Thursday, May 6, 2010

စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်များ(အာဖဂန်နစ္စတန်၊ ၁၉ ရာစု- ၂၀ ရာစု)
ဘာသာပြန်သူ - အုတ်လှငယ်(မြသန်းတင့်)



[နွယ်နီမဂ္ဂဇင်းတွင် 'အုတ်လှငယ်' ကလောင်အမည်ဖြင့် ဆရာမြသန်းတင့် ရေးခဲ့တဲ့ ကမ္ဘာ့သမိုင်းအမြင် ဆောင်းပါးများကို စုစည်းတင်ပြသည့် 'သမိုင်းကြေးမုံ' စာအုပ်မှ ကူးယူခြင်း ဖြစ်ပါတယ်။]

၁၉ ရာစုနှစ်တုန်းက အလယ်ပိုင်း အာရှတိုက်ကို စိုးမိုးရန်အတွက် ဂရိတ်ဗြိတိန် နှင့် ဇာဘုရင် ရုရှားတို့သည် အာဖဂန်နစ္စတန်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲကို ရုဒ်ယတ်ကစ်ပလင်းက 'မဟာ ကစားပွဲကြီး' ဟု အမည်ပေးခဲ့သည်။ ယနေ့ခေတ် ကစားသူများ ဖြစ်သည့် အင်အားကြီးနိုင်ငံများ၏ လက်ထက်တွင်မူ အာဖဂန်နစ္စတန်မှ မဟာကစားပွဲကြီးသည် အပြီးသတ်ပွဲကို ကစားနေပြီဟု ယူဆရသည်။ ယခုပွဲတွင်မူ ယခင်က ကစားခဲ့သူများသည် ဘေးသို့ရောက်သွားကာ ပွဲကြည့်ပရိသတ်များ ဖြစ်နေလေပြီ။ သူတို့သည် ကစားပွဲကို စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ယခုပွဲတွင် ပါဝင်ကစားသူများမှာ တခါက စစ်တုရင်ရုပ်များ ဖြစ်ခဲ့သည့် အာဖဂန် လူမျိုးများကိုယ်တိုင် ဖြစ်သည်။
ကစ်ပလင်း၏ ခေတ်တုန်းကမူ ဂရိတ်ဗြိတိန်သည် မိမိတို့ အုပ်စိုးသည့် အိန္ဒိယ ပထ၀ီတိုက်ငယ်ကို ၀င်ရာ တံခါးပေါက်ဖြစ်သည့် အာဖဂန်နစ္စတန်ပြည်၏ ကိုင်ဘာတောင်ကြားကို ရုရှတို့လက်သို့ မကျစေရန် စစ်ပွဲ နှစ်ပွဲကို တိုက်ခိုက်ခဲ့ဖူးသည်။ စစ်အေးခေတ်တွင်မူ ၀ါရှင်တန်နှင့် မော်စကိုတို့သည် တတိယကမ္ဘာ့နိုင်ငံတခုဖြစ်သော အာဖဂန်နစ္စတန်တွင် လာ၍ အားပြိုင်နေကြသည်။ သို့ရာတွင် ဆိုဗီယက်တို့၏ ရုပ်သေးရုပ် ဖြစ်သော နာဂျီဘူလာ အစိုးရပြုတ်ကျသွားသည်နှင့်အတူ တတိယကမ္ဘာတွင် ဖြစ်နေသော ဆိုဗီယက်နှင့် အမေရိကန်တို့၏ စစ်အေးတိုက်ပွဲ တပွဲသည် အဆုံးသတ်သွားခဲ့လေပြီ။
မည်သည့်ဘက်က ကြည့်ကြည့် အမေရိကန်တို့ အဖို့မူ ၀မ်းသာစရာပင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တုန်းက ရုရှားသည် အာဖဂန်နစ္စတန်ရှိ ကွန်မြူနစ်အစိုးရကို ထောက်ခံရန်အတွက် အာဖဂန်နစ္စတန်ကို ၀င်ရောက် သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က သမ္မတ ကာတာသည် စိတ်ဆိုးမာန်ဆိုး ကန့်ကွက်သည့်အနေဖြင့် ၁၉၈၀ ပြည့်နှစ် မော်စကို အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ခဲ့သည်။ ထို့နောက်မှစ၍ ၀ါရှင်တန်သည် ဒေါ်လာသန်းပေါင်း ၂၀၀၀ တန်ဖိုးရှိသည့် လက်နက် ခဲယမ်းမီးကျောက်များကို အာဖဂန်နစ္စတန်ရှိ မူဂျာဟစ်ဒင် သူပုန်အစု အသီးသီးသို့ ထောက်ပံ့ခဲ့သည်။ မူဂျာဟစ်ဒင် သူပုန်အစုများသို့ သမ္မတကာတာလက်ထက်က ပေးပို့ခဲ့သော ထောက်ပံ့မှုတန်ဖိုး မှာ သန်းသုံးဆယ်ဖိုးခန့်သာ ရှိသော်လည်း သမ္မတရေဂင် လက်ထက်သို့ ရောက်သည့်အခါတွင် ပခုံးထောက်၍ ပစ်ရသည့် စတင်းဂါးဒုံးကျည်များ အပါအ၀င် လက်နက်ခဲယမ်းမီးကျောက် အမြောက်အမြားကို အောတိုက်ပို့ပေး ခဲ့သည်။ အာဖဂန်သူပုန်များသည် ထို စတင်းဂါးဒုံးကျည်များဖြင့် ဆိုဗီယက်အစိုးရ လေယာဉ်ပေါင်း ၂၅၀ တို့ကို ပစ်ချနိုင်ခဲ့သည်။
နာဂျီဘူလာ ပြုတ်ကျသွားပြီးနောက် အစ္စလာမ် အစိုးရအဖွဲ့ တက်လာသည့်အခါတွင် နောက်လှမ်းရမည့် ခြေလှမ်းများမှာ နည်းနည်းတော့ ရှုတ်ထွေးသည်။ ၀ါရှင်တန်သည် နာဂျီဘူလာ ပြုတ်ကျသွားသည်ကို ၀မ်းသာသည်။ သို့ရာတွင် မော်စကိုနှင့် မိမိတို့နှစ်ဦး (၀ါရှင်တန်နှင့် မော်စကို) တို့ အာဖဂန်နစ္စတန်ရှိ သူပုန် အစုစုအသီးသီးထံသို့ လက်နက်တင်ပို့ ထောက်ပံ့ခြင်းမပြုရန် သဘောတူပြီးနောက်တွင်မူ ၀ါရှင်တန်သည် မူဂျာဟစ်ဒင် အစုများပေါ်တွင် သြဇာမညောင်းတော့ဘဲ ဖြစ်လာကာ သူပုန်အုပ်စုအချင်းချင်း တိုက်ခိုက်ကြမည့် အာဏာလုပွဲကြီးကို စိုးရိမ်နေခဲ့သည်။ (နောက်ပိုင်းတွင် သူပုန် အုပ်စုချင်း တိုက်ပွဲများ ပေါ်ပေါက်ခဲ့သည်) အထူးသဖြင့် အလယ်အလတ်ကျသူ မာဆွတ်နှင့် ပြင်းထန်သူ ဟက်မာတီယာတို့၏ အစုနှစ်ခုကြားတွင် တိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်ခဲ့သည်။ (နောင်တွင်လည်း စိုးရိမ်ခဲ့သည့်အတိုင်း တိုက်ပွဲများ ဖြစ်ပွါးလာခဲ့သည်) နာဂျီဘူလာ ပြုတ်ကျသွားသည့်အခါတွင် ၀ါရှင်တန်ရှိ ပြောရေးရှိသူက 'သင်တို့တွင် အာဏာလဟာနယ်ကြီးတခု ဖြစ်သွားသည်။ ပရမ်းပတာမှုများ ပေါ်ပေါက်လာနိုင်သည်။ အကြမ်းဖက်မှုများ မဖြစ်ပါစေနှင့်' ဟု ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံခဲ့သည်။
သို့ရာတွင် အာဖဂန်နစ္စတန်သည် များစွာ ကံမကောင်းလှပါ။ ကာဘူး မြို့သိမ်းတိုက်ပွဲသည် သွေးထွက်သံယို များလှပါသည်။ အယ်လဇန္ဒြား ဘုရင်ဖြစ်စေ၊ ဂျင်ဂျစ်ခန် ဖြစ်စေ၊ ဆိုဗီယက်တပ်မတော် ဖြစ်စေ၊ မည်မျှ အင်အားကြီးသော စစ်တပ်ကိုမဆို အာဖဂန်လူမျိုးများသည် ခုခံ တိုက်ခိုက်မည်သာ ဖြစ်ပါသည်။
'အာဖဂန် လူမျိုးတွေဟာ ဘယ်လိုရန်သူမျိုးကိုပဲ ဖြစ်ဖြစ် ခုခံတိုက်ခိုက်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြား ကျူးကျော်သူ မှန်သမျှကို အသေအလဲ တိုက်ကြတယ်။ နောင်တော့ သူတို့အချင်းချင်းလည်း ပြန်တိုက်ကြတာပဲ' ဟု ကာဘူးတွင် အမေရိကန် သံအမတ် လုပ်ခဲ့သည် ရောဘတ်နယူးမင်းက ပြောခဲ့ဖူးသည်။
အာဖဂန်နစ္စတန် နိုင်ငံသည် လူမျိုးစုတွေ ရောနှောနေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ အကယ်၍သာ ယခုကဲ့သို့ အစုချင်း ရေရှည် တိုက်ခိုက်နေပါက အာဖဂန်နစ္စတန်တွင် နောက်ထပ် 'ဘော်လကန် ဇာတ်သွင်းမှု' တွေ ဖြစ်ပွါးလာမည်ကို ၀ါရှင်တန်က စိုးရိမ်နေသည်။ ဘလူချီ လူမျိုးစုများသည် အီရန်နှင့် ပါကစ္စတန် နိုင်ငံများအတွင်းသို့ စိမ့်ဝင် အံကျလာနေကြသည်။ ပထန်လူမျိုးစုများသည် ပါကစ္စတန်အနောက်မြောက်ပိုင်းသို့ စိမ့်ဝင်လာနေကြသည်။ တားဂျစ်နှင့် ဥဇဘက် လူမျိုးစုများသည် ယခင် ဆိုဗီယက် ယူနီယံအတွင်းသို့ ကူးလူး နေကြသည်။ သို့ဖြင့် အာရှအလယ်ပိုင်းတွင် မငြိမ်သက်မှုများ ပေါ်ပေါက်လာနိုင်သည်။ ကွန်မြူနစ်ဝါဒ မရှိသည့် နောက်တွင် အစ္စလာမ်သည် အရေးကြီးသည့် ပြဿနာတရပ် ဖြစ်လာခဲ့သည်။ နယ်စပ်တွင်ရှိသော မျိုးတူစု အချင်းချင်း ဆက်သွယ်မှုရှိပြီး နောက်ထပ် နိုင်ငံရေး ပေါင်းစည်းမှု အသစ်များ ဖြစ် မဖြစ် ဆိုသည်ကိုလည်း မည်သူမျှ မပြောနိုင်သေး။
'ပဲစေ့ တစေ့တော့ ကျသွားတာပဲဗျ၊ အဲဒီ ပဲစေ့က ဘယ်လောက် အပင်ကြီးကြီး ပေါက်လာမယ် ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်သေးဘူး' ဟု နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီ ရန်ပုံငွေဌာနမှ လူမျိုးစုရေးရာ ကျွမ်းကျင်သူတဦး ဖြစ်သည့် ပေါဂိုဘယ်က ပြောသည်။
သို့ဖြင့် အာဖဂန် အင်အားစု အသီးသီးတို့သည် သူတို့နိုင်ငံကို တစုတည်း ပေါင်းစည်းရန် ကြိုးစားလျက် ရှိကြပါသည်။ ကာဘူး မြို့ပြင်ဘက်တွင် သူတို့သည် ယခင်က အစိုးရ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် စကားပြောနေကြသော်လည်း ကာဘူးမြို့ အတွင်းတွင်မူ ဒေါသတကြီးဖြင့် ရန်ဖြစ်နေကြသည်။ (နောင်တွင် လက်နက်ကိုင် တိုက်ခိုက်လာခဲ့ကြသည်) "အာဖဂန်နစ္စတန်နိုင်ငံဟာ မကူးစက်ဘဲနေမယ့် ရောဂါမျိုး မဟုတ်ဘူး" ဟု အရှေ့အလယ်ပိုင်းရေးရာ ကျွင်းကျင်သူတဦးက ပြောခဲ့သည်။
တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ကွဲလျှင် မည်မျှအခြေအနေဆိုးနိုင်ကြောင်းကို ရှည်ရှည်ဝေးဝေး ကြည့်ရှုစရာ မလိုပါ။ ၁၉၇၈ ခုနှစ်က အာဖဂန်နစ္စတန်တွင် ဆိုဗီယက်တို့ ထောက်ခံသည့် အာဏာသိမ်းပွဲ ပေါ်ပေါက်ခဲ့သည်။ နောက် လအနည်းအကြာတွင် အီရန်မှ ရှားဘုရင် ပြုတ်ကျသွားခဲ့သည်။ တီဟီရန်တွင် အနောက်တိုင်း ဆန့်ကျင်သူများက အမေရိကန်သံရုံးကို စီးနင်း တိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့မှာပင် ကာဘူးတွင် ရှိသည့် အမေရိကန် သံအမတ် အဒေါ်ဒတ်ကို ကားပေါ်မှ ဆွဲချကာ သတ်ပစ်လိုက်ကြသည်။
ယခုအချိန်တွင် ပထ၀ီ နိုင်ငံရေး အခြေအနေသည် ပို၍ ရှုတ်ထွေးလာခဲ့သည်။ အာရှတိုက် အလယ်ပိုင်းတွင် ဆိုဗီယက် ယူနီယံသည် မရှိတော့။ သို့ရာတွင် မတည်ငြိမ်သော အစ္စလာမ် အာရှအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ဒေသသည် ယမ်းအိုးကြီး ဖြစ်လာနိုင်သည်။
အာဖဂန်နစ္စတန်နိုင်ငံ စည်းလုံး ညီညွတ်ရေးသည် အားလုံး၏ အကျိုးဖြစ်သည်။ သို့ရာတွင် စည်းလုံး ညီညွတ်မှု ရရန်မှာ သိပ်လွယ်သည့် ကိစ္စမဟုတ်ပါ။ ၁၃ နှစ်ကြာ ဖြစ်ခဲ့သည့် ပြည်တွင်းစစ်ပွဲ ဒဏ်ရာ ဒဏ်ချက်ကလည်း ကြောက်စရာ ကောင်းပါသည်။ လူပေါင်း တသန်း သေခဲ့ပြီး ကျေးရွာအားလုံး၏ သုံးပုံတပုံ ပျက်စီးခဲ့ရပါသည်။ လမ်းများ ပျက်စီးခဲ့ရပါသည်။ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေးတို့ ဆုံးရှုံးခဲ့ရပါသည်။
အာဖဂန်နစ္စတန်သည် စစ်တုရင်ခုံတခုံ ဖြစ်သည်။ ယခင်က ထိုခုံတွင် စစ်တုရင်သမားများ ကစားခဲ့ကြသည်။ ယခု ထိုခုံတွင် စစ်တုရင်ရုပ်တွေ ကိုယ်တိုင် ကစားနေလေပြီ။

ရည်ညွှန်း။ Time, May, 11, 1992.

အုတ်လှငယ် (မြသန်းတင့်)
[နွယ်နီမဂ္ဂဇင်း၊ ၁၉၉၂၊ ဒီဇင်ဘာ]

No comments: