Monday, January 19, 2015

ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၂) -ရေးသူ - မောင်သာရ



ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၂)


ရေဆိုတာ မြင့်ရာက နိမ့်ရာကို စီးတယ်လို့ပဲ ကြားဖူးပါတယ်။  ဒါပေမယ့် သည်နေရာမှာတော့ ငါလည်း မရေမရာ ဖြစ်တာနဲ့ မင်းကိုပဲ အားကိုးတကြီးနဲ့ ပြန်မေးရဦးမယ်။  ၅၅ - နှစ်ဆိုတဲ့ အရွယ်ဟာ သူငယ်ပြန်ပြီလား၊ ပြန်နိုင်ပြီလား၊ ပြန်တတ်ပြီလား။

အေးပါ .. ၅၅ - နှစ်နဲ့ သူငယ်ပြန်တယ်လို့တော့ ငါလည်း မကြားဖူးပါဘူး။

ဒါပေမယ့် မင်းသိတဲ့အတိုင်း ငါ့အသက်က အခုလာမယ့် အောက်တိုဘာလကျမှ ၅၄ ပြည့်မယ်။  သူငယ်ပြန်တဲ့အရွယ် ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် မဟုတ်သေးဘူး။  ပြီးတော့လည်း အထူးသန်တုန်း မြန်တုန်း။

ဟုတ်ပါတယ်။  ဒါပေမယ့် ငါ သူငယ်ပြန်စ ပြုနေပြီ။  သူငယ်ပြန်ချင်နေပြီ။  တခါတလေ ငါ့စိတ်ကို ငါမနည်း ထိန်းရတယ်။  ဒါတောင် မရချင်တဲ့အခါ မရဘူး။  လွတ်ချင်တဲ့အခါ လွတ်သွားတယ်။

မင်းက……….. မိန်းမ ငယ်ငယ်လေးတွေကို ယူချင်တဲ့စိတ် ပေါက်ရမှာလား။  တော်လောက်ပါပြီ မောင်ရာ၊ ကြောက်လှပါပြီ။

သည်မယ်.. ဟေ့ကောင် မနောက်နဲ့၊ ငါအတည်ပြောတာ။  အဲ့ဒါ ငါပြောပြမယ်။  မင်းရေး။  ရေးတတ်ရင် ဝတ္ထု ဖြစ်တယ်။  ကဗျာလည်း ဖြစ်တယ်။  စာတပုဒ် ဖြစ်တယ်ပေါ့ကွာ။

ငါကိုယ်တိုင် ရေးနိုင်တော့မှ သက်သက်မယ့် မင်းကို ရေးခိုင်းနေပါ့မလား။  ငါရေးလို့ မဖြစ်လို့ပေါ့ကွ။  သိတယ်မဟုတ်လား။  ငါရေးရင် ပြသနာ ဖြစ်မယ်။  ဖြစ်လာနိုင်တယ်။

မင်းကတော့ စာရေးတဲ့ လူချင်း တူပေမယ့် စာရေးတဲ့ မူချင်းမတူဘူး။  ပြီးတော့ လူငယ်လည်း လူငယ်။  ဘာအရောင်အဆင်းမှလည်း မရှိ။  လမ်းမပေါ်မှာ ပုဆိုးကွင်းသိုင်းပြီး ခွေလှိမ့်လည်း မင်းအနေနဲ့ ကတော့ တင့်တင့်တယ်တယ်။  ဘာကိစ္စမှ မရှိနိုင်ဘူး။

မင်းသိပါတယ်လေ။  တတ်နိုင်ရင် ငါ စာမရေးချင်တော့ဘူး ဆိုတာကို။  အသက်ကြီးလာပြီ ဟကောင်ရ။  မျက်စိတွေမှုန်၊ လက်တွေ တုန်နဲ့။  မျက်စိမှုန်တာက မျက်မှန် တပ်လို့ ရသေးတယ်။  လက်တုန်တာက ဘာမှ ကူလို့ ထောက်လို့ မရဘူး။

ပြောရတာလည်း ရှက်ပါတယ်ကွာ။  မရေးပြန်တော့လည်း ထမင်းစားစရာက မရှိပြန်ဘူးဟ။  ထမင်းစားစရာ မရှိလို့များ  သိသိတတ်တတ်နဲ့ လာပေးကြ ကမ်းကြလိမ့်မယ် လို့တော့ မမျှော်လင့်နဲ့။  ကြွေးရှင်က လူရှေ့မရှောင် သူရှေ့မရှောင် ကြွေးလိုက်မတောင်းရင်ပဲ ကံကောင်း။

ခက်သားပဲကွ။  သည်အသက် သည်အရွယ်ရောက်လာမှတော့ ငါလည်း တခြားအလုပ် လုပ်မစားတတ်တော့ဘူး။  ပြင်လို့ မရတော့ဘူး။  ခေါက်ရိုးကျိုးနေပြီ ဆိုပါတော့ကွာ။

မင်းမျက်မြင်ပဲ။  ငတ်တော့လည်း တွေ့ကရာ လျှောက်ရေးတော့တာပေါ့။  ဖေတော့ မောင်တော့တွေ ရေးလား ရေးရဲ့။  ကိုယ့်အကြောင်း ကိုယ်ပြန်ရေးလား ရေးရဲ့။  ဘတ်စ်ကားမှတ်တိုင်က အကြောင်းတွေ၊ လက်ဘက်ရည်ဆိုင်က အကြောင်းတွေ၊ လမ်းဘေးက အကြောင်းတွေ ဘာမှလည်း မဟုတ်ဘဲနဲ့ တောင်လျှောက်ရေး မြောက်လျှောက်ရေး။

ဟော . အခုတော့ မရေးချင်တော့ဘူး။  မရေးတော့ဘူး။  မင်းတို့ပဲ ရေးကြတော့။

အခု ငါပြောပြမယ် ဆိုတာကလည်း  ရေးတတ်ရင်တော့ စာကောင်းတပုဒ်ဖြစ်တယ်ကွ။ လှတယ်။  လှအောင်လည်း ရေးတတ်ရမှာပေါ့ကွာ။

အေး .. သည်ဝတ္ထုမှာတော့ ငါ့ကို အဓိက ဇာတ်ကောင်နေရာမှာ ထားရေးရမယ်။  နာမည်တော့ လွှဲထည့်လိုက်ပေါ။  လွယ်ပါတယ်။

အဲ ဝတ္ထု အစမှာ စောစောက ငါပြောတဲ့အတိုင်း ငါက ၅၅ နှစ်နဲ့ သူငယ်ပြန်စ ပြုနေပြီပေါ့။

ဘာဖြစ်လို့ သူငယ်ပြန်ပြီလို့ ပြောရသလဲဆိုတော့ မင်းသိတဲ့အတိုင်း ငါက အခု ကမာရွတ်က အဆောင်တဆောင်မှာ နေနေတယ်။  အဆောင်ဆိုတာက ကျောင်းသားတွေ၊ ဘွဲ့ရပြီးစ အလုပ်လက်မဲ့ လူငယ်တွေ၊ အလုပ်ဝင်စ လူငယ်တွေ စုပေါင်း ငှားရမ်း နေထိုင်ကြရတဲ့ နေရာ။  အားလုံး အသက် နှစ်ဆယ် အစိတ် ပတ်ဝန်းကျင် အရွယ်တွေ။  လူပျို ကိုယ်လွတ်တွေ။  ငါလိုလူမျိုး ငါက လွဲလို့ တယောက်မှ မရှိ။

စဉ်းစားကြည့်လေ။  အဲသည်လို အရွယ်လူငယ်ကလေးတွေနဲ့ချည်း နှစ်ရှည်လများ အနေကြာလာတော့ ငါကလည်း လွတ်နေ၊ စိတ်တွေလည်း ပြန်ငယ်လာတယ် ထင်ပါရဲ့။  အတွေးအခေါ်တွေလည်း ပြောင်းကုန်သလား မပြောတတ်ဘူး။  အင်အားချင်းကလည်း ငါက တယောက်တည်း။  သူတို့က အများ။  လွှမ်းမိုးလာတယ် အောက်မေ့ရတာပဲ။

ဟင့်အင်း မဟုတ်ဘူး။  မင်းပြောသလို တွဲချင်တဲ့စိတ်၊ နွှဲချင်တဲ့ ဆန္ဒမျိုးတော့ ဖြစ်မလာဘူး။  ဒါကတော့ သေချာတယ်။

နောက်တာ ပြောင်တာ၊ ရယ်စရာပြောတာက ပြောတာတခြား။  မိန်းမနဲ့ ပါတ်သက်လို့တော့  ငါ တော်တော် စိတ်ဓါတ်ကျသွားပြီ။  ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး။  ဒါအမှန်။

ဒါပေမယ့် ငါက ဘာလဲ မသိဘူး။ သတင်းစာဖတ်ရင် ခါတိုင်းလို မဖတ်ဘူး။  ခါတိုင်းဆိုရင် စာအုပ်ကြော်ငြာတွေ ပထမဆုံး လှန်ဖတ်လို့။  နောက် နာရေးကြော်ငြာတွေ ဖတ်လို့။  ဟောဗျ .. ခုတော့ 'အလိုရှိသည်' ဆိုတဲ့ အလုပ်လျှောက်လွှာ ခေါ်တဲ့ ကြော်ငြာတွေကိုပါ အရေးတကြီး ဖတ်နေပြီ။

ဘာလုပ်မှာလဲ။  ငါ့အသက်အရွယ်၊ ငါ့ပညာအရည်အချင်းနဲ့ ဘာဆိုင်သလဲ။  စဉ်းစားလို့ မရဘူး။  ဘာကြောင့် စိတ်ဝင်တစား ဖတ်မိနေတယ် ဆိုတာကို။

အလကား ပြောနေတာ မဟုတ်ဘူး။  တခါတလေ အဲဒီကြော်ငြာတဲ့ အလုပ်ကို စိတ်ကူးနဲ့ လျှောက်ကြည့်လိုက်တယ်။  ပြီးတော့ လူငယ်တွေ အလွတ်ကျက်ကြတဲ့ 'ပြည်မြန်မာ' စာအုပ် ဆိုရင်လည်း ကောက်ဖတ်ကြည့်၊ မှတ်။ ပြီးတော့ စာမေးပွဲ ဝင်ဖြေကြည့်။

တကယ်ရယ်ရတယ်။  ငါမအောင်ဘူး။  ငါ့ကိုယ် ငါသာ အပြင်ဘက်မှာ အထင်ကြီးနေတာ။  လူတွေ့အမေးခံရတဲ့ အဆင့်တောင် မရောက်လိုက်ဘူး။  ဖွတ်ကျား။  စိတ်ကူးထဲမှာတောင် အောက်တန်းကျ။

ဟေ့ကောင် . ဘာတွေ လိုက်ရေးမှတ်နေတာလဲ။  မဟုတ်တာတွေလည်း လျှောက်မထည့်နဲ့။  ငါပြောသမျှ အကုန်လုံးလည်း ထည့်ရေးဖို့ မလိုဘူး။  ဝတ္ထုတိုဆိုတာ တိုရမယ်။  တိုနိုင်သမျှ တိုရမယ်။ လျှာမရှည်နဲ့။  မလိုအပ်ရင် ထည့်မရေးနဲ့။  စာဖတ်တဲ့ လူတွေမှာလည်း အချိန်အား သိပ်ရှိတာ မဟုတ်ဘူး။  ပြောချင်တဲ့ စကားကို မြန်မြန်ပြော၊ တိုတိုပြော၊ ရှေးခေတ်က ရေးပုံရေးနည်းတွေကို အတုခိုး မမှားနဲ့။  စာအုပ်ဟောင်းပုံထဲက ပညာရှိဟောင်းတွေရဲ့ စကားတွေကိုလည်း နားယောင်မနေနဲ့။  မင်းရဲ့ အလုပ်က ရေး၊ ဆက်ရေး၊ စာရေးဆရာ ဖြစ်ချင်တယ် မဟုတ်လား။  ရေး၊ ပြောနေ ငြင်းနေလို့ စာရေးဆရာ မဖြစ်ဘူး။

ဟုတ်ပါ့။  လျှာရှည်တာက ငါ။  ပြောလက်စ စကားတောင် ဘယ်ရောက်သွားပါလိမ့်။

အေး .. လူငယ်တွေနဲ့ အတူနေတယ်။  လူငယ်တွေနဲ့ ပေါင်းတယ်။  ကိုယ့်ကိုယ်ကိုလည်း လူငယ်လို့ ထင်လာတယ်။

အခုမှ ဘွဲ့ရခါစ ပေါ့လေ။  အလုပ်မရှိသေးတော့ အလုပ်လျှောက်မယ်ပေါ့။  'အလိုရှိသည်' တွေကို သေသေချောချာ လိုက်ဖတ်။

ဆိုလိုတာက ဘဝကို အခုမှ စမယ်ပေါ့။  စာရေးဆရာ ဘဝကို မေ့လိုက်။  လူငယ်တယောက်။  မောင်သိန်းလွင်။ နောက်အသစ်တယောက်။

မောင်သိန်းလွင် ဘာဖြစ်ချင်သလဲ။  အနာဂတ်ဘဝအတွက် ဘယ်လို စိတ်ကူး ကြံစည်ထားသလဲ။  အလုပ် ရွေးပြီးပြီလား။  လမ်းရွေးပြီးပြီလား။  ဒါမှမဟုတ် ရရာအလုပ်လုပ်မှာလား။  လှေကြုံလိုက် မှာလား။  လွယ်တဲ့လမ်း သွားမှာလား။  ပန်းတိုင် သတ်မှတ်လျှောက်မှာလား။

ဟိုက် ဘယ်ဆိုးလို့တုန်း။

မောင်သိန်းလွင် အသစ်လည်း စိတ်မကျေပွဲ နွှဲချင်သေးတယ် ထင်ပါရဲ့။  ဘဝမှာ နောက်တကျော့ ထပ်ငတ်ချင်သေးတယ် ထင်ပါရဲ့။

ဆုံးဖြတ်ချက် ချလိုက်တယ်။  ကိုယ်ပိုင်အလုပ် လုပ်မယ်တဲ့

မင်းသိတယ် မဟုတ်လား။

ဝပ်ခါနီး ကြက်မတကောင်ကို ဝယ်ပြီး ကြက်ဥ ဆယ်ဥလုံး ထည့်ဝပ်ခိုင်းလိုက်တာ  အခု ပေါက်နေပြီ။  ဆယ်ကောင်။  တဥမှ မပျက်ဘူး။  အဝပ်ကောင်းလိုက်တဲ့ ကြက်မ။  သားထိန်းကောင်းလိုက်တဲ့ ကြက်မ။

ဟေ့ကောင် .. ငေးမနေနဲ့။  အဲဒါ သေသေချာချာ မှတ်။  တနိုင် မွေးမြူရေး ခေါ်တယ်။  မပါပါအောင် ထည့်ရေး။

အေး.. ကြက်ကလေးတွေအကြောင်း ကြုံလို့ ပြောအုန်းမယ်။  မင်းလဲ တိရစ္ဆာန် ချစ်တတ်တဲ့ အကောင်ပဲ။  အဆောင်ပိုင်ရှင် အပျိုကြီး အိုကလည်း တိရစ္ဆာန် ချစ်တတ်တယ်။  တော်သေးတာပေါ့။  ကြက်ဆိုတာ တံမြက်စည်း လှဲထားတဲ့ အမှိုက်ပုံကို ပြန်ဖွ ပစ်လို ဖွပစ်၊ ပေါင်းသင်မြေဖို့ထားတဲ့ ပန်းပင်ခြေရင်းတွေ ယက်လိုယက်နဲ့ ကောင်းကောင်း ပြသနာ တက်နိုင်တယ်။

အင်း .. ငါလည်း ဒီကြက်တွေ ပေါက်လာမှ အတော့်ကို အိမ်မြဲနေတယ်။  အဲ .. အဆောင်မြဲနေတယ်။

ဟန်တော့ကျတယ်။  မြို့ထဲကိုလဲ နေ့စဉ်မထွက်ဖြစ်တော့ဘူး။  ခရီးစရိတ် အကုန်အကျ သက်သာတာပေါ့။  ပြီးတော့ လက်ဘက်ရည် ဆိုင်တွေမှာလည်း သိပ်ကြာကြာ မထိုင်ဖြစ်တော့ဘူး။  အချိန်ပုပ် သက်သာတာပေါ့။

အလကားနေရင်း ငါ့ကြက်ကလေးတွေပဲ ငါထိုင်ကြည့်နေတယ်။  ကြက်ကျောင်းတယ် ဆိုပါတော့။

မင်းမသိဘူး။

လွှတ် စိတ်ဝင်စားဖို့ ကောင်းတယ်။

အစာတွေ့ရင် ကြက်မကြီးက အသံပြုပြီး လှမ်းခေါ်တယ်။  ကြက်ကလေးတွေ ပြေးလာပြီး စားကြတယ်။  ကြက်မကြီးက သူမစားဘူး။  အစာ သိပ်ပေါများနေမှ ဝင်စားတယ်။

နောက်တခါ ကျီးကန်းလာတယ်။  ရန်သူလာတယ်။  ကြက်မကြီးက အသံပြုလိုက်တယ်။  အတောင်နှစ်ဖက်ကို ဖွပေးတယ်။  ကြက်ကလေးတွေက အမေ့နား ပြေးလာကြပြီး ပုန်းကြတယ်။

မိဘမေတ္တာ ပြောပါတယ်။  တိရစ္ဆာန်တောင် ကိုယ့်သားသမီး ကိုယ်ချစ်တယ်။  ဒါလဲ ဖွဲ့နွဲ့ပြီး ရေးလို့ ရတာပဲ။

ငါပြောမယ်။  မနက်ကပဲ မြင်ခဲ့ရသေးတယ်။  ကြက်မကြီးက ပန်းအိုးအောက် အုတ်ခဲကြားက တီကောင်တကောင်ကို မိလိုက်တယ်။  ဆွဲထုတ်လိုက်တယ်။  ပြတ်ပါလာတယ်။  မစားဘူး။  သလင်းပြောင်မှာ ချပြီး ကတော့ ကတော့နဲ့ ကြက်ကလေးတွေကို လှမ်းခေါ်တယ်။  အသံပြု လိုက်တယ်။  ဒီတော့ ကြက်ကလေးတွေ ပြေးလာကြတယ်။   ဝိုင်းလုကြတယ်။

ကြက်ကလေးက ဆယ်ကောင်။  အစာက တခုတည်း။

ပထမဆုံး ရတဲ့အကောင်က အစာကို စားမယ်လို့ အပြင်မှာ နောက်တကောင်က ကောက်ယူပြေးတယ်။  နှုတ်သီးမှာ အစာတန်းလန်းနဲ့။  တကောင်က ပြေးတယ်။  ကိုးကောင်က လိုက်တယ်။

ချနားချိန် မရဘူး။  ချစားချိန် မရဘူး။  အချင်းချင်း အတင်းလုတယ်။

ပြေးတယ်။  လိုက်လုကြတယ်။  နားတယ်။  နောက်တကောင် ပါးစပ်ထဲ ပါသွားတယ်။  နောက်တကောင်က ပြေးရပြန်တယ်။

ဒီလိုနဲ့ ဆယ်ကောင်မှာ ဘယ်ကောင်မှ ဟုတ္တိပတ္တိ မစားလိုက်ရဘူး။  လုရင်းနဲ့ ပြတ်ကုန်တယ်။  ချီပြေးရင်းနဲ့ နည်းနည်း စားလိုက်တဲ့ကောင် စားရမယ်။

အစာကလေး အနည်းအပါး စားရပါမယ့် အရေး ပြေးကြရ၊ လွှားကြရ၊ လုကြရ၊ ယက်ကြရ။

ဒါလည်း ရေးတတ်ရင် ရေးလို့ ရတာပဲ။

ဟော .. နည်းနည်းကလေး အရွယ်ရောက်လာတော့ ကြက်မကြီးက သားမခွဲသေးဘူး။  သူတို့ အခေါ် 'အမွေလု' သတဲ့။  အချင်းချင်း ခွပ်ကုန်ကြပြီ။

ဒါလဲ ရေးလို့ ရတာပဲ။

ဟဲ့ကောင် အိပ်ငိုက်မနေနဲ့။  စာရေးဆရာ ဖြစ်ချင်တယ်ဆိုရင် မျက်စိကို ဖွင့်ထား။

မောင်သာရ

[ပေဖူးလွှာ ၁၉၈၆ မေလ]

Saturday, January 17, 2015

ရေးတတ်ရင် ဝတ္ထု ဖြစ်တယ် ရေးသူ - မောင်သာရ



[ဆရာမောင်သာရ ရဲ့ ရေးတတ်ရင် ဝတ္ထု ဖြစ်တယ် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]

ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၁)

မင်းက မင်းကို မမြင်တတ်ဘူး.. ပြောတော့လည်း မကြိုက်ဘူး။  သည်ခေတ်လောက် စာရေးချင်တဲ့ လူတွေအတွက် ရေးစရာ ပေါတာ ဘယ်ရှိမလဲ။  ငါ့မှာဆိုလဲ ရေးစရာတွေ တပုံတခေါင်းကြီး။  ရေးလို့ကို မကုန်နိုင်ဘူး။

မင်းကျမှ ဘာရေးရမှန်း မသိဘူးဆိုပြီး လာညည်းနေတယ်။  အတော်ဟုတ်တဲ့ကောင်။

အရေးကြီးတာက မြင်တတ်ဖို့ လိုတယ်ကွ။  စာရေးဆရာ ဖြစ်ချင်တယ်ဆိုရင် မြင်တတ်ရတယ်။ ကြည့်တတ်ရတယ်။

တကယ်တော့ စာရေးတယ်ဆိုတာက ဘာမှ သိပ်ခက်တာ မဟုတ်ဘူး။  လေ့ကျင့်လိုက်ရင် ရတာပဲ။  တခုတော့ ရှိတာပေါ့လေ။  ဖတ်လို့ကောင်းအောင်၊ ပရိသတ်ကြိုက်အောင်၊ နားလည်း လည်လာအောင် ရေးတတ်ဖို့ ဆိုတာကတော့ သိပ်မလွယ်လှ ဘူးပေါ့။

ဒါပေမယ့် အရေးအကြီးဆုံးကတော့ 'အမြင်' ရှိရမယ်။  ကြည့်တတ် မြင်တတ်ဖို့ လိုမယ်။

တခြား ဝေးဝေးလံလံတွေ လျှောက်ကြည့်မနေနဲ့။  သည်လမ်းက ဘာလမ်းလဲ။  ဘာလမ်းဖြစ်ဖြစ် မင်းနေတဲ့လမ်း။  သည်လမ်းထဲမှာ မင်းနေလာခဲ့တာပဲ ဘယ်လောက်ကြာ ပြီလဲ။  ငါသိတာပဲ ဆယ်နှစ်ကျော်ပြီ။

ငါက မင်းနဲ့ ပတ်သက်ပြီးတော့သာ သည်လမ်းကို ရောက်ဖူးတာ။  ရောက်တာကတော့ ခဏခဏ ပေါ့လေ။  မင်းရှိနေတော့လည်း ရောက်ဖြစ်နေတာပေါ့။

ဆိုလိုတာက ဘာပဲပြောပြော သည်လမ်းအကြောင်းကို မင်းက ငါ့ထက် ပိုသိမယ်။  ငါသိတယ် ဆိုတာက မင်းသိတာထက် ဆယ်ပုံ့တပုံ လောက်ပဲ ရှိမယ်။

ပြီးတော့ သည်လမ်းမှာ မင်းက ရပ်ကွက်လူကြီး။  ရပ်ကွက်က ရွေးချယ် တင်မြောက်ထားတာ။  သည်လမ်းနဲ့ ပတ်သက်တဲ့ ပြသနာ အရပ်ရပ်ကို မင်းကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနေရတာ။  သည်လမ်းရဲ့ အကြောင်းနဲ့ ပတ်သက်လို့ အူသိမ်အူမ မကျန် မင်းမသိဘဲ နေမလား။

ဒါပေမယ့် မင်းလမ်းကို မင်း စာတပုဒ်ဖြစ်အောင် ရေးရကောင်းမှန်း မသိဘူး မဟုတ်လား။

အေး. မြင်တတ်ဖို့ လိုတယ်ဆိုတာ အဲဒါကို ပြောတာ။

ငါပြောပြမယ် နားထောင်။

မဟုတ်ရင် မဟုတ်ဘူး ပြန်ပြော။  မှားနေရင် မှားနေတယ်ပြော။  ငါ့ကိုတော့ ပြောလို့ ရတယ်။ ကိစ္စ မရှိဘူး။

မင်းနေတဲ့ အိမ်က စ, မယ်။

မင်း ဘာအလုပ် လုပ်သလဲ။  တောက်တိုမည်ရ စာရေးတယ်။  စာရေးဆရာ ဖြစ်ချင်လို့ ကြိုးစားနေတယ်။  မင်းမိန်းမက အိမ်ဆိုင် ထွက်တယ်။  ကလေး စားစရာ အချဉ်ထုပ်၊ အချိုထုပ်ကလေးတွေ ရောင်းတယ်။  ဆေးလိပ်ရောင်းတယ်။  လက်ဖက်သုပ် ချင်းသုပ် ရောင်းတယ်။

ဟုတ်ပြီ။

ဟိုဘက်ခန်းက ဘာလုပ်လဲ။

တရုတ်။  ဖိနပ်ချုပ်တယ်။  ဆိုင်ကြီးတွေက အော်ဒါပေးတဲ့ ဖိနပ်တွေ ချုပ်တယ်။  အလုပ်သမား မရှိဘူး။  မိသားစု လုပ်ကြတာ။

အေး.. အပေါ်ထပ်ကကော ဘာလုပ်လဲ။  တခန်းက အိမ်ရှင်နေတယ်။  တခန်းက အပျိုကြီး ညီအစ်မ နှစ်ယောက်နေတယ်။  လဟာပြင်ဈေးမှာ အထည်ရောင်းကြတယ်။

နောက်တခါ ခေါင်းရင်းအိမ်။  ဘာလုပ်လဲ။  စက်ချုပ်တယ်။  ယောက်ျားဝတ် ရှပ်အင်္ကျီတွေ ချုပ်တယ်။  နာမည်ကြီးတယ်။  ရုပ်ရှင်မင်းသားတွေတောင်  လာအပ်တယ်လို့ ပြောတယ်။  ဒါပေမယ့် ဆိုင်းဘုတ်တော့ မရှိဘူး။

အဲသည် ခေါင်းရင်းအိမ် အပေါ်ထပ်ကကော။  လင်မယား နှစ်ယောက်စလုံး ဝန်ထမ်း။  ကုန်သွယ်ရေး ကော်ပိုရေးရှင်းတခုမှာ အလုပ်လုပ်ကြတယ်။  ဟုတ်ရဲ့လား။  နာမည်ကတော့ ထားလိုက်ပါတော့။

ပြီးတော့ ခြေရင်းအိမ်။

အိမ်ငှားမရှိဘူး။  မော်တော်ကား ထောင်တယ်။  အငှားလေးဘီးကားကလေး နှစ်စီး ရှိတယ်။  ညဘက်ဆိုရင် အောက်ထပ်မှာ ကားထားတယ်။  လူတွေက အပေါ်ထပ်မှာ နေကြတယ်။

ပြီးတော့ မျက်နှာချင်းဆိုင်က အိမ်။

အဲသည်အိမ်ကလည်း မော်တော်ကား ထောင်တာပဲ။  ဒါပေမယ့် ကားကြီး။  အုတ်တင် သဲတင်တဲ့ ကား။  တနှစ်မှာ နှစ်ခါလောက် အင်ဂျင်ချရတယ်။  လေးခါလောက် လနဲ့ ချီနားပြီး ပြင်ရတယ်။  ကားအို ကားဟောင်းကြီး။

နောက်တခန်းကကော ဘာတွေလုပ်လဲ။

ပိုင်းလော့ မင်ပုလင်းတွေ ဝယ်တယ်။  ဆော်ဒါနဲ့ ဆေးတယ်။ သန့်စင်တယ်။  ပြီးတော့ စက်ရုံကို ကန်ထရိုက်စနစ်နဲ့ ပုလင်းခွံတွေ ပြန်သွင်းတယ်။

မင်းတို့ လမ်းက တကယ် စုံတယ်။

ဘုန်ကြီးကျောင်းလည်းရှိတယ်။  ဆယ့်နှစ်ခန်း စာလောက်ရှည်တဲ့ အုတ်ရိုးနဲ့။  အကျယ်ကြီး။

ပြီးတော့ နောက်ထပ် ဖိနပ်ချုပ်တဲ့ တရုတ်အိမ် တအိမ်လည်း ရှိတယ်။

တခါ တရုတ် မိန်းမလျာကလေး တယောက်။  သူက ဆံပင်တုတွေ လုပ်ရောင်းတယ်။  အလှပြင်ဆိုင် လည်း ဖွင့်ထားတယ်။  သူ့စီးပွါးရေးကလည်း ဆိုးပုံမရဘူး။

အဲသည် အနားမှာပဲ ပါပလာ အခြောက်တွေ လုပ်ရောင်းတဲ့ ကုလားမ အိမ်တအိမ် ရှိသေးတယ်။

နောက်တခု ခေတ်ပေါ်သင်္ဘောသား အိမ်တအိမ်လည်း ရှိတယ်။  ဗွီဒီယိုနဲ့ ဘာနဲ့။  မင်းကလေးတွေ သွားကြည့်နေကျ။

ပြီးတော့ နောက်တအိမ်က လက်နှိပ်စက် ပြင်တယ်။  အဟောင်းတွေ ဝယ်တယ်။  ပြင်ပြီး ပြန်ရောင်းတယ်။  သူကတော့ ဘားလမ်းမှာလည်း အင်္ဂလိပ် လက်နှိပ်စက် ရိုက်တယ် ပြောတာပဲ။  လမ်းဘေးတော့ လမ်းဘေးပေါ့လေ။

အဲ. လမ်းထိပ် ရောက်သွားပြီ။  လမ်းထိပ်တဖက်က ဆီဆိုင်ကြီး။  ဆီကုန်သည်။  သည်နားတဝိုက်က ထမင်းဆိုင်တွေ၊ အကြော်ဆိုင်တွေနဲ့ အိမ်တွေကို ဆီရောင်းတယ်။  သူတို့ကတော့ ချမ်းသာတယ်။  ကိုယ်ပိုင် မော်တော်ကားနဲ့ ဘာနဲ့။

လမ်းထိပ်မှာပဲ တဖက်ကတော့ ကုန်စုံဆိုင်။  အခု နောက်ဆုံးခေတ်ပေါ် ကုန်စုံဆိုင်ပေါ့။  ပစ္စည်း အစုံရောင်းတယ်။  အလှကုန်လည်း ရှိတယ်။  စာရေးကရိယာတွေလည်း ရှိတယ်။  အိမ်သုံးပစ္စည်း တွေလည်း ရှိတယ်။  ဘီစကွပ်မျိုးစုံ လည်း ရှိတယ်။  အိမ်သုံး ဆေးဝါးလည်း ရှိတယ်။  နောက်ဆုံး တံဆိပ်ခေါင်းကအစ ရှိတယ်။

သည်ဘက်လမ်းထိပ် ပြီးတော့၊ ဟိုဘက် လမ်းထိပ် သွားရအောင်။  လက်ဘက်ရည်ဆိုင် အအေးဆိုင်။

တဖက်အိမ်က မော်တော်ကား ဝပ်ရှော့။  အထူးသဖြင့်  ဖင်မီလီယာကားတွေ လာပြင်တာ တွေ့ရတယ်။

လမ်းထဲကို ပြန်ဝင်ခဲ့။

ဆင်းရဲသားတွေ နေတယ်။

တခန်းက ဂေါ်ရင်ဂျီ ကုလားမ။  မနက်တိုင်း မနက်တိုင်း 'တိုရှည်' လုပ်ရောင်းတယ်။  တခုမှ တမတ်။  ကလေးတွေ တန်းစီ စောင့်ဝယ်ရတယ်။

နောက်တခါဆို ပြိုလုပြိုခင် အိမ်ကလေး။  ဆိုက်ကားဆရာတယောက်က အောက်ထပ်နေတယ်။  အပေါ်ထပ်က လက်သမားဆရာ။

အဲဒီ လက်သမားဆရာကို အကြောင်းပြုပြီး သူတို့နဲ့ ကပ်လျက်အိမ်က ပျဉ်တိုပျဉ်စ ပျဉ်ဟောင်းတွေ ရောင်းတယ် ဝယ်တယ်။  အိမ်ဟောင်းတွေ ဝယ်တယ်၊ ဖျက်တယ်။  ယူလာတယ်။ ပြန်ရောင်းတယ်။  သွပ်ဟောင်းတွေလည်း ရောင်းတာပဲ။

နောက် သူတို့နဲ့ မျက်နှာ်ချင်းဆိုင် အိမ်ကကောင်ကတော့ နည်းနည်း လည်တယ်။  လူငယ်ပဲ။  သူကတော့ ဘိလပ်မြေ အတုလုပ်တယ်။  အတုလုပ်တယ် ဆိုတာကလည်း ငါမြင်ပါတယ်။  အစစ်ကို ဝယ်ရသေးတယ်။  ပြီးတော့မှ မြေနီမှုန့်တွေ၊ ထမင်းခြောက်မှုန့်တွေနဲ့ ပြန်ရောပြီး ရောင်းတာပဲ။  အိတ်ကို ဘယ်ဘက်က ဖောက်ကြည့်  ကြည့် အစစ်တွေချည့်ပဲ။ အလယ်ကောင်မှာမှ ရောထည့်ထားတာ။  တအိတ်က နှစ်အိတ်ဖြစ်၊ နှစ်အိတ်က သုံးအိတ်ဖြစ်။  ဘိလပ်မြေတအိတ်ရဲ့ ဈေးနှုန်းကလည်း မင်းသိတဲ့အတိုင်း။  ရာကျော်တယ်။  တွက်ခြေကိုက်တာပေါ့။

ဟော.. အံ့သြစရာ ကောင်းတာက စာကလေး အရှင်တွေ ဝယ်လှောင်ပြီး ဖောက်သည်ပေးတဲ့ ကုလားအိမ် တအိမ်လည်း ရှိသေးတယ်။  တအိမ် မဟုတ်ဘူးလေ၊ နှစ်အိမ်။

ပြီးတော့ မင်းတို့ လမ်းထဲမှာ တပ်မတော်က တပ်ကြပ်တယောက်လည်း ရှိသေးတယ်။  ကလေးတွေ တပြုံကြီးနဲ့။  အဲဒီတပ်ကြပ်က ဗလကောင်းကောင်း၊ ဝတ်စုံဝတ်လိုက်ရင် တကယ်ခန့်တယ်။  လူကြီးတယောက်ရဲ့ မော်တော်ကားကို မောင်းရတယ်။  ဟုတ်တယ် မဟုတ်လား။

နောက်တခါ အရာခံ ဗိုလ်တယောက်လည်း ရှိသေးတယ်။  မနက်တိုင်း မနက်တိုင်း လမ်းထိပ်ထွက်ပြီး စစ်ရုံးက လာကြိုတဲ့ ဖယ်ရီကားကို စောင့်စောင့် စီးတာ တွေ့တယ်။  အရပ်ထဲမှာတော့ သူရှိမှန်းတောင် မသိရဘူး။  လွှတ်အေးတယ်။

ပြီးတော့ ဘဏ်အရာရှိ တယောက်လည်း ရှိသေးတယ်။  ဘဏ်အရာ ရှိဆိုပေမယ့် ယောက္ခမအိမ် ကပ်နေတာပါ။  သူ့ ယောက္ခမကလည်း မင်းလိုပဲ ရပ်ကွက်လူကြီး။  တခါတုန်းက မြို့နယ် အဆင့်အထိ ပါဘူးသေးတယ် မဟုတ်လား။

အေး. ပြီးတော့ အထူးခြားဆုံးကတော့ ဒိုဘီသမားအိမ်။  ဒိုဘီသမား ဆိုပေမယ့် အခြား ဒိုဘီ ကုလား တွေလို လူတကာအဝတ် လျှော်တာ ဖွတ်တာ မဟုတ်ဘူး။  သူက သီးသန့်။  ယဉ်ကျေးမှု ဦးစီးဌာနက မင်းသမီး မင်းသား ဝတ်တဲ့ အဝတ်တွေ၊ ရွှေချည်တိုး ငွေချည်ထိုးတွေနဲ့ ကန့်လန့်ကာတွေ၊ ကားလိပ်တွေကို လျှော်ရ ဖွတ်ရတာ။  သည်အလုပ်လုပ်နေတာ ကြာလှပြီ။  မိရိုးဖလာ လုပ်လာခဲ့တဲ့ အလုပ်လို့ ပြောတယ်။

နောက် ထူးခြားတဲ့ အိမ်တအိမ်လည်း ၇ှိသေးတယ်။  တနှစ်ပတ်လုံး ဘာအလုပ်မှ မလုပ်ဘူး။  ဘာအလုပ်မှ မရှိဘူး။  တနှစ်မှ တခါပဲ အလုပ်လုပ်တယ်။  အဲဒီအလုပ်ကလည်း တလလောက်ပဲ လုပ်ရတယ်။  ဒါပေမယ့်  အဲဒီအလုပ်က ရတဲ့ ဝင်ငွနဲ့ တနှစ် စားလောက်တယ်။  ဘာအလုပ်လဲ ဆိုတော့ ပြွတ်လုပ်တဲ့ လုပ်ငန်း။  ရေပက်တဲ့ ပြွတ်၊ ကလေးတွေ ရေကစားတဲ့ ပြွတ်။  ပလတ်စတစ်ပိုက်လုံးတွေ ဝယ်။  ဖြတ်။  ထီးရိုးတွေ ဝယ်။  ပြွတ်တံလုပ်။  ပွတ်လုံးတွေ ဝယ် လက်ကိုင်လုပ်။  အဖုံးအပိတ်က ပလတ်စတစ်လုပ်တဲ့ စက်ကလေး ရှိတယ်။  တနှစ်မှ တခါပဲ အလုပ်လုပ်တယ်။  ဝင်ငွေကောင်းတယ်။ သင်္ကြန်မတိုင်မီ တလလောက်က စတာပဲ။  ဆိုင်တွေက အလူအယက် လာဝယ်ကြတယ်။

အဲ. မေ့လို့။ အဝေးပြေး မော်တော်ကားဂိတ် တဂိတ်လည်း ရှိသေးတယ်။  သမဝါယမပိုင်။  အညာဘက်က လာဖွင့်ထားတာ။

ပြောပြီးကော။

မင်းတို့ လမ်းထဲမှာ သိပ်ဆင်းရဲတဲ့ လူတွေလည်း ရှိတယ်။  ဆိုက်ကားဆရာတို့။ တိုရှည်သည်တို့။  သိပ်ချမ်းသာတဲ့ လူတွေလည်း ရှိတယ်။  အငှားကားထောင်တဲ့ အိမ်တို့ ဆီဆိုင်တို့။

ပြီးတော့ တရုတ်လည်း ရှိတယ်။  ကုလားလည်း ရှိတယ်။  မြန်မာလည်း ရှိတယ် လူမျိုးစုံ။

ပြီးတော့ ဘုန်းကြီးကျောင်းတောင်မှ ရှိလိုက်သေးတယ်။

အေး စာတတ်တဲ့ လူတွေလည်း ရှိတယ်။  ဝန်ထမ်းတွေလည်း ရှိတယ်။  လုံးဝ စာမတတ်တဲ့ လူတွေ လည်း ရှိတယ်။

အဲဒီလမ်းထဲမှာ မင်းနေတယ်။

ပြီးတော့ ရပ်ကွက်ကလည်း ရွေးချယ်တင်မြောက်ထားတယ်။  ရပ်ကွက်လူကြီး။

သည်အထဲကများ မင်းက စာရေးဆရာ။  အကြောင်းအရာ ခေါင်းပါးသတဲ့။  ဘာရေးရမှန်း မသိဘူးတဲ့။

တခါတခါ စဉ်းစားလိုက်ရင် ခြောက်သတဲ့။

မင်းမို့ ပြောရက်ပလေတယ်။  အံ့ရော။

ရေးပါလား။  ကိုယ့်လမ်းအကြောင်းကို ရေးတတ်ရင် ဝတ္ထုတွေ အများကြီး ထွက်နိုင်တယ်။

မောင်သာရ။
[ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၈၉ ဇွန်]


Tuesday, January 6, 2015

ကျမ်းဦးစကား ရေးသူ သိန်းဖေမြင့်

[အောင်လင်း - အနုပဋိလောမအဖွင့် ဒု(ကြိမ်) ၁၉၅၅ မေ အတွက် သိန်းဖေမြင့်ရဲ့ ကျမ်းဦးစကား]


ကျမ်းဦးစကား


အနုပဋိလောမရုပ်ဝါဒနှင့် ရာဇဝင်ရေးရုပ်ဝါဒ  ပညာရပ်သည်  မြားနှင့်တူ၏။  တိုင်းပြည်တပြည်၊ လူမျိုးတမျိုး သို့မဟုတ် ပြသနာတရပ်သည် ပစ်ကွင်းနှင့် တူ၏။  ပစ်ကွင်းကို တည့်မှန်အောင် မြားနှင့် ပစ်နိုင်မှ ကျွမ်းကျင်သော မြားသမား မည်နိုင်သကဲ့သို့၊ တိုင်းပြည်တပြည်၊ လူမျိုးတမျိုး သို့မဟုတ် ပြသနာတရပ်ကို တည့်မှန်အောင် အနုပဋိလောမ ရုပ်ဝါဒဖြင့် ချဉ်းကပ်နိုင်မှ တကယ့် မာက်စ်ဝါသမား မည်နိုင်ပေသည်။

ယနေ့ ဗမာပြည်တွင် မာ့က်စ်ဝါဒသမားဖြစ်အောင် ကြိုးစားနေသူ အများအပြား ရှိပေသည်။  သူတို့သည် ရိုးသားစွာ ကြိုးစားနေရိုးမှန်လျှင်  ဤ အနုပဋိလောမနှင့် ရာဇဝင်ရေးရုပ်ဝါဒကျမ်းကို စေ့စေ့စပ်စပ် အထပ်ထပ် လေ့လာအပ် ပေသည်။  ထိုမျှသာမကသေး၊  ယနေ့ ဗမာပြည်တွင် ကိုယ့်ကိုယ်ကို မာ့က်စ်ဝါဒသမားထင်ကာ ဟစ်အော် ကြွေးကြော်နေသူတွေလည်း ရှိသည်။  ဟစ်အော်ကြွေးကြော်ရုံမက မာ့က်စ်ဝါဒကို သူတို့အကျိုးငှာ ပြင်ဆင် သုံးစွဲ နေသူတို့လည်း ရှိသည်။  ထိုသို့သော သူအပေါင်းသည်လည်း ဤ ကျမ်းကို လေ့လာအပ်၏။  လေ့လာပြီး မိမိကိုယ်ကို မိမိထင်သလို မာ့က်စ်ဝါဒသမား ဟုတ်၏လောဟု စောကြောသင့်ပေသည်။  မာ့က်စ်ဝါဒကို ဘာမှန်းမသိဘဲ အရမ်းကာရော တိုက်ခတ်နေသူတို့သည်လည်း  ဤကျမ်းကို ကြည့်၍ ဘာမှန်းသိအောင် ကြိုးစားသင့်ပေသည်။  သို့မှ ယထာဘူတ ကျပေမည်။  အမှန်ကို ခံယူနိုင်ပေမည်။  သို့မဟုတ် မူမှန် သန့်ရှင်းသော သဘောကွဲလွဲမှုကို ရောက်ပေလိမ့်မည်။  သို့မဟုတ် နယ်ချဲ့မြေရှင် အရင်းရှင် စသည့်တို့က သူတို့ စည်းစိမ် တည်မြဲရေး အတွက် မာ့က်စ်ဝါဒသမားကို တိုက်ခတ်ရာတွင် သူတို့သည် ကစားစရာကလေးများ ဖြစ်နေပေလိမ့်မည်။

ဤ ကျမ်းမှာ ရဲဘော်ကြီး စတာလင် ရေးထားသော အနုပဋိလောမရုပ်ဝါဒနှင့် ရာဇဝင်ရေး ရုပ်ဝါဒကို ပင်ရင်းထား ပြီး  အဖွင့်အဖြေဋီကာတို့ဖြင့် စီရင်ထားသည်။  ပင်မ ပင်ရင်းဖြစ်သော ရဲဘော်စတာလင်၏ လက်ရာမှာကား အထူးပြောစရာမလို။  မာ့က်စ်ဝါဒဘဏ်တိုက်တွင် အတောက်ပြောင်ဆုံးသော ရတနာအဖြစ်ဖြင့် အသိအမှတ်ပြုပြီး ဖြစ်ကြလေသည်။  စတာလင်၏ သူမတူအောင် ရှင်းလင်းပြတ်သားမှုနှင့် တပြိုင်နက်တည်း စတာလင်၏ မနှိုင်းယှဉ်နိုင်သော နက်နဲမှုတို့ကို တွေ့ရပေသည်။  စတာလင်၏ ပင်ရင်းကျမ်းကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုချက် အမျိုးမျိုး ထွက်ပြီး ဖြစ်၏။  သို့သော် အောင်လင်း၏ အနုပဋိလောမရုပ်ဝါဒနှင့် ရာဇဝင်ရေး ရုပ်ဝါဒမှာ ယခင်ဘာသာပြန်များထက် သာလွန်အောင် ကြိုးပမ်းထားသည့်အပြင် အဖွင့်ဋီကာတို့ကလည်း တပန်းသာလျက် ရှိပေသည်။

ဤ ကျမ်းကို ဖတ်ရှုသူသည် ဆရာကောင်းတဦးထံမှောက်၌ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်၍ သင်တန်းတက်နေ ဘိသကဲ့သို့  စိတ်ဝင်စားမှု၊ ခံစားမှုနှင့် နားလည်းမှုများကို ရနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။



အနုပဋိလောမအဖွင့် ဒု(ကြိမ်) ၁၉၅၅ မေ။

Sunday, January 4, 2015

အချင်းချင်းပဋိပက္ခဖြစ်မှုသည် နယ်ချဲ့ - သိန်းဖေမြင့်



[ပြည်သူ့အာဏာဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁၆)၊ ၃၁-၈-၄၆]

[ဆရာကြီး သိန်းဖေမြင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ထုတ်ဝေတဲ့ "သိန်းဖေမြင့် - မဆလ သမ္မတပုဆိုးဖိုး နှင့် ကောက်သင်းကောက်စာများ"  စာအုပ်မှ ကူးယူဖော်ပြပါတယ်။]



အချင်းချင်းပဋိပက္ခဖြစ်မှုသည် နယ်ချဲ့

ဖဆပလ ဗဟိုဦးစီးအဖွဲ့တွင် ရဲဘော်

ရဲဘော်တို့ -
'ယခု  ကျွန်တော် ရွေးကောက်ပွဲစကား ပြောရပါလိမ့်မယ်' (ရယ်ကြသည်)။

ဦးစီးအဖွဲ့ အစည်းအဝေးဖွင့်ပွဲနေ့မှာ ကျုပ်တို့ ဥက္ကဌ ဗိုလ်ချုပ်ကြီးက သူ့မိန့်ခွန်းထဲမှာ ကျွန်တော့်အကြောင်းလည်း ပြောသွားပါတယ်။  ကျွန်တော့်ကို သူက ' ထိမ်းမနိုင် သိမ်းမရ လူလို့ '  ခေါ်ပါတယ်။

ဆာဒေါ်မန်စမစ်နှင့်ဗိုလ်ချုပ်

မနှစ်က (ဖဆပလ) အဖွဲ့ချုပ်ကြီးကနေပြီး အစိုးရအဖွဲ့ ဖွဲ့ဖို့ လူရွေးတော့ ကျွန်တော့်နာမည်လည်း ပါသွားတယ်။  ဘုရင်ခံ ဆာဒေါ်မန်စမစ်က ကျွန်တော်ဟာ ' ထိမ်းမနိုင်သိမ်းမရလူ '  ဆိုပြီး ကျွန်တော်ပါနေတာ ကန့်ကွက်ခဲ့ပါတယ်။

ခု ကျွန်တော်တို့ ချစ်တဲ့ ဥက္ကဌကြီးကလည်း ဒီစကားပဲ ပြောပြန်ပြီ။  ကျွန်တော်တို့ မိတ်ဆွေနှင့် ရန်သူ ဘယ့်နှယ်ကြောင့် စကားတူ ပြောတယ်ဆိုတာ ကျွန်တော် အစဥးစားရ ကျပ်နေပါတယ်။ (ရယ်ကြသည်)

ဘာလဲ ထိမ်းမနိုင် သိမ်းမရ

ဘုရင်ခံ ဘယ်အဓိပ္ပါယ်နှင့် ပြောပြော ကိစ္စမရှိပါဘူး။  ဗိုလ်ချုပ်က ဘာအဓိပ္ပါယ်နှင့် ပြောသလဲ။  (ထိမ်းမနိုင် သိမ်းမရ) ဆိုတာ ဘာလဲ။  ကျွန်တော်ဟာ စည်းမဲ့ကမ်းမဲ့များ ဖြစ်ဖူးသလား။  ဖြစ်ဖူးရင် ဖော်ပြကြပါ။  ကျွန်တော်ဟာ ဗိုလ်ချုပ်ကို ဗိုလ်ချုပ်လို့ဆိုပြီး မဝေဖန်ဘဲ မြုံမနေတတ်ပါဘူး။  ပြောစရာရှိ ဘာမှမချန် ပြောတတ်တာဘဲ။  ဥပမာ - ဗိုလ်ချုပ်က လေရှည်ကြီးနဲ့ စကားတွေ နင်းပြီးပြောနေရင် ' ဗျို့ဆရာကြီး သိပ်လေမရှည်နဲ့ တော်ပါတော့လို့ '  ပြောတတ်ပါတယ်။  ဒါမျိုးကို (ထိမ်းမနိုင် သိမ်းမရ)  လို့ ဆိုတာလား။  သို့မဟုတ် ဗိုလ်ချုပ်ဟာ အခိုက်အတန့် အားဖြင့် ဦးဘဖေ၊ ဦဘချိုတို့ရဲ့ ခေါင်းဆောင်မှုကို လိုက်နေတယ်လို့ ပြောခဲ့တဲ့ ဟာမျိုးကြောင့် (ထိမ်းမနိုင် သိမ်းမရ) လို့ အဆိုခံရတာလား။

မော်စီတုံးကိုပဲ ကိုးကားမယ်

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အဝေအဖန် မရပ်နိုင်ဘူး။ (သြဘာသံ)။  ဝေဖန်သင့်ရင် ဝေဖန်မှာပဲ။  ဒါနဲ့ ပတ်သက်ပြီး မော်စီတုံးကိုပဲ ကိုးကားရမှာပဲ။

ဟိုနေ့က ဥက္ကဌက ငါးနာရီခွဲကြာတြဲ့ မိန်ခွန်းမှာ စာအုပ်ကြီးငယ်ကနေပြီး ကိုးကားသွားတယ်။  အဲဒီ စာအုပ်တွေဟာ ဥက္ကဌက ကျွန်တော်တို့ ဆီက ယူထားတဲ့ စာအုပ်တွေပါပဲ။ (ရယ်သံ)။ ( 'ဥက္ကဌက ခင်ဗျားတို့ အပိုင်ပေးတာပဲ' ဟု ကြားဖြတ်ပြောသည်။)  စာအုပ်ကြီးကတော့ အပိုင်ပေးထားတာ အငယ်ကတော့ ငှားသွားပြီး ပြန်မပေးဘူး။  (ရယ်ကြသည်)။  အဲဒီ စာအုပ်အငယ်မှာ မော်စီတုံးက ဘာဆိုထားသလဲဆိုတော့ ဂျပန်ဆန့်ကျင်ရေး ညီညွတ်ရေး တပ်ပေါင်းစုထဲမှာ လူတန်းစား အမျိုးမျိုး ပါတယ်။  အဲဒီလူတန်းစား အားလုံးဟာ နယ်ချဲ့သမားကို တိုက်နေတဲ့နေရာမှာ ညီညွတ်ကြပေမယ့် အချင်းချင်း ပဋိပက္ခ မရှိတော့ဘူးလို့ မဆိုနိုင်ဘူး။  မရှိဘဲလည်း မဖြစ်နိုင်ဘူး။  ပဋိပက္ခ ရှိရမှာပဲတဲ့။  အဲဒီတော့ ပဋိပက္ခတရားတွေ ဖြစ်တဲ့ အချင်းချင်း ဝေဖန်ရေး၊ တိုက်ရေးဆိုတာ ရှိရတာပဲ။  သို့ပေမယ့် အဲဒီ ပဋိပက္ခတွေ  နယ်ချဲ့သမား ဆန့်ကျင်ရေးဆိုတဲ့ အကြီးဆုံးသော ပဋိပက္ခရဲ့  နယ်နိမိတ် အတွင်းမှာ ရှိရမယ်။

နယ်ချဲ့တိုက်ဖျက်ရေး

ဒီသဘောကိုပဲ ကျွန်တော်တို့ ကျင့်သုံးကြပါတယ်။  (ဖဆပလ) အဖွဲ့ချုပ်ကြီးဟာ လူတန်းစား အမျိုးမျိုး ပါဝင်ပါတယ်။  ပါတီပေါင်းစုံ ပါဝင်ပါတယ်။  အဖွဲ့ပေါင်းစုံ ပါဝင်ပါတယ်။  (ဖဆပလ) အဖွဲ့ချုပ်ကြီးနဲ့ နယ်ချဲ့သမားနဲ့ အတိုက်အခံ ဖြစ်ခြင်းဟာ အကြီးဆုံးသော ပဋိပက္ခ ဖြစ်ပါတယ်။  အဲဒီပဋိပက္ခကြီးရဲ့ နယ်နမိတ်အတွင်းမှာ (ဖဆပလ) အဖွဲ့ဝင်အချင်းချင်း ပဋိပက္ခဖြစ်ရမှာဟာ ဓမ္မတာသဘောပဲ ဖြစ်တယ်။  သို့သော် ကျွန်တော်တို့ အချင်းချင်း ပဋိပက္ခဖြစ်မှုသည် နယ်ချဲ့သမားကို တိုက်ဖျက်ရေးမှာ အနှေငြ့်အယှက် မဖြစ်စေရ။  အားပေးခြင်းသာ ဖြစ်စေရမယ်။

နယ်နမိတ်ပြင်ကို မရောက်

ဥပမာ - ဇူလိုင် ၂၆ ရက်နေ့က (ဖဆပလ) အဖွဲ့ချုပ်က သဘောမတူပဲနဲ့ ကျွန်တော်တို့ ဖိနှိပ်ချုပ်ချယ်မှု ကန့်ကွက်ပွဲကို လုပ်ခဲ့ကြတယ်။  အဖွဲ့ချုပ်နဲ့ ကျွန်တော်တို့ အကြီးအကျယ် ပဋိပက္ခ ဖြစ်ခဲ့ကြတယ်။  နယ်ချဲ့သမား ဆန့်ကျင်ရေး၊ ညီညွတ်ရေး သဘောစစ်စစ်နဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ နယ်ချဲ့သမားကို ဆန့်ကျင်ရေးဆိုတဲ့ အဓိက ပဋိပက္ခနယ်နမိတ်အပြင်ကို မရောက်ကြောင်း ထင်ရှားတယ်။  အမှန်မှာ ဒီလို ကျွန်တော်တို့က နယ်ချဲ့သမားကို တိုက်တော့ ဥက္ကဌလည်း နောက်ဆုံးကျတော့ အလုပ်အားဖြင့် သဘောတူလာရတာပဲ။  ဒီတော့ ကျွန်တော်တို့ဟာ ဒီလိုသီးခြားကင်းလွတ်စွာ လုပ်ကိုင်ခြင်းအားဖြင့် ညီညွတ်ရေး တပ်ပေါင်းစုကို နှောက်ယှက်ရာ မရောက်ရုံမက အားတောင် ပေးတယ်ဆိုတာ ထင်ရှားတယ်။  ကျွန်တော်တို့ လုပ်တာဟာ နယ်ချဲ့သမားတိုက်ရေး မဟုတ်ပဲ ပူးပေါင်းရေး ဖြစ်နေရင်တော့ ညီညွတ်ရေး တပ်ပေါင်းစုကို ဖျက်ရာကျလိမ့်မယ်။  စည်းကမ်းဖောက်ရာကျလိမ့်မယ်။  ဒီသဘောကို ရည်ရွယ်ပြီး ကျွန်တော်တို့ ပါတီဟာ (ဖဆပလ) အဖွဲ့ချုပ်ထဲမှာလည်း ပါတယ်။  သီးခြားကင်းလွတ်တဲ့ ပါတီအဖြစ်နဲပလည်း တည်ရှိခြင်း ဖြစ်တယ်။

ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ ဘာဖြစ်ရမလဲ။  အရေးကြီးဆုံးက တပါတီထဲ ဖြစ်မသွားရဘူး။  အဖွဲ့ပေါင်းစုံသာ ဖြစ်ရမယ်။  'ပေါင်းစုံမှု' ကို လက်လွှတ်ဖို့ ပြောနေတဲ့ လူတွေဟာ ညီညွတ်ရေး ဖျက်နေတဲ့ လူတွေပဲ။  မလွှဲမရှောင်သာတဲ့ ပဋိပက္ခတွေကို သဘာဝကျကျ သမအောင် လုပ်မပေးပဲ မျက်စိမှိတ်ပြီး ပဋိပက္ခမရှိသော ညီညွတ်ရေးလို့ အော်ရင်း ပဋိပက္ခတွေကို ကြီးသည်ထက် ကြီးအောင် လုပ်ရာ ရောက်လိမ့်မယ်။  အဓိက ဖြစ်တဲ့ နယ်ချဲ့သမား ဆန့်ကျင်ရေးကို ထိခိုက်စေလိမ့်မယ်။

ကျွန်တော်တို့ဟာ ဖ-ဆ-ပ-လ အဖွဲ့ချုပ် ဖွဲ့စည်းပုံကို ရှေးက ပေါ်ဖူးခဲ့တဲ့ ဂျီ-စီ-ဘီ-အေ လိုလည်း မဖြစ်စေလိုဘူး။  ဂျီ-စီ-ဘီ-အေ အစိပ်စိပ် အမြွှာမြွှာ ကွဲပြီးတဲ့နောက် ဟောသည်က ဘကြီးဦးဘဖေတို့က ဟိုကတစိပ် သည်ကတမြွှာ ကောက်ပြီးစပ်ထားတဲ့ ငါးပွင့်ဆိုင်ညီညွတ်ရေး ဂျီ-စီ-ဘီ-အေ နဲ့လည်း မတူစေချင်ဘူး။

ခုတလော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကို တပါတီထဲ လုပ်ချင်တဲ့ လူတွေက များလာတယ်။  တဖက်က နယ်ချဲ့သမားကလည်း ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ တပါတီထဲပါပဲတဲ့ နယ်ချဲ့သမားရဲ့ သတင်းစာ (Statesman) ကလည်း ဖ-ဆ-ပ-လ နဲ့ ပတ်သက်ပြီး တပါတီ တခေါင်းဆောင်လို့ ရေးနေတယ်။  ဦးစောတို့ ဒေါက်တာဘမော်တို့ကလည်း ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးကို တပါတီအနေနဲ့ ကြည့်ကြတယ်။  သဘောထားကြတယ်။

ကျွန်တော်တို့ ဒုတိယဦးစီအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တဲ့ စည်းမျဉ်းဥပဒေထဲမှာလည်း တပါတီထဲ ဖြစ်စသွားဖို့ အလားအလာတွေ အများကြီး ပါတယ်။  ခု ပထမဆုံး  ပါတီတွေဟာ ပါတီအဖြစ်နဲ့ မပါရဘူးတဲ့။  တဦးစီအနေနဲ့ ပါရမယ်တဲ့။  နောက်တဆင့် ပါတီတွေဟာ သီးခြားကင်းလွတ်စွာ မလုပ်ရဘူး။  ဖ-ဆ-ပ-လ က ဆုံးဖြတ်သလိုသာ လုပ်ရမယ်။  မလုပ်ရင် အပြစ်ပေးခံရမယ်လို့ ဆိုလာကြပြန်တယ်။  ပါတီရဲ့ သီးခြားကင်းလွတ်မှုကို ထိပါးယိပါးလုပ်ဖို့ ကြံစည် စိုင်းပြင်းလာကြတယ်။  ကျွန်တော်တို့က မခံလို့ ဒီအကြံ မအောင်သေးဘူး။  နို့ပေတဲ့ သည်ကြံစည်မှုက ရှိနေပြီ။  နောက်တဆင့် ပါတီတွေ ဖျက်သိမ်းဖို့ တောင်းဆိုလိမ့်မယ်။  နောက်တခါ လူထု အဖွဲ့အစည်းတွေ အဖွဲ့အစည်းလိုက် မပါကြနဲ့။  တဦးစီအနေနဲ့ ပါရမယ်လို့ ဆိုကြလိမ့်မယ်။  နောက်ပြီးတော့ လူထုအဖွဲ့အစည်းတွေ ဖျက်ကြပေတော့လို့ တောင်းဆိုလာလိမ့်မယ်။  နောက်ဆုံး တိုင်းရင်းသား လူမျိုးကလေးများ အဖွဲ့အစည်းများကို ထိခိုက်လာလိမ့်မယ်။  ဒါဟာ တပါတီဖြစ်ရေးရဲ့ ယုတ္တိအဆုံးပဲ ဖြစ်တယ်။

'ပေါင်းစုံမှု' မူကို ဖျက်ပြီး တပါတီတည်းမူကို ကျွန်တော်တို့ မူလကတည်းက ကန့်ကွက်တယ်။  ဒုတိယဦးစည်းအဖွဲ့ အစည်းအဝေး မှတ်တမ်းမှာလည်း ကျွန်တော် ကန့်ကွက်ထားတာကို တွေ့ရပါလိမ့်မယ်။  ဒီမူကို နောက်လာမယ့် ပြည်လုံးကျွတ်ညီလာခံကျတော့ တိုက်ဖျက်ပစ်မယ် ဆိုတာလည်း အခုထဲက နို့တစ်စာ ပေးထားလိုက်ပါတယ်။ (သြဘာသံ)  သည်လိုဆိုခြင်းအားဖြင့် လက်ရှိစည်းမျဉ်းဥပဒေကို ကျွန်တော်တို့က တိတ်တိတ်ဖောက်ဖျက်မယ်လို့ ဆိုတာ မဟုတ်ဘူး။  ခုတော့ အများသဘောကို လိုက်ပြီး ဒီစည်းမျဉ်းကို တသွေမတိမ်း လိုက်နာမှာပဲ။

ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ အကောင်အထည်အားဖြင့် ဘာလဲ။  ကွန်မြူနစ်၊ ဆိုရှယ်လစ်နှင့် တသီးပုဂ္ဂလများ ညီညွတ်ရေးကို ဆိုလိုတယ်။  ဘယ်သူ့ လက်အောက်မှာ ညီညွတ်ကြမလဲ။  ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်အောက်မှာ ညီညွတ်ရမယ်။

အထူးအဆန်းမဟုတ်

ကျွန်တော်တို့နဲ့ ဆိုရှယ်လစ်တွေကတော့ ခဏခဏ အတိုက်အခံ ဖြစ်တာကို တွေ့ရမယ်။  အပဓိက ပဋိပက္ခဖြစ်တဲ့ နယ်ချဲ့သမားတိုက်ပွဲဟာ ပြင်းထန်လေလေ လွတ်လပ်ရေးနဲပ နီးလေလေ ညီညွတ်ရေးတပ်ပေါင်းစုမှာ ပါကြတဲ့ လူတန်းစားအသီးသီး ပဋိပက္ခဖြစ်မှု လှုပ်၇ှား လာလေလေ ဖြစ်တယ်။  လွတ်လပ်ရေးနီးတော့ လွတ်လပ်ရင် ငါဘာလုပ်မယ်ဆိုတာဟာ လူတန်းစားအလိုက် အယူအဆ အမျိုးမျိုး ပေါ်တယ်။  ဒီတော့ ဆိုရှယ်လစ် ကွန်မြူနစ် ပဋိပက္ခဟာ အထူးအဆန်း မဟုတ်ပါဘူး။  လယ်သမားသမဂ္ဂပေါ်လာရင် လယ်သမားအစည်းအရုံး ပေါ်လာတယ်။  ဈေးသမဂ္ဂပေါ်လာရင် ဈေးအစည်းအရုံး ပေါ်လာတယ်။  ဘတ်စ်ကားသမဂ္ဂ ပေါ်လာရင် ဘတ်စ်ကားအစည်းအရုံ ပေါ်လာတယ်။  (ဥက္ကဌက အပြန်အလှန်ပဲ မဟုတ်လားဟု ကြားဖြတ်မေးသည်)  ဒီလို ပေါ်လာတာ ကျွန်တော်တို့က ဘယ်လို ယူဆသလဲ။  နယ်ချဲ့သမား တိုက်မယ့်နေရာမှာ သည့်ပြင်လူတန်းစားတွေ လူတွေလည်း အသစ်ပါဝင်လာပြီ။  အသစ်သစ်ဖြစ်သော အင်အားစုတွေဟာ အဖွဲ့အစည်းတန်ဖိုးကို ပိုနားလည်လာကြပြီ။  ပိုမို နိုးကြားလာကြပြီ။  အဲဒီလိုပဲ ယူဆတယ်။  ဆိုရှယ်လစ် အားတိုးရင် လွတ်လပ်ရေးတိုက်ပွဲမှာ မဟာမိတ် အင်အားတိုးတာပဲလို့ ယူဆတယ်။ (သြဘာသံ)။  ဒါကြောင့်လည်း ဆိုရှယ်လစ်တွေကို ကျွန်တော်တို့က (Brother Patriots) ညီအစ်ကိုတော်မျိုးချစ်များလို့ ခေါ်တာပဲ။ (ရယ်သံသြဘာသံ)

ဦးဘဘေ၊ ဦးဘချို၊ ဦးတင် စသည်တို့ဟာလည်း လွတ်လပ်ရေးတိုက်ပွဲမှာ တန်ဖိုးအသီးသီး ရှိကြတာပါပဲ။


ဗိုလ်ချုပ်ပျက်စီးဖို့

သည်အင်အားစုကို ပေါင်းစုပြီး ခေါင်းဆောင်ရမယ့် လူကတော့ ဗိုလ်ချုပ်ပါပဲ။  ကျွန်တော်တို့ ကွန်မြူနစ်တွေဟာ ဗိုလ်ချုပ်ပျက်စီးရာ ပျက်စီးကြောင်း ဘယ်တုံးကမှ မကြံခဲ့ဘူး။  ဖ-ဆ-ပ-လ ညီလာခံတုန်းက ဗိုလ်ချုပ်ကို ဖြုတ်ချပြီး ကျွန်တော်တက်မယ်လို့ ကောလာဟလ ဖြစ်လိုက်သေးတယ်။  အမှန်အားဖြင့် အဲဒီတုန်းက တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ တဝက်ကျော်ကျော်ဟာ ကျွန်တော်တို့ ပရိသတ် ဖြစ်နေတော့ ကြံမယ်ဆိုလည်း ကြံလောက်တာပဲ။  နို့ပေတဲ့ ကျွန်တော်တို့ မကြံရွယ်ခဲ့ဘူး။  ခုလည်းပဲ သူ့ကို ကျွန်တော်တို့ ကြည်ညိုတုန်းပါပဲ။  ညီညွတ်ရေး တပ်ပေါင်းစုံကို သည်ဗိုလ်ချုပ်ပဲ ဗိုလ်လုပ်ဖို့ ဖြစ်နိုင်တယ်။  (သြဘာသံ)  ဘာကြောင့်လဲ။  ဗိုလ်ချုပ်ဟာ  နယ်ချဲ့သမားက အကြောက်ဆုံးလူ။  ဘာကြောင့် ကြောက်သလဲ။  သူသာလျှင် တတိုင်းပြည်လုံးရဲ့ နောက်လိုက်မှုကို ရအောင် ယူနိုင်တဲ့ အခြေအနေ ရှိလို့ပဲ။  သူသာလျှင် နယ်ချဲ့သမားကို တိုက်ပွဲဝင်ရာမှာ  လူထုကို မကွဲမပြား ညီညွတ်စွာ ခေါ်ဆောင်သွားဖို့ အခြေအနေ အကောင်းဆုံး ရှိလို့ ဖြစ်တယ်။

အချစ်ဆုံးလူ

နယ်ချဲ့သမားက အကြောက်ဆုံးလူ ဖြစ်လို့လည်း ကျွန်တော်တို့က အချစ်ဆုံးလူ ဖြစ်တယ်။  (ရယ်သံနှင့်သြဘာသံ)။  ဗိုလ်ချုပ်ကို ကြည်ညိုတယ်ဆိုတာ ဒါကို ပြောတပဲ။

ဗိုလ်ချုပ်ဟာ နယ်ချဲ့သမားကို တိုက်ဖို့ အကောင်းဆုံး လက်နက် တခု ဖြစ်တယ်။  ဒါကြောင့် ကျွန်တော်တို့က သွေး သွေး ပေးရတယ်။ (သြဘာသံ)။ တိုက်တိုက်ပေးရတယ်။  ဝေဖန်ပေးရတယ်။ (သြဘာသံ)။  (ဗိုလ်ချုပ်ကကြားဖြတ်၍ 'သွေးလွန်းရင် လိပ်သွားမှာကို စိုးရတယ်' ဟု ပြောသည်။ ပြည်သူ့အာဏာ သတင်းထောက်က 'လုပ်တဲ့သံ ပေါ်မှာ တည်ပါတယ်' ဟု ရေရွတ်မိသည်။)

ပုထုဇဉ်ဓမ္မတာမို့

ကျွန်တော်တို့ ဗိုလ်ချုပ်ဟာ အသက်က ငယ်တယ်။  နို့ပေတဲ့ နာမည်က သိတ်ကြီးတယ်။  တကမ္ဘာလုံးမှာလည်း နေရူးတို့ သည်အရွယ်တုန်းကထက် သတင်းကြီးတယ်။  လူထုရဲ့ အကြည်အညိုကိုလည်း မကြုံဘူးအောင် ခံရတယ်။  သည်လို အခြေအနေမျိုးမှာ ပုထုဇဉ်ဓမ္မတာ ငယ်ရွယ်သူ ဓမ္မတာ ပျက်စီးစရာ၊ သွေးကြီးစရာ ငါတကောကောစရာ အကြောင်းရှိပါတယ်။  သူမို့လို့ ခုထိ သည်လောက် ခံနိုင်တာပဲ။  သို့သော် (Power can corrupt) လို့ အဆိုရှိတယ်။  ဒါကြောင့် ဗိုလ်ချုပ် မပျက်စီးအောင် ကျွန်တော်တို့က သွေးသွေးပေးနေရတယ်။

တကယ့်အင်အားကို အလိုရှိတယ်

ကျွန်တော်တို့ဟာ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးရဲ့ တကယ့်အင်အားကြီးမှုကို အလိုရှိတယ်။  ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီး ညီညွတ်မှုကို လိုချင်တယ်။  သို့သော် ဖ-ဆ-ပ-လ ညီညွတ်ရေးသည် ပထမအချက်အားဖြင့် လူထု အဖွဲ့အစည်း များကို အခြေခံ ထားရမယ်။  တောင်သူလယ်သမား၊ အလုပ်သမား စတဲ့ လူထုဟာ ငွေအားနဲ့တော့ မကူနိုင်ဘူးပေါ့။  သို့ပေမယ့် လူအားနဲ့ ဖိနိုင်တယ်။  တိုက်နိုင်တယ်။  ဖ-ဆ-ပ-လ ဟာ တကယ် လွတ်လပ်ရေး တိုက်ချင်ရင် သူတို့သာ တိုက်ပေးနိုင်တယ်။  ဒုတ်ယအားဖြင့် ဖ-ဆ-ပ-လ ညီညွတ်ရေးဟာ လူထုနှင့်ချီပြီး အုံကြွဝင်တဲ့ တိုက်ပွဲများအပေါ်မှာ အမှီပြုရမယ်။  လွတ်လပ်ရေးတိုက်ပွဲဆိုတာ ကောင်းကင်ပေါ်က  ဗြုန်းကနဲ ကျလာပြီး ဘွားကနဲ ပေါ်လာတာ မဟုတ်ဘူး။  လူထုဘဝအတွင်း သီးစားခတိုက်ပွဲ၊ အမတော်ကြေးတိုက်ပွဲ၊ လုပ်ခပိုရဖို့ တိုက်ပွဲ၊ လုပ်ချိန်လျှော့ဖို့ တိုက်ပွဲ၊ သပိတ်တိုက်ပွဲ၊ ဖိနှိပ်ချုပ်ချယ်မှုတိုက်ပွဲ၊ ရိက္ခာတိုက်ပွဲ အဲဒီတိုက်ပွဲတွေ နေ့စဉ်အမျှသော တိုက်ပွဲတွေရဲ့ ပေါင်းဂဏန်း၊ အမြှောက်ဂဏန်းတွေကို လွတ်လပ်ရေးတိုက်ပွဲလို့ ခေါ်တယ်။  ဒီတိုက်ပွဲတွေ ဝင်ရင်းသာ ဖ-ဆ-ပ-လ ဟာ ညီညွတ်ရေး ရနိုင်တယ်။ ဖ-ဆ-ပ-လ ခိုင်မြဲနိုင်တယ်။

ဒါဟာ ကျွန်တော်တို့ ပါတီဝါဒပဲ။   ။(သြဘာသံ)
ဒီကျွန်တော်တို့ ဝါဒနဲ့ လုပ်ငန်းစဉ်ကို ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးက လက်ခံပြီး အလုပ်လုပ်ဖို့ ကျွန်တော် အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံခြင်း ဖြစ်တယ်။

ဗိုလ်ချုပ်ကိုယ်တိုင် ပါနေတယ်

အရွေးခံမယ်လုပ်တော့ စိတ်တော့ ထင့်သွားတယ်။  ဘာကြောင့်လဲ ဆိုတော့ သာမန်အားဖြင့် ဥက္ကဌဆိုတာ (casting vote) လောက်သာ ပေးရတာ။  ခုတော့ တဖက်ကနေပြီး သူကိုယ်တိုင် အဆိုသွင်းပြီး အကြီးအကျယ် ထောက်ခံနေလို့ အခက်တခု တွေ့ရတယ်။  နောက်ပြီး လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ဟာ ဖ-ဆ-ပ-လ က ယာယီ အသိအမှတ်ပြုတဲ့ အဖွဲ့ ယာယီကိုယ်စာလှယ်တွေက မဲပေးနိုင်တယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရတယ်။  ဒီလို ယာယီမဲတွေကလည်း ဟိုဘက်က ပါသေးတယ်။

သို့ပေမယ့် တိုက်ရမှာပဲ (သြဘာသံ)

ရဲဘော်တို့၊ ပါတီဝင်အပေါင်းတို့၊ ပါတီလိုလားသူ အပေါင်းတို့ မဲပေးကြပေတော့ ငါတို့ အတိုက်မလျော့ရ။ (သြဘာသံ)


[ပြည်သူ့အာဏာဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁၆)၊ ၃၁-၈-၄၆]



မိတ်ဆက်စကား - သိန်းဖေမြင့်



[ဆရာကြီး သိန်းဖေမြင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ထုတ်ဝေတဲ့ "သိန်းဖေမြင့် - မဆလ သမ္မတပုဆိုးဖိုး နှင့် ကောက်သင်းကောက်စာများ"  စာအုပ်မှ ကူးယူဖော်ပြပါတယ်။]
 [စတာလင်ဆုရ အိန္ဒိယစာရေးဆရာကြီး
မုလ်ခ်ရပ်ခ်ျအာနန် ၏ ကူလီ ဝတ္ထုကို
ကျော်အောင်ဘာသာပြန် ကူလီစာအုပ်မှ အမှာစာ
၁၉၅၄ နိုဝင်ဘာ (ပ) နှိပ်၊ ရိုက်နှိပ် ဗမာအမျိုးသမီးပုံနှိပ်တိုက်
ဖြန့်ချိ ဗမာအမျိုးသမီးစာပေဖြန့်ချိရေး]


မိတ်ဆက်စကား


မြန်မာနိုင်ငံသည် လူဦးရေ သန်း ၆၀၀ ရှိသော တရုတ်ပြည်ကြီးနှင့် လူဦးရေ သန်း ၄၀၀ မျှရှိသော အိန္ဒိယပြည်ကြီးတို့၏ ကြားမှာ တည်ရှိသည်။  ဤ ပထဝီ အနေအထားသည်ပင်လျှင် ဗမာ့သမိုင်းကို ထိရောက်စွာ ပြုပြင်ခဲ့ပေသည်။ ရှေ့လည်း ပြုပြင်မြဲ ပြုပြင်ပေဦးမည်။

မြန်မာလူမျိုးတို့သည် တရုတ်ပြည် ကန်စုဒေသမှ ဆင်းသက်လာခဲ့သည်ဟု လူမျိုးရေး အရင်းအမြစ်ဆိုင်ရာ ပညာရှင်များက အခိုင်အမာ ဆိုကြသည်။  မြန်မာလူမျိုးတို့၏ ဘာသာစကားမှာ၊ တရုတ်ပြည် ဘာသာစကားစုများမှ ဆင်းသက်ခဲ့သည်။  မြန်မာ့ဘာသာစကားသည် တရုတ်ပြည်တွင် အဝင်အပါ တိဘက်ဘာသာစကားနှင့် ရင်းနှီးစွာ ဆက်သွယ်နေပေသည်။

သို့သော် ဗမာသည် မိမိ၏ ပြောစကားကို ရေးသားသောအခါ အိန္ဒိယပြည်မှ ရေးစာလုံးကို ယူ၍ ချဲ့ထွင်ပြုပြင် အသုံးပြုခဲ့သည်။  ဗမာ့ယဉ်ကျေးမှုနှင့် အတွေးအခေါ်များတွင် များစွာ သြဇာကြီးနေသော ဗုဒ္ဓဘာသာကို အိန္ဒိယပြည်မှ ယူခဲ့လေသည်။  ဗမာဘုရင်တို့သည် အိန္ဒယဘုရင်တို့၏ အဝတ်တန်ဆာကို တုယူ၍ ပြုပြင်မွမ်းမံပြီး ဝတ်ဆင်ကြသည်။  ဗမာဝန်ကြီး မတ်ကြီးတို့သည် တရုတ်ဝန်ကြီး မတ်ကြီးတို့၏ အဝတ်တန်ဆာများကို အတုယူ၍ ပြုပြင်မွမ်းမံပြီး ဝတ်ဆင်ကြသည်။  ဗမာသည် တရုတ်လက်ဖက်ကို စားပြီး ကုလား ကွမ်းကိုလည်း စားသည်။  ဗမာနီတိကျမ်းများနှင့် ဆုံးမစာများကို ကြည့်လျှင် ဗုဒ္ဒ၏ ဒေသနာများအပြင် တရုတ်ပညာရှိ ကွန်ဖြူးရှပ် နှင့် ကုလား နီတိဆရာကြီး စာနကျတို့၏ သြဝါဒများလည်း ပါဝင်နေသည်ကို တွေ့ရပေမည်။

အချုပ်အားဖြင့် ဆိုရလျှင် ယနေ့ ဗမာသည် ကုလား တရုတ်တို့အား ရောမွှေပြီး ဗမာ့ပင်ကိုယ်နှင့် ပြုပြင်မွမ်းမံသော ဟင်းလေးအိုးကြီးပင် ဖြစ်သည်။

မဝေးသေးသော အတိတ်နှင့် မျက်မှောက်နိုင်ငံရေး ဖြစ်စဉ်ကို ကြည့်ပါဦး။  အနောက်နိုင်ငံမှ ဝါဒ သဘောတရား လှိုင်းလုံးကြီး အမျိုးမျိုးသည် ဗမာအား ရိုက်ခတ်နေလင့်ကစား နောက်ဆုံး အဆုံးအဖြတ်ပေးသော သြဇာများမှာ ဂန္ဒီ၊ နေရူး၊ ဂျီရှီ၊ ရာနာဒီဗေ၊ အဂွိုင်ဂိုရှ် စသော အိန္ဒိယ ခေါင်းဆောင်များ၏ အယူအဆ ဝါဒ သဘောတရားများနှင့် ဆွန်ယက်ဆင်၊ မော်စီတုံး စသော တရုတ်ခေါင်းဆောင်ကြီးများ၏ ဝါဒသဘောတရားများ အယူအဆများသာ ဖြစ်ခဲ့ ဖြစ်ဆဲ ဖြစ်ပေသည်။

ယင်းသို့သော အကြောင်းများကြောင့် တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ ကံကြမ္မာများသည် ဗမာ့ကံကြမ္မာနှင့် ပူးကပ် ဆက်သွယ်နေသည်။  တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ ဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကို ပြုပြင်နိုင်သည်။ နောက်ဆုံး သတ္တုချကြည့်လျှင် တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ ဖြစ်စဉ်သမိုင်းများသည်  ဗမာ့ဖြစ်စဉ်ကို အဆုံးအဖြတ်ပေးနိုင်၊ ပေးခဲ့၊ ပေးအံ့သော သြဇာများ ဖြစ်ပေသည်။

ထို့ကြောင့် ဗမာတို့သည် တရုတ်ပြည်နှင့် အိန္ဒိယပြည်အကြောင်းကို ကိုယ့်ပြည် ကိုယ့်အကြောင်းမျှ သိအပ်ပေသည်။

ယခုအခါ တရုတ်တို့၏ အကြောင်းကို အတော်ပင် လေ့လာနေကြပြီ။ အိန္ဒိယအကြောင်းကိုကား ရှေးကလို ထိထိရောက်ရောက် မလေ့လာကြတော့ပေ။  အိမ်နီးနားချင်းမို့ မလွှဲသာ၍ ကြားရသမျှလောက် နားထောင်နေကြသည်နှင့် တူနေသည်။

ဤလို ဖြစ်နေချိန်တွင်  'ကျော်အောင်'  ဘာသာပြန်၍ ထုတ်ဝေလိုက်သော မုလ်ခ်ရပ်ခ်ျအာနန်၏ 'ကူလီ' မှာ အိန္ဒိယပြည်၏ အကြောင်းကို ဗမာများ သိစေရန် အခွင့်လမ်းတခု ဖွင့်ပေးလိုက်ခြင်း ဖြစ်နေပေသည်။

စစ်အတွင်းက အိန္ဒိယပြည်သို့ ကျွန်တော်တို့ သွားကြပြီး ရောက်ရောက်ချင်း ဒေလီမြို့မှာ အကျယ်ချုပ်ခံနေရစဉ် ဗဟိုအစိုးရ စုံထောက်မင်းကြီး၏ အစစ်အဆေးခံရ၏။  အနားယူချိန်တွင် စုံထောက်မင်းကြီး၏ ဗီရိုတွင် 'အာနန်' ၏ 'ကူလီ' နှင့် အခြားဝတ္ထုများကို ကျွန်တော်တွေ့သဖြင့် ဟော်တယ်သို့ ငှားလိုက်ပါရန် တောင်းပန်လေသည်။ 'အာနန်' ၏ စာပေများမှာ ညစ်ညမ်းသော စာပေများ ဖြစ်၍ အစိုးရ ပိတ်ပင်ထားသောကြောင့် မငှားနိုင်ပါဟု ဆိုလေသည်။

သို့ဖြင့် အင်္ဂလိပ်များ ကြီးစိုးစဉ်က အာနန်၏ ကူလီကို မဟုတ်တရား အကြောင်းပြပြီး ပိတ်ပင်ထားခဲ့သည်။  တကယ်စင်စစ် အိန္ဒိယတွင် ဗြိတိသျှတို့၏ ညစ်ညမ်းမှုများကို လူမသိအောင် အာနန်၏ စာအုပ်ကို ပိတ်ပင်ထားခြင်းသာလျှင် ဖြစ်သည်။

'ကူလီ' တွင် မူနူးသည် နွားကျောင်းသား ဘဝမှ အိမ်စေခံဘဝသို့၊ ထိုမှတဖန် အိမ်ပြေးဘဝသို့၊ အိမ်ပြေးမှသည် ခေတ်မမီသော တိုင်းရင်းသားပိုင် အလုပ်ရုံတွင် ထမင်းစား ကျွန်ခံဘဝသို့၊ ယင်းမှသည် ကူလီဘဝသို့၊ ကူလီမှသည် ခေတ်မမီသော အင်္ဂလိပ်ပိုင် ဝါဂွမ်းစက်ရုံကြီးတွင် အလုပ်သမားဘဝသို့ ရောက်ခဲ့ပုံ တွေ့ရသည်။  မူနူးသည် အောက်လွှာတွင် ကျက်စားပြီး အပေါ်လွှာ၏ ခြယ်လှယ်သွေးစုပ်မှု အဝဝကို ဖော်ပြထားသည်။

အောက်လွှာတွင် ဟိန္ဒူမွတ်စလင်ဘာသာ အယူဝါဒကွဲခြင်း၊ ဇာတ်ကွဲခြင်း၊ လူမျိုးကွဲခြင်း၊ အရင်းအမြစ်မရှိပုံကို ဖော်ပြထားသည်။ လူသားအားလုံးအတွက် ကွဲနေသည်မှာ အောက်လွှာနှင့် အထက်လွှာသာဖြစ်ကြောင်း တွေ့ရသည်။  အောက်လွှာသည် လူများစု ဖြစ်ကြောင်း၊ ထိုလူများစု၏ လွတ်လပ်ရေးအတွက် အောက်လွှာတို့သည် ဘာသာအယူဝါဒ၊ ဇာတ်လူမျိုး ကွဲမှုတွေ ကျော်နင်း၍ ကြိုးပမ်းရမည် ဖြစ်ကြောင်း ဖတ်ရင်း ဖတ်ရင်း သဘောပေါက်လာစေပေသည်။

ဤဝတ္ထုကို ဖတ်ရင်း ကျွန်တော်တို့သည် အင်္ဂလိပ်ကျွန်ဘဝက မွေးမြူခဲ့ကြသည့် ကုလားမုန်းတီးရေး စိတ်ဓါတ် ပျောက်ကွယ်နိုင်ပေသည်။  အိန္ဒိယဆင်းရဲသား လူထုကြီးကို ချစ်တတ်ပေလိမ့်မည်။  အိန္ဒိယ ဆင်းရဲသား လူထုကြီး၏ ဘဝလွတ်မြောက်ရေး တိုက်ပွဲများတွင် စိတ်ဝင်စားလာပေလိမ့်မည်။

အာနန်သည် ဝတ္ထုကို အင်္ဂလိပ်လို ရေးသူ ဖြစ်သည်။  ဆင်း၇ဲသား လူထုအား လေ့လာကာ အပြင်မှနေ ရေးရသော ပညာရှင် လူတန်းစားတဦးသာ ဖြစ်သည်။  ထို့ကြောင့် ဆင်းရဲသား လူထုကြားမှ ပေါက်ဖွားလာသော ဂေါ်ကီတို့လို 'သရုပ်ဖော်' စာရေးဆရာ အဆင့်အတန်းကို မမီသော်လည်း ဆင်း၇ဲသား လူထုကို လှောင်ပြောင်သရော်သော၊ ဆင်းရဲသားလူထုဘဝကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေသော အပြင်ပမှ ပညာရှင် စာရေးဆရာမျိုး မဟုတ်ပေ။  ဆင်းရဲသား လူထုနှင့် တသားတည်း ဆက်မနေသည့်တိုင် ဆင်းရဲသားလူထု ဘက်သားပင် ဖြစ်သည်။  ထို့အပြင် အိန္ဒိယပြည်၏ နယ်ချဲ့ပဒေသရာဇ် စနစ်ဟောင်းကို အကြင်နာကင်းမဲ့စွာ ဖော်ထုတ် ရှုတ်ချသူ ဖြစ်ပေသည်။

ဘာသာပြန်သူ ကျော်အောင်နှင့် ပတ်သက်၍ အနည်းငယ် ပြောလိုသည်။

စာရေးဆရာအနေနှင့် ဘဝနှင့် အကြောင်းအရာများကို နိုင်နင်းသူ၊ သရုပ်မှန် ဖော်ပြနိုင်သူ ဖြစ်သည်။  သို့သော် စာပေအရေးအသားမှာ တောက်ပြောင်ခြင်း မရှိလှ (ဝါ) စာရေးဆရာအတတ်တွင် ကျွမ်းကျင်မှု လိုသေးသည်။  ထို့ကြောင့် ဘာသာပြန်သော အခါ၌ မပြေမပြစ်ရှိမှုများ တွေ့ရသည်။  ဘာသာပြန်ခြင်းမှာ 'ရွက်ကြမ်းရေကျို' သာ ဖြစ်နေသည်။

သို့သော် ကျော်အောင်၏ ထုံးစံအတိုင်း ဘဝအခြေအနေနှင့် အကြောင်းအရာများကို သစ္စာရှိစွာ ဖော်ပြနိုင်သော ဘာသာပြန် ဖြစ်ပေရကား ကျွန်တော်တို့ လိုရင်းဖြစ်သည့် အိန္ဒိယအကြောင်းကို ဗမာက သိရေး၌ အထူးကျေးဇူးကြီးပါပေကြောင်း ဖော်ပြရပေသတည်း။



စတာလင်ဆုရ အိန္ဒိယစာရေးဆရာကြီး
မုလ်ခ်ရပ်ခ်ျအာနန် ၏ ကူလီ ဝတ္ထုကို
ကျော်အောင်ဘာသာပြန် ကူလီစာအုပ်မှ အမှာစာ
၁၉၅၄ နိုဝင်ဘာ (ပ) နှိပ်၊ ရိုက်နှိပ် ဗမာအမျိုးသမီးပုံနှိပ်တိုက်
ဖြန့်ချိ ဗမာအမျိုးသမီးစာပေဖြန့်ချိရေး

[ဆရာကြီး သိန်းဖေမြင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ထုတ်ဝေတဲ့ "သိန်းဖေမြင့် - မဆလ သမ္မတပုဆိုးဖိုး နှင့် ကောက်သင်းကောက်စာများ"  စာအုပ်မှ ကူးယူဖော်ပြပါတယ်။]