Saturday, May 8, 2010
ဆင်းရဲခြင်းထောင်ခြောက်
ဘာသာပြန်သူ- လူထုစိန်ဝင်း
{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ခြောက် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ အက်ဆေးတွေဟာ ၀င်းဇော်၊ လူထုစိန်ဝင်း အမည်များနဲ့ Bi weekly eleven ဂျာနယ်မှာ အမှတ် ၁ မှ စတင်ကာ (၂၈-၁၂-၀၈) အထိ ဘာသာပြန် ရေးသားဖော်ပြခဲ့သမျှ ဖြစ်တယ်။}
မဟာလူဖြူစနစ်ခေတ် (Apartheid Era) ကာလတုန်းက တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရေး အကြမ်းဖက်မှုလို့ ပြောလိုက်ရင် ဘာမှကို ထွေထွေရာရာ တွေးစရာမလိုဘဲ အဖြူနဲ့အမည်းဆိုတာ ရှင်းနေတယ်။ ဒါပေမယ့်လို့ မေလနှောင်းပိုင်းမှာ တနိုင်ငံလုံးလောင်မြိုက်သွားတဲ့ နိုင်ငံခြားသားဆန့်ကျင်ရေး မီးတောက်မီးလျှံကြီး ထဲမှာ သေဆုံးခဲ့ကြတဲ့ ၆၂ ဦးစလုံးဟာတော့ လူမည်းတွေ ဖြစ်ကြတယ်။
အလားတူပဲ အိုးတွေအိမ်တွေ ဆုံးရှုံးခဲ့ရသူ ထောင်သောင်းမကတို့ဟာလည်း လူမည်းတွေပဲ ဖြစ်တယ်။ လူတွေကို ရိုက်နှက်လုယက်၊ အမျိုးသမီးတွေကို မတော်မတရားပြု၊ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် လုပ်ခဲ့ကြသူတွေကလည်း လူမည်းတွေပဲ ဖြစ်တယ်။ ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူ့ကိုယ်သူ 'သက်တန့်ရောင်နိုင်ငံ' လို့ ကြွေးကြော်ခဲ့တဲ့ နိုင်ငံကြီးတခုကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြား သွားစေခဲ့တဲ့ အမုန်းနဲ့ အကြမ်းဖက်မှုတွေ ဟာ လူမျိုးရေးကြောင့်တော့ မဟုတ်ပါဘူး။ အဲဒါဟာ ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ 'ကမ္ဘာပြုမှု' ရဲ့ လက္ခဏာတရပ်သာ ဖြစ်တယ်။
ကျွန်တော်တို့ရဲ့ ခေတ်ကို ပြဌာန်းတဲ့ ၀ိသေသဖြစ်စဉ်တရပ်က 'ရွှေ့ပြောင်းနေထိုင်မှု' ဖြစ်တယ်။ ကမ္ဘာကြီးက ကျုံ့လိုက်လာပြီး စီးပွါးရေးတွေက ပေါင်းစည်းလာကြချိန်မှာ နိုင်ငံနယ်နမိတ်တွေရဲ့ အရေးပါမှုက လည်း လျော့ပါးလာကြတယ်။ အနည်းဆုံးတော့ သီဝရီတွေက ဒီလိုဆိုတာပဲလေ။
တကယ့်လက်တွေ့ အခြေအနေမှာတော့ နယူးယောက်မြို့တော်မှာ နေသည်ဖြစ်စေ၊ နယူးဒေလီ၊ ဂျိုဟန်နက်စဘတ် နဲ့ တိုကျိုမြို့တော်ကြီးများမှာ နေသည်ဖြစ်စေ တဦးနဲ့တဦး 'နှစ်ပါးဂဟေဆက်' သလို အံဝင်ခွင်ကျ တသားတည်း ကျနေတဲ့ နိုင်ငံတကာ ရေပေါ်ဆီ လူတန်းစားတရပ် တည်ရှိနေပါတယ်။ ဒါပေမယ့် အရာရာဟာ အလားတူ အဆင်ပြေ ချောမော မနေကြပါဘူး။
ကမ္ဘာပြုမှုရဲ့ ရှေ့နေတော်ကြီးများ ပြောကြတဲ့ လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ လွတ်လပ်တဲ့ ဈေးကွက်စနစ်တို့ ကြောင့် ကမ္ဘာကြီးတခုလုံးရဲ့ ပျမ်းမျှဝင်ငွေ တိုးတက်မြင့်မားလာခဲ့တယ်ဆိုတဲ့ စကားမှန်လာတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာတွေအရ တနေ့ဝင်ငွေ နှစ်ဒေါ်လာအောက် ရရှိတဲ့ ကမ္ဘာ့လူဦးရေဟာ ၁၉၈၁ ခုနှစ်က ၆၇ ရာနှုန်းရှိရာက ၂၀၀၄ ခုနှစ်မှာ ၄၇ ရာနှုန်းထိ လျော့ကျသွားခဲ့ပါတယ်။ တကယ်တော့ ၂ ဒေါ်လာ ဆိုတာ ဘာမှရှိလှတာ မဟုတ်ပါဘူး။ 'ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လူမှုရေး အချိုးအဆ လေ့လာရေး ကမ္ဘာလုံးဆိုင်ရာ ကော်မရှင်' ဆိုတဲ့ သုတေသနအဖွဲ့ကြီးတခုက ၂၀၀၄ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ဆိုရင်တော့ ပျမ်းမျှ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ယေဘူယျ အခြေအနေဟာ တိုးတက်လာတယ်လို့ ဆိုနိုင်ပေမယ့် နှိုင်းယှဉ်ချက်အားဖြင့် ကြည့်ရင်တော့ ပိုပြီး ဆိုးလာတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၉ ရာနှုန်းဟာ ဆင်းရဲချမ်းသာ ချောက်ကမ်းပါးကြီး နက်ရှိုင်းလှတဲ့ နိုင်ငံတွေမှာ ရှိနေကြပြီး ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှုန်းလောက်သာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။
စီးပွါးရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ် (Joseph Stiglitz) ကတော့ "ကမ္ဘာပြုမှုက လူဆင်းရဲတွေနဲ့ ချမ်းသာတဲ့နိုင်ငံကို ဖန်တီးပေးလိုက်တယ်" လို့ ဆိုခဲ့ပါတယ်။ ဒီအဆိုက တောင်အာဖရိက နိုင်ငံမှာတော့ တော်တော်ကို သိသိသာသာ မှန်နေတာ တွေ့နိုင်ပါတယ်။ မဟာလူဖြူစနစ်ခေတ်နောက်ပိုင်း အစိုးရက ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးခဲ့တာကြောင့် ဝေါလမ်းမကြီးပေါ်က ငွေကုန်သည်ပွဲစားများနဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်းရှင်ကြီးများက ချီးကျူးထောပနာ ပြုတာခံခဲ့ရပြီး နိုင်ငံရဲ့ နှစ်စဉ် စီးပွါးရေးတိုးတက်မှုနှုန်းကလည်း လေးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းလောက် မှန်မှန်ကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီတိုးတက်မှုနှုန်းက ဆင်းရဲချမ်းသာ ကွာဟမှု ချောက်ကမ်းပါးကြီးကို ကျဉ်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့သလို အန္တရာယ်ကြီးမားတဲ့ အခြေအနေထိ ရောက်နေတဲ့အလုပ်လက်မဲ့ ပြဿနာကြီးကိုလည်း မဖြေရှင်းနိုင်ခဲ့ပါဘူး။
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလမှာ 'တောင်အာဖရိကလူမျိုးများ ဆက်ဆံရေးဌာန' ဆိုတဲ့ သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အပါသိဒ် (Apartheid) စနစ် အဆုံးသတ်ပြီး နှစ်နှစ်အကြာ ၁၉၉၆ ခုနှစ်မှာ တနေ့ဝင်ငွေ တဒေါ်လာအောက်ရှိသူ လူဦးရေ ၁ ဒဿမ ၉ သန်း ရှိခဲ့ရာက ၂၀၀၅ ခုနှစ်မှာတော့ ၄ ဒဿမ ၂ သန်းထိ ရှိလာခဲ့တယ်လို့ သိရတယ်။ ကမ္ဘာပြုမှုရဲ့သဘောက လှေတွေ အားလုံးကို သယ်ဆောင်ပေးတဲ့ 'ဒီရေ' အဖြစ်ယူဆခဲ့ကြပေမယ့်လို့ တောင်အာဖရိကမှာ ကြုံတွေ့ခဲ့ရတဲ့ လက်တွေ့အထောက်အထားများအရ သန်းပေါင်းများစွာသော လှေများဟာ ဒီရေကို လိုက်မမီလိုက်ရုံလောက်သာ မဟုတ်ဘဲ ဒီရေနဲ့ အလှမ်းကွာဝေးတဲ့ အခြားသမုဒ္ဒရာတစင်းမှာ ရောက်ရှိနေကြတဲ့ သဘောမျိုး ဖြစ်နေပါတော့တယ်။
အဲဒီတော့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပတ်သက်တဲ့ သင့်အတွေ့အကြုံဟာ ဘဏ်ထဲမှာ သင့်ငွေ ဘယ်လောက်ရှိနေသလဲဆိုတဲ့ အပေါ်မှာ မူတည်နေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ စီးပွါးရေးသမားများအတွက် ကမ္ဘာကြီးဟာ ရွာဖြစ်ပြီး အရပ်လေးမျာက်နှာက ဘ၀တူတွေနဲ့ ချိတ်ဆက်လျက် ရှိနေပါတယ်။ သမုဒ္ဒရာထဲမှာ လှေငယ်လေးစီးပြီး အန္တရာယ်ကို ရင်ဆိုင်ရသူမျိုးနဲ့ ကျယ်ပြောလှတဲ့ သဲကန္တာရကြီးထဲမှာ ဘတ်စ်ကားအိုကြီးစီးပြီး ခရီးကြမ်းနှင်ရသူမျိုးတွေ အတွက်ကတော့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ ကျိန်စာဆိုးကြီးတခုသာ ဖြစ်ပါတယ်။ ဆင်းရဲနိုင်ငံများက သန်းပေါင်းများစွာသော လူများဟာ နှစ်စဉ်နှစ်တိုင်း ချမ်းသာတဲ့ စက်မှုနိုင်ငံကြီးများကို ဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲက ပိုပြီးကြွယ်ဝတဲ့ တောင်အာဖရိကလို နိုင်ငံများကို ဖြစ်စေ၊ တရားဝင်နည်းနဲ့ရော၊ တရားမ၀င်နည်းနဲ့ပါ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ဒါပေမယ့်လို့ ဖွံ့ဖြိုးဆဲကမ္ဘာက လူဆင်းရဲများ အနေနဲ့ကလည်း သူတို့ရဲ့ မ၀ရေစာ အစားအစာများကို နိုင်ငံခြားက ၀င်လာသူတွေကို ခွဲမပေးလိုကြပါဘူး။ အဲဒီတော့ ချမ်းသာနိုင်ငံကလူတွေ လုပ်သလိုဘဲ ပြင်ပက ၀င်လာသူတွေနဲ့ သူတို့ကြားမှာ တံတိုင်းတွေ ကာရံထားကြပါတော့ တယ်။ စီးပွါးရေးအသစ်ရဲ့ လှေကြုံစီးသမားတွေနဲ့ သူဌေးသူကြွယ်များရဲ့ 'လှေမြို့တော်ယဉ်ကျေးမှု' (Cosmopolitanism) ထွန်းကားခြင်းနှင့်အတူ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ နောက်မှာ ကပ်ပါလာတာကတော့ နိုင်ငံခြားသား မုန်းတီးရေးစိတ်ဓာတ်တွေ တက်ကြွလာမှုပဲ ဖြစ်တယ်။ ဒီဖြစ်စဉ်ဟာ တောင်အာဖရိကမှာ အကြမ်းဖက်ပုံသဏ္ဍာန်နဲ့ လောလောလတ်လတ် ပေါ်ထွက်လာရုံမက ဥရောပတိုက်မှာလည်း နိုင်ငံခြားသား မုန်းတီးရေး စိတ်ဓာတ်တွေ တက်ကြွလာခဲ့တာကြောင့် မူလက မပြောပလောက်တဲ့ အုပ်စုငယ်လေးများသာ ဖြစ်ကြတဲ့ ဗြိတိသျှနေရှင်နယ်ပါတီ၊ ပြင်သစ်က Le Pen ရဲ့ နေရှင်နယ်ဖရန့်ပါတီ၊ ဂျာမနီက နီယိုနာဇီပါတီ၊ ဟော်လန်က လုပ်ကြံခံရတဲ့ Pim Fortuyn ရဲ့ ပါတီ စတဲ့ အဖွဲ့တွေကို သူတို့နိုင်ငံ အသီးသီးရဲ့ ပင်မနိုင်ငံရေး ရေစီးကြောင်းကြီးထဲ ရောက်အောင် မြှင့်တင်ပေးလိုက်ကြပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ဆွစ်ဇလန်က People's Party ဟာဆိုရင် သိုးမည်းတကောင်ကို သိုးဖြူသုံးကောင်က ဆွစ်ဇလန်အလံပေါ်က ကန်ထုတ်ပစ်လိုက်တဲ့ပုံ ပိုစတာ ကိုင်စွဲပြီး ရွေးကောက်ပွဲ ၀င်ခဲ့ရာမှာ ပါတီတခုချင်းအနေနဲ့ မဲအများဆုံး ၂၉ ရာခိုင်နှုန်းနဲ့ အနိုင်ရသွားပါတယ်။ နိုင်ငံခြားက ၀င်လာသူတွေနဲ့ နိုင်ငံတည်ထောင်ထားတဲ့ အမေရိကန်နိုင်ငံမှာလည်း သမိုင်းကြောင်းတလျှောက် ဘယ်ခေတ်ကနဲ့မှ မတူအောင် နိုင်ငံခြားသားဆန့်ကျင်ရေးစိတ်ဓာတ် ပျံ့နှံ့နေကြောင်းကို စစ်တမ်းကောက်ယူမှုများအရ သိရှိရတယ်။ ကမ္ဘာတခုလုံးမှာလည်း ဂျပန်၊ ကိုးရီးယားနဲ့ ပါလက်စတိုင်းနယ်မြေများကလွဲရင် နိုင်ငံအားလုံးလိုလိုမှာ နိုင်ငံခြားသားဦးရေ လျှော့ချပစ်လိုတဲ့ သဘောထား ရှိနေကြတယ်လို့ Pwe Global Attitudes Survey အဖွဲ့က ၂၀၀၇ ခုနှစ်မှာထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ သိရှိရတယ်။
လောလောလတ်လတ် ပေါ်ထွက်လာတဲ့ နိုင်ငံခြားသား ဆန့်ကျင်ရေး အကြမ်းဖက်မှုများက နေပြီး 'သက်တန့်ရောင်နိုင်ငံ' အနေနဲ့ ထုတ်ယူစရာ သင်ခန်းစာတွေ အများကြီး ရှိပါတယ်။ အဲဒါတွေထဲမှာ အဓိကကျတာကတော့ ဒီနေ့နိုင်ငံခြားသား မုန်းတီးရေးဟာ အသားရောင်ကြောင့် ဖြစ်ရတာမျိုးထက် သယံဇာတကြောင့် ဖြစ်ရတာက ပိုတယ်ဆိုတဲ့ အချက်နဲ့ အစိုးရအနေနဲ့ကလည်း အဖြူအမည်းခြားနားမှုထက် ဆင်းရဲချမ်းသာကွာဟမှု ခြောက်ကမ်းပါးကြီး နက်သထက် နက်လာတာကို ပိုပြီး အာရုံစိုက်သင့်ပါတယ်။ အပါသိဒ်က လူဖြူတွေကို အသားအရောင် ခွဲခြားရေးသမား လူဆိုးလူမိုက်တွေ ဖြစ်လာစေခဲ့သလို မညီမျှခြင်းနဲ့ ဆင်းရဲမွဲတေခြင်းတို့ကြားက ဂလိုဘယ်လိုက်ဇေးရှင်းကလည်း ဘယ်သူ့ကိုမဆို တယူသန် တဇောက်ကန်းများ ဖြစ်လာစေနိုင်ပါတယ်။ ။
[၁၆. ၆. ၂၀၀၈ ထုတ် Time မဂ္ဂဇင်းက Alex Parry ရဲ့ Poverty Trap အက်ဆေးကို ဘာသာပြန်ထားတာပါ။]
လူထုစိန်ဝင်း
{လူထုစိန်ဝင်းရဲ့ ဆင်းရဲခြင်းထောင်ခြောက် အက်ဆေးများ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၉ မေလ မှ ကူးယူဖော်ပြပါတယ်}
Subscribe to:
Post Comments (Atom)
No comments:
Post a Comment