Tuesday, January 6, 2015

ကျမ်းဦးစကား ရေးသူ သိန်းဖေမြင့်

[အောင်လင်း - အနုပဋိလောမအဖွင့် ဒု(ကြိမ်) ၁၉၅၅ မေ အတွက် သိန်းဖေမြင့်ရဲ့ ကျမ်းဦးစကား]


ကျမ်းဦးစကား


အနုပဋိလောမရုပ်ဝါဒနှင့် ရာဇဝင်ရေးရုပ်ဝါဒ  ပညာရပ်သည်  မြားနှင့်တူ၏။  တိုင်းပြည်တပြည်၊ လူမျိုးတမျိုး သို့မဟုတ် ပြသနာတရပ်သည် ပစ်ကွင်းနှင့် တူ၏။  ပစ်ကွင်းကို တည့်မှန်အောင် မြားနှင့် ပစ်နိုင်မှ ကျွမ်းကျင်သော မြားသမား မည်နိုင်သကဲ့သို့၊ တိုင်းပြည်တပြည်၊ လူမျိုးတမျိုး သို့မဟုတ် ပြသနာတရပ်ကို တည့်မှန်အောင် အနုပဋိလောမ ရုပ်ဝါဒဖြင့် ချဉ်းကပ်နိုင်မှ တကယ့် မာက်စ်ဝါသမား မည်နိုင်ပေသည်။

ယနေ့ ဗမာပြည်တွင် မာ့က်စ်ဝါဒသမားဖြစ်အောင် ကြိုးစားနေသူ အများအပြား ရှိပေသည်။  သူတို့သည် ရိုးသားစွာ ကြိုးစားနေရိုးမှန်လျှင်  ဤ အနုပဋိလောမနှင့် ရာဇဝင်ရေးရုပ်ဝါဒကျမ်းကို စေ့စေ့စပ်စပ် အထပ်ထပ် လေ့လာအပ် ပေသည်။  ထိုမျှသာမကသေး၊  ယနေ့ ဗမာပြည်တွင် ကိုယ့်ကိုယ်ကို မာ့က်စ်ဝါဒသမားထင်ကာ ဟစ်အော် ကြွေးကြော်နေသူတွေလည်း ရှိသည်။  ဟစ်အော်ကြွေးကြော်ရုံမက မာ့က်စ်ဝါဒကို သူတို့အကျိုးငှာ ပြင်ဆင် သုံးစွဲ နေသူတို့လည်း ရှိသည်။  ထိုသို့သော သူအပေါင်းသည်လည်း ဤ ကျမ်းကို လေ့လာအပ်၏။  လေ့လာပြီး မိမိကိုယ်ကို မိမိထင်သလို မာ့က်စ်ဝါဒသမား ဟုတ်၏လောဟု စောကြောသင့်ပေသည်။  မာ့က်စ်ဝါဒကို ဘာမှန်းမသိဘဲ အရမ်းကာရော တိုက်ခတ်နေသူတို့သည်လည်း  ဤကျမ်းကို ကြည့်၍ ဘာမှန်းသိအောင် ကြိုးစားသင့်ပေသည်။  သို့မှ ယထာဘူတ ကျပေမည်။  အမှန်ကို ခံယူနိုင်ပေမည်။  သို့မဟုတ် မူမှန် သန့်ရှင်းသော သဘောကွဲလွဲမှုကို ရောက်ပေလိမ့်မည်။  သို့မဟုတ် နယ်ချဲ့မြေရှင် အရင်းရှင် စသည့်တို့က သူတို့ စည်းစိမ် တည်မြဲရေး အတွက် မာ့က်စ်ဝါဒသမားကို တိုက်ခတ်ရာတွင် သူတို့သည် ကစားစရာကလေးများ ဖြစ်နေပေလိမ့်မည်။

ဤ ကျမ်းမှာ ရဲဘော်ကြီး စတာလင် ရေးထားသော အနုပဋိလောမရုပ်ဝါဒနှင့် ရာဇဝင်ရေး ရုပ်ဝါဒကို ပင်ရင်းထား ပြီး  အဖွင့်အဖြေဋီကာတို့ဖြင့် စီရင်ထားသည်။  ပင်မ ပင်ရင်းဖြစ်သော ရဲဘော်စတာလင်၏ လက်ရာမှာကား အထူးပြောစရာမလို။  မာ့က်စ်ဝါဒဘဏ်တိုက်တွင် အတောက်ပြောင်ဆုံးသော ရတနာအဖြစ်ဖြင့် အသိအမှတ်ပြုပြီး ဖြစ်ကြလေသည်။  စတာလင်၏ သူမတူအောင် ရှင်းလင်းပြတ်သားမှုနှင့် တပြိုင်နက်တည်း စတာလင်၏ မနှိုင်းယှဉ်နိုင်သော နက်နဲမှုတို့ကို တွေ့ရပေသည်။  စတာလင်၏ ပင်ရင်းကျမ်းကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုချက် အမျိုးမျိုး ထွက်ပြီး ဖြစ်၏။  သို့သော် အောင်လင်း၏ အနုပဋိလောမရုပ်ဝါဒနှင့် ရာဇဝင်ရေး ရုပ်ဝါဒမှာ ယခင်ဘာသာပြန်များထက် သာလွန်အောင် ကြိုးပမ်းထားသည့်အပြင် အဖွင့်ဋီကာတို့ကလည်း တပန်းသာလျက် ရှိပေသည်။

ဤ ကျမ်းကို ဖတ်ရှုသူသည် ဆရာကောင်းတဦးထံမှောက်၌ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်၍ သင်တန်းတက်နေ ဘိသကဲ့သို့  စိတ်ဝင်စားမှု၊ ခံစားမှုနှင့် နားလည်းမှုများကို ရနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။



အနုပဋိလောမအဖွင့် ဒု(ကြိမ်) ၁၉၅၅ မေ။

No comments: