Monday, May 31, 2010

အစဉ်အလာနှင့် တော်လှန်ရေး
ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ)




လူရွှန်း
ရေးသူ- အောင်ဇံ
ထုတ်ဝေသူ- ရွှေပိန်ညှင်းစာအုပ်တိုက်
စာမျက်နှာ- ၄၅၄၊ အရွယ်- ၅ x ၇ လက်မ
အဖိုး- ၁၈ ကျပ်၊ အုပ်ရေ- ၁၀၀၀။

(က)

အစဉ်အလာ။
လေးနက်သော အဓိပ္ပါယ်ပါသည့် စကားလုံး။ အတွေးအခေါ်ပါသည့် စကားလုံး။ အစဉ်အလာ။ ခေါင်းဆောင်တယောက်ကို အကဲဖြတ်ရာ ဝေဖန်စိစစ်ရာ၌ မှတ်ကျောက်တခု။ ခေါင်းဆောင်ဆိုရာ၌ နိုင်ငံရေး ခေါင်းဆောင်၊ စာပေခေါင်းဆောင်။ တကယ်ကတော့ ခေါင်းဆောင်ဆိုသည်မှာ တခေတ်မှာ တယောက်လောက် သာ ပေါ်တတ်သည်။ စာပေခေါင်းဆောင်များတွင် ရုရှားတွင် ဂေါ်ကီ။ တရုတ်ပြည်တွင် လူရွှန်း။ မြန်မာပြည်တွင် သခင်ကိုယ်တော်မှိုင်း။ ဘယ်သူမှ ငြင်း၍မရ။ ထင်ရှားသည်။ သိသာသည်။ အဝေးမှပင် မြင်နိုင်ပါသည်။ ရွှေတောင်ကြီးလို၊ နေလို လလို။ ဘာကြောင့် ငြင်းမရသလဲ။ ဘာကြောင့် ထင်ရှားသလဲ။ ဘာကြောင့် အဝေးကပင် မြင်နိုင်သလဲ။ အစဉ်အလာကြောင့်။ ယင်း စာပေခေါင်းဆောင်တို့၏ ရုပ်ပုံမှ ဖြာထွက် လင်းဝင်းလျက်ရှိသော ရောင်ခြည်ကြောင့်။ အစဉ်အလာ လင်းရောင်ခြည်ကြောင့်။ နေမင်းအရောင်၊ လမင်းအရောင်တို့ကို ပြည်သူတို့က မြင်ကြရသည် မဟုတ်လား။
စာပေခေါင်းဆောင်။

ခေါင်းဆောင်ဆိုသည်မှာ လုပ်ယူ၍ ရတာမျိုး မဟုတ်။ ကိုယ့်ကိုယ်ကို နာမည်ပေး၍ ရသည်မဟုတ်။ လူသိများသော စာရေးဆရာလည်း စာပေခေါင်းဆောင်ဖြစ်ပြီဟု ထင်မှတ်၍ မရ။ ပြည်သူတို့၏ ရင်ထဲက လိုလားနှစ်သက် ကြည်ညိုလေးစား ချစ်ခင်ယုံကြည်သောကြောင့်သာ သူတို့၏ ခေါင်းဆောင်ဟူ၍ ပြည်သူက အသိအမှတ်ပြုခြင်း ဖြစ်ပေသည်။ အကြောင်းမဲ့မဟုတ်။ သူ၏ စာပေ၊ အနုပညာကြောင့်၊ သူ၏ ပြည်သူတို့ အကျိုးဆောင်ရွက်ချက်ကြောင့်၊ ပြည်သူတို့ဘက်က အစဉ် ရပ်တည်သော ဆောင်ရွက်ချက် အစဉ်အလာကြောင့်။ ယင်း အစဉ်အလာကြောင့်။

အစဉ်အလာဆိုသည်မှာ သူဖြတ်သန်းသွားသော ခေတ်သမိုင်းကို သူမည်သို့ တုံ့ပြန်ဆောင်ရွက်သည် ဆိုသော လုပ်ရပ်။ အဖိနှိပ်ခံ ပြည်သူဘက်က မည်သို့ ရပ်တည်သလဲဆိုသော သမိုင်းဖြစ်ရပ်။ ဤကား ငြင်း၍မရ။ သမိုင်းကို ဖျောက်ဖျက်၍လည်းမရ။ စာပေပညာရှင်များအဖို့ သာ၍ မရ။ သူ၏ အရေးအသားများမှာ အဖြူပေါ် အမည်း ထင်ပြီးသား၊ ကမ္ဗည်းထိုးပြီးသား။ ခေတ်အဆက်ဆက် ရှာဖွေ ကိုးကား၍ ရသည်။ ဘယ်ခေတ်တုန်းက ဘာရေးခဲ့သည်။ အဖိနှိပ်ခံ ပြည်သူဘက် နေသလား၊ ဖိနှိပ်သော အုပ်စိုးသူဘက် နေသလား။ ဤကား သူ၏ အစဉ်အလာကို ရှာဖွေခြင်း ဖြစ်သည်။ ဤကား သူဖြတ်သန်းလာသော သမိုင်းခေတ် အဆက်ဆက်တွင် သူဘာတွေ လုပ်သလဲဆိုသော အစဉ်အလာ။

အစဉ်အလာသည် သူ၏ ပြည်သူများ ဆင်နွှဲသော တော်လှန်ရေးကြီးနှင့် ဆက်စပ်နေပေသေးသည်။ ဂေါ်ကီ၊ လူရွှန်း၊ သခင်ကိုယ်တော်မှိုင်း။ ဆိုရှယ်လစ် တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေး၊ တော်လှန်ရေး စသော သူတို့ ပြည်ရှိ တော်လှန်ရေး အသီးသီးသည် သူတို့နှင့် ဆက်စပ်နေသော အစဉ်အလာများပင် မဟုတ်ပါလား။

တော်လှန်ရေးဆိုသည်ကား လက်ရှိ စနစ်ထက် သာလွန်ကောင်းမွန်သော စနစ်သစ်တရပ်သို့ တဟုန်ထိုး ပြောင်းလဲခြင်း ဖြစ်သည်။ ခေတ်ဟောင်း စနစ်ဟောင်းထက် သာလွန် ကောင်းမွန်ချင်သောကြောင့် တော်လှန်ရေး ဆင်နွှဲခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဘာကြောင့် အသက်အိုးအိမ် အဆုံးရှုံးခံ၍ တော်လှန်ရေး ဆင်နွှဲတော့မည်နည်း။ တော်လှန်ရေး ရှိသကဲ့သို့ ဆန့်ကျင်ဘက် တော်လှန်ရေး ဆိုတာလည်း ရှိတတ်သေး သည်ကို သတိပြုဖို့ လိုပေသည်။ တန်ပြန်တော်လှန်ရေး ဟူ၍လည်း ခေါ်ကြသည်။ တော်လှန်ရေးနှင့် ပြောင်းပြန် သွားနေသော ဆန့်ကျင်ဘက် ရေးစီးကြောင်း။ တော်လှန်ရေးက တိုးတက်ခြင်းကို ရှေ့ရှု၍ ဆန့်ကျင်ဘက် တော်လှန်ရေးကတော့ ဆုတ်ယုတ်ခြင်းကို ကိုယ်စားပြုသည်။ အစဉ်အလာရှိသူသည် တော်လှန်ရေးဘက်မှ နေ၍၊ အစဉ်အလာမရှိသူသည် ဆန့်ကျင်ဘက်တော်လှန်ရေးမှ နေတတ်သည်။

တိုင်းပြည်တိုင်းတွင် တော်လှန်ရေးများ ရှိသည်သာ။ တော်လှန်ရေးတို့တွင် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဘက်မှ မီးရှူးတန်ဆောင် ထွန်းညှိ ပေးသူများ ရှိစမြဲပင်။ ပြည်သူတို့က ယင်း မီးရှူးတန်ဆောင် အလင်းရောင်၌ ချီတက်ကြသည်။

ယင်းသို့လျှင် အစဉ်အလာ၊ ခေါင်းဆောင်၊ တော်လှန်ရေးတို့သည် ဆက်စပ်နေသော ဓမ္မတရားများ ဖြစ်ကြပေသည်။

(ခ)

လူရွှန်း (၁၈၈၁ - ၁၉၃၆)သည် တရုတ်ပြည်တော်လှန်ရေး၏ စာပေတပ်ဦးမှ ပြည်သူတို့၏ ရင်ထဲကကို လိုလားနှစ်သက် ကြည်ညို လေစား၊ ချစ်ခင် ယုံကြည်ခြင်း ခံရသော ခေါင်းဆောင် ဖြစ်ပေသည်။ ဘာကြောင့်လဲ။ အစဉ်အလာ ရှိသောကြောင့် ဖြစ်ပေသည်။ ဘာအစဉ်အလာလဲ။ ပြည်သူတို့၏ တော်လှန်ရေးနှင့် မကွဲမကွာ ဆက်စပ်နေသော အစဉ်အလာ။ ဆန့်ကျင်ဘက် တော်လှန်ရေး အယူအဆများကို တိုက်ခိုက်သော ရဲရင့်သော အစဉ်အလာ။ အဖိနှိပ်ခံ ပြည်သူတို့ဘက်မှ အစဉ်မပြတ် ရပ်တည်ခဲ့သော အစဉ်အလာ။

လူရွှန်း၏ ဘ၀သက်တမ်း၌ တရုတ်ပြည် တော်လှန်ရေးကြီးကို ဖြတ်သန်းသွားခဲ့သည်။ တော်လှန်ရေး (၂) ဆင့်။ ဓနရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေး။ ၁၉၁၁ ၌ မြေရှင်ပဒေသရာဇ်မင်း မန်ချူးမင်းဆက်ကို ဖြုတ်ချကာ တရုတ်သမ္မတနိုင်ငံတော် တည်ထောင်သော တော်လှန်ရေးကာလ။ ထိုကာလ၌ လူရွှန်းမှာ ငယ်ရွယ်သေးသည်။ ဂျပန်ပြည်မှ ဆေးကျောင်းသားအဖြစ် ပြန်လာကာစ။ နယ်ချဲ့ဆန့်ကျင်ရေး၊ အလုပ်သမား၊ ကျောင်းသား၊ ပညာရှင်၊ လူငယ်များ လက်တွဲသော မြေရှင်ပဒေသရာဇ်၏ ဆန့်ကျင်ရေး၊ ၁၉၁၉ မေလ(၄)ရက် အရေးတော်ပုံတွင်ကား လူရွှန်းကိုယ်တိုင် ပါဝင်လာတော့သည်။

ယင်းမေလ(၄)ရက် အရေးတော်ပုံပြီးနောက် တရုတ်ပြည်၏ တော်လှန်ရေးသည် ဒီမိုကရေသစ် တော်လှန်ရေးဟူသော ကဏ္ဍသစ်သို့ ကူးပြောင်းလာသည်ဟု အဆိုရှိပေသည်။ သည်ကာလ ပတ်ဝန်းကျင် လောက်ကစ၍ လူရွှန်း၏ စာပေတို့သည် ထက်မြက် တောက်ပလာပေသည်။ ထိုအခါက လူရွှန်းသည် အသက် (၃၈) နှစ်ခန့် လူငယ်စာရေးဆရာ ဖြစ်ပေသည်။

၁၉၁၈ တွင် ရေးသော 'အရူးနေ့စဉ်မှတ်တမ်း' ၀တ္ထုသည် သူ၏ စာပေသစ်ကဏ္ဍတွင် မှတ်တိုင်တတိုင် ဖြစ်သည်။ မြေရှင်ပဒေသရာဇ် မိသားစု၏ ဆိုးရွားပုံကို သရုပ်ဖော်ထားသော ၀တ္ထု ဖြစ်သည်။ သည်ဝတ္ထုကစ၍ လူရွှန်းသည် ပြည်သူတို့၏ အသည်းစွဲ စာရေးဆရာအဖြစ် ကျော်ကြားလာခဲ့ပေသည်။ ဒီမိုကရေစီတော်လှန်ရေး၏ ဖွားဘက်တော် စာပေသစ် ယဉ်ကျေးမှုတပ်ကို စည်းရုံးလိုက်ခြင်း မည်ပေသည်။ စာဖတ်သူလူထု လွယ်ကူ ရှင်းလင်းစွာ နားလည်နိုင်သော နေ့စဉ်သုံး စကားလုံး စာသားဖြင့် ရေးသားသော ၀တ္ထုဖြစ်၍ ခေတ်သစ်တရုတ် စာပေသမိုင်း၏ မှတ်တိုင်လည်း ဖြစ်ပေသည်။

လူရွှန်း၏ စာရေးဆရာဘ၀ မာတိကာကား ဘက်စုံလှပေသည်။ ၀တ္ထုရေးဆရာ၊ ကဗျာရေးဖွဲ့သူ၊ ဝေဖန်ရေးဆရာ၊ လူငယ်သစ် မဂ္ဂဇင်းအယ်ဒီတာ၊ စာပေသမိုင်းဆရာ၊ စာပေပါမောက္ခ၊ လက်ဝဲစာရေးဆရာအသင်း တည်ထောင်သူ၊ ဘာသာပြန်ဆရာ။ ၀တ္ထုဆရာအဖြစ်ကား သူသည် တရုတ်ပြည် ဘ၀အလွှာစုံ၊ ခဲစားမှုအစုံကို ၀တ္ထုတိုပေါင်းများစွာဖြင့် ဖွဲ့နွဲ့ခဲ့သည်။ ကဗျာအနည်းငယ် ရေးသည်။ ဝေဖန်ရေးဆရာ အဖြစ်ကား ဆန့်ကျင်ဘက် တော်လှန်ရေး အယူအဆများကို ပြတ်သားထက်မြက်သော နိုင်ငံရေး၊ အတွေးအခေါ်ရေး ဝေဖန်စာ မြောက်မြားစွာဖြင့် တိုက်ခိုက်ခဲ့သည်။ သူက 'တော်လှန်စာပေ' ဟူသော တံဆိပ်ကပ်ကာ ဟန်ရေးပြနေသူများကို အမြင်ကပ်နေပုံ ရသည်။ သူက တကယ့် တော်လှန်ရေးသမားမှ တော်လှန်ရေးစာပေကို ရေးနိုင်သည်ဟု ဝေဖန်ထားသည်။ သူသည် အတုနှင့် အစစ်ကို ခွဲခြားရန် သတိပေးခြင်း ဖြစ်သည်။ တော်လှန်ရေးနှင့် ဆန့်ကျင်ဘက် တော်လှန်ရေးသမားကို ကွဲပြားအောင် စီစစ်ပေးခြင်း သဘော။ အထူးသဖြင့် ချန်ကေရှိတ်၏ ကူမင်တန် အစိုးရလက်ထက် ရှုပ်ထွေးနေသော အယူအဆများ ယှက်သန်းနေသည့် ကာလ၌ စာဖတ်သော ပြည်သူတို့သည် လူရွှန်း၏ ဝေဖန်ရေး ဆောင်းပါးများကို ဖတ်ပြီး ထင်လင်း ကြည်လင်ခြင်း ဖြစ်ကြရသည်။ ထို့ကြောင့် လူရွှန်း၏ ဝေဖန်ရေးဆောင်းပါးများကို စောင့်ဖတ်ရသည်ဟု အဆိုရှိသည်။

သူသည် လူငယ်သစ်မဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း တိုးတက်သော လူငယ်ပညာတတ် ပိုင်းကို စည်းရုံးသည်။ သူသည် ရသစာပေ ဖွဲ့နွဲ့ရာ၌သာ တော်သည် မဟုတ်သေး။ တရုတ်ဝတ္ထုသမိုင်းကို ပြုစုသော စာပေသမိုင်းဆရာလည်း ဖြစ်သည်။ ပီကင်း၊ အေမွိုင်၊ ကန်တုန် စသော တရုတ်ပြည်ရှိ တက္ကသိုလ်များ၌ စာပေပို့ချသော ပါမောက္ခဖြစ်သည်။ ပါမောက္ခအဖြစ် ခေတ်သစ်တရုတ်စာပေကို သင်ကြားရင်း ကျောင်းသားလူငယ်များ၏ ဒီမိုကရေစီ အခွင့်အရေးဘက်မှ ရပ်တည်ပေးသည်။ ကျောင်းသားလူငယ်များက သူ့ကို ရဲဘော်အဖြစ် ချစ်ခင် ယုံကြည်ကြသည်။ ၁၉၃၀ ပတ်ဝန်းကျင်၌ လက်ဝဲ တရုတ်စာရေးဆရာ လောကတွင် တော်လှန်ရေးနှင့် ဆန့်ကျင်ဘက် တော်လှန်ရေး သဘောထားများဖြင့် ရှုတ်ထွေးကာ အရောရော အနှောနှော ဖြစ်နေစဉ် သူသည် ကြည်လင် ပြတ်သားသော ဦးတည်ချက်ဖြင့် လက်ဝဲစာရေးဆရာ အသင်းဟူသော စာရေးဆရာအဖွဲ့အစည်းကို အချိန်ကိုက် တည်ထောင်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်ကား ချန်ကေရှိတ် ကူမင်တန်အစိုးရက ပြည်သူများကို မညှာမတာ ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်လျက် ရှိနေပြီး တဘက်တွင် တရုတ်ကွန်မြူနစ် ပါတီက လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲလျက် ရှိနေသည်။ ယင်းသို့ ဆန့်ကျင်ဘက်တော်လှန်ရေးနှင့် တော်လှန်ရေးတို့ အားပြိုင်နေကြစဉ် ယင်းအချိန်ကာလ၌ လူရွှန်းက တရုတ် လက်ဝဲစာရေးဆရာအသင်း ဖွင့်ပွဲတွင် 'ကျွန်တော့်အမြင်ကတော့ ဒီကနေ့ လက်ဝဲစာရေးဆရာတွေဟာ လက်ယာ စာရေးဆရာအဖြစ် ကူးပြောင်းသွားဖို့ အင်မတန်လွယ်ပါတယ်။ အဲဒါကို အနောက်နိုင်ငံတွေမှာ မှန်ခန်း ဆိုရှယ်လစ်တွေလို့ ခေါ်ပါတယ်' ဟု ပြောခဲ့ပေသည်။ သူသည် နယ်ခြားမျဉ်းကြောင်းကို သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

လူရွှန်းသည် ဘာသာပြန်ဆရာ အဖြစ် ၀တ္ထုများကို ဘာသာပြန်သူတယောက် ဖြစ်သည်။

လူရွှန်းသည် တရုတ်ပြည်သူ့ အခွင့်အရေးအသင်း စသော ပြည်သူ့အဖွဲ့အစည်းများ၌ ပါဝင် ဆောင်ရွက်သည်။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသော ပြည်သူ့ဘက်မှ လူထုလှုပ်ရှားမှုကို အားပေးသည်။ သူသည် ကွန်မြူနစ်ပါတီဝင် တယောက်ကား မဟုတ်။ သူ့ကို မော်က 'တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ သေနာပတိချုပ်' ဟု ဖော်ပြခဲ့သည်။ ယင်းသို့ တော်လှန်ရေး အစဉ်အလာလည်းရှိ၊ စာပေရေးသား ဖွဲ့နွဲ့မှုကလည်း အနုပညာ မြောက်သဖြင့် ပြည်သူတို့၏ ရင်ထဲကကို လိုလား နှစ်သက် ကြည်ညို၍ လေးစား ချစ်ခင်အပ်သော စာပေ ခေါင်းဆောင် ဆရာကြီးတဆူအဖြစ် နေလရောင်ဝါ ထင်ရှားခြင်း ဖြစ်သည်။

အောင်ဇံသည် လူရွှန်း၏ အတ္ထုပ္ပတ္တိကို စာအုပ် အကိုးအကားများဖြင့် ပြုစုထားပေသည်။

ဗညားသီဟ(ဒဂုန်တာရာ)

[ဗညားသီဟ ကလောင်နာမည်နဲ့ ၁၉၇၆ မှ ၁၉၈၁ ခု မေလအထိ- မိုးဝေစာပေမဂ္ဂဇင်းတွင် စာပေစစ်တမ်း ကဏ္ဍမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုပေါင်းထုတ်ဝေထားတဲ့ 'စာပေစစ်တမ်း-ဗညာသီဟ' စာအုပ်၊ ပထမအကြိမ်၊ ၁၉၉၇ သြဂုတ် မှ ကူးယူဖော်ပြပါတယ်။]

Sunday, May 23, 2010

ထက်ထက်မာပါစေ
ရေးသူ- လူထုစိန်ဝင်း



ဒီဇင်ဘာ ၆ ရက်နေ့ မနက်စောစော တိုင်ဝမ်က တပည့်တယောက် ဖုံးဆက်လာပါတယ်။ မေးနေကျ ဆရာ နေကောင်းရဲ့လား ဆိုတဲ့ စကားနဲ့ နိဒါန်းပျိုးမတော့ဘဲ အရေးတကြီး သူ သိချင်နေတဲ့ သတင်းတခုကို အမောတကော မေးချလိုက်ပါတယ်။

"ထက်ထက်မိုးဦး ဆုံးသွားတယ်ဆိုတာ တကယ်လား" တဲ့။ ဂျာနယ် မဂ္ဂဇင်းသမားတွေ အိမ်ကို အ၀င်အထွက် များတဲ့အကြောင်း သိနေတဲ့အတွက် လှမ်းမေးလိုက်တာပါ။ အဲဒီနေ့တနေ့လုံး လာသမျှ လူတွေအားလုံးက ဒီမေးခွန်းချည်း မေးကြ ပြောကြပါတယ်။ ခုတိုင်းဆိုရင် စာနယ်ဇင်းသမားပဲလာ လာ၊ တပည့် ကျောင်းသူ ကျောင်းသားတွေပဲ ရောက်ရောက်၊ အီရတ်ကို အမေရိကန်က ၀င်တိုက်မယ်တကဲကဲ ဖြစ်နေတဲ့ကိစ္စ၊ ပါလက်စတိုင်းသမ္မတ ယာဆာအာရာဖတ်ကို အစ္စရေးက သူခိုးဓားပြတယောက်သဖွယ် ၀ိုင်းပတ်ပိတ်ဆို့ပြီး ဖမ်းမယ် သတ်မယ် တကြိမ်းကြိမ်း လုပ်နေတဲ့ ကိစ္စ စတာတွေပဲ ပြောဖြစ်ကြပါသေးတယ်။

ဟော... အခုလည်း ထက်ထက်မိုးဦးအကြောင်းပဲ လူတိုင်း ကြီးငယ်မရွေး မေးနေကြပြန်ပြီ။ သူလည်း တကယ့်ကို လူတိုင်းချစ်တဲ့ ပုဂ္ဂိုလ်မဟုတ်လား။ သူ့သတင်းကလည်း မြန်မာပြည် တနံတလျားသာမက ရေခြားမြေခြား ဒေသများအထိတောင် နာရီမဆိုင်း ပျံ့သွားတာပါ။ ရောက်လာသမျှလူတိုင်းက ထက်ထက်မိုးဦး အကြောင်းပဲ ပြောနေကြချိန်မှာ အိမ်ဘေးခန်းနေ ၀မ်းကွဲနှမကလည်း သူ့ဆီကို ပဲခူးက မိတ်ဆွေတွေ လှမ်းပြီး စုံစမ်းတဲ့အကြောင်း ပြောပြပါတယ်။ မသိသေးပါဘူးလို့ ဖြေလိုက်တော့ ပဲခူးမိတ်ဆွေများက ရုပ်ရှင်အစည်းအရုံးရဲ့ ဖုံးနံပါတ်သိရင် ပေးပါလို့ တောင်းသတဲ့လေ။

ဒီကလေးမက တော်တော်ထူးခြားပါတယ်။ သူ့ထက် ရုပ်လှတဲ့ မင်းသမီးတွေ အများကြီးပါ။ သူ့ထက် အမူအရာ သရုပ်ဆောင်မှုကောင်းတဲ့ လူတွေ တပုံကြီးပါ။ ဒါပေမယ့် ဘယ်သူမှ သူ့အောင်မြင်မှုမျိုး မရကြပါဘူး။ သူကတော့ ရုပ်မြင်သံကြားရှေ့မှာ အိမ်ရှိလူကုန် အဘိုးအဘွားကအစ မြေးကလေးများအထိ စုရုံး ရောက်ရှိနေအောင် ဆွဲဆောင်ပေးထားတဲ့သူ ဖြစ်ပါတယ်။ ရုပ်မြင်သံကြား ကြည့်လေ့မရှိကြသူတွေတောင် ကြော်ငြာတွေကိုတော့ ထိုင်ကြည့်တတ်ကြပါတယ်။ ကိုယ်တိုင်တောင်မှ ရုပ်ရှင်ရုံတွေ သွားပြီး ရုပ်ရှင် မကြည့်နိုင်တာ ၃၇ နှစ် ရှိပါပြီ။ ဒါပေမယ့် ထက်ထက်မိုးဦးရဲ့ ကြော်ငြာတွေတော့ တခုမကျန် ကြည့်ဖူးပါတယ်။ နှစ်လည်း နှစ်သက်ပါတယ်။

ဒီကလေးမဟာ ရုပ်အချောကြီး မဟုတ်ပါဘူး။ သရုပ်ဆောင်လည်း ကောင်းလှချည်ရဲ့ ဆိုလောက်အောင် မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို လူတိုင်း မချစ်ဘဲ မနေနိုင်ပါဘူး။ အထူးသဖြင့် ကြော်ငြာတွေမှာ သရုပ်ဆောင်တာလေးတွေက မြူးထူးလန်းဆန်းပြီး အပြစ်ကင်းစင်တဲ့ မျက်နှာပေးလေးကြောင့် ကလေးလူကြီး အားလုံး ချစ်ကြပါတယ်။ သူ့အမူအရာလေးတွေက ကလေးဆန်ပါတယ်။ ကလေးဆန်တော့ ဖြူစင်သန့်ရှင်း ပါတယ်။ ဒီ ဖြူစင်သန့်ရှင်းမှု၊ အပြစ်ကင်းစင်မှုကြောင့် သူ့ကို လူတွေ ချစ်ကြတာပါ။ ချစ်တဲ့လူကို မသေစေချင်တာ သဘာဝပါ။ မချစ်လို့ကတော့ ဘယ်နေ့သေသေ၊ ဘယ်လိုသေသေ ဘယ်သူမှ စိတ်မ၀င်စားပါဘူး။ ဒါလည်း သဘာဝပါ။

မုန်းသူများဆိုရင်တော့ သေတာ နောက်တောင်ကျသေးတယ်လို့တောင် ပြောလေ့ ရှိပါတယ်။ ဒါလည်း သဘာဝပါပဲ။ မျက်မြင်ကိုယ်တွေ့ လူတိုင်း ကြုံဖူးပါတယ်။

ချစ်တယ် မုန်းတယ်ဆိုတာ ဖန်တီးယူလို့ ရတာမျိုး မဟုတ်ပါဘူး။ ငွေပေးဝယ်လို့ မရသလို၊ အတင်းအကျပ်ခိုင်းလို့လည်း မရပါဘူး။ ကိုယ်က ချစ်စရာကောင်းအောင်နေမှ၊ ချစ်စရာကောင်းအောင် လုပ်မှ လူတွေက ချစ်တာပါ။ လူတွေ သဘောကျ ချစ်ခင်လာအောင်ဆိုပြီး ဟိတ်ဟန်ထုတ် ၀င့်ဝါတာမျိုး၊ နာမည်ကြီးအောင် စတန့်ထွင်တာမျိုး လုပ်တတ်ကြပါတယ်။ အထူးသဖြင့် လူထုပရိသတ်နဲ့ လုပ်စားရတဲ့ သဘင်လောကနဲ့ နိုင်ငံရေးလောက၊ အမျိုးမျိုးတွေ အများကြီး လုပ်တတ်ကြပါတယ်။ သမ္မတ ကနေဒီတို့၊ ကလင်တန်တို့ ကြည့်ပါလား။

ဒါပေမယ့် အပြစ်ကင်းစင်တဲ့ ဖြူစင် ရိုးသားမှုအခံ မရှိလေတော့၊ ကနေဒီက လုပ်ကြံခံရပြီး သေခဲ့ရတယ်။ ကလင်တန်က အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး ကျန်ရစ်ခဲ့ရတယ်လေ။ ဟိတ်ဟန်ထုတ်တယ်၊ စတန့်ထွင်တယ်ဆိုတာမျိုးက တပွဲတိုးသာ ရပါတယ်။ ကြာရှည်မခံပါဘူး။ ရိုးသားဖြူစင်မှု၊ အပြစ်ကင်းစင်မှုကသာ ထာဝရတည်တံ့တာ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးက ရုပ်ရှင်နဲ့ ကြော်ငြာ သရုပ်ဆောင်ရာမှာသာ ချစ်စရာကောင်းအောင် လုပ်ပြတတ်တာ မဟုတ်ပါဘူး။ မိဘမဲ့ကလေး ဂေဟာတွေကို နှစ်စဉ်လှူဒါန်းတာ၊ စာသင်ကျောင်းဆောက်တာ စတဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေလည်း မပြတ်လုပ်တတ်ကြောင်း သိရပါတယ်။ ဘုရားတည်တာလို ကုသိုလ်ရေးကိစ္စတွေလည်း သူ့ချွေးနဲ့ ရင်းပြီးရတဲ့၊ သူ့ဘ၀နဲ့ ရင်းပြီးရတဲ့ ငွေကလေးနဲ့ အမြဲမပြတ်လုပ်နေကြောင်း ကြားသိနေရပါတယ်။ ဒါတွေကြောင့်လည်း သူ့ကို ၀ိုင်းချစ်နေကြတာပါ။

အဲဒါကြောင့် ထက်ထက်မိုးဦးလို ပရဟိတ စေတနာရှင်လေး အသက်ရှည်စေချင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ အလုပ်တွေ အများကြီး လုပ်စေချင်ပါတယ်။ ထက်ထက်သေမှာကိုတော့ လူတိုင်း နှမြောကြပါတယ်။ အဲဒါကြောင့် လူတိုင်းကိုယ်စား မေတ္တာပို့ပေးလိုက်ပါတယ်။ ထက်ထက် မာပါစေ။

လူထုစိန်ဝင်း
အလင်းတန်းဂျာနယ် အမှတ် (၂၃၃)
၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

[Future Publishing House က ထုတ်ဝေတဲ့ လူထုစိန်ဝင်း- အလင်းတန်းဆောင်းပါးများ စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီမှ ကူးယူဖော်ပြပါတယ်။]

Friday, May 21, 2010

ရေရှားသည့်အကြောင်း
{မြန်မာသံတော်ဆင့်သတင်းစာ(၁၈၇၄) ခေါင်းကြီးပိုင်း}




ဂိမာန်ခေတ်ရောက်၊ နွေဦးပေါက်မှာ၊ ထုတ်သောက်စရာ၊ မရသာအောင်၊ ဟံသာမြို့တကြော၊ ရေများကော၍၊ မပေါရှားစ ပြုလာသည်။ ရေတွင်း၊ ရေကန်၊ အတန်တန်သည်၊ သွေ့ပြန်ခြောက်ခန်း၊ ရွှံ့နုန်းလွှမ်း၍၊ ပင်ပန်းကြုံရ၊ ဗိုလ်တထောင်ဒေသတွင်၊ နေကြသောသူတို့မှာ ရေမူမကြည် နောက်ကျိသည်နှင့်၊ သောက်မှီသုံးရ၊ ရွှံ့နုန်းကျကို၊ မရသာ ရသာ သောက်ရရှာသည်နှင့်၊ မျက်နှာမလှ ရေဒုက္ခကြောင့်၊ နွမ်းလျညှိုးလျော်၊ စိတ်မပျော်အောင်၊ ခုသော် တွေ့ကြီး တွေ့လေသည်။ သို့စဉ်နွေစ၊ ရောက်ခါမျှနှင့်၊ ဒုက္ခစိတ်နောက်၊ နှိုင်းချင့်ထောက်မူ၊ ထို့နောက်လယ်ဆုံး၊ နွေအလုံးမှာ၊ ပိန်ချုံးကြုံကျ၊ မိန်မယောက်ျား၊ လူအများမှာ၊ သောက်စရာ ဗလပြတ်ရန် ရှိတော့သည်။ လမ်းသေးလမ်းမ တည်ရှိကြသော အစိုးရရေတွင်း ပြွန်အချို့တို့မှာလည်း အသုံးမရ ကျိုးပဲ့ပျက်စီးကြသဖြင့် အချည်းနှီး အလဟဿသာ ရှိလေသည်။ မြစ်တွင်းရေကို သုံးစွဲရမည်လည်း ရောဂါရောက်ရန် ရှိချေသည်။
ထိုသို့ဖြစ်၍ ယခုအစိုးရမင်းတို့က ယင်းရေပြွန်ပျက်စီးသည်များကို သတ္တ၀ါ ကျွန်တော်မျိုးတို့အား သနားခြင်း ကရုဏာများစွာ ရှိတော်မူသည်နှင့်အညီ၊ အရှည်ခိုင်လုံစွာ ပြင်ဆင်တော်မူကြပါမူ များစွာရေရှားရန်မမြင်၊ ကြည်လင်အေးမြ၊ ရေပေါပေါခပ်မျောမျောသုံးရ၍ နွေကာလ ဆယ်ငါးထွေ၊ ဆယ့်ငါးပြန်ရှိစေတော့၊ အထွေထွေ ရေပြွန်ပျက်ကို ဆက်လက်၍ ပြင်သည့်မှု၊ ယခုရန်ကုန်မြို့တွင် မြို့သူမြို့သားတို့ သောက်သည့်ပြင်၊ နောက်တခွင် ဘင်္ဂလားနှင့်ဘန်ကောက်၊ ဇင်းမယ်မြို့တလျှောက်က၊ ယွမ်းပြည်ရောက်သိမ်းချုပ်၊ တရုတ်တို့ နိုင်ငံပါ၊ တိုင်းရတနာမလပ် မော်လမြိုင်၊ ရေး၊ ထားဝယ်၊ ရခိုင်နယ် သိမ်းခပ်၍၊ အရပ်ရပ် တိုင်းအပေါ်က နိုင်ငံတော်တံဆိပ်နှင့်၊ ရန်ကုန်မြို့သင်္ဘောဆိပ်သို့၊ ရေသိပ်သည့်ကိစ္စကြောင့် လာရောက်၍ သောက်သုံးကြ သော်လည်း ပြုန်းနိုင်စရာ အကြောင်းသည် သန်းဥက္ခောင်းမမြင်ချေ။

ဘင်္ဂလားမြို့နယ်မြေများ၊ အစားဆန်ရေနွမ်းလျ၍ ရန်ကုန်မြို့သို့ ခေါ်ခဲ့ကြသော ဒုက္ခိတလူများကို တပ်းသောအလုပ်အကိုင်တို့ကို မထားဦးဘဲ တန့်စား၍သင့်တင့်ရာ ရေခပ်ရာအရပ်တွင် ရေတွင်းရေကန် ဆင့်ထပ်၍ အစိုးရအရှင်တို့ သော့အလျင်ကြပ်ပြီးလျှင် တသမတ်တည်း ပြုတော်မူပါ ဒေါင်းအငူသပြေရိပ်၊ ဟံသာမြို့မြေထိပ်မှာ၊ ရေမသိပ်ပေါများ၍ သိန့် - ၄ လီ ပထ၀ီမပျက်မပြားခင်ကို တန့်စားလို့ တည်မည်ကြောင့်၊ အရှည်ကိုနှိုင်းယှဉ်လျက်၊ ဥယျောဇဉ်ထည့်လိုက်ပေသည်။

၁၂၃၅ ခု၊ တန်ခူးလဆန်း (၄)ရက်
၁၈၇၄ ခု၊ မတ်လ (၂၁) ရက်၊ စနေနေ့
နံနက်ခင်း မြန်မာသံတော်ဆင့် သတင်းစာမှ

[ကြီးပွါးရေးတိုက်ထုတ် လူထုဦးလှ ရဲ့ နှစ်တရာကအောက်ပြည်အောက်ရွာ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၂ မတ်လ မှ ကူးယူဖော်ပြပါတယ်]

မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ၀င်ရောက်နေထိုင်ခြင်း
ရေးသူ- ဒေါက်တာသန်းထွန်း




အရှေ့တောင်အာရှ မြို့နိုင်ငံတွေကို ၀င်ရောက်လုယက် ဖျက်ဆီးခဲ့တဲ့ နန်ကျောင်စစ်တပ်ကြီးမှာ မန်းမန်တွေ ပါတယ်။ မြန်မာနိုင်ငံမှာ ခရစ် ၈၃၂ နဲ့ ၈၃၅ အတွင်း လုယက်ဖျက်ဆီးတယ်။ မန်းမန် တပ်သားတွေဟာ သတ္တိရှိတယ်။ သစ္စာရှိတယ်လို့ ဂုဏ်သတင်းကြီးတယ်။ မန်းမန် တပ်သားတယောက်ကို ဖမ်းဆီးရမိတဲ့အခါမှာ ဘယ်လိုပဲ ရိုက်နှက်စစ်ဆေးပေမယ့် စစ်တပ်ရဲ့ အရေးပါတဲ့ လျှို့ဝှက်ချက်တွေကို မေးမရပါ။
အဲဒီ လူတွေဟာ စစ်တိုက်ခိုက်တာကို အစကပဲ နှစ်သက်သူတွေ ဖြစ်ပေမယ့် နန်ကျောင်ခိုင်းသလို အကြာကြီး လှည့်လည် လုယက်တိုက်ခိုက်နေလို့ မဖြစ်နိုင်လို့ သဘောပေါက်လာတယ်။ ဒါကြောင့် ခရစ် ၉ရာစုနှစ် လယ်က စပြီး နန်ကျောင်အုပ်စိုးတဲ့ ပြည်နယ်ထဲက ထွက်ခွါလာခဲ့တယ်။ အရှေ့တောင် အာရှတခွင် နေရာအများကို ရောက်ဖူးပြီး ဖြစ်ပေမယ့် ဗဟိုမြန်မာနိုင်ငံ မြေပြန့်ဒေသတွေကိုသာ သူတို့ရဲ့ အိုးအိမ်သစ် ထူထောင်ဖို့ ကောင်းတဲ့နေရာလို့ ရွေးချယ်လိုက်တယ်။ ပူအိုက် စွတ်စိုပြီး ငှက်ဖျားရောဂါနဲ့ သေတတ်တဲ့ ရပ်ရွာဒေသကို ကြောက်လို့ ပူအိုက်ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။

မြန်မာနိုင်ငံနယ်မြေကို သိတဲ့အပြင် ရှိရင်းစွဲလူမျိုးတွေအကြောင်းကိုလည်း သိလို့ သူတို့ဝင်လာတာကို မခုခံမဲ့ လမ်းက ၀င်တယ်။ သံလွင်မြစ်ကို စုန်ဆင်းပြီး မြောက်ပိုင်း ရှမ်းပြည်နယ်ကိုကျော် အရှေ့တောင်ထောင့်က ဖြတ်ဝင်တယ်။ အဲဒီနောက် စားသုံးရန် ကောက်ပဲသီးနှံ အများဆုံးထွက်တဲ့ ကျောက်ဆည်နဲ့ မင်းဘူးဒေသတွေကို သိမ်းယူတယ်။ မြောက်ဘက်မှာ မန္တလေးဝန်းကျင်၊ တောင်ဘက်မှာ မိချောင်းရဲဝန်းကျင်တွေမှာ အစောင့်တပ် ချထားတယ်။ ဒါကြောင့် မြန်မာတွေ ၀င်ရောက်လာတာဟာ စစ်တပ်နဲ့ ပြည်နယ်သိမ်းယူလိုက်တဲ့ သဘော ဖြစ်နေပါတယ်။ မွန်၊ ကဒူး၊ ပျူ၊ သက်၊ ပေါင်လောင်း နဲ့ စကြောလူမျိုးတွေ ရှိပြီးဖြစ်တဲ့ အလယ်ပိုင်း မြန်မာနိုင်ငံကို သိမ်းရာမှာ လွယ်ကူပါတယ်။ နိုင်ငံသစ်ရဲ့ ဗဟိုအရပ်ကို ပုဂံဟု သတ်မှတ်လိုက်တယ်။ ခရစ် ၉ ရာစုနှစ် အလယ်မှာ မြန်မာတွေက မြန်မာရဲ့ ခြောက်သွေ့တဲ့အရပ်မှာ အခြေချပြီး ဖြစ်သွားပါတယ်။

ခြောက်သွေ့အရပ်မှာ နေဖို့ ဆုံးဖြတ်တာဟာ မိုးများတာကို မကြိုက်လို့ ဖြစ်တယ်။ ပျူ၊ ပေါင်လောင်နဲ့ မွန်တွေကိုလည်း လွယ်လွယ်နဲ့ တိုက်ခိုက်နှိမ်နင်း နိုင်ပါတယ်။ မကြာခင် ရှိရင်းစွဲ လူမျိုးတွေရဲ့ ဓလေ့ ထုံးစံတွေကို မြန်မာတွေ နှစ်သက် သုံးစွဲလာတဲ့အတွက် အောင်နိုင်သူတွေ ကျဆုံးပြီလို့ ပြောဆိုတာ ခံရပါတယ်။ စစ်လိုလားသူ တွေဟာ ငြိမ်းချမ်းစွာ နေထိုင်တဲ့ တောင်သူဘ၀ကို ကူးပြောင်းလာပြီး ဗုဒ္ဓသာသနာမှာလည်း သက်ဝင်ယုံကြည် လာတယ်။ ဒါပေမဲ့ ပင်ကိုယ်သဘောဖြစ်တဲ့ စစ်အလေ့အကျင့် မပျောက်ဘဲ အရေးရှိရင် ရှိတဲ့အတိုင်း လူမြန်မြန် စုပြီး လက်နက်စွဲကိုင် တိုက်ခိုက်နိုင်ပါတယ်။ မြေကတုတ်နဲ့ စစ်ဆင်တိုက်နည်းကို အထူးကျွမ်းကျင် တယ်။

ကျောက်ဆည်နဲ့ မင်းဘူး အရပ်ဒေသတွေမှာ ရှိရင်စွဲ မွန်နဲ့ ပေါင်လောင်လူမျိုးတွေဆီက ဆည်ရေသောက် စပါးစိုက်နည်းကို ခပ်မြန်မြန် သင်ယူတတ်မြောက်ပြီးတော့ သူတို့လည်း တောင်သူ လယ်သမားတွေ ဖြစ်လာ ပါတယ်။ မကြာခင် တောရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေ ဧရိယာကို ဆည်မြောင်းတွေနဲ့ ရေသွင်းပြီး ယပ်တောင်ဖြန့်လိုက်သလို ရွှေဘို၊ မုံရွာ၊ ပခုက္ကူ၊ စစ်ကိုင်း၊ မန္တလေးနဲ့ တောင်တွင်းဒေသတွေမှာ လယ်စိုက် ကြတယ်။ မြေသြဇာညံ့တဲ့ အရပ်တွေမှာ ထန်းဥယျာဉ်၊ ကွမ်းသီး ဥယျာဉ်တွေကို စိုက်တယ်။ တနှစ်မှာ တကြိမ် မြစ်ရေလျှံတဲ့ ဒေသတွေမှာ ပဲမျိုးစုံ စိုက်တယ်။ မြေညံ့လွန်းရင် ပြောင်းနဲ့ နှမ်းစိုက်တယ်။ စိုက်ပျိုးရာမှာ အလေအလွင့် မရှိအောင် မြေကို အသေးစိတ် အသုံးချတတ်ပါတယ်။ အဲဒီလို စိုက်ပျိုးတဲ့ မြေဧရိယာကို တတ်နိုင်သလောက် ကျယ်ပြန့်စေဖို့ နည်းအမျိုးမျိုးကို သုံးပါတယ်။ ဒါကြောင့် ခန်းခြောက်ဒေသ တခုလုံး ကောက်ပဲသီးနှံ ဖြစ်ထွန်းလာတာဟာ အလွန်ကြီးကျယ်တဲ့ အောင်မြင်မှုတရပ် ဖြစ်တယ်။ ဒီကနေ့ မြန်မာတွေဟာ မိမိတို့ရဲ့ ဘိုးဘွားတွေ အဲဒီလို အစွမ်းထက်ပါတယ်လို့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်။

ကောက်ပဲသီးနှံ စိုက်ပျိုးတယ်ဆိုရာမှာ ကိုယ့်မိသားစု တနှစ် ၀မ်းစာရရုံလောက် စိုက်တယ်လို့ ဆိုနိုင်ပေမယ့် ငြိမ်းချမ်းစွာ နေခွင့်ရလာတဲ့အခါ မြန်မာလူဦးရေဟာ အလျင်အမြန် တိုးတက်လာတယ်။ ဒီတော့ စိုက်ခင်းနယ်မြေကို မချဲ့မဖြစ် ချဲ့ရပါတယ်။ အုပ်စိုးတဲ့ နယ်မြေကိုလည်း တိုးချဲ့နိုင်တယ်။ အရင်းမူလပြုတဲ့ ဒေသအပြင် တိုးလာတဲ့ ဒေသကို ပေါင်းစပ်လို့ ခရစ် ၁၁ ရာစုနှစ် အလယ်က စပြီး နိုင်ငံဟု ထင်ရှား ပေါ်ပေါက်ပြီး နိုင်ငံထူထောင်ရာမှာ ပထမဆုံး ထင်ရှားတဲ့ မင်းဟာ အနိရုဒ္ဓ ခေါ် အနော်ရထာမင်းစော ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆည်ရေသောက် လယ်စိုက်တာကို မွန်တို့က စတယ်လို့ သိရတယ်။ မြန်မာတို့က ဆည်ရေသောက် လယ်စနစ်ကို အလျင်အမြန် နည်းယူတတ်မြောက်ပြီး မြန်မာ့အလယ်ပိုင်း လွင်ပြင်အနှံ့ မြို့ရွာ တည်ထောင်ကာ ဆည်ရေသောက် လယ်တွေ တိုးချဲ့ခဲ့တယ်။ အပြင်းအထန် ကြိုးစားနိုင်လို့လည်း ခန်းခြောက်ဒေသနယ် တခုလုံးနီးနီး ကောက်ပဲသီးနှံ ဖြစ်ထွန်းလာတာ ဖြစ်တယ်။ ၁၁ ရာစုနှစ်မှာ နောက်ထပ် နယ်ချဲ့ နိုင်တဲ့အခါ မြန်မာနယ်ဟာ မြောက်ဘက်ကို ဗန်းမော်အထိ၊ တောင်ဘက်ကို ဘိတ် အထိ ကျယ်ပြန့်လာတယ်။ အဲဒီအခါက ပင်လယ်ရပ်ခြား ရောင်းဝယ်မှုမှာ အချက်အချာဖြစ်တဲ့ စလင် အငူကိုပါ ခေတ္တခဏ သိမ်းယူနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီလူ တောင်ဘက်ကို ချဲ့ထွင်နိုင်လို့ ခရစ် ၁၁၆၅ မှာ သီရိလင်္ကာနိုင်ငံနဲ့ စစ်မက်ဖြစ်ပွါးခဲ့ရပါတယ်။

ဒေါက်တာသန်းထွန်း
[မုံရွေးစာအုပ်တိုက်ထုတ် ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာအုပ်၊ ပထမအကြိမ်၊ ဇူလိုင်၊ ၂၀၀၄မှ ကူးယူဖော်ပြပါတယ်။]

မြန်မာတွေ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရောက်ရှိနေထိုင်ပုံ
ရေးသူ- ဒေါက်တာသန်းထွန်း



မြန်မာတွေဟာ လျင်မြန်ထက်မြက်ပြီး စစ်တိုက်ဖို့ ၀န်မလေးသူတွေ ဖြစ်ပါတယ်။ မြင်းစီးကျော်များ ဖြစ်တဲ့အပြင် လေးမြားကျွမ်းကျင်သူတွေလည်း ဟုတ်တယ်။ မြန်မာမြေပြန့်ကို ကိုးရာစု နှစ်လယ်လောက်ကစပြီး ၀င်ရောက်နေထိုင်တယ်။ ဦးစွာ ကျောက်ဆည်နယ်နဲ့ မင်းဘူးနယ်မှာ ရွာတည်ပြီး အခြေချ နေထိုင်ကြတယ်။ အဲဒီလို သူတို့ စတင်နေထိုင်တဲ့ အရပ်ကို ခရိုင်လို့ ခေါ်ပါတယ်။ ခရိုင်က တဖြည်းဖြည်း တိုးချဲ့ပြီး အလယ်ပိုင်း မြန်မာနိုင်ငံတခုလုံးမှာ မြို့ရွာတည်ပြီး နေကြတယ်။ နောက်မှ ပြန်ပွါးတဲ့နေရာကို တိုက်လို့ ခေါ်တယ်။ ခြေတံရှည်နဲ့ အိမ်တွေကို သစ်၊ ၀ါး၊ သက်ကယ်တွေနဲ့ ဆောက်တယ်။
မြန်မာအလယ်ပိုင်းကို ၀င်မလာမီ မူလမြန်မာတွေဟာ အရင်အနှစ် ၄၀၀၀ လောက်ကစပြီး တရုတ် အနောက်မြောက် ကန်စူဒေသ၊ ထောင်မြစ်ဝှမ်းမှာနေတယ်လို့ ယူဆတယ်။ သက်သေအခိုင်အမာ မရှိပေမယ့် အခုလို ပြောပြချက်ကို ငြင်းပယ်ဖို့ ခက်ပါတယ်။ ခရစ် ၇ ရာစုမှာ မြန်မာတရုတ်နယ်စပ်ကို လာရောက်နေထိုင်တဲ့ တိဗက်မြန်မာနွယ်ဝင်တွေကို မန်လူမျိုးလို့ ခေါ်တယ်။ အဲဒီလူမျိုးတွေထဲက မန်းမန်ခေါ်တဲ့ လူတွေဟာ ကိုယ့်အကြီးအကဲကို မင်း၊ မင်းစောလို့ ခေါ်လေ့ရှိလို့ သူတို့ကို တရုတ်က မန်းမန်လို့ ခေါ်တာ ဖြစ်တယ်။ အဲဒီ လူတွေထဲက တချို့တ၀က်က သိုးမွေးပြီး တချို့တ၀က်က တောင်သူ ဖြစ်တယ်။ လယ်ယာကို ဆင်နဲ့ ထွန်တယ်လို့တောင် ပြောတယ်။ သူတို့က ထကြွလုံ့လရှိပြီး စစ်လိုလားတယ်။

စစ်ပွဲမှာ လှံလျင်ကို ကောင်းကောင်း အသုံးပြုတတ်တယ်။ မြင်းစီးတော်လို့ သူတို့ မြင်းစီးပုံဟာ ကောင်းကင်မှာ ငှက်ပျံသလို မြင်ရတတ်လို့ ချီးမွမ်းလေ့ရှိတယ်။ မြင်းကို ကုန်းနှီးမပါဘဲ ကောင်းစွာ စီးတတ်တယ်။ အမျိုးသမီးတွေ မြင်းစီးကျွမ်းတယ်လို့ လူစိမ်းတွေက ပြောလေ့ရှိတယ်။ လေးမြားအတတ်ကို များစွာ ကျွမ်းကျင်ပြီး ရန်သူကို အဆိပ်လူးမြားနဲ့ တိုက်ခိုက်ချေမှုန်းလေ့ ရှိတယ်။

နေအိမ်ဆောက်ရာမှာ အိမ်အဆင့်မြင့်မြင့် ခြေတံရှည်ရှည် ဆောက်တယ်။ အပြာရောင် ဘောင်းဘီဝတ် တယ်။ ပိုးခေါင်းပေါင်းအနီပေါင်းပြီး ခေါင်းပေါင်းစတခုကို အပြင်မှာ လွှင့်ချထားတယ်။ အိမ်ကြက်မွေးတယ်။

နန်ကျောင် လူမျိုးတို့က ၈ ရာစုနှစ် အစောပိုင်းမှာ သူတို့ကို ချုပ်ချယ်လာတယ်။ ခရစ် ၇၉၄ ကစပြီး နန်ကျောင် လက်အောက်ရောက်တယ်။ အခုပြောတာတွေက ခရစ် ၈၆၃ မှာ ဖန်ချိုရေးတဲ့ မန်ရှူခေါ် တောင်ဘက်လူရိုင်းတွေ အကြောင်း စာအုပ်ကနေ ကောက်နှုတ်ထားတာ ဖြစ်တယ်။

မြေပြန့်ကို မြန်မာတွေ ၀င်လာတဲ့ လမ်းကတော့ သံလွင်မြစ်တလျှောက် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ပြီး ကျောက်ဆည်ကို အရှေ့တောင်ဘက်က ၀င်တယ်။ ဆန်ရေစပါး ပေါများတဲ့ အရပ်ကို ရွေးချယ်ပြီး သိမ်းတယ်။ စစ်မှုရေးရာမှာ ခုခံအားကောင်းမယ်လို့ ထင်တဲ့ ပုဂံကို ဌာနချုပ်အဖြစ် ရွေးချယ်တယ်။ ဒါကြောင့် မြန်မာတွေ ဗဟိုမြေပြန့်ကို ၀င်ရောက်နေထိုင်တာဟာ စစ်အင်အားနဲ့ တိုက်ခိုက် သိမ်းယူတာမျိုး ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။

ဒေါက်တာသန်းထွန်း

Thursday, May 20, 2010

မြန်မာစာ ဆင်းရဲကြပုံများ
ရေးသူ- မောင်သာနိုး



ကိုလိုနီခေတ်က မြန်မာအချို့ဟာ သူတို့ မြန်မာစာညံ့ပါတယ် ဆိုတာကိုပဲ အသားယူစရာလို့ အောက်မေ့ပြီး "ကိုယ်တို့ကတော့ မြန်မာစာ ဆင်းရဲတယ်" လို့ ကြွေးကြော်လေ့ ရှိကြတယ်။ မြန်မာစာဆင်းရဲတယ် ဆိုတော့ အင်္ဂလိပ်စာတော့ ချမ်းသာသလိုလို။ တကယ်က သေသေချာချာ ဆန်းစစ်ကြည့်ရင် သူပြောနေတဲ့ အင်္ဂလိပ် စကားကလည်း ဘိုကြက်ချေး အင်းဂလစ်၊ ဖွတ်ကျား အင်္ဂလိပ်စကား။

ကနေ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီလို အခြောက်တိုက် လေလုံးထွားတတ်သူ မရှိသလောက် ရှားသွားပါပြီ။ ဒါပေမယ့် ပါးစပ်က မြန်မာစာညံ့ပါတယ်လို့ ထုတ်မပြောပေမယ့် လက်တွေ့ညံ့ပြနေသူတွေကတော့ ရှိနေတယ်။ ရှိသမှ ရိုးရိုးသာမန် အရပ်သားထဲမှာ မဟုတ်၊ အနုပညာစာပေနယ်ထဲမှာ ၀င်ဆန့်နေပြီး မြန်မာစာညံ့ပြနေတာ။ အဓိက ဆက်သွယ်ရေးမဏ္ဍိုင်အဖြစ် မြန်မာစာ၊ မြန်မာစကားသုံးနေသူ ဖြစ်ပါလျက် မြန်မာစာ ဟုတ္တိပတ္တိ မတတ်တာ။

တေးဂီတသမားဆိုတာ ဘာသာစကားကို သုံးရသူပဲ ဖြစ်တယ်။ ခေတ်ပေါ် ဘာသာစကားကို သူလိုငါလို ပြောတတ်၊ ရေးတတ်တဲ့အပြင်၊ အနုပညာသမားဆိုမှတော့ ဂန္ထ၀င်စာပေကိုလည်း အထိုက်အလျောက် ကျွမ်းဝင်ဖို့ လိုပေလိမ့်မယ်။ သီချင်းကြီး၊ သီချင်းခန့်ဆိုတာတွေကို လေ့လာဖူးကာ ပျို့၊ ရတု၊ ဂန္ထ၀င်ကဗျာများကိုလည်း ထဲထဲဝင်ဝင် ရှိသင့်တယ်။ အခုတော့ ရှေးဟောင်း ဂန္ထ၀င်ဆိုတာ မပြောနဲ့ ၊ လွန်ခဲ့တဲ့ အနှစ် ၃-၄၀ က ကာလပေါ်တေး ကိုတောင် နားဝေးနေသူတွေ တွေ့နေရတယ်။

နန်းတော်ရှေ့ဆရာတင်ဆိုတာ ခေတ်ဟောင်း တေးရေးဆရာများထဲမှာ အရပ်သုံး ခေတ်ပေါ်စကားကို အလွယ်ဆုံး သုံးနှုန်းရေးဖွဲ့တတ်သူပါ။ ဒါတောင် သူ့ရဲ့ "လက်ရေတပြင်တည်း" ကို ရွှေဥာဏ်တော်စူးပြီး "လက်ရေတပြင်စီး" ရယ်လို့ လုပ်လိုသူ ပေါ်ခဲ့ဖူးသေးတယ်။ ဒေါင်းလန်းကြီးနဲ့ စားကြတယ်ဆိုတော့ ထမင်းကို နှိုက်တဲ့ လက်အသီးသီးက ဟင်းရည်တွေဟာ တပြင်တည်း စီးဆင်းနေတယ်ပေါ့လေ။ နောက်မှ ဒီလိုမဟုတ်ရပါဘူး။ "လက်ရည်တပြင်တည်း" ဆိုတာ "တစိတ်တည်း တ၀မ်းတည်း" လို့ ဆိုလိုတာ ဖြစ်တယ်လို့ ၀ိုင်းရေးကြ ထောက်ပြတော့မှ "လက်ရည်တပြင်တည်း" ဖြစ်လာတော့တာ။ ဒါတောင် "မင်းဂံဘုတ်" သီချင်းထဲက တောသူမလေး ခေါင်းပေါ်တင်လိုက်တာဟာ "ရှန်တဘက်" မဟုတ်ပါဘူး။ "ရှာတဘက်" ပါလို့ အဲဒီခေတ်ကို ကောင်းကောင်းမီလိုက်သူ လူထုဒေါ်အမာက ရှင်းပြပေမယ့် ခုထက်ထိ ဒီသီချင်းဆိုသူတိုင်းက "ရှန်တဘက်" နေတုန်းပဲ။

မြို့မငြိမ်းကျတော့ နန်းတော်ရှေ့ထက် ခေတ်စကားကို ခေတ်စကားကို ထူးထူးခြားခြားလေးဖြစ်အောင် ကွန့်ပြီး သုံးတတ်သူဖြစ်တယ်။ သူ့တေးစာသားနဲ့လဲတွေ့ရော၊ ခေတ်ဂီတပညာရှင်ကြီးတွေ ခြောက်ပါးမှောက်ကုန် တော့တာပါပဲ။ (အယ်ဒီတာခင်ဗျာ။ ။ ငါးပါးမက မှောက်ကုန်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်) ဒါကို ဆရာရဲ့ "ပျို့မှာတမ်း" သီချင်းလေးကို ပြန် ဆို ကကြ သံကြားတိုင်း ခံစားမိတယ်။ ပထမ မေဆွိ။ မနေ့တနေ့က ရီရီသန့်။ သီဆိုသူတွေကိုတော့ အပြစ်မတင်လိုပါဘူး။ သူတို့ကို သင်ကြားပြသပေးလိုက်တဲ့ ဆရာသမားများက ညွှန်ပြသလို သူ့ခမျာ များ ဆိုကြရတာ ဖြစ်မှာပေါ့။ လုပ်ပုံက "စားစား သွားသွား- နေ နေ၊ မောင့်အပေါ် ဗွေမယူပေါင်ရှင်" တဲ့လေ။ အရေးအမှတ်မှားပြီး ဒီလို ဖြစ်သွားရသလား၊ လူတတ်လုပ်ပြီး တမင်ပြင်သလားတော့ မသိဘူး။ ကြည့်ရတာ "မောင့်အပူပွေသူ" ဆိုတဲ့ မြန်မာစကားအသုံးကို ဥာဏ်မမီလိုက်တာနဲ့ ထင်ရာကြဲလိုက်ကြပုံပါပဲ။ "အပူပွေ" တယ်ဆိုတာ "ဗျာပွေ" တယ်နဲ့ အတူတူပါပဲ။ မိန်းကလေးက မောင့်အတွက် ပူပန်ရတဲ့ အပူတွေ ပွေနေသူပါ၊ ဗျာပွေရသူပါလို့ ပြောနေတာ ဖြစ်တယ်။ စားလေရာ သွားလေရာ နေလေရာ သူ့မှာ မောင့်အတွက် ဗျာပါပွေရတယ်လို့ ဆိုလိုတယ်။ မောင်ဘယ်သွားသွား၊ ဘယ်စားစား၊ ဘယ်မှာနေနေ၊ ဗွေမယူပါဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။

တနေ့က ဆရာငြိမ်းရဲ့ "မပြီးသေးသော ပန်းချီကား" သီချင်းကို ဆိုသွားကြတာတွေ ကြားလိုက်ရ ပြန်တယ်။ ဆရာငြိမ်းရေးရင်းက "ချစ်သူဟာလဲ မလှမ်းမကမ်းမှာ ရောက်နှင့်တဲ့ကာမြင်" ရယ်လို့ ဖြစ်တယ်။ ဒါကို "ရောက်နှင့်ခဲ့တာမြင်" လို့ လုပ်သွားကြလေရဲ့။ သူ့ခမျာများ "တဲ့ကာ" မြန်မာစကားအသုံးကို မကြားဘူး ရှာကြဘဲကိုး။ "သွားတဲ့ကာ၊ လာတဲ့ကာ" ဆိုတဲ့ အသုံးအနှုန်း မြန်မာစကားမှာ ရှိပါတယ်။ သူ့နေရာနဲ့ သူ့အဓိပ္ပါယ်နဲ့သူ ထိမိတဲ့ အသုံးအနှုန်းကလေး ဖြစ်တယ်။ ဒါနဲ့ "ခဲ့တာ" အစားဝင်လို့ မရပါဘူး။

မြန်မာစကားမှာ "လေသွေးတယ်" ဆိုတာ တော်တော်ရိုးပါတယ်။ နှင်းဆီ အဖူး အငုံလေးတွေကို လေသွေးလိုက်တော့ ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့ ဖြစ်နေတာကို ခေတ်ဟောင်း တေးရေးပညာရှင်က "သွေးကာချီ ဖူးပွင့်ငုံဝေစီ" လို့ လှလှပပလေး ဖွဲ့နွဲ့ထားပါတယ်။ ဒါကို ခေတ်ပြန်ဆိုသူက "ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံဝေစီ" လုပ်ပစ်လိုက်တော့ ပျက်ရော။ ရုန့်ရင်းကြမ်းတမ်းလိုက်တဲ့ ဖြစ်ခြင်း။ မိန်းမပျိုကလေးရဲ့ ကိုယ်လုံးလေးကို ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။

သက်ရှိ ခေတ်ဟောင်းတေးရေးဆရာတဦးကတော့ ရုပ်မြင်သံကြားတွေ့ဆုံခန်းမှာ သူ့သီချင်းစာသားကို မှားဆိုတဲ့အတွက် ဒုက္ခရောက်ရပုံကို ညည်းတွားရှာတာကို ကြားလိုက်ရဖူးတယ်။ သူ့ရေးရင်းက "ရှမ်းမလေးတွေ အချောရယ် ပေါတယ်" လို့ရေးတာ၊ ချောမောလှပတဲ့ ရှမ်းမလေးတွေ ပေါများ ပါတယ်ပေါ့။ ဒါကို "ရှမ်းမလေးတွေ ချောတယ် ပေါတယ်" လုပ်ပစ်လိုက်တော့ သွားရော၊ ရှမ်းမလေးတွေဟာ ချောလဲ ချောတယ်၊ ပေါလဲ ပေါတယ်လို့ ဖြစ်သွားလေတော့တာပ။

နိုင်ငံကျော် သင်္ကြန်သီချင်းတပုဒ်မှာ စာသားက "မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့ ရွှေမန်းတောင်ရိပ်" ရယ်လို့ ဖြစ်ပါတယ်။ ကိုအံ့ကြီး သီဆို အသံသွင်းထားရမှာလည်း အဲဒီအတိုင်းပဲ ကြားနိုင်ပါတယ်။ ဒါကို နောက်ပါက် အဆိုတော်တဦးက "မြလေးလေးနန္ဒာ ရေညိုညို ရစ်ကာသန်းတော့" ရယ်လို့ ဖျက်ဆီးပစ်လိုက်တယ်။ "မြနန္ဒာ" ကို "မြလေးလေးနန္ဒာ" လုပ်ပစ်တာက ရှိရင်းစွဲ စာသားနဲ့တင် စည်းဝါးကိုက်အောင် မဆိုနိုင်ရှာလို့ - လို့ နားလည်ရတယ်။ "ရစ်ကာသန်းတဲ့" ကို "ရစ်ကာသန်းတော့" လုပ်လိုက်တာကတော့ မြန်မာစကားကို မတတ်တာပါပဲ။ ရှေးအတိတ်တဘောင်က "အသက်ကလေးရယ်တဲ့ ရှည်စေလို၊ မြနန္ဒာရေညိုသန်းတဲ့ (တယ်) မန်းတောင်ရိပ်ခို" ရယ်လို့ ရှိတယ်။ ဒါကို သီချင်းထဲမှာ သုံးထားတာပဲ ဖြစ်တယ်။ "ရေညိုသန်းတော့ မန်းတောင်ရိပ်ခို" ဆိုတော့ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ "ရေညိုသန်းသောအခါ မန်းတောင်ရိပ်ခို" ဆိုတာ စကား အဆက်အစပ်ကို မရှိတော့ဘူး

ပါရမီရှင်က ဖွဲ့သီရေးစပ်ထားတဲ့ တေးဂီတများဟာ တိုင်းပြည်ရဲ့ အနုပညာရတနာများပဲ ဖြစ်တယ်။ နောင်လာနောက်သားများက တရိုတသေ ထိန်းသိမ်းကြရဖို့ တာဝန်ရှိတယ်။ ကိုယ် စာပေဗဟုသုတ ခေါင်းပါးတိုင်း လျှောက်ပြီး ဖျက်ဆီးပစ်နေဖို့ မကောင်းဘူး။ အနုပညာသမားရယ်လို့ လုပ်ချင်မှတော့ လေ့လာရမှာပေါ့။ စီးဝါးတတ်ကျွမ်းအောင် လေ့ကျင့်ရသလို တေးထဲမှာ သုံးထားတဲ့ ဘာသာစကားကိုလဲ နှိုက်နှိုက်ချွတ်ချွတ် လေ့လာအပ်တယ်။ ခေတ်ဟောင်းအဆိုတော်ကြီး ဒေါ်မေရှင်က တွေ့ဆုံခန်းတခုမှာ "သီချင်းစာသားတွေကိုတော့ ဖျက်မပစ်ကြပါနဲ့လို့ တောင်းပန်ချင်တယ်ကွယ်" လို့ ပြောတာကို မှတ်သားလိုက်ဖူးတယ်။ ဒါ တာဝန်သိ အနုပညာသည်တဦးရဲ့ ရင်ဖွင့်သံပါပဲ။

သီချင်းဆိုတယ်ဆိုရာမှာ စကားသံပီဖို့လည်း အရေးကြီးတယ်။ ကနေ့ခေတ် လူငယ်များ မပီကလာ ဆိုကြတာကို ပြောကြရေးကြ လှပါပြီ။ သီချင်းကလေးမဟုတ်၊ သီချင်းကြီးဆိုရာမှာ စကားမပီတဲ့အတွက် စိတ်ပျက်မိကြောင်း ကျွန်တော်လည်း ရေးဖူးပြီ။ "လျှပ်ပန်းခွေနွဲ့" ကို သီဆိုသွားသူတဦးက "ဘ၀ဂ်စောင်းအောင်" ကို "ဘ၀ဂ်ဆောင်းအောင်" လို့ ဆိုသွားတဲ့အကြောင်းပါ။ "စ" သံ နဲ့ "ဆ" သံကို မပီဘဲ ပြောကြဆိုကြတာ ရန်ကုန်မှာ ခေတ်စားနေပေမယ့် သီချင်းဆိုရာမှာ ပရိသတ်ရှေ့မှာတော့ ပီအောင် ကြိုးစားဖို့ ကောင်းတယ်။ ရုပ်မြင်သံကြား ကြော်ငြာတခုမှာ "ဝေဒနာ" ကို "ဝေသနာ" လို့ ပြောသွားတာ။ "စောင်းတန်း" ကို "ဇောင်းတန်း" လို့ ဖတ်သွားတာကို (အမှန်က "စောင်းဒန်း") လဲ ကြားလိုက်ရသေး။ ကြော်ငြာတခုမှာတော့ ရေးပေးသူက ကာရန်ယူပြီး ရေးပေးလိုက်ပုံ ရပါတယ်။ ဖတ်တဲ့သူက မဖတ်တတ်တော့ ကိုးရိုးကားရား ဖြစ်သွားရော။ "မြန်မာပြည်တ၀န်း နာမည်ဆန်း" တဲ့။ (ဖြစ်သင့်တာက "မြန်မာပြည်တ၀န်း နံမည်ဆန်း")။ စာအတိုင်း ဖတ်နေစရာ မလိုပါဘူး။ "ရေးတာက အမှန် ဖတ်တာက အသံ" ဆိုထားတာပဲ။ "နံမည်" လို့ဖတ်မှ "မြန်မာပြည်" နဲ့ ကာရန် ညီမှာပေါ့။

အပျင်းပြေ နားထောင်ကြည့်မိရင်း ပြုံးမိတဲ့ ကြော်ငြာတခုကတော့ "လိပ်ခေါင်းရောဂါရှိလိုက်တာ" တဲ့။ ဘယ်မြန်မာလူမျိုးကမှ အဲဒီလို မအော်ဘူး။ "အမလေး မြန်မာစကား မပြောတတ်လိုက်တာ၊ ကယ်ပါဦး" လို့ပဲ ပြန်အော်ဖို့ ကောင်းတယ်။

"ကျင်းပလိမ့်မှာဖြစ်ကြောင်း"၊ "သွားရောက်လိမ့်မှာဖြစ်ကြောင်း" တဲ့။ မြန်မာစကားမှာ "လိမ့်" နဲ့ "မှာ" တွဲသုံးတာ ရှိကို မရှိဘူး။ ဒီလူတွေ ဒီအသုံးအနှုန်းကို ဘယ်ကများ ကောက်ရထားပါလိမ့်လို့သာ အံ့သြမိ ရတော့တယ်။

ကြားသိရသမျှ မြန်မာစာ မြန်မာစကား ဆင်းရဲကြပုံတွေထဲက သိသာရုံ အကျဉ်းမျှ တင်ပြလိုက်ရတာ ဖြစ်ပါကြောင်း။


မောင်သာနိုး။
[မြင့်မြတ်သူ စာအုပ်တိုက်က ထုတ်ဝေတဲ့ မောင်သာနိုးရဲ့ မြန်မာစကားနဲ့စာပေ စာအုပ်၊ ၂၀၀၁ ခုနှစ်၊ မေလ၊ ပထမအကြိမ်ပုံနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။]

Wednesday, May 19, 2010

ခေတ်စားလာသော မာယာဗေဒ (မက္ကဆီကိုနိုင်ငံ ၉ ရာစု - ၂၀ ရာစု)
ရေးသူ- အုတ်လှငယ် (မြသန်းတင့်)့



[နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]


ခရစ်နှစ် ၉၀၀ လောက်တွင် မာယာတို့၏ နိုင်ငံတော်ကြီးသည် အဘယ်ကြောင့် ဗုန်းဗုန်းလဲ ပျက်စီးပျောက်ကွယ် သွားခဲ့ပါသနည်း။

စင်စစ် တောင်အမေရိကတိုက်က အပူပိုင်းဇုန် တောကြီးမြက်မဲထဲတွင် ယခု တွေ့နေရသည့် မာယာတို့၏ မြို့ဟောင်းသည် နဂိုရှိခဲ့သည့် မာယာတို့၏ ၁ ရာနှုန်းမျှပင် မရှိဟု ရှေးဟောင်း သုတေသန ပညာရှင်များက ဆိုကြသည်။
များလှစွာသော ရှေးဟောင်း သုတေသန ပညာရှင်များ၊ အနုပညာသမိုင်းဆရာများ၊ ကျောက်စာဗေဒ ပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များ၊ ၀ံသဗေ သမိုင်းပညာရှင်များ၊ ဘာသာဗေဒ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များသည် မာယာတို့၏ မြို့ဟောင်းသို့ နှစ်တိုင်းရောက်လာကြကာ မာယာတို့၏ ခြေရာများကို ရှာဖွေကြသည်။ တွေ့ရှိချက်အသစ်များကို ရသည့်အခါလည်း ရှိသည်။ သို့ဖြင့် မာယာဗေဒသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်းတွင် ပညာရေးဆိုင်ရာ ဘာသာရပ်တခုအဖြစ်မှ သိပ္ပံဆိုင်ရာ ပညာရပ်တခုအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။

မာယာရောဂါသည် ယနေ့ခေတ် ရှေးဟောင်း သုတေသန ပညာရှင်များအား တော်တော် ပြင်းပြင်းထန်ထန် စွဲကပ်ခဲ့ဟန် တူသည်။ ဗင်ဒါဗစ် တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် ဒီးမားရက်စ်သည် သုတေသနအဖွဲ့တခုကို ခေါင်းဆောင်ကာ လွန်ခဲ့သည့် လေးနှစ်လုံးလုံး ဂွါတီမာလာ မြောက်ပိုင်းရှိ မာယာမြို့တော်ဖြစ်သော ဒိုးစ်ပီးလာ့စ် မြို့ဟောင်းကို သွားရောက် တူးဖော်ခဲ့သည်။ သူက 'တောကြီးမျက်မည်းထဲမှာ ရှေးဟောင်းမြို့တွေကို သွားတွေ့တယ်ဗျာ၊ အဲဒီမှာ ဘယ်သူမှ ကောင်းကောင်း မဖတ်တတ်တဲ့ ကျောက်စာတွေကိုလည်း တွေ့တယ်။ ပြီးတော့ ဒီမြို့ကြီးနဲ့ ဒီမာယာလူမျိုးတွေ ဘာကြောင့် ပျောက်ကွယ်သွားရတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကလည်း ရှိနေတယ်၊ ဒီတော့ ကျွန်တော်တို့ တတွေ စိတ်ဝင်စားကြတာပေါ့' ဟု ပြောသည်။

သို့ဖြင့် မာယာ လူမျိုးတို့၏ အကြောင်း အစအနတွေ တွေ့လာရသည်နှင့်အမျှ သီဝရီတွေလည်း အမျိုးမျိုး ပေါ်လာခဲ့ကြသည်။ မာယာဗေဒ ပညာရှင်များထဲတွင် ပထမဆုံးပေါ်လာသည့် သီဝရီမှာ မာယာတို့၏ ယဉ်ကျေးမှုတွင် စစ်တိုက်ခြင်းသည် အဓိကအခန်းမှ ပါသည်ဆိုသည့်အချက် ဖြစ်သည်။ မာယာ အုပ်စိုးသူတို့သည် ဘာသာရေးအရ လည်းကောင်း၊ အမဲလိုက်ပွဲများတွင် လည်းကောင်း၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် လည်းကောင်း လူများကို စတေးကာ ယဇ်ပူဇော်ခဲ့ကြဟန် တူသည်။ မာယာ ယဉ်ကျေးမှုကြီး ပြိုလဲပျက်စီးသွားရ သည့် အကြောင်းရင်းများထဲတွင် စစ်တိုက်ခြင်းသည် အကြောင်းကြီးတခု ဖြစ်ဟန်တူသည်။ ခရစ် ၂၅၀ တ၀ိုက်သည် မာယာတို့၏ ဂန္ထ၀င်ခေတ်ကြီးဟု ဆိုသင့်သည်။ မာယာ မြို့ပြနိုင်ငံအချင်းချင်း ဖြစ်ကြသည့် စစ်ပွဲများသည် အထွေထွေစစ်ပွဲကြီးတရပ် အသွင်ကို ဆောင်လာခဲ့ကာ နောက်ဆုံးတွင် ဂုဏ်ယူဖွယ် မာယာမြို့ကြီးများသည်လည်း တစ္ဆေမြို့ကြီးများအဖြစ်သို့ လျှောကျသွားခဲ့ရသည်ဟု သူတို့က ယူဆခဲ့ကြသည်။

မာယာလူမျိုးတို့နှင့် ပတ်သက်၍ ပထမဆုံး သုတေသန လုပ်ငန်များကို စတင်လုပ်ခဲ့သူမှာ အမေရိကန်ပညာရှင်တဦးဖြစ်သည့် စတီဖင်နှင့် အင်္ဂလိပ်ပန်းချီဆရာတဦးဖြစ်သည့် ဖရက်ဒရစ် ကေသာဝုဒ်တို့ ဖြစ်သည်။ ၁၉၃၉ ခုနှစ်တုန်းက သူတို့ နှစ်ယောက်သည် ချုံနွယ်ပိတ်ပေါင်းတို့ကို ခုတ်ထွင်ကာ တောကြီးမျက်မည်း ထဲသို့ ၀င်ခဲ့ကြသည်။ ထိုခရီးအကြောင်းကို ရေးခဲ့သည့် စတီဖင် စာအုပ်သည် လွန်စွာ အောင်မြင်ခဲ့ပြီး ထို့နောက်မှ စ၍ ပညာရှင်များသည် တောကြီး မျက်မည်းထဲသို့ လည်းကောင်း၊ စပိန်အစိုးရ၏ မှိုတက်နေသော မော်ကွန်းတိုက် များထဲသို့ လည်းကောင်း မွှေနှောက် ၀င်ရောက်ခဲ့ကြသည်။ ထိုရာစုနှစ် အလယ်ပိုင်းတွင် သုတေသန ပညာရှင်များသည် ကွီချီ မာယာ လူမျိုးစုများ၏ 'ပိုပိုဗူး' အမည်ရှိ ဘာသာရေးကျမ်းကို တွေ့ရှိခဲ့ကြပြီး ၁၆ ရာစုနှစ် စပိန်တို့ သိမ်းပိုက်ပြီး မကြာမီတွင် ပြုစုခဲ့သည့် ဗရင်ဂျီ ဘုန်းတော်ကြီး ဒိုင်ရာဂို ဒီလင်းဒါး၏ 'ယူကာတန် လူမျိုးတို့၏ ဘာသာရေး အယူအဆများ' ဆိုသည့် စာအုပ်ကိုလည်း တွေ့ရှိလာခဲ့ကြသည်။ ၁၈၉၀ ပြည့်လွန်နှစ်များတွင်မူ အင်္ဂလိပ်လူမျိုး ခရီးသည်တဦး ဖြစ်သည့် အဲဖရက် မော့စလေသည် ရှာဖွေတွေ့ရှိသမျှသော မာယာ လူမျိုးတို့၏ ရှေးဟောင်း အဆောက်အအုံများ၊ အထိမ်းအမှတ်ပစ္စည်းများနှင့် ကျောက်စာများ၏ ကက်တလောက် စာရင်းကို ပြုစုနိုင်ခဲ့သည်။

ထိုအချက်အလက်များ၏ အကူအညီဖြင့် ၁၉ ရာစုနှစ် ရှေးဟောင်းသုတေသန ပညာရှင်များသည် မာယာတို့၏ ကျောက်စာများကို အဓိပ္ပါယ်ပြန်ရန် ကြိုးစားခဲ့ကြသည်။ မာယာတို့၏ သမိုင်းကို တူးဆွကာ ပျက်စီးကျဆုံးရသည့် အကြောင်းများကို စေ့ငုကြသည်။ သမိုင်းအထောက်အထား မရှိသည့်အခါတွင် ထင်ကြေးများကလည်း မျိုးစုံနေတော့သည်။ အချို့က ကျန်ရစ်ခဲ့သည့် အဆောက်အအုံများသည် ပျောက်ဆုံး ကွယ်ပျောက်သွားသော အတ္တလန္တိတ် ပထ၀ီတိုက်ကြီး၏ အကြွင်းအကျန်များ ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ပျောက်ကွယ်သွားသော ရေ၀တီ လူမျိုးစု ၁၀ စု၏ ပစ္စည်းများဟု ဆိုကြသည်။ အချို့က အီဂျစ်တို့၏ ပစ္စည်းများ၊ ခိုနီရှန်း လူမျိုးတို့၏ ပစ္စည်းများ၊ တရုတ်တို့၏ ပစ္စည်းများ၊ ဂျာဗား လူမျိုးတို့၏ ပစ္စည်းများဟု သန်ရာ သန်ရာ ပြောကြသည်။

၂၀ ရာစုနှစ် အလယ်ပိုင်းသို့ အရောက်တွင်မူ နောက်ထပ်တူးဖော်မှုများနှင့် နောက်ထပ် စာရင်းပြုစုမှုများ ပြုလုပ်ခဲ့ကြပြန်သည်။ ၁၉၅၀ ခုနှစ်တ၀ိုက်တွင် ၀ါရှင်တန်ရှိ ကာနက်ဂျီ အင်စတီကျုးရှင်းမှ အဲရစ်သွန်မဆင်နှင့် ဆီးလဗားနတ်စ် မော်လေတို့က မာယာ လူမျိုးတို့၏ မြို့ဟောင်းများကို ထပ်မံ တူးဖော်ခဲ့ကြသည်။ သူတို့၏ အယူအဆများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂန္ထ၀င် မာယာလူမျိုးတို့၏ မြို့လယ်အဆောက်အအုံများသည် လူနေရန်မဟုတ်ပဲ အဆောင်အယောင် အခမ်းအနားများ ကျင်းပရန် ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖြစ်သည်။

ကျောက်စာများတွင် ပါသည့် အရေးအသားများသည် အုပ်စိုးသူ ဘုရင်များ၊ သမိုင်းအဖြစ်အပျက်များကို ရေးထိုးထားခြင်း မဟုတ်ဘဲ ပြက္ခဒိန် တွက်ချက်မှုများ၊ နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုများ နှင့် ဘာသာရေး အကြောင်းအရာများကို ရေးထားသည့် စာများ ဖြစ်သည်။

မာယာလူမျိုးတို့သည် တောခုတ် မီးရှို့သည့် တောင်ယာကို စိုက်ပျိုးကြသည်။

မာယာလူမျိုးတို့သည် အခြားသော လူမျိုးများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။

ယင်းတို့မှာ သွန်မဆင်နှင့် မော်လေတို့၏ အယူအဆများ ဖြစ်သည်။ သူတို့နှစ်ဦးသည် ထက်မြက်သည့် သုတေသန ပညာရှင်များ ဖြစ်သည့်တိုင် နောက်တွေ့ရှိချက်များအရ သူတို့၏ အယူအဆများသည် မှားနေကြောင်းကို တွေ့ရသည်။ နှောင်းခေတ် သိပ္ပံပညာရှင်များမှာ ရေဒီယိုကာဗွန် ရက်စွဲဖော်နည်း (မီးသွေးကို ကြည့်၍ ရက်စွဲရှာနည်း) စသည့် နည်းပညာများကို သုံးလာခဲ့ကြသည်။ ဂွါတီမာလာနှင့် မက္ကဆီကို နယ်စပ်အနီးရှိ ဒိုးပီးလတ်စ် မာယာ မြို့ဟောင်းကို တူးဖော်ချက်များအရ မာယာလူမျိုး၏ သမိုင်းတွင် ခရစ်နှစ် ၇၆၁ မတိုင်မီ နှင့် ထို ခရစ်နှစ် နောက်ပိုင်းဟု နှစ်ပိုင်းခွဲလိုက်သည်။ ၇၆၁ ခုနှစ် မတိုင်မီတုန်းက မာယာတို့၏ စစ်ပွဲများသည် စစ်အင်္ဂါ အခင်းအကျင်း အစုံအလင်ဖြင့် တိုက်သော စစ်ပွဲများဖြစ်ပြီး၊ သုံ့ပန်းများကို ဖမ်းဆီးကာ လူအများရှေ့တွင် သတ်ဖြတ်ပစ်လေ့ ရှိကြသည်။ သို့ရာတွင် ၇၆၁ ခုနှစ် နောက်ပိုင်းတွင်မူ စစ်ပွဲများသည် စနစ်တကျ တိုက်ခိုက်သည့် စစ်ပွဲများ မဟုတ်တော့ဘဲ ပစ္စည်းများကို လုယက်ခြင်း၊ လူသတ်ခြင်း စသည့် အမှုများကို ကျူးလွန်ကြကာ (ယနေ့ ဆိုမာလီတွင် ဖြစ်ပျက်သကဲ့သို့) လူမှုအဆောက်အအုံကြီး တခုလုံး ပြိုကွဲပျက်စီးသွားစေသည့် နည်းများ ဖြစ်သည်ဟု ရှေးဟောင်းသုတေသနပညာရှင် ဒီမားရက်စ်က ဆိုသည်။ ထိုနှစ်တွင် မာယာ မျိုးနွယ်စု တခုဖြစ်သော တာမာရင်ဒီတိုးမှ ဘုရင်နှင့် စစ်သည်များသည် အခြား မာယာ မြို့ပြနိုင်ငံတခုဖြစ်သော ဒိုးစ်ပီးလာစ်မြို့ကို ၀န်းဝိုင်းတိုက်ခိုက်ပြီးနောက် ဘုရင်ကို ဖမ်းဆီးကာ သူ့ကို ယဇ်ပူဇော်ခဲ့ကြသည်ဟု ခန့်မှန်းရသည်။ ဤသို့ မာယာလူမျိုးတို့၏ စစ်တိုက်ပုံ စစ်တိုက်နည်း ပြောင်းသွားခြင်းမှာ အခြားကြောင့်မဟုတ်။ မာယာ အုပ်စိုးသူများ အချင်းချင်းကြားတွင် ပြိုင်ဘက်တွေ များလာသဖြင့် ထိုသို့ တဦးကိုတဦး အပြတ်ရှင်းပစ်ကြခြင်း ဖြစ်နိုင်သည်ဟု ဒီမားရက်စ်က ဆိုသည်။ ဤသို့ဖြင့် မာယာတို့၏ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းကြီး တခုလုံးသည် ကျဆုံးပျက်ပြားသွားခြင်း ဖြစ်နိုင်သည်။

ယနေ့ ဗလိတ်နိုင်ငံ တည်ရှိရာ မာယာ ရှေးဟောင်းမြို့ ဖြစ်သည့် ကာရာကိုးမြို့ကို တူးဖော်ခဲ့ကြသည့် ဖလော်ရီဒါ တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်နှစ်ဦးဖြစ်သည့် အာလင်းနှင့် ချစ် တို့ကလည်း မာယာ မြို့ဟောင်း ရုတ်တရက် ပျက်စီးပြိုကွဲသွားခြင်းသည် စစ်ပွဲများ အဆက်မပြတ် တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ သူတို့အဆိုကို ထောက်ခံသည့်အနေဖြင့် အဆောက်အအုံများပေါ်မှ မီးလောင်သည့် အမှတ်အသားများ၊ နောက်ဆောက်သည့် အဆောက်အအုံများတွင် ရေးခြယ်ထားသည့် စစ်နှင့်ပတ်သက်သော ရုပ်ပုံများ၊ လက်နက်များနှင့် စစ်နှင့် ပတ်သက်သော ကဗျာများကို ထောက်ပြကြသည်။

မာယာတို့ ပျက်စီးရသည့် နောက်အကြောင်း တကြောင်းမှာ ပတ်ဝန်းကျင် ဂေဟ စနစ်ကြီး တခုလုံးကို ပျက်စီးသွားအောင် မိုးသစ်တောများကို အသုံးချလွန် သွားသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ တီယယ်မြို့နှင့် ကုန်းတွင်းပိုင်းရှိ အခြားသော မာယာမြို့များတွင် ရှုပ်ထွေး ယှက်လိမ်နေသော ရေလှောင်စနစ်များနှင့် ရေပေးစနစ်များကို ထောက်၍ မာယာတို့တွင် ရေအခက်အခဲ ရှိသည်ကို သိနိုင်သည်ဟုလည်း စင်စင်နတီ တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် ဗာနွန် စကာဘာရိုက ပြောသည်။

မာယာတို့ ကျဆုံးရာတွင် ဖြစ်နိုင်ဖွယ်ရှိသော နောက်အကြောင်းတကြောင်းမှာ လူဦးရေ ထူထပ်မှု ဖြစ်သည်။ တူးဖော်သော နေရာ ၂၀ တို့မှ တူးဖော်ရရှိသည့် အချက်အလက်များအရ အလယ်အမေရိကတိုက် တောင်ပိုင်းတွင် လူဦးရေသည် တစ် စတုရန်းကီလိုမီတာတွင် ၂၀၀ ခန့် နေထိုင်ကြသည်။ ယင်းမှာ အတော်များသည့် ကိန်းဂဏန်းဖြစ်ပြီး စက်မှုခေတ်အကြိုကာလတွင် လူဦးရေ အထူထပ်ဆုံးသော တိုင်းပြည်များ တွင်ရှိသည့် ကိန်းဂဏန်းများနှင့် အတူတူ ဖြစ်နေသည်။ လူဦးရေ များပြားခြင်း၊ စိုက်ပျိုးရေးစနစ် ပျက်သုဉ်းလာခြင်းတို့ကြောင့် မာယာလူမျိုးတို့တွင် အဟာရ ချို့တဲ့လာကြသည်။ တွေ့ရှိသည့် ကလေးငယ်များ၏ အရိုးစုများကို ကြည့်၍ ကလေးငယ် အတော်များများမှာ အဟာရချို့တဲ့နေကြသည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေများတွင် မင်းဆိုးတပါး အုပ်ချုပ်ခြင်း၊ လေမုန်တိုင်း ရာသီနှစ်ခုလောက် ဆက်တိုက်ကြုံလိုက်ခြင်း စသည့် သေးငယ်သော အကြောင်းများသည် လူမျိုးတမျိုးကို ပျက်စီးစေနိုင်သော နောက်ဆုံးပိတ်အကြောင်းများ ဖြစ်လာနိုင်သည်ဟု သုတေသနပညာရှင် ကားလ်ဘတ်က ပြောသည်။

မာယာတို့၏ ပြိုကွဲမှုမှ မည်သည့် သင်ခန်းစာများကို ထုတ်ယူနိုင်ပါသနည်း။

ရည်ညွှန်း။ Time, August 9, 1993.
[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၃၊ နိုဝင်ဘာ]

Tuesday, May 18, 2010

မေ့သော်လည်း မပျောက်ပါ (မက္ကဆီကိုနိုင်ငံ ၉ ရာစု - ၂၀ ရာစု)
ရေးသူ- အုတ်လှငယ် (မြသန်းတင့်)့

[နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]


မက္ကဆီကိုနိုင်ငံ ချီယာပါစ်ရှိ ပါလင်ကွီမြို့ဟောင်း အပျက်အစီးများကို လိုက်ပြနေသည့် ဧည့်လမ်းညွှန် သည် ထိုအဖြစ်အပျက်ကို စိတ်ပါလက်ပါ ပြောပြတတ်သည်။ မြင့်မားလှသော ပိရမစ်ကြီးများကို ငေးကြည့်ပြီး နောက် ကမ္ဘာလှည့်ခရီးသည်က ဧည့်လမ်းညွှန်ဘက်သို့ လှည့်ပြီး 'အဆောက်အအုံကြီးတွေက သိပ်လှတာပဲနော်၊ ဒါပေမယ့် အဲဒီက လူတွေက ဘယ်ကိုရောက်သွားကြလဲဟင်' ဟု မေးသည်။ ဧည့်လမ်းညွှန်က လှောင်ပြောင်သည့် ဟန်ဖြင့် ခေါင်းကိုယမ်းလိုက်ပြီး 'ကျွန်တော်တို့ ဘယ်မှ ရောက်မသွားပါဘူး၊ ကျွန်တော်တို့ ဒီမှာ ရှိနေတာပဲ၊ ကျွန်တော်တို့ဟာ မာယာ လူမျိုးတွေပဲ' ဟု ပြောသည်။

ထိုစကားသည် မာယာ လူမျိုးတို့၏ ပဟေဠိထဲက ဆန့်ကျင်ဘက် သဘောကို ဖော်ပြနေသည်။ သိပ္ပံပညာ ရှင်များက မာယာ လူမျိုးတို့၏ ရှေးဟောင်း လက်နက်နိုင်ငံတော်ကြီး ထူးဆန်းစွာ ပျောက်ကွယ်သွားပုံကို စူးစမ်း ရှာဖွေနေကြစဉ် မာယာ လူမျိုးတို့သည် သူတို့ ဘေးပတ်လည်တွင် ရှိနေကြသည်။ မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ပြည်နယ်ဖြစ်သည့် ချိယာပါ့စ် ပြည်နယ်တွင် မာယာလူမျိုး ၁.၂ သန်း ခန့် နေထိုင်လျက် ရှိပြီး၊ ငါးသန်းခန့်တို့မှာ ယူကာတန်ကျွန်းဆွယ် တလျှောက်နှင့် ဗလိဇ်၊ ဂွါတီမာလာ၊ ဟွန်းဒူးရပ်စ်နှင့် အယ်ဆာဗေးဒိုး နိုင်ငံကြီးများနှင့် ကျေးလက် ယာတောများတွင် နေထိုင်လျက် ရှိကြသည်။ လူမျိုးရေးအရ ပြောလျှင် သူတို့သည် မီဆို အမေရိကတွင် အမြင့်မားဆုံးသော ယဉ်ကျေးမှုကို ဖန်တီးခဲ့ကြသည့် လူမျိုးများမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။ သို့ရာတွင် မြင့်မားသည့် ပါလင်ကွီ ၀တ်ကျောင်းများကို နှစ်စဉ် လာရောက်ကြည့်ရှုသည့် ထောင်ပေါင်း များစွာသော ဧည့်သည်များသည် ယနေ့ခေတ် မာယာလူမျိုးများမှ ဆင်းသက်လာသည့် မျိုးနွယ်များ၏ ကံကြမ္မာကို မြင်သည့်အခါတွင် ထိတ်လန့် တုန်လှုပ်မိကြသည်။

ရာစု နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည့်အတွက် ကြောင့် တကြောင်း၊ ယဉ်ကျေးမှုအရ ၀ိုင်းပယ်ခံခဲ့ ကြရသည့် အတွက်ကြောင့် တကြောင်း၊ မာယာ လူမျိုးများသည် ကိုယ့်နေရင်း ဇာတိတိုင်းပြည်တွင် ဆင်းရဲ မွဲတေသော အပယ်ခံများ ဖြစ်နေကြရသည်။ သူတို့ အများဆုံးဖြစ်လျှင် ကမ္ဘာလှည့် ဧည့်သည်တို့ လာရောက် ကြည့်ရှုစရာမျှသာ ဖြစ်နေသည်။ ရသည့်ပိုက်ဆံကလည်း မဖြစ်စလောက်မျှသာ။ ဥပမာအားဖြင့် မက္ကဆီကိုမှ လာကာဒန် အိန္ဒိယ လူမျိုးများသည် သူတို့ အစဉ်အလာ ၀တ်ဆင်ခဲ့သည့် ရှီကာခေါ် ချည်ထည် ၀တ်ရုံရှည်များနှင့် သူတို့၏ နက်မှောင်သော ဆံရှည်များကို ကမ္ဘာလှည့် ခရီးသည်တို့အား ပြသလေ့ ရှိကြသည်။ သို့ရာတွင် သူတို့ ရသည့် အဖိုးအခမှာ လူရာသွင်းခြင်း မခံရဘဲ နှိမ့်ချ ဆက်ဆံသည့် အမူအရာမျိုးမျှသာ ဖြစ်သည်။ ၁၉၉၂ ခုနှစ် အစီရင်ခံစာတခုအရ မက္ကဆီကို အစိုးရသည် ချီယာပါ့စ်ရှိ မာယာ လူမျိုးစုများကို လူမျိုးရေးအရ နှိပ်ကွပ်ခဲ့ ကြသည်။ ၁၉၉၀ ပြည့်နှစ်တုန်းက မာယာ လူမျိုး ၁၁ ယောက်တို့သည် မြေယာအငြင်းပွါးမှု တခုကြောင့် ဖမ်းဆီးခြင်း ခံခဲ့ရပြီး ညှဉ်းပမ်းနှိပ်စက် ခံခဲ့ကြရသည်။ လွန်ခဲ့သည့် နှစ်နှစ်ကာလကလည်း မာယာ လူမျိုး ၁၀၀ ကျော်တို့ကို ဖမ်းဆီး၍ အစာငတ် ရေငတ်ထားခဲ့ကာ ဆေးဝါးကုသမှုမပေးပဲ ချုပ်နှောင်ထားခဲ့ကြသည်။ ဂွါတီမာလာနိုင်ငံက အနှစ်နှစ်ဆယ်ကြာ ပြည်တွင်းစစ်တွင် မာယာ လူမျိုးတို့သည် အစိုးရ၏ ပြောက်ကျား ဆန့်ကျင်ရေး စစ်ဆင်မှုများတွင် သားကောင် ဖြစ်ရသည်။ အချို့သော နေရာများတွင်ဆိုလျှင် မာယာ လူမျိုးတို့၏ ကျေးရွာများကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြသည်။

မာယာ လူမျိုးများအား ထိုသို့ စနစ်တကျ နှိပ်ကွပ်ခြင်းမှာ ယခုမှ မဟုတ်ပါ။ အမေရိကတိုက်ကို စပိန်တို့ သိမ်းပိုက်ခဲ့စဉ် ၁၆ ရာစု နှစ်ကတည်းက အစပြုခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က စပိန်လူမျိုး ဘရင်ဂျီ သာသနာပြု အဖွဲ့များသည် မာယာ လူမျိုးတို့၏ ဘာသာတရားကို တရားမ၀င် ကျေညာခဲ့ပြီး သစ်ခေါက်စက္ကူဖြင့် လုပ်သည့် မာယာ ဘာသာရေးကျမ်း လေးကျမ်းကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ကြသည်။ စစ်ပွဲတွင် မသေမပျောက် ကျန်ရစ်သူ၊ ဥရောပ ရောဂါကပ်များထဲတွင် မသေမပျောက် ကျန်ရစ်သူ၊ မာယာ လူမျိုးများကို ဥရောပတိုက်သားများ၏ စိုက်ခင်း များတွင် ကျွန်များအဖြစ် အတင်းအကျပ် စေခိုင်းခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ လုံးလုံး မာယာ လူမျိုးတို့သည် ပထမ စပိန်တို့၏ အုပ်စိုးမှု၊ ထို့နောက်တွင် မက္ကဆီကိုတို့၏ အုပ်စိုးမှုကို ခုခံ တိုက်ခိုက်ခဲ့ကြသည်။

ယင်းသို့ ခုခံ တိုက်ခိုက်ခဲ့သည့်တိုင် (သို့မဟုတ် ထိုသို့ ခုခံ တိုက်ခိုက်ခဲ့သည့်အတွက်) အလယ်ပိုင်း အမေရိကတိုက် လူမျိုးများ၏ မိသားစု အတွင်းသို့ သွတ်သွင်းခံခဲ့ရပြီးသည့် နောက်မှာပင် မာယာ လူမျိုးတို့သည် အခြားသော လူမျိုးများ၏ ၀ိုင်းဝန်းဖိနှိပ်ခြင်းကို ခံနေရဆဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့် အထိ မြို့ဈေးများသို့ လာ၍ ကြက်ငှက်နှင့် ကောက်ပဲသီးနှံတို့ကို လာရောက် ရောင်းချသည့် မာယာ လူမျိုး တောသူတောင်သားများသည် အိန္ဒိယမျိုးနွယ် မဟုတ်သော အမျိုးသမီးများက ၀ိုင်းဝန်း လုယက်သည်ကို ခံနေကြရဆဲ ဖြစ်သည်။ ထိုမြို့များ၏ ကုန်သွယ်ရေးသည် အိန္ဒိယ လူနီမျိုးတို့ အပေါ်တွင် မှီခိုနေရသည့်အတိုင် ညအချိန်တွင် မြို့ထဲတွင် လမ်းလျှောက်နေသော မာယာ လူမျိုးကို တွေ့လျှင် ထောင်ဒဏ် ငွေဒဏ်တို့ကို စီရင်နေဆဲ ဖြစ်သည်။

ယခုအချိန်၌ နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေးရှိသည်ဟု နိုင်ငံတော်က အာမခံချက် ပေးထားသည့်တိုင်၊ ဂွါတီမာလာ သမ္မတသစ် လီယွန်ကာပီယိုက လူ့အခွင့်အရေးကို တန်းတူ ပေးထားသည့်တိုင်၊ မာယာ လူမျိုးတို့သည် နိုင်ငံရေးနှင့် စီးပွါးရေး လှေကား၏ အောက်ဆုံးထစ်တွင်သာ ရှိနေကြသေးသည်။ မက္ကဆီကို တနိုင်ငံလုံးတွင် စာတတ်သူဦးရေမှာ ၈၈% ရှိသော်လည်း ပြည်နယ်တခုဖြစ်သည့် ချိယာပါ့စ်တွင် စာတတ်သူဦးရေမှာ ၅၀% မျှသာ ရှိပြီး မာယာ လူမျိုးတို့၏ ကလေးအသေအပျောက်နှုန်းမှာ ၁၀၀၀ လျှင် ၅၀၀ ရှိသည်။ ယင်းမှာ မက္ကဆီကို တနိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် ၁၀ ဆ များနေသည်။ ကျေးလက်တွင် နေထိုင်သည့် မာယာ လူမျိုး ၇၀% တို့မှာ သောက်သုံးနိုင်သော ရေ မရှိဘဲ နေကြရသည်။

ထိုသို့သော ၀မ်းနည်းဖွယ်ကောင်းသည့် အခြေအနေမျိုး၌ မာယာ လူမျိုးတို့သည် သူတို့၏ ခေတ်ပြိုင်ဘ၀ ကို အဓိပ္ပါယ် ရှိလာစေရန် ခေတ်ဟောင်းနည်းများဖြင့် နေထိုင်နေကြရသည်။ လူသူ အရောက်အပေါက်နည်းသည့် ဂွါတီမာလာနှင့် မက္ကဆီကို တောင်ပေါ်ဒေသများတွင် မာယာ လူမျိုးတို့သည် လွန်ခဲ့သော နှစ်ပေါင်း လေးထောင်က သူတို့ ဘိုးဘေးများ ကျင့်သုံးခဲ့ကြသော ရိုးရာအစဉ်အလာများကို ကျင့်သုံးကြဆဲ ဖြစ်သည်။ မာယာ ရက်ကန်းသည်များသည် အထည်များကို ရက်လုပ်ရာတွင် မာယာ ရှေးဟောင်း ၀တ်ကျောင်းများ၏ ထုတ်တန်းများ ပေါ်တွင် ရေးခြယ်ထားသည့် စကြာဝဠာ ဖန်တီးဟန် ပုံသဏ္ဍာန်များကို ရက်လုပ်ကြသည်။ ကိုလံဘတ် မရာက်မီက ရှိခဲ့သော မာယာ လူမျိုးတို့၏ နတ်ဘုရား ပုံသဏ္ဍာန်များကို ရေးခြယ်ခြင်းဖြင့် ခေတ်ပြိုင် မာယာ လူမျိုးတို့သည် သူတို့၏ ရှေးဟောင်း ယဉ်ကျေးမှု အတိတ်နှင့် စိတ်ဓာတ်အရ ဆက်သွယ်နေကြသည်။ ထို ဒီဇိုင်းများကို ရေးခြယ်ခြင်းဖြင့်လည်း သူတို့သည် ရုပ်ဝတ္ထုအရ သူတို့၏ နတ်ဘုရားများနှင့် ဆက်သွယ်မိနေ ကြသည်။

'သူတို့ အ၀တ်အစား ဒီဇိုင်းတွေကို ကြည့်လိုက်ရင် နေ့စဉ်ဘ၀ကို ဖော်ပြနေတဲ့ သင်္ကေတတွေကို မတွေ့ရဘူး။ သဘာဝလွန် အရာတွေ၊ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ၊ အိပ်မက်တွေထဲမှာသာ တွေ့နိုင်တဲ့ အရာတွေကိုသာ မြင်နေရတယ်' ဟု ဆီးအက်တဲ အခြေစိုက် 'မနုဿဗေဒ ပညာရှင်နှင့် ရှင်သန်နေသော မာယာ လူမျိုးများ' စာအုပ်ကို ရေးသည့် ဝေါ်လတာမောရစ်က ပြောသည်။

ရည်ညွှန်း။ Time, August 9, 1993.
[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၃၊ အောက်တိုဘာ]

Monday, May 10, 2010

စိတ်ခွန်အား တိုးစေဖို့
ရေးသူ- လူထုစိန်ဝင်း

ကျန်းမာရေး အခြေအနေက ခွင့်မပေးတော့လို့ စာမသင်နိုင်တော့ပေမယ့် နှစ်ါပေါင်း ၂၀ ကျော် ဆရာလုပ်ခဲ့တာဆိုတော့ ကျောင်းသူကျောင်းသား တပည့်ဟောင်းတွေကတော့ အ၀င်အထွက် ပြတ်လှတယ် မရှိပါဘူး။ လမ်းကြုံလို့ ၀င်လာတဲ့သူနဲ့၊ နေ့ကြီးရက်ကြီးမို့ ၀င်လာတဲ့သူနဲ့၊ ခရီးထွက်ရာက ပြန်လာလို့ လက်ဆောင်လာပို့တဲ့သူနဲ့၊ နိုင်ငံခြားသွားခါနီးမို့ လာကန်တော့ နှုတ်ဆက်သူနဲ့ နေ့စဉ်နဲ့အမျှဆိုသလို ရှိနေတာပါပဲ။
တပည့် ကျောင်းသူ ကျောင်းသားတွေက သူတို့မှာ စိတ်ညစ်စရာ တခုခု ကြုံတွေ့ရတဲ့အခါများမှာ ပိုပြီးသတိရတယ်လို့ ဆိုကြပါတယ်။ စိတ်ညစ်စရာ ပြေပျောက်အောင်လုပ်လို့ မရတဲ့အခါမျိုး၊ အခက်အခဲတခုခု မဖြေရှင်းနိုင်တဲ့ အခါမျိုးတွေမှာ ရောက်ချလာတတ်ကြပြီး ရင်ဖွင့်ကြ၊ တိုင်ပင်နှီးနှောကြ၊ အကြံဥာဏ်တောင်းကြ၊ လုပ်တတ်ကြပါတယ်။

လူငယ်လေးတွေကို မြင်တွေ့ရတဲ့ အခါတိုင်း ကိုယ်ငယ်စဉ်ဘ၀က လူငယ်များလို တက်ကြွလန်းဆန်းမှု တယ်ပြီး မတွေ့မမြင်ရတာကြောင့် ကရုဏာ သက်မိပါတယ်။ အဲဒါကြောင့် တတ်စွမ်းသမျှ၊ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ကို ပြုရပါတယ်။လူငယ်တွေနဲ့ စကားပြောတဲ့ အခါတိုင်း သတိထားမိတာ တခုကတော့ သူတို့တတွေဟာ သူတို့ရဲ့ လက်ရှိဘ၀ကို မကျေမနပ်ဖြစ်ပြီး စိတ်ချဉ်ပေါက်နေတာတွေ များနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ တချို့ကတော့ လူ့ဘ၀ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိတာကြီးပဲလို့တောင် မြင်နေကြတာ ရှိပါတယ်။ လူငယ် လူရွယ်လေးတွေက လူ့ဘ၀ကို ငြီးငွေ့စိတ်ပျက်သံနဲ့ ပြောတာတွေ ကြားရဖန်များတော့ သူတို့ကို စိတ်သက်သာရအောင် လုပ်ပေးချင်တဲ့ ကရုဏာစိတ်တွေ ၀င်လာလေ့ ရှိပါတယ်။ အဲဒီ ကရုဏာစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတဲ့ ကဗျာတွေ၊ သီချင်းတွေ ရှာဖွေစုဆောင်းဖြစ်ပါတယ်။ စာသင်နေစဉ်ကတော့ အတန်းထဲမှာ သင်ကြားပေးပါတယ်။ စာမသင်နိုင်တဲ့ အခါကျတော့လည်း မဂ္ဂဇင်းဆောင်ပါးတွေအဖြစ် ရေးပြီး လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးပါတယ်။

အခု ဖော်ပြပေးလိုက်တဲ့ ကဗျာလေးက စိတ်ဓာတ်မြှင့်တင်ရေး ကဗျာတပုဒ်ပါ။ အဓိပ္ပါယ်ကတော့ ရှင်းလင်းလွယ်ကူပြီး ရိုးရိုးကလေးဖြစ်တာကြောင့် အကျယ်ချဲ့ပြီး ပြောစရာတောင် မလိုတော့ပါဘူး။ ဖတ်ကြည့်ပါတော့........

Remember That Anything is Possible!

Believe in what makes you feel good.
Believe in what makes you happy.
Believe in the dreams
you've always wanted to come true,
and give them every chance to.

Life holds no promises
as to what will come your way.
You must search for your own ideals
and work towards reaching them.
Life makes no guarantees
as to what you'lll have.
It just gives you time to make choices
and to take chances
and to discover whatever secrets
that might come your way.

If you are willing to take
the opportunities you are given
and utilize the abilities you have.
You will constantly fill your life
with special moments
and unforgettable times.

No one knows the mysteries of life
or its ultimate meaning,
but for those who are willing
to believe in their dreams
and in themselves,
life is a precious gift
in which anything is possible.

-Dena Dilaconi

"ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတာ အမှတ်ရပါ"
ဒီနာဒီလာကိုနီ

- သင့်ကို စိတ်ချမ်းသာစေတဲ့အရာအပေါ် ယုံကြည်ပါ။
သင့်ကို ပျော်ရွှင်စေတဲ့အရာအပေါ် ယုံကြည်ပါ။
သင်အမြဲတမ်း ဖြစ်လာစေချင်တဲ့၊
အိပ်မက်များအပေါ်မှာ ယုံကြည်ပါ။

- သင့်ဘ၀လမ်းခရီးမှာ ဘာတွေ ဖြစ်လာလိမ့်မယ်လို့
ဘ၀က ပဋိဥာဉ်ပြုထားတာ မရှိဘူး၊
သင်လိုချင်တာကို သင်ကိုယ်တိုင် ရှာဖွေရွေးချယ်ပြီး၊
ဖြစ်အောင်လုပ်ရလိမ့်မယ်။

- သင်ဘာတွေရလာလိမ့်မယ်လို့
ဘ၀က အာမခံချက်ပေးထားတာ မရှိဘူး၊
သင်ရွေးချယ်နိုင်ဖို့နဲ့ အခါအခွင့်ကြုံကြိုက်ဖို့၊
အချိန်ဆိုတာကိုပဲ ပေးထားတယ်၊
ဘ၀ခရီးလမ်းတလျှောက်ရှိ လျှို့ဝှက်ချက်တွေကို
ရှာဖွေတွေ့ရှိဖို့ပဲ လိုတယ်။

- ပေးတဲ့အခွင်အရေးများကို
ရယူချင်စိတ်ရှိပြီး၊
သင့်မှာရှိတဲ့ အစွမ်းအစများကို အသုံးချရင်
ထူးခြားတဲ့ အခိုက်အတန့်တွေ၊
မမေ့နိုင်လောက်တဲ့ အချိန်တွေ၊
သင့်ဘ၀မှာ အမြဲထာဝရပြည့်ဝနေလိမ့်မယ်။

- ဘ၀ရဲ့ လျှို့ဝှက်ချက်တွေနဲ့
အဆုံးစွန်အဓိပ္ပါယ်ကို
ဘယ်သူမှ မသိရှိကြဘူး။
ဒါပေမယ့် ကိုယ့်အိပ်မက်တွေကို ယုံကြည်တဲ့၊
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူများအတွက်
ဘ၀ဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့
အဖိုးတန်လက်ဆောင်တခုဖြစ်တယ်။

ဒီနာဒီလာကိုနီ

လူငယ်ဆိုတာ သံဝေဂတွေကြောင့် တွန့်ဆုတ်နေရမယ့် အရွယ်မဟုတ်ပါဘူး။ အိပ်မက်တွေကို ယုံကြည်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရဲရပါမယ်။ မှားမှာကို မကြောက်ပါနဲ့၊ ရှေးကလူကြီးတွေလည်း မှားဖူးကြတာပါပဲ။ အမှားတွေ့ဖူးမှ အမှန်ကို သိပါတယ်။ အမှားကို ပြင်ပြီး ရှေ့ဆက်လုပ်ရင် ခရီးရောက်မှာပဲ။ အမှားကို ကြောက်ပြီး ဆက်မလုပ်ရင် ဘယ်မှမရောက်နိုင်ပါဘူး။ လူ့ဘ၀ဆိုတာ စက်ဘီးစီးနေရသလို ဖြစ်တယ်။ စက်ဘီးစီးတဲ့အခါ နင်းနေမှ ရှေ့ကို သွားပါတယ်။ အနင်းရပ်လိုက်တာနဲ့ လဲကျသွားတာပါပဲ။ လူ့ဘ၀ဆိုတာလည်း ရှေ့တိုးရင်တိုး မတိုးရင် ကျဆင်းသွားမှာပါ။ ရှိရင်းစွဲနေရာမှာ တန့်နေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အိပ်မက်တွေကို ယုံကြည်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အရေးကြီးပါတယ်။ အိပ်မက်တွေကို ယုံမှ ရှေ့တိုးရဲမှာ ဖြစ်ပါတယ်။ ရှေ့မတိုးရဲသူ ကျဆုံးမှာပဲ။ ဒီသဘာဝတရားကို လူငယ်တိုင်း နားလည်သဘောပေါက်စေချင်ပါတယ်။

လူထုစိန်ဝင်း
၂၁၊ ၁၁၊ ၂၀၀၅
[ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၂)၊ ဖေဖော်ဝါရီလ၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]

Saturday, May 8, 2010

ဆင်းရဲခြင်းထောင်ခြောက်
ဘာသာပြန်သူ- လူထုစိန်ဝင်း



{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ခြောက် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ အက်ဆေးတွေဟာ ၀င်းဇော်၊ လူထုစိန်ဝင်း အမည်များနဲ့ Bi weekly eleven ဂျာနယ်မှာ အမှတ် ၁ မှ စတင်ကာ (၂၈-၁၂-၀၈) အထိ ဘာသာပြန် ရေးသားဖော်ပြခဲ့သမျှ ဖြစ်တယ်။}

မဟာလူဖြူစနစ်ခေတ် (Apartheid Era) ကာလတုန်းက တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရေး အကြမ်းဖက်မှုလို့ ပြောလိုက်ရင် ဘာမှကို ထွေထွေရာရာ တွေးစရာမလိုဘဲ အဖြူနဲ့အမည်းဆိုတာ ရှင်းနေတယ်။ ဒါပေမယ့်လို့ မေလနှောင်းပိုင်းမှာ တနိုင်ငံလုံးလောင်မြိုက်သွားတဲ့ နိုင်ငံခြားသားဆန့်ကျင်ရေး မီးတောက်မီးလျှံကြီး ထဲမှာ သေဆုံးခဲ့ကြတဲ့ ၆၂ ဦးစလုံးဟာတော့ လူမည်းတွေ ဖြစ်ကြတယ်။
အလားတူပဲ အိုးတွေအိမ်တွေ ဆုံးရှုံးခဲ့ရသူ ထောင်သောင်းမကတို့ဟာလည်း လူမည်းတွေပဲ ဖြစ်တယ်။ လူတွေကို ရိုက်နှက်လုယက်၊ အမျိုးသမီးတွေကို မတော်မတရားပြု၊ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် လုပ်ခဲ့ကြသူတွေကလည်း လူမည်းတွေပဲ ဖြစ်တယ်။ ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူ့ကိုယ်သူ 'သက်တန့်ရောင်နိုင်ငံ' လို့ ကြွေးကြော်ခဲ့တဲ့ နိုင်ငံကြီးတခုကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြား သွားစေခဲ့တဲ့ အမုန်းနဲ့ အကြမ်းဖက်မှုတွေ ဟာ လူမျိုးရေးကြောင့်တော့ မဟုတ်ပါဘူး။ အဲဒါဟာ ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ 'ကမ္ဘာပြုမှု' ရဲ့ လက္ခဏာတရပ်သာ ဖြစ်တယ်။
ကျွန်တော်တို့ရဲ့ ခေတ်ကို ပြဌာန်းတဲ့ ၀ိသေသဖြစ်စဉ်တရပ်က 'ရွှေ့ပြောင်းနေထိုင်မှု' ဖြစ်တယ်။ ကမ္ဘာကြီးက ကျုံ့လိုက်လာပြီး စီးပွါးရေးတွေက ပေါင်းစည်းလာကြချိန်မှာ နိုင်ငံနယ်နမိတ်တွေရဲ့ အရေးပါမှုက လည်း လျော့ပါးလာကြတယ်။ အနည်းဆုံးတော့ သီဝရီတွေက ဒီလိုဆိုတာပဲလေ။
တကယ့်လက်တွေ့ အခြေအနေမှာတော့ နယူးယောက်မြို့တော်မှာ နေသည်ဖြစ်စေ၊ နယူးဒေလီ၊ ဂျိုဟန်နက်စဘတ် နဲ့ တိုကျိုမြို့တော်ကြီးများမှာ နေသည်ဖြစ်စေ တဦးနဲ့တဦး 'နှစ်ပါးဂဟေဆက်' သလို အံဝင်ခွင်ကျ တသားတည်း ကျနေတဲ့ နိုင်ငံတကာ ရေပေါ်ဆီ လူတန်းစားတရပ် တည်ရှိနေပါတယ်။ ဒါပေမယ့် အရာရာဟာ အလားတူ အဆင်ပြေ ချောမော မနေကြပါဘူး။
ကမ္ဘာပြုမှုရဲ့ ရှေ့နေတော်ကြီးများ ပြောကြတဲ့ လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ လွတ်လပ်တဲ့ ဈေးကွက်စနစ်တို့ ကြောင့် ကမ္ဘာကြီးတခုလုံးရဲ့ ပျမ်းမျှဝင်ငွေ တိုးတက်မြင့်မားလာခဲ့တယ်ဆိုတဲ့ စကားမှန်လာတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတွေအရ တနေ့ဝင်ငွေ နှစ်ဒေါ်လာအောက် ရရှိတဲ့ ကမ္ဘာ့လူဦးရေဟာ ၁၉၈၁ ခုနှစ်က ၆၇ ရာနှုန်းရှိရာက ၂၀၀၄ ခုနှစ်မှာ ၄၇ ရာနှုန်းထိ လျော့ကျသွားခဲ့ပါတယ်။ တကယ်တော့ ၂ ဒေါ်လာ ဆိုတာ ဘာမှရှိလှတာ မဟုတ်ပါဘူး။ 'ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လူမှုရေး အချိုးအဆ လေ့လာရေး ကမ္ဘာလုံးဆိုင်ရာ ကော်မရှင်' ဆိုတဲ့ သုတေသနအဖွဲ့ကြီးတခုက ၂၀၀၄ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ဆိုရင်တော့ ပျမ်းမျှ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ယေဘူယျ အခြေအနေဟာ တိုးတက်လာတယ်လို့ ဆိုနိုင်ပေမယ့် နှိုင်းယှဉ်ချက်အားဖြင့် ကြည့်ရင်တော့ ပိုပြီး ဆိုးလာတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၉ ရာနှုန်းဟာ ဆင်းရဲချမ်းသာ ချောက်ကမ်းပါးကြီး နက်ရှိုင်းလှတဲ့ နိုင်ငံတွေမှာ ရှိနေကြပြီး ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်သာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။
စီးပွါးရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ် (Joseph Stiglitz) ကတော့ "ကမ္ဘာပြုမှုက လူဆင်းရဲတွေနဲ့ ချမ်းသာတဲ့နိုင်ငံကို ဖန်တီးပေးလိုက်တယ်" လို့ ဆိုခဲ့ပါတယ်။ ဒီအဆိုက တောင်အာဖရိက နိုင်ငံမှာတော့ တော်တော်ကို သိသိသာသာ မှန်နေတာ တွေ့နိုင်ပါတယ်။ မဟာလူဖြူစနစ်ခေတ်နောက်ပိုင်း အစိုးရက ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးခဲ့တာကြောင့် ဝေါလမ်းမကြီးပေါ်က ငွေကုန်သည်ပွဲစားများနဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်းရှင်ကြီးများက ချီးကျူးထောပနာ ပြုတာခံခဲ့ရပြီး နိုင်ငံရဲ့ နှစ်စဉ် စီးပွါးရေးတိုးတက်မှုနှုန်းကလည်း လေးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းလောက် မှန်မှန်ကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုးတက်မှုနှုန်းက ဆင်းရဲချမ်းသာ ကွာဟမှု ချောက်ကမ်းပါးကြီးကို ကျဉ်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့သလို အန္တရာယ်ကြီးမားတဲ့ အခြေအနေထိ ရောက်နေတဲ့အလုပ်လက်မဲ့ ပြဿနာကြီးကိုလည်း မဖြေရှင်းနိုင်ခဲ့ပါဘူး။
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလမှာ 'တောင်အာဖရိကလူမျိုးများ ဆက်ဆံရေးဌာန' ဆိုတဲ့ သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အပါသိဒ် (Apartheid) စနစ် အဆုံးသတ်ပြီး နှစ်နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ တနေ့ဝင်ငွေ တဒေါ်လာအောက်ရှိသူ လူဦးရေ ၁ ဒဿမ ၉ သန်း ရှိခဲ့ရာက ၂၀၀၅ ခုနှစ်မှာတော့ ၄ ဒဿမ ၂ သန်းထိ ရှိလာခဲ့တယ်လို့ သိရတယ်။ ကမ္ဘာပြုမှုရဲ့သဘောက လှေတွေ အားလုံးကို သယ်ဆောင်ပေးတဲ့ 'ဒီရေ' အဖြစ်ယူဆခဲ့ကြပေမယ့်လို့ တောင်အာဖရိကမှာ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့အထောက်အထားများအရ သန်းပေါင်းများစွာသော လှေများဟာ ဒီရေကို လိုက်မမီလိုက်ရုံလောက်သာ မဟုတ်ဘဲ ဒီရေနဲ့ အလှမ်းကွာဝေးတဲ့ အခြားသမုဒ္ဒရာတစင်းမှာ ရောက်ရှိနေကြတဲ့ သဘောမျိုး ဖြစ်နေပါတော့တယ်။
အဲဒီတော့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပတ်သက်တဲ့ သင့်အတွေ့အကြုံဟာ ဘဏ်ထဲမှာ သင့်ငွေ ဘယ်လောက်ရှိနေသလဲဆိုတဲ့ အပေါ်မှာ မူတည်နေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ စီးပွါးရေးသမားများအတွက် ကမ္ဘာကြီးဟာ ရွာဖြစ်ပြီး အရပ်လေးမျာက်နှာက ဘ၀တူတွေနဲ့ ချိတ်ဆက်လျက် ရှိနေပါတယ်။ သမုဒ္ဒရာထဲမှာ လှေငယ်လေးစီးပြီး အန္တရာယ်ကို ရင်ဆိုင်ရသူမျိုးနဲ့ ကျယ်ပြောလှတဲ့ သဲကန္တာရကြီးထဲမှာ ဘတ်စ်ကားအိုကြီးစီးပြီး ခရီးကြမ်းနှင်ရသူမျိုးတွေ အတွက်ကတော့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ကျိန်စာဆိုးကြီးတခုသာ ဖြစ်ပါတယ်။ ဆင်းရဲနိုင်ငံများက သန်းပေါင်းများစွာသော လူများဟာ နှစ်စဉ်နှစ်တိုင်း ချမ်းသာတဲ့ စက်မှုနိုင်ငံကြီးများကို ဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲက ပိုပြီးကြွယ်ဝတဲ့ တောင်အာဖရိကလို နိုင်ငံများကို ဖြစ်စေ၊ တရားဝင်နည်းနဲ့ရော၊ တရားမ၀င်နည်းနဲ့ပါ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ဒါပေမယ့်လို့ ဖွံ့ဖြိုးဆဲကမ္ဘာက လူဆင်းရဲများ အနေနဲ့ကလည်း သူတို့ရဲ့ မ၀ရေစာ အစားအစာများကို နိုင်ငံခြားက ၀င်လာသူတွေကို ခွဲမပေးလိုကြပါဘူး။ အဲဒီတော့ ချမ်းသာနိုင်ငံကလူတွေ လုပ်သလိုဘဲ ပြင်ပက ၀င်လာသူတွေနဲ့ သူတို့ကြားမှာ တံတိုင်းတွေ ကာရံထားကြပါတော့ တယ်။ စီးပွါးရေးအသစ်ရဲ့ လှေကြုံစီးသမားတွေနဲ့ သူဌေးသူကြွယ်များရဲ့ 'လှေမြို့တော်ယဉ်ကျေးမှု' (Cosmopolitanism) ထွန်းကားခြင်းနှင့်အတူ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ နောက်မှာ ကပ်ပါလာတာကတော့ နိုင်ငံခြားသား မုန်းတီးရေးစိတ်ဓာတ်တွေ တက်ကြွလာမှုပဲ ဖြစ်တယ်။ ဒီဖြစ်စဉ်ဟာ တောင်အာဖရိကမှာ အကြမ်းဖက်ပုံသဏ္ဍာန်နဲ့ လောလောလတ်လတ် ပေါ်ထွက်လာရုံမက ဥရောပတိုက်မှာလည်း နိုင်ငံခြားသား မုန်းတီးရေး စိတ်ဓာတ်တွေ တက်ကြွလာခဲ့တာကြောင့် မူလက မပြောပလောက်တဲ့ အုပ်စုငယ်လေးများသာ ဖြစ်ကြတဲ့ ဗြိတိသျှနေရှင်နယ်ပါတီ၊ ပြင်သစ်က Le Pen ရဲ့ နေရှင်နယ်ဖရန့်ပါတီ၊ ဂျာမနီက နီယိုနာဇီပါတီ၊ ဟော်လန်က လုပ်ကြံခံရတဲ့ Pim Fortuyn ရဲ့ ပါတီ စတဲ့ အဖွဲ့တွေကို သူတို့နိုင်ငံ အသီးသီးရဲ့ ပင်မနိုင်ငံရေး ရေစီးကြောင်းကြီးထဲ ရောက်အောင် မြှင့်တင်ပေးလိုက်ကြပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဆွစ်ဇလန်က People's Party ဟာဆိုရင် သိုးမည်းတကောင်ကို သိုးဖြူသုံးကောင်က ဆွစ်ဇလန်အလံပေါ်က ကန်ထုတ်ပစ်လိုက်တဲ့ပုံ ပိုစတာ ကိုင်စွဲပြီး ရွေးကောက်ပွဲ ၀င်ခဲ့ရာမှာ ပါတီတခုချင်းအနေနဲ့ မဲအများဆုံး ၂၉ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားပါတယ်။ နိုင်ငံခြားက ၀င်လာသူတွေနဲ့ နိုင်ငံတည်ထောင်ထားတဲ့ အမေရိကန်နိုင်ငံမှာလည်း သမိုင်းကြောင်းတလျှောက် ဘယ်ခေတ်ကနဲ့မှ မတူအောင် နိုင်ငံခြားသားဆန့်ကျင်ရေးစိတ်ဓာတ် ပျံ့နှံ့နေကြောင်းကို စစ်တမ်းကောက်ယူမှုများအရ သိရှိရတယ်။ ကမ္ဘာတခုလုံးမှာလည်း ဂျပန်၊ ကိုးရီးယားနဲ့ ပါလက်စတိုင်းနယ်မြေများကလွဲရင် နိုင်ငံအားလုံးလိုလိုမှာ နိုင်ငံခြားသားဦးရေ လျှော့ချပစ်လိုတဲ့ သဘောထား ရှိနေကြတယ်လို့ Pwe Global Attitudes Survey အဖွဲ့က ၂၀၀၇ ခုနှစ်မှာထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ သိရှိရတယ်။
လောလောလတ်လတ် ပေါ်ထွက်လာတဲ့ နိုင်ငံခြားသား ဆန့်ကျင်ရေး အကြမ်းဖက်မှုများက နေပြီး 'သက်တန့်ရောင်နိုင်ငံ' အနေနဲ့ ထုတ်ယူစရာ သင်ခန်းစာတွေ အများကြီး ရှိပါတယ်။ အဲဒါတွေထဲမှာ အဓိကကျတာကတော့ ဒီနေ့နိုင်ငံခြားသား မုန်းတီးရေးဟာ အသားရောင်ကြောင့် ဖြစ်ရတာမျိုးထက် သယံဇာတကြောင့် ဖြစ်ရတာက ပိုတယ်ဆိုတဲ့ အချက်နဲ့ အစိုးရအနေနဲ့ကလည်း အဖြူအမည်းခြားနားမှုထက် ဆင်းရဲချမ်းသာကွာဟမှု ခြောက်ကမ်းပါးကြီး နက်သထက် နက်လာတာကို ပိုပြီး အာရုံစိုက်သင့်ပါတယ်။ အပါသိဒ်က လူဖြူတွေကို အသားအရောင် ခွဲခြားရေးသမား လူဆိုးလူမိုက်တွေ ဖြစ်လာစေခဲ့သလို မညီမျှခြင်းနဲ့ ဆင်းရဲမွဲတေခြင်းတို့ကြားက ဂလိုဘယ်လိုက်ဇေးရှင်းကလည်း ဘယ်သူ့ကိုမဆို တယူသန် တဇောက်ကန်းများ ဖြစ်လာစေနိုင်ပါတယ်။ ။

[၁၆. ၆. ၂၀၀၈ ထုတ် Time မဂ္ဂဇင်းက Alex Parry ရဲ့ Poverty Trap အက်ဆေးကို ဘာသာပြန်ထားတာပါ။]

လူထုစိန်ဝင်း
{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ခြောက် အက်ဆေးများ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၉ မေလ မှ ကူးယူဖော်ပြပါတယ်}

ဦးနှောက်ယိုစီးမှုနဲ့ ကမ္ဘာပြုမှု (စကားမာရသွန် - ၇၂)
ရေးသူ- လူထုစိန်ဝင်း



ကျောင်းသား။ ။ ကျွန်တော်တို့ အာရှတိုက်သားတွေ တယ်တော်ပါလားဗျ။
ကျောင်းသူ။ ။ ဘာတွေများ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေတာလဲရှင့်။
ကျောင်းသား။ ။ သတင်းလေးတပုဒ် ဖတ်မိလို့ပါဗျာ။ အမေရိကန်ရောက် အာရှတိုက်သားများရဲ့ တနှစ် ပျမ်းမျှ ၀င်ငွေဟာ သူတို့ အမေရိကန်တွေထက်တောင် များသတဲ့ ခင်ဗျ။
ကျောင်းသူ။ ။ တယ်ဟုတ်ပါလား။ ဘယ်လောက်ထိ များသလဲရှင်။
ကျောင်းသား။ ။ ၁၉၉၆ ခုနှစ်က ကောက်တဲ့ စစ်တမ်းအရ အာရှတိုက်သားများရဲ့ ပျမ်းမျှဝင်ငွေဟာ တနှစ်ကို ဒေါ်လာ ၄၂၉၀၀ ရှိပြီး အမေရိကန်တယောက်ရဲ့ ပျမ်းမျှဝင်ငွေကတော့ ဒေါ်လာ ၃၆၁၀၀ ပဲ ရှိသတဲ့။
ဆရာ။ ။ အံမယ် အတော်ကွာပါလားကွဲ့။
ကျောင်းသား။ ။ အမေရိကန်ရောက် လက်တင်အမေရိကန်နိုင်ငံသားများရဲ့ ပျမ်းမျှဝင်ငွေက ဒေါ်လာ ၂၄၁၀၀ လောက်ပဲ ရှိသတဲ့ ခင်ဗျ။ ပညာရေးမှာလည်း အာရှတိုက်သားတွေက သာတာပဲတဲ့လေ။
ကျောင်းသူ။ ။ နှိုင်းယှဉ်ပြပါဦး။
ကျောင်းသား။ ။ ပညာနဲ့ လုပ်ရတဲ့ စီမံခန့်ခွဲမှု အလုပ်ကြီးအကိုင်ကြီးတွေမှာ အာရှသားများရဲ့ သုံးပုံတပုံလောက် လုပ်နေကြပြီး လက်တင်နိုင်ငံသားများကတော့ ၁၁ ရာနှုန်းလောက်သာ ရှိပါတယ်။
ဆရာ။ ။ တို့ လူဝါ၊ လူညို၊ လူမည်းတွေဟာ လူဖြူတွေထက် ဘယ်ဘက်က ယှဉ်ယှဉ် မညံ့ပါဘူးကွဲ့။ ကမ္ဘာ့ အားကစားပွဲတွေ ကြည့်ပါလား။ ကမ္ဘာ့အမြန်ဆုံးယောက်ျားဟာ လူမည်း ဖြစ်သလို၊ ကမ္ဘာ့ အမြန်ဆုံး မိန်းမဟာလည်း လူမည်းပဲလေ။ ပြေးခုန်ပစ်လို၊ လက်ဝှေ့လို တဦးချင်း စွမ်းရည်ပြိုင်ရတဲ့ နေရာတိုင်းမှာ လူမည်းတွေချည်း ကြီးစိုးနေတာ မဟုတ်လား။
ကျောင်းသူ။ ။ လူလူချင်း ပြိုင်ရတာမျိုးဆို အာရှ၊ အာဖရိကသားတွေက ဥရောပသားတွေ၊ အမေရိကန်တွေထက် သာတယ်ဆိုတဲ့ သဘောပေါ့နော်။
ကျောင်းသား။ ။ အာရှသားတွေ ဘာကြောင့် ၀င်ငွေကောင်းကြတယ်ဆိုတဲ့ အကြောင်းရင်းကိုလည်း ပြောထားသေးတယ်ခင်ဗျ။
ဆရာ။ ။ ဆိုစမ်းပါဦးကွဲ့။
ကျောင်းသား။ ။ အမေရိကန်ကို ၀င်လာကြတဲ့ အာရှတိုက်သားတွေရဲ့ အများစုဟာ ပညာတတ်တွေ ဖြစ်ကြတယ်တဲ့။ သူတို့ မူရင်းနိုင်ငံမှာ ပညာသင်ကြားတတ်မြောက်ပြီးမှ အလုပ်လုပ်ဖို့ အမေရိကန်ကို ရောက်လာကြတာ ဖြစ်တယ်တဲ့။ လက်တင်အမေရိက နိုင်ငံသားတွေကတော့ ပညာသိတ်မတတ်တဲ့ အလုပ်ကြမ်းသမား ပျံကျတွေ များတယ်တဲ့။
ကျောင်းသူ။ ။ အာရှက ပညာတတ်တွေ အရောက်များတယ်ဆိုတော့ အမေရိကန်တွေက အမြတ်ထွက်တာပေါ့နော်။ ပညာသင်ပေးရတဲ့စရိတ် တပြားတချပ်မှ မကုန်လိုက်ရဘဲနဲ့ ကျွမ်းကျင်လုပ်သားတွေ အများကြီး ရနေတာပေါ့။
ဆရာ။ ။ အဲဒါကြောင့် ကုလသမဂ္ဂညီလာခံကြီးတွေမှာ ဦးနှောက်ယိုစီးမှု (brain drain) ပြသနာကို အမြဲတမ်း ဆွေးနွေးနေကြရတာပေါ့ကွယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက ပညာတတ်တွေ ထွက် ထွက်သွားကြတော့ ပိုပိုပြီး ဖွံ့ဖြိုးမှု နှောင့်နှေးရတော့တာပဲလေ။
ကျောင်းသား။ ။ တလောကပဲ စင်ကာပူက သူတို့နိုင်ငံရဲ့ အိုင်တီ လုပ်ငန်းတိုးချဲ့နိုင်ဖို့ ပြည်ပက ပညာရှင်တွေ များများသိမ်းသွင်းဖို့ ဆောင်ရွက်နေတယ်ဆိုတာ ဖတ်လိုက်ရသေးတယ်။
ကျောင်းသူ။ ။ ဒီနေ့ သတင်းစာမှာလည်း တရုတ်က အိုင်တီ ပညာတတ်တွေ နိုင်ငံခြားက ခေါ်ယူငှားရမ်းမယ်ဆိုတဲ့ သတင်း ပါလာသေးတယ်။
ဆရာ။ ။ ပညာသင်ပေးရတဲ့စရိတ် မကုန်ဘဲနဲ့ ပညာတတ်တွေရအောင်လုပ်တဲ့ နည်းလမ်းကို စက်မှုနိုင်ငံကြီးတိုင်းလိုလိုက လုပ်နေကြတာပဲကွဲ့။ ဥရောပက ဂျာမနီတို့၊ ပြင်သစ်တို့မှာလည်း အရှေ့အလယ် ပိုင်းဒေသက ပညာတတ်တွေ တဖွဲဖွဲဝင်ရောက်နေကြတာပဲ။
ကျောင်းသား။ ။ အရှေ့ဘက်က ဂျပန်ဆိုလည်း နေ့စဉ်နဲ့အမျှ ပြည်ပက ခိုးဝင်လာတဲ့ လူတွေ ရောက်နေတာကို မသိချင်ယောင် ဆောင်ထားတာပဲ။ ဂျပန်မှာ အဲဒီလိုလူမျိုးတွေ သိန်းပေါင်းများစွာ ရှိပါတယ်။ တရားမ၀င် နေထိုင်ကြသူတွေဆိုတော့ လုပ်ခ လစာကို ပေးချင်သလောက် ပေးလို့ရရုံသာမက တခြား အလုပ်သမားအခွင့်အရေးတွေ ဘာတွေလည်း ဘာမှ ပေးစရာ မလိုဘူးလေ။ အလုပ်ရှင်တွေအဖို့ သိပ်တွက်သား ကိုက်တာပေါ့။
ကျောင်းသူ။ ။ အဖမ်းအဆီးတွေ ရှိတော့ ရှိတယ် မဟုတ်လား။
ကျောင်းသား။ ။ သူတို့ ပြည်တွင်းမှာ ပြသနာ နည်းနည်းပါးပါးပေါ်လို့ သတင်းစာတွေက ၀ိုင်းရေးကြတဲ့ အခါမျိုးတွေမှာ ခိုးဝင်လာသူတွေကို ဖမ်းဆီးနှင်ထုတ်တာမျိုး ရှိပေမယ့် အသံဗလံတွေ ငြိမ်သွားတော့လည်း မမြင်ချင်ယောင် ဆောင်မြဲ ဆောင်နေကြတာပါပဲ။
ကျောင်းသူ။ ။ ဒီလိုနဲ့ပဲ လူတွေကို ကုန်ပစ္စည်းလို ထုတ်ကုန်သဘောမျိုး လုပ်နေကြတာ တော်တော်များပြီနော်။ ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ သီရိလင်္ကာတို့ဆိုရင် အစိုးရကိုယ်တိုင် ကတောင် နိုင်ငံခြားသွား အလုပ်လုပ်ကြဖို့ လှုံ့ဆော်နေကြတာ။ ဒါ့အပြင် လူတွေကို ကွန်တိန်နာကြီးတွေထဲ ထည့်ပြီး ခိုးသွင်းကြတာမျိုးလည်း ရှိနေတာပဲ။
ကျောင်းသား။ ။ ကွန်တိန်နာကြီးတွေထဲ ထည့်သွားလို့ အထဲကလူတွေ အားလုံး မွန်းကျပ်ပြီး သေကုန်ကြတာတွေလည်း ရှိတယ်လေ။
ဆရာ။ ။ ဆင်းရဲလို့ ပညာမတတ်ကြ၊ ပညာမတတ်ကြလို့ ဆင်းရဲကြ သံသရာလည်နေတာပေါ့ကွယ်။
ကျောင်းသူ။ ။ ဒီကြားထဲ 'ရှင်နည်းရာ အဂ္ဂလူထွက်' ဆိုသလို ရှိတဲ့ ပညာတတ်ကလေးတွေက ပြည်ပ ထွက် ထွက်သွားကြလေတော့ ပိုဆိုးကုန်တာပေါ့။
ကျောင်းသား။ ။ 'နယ်စည်းမခြား ဘာညာ ဘာညာ' ဆိုတဲ့ ခေတ်ကြီးဆိုတော့လည်း ဒါမျိုးတွေ တားဆီးဖို့က မလွယ်ဘူးလေ။
ကျောင်းသူ။ ။ 'ဦးနှောက်ယိုစီးမှု' ပြသနာက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အင်မတန် ကြီးမားတဲ့ ပြဿနာကြီး ဖြစ်နေတာဆိုတော့ တားဆီးဖို့ နည်းလမ်းတော့ ရှာသင့်ကြတယ် မဟုတ်လား။
ကျောင်းသား။ ။ ကမ္ဘာပြုမှု (ဂလိုဘယ်လိုက်ဇေးရှင်း) ခေတ်ကြီးမှာ တားဆီးလို့ မရနိုင်တော့ဘူးတဲ့ ခင်ဗျ။ ဒါ ခေတ်ရေစီးကြာင်းပဲတဲ့။ တားဆီးရင် တားဆီးတဲ့လူသာ ရေစီးကြောင်းထဲ မျောပါသွားမှာပဲတဲ့။
ကျောင်းသူ။ ။ ဒီ 'ကမ္ဘာပြုမှု' ဆိုတဲ့ စကားကို ရှေ့နောက် ဆင်ခြင်စဉ်းစားမှုမပြုဘဲ 'သံယောင်လိုက်' ဟစ်နေလို့တော့ မဖြစ်ဘူးထင်တယ်နော်။ ဆရာကော ဘယ်လိုသဘောရသလဲရှင့်။
ဆရာ။ ။ ခေတ်ကြီးက 'ကမ္ဘာပြုမှု' တို့၊ 'ကမ္ဘာ့ရွာကြီး' တို့ ဆိုတဲ့စကား၊ 'သတင်းနည်းပညာကွန်ရက်' တို့၊ 'အိုင်တီ' တို့ဆိုတဲ့ စကား ခပ်များများ၊ ခပ်ကျယ်ကျယ်အော်မှ ခေတ်မီတယ် ထင်နေကြတာကွဲ့။
ကျောင်းသူ။ ။ ဆရာ့အမြင် ပြောပါဦးရှင်။
ဆရာ။ ။ ဆက်သွယ်ရေးနည်းပညာတွေ ထွန်းကားတိုးတက်လာတော့ ကမ္ဘာကြီးဟာ ရှေးကလို အကျယ်ကြီးမဟုတ်တော့ဘဲ 'ကျုံ့'၊ 'ငယ်' သွားတာတာ မှန်တယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးအမြင်တွေ စွန့်ပြီး အားလုံးဟာ ကမ္ဘာရွာကြီးထဲက ကမ္ဘာသူ ကမ္ဘာသားတွေလို့သာ သဘောထားသင့်တယ် ဆိုတဲ့ အယူအဆ ဟာလည်း သဘောတရာအရတော့ မှန်တယ်၊ ကောင်းတယ်၊ ဒါပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်သေးဘူး ထင်တယ်ကွဲ့။
ကျောင်းသူ။ ။ ရှင်းပြပါဦးဆရာ။
ဆရာ။ ။ လူသားတွေက ဇွတ်အတင်း ဖန်တီးထားတဲ့ နယ်နမိတ် မျဉ်းကြောင်းတွေ ပပျောက်အောင် လုပ်ရမယ်လို့ ကြွေးကြော်တာ ကြွေးကြော်သံအရတော့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့တော့ အဲဒီလို ကြွေးကြော်နေတဲ့ နိုင်ငံကြီးတွေကိုယ်တိုင်က သူတို့နယ်နမိတ်တွေကို တင်းသထက်တင်း၊ ကျပ် သထက် ကျပ်အောင် ပိတ်ဆို့နေကြတယ် မဟုတ်လား။ ပြီးတော့မှ တဖက်ကနေညပီး နိုင်ငံလေးတွေရဲ့ နယ်နမိတ် ကန့်သတ်မှုတွေ ဖွင့်ပေးရမယ်တို့၊ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန် တည်ဆောက်ရမယ်တို့ တောင်းဆို နေကြတယ်လေ။
ကျောင်းသား။ ။ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်တို့ ဘာတို့ဆိုတာက စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေအတွက်သာ အမြတ်ထွက်တာပေါ့နော်။
ဆရာ။ ။ ဟုတ်တယ်လေကွယ်။ ပို့ကုန်ထုတ်ကုန် များများစားစား ရောင်းစရာ မရှိတဲ့ နိုင်ငံငယ်လေးများက တံခါးတွေ ဘယ်လောက်ဖွင့်ပေးပေး ဘာတွေ သွားရောင်းမှာလဲ။ ကိုယ့်တံခါးပေါက်ကသာ သူတို့ နိုင်ငံကြီးတွေဆီက ချိုချဉ်၊ ချော့ကလက်ကအစ junk food လို့ သူတို့ ပြောပြောနေတဲ့ 'အမှိုက်စာ' တွေအထိ ဒလဟော ၀င်လာကြမှာပေါ့။
ကျောင်းသူ။ ။ ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒ (protectionist policy) ဆိုတာ ဧရာမ ဆင် နိုင်ငံကြီးတွေမှလည်း ရှိတယ်မှုတ်လားရှင့်။
ဆရာ။ ။ ရှိပါသော်ကောကွယ်။ ဂျပန်နဲ့ အမေရိကန် နှစ်စဉ်လိုလို ကုန်သွယ်ရေး စစ်ထိုးပွဲတွေ ဖြစ်နောကတာ ကြည့်ပါလား။
ကျောင်းသား။ ။ ကမ္ဘာပြုမှု (ဂလိုဘယ်လိုက်ဇေးရှင်း)ဆိုတာ ဧရာမ ဆင် နိုင်ငံကြီးတွေက သူတို့ချင်း ညှိပြီး ကမ္ဘာကြီးကို လွှမ်းမိုးအုပ်စီးဖို့အတွက် ကြွေးကြော်တဲ့ ကြွေးကြော်သံပဲလို့ ပြောရင် ဆရာ သဘောတူလက်ခံ နိုင်မလား။
ဆရာ။ ။ လက်ခံနိုင်ပါတယ် မောင်ရယ်။ ကောင်းကောင်းကြီးကို လက်ခံနိုင်ပါတယ်။

လူထုစိန်ဝင်း။
၁၀-၁၂-၂၀၀၄
[လူထုစိန်ဝင်းရဲ့ စကားမာရသွန်-၂ စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၇ စက်တင်ဘာမှ ကူးယူဖော်ပြပါတယ်]

Thursday, May 6, 2010

နာရီပြင်ဆရာ၏အိမ်နီးချင်း
ရေးသူ- ဂျူး


{၂၀၀၀ မာယာတွင် ဖော်ပြပြီး ဖြစ်ပါတယ်}
သာမန်အားဖြင့်ဆိုလျှင်တော့ နာရီတလုံးကို သူ မမုန်းတတ်ပါ။ သို့သော် ဤကိစ္စမှာ တော့ လွန်လွန်းသည်။
သူ ဤအိမ်သို့ ပြောင်းလာခါစကတော့ နာရီပြင်ဆရာနှင့် အိမ်ချင်း ကပ်လျက်ဖြစ်သော ကြောင့် ဝမ်းသာကျေနပ်ခဲ့၏။ သူ့မှာ မကြာခဏ ပျက်တတ်သော စားပွဲတင်နာရီတလုံး ရှိသောကြောင့် ဖြစ်သည်။ နောက်ပြီး နာရီပြင်ဆရာ၏ ဂုဏ်သိက္ခာကိုလည်း သဘောကျ သောကြောင့် ဖြစ်သည်။ နာရီပြင်ဆရာသည် ဘဝတွင် နာရီပြင်ခြင်းနှင့် ဘုရားရှိခိုး တရားစာရွတ်ခြင်း မှတပါး မည်သည့်အလုပ်မျှ မလုပ်သူဖြစ်လိမ့်မည်။ သူရောက်သွားတိုင်း နာရီတခုခုကို ကိုင်တွယ်ပြင်ဆင်လျက်သား သို့မဟုတ် သားရေဖုံး ဘာသာရေး စာအုပ်တခုခု ကို ဖတ်လျက်သား တွေ့ရသည်။


နာရီပြင်ဆရာက ပြဿနာ မဖြစ်ပါ။ သူ့ နာရီများကသာ ပြဿနာ ဖြစ်နေ၏။
နာရီပြင်ဆရာ၏ အိမ်တွင် စားပွဲတင်နာရီမျိုးစုံ၊ တိုင်ကပ်နာရီမျိုးစုံ ရှိသည်မှာ သဘာဝ ကျသော ဖြစ်ရပ်တခုဟု သူလက်ခံသည်။ သို့သော် သူ့အိမ်နှင့် နာရီပြင်ဆရာအိမ်မှာ ခြံစည်းရိုး တလွှာသာခြားလျက် ဟိုဘက် သည်ဘက်ကပ်နေသည်က ဘယ်လိုမျှ ပြင်ဆင်၍မရသော တည်ရှိမှုတခု ဖြစ်၏။ ထိုတည်ရှိမှုကြောင့် ဖြစ်ပေါ်လာသော သူ့ဒုက္ခမှာ သူအိပ်ရေး ပျက်ခြင်းပင် ဖြစ်သည်။
ဟိုဘက်အိမ်က နာရီများသည် သူ့ကို အကြီးအကျယ်တော့ အနှောင့်အယှက်မပေးကြ။ သို့သော် နာရီသံမျိုးစုံကြားနေရခြင်းသည် နှစ်သုံးဆယ်ကျော် ဒုက္ခပေးခဲ့သော (သူ့မိန်းမ၏) ဟောက်သံထက်ပင် နှောင့်ယှက်လေ့ရှိသည်။ ထရံတချပ်စီသာ ကာရံထားသောကြောင့် ဟိုဘက် အိမ်မှနာရီသံများသည် သူ့အိမ်ထဲသို့ အဆီးအတားမရှိ ဝင်ရောက်လာ၏။
ရောက်ခါစတုန်းကဆိုလျှင် လေးငါးညခန့် အိပ်ရာမှ နိုးနိုးလာတတ်၏။ နာရီများသည် တပြိုင်နက်ထည်း မမြည်ကြပဲ တမိနစ် သို့မဟုတ် မိနစ်ဝက်ခြားပြီး မြည်ကြသဖြင့် နာရီခုနစ်လုံး ရှစ်လုံး၏ ဆက်တိုက်မြည်သံမှာ အသံရှည်ကြီး ဖြစ်နေတာ့သည်။ သူဥာဏ်မီ သလောက် စဉ်းစားကြည့်သမျှတော့ နာရီတွေအချိန်မှန်လျှင်၊ ပြိုင်တူ မြည်ကြလျှင် အကြားအာရုံကို ခဏပဲ နှောင့်ယှက်ပေလိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ သူ ဆွေးနွေးကြည့်ဖူးသည်။
'ခင်ဗျားနာရီတွေက ပြင်လက်စမို့နဲ့တူတယ်၊ မိနစ်နည်းနည်းခြားပြီးထိုးကြတယ်ဗျ၊ ဒါဟာ နာရီမမှန်တဲ့သဘောမဟုတ်လား၊ တကယ်လို့ စံတော်ချိန်နဲ့သာ ကိုက်ညီရင်....'
ထိုအခါ နာရီပြင်ဆရာက ကလေးတယောက်ကို စိတ်ရှည်လက်ရှည် ရှင်းပြတော့မည့် မျက်နှာပေးဖြင့် ပြုံး၏။
'မဟုတ်သေးဘူးဗျ၊ ကျုပ်အနေနဲ့ ဘယ်နာရီက ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ သိဖို့လိုတယ်၊ ကျုပ်က နာရီတွေရဲ့ ထိုးသံကို ခွဲခြားပြီးသိတယ်၊ အသံအနှေးအမြန် အတိုး အကျယ်ရော နာရီအချိန်မှန် မမှန်ကိုရော အမြဲစောင့်ကြည့်ရတာကိုး၊ ဒီတော့ နာရီတွေကို တမင် အချိန်ခြားပြီး တိုက်ထားတယ်လေ၊ ဒါမှ ကျုပ် ထိုင်ရာက ထမကြည့်ပဲ ဘယ်နာရီက သံပတ်နည်းနေပြီလဲ၊ ဘယ်နာရီက ဆံခြည်မကောင်းဘူးလဲ၊ ဘယ်နာရီက ထိုးစက်မကောင်း ဘူးလဲ ခွဲခြားပြီး သိရမှာပေါ့'
သေလိုက်ပါတော့ကွာ၊ ဘယ်လောက် ယထာဘူတကျသော နှောင့်ယှက်မှု တခုပါလိမ့်။ သူ ရယ်မောလျက် လက်ခံခဲ့ရသည်။
နောက်ပိုင်း လအနည်းငယ်မှာတော့ နာရီသံများနှင့် နေသားတကျ ဖြစ်သွားလေတော့ သည်။
နာရီသံများသည် သူ့အတွက် သာယာသော အိပ်ရာဝင် ဂီတသံစဉ် များလို ဖြစ်လာ သည်။ လေတိုက်ခတ်မှု နှုန်းကိုလိုက်၍ နာရီသံ အတိုး အကျယ် ပြောင်းလဲလာသောအခါ ထိုအသံများသည် သူ့အတွက် နားထောင်၍ ချိုမြသောဂီတသံဖြစ်လာ၏။
နာရီပြင်ဆရာနှင့် အိမ်နီးချင်းဖြစ်ရခြင်းကြောင့် ရရှိလာသောဒုက္ခထဲတွင် နာရီပြင်ဖို့ လူကြုံပေးခံရခြင်းလည်း ပါဝင်၏။
လက်ပတ်နာရီလို၊ စားပွဲတင်နာရီလို ဝန်မကျယ်လှသော နာရီမျိုးဆိုလျင် ပြဿနာမဖြစ် သော်လည်း တိုင်ကပ်နာရီလို ကြီးကြီးမားမား ဝန်ထုပ် ဝန်ပိုးမျိုးကျတော့သူ့အနေနှင့် ကူညီဖို့ တော်တော်စဉ်းစားရသည်။ သိပ်မရင်းနှီးသူများဆိုလျင်တော့ အကြောင်းပြချက်တခုခုပေးကာ ခပ်ပြုံး ပြုံးငြင်းဆန်နိုင်၏။ သို့သော် အလွန်ခင်မင်ရင်းနှီးသော မိတ်ဆွေဆိုလျင် သူအားနာပါးနာ လက်ခံ၍ လူကြုံပေးပစ္စည်းကို သယ်ယူလာရတော့သည်။(ကံအကြောင်း မလှစွာပင် ဤ နာရီပြင်ဆရာသည် ဤမြို့ပေါ်တွင် တိုင်ကပ်နာရီများကို ပြန်လည်ပြင်ဆင်ခြင်း၊ ရောင်းဝယ်ခြင်း တို့၌ အပိုင်နိုင် အကျွမ်းကျင်ဆုံး ဖြစ်နေပေသည်။)
သူ နောက်ဆုံး သယ်ပေးခဲ့သည်မှာ အလွန်စိတ်ညစ်ညူးဖွယ်ကောင်းသော တိုင်ကပ် နာရီတလုံး ဖြစ်သည်။ (ဤနာရီ၏နောက်တွင် မည်သည့် နာရီကိုမျှ လူကြုံအဖြစ် မသယ်ရဲ တော့ပေ။)
ထိုနေ့က သူ သယ်ခဲ့သောနာရီကြီးမှာ အတော်ကြီး၏။ သူ့စိတ် အထင်တော့ နာရီ၏ အရှည်မှာ နှစ်ပေခွဲလောက်ရှိမည်။ (တကယ်တော့ နာရီကြီးသည် သုံးပေနီးပါး ရှိ၏။) နာရီ မျက်နှာပြင် ဒိုင်ခွက်က အဝိုင်းကြီး၊ ဒိုင်ခွက်၏ ဘေးဘောင်ကို ရှစ်နားညီ ဗဟုဂံပုံစံ ဖြစ်အောင် သစ်သားပြား ကွပ်ထားသည်။ ဂဏန်းကွက်များမှာ ရောမဂဏန်းများ ဖြစ်သည်။ လက်တံ အရှည်နှင့် လက်တံ အတို(မိနစ်လက်တံနှင့် နာရီလက်တံ)မှာ ဗဟိုမှပြုတ်ကျနေပြီး နာရီ ဒိုင်ခွက်နှင့် မှန်၏အကြားတွင် နာရီလှုပ်ရှားတိုင်း တဂျောက်ဂျောက်မြည်အောင် နေရာရွေ့လျား လျက် ရှိကြသည်။ နာရီအိမ်ကတော့ ချိန်သီးအိမ်အထိ တဆက်တည်းလေးထောင့် အရှည်ကြီး ဖြစ်နေသည်။ အနှစ်နှစ်အလလ မပြုပြင် မမွမ်းမံဘဲထားပုံမျိုးဖြင့် နာရီအိမ် သစ်သားအရောင်မှာ ခပ်မွဲမွဲဖြစ်ပြီး ဖုန်တက်နေသေး၏။
ဤ ကြီးမားလှသော နာရီကိုးရိုးကားရားကြီးကို လူကြုံပေးလိုက်သော မိတ်ဆွေအား သူ ကျိတ်၍ ကျိန်ဆဲမိလိုက်သည်မှာ အိမ်ပြန်ရာလမ်း၏ ခရီးတဝက်၌ ဖြစ်သည်။ ဂုန်လျှော်အိတ် အဖြူဖြင့် သေသေသပ်သပ် ထုပ်ပိုးချည်နှောင်ပေးလိုက်သော နာရီကြီးသည် လူအရှုပ်ဆုံး နေရာ ဖြစ်သော ရုပ်ရှင်ရုံရှေ့ရောက်သော် အသံကျယ်လောင်စွာ ထိုးတော့သည်။
ပထမတော့ မျှော်လင့်မထားသော အနီးကပ် အသံကြီးကြောင့် သူလန့်ဖျပ်သွား၏။ သို့သော် ပထဆုံးအသံ မပျောက်မီပင် ဤနာရီကြီးမှ ဖြစ်ရမည်ဟု သူသိလိုက်သည်။ အသံကြီးက ကြီးမားကျယ်လောင်လှ၏။ ထို့အပြင် အက်ကွဲကွဲကြီးဖြစ်သည်။ ထိုအချိန်မှာ ညနေ ၅ နာရီမခွဲမီ ၁ဝ မိနစ် အလိုခန့်ဖြစ်သည်။ ဘယ်လို နာရီအမျိုးအစားမျှ အသံမ မြည်သင့်သည့်အချိန် ဖြစ်သည်။ ထို့ကြောင့်လည်း သူအံ့သြတုန်လှုပ်သွားခြင်းဖြစ်၏။ သို့သော် ဤနာရီကြီး ပျက်နေပေသည်။
လက်ဖက်ရည်ဆိုင်မှလူများ၊ ရုပ်ရှင်ရုံရှေ့မှ လူများ၏ စိတ်ဝင်တစား အကြည့်တို့ကြောင့် သူ့မျက်နှာ ပူနွေးကာ ရှက်ရွံ့ သွားမိလေသည်။ သူဆွဲလာသော လက်ကိုင်ကွင်းတပ် ဂုန်လျှော် အိတ် အဖြူကြီးထဲတွင် ဤနာရီကြီးပါမှန်း မသိသူတို့အဖို့မူ ဤအသံသည် ထူးဆန်းအံ့သြ ဖွယ်ရာ ဖြစ်နေ၏။ ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူခြေတလှမ်းလှမ်းတိုင်း နာရီကြီးက ဒုံကနဲ အသံမြည်နေခြင်းပင်ဖြစ်၏။ သူ ချွေးပြန်လာကာ ယောင်မှားစွာ ခြေလှမ်းရပ်တန့်လိုက်၏။ ထို အချိန်တွင် ခုနှစ်ချက်ခန့် ကျယ်လောင်စွာ အော်မြည်ပြီးသော နာရီသံသည် ရပ်တန့်သွားသည်။
'အင်း....ဒါဟာ ငါ့ခြေလှမ်း လှုပ်ရှားမှုကြောင့် အထဲကစက်တွေ ကပြောင်းကပြန် ဖြစ် သွားတာများလား' ဟု သူ ပထမဆုံးအကြိမ် ကြောင်တောင်တောင် တွေးမိသွား၏။ ရှေ့ဆက် ပြီးလှမ်းလိုက်လျှင် ဒါကြီးက ထပ်ပြီး မြည်ဦးမလား။
ထိုအချိန်တွင် သူ ခြေတလှမ်းလှမ်းဖို့ တော်တော်စဉ်းစားယူရ၏။ လူအားလုံး သူ့အား ဝိုင်းကြည့်နေသည်ဟူသော မလုံမလဲအတွေးဖြင့် သူ စိတ်ကျဉ်းကျပ်လျှက် ရှိသည်။
အိုကွာ.....ငါခြေလှမ်းလှမ်းလို့ နာရီမြည်တော့ရော ဘာဖြစ်သေးလဲ။ နာရီတလုံးဟာ သူမြည်ချင်တဲ့အချိန်မှာ အသံမြည်ခွင့်ရှိတာပဲ။ ညနေ ၅ နာရီပေမယ့် ခုနှစ်ချက်ထိုးတော့ ဘာဖြစ်သေးလဲ။ ရှစ်ချက်ထိုးတော့ရော ဘာဖြစ်သေးလဲ။ အခုလို ရပ်လိုက်တာကမှ လူတွေအတွက် စိတ်ဝင်စားစရာဖြစ်နေဦးမယ်။
သူ အားတင်း၍ ခြေလှမ်း စတင်လှမ်းသည်။
ထိုအချိန်မှာပင် ဒုံကနဲကျယ်လောင်သော ထိုးသံပေါ်လာ၏။ သူ ထူပူ တုန်လှုပ်သွားကာ ခြေလှမ်းတုန့်ကနဲ ရပ်ပစ်လိုက်၏။ ထိုအချိန်မှာပင် နာရီသံကလည်း ရပ်သွားပြန်လေသည်။ နောက်ထပ်ခြေလှမ်းလျှင် မြည်ဦးမလား မသိ။ မဖြစ်ဘူး။ ဒီနာရီသံရပ်သွားအောင် လုပ်ဖို့ တနည်းနည်းတော့ရှိရမယ်။
သူသည် သက်မဲ့နာရီတလုံးကို လှည့်ဖြားရန် အကြံရသွား၏။ ထို့နောက် ဂုန်လျှော် အိတ်ကိုဖွင့်ကာ အထဲမှ ဧရာမနာရီကြီးကို ခဲခဲယဉ်းယဉ်း ထုတ်ယူလိုက်၏။ ထို့နောက်နာရီ၏ ချိန်သီးအိမ်က အပေါ်ရောက်ပြီး နာရီမျက်နှာပြင်ဝိုင်းက အောက်ရောက်သွားအောင် နာရီကိုဇောက်ထိုး ထည့်ပစ်လိုက်၏။ အထဲမှာ ထည့်ထားသော ကြေးချိန်သီးအပြားဝိုင်းကြီး ၏ လှုပ်ခတ်တိုက်ခတ်သံ ခဏကြားရပြီးနောက် အသံငြိမ်သွားသည်။
ကိုင်း.....ဒီအထဲက စက်တွေပြောင်းပြန်ဖြစ်ကုန်ပြီ။ ဒါကြီးလည်း အသံ မြည်တော့မှာ မဟုတ်ဘူး။
သူသည် ဇောက်ထိုးဆွဲထားသော နာရီကြီးကိုငုံ့မကြည့်ရဲဘဲ ခြေလှမ်းကို စတင်လှမ်း လိုက်လေသည်။ သူလေးငါးလှမ်းခန့် လှမ်းလိုက်ပြီးချိန်မှာပင် ကျယ်လောင်သောမြည်သံသည် ဆက်တိုက် ပေါ်လာလေတော့သည်။ သူ့မျက်နှာ ရှုံ့မဲ့သွားပြီးနောက် တယောက်တည်း ရှက်ရယ် ရယ် မိတော့၏။
ထိုနာရီကပေးသောဒုက္ခသည် ဤအချိန် ကတည်းက စတင်ခဲ့ပေသည်။ သူသည် ပင်စင်ယူပြီးကတည်းက နံနက် ၇ နာရီမှ ညနေ ၅နာရီ အထိ မြို့ထဲက စည်ပင်သာယာ ဈေးကြီးတွင် ကုန်ခြောက်ဆိုင် သွားဖွင့်ရောင်းနေသူ ဖြစ်သောကြောင့် ဤနာရီသည်သူ့အား ညကျမှ ဒုက္ခပေးလေသည်။
အခြား နာရီပေါင်းများစွာ၏ မြည်သံထိုးသံနှင့် သူရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော်လည်း ဤ နာရီကြီး၏ အသံကိုတော့ သူဘယ်လိုမှ သည်းညည်း ခံ၍မရ။ နာရီပြင်ဆရာနှင့် အိမ်နီးချင်း ဖြစ်ပြီးကတည်းက နာရီပေါင်းများစွာ၏ ထိုးသံကို သူကြားဖူးလှပြီ။ ဤနာရီလောက် အောက်ကလိအာသံမျိုး တခါမှမကြားဖူးပေ။
နာရီပြင်ဆရာ၏ အိမ်ရှိ အချို့နာရီများသည် ဒင်.....ဒင် ဟုအသံမြည်၏။ အချို့က ဒေါင်.....ဒေါင်ဟု အသံမြည်၏။ တချို့က တိန်....တိန် ဟုအသံ ခပ်သေးသေး မြည်၏။ သံစုံနာရီ များလည်းရှိသည်။ ဂီတသံလို အသံ အနိမ့်အမြင့်ဖြင့် တော်တော် နားထောင်ကောင်းလှသည်။ သို့သော် ဤနာရီကျတော့ ဒုံခနဲ အသံမြည်၏။ မြည်ပုံကလည်းတမျိုး။ ဒုံဟူသော အသံ၏နောက်တွင် ဂျရစ် ဂျရစ် ဟူသောတုန်သံတခု ပါသေး၏။ သူတော့ ဤနာရီသံကြားလျင် သွားကျိန်းလှသည်။ ဘယ်နိုင်ငံကများ ဤနာရီမျိုး တီထွင်လိုက်ပါလိမ့်။ အသံကတော့ တော်တော်မာန်ထန်ပြီး ကျယ်လောင်သည်။ တော်ရုံသွေးကြောင်သူဆိုလျင် တိတ်ဆိတ်သော ညမှာ ထိုအသံကြောင့် နှလုံးတုန် ရင်ခုန်သွားနိုင်၏။
သူသည် ဤနာရီကြီးကို နာရီပြင်ဆရာအား ကိုယ်စားအပ်ပေးပြီးသည့်နောက် တပတ်တိတိ ဘယ်လိုမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ချေ။

••••

တညနေမှာ သူ၏ သစ်ပင်များ ရေလောင်းပေါင်းမြက်သင်ချိန်ကို ဖျက်၍ နာရီပြင် ဆရာ၏အိမ်သို့ သူ ကူးသွားလိုက်၏။
သူ့အား အသံဖြင့်နှိပ်စက်နေသေးသော သူမှတ်မိနေသည့် နာရီကြီးမှာ အားလုံးထဲတွင် အကြီးဆုံး၊ နံရံတွင်မားမားကြီး ချိတ်လျက်ရှိ၏။ နာရီအိမ် သစ်သားမှာ အညိုရင့်ရောင် ဆေးသုတ်ထားပြီး ဒိုင်ခွက်ကလည်း ဖြူဖွေးကာ သစ်လွင်တောက်ပနေ၏။ အင်း.... ဒါကြီးကို ပြင်ဆင် မွမ်းမံပြီး ပြီပေါ့။
'နေကောင်းရဲ့လားဗျ'
နာရီပြင်ဆရာသည် သူ့ကိုတွေ့တိုင်း နေကောင်းရဲ့လားဟု ပဋိသန္ဓာရ စကားဖြင့် နှုတ်ဆက်လေ့ရှိသော်လည်း ဤအိမ်ပြောင်းပြီးမှ သူတခါမျှ မဖျားနာဖူးမှန်း နာရီပြင်ဆရာ သိပါသည်။
'ကောင်းပါတယ်ဗျာ'
ည အိပ်မပျော်တာတခုပဲ ဟု သူဆက်ပြောချင်သေးသော်လည်း ပြောမထွက်ပေ။ သူက ဟိုဘက်အိမ်ကနေ အိပ်ရေးပျက်နေရလျှင် နာရီပြင်ဆရာအဖို့ မည်သို့ရှိမည်နည်းဟု ကိုယ်ချင်းစာလိုက်သောကြောင့် ဖြစ်သည်။
'ဟိုနာရီကြီးက အသံတော်တော်ကျယ်တယ်နော်' ဟု သူ စကား စလိုက်သောအခါ နာရီပြင်ဆရာက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ခေါင်းညိတ်၏။
'အေးဗျ၊ ခင်ဗျားသယ်လာတဲ့ နာရီကြီးလေ၊ သူ့ထိုးစက် သံချောင်းတွေက တော်တော် သန်ပြီး တုတ်တယ်ဗျ၊ အသံမာတာပေါ့ဗျာ'
'အဲဒါ ဘယ်နိုင်ငံက လုပ်တာလဲ'
နာရီများကို သိတ်စိတ်မဝင်စားသူ သူ့ထံမှ ဤမေးခွန်းကို ကြားရသောအခါ နာရီပြင်ဆရာက မျက်ခုံးပင့်ကြည့်ကာ သဘောကျသွားဟန် တူပါသည်။
'အမေရိကန်ပေါ့ဗျာ'
အံ့သြစရာပါပဲ။ သူသည် အမေရိကန်ပြည်ထောင်စုကို ယခင်က အလွန် အထင်ကြီး ခဲ့သည်။ ယခုတော့ တိုင်ကပ်နာရီတလုံးကြောင့် အမေရိကန် နာမည်ပျက်ရပေတော့မည်။ အင်းလေ...... နှစ်ပေါင်းများစွာ ကြာပြီး နောက် ဤနာရီသည် နဂိုက ပစ္စည်းချည်း မည်သို့ဖြစ် နိုင်မည်နည်း။ မြန်မာပြည်တွင် ပြုလုပ်ဖန်တီး၍ ပြင်ဆင် ထည့်သွင်းသောပစ္စည်းရော မဖြစ်နိုင် ဘူးလား။
'စက်သောမ (Set Thomas) အမျိုးအစားဗျ၊ သိပ်ကောင်း တယ်၊ ခိုင်တယ်၊ ဟိုတုန်းက နာမည်ကြီးပေါ့ဗျာ၊ ရွှေဈေး အစိတ်တုန်းက ငါးဆယ်ပေးရတဲ့ နာရီအမျိုးအစားဗျ'
ဤ နာရီပြင်ဆရာ၏အကျင့်မှာ သူ့နာရီများ (သို့မဟုတ်) သူကိုင်တွယ် ပြင်ဆင်ရသော နာရီများကို တန်ဖိုးပြောပြတိုင်း ယခင်နှစ်ပေါင်းများစွာက ရွှေတကျပ်သား ဈေးဖြင့်နှိုင်းယှဉ် လေ့ရှိသည်။
'ဟောဟို ခင်ဗျားနောက်က နာရီကိုကြည့်၊ အဲဒါ ဂျာမဏီနိုင်ငံက လုပ်တာ'
သူ့နောက်လှည့်ကြည့်လိုက်တော့ သူ့နောက်နံရံမှာ မင်းဂွတ်သီးရောင် ဖျော့ဖျော့နုနု လေးထောင့်နာရီတလုံးကို မြင်ရသည်။
'သိပ် အသံသာတဲ့ နာရီ၊ ကျုပ်ကိုင်ဖူးသမျှ သံစုံနာရီတွေထဲမှာတော့ အကောင်းဆုံးပဲ'
နာရီဒိုင်ခွက် မျက်နှာပြင်မှာ ငွေရောင်ဖြစ်ပြီး မောင်ကိုနှင့်ညီများဟု ခံ့ထည်သော မြန်မာစာလုံး ပါသည်။
'မောင်ကို ဟုတ်လား၊ ဂျာမဏီဆိုဗျ'
'အေးလေ၊ ဒါက မြန်မာနိုင်ငံရောက်မှရေးတဲ့ နာမည်ဖြစ်မှာပေါ့၊ ဂျာမဏီကုမ္ပဏီနဲ့ ဆက်သွယ်ပေးတဲ့ မြန်မာကုမ္ပဏီနာမည် ဖြစ်ချင်ဖြစ် မယ်လေ၊ တကယ်တော့ ဒီနာရီရဲ့ စက်မှာ ဂျာမဏီလို့ရေးထားတာပဲ'
သူ သိပ်နှစ်သက်သော သံစုံတီးခတ်မှုမှာ ဤနာရီမှဖြစ်လိမ့်မည်ဟု သူမှန်းဆကြည့်မိ၏။ ချိန်သီးအိမ်၏ ရှေ့မှန်က ထုကောင်းပြီး ရှေးက ကြည့်မှန်ပြုလုပ်သော နိုင်ငံခြားမှန် အမျိုး အစားဟု ထင်သည်။ အထဲက ချိန်သီးမှာ သတ္တုရောင်လက်နေပြီး ဖြည်းလေးစွာ လွှဲယမ်းနေ၏။
'ဒီကောင်က ၁၅ မိနစ်တခါထိုးတာလေ'
သေချာသည်။ သူအနှစ်သက်ဆုံးနာရီမှာ ဤနာရီဖြစ်ပေသည်။
'ဘယ်သူ့နာရီလဲဗျ'
'ကျုပ်ဝယ်ထားလိုက်တာဗျ၊ နှစ်နှစ် ရှိပြီ၊ ကိုးရာနဲ့ဝယ်ထား လိုက်တာ'
သူအံ့သြသွား၏။ ပုံစံခပ်ဟောင်းဟောင်း ရှေးတိုင်ကပ်နာရီတလုံး။ ကိုးရာတန်ဘိုးရှိမှန်း သူမသိခဲ့ပေ။
'ဈေးများလှချည်လား'
ထိုအခါနာရီပြင်ဆရာက သဘောကျစွာရယ်၏။
'အဲဒီနာရီကို နှစ်ထောင်နဲ့ လာဝယ်တဲ့သူရှိတယ်၊ ကျုပ်မရောင်းဘူး၊ သံစုံနာရီချင်းယှဉ် ရင်လည်း သူကသာတယ်၊ ဒီကောင့်အသံက ခုခေတ် ဂျပန်သံစုံနာရီထိုးသံတွေလို ကလက် တက်တက် မဟုတ်ဘူး၊ ခံ့ညားတယ်'
သူတအံ့တသြပြုံးမိသည်။
'ခုချိန်ထိ နှစ်နှစ်ရှိပြီ၊ တခါမှ ပြန်မပြင်ရသေးဘူး၊ သူ့ထိုးစက်ချောင်းတွေက ကြေးချောင်း တွေလေ၊ သံချောင်းမဟုတ်ဘူး၊ သံချေးမတက်ဘူး၊ အက်သံမပါဘူး လိုဏ်သံပေါက်ပြီး ကြည်လင်နေတယ်၊ ရွှေဈေးအစိတ်တုန်းက တရာ့အစိတ်ပေးရတဲ့ နာရီပဲဥစ္စာ၊ ခင်ဗျားစဉ်းစား ကြည့်လေ.... အခု ရွှေဈေးနဲ့များ တွက်ကြည့်လိုက်စမ်းပါဦး၊ ဘယ်လောက်အဖိုးတန်သလဲဆို တာ'
ဤလူသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လာသော စက်မှုသိပ္ပံ ပညာကို ထည့်တွက်ဟန်မတူပေ။
ဤကိစ္စထက်အရေးကြီးသည်မှာ အသံကျယ်လောင်လွန်းလှသော အမေရိကန်နာရီကြီး ၏ ပြဿနာဖြစ်သည်။
'အဲဒီ အမေရိကန်ကြီးကော ပြင်ပြီးသွားပြီလား၊ ပြန်ယူရင်တော့ သူ့ဟာသူ လာယူပါစေ ဗျာ၊ ကျွန်တော် အဲဒါကြီးနဲ့ နောက်တကြိမ် လမ်းမှာ ဒုက္ခမရောက်ချင်ဘူး'
ထိုအခါ နာရီပြင်ဆရာက ပြုံး၏။
'ကျုပ် အဲဒီနာရီကို ဝယ်လိုက်ပြီဗျ၊ ပြင်ခ မတတ်နိုင်လို့ ငွေလဲလို နေလို့ဆိုပြီး တနေ့ကပဲ ကျုပ်ကို အပြီးရောင်းသွားတယ်လေ၊ ကြည့်စမ်းပါဦးဗျာ.... ဘယ်လောက် ကြီးမားခံ့ညား လိုက်သလဲလို့'
'မြတ်စွာဘုရား'
လက်စသတ်တော့ ဤနာရီသံ၏ ဒုက္ခကို သူတသက်လုံး ခံစားနေရတော့မှာပါလား၊ သူလုံးဝစကားမပြောနိုင်ပဲ ငိုင်ကျသွားတော့သည်။
ထိုအချိန်မှစ၍ ဤအမေရိကန်နာရီကြီးသည် သူ့အား ညစဉ် အနှောင့်အယှက်ပေး လေသည်။ ဒီအသံကြီးနဲ့ နာရီပြင်ဆရာ ဘယ့်နှယ့် လုပ်ပြီး အိပ်ပျော်ပါလိမ့်မလဲ။ အင်းလေ... သူက ၇ဝ ကျော် အဘိုးကြီးပဲ၊ နားလေးနေတာလဲ ဖြစ်နိုင်တာပေါ့။ ဤနာရီသံကတော့ သူတို့ တရပ်ကွက်လုံး နာရီထကြည့်စရာမလိုအောင် အသံမြည်လှသည်။ မန္တလေးမြို့တော်ခန်းမမှ နာရီထိုးသံလို သာယာသောဂီတသံ ဆိုလျှင်တော့ ပြောစရာမရှိပါ။ ယခုတော့ အက်ကွဲသံကြီး ဒုံကနဲမြည်ပြီးတိုင်း နောက်ဆက်တွဲ ဂျရစ် ဂျရစ် အသံကြီးမှာ သူ့အား သွားကျိန်းစေပေသည်။
ရက်မှလသို့ ချဉ်းကပ်လာသည့်တိုင်အောင် သူ့အား ဤနာရီက အနှောင့်အယှက် ပေးဆဲ။ သူအိပ်ရေးမဝပဲ နိုးလာရပေါင်း များလာသောအခါသူ မလှုပ်ရှားချင်သလိုလို၊ ညောင်းညာနာကျင်သလိုလို၊ မူးဝေနောက် ကျိသလိုလို ဖြစ်လာသည်။ မကြာခဏ ဆေးခန်း သွားပြပြီး ဆေးထိုးခံရသည်။
'အဲဒီ နာရီကြီးကို ခင်ဗျားပြန်ရောင်းမယ်ရော စိတ်ကူးသေးလား'
'ဟာ..... ရောင်းမှာပေါ့ဗျာ၊ ကျုပ်အတွက် ဟောဟို သံစုံနာရီ ရှိနေရင် ပြီးရော'
သို့သော် ဤမျှ ကြီးမားလေးလံသော ပုံစံခပ်တုံးတုံး နာရီကြီးကို အသံမကြားရဘဲနဲ့ တောင် ဝယ်ချင်သူရှိမှာမဟုတ်ဟု သူလောင်းရဲသည်။
သူထင်သည့်အတိုင်းပင် ဤနာရီကြီးသည် နာရီပြင်ဆရာ၏ အိမ်တွင် မားမားကြီး ချိတ်ထားခံရဆဲ၊ ညစဉ် ဝတ္တရားအဖြစ် သူ့အား လေးလံသော စောင်ခြုံထဲအထိ အသံကြောင် ကြီးဖြင့် နှောင့်ယှက်ဆဲသာဖြစ်သည်။ ကြာတော့ နာရီကြီးကို သူ ခါးခါးသီးသီး မုန်းတီးလာ သည်။
နေစမ်းပါဦး၊ ဤကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းရန်နည်း တခုခုတော့ ရှိရမှာပေါ့။ အကောင်းဆုံးနည်းမှာ ဤနာရီကြီးကို ရိုက်ခွဲဖျက်ဆီးပစ်ဖို့ပဲ သူစိတ်ပေါက်ပေါက်ဖြင့် တွေးမိ သေးသည်။
ထိုးစက်သံချောင်းတွေက သန်မာပြီးတုတ်တယ်ဆိုပဲ၊ အဲဒါတွေကို ပျော့တဲ့သံချောင်း ခပ်သေးသေးဖြင့် လဲခိုင်းရလျှင် ကောင်းမည်။ သို့သော် ဤကိစ္စသည် သူ့အဖို့တော့ သူများ ကိုယ်ရေးကိုယ်တာထဲ ဝင်စွက်ခြင်းသာဖြစ်သည်။ ဒါဟာ သူ့နာရီမှ မဟုတ်ဘဲ။
သို့မဟုတ် သံချောင်းကို လာထုသော (ကြေးသတ္တုဖြင့်ပြုလုပ်သည့်) တူကလေးကို အသံသိပ်မကျယ်အောင်လုပ်တဲ့နည်း ရှိချင်ရှိမှာပေါ့။ ဥပမာ-တူကလေးကို သင်္ဘော ဆေးသုတ်ခြင်း၊ သို့မဟုတ် စက္ကူပတ်ခြင်း၊ ထို့နောက် သူ့အတွေးသူ သဘောကျစွာ အသံထွက် ရယ်လိုက်မိ၏။ မဟုတ်သေးပါဘူးလေ။
တိုင်ကပ်နာရီတလုံးမှာ စက်နှစ်မျိုးပါမှန်း သူသိသည်။ နာရီသွားသောစက်၊ နာရီထိုးသောစက်ဟူ၍ ဖြစ်သည်။ နာရီကို သံပတ်ပေးလျှင် နာရီပြင်ဆရာသည် ဒိုင်ခွက် အောက်မှ အပေါက်နှစ်ပေါက်ထဲသို့ သော့တံဖြင့် ထိုးသွင်းလှည့်ယူ၍ သံပတ်ပေးတာ မြင်ဖူးသည်။ ထိုးစက်သံပတ်ကုန်လျှင် နာရီသံ ကြားရတော့မှာမဟုတ်ဘူး။ ဤအချက်က သေချာသည်။ သူပျော်ရွှင်သွား၏။ သို့သော်.....
နောက်ဆုံးတွင် သူသည် တခုတည်းသော နည်းလမ်းကိုသာ စဉ်းစား၍ ရ၏။
'ခင်ဗျားနာရီကို ဘယ်လောက်ရရင် ရောင်းမလဲဗျ..... ဟင်'
နာရီပြင်ဆရာက သူ့ကိုတအံ့တသြမော့ကြည့်ကာ
'ခင်ဗျား လိုချင်လို့လား' ဟုမေးသည်။
'အေးဗျာ'
သူ့အသံမှာ အားနည်းလှသည်ကို နာရီပြင်ဆရာက ဂရုထားမိဟန် မတူပါ။ အားရပါးရ ပြုံးရယ်လျှက် လက်ဖဝါးနှစ်ဖက်ကို ကျေနပ်စွာပွတ်သပ်ကာ ခေါင်းတဆတ်ဆတ်ညိတ် လေသည်။
'ခင်ဗျားယူရင်တော့ လျှော့ပေးမှာပေါ့ဗျာ၊ နှစ်ရာ့ငါးဆယ်ပဲ ပေးပါ'
တော်ပါသေးရဲ့၊ ရွှေဈေးအကြောင်းမပြောပေလို့။ သူစိတ်သက်သာရာ ရသွားသည်။ ငွေနှစ်ရာ့ငါးဆယ်မှာ နောက်ထပ်ဆေးခန်း ၅ ခါ သွားရလျှင် ကုန်မှာပဲ။ ဤနာရီကို ဝယ်ယူလိုက် ခြင်းအားဖြင့် ဆေးခန်းသွားရမည့် ဒုက္ခမှ လွတ်မြောက်လျှင် သူ့အတွက်တော့ ကျေနပ်နှစ်သိမ့် ဖွယ်ရာ ဖြစ်ပေသည်။
'ခင်ဗျား အိမ်နံရံမှာ ကျုပ်လိုက်ပြီး ချိတ်ပေးပါ့မယ်၊ တခါတလေ နာရီတွေက ချိတ်ပုံ ဟန်မကျရင် မသွားချင်ဘူးဗျ၊ ဒေါင်လိုက်တည့်တည့် မဟုတ်ပဲ နည်းနည်းစောင်းသွားရင် စက်မမှန်ချင်ဘူး'
ကျေးဇူးကြီးမားလှပါသည်။ သို့သော်ဤကိစ္စမှာ သူ့အတွက် အရေး မကြီးလှပါ။
'ထိုးစက်သံပတ်က ဘယ်ဥစ္စာလဲဗျ'
'ဟောဒီဘက်က ဟာပေါ့၊ ခင်ဗျား တခါသံပတ်ပေးထားပြီးရင် တပတ်လောက် အနည်းဆုံးမေ့ထားလို့ရတယ်၊ သူ့သံပတ်က အော်ရီဂျင်နယ်တွေ၊ အက်ရာဆက်ရာ ဘာမှမရှိ ဘူး၊ သန်သလားမမေးနဲ့'
နာရီပြင်ဆရာသည် သံပတ်ပေးပုံ ပေးနည်းကအစ အသေအချာ ပြသသွား၏။
သူသည် နာရီသံပတ်ကို ဂရုတစိုက်ပေး၏။ ထိုသို့ သံပတ်ပေးရာတွင် သွားစက်သံပတ် ကိုသာ ပေးလျက် ထိုးစက်သံပတ်ကို အမြဲတမ်း ချန်လှပ်ခဲ့သည်။ ထို့ကြောင့် နာရီသည် လုံးဝ မထိုးတော့ချေ။ ဤသို့ဖြင့် နာရီကို ဝယ်ယူပြီး တပတ်အကြာတွင် သူ သက်တောင့်သက်သာ အိပ်ပျော်သွား သောအကျင့်ကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ဘဝတွင် သူမုန်းတီးသော အရာဝတ္ထုတခုကို အပိုင်ဝယ်ယူ ပစ်လိုက်ခြင်းမှာ ဤတကြိမ်သာ ရှိသေးသည်။

ဂျူး

စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်များ(အာဖဂန်နစ္စတန်၊ ၁၉ ရာစု- ၂၀ ရာစု)
ဘာသာပြန်သူ - အုတ်လှငယ်(မြသန်းတင့်)



[နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]

၁၉ ရာစုနှစ်တုန်းက အလယ်ပိုင်း အာရှတိုက်ကို စိုးမိုးရန်အတွက် ဂရိတ်ဗြိတိန် နှင့် ဇာဘုရင် ရုရှားတို့သည် အာဖဂန်နစ္စတန်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲကို ရုဒ်ယတ်ကစ်ပလင်းက 'မဟာ ကစားပွဲကြီး' ဟု အမည်ပေးခဲ့သည်။ ယနေ့ခေတ် ကစားသူများ ဖြစ်သည့် အင်အားကြီးနိုင်ငံများ၏ လက်ထက်တွင်မူ အာဖဂန်နစ္စတန်မှ မဟာကစားပွဲကြီးသည် အပြီးသတ်ပွဲကို ကစားနေပြီဟု ယူဆရသည်။ ယခုပွဲတွင်မူ ယခင်က ကစားခဲ့သူများသည် ဘေးသို့ရောက်သွားကာ ပွဲကြည့်ပရိသတ်များ ဖြစ်နေလေပြီ။ သူတို့သည် ကစားပွဲကို စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ယခုပွဲတွင် ပါဝင်ကစားသူများမှာ တခါက စစ်တုရင်ရုပ်များ ဖြစ်ခဲ့သည့် အာဖဂန် လူမျိုးများကိုယ်တိုင် ဖြစ်သည်။
ကစ်ပလင်း၏ ခေတ်တုန်းကမူ ဂရိတ်ဗြိတိန်သည် မိမိတို့ အုပ်စိုးသည့် အိန္ဒိယ ပထ၀ီတိုက်ငယ်ကို ၀င်ရာ တံခါးပေါက်ဖြစ်သည့် အာဖဂန်နစ္စတန်ပြည်၏ ကိုင်ဘာတောင်ကြားကို ရုရှတို့လက်သို့ မကျစေရန် စစ်ပွဲ နှစ်ပွဲကို တိုက်ခိုက်ခဲ့ဖူးသည်။ စစ်အေးခေတ်တွင်မူ ၀ါရှင်တန်နှင့် မော်စကိုတို့သည် တတိယကမ္ဘာ့နိုင်ငံတခုဖြစ်သော အာဖဂန်နစ္စတန်တွင် လာ၍ အားပြိုင်နေကြသည်။ သို့ရာတွင် ဆိုဗီယက်တို့၏ ရုပ်သေးရုပ် ဖြစ်သော နာဂျီဘူလာ အစိုးရပြုတ်ကျသွားသည်နှင့်အတူ တတိယကမ္ဘာတွင် ဖြစ်နေသော ဆိုဗီယက်နှင့် အမေရိကန်တို့၏ စစ်အေးတိုက်ပွဲ တပွဲသည် အဆုံးသတ်သွားခဲ့လေပြီ။
မည်သည့်ဘက်က ကြည့်ကြည့် အမေရိကန်တို့ အဖို့မူ ၀မ်းသာစရာပင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တုန်းက ရုရှားသည် အာဖဂန်နစ္စတန်ရှိ ကွန်မြူနစ်အစိုးရကို ထောက်ခံရန်အတွက် အာဖဂန်နစ္စတန်ကို ၀င်ရောက် သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က သမ္မတ ကာတာသည် စိတ်ဆိုးမာန်ဆိုး ကန့်ကွက်သည့်အနေဖြင့် ၁၉၈၀ ပြည့်နှစ် မော်စကို အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ခဲ့သည်။ ထို့နောက်မှစ၍ ၀ါရှင်တန်သည် ဒေါ်လာသန်းပေါင်း ၂၀၀၀ တန်ဖိုးရှိသည့် လက်နက် ခဲယမ်းမီးကျောက်များကို အာဖဂန်နစ္စတန်ရှိ မူဂျာဟစ်ဒင် သူပုန်အစု အသီးသီးသို့ ထောက်ပံ့ခဲ့သည်။ မူဂျာဟစ်ဒင် သူပုန်အစုများသို့ သမ္မတကာတာလက်ထက်က ပေးပို့ခဲ့သော ထောက်ပံ့မှုတန်ဖိုး မှာ သန်းသုံးဆယ်ဖိုးခန့်သာ ရှိသော်လည်း သမ္မတရေဂင် လက်ထက်သို့ ရောက်သည့်အခါတွင် ပခုံးထောက်၍ ပစ်ရသည့် စတင်းဂါးဒုံးကျည်များ အပါအ၀င် လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားကို အောတိုက်ပို့ပေး ခဲ့သည်။ အာဖဂန်သူပုန်များသည် ထို စတင်းဂါးဒုံးကျည်များဖြင့် ဆိုဗီယက်အစိုးရ လေယာဉ်ပေါင်း ၂၅၀ တို့ကို ပစ်ချနိုင်ခဲ့သည်။
နာဂျီဘူလာ ပြုတ်ကျသွားပြီးနောက် အစ္စလာမ် အစိုးရအဖွဲ့ တက်လာသည့်အခါတွင် နောက်လှမ်းရမည့် ခြေလှမ်းများမှာ နည်းနည်းတော့ ရှုတ်ထွေးသည်။ ၀ါရှင်တန်သည် နာဂျီဘူလာ ပြုတ်ကျသွားသည်ကို ၀မ်းသာသည်။ သို့ရာတွင် မော်စကိုနှင့် မိမိတို့နှစ်ဦး (၀ါရှင်တန်နှင့် မော်စကို) တို့ အာဖဂန်နစ္စတန်ရှိ သူပုန် အစုစုအသီးသီးထံသို့ လက်နက်တင်ပို့ ထောက်ပံ့ခြင်းမပြုရန် သဘောတူပြီးနောက်တွင်မူ ၀ါရှင်တန်သည် မူဂျာဟစ်ဒင် အစုများပေါ်တွင် သြဇာမညောင်းတော့ဘဲ ဖြစ်လာကာ သူပုန်အုပ်စုအချင်းချင်း တိုက်ခိုက်ကြမည့် အာဏာလုပွဲကြီးကို စိုးရိမ်နေခဲ့သည်။ (နောက်ပိုင်းတွင် သူပုန် အုပ်စုချင်း တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်) အထူးသဖြင့် အလယ်အလတ်ကျသူ မာဆွတ်နှင့် ပြင်းထန်သူ ဟက်မာတီယာတို့၏ အစုနှစ်ခုကြားတွင် တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်ခဲ့သည်။ (နောင်တွင်လည်း စိုးရိမ်ခဲ့သည့်အတိုင်း တိုက်ပွဲများ ဖြစ်ပွါးလာခဲ့သည်) နာဂျီဘူလာ ပြုတ်ကျသွားသည့်အခါတွင် ၀ါရှင်တန်ရှိ ပြောရေးရှိသူက 'သင်တို့တွင် အာဏာလဟာနယ်ကြီးတခု ဖြစ်သွားသည်။ ပရမ်းပတာမှုများ ပေါ်ပေါက်လာနိုင်သည်။ အကြမ်းဖက်မှုများ မဖြစ်ပါစေနှင့်' ဟု ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံခဲ့သည်။
သို့ရာတွင် အာဖဂန်နစ္စတန်သည် များစွာ ကံမကောင်းလှပါ။ ကာဘူး မြို့သိမ်းတိုက်ပွဲသည် သွေးထွက်သံယို များလှပါသည်။ အယ်လဇန္ဒြား ဘုရင်ဖြစ်စေ၊ ဂျင်ဂျစ်ခန် ဖြစ်စေ၊ ဆိုဗီယက်တပ်မတော် ဖြစ်စေ၊ မည်မျှ အင်အားကြီးသော စစ်တပ်ကိုမဆို အာဖဂန်လူမျိုးများသည် ခုခံ တိုက်ခိုက်မည်သာ ဖြစ်ပါသည်။
'အာဖဂန် လူမျိုးတွေဟာ ဘယ်လိုရန်သူမျိုးကိုပဲ ဖြစ်ဖြစ် ခုခံတိုက်ခိုက်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြား ကျူးကျော်သူ မှန်သမျှကို အသေအလဲ တိုက်ကြတယ်။ နောင်တော့ သူတို့အချင်းချင်းလည်း ပြန်တိုက်ကြတာပဲ' ဟု ကာဘူးတွင် အမေရိကန် သံအမတ် လုပ်ခဲ့သည် ရောဘတ်နယူးမင်းက ပြောခဲ့ဖူးသည်။
အာဖဂန်နစ္စတန် နိုင်ငံသည် လူမျိုးစုတွေ ရောနှောနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ အကယ်၍သာ ယခုကဲ့သို့ အစုချင်း ရေရှည် တိုက်ခိုက်နေပါက အာဖဂန်နစ္စတန်တွင် နောက်ထပ် 'ဘော်လကန် ဇာတ်သွင်းမှု' တွေ ဖြစ်ပွါးလာမည်ကို ၀ါရှင်တန်က စိုးရိမ်နေသည်။ ဘလူချီ လူမျိုးစုများသည် အီရန်နှင့် ပါကစ္စတန် နိုင်ငံများအတွင်းသို့ စိမ့်ဝင် အံကျလာနေကြသည်။ ပထန်လူမျိုးစုများသည် ပါကစ္စတန်အနောက်မြောက်ပိုင်းသို့ စိမ့်ဝင်လာနေကြသည်။ တားဂျစ်နှင့် ဥဇဘက် လူမျိုးစုများသည် ယခင် ဆိုဗီယက် ယူနီယံအတွင်းသို့ ကူးလူး နေကြသည်။ သို့ဖြင့် အာရှအလယ်ပိုင်းတွင် မငြိမ်သက်မှုများ ပေါ်ပေါက်လာနိုင်သည်။ ကွန်မြူနစ်ဝါဒ မရှိသည့် နောက်တွင် အစ္စလာမ်သည် အရေးကြီးသည့် ပြဿနာတရပ် ဖြစ်လာခဲ့သည်။ နယ်စပ်တွင်ရှိသော မျိုးတူစု အချင်းချင်း ဆက်သွယ်မှုရှိပြီး နောက်ထပ် နိုင်ငံရေး ပေါင်းစည်းမှု အသစ်များ ဖြစ် မဖြစ် ဆိုသည်ကိုလည်း မည်သူမျှ မပြောနိုင်သေး။
'ပဲစေ့ တစေ့တော့ ကျသွားတာပဲဗျ၊ အဲဒီ ပဲစေ့က ဘယ်လောက် အပင်ကြီးကြီး ပေါက်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်သေးဘူး' ဟု နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီ ရန်ပုံငွေဌာနမှ လူမျိုးစုရေးရာ ကျွမ်းကျင်သူတဦး ဖြစ်သည့် ပေါဂိုဘယ်က ပြောသည်။
သို့ဖြင့် အာဖဂန် အင်အားစု အသီးသီးတို့သည် သူတို့နိုင်ငံကို တစုတည်း ပေါင်းစည်းရန် ကြိုးစားလျက် ရှိကြပါသည်။ ကာဘူး မြို့ပြင်ဘက်တွင် သူတို့သည် ယခင်က အစိုးရ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် စကားပြောနေကြသော်လည်း ကာဘူးမြို့ အတွင်းတွင်မူ ဒေါသတကြီးဖြင့် ရန်ဖြစ်နေကြသည်။ (နောင်တွင် လက်နက်ကိုင် တိုက်ခိုက်လာခဲ့ကြသည်) "အာဖဂန်နစ္စတန်နိုင်ငံဟာ မကူးစက်ဘဲနေမယ့် ရောဂါမျိုး မဟုတ်ဘူး" ဟု အရှေ့အလယ်ပိုင်းရေးရာ ကျွင်းကျင်သူတဦးက ပြောခဲ့သည်။
တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲလျှင် မည်မျှအခြေအနေဆိုးနိုင်ကြောင်းကို ရှည်ရှည်ဝေးဝေး ကြည့်ရှုစရာ မလိုပါ။ ၁၉၇၈ ခုနှစ်က အာဖဂန်နစ္စတန်တွင် ဆိုဗီယက်တို့ ထောက်ခံသည့် အာဏာသိမ်းပွဲ ပေါ်ပေါက်ခဲ့သည်။ နောက် လအနည်းအကြာတွင် အီရန်မှ ရှားဘုရင် ပြုတ်ကျသွားခဲ့သည်။ တီဟီရန်တွင် အနောက်တိုင်း ဆန့်ကျင်သူများက အမေရိကန်သံရုံးကို စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့မှာပင် ကာဘူးတွင် ရှိသည့် အမေရိကန် သံအမတ် အဒေါ်ဒတ်ကို ကားပေါ်မှ ဆွဲချကာ သတ်ပစ်လိုက်ကြသည်။
ယခုအချိန်တွင် ပထ၀ီ နိုင်ငံရေး အခြေအနေသည် ပို၍ ရှုတ်ထွေးလာခဲ့သည်။ အာရှတိုက် အလယ်ပိုင်းတွင် ဆိုဗီယက် ယူနီယံသည် မရှိတော့။ သို့ရာတွင် မတည်ငြိမ်သော အစ္စလာမ် အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသသည် ယမ်းအိုးကြီး ဖြစ်လာနိုင်သည်။
အာဖဂန်နစ္စတန်နိုင်ငံ စည်းလုံး ညီညွတ်ရေးသည် အားလုံး၏ အကျိုးဖြစ်သည်။ သို့ရာတွင် စည်းလုံး ညီညွတ်မှု ရရန်မှာ သိပ်လွယ်သည့် ကိစ္စမဟုတ်ပါ။ ၁၃ နှစ်ကြာ ဖြစ်ခဲ့သည့် ပြည်တွင်းစစ်ပွဲ ဒဏ်ရာ ဒဏ်ချက်ကလည်း ကြောက်စရာ ကောင်းပါသည်။ လူပေါင်း တသန်း သေခဲ့ပြီး ကျေးရွာအားလုံး၏ သုံးပုံတပုံ ပျက်စီးခဲ့ရပါသည်။ လမ်းများ ပျက်စီးခဲ့ရပါသည်။ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေးတို့ ဆုံးရှုံးခဲ့ရပါသည်။
အာဖဂန်နစ္စတန်သည် စစ်တုရင်ခုံတခုံ ဖြစ်သည်။ ယခင်က ထိုခုံတွင် စစ်တုရင်သမားများ ကစားခဲ့ကြသည်။ ယခု ထိုခုံတွင် စစ်တုရင်ရုပ်တွေ ကိုယ်တိုင် ကစားနေလေပြီ။

ရည်ညွှန်း။ Time, May, 11, 1992.

အုတ်လှငယ် (မြသန်းတင့်)
[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၂၊ ဒီဇင်ဘာ]

Wednesday, May 5, 2010

ဟိုင်းဂိတ်သုသာန်
ရေးသူ-မြလူ





[ ၁၃၆၇ ၀ါဆိုလဆန်း ၂ရက်၊ 2005 July 7 ထုတ၊် မာယာက ပြန်လည် ကူးယူဖော်ပြပါတယ်]




လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်၏။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကို ရောက်ရောက်ချင်း မိတ်ဆွေ အင်္ဂလိပ်လင်မယား ပထမဆုံး လိုက်ပို့သည့် နေရာကို ယခုထိ အမှတ်ထင်ထင် ရှိနေသည်။ ယင်းကား အခြားမဟုတ်။ လန်ဒန်မြို့ က သင်္ချိုင်းတခု ဖြစ်၏။ မြန်မာနိုင်ငံတွင် ဧည့်သည်ကို ခရီးရောက်မဆိုက် သင်္ချိုင်းအလည်အပတ် လိုက်ပို့လေ့မရှိ။ မိတ်ဆွေအင်္ဂလိပ်လင်မယားကမူ ရောက်စေချင်လွန်း၍ ထင်၏။ ထိုသင်္ချိုင်းသို့ တကူးတကန့်ကို လိုက်ပို့၏။ သူ့ဓလေ့ကို လေးစားပေမဲ့ စိတ်ထဲတွင် အတော် ကလေးတော့ ကသိကအောက် ဖြစ်မိ၏။ မြန်မာတဦးပီပီ သင်္ချိုင်းကို သွားရောက်လည်ပတ် ထိုက်သည့် နေရာဟု လက်ခံရန် ၀န်လေးနေသည်။

မကြာခင် လန်ဒန်မြောက်ပိုင်းရှိ သင်္ချိုင်းသို့ ရောက်၏။ စင်စစ် ထိုသင်္ချိုင်းမှာ သာမည သင်္ချိုင်း မဟုတ်။ မတ်ဝါဒ တီထွင်ခဲ့သူ မျက်မှောက်ခေတ် ကွန်မြူနစ်စနစ်ဖခင်ကြီး ကားလ်မတ် Karl Marx (၁၈၁၈-၁၈၈၃)ကို မြှုပ်နှံထားရာ သမိုင်းဝင် ဟိုင်းဂိတ် Highgate သုသာန်ဖြစ်၏။ ကားလ်မတ်ခေါင်းချ ရာ သုသာန်ဖြစ်၍လည်း ဟိုင်းဂိတ်သုသာန်မှာ ပို၍ ထင်ရှား၏။ လာရောက်လည်ပတ်သူလည်း များ၏။ ကားလ်မတ်အုတ်ဂူကိုကြည့်ရင်း စောစောက ကသိကအောက်အတွေးတွေ ဘယ်ရောက်သွားမှန်းမသိ။
ဂျာမဏီနိုင်ငံဖွား ကားလ်မတ်၏ ဂုဏ်ပုဒ်တွေကို ကမ္ဘာ့စာနယ်ဇင်းတွေက ဖော်ပြရာ၌ ဂျာမန် တွေး ခေါ်ရှင်ကြီး၊ လူမှုပညာရှင်ကြီး၊ သမိုင်းပညာရှင်ကြီး၊ နိုင်ငံရေးဘောဂဗေဒ ပညာရှင်ကြီး စသဖြင့် ဖော်ပြလေ့ရှိ၏။ စင်စစ် ကားလ်မတ်သည် ၁၉ရာစုတွင် ပေါ်ပေါက်ခဲ့သည့် သြဇာကြီးမားသော ဆိုရှယ်လစ်တွေးခေါ်ရှင်ကြီးလည်း ဖြစ်၏။
သို့သော် ကားလ်မတ်၏ ဘ၀ဇာတ်သိမ်းပိုင်းမှာ မလှ။ ဥရောပက နှင်ထုတ်ခံရပြီးနောက် လန်ဒန်တွင် အခြေချရင်း သူ့မိသားစုနှင့်အတူ ကွယ်လွန်ချိန်ထိ ရုန်းကန်ခဲ့ရသည်။ ထိုအချိန်တွင် ပရပ်ရှား အာဏာပိုင်တွေကလည်း ကားလ်မတ်ကို လက်မခံဘို့ ဗြိတိသျှအာဏာပိုင်တွေကို ဖိအားပေး၏။ သို့သော် ဗြိတိသျှဝန်ကြီးချုပ် ဂျွန်ရပ်ဆဲ John Russel က အဆိုပါဖိအားပေးမှုကို လက်မခံ။ ၀န်ကြီးချုပ်ဂျွန်ရပ်ဆဲမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ယုံကြည်သူ ဖြစ်၏။ ထို့ကြောင့် ကားလ်မတ်၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို တန်ဘိုးထား၏။ ကားလ်မတ်ကို သူ့အတွေးအခေါ် သြဇာကြီးမှန်း သိလျက်နဲ့ လန်ဒန်တွင် နေခွင့်ပေးခဲ့သည်။ အာဂ၀န်ကြီးချုပ် ဖြစ်၏။
ကားလ်မတ်ကို မြှုပ်နှံသည့်နေရာမှာ သူ့အရင် ၁၅ လစောကွယ်လွန်သည့် ဇနီးသည် ဂျယ်နီကို မြှုပ်နှံသည့် နေရာပင်ဖြစ်၏။ ၁၈၈၃ ခု မတ်လ ၁၇ ရက် တွင် ကားလ်မတ်ကို ဟိုင်းဂိတ်သုသာန်၌ သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်၏။ အုတ်ဂူထက်မှ ကားလ်မတ်၏ ခေါင်းပိုင်းပုံတူရုပ်ထုကို ကြည့်ရင်း ကားလ်မတ်ဈာ ပနတွင် ပြောခဲ့သည့် ဖရက်ဒရစ်အိန်ဂျယ်၏ မိန့်ခွန်းတပိုင်းတစကို ကြားယောင်မိ၏။
ဖရက်ဒရစ်အိန်ဂျယ်မှာ ကားလ်မတ်၏ သူငယ်ချင်းလဲဖြစ် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည့်အပြင် မျက်မှောက်ခေတ် ကွန်မြူနစ်ဝါဒကို ကားလ်မတ်နှင်အတူ စတင်တွေ့ရှိခဲ့သူ ဂျာမန်ဆိုရှယ်လစ်တဦးလည်း ဖြစ်၏။ သူ့ဈာပနမိန့်ခွန်း၌ မတ်၏လေ့လာတွေ့ရှိချက်တွေကို ဗြိတိသျှ သဘာဝဗေဒပညာရှင်ကြီး ချားလ်စ်ဒါဝင်၏ လုပ်ရပ်တွေနှင့် နှိုင်းယှဉ်အမွှန်းတင်ထား၏။
"ဒါဝင်က အော်ဂဲနစ်သဘာဝနိယာမ ဒါမှမဟုတ် ဖွံ့ဖြိုးမှုနိယာမတရားကို ရှာဖွေတွေ့ရှိခဲ့သလို မတ်ကလဲ လူ့သမိုင်းဖွံ့ဖြိုးမှုတရားကို တွေ့ရှိခဲ့သူ ဖြစ်ပါတယ်...မတ်ဟာ သူ့ခေတ်မှာ အမုန်းအခံရဆုံး အသရေပျက်အောင် အပြောအခံရဆုံး ပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။ အစိုးရတွေက သူ့ကို ပြည်နှင်ဒဏ်ပေး တယ်။ ခေါင်းပုံဖြတ် ဘူဇွာလူတန်းစားက သူ့ထက်ငါ မတ်အကြောင်း မကောင်းပြောကြတယ်... ဒါပေမယ့် သူကွယ်လွန်တော့ သန်းချီတဲ့ တော်လှန်ရေးအလုပ်သမားတွေရဲ့ လေးစာမှု မြတ်နိုးမှုကို ခံရတယ်။ မတ်ကိုဆန့်ကျင်သူတွေ များကောင်းများပေမယ့် ပုဂ္ဂိုလ်ရေးမကျေနပ်တဲ့ ရန်သူရယ်လို့ သူ့မှာ မရှိဘူးဆိုတာ ကျွန်တော်ရဲရဲပြောဝံ့ပါတယ်" စသဖြင့် အိန်ဂျယ်က ပြောခဲ့၏။
လန်ဒန်မြို့က သမိုင်းဝင် ဟိုင်းဂိတ်သုသာန်တွင် မြှုပ်နှံထားသူများအနက် ကားလ်မတ်အပြင် အခြားထင်ရှားသည့် ပုဂ္ဂိုလ်တွေလည်း ပါ၏။ စာပို့တံဆိပ်ခေါင်း စတင်တည်ထွင်ခဲ့သူ ဆာရိုးလန်းဟေး Sir Rowland Hill (၁၇၉၅-၁၈၇၉)၊ စာရေးဆရာမကြီး ဂျော့အီးလီယော့ George Eliot (၁၈၁၉-၁၈၈၀) သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေး Michael Faraday (၁၇၉၁-၁၈၆၇) စသည့်ပုဂ္ဂိုလ်တွေ ဖြစ်၏။ တချိန်က စာတွေနှင့်သာ ရင်းနှီးခွင့်ရခဲ့သည့် ထိုသမိုင်းဝင် ပုဂ္ဂိုလ်အားလုံးကို တပေါင်းတည်း တနေရာ ထည်းတွင် တွေ့လိုက်ရတော့ မိမိကိုယ်ကို မိမိမယုံနိုင်။ သုသာန်ကို လည်ပတ်ရကျိုးနပ်ပြီဟုပင် သွေးနထင်ရောက်မိ၏။
အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေဆိုလျင် အထက်တန်းကျောင်းသားဘ၀ ကတည်းက ရင်းနှီးခဲ့သူ ဖြစ်၏။ လျှပ်စစ်ဓါတ်ထုတ်ပေးသည့် ဒိုင်နမိုကို စတင်တီထွင်သူ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး အဖြစ် ထင်ရှား၏။ ဂျော့ အီးလီယော့ ဆိုလျင် The Mill on the Floss (၁၈၆၀)၊ Silas Marner (၁၈၆၁)၊ Middle March (၁၈၆၂) စသည့် ၀တ္ထုများနှင့် ကြော်ကြားခဲ့သည့် အင်္ဂလိပ်စာရေးဆရာမကြီး ဖြစ်၏။ အမည်ရင်းမှာ Mary Ann Evans ဖြစ်၏။ Silas Marner ဆိုလျင် ကျောင်းသုံးအဖြစ် မြန်မာနိုင်ငံတွင် တချိန်က ပြဌာန်းခဲ့ဘူးသဖြင့် လူသိများသည့် ၀တ္ထု ဖြစ်၏။ ယနေ့ခေတ် စာပို့စနစ် အကြောင်းပြောမည်ဆိုလျင်လည်း ဆာရိုးလန်းဟေးကို ချန်ထား၍ မရ။ ဆာရိုးလန်းဟေးမှာ စာပို့ တဆိပ် ခေါင်း စတင်တီထွင်သူအဖြစ် ထင်ရှား၏။




တွက်ကြည့်လျင် စာရေးဆရာမကြီး ဂျော့အီးလီယော့က ကားလ်မတ်ထက် သုံးနှစ်စော ကွယ်လွန် ၏။ ဆာရိုးလန်းဟေးက ကားလ်မတ်ထက် လေးနှစ်စော ကွယ်လွန်၏။ မိုက်ကယ်ဖာရာဒေးက ကားလ်မတ်ထက် ၁၆ နှစ်စော ကွယ်လွန်၏။ ထိုသူတို့အနက် ကားလ်မတ်သည် မြန်မာတို့နှင့် အရင်းနှီး ဆုံး ဖြစ်မည်ထင်၏။ အထူးသဖြင့် ကားလ်မတ်၏ အတွေးအခေါ် အယူအဆကို အနည်းနှင့်အများ ဆိုသလို ဖတ်ဖူးလေ့လာဖူးသူတွေ မြန်မာနိုင်ငံ၌ များ၏။
ခုတော့ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေးကို သူကွယ်လွန်ပြီး ၁၂၆ နှစ်ရှိမှ တွေ့ခွင့်ကြုံ ရ၏။ ဂျာမန်တွေးခေါ်ပညာရှင်ကြီး ကားလ်မတ်ကိုလည်း သူကွယ်လွန်ပြီး နှစ်ပေါင်း ၁၁၀ ရှိမှ တွေ့ခွင့်ရ၏။ သို့သော် အဆိုပါ ပညာရှင်တွေနှင့် တွေ့ရချိန်တွင်ကား စကားပြောခွင့် မရတော့။ သူတို့ အုတ်ဂူရှေ့မှာ ခြေစုံရပ်ရင်း ရောက်တတ်ရာရာသာ တွေးခွင့်ရတော့၏။
စင်စစ် သင်္ချိုင်းသည် သင်္ချိုင်းသာ ဖြစ်၏။ ဆင်တဲဝချောင်းထိပ်က သင်္ချိုင်းသည်လည်း သင်္ချိုင်းသာ ဖြစ်၏။ လန်ဒန်က ဟိုင်းဂိတ်သုသာန်လည်း သင်္ချိုင်းသာဖြစ်၏။ သို့သော် ဆင်တဲဝချောင်းထိပ်က သင်္ချိုင်းကို လူတွေ လာမလည်ကြ။ ဟိုင်းဂိတ်လို သင်္ချိုင်းကိုမှ ဘာကြောင့် လူတွေ လာရောက်လည် ပတ်နေရသလဲ မေးစရာ ရှိ၏။ ဟိုင်းဂိတ်သုသာန်မှာ ထင်ရှားသည့် ပုဂ္ဂိုလ်များ မြှုပ်နှံထား၍ ဖြစ်၏။
ဟိုင်းဂိတ်သုသာန်က ထင်ရှားသည့် ပုဂ္ဂိုလ်များသည် အသက်ရှင်စဉ်က လူ့လောကအတွက် ကမ္ဘာကျော်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သူတွေ ဖြစ်၏။ အဆိုပါ ပုဂ္ဂိုလ်များတွင် အသက်ရှင် စဉ်က အားထုတ်ခဲ့သည့် လုံ့လနှင့် စေတနာမှာလည်း တဦးတယောက်အတွက် ရည်ရွယ်အားထုတ်ခဲ့ သည် မဟုတ်။ လူ့လောကအတွက် ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့ကြသူတွေချည်းသာ ဖြစ်၏။ အထူးသဖြင့် ကားလ်မတ်လို ပုဂ္ဂိုလ်မျိုးဆိုလျင် သူ့နိုင်ငံရေးအယူအဆ အတွေးအခေါ်ကို ထောက်ခံသူ ရှိသလို ဆန့်ကျင်သူလည်း ရှိ၏။ သို့သော် ထိုအချက်က အဓိက မဟုတ်။ ထိုပုဂ္ဂိုလ်များ၏ မွန်မြတ်သည့် စေတနာနှင့်လုပ်ရပ်ကို နှောင်းလူတွေ အတုယူနိုင်အောင် ဂုဏ်ယူနိုင်အောင်၊ အမြဲတမ်းအမှတ်ရ နေရအောင် ဟိုင်းဂိတ်လို သုသာန်မျိုးတွေ ပေါ်ပေါက်လာခြင်းဖြစ်၏။
ဟိုင်းဂိတ်သုသာန်ကို လူသိများသည့် အကြောင်းတွေအနက် ကားလ်မတ်အုတ်ဂူ ရှိနေသည့် အချက်က အဓိကအချက်ဖြစ်သည်ဟု မှတ်တမ်းတွေမှာ တရားဝင်ဖော်ပြလေ့ရှိ၏။ ထိုအချက်ကို ထောက်လျှင် ကားလ်မတ်ကို အင်္ဂလန်က မည်မျှတန်ဘိုးထားကြောင်း ပေါ်လွင်၏။
ပြောကြစတမ်းဆိုလျှင် ကားလ်မတ်သည် အင်္ဂလိပ်လူမျိုးပင်မဟုတ်။ လန်ဒန်မှာ ခေါင်းချခဲ့သည့် ဂျာမဏီဖွား ဂျူးအနွယ်ဝင် တဦးသာ ဖြစ်၏။ ထို့ပြင် ကားလ်မတ်သည် ကွန်မြူနစ်စနစ်၏ ဖခင်ကြီးလည်း ဖြစ်၏။ ယနေ့တိုင်လည်း မတ်ဝါဒယုံကြည်သူတွေ မတ်ဝါဒီတွေ ကမ္ဘာမှာ အများအပြားရှိ၏။ ကားလ်မတ် စကားနှင့်ဆိုရလျှင် ဗြိတိန်သည် အရင်းရှင်နိုင်ငံဖြစ်၏။ ကွန်မြူနစ်ဝါဒကို မထောက်ခံ။ သို့သော် ဗြိတိသျှ ၀န်ကြီးချုပ် ဂျွန်ရပ်ဆဲ လက်ထက်ကတည်းက ကားလ်မတ်ကို ဗြိတိန်က လက်ခံခဲ့သည်။ ယနေ့ ဗြိတိသျှ ၀န်ကြီးချုပ် တိုနီဘလဲယား လက်ထက်တိုင်လည်း ကားလ်မတ်အုတ်ဂူကို လန်ဒန်ဟိုင်းဂိတ်သုသာန်မှာ လေးလေးစားစား ထိမ်းသိမ်းထား၏။ ကွန်မြူနစ်ဝါဒဖခင်ကြီး၏ အုတ်ဂူလက်ခံထိမ်းသိမ်းထားသည်ကို မည်သည့် အင်္ဂလိပ်လူမျိုးကမှလည်း မငြိုငြင်။
ထိုသို့ စဉ်းစားမိပြန်တော့ ကားလ်မတ်ခေါင်းချရာ သုသာန်ကို လိုက်ပို့သည့် မိတ်ဆွေအင်္ဂလိပ် လင်မယားအပေါ် စောစောက မနောမှားခဲ့သည်ကို နောင်တရမိ၏။ နေအတော်ကျသွားသဖြင့် သင်္ချိုင်းဝင်းအတွင်း လူပါးလာသည်၊ မိတ်ဆွေအင်္ဂလိပ်လင်မယားက ပြန်ချင်ပလားဟု မျက်ရိပ်ပြ၏။ သုသာန်တွင်း လျှောက်ကြည့်ရင်း ဟိုင်းဂိတ်သုသာန်၌ ကားလ်မတ်တယောက် အင်္ဂလိပ်တွေကြား မျက်နှာငယ်နေမလားဟု မဆီမဆိုင် တွေးပူမိပြန်၏။ တော်ပါသေးသည်။ အီရတ်ကွန်မြူနစ်ခေါင်းဆောင် Saad Saadi Adi နှင့် တောင်အာဖရိက ကွန်မြူနစ်ပါတီဥက္ကဌ Yusef Mohamed Dadoo တို့ကိုလည်း ဟိုင်းဂိတ်သုသာန်မှာပင် ဂူသွင်းမြှုပ်နှံထားသည်ကို တွေ့ရသဖြင့် ကားလ်မတ်အတွက် အဖော်ရသည်ဟု ဆိုနိုင်၏။
ဟိုင်းဂိတ်က အပြန်တွင် သုသာန်ကိုလေးစားသည့် အနောက်နိုင်ငံသားတို့ ဓလေ့ကို ပို၍ သဘော ကျမိသလို ရှိ၏။ ထင်ရှားသည့် ပုဂ္ဂိုလ်များ မြှုပ်နှံရာမှမဟုတ်။ မည်သည့် သုသာန်မဆို ပန်းမန်တို့ဖြင့် ပသာဒရှိအောင် ပြုပြင်ထိမ်းသိမ်း၏။ မကြာခဏလည်း သွားရောက်လည်ပတ်လေ့ ရှိကြ၏။ အထူး သဖြင့် ဧည့်သည်များအား သမိုင်းဝင်ပုဂ္ဂိုလ်တွေ မြှုပ်နှံရာ ဟိုင်းဂိတ်လို သုသာန်မျိုးသို့ တကူးတကန့် လိုက်ပို့ရသည်ကို ဂုဏ်ယူ၏။
မြန်မာတို့ကမူ သုသန်ကို သွားရောက်လည်ပတ်ဖို့ ဝေးစွ။ မစည်ကားအပ်သည့် အရပ်တွင် သုသာန်ကိုပါ ထည့်သွင်းရေတွက်လေ့ ရှိ၏။ မသာတခေါက် ကျောင်းဆယ်ခေါက် ဆိုသည့်စကား ကိုကြည့်လျှင် သုသာန်ကိုသွားဖို့ မည်မျှဝန်လေးကြောင်း ပေါ်လွင်၏။ မသာတခေါက် ပို့လို့ ရနိုင်သည့် တရားဘာဝနာ ကုသိုလ်က ဘုန်းကြီးကျောင်းဆယ်ခေါက်သွားလို့ ရမည့် တရားဘာဝနာကုသိုလ်နှင့် တူညီသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်၏။ မည်သို့တူညီကြောင်း အထောက်အထား မတွေ့ရပေမယ့် အရပ်ထဲ မကြာခဏ သုံးနှုန်း၏။ သုသာန်ကို လူတွေ သွားချင်အောင် တနည်းဆိုရရင် အသုဘ လိုက်ပို့ချင်အောင် တရားဘာဝနာကုသိုလ်နှင့် မက်လုံးပေး တီထွင်ခဲ့သည့် ဆိုရိုးစကားဖြစ်နိုင်သည်ဟု ပင် အချို့က ယူဆ၏။
မည်သို့ဆိုစေ ကားလ်မတ်ကို အကြောင်းပြုပြီး လန်ဒန်တွင် သုသာန်တခေါက် ရောက်ရပြီ။ ကျောင်းဆယ်ခေါက်နှင့် မညီလည်း ကိစ္စမရှိ။

မြလူ



လွတ်လပ်ရေး၏ရှေ့နေ ကားလ်မတ်
ရေးသူ- မြသန်းတင့်




[၂၀၁၀ ခု၊ မေလ ၅ ရက်တွင် ကျရောက်သည့် ကားလ်မတ်၏ (၁၉၂)နှစ် မွေးနေ့ အထိမ်းအမှတ်အတွက် မာယာက ဒီဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။]


အင်္ဂလိပ်တို့သည် ကျူးကျော်ရေး စစ်ပွဲသုံးပွဲ တိုက်ပြီးနောက် မြန်မာနိုင်ငံကို သိမ်းယူခဲ့သည်။
ပထမစစ်ပွဲမှာ ဘကြီးတော်လက်ထက်တွင် ဖြစ်ပွါးသည်။ ထိုစစ်ပွဲသည် ၁၈၂၄ ခုနှစ်မှ ၁၈၂၆ ခုနှစ်အထိ နှစ်နှစ်ကြာခဲ့သည်။ ထို ပထမကျူးကျော်ရေးစစ်ပွဲတွင် အင်္ဂလိပ်တို့သည် မြန်မာပိုင် ရှင်မဖြူကျွန်းကို ၀င်ရောက် သိမ်းပိုက်ကာ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ကျွန်းအဖြစ် ကြေညာခဲ့သည်။ ထိုအချိန်တွင် အာသံနှင့် မဏိပူရ နယ်စပ်များတွင် အခြေအနေ ဆိုးနေသည်။ ထိုသို့ ရှိနေစဉ်တွင် အင်္ဂလိပ်တို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံကို စစ်ကြေညာ တိုက်ခိုက်ခဲ့သည်။ ၁၈၂၆ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ချုပ်ဆိုသည့် ရန္တပိုစာချုပ်ဖြင့် ထို စစ်ပွဲသည် အဆုံးသတ်ခဲ့သည်။ ထိုစာချုပ်အရ မြန်မာတို့က တနင်္သာရီနှင့် ရခိုင်ပြည်နယ်တို့ကို ပေးအပ်လိုက် ရသည်။
၁၈၅၂-၅၃ ခုနှစ် ပုဂံမင်းလက်ထက်တွင် အင်္ဂလိပ်တို့က ဒုတိယ ကျူးကျော်စစ်ကို ထပ်၍ တိုက်သည်။ ချမှတ်ထားသည့် စည်းကမ်းဥပဒေများကို ဖောက်ဖျက်သဖြင့် ရန်ကုန်မြို့က ကိုမိုဒိုလင်းဗတ်၏ အရာရှိများကို အပြစ်ပေးသည်။ ဤတွင် ကိုမိုဒိုလင်းဗတ်က ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် မြန်မာပိုင် ရေနန်းယဉ်သာသင်္ဘောကို သိမ်းယူလိုက်သည်။ ထိုအပြုအမူသည် ပင်လယ်ဓားပြတို့၏ အပြုအမူ ဖြစ်သည်။ သင်္ဘောသိမ်းပိုက်ပြီးနောက် သူတို့ လိုချင်သော အရာကို တောင်းဆိုသည်။ သူတို့ တောင်းဆိုချက်များသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်အတွက်ကြောင့် လည်းကောင်း၊ မြန်မာတို့၏ အချုပ်အချာအာဏာကို ထိပါးစေသည့်အတွက်ကြောင့် လည်းကောင်း၊ ပြည်တွင်းရေးကို စွက်ဖက်ရာရောက်သည့် တဖက်သတ် တောင်းဆိုချက်များဖြစ်သည့် အတွက်ကြောင့် လည်းကောင်း၊ မြန်မာတို့က ထိုတောင်းဆိုချက်များကို အကြောင်းပြန်ကြားခြင်း မပြုဘဲ နေခဲ့သည်။
ဤတွင် အင်္ဂလိပ်တို့သည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ဒုတိယကျူးကျော်စစ်ပွဲကို တိုက်ကာ မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းယူခဲ့ကြသည်။
၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် တတိယကျူးကျော်စစ်ကို တိုက်၍ မြန်မာနိုင်ငံတ၀ှမ်းလုံးကို သိမ်းပိုက်ကာ မြန်မာဘုရင်ကို ဖမ်းယူသွားခဲ့ကြပြီး ပြည်နှင်ဒဏ် ပေးခဲ့သည်။
ရန်ကုန်တွင်ရှိသည့် အင်္ဂလိပ်ကုန်သည်ကြီးများအသင်းသည် မြန်မာနိုင်ငံကို သိမ်းယူရန် အိန္ဒိယ ဘုရင်ခံချုပ်ကို မကြာခဏ တိုက်တွန်းခဲ့ကြသည်။ ပဲခူးကြိုးဝိုင်းတွင် လိုင်စင်ခံ၍ သစ်လုပ်ငန်းလုပ်နေသည့် ဘုံဘေဘားမားသစ်ကုမ္ပဏီသည် မြန်မာတို့၏ သစ်များကို ခိုး၍ ခုတ်ခဲ့သည်။ မြန်မာတို့က ကုမ္ပဏီကို ဒဏ်ရိုက်သည်။ ဤတွင် အိန္ဒိယဘုရင်ခံချုပ်က မြန်မာဘုရင်အစိုးရထံ ပြင်းထန်သော ရာဇသံကို ပေးခဲ့သည်။
ရာဇသံ အတိုမှာ-
သစ်မှုကို အိန္ဒိယဘုရင်ခံချုပ်၏ ကိုယ်စားလှယ်က ဆုံးဖြတ်မည်။ ထိုကိုယ်စားလှယ်ကို စစ်တပ် အစောင့် အရှောက်ဖြင့် နေခွင့်ပြုရမည်။
မြန်မာဘုရင်ရှေ့တော်သို့ အင်္ဂလိပ်ကိုယ်စားလှယ် ၀င်ရောက်သည့်အခါတွင် ဖိနပ်စီးခွင့်၊ ထီးဆောင်းခွင့် ပြုရမည်။
အင်္ဂလိပ်တို့က ခွင့်ပြုချက်မရဘဲ မြန်မာတို့က မည်သည့်နိုင်ငံနှင့်မျှ ဆက်ဆံခြင်း မပြုရဆိုသည့် အချက်များ ပါဝင်သည်။
မြန်မာတို့က ဒဏ်ငွေများကို လျော်ပစ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် နောက်ဆုံးအချက်မှာမူ မြန်မာတို့၏ ကိစ္စဖြစ်သဖြင့် အခြားနိုင်ငံတခုက ဆုံးဖြတ်ပေးသည်ကို လက်မခံနိုင်ကြောင်း သဘောပါရှိသော ပြန်ကြားချက်ကို ပေးပို့လိုက်သည်။
ဤတွင် အင်္ဂလိပ်တို့သည် တင်ကူး စီစဉ်ထားသည့်အတိုင်း မြန်မာနိုင်ငံတ၀ှမ်းလုံးကို အပြီးအပိုင် သိမ်းပိုက်ကာ မြန်မာဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နယ်နှင်ဒဏ် ပေးခဲ့သည်။
ဤအချက်မှာ သမိုင်း သုတေသီကအစ စတုတ္ထတန်း ကျောင်းသားအဆုံး မြန်မာအားလုံး သိကြသော အချက်များ ဖြစ်သည်။
ထိုအချိန်၌ အင်္ဂလိပ် အရင်းရှင်စနစ်သည် ကုန်သွယ်ရေး အရင်းရှင်စနစ်မှ နယ်ချဲ့စနစ်သို့ ကူးပြောင်းနေချိန် ဖြစ်သည်။
ထိုအချိန်၌ ဆိုရှယ်လစ်ဝါဒကို ထူထောင်ကြသော ကားလ်မတ်နှင့် အိန်ဂျယ်တို့သည် အရင်းရှင်စနစ်ကို ဘက်ပေါင်းစုံမှ လေ့လာကာ သူတို့၏ ကျော်ကြားသော 'အရင်းကျမ်း' နှင့် 'ကွန်မြူနစ်ပါတီ ကြေညာစာတမ်း' ကို ရေးနေကြချိန် ဖြစ်သည်။
ကားလ်မတ်နှင့် အိန်ဂျယ်တို့သည် အင်္ဂလိပ်အရင်းရှင်စနစ် ဖြစ်ပေါ်တိုးတက်မှု၊ အင်္ဂလိပ် အလုပ်သမား လူတန်းစား၏ အခြေအနေတို့ကိုသာမက ဥရောပနှင့် အာရှတို့တွင် ပေါ်ပေါက်လျက်ရှိသော အရေးအခင်းများကို လည်း မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာကာ အရင်းရှင်စနစ်နှင့် နယ်ချဲ့စနစ်ကို တိုက်ခိုက်ခဲ့ကြသည်။
၁၈၅၃ ခု၊ ဇူလိုင်လ ၁၅ ရက်၊ သောကြာနေ့တွင် ကားလ်မတ်သည် လန်ဒန်တွင် ရှိနေသည်။ လန်ဒန်တွင် ရှိနေစဉ် ကားလ်မတ်သည် အိန္ဒိယတွင် အင်္ဂလိပ်တို့ စိုးမိုးဗိုလ်ကျနေကြပုံကို အနီးကပ် တွေ့မြင်နေရသည်။ ထိုအချိန်တွင် မင်းကြီးမဟာမင်းလှမင်းခေါင် ခေါင်းဆောင်သည့် မြန်မာသံအဖွဲ့ ကာလကတ္တားသို့ ရောက်ရှိနေပြီး အင်္ဂလိပ်တို့နှင့် ဆွေးနွေးနေချိန် ဖြစ်သည်။ သံအဖွဲ့၏ ဆွေးနွေးပွဲသည် ပျက်ပြားသွားခဲ့သည်။
ဤတွင် ကားလ်မတ်သည် 'မြန်မာပြည် စစ်ပွဲ၊ ရုရှားပြသနာ၊ ထူးဆန်းသော သံတမန်ဆိုင်ရာ စာချွန်များ' ဟူသော ခေါင်းစဉ်ဖြင့် နယူးယောက် ထရီဗြွန်းသတင်းစာသို့ ဆောင်းပါးတစောင် ရေးပို့လိုက်သည်။ ထိုဆောင်းပါးသည် ၁၈၅၃ ခု၊ ဇူလိုင်လ ၃၀ ရက်နေ့ထုတ် သတင်းစာတွင် ပါရှိပြီး မော်စကို နိုင်ငံခြားဘာသာ ထုတ်ဝေရေးဌာနမှ ထုတ်ဝေသော ကားလ်မတ်နှင့်အိန်ဂျယ် စုပေါင်းရေးသားချက်များကို စုစည်းထားသည့် 'ကိုလိုနီဝါဒပြသနာများ' ကျမ်းတွင် 'မြန်မာပြည်စစ်ပွဲ' ခေါင်းစဉ်ဖြင့် ပါရှိရာ ယခု ထိုဆောင်းပါးကို ဘာသာပြန် ဖော်ပြပါသည်။
"မြန်မာသံအဖွဲ့ဝင်များသည် ဗိုလ်ချုပ်ကြီး ဂေါ်ဒွင် ကမ်းလှမ်းသော စာချုပ်ကို ပယ်ချလိုက်ကြောင်းဖြင့် အိန္ဒိယပြည်မှ နောက်ဆုံးရောက်လာသော သတင်းများအရ သိရသည်။ ဗိုလ်ချုပ်ကြီးဂေါ်ဒွင်က စဉ်းစားရန် ၂၄ နာရီ အချိန်ပေးသော်လည်း မြန်မာသံအဖွဲ့ဝင်များသည် ၁၀ နာရီအတွင်းမှာပင် ပြန်လည်ထွက်ခွါသွားကြလေပြီ။ မဆုံးနိုင်သော မြန်မာပြည်စစ်ပွဲ တတိယအကြိမ် ဖြစ်ပွါးမှုသည် ရှောင်လွှဲရဖွယ် မမြင်တော့ချေ။
အရှေ့ပိုင်းတွင် တိုက်ခိုက်ခဲ့သော ဗြိတိသျှတို့၏ စစ်ပွဲများအနက် မြန်မာပြည်ကို ၀င်တိုက်ခဲ့သော စစ်ပွဲလောက် အခြေအမြစ်ကင်းမဲ့သော စစ်ပွဲဟူ၍ တပွဲမျှ မရှိဖူးသေးချေ။ (အိန္ဒိယပြည် စစ်ပွဲတွင်မူ အနောက်မြောက်ဘက်မှ အန္တရာယ်ရှိမည်ဟု အကြောင်းပြနိုင်သေးသော်လည်း) မြန်မာပြည်စစ်ပွဲတွင်မူ မြန်မာတို့ဘက်မှ ကျူးကျော်ဝင်ရောက် တိုက်နိုင်သော အန္တရာယ်ဟူ၍ လုံးဝ မရှိချေ။ ဘင်္ဂလားနယ်နှင့် မြန်မာပြည်သည် တောင်တန်းကြီးများ ဆီးကာ ခြားလျက်ရှိရာ ထိုတောင်တန်းကြီးများကို မည်သည့်စစ်တပ်မျှ ကျော်ဖြတ်ချီတက်နိုင်မည် မဟုတ်ချေ။ မြန်မာပြည်ကို တိုက်ခိုက်လိုလျှင် အိန္ဒိယအစိုးရသည် ပင်လယ်ဘက်မှ ၀င်ရောက်မှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။ မြန်မာတို့ လှေတပ်များသည် အရှေ့အိန္ဒိယ ကုမ္ပဏီ၏ စစ်သင်္ဘောများကို ရင်ဆိုင်တိုက်ခိုက်လိမ့်မည်ဟူသော စကားသည် ယုတ္တိကင်းမဲ့သကဲ့သို့ မြန်မာတို့သည် ရေကြောင်းမှ ၀င်ရောက်တိုက်ခိုက်နိုင်သည်ဟု ပြောလာလျှင်လည်း ထိုစကားသည် ရယ်ဖွယ်သက်သက်မျှ ဖြစ်ပေလိမ့်မည်။ ပဲခူးနယ်တ၀ိုက်နှင့် ပတ်သက်၍ ယန်းကီး (အမေရိကန်) တို့တွင် သိမ်းပိုက်လိုသော ဆန္ဒ ပြင်းပြလျက်ရှိသည် ဆိုသော စကားသည်လည်း ဘာမျှ အထောက်အထား မရှိလှချေ။ သို့ဖြစ်ရကား မြန်မာပြည်ကို ၀င်တိုက်ခြင်းသည် အလိုမပြည့်ဖြစ်နေသော အင်္ဂလိပ် မင်းစိုးရာဇာ လူတန်းစားကို အလုပ်အကိုင်ပေးရန် အင်္ဂလိပ်စာရေးဆရာတဦး ပြောသကဲ့သို့ ထို လူတန်းစားအတွက် အရှေ့တိုင်းတွင် သီးသန့်အလုပ်ရုံတခု သို့မဟုတ် ဟမ်ပတန်နန်းရင်ပြင်တခု ဖန်တီးပေးရန်သာ ဖြစ်သည်ဟု ပြောဆိုရန်မှတပါး အခြားအကြောင်းပြချက် မရှိတော့ချေ။ ပထမမြန်မာစစ်ပွဲ (၁၈၂၄-၂၆) သည် လော့ဒ်အဲမ်းဟာစ်၏ ရယ်ဖွယ်ကောင်းလှသော အုပ်ချုပ်မှုအောက်တွင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်ပြီး နှစ်နှစ်သာသာကလေးမျှသာ ကြာသည့်တိုင် အိန္ဒိယကြွေးစာရင်းတွင် ပေါင် ဆယ့်သုံးသန်းမျှ ပိုလာခဲ့သည်။ စင်္ကာပူ၊ ပီနန်နှင့် မလက္ကာကျွန်းဆွယ်တို့တွင် ရှိသည့် ဌာနများကို ထောက်ပံ့ရသည့် စရိတ်သည် ထိုဌာနများမှ ရသည့်ဝင်ငွေထက် တနှစ်လျှင် ပေါင် တသိန်း ပိုနေသည်။ ထိုအထဲတွင် စစ်တပ်များ၏ စရိတ်မပါသေးချေ။ ၁၈၂၆ ခုနှစ်တွင် မြန်မာတို့ထံမှ သိမ်းပိုက်သည့် နယ်မြေများကို ထိန်းသိမ်းရသည့် စရိတ်မှာကား ထိုထက်ပင် ပိုချေသေးသည်။ ပဲခူးနယ်ကို သိမ်းပိုက်ရခြင်းမှာကား သာ၍ပင် ဆိုးသေးသည်။ အင်္ဂလန်ပြည်သည် ယခု ရုရှဇာစနစ်ကို တိုက်နေသကဲ့သို့ အလားတူ လိုအပ်သော ဥရောပစစ်ပွဲများမှ အဘယ်ကြောင့် နောက်ဆုတ်လာခဲ့သနည်း။ အဘယ်ကြောင့် ကျိုးကြောင်းကင်းမဲ့သော အာရှစစ်ပွဲများကို တိုက်နေသနည်း။ အင်္ဂလန်သည် ဥရောပ စစ်ပွဲများကို တိုက်ခိုက်ရသဖြင့် ကြွေးတွေ ပတ်လည်ဝိုင်းလျက်ရှိရာ အာရှစစ်ပွဲများ၏ စရိတ်ကို အိန္ဒိယတိုင်းရင်းသားတို့၏ ပခုံးပေါ်သို့ ပြောင်းပေးနေလေပြီ။ ယခုမူ င်္ဘဂလား ပြည်နယ်တွင် ဘိန်းစိုက်ပျိုးရေးမှ အခွန်တော်လည်းမရ။ ထိုအထဲတွင် မြန်မာပြည်စစ်ပွဲကိုလည်း တိုက်ရတော့မည်ဆိုလျှင် အိန္ဒိယအစိုးရငွေတိုက်တွင် အကျပ်အတည်းတွေ့ရတော့မည် ဖြစ်သည်။ ထိုအကျပ်အတည်းမှ လွတ်မြောက်ရန်မှာ အိန္ဒိယအင်ပိုင်ယာကြီးကို အင်္ဂလန်ပါလီမန် ပြုပြင်ရေးသမားများ၊ မိန့်ခွန်းများ၊ စာများထဲတွင် ပါသည်ထက် ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာရတော့မည်သာ ဖြစ်ပေသည်။"

xxxxxxxxxxxx

ဖော်ပြပါ ဆောင်ပါးမှ ၁၈၅၃ ခု ဇူလိုင်လ ၃၀ ရက်နေ့ထုတ် နယူးယောက်ထရီဗြွန်းသတင်းစာတွင် ကားလ်မတ်ရေးခဲ့သော ဆောင်းပါး ဖြစ်သည်။
ထိုဆောင်ပါးတွင် ကားလ်မတ်သည် မြန်မာပြည်စစ်ပွဲနှင့် ပတ်သက်သော အင်္ဂလိပ်ခေါင်းဆောင်တို့၏ အကြောင်းပြချက်များကို တချက်ပြီးတချက် ထုချေ ရှင်းလင်းထားသည်ကို တွေ့နိုင်သည်။ မြန်မာတို့က ကျူးကျော်တိုက်ခိုက်မည် ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ မြန်မာတို့အနေဖြင့် ရိုးမတောင်တန်းကြီးများကို ကျော်ဖြတ် တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း၊ ပင်လယ်မှ ၀င်ရောက် တိုက်ခိုက်ဖို့ဆိုသည်မှာလည်း အရှေ့အိန္ဒိယကုမ္ပဏီ၏ စစ်သင်္ဘောများကို ရင်ဆိုင်တိုက်ခိုက်ရန် မလွယ်ကြောင်း။ ယန်းကီးတို့က ပဲခူးနယ်ကို ၀င်သိမ်းမည်စိုးသဖြင့် တိုက်ရသည်ဆိုသော အကြောင်းပြချက်သည်လည်း အခြေအမြစ်မရှိကြောင်း၊ အာရှတွင် ကိုလိုနီ နယ်ချဲ့စစ်ပွဲများကို တိုက်ခိုက်ရခြင်းသည် စရိတ်ကုန်လှကြောင်း၊ ထို့ထက် ဥရောပ ပဒေသရာဇ်နိုင်ငံများကို တိုက်သင့်ကြောင်း၊ ထိုအတိုင်းသာဆိုလျှင် အိန္ဒိယ အင်ပိုင်ယာကြီးထဲတွင် အုံကြွမှုများ ပေါ်ပေါက်လိမ့်မည် ဖြစ်ကြောင်းဖြင့် မြန်မာ့လွတ်လပ်ရေးဘက်မှ ရှေ့နေလိုက်ခဲ့သည်ကို အထင်းသားတွေ့နိုင်လေသည်။

ရနံ့သစ်မဂ္ဂဇင်း
၁၉၉၅၊ ဇန်န၀ါရီ

[ဧကရီပန်းသည်မနှင့် ကျွန်တော် စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၇ မတ် မှ ကူးယူဖော်ပြပါတယ်။]