Monday, May 3, 2010
ဘာကလေရောက် မြသီတာထံမှပြန်စာ
ရေးသူ-ဒဂုန်တာရာ
ချစ်စွာသော သူငယ်ချင်း ဘက်တီအောင်ရေ။ နင့်စာလာတော့ ငါက ဆန်ဖရန်စစ္စကိုမှာ မရှိဘူး။ ဘာကလေမြို့က ကာလီဖိုးနီုယားတက္ကသိုလ် ရောက်နေတယ်။ ငါက နင့်စာဖတ်ရတော့ မြန်မာပြည်ကို လွမ်းလာတယ်ကွာ။ နတ်ပွဲလည်း ကြည့်ချင်လာတယ်။ နင်တို့ တတွေကိုလည်း သိပ် သတိရတာပဲကွာ။
ငါ့စိတ်တွေက နင်တို့ဆီ ရောက်သွားတယ်။ တကယ်တော့ ငါအမေရိကန်ရောက်မှ ငါတို့ မြန်မာပြည်ကို ပြန်လည်တွေ့ရှိလာတယ်လို့ ပြောချင်တယ်။ ငါ စကားတွေ ကြီးကြီးကျယ်ကျယ် ပြောတယ်လို့ မပြောနဲ့နော်။ ငါ့စိတ်ထဲ ခံစားတာကို ဖော်ပြတာပဲ။ နင်ကပြောမယ်။ နင်တို့နဲ့ အတူနေတဲ့ ငါမဟုတ်တော့ဘူးလို့၊ မဟုတ်ဘူးကွ။ ငါဟာ ငါပါပဲ။ ဒါပေမယ့် ငါဟာ နိုင်ငံခြား တပြည် တရွာရောက်မှ ငါဟာ မြန်မာလူမျိုးဆိုတဲ့ အမျိုးသား ရုပ်ပုံလွှာဟာ ပိုပြီး ထင်ရှား ပီသလာတယ်လို့ ထင်မိတယ်ကွာ။ တိမ်မြုပ် ငုပ်လျှိးနေရာက ပြန်ပေါ်လာတဲ့ သဘောမျိုးပေါ့ကွာ။ ဒါကြောင့် ပြန်လည်တွေ့ ရှိခြင်းလို့ ငါပြောလိုက်တာ။ ငါ့ရဲ့ ခံစားမှုကို တတ်နိုင်သလောက် ကြိုးစားပြောပါ့မယ်။
နင်သိသားပဲ။ ငါ ရန်ကုန်မှာတုန်းက ဘယ်လိုနေတယ် ဆိုတာ၊ သိတယ်မဟုတ်လား။ ဘဲလ်၊ ဖလဲ၊ ဂျင်းတို့ အမြဲဝတ်နေတာလေ။ နိုင်ငံခြားဖြစ်မှ ၀တ်ချင် စားချင်တယ်။ နိုင်ငံခြားက လာတဲ့ ဖက်ရှင်ကြော်ငြာ စာအုပ်တွေ ဖတ်ပြီး၊ အဲသည် စာအုပ်ထဲက ပုံစံအတိုင်း နေချင်တယ်။ ၀တ်ချင်တယ်။ စားချင်တယ်။ အဲသည် စာအုပ်တွေကလည်း ဈေးကြီးပေး ၀ယ်ရတာ မဟုတ်လား။ မောင်ထော်လေး လမ်းက ကုလားဆိုင်မှာ မှာထားရတယ်။ တို့တတွေ အဲသည် မဂ္ဂဇင်းဂျာနယ်တွေ ဖတ်ပြီး စိတ်ကူးယဉ် ကြတယ်လေ။ အခု တွေးကြည့်တော့လည်း အရူးထတာ တမျိုးပေါ့ကွာ။ တို့တတွေက အဲသည်လို အသိုင်းအ၀ိုင်းက မဟုတ်လား။ နိုင်ငံခြားက လာတဲ့ စည်သွတ်ဘူးမှ အရသာရှိတယ် ထင်တာ နိုင်ငံခြား ဆို သိပ်ရောက်ချင်တာ။
ဟိုရောက်သွားပြီး လေးငါးခြောက်လ ကျော်လောက်ကြာတော့ တွေးစရာ ပေါ်လာတယ်။ တွေးစရာတွေဟာ အကြောင်းမဲ့ ပေါ်လာကြတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်လာ တဲ့ ခံစားမှုတွေကြောင့် တွေးတောလာ ရပါကလားဆိုတာ နောက်တော့ သိလာရတယ်ကွ။ ငါ ဘာလူမျိုးလဲဆိုတဲ့ ပုစ္ဆာကို ဖြေနေရတယ်လေ။
အဲသည်တော့ နင်က မေးချင်လိမ့်မယ်။ မြန်မာလူမျိုးပဲဟာ ဘာများပြဿနာရှိမှာလဲလို့။ မြန်မာပြည်မှာ နေလို့ကတော့ ဘာပြဿနာရှိမှာလဲ။ နိုင်ငံခြားမှာတော့ တမျိုးပေါ့ကွာ။ ငါသည်က သွားတော့ ဂျင်းဘောင်းဘီတွေ ဘာတွေ ၀တ်သွားတယ်မဟုတ်လား။ ဘေရွတ်လေဆိပ်မှာ ခဏနား တယ်။ လက်ဘနွန်ရဲ့မြို့တော်။ လှပခေတ်ဆန်တဲ့ မြို့ကလေး။ အခုတော့ စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးနေပါပြီ။ အဲသည် ဘေရွတ်မှာ ဥရောပတိုက်သားတယောက် ငါ့ကို ယိုးဒယားကလား၊ ဖိလစ်ပိုင် ကလားတဲ့။ ကြည့်ပါဦး။ ဒါက အ၀တ်အစားနဲ့ မျက်နှာပုံပန်း ကြည့်မေးတာ ဖြစ်မှာပေါ့။ တကယ်လို့ ထဘီနဲ့ အင်္ကျီသာ ၀တ်ထားရင် ငါက မြန်မာအ၀တ်အစားဆိုတာ ပြနိုင်တာပေါ့။ ဒါက ပြဿနာ မဟုတ်ပါဘူး။ အ၀တ်အစားက အရေးမကြီးပါဘူး။ ဟိုရောက်တော့ ဘာဝတ်ဝတ်ရပါတယ်။ ဆန်ဖရန်စစ္စကိုမှာက လူမျိုးပေါင်းစုံရှိတော့ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ငါနည်းနည်း ခံစားမိတာ အမှန်ပဲ။ ထိုင်းလား၊ ဖီလစ်ပိုင်လား မေးတာကို တယ်မခံချင်ဘူး။ အဲသည်က စပြီး တွေးမိတယ် ဆိုကြပါစို့။
အမေရိကန်မှာ နေရတာတော့ စားဝတ်နေရေးက ပြေလည်ပါတယ်။ တအိမ်သားလုံး အလုပ် လုပ်ကြတယ်ကွာ။ ငါ့အစ်မ နှစ်ယောက်က၊ တယောက်က ကွန်ပြူတာမှာ၊ တယောက်က ဓါတ်ခွဲခန်းမှာ။ အိမ်မှာနေတဲ့ မေမေကတောင် ဇာပန်းထိုးအလုပ်တွေ အိမ်မှာ လက်ခံ လုပ်တယ်။ ၀င်ငွေက မဆိုးပါဘူး။ အစ်မကြီးက အလုပ်တက်ရတာ ဝေးတော့ ကားကိုယ်တိုင်မောင်းပြီး တက်ရတယ်။ သည်မှာက ကားကြီးကြီး ကိုယ်ပိုင်ရှိလို့လဲ ပိုပြီး ဂုဏ်မရှိပါဘူး။ ဘတ်စ်ကား စီးလို့လဲ ဂုဏ်မငယ်သွားဘူး။ မော်တော် ကားဆိုတာ သွားရေးလာရေး အလုပ်ဖြစ်တဲ့ ကိစ္စတခုမျှသာပဲ။ နင်တို့ငါတို့ အသိုင်းအ၀ိုင်းလည်း ဘတ်စ်ကားစီးရမှာ ရှက်တဲ့ လူတန်းစားပဲ မဟုတ်လားကွာ။ ကား စိတ္တဇရောဂါအကြောင်း။
ငါ ပြောချင်တာက အမျိုးသား ရုပ်ပုံ။ နင့်ဆီက စာလာတော့ စာအိတ်မှာ ဘတ်တီအောင်လို့ ရေးထားတာ ဖတ်ကြည့်ပြီး ငါ့သူငယ်ချင်း ဘာသာဗေဒ ကျောင်းသားတယောက်က ဘာဖြစ်လို့ အင်္ဂလိပ်နဲ့ နာမည်တပ်ရသလဲ။ မြန်မာမှာ အက္ခရာ မရှိဘူးလားလို့ မေးတယ်။
သူက ရိုးရိုးသားသား လေ့လာချင်လို့ မေးတာပါ။ နင့် အဖေနာမည် ဘယ်သူလဲလို့ မေးတယ်။ ငါက ဦးအောင်ဆိုတော့ မြန်မာက ဖခင်မျိုးရိုးနာမည် မှည့်သလားလို့ မေးတယ်။ ငါ့အဖေနာမည်မေးလို့ ဦးမြဆိုတော့ သူက အံ့သြနေတယ်။ အဖေနာမည်က ရှေ့က မှည့်တာပါလား။ ဒါက ပျူလူမျိုးတဲ့။ ငါက ပျူလူမျိုး အနွယ်လားတဲ့ကွာ။ ငါတော့ စိတ်တောင် ရှုပ်သွားတာပဲ။ တရုတ်တွေလည်း မျိုးရိုး အဖေ နာမည်ကို ရှေ့ကထား မှည့်တာပဲ ဆိုပြီး မျက်မှောင်ကြီး ကုတ်ပြီး လေ့လာစူးစမ်းပြီး ကျန်ရစ်ခဲ့လေရဲ့။ ငါလည်း ခုမှ သိတယ်လေ။ နာမည်မှည့်တာကအစ အမျိုးသားရုပ်ပုံဆိုတဲ့ ပြဿနာကို ခံစားလိုက် တာပဲလို့ သတိပြုမိတော့တာပဲ။
နိုင်ငံခြားမှာ သာမန်အရပ်သားက ငါတို့ မြန်မာပြည်အကြောင်း သိပ်သိကြတာ မဟုတ်ဘူး။ လေ့လာသူ ပညာရှင်တွေ လောက်သာ သိကြတာ။ မြန်မာပြည်ကို စိတ်ဝင်စားသူတွေ ရှိပါတယ်။ ငါတို့ဆရာ ပါမောက္ခဆိုရင် မြန်မာပြည်ကို ရောက်ဖူးတယ်။ မြန်မာပြည်က စိမ်းလန်းပြီး လှပတယ်။ အစားအသောက်ပေါတယ်။ မြန်မာလူမျိုးတွေဟာ ဖော်ရွေပျူငှာ ရှိတယ်။ နေရာတိုင်းမှာ စေတီပုထိုးနဲ့၊ ခေါင်းလောင်းသံ သာယာတယ်တဲ့ကွ။ ငါ့ကို ဖိလဒင်ဟောရေးတဲ့ မြန်မာပြည်အကြောင်း စာအုပ်ပေး ဖတ်တယ်။
အာရှတိုက်က ဖွံ့ဖြိုးဆဲနိုင်ငံများအကြောင်း လေ့လာနေတဲ့ ပါမောက္ခတယောက်ကလည်း ငါတို့ ပြည်အကြောင်းမေးတယ်။ စီးပွါးရေး၊ ယဉ်ကျေးမှု၊ ရာဇ၀င် စသည်ပေါ့ကွာ။ ငါက ကျောင်းသူတယောက် အနေနဲ့ သိသလောက် ပြောရတာပေါ့။ သူက ယနေ့ ခေတ်လူငယ် တယောက်ရဲ့ အသိကို စူးစမ်းတာကိုးကွ။ နောက်မှ ငါ နားလည်သွားတာ။
ငါလည်း သူ့မေးခွန်းတွေ ဖြေရင်းနဲ့ ငါတို့ တိုင်းပြည်ကို တွေ့ရှိသွားတယ်လို့ ဆိုရမလား မသိဘူး။
သူငယ်ချင်းရေ။ ကိုယ့်ပြည်နဲ့ ဝေးပြီး နိုင်ငံခြားမှာ နှစ် လ ကြာရှည်လာလေ ငါတို့ပြည်ကို သတိရတဲ့ ခံစားမှုက ရင့်သန်လာလေပဲ။ သား၊ ငါး၊ အသီးအရွက် လတ်လတ်ဆတ်ဆတ် အမြဲရ တယ်ကွာ။ ရာသီလိုက် အသီးအနှံ စားရတယ်ကွာ။ သံပုရာရည်ဆိုရင် တနှစ်ပါတ်လုံး လတ်လတ် ဆတ်ဆတ် သောက်လို့ရတယ်။ တကယ်တော့ လတ်လတ်ဆတ်ဆတ်က စည်သွတ်ဗူးထက် အရသာရော၊ အာနိသင်ရော ပိုရှိတာပေါ့။ မဟုတ်ဘူးလား။ အနောက်နိုင်ငံတွေမှာက ဆောင်းရာသီ ဆိုရင် ရေခဲနေလို့ အသီးအရွက် စိုက်လို့မရ၊ ငါးမျှားလို့ မရ။ ဒါကြောင့် ဆောင်းတွင်းမှာ စားနိုင်ဖို့ ကြာရှည်ခံတဲ့ စည်သွတ်ဘူးတွေ လုပ်ရတာ မဟုတ်လား။ ဒါကို "သိုလှောင်ထားသော အစားအစာ" လို့ ခေါ်ကြတယ် မဟုတ်လား။
ငါတို့ တောမှာဆိုရင် သား၊ ငါး၊ ဟင်းသီးဟင်းရွက်က ပိုလတ်လို့ ပိုအရသာ ရှိတယ်လေ။ အပင်က ခူးပြီး ချက်ချင်း ချက်တာ မဟုတ်လား။ ငါ တခါ မှော်ဘီဘက် သွားလည်တာ အမှတ်ရတယ်။ ဧည့်သည် လာတယ်ဆိုပြီး အိမ်နီးနားချင်းတွေက ဟင်းလာပို့ကြတာ။ နိုင်ငံခြားမှာ နေရတာ သူစိမ်းတရံဆံလို နေရတာကွ။ ကိုယ့်အသိုင်းအ၀ိုင်းနဲ့ကိုယ် မိတ်ဖွဲ့ပေးတဲ့လူရှိမှ စကားပြောလို့ ရတာ။
လူကြုံကောင်းရင် ငါ့ဆီကို တခု ပို့ပေးစမ်းပါ။ မန္တလေးက ကြိုးကြီးချိတ်ထဘီ။ အနောက် ဆန်ဆန်အရောင် မဟုတ်ဘူးနော်။ ရိုးရာ အသွေးအဆင်။ ငါတို့ အဖွားဆီမှာ မြင်ဘူးတယ်။ အစိမ်းနဲ့ အနီ အတွဲမျိုး။ အပြာရောင် အတွဲတွေတောင် သိတ်မပါဘူး ထင်တယ်။ တခါ ငါ ကျောင်းကပွဲမှာ ၀င်ကဖူးတယ်။ ထဘီက မြန်မာမဆန်လို့ ငါက မြန်မာဆန်ဆန် ဆင်ယင်ထုံးဖွဲ့မှု ဟန်ပန်နဲ့ မြန်မာအက ကပြီး သူတို့ကို ပြချင်တာလေ။ ဒီရောက်မှ ငါ ရုပ်ရှင်တွေလည်း သိပ်မကြည့်ဘူး။ ကြည့်လည်း မကြည့်ချင် လှဘူး။ နင်သိသားပဲ ဟိုမှာတုန်းက အင်္ဂလိပ်ကားဆို မလွတ်တမ်း။ ခု တွေးကြည့်တော့ အဆန်းကွ။ မြင်ရအောင် ကြည့်တာပဲကွ။
အ၀တ်အစား အဆန်း၊ တိုက်တာနေအိမ်အဆန်း၊ ပစ္စည်းပစ္စယအဆန်းတွေ မြင်ရအောင်၊ မမြင်ဖူးတာ မြင်ရအောင်၊ အတုခိုးရအောင် ကြည့်တာပဲကွ။ သည်ရောက်တော့ ကိုယ့်ပတ်ဝန်းကျင်က သည်ဟာမျိုးတွေ ဆိုတော့ ဘာဆန်းတာ မှတ်လို့။ မကြည့်ချင်တော့ဘူး။ ဒိန်းဒိုင်းတွေ၊ ကားဥသြမှုတ်သံ တွေကို စိတ်ပျက်လာတယ်။ ဇာတ်လမ်းကောင်းကောင်း ဂန္တ၀င်မြောက် ၀တ္ထုတွေ ရိုက်တဲ့ ရုပ်ရှင်ကားပဲ ရွေးကြည့်ဖြစ်တယ်။ နင်သိသားပဲ။ မြန်မာပြည်မှာတုန်းက ငါ ပါတီတွေ ဘာတွေ တက်ခဲ့တာပဲ။ သည်ရောက်တော့ မသွားပါဘူး။ ယဉ်ကျေးမှု ဓလေ့ထုံးစံမှ မတူတာ။ ရောက်စက ပါတီတက်တာ၊ သူစိမ်းတရံဆံ လိုပါပဲကွာ။
xxxx xxxx xxxx xxxx
နင့်ကို တခုပြောရဦးမယ်။ မရယ်နဲ့နော်၊ ငါအခု ၀ိပဿနာကို စိတ်ဝင်စားနေတယ်။ ဒါကြောင့် မရယ်နဲ့ ပြောတာ။ ဆန်ဖရန်စစ္စကိုမှာ အမွှာညီနောင် တောင်ကုန်းဆိုတာ ရှိတယ်။ အဲသည် တောင်ကုန်းကလေးက ထင်းရူးပင်တွေ၊ ယူကလစ်ပင်တွေနဲ့ စိမ်းစိမ်းလန်းလန်း အုပ်အုပ်ဝေေ၀နဲ့ သာယာအေးချမ်းတယ်။ တောင်ပေါ်ကနေ ကြည့်လိုက်ရင် ဆန်ဖရန်စစ္စကို မြို့ကို စီးမြင်ရတယ်လေ။ ပင်လယ်ကွေ့နဲ့ ရွှေတံခါးမုခ် တံတားကြီးကို လှလှပပ မြင်ရတယ်။ တောင်ကုန်းပေါ်မှာ တိဗက်၊ ကိုးရီးယား၊ ဂျပန်၊ ယိုးဒယား ဗုဒ္ဓဘာသာ ရဟန်းတော်များ သီတင်းသုံးတဲ့ ကျောင်းသင်ခန်းတွေ ရှိတယ်။ ယူကလစ်ပင် အောက်မှာ တရားထိုင်နေတဲ့ ရဟန်းတပါးကို မြင်လိုက်ရတာ ငါ့ စိတ်ထဲမှာ အေးချမ်းသွားတယ်။ သူငယ်ချင်းတစုနဲ့ ပျော်ပွဲစားလာရင်း ရောက်သွားတာ။ ဆန်ဖရန်စစ္စကို ဆိုတာက မြို့ကြီးပြကြီး မဟုတ်လား။ ဆူဆူညံညံ၊ ပြိုးပြိုးပြက်ပြက်၊ ရှုပ်ရှုပ်ထွေးထွေး၊ လှုပ်လှုပ်ရွရွ ငြီးငွေ့လာတယ်ကွ။
ဆန်ဖရန်စစ္စကိုမှာ တဒိတ်ဒိတ် ရင်ခုန်သံမြန်ပြီး ပူလောင်လာရင် ငါတော့ တယောက်တည်း အမွှာညီနောင် တောင်ကုန်းပေါ် တက်ပြီး၊ အမိုးကော့ကျောင်းသင်ခန်းဘေး၊ ယူကလစ်ပင်ရိပ် သွားထိုင်နေလိုက်တာပဲ။ ၀ိပဿနာတော့ မလုပ်တတ်ဘူးပေါ့ကွာ။ တောင်ပေါ်ကနေ စီးမြင်ရတဲ့ ဆန်ဖရန်စစ္စကိုနဲ့ ယူကလစ်ပင်ရိပ်က ကွာခြားသွားတယ်လေ။ ဟိုက ပူတယ်။ သည်က အေးတယ်။ ဟိုက ဆူတယ်။ သည်က ငြိမ်တယ်။ ဘယ်လောက် ကွာသလဲလို့။ သည်မှာတင် ငါ့မှာ အတွေးတွေ ၀င်လာတာပဲ။ ငြိမ်းအေးတဲ့ တရားကို ရှာရမယ်။
ဥရောပတို့၊ အမေရိကန်တို့ ဆိုတဲ့ အနောက်နိုင်ငံတွေက ဗုဒ္ဓဘာသာကို စိတ်ဝင်စား လေ့လာ နေကြပြီကွ။ အိန္ဒိယက လာတဲ့ ဂုရုတွေ မနည်းဘူး။ အနောက်နိုင်ငံက စက်မှုကရိယာဘက်၊ သိပ္ပံပညာဘက်တွေမှာ တိုးတက်တာ မှန်တယ်။ ဒါပေမယ့် ငြိမ်းချမ်းမှု မရဘူး။ တိုက်တာ၊ မော်တော် ကား၊ လေယာဉ်ပျံ၊ ဓါတုချည်မျှင်၊ ရေဒီယို၊ တယ်လီဗေးရှင်းတွေမှာ လူတိုင်း အလှမ်းမီအောင် လုပ်ထားတယ်။ ဒါပေမယ့် စိတ်အေးငြိမ်းမှု မရဘူး။ သည်တော့ စိတ်အေးငြိမ်းမှု ရှာရင်းနဲ့ သမထ၊ ၀ိပဿနာကို တွေ့တာပဲကွ။
ငါ့မှာ စိတ်ကူးတခု ရှိတယ်။ အဲသည် အမွှာတောင်ကုန်းပေါ်မှာ မြန်မာ့ကျောင်းသင်ခန်းတခု ဆောက်ချင်တယ်ကွာ။ ရယ်တော့ မရယ်နဲ့။ တကယ်ပြောနေတာ။ ယူကလစ်ပင်တွေ ဘေးမှာ အမိုးဘုံ ပြာဿဒ်နဲ့၊ မြန်မာဆန်ဆန်လေး။ အမိုးကော့တွေကြားမှာ လှလှကလေး။
တကယ်တော့ကွာ။ ငါဟာ အနောက်တိုင်း ယဉ်ကျေးမှုမှာ မူးယစ်ပြီး ကိုယ့်အမျိုးသားဘ၀ကို မေ့နေတာပဲ။ တို့ လူမျိုးဟာ ဗုဒ္ဓယဉ်ကျေးမှုအောက်မှာ ကြီးပြင်းလာခဲ့ရတာမို့၊ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်။ တင်းတိမ်ရောင့်ရဲတယ်။ လူတဖက်သားကို ချစ်ခင်ကြင်နာတတ်တယ်။ နှစ်ပေါင်း ၁၀၀၀ လောက် ရှည်ကြာတဲ့ ယဉ်ကျေးမှု အစဉ်အလာရှိတယ်။ ဒါဟာ တို့တိုင်းပြည်သူပြည်သားတွေရဲ့ အမျိုးသား ဗီဇ ရုပ်ပုံပဲ။ နိုင်ငံခြားရောက်သွားမှ ငါသိလာရတာ။ နီးလျက်နဲ့ ဝေးဆိုတာပေါ့။ ဒါကြောင့် ပြန်လည်တွေ့ရှိခြင်းလို့ ပြောရတာလေ။
လူကြုံကောင်းရင် ကြိုးကြီးချိတ်ထဘီ အပြင်၊ လယ်တီဆရာတော်ရဲ့ ၀ိပဿနာ ဒီပနီ စာအုပ်၊ နောက် စောင်းဦးဘသန်း၊ ဦးဟန်ပတို့ရဲ့ စောင်းတီးလုံး၊ ဆိုင်းတီးလုံး၊ မောင်ကိုကိုရဲ့ ပန်းမြိုင်လယ် ကက်ဆက်ခွေလည်း ပို့ပေးပါဦးကွာ။ နင်ကြိုက်တဲ့ ချော့ကလက်ကတော့ လူကြုံတိုင်း ပို့ပေးပါ့မယ်။ စပို့ရှပ်တော့ မ၀တ်ပါနဲ့ဟာ။ တရုတ်ပြည်က ပိုးစပို့ရှပ် ပို့လိုက်ပါမယ်။ နိုင်လွန်တို့ ဘာတို့ထက် ပိုးအစစ်က ဈေးကြီးတယ်။ တန်ဖိုးရှိပါတယ်။
ရှုမ၀မဂ္ဂဇင်း။
ဇန်န၀ါရီ၊ ၁၉၈၃။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment