Tuesday, January 27, 2009

အိလျအာရင်ဘတ် (Ilya Ehrenberg)(၁၈၉၀-၁၉၆၇)
ရေးသူ- ဒဂုန်တာရာ


[၂၀၀၉ ခု၊ ဇန်န၀ါရီ ၂၆ မှာ၊ ကျရောက်တဲ့ Ilya Ehrenberg ရဲ့၊ ၁၁၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်၊ မာယာက ဒီဆောင်းပါးကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။]


စက်တင်ဘာလ (၁) ရက်နေ့ (၁၉၆၇) က နာမည်ကျော် ဆိုဗီယက်စာရေးဆရာ အိလျ အာရင်ဘတ် ကွယ်လွန်ကြောင်း ဆိုဗီယက်စာရေးဆရာသမဂ္ဂ ကျေညာချက်သတင်းကို 'စောင့်ကြပ်မှူး' အင်္ဂလိပ်သတင်းစာ၌ ဖတ်လိုက်ရသည်။ သတင်းမှာ မထင်မရှားနေရာမှ ဖော်ပြသဖြင့် လူများ သိပ်သိပုံမရကြ။ စာရေးဆရာများပင် မသိလိုက်ကြ။ တချို့ စာရေးဆရာ များမှာ ကျွန်တော်ပြောမှ အံ့သြနေကြပေသည်။


အာရင်ဘတ် ကွယ်လွန်သော သတင်းနှင့် အတူပင် အရှေ့ဂျာမဏီ ငြိမ်းချမ်းရေး ကော်မတီမှ စက်တင်ဘာလ (၁) ရက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆော်သြချက် ကျေညာစာတမ်း ကို သွားဖတ်မိလိုက်သည်။
ကျွန်တော်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုနှင့် ဆက်စပ်ကာ အာရင်ဘတ်ကို သတိရလိုက်မိသည်။ သူ၏ 'န၀မလှိုင်း' အမည်ရှိ ၀တ္ထုမျက်နှာဖုံးမှ ချိုးဖြူအလံတလွင့်လွင့်ဖြင့် လူထုကြီး ချီတက်နေပုံ ကားချပ်ကို မြင်ယောင်လာသည်။
အာရင်ဘတ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးနှင့် ဆက်စပ်နေသူ အနုပညာရှင် တယောက် ဖြစ်ပေသည်။
ကျွန်တော် အာရင်ဘတ်နှင့် တွေ့ဆုံမိခြင်းပင်လျင် ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးနှင့် ဆက်စပ်လျက်ရှိပေသည်။ ၁၉၅၁ က တရုတ်ပြည် ငြိမ်းချမ်းရေးကော်မတီနှင့် အခြား ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ပြည်သူ့အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်ဖြင့် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ခေါင်းဆောင်သော မိတ်ဆက်အဖွဲ့တွင် ပါဝင်ကာ တရုတ်ပြည်သို့ ရောက်ခဲ့ဘူး သည်။ ထိုအခါက ပီကင်းမြို့တွင် (၁၀) ရက်ခန့် ကြာခဲ့သည်။
တနေ့ ပီကင်း၌ နိုင်ငံတကာမှ ငြိမ်းချမ်းရေးကော်မတီဝင်များနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ပြဿနာများကို ဆွေးနွေးလျက်ရှိစဉ် ဆိုဗီယက်စာရေးဆရာတယောက်က မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့လိုပါသည်ဟု အကြောင်းကြားလာသည်။
ကျွန်တော်တို့သည် ဆွေးနွေပွဲပြီးလျင်ပင် တည်းခိုရာ ပီကင်းဟော်တယ်သို့ ပြန်ခဲ့ ကြသည်။ ဆိုဗီယက်စာရေးဆရာမှာ ကျွန်တော်တို့နှင့် တဟော်တယ်တည်း နေသူပင် ဖြစ်သည်။

(၂)
မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်စာရေးဆရာများနှင့် တွေ့လိုသော ဆိုဗီယက်စာရေးဆရာ မှာ အခြားမဟုတ်။ အိလျအာရင်ဘတ် ဖြစ်နေလေသည်။ ကျွန်တော်နှစ်သက်သော 'ပဲရစ်မြို့ကျဆုံးခန်း' [မြသန်းတင့်က 'ပါရီကျဆုံခန်း' အမည်ဖြင့် ၁၉-- က ဘာသာပြန်စာအုပ် ထွက်ဖူးတယ်- မာယာ။] ၀တ္ထုရေးသူပင်။ အာရင်ဘတ်နှင့် အခန်းကပ် တည်းခိုနေသူ ချီလီပြည်မှ ကဗျာဆရာ ပါဘလိုနီရူဒါက မိတ်ဆက်ပေး၍ သိရသည်။ နီရူဒါက အင်္ဂလိပ်ဘာသာ တတ်သူဖြစ်၍ စကားပြန်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်။
ကျွန်တော်တို့ ရောက်သွားသောအခါ အခန်းဝမှနေ၍ ကဗျာဆရာ နီရူဒါက ဆီးကြိုကာ 'အာရင်ဘတ်က မိတ်ဆွေများကို စောင့်နေပါတယ်-ကြွပါ' ဟု အင်္ဂလိပ်ဘာသာဖြင့် နှုတ်ဆက် ပြောဆိုသည်။ ကုလားထိုင်တွင် ထိုင်မိကြသောအခါ နီရူဒါက 'ပြင်သစ်စကားပြောပါသလား' ဟု မေးသည်။
'အင်္ဂလိပ်စကားပြောပါတယ်'
'ဒါဖြင့် ကျွန်တော်က စကားပြန်အဖြစ် ဆောင်ရွက်ပါမယ်'
ထို့နောက် နီရူဒါက အခန်းထဲရှိ အာရင်ဘတ်၊ သူ၏ဇနီး၊ နီရူဒါဇနီး စသည်တို့ဖြင့် မိတ်ဆက်ပေးသည်။ ကျွန်တော်ကလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ အမျိုးသမီး ပါလီမန် အမတ်၊ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ဥက္ကဌ ဒေါ်ခင်လှ တို့နှင့် အသီးသီး မိတ်ဖွဲ့ပေးလိုက်သည်။
အာရင်ဘတ်မှာ အသက် (၆၀)ခန့် ရှိ၍ အသားကနီနီ၊ ဆံပင်မှာ ရှည်၍ ပျော့အိဖြူလွလွ၊ နှင်းဝတ်သရဖူ ဆောင်းထားသည်။ ကိုယ်နေကိုယ်ဟန်မှာ ခပ်ကိုင်းကိုင်း၊ မျက်လုံးမှာ တစုံတရာကို စူးစိုက်ငေးကြည့်နေသည့်အသွင်၊ စကားပြောသောအခါ လူကို တိုက်ရိုက် မကြည့်ဘဲ အရှေ့သို့ စူးစိုက်ကာ၊ ဝေးလံသောအရပ်ဒေသ တခုခုဆီသို့ မြှော်ငေးကြည့်နေသလို၊ ခပ်ကြောင်ကြောင်၊ ခပ်စင်းစင်း၊ သူသည် ဘယ်အရပ်သို့ စိုက်ငေးနေသလဲ။ အတိတ်သို့လား၊ အနာဂတ်သို့လား၊ လူအသိရခက်သော လျှို့ ၀ှက်ချက်များဖြင့် မှိုင်းဝေရီနေ၏။ သူသည် မီးခိုးရောင် သက္ကလပ်အင်္ကျီကို ၀တ်ထားသည်။ သူ၏ အမူအရာမှာ ခပ်မှုန်မှုန် ခပ်မှိုင်းမှိုင်း၊ ကျွန်တော်စိတ်ထဲတွင် လျှို့ ၀ှက်ချက်များဖြင့် ပြွမ်းသော ကဗျာဆရာကြီးနှင့် ပိုတူနေသည်ဟု ခံစားနေမိသည်။ တကယ်ကလည်း သူသည် ငယ်စဉ်က ကဗျာဆရာ ဖြစ်သည်။ သူ၏၀တ္ထုများထဲမှ ဇာတ်ကောင်များနှင့်လည်း မတူ။ သူ၏ နာမည်ကျော် 'မုန်တိုင်း' ၀တ္ထုထဲမှ ဆာဂီမှာ သွက်လက်လှုပ်ရှား၏။ တက်ကြွ၏။ သို့သော် စကားပြောသောအခါမူ စူးရှချွန်ထက်၍ မြှားကဲ့သို့ လေးကိုင်းမှ ခါထွက်လာ၏။ သူသည် ၀တ္ထုရေးဆရာကြီး တယောက်ဖြစ်သည်။
နီရူဒါမှာ ကဗျာဆရာဖြစ်သော်လည်း အာရင်ဘတ်လောက် ကဗျာဆရာနှင့်မတူ။ နီရူဒါမှာ အသက် (၄၅)နှစ်ခန့်ရှိ၍ အရပ်အမောင်းကောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် ကြီးမားတောင့်တင်းသည်။ မျက်နှာထားချိုသည်။ သူ့ဇနီးမှာလည်း သူကဲ့သို့ပင် မျက်နှာထား ချိုချို၊ ပြုံးမြမြ ဖော်ရွေသည်။ သူမသည် ဂါဝန်အစိမ်းရင့်ကြီး ၀တ်ထားသည်။
အာရင်ဘတ်၏ဇနီးမှာ ဂါဝန်အ၀ါဖျော့ဖျော့ဝတ်၍ လည်တွင် ပုလဲကုံးဆွဲထားသည်။ သူမသည် ပြင်သစ်စကားတတ်သည်။ အာရင်ဘတ်မှာ ဥရောပတခွင် ပြဲပြဲစင် လည်ဘူး၊ နေဘူး သည်။ ပြင်သစ်တွင်ကား နှစ်ပေါင်းများစွာ နေသည်။ သူ၏ 'ပဲရစ်မြို့ကျဆုံးခန်း' ၀တ္ထုမှာ စစ်မဖြစ်မီ ခေတ်ကာလ ပဲရစ်မြို့သရုပ်ပေါ်သည်ဟု ထင်ရှားပေသည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဖက်ဆစ်များ ကြွထလာသောကာလ၌ ပြင်သစ်ပြည်တွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်များ ပေါင်းကာ 'ညီညွတ်ရေးတပ်ပေါင်းစု' ဖွဲ့ကြသည်။ ထို့နောက် ယင်းညီညွတ်ရေး ပြိုကွဲသွားကာ နာဇီတို့ ၀င်လာကြသည်။ နာဇီတို့လက် ကျသွားသော ပဲရစ်မြို့တော်ကြီးကို မြင်လာမိသည်။ အာရင်ဘတ်သည်ပင်လျင် ပဲရစ်မြို့ကျချိန်၌ သူသည် ပဲရစ်တွင် ရှိနေပေသည်။
'လူတယောက်မျှ မရှိတော့။ ပဲရစ်မြို့ မဟုတ်တော့ပြီ။ ပွန်ပီ (ရောမခေတ်က ပျက်စီးသွား သော မြို့) ဖြစ်နေပေပြီ။ မိုးမဲကြီး ရွာသွန်းနေ၏။ ရေနံများ အားလုံး မီးရှို့ခဲ့ကြသည်။ လမ်းဒေါင့်၌ အမျိုးသမီးကလေးသည် ခြေကျိုးသော စစ်သားကို ဖက်ထား၏။ သူမ၏ ပါးပြင်မှ မျက်ရည်မဲများ ကျဆင်းလာသည်' စသည်ဖြင့် သူ့အတ္ထုပ္ပတိ 'စစ်ဖြစ်စ' ၌ ဖွဲ့နွဲ့ထားပေသည်။
အာရင်ဘတ်မှာ ယူကရိန်းပြည်သား ရေ၀တီစပ် ဖြစ်ကြောင်း၊ သူ့အတ္ထုပ္ပတိစာအုပ်၌ ဖတ်ရသည်။ ငယ်စဉ်ဘ၀က မော်စကို၌ ကြီးပြင်းခဲ့သည်။ သူသည် အထက်တန်းကျောင်းသို့ပင် မရောက်ပေ။ သန်းခေါင်စာရင်းကောက်သော အမျိုးသမီးလေးက 'ဆရာကြီးရဲ့ ပညာရေး' ဟု မေးပြီး ပုံစံစာရွက်၌ ဖြည့်မည်ပြုသောအခါ အာရင်ဘတ်က 'အလယ်တန်း၊ အလယ်တန်း တောင် မအောင်ပါဘူး' ဟုဖြေသည်။
ကောင်မလေးက မျက်နှာပျက်ကာ 'ကျမ လေးလေးနက်နက် မေးနေပါတယ်ရှင်'
'ကျုပ်ကလဲ လေးလေးနက်နက် ဖြေနေတာပါဘဲ'
'ကျမကို ရယ်စရာ မလုပ်ပါနဲ့၊ ကျမ ဆရာကြီးစာပေတွေ ဖတ်နေတာပါ။ သန်းခေါင် စာရင်းဟာ အရေးကြီးတဲ့ နိုင်ငံတော်အစိုးရ ကိစ္စရပ်ပါ၊ ဘာဖြစ်လို့ ကျမကို ကောင်းကောင်း မပြောချင်ရတာလဲရှင်'
အမျိုးသမီးလေးသည် အစော်ကားခံရသည်ဟု ယူဆကာ ထွက်သွားသည်ဟု သူ၏စာအုပ်၌ ရေးသည်ကို ဖတ်ရဘူးသည်။ အာရင်ဘတ်သည် ကျောင်းပညာဘက်၌ အထက်တန်း မရောက်သော်လည်း ငယ်စဉ်ကတည်းက စာပေ၊ အနုပညာဗီဇလေးကား မျိုးစေ့ တည်လာခဲ့သူ ဖြစ်သည်။ အလယ်တန်းကျောင်းသားဘ၀က 'ရောင်ခြည်သစ်' လက်ရေးမဂ္ဂဇင်း ၌ စာတည်းအဖြစ် ဆောင်ရွက်ခဲ့ပေသည်။ သူ၏ ကဗျာစာအုပ်မှာ အသက် ၁၉နှစ်အရွယ်က ပြင်သစ်ပြည်၌ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူ့ငွေဖြင့်သူ ပုံနှိပ်ခြင်းဖြစ်သည်။ ရုရှပြည်ရှိ ကဗျာဆရာ များထံသို့ စာတိုက်မှ ပို့သည်။ ဆိုင်၌ကား စာအုပ် ၁၆ အုပ်သာ ရောင်းရသည်။ စာအုပ်ထွက်ပြီး မကြာမီ သူ့သမီးဦးကလေး မွေးသည်။ သူ၏ အနုပညာ အသီးအပွင့်နှင့် လူ့ဘ၀၏ အသီးအပွင့်ကား ဆက်စပ်နှောင်ဖွဲ့လျက် ရှိပေသည်။
ကြီးလာသောအခါမူကား အာရင်ဘတ်သည် စကားပြေများသာ အရေးများလေသည်။ သူ အသက် ၃၀ အရွယ်က ထုတ်ဝေသော 'ဂျူလီယိုဂျူရင်းနိုတိုး' ၀တ္ထုကား ကျွန်တော် မဖတ်ဖူးပေ။ ယင်းဝတ္ထုကြောင့်ပင် အာရင်ဘတ်သည် ကျော်ကြားကာ စာရေးဆရာအဖြစ် အောင်မြင်လာခြင်း ဖြစ်ပေသည်။

(၃)
အာရင်ဘတ်က ပန်းစိုက်အိုးကို စူးစိုက်ငေးကြည့်ကာ ဆေးပြင်းလိပ်ကို ဖွာလျက် 'နေ့လည်စာ ကျွန်တော်တို့နဲ့အတူ သုံးဆောင်ပါ' ဟု ဆိုသည်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက 'မိတ်ဆွေဖြစ်ပေါ့ကွာ' ဟု ကျွန်တော့်ဘက်လှည့်ကာ ပြောလိုက်သည်။
အခန်းထဲ၌ပင် စားရန် နေ့လည်စာများကို မှာလိုက်သည်။
အာရင်ဘတ်မှာ မြန်မာစာပေအကြောင်း မေးသည်။ သူသည် မြန်မာစာပေကို စိတ်ဝင်စားသည်။ ထိုအခါက ကျွန်တော်မှာ အသက် (၃၀) အရွယ် ရှိနေသည်။ သူက ခေတ်သစ်စာပေအကြောင်း ကျွန်တော့်အား မေးနေသည်။ ကျွန်တော်ကလည်း တတ်နိုင် သလောက် အကျဉ်းရုံးကာ ပြောပြရသည်။
'ယခုခေတ်သစ် မြန်မာဝတ္ထုတွေက အဘယ်အကြောင်းအရာတွေကို အခြေခံရေးကြ သလဲ' ဟု သူက မေးသည်။ အရင်းရှင်လူ့ဘောင်အောက်ရှိ မြန်မာစာရေးဆရာများ ရင်ဆိုင်ရသော ပြဿနာများကို အမြွက်လောက် ရှင်းပြလိုက်သည်။
'ခင်ဗျား ကဗျာတွေ ၀တ္ထုတွေ ရေးတော့ ဘယ်ဘာသာနဲ့ ရေးသလဲ၊ အင်္ဂလိပ်လို ရေးသလား' ဟု အာရင်ဘတ်က ကျွန်တော့်အား မေးသည်။ ကျွန်တော်က မြန်မာဘာသာဖြင့် ရေးကြောင်း ပြောပြရသည်။
နီရူဒါက သူ၏ဇနီးဘက်သို့ လှည့်ကာ 'မြန်မာတွေက အင်္ဂလိပ်စာ တတ်ကြတယ်' ဟု ဆိုပြီး တဖန် ကျွန်တော့်အား 'ခင်ဗျား ဘယ်မှာ ပညာသင်သလဲ၊ အင်္ဂလန်မှာလား'
'မဟုတ်ပါဘူး၊ မြန်မာပြည်ပါ'
နီရူဒါက ဆက်လက်ကာ 'ကျွန်တော်က ရန်ကုန်မှာ တနှစ်ကျော်ကျော်လောက် နေဘူးတယ်၊ ဒါကြောင့် မြန်မာပြည်သားတွေနဲ့ စကားပြောရတာ ၀မ်းသာတယ်'
သူ့ဇနီးသည်က သူ့ကို ကြည့်၍ ပြုံးနေသည်။
'၁၉၂၇ လောက်က ရန်ကုန်မှာ ချီလီကောင်စစ်ဝန်အဖြစ်နဲ့ နေဘူးတယ်' ဟု အတိတ်ကို သတိရဟန်ဖြင့် သူက ဖြေလိုက်သည်။
'အဲဒီတုန်းက ဘယ်မှာနေသလဲ'
နီရူဒါက တွေလျက် 'ကလားဘတ်စတီးမှာနေတယ်၊ အိမ်ကကြည့်လိုက်ယင် ရွှေရောင် ၀င်းနေတဲ့ ရွှေတိဂုံစေတီကြီးကို လှမ်းမြင်ရတယ်'
အာရင်ဘတ်၏ဇနီးက မြန်မာအမျိုးသမီးများအကြောင်း မေးရင်း နီရူဒါက ဆံထုံးနှင့် သနပ်ခါးမှာ မြန်မာအမျိုးသမီးများ၏ ချစ်စဖွယ်အင်္ဂါရပ်များ ဖြစ်ကြောင်း ပြောပြနေသည်။ နီရူဒါ နေခဲ့သောခေတ်မှာ ဆံထုံးကြီး ခေတ်ဖြစ်သည်။
နီရူဒါနှင့် ကျွန်တော်တို့ စကားကောင်းနေကြခိုက်၊ နီရူဒါ၏ဇနီးက ခရင်းကို ကိုင်ရင်း စကားအမျှင်မပြတ်သော ကျွန်တော့်ဘက်လှည့်ကာ 'မြန်မာကဗျာဆရာ စားပါဦး၊ နီရူဒါနဲ့ချည့် စကားပြောမနေနဲ့လေ' ဟုပြောပြီး တဖန် နီရူဒါဘက်လှည့်လျက် 'နီရူဒါ- ဒီက မြန်မာမိတ်ဆွေ အစာ, စားပါစေဦးလားကွယ်' ဟု ပြောနေသည်။ သူမက ရင်းနှီးစွာပင် ပြောဆိုသည်။
'မြန်မာပြည်မှာ တနှစ်ကြာပေမယ့် ဘယ်မှ မရောက်လှပါဘူး၊ ပဲခူးနဲ့ မော်လမြိုင်ဘဲ ရောက်ဘူးတယ်၊ မြန်မာပြည်ဟာ သာယာလှပတယ်၊ လူတွေက သဘောကောင်းတယ်၊ ရိုးသားတယ်၊ ဖော်ရွေတယ်၊ သင်္ကြန်ရေပက်တာ သိပ်ပျော်ရွှင်စရာကောင်းတယ်'
ကျွန်တော်က ဖြတ်လျက် 'အဲဒီတုန်းက ကဗျာတွေ ရေးနေပြီလား'
နီရူဒါ၏ ဇနီးက 'သူ့ကဗျာတွေဟာ သည်လောက်ကျော်ကြားခြင်း မရှိသေးပါဘူး၊ ကဗျာတွေကလဲ အချစ်ကဗျာတွေပါ ရှင်' ဟု ရယ်မော၍ ပြောနေ၏။
'ရွှေရောင်လို လှပ၀င်းတောက်တဲ့ ပိတောက်ပန်းကို သတိရတယ်' ဟု နီရူဒါက မြန်မာပြည်ကို တသလျက် ရှိသည်။ သူက 'ဘဒေါက်' ဟု ပိတောက်ပန်းကို ပြီပြီသသ ခေါ်သည်။ သူသည် အာရင်ဘတ်ဘက် လှည့်ကာ ပိတောက်ပန်း၏ အလှအပအကြောင်းကို ရှင်းပြနေသည်။
အာရင်ဘတ်က ကျွန်တော့်အား မှေးစင်းသော အကြည့်ဖြင့် ကြည့်ကာ 'ခင်ဗျားကော ပိတောက်ပန်းအကြောင်း ကဗျာရေးသလား'
ကျွန်တော်က ပိတောက်ပန်းကဗျာ (၂) ပုဒ် ဖွဲ့ဘူးကြောင်း၊ မြန်မာကဗျာဆရာဆိုလျှင် ပိတောက်ပန်းဘွဲ့ မဖွဲ့နွဲ့သူ မရှိကြောင်း ပြောပြရသည်။ ကျွန်တော်က ၁၉၄၈ လောက်က ရေးသော 'ပဌမ ပိတောက်ကဗျာ' ကို အကျဉ်းရုံး ဘာသာပြန် ပြောပြရသည်။
ထို့နောက် ကဗျာအကြောင်း ရောက်သွားသည်။ နီရူဒါနှင့် ကျွန်တော်မှာ ကာရန်လွတ်လပ်ရေးနှင့် အကြောင်းအရာအကြောင်း ဆွေးနွေးမိကြသည်။
နီရူဒါ၏ ဇနီးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းဘက်လှည့်ကာ 'အခုလို အသက်အရွယ်ကြီးတဲ့ မြန်မာကဗျာဆရာကြီးနဲ့ တွေ့ရတာ သိပ်ဝမ်းသာပါတယ်၊ ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ ဆရာကြီးကို တောင်းပန်ပါတယ်'
အကြိမ်ကြိမ် တောင်းပန်သော်လည်း ဆရာကြီးက ရွတ်ဆိုမပြချေ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကျွန်တော့်အားပြုံးကာ 'မဟုတ်တာကွာ၊ ဆရာမဆိုတတ်ပါဘူး၊ ကလေးကလား'
ကျွန်တော်က ယနေ့ခေတ်၌ ကဗျာကို အသံအနေအထားဖြင့် ရွတ်ဆိုခြင်းအလေ့ မရှိကြောင်း၊ ဖတ်ရန်သာ ရေးကြကြောင်း ရှင်းပြသည်။
အာရင်ဘတ်က ဆရာကြီးအား ရုရှားပြည်မှ ကော့ဆက်အမျိုးသား အဖိုးကြီးနှင့် တူကြောင်း ပြောပြလေသည်။
ထို့နောက် အာရင်ဘတ်က ရုရှားမှလာသော ငါးဥကလေးများကို စားရန်ပြောသည်။ ကျွန်တော်တို့လည်း ငါးသေတ္တာနံ့ရှိသော မဲမဲငါးဥအလုံးကလေးများကို ပေါင်မုံ့နှင့် စားလိုက်ကြသည်။ အနီရောင် ငါးဥများ ထပ်မှာပြန်သည်။ ဥရောပ၌ကား 'ကေဗားရ်' ခေါ် ငါးဥများမှာ အဖိုးတန်၍ ဆင်းရဲသားများ အရသာမခံတတ်ဟု အဆိုရှိသည်။
ယင်း ငါးဥများကို စားရင်း အာရင်ဘတ်က မြန်မာပြည် ငြိမ်းချမ်းရေးလှုပ်ရှားမှု အကြောင်းကို မေးမြန်းနေလေသည်။ အာရင်ဘတ်နှင့် နီရူဒါမှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု၌ တောက်လျှောက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာသူများ ဖြစ်ကြသည်။ အာရင်ဘတ်မှာ ကွယ်လွန်သည့်နေ့အထိ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဒုတိယ ဥက္ကဌဖြစ်ပေသည်။

ပထမပိုင်းပြီး။
[စာဖတ်သူတို့ ငြီးငွေ့မည် စိုးသဖြင့် မာယာက မူရင်းဆောင်းပါးကို တ၀က်ခွဲကာ နှစ်ပိုင်း ဖော်ပြခြင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမယ်။]

Monday, January 26, 2009

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး{၂}

ဒီလိုနဲ့ ဆရာကြီးနဲ့အတူ (၅)ဆောင်မှာနေရင်း ၁၉၉၃၊ နိုဝင်ဘာ၊ ၁၉ ရက်မှာ ဆရာကြီး အသက်(၆ဝ) ပြည့်တယ်။ (၆ဝ) ပြည့်အမှတ်တရအနေနဲ့ သူကဗျာတစ်ပုဒ်ဖွဲ့တယ်။ ကဗျာကတိုတိုလေးပါ။ ဒါပေမဲ့ ဒီ ကဗျာလေးဟာ သူအကျဉ်းခံကာလမှာ ပထမဆုံး ဖွဲ့တဲ့ကဗျာလေးလို့ ပြောပါတယ်။
''ငါကွ၊ ငါဟ
ဘာကမှ ရှာမရ
မာန ပြာကျ
စာနာမျှသည်
လငပုတ်ဖမ်း လွတ်ခဲ့ပြီ...''တဲ့။ ဒါပါပဲ။ ဒီကဗျာလေးကို ကျနော်နဲ့အတူ တခြား ရဲဘော်တွေကိုလည်း ရွတ်ပြတယ်။ အပြင်ထုတ်ထားချင်တယ်လို့လည်းပြောတယ်။ ခက်တာက အဲဒီကာလ ထောင်တွင်း အခြေအနေက အနေအထိုင်တော်တော်ကြပ်တဲ့ကာလ။ စာအုပ်ဖတ်ခွင့် အရှင်းမရှိ။ စာရေးဖို့ ဆိုတာ ဝေးရော။ စာရွက်ဆိုရင် ထောင်ဝင်စာမုန့်ထုပ်ထဲပါတဲ့ တံဆိပ်တောင် ဖောက်ထုတ်ထားကြတာ။ ကျနော်တို့လက်ထဲ ဘောပင်တစ်ချောင်းမိရင် သေနတ်တလက်မိသလောက်ကို အပြစ်ကြီးတာ။ အဲဒီကာ လမှာ သူ့ကဗျာကို အပြင်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှိနေတယ်။


ဒါပေမဲ့ အင်းစိန် မှာနေတဲ့ ရိုးရိုး အကျဉ်းသားတစ်ယောက် လွတ်ရက်စေ့ခါနီးပြီ။ သူ့ကို အကျိုးအကြောင်းပြောပြပြီး သူ့အင်္ကျီချုပ်ရိုး ကြောင်းထဲ သူရှာပေးတဲ့မှင်တံလေးနဲ့ ခြစ်ခြစ်ကုတ်ကုတ်ရေးပြီး ထည့်လိုက်တယ်။ သူလွတ်တော့ အဲဒီ့ အင်္ကျီဝတ်ပြီးထွက်သွားလေရဲ့။ နောက် ဆရာကြီးမိသားစုထောင်ဝင်စာလာတော့ အဲဒီ့ကဗျာလေး အိမ် ရောက်သွားပြီဆိုတော့ တော်တော်ဝမ်းသာသွားကြတယ်။ ဒါပေမဲ့ ၁၉၉၇ ကျနော် လွတ်တော့ ဆရာကြီး ကဗျာစာအုပ်ထုတ်တဲ့အထဲ အဲဒီကဗျာလေးပါတာ မတွေ့ဘူး။ ဒါနဲ့ဆရာကြီးကိုမေးကြည့်တော့ သူက ''အေး..ဒီကဗျာလေး အသိမ်းလွန်ပြီးပျောက်နေတယ်။ ငါလည်း မမှတ်မိတော့ဘူး'' တဲ့။ ကျနော် အလွတ်ရသေးတယ်ဆိုတော့ သူဝမ်းသာအားရ ရေးမှတ်သွားတယ်။ အဲဒီအချိန်အနားမှာ ကိုယဉ်မင်းပိုက် ရှိနေတော့ ဆရာကြီးက သူ့ကို ကဗျာလေးပြပြီး နောက်တစ်ခါ ထပ်ရိုက်ရင်ထည့်ရအောင်လို့ ပြောလိုက် တယ်။ ခုထိ ထည့်ဖြစ်၊ မထည့်ဖြစ် ကျနော်မသိဘူး။

ဒီလို ဆရာကြီးနဲ့ (၅) ဆောင်မှာ အတူနေကြတုန်း မှတ်မှတ်ရရလေးတစ်ခု ဖြစ်ခဲ့သေးတယ်။ ၁၉၉၄၊ သြဂုတ်လလောက်မှာ ထင်ပါရဲ့။ အဲဒီတုန်းက ဆရာကြီးနဲ့ကျနော်နေရတာ အခန်းမတူဘူး။ သူက (၃)၊ ကျနော်က (၄)ခန်း။ တစ်ခန်းထဲအတူတူနေရဖို့ ဆရာကြီးရော၊ကျနော်ရော ထောင်မှူးစောထွန်းကို အကြိမ်ကြိမ်တင်ပြကြပေမဲ့ မရခဲ့ဘူး။ ထောက်လှမ်းရေးတင်ပြရဦးမယ်တို့၊ ရုံးချုပ်ထိတင်ရမှာတို့နဲ့ အကြောင်းအမျိုးမျိုးပြခဲ့တာ(၁) နှစ်ကျော်ကျော်ရှိပြီ။

တစ်နေ့တော့ (၄) ခန်းမှာအတူတူနေတဲ့ ကိုကိုကြီး(မြမန္တလာ)နဲ့ ကိုကျော်ငွေတို့ “Food Poison” ဖြစ်ကြတယ်။ အန်လဲအန်၊ ဝမ်းလည်းသွား ကြတယ်။ ဖြစ်တဲ့ အချိန်က တန်းပိတ်ပြီး ည (၇)နာရီလောက်မှာဖြစ်တာ။ အဲဒီနေ့ကတောင် အသား အစား ငါးကြော်ကျွေး တဲ့နေ့။ (တစ်ပတ်မှာ တစ်ခါကျွေးတာ။) ညနေခင်း ငါးကြော်နဲ့ထမင်းစားကြ တော့ ငါးကအပေါ်ယံကျက် ပေမဲ့ အတွင်းပိုင်းမကျက်ဘူး။ သွေးစသွေးနလေးတွေ တွေ့ရတယ်။ အဲဒါစားလို့ (အခန့်လဲမသင့်လို့) ခုလိုဖြစ် တာပါ။ ဒါကိုတာဝန်ကျဝန်ထမ်းခေါ်ပြီး ဆေးရုံအကြောင်း ကြား ပေးဖို့ပြောလိုက်တော့ ထောင်မှူးစောထွန်း ရောက်ချလာပြီး ''မင်းတို့က အစားအသောက်မှ မဆင်ခြင်ကြတာ၊ အခုတော့ ဟိုလူကယ်ပါ၊ ဒီလူကယ်ပါ နဲ့ ဇာတ်လမ်းကိုရှုတ်တယ်..'' ဆိုပြီး အော်ကြီး ဟစ်ကျယ် လုပ်ပါတော့တယ်။

ကျနော်လည်း ထောင်းကနဲ့ ဒေါသထွက်သွားပြီး ''ထောင်မှူး - ခင်ဗျား ဘာသိလို့ ပြောနေတာလဲ။ အခုဖြစ်တာ အစားသောင်းကျန်းလို့ မဟုတ်ဘူး။ ခင်ဗျားတို့ထောင်က ပေးတဲ့ငါးကြော် မကျက်လို့ဖြစ်တာ။ အပိုတွေလျှောက်ပြောမနေနဲ့။ အရေး ကြီးတာ ဆေးရုံအမြန်ပို့ပေး'' လို့ပြောချလိုက်တယ်။ ထောင်းမှူးစောထွန်းကလည်းမခံဘူး။ ''မင်းက ငါ့ကို ပြန်ပြောရအောင် ဘာကောင်မို့လို့လဲ။ အကျဉ်းသားက ငါ့ကို ဘာမှပြန်ပြောစရာမရှိဘူး။ မင်းကိုအရေးယူ လိုက်လို့ရ တယ်။ အခုထုတ်ရိုက်ပစ်လိုက်မယ်..'' ဘာညာဆိုပြီး ရှူးရှူးရှားရှားပြန်အော်တယ်။ ကျနော် ကလည်း ''အကျဉ်းသားလဲလူပဲ။ ခင်ဗျားသတ္တိရှိရင်ထုတ်ရိုက်စမ်းပါ။ သတ်ပစ်လို့ရတယ်။ ကျုပ်ကလုံးဝ ဂရုစိုက် တဲ့ကောင်မဟုတ်ဘူး။ ခင်ဗျားတို့ဘက်ကမှားတာကို ကာကွယ်ချင်တာနဲ့ ဟိုဟိုဒီဒီအပြစ်လျှောက်ဖို့ချင် သေးတယ်။ အခုဆေးရုံအမြန်အကြောင်းကြားပေး..''ဆိုပြီး စိတ်ထဲရှိရာဖောက်ခွဲပစ်လိုက်တယ်။ ပြီး တော့ ဆက်ပြီး ဝုန်းဒိုင်းကြဲလိုက်တော့ ထောင်မှူးထွက်သွားတယ်။

ကိုကိုကြီးတို့အခြေအနေက ဆက်တိုက် အန်၊ ဝမ်းလည်းသွားဆိုတော့ တော်တော်ပင်ပန်း နွမ်းနယ် နေပြီ။ အဲဒါကို စိုးရိမ်တာရော၊ လူကိုနိုင့်ထက်စီး နင်းလာဟောက်တာကိုရောကြောင့် ကျနော်ဒေါသ အထွတ်အထိပ်ဖြစ်နေတာ။ လူပေါင်း (၁၂ဝ)လောက်ရှိ တဲ့ ကျနော်တို့အခန်းလည်း အားလုံးတိတ်ဆိတ်နေကြတယ်။ ဟိုဖက် ဆရာကြီးတို့အခန်းကတောင် ကျနော် နဲ့ထောင်မှူး အပြန်အလှန်အော်ဟစ်နေကြတာကို အတိုင်းသား ကြားနေရတယ်။ ခဏနေတော့ ဝန်ထမ်း တွေရောက်လာကြပြီး ကျနော့်ကို စားမတတ်၊ ဝါးမတတ် ဝိုင်းကြည့်နေကြတယ်။ တောက်တခတ်ခတ်၊ တုတ်တကိုင်ကိုင်နဲ့။ ကျနော်လည်းမထူးဘူးဆိုပြီး ''အရေးပေါ်လူနာ၊ အရေးပေါ်လူနာ..''ဆိုပြီး ဆက် တိုက် အသံကုန်ဟစ်အော်နေလိုက်တယ်။ ဒီတော့မှ တံခါးလာဖွင့်ပြီး ကိုကိုကြီးတို့ကို ဆေးရုံခေါ်သွား တယ်။ ဆေးရုံရောက်ပြီး အငံရည်သွင်းပြီး သက်သာ သွားတယ်လို့ နောက်ပိုင်းပြန်သိရတယ်။

နောက်တစ်နေ့မနက် တန်းဖွင့်ဖွင့်ချင်း ဆရာကြီး ကျနော့်ဆီရောက်လာတယ်။ ညကဖြစ်ပျက်ပုံမေးလို့ ကျနော်အသေးစိတ်ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ ''ညက ထောင်မှူးအတော်ရှက်သွားတယ်။ မင်းကို အရေးယူမယ်လို့ ပြောသံကြားတယ်'' လို့ သူ မျက်နှာမသာမယာနဲ့ ပြောတယ်။ ကျနော်က
''ယူပစေ၊ ဂရုမစိုက်ဘူး။ ဒီကိစ္စ ကျနော်လုံးဝမမှားဘူး။ သူတို့လည်းမှားသေးတယ်။ ကျနော်လည်း အရေးယူခံရ အုံးမယ်ဆိုတော့ ဒါလုံးဝ သဘာဝမကျဘူး။ ကျနော်ရတဲ့နည်းနဲ့ ရင်ဆိုင်မယ်'' လို့ပြော လိုက်တော့ ဆရာကြီးက ''ဖြစ်စဉ်ကတော့ မင်းမမှားဘူးဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ သူတို့က လုပ် ပိုင်ခွင့် ရှိနေတော့ အန္တရာယ်ပေးနိုင်တယ်။ ပြဿနာတစ်ခုက မှန်ရုံတင် မပြီးသေးဘူးလေ။ လုပ်နည်း လုပ်ဟန် လိုသေးတာ ကိုး။ ညကဆို ငါအတော်စိုးရိမ်သွားတယ်။ မင်းကို သူတို့ထုတ်ရိုက် ကြတော့ မှာလား။ စစ်ခွေးတိုက်ပဲ ပို့ပစ် လိုက်တော့မှာလားလို့ ပူမိတယ်။ ငါပြောချင်တာက ပြဿနာကို ဒေါသနဲ့ မဖြေရှင်းပါနဲ့။ ဒေါသပါရင် ကိုယ့်ဘက်က မှန်နေဦးတော့ ကွဲစရာရှိရင် ကိုယ်ကကွဲမှာ။ ပြီးတော့ ကိုယ်က လက်မဲ့၊ သူတို့က လက်ရှိ၊ ဒါကြောင့် .. '' သူ့စကားမဆုံးသေးဘူး၊ ကျနော်ကဖြတ်ပြီး ''ကွဲပစေ..ကြိုက်သလောက်ကွဲ..ကျနော် ဘက်ကမှန်နေသ၍ ကွဲရုံမကဘူး၊ သေမှာတောင် ဂရုမစိုက် ဘူး။ ပြောသမျှမှားမှားမှန်မှန် ခေါင်းငုံခံနေရင် ကျနော်ထောင်ထဲတောင် ရောက်စရာအကြောင်းမရှိဘူး။ ကိုယ့်ထမင်းကိုယ်စား ကျောင်းတက်ပြီး အေးအေးလူလူနေလို့ရတယ်။ မမှန်တာကြီးကို ခေါင်းငုံ့ မခံနိုင် လို့ ထောင်ထဲရောက်လာတာ။ အကျဉ်းသားလာ ဖြစ်နေရတာ။ လက်ညှိုးထောင်၊ ခေါင်းညိမ့်၊ ပေးတာ ယူ၊ ကျွေးတာစားတွေအထဲ ကျနော်မပါဘူး”လို့ ဒေါသစိတ်နဲ့ ပြန်ပြောချလိုက်တယ်။ ဆရာကြီးမျက်နှာ တချက်မဲ့ခနဲဖြစ်သွားတယ်။

ကျနော်ကို သေသေ ချာချာစိုက်ကြည့်ပြီး ''မင်းက အကဲဆတ်လွန်းတယ် ကွာ၊ ခုကိစ္စမင်းမှားတယ်လို့ ငါမပြောသေးဘူး။ ဒါပေမဲ့ ဖြေရှင်းပုံက ပရိယာယ်မဲ့ရာကျလွန်းတယ်။ အရာရာထိပ်တိုက်ရင်ဆိုင်နေလို့ အကျိုးမရှိဘူး။ တချို့ကိစ္စ တွေမှာ နောက်တစ်လှမ်းဆုတ်တယ် ဆိုတာ အရှုံးပေးတာမဟုတ်ဘူး။ လိုအပ်ရင် နောက်ထပ်ဆုတ်ချင် ဆုတ်ရဦးမယ်။ အဲဒါအောင်မြင် ဖို့အတွက် ကိုယ့်ကို ကိုယ်ပြင်ဆင်တာပဲ။ မလိုအပ်ဘဲ အထိအခိုက်မဖြစ်အောင် ရှောင်တဲ့သဘောပဲ'' လို့ သူ့အသံကို ထိန်းပြီးပြောနေတယ်။ ကျနော် ညကဖြစ်ခဲ့တဲ့ဒေါသတွေ ရုတ်ချည်းပြန်ပေါ်လာတယ်။ ဒါပေမဲ့ ဖြစ်ရမှာက ဆရာကြီးကို။ သူ့နေရာမှာ တစ်ခြားတစ်ယောက်ဆို သေချာတယ်။ ကျနော့်ရင်ထဲ ရှိတာ ဖောက်ခွဲပစ်လိုက်မိမှာပဲ။ ''ခင်ဗျားတို့လူကြီးဆိုတာတွေ အသက်တွေ ကြီး၊ အဖိုးကြီးတွေဖြစ်လာ တာနဲ့အမျှ သွေးကြောင်လာကြတယ်။ ဟိုဟာရှောင်၊ ဒီဟာရှောင်နဲ့ ရှောင်ရင်း ရှောင်ရင်း ဘာမှလုပ် စရာ မရှိတော့အောင် အနင်းခံနေကြရပြီ။ အဲဒါတွေ ခင်ဗျားတို့တွေဝေနေကြလို့ ဖြစ် တာ။ ခင်ဗျားတို့ တာဝန်ရှိတယ်..'' ဘယ်သို့ ဘယ်ညာဆိုပြီး စိတ်လွတ်ကိုယ်လွတ်ပြောပစ်လိုက်မှာ အမှန်ပဲ။ ဒါပေမဲ့ ဒါတွေ ဆရာကြီးကို ကျနော်မပြောဖြစ်ခဲ့ပါဘူး။ ရင်ထဲကပြောချင်ခဲ့စကားတွေ မျိုသိပ် ထားရတော့ မျက်နှာကတင်းမာနေမှာ သေချာတယ်။ ဒါကိုဆရာကြီးရိပ်စားမိတယ်နဲ့တူတယ်။ ကျနော့်ပုခုံး ကိုပုတ်ပြီး ''ကဲ..ကဲ မျက်နှာသွားသစ်ရအောင်၊ ပြီးမှ အေးအေးဆေးဆေးပြောတာပေါ့''လို့ပြောတယ်။

ကျနော်လည်း မျက်နှာသစ်ပြီး ဆရာကြီးဆီမသွားတော့ဘဲ တောင်ယာထဲ ဆင်းခဲ့တယ်။ သွားချင်စိတ်၊ ပြောချင်စိတ်လည်း မရှိတော့ဘူး။ ဖြစ်စဉ်တစ်ခုလုံး ကျနော်မှန်နေရက်နဲ့ ဆရာကြီးနားမလည်နိုင်တာ ကို ဝမ်းနည်းနေတာ။ ခဏနေတော့ ဆရာကြီး ရုံးခန်းထဲက ပြန်ထွက်လာပြီး ကျနော်ရှိရာ တောင်ယာ ထဲလိုက် လာတယ်။ သူ့မျက်နှာက မနက်တုန်းကလို ညှိုးမနေတော့ဘဲ ဝမ်းသာတဲ့အရိပ်အယောင် တွေ တွေ့နေရတယ်။ ကျနော့်ကိုတွေ့တွေ့ချင်း ထုံးစံအတိုင်း ''ဟေ့..ခွေးကောင်..လာ ..မင်းငါ့အခန်း ပြောင်းလို့ ရပြီ။ ခုပဲထောင်မှူးကပြောင်းခွင့်ပြုလိုက်တာ'' ဆိုပြီး တကယ့်ကို ဝမ်းဝမ်းသာသာနဲ့ ပြော တာပါ။ ကျနော့် စိတ်ထဲ ထင့်ကနဲဖြစ်သွားတယ်။ ထောင်မှူးစောထွန်း အညှာကိုင်လိုက်ပြီပဲ။

ထောင်မှာ အပြစ်ပေးတဲ့ပုံစံ အမျိုးမျိုး ရှိတယ်။ အခန်းပြောင်းပြစ်ဒဏ်၊ အဆောင်ပြောင်းတိုက်ပိတ်၊ ဒေါက်၊ ခြေကျင်း ခတ်ဆိုပြီး ပြစ်ဒဏ်တွေရှိတယ်။ အခု ကျနော့်ကို အခန်းပြောင်းပြစ်ဒဏ်ဆိုပြီး လုပ်ချ လိုက်တာပဲ။ ဒါ သဘာဝမကျဘူး။ တကယ်ဆို ကျနော်တို့အခန်းပြောင်းပြီး ဆရာကြီးနဲ့တူတူနေဖို့ နှစ်ယောက်လုံးအကြိမ်ကြိမ် တင်ပြခဲ့ဖူးပြီပဲ။ ခွင့်မပြုခဲ့ဘူး။ ခုကျမှ သူ့ကိုပြန်ပြောလို့ ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ အခန်းပြောင်း ဆိုပြီး လုပ်လိုက်တဲ့သဘောပဲ။ ဒါကို ကျနော် လက်သင့်ခံလို့ မဖြစ်ဘူး။ ဆရာကြီးကတော့ ရိုးရိုးလေးတွေးပြီး ကျနော်တို့အတူနေခွင့် ရလို့ ဝမ်းသာနေတာ။ ကျနော်အခန်း မပြောင်းတော့ဘူးလို့ ပြောလိုက်တော့ ဆရာကြီး အံ့အားသင့်သွားတယ်။ ဘာလို့လဲလို့ မေးတယ်။ ခုနက ကျနော်စဉ်းစားခဲ့သလို ကျနော်မြင်တဲ့ရှုထောင့်ကနေ အကျိုးအကြောင်း ရှင်းပြလိုက်တယ်။ ဆရာကြီး ခဏငြိမ်သွားတယ်။ ပြီးမှ ''မဟုတ်ဘူးလေကွာ။ အခုဟာက သူ့ ဟာသူ ဘယ်လိုပဲလုပ်လုပ် မင်းနဲ့ငါ အတူနေချင်တာ နေခွင့်ရပြီလေ။ လက်ငင်းအကျိုးပဲ။ အခန်းပြောင်းဖို့ သာ လုပ်ပါကွာ'' တဲ့။ ကျနော်စိတ်ထဲ ကြေကွဲသွားမိတယ်။

''မဟုတ်သေးဘူးဆရာကြီး။ ကျနော်မမှားဘဲ အပြစ်ဒဏ်နဲ့ အခန်းပြောင်းရတာမျိုးက အဓိပ္ပါယ်မရှိဘူး။ အများအမြင်မှာ ထောင်မှူးကို ပြန်ပြောလို့ အပြစ်ဒဏ် ခံရတယ်ဆိုတာမျိုးက အလားအလာ မကောင်းဘူး။ နောက်ဆို ကိုယ့်ဘက်ကမှန်နေရက်နဲ့ ဘာ မှ ပြန်မပြောရဲဘဲ ခေါင်းငုံခံနေရမယ့်ကိန်း ဆိုက်နေပြီ။ ဒါကြောင့် ကျနော်မပြောင်းနိုင်ဘူး။ အဲလိုမပြောင်း လို့ဖြစ်လာမယ့် အကျိုးဆက်တွေ အတွက် ကျနော်ခံမယ်'' လို့ ပြန်ပြောလိုက်တယ်။ ''မင်း ရှုထောင့်က ကြည့်ရင်မှန်ပါတယ်။ ဒါပေမဲ့ ခုဟာက ပြစ်ဒဏ်နဲ့ ပြောင်းတာလို့ဆိုရင်တောင် တို့ဘက်က အတူနေခွင့်ရတဲ့အကျိုးတောင် ရှိသေးတယ်။ ဒီထက်ပိုပြီး ပြစ်ဒဏ်ခတ်တာဆိုရင်တော့ ထားပါတော့။ တဖက်မှာလဲ ထိပ်တိုက်တိုးမိပြီး အဆောင်ပြောင်း၊ တိုက်ပိတ်၊ ထောင်ပြောင်းဆိုရင် ဘယ်နှယ့်လုပ် မလဲ။ ငါ့ဆန္ဒကတော့ မင်းကို ငါ့မျက်စိရှေ့မှာ ဆိုးဆိုးဝါးဝါးဖြစ်တာမျိုးမတွေ့ချင်ဘူးကွာ။ အထူးသဖြင့် တို့တွေမလွတ်မြောက်ခင် မှာအတူတူနေသွားချင်တယ်။ အဲဒါင့ါဆန္ဒပဲ'' တဲ့။ ကျနော်ဆရာကြီးကို ဘာမှာမပြောတော့ဘူး။ မြေကြီး ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ကျနော့်ရှေ့တည့်တည့်က အုတ်နံရံကိုငေးကြည့်နေမိတယ်။

သူလည်း ဘာမှထပ်မပြောတော့ဘဲ ဒီအတိုင်းထိုင်နေတယ်။ အဲဒီအချိန်မှာ ကျနော့်အခန်းက အခန်းလူကြီး(တန်းစီး) ရောက်လာပြီး ကျနော့်ကို ထောင်မှူးက အခန်းပြောင်းဖို့ပြောကြောင်း လာပြောတယ်။ ကျနော် ဆတ်ကနဲ တစ်ချက်လှည့်ကြည့်လိုက်ပြီး ''ခင်ဗျားတို့ထောင်မှူးကိုပြောလိုက်။ ကျုပ်အခန်းမပြောင်းနိုင်ဘူးလို့...။ ကျုပ်မမှားဘဲနဲ့ ပြစ်ဒဏ် ခတ်တာမျိုးဆိုရင် မခံဘူး။ ကြိုက်တဲ့နေရာတင် ကျုပ်ရင်ဆိုင်မယ်။ ခင်ဗျား ထောင်မှူးကို အဲဒီ အတိုင်းသတင်းပို့လိုက်'' လို့ ခပ်မာမာပြောလွှတ်လိုက်တယ်။ တန်းစီးလည်း ဘာမှမပြောဘဲ လှည့်ပြန်သွားတယ်။ ဆရာကြီးက သူ့နောက်လိုက်သွားဖို့ဟန် ပြင်နေတာနဲ့ ကျနော်က ''ဆရာကြီး လိုက်မသွားနဲ့။ ဒီကိစ္စ ဆရာကြီးသက်သာသလိုနေပါ။ ဖြစ်သမျှ ကျနော်ရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးပြီ'' လို့ ပြော လိုက်တယ်။ ဆရာကြီးက လောလောဆယ် စိတ်လိုက်မာန်ပါမဆုံးဖြတ်ဖို့၊ အခုရေချိုးပြီး အေးအေးဆေးဆေးနေဖို့၊ နေ့လည် (၂)နာရီ တန်းဖွင့်မှ ဆက်ပြောကြဖို့ပြောပြီး သူ့အခန်း ပြန်သွားပါတယ်။

ကျနော်လည်း ရေချိုးထမင်းစားပြီး တနေ့လည်လုံး အပြန်ပြန်အလှန်လှန်စဉ်းစားကြည့်တယ်။ ဖြစ်စဉ် တခုလုံးကိုခြုံကြည့်ရင် ကျနော့်ဘက်က လုံးဝမမှားတာသေချာတယ်။ တခြားရဲဘော်တွေကလည်း ကျနော်မှန်ကြောင်း၊ အခန်းမပြောင်းသင့်ကြောင်း၊ ဒီအတိုင်းတောင့်ခံထားသင့်ကြောင်း ဝိုင်းပြော ကြတယ်။ ခက်နေတာက ဆရာကြီး။ သူက တခြားကိစ္စတွေမှာသာ ဝင်ပါလေ့မရှိတာ။ အခုကိစ္စ ကျနော်နဲ့တိုက်ရိုက် ပတ်သက်နေတော့ သူကိုယ်တိုင် ထောင်မှူးနဲ့စကားပြောပြီး ထဲထဲဝင်ဝင် ပါဝင်ပတ်သတ်နေတယ်။ သူ ကျနော့် အပေါ် ဘယ်လောက်သံယောဇဉ်ကြီးတယ်။ စေတနာကြီးတယ် ဆိုတာ ကျနော့်နှလုံးသားထဲက သိနေ တယ်။ ကျနော့်အကျိုးအတွက် ခုလို သူဝင်ပါနေတယ် ဆိုတာ လည်း ကျနော်သိတယ်။ ဒါပေမဲ့ တဖက်က အမှန်တရားနဲ့ဆိုင်တဲ့ကိစ္စ၊ မတရားမှုကို ခေါင်းငုံမခံဘဲ တွန်းလှန်နေတဲ့ကိစ္စ၊ နောက်ပြီး ဒါဟာ ကျနော် တစ်ဦးတည်းနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ ဘယ်လောက် မှန်မှန် ထောင်အာဏာပိုင်ကို ခံပြောရင် ပြစ်ဒဏ်ခံရမယ်ဆိုတဲ့ အစဉ်အလာဖြစ်သွားမှာ စိုးရတယ်။ ပိုဆိုးတာက ဒီထက်ပိုတဲ့အပြစ်ဒဏ်ခံရမှာကြောက်လို့ အခန်းပြောင်းပြစ်ဒဏ်ပဲ ကျေကျေနပ်နပ် ခံယူသွားတယ်လို့ အမြင်ခံရမယ့်သဘောရှိနေတာပဲ။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ''အမှန်တရားနဲ့ ဂုဏ်သိက္ခာ'' ကတဖက်၊ ''မေတ္တာတရား''ကတဖက် အပြင်းအထန်လွန်ဆွဲ နေတယ်ဆိုတာ တွေ့ရ တယ်။

''ဘယ်လိုပဲဖြစ်ဖြစ် ငါမပြောင်းဘူးကွာ။ ဖြစ်ချင်တာဖြစ်စမ်း'' ဆိုပြီး ဆုံး ဖြတ်ကြည့်တယ်။ ဆရာကြီးမျက်နှာ ဘွားကနဲပေါ်လာတယ်။ ဒီလိုဆို သူအကြီးအကျယ် စိတ်ထိခိုက်သွား နိုင်တယ်။ ကျနော် ဘယ်လိုဆုံးဖြတ်ရမှန်းမသိတော့ဘူး။ ခေါင်းထဲလဲ ထူပူပြီး ရှုတ်ယှက်ခတ်နေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျနော်အပြီးသတ် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ရင်ထဲက ဆစ်ခနဲပူသွားတာ အမှန်ပဲ။ ထာဝရအမှန်တရားမဟုတ်တဲ့ သမုတိအမှန်တရားနဲ့ မေတ္တာတရား ထိပ်တိုက်ရင်ဆိုင်ရ တဲ့ပွဲမှာ ဘယ်ဖက်ကိုအလေးပေးသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး အဲဒီတုန်းကချမှတ်နိုင်ခဲ့တာ အခုပြန်တွေးကြည့် တော့ ကိုယ့်ကို ကိုယ်တောင် အံ့သြမိတယ်။

နေ့လည် (၂) နာရီ တန်းဖွင့်တော့ ကျနော်ဆရာကြီးစီ တန်းတန်းမတ်မတ်သွားလိုက်တယ်။ ဆရာကြီး က အိပ်ယာထဲလှဲနေတုန်းရှိသေးတယ်။ ကျနော့်ကိုမြင်မှ ထထိုင်လိုက်တယ်။ သူစကားစ ရှာရင်း ကျနော်မျက်နှာကို လှမ်းအကဲခတ်နေတယ်။ အဲဒီအချိန်မှာပဲ ကျနော်က ''အခန်းပြောင်းဖို့ ကျနော် ဆုံးဖြတ်လိုက်ပြီ'' လို့ ဗြုန်းစားကြီးပြောချလိုက်တော့ သူအံ့သြလွန်းလို့ နှုတ်ကတောင် ''ဟေ''လို့ ထွက်သွားတယ်။ မျက်နှာလည်း ဝင်းကနဲဖြစ်သွားပြီး ''ခွေးကောင်..ငါဝမ်းသာတယ် ..အခုပဲ ပြောင်း တော့ကွာ''တဲ့။ သူအံ့သြမယ်ဆိုလဲ အံ့သြလောက်တယ်လေ။

နောက်မှ သူပြန်ပြောလို့သိရတာ တစ်နေ့လည်လုံး သူစဉ်းစားကြည့်တာ ကျနော် အခန်းပြောင်းမယ့်ပုံ လုံးဝမရှိဘူး။ အသက် (၁၆) နှစ်လောက်နဲ့ မိဘအသိုင်းအဝိုင်းကို ကျောခိုင်းပြီး တောခိုသွားတဲ့သူ၊ ခေါင်းမာမာနဲ့ ကိုယ်မှန်တယ် ထင်ရာစွတ်လုပ်မယ့်သူ၊ ခုလည်း မှန်တယ်လို့ ရပ်ခံထားပြီး လုံးဝလျှော့မယ့်အရိပ်အရောင်မရှိဘူး။ ဒါကြောင့် (၂)နာရီထိုးရင် ပြစ်ဒဏ်နဲ့ပြောင်းတာ မဟုတ်ဘူးဆိုတာ ကျနော့်ကိုခေါ်ပြောဖို့ ထောင်မှူးကို သွားပြောမယ်လို့ စိတ်ကူးထားတာတဲ့လေ။ အခုကျမှ ကျနော်က ဆိုင်းမဆင့် ဗုံမဆင့် အခန်းပြောင်းတော့မယ့်လို့ပြောတော့ သူအံ့သြသွားရ တော့တာပေါ့။ ''ကျနော်အခန်း ပြောင်းဖို့တော့ ဆုံးဖြတ်ပြီးပြီ။ ဒါပေမဲ့ ထောင်မှူးစောထွန်းနဲ့ သွားတွေ့ပြီး စကားတစ်ခွန်းနှစ်ခွန်း သွား ပြောဦးမယ်'' လို့ပြောတော့ ဆရာကြီးက ''ငါလည်းလိုက်တွေ့မယ်'' ဆိုပြီး ပြောပြောဆိုဆို ကျနော့်နောက် က လိုက်လာတယ်။ ကျနော်က မလိုက်ခဲ့ဖို့၊ ကျနော်ဖာသာ ကျနော်သွားပြောမယ်ဆိုတာ မရဘူး။ နောက် က အတင်းလိုက် လာတယ်။

ထောင်မှူးရုံးခန်းထဲဝင်တော့ ထောင်မှူးက ကျနော့်ကိုကျော်ကြည့်ပြီး နောက်ကဝင်လာတဲ့ဆရာကြီးကို ''ဦးတင်မိုး..လာထိုင်ပါ။ ဘာပြောစရာ ရှိလို့လဲ'' လို့မေးတယ်။ တစ်ခုခုဖြစ်မှာစိုးလို့သာ ဆရာကြီးက ကျနော့်နောက်လိုက်လာတာ။ ကျနော်ဘာပြောမယ်ဆိုတာ သူမသိဘူးလေ။ ဒါကြောင့် ကျနော်နဲ့ ထောင်မှူး ကို တလှည့်စီကြည့်ပြီး ယောင်နနဖြစ်နေတယ်။ ''ပြောမှာက ကျနော်ပါ။ တခြားမဟုတ်ဘူး။ ခု ကျနော့်ကို အခန်းပြောင်းဖို့ ထောင်မှူးကပြောတယ်လို့ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနေ့ညက ကျနော်ထောင်မှူး ကိုပြန်ပြောလို့ ပြစ်ဒဏ်အနေနဲ့ အခန်းရွှေ့တဲ့သဘောလို့ ကျနော်ယူဆတယ်။ ဒါပေမယ့် ကျနော်ပြောင်းမှာပါ။ ဒါကမပြောင်းဘဲနေရင် ဖြစ်လာစရာရှိတဲ့အကျိုးဆက်တွေကို စိုးရိမ်လို့၊ ကြောက်လို့ပြောင်းပေးတာတော့မဟုတ်ဘူး။ မနေ့ညကဖြစ်တဲ့ကိစ္စကလည်း ကျနော့်ဘက်က မှားတယ်လို့ လုံးဝမယူဆဘူး။ အခု ကျနော့်ရှေ့က ဆရာသမားလို၊ မိဘလို ဆရာကြီးတင်မိုးရဲ့ မျက်နှာကိုထောက်ပြီး အခန်းပြောင်းပေးလိုက်တာပဲ။ ကျနော်ပြောချင်တာ ဒါပါပဲ'' လို့ပြောပြီး ရုံးထဲကတန်းထွက်လာခဲ့တယ်။ ထောင်မှူးက နေပါဦး၊ ဘာညာနဲ့ပြောနေပါသေးတယ်။ ဒါပေမယ့် ကျနော်နောက်လှည့်မကြည့်တော့ဘူး။ တန်းထွက်လာခဲ့တယ်။ ဆရာကြီးကတော့ ကျန်ခဲ့ပြီး စကားစမြည် ပြောနေပါသေးတယ်။ ဒီလိုနဲ့ ဆရာကြီးနေတဲ့ (၃) ခန်းကို ရောက်သွားပြီး သူနဲ့ဘေးချင်း ကပ်အိပ်ရတယ်။ အခုဒီအကြောင်းကို ပြန်ပြောတော့ ဆရာကြီးရဲ့မေတ္တာကို ကျနော်အသိအမှတ်ပြု ခဲ့ပါလားဆိုတဲ့အသိနဲ့ ရင်ထဲနွေးနွေးလေး ခံစားလိုက်ရတယ်။

(၅) ဆောင် (၃) ခန်းမှာနေရင်း ဆရာကြီးနဲ့ကျနော်ကြားမှာ အမှတ်ရစရာလေးတစ်ခုဖြစ်ခဲ့သေးတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ၁၉၉၄၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ည။ ၁၉၉၅နှစ်သစ်ကို ကြိုဖို့ ဆရာကြီးနဲ့ ကျနော်တို့ ဝိုင်းဖွဲ့စကားပြောနေကြတယ်။ ကျနော်က ''ဆရာကြီးချောင်းတွေအရမ်းဆိုးနေတယ်။ ဆေး လိပ်ဖြတ်ပါလား''လို့ ကောက်ခါငင်ကာ ပြောလိုက်မိတယ်။ သူ နဲနဲတွေသွားတယ်။ ''အေး..ငါ့ အမျိုး သမီး ရှိတုန်းကကော၊ သမီးတွေကကော အားလုံး ငါ့ကို ဆေးလိပ်ဖြတ်ဖို့ချည်း ပြောကြတယ်။ ငါက ဆေးလိပ်နဲ့လက်ထပ်ပေါင်းသင်းလာတာ နှစ်ပေါင်းကြာလှပြီကွ။ ဖြတ်ဖို့လည်း အကြိမ်ကြိမ်ကြိုးစား ကြည့် ပါသေးတယ်။ မရဘူး။ ဆေးလိပ်မကောင်းဘူးဆိုတာ သိတယ်။ ဒါကြောင့် ကိုယ်နဲ့ရင်းနှီး သူတိုင်းကို ဆေးလိပ်မသောက်ဖို့ အမြဲပြောတာပဲ။ ငါကတော့ စွဲနေပြီ ဖြတ်ဖို့မလွယ်တော့ဘူး'' လို့ ပြောပါတယ်။ ကျနော်ကလည်း မလျှော့သေးဘူး.. ''ဆရာကြီးစကားကို ကျနော်အမြဲလိုလို နားထောင် ခဲ့တယ်နော်။ ဒီ အခန်းပြောင်းတဲ့ကိစ္စဆို အထင်အရှားပဲ။ ဘေးကြပ်နံကြပ်ကိစ္စမှာ ဆရာကြီးစိတ် ထိခိုက်မှာစိုးလို့ ဒီပြောင်းဖို့ဆုံးဖြတ်ခဲ့တာ ဆရာကြီးသိပါတယ်။ အခုလည်း ဆရာကြီးရဲ့ကျန်းမာရေး ကို ရှေ့ရှုပြီး ကျနော်တောင်းဆိုတာကို ဆရာကြီးအသိအမှတ်ပြုသင့်တယ်။ ခုတလော ဆရာကြီး ဆေးလိပ်တအားသောက်တယ်။ ဘယ်ခါ ကြည့်ကြည့် လက်ကြားထဲ ဆေးလိပ်ညှပ်လျှက်ပဲ။ ဒီအတိုင်း ဆို ဆရာကြီးရဲ့ကျန်းမာရေးမလွယ်ဘူး။ ခု တောင် ချောင်းတွေတအားဆိုးနေပြီ'' လို့ ထပ်ပြောလိုက် တော့ သူက ''သမီးတွေလည်း ထောင်ဝင်စာ လာတိုင်းဆေးလိပ်ဖြတ်ဖို့ပြောတယ်။ ငါလည်း ဖြတ်ဖို့ စဉ်းစားနေတာပဲ။ အခြေအနေပေးရင် ဖြတ်ကြည့်တာ ပေါ့''တဲ့။

''ဟာ..ဆရာကြီးကလည်း အခြေအနေ ပေးရင်ဆိုပြီး စောင့်နေရင် ဖြတ်ဖြစ်မှာမဟုတ်တော့ဘူး။ ဒီနေ့ဆို (၉၄)ရဲ့နောက်ဆုံးညပဲ။ (၉၅)နှစ်သစ် ရောက်ဖို့ နာရီပိုင်းပဲလိုတော့တာ။ ဒီတော့ အမှတ်တရအနေ နဲ့စဖြတ်ရင် မကောင်းဘူးလား''လို့ ကျနော်ကပြောတော့ ဘေးနားက ကိုအောင်ထွန်း (မ/ဥက္ကလာ)၊ ဝေမိုးနဲ့ တခြားရဲဘော်တွေက ကောင်းတယ်လို့ဝိုင်းပြောကြတော့ နောက်ဆုံး ဆရာကြီး ဆေးလိပ်ဖြတ်ဖို့ သဘောတူလိုက်တယ်။

''(၉၄) မကုန်ခင်သောက်မယ်ကွာ။ ည (၁၂)နာရီကျော်ပြီး ဟိုဘက်နှစ်သစ်ရောက်ရင် မသောက် တော့ဘူး'' လို့ပြောပြီး ဆေးလိပ်စဖြတ်ပါတော့တယ်။ တကယ်ဆို ဆရာကြီးဟာ သိပ်ချစ်ဖို့ကောင်း တယ်။ သူ့သမီးတွေဆန္ဒကိုဖြည့်ဖို့ အကြိမ်ကြိမ်အားယူနေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျနော် ကလည်း တွန်းအားတစ်ရပ်ပေးမိရက်သားဖြစ်သွားတော့ သူ သိပ်ကြိုက်တဲ့ဆေးလိပ်ကို ဖြတ်ဖို့ ကြိုးစားခဲ့ တာလေ။ အဲဒီရက်တွေအတွင်း ဆရာကြီး သိပ်သနားဖို့ကောင်းတယ်။ အရင်လို ရွှင်ရွှင် လန်းလန်းမရှိဘူး။ ငေါင်နေတတ်တယ်။ သူအရမ်းကို ခံရခက်နေတာလေ။ ကျနော်ကိုတွေ့တိုင်း ဆေးလိပ်ဖြတ်တာ ဘယ်နှစ် ရက်ရှိပြီနော်၊ ဘာညာနဲ့ပြောတတ်တယ်။ ထောင်ဝင်စာတွေ့ပြီး ပြန်လာ တော့လည်း သူဆေးလိပ်ဖြတ်တာ သမီးတွေအရမ်းဝမ်းသာနေကြတယ်ဆိုပြီး တခုတ်တရပြောတတ် သေးတာ။ ဒါပေမဲ့ သူအရမ်းခံစားနေရတာ သိသာတယ်။

ကြိတ်မှိတ်ခံနေတာသိလို့ တစ်ခါတော့ ကျနော်က ''ဆရာကြီးအရမ်းခံစားနေရရင် အာရုံ ပြောင်းသွားအောင်ကွမ်းလေးဘာလေးငုံပါလား။ မြန်မာအဖိုးကြီး၊ အဖွားကြီးတွေ ကွမ်းတမြုံ့မြုံ့နဲ့ ကျန်းမာနေကြတာပဲ။ ဆေးလိပ်နဲ့စာရင် ကွမ်းက အန္တရာယ်ကင်းလောက်ပါတယ်လို့ ပြောမိတော့ ဆရာ ကြီးက ''ဟာ..ခွေးကောင်.. ငါ..သွားတစ် ချောင်းမှမရှိဘဲ ဘယ်လိုကွမ်းဝါးရမလဲ''လို့ ပြောတော့ ဝိုင်း ရယ်ကြရသေးတယ်။ ဆရာကြီးသွားတွေ ဘယ်လိုဖြစ်ကုန်တာလဲ၊ ဘာလို့ပြန်မစိုက်ဘဲ ဒီအတိုင်းထားရ တာလဲလို့ ကျနော်တစ်ခါက သူ့ကိုမေးဖူးတယ်။ ''မင်းလိုကောင်တွေ ငါ့ဒုက္ခပေးသွားကြတာကွ။ သွား ကောလိပ်ကျောင်းသား တွေပေါ့။ သူတို့လက်တည့်စမ်းချင်တာလား မသိပါဘူး။ ငါ့တွေ့တိုင်း ဆရာ့သွား တွေမကောင်းဘူး။ ကျနော်တို့နှုတ်ပေးမယ်၊ ပြီးမှ ပြန်စိုက်ပေးမယ်၊ ရှယ်လုပ်ပေးမယ်ချည်းပြောနေကြတာ၊ ငါလည်း အဟုတ်မှတ်တာပေါ့။ နှုတ်ပေါ့လေ။ ပြီးတော့ ဒီကောင်တွေကျောင်းဆင်းလို့ နယ်တွေရောက်သွားကြပြီး တကောင်မှပြန်ပေါ်မလာကြဘူး။ အဲဒီလိုတစ်ယောက်ကလာနှုတ်လိုက်၊ ပြန်စိုက်ပေးမယ် ပြောပြီး ပျောက်သွားလိုက်နဲ့ ငါ့သွားတွေသာ ကုန်သွားတယ်။ ခွေးကောင်တွေ ဘယ်ရောက်ကုန် တယ်မသိဘူး။ ငါ လည်းသွားစိုက်ဖို့ သူတို့ကိုတမျှော်မျှော်နဲ့ ထောင်ထဲရောက်လာတဲ့အထိ မင်းအမြင်ပဲ ။ တစ်ချောင်းမှကို မရှိ တော့ဘူး'' လို့ရယ်ရယ်မောမောပြောဖူးတယ်။

ဆရာကြီးက အဲဒီလိုလူစားမျိုးပါ။ ကျနော်နဲ့နေစဉ်တလျှောက် တစ်ခါမှဒေါသထွက်တာမတွေ့ခဲ့ဖူးဘူး။ ဘယ်သူ့ကိုမှလည်း မကောင်း ပြောတာမကြားခဲ့ရဖူးဘူး။ သူ စွဲစွဲမြဲမြဲလက်ကိုင်ထားတဲ့ဝါဒက ''အကောင်းမြင်'' ဝါဒလေ။ ဘယ်လောက်ဆိုးတဲ့လူဖြစ်ပါစေ ကောင်း ကွက်တော့ ရှိစမြဲပဲလို့ သူကခံယူထားတာ။ သူသူငါငါ ရှာတွေ့ ဖို့ခက်တဲ့ အဲဒီ့ မဆိုစလောက် ကောင်းကွက် လေးကို သူကအမြဲရှာတွေ့တတ်စမြဲပဲ။ ဒါကြောင့် ထင်ပါ ရဲ့။ ကျနော့်လိုဂျစ်ကပ်ကပ်၊ ခပ်ရိုင်းရိုင်း၊ ခပ်ဆိုးဆိုးကောင်ကို သူလာပြီး သံယောဇဉ်ဖြစ်နေတာနေမှာ။ နောက် ဆရာကြီးရဲ့ထူးခြားချက်က မျက်လုံးပဲ။ ကျနော့်အထင်ပါ။ သူ့မျက်လုံးက အပြစ်ကင်းတဲ့ ကလေး လေး တယောက်ရဲ့မျက်လုံးတွေလိုပဲ၊ ရွှင်လန်း တက်ကြွနေတတ်တယ်။ အရောင်လက်နေ ပြီး တစ်ခုခုကိုအမြဲစူးစမ်းနေတတ်တဲ့မျက်လုံးတွေ။ ဆံပင်တွေ ဖြူ၊ သွားတွေတစ်ချောင်းမှမရှိလို့ ခန္ဓာကိုယ်တစ်ခုလုံးအိုမင်းရင့်ရော်နေပေမဲ့ ဆရာကြီးရဲ့မျက်လုံးတွေက အမြဲနုဖပ်၊ ပြုံးရွှင်၊ ချိုမြ နေတတ်တာ။ ဆရာကြီးကွယ်ရာမှာ ရဲဘော်တချို့က အောင်ထွန်းလေးလို့ ချစ်စနိုး ခေါ်ကြသေးတယ်။ အဲဒီလိုခေါ်ကြတဲ့အကြောင်း ကျနော်ကပြောပြတော့ သူက စိတ်မဆိုးဘဲရယ်တောင် နေလိုက်သေး တယ်။

တခါတလေ သူရေချိုးတာနဲ့ကြုံရင် ကျနော်က 'ဂျီး' တွန်းပေးတတ်တယ်။ သူ့ဗိုက် က ဖောင်းဖောင်းကားကားကြီး။ အဲဒီဗိုက်ကြီးရဲ့ခလယ်တည့်တည့်မှာ စူထွက်နေတဲ့ ''ချက်''ကြီး ရှိတယ်။ ဘုသီးကြီးတစ်ခုတင်ထားသလိုပဲ။ ကျနော်က ဆရာကြီးကိုစချင်ရင် အဲဒီချက်ကြီးကို လက်ညှိုးနဲ့ ဖိတွန်းပြီး ကလိသွားထိုးတယ်။ အဲဒီအခါတွေဆို ဆရာကြီးက ''ဟာ..ဟေ့ကောင်..ခွေးကောင် ..ယားတယ် မ လုပ်နဲ့'' ဆိုပြီး အော်ဟစ်နေတော့တာ။ ကျနော်က ရယ်ပေါ့။ ဆရာကြီးက အရမ်းယား တတ်တာ။ သူ့ဗိုက် ကြီးကို လက်နဲ့သွားထိမိရင် ယားလို့ တွန့်ခနဲဖြစ်ဖြစ်သွားတတ်တယ်။ သူ့ကို ဘယ်သူမှ မစကြပါဘူး။ ကျနော်ပဲ အဲဒီလိုကလိထိုး သွားသွားစတာ။ သူ ဟက်ဟက်ပက်ပက် ရယ်တာကို ကြည့်ချင်လို့။ သူအဲဒီလို ရယ်ရင် မျက်လုံးနှစ်လုံးကပိတ်ပြီး ပျောက်သွားရော။ သွားတွေတစ်ချောင်းမှ မရှိတဲ့ပါးစပ်ကြီးက ဟလို့၊ တကယ့်ကို ချစ်စရာကြီး။ တစ်ခါတစ်လေ ကျနော်က ''ဆရာကြီး ကျနော်ကလေးမှမဟုတ်တော့တာ..'' လို့ပြောတော့ သူက ''ဘာရှက်စရာလဲကွ။ မင်းနဲ့ငါက သားအဖ၊ မြေးအဖိုးအရွယ်ပဲ'' လို့ပြန်ပြောတတ် တယ်။ ကျနော်က ''ဒါဆို ဆရာကြီးရဲ့ချက်ကြီးကို လည်း ကျနော့်လက်နဲ့အတင်းဖိမယ်'' လို့ပြောတော့ ''ဟာ..ခွေးကောင်'' ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်နေတော့တယ်။ တကယ့်ကိုဖြူစင်ပြီး ချစ်စရာကောင်း တဲ့ဆရာကြီးပါ။

နောက် သူနဲ့ကျနော့် ကြားမှာရှိတဲ့ဆက်သွယ်မှုက ကျနော်ထမင်းစားနေတာနဲ့ကြုံရင် ကျနော့်ထမင်းပန်းကန်ထဲက တစ်လုတ်၊ နှစ်လုတ် ဇွန်းနဲ့ခပ်စားတတ်တယ်။ တစ်ခါတစ်လေလည်း ကျနော် က လက်နဲ့ခွံ့ပေးရ တယ်။ ဘာဟင်းနဲ့စားစား ကောင်းကောင်း၊ မကောင်းကောင်း ကျနော်ထမင်းစားတာနဲ့ ကြုံလို့ကတော့ အနည်းဆုံးတစ်လုတ်လောက်စားလိုက်ရမှ ကျေနပ်တာ။ သူထမင်းစားတာနဲ့ကြုံရင်လည်း ကျနော်ကို ''ခွေးကောင်..လာဆိုပြီး'' အတင်းခွံ့ကျွေးတော့တာပဲ၊ မစားချင်ဘူးပြောလည်းမရဘူး။ အထူးသဖြင့် ဟင်းကောင်းတဲ့နေ့တွေဆို အတင်းကိုကျွေးတော့တာ။ အထဲမှာသိတဲ့အတိုင်း ''ကိုယ်တာ''နဲ့စားရ တော့ ဟင်းနည်းသွားမှာစိုးလို့ ကျနော်ငြင်းရင်မရဘူး။ အနည်းဆုံးတစ်လုတ်လောက်စားလိုက်မှ သူ ကျေ နပ်သွားတာ။ ကျနော်တို့အပြင်မှာ ပြန်ဆုံကြတော့ ''ငါအစားကောင်းစားတဲ့အခါတိုင်း မင်းကိုသတိရ တယ် ကွာ'' လို့ပြောခဲ့ဖူးတယ်။

အဲဒီလိုဆရာကြီး ဆေးလိပ်ဖြတ်ပြီး (၁)လလောက်ရှိတော့ တစ်နေ့မှာ ကိုအောင်ထွန်း (မ/ဥက္ကလာ)က ဆရာကြီးဆေးလိပ်ပြန်သောက်နေတာသိလားလို့ ကျနော့်ကို လာမေးတယ်။ ကျနော်တောင်ယာ လုပ်ရင်း တန်းလန်းကြီးဆိုတော့ လက်တွေခြေတွေမှာလည်း ရွှံ့တွေပေနေတယ်။ ကျနော်ကမသိ ပါဘူးပေါ့။ ကျနော် နဲ့အတူနေတာ ကျနော်သိတာပဲ။ သူပြန်မသောက်ပါဘူးလို့ ပြန်ပြောလိုက်တော့ ကိုအောင်ထွန်းက မယုံ ရင် ဟိုး ..ပြတင်းပေါက်နားမှာသွားကြည့်တဲ့။ ကျနော်သွားကြည့်တော့ သူပြောတဲ့နေရာမှာ ဆရာကြီးနဲ့ ကိုအောင်မင်းတို့ထိုင်နေကြတယ်။ သူတို့နှစ်ယောက်ကြားမှာ ဆေးလိပ်မီးခိုးတွေ တွေ့နေရတယ်။ ဒါပေမဲ့ မီးညှိထားတဲ့ဆေးလိပ်က ကိုအောင်မင်းလက်ကြားမှာ။

ကျနော့်ကိုတွေ့တော့ ဆရာကြီးက ဘာလဲလို့မေး တယ်။ ကျနော်က ဘာမှမဟုတ်ပါဘူး။ ဆရာကြီး တို့ဘာလုပ်နေတာလဲ လာကြည့်တာလို့ပြောတော့ သူက ဘာလုပ်နေရမှာလဲ။ စကားထိုင်ပြောနေတာ ပေါ့ကွလို့ ခပ်တည်တည်နဲ့ပြန်ပြောတယ်။ ကျနော့်စိတ်ထဲ မရှင်းဘူး။ ဆရာကြီးကြည့်ရတာ ဆေးလိပ် များ ပြန်သောက်နေပြီလားပေါ့။ ဒါနဲ့ နောက်တစ်နေ့မှာ ဆရာကြီးနဲ့ကိုအောင်မင်းတို့ ထိုင်နေတုန်း နောက်ကနေ တိတ်တိတ်လေးသွားကြည့်တယ်။ အဟုတ်ပဲ။ ကိုအောင်မင်းလက်ထဲ မီးညှိပြီးသား ဆေးလိပ်ကို ဆရာကြီးယူဖွာတယ်။ နှစ်ဖွာလောက်ဖွာပြီး ကိုအောင်မင်း လက်ထဲ ဆေးလိပ်ပြန်ထည့် လိုက်တယ်။ ကျနော်လည်း တိတ်တိတ်ကလေး ဆက်ကြည့်နေလိုက်တယ်။

နောက်တစ်ကြိမ် သူဖွာတော့ ဗြုန်းဆို ကျနော်ထလိုက်ပြီး ''မိပြီ။ မိပြီ။ ဆရာကြီးဆေးလိပ် ပြန်သောက်နေပြီ''လို့ အော်ပြောလိုက်တော့ ဆရာကြီးခမြာ ရှက်ကိုး ရှက်ကန်းနဲ့ရယ်နေတယ်။ “အေးကွာ။ ငါမနေနိုင် တော့ဘူး။ ဒါကြောင့် ကိုအောင်မင်းဆီက တစ်ဖွာ၊ နှစ်ဖွာ ယူယူဖွာနေတာ'' လို့ပြောရှာတယ်။ ကိုအောင်မင်းကလည်း ''ဟုတ်တယ်၊ ဆရာကြီးက မင်းကိုကတိပေးထားတော့ မင်းရှေ့မှာ ဆေးလိပ်ပြန် သောက်ဖို့ခက်နေတာ။ ဆရာကြီး တော်တော်ခံနေရတယ်။ သောက်ပါစေကွာ။ မများရင်ပြီးတာပါပဲ'' လို့ ဆရာကြီးဘက်က ရှေ့နေလိုက်နေပါသေးတယ်။ ကျန်တဲ့ရဲဘော် တစ်ချို့ကလည်း အဲဒီအတိုင်းဝိုင်းပြောကြ တယ်။ ကျနော်ကလည်း ဆရာကြီးအရမ်းခံနေရတာ သိတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက်ပြောတာ။ သိပ်မနေနိုင်လွန်းရင် သောက်ပေါ့။ ဒါပေမဲ့ တတ်နိုင်သလောက် လျှော့သောက်ဖို့ပြောတော့ သူ့မျက်နှာ လက်ခနဲဖြစ်သွားတယ်။ ''အေးပါကွာ။ နဲနဲပါးပါးပဲသောက်မှာပါ။ အရင်သောက်နေကျရဲ့ လေးပုံတစ်ပုံပဲ သောက်မယ်'' လို့ပြောရှာတယ်။ ဒီလိုနဲ့ဆရာကြီး ဆေးလိပ်ပြန်သောက်ဖြစ်သွားတယ်။ ''သမီးတွေကိုတော့ မသောက်တော့ဘူး ပြောထားတာ ဘယ်လိုပြန်ပြောရမလဲမသိဘူး။ မျက်နှာပူလိုက်တာ'' လို့ငြီးတွားနေပါ သေးတယ်။ ဆရာကြီးက ကိုယ့်သားသမီးတွေကိုတောင် အဲဒီလိုအလေးထားတဲ့ပုဂ္ဂိုလ်ကြီးပါ။

ကျနော်နဲ့ဆရာကြီးကြားမှာရှိတဲ့ အထင်ကရအမှတ်တရတစ်ခုက ''ဘာသာရေး'' ကိစ္စပါ။ သိတဲ့အတိုင်း ကျနော်က ကရင်ကပြား၊ ဘာသာတရား သတ်သတ်မှတ်မှတ်မရှိတဲ့သူ။ ဒါကိုသူက ဘာသာတရားရဲ့ အနှစ် သာရကို နားဝင်အောင် ပြောပြတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာရဲ့လေးနက်ပုံကို ရှင်းပြတယ်။ ဓမ္မစကြာရဲ့ တရားကိုယ်တွေ့ဖြစ်တဲ့ အစွန်းတရားနှစ်ပါးရှောင်တဲ့ အလယ်အလတ် မဇ္ဈိမ ပဋိပဒါ လမ်းစဉ်၊ မဂ္ဂင် (၈) ပါး စတာတွေကို အပ်ကြောင်းထပ်အောင် ပြောပြခဲ့တယ်။ သူအမြဲပြောလေ့ရှိတာ က (၃၈)ဖြာ မင်္ဂလာ တရားတော်ပါပဲ။ အကြိမ်ရာနဲ့ထောင်နဲ့ချီပြီး သူပြောနေကျကတော့ “စိတ်ရှည်၊ ဇွဲသန်၊ သည်းခံ၊ ဧကန် နိဗ္ဗာန်ရောက်'' တဲ့။ ဒါလေးကို ခဏ ခဏပြောတယ်။ တဖွဖွပြောတယ်။ ကြုံတိုင်းပြောတယ်။ သူနဲ့ရင်းနှီးတဲ့သူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ကျနော့်ကိုလည်း ''ပရိတ်'' နဲ့ ''ဓမ္မစကြာ'' ကို ကျက်ဖို့ ခဏ ခဏပြော တာ ကျနော်ကလည်း သိတဲ့အတိုင်း ဂျစ်တီးဂျစ်ကန်ဆိုတော့ မကျက်ဖူးချည်း ပြန်ပြောတာ။ ဒါကို သူက မလျှော့ဘူး။ ကြုံတိုင်းတဖွဖွကျက်ခိုင်းနေတော့တာ။

တစ်နေ့တော့ သူက ''မင်းက ခိုင်ဝတ်မှုန်တို့နဲ့ တစ်တန်းထဲဆိုတော့ (S) ခန်းကပေါ့။ (S) ခန်းဆိုတာ စာတော်တဲ့ကျောင်းသားချည်းထားတာဆိုတော့ မင်းလည်း စာတော်လို့ပေါ့။ ဒါပေမဲ့ ကျောင်းစာ ဘယ်လောက် တော်တော် ဘုန်းကြီးစာတွေကိုတော့ မလွယ်ဘူး။ အရမ်းခက်တယ်။ ''ပရိတ်''ထဲက ''ရတနသုတ်'' ဆိုရင် တော်ရုံလူရဖို့မလွယ်ဘူး။ မင်းလည်း ကျက်လို့ရမှာ မဟုတ်ပါဘူးကွာ” လို့ ပြောလာ တယ်။ ကျနော်ကလည်း သိတဲ့အတိုင်း မာန်ကခပ်ထောင်ထောင် ဆိုတော့ဘာလို့ မရရမှာလဲ၊ မကျက် ချင်လို့။ ကျက်ရင်ရပြီးသားပဲလို့ မခံချင်စိတ်နဲ့ ပြန်ပြောတော့ ဆရာကြီး က ''ဒါဆိုမင်းနဲ့ငါ လောင်းရ အောင်၊ ရတနသုတ်ကို (၂)ရက်နဲ့ရရင် မင်းလိုချင်တာ တောင်း ငါပေးမယ်။ မရရင် ငါလိုချင်တာ တောင်းမယ်။ မင်းပေး''ဆိုပြီး စိန်ခေါ်ပါလေရော။ ကျနော်ကလည်း မခံချင်တော့၊ ရတယ်။ ကျက်မယ် ဆိုပြီး သူလောင်းကြေးကို သဘောတူလိုက်တယ်။

တကယ် ကျက်တော့မချောင်ဘူး။ ကျနော်က 'သြကာသ'တောင် ဖြောင့်အောင်ရွတ်တတ်တဲ့သူ မဟုတ်တော့ ခက်နေပြီ။ ပါဠိဆိုတာလည်း ကိုယ်နဲ့ ယဉ်ပါးတာမဟုတ်တော့ အသံထွက်ဖို့တောင် မလွယ်ဘူး။ ဒါပေမယ့် ဆရာကြီးက အသံချပေးပါတယ် ဒီလိုနဲ့ (၂)ရက်လုံးလုံး ဘာမှမလုပ်ဘဲ ထိုင်ကျက်၊ ထကျက်၊ လှဲကျက်နဲ့ တတွတ်တွတ်ရွတ်နေရတယ်။ ဆင်တူအပိုဒ်တွေပါလို့ ရှေ့ကရလိုက်၊ နောက်ကမေ့လိုက်နဲ့ ချာလပတ်ကိုလည်နေတော့တာပဲ။ ဒါပေမဲ့(၂)ရက်ပြည့်လို့ သတ်မှတ်ထားတဲ့အချိန်မှာ ကျနော်ရသွားပါတယ်။ ကျနော့်ဘဝမှာ ဘုရားစာ နဲ့ပတ်သတ်ပြီး ပထမဆုံးရတာလို့ ဆိုရမယ်။

လောင်းကြေးနိုင်သွားတဲ့အတွက် ဆရာကြီးက ကျနော့်ကို လိုချင်တာတောင်း၊ သူပေးမယ်လို့ပြောပါတယ်။ တကယ်က ကျနော်တစ်ခုခုလိုချင်လို့ ကျက်တာမှ မဟုတ်ဘဲ။ မခံချင်လို့ကျက်ခဲ့တာလေ။ ဒါကြောင့် ကျနော်ဘာမှမတောင်းပါဘူးလို့ပြော တော့ ဆရာကြီး က ''မင်းမတောင်းလဲ ငါကဂုဏ်ပြုရမှာပဲ''ဆိုပြီး သူ့ထောင်ဝင်စာထဲက အကောင်းဆုံးမုန့် တွေကို ချကျွေးပါတော့တယ်။ ကျနော်နဲ့အတူ ရဲဘော်တွေဝိုင်းစားကြရင်း ဆရာကြီးက ''ဒီကောင်တော် တယ်၊ ဥာဏ်လည်းကောင်းတယ်'' ဆိုပြီး ချီးကျူးနေတော့ လူကြားထဲ နေရထိုင်ရတောင်ခက်ပါသေးတယ်။

တကယ်ဆို ကျနော်ကျက်လို့ရမယ်မှန်း ဆရာကြီးသိပါတယ်။ ဘယ်သူမဆို ကျက်လို့ရနိုင်တာပဲလေ။ ဘာသာတရားနဲ့ ထိတွေ့ပေးချင်လို့။ ရိုးရိုးတန်းတန်းကျက်ခိုင်းတာ၊ မကျက်လို့၊ ရတဲ့နည်းနဲ့ လှည့်ပတ် ကျက်ခိုင်းတယ်ဆိုတာ နောင်မှကျနော်သိရတယ်။ ဒီလိုနဲ့ ဆရာကြီးကြောင့် ရတနသုတ်ကနေ ဓမ္မစကြာ၊ မေတ္တာသုတ်၊ ပဋ္ဌာန်းတွေပါ အားလုံးကျနော်အလွတ်ရသွားတယ်။ ကျနော်တို့နေတဲ့အခန်းက မနက် (၅) နာရီထပြီး ပဋ္ဌာန်းတစ်ရက်၊ ဓမ္မစကြာတစ်ရက်၊ ပရိတ်တစ်ရက် နေ့တိုင်း ရွတ်ကြတယ်။ အရင်ကတော့ ကျနော်က မထဘူး။ သူများတွေ ရွတ်လည်း ခေါင်းမြီးခြုံပြီး ပေအိပ်နေတာပဲ။ နောက်ပိုင်းတော့ ဆရာကြီး ကမရဘူး။ အတင်းလာနှိုးပြီး ထရွတ်ခိုင်းတော့တာပဲ။ သူကိုယ်တိုင်လည်း ရွတ်တယ်။ ကျနော့်မှာ မထချင်ဘဲနဲ့ သူလာ လာနှိုးလို့ ထရွတ်နေရတယ်။ အဲဒါ ဆရာကြီးချပေးတဲ့ ဘာသာတရားမျိုးစေ့ ဖြစ်နေတယ်ဆိုတာ နောက်မှ သိလာရတယ်။ ခုတော့ ကျနော်ဟာ ဗုဒ္ဓဘာသာတရားကို တကယ်ယုံကြည်လာသူ တစ်ယောက်ဖြစ်လာပြီး တရားဘာဝနာ ကိုတောင် ကျင့်နေပါပြီ။ ဒီတော့မှ ဆရာကြီးကျေးဇူးဘယ်လောက် ကြီးမားတယ်ဆိုတာ သိလာရ တယ်။ ဝမ်းနည်းဖို့ကောင်းတာက ကျနော် ခုလိုဗုဒ္ဓတရားကို နှစ်နှစ်ကာကာ ယုံကြည်နေပြီဆိုတာ ဆရာကြီးသိမသွားရှာဘူး။ သူနဲ့ လူချင်းပြန်ဆုံကြရင် ကဗျာနဲ့ ဘာသာတရား အကြောင်း ကျနော် သိနားလည်ထားတာတွေပြောဖို့၊ ဆွေးနွေးဖို့ စိတ်ကူးခဲ့တာ၊ အခုတော့ ပြောခွင့်မရတော့ ဘူး။ ဒါထက်... သူ ကျနော့်ကို မြင်စေ၊ ဖြစ်စေချင်ခဲ့တာတွေ ကျနော်ဖြစ်နေပြီ။ ဖြစ်အောင်ကြိုးစားနေပြီ ဆိုတာ သူသိမသွားရလို့ ယူကြုံးမရဖြစ်မိတယ်။

ဆရာကြီးနဲ့ပတ်သတ်ပြီးနောက်ပိုင်း ပြောသံ၊ ဆိုသံတချို့ကြားရတယ်။ ဆရာတင်မိုးဟာ လက်ဝဲဝါဒကို အလွန်အမင်း ယုံကြည်သူ၊ ဘာသာတရားမရှိသူ'' တဲ့လေ။ လက်ဝဲဝါဒယုံကြည်မှုဆိုတာ ထားပါ။ ကျနော် ဘာမှ မှတ်ချက်မပြုလိုဘူး။ လူတိုင်း ဘယ်သူမဆို ကိုယ်ကြိုက်ရာဝါဒကို စွဲကိုင်ယုံကြည်ခွင့် ရှိကြတာချည်း ပဲ။ ကိုယ်သန်ရာ ကိုယ်ယုံ။ အရေးကြီးတာက လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးတဲ့ ဝါဒဖြစ်ဖို့ပဲလိုတယ်။ ဒါကြောင့် ဆရာကြီးနဲ့လက်ဝဲဝါဒကိစ္စ ကျနော်ဘာမှ မပြောလိုဘူး။ တစ်ခါမှလည်း ကျနော် သူ့ကိုမမေး ကြည့်ဖူးဘူး။ သူကလည်း အဲဒီအကြောင်း တစ်လုံးတစ်ပါဒမှ ပြောသံမကြားရဘူး။ ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေးနဲ့ လေးလေးလို့ခေါ်တဲ့ဦးထွန်းဝေအကြောင်းတော့ တဖွဲတနွဲ့ ဆွေးဆွေးမြေ့မြေ့ပြောခဲ့ဖူးတာ ပဲရှိတယ်။

အခုကျနော်ပြောချင်တာက ဆရာကြီးမှာ ဘာသာတရား မရှိဆိုတဲ့ကိစ္စပါ။ ဒါကို ကျနော်လုံးဝ လက်သင့်မခံနိုင်ပါဘူး။ ဒီလိုပြောတဲ့သူတွေဟာ ဆရာကြီး အကြောင်း ဂဃဏန မသိကြလို့ တဆင့်စကား နဲ့ ပြောနေကြတာပဲဖြစ်မယ်။ ကျနော်နဲ့နေစဉ်ကာလမှာ သူ့မွေးနေ့၊ တစ်ခါတစ်လေ လပြည့်နေ့တွေမှာ သူ ဥပုသ်စောင့်လေ့ရှိတယ်။ ဆရာကြီးဟာ အင်မတန် နှိမ့်ချတတ်ပြီး မာန်မာနကင်းစင်တဲ့သူပါ။ ဘာသာတရား ကိုလည်း အလွန်လေးစားတယ်။ အထင်ရှား ဆုံး သာဓကနဲ့ပြရရင် ကျနော်တို့ (၅)ဆောင်မှာ (၂၉၅)ပုဒ်မနဲ့ ထောင်ကျနေတဲ့ စာချဘုန်းကြီးလေး တစ်ပါး ရှိတယ်။ ဘုန်းကြီးလေးက အသက် (၃ဝ) စွန်းစွန်းဆိုတော့ ဆရာကြီးနဲ့အသက် ခေါက်ချိုး လောက်ကွာတယ်။ ဘုန်းကြီးဆိုပေမယ့် ထောင်ထဲမှာဆိုတော့ သူလိုကိုယ်လို ထောင်ဝတ်စုံနဲ့ ဆံပင်နဲ့ပါပဲ။ ဒါပေမဲ့ အပြင်မှာ စာချဘုန်းကြီးလုပ်ခဲ့တာဆိုတော့ ဆရာကြီးက သူ့ဆီက အဘိဓမ္မာ သင်ယူချင်နေတယ်။ ဘုန်းကြီးကလည်း လိုလိုချင်ချင်ပဲ သင်ပေးပါတယ်။ ထူးခြားတာက ဆရာ ကြီးဟာ မသင်ခင်မှာရော သင်ပြီးမှာပါ အဲဒီဘုန်းကြီးလေးကို ကုန်းဦးချတာပါပဲ။ ကန်တော့တာမှ ထိခြင်း ငါးဖြာဆိုသလို နဖူးနဲ့ကြမ်းပြင်ထိပြီး ရိုရိုသေသေလက်အုပ်ချီကန်တော့တာပါ။ စားစရာလေးတွေယူပြီး ဘုန်းကြီးလေးကို သွားပေးတဲ့အခါမှာလည်း ရိုရိုသေသေလက်အုပ်ချီ ကန်တော့ပြီးမှ ပေးတာပါ။

ကျနော်က ဒီ ကိုယ်တော်လေးဟာ 'ကတုံး' လည်းမဟုတ်၊ သင်္ကန်း လည်းမစီးထားဆိုတော့ လူပဲပေါ့။ ဆရာကြီးနဲ့လည်း အသက်အရမ်းကွာတယ်။ အဲဒါ ဘာကြောင့် ကန်တော့ရတာလဲ လို့မေးဖူးတယ်။ ဆရာကြီးက ''ရဟန်း''ဆို တာ ဝိနည်းနဲ့အညီ သင်္ကန်းစီးပြီးရင် ဝိနည်းမချိုးပေါက်သ၍ အဲဒီရဟန်းရဲ့ စိတ်ဆန္ဒမပါဘဲ သင်္ကန်းချွတ် လို့မရဘူး။ ရုပ်ဝတ္ထုဖြစ်တဲ့ သင်္ကန်းကိုပဲ အတင်းချွတ်လို့ရချင်ရမယ်။ ရဟန်းအဖြစ်ကတော့ ဖယ်ရှားလို့မရ ဘူး။ ရဟန်းက ရဟန်းပါပဲ။ ဒီကိုယ်တော်လေးက ဝိနည်းမချိုးဖောက်ပါဘဲနဲ့ အဓမ္မသင်္ကန်းချွတ် ထောင်ထဲ ထည့်ခံ ထားရတာ။ ခုထိ သိက္ခာမချသေးလို့ သူ့ကိုယ်သူ ရဟန်းလို့ ခံယူနေသေးတယ်။ ရဟန်းလိုပဲ ကျင့် ကြံနေသေးတယ်။ ဗုဒ္ဓတရားတော်တွေ သူ့ကိုယ်ထဲမှာ ကိန်းဝပ်နေတယ်။ အဲဒီတရားတော်တွေကို ငါ့ကို ပို့ချနေသေးတယ်။ ဒါကြောင့် ရိုရိုသေသေကန်တော့တာလို့ . . . စိတ်ရှည်လက်ရှည် ရှင်းပြ တယ်။

နောက်တစ်ခုက ညနေခင်းတွေမှာ လမ်းလျှောက်ပြီးရင် ကျနော်နဲ့ ဆရာကြီးတို့ သွားထိုင်လေ့ ရှိတဲ့ စေတီလေးတစ်ဆူရှိတယ်။ ဆရာကြီး တစ်ခါမှ ဦးမချဘဲနဲ့ စေတီထဲမဝင်ဘူး။ ဦးမချဘဲနဲ့ စေတီ ထဲက ထွက်လေ့မရှိဘူး။ ဒါကြောင့် ကျနော်က ''စေတီဆိုတာ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနဲ့ လုပ်ထားတဲ့အရာပဲ။ အဲဒါကို ဖြိုချကြည့်လိုက်ရင် အုတ်၊ ကျောက်၊ သဲတွေပဲ ထွက်လာမှာပေါ့။ ဒါကို ဆရာကြီးက ကန်တော့နေတော့ အုတ်၊ သဲ၊ ကျောက်အပုံကြီးကို ကန်တော့နေသလို ဖြစ်နေတယ် .. မဟုတ်ဘူးလား..''လို့ ပြောတော့ သူက ''မင်းပြောသလို အုတ်၊ သဲ၊ ကျောက်တွေနဲ့ လုပ်ထားတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အထိမ်းအမှတ် သင်္ကေတဆိုတာရှိတယ်။ ကျေးဇူးတရားကို အလေးအမြတ် ပြုတာနဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းသယ်တယ်ဆိုတာ ရှိတယ်။ ဥပမာ မင်းအဖေနဲ့ မင်းအမိုးတို့ ကျွေး မွေးခဲ့တာတွေကို မင်းကျေးဇူးမတင်ဘူးလား။ သူတို့ကျေးဇူးကို ရည်မှတ်ပြီး သူတို့နဲ့ဆိုင်တဲ့ပစ္စည်းတွေ သိမ်းမထားဘူးလား။ ဒီလိုပဲပေါ့။ စေတီဆိုတာလည်း ဗုဒ္ဓရဲ့အမွေအနှစ် တွေပါပဲ။ ဗုဒ္ဓရဲ့ကျေးဇူးကိုရည်မှတ် ပြီး အထိမ်းအမှတ်လုပ် တည်ထားတယ်ဆိုတော့ ဒါတွေကို ရည်မှန်းပြီး ကန်တော့တာပဲ။ ဒီအစဉ်အလာ အမွေအနှစ်တွေကို ရှေးလူတွေက လက်ဆင့်ကမ်း သယ်လာကြလို့ ခုထိရှိနေကြတာ။ တချို့နိုင်ငံတွေမှာဆို တိမ်ကောပျက်စီးကုန်ကြတာတွေ ရှိတယ်။ ဒီလိုမဖြစ်အောင် တို့တွေကလည်း လက်ဆင့်ကမ်းသယ်ဆောင် သွားရမယ့်တာဝန်ရှိတယ်။ ဒါမှ ကျေးဇူးသိတတ်တဲ့လူသားဖြစ်မှာ..'' လို့ ကျနော်နားလည်နိုင်လောက်မယ့်စကားတွေ ရွေးပြီး တခုတ်တရရှင်းပြခဲ့တာပါ။

ဒီလိုမျိုး ဘာသာတရားအပေါ် ကြည်ညိုအလေးမြတ် ထားတဲ့ဆရာကြီးကို ''ဘာသာတရားမရှိသူ''လို့ ပြောဆိုတာကို ကျနော်နားမလည်နိုင်ဘူး။ ခု အသက်ရွယ် ကြီးမှ သက်ဝင် ယုံကြည်လာတာဖြစ်မှာပေါ့။ ငယ်ငယ်ကတော့ ဘာသာတရားရှိချင်မှရှိမယ် ''လို့ အဲဒီလို လှည့် ပြောကြရင်လည်း ကျနော်လက်မခံနိုင်ပါဘူး ။ ဆရာကြီးက ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်း ပညာရေးနဲ့ကြီးပြင်းလာသူပါ။ သူဆယ်တန်းအောင်တုန်းက မြန်မာတပြည်လုံး မြန်မာစာပထမဆု ရခဲ့တယ်။ အဲဒီ့ဂုဏ်ထူးရမြန်မာစာအဖြေလွှာစာစီစာကုံးမှာ ပရိတ်တရားတော်ထဲက နွေဦးအလှကို ပါဠိလို အပိုဒ်လိုက်ကိုးကားပြီး ထည့်ရေးထားတာ။ ဒါကိုကြည့်ရင် ဆရာကြီးဟာ ငယ်ငယ်ကတည်း က သူ့နှလုံးလားထဲ ဦးနှောက်ထဲမှာ ဗုဒ္ဓတရားတော်ကိန်းဝပ်နေတယ်ဆိုတာ အထင်အရှားပဲ ။ အဲဒီ့အပြင် ဆရာကြီးဟာ ဗုဒ္ဓတရားတော်ကိုသက်ဝင်ယုံကြည်သူသက်သက်မဟုတ်ဘဲ တရားတော် နဲ့အညီတစ်သက်လုံး ကျင့်ကြံနေထိုင်သွားတယ်ဆိုရင် ဘယ်သူငြင်းဦးမှာလဲ. . . ။

နောက် ဆရာကြီးနဲ့ပတ်သက်ပြီးမရှင်းတာတစ်ခုရှိသေးတယ်။ အထင်အမြင်လွဲကြတာပါ။ ကိုတိုးတိုးထွန်းက ကျနော့်ကို ဒီလိုမေးဖူးပါတယ်။ ဆရာတင်မိုးက ကပ်စီးနည်းတယ်ဆို ။ သူ့ထောင်ဝင်စာကို ဘယ်သူ့ကိုမှမကျွေးဖူးဆို . . ဟုတ်လားတဲ့ ။ ကျနော်အကြီးအကျယ်အံ့အားသင့်သွားတယ်။ တကယ့်ကို ပြောင်းပြန်ကြီးဗျာ။ ကိုတိုးတိုးထွန်းက သူများပြောတာကြားလို့ ဟုတ်လား ဆိုပြီး စကားအဖြစ်မေးကြည့်တဲ့သဘောပါဘဲ။ ဘယ်က ကြားတယ်ဆိုတာလည်း သူပြောပြပါတယ်။ အဲဒါတော့ထားလိုက်ပါတော့လေ။ ကျနော်ပြောချင်တာ က ဆရာကြီးဟာ ရုပ်ဝတ္ထုပစ္စည်းနဲ့ငွေဆိုတာကို ဘယ်တုန်းကမှ မက်မောခဲ့တာ မဟုတ်ဖူးဆိုတာပါပဲ။ ငွေအကြောင်းကို ဘယ်တုန်းကမှစကားထဲတောင် ထည့်ပြောခဲ့တာမဟုတ်ဘူး။ မဆလပါတီမဝင်လို့ အငြိုးခံထားရပြီး နောက်တော့ ကျူရှင်ပြလို့ဆိုတဲ့အကြောင်းပြချက်နဲ့ တက္ကသိုလ်က အနားပေး တော့ သူ့မှာနေစရာအိမ်တောင် မရှိပါဘူး။ ဒီလိုဆင်းရဲခဲ့တာ သူနဲ့နီးစပ်သူတိုင်း သိကြမှာပါ။ အဲဒီလို ငွေကြေးရုပ်ဝတ္ထုပစ္စည်းတွေကို တန်ဖိုးမထားခဲ့တဲ့သူဟာ ထောင်ထဲရောက်မှ ဘာမဟုတ်တဲ့ ထောင်ဝင်စာထုပ်လေးကို မက်မောနေပါ့မလား။ စဉ်းစားသာ ကြည့်ကြပါတော့။

ဆရာကြီးရဲ့ထမင်းစားဝိုင်းမှာ သူကလွဲရင် ဘယ်သူမှ ထောင်ဝင်စာ ဟုတ်တိပတ်တိ မလာနိုင်ကြပါဘူး သူ့ရှိတာနဲ့မျှစားနေကြတာပါ။ ဆရာကြီးနဲ့တစ်ဝိုင်းထဲစားပြီး ဆရာကြီးကို အစစအရာရာ လုပ်ကိုင် ပေးနေတဲ့ ကိုသိန်းအောင် အသိဆုံးပါ။ ဆရာကြီးက ( ၁၄ )ရက်တစ်ခါ ထောင်ဝင်စာလာတယ်။ သူ့အိမ်ကထည့်ပေးလိုက်တဲ့ အစားအစာတွေဟာ သူတစ်ယောက်တည်းစားရင် ( ၁၄ )ရက် မဟုတ် ဘူး၊ တစ်လစားတောင် ကုန်မှာ မဟုတ်ဘူး ။ ဒါပေမယ့် ဆရာကြီးက မရှိတဲ့သူတွေနဲ့ မရှိအတူ ရှိအတူ ဝိုင်းဖွဲ့ပြီး မျှဝေစားသောက်တာပါ။ထောင်ဝင်စာလာလို့ အခန်းပြန်ရောက်တာနဲ့ သူ့ ထောင်ဝင်စာထုပ်ကို လှည့်ကိုမကြည့်တော့ဘူး ။ ထမင်းဝိုင်းကို အပြီး အပ်လိုက်တာပဲ။ ထမင်းဝိုင်းက စီစဉ်တဲ့သူက စီစဉ်ပြီး သူ့ကိုထည့်ကျွေးတာပဲစားတယ်။ ဟိုဟာပေးပါ ဒီဟာပေးပါ တစ်ခါဖူးမှမတောင်းဖူးဘူး ။ ရဲဘော်ကြီးကိုသိန်းအောင်က အားလုံးသိမ်းဆည်းပြီး စီမံပေးတာ။ တခါတလေ စားစရာပြတ်သွားတဲ့အခါတောင် ရှိသေးတယ်။ ဒါပေမယ့် ဆရာကြီးက တစ်ခါမှ မညည်းဖူးဘူး ။ သူ့ထည့်ကျွေးတာနဲ့စားတာပဲ။ တကယ်ဆို သူ့အသက်အရွယ် သွားတွေလည်း မရှိဆိုတော့ အခွင့်ထူးယူမယ်ဆို ယူခွင့်ရှိလျက်နဲ့ သူမယူဘူး ။ ဒါတွေအားလုံး သူ့ဝိုင်းစားတွေ အသိဆုံးပါ။ အထူးသဖြင့်ကိုသိန်းအောင်ကြီး အသိဆုံးပါ။

တခါတလေဆရာကြီး မိတ်ဆွေတချို့က သူ့ဆီက စားစရာတောင်းရင် သူပိုင်ပစ္စည်းတွေပဲ သူယူပေးလို့ရတာပေါ့။ ဒါပေမယ့် ဘယ်တော့မှ ကိုယ်တိုင်ယူပေးတာမျိုးမလုပ်ဘူး။ ကိုသိန်းအောင်ကိုမေးတယ်။ ရှိသေးရဲ့လား ရှိရင် နည်းနည်း ပေးလိုက်ပါ။ မရှိလည်း ကိစ္စမရှိဘူး ။ အဲဒီလိုခွင့်တောင်းတာပါ။ ပြီးတော့ဆရာကြီးဟာ အရမ်းလည်း အားနာတတ်တယ်။ တစ်ဖက်သားကို အရမ်းငဲ့ညှာတတ်တယ်။ ဒီလိုစိတ်အခံရှိတဲ့ ဆရာကြီးကို ခုနကလို ပြောကြတာတွေကြားရတော့ ကျနော်တော်တော်အံ့သြပါတယ်။ လောကကြီးက ပြောင်းပြန် ကြီးပါလား ။ မသေချာမှုတွေ ပြည့်နှက်နေပါလားလို့ ခံစားမိတယ်။ ဂဃနဏမသိဘဲ ထင်ရာလျှောက် ပြောနေတော့ တဆင့်စကားတဆင့်နဲ့မဟုတ်တာကြီးအဟုတ်ဖြစ်သွားကြရရော။ ခုဆို ကိုတိုးတိုးထွန်း က သူကြားတာမေးလို့ပေါ့။ မမေးဘဲ တကယ်ထင်နေရင်မခက်ပါလား ။ ကိုငွေလင်းလည်း ဒီလိုပဲ သိထားတာလို့ ကျနော့်ကိုပြောဖူးတယ်။ ဒါပေမယ့်ကျနော်ရှင်းပြလိုက်တော့ သူတို့တွေ ရှင်းသွား ကြပါတယ်။ အမှန်သိသွားကြတာပါ။ ဒါကြောင့် ကိုယ်တကယ်မသိဘဲနဲ့ထင်ကြေးနဲ့ ပြောတာဘဲ ဖြစ်ဖြစ် သိလျက်နဲ့တခြားမကျေနပ်ချက်တစ်ခုခုကြောင့် ရည်ရွယ်ပြီးပြောတာပဲဖြစ်ဖြစ် ဒီနှစ်ခုလုံး မကောင်းဘူး ။ အကုသိုလ်ချည်းဘဲ။

Sunday, January 25, 2009

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး




[ဒီစာမူကို မိုးချိုးသင်း ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။ မိုးချိုသင်းဘလောဂ်မှာ သမီးက တင်ထားတဲ့ အဖေ့ အကြောင်း တစုံတယောက်က ရေးထားတဲ့စာမူကလေးကို ဖတ်မိပြီး၊ ခံစားရလွန်းလို့၊ ဆရာ့ကိုလေးစားတဲ့ မာယာ၊ အင်းစိန်တောရကို ဘယ်တော့မှ မမေ့တဲ့မာယာ၊ ကလဲ သမီးဖြစ်သူ မိုးချိုသင်းထံ ခွင့်ပြုချက်တောင်းခံပြီး ထပ်မံတင်ပြခြင်းပါ။]

အဖေ ကဗျာဆရာဦးတင်မိုး ဆုံးပြီး လအနည်းကြာတဲ့ တနေ့မှာ ကိုယ့်လက်ထဲကို စာအုပ်လေး တအုပ် ရောက်လာပါတယ်။ အဖေ့ သားအရင်းတယောက်လို ချစ်ခင်တဲ့ ကျောင်းသားလေး တယောက်ရဲ့ အဖေ့အကြောင်းရေးထားတဲ့ စာမူပါ။ မလွတ်လပ်တဲ့ နေရာ၊ အကျဉ်းထောင်ထဲကနေ နှလုံးသွေးနဲ့ ရေးလိုက်တဲ့ စာမူလေးပါ။

အဖေ့အကြောင်းကို လူတွေ သူတို့မြင်တဲ့ထောင့်ကနေ အမျိုးမျိုးရေးကြတာ ဖတ်ဖူး မှတ်ဖူးပါတယ်။ ဒါပေမဲ့ အမှန်တရားအတွက် အဖေ မတရားအဖမ်းဆီးခံရစဉ် အင်းစိန်ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကိုတော့ မသိခဲ့ရပါဘူး။ လွတ်လပ်မှုကို မြတ်နိုးလွန်းတဲ့ အဖေ အကျဉ်းထောင်ထဲမှာ ဘယ်လိုများ နေထိုင်ခဲ့သလဲ ကိုယ်တွေးကြည့်မိဖူးတယ်။

အခု ဖော်ပြမဲ့ ဒီစာလေးဟာ အဲဒီကွက်လပ်လေးကို ဖြည့်လိုက်တာပါပဲ။ ဒီစာထဲမှာ အကျဉ်းစံတွေ ဖြစ်တဲ့၊ အာဏာရှင်စနစ်ကို မရှိခိုးနိုင်ကြတဲ့ ကျောင်းသားလေးတယောက်နဲ့ ကျောင်းဆရာ ကဗျာဆရာတယောက်ရဲ့ မမြင်ရတဲ့ သံယောဇဉ်တွေကို တွေ့ရမှာပါ။ အကျဉ်းကျသူတွေရဲ့ ရင်ဆိုင် ရုန်းကန်နေရတဲ့ ဘဝတွေကို နားလည်ခံစားလို့ရမယ်၊ သူတို့ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ခံစားချက်တွေကို ဖတ်ရင်း စာနာနားလည်နိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။
စာမူကို အပိုင်းခွဲပြီး တင်သွားပါမယ်။ ဖတ်ကြည့်ကြပါအုံးရှင်။
မိုးချိုသင်း

အမတို့ခင်ဗျား

လူတစ်ယောက်ဆုံးပါးသွားတဲ့အခါ သူ့ကိုချစ်ခင်တန်ဖိုးထားလေးစားတဲ့သူတွေက လူကိုယ်တိုင် ဈာပနအခမ်းအနားကို တက်ရောက်ကြတယ်။ အကြောင်းတစ်ခုခုကြောင့် မတက်ရောက်နိုင်ကြရင် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၊ လွမ်းသူ့ပန်းခွေ ပန်းစည်းတွေပို့ပြီး မိသားစုနဲ့အတူထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း သူတို့ရဲ့စာနာမှုတွေကို ပြသလေ့ရှိကြတယ်။ ဒါဟာယဉ်ကျေးတဲ့သူတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုပါဘဲ။ ကျနော်က လူကိုယ်တိုင်လည်းတက်လို့မရ ပန်းခွေပန်းစည်း သဝဏ်လွှာလည်းပို့လို့မရ.. ဆိုတော့ ကျနော်က မယဉ်ကျေးတဲ့သူများဖြစ်နေမလားဘဲ။

ဆရာကြီးက အမတို့သိပ်ချစ်ရတဲ့အဖေပါ။ ဒီလိုဘဲ။ ကျနော့်ရဲ့အဖေဆိုလည်း မမှားပါဘူး။ ဆရာကြီးဆုံးသွားလို့ အမတို့ညီအမတွေ ကြေကွဲထိခိုက်ကြရသလို ကျနော်လည်း ဘယ်လောက်ကြေကွဲထိခိုက်ရသလဲဆိုတာ ခုကျနော်ပို့လိုက်တဲ့စာအုပ်ကို စ..ဆုံးဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ တိုင်းသိပြည်သိဆရာကြီးရဲ့အများသိပြီးသားအကြောင်းတွေကို ထည့်မရေးတော့ဘဲ တကယ်ဖြစ်ခဲ့ပြီး လူသိပ်မသိတဲ့အကြောင်းတွေကိုဘဲ ရေးထားတာပါ။ အထူးသဖြင့် ဘာမှမဟုတ်တဲ့ ခပ်ရိုင်းရိုင်းကောင်လေးတစ်ယောက်ကို ယဉ်ကျေးတဲ့လူသားတစ်ယောက်ဖြစ်အောင် သူဘယ်လိုထုဆစ်ခဲ့တယ်ဆိုတာ လူသိရှင်ကြားသိစေချင်တာပါ။ လူသူမမြင်နိုင်တဲ့နေရာမျိုးတွေမှာတောင် ဆရာကြီးဟာ အရိုးခံသက်သက်ပြုမူနေထိုင်ခဲ့တာတွေ ၊ ဟန်ဆောင်မှုကင်းပြီး မာန်မာနမရှိတာတွေ ဖြူစင်ရိုးသားပြီး စာနာတရားကြီးမားတာတွေ ကဗျာ စာပေနဲ့ ပညာကို ချစ်မက်တန်ဖိုးထားတာတွေ သိစေချင်လို့၊ အထူးသဖြင့် ကျနော့်လို အရိုင်းကို အယဉ်ဖြစ်အောင် လုပ်နိုင်စွမ်းတဲ့ မေတ္တာတရားကြီးမားတာကို အမတို့သိစေချင်လို့ ''ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ဧည့်သည်ကြီး'' ဖြစ်လာရတာပါဘဲ။ အရေးကြီးဆုံးကတော့ ဆရာကြီးရဲ့အရိုးပြာအိုး မြန်မာပြည်ကို မုချပြန်ရောက်ရမယ်လို့ လူသိရှင်ကြားဟစ်ကြွေးလိုက်တာပါဘဲ။
အမတို့ငြိမ်းချမ်းပါစေ..

Tue, Feb 6 , 2007
10:05 PM

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး

၂ဝဝ၇၊ ဇန်နဝါရီ ၂၂ ၊ ညနေ ( ၄ ) နာရီ၊ အမေရိကန်၊ လော့အိန်ဂျလိစ်မှာ
ဆရာကြီးဆုံးပြီတဲ့။ ကျင်စက်နဲ့ တို့ခံလိုက်ရသလို တကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားရတဲ့အထိ။ ကိုယ့်နားတောင် ကိုယ်မယုံချင်ဘူး။ မဟုတ်ပါစေနဲ့...မဟုတ်ပါစေနဲ့ လို့ တကိုယ်တည်း နတ်ပူးသလို ရေရွတ်နေမိတယ်။ အမြင်၊ အကြားအာရုံတွေ ဆွံ့အသွားသလို ပတ်ဝန်းကျင်တစ်ခုလုံး လင်းလိုက် မှောင် လိုက်နဲ့။ ဆောင်းခေါင်ခေါင်ကြီး မိုးခြိမ်းသံတွေ တဂျုန်းဂျုန်း၊ တဂျိမ်းဂျိမ်း ...ဘုရား...ဘုရား ... အိပ်မက်မဟုတ်ဘူးပဲ။ တကယ် ဆရာကြီးဆုံးပြီတဲ့..။

တမာနံ့သင်းသင်း၊ နေပြင်းပြင်း အညာဒေသမှာမွေးဖွားခဲ့တဲ့ အညာသားစစ်စစ်ကြီး ဦးဘဂျမ်း၊ မြန်မာ့ ယဉ်ကျေးမှု ကျေးလက်စရိုက်ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတဲ့ မျိုးချစ်ကဗျာစာဆိုကြီး တင်မိုး၊ 'ဖန်မီးအိမ်' 'ဧည့်သည်ကြီး' ကဗျာတွေနဲ့ ကဗျာတခေတ် မော်ကွန်းထိုးခဲ့တဲ့ ကဗျာသူရဲကောင်းကြီး။ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်ကို ချစ်မြတ်နိုးလွန်းလို့ ထောင်သွင်းအကျဉ်းကျခံရတဲ့ ပြည်သူ့ဘက်တော်သားကြီး၊ အများက ''သခင်ကိုယ်တော်မိုး''လို့ မှည့်ခေါ်ရလောက်အောင် ငြိမ်းချမ်းရေးစိတ် ပြင်းပြလွန်းတဲ့ တိုင်းချစ်ပြည်ချစ် ဆရာကြီး...ခုတော့ သူသိပ်ချစ်တဲ့ သူ့မွေးရပ်တိုင်းပြည်မှာ ခေါင်းချခွင့်မရရှာတာ ဘယ်လောက် ကြေကွဲထိခိုက်ဖို့ကောင်းလိုက်သလဲလို့...

သူ့ကို ကျနော်စတွေ့ခဲ့တာ၊ ဟိုးလွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ခုလိုနှစ်တနှစ်ရဲ့ နှစ်ဦးကာလ နှင်းတွေဝေ နေတဲ့ မနက်ခင်းလေး။ အင်းစိန်ကျောင်းတော်ကြီးရဲ့ အမှတ် ( ၁ ) အိပ်ဆောင်မှာပါ။ ကျနော်နဲ့ သက်ဝင်းအောင်က အမှုတွဲ၊ အပေါ် (၁.ခ)မှာ အတူတူနေနေရတဲ့အချိန်။ (၁၉၉၁၊ ဇွန်လ)ထဲက ရုံးထွက် ရုံးပြန်နဲ့ ဒီအဆောင်မှာ နေနေရတာ။ ၁၉၉၂ ဇန်နဝါရီလကုန်ပိုင်းလောက် တစ်ညနေခင်းမှာ ရုံးပြန် တစ်ယောက် ကျနော်တို့ဆီ ရောက်လာပြီး ''ကဗျာဆရာတင်မိုး'' ဆိုတာ ဒီနေ့ အချုပ်သစ်နဲ့ပါလာတယ်လို့ သတင်းလာပေးတယ်။ ကျနော်က ''ကဗျာဆရာတင်မိုး''ဆိုတာကို မသိဘူး။ မသိဆို ကြားတောင် မကြား ဖူးဘူး။ သက်ဝင်းအောင်က လူကိုသာမသိတာ။ သူ့နာမည်ကြားဖူးတယ်။ ထင်ရှားတဲ့ ကဗျာဆရာကြီးဆို တာသိနေတယ်။ ကျနော်တို့က အရင်ရောက်နှင့်နေတဲ့လူဟောင်းတွေဆိုတော့ လိုအပ်တာတွေကူညီဖို့ နှစ်ယောက်သားတိုင်ပင်ဖြစ်ကြတယ်။

သူက ဒီနေ့မှ စရောက်တာဆိုတော့ ပုံစံခန်းဝင်ရဦးမယ်။ ပုံစံခန်းဆိုတာ ကျနော်တို့နေတဲ့အခန်းရဲ့ အောက်တည့်တည့် အခန်းနံပါတ် (၁-က)။ ရောက်လာခဲ့သူမှန်သမျှ ဒီအခန်းကိုဝင်ကြရတာ ထုံးစံပဲ။ ပုံစံ ခန်းဆိုတဲ့အတိုင်း ရောက်လာတဲ့အချုပ်သစ်တွေကို သံမံတလင်းမှာ ဖင်ချထိုင်ခိုင်းထားပြီး ပုံစံပြ တစ်ယောက်က ရှေ့မှာပုံစံပြမယ်။ ''စည်းကမ်းထိန်း''ဆိုတဲ့သူတွေက တုတ်တွေ၊ သားရေပတ်တွေကိုင်ထား ပြီး တွေ့ကရာလူကို လျှောက်ရိုက်မယ်။ ပုံစံလို့အော်လိုက်ရင် လက်မကို လက်ဖဝါးထဲထည့်ဆုတ်ပြီး တင် ပလ္လင်ချိတ်ထိုင်ထားတဲ့ ဒူးနှစ်ဖက်ပေါ်တင်တား၊ ခါးဆန့်ပြီး ခေါင်းငုံ့ထားရတယ်။ ''အေးစေ'' လို့အော်မှ ခေါင်းမော့ရတယ်။ ''ပုံစံရပ်''နဲ့ ''အရေးပေါ်ပုံစံ''ဆိုတာ ရှိသေးတယ်။ ကိုလိုနီစရိုက်နဲ့ အာဏာရှင်ဝါဒ သားစပ်ကျထားတဲ့ မော်ဖူးစေပုံစံတစ်ခုပါပဲ။

ပုံစံပြနေတုန်း အယောင်ယောင်အမှားမှားဖြစ်တဲ့သူကို စည်းကမ်းထိန်းတွေက တအုံးအုံး၊ တဒိုင်းဒိုင်းနဲ့ ရိုက်နှက်ကန်ကျောက်ကြတော့တာပဲ။ ပုံစံခန်း ဆိုတာ ငရဲခန်း အသေးစားလေးဆိုရင် မမှားဘူး။ အချုပ်သစ်နဲ့ရောက်လာသူမှန်သမျှ ဒီအခန်းထဲကို ဝင်ရတယ်။ (၂)ရက်လောက်နေပြီးမှ တခြားအခန်းကို ခွဲပို့တယ်။ ကျနော်နဲ့ သက်ဝင်းအောင်လည်း ဒီအခန်းမှာ(၂)ရက်လောက်နေပြီးမှ အခုနေတဲ့ ( အခန်း ၁-ခ )ကို ရောက်နေကြရတာ။

ညနေဖက် သူရောက်တယ်ကြားပြီး နောက်တနေ့မနက် တန်းဖွင့်တော့ ကျနော်နဲ့ သက်ဝင်းအောင်တို့ ပုံစံ ခန်းသွားပြီး သူ့ကိုရှာကြတယ်။ အခုမှ ရောက်တာဆိုတော့ သူမှာ ဘာမှပါမှာမဟုတ်ဘူးဆိုတာ အတွေ့ အကြုံအရ သိနှင့်ပြီးသား။ ဒါကြောင့် သွားတိုက်တံအသစ်တစ်ချောင်း ရှာပြီး သွားတိုက်ဆေးပါယူသွားကြ တယ်။ သူ့ကို လူမမြင်ဖူးတော့ ''ဦးတင်မိုး'' ဘယ်သူလဲဆိုတာ လိုက်မေးကြရတာ။ အခန်းဝရပ်နေတဲ့ လူ တစ်ယောက်က လက်ညှိုးထိုးပြလို့ကြည့်လိုက်တော့ အသက်ကြီးကြီး ဝဝဖိုင့်ဖိုင့် အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ခေါင်းရင်းဘက်ပြတင်းပေါက် သံတိုင်တွေကိုကိုင်ပြီး အပြင်ကို ငေးကြည့်နေတယ်။

ကျနော်တို့နှစ်ယောက် သူ့ဆီသွားပြီး ''အဘက ဦးတင်မိုးလား''လို့ မေးလိုက်တော့ သူကကျောခိုင်းလျက် ကျနော်တို့ဘက်လှည့်ပြီး ''ဟုတ်ပါတယ်။ ကျနော်တင်မိုးပါ''လို့ ပြန်ဖြေတယ်။ မျက်လုံးကဝိုင်းဝိုင်း၊ ပါးက ဖောင်းဖောင်းကြီးနဲ့ အံ့သြတဲ့အမူအရာနဲ့ ကျနော်တို့နှစ်ယောက်ကို တစ်လှည့်စီကြည့်နေတယ်။ ကျနော်တို့ ကျောင်းသားတွေပါ။ နာမည်ဘယ်သူဘယ်ဝါပါဆိုပြီး ကျနော်တို့အကြောင်း အကျဉ်းချုံးမိတ်ဆက်လိုက် တော့ သူ့မျက်နှာဝင်းသွားပြီး ဖက်လှဲတကင်း ပြန်နှုတ်ဆက်ပါတယ်။ သူ့ဖြစ်စဉ်အကြောင်းလည်း အကျဉ်း ချုံးပြောပြပါတယ်။ ကျနော်တို့က အဘ မျက်နှာမသစ်ရသေးဘူးမဟုတ်လား။ လာ..ရေကန်သွားမယ်ဆို ပြီး ခေါ်သွားပါတယ်။ ရေကန်ရောက်တော့ သွားတိုက်တံပေါ် သွားတိုက်ဆေးညှစ်ထည့်ပြီး သူ့ကိုပေး လိုက်တော့ သူကသွားတိုက်တံပေါ်က သွားတိုက်ဆေးကို လက်ညှိုးလေးနဲ့ကော်ပြီး သွားတိုက်တံကို ပြန် ပေးတယ်။

ကျနော်က ''အဘ..ရွံတတ်လို့လား။ ဒါသွားတိုက်တံအသစ်ပါလို့ ပြောလိုက်တော့'' သူက ''ဟာ..မဟုတ်ဘူး။ မဟုတ်ဘူး။ ကိုယ်မရွံတတ်ပါဘူး။ သွားတိုက်တံနဲ့တိုက်လို့မရလို့ပါ'' လို့ ပျာပျာသလဲ ပြန်ဖြေပြီး သူ့ပါးစပ်ကို ''ဟ''ပြပါတယ်။ ကြည့်လိုက်တော့ ပါးစပ်ကဟောင်းလောင်းကြီး၊ သွားတွေ တချောင်းမှ မရှိဘူး။ ဟုတ်တာပေါ့။ သွားဖုံးချည်းသက်သက်ကို သွားတိုက်တံနဲ့တိုက်လို့ ဘယ်ရပါ့မလဲ။ ကျနော်နဲ့ သက်ဝင်းအောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိလေးဖြစ်သွားတော့ သူက အားရပါးရ ရယ်မောလိုက်ပါတော့တယ်။ အဲဒါ သူနဲ့ကျနော် ပထမဆုံး စတွေ့တွေ့ချင်း အမှတ်ရစရာ လေးပါ။ ၁၉၉၂ နှစ်ဦးပိုင်း နှင်းတွေဝေနေတဲ့ဆောင်းနံနက်ခင်းလေးက အစပြုလို့ အေးမြတဲ့ နွေးထွေးတဲ့ မေတ္တာရိပ်တွေ ကျနော့်နှလုံးသားကို သိုင်းခြုံရစ်ပတ်တော့မယ်ဆိုတာ ကျနော်မသိခဲ့ဘူးလေ။

သူပုံစံခန်းကထွက်တော့ ကျနော်နေတဲ့ အပေါ် (၁-ခ) မှာ လာနေရတယ်။ ကျနော်နဲ့ ဘေးချင်းယှဉ်အိပ် ရတာပါ။ သက်ဝင်းအောင်ကကပ်လျက်အခန်းက အပေါ်(၁-က)မှာ။ အဲဒီတုန်းကကျနော်နဲ့သက်ဝင်းအောင် က အသက် (၁၉)နှစ်အရွယ် (၉)တန်းကျောင်းသားလေးတွေ၊ သူက ကျောင်းဆရာ၊ ကဗျာဆရာ ၊ ပညာနဲ့ မွေ့လျော်သူဆိုတော့ ကျနော်တို့ (၂)ယောက်ကို (၉)တန်းပြန်ဖြေပြီး ဘွဲ့ရအောင်ယူဖို့ တိုက်တွန်းတယ်။ ကတိလည်းတောင်းတယ်။ သက်ဝင်းအောင်က ပြန်ဖြေဖို့ကတိပေးလိုက်ပေမဲ့ ကျနော်ကမပေးဘူး။ မသေချာပဲနဲ့ ဘာကတိမှ မပေးချင်ဘူးလို့ ပြန်ပြောလိုက်တော့ သူ ကျနော့်ကို စိုက်ကြည့်နေတယ်။ ဘာမှ တော့မပြောဘူး။ ဒါပေမဲ့ သူ့မျက်နှာမှာ ခပ်မှိုင်းမှိုင်းအရိပ်လေးတွေ တွေ့လိုက်ရတယ်။

အဲဒီတုန်းက ကျနော်ကခပ်ထန်ထန်၊ ခပ်ရိုင်းရိုင်း။ ကချင်ပြည်နယ်တောတောင်တွေထဲ (၂)နှစ်ခွဲလောက် လက်နက်ကိုင် တိုက်ခိုက်နေရာကနေ၊ လောလောလတ်လတ် အချုပ်ကျနေတဲ့ကာလ။ ပြောရရင် အရှင်လတ်လတ် လှောင်ချိုင့်ထဲ ထည့်ပိတ်ခံထားရလို့ ရှူးရှူးရှားရှားဖြစ်နေတဲ့ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လိုမျိုး။ အစွယ် တပြပြ၊ လက်သည်းတပြင်ပြင်နဲ့။ ပိုဆိုးတာက ဘာ ဘာသာရေးမှ မရှိတာ။ အရိုင်းတုံးကြီး။ အဖေက ဗုဒ္ဓ ဘာသာ မြန်မာလူမျိုး၊ အမေက ခရစ်ယန် ကရင်လူမျိုး ဆိုတော့ ဘာသာက ဖက်စပ်၊ လူမျိုးက ကပြား။ သြကာသမသိ၊ သခင်ယေရှုမသိ၊ ကိုယ်ထင်ရာ ကိုယ်ခိုင်းနေတဲ့စိတ်အခံမျိုး။

အဲဒီလို ဘာသာမဲ့၊ တောပြန် အချုပ်ကျ ရိုင်းချင်တိုင်း ရိုင်းနေတဲ့ကျနော့်ကို သူကတခြား ကျနော်ကြုံရလေ့ရှိတဲ့ လူကြီးတွေလိုမျိုး ရှောင် ဖယ်ဖယ် နေတာမျိုးမလုပ်ဘူး။ ဖေးဖေးမမနဲ့ တရင်းတနှီးဆက်ဆံတယ်။ ကျနော့် နောက်ခံ ဘဝဇာတ် ကြောင်းကို ခရေစေ့တွင်းကျမေးတယ်။ အဖေအကြောင်း၊ အမေအကြောင်း၊ မိသားစုနေထိုင်မှုပုံတွေ အကြောင်း၊ ကျနော်တက်ခဲ့တဲ့ ကျောင်းကအစ၊ တောထဲနေခဲ့ရတဲ့ တိုက်ပွဲတွေအဆုံး အကုန်မေးတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်ရဲ့အတန်းဖော် ခိုင်ဝတ်မှုန်ဆိုတာ သူ့ရဲ့ ရဲဘော်ကြီး ဦးတင်မောင်ဝင်းရဲ့ သမီး၊ သူ့တပည့်မ ဖြစ်နေတယ်။ အဲဒီလိုလျှောက်မေးနေတော့ ကျနော်ကပြောပြရတယ်။

အံ့သြဖို့ကောင်းတာက ကျနော်ပြောသမျှကို သူက သေသေချာချာကို အာရုံစိုက်ပြီး နားထောင်တာ။ တစ်ခါတစ်ခါတော့ သူမေး တာကို ကျနော်က ''ဘု'' ပြန်တောမိတာလည်း ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ဘယ်တော့မှ စိတ်ဆိုးဟန်မပြ ဘူး။ ''အေး..အေး..ခုမပြောချင်လဲနေ၊ နောက်မှပြောပေါ့။ လာ..အခုလမ်းလျှောက်ကြရအောင်''ဆို ပြီး ကျနော့်လက်ကိုဆွဲပြီး ထလမ်းလျှောက်တော့တာပဲ။ ဒီအကြောင်း အခုပြန်တွေးတော့ သူ့မျက်နှာမြင် ယောင်ပြီး ရင်ထဲဆစ်ကနဲ နာကျင်မိတာအမှန်ပဲ။ အဲ ဒီလိုတရင်းတနှီးနေကြရင်း ကျနော် သူ့ကို ''အဘ'' လို့ခေါ်ရာကနေ ''ဆရာကြီး''လို့ ပြောင်းခေါ်မိတယ်။ ဘယ်လိုဘယ်လို အဲဒီလိုခေါ်မိတယ်မသိဘူး။ စာ သင်တဲ့ဆရာ၊ အသက်ကြီးလို့ ခေါ်မိတာလား၊ ကဗျာဆရာကြီး မို့လို့ခေါ်မိတာလားလည်း မသိဘူး။ နောက်ပိုင်း ကျနော်ရော၊ သက်ဝင်းအောင်ရော ဆရာကြီးလို့ခေါ်ဖြစ်ကြတော့တယ်။

သူက ပထမ သူ့ ကိုယ်သူ 'ကျနော်' လို့ပြောတယ်။ နောက်တော့ 'ကိုယ်' 'မောင်ရင်' လို့ ပြောရာကနေ 'မင်း' 'ငါ'ဆိုပြီး တရင်းတနှီးဖြစ်လာတယ်။ တစ်ခါတစ်လေ 'ဟေ့ကောင်၊ ခွေးကောင်...ခွေးမသား..လာ..' ဆိုပြီး အာလုတ်သံကြီးနဲ့ တလုံးတခဲပြောပြီး ကျနော်ခေါင်းကို သူ့ရင်ဘတ်မှာ ဖိထားတာမျိုး လုပ်တတ်တယ်။ ပထမတော့ အဲဒီလိုခေါ်တာကို ကျနော်မကြိုက်ဘူး။ စိတ်ဆိုးမိတယ်။ 'ဆရာကြီး ကျနော့်ကို ဘာဖြစ်လို့ ခွေးကောင်လို့ခေါ်တာလဲ'လို့ ပြန်မေးတော့ သူ စိတ်မကောင်းဖြစ်သွားပုံရတယ်။ ''မဟုတ်ပါဘူးကွာ .. ငါ ဘယ်သူ့ဖြစ်ဖြစ်၊ ဘယ်လောက်ငယ်ငယ် 'မင်း' 'ငါ' ဆိုတာမျိုးတောင် မသုံးပါဘူး။ မင်းကိုတော့ ငါချစ် လို့ ဒီလို ရင်းရင်းနှီးနှီး ပြောတာပါ။ စိတ်မဆိုးပါနဲ့ကွာ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သခင် နုတို့၊ သခင်အောင်ဆန်းတို့ကို အဲဒီလို ရင်းရင်းနှီးနှီးပြောဆိုတာပဲ'' လို့ ပြန်ပြောတယ်။ အဲဒီကစလို့ သူနဲ့ ကျနော်ကြား ဘယ်အခါတွေ့တွေ့ ''ဟေ့ကောင်...ခွေးကောင်...ခွေးမသား...လာ''ဆိုပြီး ကျနော့် ခေါင်းကို အတင်းဆွဲ သူ့ရင်ဘက်နဲ့ အတင်းဖိကပ်ထားတော့တာပဲ။ အဲဒီ သူ ကျနော့်ကို နှုတ်ဆက်နေကျ ပုံရိပ်လေး တစ်ခုအဖြစ် ကျနော့်ရင်ထဲ စွဲကျန်နေမိတယ်။

အဲဒီလို သူနဲ့ကျနော်တို့ (၄)လလောက် အတူနေရာကနေ တစ်နေ့ သူ့ကို စစ်ခုံရုံးကနေခေါ်ပြီး အမိန့်ချ မှတ်လိုက်တယ်။ (၄)နှစ်တဲ့။ စစ်ခုံရုံးအမိန့်ချပြီးတာနဲ့ အကျဆောင် (၅)ကို တန်းပို့လိုက်တော့ ကျနော်တို့ ချင်း မတွေ့ကြရတော့ဘူး။ နောင် သူနဲ့အကျဆောင်မှာ ပြန်တွေ့တော့မှ စစ်ခုံရုံးအတွေ့အကြုံကို ဖလှယ် ရင်း သူ့ကို ဘယ်လိုစီရင်ချက်စွဲတယ်ဆိုတာ သူပြန်ပြောလို့သိရတယ်။ စစ်ခုံရုံးက သူ့ကဗျာလေးဖတ်ပြပြီး စီရင်ချက် ချလိုက်တာတဲ့။ ခုံရုံးတရားသူကြီးက သူ့ကဗျာကိုဖတ်တော့ ယူနီဖောင်းအပြည့်အစုံနဲ့တဲ့။ ''လမ်းဘေးသွေးအိုင်ထဲ လဲနေတဲ့ ကျောင်းသားလေး..သားပြန်အလာကိုမျှော်နေတဲ့ အမေတစ်ယောက် ရဲ့အဖြစ်...'' စတဲ့ ကဗျာလေးပါ။ ''ဒီတခုနဲ့တင် တန်သွားပြီကွာ'' တဲ့။

ဆရာကြီးအမိန့်ချခံရပြီး တစ်လလောက်ထပ်နေပြီးတော့ သက်ဝင်းအောင် အချုပ်ဘဝကနေ လွတ်မြောက် သွားတယ်။ နောက်ထပ်တစ်လလောက် ထပ်နေပြီးတော့ ကျနော့်ကို စစ်ခုံရုံးက (၇)နှစ် အမိန့်ချလိုက် တယ်။ ဒီတော့ ဆရာကြီး ရှိတဲ့ (၅)ဆောင်ကို ရောက်ပြီး သူနဲ့ပြန်ဆုံရတယ်။ ကျနော့်ကို စစ်ခုံရုံးအမိန့်ချ လိုက်တာ မှတ်မှတ်ရရ ၁၉၉၂၊ ဇူလိုင် (၂၃) ရက်နေ့။ ထုံးစံအတိုင်း အကျဆောင်ရောက်တော့ အချုပ် ဆောင်တုန်းကလိုပဲ ပုံစံခန်းဆိုတာ ဝင်ရသေးတယ်။ ကျနော်အမိန့်ကျပြီး (၅) ဆောင်ရောက်တယ်ဆိုတာ ညတွင်းချင်း ဆရာကြီးသိတယ်။ နောက်တစ်နေ့ တန်းဖွင့်ဖွင့်ချင်း သူကျနော့်ဆီ ရောက်လာတယ်။

မျက်နှာသုတ်ပုဝါပုခုံးပေါ်တင်၊ ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ လက်ထဲကိုင်လို့။ ကျနော့်ဆီ လာတွေ့မယ်ဆိုတာသိနေရက်နဲ့ ဗြုန်းကနဲ အဖြူရောင် ထက်အောက် 'ထောင်ဝတ်စုံ'နဲ့ တွေ့လိုက်ရတော့ ရင်ထဲ တစ်မျိုးကြီးဖြစ်သွားတယ်။ အချုပ်ဆောင်တုန်းက အရပ်ဝတ် အရပ်စားနဲ့တွေ့နေကြလေ။ ခုတော့ ထောင်ဝတ်စုံကြီးနဲ့ ခေါင်းကလည်း ဖွေးဖွေးဖြူလို့။ တွေ့ရတာ တစ်မျိုးကြီးပဲ။ တွေ့တွေ့ချင်း သူကတော့ ထုံးစံအတိုင်း ''ဟေ့..ခွေးကောင်..လာ'' ဆိုပြီး ကျနော့်ခေါင်းကိုဆွဲပြီး သူ့ရင်ဘတ်နဲ့ထိထားတယ်။ ပြီးမှ မျက်နှာသွားသစ်ရအောင်လို့ ပြောတယ်။ ကျနော်က သူ့လက်ထဲက သွားတိုက်ဆေး၊ သွားတိုက်တံကို တလှည့်၊ သူ့ကိုတလှည့်ကြည့်နေတော့ သူက ''ဘာလဲ၊ မင်း ရွံ့တတ်လို့လား။ သွားတိုက်တံက အသစ်ပါ ကွ။ သွားတိုက်ဆေးကိုလက်ညှိုးနဲ့ကော်ပြီး တိုက်စရာမလိုပါဘူး။ မင်း သွားတွေကအကောင်းတွေချည်းပဲ'' တဲ့။ ကျနော်တို့ အချုပ်ဆောင်မှာ ပထမဆုံးတွေ့ခဲ့ကြတဲ့ မြင်ကွင်းလေးကို အမှတ်ရလို့ ပြန်ပြောတာနဲ့ တူ ပါရဲ့။ ကျနော်လဲ စတွေ့ကြတုန်းက သူပြောခဲ့တဲ့ပုံကို ပြန်ပြောပြီး နှစ်ယောက်သား အားပါးတရ ရယ်မော မိကြတယ်။ အချုပ်ဆောင်မှာတုန်းက ကျနော်က သွားတိုက်ဆေးလာပေးသူ၊ ဒီအကျဆောင်မှာတော့ သူက လာပေးရတဲ့သူ။ ဟိုမှာတုန်းက သူကလူသစ်၊ ကျနော်က လူဟောင်း။ ဒီကျတော့ သူကလူဟောင်း၊ ကျနော်က လူသစ်။ အဲဒီတုန်းက ဇန်နဝါရီနံနက်ခင်း၊ နှင်းတွေဝေလို့။ ခုတော့ ဇူလိုင်နံနက်ခင်း မိုးတွေရွာ လို့။

ဒီလိုနဲ့ ကျနော်တို့ (၅)ဆောင်မှာ အတူနေကြရပြန်တယ်။ အခန်းကတော့ မတူဘူး။ သူက (၃)၊ ကျနော် က (၄)။ မနက်ခင်းတွေမှာ ကျနော်က တောင်ယာတဲဆင်း၊ သူက လမ်းလျှောက်ပေါ့။ ညနေခင်းတွေဆို ကျနော်တို့နှစ်ယောက် အတူတူလမ်းလျှောက်ကြ၊ စကားတွေပြောကြနဲ့။ နေ့ခင်းတွေဆို သူက ထုံးစံ အတိုင်း မေးခွန်းတွေမေး၊ ကျနော်ကဖြေပေါ့လေ။ သူက စာတွေ၊ ကဗျာတွေအကြောင်း ပြောပြတယ်။ ကြုံရင်ကြုံသလို ကဗျာလေးတွေ ညှပ်ပြီး ရွတ်ပြသေးတယ်။ ထူးဆန်းတာက သူရွတ်တဲ့ကဗျာတွေထဲ သူ့ ကဗျာတစ်ပုဒ်မှ မပါတာဘဲ။

''ဧည့်သည်ကြီး'' ကဗျာအကြောင်းတော့ တခုတ်တရပြောပြတယ်။ မန္တလေး မှာ သူနဲ့မောင်စွမ်းရည်၊ မောင်ကြည်အောင်တို့ ကဗျာတွေစုရေးကြပုံတွေလဲပါတယ်။ များသောအားဖြင့် သူရွတ်ပြတဲ့ကဗျာတွေဟာ ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာကြီးဇော်ဂျီ ကဗျာတွေပါပဲ ။ သူပြောပြတဲ့အထဲမှာ ဆရာကြီးဖေမောင်တင်အကြောင်း ၊ ဆရာကြီးဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးလှ နဲ့ အမေမာအကြောင်း၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ မောင်ကြည်အောင် စတဲ့သူနဲ့ ခေတ်ပြိုင်ကဗျာ ဆရာကြီးတွေအကြောင်း ...အစုံပါပဲ။ ခက်တာက သူပြောတဲ့လူတွေအကြောင်း တယောက်မှ ကျနော် မသိတာပဲ။ နာမည်တောင် ကြားဖူးတာမဟုတ်ဘူး။ ကဗျာဆိုတာ ဘာမှန်းလည်းမသိ။ ခံစားရကောင်းမှန်း၊ ဖတ်ရကောင်းမှန်းတောင် သိတာမဟုတ်ဘူး။ အားနာလို့သာ နားထောင်နေရတာ၊ ပျင်းလည်းပျင်း၊ စိတ်ကလည်းညစ်ပေါ့။ ဒါကို သူရိပ်မိတယ်နဲ့တူပါတယ်။ တနေ့ ကျနော့်ကို ကဗျာနဲ့ပတ်သတ်ပြီး ဘယ်လို သဘောထားလဲဆိုပြီး မေးခွန်းမေးလာတယ်။

ကျနော်ကလည်း သိတဲ့အတိုင်း ဘုဆတ်ဆတ်၊ ဂျစ်ကန်ကန် နဲ့ဆိုတော့ ''ဟာ...ကဗျာဆိုတာ လူဘော်ကြော့တွေ၊ အလုပ်အကိုင်မရှိ၊ လူပျင်းတွေလုပ်တဲ့အလုပ်ပါ။ ဘာမှန်းလည်းမသိဘူး။ ခံစားလို့လည်းမရဘူးလို့'' ပြန်ပြောလိုက်တော့ သူခဏတွေသွားတယ်။ ပြီးမှ ကျနော့်ပခုံးပေါ်လက်တင်ပြီး ''အဲလိုမဟုတ်ပါဘူးကွာ။ ကဗျာဆိုတာ အင်မတန်သိမ်မွေ့နူးညံ့တဲ့ပစ္စည်းပါ။ လူ့နှလုံးသားနူးညံ့ပျော့ပျောင်းဖို့ ကဗျာဖတ်ဖို့လိုတယ်။ နှလုံးသားကြမ်းတမ်းတဲ့သူတွေဟာ လောကကို အဖျက်မြင်တတ်ကြတယ်..'' ဆိုပြီး ကဗျာနဲ့ပတ်သတ်တဲ့ သဘောသဘာဝတွေ တသီတတန်းကြီး ပြော နေပါတော့တယ်။
ဥပမာတွေလည်း အများကြီးပဲ။ ကျနော် အသေးစိတ်မမှတ်မိတော့ဘူး။ အဲဒီတုန်းက ကျနော်ပြောခဲ့တဲ့စကားတွေအတွက် အခုဆရာကြီးကို လက်အုပ်ချီတောင်းပန်မိတယ်။ တကယ်တော့ ဆရာကြီးဟာ စိတ်နှလုံးနူးညံ့ပျော့ပြောင်းသူပါ။ မတောင်းပန်ခင်က ခွင့်လွှတ်ပြီးသားဆိုတာ ကျနော် အသေအချာယုံတယ်။ ကဗျာကို ရှုတ်ရှုတ်ချချပြောခဲ့တဲ့ကျနော်၊ ခုတော့ ကဗျာကို ခံစားဖတ်ရှုနိုင်ရုံမက ကိုယ်တိုင်ကဗျာဖန်တီးသူတစ်ယောက် ဖြစ်ခဲ့ရပြီ ။ ဒီအကြောင်းတွေ ဆရာကြီး သိမှသိသွားပါလေစ။

ကျနော့်စိတ်ကူးထဲ ထောင်ကလွတ်လို့ ဆရာကြီးနဲ့ပြန်ဆုံရင် ပြောမယ့်စကားတွေ ရင်ထဲအပြည့်။ ရင်ဘတ် ကြီးထဲအကန့်လိုက် ခွဲခွဲသိမ်းထားခဲ့ရတာတွေ။ ခုတော့ ဆရာကြီးဆုံးပြီတဲ့။ ဆရာပွင့်ကို ကျနော် တခါက ဒီလိုပြောဖူးတယ်။ ဆရာပွင့်ထက်အရင် ကျနော် စော လွတ်ရင် ဘာလုပ်ပေးရမလဲလို့။ ဆရာပွင့်ကလည်း ကျနော့်ကို ဒီလိုပြန်မေးတယ်။ ''ခင်ဗျားထက် ကျနော် စော လွတ်ရင်ကော'' တဲ့။ ဒီတော့ ကျနော်က “ဆရာကြီးနဲ့ထိတွေ့ခဲ့ပြီးတဲ့နောက် ကျနော့်နှလုံးသားထဲ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာသူဟာ ဆရာပွင့်ပါပဲလို့။ အခု ကျနော်အထဲမှာ ဘာတွေလုပ်နေတယ်၊ ဘယ်လိုကျင့်ကြံနေတယ်ဆိုတာတွေ ဆရာပွင့်အသိဆုံးပါပဲ။ ကျနော့်စိတ်ကူး၊ ကျနော့်အိပ်မက်တွေ၊ ခံစားမှုတွေကို ကောင်းကောင်းသိတဲ့သူဟာလည်း ဆရာပွင့်ပါပဲ။ ကျနော် ဆရာကြီးအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာလည်း အသိဆုံးပါ။ ဒါကြောင့် ဆရာပွင့် ကျနော့်ထက်စောလွတ်ရင် ဆရာကြီးနဲ့ဆက်သွယ်ပြီး အဲဒါတွေပြောပြပေးပါ”လို့ ဆရာပွင့်ကို ကျနော် သေသေချာချာမှာခဲ့ဖူးတယ်။ ဒါတွေသာသိရင် ဆရာကြီးဘယ်လောက်များ ဝမ်းသာပီတိဖြစ်နေလိုက်မလဲ ဆိုတာ စိတ်ကူးနဲ့ ကျနော်မြင်ယောင်မိပါသေးတော့တယ်။ အခုတော့ ဆရာကြီးမရှိတော့ပါဘူး။ ကျနော် သိစေချင်တဲ့ ကျနော့်ရင်ထဲကစကားတွေ သိမှသိသွားပါ့မလား။ ဆရာကြီးမဆုံးခင် တစ်နှစ်ခွဲလောက် ကြို ပြီး ဆရာပွင့်လွတ်သွားပါရဲ့။ ဒါပေမယ့် သူ ပြောမှ ပြောဖြစ်ပါ့မလား...။ ပြောချင်အုံးတော့ ပြောခွင့်မှ သာရဲ့လား။ ကျနော့်ရင်ဘတ်ထဲ တဆစ်ဆစ်ကိုက်နေလိုက်တာ။

ဆရာကြီးနဲ့ကျနော် (၅) ဆောင်မှာ (၅) လလောက်ပဲ အတူနေရသေးတယ်။ ၁၉၉၂၊ ဒီဇင်ဘာ (၇) ရက် ညမှာ ထောင်ဝန်ထမ်းတွေ အုံလိုက်ကျင်းလိုက်ဝင်လာပြီး ကျနော်အပါအဝင် (၁၅) ယောက်လောက်ကို နာမည်ခေါ်၊ ခေါင်းစွပ် စွပ်ပြီး သီးသန့်ထောင်ကို ပို့လိုက်တယ်။ မကြာခင် ကျင်းပတော့မယ့် အမျိုးသား ညီလာခံနဲ့ ပတ်သတ်ပြီး အထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေတယ်လို့ ယူဆတယ်နဲ့ တူပါရဲ့။ ကျနော်တို့ကို လူစု ခွဲလိုက်တဲ့သဘောပါ။ ဒါကြောင့် ဆရာကြီးနဲ့ တခါ ထပ်ခွဲရပြန်တယ်။ သူက (၅)ဆောင်မှာပဲ ကျန်ခဲ့တာ။ သီးသန့်ရောက်လို့ ဆရာကြီးနဲ့ဝေးရတော့မှ ကျနော် ဆရာကြီးကို သတိရ ရကောင်းမှန်းသိလာတယ်။ ညနေခင်းလမ်းလျှောက်ခဲ့ပုံတွေ၊ ကျနော့်ကိုမေးခွန်းတွေ မေးခဲ့ပုံတွေ၊ ...အစုံပါပဲ။ ဆရာကြီးကို ကျနော် လွမ်းနေပြီလေ။

(၅)ဆောင်ကနေ ကျနော်နဲ့အတူ ပြောင်းရွှေ့ခဲရတဲ့သူတွေထဲမှာ ကိုကျော်ကျော်ဝင်းလည်း ပါတယ်။ သူက ပညာကိုချစ်မြတ်နိုးသူ။ အေးအေးဆေးဆေးနေတတ်ပြီး ကဗျာဖွဲ့ဖို့ ကြိုးစားအားထုတ်နေ တဲ့သူ။ သီးသန့်မှာနေကြတုန်း သူဖွဲ့ဖြစ်တဲ့ကဗျာလေးတွေ လမ်းလျှောက်ရင်း ကျနော့်ကို ရွတ်ပြလေ့ရှိ တယ်။ ဘယ်လိုသဘောလဲ မသိပါဘူး။ အဲဒီကဗျာဆိုတာကြီးနဲ့ ကျနော့်ကို လာ လာပတ်သတ်နေတာ ပြောပါတယ်။ ကဗျာဆရာကြီးရဲ့ကဗျာဗေဒကွန်ယက်ကနေ လွတ်ပြီ၊ ကျွတ်ပြီမှတ်တယ်။ ခု ကဗျာဆရာ လေးရဲ့ထောင်ချောက်မှာ ယက်ကန်၊ ယက်ကန်နဲ့ လာငြိနေပြန်ရော။

ဒီလိုနဲ့နေကြရင်း တစ်နေ့မှာ ကျနော်နဲ့ ကိုကျော်ကျော်ဝင်းလမ်းလျှောက်နေကြတုန်း လေအဝှေ့မှာ လွင့်လာတဲ့စာရွက်တစ်ရွက် ကျနော် တို့ ရှေ့တည့်တည့်လာကြတယ်။ ကိုကျော်ကျော်ဝင်းက လှမ်းကောက်ပြီးဖတ်ကြည့်ကာ ဖတ်ရင်း သူ အံ့သြသွားပုံက ပါးစပ်ကတောင် အသံထွက်လာတယ်။ ''ဟေ့လူ၊ ဒီမှာကြည့်စမ်း။ ဆရာကြီးရဲ့ ကဗျာလေး ဗျ'' တဲ့။ ကျနော်လည်း ဆွဲယူဖတ်ကြည့်တော့ အဟုတ်ပဲ ကဗျာခေါင်းစဉ်အပိုင်းတော့ စုတ်ပြဲနေလို့ မပါ တော့ဘူး။ ကဗျာအောက်ခြေမှာတော့ 'တင်မိုး' ဆိုပြီး ထင်ထင်ရှားရှားပါနေသေးတယ်။ ''ဆရာကြီးမှိုင်းကို ဖွဲ့ထားတဲ့ ပြဋ္ဌာန်းစာအုပ်မှာပါတဲ့ ကဗျာလေးပါ။ ''ကွမ်းအစ်တစ်လုံး၊ ယောင်တစ်ထုံးနဲ့ အစချီပြီး ... သောင်းမြန်ပြည်တန်ခိုး ဒေါင်းအလံလွှင့်ထိုး'' ဆိုပြီး အဆုံးသတ်ထားတဲ့ ကဗျာလေး။ ဘာပြောပြော ကျနော်ရော၊ ကိုကျော်ကျော်ဝင်းပါ ဝမ်းသာသွားကြတယ်။ ''ဒါ ဆရာကြီး ကျနော်တို့ကို ပို့လိုက်တဲ့မေတ္တာလက်ဆောင်လေးပဲ။ ကျနော်တို့ မကြာခင်ဆရာကြီးနဲ့ ပြန်ဆုံရမယ့် သဘောပဲ'' လို့ ကိုကျော်ကျော်ဝင်းက ပြောတယ်။ ကျနော်လည်း ဒီအတိုင်းခံစားရတယ်လေ။ ဒါကြောင့် ကျနော်တို့နှစ်ယောက် ဒီကဗျာလေးကို အလွတ်ကျက်ထားပြီး ဆရာကြီးနဲ့ပြန်ဆုံရင် ရွတ်ပြရအောင်လို့ သဘောတူပြီး ကျက်ထားလိုက်ကြတယ်။

ကိုကျော်ကျော်ဝင်းကတော့ အထဲမှာ ဆရာကြီးနဲ့ပြန်မဆုံဖြစ်တော့ပါဘူး။ ဘာကြောင့်ဆို အဲဒီစာရွက်ရပြီး မကြာခင်မှာဘဲ လွတ်ရက်စေ့လို့ သူလွတ်မြောက်သွားတယ်လေ။ သူ့ကိုလွှတ်ဖို့လာခေါ်တဲ့အချိန်မှာ ကျနော့်အခန်းရှေ့ပြေးလာပြီး ''ကိုသက်ထွန်း..ခင်ဗျားဆရာကြီးနဲ့ပြန်ဆုံရင် ဒီကဗျာလေးရပုံပြောပြီး အလွတ်ရွတ်ပြလိုက်ဗျာ။ ကျနော့်ကိုယ်စားပါ (၂) ခေါက် ရွက်ပြလိုက်'' လို့ အမှတ်တရလာပြောသွားပါ သေးတယ်။ သီးသန့်မှာ (၈)လလောက် နေရပြီး ကျနော်တို့ကို ထောင်မကြီးထဲ ပြန်ပြောင်းလိုက်ပါတယ်။ ထောင်မကြီးရောက်လို့ မိန်းဂျေလ်းမှာ ထိုင်ခိုင်းထားပြီး အဆောင်ခွဲပို့ဖို့ လူစစ်ကြတယ်။ ထုံးစံအရ ကိုယ် ထွက်သွားတဲ့အဆောင်ကို ပြန်ပို့လေ့မရှိဘူး။ ကျနော်က (၅)ဆောင်က ထွက်သွားရတာဆိုတော့ (၃) နဲ့ (၄) ဆောင် တခုခုရောက်ရမယ်။ ဖြစ်ချင်တော့ ဘယ်ကဘယ်လိုခွဲလိုက်တယ်မသိဘူး။ ကျနော်က (၅)ဆောင် ပြန်ရောက်မယ့်စာရင်းထဲပါနေတယ်။ နောင်မှပြန်သိရတာက ကျနော်ထွက်သွားခဲ့တဲ့အဆောင်စာရင်းမှာ (၅)ဆောင်အစား (၃)ဆောင်လို့ ရေးထားတယ်လို့ဆိုတယ်။ ဒါကြောင့် (၃)ဆောင်ကို မရောက်တော့ဘဲ ဆရာကြီး ရှိရာ (၅)ဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်ပါလေရော။

ကျနော်တို့အဆောင်ထဲကို ဝင်တဲ့အချိန်ကနေ့ခင်းကြီးဆိုတော့ ကျန်တဲ့ရဲဘော်တွေက ထွက်ပြီးကြိုနေကြ တယ်။ ကျနော်လည်း အိပ်ယာလိပ်ကတစ်ဖက်၊ ကျန်တဲ့ပစ္စည်းတွေကတစ်ဖက်နဲ့ (၅)ဆောင်ထဲ ဝင်ရုံရှိ သေးတယ်။ လူအုပ်ကြားထဲက ဆရာကြီးထွက်လာပြီး ''ဟေ့ကောင်..ခွေးကောင်..လာ''ဆိုပြီး ကျနော့် ခေါင်းကိုဆွဲ သူ့ရင်ဘတ်ထဲဖိထားတော့တာပဲ။ ကျနော်လည်း အိပ်ယာလိပ်နဲ့ပစ္စည်းတွေပစ်ချလိုက်ပြီး ဆရာကြီးကို ဖက်ထားလိုက်တယ်။ တအောင့်နေလို့ လူချင်းခွာပြီး ဆရာကြီးမျက်နှာမော့ကြည့်လိုက်တော့ သူ့မျက်ဝန်းမှာ မျက်ရည်ကြည်တွေ ရစ်ဝိုင်းနေတာ တွေ့လိုက်ရတယ်။ ရုတ်တရက် ကျနော် ကြောင်အမ်း အမ်းဖြစ်သွားတယ်။ ဟုတ်မှာပါ။ ဆရာကြီးက ''ဟေ့..ခွေးကောင်..လာ''ဆိုပြီး ရင်ခွင်ထဲအတင်းဖိကပ် ထားတဲ့အချိန်တိုင်း ကျနော် သူ့ကိုပြန်ဖက်လေ့မရှိခဲ့ဘူးလေ။ သူ ကျနော့်ခေါင်းကို အတင်းဖိကပ်ထားလို့ သာ ဒီအတိုင်း နေနေရတာပဲရှိတယ်။ ခုမှ ကျနော်က ပထမဆုံးအကြိမ် ပြန်ဖက်ထားလိုက်မိတာကိုး။ ဖက် ထားတာမှ တအားကိုဖက်ထားတာ။ နဲနဲလည်းကြာသွားတယ်ထင်ပါရဲ့။ ဒါကြောင့် ဆရာကြီးမျက်ရည်ဝဲ သွားတာဖြစ်မှာ။

ဒါနဲ့ ကျနော်က ''ဆရာကြီး..ခဏလေး။ ဒီအိပ်ရာလိပ်တွေ သွားထားလိုက်ဦးမယ်။ ပြီး ရင် ချက်ခြင်းပြန်လာခဲ့မယ်။ ပြောစရာရှိတယ်လို့'' ပြောပြီး ပစ္စည်းတွေသွားထားလိုက်တယ်။ ပြီးတာနဲ့ ချက်ခြင်းပြန်လာပြီး ဆရာကြီးနေတဲ့ (၃)ခန်းမှာ နှစ်ယောက်သားထိုင်လိုက်ကြတယ်။ ကျနော်လဲ လှုပ်လှုပ် ရှားရှားသွားလာခဲ့ရတော့ နဲနဲမောနေတာနဲ့ အမောဖြေထိုင်နေတုန်း ဆရာကြီးက ''ကဲ၊ ပြောစရာရှိတယ် ဆို..ပြော..ဘာပြောမှာလဲ'' ဆိုတဲ့သဘောနဲ့ ကျနော့်ကို ပြုံးပြီးကြည့်နေတယ်။ ကျနော်က ''တခြား မဟုတ်ဘူး ဆရာကြီး ..ကဗျာတစ်ပုဒ် ရွတ်ပြမလို့ လို့ပြောပြီး ''ကွမ်းအစ်တစ်လုံး ယောင်တစ်ထုံးနဲ့'' အစချီပြီး တောက်လျှောက်ရွတ်ပြလိုက်တယ်။ ရွတ်ရင်း သူ့မျက်နှာကို ကြည့်နေတော့ သူအတော် အံ့သြ သွားပုံရတယ်။ ကဗျာအကြောင်းပြောရင် အမြဲညစ်နေတတ်တဲ့ကျနော်က အခု သူ့ကဗျာကို အလွတ်ရွတ် ပြနေတော့ သူ မအံ့သြဘဲ ဘယ်နေပါ့မလဲ။ ''မင်း..ဒီကဗျာဘယ်လိုရနေတာလဲ။ အရင်ကမရပါဘူး'' လို့ တအံ့တသြမေးပါတယ်။ ကျနော်က ''ဆရာကြီးပဲ ကျနော်တို့ကို မေတ္တာလက်ဆောင်ပို့ပေးလိုက်တာလေ။ အဲဒီက ရတာပေါ့'' လို့ အတည်ပေါက် ဟဲလိုက်တော့ သူ မျက်မှောက်ကြုတ်သွားတယ်။ သူလဲ မပေးရပါ လား၊ ဘယ်လိုပါလိမ့်ဆိုတဲ့သဘောပေါ့။ အဲဒီတော့မှ ကျနော်က ကဗျာရပုံ ထူးထူးဆန်းဆန်းအကြောင်း လေးပြောပြီး ကိုကျော်ကျော်ဝင်းမှာတဲ့အတိုင်း နောက်တစ်ကြိမ်တောင် ရွတ်ပြလိုက်ပါသေး တယ်။ ဆရာကြီး အဲဒီအချိန်တုန်းက ကျနော့်ကိုကြည့်တဲ့အကြည့်က တစ်မျိုးလေးပဲ။ ကျနော်ပါးစပ်က ကဗျာ ရွတ်နေတာကို သူအတော်ပီတိဖြစ်နေတဲ့ပုံပါ။

ပြီးတော့မှ ကျနော့်ကို သူ့ထုံးစံအတိုင်းဖြည်းဖြည်း တိုးတိုးလေးပြောပါတော့တယ်။ ''မင်းတို့ကဗျာရပုံလေး ဆန်းတယ်။ ကျော်ကျော်ဝင်းလွတ်သွားတာ ဝမ်း သာတယ်။ မင်းကဗျာရွတ်တာ ပိုလို့တောင် ဝမ်းသာသေးတယ်။ ငါလည်း မင်းကို သတိရနေတာ။ ကဗျာ ဆိုတာ နှလုံးသားနဲ့ ထိတွေ့ရတဲ့အရာပါ။ မင်းနှလုံးသားက ခက်ထန်မာကြောလွန်းတယ်ကွာ။ မင်းမှာ ဖြောင့်မတ်မှု၊ သစ္စာရှိမှုတွေ ရှိတယ်။ သတ္တိလည်း အရမ်းကောင်းတဲ့ကောင်။ ဒါပေမဲ့ မင်းနှလုံးသား ပျော့ ပြောင်းဖို့ လိုနေတယ်။ အဲဒီလို ပျော့ပြောင်းလာတာနဲ့ မင်းဟာ အရမ်းကို ပြည့်စုံသွားမယ့်သူပဲ။ တိုင်းပြည် အတွက် အားကိုးရမယ်။ ငါတို့က အသက်ကြီးလာပြီဆိုတော့ နောင်အနာဂတ်အတွက် မင်းတို့လို လူငယ် တွေကိုပဲ အားကိုးရမှာ။ ဒါကြောင့် မင်းကဗျာဖတ်ဖို့လိုတယ်။ စာတွေအများကြီးဖတ်ဖို့လိုတယ်။ ငါက ကျောင်းဆရာဆိုတော့ ကျောင်းသူ၊ ကျောင်းသားပေါင်းများစွာကို စာသင်ပေးခဲ့ရတယ်။ မင်းက ထူးဆန်း တယ်။ ပြီးတော့ မင်းကို သားတစ်ယောက်လို ချစ်တာပါကွာ..'' လို့ တသီတတန်းကြီးပြောလိုက်ပါတယ်။ ကျနော် သူ့စကားနားထောင်းရင်း ကြက်သီးမွှေးညင်းထသွားတယ်။ ဖော်ပြလို့မရတဲ့ ထူးဆန်းတဲ့ ခံစားမှု လေးခံစားလိုက်ရတာ။ ဘာမှမပြောမိဘဲ သူ့ရှေ့ ဒီအတိုင်း ငူငူကြီးထိုင်နေမိတယ်။ ကျနော့်ရင်ထဲ အသည်းထဲကနေ သိလိုက်ပါပြီ။ ကျနော့်ကို ချည်နှောင်ထားတဲ့ သူရဲ့မေတ္တာကြိုးဟာ ဘယ်လောက်ခိုင်မာ သလဲဆိုတာလေ..။

Saturday, January 24, 2009

ပြည်သူချစ်သော စာပေ အနုပညာရှင်သို့
ရေးသူ-ကိုသက်

ကိုအေးဝင်းရေးတဲ့ “လွမ်းနေတုန်းပဲ ဂျမ်းရယ်” ဆောင်းပါးကို ဖတ်ဖြစ်ပါတယ်။ လွမ်းစရာကောင်းတယ်။ ဆရာ တင်မိုးနဲ့ပတ်သက်လို့ အမှတ်ရစရာတွေ တရေးရေးပေါ်လာရတယ်။

ကျနော်ကဗျာရေးတဲ့အခါ ဆရာ့ကို အထူးသတိရတယ်။ ဆရာ့ကဗျာရေးဟန်နဲ့ကဗျာထဲမှာ ဖန်တီးထည့်သွင်းထား တဲ့ အတွေးအမြင်၊ အနုပညာ၊ နောက်ခံ၊ သဘာဝ၊ ရိုးသားမှုစတဲ့ အဆီအနှစ်တွေကို ကျနော်ကြိုက်လို့ပါ။ ကဗျာ ရေးတဲ့ အတတ်ပညာကို သင်တန်းတခုဖွင့်ပြီး ဆရာ့ထံမှာ မတက်ခဲ့သော်လဲ နေ့စဉ်လိုလို ဆရာရေးတဲ့ကဗျာတွေ ကိုဖတ်ရင်း ခေတ်ဟောင်း ခေတ်သစ် ရှင်လူရဟန်း ကဗျာစာဆိုတွေအကြောင်း၊ စာပေအကြောင်းတွေ ပြောခွင့်ရ တဲ့ အခြေအနေတခုဟာ နေ့စဉ်သင်တန်းတက်နေသလိုပဲ။



တခါက ကိုခင်မောင်ရွှေ+မတော်တို့အိမ်မှာ ကျနော်နဲ့ ကိုလတ် ကဗျာအကြောင်းဆွေးနွေးရင်း ငြင်းခုံနေကြတယ်။ ဆရာတင်မိုးက ကျနော်တို့နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်လို့ အကြမ်းတခွက် စားပွဲပေါ်တင်ပြီး စာဖတ်နေတယ်။ ငြင်း ဖြစ်တဲ့အကြောင်းက ကဗျာတွေရဲ့ပုံစံခွက် (စပ်နည်း) အကြောင်းဖြစ်ပါတယ်။ အဖြေမထွက်နိုင်တဲ့ ငြင်းဆိုချက်များ ကို ဆရာက ၀င်ရောက်ဖြေရှင်းပေးသွားတယ်။ အဖြေရလို့ အဆင်ပြေသွားပါတယ်။

ဒီခေတ်မှာ စပ်နည်း သိပ်မရှိတော့ကြောင်းနဲ့ကာရန်မျှကိုသာအသုံးပြု၍ ကဗျာကို စပ်ဆိုကြကြောင်း၊ စပ်နည်းတွေ ထက် အတွေးအမြင်၊ ရသ၊ သဘာဝကိုသာ အသုံးပြုတာများကြောင်း၊ တချို့ဆို စကားပြေလိုဖြစ်နေကြောင်း၊ ဘာ အတွေးအမြင်ကိုမျှ စဉ်းစားလို့မရနိုင်၊ နားမလည်နိုင်တဲ့ကဗျာတွေ မဂ္ဂဇင်းတွေမှာ ပါနေကြောင်း ဆရာရှင်းပြပေး လို့ သိရပါတယ်။ ခဏမျှရှင်းပြသော်လဲ ကျနော်တို့အတွက်တော့ တန်ဖိုးဖြတ်လို့ မရပါ။ ကဗျာနဲ့ပတ်သက်လို့ ယုံ ကြည်မှု၊ ခိုင်မာမှုအင်အားတွေ ရရှိလာတယ်။

“ကဗျာ စပ်တတ်ပြီ၊ ပဉ္ဇင်းလောင်းတွေ ရဟန်းဖြစ်အောင် သိမ်ဝင်ရသလို ကဗျာနဲ့ပတ်သက်တဲ့ ယုံကြည်မှု ခိုင်မာ မှုတွေရသွားပြီဖြစ်လို့ ဒါကဗျာသိမ်ဝင်တာပဲ။ ကဗျာစပ်တော့”တဲ့ ဆရာတင်မိုးက ကျနော်တို့ကို အဲသည်ညနေခင်း မှာပဲ တိုက်တွန်းလာပါတယ်။ ကျနော်နဲ့ ကိုလတ်ကလည်း ယုံကြည်မှုတွေနဲ့ပေါ့။

စကားဝိုင်းတခုမှာ ကဗျာ့ရေစီးကြောင်းကို ဆရာက ကောက်ကြောင်းဖော်ပြဖူးတယ်။ အထူးသဖြင့် မောင်သာနိုးရဲ့ ထင်းရူးပင်ရိပ် စာအုပ်နဲ့ ခေတ်လူငယ်တွေရဲ့ ကဗျာ့ရေစီးကြောင်းကို ဆရာက ပြောပြတယ်။

“မောင်သာနိုး ကဗျာတွေကို ဘာသာပြန်တာ မဖြစ် ဖြစ်အောင်ပြန်ရတာမို့ စကားတွေက မချောမွေ့ဘူး။ ဒါကို လူငယ်တွေက တမင်ထွင်ရေးတာထင်ပြီး ကဗျာရေးတဲ့အခါ မောင်သာနိုးလို အတုယူပြီး လိုက်ရေးကြတယ်။ ကဗျာဆိုရင် ခလုတုတုရေးမှ ကဗျာနဲ့တူတာလို့ လူငယ်တွေထင်လာကြတယ်။ အခုတော့ အဲသည်ရေစီးကြောင်း ကို တားဖို့မလွယ်ကူတော့ဘူး။ နားလည်ရခက်တဲ့ ကဗျာတွေရေးလာကြတယ်။ ကဗျာစာသားတွေထဲမှာ အင်္ဂလိပ် စကားလုံးတွေကို ပြစားတဲ့အနေနဲ့ တွင်တွင်သုံးလာကြတယ်။”

အနောက်ကမ္ဘာက ဂန္ထ၀င်ကဗျာတွေကို ဆရာမောင်သာနိုး ဘာသာပြန်ပေးလို့ လူငယ်တွေ ဖတ်ခွင့်ရ နားလည်ခွင့် ရတဲ့ အကြောင်းကိုလည်း ဆရာတင်မိုးက ထည့်သွင်းပြောပြပါတယ်။ သူ့ခေတ်နဲ့သူ တိုးတက်ပြောင်းလဲမှုတွေကို ဆရာက လက်ခံသဘောကျပါတယ်။ ခေတ်ကို အကြောင်းပြုပြီး ကဗျာတပုဒ်ကို ဖတ်လို့ဆုံးတာနဲ့ ဘာမှန်းမသိရ တာမျိုးတွေကို ဆရာတင်မိုးက သိပ်ကြိုက်ဟန်မတူဘူး။

တခါက မဂ္ဂဇင်းတအုပ်မှာပါတဲ့ ကဗျာတွေကို ဆရာနဲ့ကျနော် အချင်းချင်း ဝေဖန်ကြတယ်။ ကဗျာတွေကို အစအ ဆုံးဖတ်တယ်။ စာပိုဒ်တခုစီမှာပါတဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို မှတ်သားတယ်။ စာပိုဒ်တခုနဲ့တခု အဓိပ္ပါယ်တွေကို ဆ က်စပ်ယူတယ်။ ကဗျာဆုံးသွားတော့ တပုဒ်လုံးရဲ့ဆိုလိုရင်းကို အဓိပ္ပါယ်ဖော်တယ်။ ဆရာက မေးတယ် “ဘယ်လို သဘောပေါက်လဲ၊ နားလည်လား”တဲ့။ ကျနော်က “ကဗျာဆုံးတော့ လုံးဝနားမလည်တော့ဘူး ဆရာ”လို့ပြောတော့ သူလည်း နားမလည်ကြောင်း ပြောတယ်။ ဘာကြောင့်ကဗျာတွေကို နားမလည်အောင် ရေးသလဲ မသိတော့ပါ။

အမှတ်ရစရာတွေ ပြန်ပြောရင် သံယောဇဉ်အမျှင်တန်းတဲ့ ဇာတ်လမ်းတွေက များစွာရှိသေးပါတယ်။ မကြာသေးမီ ရက်ပိုင်းက မိတ်ဆွေများဖြစ်တဲ့ မီးရထားက ဦးတင်မောင်ဦး+ဒေါ်သင်းသင်းဆွေတို့နဲ့အတူ နေ့လည်စာကို ထမင်း ဆိုင်တဆိုင်မှာ အတူသွားစားဖြစ်ကြပါတယ်။ ဆိုင်က Lower Azusa နဲ့ Santa Anita ဒေါင့်မှာရှိတဲ့ ၀င်းထဲမှာဖြစ် တယ်။ ဈေးချိုတယ်။ အဆင်ပြေပြေလက်ရာတွေဖြစ်လို့ လူကြိုက်များတဲ့ ထမင်းဆိုင်ပါ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဆိုင်ကို ကိုဝင်းညွန့်တို့နဲ့အတူ သူ လာစားဖူးကြောင်း၊ ဆရာတင်မိုးရှိစဉ်က မကြာခဏ ဒီ ဆိုင်မှာ ကိုဝင်းညွန့်တို့တွေ လာစားဖြစ်တဲ့အကြောင်း၊ သူတို့မိသားစုလည်း လမ်းကြုံတိုင်း ဒီဆိုင်မှာ လာစားတာ ဆိုင်ပိတ်ထားတာနဲ့ ဆုံနေကြောင်း ဦးတင်မောင်ဦးက ပြောလာတယ်။

ဆိုင်ထဲမှာ နေရာယူပြီးနောက် ဆိုင်ဝန်ထမ်း မိန်းကလေးတဦးက ဘာစားမလဲလို့မေးရင်း duck (half), deep fried fish (whole fish) စတာတွေကို မမေးဘဲ သူ့ဘာသာပြောလာတယ်။ အရွက်ကြော်နဲ့ ၀က်နံရိုးကြော်လည်း ပါတယ်။ “ဦးကြီးတွေနဲ့ ဒီဆိုင်မှာ လာစားတုန်းက ဒီအစားအစာတွေကိုပဲ မှာနေကြမဟုတ်လား”တဲ့ ကျနော့်ကို ကြည့်ပြီး မေးလာတယ်။ ဦးတင်မောင်ဦးက အံ့သြနေတယ်။

မှန်ပါတယ်။ ဆရာတင်မိုး၊ ဦးလေးကြီး၊ ကိုကျော်ဝဏ္ဏနဲ့ ချိုသင်း၊ ကိုမိုး၊ ကိုဝင်းညွန့်၊ ဒေါက်တာကျော်ဝင်းတို့နဲ့အတူ ဒီဆိုင်ကို အကြိမ်ပေါင်းများစွာ ကျနော်ရောက်ဖူးတယ်။ ရောက်တိုင်းလည်း မရိုးနိုင်တဲ့ ဘဲကင်၊ ငါးကြော် စသည် များကို ထပ်တလဲလဲ မှာနေကြပဲလေ။ မဆိုင်တဲ့ ဘေးလူတဦးကတောင် ဆရာကြီးနဲ့ကျနော်တို့ကို သတိရနေ သေးတယ်ဆိုရင် ဆရာတင်မိုးနဲ့ သက်ဆိုင်သူ သားသမီး၊ ဆွေမျိုး၊ မိတ်ဆွေ၊ တပည့်တွေက ဘယ်လောက်များ သတိရနေကြမလဲဆိုတာ အတွေးရောက်မိတယ်။

မမေ့နိုင်သေးတဲ့ အမှတ်ရစရာတခုက ဘော်စတန်မှာပါ။ နယူးရောက်မှာလုပ်တဲ့ ဆရာ့ဆုပေးပွဲကို တက်ပြီးတဲ့နော က်မှာ အိမ်မဲဆရာတော်နဲ့အတူ ဘော်စတန်သို့ အလည်သွားဖို့ပြင်တယ်။ သူတို့လည်း အတူလိုက်လို့ရလားတဲ့ ဆ ရာတင်မိုးက မေးလာတယ်။ “ဆရာကြီးလိုက်ရင် ၀မ်းသာတယ်။ ဘုန်းကြီးကျောင်းမှာပဲ တည်းပါ”တဲ့ အိမ်မဲဆရာ တော်က ပြောလာတယ်။ ဆရာကြီး၊ ဆရာစွမ်း၊ မိုးမိုးနှင်း မိသားစုတို့နဲ့အတူ ကျနော် ဘော်စတန်သို့ အလည်တ ခေါက် ရောက်ခဲ့ပါတယ်။ ဟိုမှာက ဆရာ့သားတပည့် ကျောင်းဆရာ ကိုနေ၀င်းအောင်လည်းရှိတယ်။

ဘော်စတန်ရဲ့ ဆောင်းက ကျနော်တို့အားလုံးကို မညှာတာဘူး။ ခိုက်ခိုက်တုန်အောင် အေးစေတယ်။ ဆောင်းနှင်း တွေရဲ့ အအေးကြောင့် သစ်ရွက်တွေကြွေလို့ နွေလို့ထင်ရတယ်။ သစ်ပင်တွေက ရိုးတန်ကျဲကျဲနဲ့။ အောက်ခြေမှာ တော့ ရေက ခဲနေတယ်။ လမ်းတွေပေါ်မှာ ရေကရွှဲရွှဲစိုနေတယ်။

ကားကြီးတစီးငှါးပြီး တမြို့လုံး နေရာအနှံ့နီးပါး လိုက်လည်ကြတယ်။ တချို့နေရာတွေကို ရထားနဲ့သွားကြတယ်။ အိမ်မဲဆရာတော်နဲ့ ကိုနေ၀င်းအောင်တို့က လမ်းပြပေါ့။ လူစုံတက်စုံတဲ့ ကားပေါ်မှာလည်း ဟိုအကြောင်း သည်အ
ကြောင်းလေးတွေပြောကြလို့ တ၀ါးဝါး တဟားဟားနဲ့ ပျော်စရာပါ။
ဆရာ့မြေးမလေးများဖြစ်တဲ့ မာယာနဲ့ စန္ဒရာတို့က နှပ်တွဲလောင်းနဲ့ တမြို့လုံးကို မငြီးမငြူ အလည်လိုက်တယ်။ ဆ ရာစွမ်းက ဆရာဂျမ်းပြောသမျှကို နားထောင်ပေးနေရတယ်။ ကြားဖူးပြီးသားပေမဲ့ နားမထောင်ရင် အဟောက်ခံရ မှာမို့ ကိုနေ၀င်အောင်လည်း နားထောင်ရတဲ့ထဲမှာ အစစ်ပါတယ်။

အိမ်မဲဆရာတော်နဲ့ ဆရာတင်မိုးတို့က အကြောင်းအရာတခုစီကို အလှည့်ကြ တင်သွင်းနေတဲ့ ၀ိုင်းခေါင်းဆောင် ကြီးများဖြစ်တယ်။ ဆရာ့သားမက် ကာလ်ရယ်က တုဏှီဘာဝေ ဆိတ်ဆိတ်နေတယ်။ ကျနော်တို့ ဗမာလိုပြောနေ သမျှကို သူ့ခမျာ နားမှ မလည်နိုင်တာ၊ ကလေးထိန်းရင်း လည်ပတ်ရင်းနဲ့ လိုသမျှကို ဆောင်ရွက်ကူညီပေးတယ်။

နောက်ဆုံးရက် ဘော်စတန်က အထွက်၊ မီးရတားဘူတာရုံကို ဖြတ်တော့ လူတယောက်က လက်တော့ပ်ကွန်ပြူ တာကို ခရီးသွားများအား ဘူတာရုံထဲမှာ ရောင်းနေတယ်။ ကွန်ပြူတာတလုံးကို တန်ဖိုးကနှစ်ရာမို့ ဈေးကသိပ်ချို နေတယ်။ ဒါကို မိုးမိုးနှင်းက သိပ်ဘောကျနေတယ်။

ဟုတ်တာပေါ့။ ဆိုင်ကြီးတွေမှာ ထောင်ကျော်တဲ့ဟာ ဒီမှာက နှစ်ရာထဲဆိုတော့ ဈေးက သိပ်ကွာနေတယ်။ တခုပဲ ပြောစရာရှိတယ်။ အဲဒါက လူကို ကြည့်ပြီး မယုံရတာနဲ့ အားလုံးက မ၀ယ်ဖို့ ၀ိုင်းတားပြီး ဆက်လျှောက်သွားကြတ ယ်။ နောက်လှည့်ကြည့်တော့ မိုးမိုးနှင်း ပါမလာဘူး။ ကွန်ပြူတာဇောက မပြတ်နိုင်သေးဘူးလေ။ အားလုံးပဲ ပြန်လှ ည့်ပြီး မိုးမိုးနှင်းကို မ၀ယ်ဖို့ပြောပြီး ပြန်ခေါ်ရတယ်။

ဈေးရောင်းတဲ့ ငနဲက မိုးမိုးနှင်း သိပ်လိုချင်ကြောင်း သိနေတာမို့ အမျိုးမျိုးလှည့်ရောင်းနေတယ်။ မသင်္ကာစရာတခု က ရှိနေတယ်။ ကွန်ပြူတာကို ဒေါ်လာနှစ်ရာနဲ့ရောင်းတယ်၊ ဒါပေမဲ့ ဖွင့်ကြည့်ခွင့်မရှိဘူးလို့ ဒီငနဲက ပြောတယ်။ ဒါ က မရိုးသားဘူးဆိုတာ ထင်ရှားတယ်။ ဒါကြောင့် အားလုံးက တားတယ်။ မိုးမိုးနှင်းက မလျှော့ဘူး။ ၀ယ်ချင်နေပြန် တယ်။ ရောင်းတဲ့ငနဲကလည်း ၀ယ်သူရဲ့ဆန္ဒအဓိက၊ မင်းတို့နဲ့ မဆိုင်ဘူးဆိုတဲ့ အပြောမျိုးတွေ ပြောလာတယ်။

ဆရာတင်မိုးနဲ့ ဆရာစွမ်းက စကားတပြောပြောနဲ့ မြေးကလေးတွေတွဲပြီး ရှေ့မှာ ရောက်နှင့်နေပြီ။ ခင်ပွန်းဖြစ်သူ ကာလ်ရယ်ကလည်း မိုးမိုးနှင်း ဘာဖြစ်ချင်လဲ၊ ဖြစ်ချင်တာကို လုပ်ပေးမယ်ဆိုတဲ့ သဘော၊ ပိုက်ဆံပေးဖို့ ပြင်နေပြီ၊ ကျနော်တို့မှာတော့ ကိုယ့်လူ အညာခံရမယ်ဆိုတာ သိနေလို့ အသဲယားနေပြီ။ မိတ်ဆွေ ဦးဇင်းတပါး မိန့်သလိုပဲ၊ မန္တလေးလို နေရာမျိုးမှာသာဆို ညာရောင်းတဲ့ ဒီငနဲကို ဆွဲတီးလိုက်ပြီ။

နောက်ဆုံးမှာ ကျနော်တို့ရဲ့ ခရီးသွားခေါင်းဆောင် အိမ်မဲဆရာတော် လက်ထဲကို ဒီကိစ္စအပ်လိုက်တယ်။ အိမ်မဲဆ ရာတော်က ရောင်းတဲ့ငနဲကို သွားဟောက်ပါလေရော။ ရောင်းတဲ့ငနဲက မင်းနဲ့ဘာဆိုင်လို့လဲတဲ့ အိမ်မဲဆရာတော် ကို ပြန်ပြောလာတယ်။ ဆရာတော်က ငါက ဒီအဖွဲ့ခေါင်းဆောင်၊ တခုခုဖြစ်ရင် ငါ့မှာ တာဝန်ရှိတယ်။ မင်းက အာမ ခံချက်မရှိတဲ့ ပစ္စည်းတခုကို ရိုးသားသူတွေပေါ်မှာ လိမ်ရောင်းဖို့ ကြိုးစားနေတာပဲ။ ငါ ရဲခေါ်မယ် ဘာမယ်လို့ ဆို တော့မှ ကိစ္စက ပြတ်သွားတယ်။

ဒါကို ဆရာတင်မိုး သိတော့ ...

“သမီးရယ် ... ကလေးတွေးပဲ တွေးပါအုံး။ ကြည့်ခွင့် မရှိတဲ့ပစ္စည်း၊ အထဲမှာ ကောင်းလားဆိုလား ကိုယ်မသိရတဲ့ ပစ္စည်းကို ၀ယ်မယ်ဆိုတော့ အညာခံရတော့မယ်။ ဆရာတော်ပါလာတာ ကံကောင်းပေလို့ပေါ့”တဲ့ ပြောရှာတယ်။

ဆောင်းပါးလေး အဆုံးမသတ်မီ နောက်ထပ်ဇာတ်လမ်းလေးတပုဒ် ထည့်ပါရစေအုံး။ တနေ့မှာ ဆရာက တယော အကြောင်းပြောလာတယ်။ အင်ဒီယာနာမှာ တယော ဘယ်လိုထိုးကြောင်းပေါ့လေ။ ဒါနဲ့ ကျနော်လဲ လာဆရာကြီး သွားမယ်လို့ ပြောပြီး ဆရာကြီးကို တယောဆိုင် ခေါ်သွားလိုက်တယ်။
Monterey Park မှာရှိတဲ့ တယောဆိုင်မှာ တယောအဟောင်းလေးတလက်ကို ဈေးချိုချိုနဲ့ ၀ယ်ခဲ့တယ်။ ဒေါ်လာ ခုနစ်ဆယ် ကျော်ကျော်လောက်ပဲ ပေးရပါတယ်။ တယောဆိုင်က တရုတ်က တယောကြိုးကိုတောင် ညှိပေးလိုက် သေးတယ်။ “ခင်ဗျားနဲ့ တယောနဲ့ သိပ်လိုက်တယ်”လို့ ဆရာကြီးကို လောကွတ်လုပ် ပြောလိုက်သေးတယ်။

အားတဲ့အခါ အိမ်မှာ၊ ဘုန်းကြီးကျောင်းမှာ ဆရာ တယောထိုးတယ်။ ဆရာ တီးတဲ့သီချင်းတွေက ဆရာ့အကြိုက် ဖြစ်တဲ့ ဂီတနက်သန် ကိုစောငြိမ်းနဲ့ ဆရာမြို့မငြိမ်း သီချင်းတွေပဲများပါတယ်။ ကိုအေးဝင်းနဲ့ကိုမောင်မောင်အောင် တို့က ဆရာတယောထိုးတဲ့ ဓာတ်ပုံကို ရိုက်ယူသွားတယ်။ ဆရာရေးတဲ့ “အဖိုးကြီး”ကဗျာနဲ့တွဲပြီး အဲသည်ဓာတ် ပုံကို ပန်းချီကားအဖြစ်ဖန်တီးကာ ဆရာ့မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ကြတယ်။

တယောပြီးတော့ စန္ဒယားအလှည့်ပါ။ ဒီကြားထဲမှာ ပန်းချီဆရာ၊ ကဗျာဆရာ ကိုအောင်တိတ် မြန်မာပြည်ပြန်တုန်း လက်ဆောင်ယူလာတဲ့ ပိတောက်သားနဲ့ ထွင်းထုထားတဲ့ မယ်ဒိုလင်က ရှိသေးတယ်။ စန္ဒယားတီးဖို့ ကလေးတွေ ကစားတဲ့ ကီးဘုတ်ကလေးကို ဆယ့်ငါးဒေါ်လာနဲ့ ဆရာဝယ်လိုက်တယ်။

“ဆရာရယ် ... ကီးဘုတ်လေး တခုမှ ဒေါ်လာတရာတောင် မရှိဘူး၊ ဖရိုင်းတို့ ဘက်စ်ဘိုင်တို့မှာ သွားဝယ်လိုက်ပါ” လို့ ကျနော်က တိုက်တွန်းတော့ ချိုသင်း+ ကိုကျော်ဝဏ္ဏတို့နဲ့အတူ ဖရိုင်းသွားပြီး ကီးဘုတ်ဝယ်ခဲ့တယ်။

အိမ်ပြန်ရောက်တော့ ကီးဘုတ်လေး တပ်ဆင်ပြီး အဆိုကျော်ကြီး မာမာအေးရဲ့ “မေ့ကွက်ကိုရှာ” သီချင်းကို စတီး ကြတယ်။ ဆရာရော ကျနော်ပါ ကီးဘုတ် တီးတတ်သူတွေ မဟုတ်လေတော့ တချောင်းထိုးနဲ့ အသံတွေ စမ်းသပ် တီးကြရတယ်။ မီးကျိုးမောင်းပျက် ကျနော်တို့တီးကွက်တွေကို မာမာအေးသာ မြင်ရင် “ငါ့သီချင်းတော့ ပျက်ပါပြီ” ဆိုပြီး ထောင်ငိုလောက်တယ်။ ဒါပေမဲ့ ထူးခြားတာက သီးချင်းတော်တော်များများရဲ့ သံစဉ်တွေကို ဆရာတင်မိုးက ပါးစပ်နဲ့ တီးကွက်ဖော်တတ်ခြင်းပါပဲဗျား။ ဆရာ့ဖခင်က ဂီတအနုပညာရှင်ကြီးတဦးဖြစ်လို့ ထင်ပါတယ်။

ဆရာ့အိမ်မှာ အနုပညာပစ္စည်း အတော်များများရှိနေတယ်။ တယော၊ မယ်ဒိုလင်၊ စန္ဒယားကီးဘုတ် စတာတွေဖြစ် ပါတယ်။ အနုပညာနဲ့ အနုပညာပစ္စည်းလေးတွေကို ဆရာမြတ်နိုးတတ်မှန်းသိလို့ ကျနော် ကိုရီးယားသွားတုန်းက တောင် ဆရာ့အတွက် ဘာဂျာလေးတခု ၀ယ်ခဲ့သေးတယ်။ ဆရာ့ဈာပနမှာ ဆရာစွမ်း မသွားတယ်။ ဆရာစွမ်းက လည်း ဒါတွေကို ဆရာတင်မိုးလိုပဲ မြတ်နိုးတတ်ပါတယ်။

ကီးဘုတ်လေး ၀ယ်ပြီးအပြန်မှာ ဆရာ့သမီး မိုးချိုသင်းက ပြုံးစိစိနဲ့မို့ ကျနော်က မေးလိုက်တယ်။ “ချိုသင်း ... နင် ဘာပြုံးတာလဲ”ဆိုတော့ “အင်းစိန် အိမ်မှာ အခုလိုပဲ အဖေတီးချင်လို့ စုထားတဲ့အနုပညာပစ္စည်းတွေ အများကြီးပဲ” တဲ့ ပြောပြတယ်။ အခု အမေရိကရှိ အိမ်မှာလည်း တဖြည်းဖြည်းများလာပြီ၊ နောက်ထပ် အဖေ ဘာတွေ ၀ယ်အုံး မယ် မသိသေးဘူးဆိုတဲ့ သဘောနဲ့ ဖခင်ကို သဘောကျနေပုံရပါတယ်။ ချိုသင်းနဲ့ ကိုကျော်ဝဏ္ဏလည်း သူ့အဖေ ပျော်ရွှင်ဖို့ စိတ်ချမ်းသာဖို့ကို အလွန်ဦးစားပေးကြပါတယ်။

စိန်ချစ်တီးရဲ့သား၊ နိုင်ငံတော်ဆိုင်းဝိုင်းခေါင်းဆောင် ကိုကျော်ကျော်နိုင်နဲ့ပါ ခင်မင်ပေါင်းသင်းနေပြီဆိုတော့ ဆရာဒီ တခါဝယ်မဲ့ အနုပညာပစ္စည်းဟာ ဗုံတို ဗုံရှည်တွေနဲ့ မြန်မာ့ဆိုင်းဝိုင်းဖြစ်ဖို့များတယ်။ အင်း ... ဆရာ့အိမ်ကလည်း ကျယ်တာမို့ ချိုသင်းတို့ဇနီးမောင်နှံတော့ ဒီပစ္စည်းတွေ နေရာတကျ ထားဖို့သာ ပြင်ပေရော့။

ဆရာတင်မိုးရဲ့ နောက်ဆုံးအချိန်တွေဟာ ကျနော်တို့နဲ့အတူရှိနေတာများတယ်။ ရေးစရာအကြောင်းအရာတွေက များစွာပါ။ ကျန်တာတွေ နောက်တော့ ရေးကြသေးတာပေါ့။ ဤဆောင်းပါးဖြင့် ပြည်သူချစ်သော စာပေ၊ အနုပညာ ရှင် ဆရာကြီးဦးတင်မိုးအား လေးစားဂါရ၀ပြုလိုက်ပါတယ်။

Thursday, January 22, 2009

ဖလ်မီးအိမ်ကဗျာများ
ရေးသူ-တင်မိုး

၁။ ဖလ်မီးအိမ်

ဖလ်မီးအိမ်သည်....
ကြောင်လိမ်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ
ထွန်းတင့်နိုင်မည် မဟုတ်ပါ....။

ဖလ်မီးအိမ်သည်....
တိမ်လွှာကိုစား၊ လ ရထားဖြင့်
ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့်
သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင်
ညှိထွန်းနိုင်မည် မဟုတ်ပါ....။



ဖလ်မီးအိမ်သည်....
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရူ၊ ရှောက်လာသူကို
အားကူမျှသာ ထွန်းမည်တည်း....။

သူ့အဆင်းသည်....
နေမင်းပမာ၊ သော်တာအလား
မ၀င်းငြားလည်း၊ သူ့အားသူ့မာန်
သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို....
အလှဆင်လိုဟန်တကား။ ။


၃။ ချစ်သူ့အတွေး

လမင်းက အရှင်
ကြယ်စင်က ကိုယ် ဆိုပါတော့.....။ ။
မြေကမ္ဘာ ပတ်ချာဝိုက်လို့၊
လိုက်ပါ့မယ်နော့.....။ ။

နှင်းဆီက ကလျာ
ဆူးညှာက ကိုယ် ဆိုပါတော့....။ ။
ရွှေလိပ်ပြာ တောင်ပံကားကို
တားပါ့မယ်နော့.....။ ။

ဗေဒါကသခင်၊
ရေပြင်က ကိုယ် ဆိုပါတော့....။ ။
သောင်မတင် လိုရာကြွရအောင်
ဆောင်ပါ့မယ်နော့.....။ ။

သို့ပေမင့်....
ကြွေပွင့်က ချစ်နှမ၊
အပင်က ကိုယ် သာလျင်၊
ဖြစ်ချင်ဘူးကိုယ်တွေး....။ ။
ကြွေပွင့်ငယ် ချာချာဝဲ၊
လေထဲမှာ ပျံပျံကာ၊
သင်လွင့်ရာ ကိုယ်မှာမကြွနိုင်ဘု၊
အထီးကျန် မျက်ရည်စငယ်နဲ့၊
လွမ်းရမယ်လေး.....။ ။


၇။ ဧည့်သည်ကြီး

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ.....။ ။


၁၁။ စံရာကျွန်း

တိမ်ကလေး ပြာပြာ၊
ဘယ်မှာလဲ မေး....။ ။
မြကောင်းကင် ခရီးဆန့်၊
အနှံ့ကွဲ့လေး....။ ။

ကဗျာတေး သာသာ၊
ဘယ်မှာလဲ မေး....။ ။
သူ့ရင်ခွင် သည်းပြင်ပြန့်၊
အနှံ့ကွဲ့လေး......။ ။


၁၃။ အရီးတို့တဲ

အရီးတို့ တဲကလေး၊
ရေဖွေးလို့လေး.....။ ။
မိုးလိုက်ကြဟေ....
တဲခေါင်ခြေ ရွှေထန်းရွက်နဲ့၊
မိုးပက်လို့လေး.....။ ။

အရီးတို့ ရွှေတဲ
ယိုင်လဲလို့လေး....။ ။
စိုက်လိုက်ကြဟေ...
တဲခြေမှာ ၀ါးပိုးထိုးနဲ့၊
တိုင်ကျိုးလို့လေး....။ ။

အရီးတို့ တဖက်ရပ်၊
လေခတ်လို့လေး...။ ။
ကာလိုက်ကြဟေ....
မြေနီ ရွှေရည်လောင်းနဲ့၊
ဆောင်းဝင်လို့လေး....။ ။


၁၆။ ရှုခင်းနှစ်ကွက်


ကောင်မကလေး နက်ခြောက်ခြောက်၊
မြေပဲတတောင့် ကောက်။
အမောက်မလေး လှယဉ်မှူး၊
ဖောင်တိန်လေးနှင့် မြူး.....။ ။


၂၂။ ချစ်သူ့မျက်မှောက်ရောက်သောခါ

တနေ့ပြောမယ်နဲ့၊
ရင်မောယင် ကဗျာပေါ့၊
ရင်ဆာယင် တေးကိုဟစ်ပြန်မိ၊
စိတ်ညစ်ယင် မျက်ရည်ကျမယ်လေ့....
ခေါင်းဖွကာ နေတတ်သူ.....။ ။

မပြောဖြစ်နိုင်တော့၊
မောရစ်တယ် ကိုယ်သာပူရဲ့၊
ချစ်တဲ့သူ တာအနွဲ့ကိုလဲ၊
စာဖွဲ့ကာ မနေပိုင်သမို့၊
သည်ထိုင်ခုံ စာသင်ခန်းဆီက၊
ကြည့်ယင်းသာ မျက်လွှာကမ်းကာဘဲ၊
လွမ်းဆွတ်ရင်ဆူ....။ ။

တွေ့တိုင်းသာ ပြုံးချင်လိုက်ပါရဲ့၊
အလေ့ရိုင်းကာ မုန်းပင်စိုက်မှာလဲ၊
ရွံ့ ထိုက်လို့ ရွံ့ ကာပူ၊
ငြူစူမှာထင့် အို... မရဲ....။ ။
ချစ်သူရှေ့မှာတော့......၊
မေ့တတ်တယ် ချစ်လင်္ကာ၊
ခွါတတ်တယ် သတ္တိစိတ်၊
ပိတ်တတ်တယ် နှုတ်တံခါးပေမို့၊
အမှား အယောင်ယောင်နဲ့၊
ကိုယ့်ကျောင်းဆောင် ကိုယ့်အခန်းဆီသို့၊
ပင့်သက်ကို ရင်မှာလွှမ်းပါလို့၊
ပြန်လမ်းသာ ကိုယ်လျင်ကြုံရဲ့၊
ရင်တခုန် သည်တန်ကြေးဟာလဲ၊
ကာရန်သာ ပြန်ကာပေးတယ်ထင့်၊
ဈေးအရနဲ......။ ။


၃၈။ သုခုမတက္ကသိုလ်
(နွယ်သာကီသံဖြတ်)


ရေပြာ ရွှေကြာ ဝေဆာမွှေးသပ၊
ရွှေညာကျေးက တက္ကသိုလ်ရှင့်...။
ပုဏ္ဏမာ ဂုဏ်ဝါ စုံစွာကျင်း၊
ဘုံပါလင်းတဲ့ တက္ကသိုလ်.....။
ကမ္ဘာတုန် စာစုံ အညာဂုဏ်ပျို့တဲ့၊
ရတနာပုံမြို့က တက္ကသိုလ်....။
နံ့သာမွှေးမြ ပန်းတခက်လို၊
အညာကျေးက မန်းတက္ကသိုလ်....။
နေခြည်အစောင်း...
လေပြည်လောင်းတော့...
ဆွေမဒီအပေါင်းက လမ်းလျှောက်လာ၊
ရေနီမြောင်းက လွမ်းလောက်စရာလေ့....။
တိမ်တန်းဆင်လို့ ရီပြာပြာ၊
စိန်ပန်းပင်တို့ နီတျာတျာ....။
ကျောင်းအ၀င်လမ်းက ကျက်သရေ၊
ထနောင်းပင်တန်းက အခက်ဝေရှင့်......။
ရှမ်းရိုးမက မြူခိုးဝေယင်၊
လွမ်းမိုးကျလို့ ပူမျိုးထွေသရှင်....။
ဆရာတပည့် လက်ညီစွာငယ်၊
ကမ္ဘာသိတဲ့ တက္ကသီလာရယ်....။
အနုအလှတို့ မက်သကို
သုခုမမြို့ တက္ကသိုလ်လေ့......။
မေခပင်းတို့ ဘက်ညီညာ၊
ရွှေခြေကျဉ်းတို့ တက္ကသီလာတော့....။
မေလွမ်းယောင်လို့ တ,တဲ့အခါနော်
ရွှေမန်းဆောင်သို့ ကြွခဲ့ပါတော်၊
လောကီ့အပေါင်းကို ခွါပါချင်လျင်၊
ဗောဓိကျောင်းသို့ လာပါရှင်...။
အလို.. ဖရက်ရှာကလေး...
ရက်ကြာမနှေးစေနှင့်၊
အထက်အညာကျေး တက္ကသိုလ်မကိုဋ်ဆီမှ၊
ရွှေညာသူ ပျိုဖြူတသိုက်ကယ်တို့၊
အမျှော်စိုက်ကာ ရွှင်ချိုချိုပ၊
သပြေညို အောင်ညွန့်ပန်းတွေနဲ့၊
လက်ကမ်းကာ ကြိုနှင့်မယ်လေး....။ ။



ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း နှစ်နှစ်ပြည့်မှာ၊ ဆရာ့ "ဖလ်မီးအိမ်" နှစ် ငါးဆယ်ပြည့်နှင့် တိုက်ဆိုင်လာသဖြင့်၊ ဆရာ့ကို လွမ်းတသသောအားဖြင့်၊ ဖလ်မီးအိမ် ပထမကြိမ်ထုတ်စာအုပ်မှ ကောင်းနိုးရာရာတို့ကို ရွေးထုတ်တင်ပြလိုက်ပါတယ်။

ဖလ်မီးအိမ်ကဗျာများ

စာအုပ်အညွှန်း
ဖလ်မီးအိမ်ကဗျာများ
ကဗျာဆရာ- တင်မိုး
ထုတ်ဝေသူ- မန္တလေးတက္ကသိုလ်ကလောင်ရှင်အသင်း၊
စာစဉ် [၁] ၊ ပထမပံနှိပ်ခြင်း၊ ၁၉၅၉-ခု ဖေဖော်ဝါရီ၊
မျက်နှာဖုံးပန်းချီ- မောင်စိန်မောင် (မေမြို့)၊ မန္တလေးတက္ကသိုလ်။

ဖန်မီးအိမ်အတွက် ဒဂုန်တာရာ၏ အမှာ


(၁)
မန္တလေးတက္ကသိုလ်မှ ကိုတင်မိုး၏ "ဖလ်မီးအိမ်" ကဗျာများ စာအုပ်အတွက် အမှာစာရေးပေးရန် လာပြောသောအခါက ကျွန်တော်မှာ ရန်ကုန်တက္ကသိုလ်ကလောင် အသင်းမှ ကြီးမှူးသော ရက်သတ္တပတ် စာပေဆွေးနွေးပွဲတွင် "မြန်မာစာပေတွင် ကဗျာ၏အခန်း" ဟူသော အကြောင်းကို ပြောရသောအခါ ဖြစ်ပေသည်။
ကလောင်အသင်းဥက္ကဌ ကဗျာဆရာ-မင်းယုဝေက "ကဗျာအကြောင်းပြောပါ" ဟု ဆိုလာပေ၏။
စာပေဆွေးနွေးပွဲတွင် ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ သိန်းဖေမြင့်၊ ဦးတင်အေး (ရှမ်းပြည်)၊ ပါမောက္ခဦးအေးမောင် စသောပုဂ္ဂိုလ်များ ပြောသည့်အထဲတွင် ကဗျာအကြောင်း ဟူ၍ သတ်သတ်မပါပေ။ ထို့ကြောင့် "ကဗျာအကြောင်း ပြောတာပေါ့လေ" ဟု ကတိပေးခဲ့ သည်။
တကယ်ပြောမည်ရှိသောအခါ ဘာက စပြောရမှန်း မသိပေ။
သည်ကြားထဲမှာ မင်းယုဝေနှင့်တွေ့ရာ ကျွန်တော်က "စာပေဝေဖန်ရေးအကြောင်း ပြောရယင် မကောင်းဘူးလား" ဟု ပြောမိ၏။ မင်းယုဝေက "ကဗျာဘဲ ပြောစေချင်တယ်၊ ကျောင်းသားတွေကလဲ ကဗျာအကြောင်းပြောတာ နားထောင်ချင်နေကြတယ်" ဟု ဆိုလေသည်။ ကျွန်တော်လည်း ကဗျာအကြောင်းပင် ပြောဖြစ်လေတော့သည်။ ပြောသည့် နေ့က တော်တော်လာကြသည်ကို တွေ့ရလေ၏။

(၂)
အမှန်အားဖြင့် ကျွန်တော်သည် ကဗျာကို ယုံကြည်သည်နှင့် ပြောခြင်းဖြစ်သည်။ ကဗျာကို ယုံကြည်၍ ကဗျာဘက်မှ ကာကွယ်၍ ပြောရခြင်း ဖြစ်သည်။
ကဗျာသည် ခေတ်များကို ဖြတ်သန်းကာ တည်တန့်ခဲ့ပေသည်။ ကဗျာသည် ခေတ်များကို ထင်ဟပ်ခဲ့သည်။ ကဗျာဆရာသည် သူ့ခေတ်၏ အသံရှင်ဖြစ်သည်။ ကြည့်ပါ- သခင်ကိုယ်တော်မှိုင်းသည် ကိုလိုနီဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှု၏ အားမာန်ကို ဘော်ကျူးသော ကဗျာရှင်ဖြစ်ပေသည်။
ကဗျာဆရာသည် သူ၏ ခံစားချက်ကို ဖော်ပြခြင်း ဖြစ်သော်လည်း သူနေသော ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၏ ခံစားချက်ကို ဘော်ပြခြင်းဟု ဆိုနိုင်ပေသည်။
ကဗျာသည် စိတ်ခံစားမှုကို အနုဆုံးအစိတ်ဆုံး ဘော်ပြနိုင်သော ဘာသာဖြစ်ပေသည်။ ကဗျာသည် အသစ်အသစ်များကို ဖန်တီးရသည်။ ဘာသာစကား၏ ပြန်လည်လန်းဆတ် လာခြင်းကို ကဗျာ၌ ထိတွေ့ရသည်။
ကဗျာဆရာကား- ဖန်တီးသူဟု အဓိပ္ပါယ်ထွက်သည်။ ယနေ့ခေတ်တွင် တက်သစ်စ လူငယ်များသည် ကဗျာကို တပ်မက်ကြသည်။ ယနေ့ တက်သစ်စ လူငယ်များကို လေ့လာလိုလျှင် သူတို့၏ ကဗျာများကို လေ့လာသင့်ပေသည်။ သူတို့၏ ကဗျာများတွင် သူတို့၏ ခံစားမှုများကို တွေ့ရသောကြောင့် ဖြစ်ပေသည်။

(၃)
တက်သစ်စလူငယ်တို့၏ ကဗျာများအနက် ကိုတင်မိုး၏ "ဖလ်မီးအိမ်" ကဗျာများမှာ နှစ်သက်ဖွယ် ရှိသည်။
သူသည် တေးဆန်ဆန် စီကုံးသည်ကို တွေ့ရသည်။ ချိုသာသော အသံကို ညှိ၍ စပ်ဟန်ရှိသည်။ ပြေပြစ်သော အဆင်အယင် ရှိသည်။
သူ၌ ကဗျာစိတ်ကူးများ ရှိပေရာ ယင်းစိတ်ကူး၏ တင်စားချက်များကို အနုပညာပုံသဏ္ဍန်တွင် နှစ်သက်ဖွယ်ဖြစ်အောင် ထည့်သွင်းတတ်သည်ကို တွေ့ရသည်။ လူငယ်တို့၏ စိတ်ကူးစိတ်သန်းတွင် ပျော်မြူးရွှင်ပြခြင်း သာမကဘဲ မိမိနေထိုင်သော လူ့အဖွဲ့အစည်း၏ ဘ၀မျက်နှာပြင် အမျိုးမျိုးအထွေထွေကို ခံစားထိတွေ့ကာ လှပသော ကဗျာများ ဆက်လက်၍ သီကုံးနိုင်ပါစေဟု မျှော်လင့်ရပေသည်။ သို့မှသာလျှင် ကျွန်တော်တို့၏ မျက်မှောက်ခေတ် ကဗျာစုတွင် ကုံလုံကြွယ်ဝလာမည် ဖြစ်ပေသည်။

ဒဂုန်တာရာ
၂၈- ၁- ၅၉

Sunday, January 18, 2009

ထနောင်းရိပ်အိပ်မက်နှင့် စက်လူရုပ်
ရေးသူ- ဒဂုန်တာရာ

စာအုပ်ဝေဖန်ချက်။
စိမ်းလန်းသောအိပ်မက်
ကဗျာဆရာ- တင်မိုး
ထုတ်ဝေသူ- သမဂ္ဂစာပေ

(က)
မြန်မာ့အစဉ်အလာ၌ ကဗျာသည် ပါဝင်သည်။ ရှေးက ကဗျာဟူသည် က၀ိတို့၏ ပိုင်ဆိုင်ရာဟူ၍ သဘောတရားထုတ်ခဲ့ကြသည်။ မြန်မာ့အစဉ်အလာက ကာရန်ဖြင့် သီကုံး တန်ဆာဆင်ထားသော လင်္ကာများကို တပ်မက်ကြသည်။ စိန်ကြာညောင်လွ၊ ရောင်ကြိုးကြွ သော န၀ရတ်ရောင်စုံပြက်သည့် နန်းရင်ပြင် ခြင်္သေ့မုခ်ဦး၌ ကဗျာသည် စောင်းသံငြိမ့်ငြိမ့်ဖြင့် ပေါ်ထွက်ခဲ့သည်။ ထန်းပင်ရိပ်၊ ထနောင်းပင်ရိပ်၌လည်း တခါတရံ ကဗျာသံကို သဲ့သဲ့ကြားရသည်။ ကြိုးကြားမျှသာ။



မြန်မာ့သံလျက် လဲကျသော် သူများလက်အောက် ရောက်နေသော မြန်မာတို့သည် ဂန္ထ၀င်စာပေကို ပလ္လင်ပေါ်တွင်တင်ကာ အမျိုးသားမှု လက်နက်ဖြင့် နယ်ချဲ့သမားအား ခုခံခဲ့ကြသည်။ ကိုယ့်မင်းကိုယ့်ချင်းခေတ်က ရတနာများဖြင့် အမျိုးသားအားမာန်ကို ဖော်ကြွားကြသည်။ ကုန်းဘောင်နေမင်းများပေတကား၊ ဇမ္ဗူကျွန်းလုံးအနှံ့ တည်တော်မူသော ဘုရင်များပေတကား။
မြန်မာတို့၏ ဘုရင်ခေတ် လွတ်လပ်ရေးဘ၀ကို ဂန္ထ၀င်စာပေမှ လက်နက်ကရိယာ များဖြင့် ဟန်ရေးပြကြသည်။ သဇင်ရနံ့ထုံသောညကို အမှတ်ရရင်း စောင်းခတ်သံကဗျာများ ဖွဲ့ကြရသည်။
သို့သော် ဒုတိယကမ္ဘာစစ်မှ အမြောက်သံသည် မှန်ရွှေဖြူပြတင်းကို ခွင်းလိုက်တော့ သည်။ မှန်သားများ ကွဲစဉ်သွားတော့သည်။

(ခ)
အမျိုးသား လွတ်မြောက်ရေးလှိုင်းသည် ပေဖူးလွှာများကို ရိုက်ခတ်ပစ်တော့သည်။ သုတေသီတို့က ကမန်းကတန်း ပေဖူးလွှာကို ပြတိုက်ဘီရိုထဲသို့ ထည့်လိုက်ကြရသည်။ 'ဂန္ထ၀င်စာပေ' ဟု ပြတိုက်မှူးက စာတန်းထိုးလိုက်သည်။ ခေတ်စမ်းကဗျာကို စာပွဲ၌တင်ကာ အမျိုးအမည် စာရင်း၌ ခွဲတမ်းလုပ်နေဆဲ။
၁၃၀၀-ပြည့် အရေးတော်ပုံ၊ နဂါးနီစာအုပ်အုပ်၊ မတ်ဝါဒ၊ နုအက်တလီစာချုပ်များသည် ရာဇ၀င်တမျက်နှာ လှန်စေတော့သည်။ ဖက်ဆစ်တော်လှန်ရေး စခန်းချနေစဉ် 'တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့' တေးသံသည် စတင်းဂန်း သေနတ်ကိုင်ရင်း ပြန်လည်ဆန်းသစ် လာခဲ့သည်။ သို့သော် တပ်တော်မှာ ဒိုင်းလွှားရောင်လက်သော တပ်တော် မဟုတ်တော့ပြီ။ စစ်နှင့် တော်လှန်ရေးထဲမှ မွေးဖွားလာခဲ့သော ဗမာ့တပ်မတော်။
ကဗျာသည်လည်း လက်နက်ကရိယာအသစ်ကို ကိုင်တွယ်လာရသည်။ အသေးစိတ် ထုရန်အတွက် စူးကို သွေးရသည်။ ကရိယာထည့်သော သေတ္တာကို ဝေးဝေး၌ သွားမထား သော်လည်း သံချေးတက်နေသော ဆောက်ပြားကိုကား မသုံးတော့ပြီ။ တခါတရံ ခေတ်စမ်းမှ ဖဲ့၍ ယူရသည်။ သို့ဖြင့် ယနေ့လူငယ်များသည် မြန်မာမှု အစဉ်အလာအရပင် ကဗျာဖြင့် ခံစားမှုကို ဖော်ကျူးနေကြပေသည်။
စစ်နှင့် တော်လှန်ရေးကလဲ လှုပ်ရှားနေဆဲ။
လူငယ် ကဗျာဆရာသည် စိတ်ကူးလွတ်လပ်မှုတို့ကို ကိုးကွယ်လာသည်။ ကဗျာကို ကာရန်ကြိုးမျှင်ဖြင့် ယက်သီသော်လည်း ထိတွေ့ရသော ရုပ်ပုံတို့က အားကောင်းတွန်းကန် ရုန်းထွက်လာသော် တခါတရံ စိတ်ကူးမျဉ်းကြောင်းပေါ်၌သာ ကွက်ကျော် သွားကြရသည်။ သေနတ်သံက ကာရန်ကို အသံဖွဲ့ပြန်သည်။ လူထုလှုပ်ရှားမှုက ပုံပန်းကို ဖော်ပြန်၏။

(ဂ)
လွတ်လပ်သော စိတ်ကူး၊ ယင်း စိတ်ကူးနှင့်လိုက်သော အဆင်အယင်ကို တင်မိုး၏ 'အတ္တအိပ်မက်' ၌ ခံစားထိတွေ့ လိုက်ရသည်။ စင်စစ် တင်မိုး၏ အတ္တ ရုပ်ပုံလွှာ တချပ်ဖြစ်၏။ သို့သော် ထနောင်းရိပ်ကို မမေ့သော တင်မိုး၏ အခြားအတ္တရုပ်ပုံလွှာ တချပ်ကမူ ချူသံနှင့် နွားငေါက်သံကို တေးဖွဲ့နေဆဲ။
သုံးထပ်တိုက် မှန်ခန်း၌ရောက်နေသော တင်မိုးအား ထနောင်းပင်ရိပ်ကို လွမ်းရကောင်းလားဟု ဒေါသဝေဒနာ မဖြစ်စကောင်း။ စင်စစ် လူတို့သည် ဆန့်ကျင်ဖက်များ ဖြင့် ပေါင်းစပ်ထားကြသည်။ အိမ်လွမ်းတတ်သော တင်မိုးနှင့် ကတ္တရာလမ်းမပေါ်၌ လျှောက်နေသော တင်မိုးတို့၏ တင်မိုး နှစ်မိုးကို ကဗျာက တစ်မိုးတည်း လုပ်ပေးလိုက်ခြင်း ဖြစ်သည်။
ဝေဒနာကြောင့် ကဗျာရေးသည်။ ဝေဒနာရုပ် ပေါ်လာရသည်။
ထနောင်းပင်ရိပ်ကို အိပ်မက်ရင်း စက်လူကို တင်မိုးသည် လှောင်ပြောင်၏။ သွေးပွင့်၌ နုနေ၏။ လှနေ၏။ သင်ပုတ်၊ စက်ခလုတ်၊ အလုပ်သမား၏တူသံ၊ ဆေးလိုပ်တိုပြာကြွေ၊ သဂြိုလ် စာအုပ်၊ ခေါင်းရင်းဗူးစင်၊ မြို့မငြိမ်း၊ ဒေါက်တာဂျော်နီ၊ မြစ်စောင့်နဂါး၊ မှိုင်း၊ စလေဆီးသီး.... လူ့ဘ၀၏ ရုပ်ပုံအားလုံးကို တင်မိုး စိတ်ဝင်စားပြီး ဝေဒနာ ခံစားသည်။
ယင်းဝေဒနာများမှ တင်မိုး၏ လှပသာယာသော ကဗျာများ ပွင့်ဖူး လာချေသည်။ တင်မိုးသည် တောနှင့်မြို့ ကူးသန်းနေလေတော့သည်။

ဒဂုန်တာရာ
ရှုဒေါင့်၊ ၃၀-၉-၆၉
[ဒဂုန်တာရာ ရဲ့ 'သဇင်သင်းပြန်တော့' စာအုပ်၊ ၁၉၇၄ ခု၊ ပထမအကြိမ် မှ ကူးယူဖော်ပြ ပါတယ်]

တမာရိပ်၊ နေကြာပွင့်နှင့် အာဖရိက ဒေစီ
ရေးသူ- ဒဂုန်တာရာ

စာအုပ်ဝေဖန်ချက်။
လှေတစင်းနှင့်သီချင်းသည် (တတိယနှိပ်ခြင်း)
ကဗျာဆရာ- တင်မိုး

(က)
ကိုတင်မိုးက မန္တလေး ထွက်မသွားမီ သူ၏ (တတိယနှိပ်ခြင်းကျရောက်ခါမှ) 'လှေတစင်းနှင့် သီချင်းသည်' ကဗျာစာအုပ်တွင် အမှာရေးပေးရန် 'အမှာစာ' ကလေး ထားရစ်ခဲ့သည်။ ရေးဖြစ်အောင် ရေးပေးစေချင်ပါတယ်ဟု သူက အထူးပြုထားပြန်သည်။



ယခုတလော အမှာစာများ အတော်ရေးနေရ၏။ အမှာစာရေးသမားဟူသော ဝေါဟာရသစ်တခုပင် တိုးချင်နေ၏။ ကျွန်တော်က အမှာစာတွင် ကျွန်တော် ရေးချင်တာတွေ ရေးပေးလိုက်တာ များ၏။ ရေးချင်တာတွေ ရေးရသဖြင့် လေးသိပ်နေသော ဝေဒနာများက ပေါ့ပါးသွား၏။ သို့သော် ထုတ်ဝေသူများက စာအုပ်ဆိုင်ပေါ် ရောက်ချင်ဇောနှင့် လောတတ်ကြ၏။ တချို့လည်း ငွေမအိပ်နေစေချင်။ ကနေ့ပြီး မနက်ဖြန် ဖြန့်ချင်နေကြ၏။ တချိုလည်း မှတ်ပုံတင်ငှားသူက တလကျော်လျှင် နောက်တလခ ထပ်တောင်းမည်မို့ လောကြဟန်တူ၏။ စီးပွါးရေးပေကိုး။ သို့သော် အမှာစာ ရေးသူက ဘာတွေရေးမလဲ။

(ခ)
ယခုနှစ် နတ်တော်လ အတွင်းက ထင်းရူးရနံ့သင်းမြသော၊ နေကြပန်းဖြင့် ၀ါပြက်သော၊ ပွင့်တူ ရွက်တူဖြင့် နီစွေးသော၊ နှင်းရီဝေမှုန်သော ရှမ်းပြည်ဘက်သို့ ရောက်ခဲ့ကြသည်။ စာပေမွေ့သော၊ တက်ကြွသော၊ စိတ်ဝင်စားသော လူငယ်များနှင့် ကြမ်းတပြေးတည်း တွေ့ဆုံခဲ့ကြသည်။ သူတို့ အမေးမြန်းဆုံးကား ယနေ့ကဗျာပြဿနာ၊ ကာရန်မဲ့၊ နမိတ်ပုံ၊ စာပေသစ်။
ယနေ့ လူငယ် စာဖတ်ပရိသတ်ကား ရသစာပေ ခံစားရာ၍ ခံစားရုံမက အနုပညာ သဘောတရားများကိုပါ တွေးခေါ်လာကြသည်။ ဝေဖန်ပိုင်းခြား၍ ဖတ်ကြသည်။ စာပေကို ဖတ်ရာ၌ စာရေးဆရာ၏ နိုင်ငံရေး အစဉ်အလာ နောက်ခံကားပါ ယှဉ်တွဲလေ့လာထား ကြသည်။ ဘ၀နှင့်စာပေ ဆက်စပ် ကြည့်ကြသည်။
သူတို့၌ ခေတ်ပြိုင်ခံစားမှု ရှိနေကြသည်။ သူတို့သည် စာလုံးနောက်ကွယ်မှ အဘိဓမ္မာအထိ ရှာဖွေနေကြသည်။ ကျွန်တော်မှာ စာလုံးများရွေးချယ် သုံးနှုန်းရကျိုးနပ်သည် ကို တွေ့ရ၍ ကျေနပ်မိသည်။ အံ့သြဘွယ်ကောင်းသော စာဖတ်ပရိသတ်သစ်။
အဟောင်းနှင့် အသစ်၏တိုက်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်နေရပေပြီ။ ရှေးဟောင်း ဂန္ထ၀င်နှင့် ဂန္ထ၀င်သစ် ခေတ်ပေါ်စာပေများသည် ခေတ်ပြိုင်နှင့် နပန်းလုံးနေကြသည်။ မှန်စီရွှေချ၊ ရွှေင်္ဟသာရုပ်ကြွကလပ်ထဲမှ လုယူနေကြသည်။ ပြတိုက်မှန်သားကို ပိုမိုကြည်လင် အောင် ဖုံမတက်အောင် ပွတ်တိုက်ရမည့်အစား၊ စာအုပ်တန်းများနှင့် ရောချင်နေကြသည်။ တဖက်မှ လူငယ်များကား ကောက်ရိတ်ပွဲတော်သို့ သွားရန် တက်ကြွနေကြသည်။ သူတို့သည် နွေဦးကို စောင့်စားနေကြပေသည်။

(ဂ)
ကိုတင်မိုးသည် လမ်းဆုံလမ်းခွ၌ ရောက်နေပေသည်။
သူသည် တမာရိပ်၌ ကြီးပြင်းကာ ခေတ်စမ်းကဗျာစာအုပ်ဖတ်ရင်း ကဗျာဆရာ ဖြစ်လာသူ ဖြစ်သည်။ သို့သော် ဗေဒါပန်းများ မျောနေသော ချောင်းရေပြင်၌ လှေတစင်းနှင့် သီချင်းဆိုရခြင်းကို စိတ်ကူးနေသည်။
သို့သော် သူ့ခေတ်ပြိုင် အသံဗလံများက သူ့အလွမ်း၊ သူ့တေူကို ဖောက်ထွင်းလိုက်ကြ သည်။ တမာရိပ်သည် လှုပ်ရှားခါ ထွက်သွားသည်။ ခေတ်စမ်းစာအုပ်ကား လွတ်မကျသွား သေး။ တွန့်နေသော စာရွက်ကို တိုက်ကာ တင်နေသည်။
ချောင်းညှာဆီမှ ညည်းညူသံကို ကြားရသည်။ ပဲ့တင်ရိုက်လာသော သေနတ်သံကို တော်လှန်သမားဆီက ပေလားဟု နားစွင့်လိုက်သည်။ ထို့နောက်သူသည် တမာရိပ်က ခွါကာ ကတ္တရာလမ်းမပေါ် ရောက်သွားသည်။ ဓာတ်ဆီနံ့ ရှူလာရသည်။ သို့သော် တမာရနံ့ကို လွမ်းနေဆဲ။
တဖက်က အညာမိသားစုကို တမ်းကာ လှပသာယာသော လေးချိုးကြီးကို ရေးရင်း တဖက်ကလည်း....
စပယ်ပန်းထဲမှာ
ရနံ့ ဘယ်သူထည့်သလဲ
ဒဏ္ဍာရီထဲက
နတ်သမီးလားမှ မသိဘဲ။
စသော လွတ်လပ်လင်္ကာကို ခေတ်ပြိုင်ခံစားမှု ဝေဒနာဖြင့် အရပ်ထဲမှာ စကားသံဖြင့် ရေးသည်။ (၁၉၆၀-ပတ်ဝန်းကျင်) 'နှင်းဆီပွင့်ပေါ်၌ အိပ်ပျော်ခြင်း' ၌ကား ကိုတင်မိုးသည် သူ၏ ခံစားမှုကို ရဲရဲဖော်ထားသဖြင့် စိတ်ကူးရုပ်ပုံများဖြင့် ပြိုးပြက်နေပေသည်။
နေကြပွင့် အ၀ါများ တလမ်းလုံး မြင်ခဲ့ရသဖြင့် မော၏ဟေမန်ဦးကို နေကြာပွင့်ဖြင့် တင်စားနေသည်။ အောင်ပန်းဘူတာ၌ အာဖရိကဒေစီ လာရောင်းသော ပန်းသည်ကို ငေးရီ၍ နေမိသည်။
အာဖရိက ကပင် လာရောက်သော ဒေစီပေတကား။ ကျွန်တော်တို့ဘေးမှ ရန်ကုန်သူတသိုက်က ပလပ်စတစ်အိပ်များဖြင့် ထွားဝေလှသော ဒေစီပန်းများကို ထည့်နေကြ သည်ကို မြင်နေရသည်။ ဥတုရေမြေတောင်၏ သဘာဝချင်းတူ၍ ဤ ရှမ်းဒေသ သာမိုင်းခမ်းမြေတွင် အာဖရိက ဒေစီပန်းများရှင်သန်ခြေင်း ဖြစ်ပေသည်။
နောင်ဆယ်နှစ် တခေတ်တွင် လူငယ်ကဗျာဆရာသစ်သည် ဤဒေစီပန်းကို ဖွဲ့ပေလိမ့် မည်။
ယင်းသို့ ရထားသည် ရှမ်းပြည်မှ ထွက်ခွါလာရာ တမာရိပ်ဖြင့် လွှမ်းသော သာစည်လမ်းဆုံသို့ ရောက်လာပေပြီ။

(ဃ)
ကိုတင်မိုးကား လမ်းခွဲ၌ ငေးရီနေသည်။ တမာရိပ် လွမ်းခြင်းလော။ နေကြာပွင့် ကိုလော။ အာဖရိက ဒေစီကိုလော။ အတိတ်ကိုလော။ အနာဂတ်ကိုလော။

ဒဂုန်တာရာ။
၁၈-၁၂- ၇၂။
[ဒဂုန်တာရာ ရဲ့ 'သဇင်သင်းပြန်တော့' စာအုပ်၊ ၁၉၇၄ ခု၊ ပထမအကြိမ် မှ ကူးယူဖော်ပြ ပါတယ်]

Thursday, January 15, 2009

တံခါးပိတ်
ရေးသူ-တင်မိုး


ချစ်သူ့ထံ ငှက်ပမာ
ပျံလာချင်တယ်လေ့။
ငှက်ခတ်သူ မုဆိုးညစ်
လေးပစ်တဲ့နေ့။


ချစ်သူ့ထံ ပန်းပမာ
ဆင်လာချင်တယ်လေ့။
ပိတုန်းညို ဥာဏ်သမား
ပန်းစားတဲ့နေ့။

ချစ်သူ့ထံ ရော်ရွက်ပမာ
ဝဲလာချင်တယ်လေ့။
လေရူးမောင် လူသွမ်းပျက်
သစ်ရွက်ခူးနေ့။

ချစ်သူ့ထံ လမင်းပမာ
သာချင်တယ်ဆိုလေ့။
ကမ္ဘာမြေ ကိုလူဆိုး
ယုန်ခိုးတဲ့နေ့။

သို့ပါလဲ ချစ်သူဆီ
လာနိုင်ပြီ ဆိုပါတော့။
ချစ်သူ့ဘုံ တံခါးပိတ်လို့
မီးမှိတ်ပါပေါ့။

တင်မိုး။
၁၉၆၃။


The Shut Door
Translated by Win Pe

I wish to fly like a bird
to my lover. But this happens
to be the day when
the hunter is out shooting birds.


I wish to go like a flower
to my lover. But this happens
to be the day when
the sly drone is out spoiling flowers.


I wish to twirl like a leaf
to my lover. But this happens
to be the day when
the mad wind is out plucking leaves.


I wish to shine like a moon
for my lover. But this happens
to be the day when
the earth is eclisping the moon.

But say I can get about
to reach my lover,
I find the door to her bower
shut and the lights out.

လက်ယက်တွင်းနှင့် ယမင်းပျို
ရေးသူ-တင်မိုး

ရေစပ်သဲစပ်၊ အမြဲခပ်သည့်
သနပ်ခါးကြူ မပျိုဖြူ။

လက်နှင့်ယက်လည်း
မထွက်စမ်းရေ၊ ခန်းပါလေပြီ။


ခန်းပင်ခန်းလည်း
စမ်းရေရနိုး၊ သောက်ရေအိုးနှင့်
မိုးချုပ်နေ၀င် ယက်မည်ပင်။

တခါတလေ
စမ်းရေမြမြ၊ နှစ်မြူမျှနှင့်
အိမ်ပြန်ရခဲ့။

အိုးပြည့်မရ၊ ဟိုး နေ့ကလည်း
ရိုးကွေ့ကကျော်၊ တာရိုးပေါ်က
အဖော်တွေနှင့် ပြန်ခဲ့၏။

အခွင့်သာသော်
ဟိုရွာကခပ်၊ သည်ကခပ်နှင့်
မပြတ်သွင်သွင်၊ စမ်းရေရှင်။

ထိုခါတွင်လည်း
ဘောင်ဘင်ခတ်အိုး၊ သစ်ရွက်ထိုးလျက်
ကိုးခေါက်ဆယ်ခေါက်၊ ရေခပ်ရောက်သည်
နေပျောက်သည်ထိ လထွက်ထိ။

နှမငယ်ကား
ချောင်းကျယ်သဲခင်း၊ လက်ယက်တွင်း၌
သီချင်းချိုမြ၊ ပန်းညိုလှနှင့်
မရလည်းခပ်၊ ရလည်းခပ်၏။

တောစပ်ကပန်း၊ ချောင်းကစမ်းနှင့်
ကမ်းပါးကကိုင်း၊ ကိုင်းကဗျိုင်းနှင့်
သစ်ကိုင်းကချိုး၊ မယ်ကအိုးနှင့်
ပြည့်နိုး ပြည့်နိုး၊ နေ့တာကျိုးလည်း
ညှိုးသည်မရှိ အိုးအသိ။

အိုးပြည့်လောင်းလည်း
ညောင်းသည်မရှိ ချောင်းအသိ။

တင်မိုး
၁၉၇၇။


Girl at Shallow Sand Well
Translated by Win Pe


she daily collects
a mixture of sand and water
girl fragrant with bark cream

she scrabbles the sand
but the spring is dry

yet hoping to get a pot of water
she will scrabble till the sun goes down
she often goes home
with only a quart or two

never a full pot, the other day
she return home along the bank
with her friends

when the spring flows
the villagers all around
come here to get their water

at that time
she puts leaves in the pot
to smooth the commotion of water
she makes nine or ten trips
till the sun sets and the moon shines

decked with flowers and with song
she claws at the hole
in the dry river bed
whether she gets water or not

flowers at jungle edge, spring in the stream
reeds on the bank, egret in the reeds
dove on the tree, girl with a pot
hoping, hoping the pot will fill
the day declines but not she
the pot knows

the stream may give water
to overflow the pot
but she never tires
the stream knows.

1977