေမယ့် ပင်လယ်ခူကောင်များကတော့ ငါးတွေလို ကူးခတ်နိုင်စွမ်းမရှိဘဲ ပင်လယ်ရေစီး ကြောင်းတလျှောက် ရေတက်ရေကျအလိုက် အလိုက်သင့် မျောပါနေခြင်းဖြစ်သည်။ ယခုလို လဆန်း၊ လဆုတ် (၆)ရက်မှ (၁၂)ရက်အထိ ရေသေမျိုးဆိုလျှင် ခူပေါ်သည့် ရက်များဖြစ်သည်။
ညီမလေးရေ..... မင်းရဲ့အသွေးအသား အဆီအခဲတွေဟာ ပင်လယ်ပြင်ကြီးထဲမှာ ကျေပျက်ပျော်ဝင် ကုန်ပြီလားကွာ။ အခုလောက်ဆို ညီမလေးရဲ့ အရိုးတွေ ပင်လယ်ကြမ်းပြင်အောက်မှာ အမှုန်အနယ်အဖြစ် ကျဆင်းသက်ရောက်ကုန်ရောပေါ့။ ငါ့ညီမလေးရဲ့ အသက်ဝိညာဉ်ဟာ ဒီပင်လယ်ပြင်ကြီးထဲမှာ ကျင်လည် ကျက်စားနေမယ်ဆိုရင်တော့ မင်းအစ်ကိုရဲ့ သောကကို မြင်နေရမှာပါ။
'အေ့'
ညက စိတ်ညစ်ညစ်နှင့် တောချက်မီးတောက် အရက်ပြင်းတွေ နင်းကန်သောက်ပြီး လေချဉ်တက် လာသည့် သူသည် ပဲကုတ်ကြီး မမြင်အောင် လှေနံမှာထောင်ထားသည့် အရက်ပုလင်းကို ဆွဲယူ၍ ခပ်သွက်သွက် မော့ချလိုက်သည်။ အဟား ခုမှ နေသာ ထိုင်သာရှိသွားတော့တယ်။ မြို့သားတွေ အတွက်တော့ ဒါဟာ မောနင်းပက်ပေါ့။
ရင်ထဲမှာ ရှင်းသွားသော်လည်း ခေါင်းထဲမှာတော့ နောက်ကျိရီဝေမှုများ လှည့်ပတ်ဆူဝေလို့ နေသည်။ ကြိမ်ကွင်းတွင် နိုင်လွန်ပိုက်အိတ် တပ်ဆင်ပြီး သစ်သားရိုးတံ တပ်ထားသည့် ခူခပ်ခွက်သည် သူ့လက်ထဲမှာ ခပ်သွက်သွက် လှုပ်ရှားနေသည်။ လက်ကိုင်ရိုးတံ၏ ထိပ်ဖျားမှာ ဖော့လုံးများကို အစီအရီ တပ်ဆင်ထားသည်။ ရေခူခပ်နေစဉ် မတော်တဆ ရေထဲ လွတ်ကျသွားလျှင် ရေပေါ်မှာ ပေါ်နေပြီး ခွက်မဆုံးစေရန် ဖြစ်သည်။
ခူခပ်ခွက်မှာ ဖော့လုံးတပ်ထားတာ ဘယ်သူရဲ့ စိတ်ကူးပါလိမ့်။ ကောင်းလိုက်တဲ့စိတ်ကူး။ ငါ့ညီမလေး ကိုယ်မှာလည်း ဒီဖော့လုံးတွေ တပ်ဆင်ထားရင် ကောင်းမယ်။ ဒါမှ ရေမနစ်အောင်....၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ညီမလေးဟာ ရေနစ်သေဆုံးတာ မဟုတ်ဘူး။ သေပြီးမှ ရေနစ်တာပါ။
သူ့ပါးစပ်က ရွတ်ချင်တာတွေ ရွတ်နေသော်လည်း သူ့လက်များက ခူခပ်မပျက်။ ရေစီးကြောင်းအတိုင်း မျောပါလာသည့် လုံးလုံးလိမ့်လိမ့် ခူလုံးတွေကတော့ ခပ်ခွက်ထဲ ၀င်လာမစဲ တသဲသဲ။ လာစမ်း လာကြစမ်း အပြာရောင်ရေခူ၊ အ၀ါရောင်ရေခူ၊ အစိမ်းရောင်ရေခူ၊ ပန်းရောင်ရေခူ၊ အညိုရောင်ရေခူ။ ရေခူခြောက်ပြုလုပ်ဖို့ အကောင်းဆုံးကတော့ ပထမတန်းစား ပန်းရောင်ရေခူများ။
ရေခူတွေရဲ့ သဘာဝကလည်း ဆန်းကြယ်လှသည်။ အဖြူရောင်ပင်လယ်ရေခူ လေးမြှောင့်တုံးဆိုလျှင် အလျား (၁) ပေ၊ အနံ (၁၀) လက်မလောက် ရှိမည်။ ပုံသဏ္ဍာန်ကိုက အဖြူရောင်လေးမြှောင့်တုံး သဏ္ဍာန်ကြီး။ ဒီကောင်မျိုးက ပင်လယ်ရေအကျ ကမ်းစပ်မှာ တင်ကျန်သည့်အခါ နေပူရှိန်ထိမိသည်နှင့် တကိုယ်လုံး အရည်ပျော်သွားသော ရေခဲတုံးကြီးလို ဖြစ်သွားတော့သည်။
ဟို ရေခူနှပ်ဆိုသည့် အမျိုးအစားကရော၊ လူတွေရဲ့ နှာခေါင်းကထွက်သည့် နှပ်လို ချွဲပျစ်ပျစ်နှင့် ရွံ့ရှာဖွယ်တောင် ကောင်းသေး။ ပင်လယ်ရေခူ ထမင်းပြုတ်ဆိုတာလည်း ရှိသေးသည်။ ထမင်းပြုတ်လို ပျစ်ချွဲချွဲ ပျော့အိအိနှင့် ကိုင်၍မရလောက်အောင် ချောကျိပျော့အိနေသည့်အတွက် ရေခူထမင်းပြုတ်၊ တချို့က ရေခူဆန်ပြုတ်ဟု ခေါ်ကြသည်။
ထွီ သူ နှလုံးမသာယာစွာနှင့် ပင်လယ်ထဲ သလိပ်ချွဲများ ခပ်ထုတ်ထွေးချပြီး အလစ်ချောင်းကာ ခွက်ပုန်းမော့လိုက်ပြန်ရာ ပူလောင်ခါးရှသည့်ရသက လည်ချောင်းတလျှောက် စီးဆင်းသွားကြပြန်သည်။ ညီမလေးရေ ဆန်ပြုတ်ဆိုလို့ ငါ့ညီမလေးကို ဆေးတခွက် ဆန်ပြုတ်တဇွန်း မတိုက်လိုက်ရဘဲ လက်လွှတ်ဆုံးရှုံး လိုက်ရတာ ရင်နာလွန်းလို့ပါကွာ။ ခပ်ငယ်ငယ်ကတည်းက မိဘတွေ သေဆုံးကုန်လို့ ဒီမောင်နှမနှစ်ယောက်ပဲ ဖက်တွယ်ကြီးပြင်းလာကြရာက ပိုပြီးလုံခြုံစိတ်ချရတဲ့ မြို့က ဦးလေးတို့မိသားစုဆီ ပို့ထားခဲ့မိတာ အကို့အမှား ပါကွာ။ အစ်ကို ပိုက်ဆံတွေ အများကြီးရတဲ့အခါ တို့မောင်နှမနှစ်ယောက် အတူပြန်နေကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပင်လယ်မှာ ကြုံရာကျပန်းအလုပ်တွေ မမောတမ်း လုပ်ခဲ့တာလည်း ငါ့ညီမလေးအသိ။
'အစ်ကိုရေ... ငါ့ကို ပစ်မထားနဲ့နော်။ ငါဒီအလုပ်တွေ မလုပ်နိုင်တော့ဘူး။ ပထက်ကမ်းက အအေးခန်း ထဲမှာ ပုဇွန်ခေါင်းဖြတ်တဲ့ အလုပ်က ပိုက်ဆံရပေမယ့် သိပ်ပင်ပန်းတယ်။ တနေ့လုံး မတ်တပ်ရပ်နေရတော့ ခြေသလုံးတွေ တောင့်တဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ လက်ချောင်းတွေကလည်း အေးစက်နေတဲ့ ပုဇွန်အသေ ကောင်တွေကို ကိုင်ရလွန်းလို့ ထုံကျင်ကျင် ဖြစ်နေပြီ။ ပြီးတော့ အခုတလော အသက်ရှူရတာ မကောင်းဘူး။ ညနေစောင်းလို့ 'လဟာ' လာရင် ငါကြောက်တယ်အကို။ ပထက်ကမ်း အအေးခန်းဟာ မြို့နဲ့မျက်နှာချင်းဆိုင်မှာမို့ ခရီးမဝေးလှပေမယ့် မွန်းလွဲတာနဲ့ လေတွေ တ၀ှီးဝှီးအော်ပြီး လဟာဆိုတဲ့ လှိုင်းကြက်ခွပ်တွေ ပေါ်လာရင် ငါ့ရင်တွေ တအားတုန်တာပဲ။ အချိန်တန်တော့လည်း လေအော်လှိုင်းထနေတဲ့ ရေပြင်ကို ဖြတ်ပြီး ပြန်ရတာ ညနေတိုင်းဆိုတော့ အိမ်ရောက်ရင် ကြောက်လွန်းလို့ ညဘက်ဆို အိပ်မပျော်ပြန်ဘူး။ ဒီတခါ ပင်လယ်က ပြန်လာရင် ငါ့အနားမှာပဲ နေပါတော့ဟယ်။ တခြားကုန်းပေါ်က အလုပ်တွေ ရှာလုပ်ပြီး အစ်ကို မိန်းမယူချင် ယူပေါ့။ ငါက မီးဖိုထဲမှာ ထမင်းချက်ပေးမယ်လေ။ ပုဇွန်ပါကင်တော့ မထုတ်ချင်တော့ဘူး အစ်ကိုရယ်'
ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့၍ အစ်ကိုကို နင် ငါနှင့် ပြောတတ်သည့် ညီမလေးရဲ့ အသုံးအနှုန်းများ သည် မယဉ်ကျေးပေမယ့် သူ့နားထဲမှာ နားဝင်ချိုနေခဲ့သည်။ သူ ကော့သောင်ဘက် အလုပ်သွားလုပ်၍ ပြန်လာသည့်အခါ သူ့ညီမလေးအတွက် ပါတိတ်ထမီတို့၊ မိတ်ကပ်ဘူးတို့ ပါလာနေကျ။ အလှအပပစ္စည်းကလေး တွေနှင့် ညီမလေးကို နှစ်သိမ့်ပြီး အိမ်တဆောင်နှင့် ကိုယ်တို့မောင်နှမ နှစ်ယောက်နေဖို့ မဖြစ်သေးဘူး ညီမလေးရေလို့ ပြောမထွက်ခဲ့ပါ။
မြို့မှာသာ ထားခဲ့ရသည်၊ ညီမလေးကို သူ သိပ်စိတ်ချသည်တော့မဟုတ်။ လှိုင်းတံပိုးများ အကြား ညီမလေးကို သူအနစ်အမွန်း မခံနိုင်။ သူ ငါးလှေနောက် လိုက်သွားပြီး လုပ်ငန်းသိမ်းတော့ ပါလာသည့် ငွေစကလေးများ ပွါးလာလေမလား မျှော်လင့်ချက်နှင့် သူ မိုက်တွင်းနက်မိပြန်သည်။ အနီထောင်ကစားဝိုင်းတွင် ပြုတ်ပြုတ်ပြုန်းသွားတော့ သူ့ငွေစကလေးတွေကို မျက်စိထဲ ပြန်မြင်ရင်း လှေနံကို ခေါင်းနှင့်ဆောင့်မိသည်မှာ အခါခါ။ နောင်တများကို ထမ်းပိုး၍ ခူဖမ်းရာသီရောက်တော့ သူ ပင်လယ်ထဲ ရောက်ခဲ့ပြန်သည်။
ကမ္ဘာ့ဟင်းလျာဈေးကွက်မှာ ပထမတန်းဟင်းလျာအဖြစ် နေရာယူသည့်၊ ပင်လယ်ခူတို့သည် ပင်လယ်မှာ တော့ ဆန်းကြယ်သည့် သတ္တ၀ါတမျိုးပါ။ ဟောဒီမှာ ကြည့်၊ ရေခူတကောင်လုံးကို ဦးခေါင်းပိုင်းနှင့် ခြေထောက်ပိုင်း ဆိုပြီး ခွဲခြားထားရာမှာ ဦးခေါင်းပိုင်းကိုသာယူပြီး ခြေထောက်ပိုင်းကို ရေထဲသို့ ဖြတ်တောက်ပစ်ချလေ့ရှိသည်။ ထိုခြေထောက်ပိုင်းသည် ရေထဲရောက်ပြီးနောက် ခြောက်နာရီအတွင်းမှာ ခူကောင်အဖြစ် ပြန်လည်ပေါက်ဖွားလေ့ ရှိတယ်လို့ ၀ါရင့်ရေလုပ်သားကြီးတွေ ပြောသံ ကြားဖူးသည်။
သည်ထက်ပိုပြီး အံ့သြဖို့ကောင်းသည်က ခူကောင်ရဲ့ ဦးခေါင်းပိုင်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်း သည့် ထူးခြားချက်တခု ရှိသည်။ အဲဒါက ဘာလဲဆိုတော့ မိုးလေ၀သအခြေအနေကို ကြိုတင်ခန့်မှန်းနိုင်ခြင်းပါဘဲ။ ခူကောင်ရဲ့ နားနောက်မှာ ရှိသည့် အကြောအမျှင် စွမ်းအင်သတ္တိတွေက မုန်တိုင်းမကျမီ တဆယ့်နှစ်နာရီအကွာမှာ မုန်တိုင်းကျတော့မှာကို ကြိုတင်သိနေခြင်းပင် ဖြစ်သည်။
ထိုအသိညာဏ်ကြောင့်ပင်လျှင် ရေခူတို့သည် ယခုလို ဆောင်းအလယ် နွေဦးခါမှာ ပင်လယ်ရေတိမ်ပိုင်း ၌ စုပြုံကျက်စားကြခြင်းဖြစ်သည်။ မိုးသက်မုန်တိုင်း ကျတော့မည်ဆိုလျှင် ရေခူကောင်တို့သည် ရေနက်ထဲသို့ ငုံ့လျှိုးပျောက်ကွယ်သွားလေ့ရှိသည်။ သူတို့ ရေခူဖမ်းသမားတွေဟာလည်း ရေခူရဲ့ နားနောက်မှာရှိတဲ့ အသံလှိုင်းရိုက်ခတ်မှု သဘောသဘာဝတွေကို အကဲခတ်ပြီး ပင်လယ်ပြင်သို့ ထွက်ရလေ့ရှိသည်။
မုန်တိုင်းနှင့်ပင်လယ်ဆိုသည်ကလည်း မကြာခဏ ဒွန်တွဲတတ်သည်မို့ ရေကြောင်းကို အားပြုနေရသည့် ရေလုပ်သား၊ လှေလုပ်သားအားလုံး အလေးအနက် သတိထားအပ်သည့် အရာပေပဲ။ ဒါပေမယ့် ပင်လယ်ပြင် ကျယ်ကြီးထဲမှာသာ လှေတစင်းနစ်မြုပ်သည့်အခါ အသက်ဆုံးချင်ဆုံးမည်၊ ကော့သောင်းရေကြောင်းခရီးစဉ် ကတော့ လှေနစ်မြုပ်သည့်တိုင်အောင် လူတွေ ဖိတ်စင်ခဲသည်။ ကျွန်းငယ်ကလေးတွေ ပေါများတာရယ်၊ လမ်းတ လျှောက်လုံး ငါးဖမ်းလှေတွေ မပြတ်သွားလာနေတတ်တာကြောင့်ရယ် ကယ်ဆယ်မယ့်သူ ပေါ်ပြီး လှေနစ်ပေမယ့် လူမသေနိုင်ပါ။
ဒါပေမယ့် ညီမလေးရေ... အစ်ကိုရှိရာ ကော့သောင်းကို ဆင်းလိုက်လာတဲ့ညီမလေးရဲ့ တဇွတ်ထိုး စိတ်ကလေးက တဲတဲလေးကျန်တော့သည့် ကျန်းမာရေးကို ဆောင့်ဆွဲလိုက်သလို ဖြစ်သွားပါရောလား။ မိုးကြီးလေကြီးထဲ ရုတ်တရက် စက်ချို့ယွင်းပြီး လှေနစ်တော့ ညီမလေးဟာ အခြားခရီးသည်တွေနဲ့အတူ ဖောင်တခုပေါ် ရောက်သွားသတဲ့။ အဲဒီဖောင်ကိုတော့ လူရှစ်ယောက်လောက် ဖက်တွယ်ထားတယ်။ ဖောင်ဆိုတာ လှေလိုလှော်ရတဲ့ အရာမဟုတ်တော့ ရေထဲမှာ အလှည့်ကျ ဆင်းယက်ရတာပေါ့။ နဂိုက လူမသိဘဲဖြစ်နေတဲ့ နှလုံးရောဂါအခံကြောင့် အလန့်ကြီးလန့်ပြီး အခြေအနေမမှန်တော့တဲ့ ညီမလေးကို အားလုံးက ငဲ့ညှာပြီး ရေထဲဆင်းပြီး ဘယ်သူမှ မယက်စေပါဘူးတဲ့။
ညမှောင်မှောင် မိုးသက်တွေကြား ဖောင်ပေါ် သက်တောင့်သက်သာ ထိုင်လိုက်လာရတာတောင် ညီမလေးခမျာ အသက်မရှင်ရှာခဲ့ဘူး။ မိုးစင်စင်လင်းတော့ အသက်မဲ့နေတဲ့ ညီမလေးရဲ့ ခန္ဓာကိုယ်ကို မြို့ထိသယ်ဆောင်ခွင့်မရှိဘဲ ရေမှာချခဲ့ရတာ ရင်နာစရာကောင်းလိုက်တာ။ ရေနစ်လို့မသေဘဲ သေမှ ရေနစ်ရတဲ့ညီမလေးရေ၊ အခုလောက်ဆို ငါ့ညီမလေးရဲ့ အသားတွေကို ငါးကြီးတွေစားလို့ အရိုးတွေကတော့ အမှုန်အနယ်အဖြစ် ရေအောက်ကြမ်းပြင်ဆီ ရောက်ရောပေါ့။ တော်တော်မတရားတဲ့ လောကကြီး။ လှေတစင်းလုံးနစ်တာ၊ ငါ့ညီမလေးတယောက်တည်း သေရတယ်လို့။
နေရှိန်မြင့်တက်လာလို့လား၊ သောက်ထားသည့် မီးတောက်အရက်ရဲ့ အရှိန်ကြောင့်လား။ ရီဝေယိုင်ထိုး နေသည့် သူ့ခန္ဓာကိုယ်သည် ခူခပ်ခွက်ကို ရေမှာချစဉ် အရှိန်လွန်ပြီး ရေထဲသို့ လူပါထိုးကျသွားလေတော့သည်။ ခူခပ်ခွက် လက်တံထိပ်ဖျားက ဖော့လုံးမှာ ချည်ထားသည့်ကြိုး၏ တဖက်စသည် လှေနံရံနှင့်ပါ တွဲချည်ထားခြင်း ကြောင့် ခပ်ခွက်ကို လက်မှာမြဲနေသော သူသည် ရေထဲသို့ကျသွားသော်လည်း နစ်မြုပ်သွားခြင်းမရှိပေ။
လှေပေါ်မှာ ပါလာသည့် ပဲ့ကုတ်နှင့် သူလို ဘ၀တူ ခူခပ်သမားတယောက်ရဲ့ ကျေးဇူးကြောင့် သူအသက်မသေဘဲ လှေပေါ်ပြန်ရောက်လာပေမယ့် သူ့တကိုယ်လုံး ပူလောင်ယားယံပြီး မီးလောင်ဖုလို အနာတွေ ထွက်လာသည်။ သံပူမီးနှင့် အထိခံရသလို အရေပြားတွေ ကွာကျလာတော့မတတ် ပြင်းထန်သည့် ဝေဒနာကို ခံစားနေရသည်။
'ပင်လယ်ခူမီး ထိပြီဟေ့'
မျက်လုံးမဖွင့်နိုင်အောင် ခံစားနေရသည့်အထဲ ပဲ့ကုတ်၏ အသံကြောင့် သူ ကြက်သီးမွေးညင်း ထလောက်အောင် အကြောက်ကြီးသွားမိသည်။ ပင်လယ်ပြင်တွင် ရေခူ (၁၂) မျိုးခန့် ရှိသည့်အနက် စားသုံး၍ရသည့် ခူများရှိသလို စားသုံးရန်မပြောနှင့် လူကို အန္တရာယ်ပြုသည့် ရေခူအမျိုးပေါင်းများစွာ ရှိသည်။ သူတို့တွင် လူ၏အရေပြားကို ပူလောင်စေတတ်သော စွမ်းအင်ရှိသည့် အဆိပ်ရည်များရှိသည်။ သူတို့ကို ထိမိသည်နှင့် ထိုအဆိပ်ရည်ဖြင့် ပြန်ပက်တတ်သည်။ ထိမိလျှင် တကိုယ်လုံး ယားယံစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူယား။ ထိမိလျှင် တကိုယ်လုံး ကိုက်ခဲ တောင့်တင်းစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူထောင်း၊ နီဝါရောင်ရှိ မှိုနှင့်တူသဖြင့် ပင်လယ်မှိုမီးဟုလည်းခေါ် ငါးဖန်ခွက်ဟုလည်းခေါ်သော ကြောက်စရာ ပင်လယ်ခူမီး။ ခူပင်လယ်ကြီးထဲကျမှတော့ ခူမီးထိပြီပေါ့။ သူသေတော့မှာ ထင်ပါရဲ့ ညီမလေးရေ။
'ဟေ့ကောင် မူးမူးရူးရူးနဲ့ ပေါက်ကရတွေ အော်မနေနဲ့။ ပင်လယ်ခူထိလို့ သေတဲ့မသာ မရှိဘူးကွ'
ပဲကုတ်က ဒေါသတကြီးအော်ဟစ်ပြီး မီးဖိုချောင်သုံး ရှလကာရည်တွေနဲ့ ခူမီးထိသည့်နေရာတွေကို လောင်းချပေးနေသည်။ ရုတ်တရက် ရေခူထိသည့်အခါ လျှပ်တပျက် ကုသချက်ထင်ပါရဲ့။ သေတာကနောက်၊ ပူလောင်နာကျင်တာက အရင်။ မခံစားချင်ဘူး။ လက်ရှိဘ၀နဲ့ ဝေဒနာတွေကို မေ့ထားနိုင်ဖို့ ပေးစမ်းပါ။ ပူလောင်ခါးရှတဲ့ မီးတောက်အရက်ပြင်းပြင်းတခွက်လောက်။ ။

မိချမ်းဝေ။
[စတိုင်သစ်မဂ္ဂဇင်း၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ]
{မိချမ်းဝေရဲ့ 'ကမာရင်ကွဲနှင့် အခြားပင်လယ်ဝတ္ထုတိုများ' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၀ ခု၊ မေလ မှ ကူးယူဖော်ပြပါတယ်။}

Friday, May 15, 2009

သစ္စာလမ်းပေါ်က ဥပေက္ခာဝါဒီ အဘိုးအို
ရေးသူ- လူထုစိန်ဝင်း

တုန်တုန်ရီရီနဲ့ အဘိုးအိုတယောက်ဟာ ထူထပ်စိမ်းညို့နေတဲ့ တောအုပ်တခု အလယ်ရှိ စမ်းချောင်းငယ်ရဲ့ ကမ်းပါးမှာ ချိုင်းထောက်ကြီးကို အားပြုပြီး ရပ်နေတယ်။ ရီဝေတဲ့ မျက်လုံး၊ လွမ်းဆွတ်တသတဲ့ အကြည့်နဲ့ မြူတွေအုပ်ဆိုင်းနေတဲ့ တောင်ထွတ်ကြီးကို သမင်လည်ပြန် ကြည့်နေတယ်။ တောင်ထွတ်များကို မြင်နိုင်စွမ်း မရှိပါဘူး။ မိုးသား တိမ်တိုက်တွေကြား တိုးဝင် ပျောက်ကွယ်သွားတယ်။ ဘယ်လိုလူသားမှ တက်ရောက်ခြေချနိုင်ခြင်းမရှိလို့ ယူဆစရာ ဖြစ်တယ်။



ဒါပေမယ့် အဘိုးအိုကတော့ တောင်ထိပ်ကို ခြေချနိုင်ခဲ့ပြီး ဖြစ်တယ်။ မိုးသက်မုန်တိုင်း နှင်းမုန်တိုင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး တောင်ထိပ်ကို ခြေချနိုင်ခဲ့တာပါ။ မတ်စောက်တဲ့ ကမ်းပါးချောက်ကြီးတွေ၊ ဝေသီမြင့်မားတဲ့ တောင်ထွတ်ကြီးတွေကို ကျော်ဖြတ် ပြီးမှ ဘယ်လူသားမှ ခြေမချနိုင်လို့ ထင်ခဲ့ကြတဲ့ တောင်မင်းမဟာကို သူ့ခြေအောက်ရောက် အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ အခုတော့ အဆင်းလမ်းအတိုင်း တယောက်တည်း အဖော်မပါ ထော့ကျိုးထော့ကျိုးနဲ့ ဆင်းလာခဲ့တာ စမ်းချောင်းလေး နဘေးကိုတောင် ရောက်နေပြီလေ။
စမ်းချောင်းလေးကမ်းပါးမှာ ကျောက်ဖြူမှတ်တိုင်လေးတတိုင်ကို သူ စိုက်ထူထားပါ တယ်။ "၆၀" လို့ နံပါတ်စဉ် ရေးထိုးထားတဲ့ ကျောက်ဖြူမှတ်တိုင်ကလေးပေါ့။
သူလျှောက်လှမ်းခဲ့တဲ့ ခရီးရှည်ကြီးတခုလုံးမှာ အခုလို လမ်းပြမှတ်တိုင်ကလေးတွေကို တတိုင်ပြီးတတိုင် မပျက်မကွက် စိုက်ထူခဲ့တယ်။ သူ့နောက်က လိုက်လာကြမယ့် ခရီးသွားတွေ အဆင်ပြေဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ သူလည်း သူ့ရှေ့က ခရီးသွားများ စိုက်ထူထားခဲ့တဲ့ လမ်းညွှန်တိုင်လေးတွေ ကြည့်ပြီး ဒီခရီးထိရောက်အောင် လျှောက်လှမ်းနိုင်ခဲ့တာ မဟုတ်လား။ ကိုယ့်အလှည့်မှာ ကိုယ့်တာဝန်ကျေရမယ်လေ။
သူ့ရဲ့ နောက်ဆုံး အန္တိမပန်းတိုင်ကို မရောက်မချင်း ဒီလိုမှတ်တိုင်လေးတွေ စိုက်ထူ ထားဖို့ သန္ဒိဌာန် ချထားပြီးသား။ သူ့ရဲ့ အန္တိမပန်းတိုင်က "သစ္စာမြေ" ကို အရောက်သွားဖို့ ဖြစ်တယ်။ သစ္စာမြေမှာ ဗြဟ္မစိုရ်တရား ထွန်းကားတယ်။ လူသားအားလုံး လွတ်လပ်ချမ်းမြေ့ ပျော်ရွှင်စွာ ကြောင့်ကြမဲ့ နေနိုင်ကြတယ်။
သစ္စာမြေမှာ ကြီးနိုင်ငယ်ညှင်းစနစ် မရှိဘူး။ ကြမ်းကြုတ်ရက်စက်ခြင်း မရှိဘူး။ ငြိမ်းချမ်းခြင်းသာ ရှိတယ်။
သစ္စာမြေမှာ လိမ်ညာလှည့်စားခြင်း မရှိဘူး။ ဖြူစင်ဖြောင့်မတ်ခြင်းသာ ရှိတယ်။
သစ္စာမြေမှာ အရှက်ရှိတယ်။
သူဟာ သစ္စာမြေကို သွားနေသူ ဖြစ်တယ်။
သူဟာ သစ္စာရှာပုံတော် ခရီးသည် ဖြစ်တယ်။
သူဟာ အရှက်ဆိုတာ သိတယ်။ ဂုဏ်သိက္ခာဆိုတာကို နားလည်တယ်။ သစ္စာတရားကို မြတ်နိုးလေးစားတယ်။
အသင်္ချေ အသင်္ချာ ကပ်ကမ္ဘာပေါင်းများလှစွာကပင် များလှစွာသော မဟာလူသားကြီး တွေနဲ့ မရေမတွက်နိုင်တဲ့ အညတရ မထင်မရှား လူပေါင်းများစွာလည်း ဒီလမ်းတလျှောက် စမ်းတ၀ါးဝါး လျှောက်ခဲ့ကြဖူးပါတယ်။ သစ္စာတရားရှာပုံတော် ဖွင့်ခဲ့ကြဖူးပါတယ်။ များလှစွာ သော မဟာလူသားကြီး တွေနဲ့ မရေမတွက်နိုင်တဲ့ အညတရ မထင်မရှား လူပေါင်းများစွာ ဟာလည်း တခြားလမ်းငယ်။ လမ်းသွယ်။ လမ်းမြှောင်များစွာတို့ကနေပြီး သစ္စာတရားရှာပုံတော် ဖွင့်ခဲ့ကြဖူးပါတယ်။
သစ်သားချိုင်းထောက်ကြီးကို အမှီပြုပြီး တုန်တုန်ရီရီနဲ့ စမ်းချောင်းဘေးမှာ ရပ်နေတဲ့ အဘိုးအိုဟာ ကုဋေပေါင်းများစွာရှိတဲ့ "သစ္စာခရီးသည်" တွေထဲက အညတရတယောက်သာ ဖြစ်ပါတယ်။
သစ္စာတရားကို ဘယ်တော့၊ ဘယ်အခါ၊ ဘယ်နေရာမှာ ဘယ်လို နည်းလမ်းနဲ့ ရှာတွေ့မလဲဆိုတဲ့ မေးခွန်းကိုတော့ သူမဖြေနိုင်သေးဘူး။ မဟာလူသားကြီးတွေ ဘယ်နှစ် ယောက်များ သစ္စာတရားကို ရှာဖွေတွေ့ရှိသွားခဲ့ပြီလဲ။
အညတရလူ သာမန်တွေထဲက ဘယ်နှစ်ယောက်များ သစ္စာတရားကို ရှာဖွေတွေ့ရှိ သွားခဲ့ပြီလဲ။
ဒီမေးခွန်းကို သူမဖြေနိုင်သေးဘူး။
ဒါပေမယ့် သူ့ကိုယ်သူတော့ ယုံကြည်စိတ်ချတယ်။
မှန်ကန်တဲ့ လမ်းကြောင်းနဲ့ သစ္စာတရားရှိရာကို ဦးတည်သွားနေတယ်လို့ သူ့ကိုယ်သူ ယုံကြည်စိတ်ချတယ်။
လူပေါင်းများစွာတို့ကတော့ သူဟာ လမ်းမှားကြီးလိုက်နေတယ်လို့ ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုကြတယ်။ ဆိုပလေ့စေပေါ့။ တွေဝေယိမ်းယိုင်ခြင်း မရှိပါဘူး။
သူ့ကို လမ်းမှားလိုက်နေတယ်လို့ ကဲ့ရဲ့ကြသူတွေ ကိုယ်တိုင်ကရော မှန်ကန်တဲ့လမ်း ကြောင်းကို ဦးတည်မိကြရဲ့လား။ တကယ်တော့ သူတို့လဲပဲ စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းသွား နေကြ သူတွေပါ။ မျက်စိမမြင်တဲ့သူ အချင်းချင်း အကန်းလို့တော့ မခေါ်သင့်ပါဘူးလေ။
သူအခိုင်အမာ ယုံကြည်ထားတာ တခုရှိတယ်။
ဘယ်လမ်းကသွားသွား၊ မမှိတ်မသုံတဲ့ ဇွဲသတ္တိနဲ့ မရပ်မနား သွားနေမယ်ဆိုရင်၊ ခရီးသည် အချင်းချင်းဟာ "သစ္စာလမ်းမကြီး" ရဲ့ တနေရာမှာ မလွှဲမသွေ ဆုံတွေ့ကြရမယ် ဆိုတာ ပြောရဲပါတယ်။
လူများစွာတို့က သူ့ကို ခေါင်းမာမှုအတွက် ပြစ်တင်ကဲ့ရဲ့ကြတယ်။ ဒါအတွက်တော့ သူ တွေဝေယိမ်းယိုင်ခြင်း မဖြစ်ခဲ့ပါဘူး။ သစ္စာတရားရှာပုံတော် လမ်းတလျှောက်မှာ မရေမတွက် နိုင်တဲ့ အန္တရာယ်တွေနဲ့ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရခဲ့ဖူးတယ်။ သွေးပင်လယ်ဝေပြီး၊ ချွေး သမုဒ္ဒရာဖြစ်ခဲ့ဖူးတယ်။ သူ့ဦးခေါင်းတခုလုံး သွေးချင်းချင်းရဲအောင် အထုအထောင်း အရိုက်အပုတ်တွေ ခံခဲ့ရဖူးတယ်။ ဒါပေမယ့် သူ ဦးမညွတ်ခဲ့၊ ဒူးမထောက်ခဲ့ဘူး။
သံမဏိကို မာကျောလာအောင် မီးပြင်းတိုက်ရတယ် မဟုတ်လား။ ဒုက္ခတွေ ဝေဒနာတွေ ဒဏ်ရာဒဏ်ချက်တွေက သူ့ကို ခေါင်းမာတဲ့လူတယောက် ဖြစ်စေခဲ့တယ်။ ဘာကိုမှ မတုန်လှုပ်တဲ့ ဥပေက္ခာဝါဒီတဦး ဖြစ်စေခဲ့တယ်။ ဥပေက္ခာဝါဒီအဘိုးအိုကြီးပေါ့။
စပ်စပ်စုစု အမေးအမြန်းထူတတ်သူများကို သူနှစ်သက်တဲ့ ကဗျာစာဆို Emily Bronte ရဲ့ ကဗျာတပုဒ်ကိုသာ သူ ရွတ်ဆိုပြတတ်ပါတယ်။ ကဗျာက 'ဥပေက္ခာဝါဒီအဘိုးအို' ပါတဲ့။

"ဓနဥစ္စာဆိုတာ ငါသိပ်အလေးထားခဲ့တာ မဟုတ်။ အချစ်ဆိုတာလည်း ငါ ရယ်သွမ်း သွေး သရော်ခဲ့တယ်။ ကျော်ကြားမှုရမ္မက်ဆိုတာက နံနက်မိုးသောက် အလင်းရောက်တာနဲ့ ကွယ်ပျောက်သွားရတဲ့ အိပ်မက်တခုမျှသာ။
ငါသာ ဘုရားရှိခိုးဆုတောင်းခြင်းမျိုး ပြုခဲ့မိလျှင် ငါ့နှုတ်ဖျားက လှုပ်ရှားထွက်ပေါ်လာ မယ့် ဆုတောင်းစကားက လက်ရှိ ငါပိုင်ဆိုင်ထားတဲ့ ငါ့စိတ်နှလုံးသားကို မပြောင်းမလဲ လက်ရှိအတိုင်း ရှိစေပြီး လွတ်လပ်ခြင်းကို ငါ့အား ပေးပါဆိုတာသာ ဖြစ်လိမ်မယ်။
အသော့နှင်ပြေးလွှားနေတဲ့ ငါ့နေ့ရက်တွေ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကို ရောက်လုဆဲ ကာလမှာ ငါတောင်းဆိုသည်မှာ ဤမျှသာ။
အသက်ရှင်နေခိုက်မှာ ဖြစ်စေ၊
သေသည်၏ အခြားမဲ့၌ ဖြစ်စေ၊
ခံနိုင်ရည်သတ္တိနဲ့ ပြည့်စုံတဲ့
နှောင်ကြိုးမဲ့ ၀ိညာဉ်ကိုသာ ငါ့အားပေးကြပါ"

အဲဒီ တကိုယ်တော် ခရီးသည်ကြီး၊ အဲဒီ သစ္စာရှာဖွေသူကြီး၊ အဲဒီ ဥပေက္ခာဝါဒီ အဘိုးအိုကြီးဟာ သူနဲ့တူလှတယ်။
သူသည်လည်း ကဗျာထဲက စမ်းတ၀ါးဝါး ခရီးသည်ကြီးလိုပဲ ရှေ့ကသွားနှင့်လေသူများ လျှောက်လှမ်းခဲ့ကြတဲ့ လမ်းကြောင်းကလေးတွေအတိုင်း လျှောက်လှမ်းခဲ့သူတဦး မဟုတ်လား။
ပြီးတော့ သူ့ရှေ့က သွားခဲ့ကြတဲ့ ခရီးသွားများလိုပဲ။ နောက်က လိုက်လာကြမယ့် လူများအတွက် သစ္စာလမ်းကို ညွှန်ပြဖို့ လမ်းပြမှတ်တိုင်ကလေးပေါင်းများစွာ စိုက်ထူပေးထား ခဲ့လေတယ်။ ကဗျာလေးတပုဒ်တောင် အဆစ်ပါသေးရဲ့။

အိုလာလှည့်၊ သစ္စာရှာသူများ၊
ထာဝရပျော်ရွှင် ချမ်းမြေ့ဘုံ၊
ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း ကျွန်းငယ်ကလေး
သင်တို့ရှာဖို့၊ ကြည်နူးခံစားဖို့
အသင့်စောင့်ဆိုင်းနေလေရဲ့။
လမ်းတလျှောက်မှာ
လမ်းဆုံပေါင်းများစွာ
လမ်းသွယ်ပေါင်းများစွာ
သင်တွေ့ရလိမ့်မယ်.
ဘယ်ဟာ လမ်းမှန်လဲလို့
ငါ့ကို မမေးကြလေနဲ့
ငါသည်လည်း
အဲဒီ ပရမတ္တဆိုတဲ့ သစ္စာတရားကို ရှာဖို့
စမ်းတ၀ါးဝါးလျှောက်သွားနေဆဲ
ခရီးသွားတဦးသာပဲလေ။
အိုခရီးသွားသူများ
ရှေ့ကို ဆက်၍ဆက်၍သာ သွားပါ။
ထာဝရပျော်ရွှင်ချမ်းမြဘုံ
ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း ကျွန်းငယ်ကလေး
သင်တို့ရှာဖို့၊ ကြည်နူးခံစားဖို့
အသင့်စောင့်ဆိုင်းနေလေရဲ့.
ဘုံနန်းကို သွားဖို့ အလွယ်လမ်းကို မရှာလေနဲ့။
သစ္စာတရားမှာ ဖြတ်လမ်းမရှိဘူး။
သစ္စာလမ်းဟာ ရှည်လျားတယ်
အန္တရာယ်ထူပြောတယ်
ဒါပေမယ့်
သံမဏိကို မီးရဲရဲမှာ တူနဲ့နာနာထုပြီး
မာကျောအောင် လုပ်ရတယ် မဟုတ်လား။ ။

လူထုစိန်ဝင်း။
မဟေသီမဂ္ဂဇင်း ၂၀၀၀ ခုနှစ်၊ အောက်တိုဘာ၊
စာရေးသူရဲ့ "၆၀" ပြည့် အထိမ်းအမှတ် အက်ဆေး အမှတ် ၂။
{လူထုစိန်ဝင်း ရဲ့ 'ပိတောက်မြေက မဟေသီနဲ့ ရွှေအမြုတေ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၄ခု စက်တင်ဘာ မှ ကူးယူဖော်ပြပါတယ်။}

Wednesday, May 13, 2009

အရှက် နဲ့ တန်ဖိုး
ရေးသူ- လူထုစိန်ဝင်း


"... ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား အကြောင်းများကို မထားမချန်၊ စေ့စုံစွာ ပြန်သည်တွင်၊ ဗိမာန်နန်းဖွား၊ သုဘဒ္ဒါမိဖုရားလည်း၊ စကားရှေ့နောက်၊ ပြန်လှန်ကာထောက် လတ်သော်၊ နောက်နောက်ကျိကျိ နှလုံးတော်ရှိလှ၍၊ မဏိချယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက် ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက်ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘ၀ဟောင်း က၊ ငယ်ပေါင်းပီပီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြစိုင်ပညောင်၊ ရွှေကူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင် လျက်၊ ကျင်ကျင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ် ဖောက်လဲ၊ ဗာရာမင့် လည်ဆွဲသည်၊ ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏"


စူဠသုဘဒ္ဒါမိဖုရား ဆဒ္ဒန်ဆင်မင်းရဲ့ ဆင်စွယ်ကြီးကို ပိုက်ပြီး ယူကြုံးမရနဲ့ အပူလုံးကြွကာ သေပွဲဝင်ရပုံကို စာဆိုကြီး ဦးပုည ရေးဖွဲ့ခဲ့တာပါ။ သူ ရေးဖွဲ့ပုံက ကောင်းလွန်း လေတော့၊ စောစောပိုင်းက "မုဆိုးတပိုင်း မိန်းမရိုင်းကြီး" ရယ်လို့ အမုန်းသည်းစရာကောင်းခဲ့တဲ့ သုဘဒ္ဒါဟာ နောက်ဆုံးကျတော့ သနားစရာအဖြစ် မြင်ကြရပါတော့မယ်။
တကယ်တော့လည်း စူဠသုဘဒ္ဒါဟာ သနားစရာကောင်းပါတယ်။ အချစ်ကြီး ချစ်တတ် လွန်းလို့ အမုန်းသည်းပြီး အငြိုးကြီးခဲ့ရရှာတာပါ။ ဒီလိုအငြိုးကြီးခဲ့ရတဲ့အဖြစ်ကိုလည်း ဦးပုည ဟာ-
"........ထိုအခါ စူဠသုဘဒ္ဒါမိဖုရား၏ ကိုယ်ထက်၌ သစ်ခြောက်သစ်ခက်၊ ပရွက်ပဆုပ်၊ ခါချဉ်ထုပ်တို့သည် လှုပ်တိုင်း ကြွေလာကုန်၏။ မဟာသုဘဒ္ဒါ မိဖုရား၏ အပေါ်၌ကား ပုံကြီးနံလျား ရွှေမျက်ပါးကို၊ တပြားစီလွှာ၍၊ လေညာကလွှင့်သကဲ့သို့၊ ပန်းပွင့်ပန်းငုံ၊ ပန်းဝတ်မှုန်တို့သည် စုပုံကြွေကျ လာလေသတည်း။ ထိုအခြင်းအရာကို စူဠသုဘဒ္ဒါ မိဖုရားမြင်လျှင်၊ ဤဆင်မင်းကား ချစ်ခြင်းမညီ၊ မဟေသီခံ၊ ညာရံဘဒ္ဒါ၊ သူ့သည်းချာ၌၊ မေတ္တာလုံးလုံးသက်ခဲ့ပြီ။ ငါ့ကို မခင်မကြင်ရုံမျှမကပါလေ၊ အသရေပျက် သစ်ခက်သစ်ခြောက်၊ ပိုးလောက်ခြွေချ၊ အရှက်ရအောင်၊ ငါ့အားသူနှိပ်စက်ခဲ့ပြီ။ သို့စင်ညစ်ကျု၊ မတော်မှုကို၊ ပြုနှင့်စေကာ၊ အနိစ္စာဝယ်၊ နိဗ္ဗာန်သာအမြဲ၊ သံသရာမှာ ဤခန္ဓာမြဲမည်လော၊ အားခဲ၍ ကြိုးစားလျှင်၊ ဆင်မင်းသားမောင်နှံတို့၊ ခံနိုင်မည် မဟုတ်ဟု၊ မျက်ကြုတ်ကဲမိုး ရှက်အားကိုးနှင့်၊ ရန်ငြိုးဖွဲ့မိမှားသတည်း" လို့ ရေးဖွဲ့ ပြထားပါသေးတယ်။
စူဠသုဘဒ္ဒါဟာ အချစ်ကြီးသလောက် အရှက်လည်း ကြီးတတ်ပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် သူ ရင်ကွဲနာ ကျခဲ့ရပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် ဆဒ္ဒါန်ဆင်မင်းကို သူ သေစေခဲ့ပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် သူသေခဲ့ရပါတယ်။
"အရှက်" ကြောင့် လူတွေ မိုက်မှားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ သေခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "ယဉ်ကျေး" ခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "လိမ္မာ" ခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူနဲ့ တိရစ္ဆာန် ခြားနားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ "အ၀တ်" ၀တ်လာခဲ့ကြပါတယ်။ အဲဒီလို "ကိုယ်ရုံအ၀တ်" ၀တ်ဆင်လာခဲ့တဲ့ အချိန်ကစပြီး လူသားတွေကို "ယဉ်ကျေးတဲ့သတ္တ၀ါ" လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။
အရှက် ဆိုတဲ့ "ဟီရိသြတပ္ပ" တရားဟာ လူသားတိုင်းအတွက် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ လူ့တန်ဖိုးကို အဲဒီလူရဲ့ "ရှက်စိတ်" နဲ့ တိုင်းတာလို့ ရပါတယ်။ အရှက်ဆိုတဲ့ အရာ နှစ်မျိုးနှစ်စား ရှိပါတယ်။ သူတပါးကို ရှက်တတ်ခြင်းနှင့် ကိုယ့်ကိုယ့်ကို ရှက်တတ်ခြင်းပါ။ ကိုယ့်ကိုယ်ကို "ကိုယ့်လိပ်ပြာကိုယ်" ရှက်တတ်တဲ့ သူဟာ တန်ဖိုးရှိတဲ့လူ ဖြစ်ပါတယ်။ "ကိုယ့်လိပ်ပြာကိုယ်" မရှက်တတ်တဲ့သူ၊ ရှက်ရကောင်းမှန်းကို မသိတဲ့သူဟာ၊ "လူ" လို့ ခေါ်ဖို့တောင် မထိုက်တန်တဲ့သူ ဖြစ်ပါတယ်။
"အရှက်" ကြောင့် စူဠသုဘဒ္ဒါ မိုက်မှားခဲ့ရတဲ့ သာဓကရှိသလို၊ တဖက်ကလည်း "အရှက်" ကြောင့် မိုက်မှားခဲ့ရတဲ့ ဘ၀က လွတ်မြောက်ပြီး လူကောင်းလူမွန် ဖြစ်ခဲ့ရတဲ့ သာဓကလည်း ရှိပါတယ်။ အဲဒါကတော့ "ဥပက" ရဟန်းကြီးရဲ့ သာဓကပါ။
ဥပကဟာ "အရှက်" ကြောင့် မွန်မြတ်တဲ့ ရဟန်းဘ၀ကို ရောက်ရှိသွားခဲ့ရတာပါ။ မဆာဝါဟာ ဖခင်မုဆိုးကြီးရဲ့ စကားကို မလွန်ဆန်နိုင်တာကြောင့် တက္ကဒွန်းကြီး ဥပကကို ယူခဲ့ရပေမယ့် နည်းနည်းလေးမှ မေတ္တာရှိခဲ့ပုံ မရပါဘူး။ နေ့ရှိသရွေ့ ငြူစူစောင်းမြောင်း လို့ချည်းသာ နေခဲ့ပါတယ်။ စကားတွေနဲ့ ဥပကကို နေ့တိုင်း နှိပ်စက်ကလူ ပြုနေခဲ့ပါတယ်။ နောက်ဆုံးကျတော့ တက္ကဒွန်းအိုကြီး ဥပကဟာ သူ့ကိုယ်သူ ရှက်လာပြီး သူမက်မောလှတဲ့ မဆာဝါအပျိုချောကို ပစ်ပြီး ဗုဒ္ဓရှေ့မှောက်အရောက်သွားကာ ရဟန်းဘောင်ကို ကူးပြောင်း သွားခဲ့ပါတော့တယ်။
ဥပကကြီး ရှက်သွားလောက်အောင် ဖြစ်စေခဲ့တဲ့ မယ်ဆာဝါရဲ့ အငြူအစောင်းကလေး ကို စလေဆရာဦးပုညက ဒီလို ရေးပြခဲ့ပါတယ်။
"ကြိုးလေးမြွှာကြိမ်ပုခက်ကယ်နှင့်၊ စက်ပါရော့ သားညိုရွှေတောင် စက်ပါရော့မောင်။
စက်အောင်လို့ လွှဲပါတယ်ကို၊ သားမောင်ငယ် ပုခက်ထဲက စွဲကျင့်လို့ငို။
မင်းဖေအို မောင်လူထွက်လိုဘဲ၊ အားတက်သလား၊ သားမောင်ရွှေသွယ်၊ မင်းကျင့်ဆိုး လှတယ်။
မကျယ်ပါနှင့် သည်းချာရွှေရိုး၊ မင်းဖအေ ရဟန်းကျိုး၊
ရဟန်းကျိုးပီပီ၊ ကျောင်းဆောင်ထဲမှာ၊ ပျော်လဲ မပျော်လို၊
လူလူလိုလို ရှိပါပဲနှင့်၊ လူထဲကို လာပြန်ချင်တယ်၊
ဘိုးလူထွက်ကယ်။
မင်းမွေးမေငါက ဆဲယင်လ၊ မင်းဖေအိုမောင်ခပြဲမှာတဲ့၊
မုန်းနိုင်ဘဲ ကျွဲရေလိုနှယ်၊ ဒုံးခံတော့တယ်။
မင်းမွေးမေ သည်လူထွက်ကိုတဲ့၊ ခါခါလေ စေနာပျက်ပါလို့၊
အသက်ကယ် သေပါစေလို့၊ တောင်းတဲ့ဆုကို။
မသေလိုပါနိုင်ဘဲနှင့်၊ သည်မွေးမောင်တေတေး၊ ကြွင်းပြန်ရစ်သေး။
ဧလည်းယင်ယင်ဧ။
ရွှေစင်ရင်သွေး၊ မယ့်သားလေး၊ ဧလည်းယင်ယင်ဧ"

မယ်ဆာဝါက သူ့သားကို ပုခက်လွှဲရင်း၊ ပြောင်လှောင်ထေ့ငေါ့ပုံကို ရေးပြထားတာပါ။ နေ့ရှိသရွေ့ မထိခလုပ် ထိခလုပ်နဲ့ နှိပ်စက်ကလူ ပြုပါများတော့ "ဒုံးပေကပ်သပ်" ငုံ့ခံနေတဲ့ ဥပကကြီး ရှက်လာပါတယ်။ "ရှက်စိတ်" ကြောင့် သူနှုတ်လှန်ပြန်ထိုးပါတယ်။ နောက်ဆုံးကျ သူ ဆာဝါကို စွန့်သွားပါတယ်။ အဲဒီလို သူက စွန့်သွားတာတောင် ဆာဝါက ပြက်ရယ်ပြုလိုက်ပါ သေးတယ်။
"သည်နှယ် ဥပက၊ စကားလှန်၍၊ ပြန်ကာဟလျှင်၊ ဆာဝါ့ဖြစ်ခြင်း၊ ဆက်ရက်ခုန်နင်း တဲ့၍၊ ချဉ်းလာကပ်တိုး၊ သူ့ထဘီသွင်၊ နီကျင်ကျင်ကို၊ ခတင်ထိုး၍၊ ကိုယ်းယိုးကားယား၊ ကိုက်၍စားမည့်နှယ်၊ သွားပါ့မနှေး၊ ပြေးပါလေမြန်စွာ၊ လင်မဆာပါဘူး၊ သွားရာ၌တွင်၊ ဆင်ထိုးထိုး ကျားဆွဲဆွဲ၊ မြွေခဲခဲ ၀က်ပက်ပက်၊ မြေအက်၍မျိုမျို၊ သေလိုသေ၊ ရှင်လိုရှင်၊ မမြင်ချင့် အဆုံး၊ မုန်းလိုက်အုန်းမည်၊ အစအဆုံး ပဌမ၊ ဟိုအရင်ကမှ၊ မိဖနှစ်ပါး၊ ဆိုဖန်များလို့၊ အားနာပါးနာ၊ ကြိုက်ရပါတယ်၊ စိတ်ပါလှဘူး၊ ၀မ်းမြူးရွှင်ပျ၊ ညောင်ရေလောင်းလို့၊ တောင်းလိုက်ပါမည်၊ ယခုကြွ ဖိုးလူလေ၊ မောင်ကျောင်းနေ"
တက္ကဒွန်းလူထွက်ကြီးဟာ မယ်ဆာဝါရဲ့စကားကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတဲ့ အခါမှာ၊ အရှက်ကြီး ရှက်သွားခဲ့ပုံ ရပါတယ်။ ဘာမပြော ညာမပြောနဲ့ ဖြုတ်ချည်းထတဲ့ပြီး ဘုရားရှိရာသို့ အရောက်သွားပါတော့တယ်။
ဥပကရဲ့ အဖြစ်ဟာ "ရှက်စိတ်" ကြောင့် ကောင်းရာမွန်ရာကို ရောက်သွားရတဲ့ သာဓကပါ။ စူဠသုဘဒ္ဒါကတော့ "ရှက်စိတ်" ကြောင့် ကြေကွဲစရာ အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရ တာပါ။ ဒီသာဓက နှစ်ခုစလုံးဟာ "အရှက်နဲ့လူလုပ်တယ်" ဆိုတဲ့စကားလေးကို ထင်ရှားအောင် ဥဒဟရုဏ် ဆောင်ပြခဲ့ပါတယ်။
ကိုလိုနီနယ်ပယ်သစ်တွေ ချဲ့ထွင်ကြတဲ့ နယ်ချဲ့စနစ်ကြီးရဲ့ အစဦးပိုင်းကာလတွေမှာ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒပ်ခ်ျ စတဲ့နိုင်ငံကြီးတွေဟာ စားကျက်နယ်မြေတွေ လုကြရင်း တဦးနဲ့တဦး အပြိုင်အဆိုင် စစ်ပွဲကြီးတွေ တိုက်ခိုက်ကြပါတယ်။ လှေသင်္ဘောကြီးတွေနဲ့ တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတွေမှာ သင်္ဘောတွေ အမြောက်ကျည်ဆံ ထိမှန်ပြီး နစ်မြုပ်တော့မယ်ဆိုရင်၊ သင်္ဘောသားတွေကို သင်္ဘောက ထွက်ခွါခွင့် ပေးခဲ့ပေမယ့်၊ သင်္ဘောရဲ့ ကပ္ပတိန်တွေကတော့ သူ့သင်္ဘောကို စွန့်ခွါထွက်ပြေးလေ့ မရှိပါဘူး။ ခန့်ခန့်ညားညား ၀တ်စုံပြည့် ၀တ်စားဆင်ယင်ပြီး သင်္ဘောနဲ့အတူ နစ်မြုပ်အသေခံသွားတာဟာ ရေတပ်ရဲ့ အစဉ်အလာကြီးတခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ မိမိရဲ့ သင်္ဘောကို စွန့်ခွါထွက်ပြေး သူအဖြစ် အကဲ့ရဲ့ခံရမယ့် အရှက်တကွဲအဖြစ်ကြီးကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အသက်ကို စွန့်သွားကြတာ ဖြစ်ပါတယ်။ အရှက်ကို အသက်နဲ့ လဲသွားတာပါ။
ကမ္ဘာ့သမိုင်းမှာ အထင်ရှားအကျော်ကြားဆုံး ရေကြောင်းဗိုလ်ချုပ်ကြီးဖြစ်တဲ့ "နယ်လ်ဆင်" ဆိုရင် သူ့သင်္ဘောကို အဆမတန် အင်အားကြီးမားတဲ့ ရန်သူရေတပ် သင်္ဘောတွေက ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံနေရတဲ့အတွက် သူ့အထက်က ရေကြောင်း ဗိုလ်ချုပ်မှူးကြီးက သင်္ဘောကို ဆုတ်ခွါလာခဲ့ဖို့ အချက်ပြအမိန့်ပေးတာကိုတောင်မှ မမြင်ချင်ယောင်ဆောင်ပြီး၊ ဆက်လက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ စစ်ရှုံးလို့ ထွက်ပြေးရ တယ်ဆိုတဲ့ နာမည်ကို ခံရမှာထက် အသက်သာ အသေခံမယ်ဆိုပြီး အရှက်ကို အသက်နဲ့ လဲသွားခဲ့တာပါ။ သူ့အကြောင်းကို မြန်မာစွယ်စုံကျမ်းမှာ ဒီလို ရေးသား ဖော်ပြထားခဲ့ပါတယ်။
[နယ်လဆင်, ဟိုရေးရှိုး (ခရစ် ၁၇၅၈-၁၈၀၅)။ ။ ဟိုရေးရှိုးနယ်လဆင်သည် အင်္ဂလိပ်လူမျိုး ရေကြောင်းဗိုလ်ချုပ်မှူးဖြစ်၍၊ ဗြိတိသျှ ရေကြောင်းတိုက်ပွဲသမိုင်း၌ အထင်ရှား ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်၏။ ယင်းသည် ထရာဖဲလဂါတွင် ပြင်သစ်နှင့် စပိန်တပ်တို့ကို တိုက်ခိုက်အောင်မြင်၍ နပိုလီယန်ကို အနိုင်ယူလိုက်ရာ၊ ဤအောင်မြင်မှုသည် အင်္ဂလန်ပြည်၏ သမိုင်းတွင် အကြီးဆုံးသော အောင်မြင်မှုဖြစ်၏။ (နပိုလီယန်ဘုရင်များ။ ထရာဖဲလဂါတိုက်ပွဲ- ရှု။) နယ်လဆင်သည် ၁၇၅၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် နောဖို့ခရိုင် ဗာနမ်သော့ရွာတွင် ဖွားမြင်၍ သင်းအုပ်ဆရာတဦး၏ သားဖြစ်သည်။ ငယ်စဉ်က အလွန် ချူချာသော သူတယောက် ဖြစ်သော်လည်း ပင်လယ်ခရီးထွက်ရန် အလွန်ဝါသနာပါသည်။ ထို့ကြောင့် ၁၂ နှစ်သား အရွယ်တွင် အကြောင်းမသင့်သဖြင့် ကျောင်းမှထွက်ခဲ့ရသောအခါ ဘုရင့်ရေတပ်မတော်တွင် ရေတပ်ဗိုလ်ကလေးအဖြစ်ဖြင့် အမှုထမ်းပြီးနောက်၊ ဖောက်ကလန် ကျွန်းသို့ သွားသော သင်္ဘောတွင် ပဌမဦးစွာ လိုက်ပါသွားခဲ့လေသည်။ ထိုသင်္ဘောကို သူ၏ ဦးလေးဖြစ်သူ ဗိုလ်မှူးကြီး ဆပ်ကလင်းက ကြီးမှူးရာ၊ ဦးလေး၏ သွန်သင်မှုကြောင့် တကြောင်း၊ နဂိုကပင် ရေကြောင်းဖက်တွင် ၀ါသနာထုံလှသဖြင့် တကြောင်း၊ ရဲရင့်၍ စွမ်းရည်သတ္တိနှင့် ပြည့်စုံသောကြောင့်တကြောင့်၊ နယ်လဆင်သည် ၂၁ နှစ်အရွယ်တွင် အလတ်စား တိုက်သင်္ဘေတစင်း၌ ဗိုလ်မှူးကြီး ဖြစ်လာခဲ့၏။ ထိုအခါမှစ၍ နယ်လဆင်သည် ရက်စက်စွာ အပြစ်ဒဏ်ပေးမှုများကို ပယ်ဖျက်ကာ၊ ဥပဒေများကို ပြုပြင် ပြောင်းလဲခဲ့၏။ သင်္ဘောသားများကို အထူးဂရုစိုက်တတ်သည့်အပြင်၊ ရဲရင့်စွန့်စားသူများကိုလည်း ရာထူးတိုး မြှင့်ပေးလေ့ ရှိ၏။ အသက်ပင်ငယ်သော်လည်း တကယ်ပင် စွမ်းဆောင်နိုင်သော ဗိုလ်မှူးကြီး ဖြစ်လေသည်။ နယ်လဆင်ကား သူရသတ္တိရှိ၏။ တည်ကြည်၏။ မှုခင်းတို့ကို ဆုံးဖြတ်နိုင်၏။
၁၇၉၃ ခုနှစ်၌ အက်ဂါမံနွန် ခေါ် စစ်သင်္ဘောကို အုပ်ချုပ်ရပြီးလျှင် မြေထဲပင်လယ် ရေတပ်၌ ပါဝင်ရလေသည်။ ထိုအခါမှစ၍ ပင်လယ်မှ ပြန်ရသည်ဟူ၍ မရှိဘဲ၊ (၁၇၉၃ ခုနှစ်မှ ၁၈၀၀ ပြည့်နှစ်အထိ) ၇ နှစ်တိုင်တိုင် ပင်လယ်၌ အမှုထမ်းရသည်။ သို့ဖြင့် ၁၇၉၄ ခုနှစ်တွင် ကောစီကား ပင်လယ်ကမ်းရိုးတန်းရှိ ကာလဗီမြို့ကို သိမ်းယူသည့် တိုက်ပွဲ၌၊ လက်ျာဖက်မျက်လုံးတွင် ဒဏ်ရာရရှိရာမှ မျက်လုံးကွယ်သွားလေသည်။
ထို့နောက် ၁၇၉၇ ခုနှစ်တွင် စိန်ဗင့်ဆင့် တိုက်ပွဲ၌ သူ၏ ရဲစွမ်းသတ္တိသည် ချီးကျူးလောက်အောင်ပင် ဖြစ်၏။ ထိုတိုက်ပွဲတွင် စစ်ဗိုလ်ချုပ်ကြီး ဆာဂျွန် ဂျားဗစ်နှင့်အတူ စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းဖွဲစည်းထားသော ရေတပ်ကို နှိမ်နင်း အောင်မြင်သောအခါ၊ သူကောင်းပြုခြင်း ခံရလေသည်။ များမကြာမီ ကနေရီကျွန်းစုရှိ ဆန်တာခရု ခံတပ်ကို တိုက်ခိုက်ရာ၌ အနာတရ ဒဏ်ရာရရှိပြီးလျှင်၊ လက်ျာဖက်လက်ကို တတောင်ဆစ်မှ ဖြတ်ပစ်ရပြန်လေသည်။ နယ်လဆင်သည် အင်္ဂလန်သို့ ပြန်သွားပြီးလျှင်၊ အချိန်အတန်ကြာ ဝေဒနာကို ကုသပြီးနောက်၊ စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာပြန်သည်။
ထိုအချိန်၌ နပိုလီယန်သည် ကုန်းဖက် စစ်ပွဲတို့၌ အောင်မြင်ပြီး၍၊ အင်္ဂလန်ကို ရေတပ်ဖြင့် တိုက်ခိုက်လို၏။ ထိုအတွင်းနယ်လဆင်သည် တူလွန်မြို့ရှိ ပြင်သစ်ရေတပ်ကို စောင့်၍ကြည့်ဆဲ၊ ပြင်သစ်ရေတပ်သည် လေမုန်တိုင်း ထနေစဉ် လွတ်မြောက်သွားသဖြင့်၊ နယ်လဆင်သည် ထိုရေတပ်နောက်သို့ ထပ်ကြပ်လိုက်သွားကာ တိုက်ခိုက်လေ၏။ နယ်လဆင်သည် ရေတပ်ကို နှစ်စုခွဲ၍ တိုက်ခိုက်ရာ ၁၇၉၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် အပြီးတိုင် အောင်မြင်လေသည်။ ဤတိုက်ပွဲကြီးကို နိုင်းမြစ်တိုက်ပွဲကြီးဟူ၍ ဗြိတိသျှသမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ထိုတိုက်ပွဲတွင် အရေးမလှသည်နှင့် နပိုလီယန်သည် အီဂျစ်ကို တိုက်ခိုက်ရန် အကြံကို လက်လျှော့လျက် သင်္ဘေငယ်တစင်းဖြင့် မြေထဲပင်လယ်ကို ဖြတ်၍ ပြန်ခဲ့ရလေသည်။ နယ်လဆင်၏ အောင်မြင်မှုသည် ကမ္ဘာတ၀ှမ်းလုံးသို့ ပျံ့နှံ့သွား၏။ နယ်လဆင်သည် ဗဲရွန်ခေါ် သူကောင်းဘွဲ့ဖြင့် မှူးမတ်ငယ်အဆင့်အတန်းသို့ ခန့်အပ်ချီးမြှင့် ခံရသည်သာမက ဆုငွေလည်း မြောက်မြားစွာ ရရှိလေသည်။
၁၈၀၁ ခုနှစ်တွင် နယ်လဆင်သည် ရေကြောင်းဗိုလ်ချုပ်ကြီးရာထူးကို ရရှိခဲ့ပြီးနောက်၊ အင်္ဂလန်သည် ဗောလတစ်ကမ်းခြေနိုင်ငံများနှင့် စစ်ဖြစ်ပြန်ရာ၊ ရေတပ်ဗိုလ်ချုပ်မှူးပါကာ၏ ရေတပ်ကြီးတွင် ပါဝင်လိုက်ပါပြီးလျှင် ဒိန်းမတ်နိုင်ငံသို့ ချီတက်သွားပြန်၏။
ပြင်သစ်ဘုရင် နပိုလီယန်သည် နောက်တကြိမ် အင်္ဂလန်ပြည်ကို စီးနင်းရန် ကြံစည်ပြန် ရာ၊ ၁၈၀၃ ခုနှစ်၌ နယ်လဆင်သည် အနားယူနေရာမှ ရေကြောင်းဗိုလ်ချုပ်ကြီး အဖြစ်ဖြင့် မြေထဲပင်လယ် သင်္ဘောတပ်ကို ဦးစီး၍ တိုက်ပွဲဝင်ခဲ့ပြန်သည်။ ဦးစွာ၌ ကိုပင်ဟားဂင်းမြို့အနီး တွင် ဒိန်းလူမျိုးတို့၏ ရေတပ်ကို အောင်မြင်သည်။ ဤတိုက်ပွဲ ဖြစ်နေစဉ် ရေကြောင်း ဗိုလ်ချုပ်မှူး၏ သင်္ဘောမှ ပြန်၍ဆုတ်ရန် အချက်ပြသော အလံလွှင့်တင်သည်ကိုပင် နယ်လဆင်သည် မမြင်သော မျက်စိဖြင့် မှန်ပြောင်းနှင့်ကြည့်၍ အချက်ပေးခေါ်သည်ကို မမြင်လေဟန်ဆောင်လျက် ဆက်လက်တိုက်ရာ ရှုံးတော့မည့် အခြေမှ တခါတည်း အနိုင်ရခဲ့ လေသည်။ ဤအောင်မြင်မှုကြောင့်လည်း ဗိုင်းကောင့်ခေါ် သူကောင်းဘွဲ့ထူးဖြင့် မှူးမတ်လတ် အဖြစ် တိုးမြှင့်ချီးကျူးခြင်း ခံရပြန်လေသည်။
တခါက နယ်လဆင်သည် သူ၏ အလံတင် သင်္ဘော 'ဗစ်ထရီ' ကို စီးနင်း၍ တူလွန်မြို့နှင့် ခပ်လှမ်းလှမ်းတွင် စောင့်ဆိုင်းနေရာ ပြင်သစ် သင်္ဘောတပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ရသောအခါ မိမိ၏ ရေတပ်ဖြင့် ထပ်ကြပ်မကွာ အနောက် အိန္ဒိယကျွန်းစုသို့ ရောက်အောင်လိုက်ပြီးမှ ပြန်၍ လှည့်လာခဲ့၏။ ထို့နောက် ရန်သူတပ်ကို ဆုံမိအောင် ၂ နှစ်တောင်မှ စောင့်ဆိုင်းခဲ့ရပြီးနောက်၊ ၁၈၈၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် စပိန်နိုင်ငံကမ်းခြေ ထရာဖဲလဂါအငူတွင် ရေကြောင်းတိုက်ပွဲကို စတင် တိုက်ခိုက်ရ လေသည်။ ထိုတိုက်ပွဲတွင် နယ်လဆင်သည် 'အင်္ဂလန်ပြည်သည် လူတိုင်းအား မိမိတာဝန်ဝတ္တရားကို ဆောင်ရွက်လိမ့်မည်ဟု မြှော်လင့်သည်' ဟူသော အဓိက ဆောင်ပုဒ်ကို ဖော်ပြသည့် အလံကို မိမိ၏ အလံတင်သင်္ဘောတွင် လွှင့်ထူကာ ၂၇ စင်းမျှသာ ရှိသော အင်္ဂလိပ်သင်္ဘောများဖြင့် စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းထားသည့် ရေတပ်ကြီးကို မဆုတ်မနစ် တိုက်ခိုက်လေသည်။ ဤတိုက်ပွဲတွင် နယ်လဆင်သည် မိမိကိုယ်တိုင် စီးနင်းသည့် 'ဗစ်ထရီ' ခေါ် အလံတင်သင်္ဘောကို ဘေးဥပါဒ်အများဆုံးနေရာတွင် ချထား၍ တိုက်ခိုက်လေရာ၊ တိုက်ပွဲပြင်းထန်လာချိန်တွင် နယ်လဆင်သည် ကုန်းပတ်အမြင့်ပေါ်၌ လျှောက်ရင်း အမိန့်ပေးနေစဉ်၊ ရန်သူ့ဖက်မှ ကျည်ဆံသင့်၍ ကျလေ၏။ ကျည်ဆံသည် နယ်လဆင်၏ ကျောရိုးတွင် မြုပ်ဝင်လျက်ရှိသဖြင့် နယ်လဆင်အား ဘေးကင်းရာ သင်္ဘေ၀မ်းသို့ ယူသွားရလေ၏။ နောက်ဆုံးတွင် အင်္ဂလိပ်တပ်က နိုင်ကြောင်းကို သိရပြီးမှ ရရှိသော ဒဏ်ရာဖြင့် ကွယ်လွန်လေသည်။ "ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ပ်၏တာဝန် ၀တ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်ပြီးပါပြီ" ဟူသော နယ်လဆင် သေအံ့ဆဲဆဲတွင် ပြောခဲ့သော စကားသည် သမိုင်း၌ ဥဒါန်းတွင်ရစ်၏။]
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄နာရီခွဲခန့်အချိန်တွင် နယ်လဆင်သည် ရန်သူရေတပ်ကို အပြီးသပ် အောင်မြင်၍ အင်္ဂလန်နိုင်ငံသူ နိုင်ငံသားများသည်လည်း ထိုစစ်ပွဲ နိုင်သည့် သတင်းကောင်းနှင့်တကွ ရေကြောင်းဗိုလ်ချုပ်မှူး နယ်လဆင် တိုက်ပွဲတွင် ကျဆုံးရရှာပြီ ဟူသော ၀မ်းနည်းဖွယ် သတင်းကိုပါ တပါတည်း ကြားကြရလေသည်။ သူ၏ ရုပ်အလောင်းကို ၁၈၀၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် လန်ဒန်မြို့ စိန့်ပေါဘုရားရှိခိုးကျောင်းကြီး အတွင်း၌ မြှုပ်နှံထား၏။ ထို့အပြင် အထိမ်းအမှတ်အဖြင့် ပေ ၁၇၀ ကျော်မြင့်သော နယ်လဆင် ကျောက်တိုင်ကြီးကို တည်ဆောက်ထားခြင်းဖြင့် အာဇာနည်ရေကြောင်း ဗိုလ်ချုပ်မှူး၏ ကျေးဇူးကို ဂုဏ်ပြု ချီးကျူးထားလေသည်။
"အရှက်နဲ့ လူလုပ်တယ်" ဆိုတဲ့ စကားကို စူဠသုဘဒ္ဒါတို့ခေတ်၊ ဥပကတက္ကဒွန်းကြီးတို့ ခေတ်က ပြောခဲ့ကြသလို ခုခေတ်မှာလည်း ပြောနေကြတာပါ။
"ဟေ့ တို့က အရှက်နဲ့ လူလုပ်တာ၊ အရှက်ကို အသက်ထက် ပိုတန်ဘိုးထားတယ်"
ဆိုတာမျိုး လူတိုင်းလိုလို တကြိမ်တခါတော့ ပြောဖူးကြတာချည်းပါပဲ။ ဒါပေမယ့် 'အရှက်' ဆိုတာ ဘာလဲလို့ မေးကြည့်လိုက်ရင်တော့၊ တယောက်တမျိုး၊ေ၀၀ါးထွေပြားတဲ့ အဖြေတွေသာ ထွက်လာမှာ ဖြစ်ပါတယ်။ တိကျရေရာတဲ့ အဖြေတခုရဖို့ မလွယ်တော့လောက် အောင်ကို 'အရှက်' ဆိုတာ၊ အလှမ်းကွာဝေးသထက် ကွာဝေးလာနေတဲ့ အရာတခု ဖြစ်နေပါတော့တယ်။
ဒီလို အလှမ်းဝေးလာခဲ့ရတာက "အရှက်" ဆိုတာရဲ့ "တန်ဖိုး" သတ်မှတ်ချက်တွေ ပြောင်းလဲ သွားခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ ဘာမှ မကြာသေးတဲ့ မနေ့တနေ့ကတွင် ရှက်စရာလို့ ယူဆထားတဲ့ အရာတခုဟာ ကနေ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလောက် အဖြစ်သာ သဘောထားတာမျိုးတွေ အများကြီး ဖြစ်နေပါပြီ။ "အရှက်" နဲ့ "တန်ဖိုး" တွေ ပြောင်းလဲသွားတာနဲ့အမျှ၊ လူ့အဖွဲ့ အစည်းလည်း ပြောင်းလဲသွားရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ "နေပျော်မှု" "မနေပျော်မှု" ဟာ "အရှက်" နဲ့ "တန်ဖိုး" အပေါ်မှာ အဓိက မူတည်နေကြောင်း ရေးသားလိုက်ရပါတယ်။

လူထုစိန်ဝင်း။
{လူထုစိန်ဝင်း ရဲ့ အရှက်နဲ့တန်ဖိုး စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၉၉ ဖေဖော်ဝါရီမှ ကူးယူ ဖော်ပြပါတယ်။}


လူဝတ်ကြောင်တို့၏ အကျင့်တရား
ဘာသာပြန်- ပါရဂူ

[နိဒါန်း- ဤစာအုပ်၌ ဗုဒ္ဓ၏ဖြစ်စဉ် သို့မဟုတ် ဗုဒ္ဓ၀င်၏ အမျိုးမျိုးအထွေထွေသော အစိတ်အပိုင်းများနှင့် ပတ်သက်သော အကြောင်းအရာများကို ရေးသားဖော်ပြထားသည်။ ဆောင်းပါးစာတမ်းများမှာ သာသနာ ၂၅၀၀-ပြည့်နှစ် အထိမ်းအမှတ်အတွက် စာစောင် အသီးသီးတွင် ရေးသားထားသော ဆောင်းပါးများ ဖြစ်ပေသည်။ ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်နှင့် ဗုဒ္ဓ၏တရားများကို အကျယ်တ၀င့်သိလိုသူများသည် "ဗုဒ္ဓစရိယာ"၊ "ဒီဃနိကာယ်"၊ "မဇ္ဈိမနိကာယ်"၊ "၀ိနယပိဋက"၊ "ဗုဒ္ဓဒဿန (ဗုဒ္ဓအမြင်)" စသော ကျွန်ပ်ရေးသားထားသော ဘာသာပြန်ဆိုထားသော စာအုပ်များကို ကြည့်ရှုလေ့လာသင့်ပေသည်။
ရာဟုလာသံကိစဏာယန
မဆူရီ။ ၁၃-၈-၅၆]
{ရာဟုလာသံကိစ္စည်း ရဲ့ 'မဟာမာန၀ဗုဒ္ဓ' စာအုပ်ကို ပါရဂူက 'မဟာလူသားဗုဒ္ဓ' အမည်ဖြင့်၊ ဘာသာပြန်ဆိုတာ ဖြစ်ပါတယ်။}


၇။ လူဝတ်ကြောင်တို့၏အကျင့်တရား

ရဟန်းသံဃာများအကြောင်းနှင့် ရာဂကင်းကွာမှု အကျင့်တရား အကြောင်းများကို ကြားရသည်ဖြစ်၍ ဗုဒ္ဓ၏ တရားဓမ္မသည် လူ့ဘောင်ကို ခွါရှောင်လိုသူများအတွက် သက်သက်သာလျှင် ဖြစ်၏ဟု အထင်ရှိကြသည်။ အမှန်မှာ ထိုသို့ မဟုတ်ပေ။ ဗုဒ္ဓသက်တော် ထင်ရှား ရှိစဉ်က ဗုဒ္ဓ၏ လူဝတ်ကြောင်တပည့်တပန်း အရေအတွက်၏ အပုံတရာပုံတပုံပင် ဘိက္ခုနှင့် ဘိက္ခုနီတို့၏ အရေအတွက် မရှိခဲ့ပေ။ နောင်သောအခါလည်း မရှိခဲ့ပေ။ ဗုဒ္ဓဟောကြားသော တရားအဆုံးအမ၏ အနှစ်သာရကို ဂါထာတပုဒ်တည်းဖြင့် ပြထားသည်။

သဗ္ဗပါပဿ အကရဏံ
ကုသလဿုပ သမ္ပဒါ။
သစိတ္တပရိယော ဒါပနံ
ဧတံ ဗုဒ္ဓါနသာသနံ။

[အားလုံးသော မကောင်းမှုကို မပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှုကို ပွါးများအားထုတ် ခြင်း၊ မိမိစိတ်နှလုံးကို ဖြူစင်စေခြင်း၊ ဤကား ဗုဒ္ဓ၏ အဆုံးအမ ဖြစ်လေသည်။]

ယင်းအဆုံးအမသည် လူဝတ်ကြောင်နှင့် ရဟန်း၊ အားလုံးအတွက် တညီတညွတ် တည်း ဖြစ်သော အဆုံးအမ ဖြစ်လေသည်။ တခုတော့ရှိသည်။ ဘိက္ခုနှင့် ဘိက္ခုနီ (ရဟန်းနှင့် ရဟန်းမ) တို့အတွက် လိုက်နာကျင့်သုံးရန် စည်းမျဉ်းဥပဒေကို ပေါင်းပြီး '၀ိနယပိဋက' အဖြစ်ဖြင့် သတ်မှတ်ထားသည့်နည်းတူ လူဝတ်ကြောင်များအတွက်မူ တသီးတခြား ဥပဒေစည်းမျဉ်းတို့ကို တပေါင်းတစည်းတည်း သတ်မှတ်ထားခြင်းမူကား မရှိပေ။ တိပိတဋက၌ 'သိင်္ဂါလောဝါဒသုတ်' အမည်ဖြင့်ရှိသော အဆုံးအမ ဥပဒေသများသည် လူဝတ်ကြောင်တို့၏ ၀ိနည်းစည်းကမ်း ဖြစ်လေသည်။ ထိုဝိနည်းစည်းကမ်းကို ထိုခေတ် လူ့လောက လူ့အဖွဲ့အစည်းကို စံပြအဖြစ်ပြု လုပ်ရန် ကြိုးပမ်းအားထုတ်ချက်ဟု ဆိုနိုင်ပေသည်။
မိမိတို့၏ သားသမီးများ အဖတ်မတင်သော မိဘများသည် မိမိတို့၏ သားသမီးများအား မကောင်းသည့် နာမည်တခုခုကို မှည့်ထားတတ်ကြသည်။ ယင်းသို့ မှည့်ထားခြင်းအားဖြင့် ယမမင်း (သေမင်း) ၏ တမန်များသည် ထို ကလေကချေ ကလေးသူငယ်များအား အမှုမဲ့ အမှတ်မဲ့နေသည်ဟု အယူရှိကြသည်။ ငခွေး ၀က်မ စသည့် အမည်များမှာ ထိုကဲ့သို့ သဘောရှိသော အမည်များ ဖြစ်ကြသည်။ ဗုဒ္ဓ၏ လက်ထက်တော်အခါကလည်း ထိုကဲ့သို့သော ထိုကဲ့သို့သော အမည်နာမများကို မှည့်လေ့မှည့်ထ ရှိလေသည်။ သူဌေးတဦးသည် မိမိသားအား အသက်ရှည်စေရန်အတွက် သိင်္ဂါလ (တောခွေး) ဟု အမည်ပေးထားလေ၏။ သိင်္ဂါလအား ဗုဒ္ဓတရားဟောကြားသည့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
အခါတပါး၌ ဘုရားရှင်သည် ရာဇဂြိုဟ်ရှိ ရှဥ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်တော၌ သီတင်းသုံးနေတော်မူ၏။
ထိုအချိန်၌ သိင်္ဂါလအမည်ရှိသော သူကြွယ်သားသည် မနက်ဝေလီဝေလင်း အချိန်ကပင် ထ၍ ရာဇဂြိုဟ်မြို့ပြင်သို့ ထွက်ပြီးလျှင် စိုစွတ်သောအ၀တ်၊ စိုစွတ်သော ဆံပင်ဖြင့် လက်အုပ်ချီလျက်၊ အရှေ့အရပ်မျက်နှာ၊ တောင်အရပ်မျက်နှာ၊ အနောက်အရပ်မျက်နှာ၊ မြောက်အရပ်မျက်နှာ၊ အောက်အရပ်မျက်နှာ၊ အထက်အရပ်မျက်နှာ အမျိုးမျိုး အပြားပြားသော အရပ်မျက်နှာတို့ကို ရှိခိုးလေသည်။
ထိုအချိန်၌ ဘုရားရှင်သည် နံနက်ခင်းအချိန် သင်္ဃန်းကို ၀တ်ရုံလျက် သပိတ် သင်္ဃန်းကို ဆောင်ယူခဲ့ပြီးလျှင် ရာဇဂြိုဟ်မြို့အတွင်းသို့ ဆွမ်းအလို့ငှာ ၀င်တော်မူလေ၏။ ဘုရားရှင်သည် အရပ်မျက်နှာအမျိုးမျိုးကို ရှိခိုးနေသော သူကြွယ်သား သိင်္ဂါလအား တွေ့ရ၍ မိန့်တော်မူလေ၏။
"သူကြွယ်သား၊ နံနက်စောစောထပြီး သင် ဘာကို ရှိခိုးနေသနည်း....."
"အရှင်ဘုရား၊ တပည့်တော်၏ဖခင်သည် သေခါနီးကာလ၌ တပည့်တော်အား 'ချစ်သား အရပ်မျက်နှာမှားကို ရှိခိုးလော့' ဟု မှာခဲ့ပါ၏။ သို့ဖြစ်၍ မြတ်စွာဘုရား၊ တပည့်တော်သည် ဖခင်၏ စကားကို အလေးအမြတ်ပြုလျက်၊ မြတ်နိုးလျက်၊ ပူဇော်လျက် စောစောကပင် ထကာ ရှိခိုးနေခြင်း ဖြစ်ပါသည်"
"သူကြွယ်သား၊ မြတ်သောသူ (အရိယ) တို့၏ တရားဓမ္မ၌ ထိုကဲ့သို့ အရပ်များနှာ ခြောက်ပါးကို ရှိခိုးသည်ဟု မရှိပေ"
"အရှင်ဘုရား၊ ထိုသို့ မရှိခိုးအပ်လျင် မြတ်သောသူတို့၏ တရားဓမ္မ၌ အရပ်မျက်နှာ ခြောက်ပါးကို ဘယ်ကဲ့သို့ ရှိခိုးအပ်ပါသနည်း။ မြတ်သောသူတို့၏ တရားဓမ္မ၌ အရပ်မျက်နှာ များကို ရှိခိုးပုံရှိခိုးနည်းကို တပည့်တော်အား ဟောပြောတော်မူပါလော့...."
ဗုဒ္ဓသည် သိင်္ဂါလအား ဟောပြလေသည်။
အကြင်သူသည် သေရည် သောက်ဖော်သောက်ဖက်ဖြစ်၏။ မျက်မှောက်၌ ချစ်ခင်သူ မိတ်ဆွေ ဖြစ်၏။ ထိုသူသည် မိတ်ဆွေ မမည်ပေ။
အကြင်သူသည် အကြောင်းကိစ္စကြုံလာသော် (အရေးကိစ္စပေါ်လာသော) အဖော်သဟဲ ဖြစ်၏။ ထိုသူသည် မိတ်ဆွေ ဖြစ်၏။
နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါး မယားကို ကျူးလွန်ခြင်းသည် လည်းကောင်း၊ ရန်စပွါးများခြင်းသည် လည်းကောင်း၊ အကျိုးမဲ့ပြုခြင်း သည်လည်းကောင်း၊ မကောင်းသော အပေါင်းအဖော်ရှိသူ သည်လည်းကောင်း၊ အလွန်တရာ ကပ်စေးနှဲခြင်း သည် လည်းကောင်း၊ ယင်းခြောက်ပါးသည် လူကို ပျက်စီးစေတတ်၏။
မကောင်းသောအဆွေခင်ပွန်း ရှိသူသည် လည်းကောင်း၊ မကောင်းသော အကျင့်၌ မွေ့လျော်သောသူသည် လည်းကောင်း၊ ဤလောကမှလည်းကောင်း၊ တမလွန်လောကမှ လည်းကောင်း၊ နှစ်ပါးသောလောကမှ ပျက်စီးလျှောကျတတ်ပေ၏။
လောင်းကစားခြင်းသည် လည်းကောင်း၊ မိန်းမလိုက်စားခြင်းသည် လည်းကောင်း၊ သေရည်သေရက် သောက်စားခြင်းသည် လည်းကောင်း၊ ကခြင်း သီဆိုခြင်းသည် လည်းကောင်း၊ နေ့အခါ အိပ်ခြင်းသည် လည်းကောင်း၊ အခါမဲ့၌ ခရီးသွားခြင်းသည် လည်းကောင်း၊ မကောင်းသူတို့အား အဆွေခင်ပွန်းဖွဲ့ခြင်းသည် လည်းကောင်း၊ အလွန်တရာ ကပ်စေးနှဲခြင်းသည် လည်းကောင်း၊ ယင်းခြောက်ပါးသည် လူကို ပျက်စီးစေတတ်၏။
အကြင်သူတို့သည် ကြွေအံလောင်းကစားခြင်းကို ပြုကြ၏။ သေရည်သေရက်ကို သောက်၏။ သူတပါး သားမယားတို့အား ပြစ်မှားကျူးလွန်ကြ၏။ သူယုတ်မာတို့အား မှီဝဲဆည်းကပ်၏။ ပညာရှိတို့အား မမှီဝဲမဆည်းကပ်။ ထိုသူတို့သည် လဆုတ်ပက္ခ လမင်းထက် ဆုတ်ယုတ်ပေ၏။
အကြင်သူသည် သေသောက်ကျူး၏။ ပစ္စည်းမရှိ ဆင်းရဲ၏။ မေ့မေ့လျော့လျာ့နေ၏။ ထိုသူသည် ရေ၌ရှိသော လှေကဲ့သို့ ကြွေးထဲတွင် နစ်မြုပ်သွားရ၏။ ထိုသူသည် လျင်မြန်စွာ မိမိကိုယ်ကို ဆင်းရဲပင်ပန်းအောင် လုပ်နေ၏။
နေ့၌ အိပ်လေ့ရှိသော၊ ည၌ထလေ့မရှိသော၊ အခါခပ်သိမ်း မူးယစ်နေသော ကာမဂုဏ် လိုက်စားသူသည် အိမ်ထောင်ဦးစီး မပြုလုပ်နိုင်ပေ။
အေးလွန်းသည်ဟု လည်းကောင်း၊ ပူလွန်းသည်ဟု လည်းကောင်း၊ မိုးချုပ်လွန်းသည်ဟု လည်းကောင်း၊ အကြောင်းပြသူသည် ဥစ္စာပစ္စည်း လက်မဲ့ဖြစ်ရတတ်၏။ အကြင်သူသည် အလုပ်ကို လုပ်ရာ၌ အအေးအပူကို မြက်ထက်ပိုပြီး အမှုမထား။ ထိုသူသည် ချမ်းသာသုခ လက်မလွတ်ရပေ။
သူတပါးပစ္စည်း ယူတတ်သော မိတ်ဆွေသည်လည်းကောင်း၊ အပြောသာရှိပြီး လက်မပါသော မိတ်ဆွေသည် လည်းကောင်း၊ အကြိုက်လိုက်ပြီးပြောသော မိတ်ဆွေသည် လည်းကောင်း၊ သေရည်သေရက် သောက်ဖော်သောက်ဖက် မိတ်ဆွေသည် လည်းကောင်း၊ ယင်းလေးဦးတို့သည် မိတ်ဆွေစစ် မဟုတ်ကုန်။ ယင်းအချက်ကို သိရှိပြီးလျှင် ပညာရှိသော ယောက်ျားသည် အန္တရာယ်ရှိသော လမ်းခရီးကဲ့သို့ ၎င်းတို့အား အဝေးက ရှောင်ကြဉ်သင့် လေသည်။
သိင်္ဂါလသည် ဖခင်ပြောကြား မှာထားချက်အရ အရပ်မျက်နှာခြောက်ပါးကို ရှိခိုးသည့်အကျင့်ကို ကျင့်ကြံပြုလုပ်သည်။ ဗုဒ္ဓသည် သိင်္ဂါလအား ရှိခိုးပူဇော်ရသည့် အရပ်မျက်နှာသစ် ခြောက်ပါးကို ဟောပြောတော်မူသည်။ ၎င်းတို့အနက် (၁) အရှေ့အရပ် မျက်နှာသည် အမိအဖ ဖြစ်ကုန်၏။ (၂) တောင်အရပ်မျက်နှာသည် ဆရာသမား ဖြစ်ကုန်၏။ (၃) အနောက်မျက်နှာသည် သားနှင့်မယား ဖြစ်ကုန်၏။ (၄) မြောက်အရပ်မျက်နှာ သည် အဆွေခင်ပွန်းတို့ ဖြစ်ကုန်၏။ (၅) အောက်အရပ်မျက်နှာသည် ကျေးကျွန်နှင့် အလုပ်သမားတို့ ဖြစ်ကုန်၏။ (၆) အထက်အရပ်မျက်နှာသည် သမဏဗြဟ္မာဏတို့ ဖြစ်ကုန်၏။
၁။ ယင်း အရပ်မျက်နှာခြောက်ပါးကို ရှိခိုးဝတ်ပြုမှုတည်းဟူသော အသွင်ဖြင့် လူလူချင်း ဘယ်လိုဝတ္တရားများ ထားရှိအပ်သည် ဆိုသည်ကို ဗုဒ္ဓက ညွှန်ပြတော်မူသည်။ မိဘအား အဘယ်ကြောင့် လုပ်ကျွေးပြုစုအပ်သနည်း ဆိုလျှင်၊ မိဘတို့သည် ငါ့အား မွေးမြူစောင့်ရှောက် ကြ၏။ ထို့ကြောင့် ငါသည် သူတို့အား မွေးမြူစောင့်ရှောက်အပ်၏။ သူတို့သည် ငါ့အမှုကိစ္စကို ပြုလုပ်ပေး၏။ ထို့ကြောင့် သူတို့၏ အမှုကိစ္စကို ငါပြုလုပ်ပေးအပ်၏။ သူတို့သည် အမျိုး အနွယ်ကို တည်တံ့အောင် လုပ်ကြကုန်၏။ ထို့ကြောင့် ငါသည် အမျိုးအနွယ်ကို တည်တံ့အောင် လုပ်အံ့၏။ သူတို့သည် ငါ့အား အမွေပေး၏။ ထို့ကြောင့် ငါသည် အမွေခံထိုက်အောင် ပြုလုပ်အပ်၏။
ဤကဲ့သို့ ငါးပါးသာ နည်းလမ်းဖြင့် ပြုစုလုပ်ကျွေးအပ်သည့် မိဖတို့သည် သားသမီး အပေါ်၌ ငါးပါးသော နည်းလမ်းဖြင့် စောင့်ရှောက်ကြကုန်၏။ (၁) မကောင်းမှုမှ တားမြစ်၏။ (၂) ကောင်းမှု၌ စိတ်ဝင်စားစေ၏။ (၃) အတတ်ပညာကို သင်ကြားပေး၏။ (၄) သင့်လျော်သော မိန်းမနှင့် ထိမ်းမြားပေး၏။ (၅) သင့်လျော်လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်း၏။ သူကြွယ်သား၊ ယင်း ငါးမျိုးတို့ကြောင့် သားသမီးတို့က မိဖတည်းဟူသော အရှေ့မျက်နှာကို ၀တ်ပြုအပ်ပေ၏။ ယင်းကဲ့သို့ ပြုလုပ်လျှင် ထိုအရှေ့အရပ်သည် လုံခြုံ၏။ ငြိမ်းချမ်း၏။ ဘေးကင်း၏။
၂။ နေရာမှထပြီး ခရီးဦးကြိုပြုခြင်း၊ ဆည်းကပ်ခစားခြင်း၊ စကားကိုနာယူခြင်း၊ အတတ် ပညာကို ရိုသေစွာ သင်ကြားလေ့ကျင့်ခြင်းများဖြင့် ဆရာသမားများအား လုပ်ကျွေးပြုစု အပ်ပေ၏။
၃။ မယားအား ပြုစုလုပ်ကျွေးနည်းများကာ မြတ်နိုးခြင်း၊ မထီမဲ့မြင် မပြုခြင်း၊ သူတပါး သားမယားကို မပစ်မှားခြင်း၊ ပစ္စည်းဥစ္စာကို လွှဲအပ်ခြင်း၊ အ၀တ်တန်ဆာကို ပေးခြင်းတို့ဖြစ် ကြ၏။ ယင်းသို့ ပြုလုပ်လျှင် မယားသည် အိမ်မှုကိစ္စကို ကောင်းစွာ ကြည့်ရှု၏။ အစေခံများလည်း ပိပိရိရိ နေကြကုန်၏။ မယားကိုယ်တိုင်ကလည်း လော်လည်ဖောက်ပြားခြင်း ရှိမည်မဟုတ်ပေ။ စုဆောင်းသိုမှီးထားသော ပစ္စည်းဥစ္စာကို စောင့်ရှောက်၏။ အားလုံးသော အလုပ်ကိစ္စတို့၌ ပျင်းရိငြီးငွေ့ခြင်း မရှိ။
၎။ မိတ်ဆွေများအား ပြုစုလုပ်ကျွေးနည်းကား ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သော စကားကို ဆိုခြင်း၊ အလုပ်ကိစ္စတွင် ကူညီဆောင်ရွက်ပေးခြင်း၊ မိမိနှင့် တန်းတူဆက်ဆံခြင်း၊ ယုံကြည်စိတ်ချအောင် ပြုလုပ်ခြင်းများ ဖြစ်ကြကုန်၏။ ယင်းသို့ ပြုလုပ်လျှင် ထိုမိတ်ဆွေသည် ကြည့်ရှုစောင့်ရှောက်၏။ သတိမေ့လျော့နေသည့်အခါ၌ ဥစ္စာပစ္စည်းကို မဆုံးအောင် လုပ်ပေး ၏။ ဘေးအန္တရာယ်ပေါ်လာသည့်အခါ၌ အကူအညီပေး၏။ ဒုက္ခရောက်သည့်အခါ၌ စွန့်ပစ် မသွားပေ။ ဤကဲ့သို့ မိတ်ဆွေမျိုးရှိသော ယောက်ျားများအား လူတို့သည် မြတ်နိုးပူဇော်ကြ ကုန်၏။
၅။ ထိုခေတ်အခါက ကျွန်ပ်တို့နိုင်ငံမှ လူထုများစွာသော အစိတ်အပိုင်းမှာ ကျေးကျွန်နှင့် အလုပ်သမားများ ဖြစ်ကြ၏။ များစွာသော ယောက်ျားနှင့် မိန်းမများမှာ ကျွန်၊ ကျွန်မများအဖြစ်နှင့် ပစ္စည်းတစုံတရာကဲ့သို့ အရောင်းအ၀ယ် ပြုလုပ်ခြင်း ခံကြရ၏။ ယခုခေတ်တွင် ကျေးကျွန်စနစ်ကို လူတို့သည် နှာခေါင်းရှုံ့ကြသည်။ သို့ရာတွင် နှစ်ပေါင်းတရာ ကျော် မတိုင်မီကလေးကပင် ကျွန်ပ်တို့ဒေသ၌ ကျေးကျွန်စနစ်သည် အထင်အရှား ရှိခဲ့ပေသည်။ နှစ်ပေါင်း ထောင်ကျော်ကမူ ကျေးကျွန်စနစ်အသွင်သည် ထို့ထက်ပင် ဆိုးဝါးပေလိမ့်မည် ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ တူညီမျှတမှုကို ဖြန့်ဖြူးဟောကြား တော်မူသော ဗုဒ္ဓနှင့် ဗုဒ္ဓ၏တပည့်တပန်း ရဟန်းတို့သည် ကျေးကျွန်များ၊ ကျေးကျွန်ဘ၀မှ လွတ်မြောက်မှုကို အမှန်ပင် အာရုံစူးစိုက်ခဲ့လေသည်။ သို့ရာတွင် လူပေါင်းများစွာတို့၏ ကုဋေကုဋာ စည်းစိမ်များမှာ ကျေးကျွန်များထားခြင်းနှင့် ဆက်နွှယ်နေ၏။ ကျေးကျွန်စနစ်ကို ကိုင်လှုပ်လိုက်လျှင် ကြောက်မက်ဖွယ် ဂယက်ထလာပေလိမ့်မည်။ ဘုရင်ဗိမ္ဗိသာရသည် ကျွန်တယောက် ရဟန်းပြုသွားသောအခါ ယင်းအန္တရာယ်ကို ဗုဒ္ဓအား လျှောက်ထားပြောပြ လေသည်။ ထိုအခါ ဗုဒ္ဓက ကျေးကျွန်အဖြစ်က မလွတ်သေးသူအား သံဃာဘောင်သို့ မသွတ်သွင်းရန် တားမြစ်ပိတ်ပင်တော်မူလိုက်၏။ ဗုဒ္ဓသည် ကျေးကျွန်စနစ်ကို မဖယ်ရှားနိုင်ခဲ့ ပေ။ သို့ရာတွင် ကျေးကျွန်တို့အား ကောင်းမွန်စွာ ဆက်ဆံသင့်ကြောင်းကိုမူ ညွှန်ကြားတော်မူ လေသည်။
သူကြွယ်သား၊ ငါးပါးသော နည်းလမ်းဖြင့် အရှင်သခင်သည် ကျေးကျွန်အလုပ်သမား တည်းဟူသော အောက်အရပ်မျာက်နှာကို ပြုစုအပ်ပေသည်။ (၁) စွမ်းအားရှိသလောက် သာလျင် အလုပ်ကို ခိုင်းစေခြင်းဖြင့်လည်းကောင်း၊ (၂) ထမင်းရိက္ခာကို ပေးခြင်းဖြင့်လည်း ကောင်း၊ (၃) မကျန်းမာသူအား ပြုစုခြင်းလည်းကောင်း၊ (၄) ကောင်းသော အရသာရှိသည့် အရာဝတ္ထုများကို ပေးခြင်းဖြင့်လည်းကောင်း၊ (၅) အခါ အားလျော်စွာ အားလပ်ခွင့်ပေးခြင်း ဖြင့်လည်းကောင်း၊ ဤ ငါးမျိုးဖြင့်...... ပြုစုအပ်သည်ရှိသော် ကျေးကျွန်အလုပ်သမားတို့သည် ငါးပါးသော နည်းလမ်းဖြင့် အရှင်သခင်အား စောင့်ရှောက်ကြကုန်၏။ (၁) အရှင်သခင်ထက် အရင် အိပ်ရာမှ ထကြကုန်၏။ (၂) အရှင်သခင်အိပ်ပြီးမှ အိပ်ကြကုန်။ (၃) ပေးသည်ကိုသာ ယူကြကုန်၏။ (၄) အလုပ်ကိစ္စများကို ကောင်းမွန်စွာ ပြုလုပ်ကြကုန်၏။ (၅) အရှင်သခင်၏ ဂုဏ်သတင်းကို ဖြန့်ဖြူးကြကုန်၏။
စွမ်းအားရှိသလောက် အလုပ်ကို ခိုင်းစေခြင်း၊ အစာရိက္ခာကို ပေးကမ်းခြင်း၊ မကျန်းမာသောအခါ၌ ပြုစုခြင်း၊ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း၊ အရသာရှိသော အစားအစာများကို ပေးကမ်းခြင်း၊ ယင်းအပြုအမူများသည် ကျေးကျွန်များအပေါ်၌ ကြီးစွာသော ထောက်ထားငဲ့ညှာခြင်း၊ အကျိုးပြုခြင်းပေတည်း။ ဗုဒ္ဓ၏၀ါဒသည် ကျေးကျွန်ဘ၀၏ ရက်စက် ကြမ်းကြုတ်မှုကို အတော်ခပ်များများ ယုတ်လျော့အားပျော့စေသည်မှာကား ယုံမှားဖွယ် မရှိပေ။
၆။ သမဏဗြဟ္မဏ (ရဟန်း-ပညာရှိ) တို့အား ပြုစုနည်းကို ဗုဒ္ဓက ဤသို့ ညွှန်ပြထား သည်။ ကိုယ်၊ နှုတ်၊ နှလုံးဖြင့် မေတ္တာနှင့် ယှဉ်သောအပြုအမူကို ပြုလုပ်ခြင်း၊ အလှူခံများအတွက် တံခါးကို ဖွင့်ထားခြင်း၊ စားသောက်ဖွယ်တို့ကို ပေးကမ်းလှူဒါန်းခြင်းများ သည် သမဏ ဗြာဟ္မဏတို့အား ပြုစုခြင်း ဖြစ်ပေသည်။
ဗုဒ္ဓသည် လူဝတ်ကြောင်များအတွက် ယင်း တာဝန်ဝတ္တရားထူးများကို ဟောပြောတော် မူလေသည်။

[ 'ရာဟုလာသံကိစ္စည်း' ရဲ့ 'မဟာမာန၀ဗုဒ္ဓ' ကို 'ပါရဂူ' ဘာသာပြန်တဲ့ 'မဟာလူသားဗုဒ္ဓ' စာအုပ်၊ ပဉ္စမအကြိမ် ပုံနှိပ်ခြင်း၊ ၂၀၀၃ က ကူးယူဖော်ပြပါတယ်။]