Wednesday, May 5, 2010
ဟိုင်းဂိတ်သုသာန်
ရေးသူ-မြလူ
[ ၁၃၆၇ ၀ါဆိုလဆန်း ၂ရက်၊ 2005 July 7 ထုတ၊် မာယာက ပြန်လည် ကူးယူဖော်ပြပါတယ်]
လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဖြစ်၏။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကို ရောက်ရောက်ချင်း မိတ်ဆွေ အင်္ဂလိပ်လင်မယား ပထမဆုံး လိုက်ပို့သည့် နေရာကို ယခုထိ အမှတ်ထင်ထင် ရှိနေသည်။ ယင်းကား အခြားမဟုတ်။ လန်ဒန်မြို့ က သင်္ချိုင်းတခု ဖြစ်၏။ မြန်မာနိုင်ငံတွင် ဧည့်သည်ကို ခရီးရောက်မဆိုက် သင်္ချိုင်းအလည်အပတ် လိုက်ပို့လေ့မရှိ။ မိတ်ဆွေအင်္ဂလိပ်လင်မယားကမူ ရောက်စေချင်လွန်း၍ ထင်၏။ ထိုသင်္ချိုင်းသို့ တကူးတကန့်ကို လိုက်ပို့၏။ သူ့ဓလေ့ကို လေးစားပေမဲ့ စိတ်ထဲတွင် အတော် ကလေးတော့ ကသိကအောက် ဖြစ်မိ၏။ မြန်မာတဦးပီပီ သင်္ချိုင်းကို သွားရောက်လည်ပတ် ထိုက်သည့် နေရာဟု လက်ခံရန် ၀န်လေးနေသည်။
မကြာခင် လန်ဒန်မြောက်ပိုင်းရှိ သင်္ချိုင်းသို့ ရောက်၏။ စင်စစ် ထိုသင်္ချိုင်းမှာ သာမည သင်္ချိုင်း မဟုတ်။ မတ်ဝါဒ တီထွင်ခဲ့သူ မျက်မှောက်ခေတ် ကွန်မြူနစ်စနစ်ဖခင်ကြီး ကားလ်မတ် Karl Marx (၁၈၁၈-၁၈၈၃)ကို မြှုပ်နှံထားရာ သမိုင်းဝင် ဟိုင်းဂိတ် Highgate သုသာန်ဖြစ်၏။ ကားလ်မတ်ခေါင်းချ ရာ သုသာန်ဖြစ်၍လည်း ဟိုင်းဂိတ်သုသာန်မှာ ပို၍ ထင်ရှား၏။ လာရောက်လည်ပတ်သူလည်း များ၏။ ကားလ်မတ်အုတ်ဂူကိုကြည့်ရင်း စောစောက ကသိကအောက်အတွေးတွေ ဘယ်ရောက်သွားမှန်းမသိ။
ဂျာမဏီနိုင်ငံဖွား ကားလ်မတ်၏ ဂုဏ်ပုဒ်တွေကို ကမ္ဘာ့စာနယ်ဇင်းတွေက ဖော်ပြရာ၌ ဂျာမန် တွေး ခေါ်ရှင်ကြီး၊ လူမှုပညာရှင်ကြီး၊ သမိုင်းပညာရှင်ကြီး၊ နိုင်ငံရေးဘောဂဗေဒ ပညာရှင်ကြီး စသဖြင့် ဖော်ပြလေ့ရှိ၏။ စင်စစ် ကားလ်မတ်သည် ၁၉ရာစုတွင် ပေါ်ပေါက်ခဲ့သည့် သြဇာကြီးမားသော ဆိုရှယ်လစ်တွေးခေါ်ရှင်ကြီးလည်း ဖြစ်၏။
သို့သော် ကားလ်မတ်၏ ဘ၀ဇာတ်သိမ်းပိုင်းမှာ မလှ။ ဥရောပက နှင်ထုတ်ခံရပြီးနောက် လန်ဒန်တွင် အခြေချရင်း သူ့မိသားစုနှင့်အတူ ကွယ်လွန်ချိန်ထိ ရုန်းကန်ခဲ့ရသည်။ ထိုအချိန်တွင် ပရပ်ရှား အာဏာပိုင်တွေကလည်း ကားလ်မတ်ကို လက်မခံဘို့ ဗြိတိသျှအာဏာပိုင်တွေကို ဖိအားပေး၏။ သို့သော် ဗြိတိသျှဝန်ကြီးချုပ် ဂျွန်ရပ်ဆဲ John Russel က အဆိုပါဖိအားပေးမှုကို လက်မခံ။ ၀န်ကြီးချုပ်ဂျွန်ရပ်ဆဲမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ယုံကြည်သူ ဖြစ်၏။ ထို့ကြောင့် ကားလ်မတ်၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို တန်ဘိုးထား၏။ ကားလ်မတ်ကို သူ့အတွေးအခေါ် သြဇာကြီးမှန်း သိလျက်နဲ့ လန်ဒန်တွင် နေခွင့်ပေးခဲ့သည်။ အာဂ၀န်ကြီးချုပ် ဖြစ်၏။
ကားလ်မတ်ကို မြှုပ်နှံသည့်နေရာမှာ သူ့အရင် ၁၅ လစောကွယ်လွန်သည့် ဇနီးသည် ဂျယ်နီကို မြှုပ်နှံသည့် နေရာပင်ဖြစ်၏။ ၁၈၈၃ ခု မတ်လ ၁၇ ရက် တွင် ကားလ်မတ်ကို ဟိုင်းဂိတ်သုသာန်၌ သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်၏။ အုတ်ဂူထက်မှ ကားလ်မတ်၏ ခေါင်းပိုင်းပုံတူရုပ်ထုကို ကြည့်ရင်း ကားလ်မတ်ဈာ ပနတွင် ပြောခဲ့သည့် ဖရက်ဒရစ်အိန်ဂျယ်၏ မိန့်ခွန်းတပိုင်းတစကို ကြားယောင်မိ၏။
ဖရက်ဒရစ်အိန်ဂျယ်မှာ ကားလ်မတ်၏ သူငယ်ချင်းလဲဖြစ် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သည့်အပြင် မျက်မှောက်ခေတ် ကွန်မြူနစ်ဝါဒကို ကားလ်မတ်နှင်အတူ စတင်တွေ့ရှိခဲ့သူ ဂျာမန်ဆိုရှယ်လစ်တဦးလည်း ဖြစ်၏။ သူ့ဈာပနမိန့်ခွန်း၌ မတ်၏လေ့လာတွေ့ရှိချက်တွေကို ဗြိတိသျှ သဘာဝဗေဒပညာရှင်ကြီး ချားလ်စ်ဒါဝင်၏ လုပ်ရပ်တွေနှင့် နှိုင်းယှဉ်အမွှန်းတင်ထား၏။
"ဒါဝင်က အော်ဂဲနစ်သဘာဝနိယာမ ဒါမှမဟုတ် ဖွံ့ဖြိုးမှုနိယာမတရားကို ရှာဖွေတွေ့ရှိခဲ့သလို မတ်ကလဲ လူ့သမိုင်းဖွံ့ဖြိုးမှုတရားကို တွေ့ရှိခဲ့သူ ဖြစ်ပါတယ်...မတ်ဟာ သူ့ခေတ်မှာ အမုန်းအခံရဆုံး အသရေပျက်အောင် အပြောအခံရဆုံး ပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။ အစိုးရတွေက သူ့ကို ပြည်နှင်ဒဏ်ပေး တယ်။ ခေါင်းပုံဖြတ် ဘူဇွာလူတန်းစားက သူ့ထက်ငါ မတ်အကြောင်း မကောင်းပြောကြတယ်... ဒါပေမယ့် သူကွယ်လွန်တော့ သန်းချီတဲ့ တော်လှန်ရေးအလုပ်သမားတွေရဲ့ လေးစာမှု မြတ်နိုးမှုကို ခံရတယ်။ မတ်ကိုဆန့်ကျင်သူတွေ များကောင်းများပေမယ့် ပုဂ္ဂိုလ်ရေးမကျေနပ်တဲ့ ရန်သူရယ်လို့ သူ့မှာ မရှိဘူးဆိုတာ ကျွန်တော်ရဲရဲပြောဝံ့ပါတယ်" စသဖြင့် အိန်ဂျယ်က ပြောခဲ့၏။
လန်ဒန်မြို့က သမိုင်းဝင် ဟိုင်းဂိတ်သုသာန်တွင် မြှုပ်နှံထားသူများအနက် ကားလ်မတ်အပြင် အခြားထင်ရှားသည့် ပုဂ္ဂိုလ်တွေလည်း ပါ၏။ စာပို့တံဆိပ်ခေါင်း စတင်တည်ထွင်ခဲ့သူ ဆာရိုးလန်းဟေး Sir Rowland Hill (၁၇၉၅-၁၈၇၉)၊ စာရေးဆရာမကြီး ဂျော့အီးလီယော့ George Eliot (၁၈၁၉-၁၈၈၀) သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေး Michael Faraday (၁၇၉၁-၁၈၆၇) စသည့်ပုဂ္ဂိုလ်တွေ ဖြစ်၏။ တချိန်က စာတွေနှင့်သာ ရင်းနှီးခွင့်ရခဲ့သည့် ထိုသမိုင်းဝင် ပုဂ္ဂိုလ်အားလုံးကို တပေါင်းတည်း တနေရာ ထည်းတွင် တွေ့လိုက်ရတော့ မိမိကိုယ်ကို မိမိမယုံနိုင်။ သုသာန်ကို လည်ပတ်ရကျိုးနပ်ပြီဟုပင် သွေးနထင်ရောက်မိ၏။
အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေဆိုလျင် အထက်တန်းကျောင်းသားဘ၀ ကတည်းက ရင်းနှီးခဲ့သူ ဖြစ်၏။ လျှပ်စစ်ဓါတ်ထုတ်ပေးသည့် ဒိုင်နမိုကို စတင်တီထွင်သူ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး အဖြစ် ထင်ရှား၏။ ဂျော့ အီးလီယော့ ဆိုလျင် The Mill on the Floss (၁၈၆၀)၊ Silas Marner (၁၈၆၁)၊ Middle March (၁၈၆၂) စသည့် ၀တ္ထုများနှင့် ကြော်ကြားခဲ့သည့် အင်္ဂလိပ်စာရေးဆရာမကြီး ဖြစ်၏။ အမည်ရင်းမှာ Mary Ann Evans ဖြစ်၏။ Silas Marner ဆိုလျင် ကျောင်းသုံးအဖြစ် မြန်မာနိုင်ငံတွင် တချိန်က ပြဌာန်းခဲ့ဘူးသဖြင့် လူသိများသည့် ၀တ္ထု ဖြစ်၏။ ယနေ့ခေတ် စာပို့စနစ် အကြောင်းပြောမည်ဆိုလျင်လည်း ဆာရိုးလန်းဟေးကို ချန်ထား၍ မရ။ ဆာရိုးလန်းဟေးမှာ စာပို့ တဆိပ် ခေါင်း စတင်တီထွင်သူအဖြစ် ထင်ရှား၏။
တွက်ကြည့်လျင် စာရေးဆရာမကြီး ဂျော့အီးလီယော့က ကားလ်မတ်ထက် သုံးနှစ်စော ကွယ်လွန် ၏။ ဆာရိုးလန်းဟေးက ကားလ်မတ်ထက် လေးနှစ်စော ကွယ်လွန်၏။ မိုက်ကယ်ဖာရာဒေးက ကားလ်မတ်ထက် ၁၆ နှစ်စော ကွယ်လွန်၏။ ထိုသူတို့အနက် ကားလ်မတ်သည် မြန်မာတို့နှင့် အရင်းနှီး ဆုံး ဖြစ်မည်ထင်၏။ အထူးသဖြင့် ကားလ်မတ်၏ အတွေးအခေါ် အယူအဆကို အနည်းနှင့်အများ ဆိုသလို ဖတ်ဖူးလေ့လာဖူးသူတွေ မြန်မာနိုင်ငံ၌ များ၏။
ခုတော့ အင်္ဂလိပ်သိပ္ပံပညာရှင်ကြီး မိုက်ကယ်ဖာရာဒေးကို သူကွယ်လွန်ပြီး ၁၂၆ နှစ်ရှိမှ တွေ့ခွင့်ကြုံ ရ၏။ ဂျာမန်တွေးခေါ်ပညာရှင်ကြီး ကားလ်မတ်ကိုလည်း သူကွယ်လွန်ပြီး နှစ်ပေါင်း ၁၁၀ ရှိမှ တွေ့ခွင့်ရ၏။ သို့သော် အဆိုပါ ပညာရှင်တွေနှင့် တွေ့ရချိန်တွင်ကား စကားပြောခွင့် မရတော့။ သူတို့ အုတ်ဂူရှေ့မှာ ခြေစုံရပ်ရင်း ရောက်တတ်ရာရာသာ တွေးခွင့်ရတော့၏။
စင်စစ် သင်္ချိုင်းသည် သင်္ချိုင်းသာ ဖြစ်၏။ ဆင်တဲဝချောင်းထိပ်က သင်္ချိုင်းသည်လည်း သင်္ချိုင်းသာ ဖြစ်၏။ လန်ဒန်က ဟိုင်းဂိတ်သုသာန်လည်း သင်္ချိုင်းသာဖြစ်၏။ သို့သော် ဆင်တဲဝချောင်းထိပ်က သင်္ချိုင်းကို လူတွေ လာမလည်ကြ။ ဟိုင်းဂိတ်လို သင်္ချိုင်းကိုမှ ဘာကြောင့် လူတွေ လာရောက်လည် ပတ်နေရသလဲ မေးစရာ ရှိ၏။ ဟိုင်းဂိတ်သုသာန်မှာ ထင်ရှားသည့် ပုဂ္ဂိုလ်များ မြှုပ်နှံထား၍ ဖြစ်၏။
ဟိုင်းဂိတ်သုသာန်က ထင်ရှားသည့် ပုဂ္ဂိုလ်များသည် အသက်ရှင်စဉ်က လူ့လောကအတွက် ကမ္ဘာကျော်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သူတွေ ဖြစ်၏။ အဆိုပါ ပုဂ္ဂိုလ်များတွင် အသက်ရှင် စဉ်က အားထုတ်ခဲ့သည့် လုံ့လနှင့် စေတနာမှာလည်း တဦးတယောက်အတွက် ရည်ရွယ်အားထုတ်ခဲ့ သည် မဟုတ်။ လူ့လောကအတွက် ဖြည့်ဆည်းပေးဖို့ ကြိုးစားခဲ့ကြသူတွေချည်းသာ ဖြစ်၏။ အထူးသဖြင့် ကားလ်မတ်လို ပုဂ္ဂိုလ်မျိုးဆိုလျင် သူ့နိုင်ငံရေးအယူအဆ အတွေးအခေါ်ကို ထောက်ခံသူ ရှိသလို ဆန့်ကျင်သူလည်း ရှိ၏။ သို့သော် ထိုအချက်က အဓိက မဟုတ်။ ထိုပုဂ္ဂိုလ်များ၏ မွန်မြတ်သည့် စေတနာနှင့်လုပ်ရပ်ကို နှောင်းလူတွေ အတုယူနိုင်အောင် ဂုဏ်ယူနိုင်အောင်၊ အမြဲတမ်းအမှတ်ရ နေရအောင် ဟိုင်းဂိတ်လို သုသာန်မျိုးတွေ ပေါ်ပေါက်လာခြင်းဖြစ်၏။
ဟိုင်းဂိတ်သုသာန်ကို လူသိများသည့် အကြောင်းတွေအနက် ကားလ်မတ်အုတ်ဂူ ရှိနေသည့် အချက်က အဓိကအချက်ဖြစ်သည်ဟု မှတ်တမ်းတွေမှာ တရားဝင်ဖော်ပြလေ့ရှိ၏။ ထိုအချက်ကို ထောက်လျှင် ကားလ်မတ်ကို အင်္ဂလန်က မည်မျှတန်ဘိုးထားကြောင်း ပေါ်လွင်၏။
ပြောကြစတမ်းဆိုလျှင် ကားလ်မတ်သည် အင်္ဂလိပ်လူမျိုးပင်မဟုတ်။ လန်ဒန်မှာ ခေါင်းချခဲ့သည့် ဂျာမဏီဖွား ဂျူးအနွယ်ဝင် တဦးသာ ဖြစ်၏။ ထို့ပြင် ကားလ်မတ်သည် ကွန်မြူနစ်စနစ်၏ ဖခင်ကြီးလည်း ဖြစ်၏။ ယနေ့တိုင်လည်း မတ်ဝါဒယုံကြည်သူတွေ မတ်ဝါဒီတွေ ကမ္ဘာမှာ အများအပြားရှိ၏။ ကားလ်မတ် စကားနှင့်ဆိုရလျှင် ဗြိတိန်သည် အရင်းရှင်နိုင်ငံဖြစ်၏။ ကွန်မြူနစ်ဝါဒကို မထောက်ခံ။ သို့သော် ဗြိတိသျှ ၀န်ကြီးချုပ် ဂျွန်ရပ်ဆဲ လက်ထက်ကတည်းက ကားလ်မတ်ကို ဗြိတိန်က လက်ခံခဲ့သည်။ ယနေ့ ဗြိတိသျှ ၀န်ကြီးချုပ် တိုနီဘလဲယား လက်ထက်တိုင်လည်း ကားလ်မတ်အုတ်ဂူကို လန်ဒန်ဟိုင်းဂိတ်သုသာန်မှာ လေးလေးစားစား ထိမ်းသိမ်းထား၏။ ကွန်မြူနစ်ဝါဒဖခင်ကြီး၏ အုတ်ဂူလက်ခံထိမ်းသိမ်းထားသည်ကို မည်သည့် အင်္ဂလိပ်လူမျိုးကမှလည်း မငြိုငြင်။
ထိုသို့ စဉ်းစားမိပြန်တော့ ကားလ်မတ်ခေါင်းချရာ သုသာန်ကို လိုက်ပို့သည့် မိတ်ဆွေအင်္ဂလိပ် လင်မယားအပေါ် စောစောက မနောမှားခဲ့သည်ကို နောင်တရမိ၏။ နေအတော်ကျသွားသဖြင့် သင်္ချိုင်းဝင်းအတွင်း လူပါးလာသည်၊ မိတ်ဆွေအင်္ဂလိပ်လင်မယားက ပြန်ချင်ပလားဟု မျက်ရိပ်ပြ၏။ သုသာန်တွင်း လျှောက်ကြည့်ရင်း ဟိုင်းဂိတ်သုသာန်၌ ကားလ်မတ်တယောက် အင်္ဂလိပ်တွေကြား မျက်နှာငယ်နေမလားဟု မဆီမဆိုင် တွေးပူမိပြန်၏။ တော်ပါသေးသည်။ အီရတ်ကွန်မြူနစ်ခေါင်းဆောင် Saad Saadi Adi နှင့် တောင်အာဖရိက ကွန်မြူနစ်ပါတီဥက္ကဌ Yusef Mohamed Dadoo တို့ကိုလည်း ဟိုင်းဂိတ်သုသာန်မှာပင် ဂူသွင်းမြှုပ်နှံထားသည်ကို တွေ့ရသဖြင့် ကားလ်မတ်အတွက် အဖော်ရသည်ဟု ဆိုနိုင်၏။
ဟိုင်းဂိတ်က အပြန်တွင် သုသာန်ကိုလေးစားသည့် အနောက်နိုင်ငံသားတို့ ဓလေ့ကို ပို၍ သဘော ကျမိသလို ရှိ၏။ ထင်ရှားသည့် ပုဂ္ဂိုလ်များ မြှုပ်နှံရာမှမဟုတ်။ မည်သည့် သုသာန်မဆို ပန်းမန်တို့ဖြင့် ပသာဒရှိအောင် ပြုပြင်ထိမ်းသိမ်း၏။ မကြာခဏလည်း သွားရောက်လည်ပတ်လေ့ ရှိကြ၏။ အထူး သဖြင့် ဧည့်သည်များအား သမိုင်းဝင်ပုဂ္ဂိုလ်တွေ မြှုပ်နှံရာ ဟိုင်းဂိတ်လို သုသာန်မျိုးသို့ တကူးတကန့် လိုက်ပို့ရသည်ကို ဂုဏ်ယူ၏။
မြန်မာတို့ကမူ သုသန်ကို သွားရောက်လည်ပတ်ဖို့ ဝေးစွ။ မစည်ကားအပ်သည့် အရပ်တွင် သုသာန်ကိုပါ ထည့်သွင်းရေတွက်လေ့ ရှိ၏။ မသာတခေါက် ကျောင်းဆယ်ခေါက် ဆိုသည့်စကား ကိုကြည့်လျှင် သုသာန်ကိုသွားဖို့ မည်မျှဝန်လေးကြောင်း ပေါ်လွင်၏။ မသာတခေါက် ပို့လို့ ရနိုင်သည့် တရားဘာဝနာ ကုသိုလ်က ဘုန်းကြီးကျောင်းဆယ်ခေါက်သွားလို့ ရမည့် တရားဘာဝနာကုသိုလ်နှင့် တူညီသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်၏။ မည်သို့တူညီကြောင်း အထောက်အထား မတွေ့ရပေမယ့် အရပ်ထဲ မကြာခဏ သုံးနှုန်း၏။ သုသာန်ကို လူတွေ သွားချင်အောင် တနည်းဆိုရရင် အသုဘ လိုက်ပို့ချင်အောင် တရားဘာဝနာကုသိုလ်နှင့် မက်လုံးပေး တီထွင်ခဲ့သည့် ဆိုရိုးစကားဖြစ်နိုင်သည်ဟု ပင် အချို့က ယူဆ၏။
မည်သို့ဆိုစေ ကားလ်မတ်ကို အကြောင်းပြုပြီး လန်ဒန်တွင် သုသာန်တခေါက် ရောက်ရပြီ။ ကျောင်းဆယ်ခေါက်နှင့် မညီလည်း ကိစ္စမရှိ။
မြလူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment