Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Wednesday, November 2, 2011

ဆန်ပြုတ်ပွဲတော်
ရေးသူ- နုနုရည် (အင်းဝ)

{၂၀၀၁ မတ်လ ၂၃၊ ၁၃၆၂ တပေါင်းလကွယ် ၊ ထုတ် မာယာမှ ကူးယူဖော်ပြပါတယ်}
ညနေ သုံးနာရီမှ ထိုးမယ်မကြံသေးဘူး......၊ ဖိုးတရုပ်တို့ မောင်နှမနှစ်ယောက် ဂဏာမ ငြိမ် ဖြစ်စပြုပြီ။
အိမ်ရှေ့ထွက်လိုက်၊ နောက်ဖေးဝင်လိုက်၊ အိမ်အထက်ဆင့်ခါးပန်းကို ခေါင်းအုံးငေးမော နေတဲ့ အမေ့ကို လှမ်းကြည့်လိုက်လုပ်ရင်း၊ ဖိုးတရုပ် မျက်လုံးတွေက ပန်းကန်စင်ပေါ် မှောက် ထားတဲ့ ကြွေရည်သုပ်ဇလုံလေး ဆီ ခဏ ခဏ ဝဲနေတယ်။ သူ့ထက် ပိုပြီးအကင်းပါးတဲ့ မိငယ်ကလဲ ဖိုးတရုပ် အိမ်ရှေ့ထွက်.....ထွက်ချင်း၊ နောက်ဖေးဝင်......ဝင်ချင်း။ ပြီးတော့ ဖိုးတရုပ် တရစ်ဝဲဝဲကြည့်နေတဲ့ ပန်းကန်စင်ပေါ်က ကြွေရည်သုတ် ဇလုံလေးကို သူလဲဘဲ မျက်ခြည်မပြတ်။ တခါတခါ ဖိုးတရုပ် လှမ်းကြည့်ရင်း..... မျက်စောင်းခဲပြီး သတိပေးလိုက်သေး တယ်။
"အဲဒါငါ့ ဇလုံနော်...... ဒါဘဲ...." လို့။
ဖိုးတရုပ် အိမ်ရှေ့တခေါက် ထွက်ပြန်တယ်။ လမ်းထိပ်က ထွက်လာနေတဲ့ မီးခိုးငွေ့ငွေ့ လေးတွေကို လှမ်းမျှော်ကြည့်ရင်း နှာခေါင်းလေးကို ရှုံ့ပြီး အနံ့ခံ ကြည့်မိတယ်။ တရုပ်နံနံပင် အနံ့၊ ကြက်သွန်မိတ်နံ့၊ ငံပြာရည်နံ့ သင်းပျံ့တဲ့ ဆံပြုတ်မွှေးမွှေးရဲ့ အနံ့အသက်တွေများ ပါလာလေမလား........။ ဖိုးတရုပ် ဗိုက်ဆာလှပြီ။ မနက်ထဲက မုံ့ပျားသလက်ငါးမူးတန် အဖြူအနီ နှစ်ယှက်ပဲရှိတဲ့ ဖိုးတရုပ်ဗိုက်ထဲမှာ မီးရထားတွဲကြီးတွေ တဂျုတ်ဂျုတ် အော်ဟစ်ခုတ် မောင်းနေကြပြီ။



အိမ်နောက်ဖေး နောက်တခေါက် ပြန်ဝင်လာတဲ့ ဖိုးတရုပ်ကို သူ့အမေက မျက်စိနောက် လာသလို လှမ်းကြည့် လိုက်တုန်းမှာပဲ.....
"ဖိုးတရုပ်ရေ...... မိငယ်ရေ....... သွားစို့ဟေ့...."
အိမ်ရှေ့က အော်ခေါ်သံတွေ၊ ဇလုံတီးသံ၊ ဂျိုင့်ခေါက်သံတွေကို ကြားလိုက်တာနဲ့ ဖိုးတရုပ်က လေကဲ့သို့ လျင်မြန်ခြင်းမျိုးနဲ့ ပန်းကန်စင်ပေါ်က ကြွေဇလုံကို ပြေးယူတယ်။ ဘယ်ရမလဲ။ မိငယ်ကလဲ အားကျမခံ ကြွေဇလုံကို ဇွတ်ဆွဲလုတယ်။
"ပေး...... မယူရဘူး......၊ ဒီဇလုံ....... ငါယူမှာ"
"ပေးဘူး...... ဒါ....... ငါ့ဇလုံ"
"ဟုတ်ဘူး......၊ ဟိုမှာ...... ကိုတရုပ် ဇလုံက ဒန်ဇလုံ"
မိငယ်က ကြွေဇလုံကို မလွှတ်ဘဲ ဆွဲထားရင်း ပန်းကန်စင်ပေါ်ကို မေးငေါ့ပြတယ်။ စင်ပေါ်မှာ ဒန်ဇလုံရယ်၊ ချိုင့်တခုရယ် ကျန်နေသေးတယ်။ စင်တခုလုံးမှာ ဇလုံနှစ်လုံးရယ်၊ ချိုင့် တခုရယ်၊ ဇွန်းသုံးချောင်းရယ်ပဲ ရှိတယ်။ (တခြား ထမင်းပန်းကန်ပြားတွေနဲ့ ဟင်းပန်းကန်တွေ ကို ထမင်းချက်မစားနိုင်တဲ့နေ့ကစပြီး အမေသိမ်းလိုက်ပြီ။) ဆန်ပြုတ် သောက်ဖို့ထားတာ။ သုံး ယောက်တွက်။ အဖေ့အတွက်တော့မပါဘူး...... ။ အဖေအိမ်ပြန် မလာတာရှစ်ရက်၊ ဆယ်ရက် လောက်တောင် ရှိနေပြီ။ ဟင်း........မိငယ်ဆိုတဲ့ ကောင်မစုတ်က အလည်လေး......။ လာသေး တယ်။ ဒန်ဇလုံက ဆန်ပြုတ်ထည့်ကိုင်ရင် တအားကြီးပူတာကို။ ဘာလို့ ယူရမှာလဲ။ ကြွေ ဇလုံကမှ မပူတာ။
"ဖိုးတရုပ်..... ဟေ့.....၊ သွားမယ်ဟေး"
အိမ်ရှေ့ကကောင်တွေကို 'လာပြီဟေး' လို့ပြန်အော်ရင်း ဖိုးတရုပ် မိငယ်လက်ထဲက ကြွေဇလုံကို ဆောင့်ဆွဲယူပစ်လိုက်ပြီး အိမ်ရှေ့ တအားပြေးထွက်ခဲ့တယ်။ မိငယ် အာခေါင်ခြစ် ပြီး အော်ငိုတဲ့အသံက ဗြဲကနဲထွက်လာတယ်။
"ဟဲ့......... ဟဲ့ကောင်လေး...... လာခဲ့စမ်း၊ နင်တော့၊ ဖိုးတရုပ်...... နေအုံး၊ ညီမလေးကို ပေးလိုက်စမ်း..... ဇလုံကို......၊ ဟဲ့.....ဖိုးတရုပ်....."
အမေခေါ်တဲ့ အသံက ဖိုးတရုပ်တို့ ဇလုံတီးသံ၊ ဂျိုင့်ခေါက်သံတွေကြားမှာ ပျောက်သွား တယ်။ ဖိုးတရုပ်တို့၊ ဇလုံတွေ၊ ချိုင့်တွေတီးရင်း၊ ခေါက်ရင်း လမ်းထိပ်ကို တအားပြေးကြတယ်။ ပြေးရင်းလွှားရင်း ဖိုးတရုပ်သူငယ်ချင်း သူ့လိုပဲ နှစ်တန်းကျောင်းသား အမွှေးအမှင်လေးတွေ ရှည်ရှည်နဲ့ မျက်နှာက ဝက်ဝံလေးနဲ့တူလို့ 'ဘဲယား' လို့ခေါ်တဲ့ ကျော်မင်းဦးက သူ့ဇလုံကို တဒေါင်ဒေါင်တီးပြီး
"ဆန်ပြုတ်...... ဆန်ပြုတ်၊ ဆုတ်ပြန်...... ဆုတ်ပြန်" လို့အော်တယ်။ ဖိုးတရုပ်တို့ ကျန်တဲ့ အကောင်တွေက-
"ဆုတ်ပြန်၊ ဆုတ်ပြန်...... ဆန်ပြုတ်၊ ဆန် ပြုတ်" လို့ပြန်အော်တယ်။
"ဆန်ပြုတ် ဆန်ပြုတ်၊ သောက်လို့ ကောင်းတယ်" လို့ အော်တဲ့ကောင်က အော် တယ်။ ဘာတွေမှန်းလဲ မသိဘူး..... ။ အော်ရတာ ပျော်တာပဲ သိတယ်။ ထမင်းမစားရတဲ့ ဖိုးတရုပ် တို့တတွေ ဆန်ပြုတ်သောက်ရတော့မယ်လေ။ ဆန်ပြုတ်ပွဲတော်ကြီး နဲ့ တွေ့ရတော့မယ်။
ဒီပွဲတော်ကြီးကို ဘယ်လူကြီးတွေ စလိုက် တယ်တော့မသိဘူး။ စ, လိုက်တဲ့ လူကြီးတွေ အရမ်းချစ်ဖို့ကောင်းတာပဲ။ ဒီဆန်ပြုတ်ပွဲတော်ကြီး ပေါ်လာတာ ဖိုးတရုပ်တို့မောင်နှမ အဖေ နဲ့အမေရင်ခွင်ထဲကို ကြောက်လန့်တကြား တိုးဝင်နားပိတ်ပြီး အိပ်ရတဲ့ညပြီးတဲ့ နောက်လေးငါး ရက်အကြာမှာပဲ။ ဖိုးတရုပ်တို့အဖေ အိမ်ကထွက် သွားတာ ဟောဒီဆန်ပြုတ်ပွဲ တော်ကြီးနဲ့ အမျှပဲ။ ဒါပေမယ့် အဖေ့ကို တခါတလေပဲ သတိရတယ်။ ပျော်နေရတာကိုး။ ဖိုးတရုပ်တို့ ကျောင်းပိတ်ကတည်းက ဘာပွဲလမ်းမှမရှိတော့ ဒီလို ခလေးတွေ တစုတဝေးစုပြီး မပျော်ရတာ ကြာပြီ။
"ဟေ့ရောင်တွေ.... ဒီနေ့ ဆန်ပြုတ်နေရာ သုံးခုတောင် ရှိတယ်ကွ"
"ဟေး...... ပျော်တယ်ဟေ...."
ဖိုးတရုပ်တို့ထဲက အလည်ဆုံး၊ အကြီးဆုံး ကောင်.....'ဘဲယားကျော်မင်းဦး' သတင်းပေးသံ ကြောင့် အားလုံး ခုန်ပေါက်အော်ဟစ်ကြတယ်။ ပျော်စရာကြီး.....။ တဖြေးဖြေးနဲ့ ဆန်ပြုတ် တိုက်ပွဲတွေများလာပြီ.....။ ဟိုလမ်းထောင့်၊ သည်လမ်း ထောင့်၊ ဟိုအိမ်၊ သည်အိမ်။ သူဌေးတွေ...... နေ့တိုင်း၊ နေ့တိုင်း တိုက်နိုင်ပါစေ။ သည့်ထက်ပို ဌေးပါစေဗျာ.....။
"ဟေ့.....မြန်မြန်နေရာဦးဟေ့၊ လူတွေ အများကြီးကွ"
ဟာ..... ဟုတ်သားဘဲ။ ဆန်ပြုတ်တိုက်တဲ့ ဆေးလိပ်ခုံအိမ်ရှေ့မှာ ခွက်တွေ၊ ပလုံးတွေနဲ့ ခလေးတွေရော၊ လူကြီးတွေရော အများကြီး ရောက်နေကြတယ်။ ဆန်ပြုတ်အိုး.....၊ မိုးဗြဲဒယ် ကြီးတွေက အငွေ့တလူလူ၊ အနံ့တွေ တမွှေး မွှေးနဲ့။ လူကြီးတွေက မွှေကြ၊ မြည်းကြတုန်း။ ဆန်ပြုတ်ကဖြင့် မဝေသေးဘူး။ လူတွေကတော့ အပြင်မှာ ကြိတ်ကြိတ်တိုးနေပြီ။ မိန်းမယောက်ျား တချို့က ဒန်အိုးအလွတ်နဲ့၊ ချိုင့်ပလုံး အကြီးကြီးတွေနဲ့ သိပ်လောဘကြီးတာပဲ။ ဖိုးတရုပ်တို့ ကလေးတွေကတော့ သံဇလုံ၊ ကြွေဇလုံ၊ ဒန်ဇလုံလေးတွေကိုယ်စီနဲ့။ ချိုင့်ပလုံး အသေးလေးတွေကိုယ်စီနဲ့။ သူတို့လူကြီးတွေက လောဘသာကြီးတာ၊ ရှက်တော့ ရှက်တတ် တယ်။ ကုပ်ကုပ်..... ကုပ်ကုပ်နဲ့၊ သစ်ပင်ကွယ်၊ ဓါတ်တိုင်ကွယ်လေးတွေနားမှာ မယောင်မလည် ရပ်နေကြတာ.......။ ကောင်းတယ်၊ ဒါမှ တန်းစီခိုင်းရင်...... ဖိုးတရုပ်တို့ ခလေးတွေ ရှေ့ကအရင်ရောက်မှာ။
"ဟေ့..... ဘဲယား၊ နောက်တခုက ဘယ်နေရာမှာလဲကွ...... ဝေးလား"
"ဝေးဘူးကွ၊ ဟို အထက်တက်လိုက်ရုံဘဲ။ ဓမ္မာရုံကွ။ မနှစ်က ငါတို့ ဘုရားပွဲသွားတဲ့ ဆီ လေကွာ"
"ဒီနှစ်ကျ...... ဘုရားပွဲလဲမဖြစ်ဘူး"
"ဘယ်ဖြစ်မလဲကွ......"
ဘဲယားနဲ့ ဖိုးတရုပ် စကားပြောနေတုန်း ဆေးလိပ်ခုံထဲက လူကြီးတယောက်..... ဇွန်း အကြီးကြီးနဲ့ ထွက်လာပြီး-
"ကဲ.... ကဲ..... တန်းစီကြဗျို့...... တန်းစီကြ၊ ချိုင့်လေးတွေ၊ ဇလုံလေးတွေ အဆင်သင့် ပြင်ထားမယ်....."
ဆေးလိပ်ခုံရှေ့က ဆန်ပြုတ်စောင့်သူများ လှုပ်လှုပ်ရှားရှား ဝရုန်းသုန်းကားနဲ့၊ အလုအ ယက် တန်းဝင်စီကြတယ်။ ဖိုးတရုပ်တို့ ခလေးတွေက အကဲဆုံးပေါ့။ ရှေ့ရောက်ဖို့ အတင်းတိုး ရတာ ပျော်စရာကောင်းတယ်။ တအားတိုးတာတောင် ဖိုးတရုပ်တို့အုပ်စု ရှေ့မရောက်ဘူး။ အလယ်နားပဲရတယ်။ အရေးထဲ ရှေ့က ကောင်မလေးတယောက်က အားကြီးအဆဲကြမ်းတာ ပဲ။ လက်ထဲမှာ ဇလုံနှစ်လုံးနဲ့။ သူ့ကို နောက်က တွန်းရင် ဇလုံနဲ့ ခုတ်မယ်တဲ့..... ။
"ဖိုးတရုပ်....... ဟိုမှာ......၊ မင်းအမေနဲ့ မိငယ် လာပြီကွ၊ ခေါ်လိုက်"
ဘဲယားက ဖိုးတရုပ်ကို လှမ်းပြတယ်။ မိငယ်က နှုတ်ခမ်းစူစူနဲ့......။ ဒန်ဇလုံလေးကိုင် လို့။ အမေကတော့ ချိုင့်ဆင့် တဆင့်နဲ့၊ ရှက်ရွံရွံ့ပုံ။
"အမေ...... အမေ.... ဒီကို......လာ"
ဒါပေမယ့် အမေနဲ့မိငယ်..... ဖိုးတရုပ်တို့ ကြားထဲဝင်တော့ ဓါတ်ရှင်ရုံကျနေတာပဲ၊ နောက်က ဝိုင်းအော်ကြတယ်။
"ဟေ့...... ဟေ့...... ကြားဖြတ်မဝင်နဲ့ကွ နောက် မှာသွားတန်းဟေ့"
ဖိုးတရုပ်တို့ အုပ်စု နောက်ကိုလှည့်ပြီး လက်သီးဆုပ်ပြ၊ အံကြိတ်ပြကြတယ်။ အမေက တော့ ရှက်ရွံရွံ့နဲ့ အပြင်ဘက်ထွက်ရပ်ပြီး သူ့လို ရပ်နေတဲ့ မိန်းမတယောက်ကို-
"ဆန်တပြည်...... နှစ်ဆယ်နဲ့ ဘယ်လိုမှ မတတ်နိုင်လွန်းလို့သာ.....၊ ရှက်စရာကြီး ရှင်..... ခလေးတွေကြားထဲမှာ" တဲ့။ ဟိုမိန်းမကြီးက ခေါင်းခပ်ငုံ့ငုံ့နဲ့ လက်ထဲကတော့ ချိုင့်ကိုပွတ်သပ် နေရင်းတိုးတိုးလေး-
"သူတောင်းစားတွေ ကျနေတာပဲ" တဲ့။
"ဖြည်းဖြည်းဗျို့..... ဖြည်းဖြည်း...... ၊ အားလုံး ရမယ်။ မပူနဲ့...... ဟောဒီမှာ အများကြီးရှိသေးတယ်........ ။ ကဲ....... လာပြီ နောက်တဇွန်း...."
ဆန်ပြုတ်ထည့်ပေးတဲ့ လူကြီးရဲ့မျက်နှာမှာ ချွေးတွေကို သီးနေတာပဲ။ ဒါပေမယ့် သူက တဟားဟားနဲ့ ပျော်နေတယ်။ ဆေးလိပ်ခုံဘေး တိုက်ပေါ်ကနေကြည့်နေတဲ့ ဆန်ပြုတ်ပိုင်ရှင် အဒေါ်ကြီးတွေရဲ့ မျက်နှာကလဲ ပြုံးပြုံး၊ ပြုံးပြုံးနဲ့။ ဖိုးတရုပ် ငေးကြည့်နေမိတယ်။ သူတို့ရော ဒီဆန်ပြုတ်တွေ သောက်သလားမသိဘူးနော်။
"ဟေ့ကောင်æဖိုးတရုပ်æငေးမနေနဲ့၊ မြန် မြန်ခံ"
ဖိုးတရုပ်နောက်က ဘိုဖြူဆိုတဲ့ကောင်က ဇလုံနဲ့တွန်းထိုးပြီး သတိပေးတယ်။ ဟုတ်သားပဲ..... ။ ဖိုးတရုပ်ရှေ့ကဘဲယား။ ဘဲယားပြီးတော့ ဖိုးတရုပ်။
ဖိုးတရုပ်တို့ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ် ဇလုံလေးတွေကိုယ်စီနဲ့ ပလက်ဖောင်းဘေး မန်းကျည်းပင်ရိပ်အောက်မှာ တဖူးဖူးမှုတ်ပြီး ဇလုံစောင်း မော့သောက် လိုက်ကျတယ်။ လျှာပူပူ အာပူပူနဲ့ ဆန်ပြုတ်ကလဲ ချိုမှ ချိုပဲ။
"မြန်မြန်သောက်ဟေ့.......၊ တော်ကြာ ဓမ္မာရုံ မမီပဲနေမယ်"
"အေးဟေ့...... သောက်ကြဟေ့"
တယောက်နဲ့တယောက် လောဆော်ပြီး သောက်ပြီးတာနဲ့ ဓမ္မာရုံဆီ ဇလုံလေးတွေကိုင် ပြီးပြေးကြတယ်။ အိုး..... ဓမ္မာရုံမှာလဲ နည်းတဲ့ လူတွေမှုတ်ဘူး။ ဓမ္မာရုံက ရပ်ကွက်လူကြီးတွေ ပိုက်ဆံစုပြီး တိုက်တာတဲ့။ ဘောကြီးမှာ အလှူရှင်စာရင်းတွေ ရေးထားတယ်။ တန်းစီ ရွေ့ရှား ရာနောက် တဖြေးဖြေးလိုက်ရင်း စာဖတ်တတ်ခါ စ ဖိုးတရုပ်.... ဘောကြီးပေါ်ကစာတွေကို ဖတ် တယ်။ ဦးအောင်ခင်-ဒေါ်မြမြ..... ငါးကျပ်။ ဒေါ်ခင်ခင်တင့်....... သုံးကျပ်။ ဖိုးတရုပ်လိုပဲ နှစ်တန်း ကျောင်းသားတွေဖြစ်တဲ့ ဘဲယားတို့၊ ဘိုဖြူတို့ လဲ လိုက်ဖတ်ကြတယ်။
"ဟေ့ရောင်..... ဟိုအောက်က စာလုံးကြီး နဲ့ရေးထားတာ ဖတ်ရအောင်..... ဘာတဲ့ကွ"
"သုံးရက်နှင့်အပြတ်ထိုင်မည်"
"ဟား...... ဟား...... ဟား....... စာလဲမဖတ်တတ်ပဲ နဲ့ဟေ့"
ဘဲယားဖတ်တာမှားတော့ ဖိုးတရုပ်တို့၊ ဘိုဖြူတို့နဲ့ တခြားကောင်တွေက ဝိုင်းပြောင်ကြ တယ်။ ဘဲယားက မျက်မှောင်ကြုတ်ပြီး
"ဘာမှားလို့လဲကွ........ ကဲ"
"မှားတာပေါ့ကွ........ ၊ မင်းက ကျောင်းမ လိုက်ရတာနဲ့ စာတွေ မေ့သွားပလား"
"ငါဖတ်ပြမယ်..... ကြည့်၊ သုံးရက်နှင့် အပြတ်တိုက်မည်၊ ပြစ်ရဲရင် ပြစ် ကြည့်၊ ရေရော ပစ်လိုက်မည်၊
ပုံ ဆန်ပြုတ် တဲ့"
"ဟား...... ဟား...... ဟား...... ဟား၊ ရီရတယ် ဟေ့" ဖိုးတရုပ်တို့အုပ်စု စာဖတ်ပြီး တအားသဘောကျ ဝိုင်းရီကြတယ်။
“ဘဲယား...... နောက်တနေရာ သွားဦးမှာ လားကွ...... ဘယ်နားမှာလဲ”
ဓမ္မာရုံက ဆန်ပြုတ်တဇလုံစီကို မော့ သောက်ကြပြီး...... ရှေ့ဆက်ဖို့ တာစူကြတော့၊ ဘဲယားက လက်ဟန်ခြေဟန်နဲ့
"နီးနီးလေးပဲ...... ။ လာ.... ငါသိတယ်၊ နေ့လည်က ငါ့လေးလေးနဲ့ လိုက်သွားရင်း အိုးကြီးတွေတည်နေတာ ငါမြင်ခဲ့တယ်"
ဘဲယားခေါင်းဆောင်တဲ့နောက်ကို ဖိုးတရုပ်တို့အုပ်စု ပြေးရူးပြေးရူးနဲ့ လိုက်ကြတယ်။ ဗိုက်ချောင်အောင်ဆိုပြီး ခုန်ပေါက်ကြရင်း ဇလုံတွေ၊ ဂျိုင့်တွေကို တီးလိုက်ကြသေးတယ်။ ဆန်ပြုတ်က ဗိုက်ပြည့်လွယ်သလို၊ ချောင်လွယ် သလားလဲမမေးနဲ့။ ခဏလေးဆို ပြန်ပြန်ဆာ တယ်။ ညနေမှာ ဘယ်လောက်သောက်သွား သွား၊ ညကျရင် ဗိုက်က ပြန်ဆာလာတာပဲ။ ထမင်းလိုလဲမဟုတ်ဖူး။
"ဟေ့ ဟိုတိုက်ကြီးမှာ မြင်လား၊ မကုန်သေးဘူး..... ။ လာ....... တန်းဝင်စီမယ်"
ဖိုးတရုပ်တို့တတွေ ချွေးသံတရွှဲရွှဲနဲ့ အမောတကော တန်းဝင်စီလိုက်ကြတယ်။ ဟာ..... အိုးကြီးတွေကတော့ အများကြီးပဲ။ တော်တော် ဌေးတဲ့အိမ်နဲ့တူတယ်။ အသားဖတ်တွေလဲ ဆန် ပြုတ်ထဲမှာ အများကြီးမြင်ရတယ်။ ဒီဇလုံကိုတော့ အိမ်ထိ သယ်သွားပြီး ည ဆာမှသောက် ရင်ကောင်းမယ်။ ဆန်ပြုတ်အိုးကြီးတွေထဲကို ဖိုးတရုပ် အာသာငန်းငန်းနဲ့ ကြည့်နေတုန်း ဘိုဖြူက လက်လာတို့တယ်။
"ဖိုးတရုပ်...... ဟိုမယ် ငါတို့အတန်းထဲက ကောင်မလေး "
ဖိုးတရုပ်နဲ့ဘဲယား ကြည့်လိုက်တော့ သူ တို့အတန်းထဲမှာ မကြာခဏ ရန်ဖြစ်ကြတဲ့ ကောင်မလေးက ဆန်ပြုတ်တန်းစီတိုးသူများရဲ့ ဆန်ပြုတ်ပွဲတော်ကြီးကို ဘေးကနေလာရောက် ကြည့်တဲ့ ပွဲတော်ကြည့်ပရိသတ်ထဲမှာ..... ။ သူ့ အဖေလား။ လေးလေးလားရဲ့ ဆိုင်ကယ် နောက်မှာ အိုက်စကရင် တပျပ်ပျပ်စားရင်း ထိုင်လို့..... ။ ဖိုးတရုပ်တို့ကို မချိုမချဉ်ကြည့်လို့......။ ဒါ တင်မကသေးဘူး သူက လက်ည‡ိုးလေးကို ကွေး လို့ ကရော်ကရော်လုပ်ရင်း ဖိုးတရုပ်ဆီကို-
"ဟေ့ ဟေ့ ရှက်ပါတယ်၊ သူတောင်းစား တွေကျနေတာပဲ ရှက်ပါတယ်"
အောင်မာ ဘုတ်အီးမကကွာ...... ဟင်း။ ဖိုးတရုပ်တို့ ရှက်သွားတယ်။ ရှက်ဒေါသ ဖြစ်ဖြစ် နဲ့ လူကြီးမမြင်အောင် ဘုတ်အီးမကို ဘဲယားက လက်သီးဆုပ်ပြရင်း ရှေ့ကို တရွေ့ရွေ့တိုးနေရတုန်း အမေ့ဘေးက ဟိုမိန်းမပြောတဲ့ သူတောင်းစားတွေကျနေတာပဲ စကားကို သတိရတဲ့ ဖိုးတရုပ်က စိတ်တင်းသံလေးနဲ့ သူငယ်ချင်းတွေကို မလုံမလဲ-
"ငါတို့မှ ဆုတောင်းစားတွေမှ မဟုတ်တာနော့ကွာ"
"အေးလေ ငါတို့မှ မဟုတ်တာ...... အလကား....."
ဘဲယားက ရှေ့ကိုဖိတိုးတယ်။ ဖိုးတရုပ်တို့ လဲ နောက်ကလိုက်တိုးတယ်။ ဟော အလှည့် ရောက်ပြီ။ ဖိုးတရုပ်တို့ ဇလုံလေးတွေ ထိုးခံ လိုက်ကြတယ်။ ကရော်..... ကရော် ရှက်ပါတယ် ဟေ့။ ဘုတ်အီးမဘက်ကို ဘယ်သူမှ လှည့်မ ကြည့်ကြဘူး။ ဟေ ဟေ့..... ရှက်ပါတယ်။ ဖိုးတရုပ် တို့ရှေ့မှာ ဆန်ပြုတ်အိုးကြီးက အနံ့တွေ တထောင်းထောင်း....... ။

နုနုရည်(အင်းဝ)
သာရမဂ္ဂဇင်း။ ၁၉၈၈ ဒီဇင်ဘာ

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ အာဏာသိမ်းပြီးခါစ... ဗမာတပြည်လုံး မြို့ရွာအနှံ့မှာ မြင်နိုင်တဲ့ မြင်ကွင်းလေးတခုကို ခံစားရေးဖွဲ့ပါတယ်။

Tuesday, May 31, 2011

ဘ၀ကဗျာကိုသင်ယူခြင်း
ရေးသူ - ခက်မာ





[ '၆၀' စာအုပ်အတွက် 'ခက်မာ'(Khet Mar - Pennsylvania) ပေးတဲ့ လက်ဆောင်ကို ကိုသန်းဌေးမောင်(Than Htay Maung-Pennsylvania)ပေးတဲ့ လက်ဆောင် သရုပ်ဖော်ပုံနဲ့ မာယာက ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်]


ကျမ မှတ်မိနေတာတော့ ကျမ ကဗျာစရေးတာ ၇ တန်းကျောင်းသူဘ၀။ ကျေးလက် တွဲဖက် ကျောင်းကလေး၏ နံရံကပ်စာစောင်အတွက် ဖြစ်သည်။ ရွာ၏ မူလတန်းကျောင်းပိုင် ကျယ်ဝန်းသော မြေနိမ့်ကွင်းပြင် အလယ်မှာ ဆောက်ထားသည့် မြေစိုက် ဓနိမိုး ထရံကာ ကျောင်းကလေးမှာ နံရံကပ်စာစောင် လုပ်မည်ဆိုတော့ အပျော်ဆုံးသူက ကျမ ဖြစ်ခဲ့မည် ထင်သည်။ နံရံကပ်စာစောင် လုပ်မည်ဟု ကြေငြာပြီး ပူးပေါင်းပါဝင်မည့် သူတွေကို ဖိတ်ခေါ်ကတည်းက စာ၊ ကဗျာ တခုခု ရေးဖို့ ကျမက သေချာပြီးသားမို့ စာရေးသူနေရာက ပူးပေါင်းပါဝင်ဖို့ စာရင်းပေးလိုက်သည်။ ရွေးချယ်ခံရမည့် စာမူများကို နံရံတွင် ကပ်မည့် စာရွက်ကြီးများတွင် ကူးပြီး ရေးချဖို့ လက်ရေးလှသူများကို ဖိတ်ခေါ်ရာတွင်တော့ လက်ရေးညံ့သူကျမ မပါဝင်နိုင်ခဲ့ပါ။ သို့သော် ရွေးချယ်ခံစာမူများ အတွက် သရုပ်ဖော်ပုံ ရေးဆွဲပေးမည့် သူများကို ဖိတ်ခေါ်ရာတွင်တော့ ကျမ လက်ထောင်မိပြန်သည်။


ထိုအချိန်တုန်းက ကျမ ကဗျာတပုဒ်နှင့် ထိုကာလက စာညွန့် ဟုခေါ်သော အက်ဆေးဆန်ဆန် စာလေးတပုဒ် ရေးခဲ့သည်။ ထိုအရာတွေ မရေးမီ အိမ်မှာ ရှိနေသော ကျမအဒေါ်၏ တက္ကသိုလ် စာပေးစာယူ သင်တန်း မဂ္ဂဇင်းတွေကို ဖတ်သည်။ ကျမ မှတ်မိသမျှတော့ တော်တော်များများက အရွယ်မတိုင်မီ ချစ်သူရည်းစား ထားခြင်းမှ ရှောင်ရှားကြရန် ပညာပေးဆန်ဆန် အရေးအသားတွေ။ ကျမ ကဗျာတွေ၊ စာတွေကလည်း အဲသည်လို ဆန်ဆန်မျိုးတွေ ဖြစ်ခဲ့သည်။ သည်တော့ ကျမ စာတွေက နံရံကပ်စာစောင်မှာ ခန့်ခန့်ထည်ထည် ပါခဲ့သည်ပေါ့။ သို့သော် လူတရာဝန်းကျင် ကျေးလက် အလယ်တန်းကျောင်းကလေး၏ သမီးရည်းစားအတွဲ အရေအတွက် ကတော့ လျော့မသွားခဲ့ပါ။

ကျမနှင့် အတူနေသော အဘွားက စာ ကဗျာတွေ ရေးတာ အားပေးပေမယ့် နံရံကပ်စာစောင်အတွက် ကျောင်းဆင်းချိန် ၀င်ကူရတာတော့ သိပ်ကြိုက်ပုံ မရပါ။ ကျောင်းနံရံကပ်စာစောင်အတွက် ၀ိုင်းဝန်း ကူညီသူ အများစုက ယောက်ျားလေးတွေမို့ အနေနီးစပ်ပြီး တောင်တောင်အီအီ စိတ်တွေ ၀င်မည် စိုးသတဲ့လေ။ ထိုအချိန်တွေမှာ အမေက တခြားရွာမှာ ကျောင်းဆရာမအဖြစ် တာဝန်ကျနေသည်။ အကယ်၍ အမေနှင့် နေရမည် ဆိုလျင်တော့ နံရံကပ်စာစောင်မှာ စာဝင်ရေးခွင့် ရဖို့ပင် မသေချာပါ။ အမေက စာပေ ၀ါသနာ မပါသူ။ ကျမ စာပေလမ်းပေါ်လျှောက်မိတော့ အဘွားက ပွင့်ပွင့်လင်းလင်း ဂုဏ်ယူပေမယ့် စကားမဝေဖြာသော အမေကတော့ ခပ်မဆိတ်ပင်။ ကျမ ၀တ္ထုအသစ်ပါသော မဂ္ဂဇင်းရလာလျှင်တော့ ဖတ်ပါသည်။ ပြီးလျှင် ဘာတွေ ရေးထားတာလဲဟု ကျမကို မေးတတ်သည်။ ဒါတောင် ကျမရေးသော စာတွေက နားလည်ရခက်သည့် စာမျိုးထဲမှာ ပါတာ မဟုတ်ပါ။

ကျမမှာ သားနှစ်ယောက်ရလာတော့ သားတွေကို အနုပညာ ၀ါသနာ ပါစေချင်သည်။ နှစ်ယောက်စလုံး မဟုတ်တောင် တယောက်ကိုတော့ ဂီတသမား ဖြစ်စေချင်သည်။ သားတွေငယ်ငယ်က ပန်းချီဆွဲတော့လည်း ကျမ ပျော်ရသည်။ သားကြီးက တော်တော် အတန်းရသည်အထိ ပန်းချီကို စိတ်ဝင်စားသည်။ သားကြီး ငါးတန်းမှာလား ခြောက်တန်းမှာလားမသိ သူတို့ ကျောင်းမှာ ပန်းချီပြိုင်ပွဲ လုပ်မည် ဆိုသဖြင့် သားက တက်ကြွနေခဲ့လေသည်။ ဟိုပုံဆွဲမယ် သည်ပုံဆွဲမယ်နှင့် သားစိတ်ကူးယဉ် ပျော်ရွှင်နေတာကို ကြည့်ပြီး ကျမတို့လည်း ပျော်မိသည်။ ဒီလိုနှင့် ပန်းချီပြိုင်ပွဲဝင်မည့်သူတွေ စာရင်းပေးရမည့်နေ့ ရောက်လာသည်။ အဲဒိနေ့တွင် သားက ကျောင်းမှ ရယ်ကျဲကျဲနှင့် ပြန်လာသည်။ ကျမက ဘာလို့ ရယ်ကျဲကျဲ ဖြစ်နေရတာလဲ မေးတော့ ပြန်ဖြေသော သားအဖြေကြောင့် ကျမ အံ့သြခဲ့ရသည်။

"သားက ပန်းချီပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ စာရင်းသွားပေးတော့ စာရင်းလက်ခံတဲ့ ဆရာမက မေးတယ်။ မင်းက ဘာပုံဆွဲမှာလဲတဲ့။ သားက မော်ဒန်ပန်းချီ ဆွဲမယ်လို့ ဖြေလိုက်တော့ မော်ဒန်ပန်းချီဆွဲမယ်ဆို မပြိုင်ရဘူးလို့ ပြောတယ်"

သားက ရယ်ကျဲကျဲ ပြောနေပေမယ့် သားအသံလေးတွေက စိတ်လှုပ်ရှားပြီး တုန်နေသလိုပင်။ ပန်းချီဆရာနှင့် စာရေးဆရာ မိဘနှစ်ပါး တယောက်မျာက်နှာ တယောက်ကြည့်မိကြသည်။ အဲဒီနောက်ပိုင်း ကတည်းက သားကြီးတယောက် ပန်းချီကို ဟုတ်တိပတ်တိ မရေးတော့တာ ဖြစ်သည်။

ကျမတို့ အမေရိကားရောက်တော့ သားကြီးက ၆ တန်း။ သားငယ်က ၃ တန်း တက်ရသည်။ ကျောင်းမှာ Art Class က အချိန်စာရင်းနှင့် သွားရသည်။ Art Room မှာ ကလေးများအတွက် ဆေး၊ စက္ကူ၊ သစ်သားတုံးတွေ၊ ပန်းပုထုဖို့ ဓါတုရွှံ့စေးတွေနှင့် အခြား အနုပညာဖန်တီးရာတွင် အထောက်အကူ ပြုသည့် ပစ္စည်းတွေက အလျှံပယ်ပင်။ သားတို့ ပျော်ကြသည်။ ပန်းချီပြန်ဆွဲကြသည်။ ၂၀၀၉ ခုနှစ် မြို့နယ်လုံးကျွတ် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲမှာ တင်ပြဖို့ သူတို့ပန်းချီကားတွေ ရွေးချယ်ခံရသည်။ ပန်းချီကားတွေ မတင်မီ သူတို့ အမေးခံရသော မေးခွန်းကတော့ ပြောင်းသွားသည်။ ဒီပုံကို ဆွဲဖို့ ဘယ်လို စိတ်ကူး ရတာလဲတဲ့။

၂၀၁၀ -၂၀၁၁ မှာတော့ စာသင်နှစ် စစချင်း သိတ်မကြာခင်မှာပဲ သားငယ်က ဒရမ်ဆက်ကြီးတခု ကျောင်းက ယူလာသည်။ ကျောင်းသားတိုင်း တူရိယာတခု တီးရသည်။ ဒါကြောင့် သားငယ်က မနှစ်က တယောတီးပြီး ဒီနှစ်တော့ ဒရမ် စမ်းတီးချင်သတဲ့။ ဒရမ်သံ ဆူဆူညံညံကြီးကို နားမခံနိုင်တာရော တူရိယာပစ္စည်းတခုထဲကို တစိုက်မတ်မတ် တီးစေချင်တာရောကြောင့် သားငယ်၏ ရွေးချယ်မှုကို ကန့်ကွက်ဖို့ ပြင်မိပေမယ့် အရာရာကို စမ်းသပ်နေသော အရွယ်ပေမို့ လောလောဆယ် လွှတ်ထားလိုက်သည်။ သူ၏ စိတ်ဝင်စားမှု အမှန်ရှိသော နေရာကို သူသိသွားချိန်တွင် သူ့ဘာသာ ရွေးချယ်လိမ့်မည်။

ကလေးတွေက ကျောင်းမှာ ပုံမှန် အားကစားခန်းမ Gym သွားရချိန်အပြင် အားကစားတခုခု ကစားရ သေးသတဲ့။ ထို့ကြောင့် သားကြီးက ဘတ်စကက်ဘော ကစားသည်။ သားငယ်ကတော့ American Football ကစားမည်တဲ့လေ။ ကျောင်းတွေက ကျောင်းသားတွေကို ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းဖို့ရော ဂီတနှင့် ယဉ်ပါးကာ စိတ်ပိုင်းဆိုင်ရာ နုညံ့ယဉ်ကျေးဖို့ပါ လေ့ကျင့်ပေးနေကြတာပဲ။

အဲဒီအချိန်မှာ တမြို့ထဲနေသည့် မိတ်ဆွေတဦးက သူ့သား အထက်တန်းကျောင်းသားအကြောင်း ပြောလာသည်။

"ကျနော့်သားက ကျောင်းမှာ တူရိယာပစ္စည်းတခုခု တီးရမယ်ဆိုလို့ ဂစ်တာတီးမလို့တဲ့။ ကျနော်က အဲဒီလို အပိုအလုပ်တွေ အဖေမကြိုက်ဘူး။ ဂစ်တာမတီးရဘူး ပြောလိုက်တယ်။ ကျနော့် သားနှစ်ယောက် ရှိတာမှာ တယောက်က ဆရာဝန် ဖြစ်ရမယ်။ တယောက်က ရှေ့နေ ဖြစ်ရမယ်။ ဒီတော့ သူတို့ စာကိုပဲ ကြိုးစားဖို့ လိုတယ်။ အဲဒီ အပြင်ဗာဟီရတွေကို အချိန်မပေးစေချင်ဘူး"

မိတ်ဆွေကို တရားချဖို့ ကျမ အသက်ကို အရင် ၀အောင်ရှူရသည်။ သားတွေ ဂီတနှင့် မနီးစပ်စေဖို့ ပြတ်ပြတ်သားသား ပြောနေသော ဖခင်တဦး နားဝင်စေဖို့ စကားလုံးတွေ စဉ်းစားရသည်။

"ကျမ သားတွေ မွေးလာကတည်းက သားတွေကို ဂီတပညာတခုခု ၀ါသနာ ပါပါစေလို့ ဆုတောင်းခဲ့တာ။ အနုပညာ ဂီတဆိုတာ လူရဲ့ စိတ်ကို နူးညံ့ယဉ်ကျေးသွားစေတယ်။ တချိန်ထဲမှာလဲ အဲဒီ ဂီတရဲ့ စွမ်းအားက ဖန်တီးသူ ကိုယ်တိုင်ကိုရော ခံစားရသူတွေကိုပါ အင်အားတွေ၊ မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေကို ရစေတယ်လေ"

ကျမသားကြီး ၂ နှစ် ၃ နှစ် လောက်မှာ ကျမတို့ ဇနီးမောင်နှံနှင့် သား၏ အဘိုးအဘွားများ ခေါင်းချင်းဆိုင်ပြီး သားကို ဘာတူရိယာ သင်ပေးမလဲ တိုင်ပင်ကြသည်။ ကျမက သားကို စန္ဒယား တီးစေချင်သည်။ သားအဖေက ဆက်ဆိုဖုံး မှုတ်သံက အားရှိတာကွလို့ ပြောသည်။ သားအဖိုးကတော့ မိဘတွေလည်း ခြေနိုင်လက်နိုင် ၀ယ်ပေးနိုင်အောင် တယောပဲ သင်ခိုင်းတာ ကောင်းမယ်ထင်တယ်တဲ့။ စန္ဒယားဆို ဈေးကြီးတယ်လေ။ သားအဘွားကတော့ သူ အသေအချာ အော်ဒါမှာပြီး လုပ်ထားတဲ့ ပတ္တလား ရှိနေတာပဲ။ အဲဒါကို တီးပစေပေါ့တဲ့။ ဒါနဲ့ ကျမက တီဗွီမှာ တေးသံစုံတီးဝိုင်း ဖျော်ဖြေနေတန်း တီးဝိုင်းထဲမှာ ပါတဲ့ ဂီတ တူရိယာ ပစ္စည်းတွေ ပြပြီးတော့ သားကြီးလာရင် အဲဒီအထဲက ဘာတူရိယာကို တီးမလဲလို့ မေးတော့ သားက စဉ်းတောင် မစဉ်းစားပဲ ပြန်ဖြေသည်။ ၀ါးလက်ခုပ် တီးမယ်တဲ့။ ကျမတို့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ရယ်မိကြပေမယ့် သိပ်တော့ အားမရှိလှပါ။ ဘာမှ မတီးဘူး ဘောက်ဆင်ထိုးမယ် မပြောတာ တော်သေးတာပေါ့ဟု ကျမက စိတ်ဖြေခဲ့ရသည်။ ကျမ တတ်သမျှ မှတ်သမျှ ဥပမာ ဥပမေယျနှင့် ပြောသော စကားတွေကို အထက်ကျောင်းသားအဖေ သဘောပေါက်သလားတော့ မသိပါ။ ကျမတော့ တော်တော် မောသွားသည်။

ဆောင်းဦးဝင်စ တရက်မှာ သားကြီး ကဗျာတွေ ရေးနေတာ တွေ့ရသည်။ ကျမက ပျော်ရွှင်စွာဖြင့် 'သား ကဗျာတွေ ဘာတွေ ရေးလို့ပါလား' ဟုပြောတော့ ကျောင်းက poetry Class အတွက်ဟု ပြောသည်။ ကျောင်းမှာ ကဗျာရေးရတဲ့အချိန် ရှိသတဲ့လား။ ကျမက စိတ်ဝင်တစား ဖြစ်ခဲ့ရပြန်သည်။ သားကဗျာတွေကို ဖတ်ကြည့်တော့ အင်မတန် လွတ်လပ်သော အတွေးကို တွေ့ရသည်။ ကောင်းတာ မကောင်းတာထက် လူအများက စာရေးဆရာဟုသတ်မှတ်ခြင်းကို ခံရသော ကျမ မတွေးမိသောနည်းဖြင့် စဉ်းစားပုံတွေကို တွေ့ရသဖြင့် ကျောင်း Poetry Class အတွက်မို့ အင်္ဂလိပ်လို ရေးထားသော သားကဗျာတချို့ကို ဘာသာ ပြန်ကြည့်မိသည်။ သိပ်မကြာခင်မှာပဲ သားငယ်က သူ့ Language Art Class အတွက် ရေးသော ကဗျာတချို့ကို ကြည့်ပေးဖို့ ပြောလာပြန်သည်။ Grade 4 သာ ရှိသေးသော သားငယ်ကဗျာလေးတွေက ကလေးဆန်ပေမယ့် သားငယ် ကဗျာရေးရသည်ဆိုတာကပင် ကျမကို ပျော်ရွှင်စေပြီ။ ဟောသည် ကဗျာလေးကိုတော့ ကျမ သဘောကျမိသည်။

Colors

Where ever I go
colors follow me.

White in winter
Green in Summer
Gold in fall

I can not run away from all.

အရောင်များ

ကျနော်ဘယ်သွားသွား
အရောင်များကလိုက်ပါ။

ဆောင်းမှာအဖြူ
နွေမှာအစိမ်း
ရွက်ကြွေရာသီမှာတော့ ရွှေရောင်။

ရှောင်လို့မလွတ်နိုင်။

လူတိုင်း အရောင်တွေနဲ့ မလွတ်နိုင်တာ သိနေပေမယ့် အဲဒီအတွေးလေးကို ချရေးဖို့ ကျမ စိတ်မကူးမိခဲ့ ပေ။ ရိုးစင်းသော အတွေးလေး တစကလည်း အနုပညာမြောက်နိုင်ကြောင်း သတိတရ ဖြစ်စေသည့်အတွက် (မြန်မာမိသားစုဝင်တဦးပေမို့) ပါးစပ်က ထုတ်မပြောမိပေမယ့် သားကို ကျမကျေးဇူးတင်မိသည်။

ဖေဖော်ဝါရီ ဒုတိယပါတ်ထဲမှာ သားတို့ကျောင်းက ဖိတ်စာတစောင်ရသည်။ 7 Grade ကျောင်းသားတွေ၏ ကဗျာရွတ်ပွဲကို တက်ရောက်ရန်။ သားကြီးက 7 Grade မို့ သားကဗျာ ရွတ်မှာလား မေးမိသည်။ ပထမပိုင်းမှာ သားက စိတ်ဝင်စားပုံ မပြပါ။ နောက်ပိုင်းမှာတော့ ကျမက သူ့ကို ကဗျာရွတ်စေချင်မှန်း သိသဖြင့် ရွတ်မည်ဟု ပြောသည်။ ကျမက သားထက် ပိုစိတ်လှုပ်ရှားကာ ကဗျာရွတ် လေ့ကျင့်ဖို့ အလယ်တန်း ထိသာရှိသော ကျောင်းတွင်း ကဗျာရွတ်ပွဲလေးမို့ မိသားစု ဆန်သည်။ ကဗျာရွတ်ပွဲလာသည့် ကျောင်းသားမိဘတွေက ကိုယ်နိုင်ရာ အစားအစာလေးတွေ ယူလာခဲ့ကြသည်။ ကျမလည်း အခွင့်အရေးရတုန်း မြန်မာကောက်ညင်းပြန်ပေါင်းကို အုန်းသီးနိုင်နိုင်နှင့် နိုင်ငံခြားသားတွေကို မိတ်ဆက်ပေးလိုက်သည်။ သူတို့ ကြိုက်ကြပုံ ရပါသည်။ ကျမ ကောက်ညင်းပေါင်းက အရင်ဆုံး ကုန်သွားခဲ့သည်။

ကဗျာရွတ်ပွဲကို အခမ်းအနား အစီအစဉ် အတိအကျကြီးဖြင့် ကျင်းပခြင်း မဟုတ်ပါ။ 7 Grade Poetry Class ကို ကြီးကြပ်သော ဆရာနှစ်ဦးက ကဗျာရွတ်ပွဲလေး လုပ်ရခြင်းအကြောင်း အနည်းငယ် မိတ်ဆက်စကား ပြောကြားပြီး မည်သူမဆို ကိုယ့်ကဗျာကို အဆင်ပြေရာအချိန်တွင် ၀င်၍ ရွတ်ဆိုနိုင်ကြောင်း ပြောသည်။ ကလေးတော်တော်များများက စိတ်ပါလက်ပါ ၀င်ရွတ်ကြသည်။ တချို့ကတော့ ရွတ်ချင်စိတ် ရှိကြသော်လည်း ရှက်နေကြ၏။ ထိုအခါ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေက သက်ဆိုင်ရာ ကလေးနာမည်ကို သံပြိုင်ခေါ်၍ အားပေးသည်။ ကိုယ့်နံမည်ကို သံပြိုင်ခေါ်နေလေတော့ ကလေးက မနေသာတော့ပဲ ကဗျာထွက်ရွတ်တော့သည်။

ပွဲအစပိုင်းမှာသာ ကလေးတွေက တုန့်ဆိုင်းနေပေမယ့် တဖြည်းဖြည်း အရှိန်ရလာတော့ သူတို့ စိတ်ပါလာကြသည်။ ရွတ်လက်စ လူတွေက အခေါက်ခေါက် တက်ရွတ်ကြသည်။ စိတ်မပါဘူး ဆိုသော ကျမသားကြီးတောင် သုံးပုဒ် ရွတ်သွားခဲ့သည်။ ကဗျာရွတ်ဖို့ အစီအစဉ်မရှိသော သားကြီး၏ သူငယ်ချင်း ကိုးရီးယန်းလေးက သားကြီး ကဗျာတပုဒ် တက်ရွတ်သွားသည်။ ထိုကလေးလိုပင် နောက်ပိုင်း အစီအစဉ်မရှိသူ တွေလည်း နောက်ပိုင်း စိတ်ပါကာ ၀င်ရွတ်ကြသည်။ တချိုသော ဆရာတွေ၊ ကျောင်းသားမိဘတွေက ကဗျာရွတ်ပွဲကို မလာနိုင်သော ကလေးများ၏ ကဗျာတွေကို ရွတ်ပေးကြသည်။ အလွန်ရင်းနှီး နွေးထွေး၍ ပျော်စရာကောင်းသော ပွဲလေး ဖြစ်သည်။ ကျမမှာတော့ လက်ခုပ်တီးရတာ လက်တွေတောင် နာလို့။ ကလေးတွေ၊ မိဘတွေ၊ ဆရာတွေကလည်း ပျော်လို့။

တကယ်တော့ ကလေးတွေကို ကဗျာရွတ်တာ အပါအ၀င် လူရှေ့မှာ စကားပြော တင်ဆက်နည်းတွေကို ဖိအားမပေးသော နည်းဖြင့် မသိမသာ လေ့ကျင့်ပေးနေခြင်းပင်။ သားသူငယ်ချင်း ၀ီလျံဆိုသော ကလေးဆို ကဗျာ ၅ ပုဒ် ရွတ်သွားသည်။ သူ့ကဗျာတချို့က အရှည်ကြီးတွေ။ အတော်လည်း ကောင်းသည်။ လူကောင်သေးသော ၇ တန်းကျောင်းသားလေးက ကဗျာရွတ်ရာမှာတော့ တကယ့် ၀ါရင့် ကဗျာဆရာကြီး တဦးအလားပင်။ အဖိ အဖော့ အဆွဲအငင်တွေနှင့်။ ဟန်ပန်က တည်ငြိမ်သလို အမှားအယွင်း တလုံးတလေတောင် မပါဘူး။ ကျမက သူ့ကဗျာအချို့ကို တော်တော်ကြိုက်သဖြင့် ဘာသာပြန်ဖို့ တောင်းယူချင်ပေမယ့် ကျောင်းစည်းကမ်းကြောင့် အခွင့်မသာခဲ့ပါ။ ထိုသို့သော ပွဲလေးများမှ တဆင့် ထင်ရှားသော ကဗျာဆရာကြီးများ၊ အနုပညာသမားများ၊ ထင်ရှားသော အစီအစဉ်တင်ဆက်သူပေါင်း များစွာ ဖြစ်လာကြသည်။

သူတို့၏ စည်းမျဉ်း စည်းကမ်းတွေ၊ ကော်ပီရိုက်ဥပဒေတွေကြောင့် တခြားကလေးများ၏ ကဗျာတွေကို လောလောဆယ်ဆယ် ဘာသာပြန်မိတ်ဆက်ပေးလို့ မရလေတော့ ကျမသားကြီး၏ ကဗျာလေးတပုဒ်ကိုပဲ မိတ်ဆက်ပေးရပါတော့မည်။

သစ်ရွက်

ကျနော့်ကိုယ်ကျနော်
ရေစီးနဲ့မျောပါနေတဲ့
သစ်ရွက်လေးတရွက်လို့မြင်တယ်။

ရှေ့တူရူကဦးတည်ရာဆီ
မရောက်သေးတာကလွဲလို့
ကျနော်ကနေရာတိုင်းမှာ။

တခါတလေ အမြင့်ကပြုတ်ကျ..
တခါတလေ တခုခုနဲ့တွယ်ငြိ..
တခါတလေ...
အပေါင်းအပါတွေနဲ့ အတူမျောပါစီးဆင်းရင်း
ကျောက်ဆောင်တွေနဲ့ တိုက်မိ။

ကျနော်မြင်နေရတယ်
တချို့နောက်မှာကျန်ခဲ့
အရွက်သစ်တွေကလည်း
ကြွေဆဲ...

စီးမျောဖို့
နစ်မြုတ်ဖို့ကလွဲရင်
ပြန်လမ်းမရှိတဲ့ခရီးမှာ။

၇ တန်းကျောင်းသား တယောက်၏ ကဗျာက သံဝေဂသံတွေ ကဲနေသလို ကျမ ခံစားရသည်။ ကျမ အဲဒီ အရွယ်မှာ အဲဒီလို ကဗျာမျိုး မရေးခဲ့တာတော့ သေချာပါသည်။ ငါ့အသက်အရွယ်နဲ့ ဒီလို ကဗျာမျိုး မရေးသင့်ဘူးဟု ကျမ စဉ်းစားခဲ့သလားမသိ။ သူများတွေက ကြီးကျယ်ရန်ကောဟု ဝေဖန်ခံရမှာ စိုးရိမ်တာလည်း ဖြစ်ကောင်းဖြစ်မည်။ သေချာတာကတော့ သားတို့မျိုးဆက်တွေက ထွေလီကာလီ အတွေးတွေ တွေး၍ သူတို့က အနုပညာဟု သတ်မှတ်သည့်အရာကို အထိခိုက် မခံကြတော့ခြင်းပင်။

ခက်မာ။

Monday, May 30, 2011

သက်လုံဖြစ်အောင် ပြောင်းပစ်သလား
ရေးသူ - နုနုရည် အင်းဝ




ဟေ..... ရထားလာပြီတဲ့။

ဝေါခနဲ ဆူညံသွားတဲ့ လူသံတွေနဲ့ အတူ ကျုပ် ကဗျာကယာ ထရပ်လိုက်မိတယ်။ ရထားကို မမြင်ရသေး ပေမယ့် ကျုပ်တို့ရွာ ဘူတာတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိုက်ပုံများတော့ .... တော်။ မပြောလိုက်ချင်ဘူး။ ကြည့်စမ်းပါဦး။ ဟိုကောင်မလေး ခရမ်းသီးသည် အပုမရယ်၊ အင့်နေတဲ့ ခရမ်းသီးတောင်းကြီး တရွက်ရွက်နဲ့ ရထားကို တက်ဖို့ တာစူနေလိုက်တာများ၊ သူ့ဘေးက ဆန်အိတ်ပိုင်း ရွက်ထားတဲ့ မိန်းမနဲ့ တိုက်မိမတတ်။ အို ..... အားလုံးအတူတူ ပါပဲလေ။ ထင်းစည်းတွေ ကြံစည်းတွေ၊ ခရမ်းသီး ဗူးသီးတောင်းတွေ အရွက်ကိုယ်စီ၊ အထမ်းကိုယ်စီနဲ့။ တယောက်နဲ့ တယောက် တိုးဝှေ့ တိုက်ခိုက်ပြီး ရထားပေါ်တက်ဖို့ တာစူနေလိုက်ကြတာ။


'၀င်လာပြီဟေ့ တက်ထား'
'အို.... ဟဲ့ကောင်မ ဒီနားလာစောင့်လို့ဆို'
'ဟဲ့ မတိုးနဲ့ဆို ဒီမှာ အရွက်ကြီးနဲ့ ဟဲ့'

ဘုရား... ဘုရား။ ဒီလောက် ကျပ်ညှပ် ပြွတ်သိပ်တဲ့ ရထားပေါ်ကို ကျုပ်တက်နိုင်ပါ့မလား။ ဘာဖြစ်ဖြစ်၊ ကျုပ် အထုပ်ကလေးကို ရင်ခွင်ထဲပိုက်ပြီး လူတွေကြားထဲကို ကျုပ် အတင်းတိုးဝင်ပစ်လိုက်တယ်။ ကျုပ် တက်ရမှ ဖြစ်မယ်။ ကျုပ် လိုက်ရမှ ဖြစ်မယ်။ အိုး..... ကျွတ်...... ကျွတ် သေပါပြီတော်။ နောက်ကနေ ဖိတိုးလိုက်တာ။ ဘယ်လို ဖြစ်နေကြတာလဲ။ ကြည့်.... ကြည့် ရှေ့က မိန်းမက နောက်လန်ကျလာပြန်ပြီ။ အမလေး ကုန်ပြီ ကုန်ပြီ။ ကျုပ်အထုပ်ကလေးတော့ ကျိုးကြေကုန်ပြီ ထင်ပါရဲ့။ လူနာတာက ကိစ္စမရှိဘူးဆို။ အထုပ်လေး ကျိုးကြေကုန်မှ ဒုက္ခ.....။

'နည်း နည်း လောက်၊ နည်း နည်း လောက် လေး တော်၊ ကျုပ် ဖယ်လိုက်ကြစမ်းပါ အထဲဝင်ချင်လို့'
'ဟာ ဘယ်ရမလဲ အမေကြီးကလဲ အထဲဝင်လို့ မရဘူး၊ ဒီနားမှာပဲနေ၊ ရတဲ့ နေရာမှာပဲနေ'
'ဟင်.... ခက်လိုက်တာများတော့။ ကျုပ်က ဒီ အိမ်သာနားမှာ မနေချင်လို့ ဟုတ်ပါဘူး။ ဒီနားက ကျုပ်ညှပ်နေတာ လက်ကို မ၀င့်သာလို့၊ ဟိုအထဲက လက်ဝင့်သာတဲ့ နေရာလေးမှာ ကျုပ်အထုပ်လေး ဖြေကြည့်ချင်လို့ပါ'

အထုပ်ထဲက ဆေးလိပ်ထုပ်နဲ့ မန်းမရွေးထုပ်လေးများ ကျိုးကြေကုန်ပြီလားလို့ပါ။ အမဲသား နဲ့ ငရုတ်သီး ကြော် ပလပ်စတစ် ထုပ်ကတော့ သိပ် ကိစ္စမရှိပါဘူး။ ဘယ်လောက်ဖိဖိ ပေါက်မထွက် ပြီးတာပဲဟာ။ အထုပ်ဖြေကြည့် မရတော့ ကျုပ် အပြင်ဘက်ကနေ လက်နဲ့ အသာ စမ်းကြည့်မိတယ်။ အင်း... အင်း.. ဆေးလိပ်ကလေးတွေကတော့ အရှည်လိုက်လေးတွေပဲ။ ကျိုးဟန်မတူဘူး။ ဒါက အမဲသားကြော် ပလပ်စတစ်ထုပ်။ အဲတော့ မန်းမရွေးထုပ်ကတော့ ကြေပြီ ထင်ပါရဲ့။ ခဲခဲဖတ်ဖတ် မစမ်းမိဘူး။ ဒုက္ခပါပဲတော်.....။ အ,ပါတယ်။ ကျုပ်ကိုက အ, ပါတယ်။ ဒါလေးကို မကျိုး မကြေအောင်လေးတောင် မယူနိုင်ဘူး။ ကျုပ်အဖြစ်မရှိတာ။ မနေ့ညကတောင် ကြွက်ကိုက် ခြေမွ ခံရမယ့် ဘေးကနေ ကျုပ် သိမ်းထားနိုင်ခဲ့သေးတာပဲ။ ဒီ မန်းမရွေးကို ကျုပ်သား ငမောင် သိပ်ကြိုက်တာ။

တတ်နိုင်ပါဘူးလေ။ အရေးကြီးတာက မီးရထားကြီး လမ်းဘူတာတွေ ကြာကြာမရပ်ဘဲနဲ့ မြို့ဘူတာကို မြန်မြန် ရောက်သွားဖို့ပါပဲ။ ရထားကြီးက အင်မတန် အနှေးခုတ်တယ်။ လူတွေကများ၊ ကုန်တွေကများနဲ့ ရောက်နိုင်ဘူး။ အိအိ.... အိအိနဲ့ ခေါက်တိုင်း ခေါက်တိုင်း အလျင်လို အနှေးဖြစ်ရတာချည်းပဲ။

အို ချွေးတွေကလည်း မျက်နှာပေါ်ကို တတွေတွေ စီးကြလာလိုက်တာများ သုတ်မနိုင် ပြုမနိုင်။ ကျုပ်သနပ်ခါးတွေတော့ ကုန်ပါပြီ။ ဒီ ရထားအကြောင်းသိလို့ ဘယ်လောက် ထူထူပိန်းပိန်း လိမ်းခဲ့ လိမ်းခဲ့ ရထားပေါ်ရောက် ကုန်တာပါပဲ တော်။ တပါတ်ကို တခါ ဒီကို လာတဲ့အခါမှ ကျုပ် ထုတ်ဝတ်တဲ့ အင်္ကျီအသစ်လေးနဲ့ ထမီအသစ်လေးလဲ ဘယ်လောက်ပဲ သေချာ လျှော်ဖွတ်ပြီး ပြန့်အောင် ထားထား ဒီပေါ်ရောက်တာနဲ့ ကြေရ မွရတော့တာပဲ။ အလှအပ ကြိုက်လို့ရယ် ဟုတ်ပါဘူး။ ကျုပ် ခြောက်ဆယ်ကျော် အဘွားကြီးပဲ။ ဘာကြိုက်နေရမတုံးတော်။ မုန့်ပျစ်သလက်ဖိုဘေးမှာ နှစ်ပေါင်း သုံးဆယ်ကျော် အင်္ကျီစုတ် ထဘီစုတ်နဲ့ နေနေကျခဲ့ပြီပဲ။ သနပ်ခါး ကပ်ဖို့ဆိုတာလဲ ဝေလာဝေး။ ဒါပေမယ့် ကျုပ်သားငမောင်က ကျုပ်ကို တယ် သန့်သန့်ရှင်းရှင်း နေစေ့ချင်တယ်။ မအေ လုပ်တဲ့သူ သနပ်ခါး ပန်းပန်နဲ့ ထဘီ အင်္ကျီလတ်လတ်လေးနဲ့များ မြင်ရရင် သူ အင်မတန် စိတ်ချမ်းသာသတဲ့။ ကျုပ်သားလေး စိတ်ချမ်းသာပါစေ။ ရထားကလဲတော် ရွေ့ပဲ မရွေ့တော့ဘူးလား မသိဘူး... ခါထဲမှ။ အလျင်အခေါက်တွေထက် ပိုကြာသလိုပဲ။ ကျုပ်စိတ်ကပဲ လောနေလို့လား သိပါဘူး။ ကျုပ်သားလေးကို ကျုပ် တွေ့ချင်လှပြီ။ အလျင်ပတ်က ကျုပ် မသွားလိုက်ရဘူးလေ။ ဖြစ်ရပုံများ ကျုပ် ... ကျုပ် အသုံးမကျတာ။ အသုံးမကျတာ။ သွားရမယ့် ရက်နီးမှ ရေချိုး ကြေးချွတ်တာ ဖျားရော။ ခါထဲ.... တုံး ဖျားလိုက်တာ။ ဘယ်လိုမှ မထနိုင်တော့ဘူး။ ကျုပ်သား ငမောင် ကျုပ်ကို မျှော်ရှာမှာ။ မအေ မလာတော့ မျက်နှာ ငယ်ရှာမှာ။

'ရှေ့တဘူတာ ပြီးယင်... မြို့ဘူတာပါလို့ ဆိုနေ၊ နားက ဘာဖြစ်နေတုန်း'
'ဟဲ့ ကောင်မ ထ ငိုက်မနေနဲ့'

ရထားတွဲထဲက လှုပ်လှုပ် ရွရွ အသံတွေ ဗလံတွေနဲ့အတူ ကျုပ် ရင်တွေတောင်မှ ဒိတ်ခနဲ ဖြစ်သွားတယ်။ ရှေ့တဘူတာပြီးရင် ရောက်တော့မယ်။ ကျုပ်သားဆီကို ရောက်တော့မယ်။ ရှေ့ တဘူတာဆို လိုတော့ လိုသေး တယ်။ ဒါပေမယ့် ရောက်ခါနီးဆို ရထားက တမျိုးရယ်။ မြန်မြန် ခုတ်တတ်တယ်။ အပေါက်ဝနား ကပ်အောင် နေရာ ရွေ့ထားမှ။

'အို ဒုက္ခပါပဲ။ မရောက်သေးဘူး အမေကြီးရဲ့။ ဘာလို့ တအားတိုးနေတာလဲ။ ကျုပ်တို့ အောက်ပြုတ်ကျ သွားလိမ့်မယ်'

ရထားပေါက်ဝက အော်နေတဲ့ ကောင်လေးကို ကျုပ်တော့ ဂရုမစိုက်ပေါင်။ ကျုပ်ဘာသာ တိုးမြဲတိုင်း တိုးတာပဲ။ ဒါမှ ကျုပ်မြန်မြန် ရထားအောက် ဆင်းနိုင်မှာ။ ကျုပ်ထင်တဲ့အတိုင်းပဲ။ ရထားက ရှေ့ ဘူတာကို ခဏလေးနဲ့ ဖြတ်ခဲ့တာ။

'ဟာ ဒီအဘွားကြီးနဲ့တော့ ဒုက္ခပဲ၊ ရထား ရပ်ပါစေဦးတော့ဗျာ၊ သောက်ကျိုးနည်း'

ကဲပြောချင်တာ ပြောကြ၊ ကျုပ် အောက်ရောက်ပြီ။ တလမ်းလုံး ရပ်လိုက်လာရတဲ့ ခြေထောက်တွေက ဗြုန်းဆို တော်တော်နဲ့ လျှောက်မရဘူး။ ထုံထုံကြီးတွေ။ ကျုပ် ခြေထောက်တွေကို တချက်နှစ်ချက် ဆောင့်လိုက်ပြီး ဘူတာထဲက ထွက်လိုက်တယ်။ တကျော်ကျော် ခေါ်နေတဲ့ မြင်းလှည်းတွေ၊ ဆိုက်ကားတွေကို အရေးမစိုက်ဘဲ အထုပ်ကလေး ခေါင်းပေါ်တင်၊ ထမီကို ပြင်ဝတ်လို့ ကျုပ်မြန်မြန် ခြေလျင်လျှောက်တယ်။ ခြေလှမ်းတွေ သွက်လိုက်နေလိုက်တာ များကလဲ အပေါ်က နေပူလဲ မသိ။ မောတာ ပန်းတာလဲ သိတော့ပေါင်။ ဘူတာကနေ မြို့ပြင်ထိ ခရီးတာ တော်တော်ဝေးတာလို့ ပြောကြပေမယ့် ကျုပ်တော့ ဘယ်ခါမှ မဝေးခဲ့ပါဘူး။ လျှောက်လိုက်တာပဲ။ ဟော ဟိုမှာ အုတ်နံရံ နီနီကြီးတွေကို မြင်ရပြီ။ အဲဒီ ထောင်နံရံကြီးတွေကို မြင်လိုက်ရင် ကျုပ်မောသမျှ ပြေပြီ။

အဲဒီ ထောင်ကြီးထဲမှာ ကျုပ်သား ငမောင် ရှိတယ်။

++++++++++++++ ++++++++++++ +++++++++++++

'အကျဉ်းသား စံမြိုင် ခေါ် ပေါက်စ'

'တွေ့လိုသူ ဒေါ်မဲပြာ'

သူများတွေ ခေါ်သံကို နားတစွင့်စွင့်နဲ့ ကျုပ်ဂဏာမငြိမ်တော့ဘူး။ ကျုပ်အလှည့်ကလဲ မရောက်နိုင်သေးဘူးလား တော်။ ရောက်နိုး ရောက်နိုး၊ ခေါ်နိုး ခေါ်နိုးနဲ့ စောင့်ရတာ လည်ပင်းရှည်ပေါ့။ ခေါ်နေတဲ့ လူကို ကျုပ်အလှည့် မရောက်သေးဘူးလား၊ မရောက်သေးဘူးလားနဲ့ ခဏခဏ သွားမေးလွန်းလို့လဲ ငေါက်ခံရပြီးပြီ။ 'လာမမေးနဲ့ ခေါ်တာကို နားထောင်' တဲ့။ ဟုတ်ပါပြီ။ မြန်မြန်သာ ခေါ်ပါတော်၊ ကျုပ်မယ် ရောက်ကတည်းက အဆင်သင့် ပြင်ဆင်ထားရတာလဲ မောလို့။ ကျုပ်အထုတ်လေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လုပ်။ ပစ္စည်းစာရင်း စာရွက်လေးကို အဆင်သင့်ထုတ်၊ ကျုပ်မဖတ်တတ်ပေမယ့် ဘေးအိမ်က ကလေးမလေး လက်ရေးလေးတွေနဲ့ ရေးထားတာ 'ဆေးလိပ် ငါးဆယ်၊ အမဲသား ငရုတ်သီးကြော်၊ မန်းမရွေးတထုတ်' တဲ့။

ကျုပ်သိတာပေါ့။ ကျုပ်ပြောတာ ကလေးမ ရေးပေးတာကိုး။ စာရွက်လေးကို အဆင်သင့် လက်ထဲကိုင်ထားလိုက်ပြီး၊ ကျုပ်ထဘီကို ပြန်ဝတ်လိုက်တယ်။ ထောင့်တန်းကြီး ဆွဲမနေအောင်ပါ့။

အင်္ကျီကိုလဲ သပ်ရပ်အေင် ဆွဲချ။ မျက်နှာပေါ်က ချွေးတွေကိုလဲ ပစ္စည်းထုတ်လာတဲ့ ပုဆိုးနဲ့ ခပ်ဖွဖွ သုတ်ရတယ်။ ကျုပ်ကို မြင်ရင် ကျုပ်သား ကျေနပ်မှာပါ။ ဒီကောင် နေတော့ ကောင်း ထင်ပါ့။ အိပ်မက် ယာမက်ကတော့ ကောင်းပါတယ်။ အိပ်မက်ထဲမှာ တောက်တောက်ပပ ရွှင်ရွှင်လန်းလန်း မဟုတ်ဘူး။ သင်း ၀တ်နေကျ တက်ထရွန် အဖြူ လက်တိုအနွမ်း၊ ချည်လုံချည် အညို အပေါက်လေးတွေနဲ့။ လွယ်အိတ်အစိမ်း အစုတ်ကြီးကလဲ ပါလိုက်သေး။ ကျုပ်ကတောင် ပြောလိုက်သေး ထင်ပါ့။ 'ငမောင်ရယ် လွယ်အိတ်ကတော့ ဟုတ်ပါပြီ။ လွယ်အိတ်ထဲမှာ ငါ့သား စက္ကူရွက်တွေတော့ မပါပါ စေနဲပ။ ငါ့သား စက္ကူရွက်တွေကြောင့် ဒုက္ခရောက်တာ မဟုတ်လား' လို့ ဆိုတော့ သူ့အဖေ ပြုံးပုံမျိုးနဲ့ မြုံစိစိ ပြုံးလို့ 'အမေ မသိပါဘူး ဗျာ' တဲ့။ အေးလေ ဟုတ်ပါတယ်။ ကျုပ် မသိတာတော့ မသိဘူးပေါ့။ ထင်တာလေ ထင်တာ၊ ကျုပ်ထင်တာ ပြောရတာ။ တကယ်တော့ ကျုပ်အိပ်မက်ထဲ မပြောနဲ့ အပြင်မှာတောင် ကျုပ်သားအကြောင်း ကျုပ် ရေရေရာရာ သိတာလိုက်လို့။ ကျုပ်သိတာ ဖတဆိုးသားလေးမို့ ကျုပ် ငုံထားမတတ် ချစ်တယ်။

အကြီးလူတွေ အိမ်ထောင်ကျပြီး ရပ်ဝေးလွင့်ကုန်ကြတော့ ကျုပ်နားမှာ သူကျန်ရစ်တယ်။ ကျောင်းထားတော့ စာကြိုးစားတယ်။ တော်လဲ တော်တယ်။ ဒါပေမယ့် ဆယ်တန်းကျပြီး ကျောင်းဆက်မနေ တော့ပဲ ဘုတ်အုတ်တွေပဲ တနေကုန် ဖတ်နေတော့တာပဲ။ အရက်၊ ဖဲ၊ မိန်းမ ဝေလာဝေး။ ဆေးလိပ်တဖွာဖွာ၊ လွယ်အိတ်လေး တလွယ်လွယ်နဲ့ ဘုတ်အုတ်ဖတ်လိုက်၊ ရေးလိုက် ချွတ်လိုက်၊ အပြင်သွားလိုက်နဲ့ နေရှာတာပဲ။ ကျုပ်ကတော့ ဒါပဲ သိတယ်။ ကျုပ်အလုပ်နဲ့ ကျုပ် အချိန်တန် မနက်လေးနာရီ ထိုးတာနဲ့ ရွာထိပ်ထွက်၊ မုန့်ပြားသလက်လုပ်ရောင်း၊ ပြန်လာ ချက်ပြုတ်၊ ဖွပ်လျှော်၊ နောက်နေ့ မုန့်ရောင်းဖို့ ပြင်တာ ဆင်တာနဲ့ဟာ အားရတယ် မရှိဘူး။

ကျုပ်သား ဘာလုပ်နေသလဲ မသိပေါင်။ ကျုပ်ချစ်တာပဲ သိတယ်။ အသက် သုံးဆယ်ကျော် သားကြီးကို ရင်ခွင်ပိုက် ကလေးလိုပဲ အရိပ်ကြည့်ပြီး နေချင်တာပဲ သိတယ်။ ကျုပ် မုန့်ရောင်းမယ်။ ရတာလေးနဲ့ ကျုပ်သား ကြိုက်တတ်တာလေးတွေ ချက်ထားမယ်။ သူ စားနေတာကို ကျုပ်က တစိမ့်စိမ့် ထိုင်ကြည့်မယ်။ ညဥ့်နက်လဲ နက်တဲ့ အလျောက်ပဲ။ ကျုပ် ဆေးလိပ်တတိုနဲ့ ထိုင်စောင့်နေလိုက်တာပဲ။

ပြန်လာ တံခါးဖွင့် ခူးခပ် ပေးပြီး ထိုင်ကြည့်နေလိုက်တာပဲ။ မမေးဘူးပေါင်။ ငါ့သား ဘယ်က ပြန်လာသလဲ။ ဘယ်သွားသလဲလို့များ။ ကျုပ်ပြောတတ်တာ တခုပဲ။

'ကဲ အိပ်တော့ ငါ့သား ပင်ပန်းလာတယ်။ မင်း မနက် ဘာဟင်း စားမတုံး' ဒါပဲ ကျုပ်ပြောတယ်။ ကျုပ်သားက 'ဘာချက် ချက်ပါ အမေရာ ကျွန်တော်ကတော့ ကောင်းတာချည်းပါပဲ' လို့ ပြန်ပြောတဲ့ စကားတခွန်းနဲ့ ကျုပ် အိပ်ပျော်တော့တာပဲ။

ကျုပ် တော်..... မသိတဲ့ အဆုံးမှာ တကယ် တကယ်။ ကျုပ်သား ခုထောင်ကျတာ ဘာမှုမှန်း ကျုပ် မသိဘူးရယ်။ ကျုပ် အ လိုက်တာများတော့ ကိုယ့်ရှေ့ကနေ သား ဖမ်းခေါ်သွားတာတောင် မမြင်လိုက်တဲ့ အဖြစ်။ ကျုပ် ထူ ပုံ၊ 'အ' ပုံ၊ 'န' ပုံတွေ။

အဲဒီနေ့က နေ့လယ်ခင်းကြီး ကျုပ် မုန့်ကြိတ်နေတုန်း ဟိုလူတွေ ရောက်လာတာ။ 'မောင်မောင် ရှိလား' တဲ့။ ရှိဘူးလေ။ ကျုပ်သားက မနက်စောကတည်းက ထွက်သွားတာ။ အဲဒီတော့ သူတို့က အိမ်ထဲ ၀င်ရှာချင်တယ် တဲ့။ သူတို့ ဘာတွေ ဆိုတာလဲ ပြောပြီး ဓါတ်ပုံကဒ်ပြားလေး ပြတယ်။ ကျုပ် ပထမတော့ ကြောက်တာပေါ့။ လွယ်အိတ်လေးတွေနဲ့ ဆိုတော့ ကျုပ်က ငမောင့် သူငယ်ချင်းတွေ မှတ်နေတာ။ သူတို့ကို ဘာတွေရယ်သာ ကျုပ်မသိတာ။ ကျုပ်သားကို ဒုက္ခပေးမယ့် သူတွေဆိုတာတော့ ကျုပ် အလိုလို သိနေတယ်။ အံ့ရော။ ကျုပ် တခါတည်း 'ခဏ ခဏ ကလေးတို့ရယ်' ဆိုပြီး ကျုပ် အိမ်ထဲဝင်ပြေးပြီး ငမောင့် အိပ်ရာနားမှာ ပြန့်ကျဲနေတဲ့ စက္ကူရွက်တွေကို ကောက်၊ မီးဖိုထောင့်က ပဲတောင်းထဲကို ထိုးထည့် ပစ်လိုက်တယ်။

သူတို့က ဘာရှာချင်တာလဲ ကျုပ်မသိဘူး။ ဒီတော့ ငမောင့် အိပ်ရာနားမှာ ဘာမှ မရှိရင် ပြီးတာပဲပေါ့။ မဟုတ်ဘူးလား။

သူတို့က တော်၊ ရှာလိုက်ချက်တော့ ဘာရှာမှန်းလဲ မသိဘူး။ တအိမ်လုံးလဲ ပြောင်းဆန်ကုန်တာပဲ။ ငမောင်ကလဲ ညနေသာစောင်းရော ပြန်မလာဘူး။ သူတို့လဲ မောပြီး၊ သူတို့ ရှာတာလဲ မတွေ့ဘူး ထင်ပါ့။

မိုးချုပ်ချုပ်ကျမှ ပြန်သွားရော။ ကျုပ်မယ် အဲဒီတော့မှ ဟင်းချနိုင်တယ်။ ငမောင်က အဲဒီည သန်းခေါင်ကျော်ထိ ပြန်မလာဘူး။ ကျုပ်မယ် ထမင်းတပွဲနဲ့ စောင့်ရင်း အိပ်ပျော်သွားတာ။ မနက်လေးနာ၇ီ ကျုပ် မုန့်လုပ်ဖို့ ထွက်တဲ့အထိ ငမောင် ပြန်မလာဘူး။

ခက်ချည်ကရို့ ဒီငမောင်တော့ဆိုပြီး စိတ်ထဲ လေးတေးတေးနဲ့သာ မုန့်လုပ်နေရတယ်။ စိတ်က မဖြောင့်ဘူး။ အဲဒီအချိန် ခုန လူတွေက ကျုပ်အိမ်ဘေးမှာ အသာစောင့်နေကြတာ ကျုပ်ဘယ်သိမလဲ။ ငမောင်က ကျုပ်အိမ်က ထွက်ခဲ့ပြီး ခဏကြာတော့ အိမ်ပြန်ရောက်လာတာ နေမှာ။ ငမောင်ကို ဖမ်းပြီး အဲဒီလူတွေ ကျုပ်ဆိုင်လေး ရှေ့က ဖြတ်သွားတာကို ကျုပ်လုံးလုံး မမြင်ဘူး။ စိတ်ထဲ တွေးချင်ရာ တွေးပြီး မုန့်ကိုပဲ မဲလုပ်နေမိ တာကိုး။ မိုးမလင်းတလင်း မှောင်ကလဲ မှောင်တော့ ဘေးဘီလဲ ကျုပ်မကြည့်မိဘူးပေါ့တော်။ ငမောင်ကတော့ ကျုပ်ကို မြင်မှာပေါ့။ ဒါပေမယ့် မအေကို ညှာတဲ့ ကျုပ်သားလေးက အသံမပြု ရှာဘူး။ ကျုပ်မယ် မိုးလင်းလို့ ရွာဘူတာဈေးက ကောင်မလေး ပြေးလာပြီး 'ဘွားချစ်ဥ..... ဘွားချစ်ဥ ကိုငမောင်ကြီး ဘာဖြစ်လို့လဲ ဟင်.... ဘူတာမှာ လက်ထိပ်ကြီးနဲ့ တွေ့တယ်တော့' ဆိုတော့မှ သံယောက်မချပြီး ဘူတာကို ပြေးရတာ။ ထဘီမနိုင် ဘာမနိုင် ဆံပင် အပြေပြေနဲ့သာ ကျုပ်မယ် ပြေးရတယ်။ ပြေးရကျိုးလဲ နပ်ပါဘူးတော်။ ငမောင့်ကို ကျုပ် မတွေ့လိုက်ရတော့ဘူး။ ရထား နောက်မြီးဖျားလေးပဲ ကျုပ်တွေ့လိုက်ရတော့တယ်။

သနားပါတယ် ကျုပ်သားလေး။ နေကောင်းထိုင်သာနဲ့ တွေ့ရပါစေ။ လွတ်ရက်လေး ဘာလေးလဲ သိရပါစေ။ ကောင်းသတင်းကို ကျုပ် ကြားပါရစေ။ စောင့်ရတာကလဲ ကြာလိုက်တာနော်။ ဟိုလူ ငေါက်တာနဲ့ သွားမမေးရဲတော့ဘဲ ထိုင်နေလိုက်တာ၊ ကြည့်စမ်း လူတွေတောင် အတော် ရှင်းနေပေါ့ပဲ။ ကျုပ်အလှည့် မရောက်သေးဘူးလား။ ဟင်း ကျုပ်နောက်ဆုံးဘိတ်ပဲ ထင်ပါ့။ ကျုပ် ပျာရိပျာယာ မတ်တတ်ထရပ်ပြီး ခေါ်တဲ့လူဆီ မျှော်ကြည့်လိုက်တယ်။ ဟောတော် ခေါ်တဲ့လူလဲ မတွေ့ရတော့ဘူး။ လူတွေလဲ ရှင်းလို့ ဖြစ်ချေပါဘူး။

'ဆရာကြီးတို့ ဆရာကြီးတို့ ကျုပ်အလှည့် မရောက်သေးဘူးလားတော့' ကျုပ် ကြားသာအောင် လှမ်းအော်တော့မှ ခုနက ခေါ်တဲ့လူ ထွက်လာတယ်။

'ဟာ ပြဿနာပဲ ဘာအလှည့်လဲ ထောင်ဝင်စာ ပြီးသွားပြီ အမေကြီးရဲ့။ ခုနက တကြော်ကြော် အော်နေတုန်းက ခင်ဗျား ဘယ်သွားနေလဲ'

'အမေလေး မသွားပါဘူးတော် ရှိပါတယ်၊ ဆရာကြီးပဲ မလာနဲ့ ဆိုလို့ ဟိုက သစ်ပင်လေးအောက် သွားထိုင်စောင့်နေတာပေါ့၊ ဒုက္ခပါပဲတော်၊ ကျုပ်ဘာလို့ မကြားလိုက်ရတာပါလိမ့်၊ ဟင်..... နားပင်းမ၊ နားကန်းမ၊ ဒီလိုပဲ စိုက်မိ စိုက်ရာ စိုက်နေ တခါလဲ ခံခဲ့ရပါပကောလို့'

'ကဲ... ကဲ... ပြောမနေနဲ့တော့၊ နောက်တပါတ်မှ လာတော့ပေါ့ ဟုတ်လား အမေကြီး'

'ဆရာကြီးရယ်.... ကျုပ် အလျင်တပါတ်ကလဲ ကျုပ်သားလေးနဲ့ မတွေ့ရပါဘူး၊ တွေ့လို့ရရင် ခဏပဲ ဖြစ်ဖြစ် တွေ့ပေးပါနော်၊ ကျုပ်.. ဒီပစ္စည်းလေးတွေ ပေးပြီး သူ့မျက်နှာလေးမြင်ပြီး ပြန်ပါ့မယ်တော်'

'အော် ခက်တာပဲ၊ မရဘူး အမေကြီးရဲ့၊ လုံးဝ မရဘူး၊ သူ့အချိန်နဲ့ သူ၊ ဒီတော့ ပစ္စည်းတွေတော့ ကျွန်တော် ရောက်အောင် ပို့ပေးလိုက်မယ် ပေး ပစ္စည်းစာရင်း'

'ဟုတ်ကဲ့.... ဟုတ်ကဲ့ ပေးပေးပါ ဆရာကြီးရယ်'

ချွေးခံအင်္ကျီအိတ်ထဲ ကျုပ်စာရွက်လေး ကဗျာကသီ နှိုက်လိုက်တယ်။

ဟောတော် မရှိဘူး။ ကျုပ်ဘယ်မှာ ထားမိပါလိမ့်၊ ပုဆိုးထုတ်ထဲလား.. ဟုတ်ပေါင်.. အဲတော် အဲတော်၊ ဒါမှ ဒုက္ခ၊ ကျုပ် - ကျုပ် ခုနက အဆင်သင့်ဖြစ်အောင် လက်ထဲကိုင်ထားရာက ထဘီဝတ်တော့ ပါးစပ်မှာ ကိုက်ထားတယ်လေ၊ ကောင်းကြပါလေရော၊ တွေးရင်း တောရင်းနဲ့ ယောင်ယမ်းပြီး ကျုပ် ၀ါးပစ်လိုက်မိပြီ။

'စာရင်းစာရွက် မရှိတော့ဘူး၊ ကျုပ်ယောင်ပြီး ၀ါးပစ်လိုက်မိပြီ'

'အော်... အမေကြီးလဲဗျာ ဒုက္ခပါပဲ'

'ဒီတိုင်း ဒီတိုင်း ပေးလို့ကော ဆရာကြီး'

'မရဘူး အမေကြီး၊ ကိုယ့်ဘာသာကိုယ် စိတ် တုံးတုံးချပြီး ပြန်ပေတော့၊ နောက်တပါတ်လာ ဟုတ်လား'

'စိတ်ပျက်လက်ပျက်နဲ့ ကျုပ်အထုတ်ကလေးကို ခေါင်းပေါ်တင်လိုက်တယ်။ အ, လိုက်တဲ့ ကျုပ်၊ န, လိုက်တဲ့ ကျုပ်၊ အသုံးမကျလိုက်တဲ့ ကျုပ်'

'ဟင်း.... အ အ,မ၊ အထူမ၊ အသက်ကြီးပြီး အချိန်မစီးတဲ့ ဟာမကြီး၊ နင့်ကြောင့်- နင့်ကြောင့်၊ ရောက်လေရာဝယ် အ,ဦးမယ့် နင့်ကြောင့် ဒီလို ဖြစ်ရတာ၊ အနုံမ၊ အသုံးမကျ မ'

ထောင်ဝင်းကြီးထဲကနေ ထွက်လာရင်း ကျုပ်ကို ကျုပ် ကျိန်ဆဲမိတယ်။ ကျုပ်အသုံးမကျလို့ ကျုပ်သားလေးနဲ့ မတွေ့ရတော့ဘူး။ ထောင်နံရံ နီနီကြီးတွေကို ၀မ်းနည်းပက်လက် မော်ကြည့်ရင်း တွေ့မရတော့ဘူး ဆိုကာမှ ငမောင့်ကို ပိုတွေ့ချင်လာမိတယ်။ ကျုပ်သားလေးဟာ ဟောဒီနံရံကြီးတွေရဲ့ နောက်ဘက် တနေရာရာမှာ ရှိနေမှာပေါ့နော်.... ဘယ်နားလေးများ မှာပါလိမ့်၊ သူဘာလုပ် နေရှာပါ့မလဲ၊ သူများတွေ မုံ့တွေ ပဲတွေ စားသောက် ၀မ်းသာနေကြချိန်မှာ သူကတော့ ငုတ်ငုတ်လေး ရှိလို့ နေလိမ့်မယ်။

နံရံကြီးတွေကို ကြည့်ရင်း ကျုပ်ဖြေးဖြေးချင်း လျှောက်နေမိတယ်။ ကျုပ် စိတ်မကျေနပ်သေးဘူး။ ကျုပ်မပြန်ချင်သေးဘူး။ နံရံကြီးတွေ နောက်ဘက်တနေရာရာမှာ ကျုပ်သား ရှိနေမယ် ဆိုတဲ့ အသိနဲ့ နံရံကြီးတွေကို ကြည့်နေရတာ ကျုပ်သားနဲ့ နီးနေသလိုပဲ။ ဟောဒီနေရာ လောက်မှာလား။ ဒီနေရာလောက်မှာလား၊ အထုတ်လေးကို ကျုပ် ပစ်ပေးလိုက်ချင် စမ်းပါဘိတော့။ 'ငမောင်ရေ... အမေ ဒီနားမှာဟေ့' လို့ အော်ပြောလိုက်ချင်စမ်း ပါဘိတော့။ နံရံကြီးတွေကို ကြည့်ရင်း ကြည့်ရင်း ကျုပ် ပတ်လျှောက်နေမိတာ ကျုပ်ဝင်ခဲ့တဲ့ ထောင်ပေါက်ဝကို လှမ်းမြင်တော့မှ တပါတ် ပြည့်မှန်း သိတယ်။ ကျုပ် တပတ် ပတ်မိသွားပြီဘဲ။ ကျုပ်အထင် ဟောဒီထောင်တပတ်ဟာ တတိုင်ကျော်ကျော်တော့ ရှိလောက်တယ်။ ဇော ကြောင့်သာရယ်။ ကျုပ် နည်းနည်းတော့ မောတယ်။ ဒါပေမယ့် မပြန်ချင်သေးဘူး။ ဆေးလိပ်လေး ဖွာရင်း နံရံကြီးကို ခဏတဖြုတ် ကျုပ် ထိုင်ကြည့်ချင်သေးတယ်။ ချွေးခံအင်္ကျီအိတ်ထဲက ဆေးလိပ်တိုကို နှိုက်ရင်း ကျုပ် စိတ်မကောင်းပြန်ဘူး။ ငမောင် ပြောတယ်။ ထောင်ထဲမှာ ဆေးလိပ်ဟာ ရွှေတဲ့၊ ငွေတဲ့။ ကျုပ်သားလေး ဆေးလိပ်လေးမှ သောက်ရရှာမှာ မဟုတ်ဘူး။ ဆေးလိပ်ကို ပါးစပ်မှာ ခဲရင်း မီးခြစ်စမ်းတော့ ရှာမတွေ့ဘူး။ သြော်.... ဒုက္ခ၊ ဓါတ်မီးခြစ် ကျုပ် အိမ်မှာ မေ့ခဲ့ပြန်ပြီ။ ကျုပ်ဟာလေ.... မေ့တာ လျော့တာ ယောင်တာ ယမ်းတာ တွေနဲ့ကို ဒုက္ခရောက်ပေါင်းလဲ များလှပြီ။

အဲ ဟိုရှေ့နား ခပ်လှမ်းလှမ်းမှာ ဆေးလိပ်ထိုင်ဖွာနေတဲ့ အဘွားကြီးတယောက်ရှိလို့ တော်သေးရဲ့။ ကျုပ် အဘွားကြီးနားသွားပြီး 'မီးတညှိလောက်တော်' လို့ လက်လှမ်းရင်း ထောင်နံရံကြီးတွေကို လှမ်းကြည့်မိပြန်တယ်။ ဆေးလိပ်ကို တထောင်းထောင်း ဖွာရာက အဘွားကြီးနား ဖင်ချထိုင်ရင်း ကျုပ် မနေနိုင် မထိုင်နိုင်

'ကျုပ်သားလေးက ဒီထဲမှာတော့၊ ထောင်ဝင်စာ လာတွေ့တာ ကျုပ် မတွေ့ရလို့ မကျေမချမ်းနဲ့ ထောင်ပတ်နေတာ တပတ်ပြည့်ရော....'

ချွေးသံရွှဲရွှဲနဲ့ အဘွားကြီးက ဆေးလိပ်ကို တွင်တွင်ဖွာရာက ဇတ်ခနဲ မတ်တတ် ထ ရပ်လိုက်တယ်။

'တော်ချည့်မှလား..၊ ကျုပ်သားလဲ ဒီထဲမှာပဲ၊ ထောင်ကို ကျုပ်ပတ်နေတာ သုံးပတ်ရှိသွားပြီ'

ဆက်လျှောက်သွားတဲ့ အဘွားကြီးကို ကျုပ် ခဏ ငေးကြည့်နေမိပြီးမှ အထုတ်လေး ဆွဲပြီး မတ်တတ် ထရပ်လိုက်တယ်။ ထောင်နံရံကြီးတွေက နီနီ။ အဘွားကြီးက ရှေ့မှာ တရွေ့ရွေ့။ ကျုပ်က နောက်မှာ တရွေ့ရွေ့......။


နုနုရည် အင်းဝ
[ 'မိခင်မာရသွန'် ကို ရေးတဲ့ လေးလေး ကြည်အောင် ကွယ်လွန်ခြင်း နှစ် နှစ်ပြည့်သို့...]

Tuesday, May 24, 2011

မပြီးသေးသောပန်းချီကား
ရေးသူ- ရင်မောင်



ပန်းချီသည် ထင်တာထက် ခက်လှသည်။

ပန်းချီသင်နေသည်မှာ နှစ်ဝက်ခန့်တော့ရှိပြီ။

ငယ်ငယ်က လုံးဝ ပန်းချီနှင့် အစေးမကပ်ခဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မူလတန်း၊ အလယ်တန်း၌ ကလေးများကို ပန်းချီပညာ သင်မပေးပါ။ အထူးသဖြင့် ကျွန်တော်ငယ်စဉ်က တက်ခဲ့သည့် အစိုးရ မူလတန်း၊ အလယ်တန်း ကျောင်းများတွင် ကျောင်းစာကလွဲ၍အားကစား၊ ပန်းချီ၊ အိမ်တွင်းမှု စသည့် ပညာများ ဘာဆိုဘာမျှ မသင်ခဲ့ရပါ။


ဂျပန်နိုင်ငံတွင်မူ တိုးတက်သော နိုင်ငံပီပီ မူလတန်း၊ အလယ်တန်းတို့တွင် ပန်းချီပညာကို သင်ပေး၏။ အတီးအမှုတ်၊ ဂီတ၊ အားကစားတို့ကိုလည်း ပညာရပ်တခုစီအနေဖြင့် သင်ကြရသည်။

ထို့ကြောင့် ဂျပန်လူမျိုးတိုင်း အနည်းနှင့်အများ ပန်းချီတတ်ကြ၏။ ရုပ်စွအဆုံး ကာတွန်းဆန်ဆန်၊ သရုပ်ဖော် ကောက်ကြောင်းဆန်ဆန် လောက်တော့ ကလေး လူကြီး ကျားကျား မမ ဆွဲတတ်ကြသည်။

ကျွန်တော် နေသည့်မြို့တွင် မြို့မျူနီစပါယ်က စီစဉ်ပေးသော သင်တန်းအမျိုးမျိုး ရှိသည်။ သင်တန်းခ မပေးရ။ မြို့နေလူထုအတွက် အခမဲ့ သင်တန်းများ ဖြစ်သည်။ ဟိုက်ကုကဗျာ၊ ကိုးရီးယားဘာသာ အခြေခံ၊ ကွန်ပြူတာအခြေခံ၊ တင်းနစ်အခြေခံ၊ ပန်းအလှပြင်.... စသည် စသည်ဖြင့် ရာသီအလိုက် အမျိုးမျိုး ဖွင့်လှစ်ပေးသည်။ ရပ်ကွက်တိုင်းလိုလိုတွင် ရှိသော ရပ်ကွက်လူထုပိုင် စုဝေးခန်းမများတွင် ဖွင့်ပေးခြင်း ဖြစ်သည်။ ရပ်ကွက် အကြီးအသေးကို လိုက်၍ စုဝေးခန်းမများသည်လည်း အကြီးအသေး အမျိုးမျိုး ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆိုရလျှင် ရပ်ကွက်ဓမ္မာရုံ ဆန်ဆန် ဖြစ်သည်။ အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများလည်း ရှိသည်။ အားကစားရုံ၊ စာကြည့်တိုက်ပါ တွဲဖွင့်ထားသော အဆောက်အအုံ များလည်း ရှိသည်။ အချက်အပြုတ် သင်တန်းဖွင်နိုင်အောင် ရေ မီး ဓါတ်ငွေ့ စသည့် လိုအပ်ချက်များကိုလည်း အကုန်ပြင်ဆင်ပေးသည်။

ကျွန်တော်သည် ငယ်ငယ်က ပန်းချီဝါသနာ မပါလှသော်လည်း ကြီးလာတော့၊ အထူးသဖြင့်ဂျပန်နိုင်ငံ သို့ ရောက်ပြီးသည့်နောက်တွင် တဖြည်းဖြည်း ပန်းချီကား ကြည့်ရတာ အရသာ တွေ့လာသည်။ သည်မှာက မြို့တိုင်းလိုလို ပန်းချီပန်းပု ပြတိုက်ကြီးများ ရှိတတ်သည်။ အသစ် အသစ် ဝင်လာသော သို့မဟုတ် အခြား ပြတိုက်ကြီးများမှ အချိန်အကန့်အသတ်ဖြင့် ငှားရမ်းသော လက်ရာများကိုလည်း အထူးပြပွဲအဖြစ် ပြသနေကြသည်။ တီဗွီလိုင်း များကလည်း ကမ္ဘာကျော် ပန်းချီပြတိုက်ကြီးများ အကြောင်း၊ ကမ္ဘာကျော် ပန်ချီကားကြီးများအကြောင်းကို တဖွဲ့တနွဲ့ ရိုက်ပြကြသည်။ ပန်းချီဆရာကြီးများ၏ အတ္ထုပ္ပတ္တိများ ဆိုလျှင် ကလေးကအစ သိနေကြသည်။

ကျွန်တော့်မှာ ပန်းချီဆရာဆို၍ မြန်မာထဲက ဆရာကြီး ဦးငွေကိုင်လောက်ကိုသာ မှတ်မှတ်ရရသိ၍၊ နိုင်ငံခြားမှ ဆိုလျှင် လက်ရာက အဓိပ္ပါယ်နားလည်၍ မရအောင် ခက်သော ပီကာဆိုလောက်သာ ကြားဖူးနားဝ ဖြစ် ရှိ၏။ ဂျပန်ရောက်မှ ဗန်းဂိုးတို့ မိုးနေးတို့ ရေနွားတို့စသဖြင့် သိလာရသည်။ ကမ္ဘာကျော် ပန်းချီကားတချပ်တွေ့လျှင် ဘယ်သူ့ လက်ရာဘဲဟု ပြောနိုင်လာသည်။

ဝတ္ထုတွေ ဖတ်ဖန်များတော့ ၀တ္ထုရေးချင်လာ၏။

ပန်းချီတွေ ကြည့်ဖန်များတော့လည်း ပန်းချီ ရေးချင်လာသည်။ ထို့ကြောင့် အလုပ်တဖက်နှင့် မအားသည့်ကြားမှ အခြေခံ ရေဆေးပန်းချီသင်တန်းကို စာရင်းပေးပြီး စတက်ဖြစ်သည်။

စင်စစ် ကံထူး၍ တက်ရခြင်း ဖြစ်သည်။

သင်တန်းတခုတွင် လူဦးရေက ၂၀ မှ ၃၀ အတွင်းလောက် ခြေနိုင်လက်နိုင် ကန့်သတ်ထားရာ ရာသီတခု တခုတွင် လျှောက်ထားသူများ ၃ - ၄ ဆ ရှိကြောင်း သိရသည်။ မဲနှိုက်ပြီး ပေါက်သည့်လူသာ တက်ရ၏။ အချို့မှာ အကြိမ် ကြိမ်လျှောက်သော်လည်း မပေါက်ကြဟု ဆိုသည်။

ကျွန်တော်ကား တကြိမ်လျှောက်၊ တကြိမ်ပေါက်ပြီး ကံထူးလှသည်။

ကံသာထူးသော်လည်း ဥာဏ်နှင့် ၀ိရိယက နုံချာလှ၏။ ပန်းချီဥာဏ် လုံးဝ မရှိပါ။

ပိုဆိုးသည်က သင်တန်းတွင် ၂ နာ၇ီ လေ့ကျင့်လျှင် အိမ်ကျ ထို့ထက် ၃ - ၄ ဆ ပိုလေ့ကျင့်ရန် ဖြစ်သော်လည်း အချိန်မပေးနိုင် ဟူသော မိမိဘာသာပေးသော ဆင်ခြေဖြင့် ၁ နာရီပင် မလေ့ကျင့်ဖြစ်။ အတူတက်ကြသော ဂျပန်များမှာ ငယ်ငယ်ကလေး ကတည်းကလည်း ကျောင်းမှာ သင်ခဲ့ဖူး၊ ထို့နောက်လည်း အလေ့အကျင့် ရှိသူများ ဖြစ်၍ လက်ရာမြောက်ကြသည်။

ဆရာကလည်း အရိပ်အမြွက်လောက်သာပြောပြီး ဆွဲချင်သလိုဆွဲကြဟုလွှတ်ထားသော ဆရာဖြစ်သည်။

အခြေခံ ခဲကြောင်းချသည့် သင်တန်း၊ ပန်းသီးကို အရောင်ခြယ်သော သင်တန်း ပြီးသည်နှင့် ချက်ချင်း ခုန်ပျံကျော်လွှားကာ ရှုခင်းများကို ဆေးခြယ်ခိုင်းတော့သည်။ ထို့နောက် တဆင့်တက်၍ ပန်းရောင်စုံစိုက် ထားသော ပန်းအိုး၊ ဆရာ့ပါးစပ်ကပင် အဆွဲရခက်လှသည်ဆိုသော ရေတ၀က်ပါသည့် ဖန်ခွက်.....။ ထို့နောက်တဖန် ခုန်ပျံကျော်လွှားပြီး အပြင်ထွက်ပြီး တကယ့် ရှုခင်းကို ဆွဲခိုင်းတော့သည်။

ကျွမ်းသူများကတော့ သင်တန်းချိန်နှစ် နာရီအတွင်း အပြီးဆွဲကြသည်။ အနုစိပ်လိုသူများကတော့ အိမ်စာအဖြစ် ပြန်ယူသွားကာ အိမ်မှာ အပြီးသပ်ကြသည်။

ကျွန်တော်ကား သင်တန်းချိန်အတွင်းလည်း မပြီး။ အိမ်ပြန်ရောက်တော့လည်း ပစ်ထားလိုက်သည်က များ၍ မပြီး။ ဤသို့ဖြင့် ကျွန်တော့်အိမ်တွင် မပြီးသေးသော ပန်းချီကားများ များများ လာသည်။

နှစ်ပါတ်မှ တခါဖြစ်သော သင်တန်းဖြစ်သော်လည်း ခြောက်လကျော်ကျော် ရှိလာသောအခါ နည်းနည်းတော့ ရိပ်စားမိလာသည်။

ဆရာကား ဆရာပီပီ ဆရာစားချန်သည်ဟုပင် ထင်ရလောက်အောင် ဘာကိုမှ တေ့တေ့ဆိုင်ဆိုင် သင်မပေးဟု ဆရာ့အပေါ် စိတ်လုပ်မိသော်လည်း တဖြည်းဖြည်းနှင့် ဆရာ့ထံ မှ ပညာ ယူတတ်လာသည်။

ကျွန်တော်တို့ ဆွဲထားသည်များကို ပြင်ခိုင်းလျှင် ဆရာက စိတ်လိုလက်ရ ပြင်ပေး၏။ ထိုအခါ ဆရာ့စုတ်ချက်ကို ကြည့်၍ ပညာရသည်။

ပန်းသီးက အနီရောင် ဖြစ်သော်လည်း ပထမ ဆုံးအောက်ခံအရောင်အဖြစ် အစိမ်းနုကို ခြယ်ပုံ။

အစိမ်းနုရောင် ခြယ်ထားသော တောအုပ်ကို အောက်ခြေ၌ အပြာစပ်သော အစိမ်းပုတ်ေ၇ာင် ခြယ်လိုက်သောအခါ တောအုပ်သည် နက်ရှိုင်းလာပုံ။

ပန်းနုရောင် ချယ်ရီများ ဝေနေအောင် ပွင့်နေပုံတွင် အဖျားတွင် အဖြူရောင်များ အုပ်ပေးခြင်ဖြင့် နေခြည် ဖြာနေသလို ၀င်းလာပုံ။

တခါတွင် ကျွန်တော်သည် တောင်မကြီးတခု၏ တောင်စောင်းများကို ပုံဖော်လိုသဖြင့် မီးခိုးရင့်ရောင် တောင်မကြီးကို ခြယ်ပြီး တောင်စောင်းများကို အနက်ရောင်ဖြင့် စောင်းပေးလိုက်သည်။ သို့သော် မီးခိုးရင့်ရောင်တခြား၊ အနက်ရောင် အစင်းကြီးများ တခြားဖြစ်ကာ ရယ်စရာကြီး ဖြစ်နေတော့သည်။ ထိုအနက်မှာ နက်မှောင်လှသဖြင့် ဘယ်လိုပြန်ဖြေဖြေ မပြေအောင် ဖြစ်သွားသည်။

သို့သော် တောင်ထိပ်ပေါ်တွင် လက်လွန်ပြီး ကျသွားသော အနက်စက်ကိုတော့ဆရာက ကျကျနန ပြင်ပေးသည်။ အနက်ကို အဖြူဖြင့် ရောလိုက်ပြီး အစက်ကိုလည်း အစိုင်အခဲဖြစ်အောင် ချဲ့၍ ဆွဲလိုက်သောအခါ မိုးတိမ်ထုကြီးလို ဖြစ်သွားသည်။ အမှားက အမှားကောင်း ဖြစ်ပြီးပို၍ အသက်ဝင်လာသည်။

တောင်၏ ရှေ့မှာက တောအုပ်။ ထိုတောအုပ်နှင့် တောင်မှာ ကျွန်တော့် ပန်းချီကားတွင် တသားတည်း ဖြစ်ပြီး ပြားချပ်နေ၏။ တောအုပ်က တောင်၏အရှေ့တွင် ကြွမနေပါ။ ဆရာ့ကို ပြတော့ တောင်နှင့် တော၏အကြားတွင် လိမ္မော်ရောင် ဖျော့ဖျော့ကို ခပ်ကြမ်းကြမ်း ဆွဲထည့်လိုက်သည်။ တကယ့်ရှုခင်းတွင် တောအုပ်၌ လိမ္မော်ရောင် မရှိပါ။ ထင်းရှူး တောအုပ် ဖြစ်သဖြင့် ထင်းရှူးခက်များသာ ထိုးထိုးထောင်ထောင် ထွက်နေသည်။ ကျွန်တော်ကလည်း ထိုအတိုင်း ပုံတူကူးချပြီး လိုက်ဆွဲထားသည်။ ထင်းရှူးရွက်ကိုမှတရွက်စ၊ီ တရွက်စီ…….။ ဆူးချွန်ကလေးများကိုပင် အနုစိပ်လိုက်သေးသည်။ ထို စုပ်ချက်များကိုလည်း ဆရာက အစိမ်းနုရောင်ဖြင့် ခပ်သော့သော့ ဖုံးပြစ်လိုက်သည်။

ပန်းချီမှာ ဆေးစိုနေချိန်တွင် ပုံက မပေါ်သေး။ ဆေးခြောက်တော့မှ ပုံက ပေါ်လာ၏။ ဆရာ ပြင်ပေး လိုက်တော့မှ တောအုပ်သည် တောင်၏ရှေ့တွင် ကြွလာ၏။ မူလက ထင်းရှူးခက်များ ကြားတွင် ဟာလာဟင်းလင်း ဖြစ် နေသော်လည်းဆရာအုပ်ပေးလိုက်သော အစိမ်းရောင်ဖြင့် ထင်းရှူးပင်၏ နောက်တွင်လည်း အခြားအပင်များ ရှိသေးသရောင် တောအုပ်၏ ထုကို ခံစားရလာသည်။

ကျွန်တော် အညံ့ဆုံးကား အလင်းအမှောင် ထည့်ခြင်း ဖြစ်၏။

ထိုတောအုပ်၏ရှေ့တွင် ကျောက်ဆစ်ကုံးတံတားကြီး ရှိ၏။ ထိုကုံးတံတားအောက်တွင် ရေတသွင်သွင် စီးနေသည်။ ရေထဲတွင် ကုံးတံတား တကုံးစီ တကုံးစီ၏ အရိပ်က ထင်နေသည်။ သို့သော် အရိပ်သည် ရေရောင်၊ နေရောင်၊ လှိုင်းရောင်တို့ ဖြင့်မပီဝိုးတ၀ါး။

စာပန်းချီ ခြယ်တတ်သော်လည်းတကယ့်ပန်းချီကိုတော့ဘယ်လိုခြယ်လို့မှမရ။ ကုံးတံတားက ကြွရွမလာ။ ရေကလည်း စီးမနေ။ လှိုင်းတွေကလည်း မထ။ ရေထဲတွင်လည်း တံတားရိပ်မပေါ်။ ကလေးတယောက်က ထင်ရာခြစ်ထားသလို ပန်းချီကားသည် ရောင်စုံ ပန်းချီကားမဟုတ်ဘဲ ရောင်စုံပန်းချီပြားကြီးသာ ဖြစ်နေ၏။ အားလုံး ပြားချပ်နေ၏။

ဆရာ့ကို ပြင်ခိုင်းတော့ ဆရာက ရယ်၏။

သူ့လက်သုံးစကားကိုလည်း ထပ်ပြောပြန်သည်။

"ပန်းချီဆိုတာ ဓါတ်ပုံမဟုတ်ဘူး။ အသေးစိပ်တွေ အကုန်ပြစရာ မလိုဘူး။ မပီဝိုးဝါး ခြယ်ရတယ်။ ကြည့်တဲ့လူက ဖြည့်ကြည့်လိမ့်မယ်"

ထို့နောက် ဆက်ပြန်သည်။

"အရေးကြီးတာက အလင်းအမှောင် ထည့်တတ်ဖို့ပဲ။ ခဲပုံကြမ်းကို ဘယ်တော့မှ ၃၀ ရာခိုင်နှုန်း ထက်ပိုမဆွဲနှင့်။ ပြီးရင် အရောင်နုက စ ထည့်။ နောက် အရောင်ရင့်ကို လိုက်။ လိုတဲ့နေရာမှာ အမှောင်ထည့်။ အဖြူကို အလင်းအဖြစ် သုံးလိုက်ရင် ပုံဟာ သုံးဘက်မြင် ကြွလာလိမ့်မယ်။"

ပြောပြောဆိုဆို ဆရာက တံတား၏ အရိပ်တွေကို ရေထဲတွင် လိုက်ထည့်သည်။ ဆေးကြွင်းဆေးကျန် ဖြင့် တံတားတိုင်နှင့် လက်ရမ်းတွေကိုလည်း တခြမ်းစီတခြမ်းစီ အမှောင်လိုက်ထည့်သည်။ ဟုတ်ပါရဲ့။ တံတားတိုင်ကပင် တံတားမှန်းသိသော်လည်း ပြားချပ်ကြီး ဖြစ်နေတယ် မဟုတ်လား။ အမှောင်ထည့်ပြီးတော့ "ဟောသည် ဘယ်ဘက်က နေရောင်ထိုးနေတာ" ဟု ပြောပြောဆိုဆိုနှင့် ဘယ်ဘက်ခြမ်းများကို အဖြူရောင်ဖြင့် လိုက်တို့ လိုက်တော့ နေရောင်တွင် ကြွလာသော ကုံးတံတားကြီးကို မြင်ရသည်။

ရေထဲတွင်လည်း ရေပြာပေါ်တွင် အဖြူစင်းများ ဟိုဟိုသည်သည် လိုက်တို့လိုက်တော့ နေခြည်အောက်မှ လှိုင်းကြက်ခွပ်လေးများ ဖြစ်လာကြသည်။

"အိမ်ရောက်ရင် တချို့နေရာတွေ ထပ်လိုက်ဦး။ ပန်းချီဆိုတာ ဒီလိုပဲ ဟိုနား လိုနေတယ် ထင်ရင် ထပ်ဖြည့်လိုက်၊ ဒီနား ပိုနေတယ် ထင်ရင် ဖြေပေးလိုက်နဲ့ ပြီးတယ် မရှိဘူး"

ဟုတ်ပါရဲ့။ ခုတော့ ပန်းချီပညာကို ရေးရေး သဘောပေါက်လာသဖြင့် မူလက ပစ်ထားခဲ့သော ပန်းချီများ၊ ခဲကြောင်းသာချထားခဲ့သော ပန်းချီများကို အချိန်ရတိုင်း အရောင် ထပ်ဖြည့်နေမိသည်။ တဖြည်းဖြည်း ရုပ်လုံးပေါ် လာသော ကိုယ့်ပန်းချီကိုလည်း ကိုယ် ကျေနပ်နေမိသည်။

ပန်းချီတတ်သည် မတတ်သည် အပထား။

ပညာတော့ အများကြီး ရလိုက်၏။

တကယ်တော့ ပန်းချီဆိုသည်မှာ ဘ၀လိုပါဘဲလား။

ပန်းချီမှာ အခြေခံ အရောင်ခြယ်ရသလို ဘ၀မှာလည်း ဘဝအခြေခံက အရေးကြီးပါလား။

ပန်းချီဆိုတာ အနီး, အနီး မို့ အဝေး, အဝေး မို့ ၊ ၀ိုးတ၀ါးနိုင်လှသလို ဘ၀ဆိုတာကလည်း ပြီးခဲ့သည့် အတိတ်က အတိတ်မို့ ဝိုးတိုးဝါးတား။ မရောက်သေးသည့် အနာဂါတ်က အနာဂါတ်မို့ မပီ ၀ိုးတ၀ါး။ ဘာမှ ရေရေရာရာ မရှိ။ ဒါပေမယ့် ဘ၀ တော့ ဘ၀ ပင်။

အခု ပိုင်တာကတော့ အခုခြယ်နေသည့် အရောင်။ ဘ၀၏ ပစ္စုပ္ပန်။

ပြီးတော့ ပန်းချီမှာ ပြင်မရ သည့်အမှား များ ရှိသလို ဘ၀မှာရော အမှားတွေ ဘယ်လောက် ရှိခဲ့ပါလိမ့်။

ကြည့်ပါဦး။ တခါတလေမှာတော့ အမှားကောင်း ဖြစ်ပြီး မှားကျသော ဆေးစက်က တိမ်တိုက်ကြီး ဖြစ်သွားသလို..... ဘ၀မှာရော..... တကွေ့ တဆစ်ချိုးမှာ အကောင်းဘက် ရောက်သွားတာတွေ ၇ှိခဲ့သည် မဟုတ်လား။

အရေးအကြီးဆုံးကတော့ အလင်းနှင့် အမှောင်။

အမှောင်ထည့်လိုက်မှ သုံးဘက်မြင် ကြွလာသော ပန်းချီ။

ဘ၀မှာလည်း တခါတလေ အမှောင်ကို မကြောက်တတ်မှ။

အမှောင်ရှိမှ အလင်းက ပိုလင်းလာသည် မဟုတ်လား။

ပန်းချီတွင် လိုတိုး ပိုလျှော့ဖြင့် ဘယ်တော့မှ စိတ်တိုင်းမကျနိုင်၊ ဘယ်တော့မှ မပြီးနိုင်သကဲ့သို့ ဘ၀သည်လည်း ဘယ်တော့မှ ပြီးပြည့်စုံမည်မဟုတ် ။

ဘ၀သည်ပင်လျှင် မပြီးသေးသော ပန်းချီကားတချပ်……။

ဤသို့ ဆိုလျှင် သင့်ဘ၀တွင် ယခု ဘာအရောင် ခြယ်နေပါလိမ့်။

ရင်မောင်
ဧပြီ ၁၉- ၂၀၁၁


တောင်းပန်လွှာ။
ဤအက်ဆေး၏ ခေါင်းစဉ်မှာ ကျွန်တော်၏ မူရင်းမဟုတ်ပါ။ ဆရာမြို့မငြိမ်း၏ သီချင်းခေါင်းစဉ်ဟု အမှတ်အသား ရှိသော်လည်း ဆရာမကြီး လူထုဒေါ်အမာရေးသည့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် ဤ သီချင်းခေါင်းစဉ်နှင့် သီချင်းကို ရှာ၍ မရပါ။ သေချာသည်ကတော့ ရုပ်ရှင်မင်းသား ၀င်းဦး ရေးသား ပါဝင် ရိုက်ကူးသော ဆောင်းအိမ်မက် ဇာတ်ကားတွင် ဇာတ်ဝင် ဇာတ်ပို့ သီချင်းအဖြစ် သုံးသွားသော အချက်ဖြစ်သည်။ ဤ သီချင်း ရေးစပ်သူ၊ မူလသီဆိုသူကို သိ မှီ သူများ ရှိပါက ထောက်ပြညွှန်ကြားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ မူလ ပညာရှင် များ၏ ခွင်ပြုချက်ကို မယူဘဲ (ယူရန်ခွင့်မသာဘဲ) သုံးစွဲမိသည်ကိုလည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။

Saturday, May 14, 2011

ကြမ်းခင်းဈေး
ရေးသူ - ညီပုလေး



{ဘိုညို (ညီပုလေး) ရေးပေးတဲ့ "၆၀" စာအုပ်အတွက် စာမူ ဖြစ်ပါတယ်။ မာယာမှာ အရင် ဖော်ပြလိုက်တာပါ။ မွေးနေ့လက်ဆောင်ကို ကျေးဇူးတင်တယ် ဘိုညို ရေ.......}


၁၉၉၀ ခု၊ ဧပြီလထဲမှာ ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ် (၄) က ငြိမ်းချမ်းပါ ၉ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခဲ့ပါတယ်။ ထောင်ဒဏ် ၁၀ နှစ်ဆိုတာ အဲဒီအချိန်က ကြမ်းခင်းဈေး ၇ နှစ် ရှိတာကြောင့် ကြမ်းခင်းဈေးထက်တော့ ပိုမြင့်တယ်။ ဒါကြောင့် ထောင်ထဲမှာ နှစ်အတော်ကြာ နေခဲ့ဖူးတယ်။ နှစ်အတော်ကြာ ဆိုတာကိုတော့ လိပ်ပြာမလုံမလဲ ဖြစ်မိပါရဲ့။


နိုင်ငံရေးပြစ်မှုနဲ့ ကျခံရတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလွန်ဆိုးဝါးတဲ့ ကန့်သတ်ချက်တခု ချမှတ်ထားတာ ရှိတယ်။ အဲဒါကတော့ ထောင်ဝင်စာ လာတွေ့ရင် မိတ်ဆွေ သူငယ်ချင်း ရဲဘော်တွေ တွေ့ခွင့်မရှိဘူး။ အိမ်ထောင်စုဇယား ပုံစံ ၁၀ ထဲမှာ ပါတဲ့ မိသားစုဝင်မှသာ တွေ့ခွင့်ရမတဲ့။ နိုင်ငံရေးပြစ်ဒဏ်ခံရသူတွေကို နိုင်ငံရေးသတင်း မကြားရအောင်၊ စားရေးသောက်ရေး ခက်ခဲပြီး စိတ်ဓါတ်ကျဆင်း အောင်၊ နိုင်ငံရေးအကြောဖြတ်၊ နိုင်ငံရေးသင်းသတ်တဲ့ နည်းတွေထဲက တခုပါပဲ။

မန္တလေးကနေ အင်းစိန်ထောင်ကို ကျွန်တော့်မိသားစုက ဘယ်လိုလုပ် ခဏခဏ လာတွေ့နိုင်ပါ့မလဲ။ ဒါပေမယ့် အဆိုးထဲက အကောင်းတခု ကြုံရတယ်။ ကျွန်တော့်ရဲ့ အိမ်ထောင်စု စာရင်းထဲမှာ ဆရာမောင်စွမ်းရည် ရဲ့သား မောင်ဇေယျာက စာရင်းပေါက် အင်းပေါက် ဖြစ်နေတယ်။ သူ မန္တလေးဆေးရုံကြီးမှာ ဓာတ်ခွဲခန်းမှူးအဖြစ် လာပြီး အမှုထမ်းတော့ ဧည့်စာရင်း ခဏခဏ မတိုင်ရအောင် သူ့နာမည်ကို ကျွန်တော်တို့ အိမ်ထောင်စု ဇယားထဲ ထည့်ခဲ့မိလို့လေ။

အင်းစိန်ထောင် ထောင်ဝင်စာကို မောင်ဇေယျာ အခါအားလျော်စွာ လာပြီးတွေ့တယ်။ သူ့ကျေးဇူး ကျွန်တော့်အပေါ်ရှိတယ်။ ကျွန်တော့် အပေါ်တင်မက ပါဘူး။ ကျွန်တော်တို့ အပေါ်မှာ ရှိတယ်။ ထောင်ထဲမှာ ကျွန်တော်တို့ ရဲဘော်တွေ ထောင်ဝင်စာ လာနိုင်သူက မလာနိုင်သူကို ဝေမျှ ကြွေးကြ စားကြတာလေ။

တနေ့တော့ မောင်ဇေယျာ ထောင်ဝင်စာလာတွေ့တာ မျက်စိမျက်နှာ သိတ်မကောင်းလှပါ။ အင်းစိန်မှာ ထောင်ဝင်စာ တွေ့ရတာ အချိန်တွေ အများကြီး ပေးဆပ်ရလေ့ရှိတယ်။ မနက်စောစော ကတည်းက လျှောက်လွှာတင်ပြီး စောင့်ပေတော့။ ကံမကောင်း အကြောင်းမသင့်ရင် တခါတလေ ညနေစောင်းမှ တွေ့ကြရတယ်။

အဲဒီနေ့က နေ့လယ် ၂ ချက်လောက် တွေ့ရတာတောင်မှ မောင်ဇေယျာ မျက်နှာမသာမယာ ဖြစ်နေလို့ ကျေးဇူးရှင်ကို အကျိုးအကြောင်း မေးရတယ်။ အဲဒီတုန်းက မောင်ဇေယျာက လူပျိုဘ၀ အသက် ၂၀ ကျော် လောက်ပဲ ရှိလိမ့်ဦးမယ်။ ဖြူဖြူဖောင်းဖောင်းလေး ကြွပ်ကြွပ်အိတ်လေးတထုပ်နဲ့ အကြာကြီး စောင့်နေရှာတဲ့ မောင်ဇေယျာကို ထောင်ဝင်စာတွေ့ကြသူတွေ အိမ်ထောင်ရှင် အမျိုးသမီးကြီးတွေ စာနာစိတ်နဲ့ မေးကြ မြန်းကြ စူးစမ်းကြရင်း ဘ၀တူချင်း ၀ံသာနုကြတယ်။ တူအရွယ်၊ သားအရွယ်၊ မောင်အရွယ်ဖြစ်တဲ့ မောင်ဇေယျာကို နေ့လည်စာ ကျွေးလိုက်သတဲ့။

"လူလေး မင်းက ဘယ်သူ့လာတွေ့တာလဲ"
"ကိုငြိမ်းချမ်းကို လာတွေ့တာ"
"ရန်ကုန်ကလား"
"မဟုတ်ဘူး၊ မန္တလေးက"
"ဟုတ်လား၊ ဘာမှုနဲ့လဲ"
"နိုင်ငံရေးမှုနဲ့၊ ၁၇ (၁) ဆိုလား"
"ဘယ်နှနှစ်ချထားတာလဲ"
"၁၀ နှစ်"

စကားဝိုင်းက ဒီတင်ရပ်ရင် ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် သူစားထားတဲ့ ထမင်းနဲ့ ဟင်းတွေရဲ့ မျက်နှာရော၊ မိသားစုဝင်လို နွေးထွေးတဲ့ အဒေါ်တွေ အမေကြီးတွေကို စာနာထောက်ထားတယ် ထင်ပါရဲ့...

"ဒေါ်ဒေါ်တို့ကရော ဘယ်သူ့လာတွေ့တာလဲ"
"ဦး... လေ၊ ... မြို့က အမတ်လောင်း"
"ဦး.... အင်အယ်ဒီက"
"ကို... ပြည်သူ့တိုးတက်ရေးပါတီက"

ဒီမှာ မောင်ဇေယျာ သူ့စကားကို ဒီမှာတင်ရပ်ပြီး ဒိပြင်အကြောင်းအရာတွေ ဥပမာ ရာသီဥတု ပူပြင်းတဲ့ အကြောင်း၊ ဒါမှမဟုတ် ဘတ်စ်ကားကြပ်တဲ့အကြောင်း၊ ဒါမှမဟုတ်ရင်လည်း ဆရာမောင်ညိုပြာလို ဓာတ်ခွဲခန်း အတွေ့အကြုံ တခုခုပြောရင် ရရက်သားနဲ့ သူ့စကားဒီတင်မရပ်ဘူး။

"ဦးတို့က ထောင် ဘယ်နှနှစ်ချခံရသလဲ"
အဲဒီမှာ မောင်ဇေယျာ ကျွန်တော်နဲ့တွေ့တော့ မျက်စိပျက် မျက်နှာပျက် ဖြစ်တဲ့အကြောင်း ပေါ်တော့တာ ပဲ။
"အစ်ကို့ ထောင်ဝင်စာ လာတွေ့ရတာ ကျွန်တော် မျက်နှာငယ်တယ်ဗျာ"
"ဟ ဘာဖြစ်လို့လဲကွ၊ ငါ ကြမ်းပိုးသူခိုးမှုနဲ့ ကျတာမဟုတ်ဘူး"
"အစ်ကိုက ထောင် ၁၀ နှစ်ပဲ ကျတာ။ ကျွန်တော့်ကို နေ့လည်စာ ကျွေးလိုက်တဲ့ မိသားစုတွေရဲ့ ခင်ပွန်းတွေ အစ်ကိုတွေ ဆိုရင် နှစ်အစိတ်၊ သုံးဆယ်၊ လေးဆယ် ကျထားကြတာ"

သြော်.... မောင်ဇေယျာ မျက်နှာမငယ်အောင် ကျွန်တော် ကိုင်းကြီးကြီး မနားခဲ့မိပါလား။
မပြောကောင်း မဆိုကောင်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ...
တကယ်လို့....
ကျွန်တော်က ထောင်ထဲကို နောက်တကြိမ် ထပ်ဝင်ရတယ် ဆိုပါစို့။ ကျတဲ့နှစ်ကလည်း နှစ်အစိတ် ဒါမှမဟုတ် သုံးဆယ် ဆိုပါစို့။
ဒီတကြိမ်လည်း မောင်ဇေယျာသာ ထောင်ဝင်စာ လာတွေ့ရင် သူ့ခမျာ မျက်နှာငယ်ရှာဦးတော့မယ်။

ညီပုလေး

Friday, April 29, 2011

မောင်ချမ်းသာ(ဆိုက်ကား)နှင့် မနှင်းပုလဲ(ပဲပြုတ်)တို့၏ မင်္ဂလာဆောင်
ရေးသူ- မောင်ကိုယု



တရားသူကြီး သုံးယောက်ရှေ့တွင် မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ ခပ်ယို့ယို့လေး ရပ်နေကြသည်။
မောင်ချမ်းသာက ခေါက်ရိုး မပြေသေးသော လုံချည်အသစ်စက်စက်ကို သလုံးသားပေါ်အောင် ၀တ်ထား၏။ လျှော်ပြီးသား အင်္ကျီလက်ရှည် အဖြူကို လက်တ၀က် ခေါက်၍ ထား၏။
မနှင်းပုလဲကတော့ မော်ရေးရှံ သက်တံရောင်နှင့် အပေါ်က အိရှံအဖြူလက်စကနှင့် ဖြစ်သည်။
သူတို့ နောက်တွင်တော့ မောင်ချမ်းသာ၏ ရောင်းရင်းများက ၀ါး ဦးထုပ်၊ စစ်ဦးထုပ် အစိမ်းပျော့ စသည့် ခေါင်းဆောင်း အမျိုးမျိုးကို လက်တွင်ကိုင်၍ စုပြုံ ရပ်နေကြ၏။
တရားရုံးရှေ့တွင်တော့ ဆိုက်ကားများ တန်းစီ ရပ်ထားသည်။


ယနေ့သည် ဆိုက်ကားသမားလေး မောင်ချမ်းသာနှင့် မနှင်းပုလဲတို့၏ လက်ထပ်မင်္ဂလာပွဲ ဖြစ်ပါသည်။
အလယ်ထိုင် နာယကကြီးက ရှေ့ဖတ်စာရေး ကမ်းပေးသော ရွှေရောင်ဖြင့် ရိုက်ထားသည့် လက်ထပ်စာချုပ် ကပ်ထူရွက် နှစ်ရွက်ကို အသေအချာ စစ်ဆေးကြည့်နေ၏။
'အဘ ဦးသူတော်၏သား မောင်ချမ်းသာ အသက် ၂၆ နှစ်၊ ဟုတ်သလား'
နာယကကြီးက စာချုပ်တွင်ပါသည်များကို ဖတ်၍ လှမ်းမေးလိုက်ရာ မောင်ချမ်းသာက မ၀ံ့မရဲ ခေါင်းညိတ်ပြသည်။
'အလုပ်က ဆိုက်ကား နင်းတယ်နော်'
မောင်ချမ်းသာ ခေါင်းညိတ်ရပြန်သည်။
'အဘ ဦးကွန်ပါ၏ သမီး မနှင်းပုလဲ၊ အသက် ၂၂ နှစ်၊ အလုပ်အကိုင် ပဲပြုတ်ဈေးသည်၊ ဟုတ်တယ်နော်'
မနှင်းပုလဲက ဘာပြန်ပြောရမှန်းမသိသဖြင့် မောင်ချမ်းသာကို လှမ်းကြည့်၏။ မောင်ချမ်းသာက လက်တို့၍ ခေါင်းညိတ်ပြသည်။ မနှင်းပုလဲက တရားသူကြီးဘက်လှည့်ပြီး ကမန်းကတန်း ခေါင်းညိတ်ပြလိုက်၏။
'အခု မင်းတို့နှစ်ဦး သဘောတူ လက်ထပ်ကြမယ် ဟုတ်ပြီလား'
နှစ်ယောက်လုံးက 'ဟုတ်ကဲ့' ဟု သံပြိုင် ဖြေလိုက်ကြသည်။
'မနှင်းပုလဲက အခု လက်ထပ်တာ ဘယ်သူ့ရဲ့ သွေးဆောင် ဖြားယောင်းခြိမ်းခြောက်ခြင်းမှ မရှိဘဲ မိမိရဲ့ ကင်းလွတ်တဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ သဘောတူတာလား၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ခြိမ်းခြောက်မှု၊ သွေးဆောင်မှု၊ ဖြားယောင်းမှုကြောင့် လက်ထပ်ရတာလား ဆိုတာကို ဖြေပါ'
မနှင်းပုလဲက ဘာမှမဖြေဘဲ မောင်ချမ်းသာ ဘက်သို့သာ လှည့်ပြီး ငေးကြည့်နေသည်။
မောင်ချမ်းသာက ပခုံးချင်းတိုက်၍ မျက်ရိပ်ပြလိုက်၏။
'ကျွန်မ ကြိုက်လို့ ယူတာရှင့်'
နောက်က ဆိုက်ကားအဖွဲ့က '၀ါး' ခနဲ ရယ်လိုက်သဖြင့် နာယကကြီးက ခပ်တည်တည် လှမ်းကြည့် လိုက်သောအခါ မျက်နှာပိုးသတ်၍ ငြိမ်သွားကြသည်။
ဤလက်ထပ်ပွဲကို ကမကထ ပြုလုပ်ပေးခဲ့သော ရှေ့ဖတ်စာရေးမှာ ရယ်ချင်နေသော မျက်နှာထားကို ခေါင်းငုံ့၍ ဟန်ဆောင်ထားရသည်။
'ကဲ.. ကဲ.. ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ လာ လာ ဒီမှာ လက်မှတ်ထိုးကြ'
လက်မှတ်ထိုးရမည့် နေရာကို ရှေ့ဖတ်စာရေးက ထောက်ပြသည်။ မောင်ချမ်းသာက အလျင် လက်မှတ်ထိုး၏။ ဒုတိယ မနှင်းပုလဲက တုန်တုန်ယင်ယင်နှင့် လက်မှတ်ထိုးရာ တလုံး တလုံးကို အတော်ကြာကြာ ရေးနေရ၏။ တရားသူကြီးများက စိတ်ရှည်စွာ စောင့်ကြည့်နေကြ၏။
'သက်သေနှစ်ယောက် လာ လက်မှတ်ထိုးပါ' ဟု ရှေ့ဖတ်စာရေးက ခေါ်လိုက်ရာ၊ အောင်ဗလနှင့် လှကြည်တို့ နှစ်ယောက် အလုအယက် ထွက်လာကြပြီး သူအလျင် ကိုယ်အလျင် လုပ်နေကြသေးသည်။ နောက်မှ လှကြည်က အလျင် လက်မှတ်ထိုးဖြစ်သည်။

xxxxx xxxxx xxxxx

လက်မှတ်ထိုးခြင်းကိစ္စ ပြီးစီးကြသဖြင့် သတို့သားနှင့် သတို့သမီး တွဲ၍ ဆိုက်ကားအဖွဲ့ ခြံရံပြီး ရုံးတွင်းမှ ထွက်လာကြ၏။
အောင်ဗလက သပြေပန်းတွေ ဝေေ၀ဆာဆာ လက်ကိုင်ထိပ်၌ ထိုးစိုက်ထားသော ဆိုက်ကားကို အလျင်ဆုံးထုတ်၍ လမ်းပေါ်တွန်းတင်လိုက်သည်။ ထိုဆိုက်ကားသည် သတို့သား မောင်ချမ်းသာပိုင် ဆိုက်ကားဖြစ်သည်။ အောင်ဗလက နေ့စဉ် သူနင်းနေကျ ဆိုက်ကားကို ယနေ့အဖို့ ဆိုက်ကားပိုင်ရှင်အိမ်က ထုတ်ယူမလာပေ။ မောင်ချမ်းသာ၏ ဆိုက်ကားကို ယူကာ နင်းပေးရမည် ဖြစ်၍ ဖြစ်၏။
အောင်ဗလနင်းသော ဆိုက်ကားပေါ်သို့ မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ တက်ကြသည်။ မောင်ချမ်းသာ က ရှေ့ထိုင်ခုံမှာ နေရာယူ၍ မနှင်းပုလဲက နောက်ဘက်ခုံတွင် ယို့ယို့ကလေး ထိုင်လိုက်၏။ သူတို့နောက်မှ ဆိုက်ကား ဆယ့်နှစ်စီးက တန်းစီ၍ နေရာယူလိုက်ကြသည်။ တရားရုံးရှိ လူအားလုံးတို့သည် ထူးဆန်းသော မင်္ဂလာပွဲကြီးကို ပြုံးကာ ပြုံး၊ ရယ်ကာရယ်ဖြင့် ကြည်နူးစွာ လှမ်းကြည့်ကြလေ၏။
ဆိုက်ကား စထွက်တော့ အောင်ဗလက သူ၏ ညာဘက်လက်ကိုင်တွင် တပ်ဆင်ထားသော ခေါင်းလောင်းကို အဆက်မပြတ်တီးရင်း နင်းလာသည်။
'ဟေ့ကောင်အောင်ဗလ၊ ဘာလုပ်တာလဲကွ၊ လူတွေ ကြည့်နေကြပြီ၊ ရှက်စရာကြီး'
'ဟေ့ကောင် ချမ်းသာ၊ ငြိမ်ငြိမ်လိုက်လာစမ်း၊ တရုတ်မင်္ဂလာဆောင်ဆိုရင် ကားဟွန်းသံတွေ တညံညံနဲ့ ဒီလောက်တီးလာတာပဲကွာ'
'သူတို့က ကားကွ'
'တို့လည်း တို့အထွာနဲ့ တို့ပေါ့ကွ၊ ဘီးပါတာပဲ၊ သူတို့က မော်တော်ကား၊ တို့က ဆိုက်ကား... ဟား... ဟား... ဟား...'
'ငါ မျက်နှာ ပူတယ်ကွ'
'မျက်နှာပူရင် မင်းနားရွက်ကားသားပဲ၊ နားရွက် နှစ်ဖက်နဲ့ ကာထားပေါ့ကွ'
'အစ်ကို... လုပ်ပါဦး၊ အစ်ကို့ လူတွေက အော်ကြီးဟစ်ကျယ်နဲ့၊ ရှက်စရာကြီး'
မနှင်းပုလဲက နောက်မှ လှမ်းပြောသည်ကို နောက်ဆိုက်ကားနင်းလာသူ ကြည်မြင့်က ကြားသွားဟန်တူသည်။
'တို့ကတော့ အော်ကြီးဟစ်ကျယ်ပဲဟေ့၊ လမ်းထောင့်က ဆိုက်ကားဂိတ်ဆိုတော့ ဆူဆူညံညံ ကားသံ၊ လူသံတွေ ကြားထဲမှာ ပြောရ ဆိုရမို့ အော်ပြောရတာ အကျင့်ဖြစ်နေပြီ၊ ရှက်ရင် ခေါင်းငုံ့ပြီး လိုက်လာ၊ ရောက်တော့မယ်'
'ဒီကလဲ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြီး ဈေးလိုက်ရောင်းရတဲ့ ပဲပြုတ်သည်ပါပဲ တော်၊ အခုဟာက လွန်လွန်းလို့'
မနှင်းပုလဲဆီက အသံထွက်လာခြင်းမဟုတ်ပါ။ စိတ်ထဲက ရန်တွေ့ လိုက်ခြင်း ဖြစ်သည်။
နောက်ဘက်မှ ဆိုက်ကားများသည်လည်း ဟွန်းနှိပ်သူနှိပ်၊ ခေါင်းလောင်းတီးသူတီးဖြင့် တသီတတန်းကြီး ဆူညံစွာ ထွက်လာကြလေသည်။
လမ်းတလျှောက် လူများ ထွက်ကြည့်နေကြသဖြင့် မောင်ချမ်းသာနှင့် မနှင်းပုလဲမှာ ရှက်လွန်း၍ ခေါင်းငုံ့ပြီးသာ လိုက်လာကြရလေသည်။

xxxxx xxxxx xxxxx

အိမ်ကလေးပေါ်သို့ စုပြုံ တက်လာကြသော အဖွဲ့ကြီးကို ကြည့်၍ မနှင်းပုလဲ၏အမေ ဒေါ်အေးမမှာလည်း အလိုလို ရွံ့သလိုလို ဖြစ်ပြီး ခေါင်းရင်းဘက် ဘုရားစင်ရှိရာ အောက်ဘက်သို့ ယို့ယို့ကလေး သွားထိုင်နေလေသည်။
လူဆယ့်ငါးယောက်၏ အလေးချိန် ဒဏ်ကြောင့် အိမ်ကလေးမှာ ယိမ်းထိုး လှုပ်ခါနေသည်။
'ဟဲ့.... ဟဲ့.... အိမ်ပြိုပါ့မယ်'
အိမ်မှာ ထိုင်စောင့်နေကြသော မနှင်းပုလဲ၏ မိတ်ဆွေ အမျိုးသမီး အုပ်စုထဲမှ တယောက်က အော်လိုက်သည်။
'ကဲ... ကဲ... အခန်းအပ်ပြီး မင်္ဂလာသြဘာစကား ပြောရမယ်'
အောင်ဗလက အခန်းဝမှနေ၍ သံနေသံထားဖြင့် ဟန်ပန်ထုတ်၍ မိန့်ခွန်းခြွေရန် ပြင်လိုက်သည်။
'ဟေ့... အောင်ဗလ မင်းက ကြီးကြီးကျယ်ကျယ် ဘာတတ်လို့ ပြောမှာလဲ၊ မလိုပါဘူးကွ၊ သူတို့နှစ်ယောက်ထားခဲ့၊ တို့က မရီဆိုင် ပြေးပြီး မင်္ဂလာအောင်ပွဲလေး ကျင်းပမယ်၊ ဒါပဲ'
လှအောင်က ကပြင်တွင် ထိုင်နေလျက်က လှမ်းကန့်ကွက်နေ၏။
'နေပါဦးကွ၊ ငါ့ ဆိုက်ကားရှင်သမီး သမ္မတမှာ လက်ထပ်တုန်းက သြဘာမင်္ဂလာစကားပြောတာ ကြားဖူးလို့ပါ့၊ ငါပြောတတ်ပါတယ်ကွ'
'ကဲ... ဒါဆို ပြောကွာ မြန်မြန်၊ ငါ လေပျို့လာပြီ'
ကိုချစ်တီးက နောက်ကျနေသဖြင့် လှေကားအ၀တွင် တစ်ဆို့ကြီး ရပ်နေလျက်က လှမ်းပြောလိုက်၏။
'ဒီလိုပါ ခင်ဗျ၊ အခု မင်္ဂလာလက်ထပ်ပွဲကတော့ ဆိုက်ကားပိုင်ရှင် မော်ချမ်းသာနှင့် ပဲပြုတ်ပိုင်ရှင် မနှင်းပုလဲတို့ရဲ့...'
'ပဲပြုတ်တောင်း ပိုင်တယ်ပြောပါကွ'
'ဟုတ်ကဲ့၊ ပဲပြုတ်တောင်းပိုင်ရှင် မနှင်းပုလဲတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ဖြစ်ပါတယ်'
'တော်ပြီဟေ့ သွားမယ်၊ ချမ်းသာ ပေးထားတဲ့ ခဲဖိုးပိုက်ဆံ ဘယ်သူ့ဆီမှာလဲ ဟေ့'
'ကျုပ်ဆီမှာပါဗျ'
လှအောင်က ပြောရင်း အင်္ကျီအိတ်ကို ပုတ်ပြလိုက်သည်။
ဆိုက်ကား အဖွဲ့ကြီးက ဘဲလ်သံ ဆူညံစွာဖြင့် ထွက်ခွါသွားကြလေသည်။ မောင်ချမ်းသာတို့ နှစ်ယောက် အခန်းဝတွင် မောမောပန်းပန်း ထိုင်ချလိုက်ကြတော့သည်။
'အဲဒီလူတွေ ရုတ်ရုတ် လုပ်တာနဲ့ ကြိုးလည်း မတားလိုက်ရပါဘူးနော်' ဟု ဒေါ်မြမြ ခေါင်းဆောင်သော အမျိုးသမီးတစု ရယ်ရယ်မောမောဖြင့် ထွက်သွားကြလေသည်။

xxxxx xxxxx xxxxx

ဒေါ်အေးမကလည်း အလိုက်သိစွာ ဘေးအဖီ မီးဖိုဘက်သို့ ထွက်သွားသည်။
မနှင်းပုလဲသည် အခန်းတွင်းသို့ မရဲတရဲ လှမ်းကြည့်လိုက်၏။ ပြီးတော့ ရှက်စနိုးဖြင့် ခေါင်းငုံ့နေသည်။ ဤအခန်းသည် မနေ့ကအထိ သူ့အမေနှင့် သူ အိပ်နေကျ အခန်းဖြစ်၏။ ယခုတော့ ဤအခန်းပင် သူ့အတွက် မင်္ဂလာအခန်း ဖြစ်နေ၏။
အမေ့အိပ်ရာ ဖျာလိပ်က အိမ်ရှေ့ခန်း ခေါင်းရင်းဘက်တွင် လိပ်လျက်သား တွေ့ရ၏။
အခန်းတွင်းမှာတော့ နံနက်က မိမိကိုယ်တိုင် အိမ်ဘေးက မမြနဲ့အတူ ပြင်ဆင်ထားသော အိပ်ရာ အသစ်စက်စက်ကို တွေ့ရ၏။ နှစ်ယောက်အိပ်ဖျာချော အသစ်စက်စက်ပေါ်တွင် ရွှေဘုံသာလမ်းက ဆိုက်ကားအုပ်စုက လက်ဖွဲ့အဖြစ်ဝယ်ပို့ထားသော ခေါင်းအုံးအသစ်စက်စက်နှစ်လုံးနှင့် ခြေရင်းတွင် အညာစောင် အသစ်စက်စက်က ခေါက်လျက် ပုံချထားသည်။ စိန်ဂျွန်းဈေးက အမေ သွားဝယ်ပေးထားသော နှစ်ယောက်အိပ် နိုင်လွန်ခြင်ထောင် ပန်းရောင်က အပေါ်ကမိုးလျက်...။
နံရံဘေးတွင် မနေ့က ကိုချမ်းသာ လာပို့ထားသော ဆေးပြယ်စ ပြုပြီဖြစ်သည့် အနက်ရောင် သံသေတ္တာ အဟောင်းတခုကလည်း အခန်းအတွင်း ပစ္စည်းအသစ် ဖြစ်သည်။ မိမိ အ၀တ်များထည့်သည့် ထန်းခေါက်ဖာက ခြေရင်းထောင့်တွင် ယခင်နေရာအတိုင်း ဖြစ်၏။ အမေ့သံသေတ္တာကလည်း ယခင်နေရာဟောင်းမှာ....။
မောင်ချမ်းသာက ပြုံးပြုံးကြီး မနှင်းပုလဲကို ကြည့်နေ၏။
'ဘာကြည့်တာလဲ'
မနှင်းပုလဲက မျက်စောင်းထိုး၍ မေ့မေ့လျော့လျော့ နှုတ်ခမ်းစူထားရမည့်အစား ပြုံးလိုက်မိ၏။
'အဟင်း... ဟင်း.. ဘာလုပ်ရမှန်းမသိလို့'
'ခစ်..ခစ်...ခစ်...'
မနှင်းပုလဲက ပါးစပ်ကို လက်နှင့်အုပ်ပြီး ရုတ်တရက် အဆက်မပြတ် ရယ်ချလိုက်၏။
'ဘာရယ်တာလဲ ဟ'
မောင်ချမ်းသာက မလုံမလဲ ပြုံးဖြဲဖြဲနှင့် လှမ်းမေးသည်။
'ဘာမှမဟုတ်ပါဘူး၊ တခြားပါ'
ခုမှ တကယ် ရယ်စရာ တွေ့လိုက်ရ၍ မနှင်းပုလဲ ရယ်လိုက်ခြင်း ဖြစ်သည်။ ယခင်က အမှတ်တမဲ့ ဖြစ်ခဲ့ပြီး ယခု လမ်းမှာ ကိုအောင်ဗလ ပြောမှ သတိထားကြည့်လိုက်မိသည်။ ကိုချမ်းသာ နားရွက်ကြီးက တကယ် ရယ်စရာ ကောင်းအောင် ကားကားကြီး တွေ့နေရ၏။ သို့သော် လူကြီးသူမများက ပြောဖူးသည်။ နားရွက်ကောင်းရင် ဥာဏ်ကောင်းသည်ကို...။
'ဟုတ်မှာပါပဲ၊ ဒါကြောင့် အစ်ကိုက ကိုယ်ပိုင် ဆိုက်ကားနဲ့ ဘာနဲ့ ဖြစ်နေတာ'
မနှင်းပုလဲ မျက်နှာပိုး ပြန်သတ်သွားသည်။

xxxxx xxxxx xxxxx

'နှင်းပုလဲဆိုတဲ့ နာမည်က ဆန်းတယ်ဟ၊ နင်နဲ့လိုက်တယ်၊ နင့်ကို ဘာကြောင့် ဒီနာမည် မှည့်ပေးတာလဲ... ဟင်'
'အို အကိုကလဲ၊ ကျွန်မကို နှင်းပုလဲမှာ မွေးတာတော့၊ ဒါကြောင့် အဖေက လွယ်လွယ်ပဲ နှင်းပုလဲလို့ ပေးလိုက်တာ'
'ဟာ... စိတ်ကူးပျက်လိုက်တာဟာ၊ ငါက ပုလဲလေးလို နင်က ဖြူလို့ ပေးတာလားလို့ သဘောကျနေတာ'
'ကျွန်မက ဖြူမှ မဖြူတာ၊ အစ်ကို မြင်တဲ့ အတိုင်းပဲဟာ'
'ငါ့မျက်စိထဲကတော့ ဖြူနေတာပဲဟာ'
'ပို မနေစမ်းပါနဲ့'
'မပိုပါဘူးဟ၊ ဟောဒီမှာ'
'အို.... ကြည့်စမ်း.... ခစ်..ခစ်..'
အိမ်ရှေ့ခန်းက အမေ ဒေါ်အေးမက ချောင်းတချက် ဆိုးလိုက်၏။ ဤတော့မှ အခန်းထဲမှ မနှင်းပုလဲတို့၏ အသံ တိတ်သွားလေသည်။

xxxxx xxxxx xxxxx

ခြင်္သေ့မင်း လက်ဖက်ရည်ဆိုင်တွင် မနှင်းပုလဲအတွက် နံပြားစောင့်ရင်း မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ လက်ဖက်ရည် ထိုင်သောက်နေကြ၏။ ဆိုက်ကားရှေ့ခုံပေါ်တွင်တော့ မနှင်းပုလဲ၏ ပဲပြုတ်တောင်းကား အငွေ့တထောင်းထောင်းနှင့်....။
မောင်ချမ်းသာသည် ဤ လက်ဖက်ရည်ဆိုင်ကလေးက စ၍ မိမိနှင့် မနှင်းပုလဲတို့ ရေစက်ဆုံစည်းမိ ကြသည်ကို ပြန်လည်တွေးနေမိ၏။
မောင်ချမ်းသာသည် တကောင်ကြွက်၊ ဆွေမရှိမျိုးမရှိ။ ရန်ကုန်တွင် မြို့သစ်လေး၌ ဆိုက်ကားနင်းစားသူ ဖြစ်သည်။ မိမိ၏ ကြိုးစားမှု၊ ချွေတာမှု၊ လိမ္မာမှုကြောင့် သူတပါးဆိုက်ကားကို နေ့ပေးအငှား နင်းလာခဲ့ရာမှ ဆိုက်ကားတစီး ကိုယ်ပိုင်ဖြစ်လာသူ ဖြစ်၏။ မိမိနှင့် ဘ၀တူ ဆိုက်ကားဆရာ ကိုချစ်တီးအိမ်တွင် တလ လေးဆယ်ပေးပြီး နေခဲ့သူ ဖြစ်၏။
မနက်စောစော ဆိုက်ကားနင်းထွက်လာပြီး ဤလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တခွက် မှန်မှန် သောက်နေကျ ဖြစ်၏။ မနှင်းပုလဲကလည်း အခြား ပဲပြုတ်သည်များနှင့် အတူတူ ဤလက်ဖက်ရည်ဆိုင်၌ နံပြားဝယ်နေကျ ဖြစ်၏။
မောင်ချမ်းသာက မနှင်းပုလဲကို နံနက်တိုင်း တွေ့နေ မြင်နေရာမှ မျက်စိကျလာသလို မနှင်းပုလဲကလည်း မောင်ချမ်းသာအပေါ် စိတ်ယိုင်လာခဲ့ခြင်း ဖြစ်၏။
ငယ်ငယ်ရွယ်ရွယ် သူများတကာလို နေ့စားအငှားနင်းတာ မဟုတ်ဘဲ ကိုယ်ပိုင်ဆိုက်ကားနှင့် တကိုယ်ရေ တကာယ နေသူဖြစ်မှန်း တခွန်းစ နှစ်ခွန်းစ မေးရင်း သိလာရတော့ အားကိုးလိုစိတ်ကလေးက ၀င်လာမိ၏။
နောက်တော့ သူတို့ချင်း သဘောမျှလာကြသည်။
အစ ပထမတွင် မောင်ချမ်းသာနောက်ပိုးပုံကလေးက ရယ်စရာကောင်း၏။
'ညီမ ပဲပြုတ်ကလေး ဆီဆမ်းပြီး နံပြားကလေးနဲ့ စားချင်တယ်ဗျာ။ ပဲပြုတ်နာမည်က ဘယ်လိုတဲ့တုံး'
'ပဲပြုတ်ပဲ နာမည်ရှိမလားတော့'
'အို... အို... ယောင်လို့၊ လူနာမည် မေးတာပါ'
မနှင်းပုလဲက လက်ဖက်ရည်ကြမ်းသောက်ရင်း ရယ်မိသဖြင့် သီးသွားသည်။
ယခုတော့ တူနှစ်ကိုယ် တစားပွဲတည်း ထိုင်၍ လက်ဖက်ရည် သောက်နေရပြီ ဖြစ်၏။

xxxxx xxxxx xxxxx

'ဟောဒီ လမ်းထိပ် ချပေးရင် တော်ပြီအကို'
နှင်းပုလဲက သူရောင်းနေကျ နှစ် ရပ်ကွက် လမ်းထိပ်သို့ ရောက်သောအခါ မောင်ချမ်းသာကို ဆိုက်ကားရပ်ခိုင်းသည်။
ဆိုက်ကားပေါ်မှ လှမ်းဆင်းလိုက်ပြီး ပေါင်ပေါ် တင်ထားသော ပဲပြုတ်တောင်းကို ခေါင်းပေါ် ခေါင်းအခုယူ၍ ရွက်လိုက်သည်။
'အကို သွားတော့လေ'
'နေပါဦးဟ၊ နင်အော်တဲ့ အသံလေးကြားချင်လို့၊ ပြီးတော့ ဘယ်အချိန် ဒီနေရာက လာကြိုရမလဲ ဆိုတာ မေးမလို့'
'အို... အကိုကလဲ ကျွန်မဘာသာ ပြန်ပါ့မယ်၊ ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ၊ အလကား အမောခံပြီး လာကြို လာပို့ လုပ်နေရဦးမယ်၊ အကို အဲဒီအချိန် လူရနေတော့ ဘယ့်နှယ်လုပ်မလဲ'
'သူများ လွှဲပေးလိုက်မှာပေါ့ဟ၊ ပြောစမ်းပါ၊ ဘယ်အချိန် ပြန်လာစောင့်ရမလဲ'
'ကဲ... ကဲ... ကိုယ်တော်ရယ်၊ အကိုတော့ ပိုက်ဆံမရဘဲ မောနေရမှာ စိုးလို့ ပြောတာ၊ ခါတိုင်း တနာရီ ကျော်ကျော်လောက် လှည့်လိုက်ရင် ကုန်တတ်တာပဲ'
'ဒီလိုဆို ငါလာခေါ်မယ်၊ လုပ်ပါဟ၊ ငါကြားအောင် အော်လိုက်စမ်းပါဦး'
'ပိုလိုက်တာနော်'
နှင်းပုလဲက မျက်စောင်းလေး ပြုံး၍ ထိုးရင်း လမ်းကျဉ်းဘက်သို့ လှည့်ထွက်သွား၏။
'ပဲပြုတ်... နံပြား...'
မောင်ချမ်းသာအဖို့ကား နှင်းပုလဲ၏ အော်သံသည် မေဆွိသီချင်းသံထက် များစွာကောင်းကာ နားဝင်ချို သာယာလှပါသည်။
ကျေနပ်စွာပြုံး၍ ဆိုက်ကားကို မတ်တတ် အရှိန်ယူကာ နင်းချလိုက်ပြီးလျှင်-
'မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး' ဟု သီချင်းကို ညည်းကာ ထွက်သွားလေသည်။
မနှင်းပုလဲသည် နောက်သို့ လည်ပြန်ကြည့်လိုက်ရာ ဆိုက်ကားဘီး ချိုင့်ထဲကျသွားသံကို ကြားရပြီး မြူနှင်းများ အကြားတွင် မှုန်၍ ပျောက်ကွယ်သွားသော လင်တော်မောင်အား သူရဲကောင်းကြီး စစ်မြေပြင်သို့ ထွက်သွားသည်ကို မျက်စိတဆုံး လှမ်းမျှော်၍ ကြည့်နေမိသော ဇနီးသည်ကဲ့သို့ ကျေနပ်ပီတိ ဖြစ်နေမိတော့၏။
'ပဲပြုတ်... နံပြား....'

မောင်ကိုယု
[မြတ်လေးမဂ္ဂဇင်း၊ မေ ၁၉၈၆]
{ရာပြည့်စာအုပ်တိုက်ထုတ် မောင်ကိုယု- သားပြန်လာရင် ပေးလိုက်ပါနှင့် မဂ္ဂဇင်းဝတ္ထုတိုများ စာအုပ်၊ ပထမအကြိမ်၊ ဖေဖော်ဝါရီ၊ ၂၀၀၆ မှ ကူယူးဖော်ပြပါတယ်။}

Wednesday, April 27, 2011

အမှတ်တရ ရတုတွေ….
ရေးသူ - မေငြိမ်း





[လမင်းတရာက ထုတ်ဝေမယ့် '၆၀' စာအုပ်အတွက် ဆရာမ မေငြိမ်း ရေးပေးတဲ့ အမှတ်တရ စာစုတခု ဖြစ်ပါတယ်။ မာယာမှာ ကြိုတင် ဖော်ပြလိုက်ပါတယ်။]

ငယ်ငယ်လေး ကတည်းက ကျမ ဘာလုပ်ချင်ခဲ့သလဲလို့ ပြန်တွေးကြည့်တော့ ကျမက သူ့အချိန်နဲ့သူ ကြုံရာ စိတ်ကူးတည့်ရာကို လုပ်ခွင့် ရချင်ခဲ့တာပဲ ဆိုတာကို သတိထားမိတယ်…။
ငယ်ငယ်က ၈တန်းကျောင်းသူအရွယ်မှာ.. ကဗျာအတိုအစတွေ ဗလာစာအုပ် သပ်သပ်ထားပြီး ရေးတတ်နေပြီ။ နောက်တော့ ၁၀တန်းလောက်မှာ ၀တ္ထုတွေအဖတ်များပြီး ရည်းစားဆိုတဲ့ ဝေါဟာရမှာ စိတ်ကစားတတ်လာတော့ ရည်ရွယ်တဲ့သူ ရှိရှိ မရှိရှိ.. ရည်းစားစာ ကောင်းကောင်းတွေ ရေးနေတတ်ပြီ။ သူငယ်ချင်း ယောက်ျားလေး တွေအတွက် ရည်းစားစာတွေ ကူ ကူ ရေးပေးရတာလည်း မှတ်မိတယ်..။ နောက်တော့ အသက် ၁၇နှစ်လောက်.. တက္ကသိုလ်တက်စမှာ… အသည်းလည်း ကွဲတတ်ပြီ။

သေချာတာကတော့ အချစ်ဆိုတာအပေါ် သေသေချာချာ ပျော်ဝင်ခံစားတတ်တယ် ဆိုတာပါပဲ..။ အဲဒါကြောင့် ကြိုက်တဲ့ ၀တ္ထုတွေကတောင် အချစ်အပေါ် အခြေခံမှ ကြိုက်တာ..။

အသက် ၂၃နှစ်အရွယ်… အချစ်ဆိုတာကို အပြင်းထန်ဆုံး ခံစားလေ့တဲ့ အရွယ်မှာ အချစ်ဘ၀ဆိုတာ အိမ်ထောင်ရေးပဲလို့ မှတ်ထင်ခုန်ချခဲ့။ ဒါဟာ အချစ်တဲ့လားလို့ မူးမူးထွေထွေ သီချင်းတွေ အော်ဆို..။ အသည်းကွဲပေမဲ့.. ဒဏ်ရာရပေမဲ့.. နောင်တ မရတတ်ခဲ့…။

နောက်တော့….
ငယ်ငယ်က ချာတိတ်အရွယ် ကျောင်းနေတုန်း..
လူတကာလိုမဟုတ်ဘူး အရမ်းကိုဆိုး..
လူလိမ်မာတော့ မဖြစ်ချင်ခဲ့.. ခုတော့ ဘယ့်နှယ်လဲ…ဆိုတဲ့ ၀င်းမင်းထွေးနဲ့ ဇော်ဝင်းထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ်က ကိုယ်နဲ့ လာအံကိုက်ခဲ့..။

ဂငယ်ကွေ့တွေအပြည့်နဲ့ လမ်းပေါ်မှာ.. လျှောက်ခဲ့ဖူးပြီလေ…
ငါနေထိုင်လာခဲ့တဲ့ နှစ်က ၃၀.. မယုံနိုင်ဘူး ရုပ်ရှင်ကြည့်ရသလို ဘ၀က ဆန်းကြယ်တယ်….။

တကယ်ပဲ ကိုယ့်ဘ၀ ဇာတ်အနာက ဒရာမာ ရုပ်ရှင်တကားလို…။ အံ့သြစရာ ကောင်းတာက အဲဒီ နာကျင်စရာ ဘ၀ကို စိတ်မနာဘဲ.. အဲဒီ ဖြတ်သန်းမှုကို အနုပညာတခုလို သဘောကျ..။ ဒါကြောင့်လည်း ရူးသွပ်နိုင်ခဲ့ပေတာ…။

ဒီလိုနဲ့.. ခုတော့ လူ့သက်တမ်းရဲ့ ၃ပုံ ၂ပုံ ကျိုးပြီ…။
၄၅ နှစ်မြောက်ဆိုတာ…. နီလာရတု..တဲ့။
အင်း.. တန်ဖိုးအားဖြင့် ရှိတန်သလောက်ရှိတဲ့ ကျောက်မျက်အပြာ..
သူ့အပြာက မှော်ဆန်တယ်.. အေးတယ်.. ရင့်မာတယ်… ပြီးတော့ ခိုင်ကျည်တယ်…။
ဒါဖြင့်.. ကိုယ်ကရော.. ၄၅ မှာ ခိုင်မာ တည်ငြိမ် အေးချမ်းပြီလား…။
ရောင့်ရဲ ကျေနပ်နိုင်မှုတွေ အရင်ကထက် ပိုများလာတာတော့ သေချာတယ်…
ဘ၀ထဲ ပို ပို နေပျော်လာတယ်…
လက်ရှိ ဖြစ်တည်မှုကို ချစ်တတ်လာတယ်…
အသက်ရှင် နေထိုင်မှုအတွက် မေတ္တာတရားသာ အရေးပါဆုံး လိုအပ်ချက်ရယ်လို့ အမြင် ပြတ်သားလာ တယ်…

လောကကို ကျေးဇူးတင်တတ် လာတယ်..
သဘာဝတရားကို ပို မြတ်နိုးတတ် လာတယ်..
သတ္တ၀ါတွေအပေါ် ပို ကြင်နာတတ်လာတယ်..
တန်ပြီ။

++++++

ချစ်ရတာတွေထဲမှာ မြို့မငြိမ်း ပါသလို.. The Beatles လည်း ပါတာပေါ့.. John Lennon လည်း ထိပ်ဆုံးနားမှာ ပါတာပေါ့..။ Imagine ကို သိပ် ယုံကြည်ကိုးကွယ်တာပေါ့…။ ပြောနိုင်ပါတယ်.. ကျမကိုလည်း အိပ်မက်သမား.. လို့။ ဒါပေမဲ့ ကျမလည်း ယုံတာပဲ.. ဒါဟာ လူတိုင်း နှစ်ခြိုက်နိုင်မယ့် လမ်းတလမ်းဆိုတာ…။

Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one

+++++++

ဒီလိုနဲု့ နီလာရတု ကို ကျော်ဖြတ်လာရပြီဆိုတဲ့အခါမှာတော့ မကြာခဏ နားထောင်ရတဲ့ သီချင်းက When I’m 64 ဖြစ်သွားပြီ…။ Paul McCartney က ၆၄… ဆိုတဲ့ အသက် အပိုင်းအခြားကိုမှ ဘာလို့ ရွေးခဲ့လဲ.. ကျမ မသိပါ…။ ဒါပေမဲ့…

When I'm sixty-four (The Beatles)

When I get older losing my hair,
Many years from now,
Will you still be sending me a valentine
Birthday greetings bottle of wine?

If I'd been out till quarter to three
Would you lock the door,
Will you still need me, will you still feed me,
When I'm sixty-four?

oo oo oo oo oo oo oo oooo
You'll be older too, (ah ah ah ah ah)
And if you say the word,
I could stay with you.

I could be handy mending a fuse
when your lights have gone.
You can knit a sweater by the fireside
Sunday mornings go for a ride.

Doing the garden, digging the weeds,
Who could ask for more?
Will you still need me, will you still feed me,
When I'm sixty-four?

Every summer we can rent a cottage
In the Isle of Wight, if it's not too dear
We shall scrimp and save
Grandchildren on your knee
Vera, Chuck, and Dave

Send me a postcard, drop me a line,
Stating point of view.
Indicate precisely what you mean to say
yours sincerely, Wasting Away.

Give me your answer, fill in a form
Mine for evermore
Will you still need me, will you still feed me,
When I'm sixty-four?
Whoo!

တကယ်ပဲ အသက် ၆၄မှာ ကျမ ဆံပင်ဖြူတွေ ကျွတ်နေရော့မယ်…
ခြေလက်တွေလည်း အားလျော့လို့…
မျက်လုံးတွေက ဝေသီလို့..

ခုလို ညနေခင်း ၀ိုင်တူတူသောက်ရင်တောင်မှပဲ ခပ်ပါးပါးတခွက်ဆို ကျမမူးပြီး စောစောအိပ်ချင် လာတော့မယ်..။ ခုလို စကားတွေဖောင်ဖွဲ့ ပြောနိုင်ပါဦးမလား..။

အဲဒီအခါ ချစ်တဲ့သူက ဟိုးတုန်းကထက် မလျော့တဲ့ ချစ်ခြင်းနဲ့ ချစ်ဖို့ဆိုရင်တော့ဖြင့် မေတ္တာတရား ကိုသာ အားကိုးရပေတော့မယ်..။

အသက် ၆၄နှစ်မှာတော့ ခြံဝန်းကျယ်ကြီးထဲ တနိုင်တပိုင် စားပင် သီးပင်ကလေးတွေ စိုက်လို့ နေချင်တယ်..။ မနက်ခင်းတွေမှာ ခြံထဲ သစ်ပင်အောက်မှာ .. နေရောင်ခံရင်း အဖိုးကြီး အဖွားကြီး နှစ်ယောက် လဘက်ရည်သောက်မယ်.. ငှက်ကလေးတွေ ကြည့်မယ်… ပန်းပင်တွေ ကြည့်မယ်..။ ပြီးရင် အဖိုးကြီးက သူ့တိုလီမိုလီအလုပ်တွေနဲ့ ရှုပ်…။ အဖွားကြီးကျမကတော့ စာဖတ်.. စာရေး.. ။ ကျမကတော့ သီချင်းတွေလည်း နားထောင်ချင်နေဦးမှာ ထင်ပါတယ်။ အဲဒီအချိန်ထိ Linda Ronstadt သီချင်းတွေလည်း ရှိနေစေချင်သေးတယ်…။ Love is a Rose တို့ Blue bayou တို့ပေါ့..။ သားသမီးတွေ မြေးတွေ မရှိတဲ့ အချိန်ဆိုရင်တော့ အဖွားကြီးက Mamma Mia အခွေကို ဖွင့်ပြီး Meryl Streep နဲ့ အပြိုင် ABBA သီချင်းတွေ လိုက်ဆိုဦးမှာ…။ ဗုဒ္ဓတရားကို အချိန်တကူးတကယူ မပွားများ တတ်ပေမဲ့ သတ္တ၀ါတွေကို မေတ္တာထားပြီး သတိကို အမြဲ စောင့်ကြည့်နေရင်.. ဒါဟာ ဘာဝနာပဲ မဟုတ်လားနော်…။

ခင်ပွန်းကလည်း စိုက်ခင်းလယ်ကွင်းပြင်ကျယ်ကြီးထဲမှာ သားသမီး မြေးမြစ်တွေပါ တစုတဝေးတည်း မိသားတစု အိမ်တလုံးစီနဲ့ ရွာတည်နေချင်တာတဲ့…။ ဟုတ်တယ်.. ဒါမှ မနက်လင်းတဲ့အခါ အလုပ်သွား ကျောင်းသွားမယ့် သားသမီးမြေးမြစ်တွေအတွက် မနက်စာ ကောင်းကောင်း ကျမ ပြင်ဆင်ကျွေးနိုင်မှာ…။ သူတို့ အသီးသီး ထွက်သွားကြတဲ့အခါ အဖွားကြီးရဲ့ ကိုယ်ပိုင်ချိန်တနေကုန်မှာ.. စာတွေ ဖတ်.. စာတွေရေး.. ပန်းချီတွေတောင် ဆွဲနိုင်သေးးး

နွေအားလပ်ရက်တွေဆိုရင်တော့ ခုလိုပဲ မိသားစုကြီး တစုတဝေး အပန်းဖြေခရီး ထွက်မှာပေါ့…။ တောင်ပေါ်ရွာလေးတွေမှာ အိမ်တလုံး လုံးချင်းငှား.. ဒါမှမဟုတ်.. ပင်လယ်ကမ်းခြေ.. ။ ဒါမှမဟုတ်.. ကျေးလက်တွေဘက်…။ အချင်းချင်းမတည့်တဲ့ သားသမီးတွေ ပါရင်လည်း အဖိုးကြီးအဖွားကြီးနှစ်ယောက် ကူရှင်းပေါ့..။ ပြီးတော့မှ ကွယ်ရာမှာ သားသမီးမြေးမြစ်တွေအတင်းပြောရင်း စိတ်ညစ်ညစ်နဲ့ ခေါင်းချင်းဆိုင် ပြုံးရယ်ကြမယ်..။ ချစ်တတ်မယ်ဆိုရင် အရာရာဟာ ပြုံးစရာ လို့ ယုံပါတယ်..။ အဲဒီအခါ ၆၄နှစ်ဆိုတာ.. ခု ၄၆နှစ်နဲ့ ဘယ်လောက်မှ မကွာ…။ စိတ်ထားတတ်ဖို့သာ လိုပါမယ်…။

++++

၆၄နှစ်မှာ.. လူ့လောကထဲ ကျမ နေခွင့်ရနေသေးတယ်ဆိုရင် ကျမ ရောဂါဝေဒနာ တခုခု ခံစားနေရတာလည်း ဖြစ်နိုင်တယ်.. ဒါမှမဟုတ် ကျန်းမာပကတိနဲ့ ခုလိုပဲ လှုပ်လှုပ်ရှားရှား သွားသွားလာလာ.. အလှတွေပြင်လို့ ခေတ်မီမီ အဖွားကြီးအဖြစ်နဲ့လည်း ရှိနေနိုင်သေးတယ်..။

အင်္ဂလိပ်တွေကတော့ ၇၀ သက်တမ်းဟာ ရွှေဖြူရတု..တဲ့။
မြန်မာအယူအဆမှာတော့ ပထမစိန်ရတု .. တဲ့။
၆၀..၆၄နှစ်ဆိုတာတွေအတွက် တန်ဖိုးသတ်မှတ်ထားတာ မရှိပေမဲ့ .. တန်ဖိုးရှိတဲ့ ရတု တခုခုတော့ ဖြစ်ရမှာပေါ့…။
ရတနာရတု တခုခုပေါ့လေ...။

အဲဒီအခါ.. ကျမကတော့ ကြည်အေးပြောတဲ့..

“ကျမချစ်မြဲ သံသာဝဲမှ ခွဲထွက်ချင်ဘူး တပ်မက်ဦးမည်..” ဆိုတာကို သက်ဝင်သူပီပီ ကျမချစ်တဲ့ သံသရာနှောင်ကြိုးတွေထဲ အရစ်ပတ်ခံရင်း.. ရောက်လာဦးမယ့်

ရွှေရတုတွေ.. စိန်ရတုတွေနဲ့ အမည်ပေးမထားတဲ့ ရတုများစွာကို ခုလိုပဲ ကိုယ်လုပ်ချင်တာတွေ လုပ်ရင်း စိတ်ကူးယဉ် သာယာရင်း စိတ်လိုလက်ရ ကြိုဦးမှာ..။

+++++

အရွယ်ဆိုတာကိုက ရှေးဟောင်းဂန္ဓ၀င်ပစ္စည်းများလို တန်ဖိုးထား မက်မောတတ်တဲ့သူပေါ် မူတည်ပြီးတော့ သက်တမ်းရင့်လေ… တန်ဖိုးတက်လေ… မက်မောစရာ ကောင်းလေလို့.. ကျမကတော့ ယုံတာပဲ။


မေငြိမ်း
၂၀၁၁ ဧပြီ ၂၆။

Monday, April 25, 2011

မငြိမ်း၏သင့် ငြိမ်း၏သင့်
ရေးသူ - ကိုလေး (အင်းဝဂုဏ်ရည်)




[လမင်းတရာကထုတ်ဝေမယ့် '၆၀' စာအုပ်အတွက် ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ရေးပေးတဲ့ အမှတ်တရ စာစုတခု ဖြစ်ပါတယ်။ မာယာမှာ ကြိုတင် ဖော်ပြလိုက်ပါတယ်။]


(၁)

ကျုပ် အသက် ၇၅ နှစ်၊ ပြည့်တော့မယ်။
တမြို့လုံးက အဘ တဲ့၊ အဘ တဲ့။
ကျုပ် အဘကြီးက ချာပရာစီကြီး။
ချာပရာစီ မဟာဘွဲ့ သာမက ပါရဂူဘွဲ့တောင် ရပြီးပြီ။
ပါရဂူဘွဲ့ရတာဖြင့် ကြာတောင် ကြာလှပေါ့။
အခုတော့ မဟာချာပရာစီကြီး အငြိမ်းစား ယူသင့် မယူသင့် စဉ်းစားရပြီ။


(၂)

နေအုံး။
ချာပရာစီသင်တန်းကို ဟိုးလွန်ခဲ့တဲ့ အနှစ် ၇၀ နီးပါး၊ ဂျပန်ခေတ်က စ တက်ခဲ့တာ။
ဒုတိယကမ္ဘာစစ်အတွင်းက မန္တလေးမြို့ကြီး စစ်ဒဏ် သင့်ခဲ့ပါပကော။
မြို့ကလူတွေ အရှေ့ အနောက်၊ တောင်မြောက် ၀ဲယာ စစ်ပြေးကြရတော့တာပေါ့။
ကျုပ်နေတဲ့ အင်းဝမှာလဲ စစ်ပြေးတွေ စစ်ပြေးတွေ။
ကံကောင်းချင်တော့ မမအုန်း (အမ်အေ ဒေါ်အုန်း)၊ သခင်အေးမောင်ကြီး၊ သခင်အေးမောင်လေး၊ ဒေါ်နှင်းဦး အိုး...... အမျိုးသားကျောင်းက ဆရာတွေ ပါလာတယ်။
ကျုပ်အဖေ ကျေးဇူးကိုလဲ ပြောခွင့်ပြုပါ။
ကျုပ်အဖေက မန္တလေး ဥပစာကောလိပ် ကျောင်းသားဟောင်း။ ပညာရေး အလွန်လိုလားတယ်။
မအုန်း..... လုပ်အုန်း၊ ကျောင်းဖွင့်ရအောင်။
ထန်းရွက်တဲကြီးတွေ ထိုးပြီး 'အင်းဝဂုဏ်ရည်' အလယ်တန်းကျောင်းဖွင့်။ သခင်အေးမောင်လေးက ကျောင်းအုပ်။
နောက်တော့ ဂျပန်တော်လှန်ရေးအတွက် စုစည်းရာ နေရာတခု ဖြစ်လာတယ်။ အင်းဝဂုဏ်ရည်ကျောင်း တဲ့လေ။
ကောင်းလိုက်တဲ့ကျောင်း၊ ကောင်းလိုက်တဲ့ ဆရာတွေ။
ကျုပ်က ၀လုံးတန်း၊ တန်းပိုင်က ဆရာကြည်။
ဆရာကြည်ဆိုတာ ဦးကြည်မြ။ (ကြည်မြ) လေ။
ဆရာက ပုတော့ ရင်းနှီးသူတွေက ကိုကြည်ပု တဲ့၊ ကြည်ပု တဲ့။
၁၉၄၄ မှာ ဂျပန်ကပေးတဲ့ လွတ်လပ်ရေး။ ရွှေရည်စိမ်လား ဘာလား မသိပါဘူး။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကပွဲတွေ၊ ပြဇာတ်တွေ၊ အားကစားပွဲတွေနဲ့ အိုး ပျော်လိုက်တာ။
ဆရာကြည်က အနုပညာ ဒါရိုက်တာ။
ကျုပ်တို့က ဘောင်းဘီတိုလေးတွေနဲ့ ဂျပန်စစ်ချီသီချင်းကို ဘယ်ညာနင်းပြီး ပဏာမ ထွက်ရတယ်။
ကျုပ်တို့ ကလေးတွေကို ဂျပန်စစ်ဗိုလ်ကြီးတွေ ဆုချလိုက်ကြတာ ဂျပန်ငွေတွေ အများကြီး ရတယ်။
ပြီးတော့ ဗန္ဓုလယိမ်း။ ကျောင်းသားကြီးတွေ။
ပြီးတော့ ယိမ်းတွေ၊ ယိမ်းတွေ။ ပြီးတော့ မာဃ ပြဇာတ်။
မာဃက ဒေါ်အမာ၊ သုဇိတာက ဒေါ်တင်ကြည်။
မာဃကြီးကို သခင်ချန်ထွန်းက သိမ်းပိုက်၊ သုဇိတာကို ကျုပ်တို့ ဘထွေး ဦးဘရင်က သိမ်းပိုက်၊ အင်းဝဂုဏ်ရည် ရေးတဲ့ ဖူးစာပေါ့။
(သခင်ချန်ထွန်းကြီးသာ ဒီစာဖတ်ရရင် ဆဲများ ဆဲမလား၊ ဘောက်ဆူးများ ပေးမလားဘဲ။ အင်း ဘောက်ဆူးပေးဘို့ များမှာပါ။ အနှစ် ၇၀ က ရင်ခုန်သံ ပြန်ကြားမှာကိုး)
ဒီမှာ ချာပရာစီဂိုဏ်းချုပ်ကြီးအကြောင်း ရောက်ပြီ။
ဦးလှကြီးတဲ့၊ စကောက်မင်းကြီးတဲ့။ စကောက်မင်းကြီး ဦးလှကြီးက အင်းဝသူ ဒေါ်လှတင်နဲ့ အိမ်ထောင်ကျတယ်။
အင်းဝဂုဏ်ရည်မှာ ဘွိုင်းစ်စကောက်၊ ဂဲလ်စ်ဂိုက် ဖွဲ့ပေးတယ်။ ဒါကို Extra curriculum လို့ ခေါ်တယ်။ (နောက်တော့ Co-curriculum တဲ့)။
တကျောင်းလုံး စာသင်ခန်းထဲက ထွက်ခိုင်း၊ ဦးလှကြီးက 'စက္ကူစလေး အမှိုက်စလေး သန့်ရှင်းအောင်လို့ လုပ်ပါ၊ သန့်ရှင်းအောင်လို့ လုပ်ပါ ဒါ ဒါ ဒါ'
ဒါကို သင်ပေးတယ်။
ပါးစပ်ကလဲ ဆို၊ လက်ကလေးတွေနဲ့ အမှိုက်တွေ ကောက်၊ အိုး ကျောင်းဝင်းကြီးကို ပြောင်လက်သွား တာဘဲ။ ဒီမှာတင် ကျုပ် ချာပရာစီ စ ဖြစ်တာ။

(၃)

အသက် ဆယ်နှစ်စွန်းစွန်း ရောက်တော့ အင်းဝမှာ ငလျင်ကြီး လှုပ်ပါရော။ ၁၃၁၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်။
ကဗျာ စ ရေးတော့
လောကမာန်အောင်
ဟောပြကြံဆောင်
မောရမြန်ဘောင်
ပိုဒ်စုံရတုမှာ ငလျင်လှုပ်တဲ့ သက္ကရာဇ်ပါတယ်။ ဒါကြောင့် မှတ်မိတာ။
အင်းဝလေ၊ သိတယ် မဟုတ်လား။
မင်း တည်ဘုရားတွေက အများကြီး မှ အများကြီး။
လောကမာန်အောင်၊ ဇိနမာန်အောင်၊ တုဿမာန်အောင်၊ တိဿမာန်အောင်၊ ငါးမာန်အောင် အောင်စေတီတော်တွေ၊ စနေမင်းတြား ကောင်းမှုတော်တွေ ပြိုကျကုန်ပါရော။
ကြောင်လိန်ဆရာတော်ကြီး ဦးစန္ဒ ကြီးမှူးပြီး ဘုရားတွေ ပြန်ပြင်တယ်။ တလုံးထိုး လှေကြီးနဲ့ မြစ်မထဲ သဲခူး သွားကြတယ်။
ဒီနေရာမှာ မြစ်မတဲ့၊ သဲခူးတဲ့။
ကျုပ်ထွင်တာ မဟုတ်ဘူး။
လူတိုင်း ပြောတဲ့ စကားလုံး။
မြစ်မ ဆိုတာ ဧရာဝတီမြစ်ကြီး၊ မ ဆိုတာ ဒီနေရာမှာ ကြီးသော။
သဲခူးတယ်ဆိုတာ သိကြမှာပါ။ ဧရာဝတီ သောင်ပြင်ထဲက သဲတွေ သွားကျုံးတာ။
ပုံတောင်ကို လှေပေါ်မှာ တီးတော့ ရေနဲ့ဆိုတော့ အင်မတန်မှ နားထောင်ကောင်းတာ။
ပလုတ် တုတ် တုတ်.... ပလုတ်တုတ် တုတ် ဒူ
ကျုပ်တို့လဲ အုတ်သယ်၊ သဲ သယ်။
ပျော်လိုက်တာ..... ပျော်လိုက်တာ။

(၄)

လူပျိုပေါက် ရောက်လာတော့ ကျုပ်တို့ ကာလသားတွေက အလှူတွေ မင်္ဂလာဆောင်တွေမှာ ထမင်းရုံ တာဝန်။
ဒါလဲ သင်ရိုးညွှန်းတန်းနဲ့။
ပထမနှစ်မှာ သရက်ချဉ်နဲ့ ငရုတ်သီးကျော် လိုက်ရတယ်။
ဒုတိယနှစ်မှာ ပဲဟင်းနဲ့ ၀က်သားဟင်း။
နောက်ဆုံးနှစ်မှာမှ ဟင်းချိုလိုက်ရတယ်။
ဒီ ချာပရာစီ သင်ရိုးညွှန်းတန်းက မကောင်းပေဘူးလား။

(၅)

အိမ်ထောင်ကျတော့ ကျုပ်တို့ လင်မယား စုံတွဲက လက်ဖွဲ့ခုံ ထိုင်ရတယ်။
မင်္ဂလာဆောင်တွေ အလှူတွေမှာ လက်ဖွဲ့တာ၊ ကူတာကို ရေးမှတ်ရတာပေါ့။
ဒီနေရာမှာ ဒုက္ခလေးအကြောင်း ပြောချင်တယ်။
'ရော့ ဟေ့ ငါက သုံးကျပ်.....'
မော့ကြည့်လိုက်တော့ ကြည်လင်။
ကြည်လင်ဆိုတာ မဟာကဗျာဆရာကြီး ကြည်အောင်။
'ဟေ့ကောင် ရေးပါဟ' တဲ့။
ဟောဗျာ ဒီကောင့်နာမည် နာမည် ဘသူပါလိမ့် ဒုက္ခဘဲ ဒုက္ခဘဲ သူ ဘသူတုန်း။
နောက်က လူတွေကလဲ အုံလို့။
'ရေးလေ ကြည်လင် ဈေးချို ပန်းရန်ရပ် ၃ိ'
မိန်းမက ထောက်ပေးလို့ အမြန် ရေးလိုက်ရတယ်။
ခွေးမသားကြည်လင်၊ ငါ့ကို ဒုက္ခပေးတယ်။
စိတ်ပညာအရ Sub conscious mind ကနေ conscious mind ရောက်အောင် အချိန်ယူရ ဆိုကိုး။
လက်ဖွဲ့ခုံဆိုတော့ မော့်ကြည့်လိုက် ရေးလိုက်၊ မော့ကြည့်လိုက် ရေးလိုက်။
conscious mind မရောက်ခင် နောက်တယောက် နောက်တယောက်၊ လူကို ချာချာလည်ကုန်တော့ တာပေါ့။
ဟုတ် မဟုတ်တော့ မသိဘူး။
တူမလေး နုနုရည်(အင်းဝ) ရဲ့ ယောက်ျား စိတ်ပညာပါမောက္ခ ဗိုလ်တိုးကို မေးကြည့်အုံးမှ။

(၆)

ကလေးနှစ်ယောက်ရတော့ အိမ်ထောင်ဦးစီး ချာပရာစီ။
'ကိုဖိုးကိုကြီး အုတ်ကျိုးလှူအုံးဗျာ....'
'အေး......အေး လှည်းသုံးစီး... ရော့ ပိုက်ဆံ'
အင်းဝက ရေ၀င်မြေ။
ဒုဌ၀တီရော ဧရာဝတီရော ရေတွေတိုးတော့ အရပ်ထဲ ရေတွေ၊ ၀ါဆို ၀ါခေါင် ရေဖောင်ဖောင်။
ရေကျသွားတော့ လမ်းတွေ ပျက်ကုန်တော့တာပေါ့။
အုတ်နီခဲကျိုးတွေကလဲ လယ်ကွက်တွေထဲ ပေါမှပေါ။ လယ်ကွက်ရှင်တွေကလဲ ကောက်တာကို သိပ်သဘောကျ။ စေတီပျက်တွေရဲ့ အုတ်ကျိုးတွေလေ။
မြင်းလှည်းသမားတွေ အားတဲ့ ဥပုသ်နေ့မှာ လမ်းတွေ ပြင်လိုက်ကြတာ ပျော်မှပျော်။
ကျုပ်တို့ကို ဆီထမင်းတွေ၊ အကြော်တွေ၊ လက်ဖက်သုပ် ဂျင်းသုပ်တွေ ကျွေးလိုက်ကြတာ အလျှံပယ်။
ရွှံ့အလိမ်းလိမ်း ဗွက်အလိမ်းလိမ်းနဲ့ မြေကြီးပေါ် ဖင်ချ ထိုင်စားရတာ ကောင်းမှ ကောင်း။
နှစ်တိုင်း နှစ်တိုင်း ပျော်ပျော်ပါးပါး။
ဒါနဲ့ ဟိုပါတီကြီး ပေါ်လာပါရော။
ကလပ်စည်း ခေါင်းဆောင်တွေ၊ ပါတီစိတ် အတွင်းရေးမှူးတွေ၊ ရပ်ကွက်ကောင်စီ ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေ.. အံမယ်လေး တိုက်ပုံအင်္ကျီကြီးတွေနဲ့ အရှေ့ နဲ့ အနောက်၊ တောင်နဲ့ မြောက် လမ်းသလား နေလိုက်ကြတာ။
အုတ်ကျိုး တခဲမှ မလှူ။
အုတ်ခဲ တခဲမှ မကိုင်။
ကျုပ်တို့ကို ကျွေးမယ့်ဟာတွေ တုတ်သွားလိုက်ကြတာ။ အံမယ် ဖျာတောင် ခင်းပေးရသေးတယ်။
အရာရာ ပါတီက ဦးဆောင် ဆိုကိုး။
ဒီမှာတင် ချာပရာစီ အငြိမ်းစား ယူသင့် မယူသင့် ခေါင်းထဲ ၀င်လာတော့တာဘဲ။

(၇)

ကျုပ်တို့ ပခုံးပေါ်က သင်းချိုင်းသွားတဲ့ လူတွေ ဘယ်နည်းတော့မလဲ။
ကျင်းတူးတယ်၊ ထမ်းတယ်၊ သီလယူတယ်။
ဦးချင်းရောက်ကြီး သူ့တဲလေးထဲမှာ ကွေးကွေးလေး သေနေတော့ ကဗျာကယာ ယပ်တောင်ပေါ် ဆယ်တန်လေးကပ်၊ ရေငုံဆရာတော်ပင့်၊ သရဏဂုံတင်- ကျုပ်တို့တတွေ ပခုံးနဲ့ ထမ်းပြီး သင်္ဂြီုဟ်ပေးခဲ့ကြတယ်။ သာဓုခေါ်ဗျာ။
ဒီလိုနဲ့ ချာပရာစီဘ၀ မက်မက်မောမော လုပ်နေတုန်း ဟိုလူတွေရဲ့ မျက်လုံးတွေ ကျုပ်တို့ပေါ် ရောက်လာကုန်ကြတယ်။
လူစုတယ် ဆိုသလိုလို၊ စည်းရုံးတယ် ဆိုသလိုလို၊ ပုန်ကန်တော့မယ် ဆိုသလိုလို။
ဟာ ဘာလဲဟ။
မဟာချာပရာစီကြီး အငြိမ်းစား ယူသင့် မယူသင့်။

(၈)

၆၀၊ ၇၀ ထဲ ရောက်လာတော့ မင်္ဂလာဆောင် အကန်တော့ခံတဲ့၊ ဘိသိက်သွန်းပေးပါတဲ့၊ ဆုံးမစကား ပြောပေးပါတဲ့ ချာပရာစီကြီး ပျော်ပျော်ကြီး လုပ်ပေးပါတယ်။
အဲ တဲ့.......
တခုသော မင်္ဂလာဆောင်မှာတဲ့......
သတို့သမီးဘက်က အကန်တော့ခံ ကြွပါတဲ့၊ ဆုံးမစကား ပြောပေးပါတဲ့ ပင့်ရော။
မင်္ဂလာ အခါရောက်တော့ အကန်တော့ခံဘို့ သတို့သားအဖေ ကျုပ်ကိုယ်တိုင် ခေါ်ပါတယ်၊ မလာပါဘူး။ လာပါ မိစုံ၊ ဘစုံ ကန်တော့ရအောင်။
နိုး...... မလာဘူး။
သူက ဟိုအသင်း သ့္ကဌ၊ ဟိုအဖွဲ့ အတွင်းရေးမှူးဆိုတော့ ကျုပ်နဲ့ ပေါင်းရင် သူပြုတ်မှာ။
ဒါကြောင့် မမှီဝဲနဲ့ ကင်းအောင်နေ။
မဟာချာပရာစီကြီး အငြိမ်းစား ယူသင့် မယူသင့်။
မနောကံကနေ ၀စီကံ ရောက်လာပြီ။
ခင်တဲ့ လူတွေကို ပြောကြည့်မိတယ်။

(၉)

ဒါကြားတာနဲ့ လူငယ်တွေ တော်တ်ာများများ ကျုပ်ဆီ လာကြပါလေရော။
'အဘကလဲဗျာ
အသက်ကြီးမှ တယ်မေ့တတ်သကိုး' တဲ့။
လူငယ်တွေက လူငယ်တွေက။
အဘ ကဗျာ လေဗျာ။
သတိရပလား......
'ကဗျာဆရာ
ဘယ်မှာလဲ ခင်ဗျားအတွက်။
လက်ခုပ်သံ တသောင်း
မျက်စောင်းကြီး ဆယ်ချက်နဲ့
အသက်ရှင်လျက်။ ။'
ဒါလေ.....
မျက်စောင်းကြီး ဆယ်ချက်က အဘကို forced to retire.
ဒါပေမယ့် လက်ခုပ်သံတသောင်းကတော့ တသက်လုံး မဟာချာပရာစီကြီး။
ဟေ......
'တသက်လုံး မဟာချာပရာစီကြီးတဲ့လား'
အေး.....
အေး....
ငါ 'တသက်လုံး မဟာချာပရာစီကြီးဟေ့'
လူငယ်တွေရေ ကျေးဇူးတင်သကွာ။

ကိုလေး (အင်းဝဂုဏ်ရည်)
အင်းဝ
၁၄- ၄- ၂၀၁၁
ညနေ ၃း၃၆
လမ်းမတော်
အင်းဝ တံတားဦးမြို့
မန္တလေးတိုင်း
မြန်မာပြည်။

Tuesday, April 5, 2011

ရှင်ကွဲ
ရေးသူ - နုနုရည် အင်းဝ





[ကျမရဲ့ မိတ်ဆွေ ရဲဘော်ကြီးရဲ့ ၆၀ပြည့် မွေးနေ့ အမှတ်တရ စာအုပ်အတွက် ၀တ္ထုလေးပါ။
အကြောင်းအမျိုးမျိုးတွေနဲ့ ရှင်ကွဲ ကွဲနေကြရတဲ့ သူတွေကိုကြည့်ပြီး စိတ်ထိခိုက် ခံစားမိရာကနေ ဒီဝတ္ထုလေးကို ရေးဖို့ အာရုံရတာပါ။
ကျမ ချစ်မိတ်ဆွေကြီး ခင်မျာမလဲ ချစ်လှတဲ့ တိုင်းပြည်နဲ့ရှင်ကွဲ ကွဲနေရတာ ကြာရှာပါပကောလား။
ကျမရဲ့ မွေးနေ့လက်ဆောင်လေးကို ကြိုက်တယ်ဆိုလို့ သိပ်ဝမ်းသာပါတယ်။
မာယာမှာလဲ သုံးလို့ရပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ

မနု]




တမာပင်လေးတွေ စီတန်းပေါက်နေတဲ့ လမ်းကလေးထဲကို မြင်းလှည်း ချိုးကွေ့ဝင်လိုက်တာနဲ့ အိမ်ရဲ့အနံ့ကို ကျွန်မရတယ်။ ဟိုး..... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကျစ်ဆံမြီး နှစ်ဖက်ချထားတဲ့ ကောလိပ်ကျောင်းသူဘ၀နဲ့ ပြန်လာတုန်းကလည်း သည်အနံ့ပါပဲ။ လုံခြုံနွေးထွေးတဲ့ အိမ်ရဲ့အနံ့ဟာ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးထင်ပါရဲ့။ ပြောင်းလဲသွားတာကတော့ ကျွန်မပဲပေါ့။ မျက်နှာချင်းဆိုင် မြင်းလှည်း မှန်ချပ်လေးထဲမှာ နဖူးဆံစတွေ ဖြူဖွေးစ ပြုနေတဲ့ အသက်ငါးဆယ်ကျော် မိန်းမတယောက်။


အိုး... ဟိုမှာ ကျွန်မတို့ အိမ်ကို မြင်ရပြီ။ ရေနံတွေ မည်းဝနေတဲ့ နှစ်ထပ်အိမ်ကြီးထဲမှာ ကျွန်မအဖေရယ်၊ အမေရယ်၊ မမကြီးရယ် ရှိတယ်။ ၀မ်းနည်းစရာနဲ့ ပြန်ပြန်၊ ၀မ်းသာစရာနဲ့ ပြန်ပြန် အိမ်ကိုမြင်လိုက်တာနဲ့ ဘာဖြစ်လို့များ အားရှိ လုံခြုံသွားရတာ ပါလိမ့်နော်။

မန်းကျည်းပင်၊ သရက်ပင်တွေကြားမှာ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အိမ်ရှေ့မှာ ခဏ ကျွန်မရပ်နေပြီးမှ ၀င်းတံခါး တွန်းဖွင့် ၀င်လိုက်တာနဲ့ ကျွန်မရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်။ အမေ ... အမေ့ကို ကျွန်မ ဘယ်လို တွေ့ရမှာပါလိမ့်။ သူ အင်မတန် ချစ်တယ်ဆိုတဲ့ အငယ်ဆုံးသမီး ကျွန်မကို အမေ ဘယ်လို ဆက်ဆံမှာပါလိမ့်နော်။

'မမကြီး'

အိမ်ရှေ့ တံခါးနားကနေ မမကြီးကို ကျွန်မ တိုးတိုးခေါ်လိုက်တယ်။ မမကြီး ကျွန်မကို မျှော်နေတယ် ထင်ပါရဲ့။ ချက်ချင်းပဲ အောက်ထပ် အိပ်ခန်းထဲကနေ ထွက်လာတယ်။ အဲသည် အိပ်ခန်းဟာ အဖေနဲ့ အမေ့ အိပ်ခန်း။

'ညည်း မိုးချုပ်မှ ရောက်မယ်ထင်လို့'
မျက်နှာထားတင်းတင်း၊ စကားပြတ်ပြတ် ပြောတတ်ပြီး အင်မတန် ပါးလှပ်တဲ့ နှုပ်ခမ်းနဲ့ အင်မတန် ပါးလှပ်တဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်သူ ကျွန်မရဲ့ မမကြီးဟာ ဘာမှ မပြောင်းလဲသလိုပဲ။ ကျွန်မ မလာဖြစ်တဲ့ တနှစ်အတွင်းမှာ ပြောင်းလဲသွားတာကတော့ မမကြီးရဲ့ ဖွေးဖွေးလှုပ်နေတဲ့ ဆံပင်တွေပဲ။ မနှစ်က အဖေနဲ့ အမေရဲ့ ရှစ်ဆယ်ကိုးနှစ်ပြည့် မွေးနေ့အလှူမှာတုန်းက မမကြီးဆံပင်တွေ ဒါလောက် မဖြူသေးပါဘူး။ မမကြီးက ကျွန်မအထက်က အဖတ်မတင်တဲ့ အစ်မနှစ်ယောက်ရဲ့ အထက်၊ အေးလေ မမကြီး ငါးဆယ့်ရှစ်နှစ် ရှိပြီပဲ။ ခြောက်ဆယ်နားနီးပေါ့။ ဒါဆို အစ်ကိုကြီးက အသက်ခြောက်ဆယ် ရှိခဲ့ပြီပေါ့နော်။

'အမေရော မမကြီး'
'ဒေါ်လေးတို့ အိမ်မှာ သူတို့ ညီမတွေ ငယ်ငယ်ကဟာတွေ သတိရတယ် ထင်ပါရဲ့အေ။ ဘုရားပွဲ သွားမလို့တဲ့ ပိုးလုံခြည်တွေ ဘာတွေ ထုတ်ဝတ်ပြီး ဇွတ်ထွက်သွားတာပဲ'
ကျွန်မရင်ထဲ တမျိုးကြီး ခံစားရတယ်။ ပြီးတော့ အဖေ့ကို ချက်ချင်းသတိရလိုက်မိတယ်။

'အဖေကိုရော မမကြီး ဘယ်လိုလဲဟင်'
အလျင်စလို မေးလိုက်တဲ့ ကျွန်မကို မမကြီးက ဘာမှ မပြောပဲ အသံပြတ်နဲ့ 'လာ' တဲ့။ အဖေနဲ့ အမေ အိပ်ခန်းထဲကို ရှေ့က ၀င်သွားတယ်။ မြန်မာဆေးနံ့၊ ဘုရားပန်းနံ့၊ ပြီးတော့ အဖေနဲ့ အမေနဲ့ အနံ့တွေ လွှမ်းခြုံထားတဲ့ အခန်းထဲက ကနုတ်ပန်းအခက်အနွယ်တွေနဲ့ ဟောင်းနွမ်းရှေးကျ ခံ့ညားလှတဲ့ ကျွန်းခုတင်ကြီး ပေါ်မှာ အဖေ အိပ်ပျော်နေရှာတယ်။

'အဖေနေမကောင်းဘူးလား၊ ဒူးနာတာကရော'
'အေး... ဟုတ်တယ်၊ ဒူးကတော့ ဒီလိုပါပဲအေ၊ အမေက အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး'
'ဘာရယ်'
အို.... တကယ်ပဲလား။ မဖြစ်နိုင်လိုက်တာ။ အမေကလား။ အဖေ့ကို။

'ညည်း ဒီမှာ ကြာကြာနေနိုင်ရင်တော့ ကောင်းမှာပဲ'
'နေနိုင်ပါတယ်၊ နေလဲ နေရမှာပဲ မမကြီးရယ်၊ ကျွန်မ...'
အားကိုးတိုင်တည်ဖို့ ဟန်ပြင်လိုက်တဲ့ ကျွန်မစကားတွေကို မမကြီး ဘယ်တော့မှ နားမထောင်ပါဘူး။
'ငါ အမေ့ကို သွားခေါ်လိုက်ဦးမယ်၊ ညည်းအဖေ့နား စောင့်လိုက်ဦး၊ ပြန်မှ ထမင်းစားကြတာပေါ့။ အစ်ကိုကြီးတို့အိမ်က ထမင်းပို့တယ်၊ လာရင် ယူထားလိုက်'

စကားဆုံးတာနဲ့ မမကြီးခန္ဓာကိုယ် ပါးပါးလေး အခန်းပြင်ဘက်ကို လှစ်ခနဲ ပျောက်ကွယ်သွားခဲ့တယ်။ အဖေ့ ခုတင်ဘေးက ပက်လက်ကုလားထိုင်လေးပေါ်မှာ ကျွန်မကိုယ်ခန္ဓာကို ပုံချလိုက်မိတယ်။ မမကြီးဟာ ကျွန်မတို့ နှစ်ယောက်ကို ခုထိ ခွင့်မလွှတ်နိုင်သေးဘူးလား။ မမကြီးမှာ တရားမရှိနိုင်သေးဘူးလား။ အနွေးထည် အင်္ကျီအိတ်ထောင်ထဲက ကျွန်မရဲ့ ခရီးဆောင် စာအုပ်လေးကို ထုတ်လိုက်တယ်။ 'ဗုဒ္ဓယဉ်ကျေးမှုအခြေခံ' တဲ့။ စာအုပ်ရဲ့ ပထမစာမျက်နှာမှာ မမကြီးနဲ့ အဖေတို့ အမေတို့က မုန်းတဲ့ ကျွန်မချစ်လင်ရဲ့ လက်ရေးစောင်းစောင်း တွေကို မြင်ရတယ်။ 'ချစ်ဇနီး ခင်ထွေးရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့သို့' တဲ့။ ဘုရားရှိမခိုးတဲ့၊ ဘုရားစာမရတဲ့၊ တရားလဲမထိုင်၊ ပုတီးလည်း မစိပ်တဲ့ ကျွန်မချစ်လင်ရဲ့ အံ့သြစရာ မွေးနေ့လက်ဆောင်။ လွန်ခဲ့တဲ့ တပါတ်က ကျရောက်ခဲ့တဲ့ ငါးဆယ့်နှစ်နှစ်ပြည့် ကျွန်မရဲ့ မွေးနေ့မှာ အထီးကျန်ခြင်းကို ကျွန်မအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ကျွန်မရဲ့ ချစ်လင်။

စာအုပ်လေးကို တဖျပ်ဖျပ်လှန်လှောရင်း 'ဓာရဏပရိတ်' ကို အာရုံပြု ရွတ်ဖတ်ဖို့ ကျွန်မကြိုးစားတယ်။

ဆယ့်ငါးပေ၊ ပေငါးဆယ်ရှိတဲ့ အခန်းလေးတခု၊ ခပ်နွမ်းနွမ်း ပရိဘောဂအနည်းငယ်။ ကျွန်မနဲ့ တချို့ လူတွေ မုန်းပြီး သူမြတ်နိုးကိုးကွယ်တဲ့ စာအုပ်တွေအပြည့်။ နေရာအနှံ့ ပုံစံအမျိုးမျိုး ဆေးလိပ်ခွက်တွေ။ အလွန် သပ္ပာယ်တဲ့ ဘုရားဆောင်လေးတခုလဲ ရှိတဲ့ ဒီအခန်းလေးထဲမှာ အိမ်ထောင်သက် အနှစ်သုံးဆယ်နီးပါး ကျွန်မတို့ ဖြတ်သန်း ခဲ့တယ်။ ကျွန်မ ကောလိပ်ကျောင်းသူဘ၀ တပိုင်းတစနဲ့ သူ့နောက် ခိုးရာလိုက်ခဲ့ကတည်းက တဖက်က ကျူရှင်ပြရင်း သူလုပ်ချင်တာတွေ လုပ်ရင်း ချို့တဲ့မှုဒဏ်ကို ခါးစည်းမခံနိုင်တဲ့ ကျွန်မက အိမ်ပြန်လက်ဖြန့်ရင် သည်အခန်းလေးထဲမှာ 'သင်း သွေးကို ငါတို့ ချစ်နေရဦးမယ်၊ နင်တို့ သားသမီးမရစေနဲ့' လို့ ဆိုတဲ့ မမကြီး ကျိန်စာကလည်း ကျွန်မတို့ကို ထိခဲ့တာကိုးနော်။

စာအုပ်လေးကို ကျွန်မ ပိတ်လိုက်တယ်။ မသိမသာ လူးလွန့်လိုက်တဲ့ အဖေ့ကို ကြည့်ရင်း ကျွန်မ၀မ်းနည်းလာတယ်။ ကျွန်မ ဘယ်သူ့ကို ပြောရမလဲ။ ညသန်းခေါင်ရဲ့ ဆူညံလှုပ်ခါနေတဲ့ လူခေါ် ကြေးခေါင်းလောင်းသံ။ ပြီးတော့ သူစိမ်းတွေ။ သူစိမ်းတွေနဲ့အတူ ကျွန်မရှေ့က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အထီးကျန်ခြင်းကို ကျွန်မအတွက် ထားရစ်ခဲ့တဲ့ ကျွန်မချစ်လင်။ ကျွန်မ သိပ်ကြောက်တာပဲ အဖေ။ သူသာဆိုရင်တော့ ကျွန်မကို ပြောဦးမယ်။ 'မင်းဟာ ဘယ်တော့မှ ကြီးပြင်မယ့် မိန်းမ မဟုတ်ဘူး လို့'။

မှောင်စပြုလာတဲ့ အခန်းထဲမှာ မီးဖွင့်ဖို့ ကျွန်မ ထလိုက်တယ်။ မီးဖွင့်ပြီး အဖေ့ခုတင်နား ကျွန်မပြန်လာ တော့ အဖေရယ် နိုးနေပြီ။ ဒါပေမယ့် အဖေကျွန်မကို ဘာမှ မပြောခဲ့ပါ။ သူ့မျက်လုံးတွေ ဟိုဟိုသည်သည် လိုက်ကြည့်နေတယ်။ ပြီးတော့မှ 'ညည်းအမေရော' တဲ့။ ကျွန်မ ငယ်ဘ၀ တလျှောက်လုံး ကြားခဲ့ရတဲ့ အဖေ့ ရေရွတ်သံ။ ကျွန်မ ဘာပြောရမလဲ။

'အမေလား အဖေ'
ကျွန်မ စကားထစ်နေဆဲ အဖေ့မျက်နှာ ဖျတ်ခနဲ ညှိုးနွမ်းသွားပြီး မျက်လုံးတွေ ပြန်မှိတ်ပစ်လိုက်တယ်။ ခုတင်ဘေး စားပွဲလေးပေါ် ဓာတ်ဗူးလေးထဲက နွားနို့ကို အဖေသောက်နေကျ လက်ဖက်ရည်ပန်းကန်ပြား အပက်လေးထဲ ကျွန်မငှဲ့ထည့်လိုက်တုန်း......။

'စိတ်ချ၊ နက်ဖြန်ကျ လိုက်ပို့ပါ့မယ်လို့ဆို'
ဟော မမကြီးအသံ။ အမေလာပြီလား။ အဖေ့မျက်လုံးတွေ ပြန်ပွင့်လာတယ်။ ကျွန်မရင်တွေလဲ တဒိတ်ဒိတ် ပြန်ခုန်လာတယ်။ အမေ ဘယ်လို ဖြစ်နေမှာလဲ။

'လာပါအမေရဲ့'
အခန်းဝမှာ မမကြီးနဲ့အမေ ရုတ်တရက် ပေါ်လာတယ်။
'အမေ'
ပါးရေတွန့် ပါးပြင်မှာ သနပ်ခါးတွေနဲ့ အမေက ကျွန်မကို စိမ်းစိမ်းကြည့်နေတယ်။ လန်းဆန်းတက်ကြွမှု တမျိုး ပူးကပ်နေတဲ့ အသက်ကိုးဆယ်အရွယ်၊ ကျွန်မရဲ့ အမေဟာ ကျွန်မကို ကြည့်ရာက အဖေ့ဆီကို ဖျတ်ခနဲ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကျွန်မ ငှဲ့လက်စ နွားနို့ပန်းကန်ပြားလေးပေါ်။ အို.... အမေ သတိရပါစေ။ ကျွန်မမျက်စိထဲမှာ အဖေ့မေးစေ့အောက်မှာ လက်ကိုင်ပုဝါလေးခံပြီး နွားနို့ ပန်းကန်ပြားလေးကို တိုက်နေတဲ့ အမေ။ အဖေ့ဒူးကို အမြဲတမ်း နှိပ်ပေးနေတဲ့ အမေ။ 'နင်အဖေရော' ဆိုတဲ့ အမေ့ပူပန်သံနဲ့ ပျာယာခတ် အမူအရာ၊ ကျွန်မအမေ့ကို မျှော်လင့်တကြီး ကြည့်မိတယ်။ ပြီးတော့ နွားနို့ပန်းကန်ကို ကျွန်မကောက်ကိုင်လိုက်ရင်း......

'ရော့လေ အမေ၊ အဖေ့ကို'
ကျွန်မစကားမဆုံးခင်မှာပဲ အမေဟာ အဖေ့ကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်တယ်။
'ဒီအဘိုးကြီးက ဘယ်ကလဲ၊ သူများအိမ်မှာ ဘာလာလုပ်နေတာလဲ။ ခုထိမပြန်သေးဘူးလား၊ မိုးချုပ်လှပြီ'
'အို..... အမေ'
မျက်စိစုံမှိတ်လိုက်တဲ့ အဖေ့မျက်နှာကို ကျွန်မ တသက်မမေ့နိုင်တော့ပါ။
'ဟဲ့ အဘိုကြီး ကိုယ့်အိမ်ကို ပြန်လေ။ မိုးချုပ်လှပြီဆို၊ အသားအရေတွေက ဖြူဖပ်ဖြူရော်နဲ့ အဲ့ဒါ ဘယ်က တရုတ်အဖိုးကြီးလဲ ဟင်၊ ဘယ်ကလဲ'
မမကြီးက အမေ့ကို အတင်းဆွဲခေါ်သွားတယ်။ 'အဖိုးကြီး ပြန်တော့' ဆိုတဲ့ အမေ့အော်သံသဲ့သဲ့ကို ကျွန်မ တကယ်ကြားနေရတာပါလား။ အမေဟာ အဖေ့ကို လုံးလုံး မမှတ်မိတော့ဘူး။ ဖြစ်နိုင်ပါ့မလား။ အိမ်ထောင်သက် အနှစ်ငါးဆယ်ကျော် တလျှောက်လုံး အမေဟာ အဖေ့ကို ဘယ်လောက် မြတ်နိုးခဲ့သလဲ။ ဘယ်လောက် ယုယခဲ့သလဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"ညည်းတို့အမေ၊ ညည်းတို့အဖေကို ယုယပုံများတော့ ငါတို့ တသက် တွေ့ဖူးပေါင်အေ၊ အရိပ်ကြည့်နေ တယ်ဆိုတာမျိုးပေါ့။ ညည်းတို့ အဖေဟာလေ ထမင်းတို့ ဟင်းတို့၊ လက်ဖက်ရည်ချိုတို့၊ ကော်ဖီတို့ ဆိုတာတွေဟာ ပန်းကန်ပြား၊ ပန်းကန်လုံးထဲမှာ ဖြစ်တာလို့ သိတော့တာ။ သူ့ရှေ့မှာ စားစရာ သောက်စရာ ချထားရင် မစားတတ်တော့ဘူး။ ညည်းအမေက ကောက်ယူပြီး 'ရော့ ... ကိုမောင်သန်း စားလေ' ဆိုတော့မှ စားတာ။ တခါများ ညည်းတို့အမေက ထမင်းပွဲ ပြင်ပေးခဲ့ပြီး ဧည့်သည်လာလို့ ဧည့်သည်နဲ့ စကားပြောနေတယ်။ တော်တော်လည်း ကြာသွားတယ်။ ဧည့်သည်ပြန်တော့မှ ထမင်းစားပွဲဆီ ၀င်လာတော့..... အမယ်လေးတော် ပြောချင်ဘူး။ မောင်မင်းကြီးသား ထမင်းဝိုင်းမှာ သည်အတိုင်း ငုတ်တုတ်။ ညည်းအမေက 'စား' လို့ မပြောသေးလို့။ အဖြစ်က။

တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာမို့လား မသိပါဘူးအေ စီးပွါးကလဲ ဖြစ်လိုက်တာ။ ညည်းအမေ မထိုက်ကလည်း တော်ပါပေတယ်။ သန်းထိုက် သစ်စက်ဆိုတော့ တနယ်လုံး ဟိုးဟိုးကျော်ပေါ့။

အဲ .... ညည်းအဖေ ဒူးမဖြတ်ရတာလဲ ညည်းအမေကြောင့်ပဲ။ ညည်းမွေးပြီးစလေးပေါ့။ ညည်းအဖေ ဖြစ်တာ။ မြို့ပြင် သံလမ်းတွေဆီသွားပြီး ကန်ထရိုက်သွင်းရဖို့ ဇလီဖားတုံးတွေကို သွားကြည့်တာလေ။ မြို့ဝင်လမ်းမှာ မန်းကျည်းပင်ကြီးတွေကို လှဲပြီး ထင်းလုပ်နေကြသတဲ့။ ညည်းအဖေက ကားလေးနဲ့တဲ့။ မောင်းတဲ့ လူလဲ ရှိပါတယ်။ အဲ့ဒါ လွတ်ပါတယ်ဆိုပြီး ကားဖြတ်မောင်းတာ တခါတည်း မန်းကျည်းပင်ကြီးတပင်က သူ့ကားပေါ် တည့်တည့်ကျတော့တာပဲ။ ကားလေးဟာ တခါတည်း ပြားချပ်သွားတော့တာပဲ။ မောင်းတဲ့လူကတော့ ပွဲချင်းပြီးပေါ့။ ညည်းအဖေက နောက်ခန်းမှာ ထိုင်လာတော့ လူတော့ မသေဘူး။ ကားထဲမှာ ခြေထောက်တွေ ညှပ်နေတာ ဆွဲထုတ်လို့ မရဘူး။ အမလေး ... ညည်းအမေက ဘယ်လောက်သတ္တိကောင်းတယ် မှတ်လဲ။ ဒါလောက်ချစ်တဲ့ ယောက်ျားနော်။ ဦးမောင်သန်းကြီးကား မန်ကျည်းပင် ပိလို့တဲ့ဗျို့ ဆိုပြီးကြားတော့ ငိုလိမ့်မယ် မှတ်လား။ ညည်းကို ရင်ခွင်ထဲက ချပြီး သစ်စက်ကို ပြေးတာပဲ။ သစ်စက်က ရှိသမျှလူခေါ်၊ သစ်လုံးမတဲ့ ဟာကြီးတွေ ယူဆိုပြီး အကုန်စီစဉ်တာ။ ဟိုရောက်တော့ ညည်းအဖေကလေ ပေါ်နေတဲ့ ခေါင်းလေး တယမ်းယမ်းနဲ့တဲ့။

'ဟာ ... မထိုက်၊ ငါပြန်လာပေါ့ကွာ၊ ဘာလို့ လိုက်လာတာလဲ' လို့ ပြောသေးသတဲ့။ တခါတည်း တစချင်း ဆွဲဖယ်ပြီးမှ လူကို ထုတ်ရတာ။ ခြေထောက်နှစ်ဖက်စလုံး အရိုးတွေ ကျိုးကုန်တယ်။ အိုး..... ကုလိုက်ရတဲ့ အမျိုး။ မရွှေထိုက်တို့ကတော့ လူ အားရော၊ ငွေ အားရော၊ ဒါပေမယ့် ဆရာဝန်က မရဘူး။ ဖြတ်ပစ်ရမယ် ဆိုပြီး ပြောရော။ အဲ့ဒါ ညည်းအမေက မဖြတ်ပါရစေနဲ့ဦး။ သူကြိုးစား ကြည့်ပါရစေဦးဆိုပြီး ဆေးဆရာ ရှာတာလေ။ နောက်ဆုံး ညည်းအမေ မေတ္တာကြောင့် ထင်ပါရဲ့။ ရှမ်းဆရာကြီးတယောက်နဲ့ တွေ့ပြီး ဆေးစည်းတာနဲ့ အရိုးတွေ ပြန်ဆက်ပြီး ခြေထောက် မဖြတ်ရတော့ဘူး။ အဲဒီကတည်းက ညည်းအမေ ညည်းအဖေ ခြေထောက်တွေကို အမြဲတမ်း နှိပ်ပေးတဲ့ အကျင့်ဖြစ်သွားတော့တာပဲ။ ညည်းအဖေ ပက်လက်ကုလားထိုင်ပေါ် ထိုင်တာနဲ့ ဘေးကနေပြီး နှိပ်ပေးနေတော့တာပဲ။ သစ်စက်အလုပ်တွေကိုလဲ မလုပ်ခိုင်းတော့ဘူး။"

ကျွန်မတို့ ငယ်ငယ်တုန်းက မေမေ့ညီမ ဒေါ်လေးသိုက် ပြောပြတတ်တဲ့ အဖေနဲ့ အမေအကြောင်းဟာ အိပ်ရာဝင် ပုံပြင်တွေလို နားထောင်လို့ သိတ်ကောင်းခဲ့တာပေါ့။ ကျွန်မတို့ ကြီးတဲ့အထိလဲ သမီးတွေ ကျွေးတာ တောင် မစားပဲ အမေကျွေးမှ စားတာတဲ့။ ခဏလေး အမေ့မမြင်တာနဲ့ 'ညည်းအမေရော' လို့ မေးတတ်တဲ့ အဖေ့ကို ကျွန်မတို့ ရယ်ပွဲဖွဲ့လို့ မဆုံးနိုင်ခဲ့ပါဘူး။

အဖေနဲ့အမေ ညအိပ်ညနေခွဲပြီး ခရီးသွားတာကိုလည်း ကျွန်မသိတတ်စ အရွယ်ကတည်းက တခါမှ မတွေ့ခဲ့ဘူးပါဘူး။ အမေ သစ်စက်သွားတဲ့ အချိန်လောက်ပဲ ခဏ ခွဲနေတာ။ အစ်ကိုကြီး အိမ်ထောင်ကျပြီး သစ်စက်ကို ဦးစီးနိုင်တာနဲ့ အဖေ့နားမှာပဲ အချိန်ပြည့် နေတော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်မှာ အဖေထိုင်ပြီး၊ ကြမ်းပေါ်မှာ အမေက ကျုံ့ကျုံ့ကလေးထိုင်လို့ အဖေ့ခြေထောက်တွေကို နှိပ်ပေးနေတဲ့ မြင်ကွင်းဟာ ကျွန်မတို့ အမြဲတမ်း တွေ့နေကျ မြင်ကွင်းပေါ့။

အမေရယ်။ အိပ်မပျော်နိုင်တဲ့ ကျွန်မ စိပ်ပုတီးတချောက်ချောက် စိပ်ရင်းဘယ်ညာ လူလှိမ့်နေမိတယ်။ အဖေ အိပ်ပျော်ရှာရဲ့လား။ အဖေနဲ့ အမေ တခါမှ ခွဲမအိပ်ဖူးဘူးနော်။ အထီးကျန်ခြင်း ဝေဒနာ ဆိုတာကို အမေမသိပါဘူး အမေရယ်။ သိပ်ဝမ်းနည်းစရာ ကောင်းတာ။ အဖေ့ ချောင်းဆိုးသံက ကျွန်မကို ပိုဝမ်းနည်းလာ စေတယ်။ စိမ့်ကျလာတဲ့ မျက်ရည်တွေကို ကျွန်မ လက်နဲ့ ပွတ်သုတ်လိုက်တော့ စိပ်ပုတီးမှာပါ မျက်ရည်တွေ ရောနှော စွတ်စိုကုန်တယ်။

'နည်းနည်းလောက်တော့ သောက်လိုက်ပါ အဖေရယ်နော်၊ အဖေ ညကလည်း ဘာမှ စားတာ မဟုတ်ဘူး၊ နွားနို့လေး နည်းနည်းလေးနော်... အဖေနော်'

မနက်လင်းတယ် ဆိုကတည်းက ကျွန်မဘယ်လိုပဲ ကြိုးစားတိုက်တိုက် နွားနို့ပန်းကန်ကို အဖေ ခေါင်းယမ်းလို့ချည်း နေတော့တယ်။ ပါးစပ်က မမေးပေမယ့် အဖေ့မျက်လုံးတွေက အခန်းဝကိုချည်း ကြည့်လို့နေတယ်။ အဖေရယ်။

'ပက်လက်ကုလားထိုင်ပေါ် ပြောင်းထိုင်ရအောင်နော် အဖေ၊ ကျွန်မရွှေ့ပေးမယ်၊ ဒါမှ အဖေ အညောင်း မမိမှာ'
အဖေခေါင်းယမ်းနေတဲ့ ကြားထဲကပဲ ကျွန်မအဖေ့ကို ပက်လက်ကုလားထိုင်ပေါ်ကို အသာအယာတွဲပို့ဖို့ ကြိုးစားနေတုန်း
'ဟေ့ .... အဖိုးကြီး မပြန်သေးဘူးလား'
အခန်းဝကနေ ရုတ်တရက် ပေါ်လာတဲ့ အမေ့အသံ ကျယ်ကျယ်ကြောင့် အဖေရော ကျွန်မပါ လန့်ဖျပ်တုန်ယင် သွားခဲ့ပါတယ်။ ပိုးလုံချည် အစိမ်းတွန့်တွန့် ဖြူညစ်ညစ်ပုဝါကို ကျကျနန ခြုံထားတဲ့ အမေက အဖေ့ကို ကြည့်နေတယ်။ အဖေကတော့ အမေ့ကို မကြည့်ပါဘူး။ အဖေ့ကို ပက်လက်ကုလားထိုင်ပေါ် တွဲချ ထိုင်ခိုင်းပြီးတာနဲ့ အခန်းထဲကို ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ၀င်လာတယ်။ ပြီးတော့ အဖေ့ဘေးနား ကြမ်းပေါ်မှာ ထိုင်ချလိုက်တယ်။ ပြီးတော့ အဖေ့ခြေထောက်တွေကို ဖြည်းဖြည်း.... ဖြည်းဖြည်းချင်း။

'အို .... အမေ'
ကျွန်မရဲ့ ၀မ်းသာအားရသံနဲ့ အတူ အဖေ့ မျက်နှာကြည်လင်သွားပုံဟာလည်း မယုံနိုင်လောက်အောင် ပါပဲ။ ဒါပေမယ့် အမေကလေ......

'ဒီ အဘိုးကြီးက တို့အိမ်ဘာလို့ လာနေတာလဲ၊ သူ့မှာ အိမ်မရှိဘူးလား၊ မြန်မြန် ပြန်လွှတ်လိုက်စမ်း၊ ဘယ်ကလဲ ဒီအဖိုးကြီးဟာ...'
အမေရယ် ပါးစပ်က ပြောချင်တာတွေ တွင်တွင်ပြောပြီး အဖေ့ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်ပေးနေတဲ့ အမေ့ကို မကြည့်ချင်တော့ပါဘူး။
အမေအခန်းထဲက ပြန်ထွက်သွားတာနဲ့ ခုတင်ပေါ်က ဇာခြင်ထောင် ထူထူအောက်ကို အဖေပြန်ဝင်သွား ခဲ့တယ်။ ဘာမှလဲ ကျွေးလို့ မရဘူး။

နေ့လယ်လောက်ကျတော့ အဖေ့ကို နွားနို့နဲ့ မုန့်လေးကျွေးဖို့ ကျွန်မနဲ့ မမကြီး ကြိုးစားရပြန်တယ်။ အဖေကတော့ ခေါင်းယမ်းမြဲ။ အပေါ့အပါး သွားပြီးတာနဲ့ ခြင်ထောင်အောက်ကိုပဲ ပြန်ဝင်ဖို့ လုပ်တော့တာပဲ။ ပက်လက်ကုလားထိုင်ပေါ်ကို ရွှေ့လို့ အဖေ ပက်လက်ကုလားထိုင်ပေါ် ရောက်တာနဲ့ အမေရယ်လေ ဗြုန်းဆို ပေါက်ချလာပြီး.......
'ဒီအဖိုးကြီး မပြန်သေးဘူးလား၊ ဘယ်ကလဲ ဒီအဖိုးကြီးနဲ့' ပါးစပ်က ဘာတွေ ပြောပြော အမေက အဖေ့ ပက်လက်ကုလားထိုင်ဘေးမှာ ထိုင်ပြီး ယုယုယယ နှိပ်နေပါပြီ။ အမေရယ်။ မမကြီးက မျက်ရည်ကျ နေတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ညနေကျတော့လည်း ခြင်ထောင်ထဲက မထွက်တော့တဲ့ အဖေ့ကို ကျွန်မ ဇွတ် ချော့မော့ပြီး အပြင်ကို ခေါ်ထုတ်ရပြန်တယ်။ ကျွန်မ မျက်ရည်တ၀ဲဝဲနဲ့ တိုက်တဲ့ နွားနို့ပန်းကန်ကို သည်တခါတော့ အဖေက ကြည့်တယ်။ ပြီးတော့ ကျွန်မကို သေချာ စိုက်ကြည့်နေပြီး ပက်လက်ကုလားထိုင်ပေါ် ပို့ဖို့ ပြတယ်။
ကုလားထိုင်ပေါ်ရောက်ပြီးမှ အဖေ ပြန်ထတယ်။ အိပ်ရာပေါ်ကို ဇွတ်လက်ညှိုးထိုးပြနေတယ်။ 'ပို့ ပို့' တဲ့။

'အဖေကလဲ နွားနို့လေး သောက်ပြီးမှ ပြန်အိပ်ပါ။ ဒီမှာ ခဏလေး နေလိုက်ပါဦး'
အဖေခေါင်းကို ယမ်းပြီး ကျွန်မကို သနားစရာ ကြေကွဲစရာ အကြည့်နဲ့ မော့ကြည့်တယ်။ ပြီးတော့မှ တိုးတိုးလေး 'ညည်းအမေ မြင်ရင် အဖေ့ကို နှင်လိမ့်မယ်' တဲ့။ အို.... အဖေရယ်။

ကျွန်မ ရုတ်တရက် ဘာမှ ပြန်မပြောနိုင်အောင် စိတ်ထိခိုက်ရတယ်။ အေးစက်စက် အဖေ့လက်တွေကို ကျွန်မ ကြင်ကြင်နာနာ ကိုင်ထားလိုက်တုန်းမှာပဲ အမေရယ်လေ....

'မိသိုက်ကအေ သိပ်ညစ်တာပဲ၊ တော်ပြီ ဒီကောင်မနဲ့ နောက်မကစားဘူး'
ဒေါ်လေးသိုက်တို့ အိမ်က အပြန် အကြီးအကျယ် အော်ဟစ်သောင်းကျန်းလာတဲ့ အမေက အဖေ့အခန်းဝကိုတော့ တန်းတန်းမတ်မတ်လာတယ်။ ပက်လက်ကုလားထိုင်ဆီကိုလဲ တန်းတန်းမတ်မတ်။ ပြီးတော့ အဖေ့ခြေထောက်တွေကိုလည်း တယုတယ။ ဒါပေမယ့် အဖေ့ကို စူးစူးကြည့်လို့.....

'ဟဲ့ အဘိုးကြီး သူများအိမ်ကို အားမနာဘူးလား၊ မရှက်ဘူးလား၊ ပြန်ပါတော့လား၊ ကိုယ့်အိမ်ကို မပြန်ရင်လေ မပြန်ရင်'

အမေက နှိပ်နေတာကို ရပ်ပြီး ခဏ စဉ်းစားတယ်။ ပြီးတော့မှ အားရပါးရ ဆက်နှိပ်ရင်း 'ရိုက်ထုတ်မယ်၊ ရိုက်ထုတ်မယ်ဟေ့' တဲ့။

'အမေကလဲနော်'
မမကြီးနဲ့ ကျွန်မက စိတ်ထိခိုက် ညစ်ညူးပေမယ့် အဖေဟာ ဒီတခါတော့ ထူးထူးဆန်းဆန်း မျက်နှာ မလွှဲပဲ အမေ့ကို စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် အဖေ့ မျက်နှာကတော့ ကြေကွဲစရာ အကောင်းဆုံး၊ ၀မ်းနည်းစရာ အကောင်းဆုံး မျက်နှာ။
အဲ့သည်ညမှာပဲ အဖေ ဆုံးသွားရှာပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပြတင်းပေါက်က ၀င်တဲ့ လေအရှိန်နဲ့ တဖျပ်ဖျပ်လွင့်နေတဲ့ ဇာခြင်ထောင်ကို ကျွန်မနဲ့ မမကြီး မွေ့ရာအောက်မှာ သပ်သပ်ရပ်ရပ် ဖိလိုက်ကြတယ်။ ပက်လက်ကုလားထိုင်ကိုလည်း နေသားတကျ။ ခုတင်ဘေးက စားပွဲလေးပေါ်မှာလည်း နွားနို့ဓါတ်ဗူးနဲ့ ပန်းကန်ပြားလေးကို အဖေရှိနေတုန်းကလိုပဲ သေသေသပ်သပ် ချထားပါတယ်။ အခန်းဝက ကြည့်လိုက်ရင် ခြင်ထောင်ထဲမှာ အဖေရှိနေသလို ပေါ့နော်။ မမကြီးဆီက ကြိတ်ပြီး ရှိုက်သံ ကြားရတယ်။

'ငါ့ကို ဘာဖြစ်လို့ မိသိုက်တို့အိမ် ညအိပ်ခိုင်းရတာလဲ၊ ပြောစမ်းပါဟဲ့'
ဟော အမေပြန်လာပြီ။ အမေပြန်လာရှာပြီ။ မမကြီးက မျက်ရည်တွေကို ကဗျာကယာ သုတ်တယ်။ အမေ့ကို ခေါ်လာတဲ့ အစ်ကိုကြီးရဲ့ 'အမေကလဲဗျာ' ဆိုတဲ့ စိတ်မကောင်းသံကို ကြားရတယ်။

'သူများအိမ်မှာ အပျိုအရွယ်လေး ည သွားအိပ်လို့ မကောင်းဘူးဆိုတာ နင်တို့ မသိဘူးလား။ ငါတစက်မှ အိပ်မပျော်ဘူး။ ဒီနေ့ညသာ ဆက်အိပ်ရရင် မိသိုက်တို့အိမ် မီးနဲ့ အရှို့ပဲ'
ကျွန်မနဲ့ မမကြီး အခန်းထဲက မြန်မြန်ထွက်လိုက်ကြတယ်။ ဧည့်ခန်းထဲမှာ အမေက ဆွဲထားတဲ့ အစ်ကိုကြီးလက်တွေကို ရုန်းဖယ်လို့။

'ဒီမှာ ထိုင်ရအောင်လေ အမေ'
အမေက ခေါင်းကို သွက်သွက်ခါ ယမ်းရင်း ကျွန်မနဲ့ မမကြီးကို လှမ်းကြည့်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်ကြားက ဖြတ်ပြီး အိပ်ခန်းဆီကို တန်းတန်းမတ်မတ်။

'အမေ'
ကျွန်မ လွှတ်ခနဲ ခေါ်လိုက်ရင်း အမေ့နောက် မြန်မြန် လိုက်ခဲ့တယ်။ အမေက အခန်းဝမှာ ရပ်ပြီး ခုတင်ကို ငေးကြည့်နေတယ်။ ပြီးတော့ အခန်းထဲ ဖြည်းဖြည်းချင်း ၀င်သွားတဲ့ အမေ့ကို နောက်ကနေ ကျွန်မတို့ မောင်နှမသုံးယောက် အသက်မရှူဘဲ ကြည့်နေမိကြတယ်။ အမေက ခုတင်ကို တပတ်ပတ်လိုက်တယ်။ ပြီးတော့ ပက်လက်ကုလားထိုင်လေးကို လက်နဲ့ ထိကြည့်တယ်။ ပြီးတော့ အခန်းထဲကို လှည့်ပတ်ကြည့်ရင်း ဘုရားစင် စားပွဲခုံပေါ် ထောင်ထားတဲ့ အဖေ့ဓါတ်ပုံကို မြင်တော့ ဟက်ဟက်ပက်ပက် ရယ်ချလိုက်တယ်။

'အမေကလည်းဗျာ'
အစ်ကိုကြီးက သက်ပြင်းတချက်ကို ချလို့ ခုတင်ဘေးက ပက်လက်ကုလားထိုင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
အဖေ့ဓါတ်ပုံကို ကြည့်နေတဲ့ အမေဟာ သည်ဘက်လှည့်လိုက်တာနဲ့ ပက်လက်ကုလားထိုင်ပေါ်က အစ်ကိုကြီးကိုလည်း မြင်ရော အံ့သြသလို မျက်နှာပြောင်းလဲသွားရင်း ပက်လက်ကုလားထိုင်ဘေးကို ချက်ချင်း ရောက်လာတော့တယ်။ ပြီးတော့ ကျုံ့ကျုံ့ကလေးနဲ့ အစ်ကိုကြီး ခြေထောက်တွေကို ဖြည်းဖြည်းချင်း တယုတယ နှိပ်တော့တာပါပဲ။

'အမေ'
အစ်ကိုကြီးက သူ့မျက်နှာကို လက်ဝါးနဲ့ အုပ်လိုက်တယ်။ အမေကတော့ အားရပါးရ နှိပ်နေရင်းကနေ အစ်ကိုကြီးဆီက တအစ်အစ်နဲ့ ရှိုက်သံထွက်လာတော့ ဖြည်းဖြည်းချင်း အစ်ကိုကြီးကို မော့ကြည့်တယ်။ ပြီးတော့ ဘာမှ မဖြစ်သလို ဆက်နှိပ်ပြန်တယ်။ ဒါပေမယ့် တဖြည်းဖြည်း လှုပ်ရှားနေတဲ့ အမေ့လက်ချောင်း ပိန်ပိန်လေးတွေ နှေးကွေးသွားပြီး ခဏနေတော့ ဆတ်ခနဲ ထပြီး အခန်းထဲက ထွက်သွားတော့တယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ခင်ထွေး .... သမီး'
အဖေ့အိပ်ရာဆီကို လှမ်းလိုက်တဲ့ ကျွန်မတကိုယ်လုံး တုန်လှုပ်သွားခဲ့တယ်။ အမေ။ နံနက်လင်းစ မှောင်ရီရီ အလင်းရောင်အောက်မှာ အမေရယ်လေ။ ခြင်ထောင်ဘေးမှာ ရပ်လို့။ အမေမနိုးခင် အဖေ့အိပ်ရာကို နေသားတကျ ဖြစ်အောင်လို့ ကျွန်မ အစောကြီး ထလာခဲ့တာ။

'အမေ'
ခုတင်ဘေးမှာ တည်ငြိမ်ခံ့ညားစွာ စိုးရိမ်ပူပန်ကြီးတတ်တဲ့ အမူအရာနဲ့ ရပ်နေတဲ့ အမေဟာ ကျွန်မတို့ရဲ့ အလျင်က အမေ ပေပဲလား။
'သမီး'
ကျွန်မ နားကြားမလွဲပါဘူးနော်။ အမေ့နားကို တိုးကပ်ရင်း အမေ့လက်တွေကို ၀မ်းသာအားရ ကျွန်မ ဆွဲယူမိလိုက်တယ်။

'အို အမေ့လက်တွေ အေးစက်နေတာပဲ'
'ဖယ်စမ်းပါ'
အမေက သူ့လက်တွေကို ပြန်ဆွဲယူရင်း အလျင်စလို နိုင်လှတဲ့ ဟိုတုန်းက အမေ့လေသံနဲ့...
'ညည်းအဖေရော'
'ဟင်'
'ညည်းအဖေ ဘယ်မှာလဲ၊ ညည်းအဖေ ဘယ်ရောက်သွားလဲ'
ဘုရား ဘုရား၊ ကျွန်မ ဘာပြောရမလဲ။ အမေလေ ကျွန်မလက်တွေကို ဆွဲခါလှုပ်ရမ်းနေတယ်။
'ပြောလေ၊ ညည်းအဖေရော လို့ဆို'
'အဖေ ရှိပါတယ်'
'ဘယ်မှာလဲ'
'ရှိပါတယ်'
'အို မရှိပါဘူး၊ ငါ အရုဏ်တက်ကတည်းက ညည်းတို့ မနိုးခင်ကတည်းက လိုက်ရှာနေတာ၊ တအိမ်လုံးနှံ့နေပြီ'
'ပြောစမ်းပါအေ ဘယ်မှာလဲ'
'...........'
'ညည်းတို့ ဘယ်ကို ပို့ထားကြသလဲ ဟင်'
'မပို့ပါဘူး အမေရယ်'
'အို အေ'

မျက်ရည်တွေ လိမ့်ဆင်းကျလာတဲ့ ကျွန်မကို အမေက စိတ်မရှည်သလို တွန်းလိုက်ပြီး အမေ့ခန္ဓာကိုယ် လေးဟာ ခုတင်ပေါ်ကို အ၀တ်ပျော့လေးတခုလို ပုံကျသွားခဲ့တယ်။ အမေတင်ထားတဲ့ ဇာခြင်ထောင်အောက်က အိပ်ရာရဲ့ ဘယ်ဘက်ခြမ်းပေါ်မှာ ခွေခွေလေး။ အမေ့မျက်နှာက အဆမတန် အိုမင်းနွမ်းနယ်နေပြီး အမေ့ မျက်လုံးမှာ ဒေါသနဲ့ စိုးရိမ်သောကတွေ။ အမေ့ဆီမှာ ပူးကပ်နေတဲ့ လန်းဆန်းတက်ကြွမှုတမျိုး ဘယ်ရောက် သွားပြီလဲ။
အမေက ခြင်ထောင်အမိုးကို အကြာကြီး စိုက်ကြည့်နေရာကနေ ကျွန်မဘက်ကို ဆတ်ခနဲ လှည့်ကြည့် လိုက်တယ်။

'အသက်ရှင်ရက်တော့ ငါတို့ကို ခွဲမထားကြပါနဲ့အေ'
အမေ့ရဲ့ တောင်းပန်ညည်းညူသံဟာ ကျွန်မကို နာကျင်စေပါတယ်။
'ရှင်ကွဲ, ကွဲရတဲ့ဒုက္ခကို ညည်းတို့ မသိပါဘူး'

အို ...... အမေရယ်။ ကျွန်မ မသိဘဲ ရှိပါ့မလား။ ကျွန်မခံစားနေရတာပဲ အမေ။ အမေ့လို ကျွန်မ ပေါက်ကွဲ ပါရစေတော့။ အမေ နားထောင်ပါနော်။
တဖက်စောင်းသွားတဲ့ အမေ့ရဲ့ လက်တွေကို ကျွန်မ ဆွဲယူလိုက်တဲ့အခါ အမေ အသက်မရှိတော့ပါဘူး။


နုနုရည် အင်းဝ။