Saturday, May 14, 2011

ကြမ်းခင်းဈေး
ရေးသူ - ညီပုလေး



{ဘိုညို (ညီပုလေး) ရေးပေးတဲ့ "၆၀" စာအုပ်အတွက် စာမူ ဖြစ်ပါတယ်။ မာယာမှာ အရင် ဖော်ပြလိုက်တာပါ။ မွေးနေ့လက်ဆောင်ကို ကျေးဇူးတင်တယ် ဘိုညို ရေ.......}


၁၉၉၀ ခု၊ ဧပြီလထဲမှာ ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ် (၄) က ငြိမ်းချမ်းပါ ၉ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခဲ့ပါတယ်။ ထောင်ဒဏ် ၁၀ နှစ်ဆိုတာ အဲဒီအချိန်က ကြမ်းခင်းဈေး ၇ နှစ် ရှိတာကြောင့် ကြမ်းခင်းဈေးထက်တော့ ပိုမြင့်တယ်။ ဒါကြောင့် ထောင်ထဲမှာ နှစ်အတော်ကြာ နေခဲ့ဖူးတယ်။ နှစ်အတော်ကြာ ဆိုတာကိုတော့ လိပ်ပြာမလုံမလဲ ဖြစ်မိပါရဲ့။


နိုင်ငံရေးပြစ်မှုနဲ့ ကျခံရတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အလွန်ဆိုးဝါးတဲ့ ကန့်သတ်ချက်တခု ချမှတ်ထားတာ ရှိတယ်။ အဲဒါကတော့ ထောင်ဝင်စာ လာတွေ့ရင် မိတ်ဆွေ သူငယ်ချင်း ရဲဘော်တွေ တွေ့ခွင့်မရှိဘူး။ အိမ်ထောင်စုဇယား ပုံစံ ၁၀ ထဲမှာ ပါတဲ့ မိသားစုဝင်မှသာ တွေ့ခွင့်ရမတဲ့။ နိုင်ငံရေးပြစ်ဒဏ်ခံရသူတွေကို နိုင်ငံရေးသတင်း မကြားရအောင်၊ စားရေးသောက်ရေး ခက်ခဲပြီး စိတ်ဓါတ်ကျဆင်း အောင်၊ နိုင်ငံရေးအကြောဖြတ်၊ နိုင်ငံရေးသင်းသတ်တဲ့ နည်းတွေထဲက တခုပါပဲ။

မန္တလေးကနေ အင်းစိန်ထောင်ကို ကျွန်တော့်မိသားစုက ဘယ်လိုလုပ် ခဏခဏ လာတွေ့နိုင်ပါ့မလဲ။ ဒါပေမယ့် အဆိုးထဲက အကောင်းတခု ကြုံရတယ်။ ကျွန်တော့်ရဲ့ အိမ်ထောင်စု စာရင်းထဲမှာ ဆရာမောင်စွမ်းရည် ရဲ့သား မောင်ဇေယျာက စာရင်းပေါက် အင်းပေါက် ဖြစ်နေတယ်။ သူ မန္တလေးဆေးရုံကြီးမှာ ဓာတ်ခွဲခန်းမှူးအဖြစ် လာပြီး အမှုထမ်းတော့ ဧည့်စာရင်း ခဏခဏ မတိုင်ရအောင် သူ့နာမည်ကို ကျွန်တော်တို့ အိမ်ထောင်စု ဇယားထဲ ထည့်ခဲ့မိလို့လေ။

အင်းစိန်ထောင် ထောင်ဝင်စာကို မောင်ဇေယျာ အခါအားလျော်စွာ လာပြီးတွေ့တယ်။ သူ့ကျေးဇူး ကျွန်တော့်အပေါ်ရှိတယ်။ ကျွန်တော့် အပေါ်တင်မက ပါဘူး။ ကျွန်တော်တို့ အပေါ်မှာ ရှိတယ်။ ထောင်ထဲမှာ ကျွန်တော်တို့ ရဲဘော်တွေ ထောင်ဝင်စာ လာနိုင်သူက မလာနိုင်သူကို ဝေမျှ ကြွေးကြ စားကြတာလေ။

တနေ့တော့ မောင်ဇေယျာ ထောင်ဝင်စာလာတွေ့တာ မျက်စိမျက်နှာ သိတ်မကောင်းလှပါ။ အင်းစိန်မှာ ထောင်ဝင်စာ တွေ့ရတာ အချိန်တွေ အများကြီး ပေးဆပ်ရလေ့ရှိတယ်။ မနက်စောစော ကတည်းက လျှောက်လွှာတင်ပြီး စောင့်ပေတော့။ ကံမကောင်း အကြောင်းမသင့်ရင် တခါတလေ ညနေစောင်းမှ တွေ့ကြရတယ်။

အဲဒီနေ့က နေ့လယ် ၂ ချက်လောက် တွေ့ရတာတောင်မှ မောင်ဇေယျာ မျက်နှာမသာမယာ ဖြစ်နေလို့ ကျေးဇူးရှင်ကို အကျိုးအကြောင်း မေးရတယ်။ အဲဒီတုန်းက မောင်ဇေယျာက လူပျိုဘ၀ အသက် ၂၀ ကျော် လောက်ပဲ ရှိလိမ့်ဦးမယ်။ ဖြူဖြူဖောင်းဖောင်းလေး ကြွပ်ကြွပ်အိတ်လေးတထုပ်နဲ့ အကြာကြီး စောင့်နေရှာတဲ့ မောင်ဇေယျာကို ထောင်ဝင်စာတွေ့ကြသူတွေ အိမ်ထောင်ရှင် အမျိုးသမီးကြီးတွေ စာနာစိတ်နဲ့ မေးကြ မြန်းကြ စူးစမ်းကြရင်း ဘ၀တူချင်း ၀ံသာနုကြတယ်။ တူအရွယ်၊ သားအရွယ်၊ မောင်အရွယ်ဖြစ်တဲ့ မောင်ဇေယျာကို နေ့လည်စာ ကျွေးလိုက်သတဲ့။

"လူလေး မင်းက ဘယ်သူ့လာတွေ့တာလဲ"
"ကိုငြိမ်းချမ်းကို လာတွေ့တာ"
"ရန်ကုန်ကလား"
"မဟုတ်ဘူး၊ မန္တလေးက"
"ဟုတ်လား၊ ဘာမှုနဲ့လဲ"
"နိုင်ငံရေးမှုနဲ့၊ ၁၇ (၁) ဆိုလား"
"ဘယ်နှနှစ်ချထားတာလဲ"
"၁၀ နှစ်"

စကားဝိုင်းက ဒီတင်ရပ်ရင် ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် သူစားထားတဲ့ ထမင်းနဲ့ ဟင်းတွေရဲ့ မျက်နှာရော၊ မိသားစုဝင်လို နွေးထွေးတဲ့ အဒေါ်တွေ အမေကြီးတွေကို စာနာထောက်ထားတယ် ထင်ပါရဲ့...

"ဒေါ်ဒေါ်တို့ကရော ဘယ်သူ့လာတွေ့တာလဲ"
"ဦး... လေ၊ ... မြို့က အမတ်လောင်း"
"ဦး.... အင်အယ်ဒီက"
"ကို... ပြည်သူ့တိုးတက်ရေးပါတီက"

ဒီမှာ မောင်ဇေယျာ သူ့စကားကို ဒီမှာတင်ရပ်ပြီး ဒိပြင်အကြောင်းအရာတွေ ဥပမာ ရာသီဥတု ပူပြင်းတဲ့ အကြောင်း၊ ဒါမှမဟုတ် ဘတ်စ်ကားကြပ်တဲ့အကြောင်း၊ ဒါမှမဟုတ်ရင်လည်း ဆရာမောင်ညိုပြာလို ဓာတ်ခွဲခန်း အတွေ့အကြုံ တခုခုပြောရင် ရရက်သားနဲ့ သူ့စကားဒီတင်မရပ်ဘူး။

"ဦးတို့က ထောင် ဘယ်နှနှစ်ချခံရသလဲ"
အဲဒီမှာ မောင်ဇေယျာ ကျွန်တော်နဲ့တွေ့တော့ မျက်စိပျက် မျက်နှာပျက် ဖြစ်တဲ့အကြောင်း ပေါ်တော့တာ ပဲ။
"အစ်ကို့ ထောင်ဝင်စာ လာတွေ့ရတာ ကျွန်တော် မျက်နှာငယ်တယ်ဗျာ"
"ဟ ဘာဖြစ်လို့လဲကွ၊ ငါ ကြမ်းပိုးသူခိုးမှုနဲ့ ကျတာမဟုတ်ဘူး"
"အစ်ကိုက ထောင် ၁၀ နှစ်ပဲ ကျတာ။ ကျွန်တော့်ကို နေ့လည်စာ ကျွေးလိုက်တဲ့ မိသားစုတွေရဲ့ ခင်ပွန်းတွေ အစ်ကိုတွေ ဆိုရင် နှစ်အစိတ်၊ သုံးဆယ်၊ လေးဆယ် ကျထားကြတာ"

သြော်.... မောင်ဇေယျာ မျက်နှာမငယ်အောင် ကျွန်တော် ကိုင်းကြီးကြီး မနားခဲ့မိပါလား။
မပြောကောင်း မဆိုကောင်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ...
တကယ်လို့....
ကျွန်တော်က ထောင်ထဲကို နောက်တကြိမ် ထပ်ဝင်ရတယ် ဆိုပါစို့။ ကျတဲ့နှစ်ကလည်း နှစ်အစိတ် ဒါမှမဟုတ် သုံးဆယ် ဆိုပါစို့။
ဒီတကြိမ်လည်း မောင်ဇေယျာသာ ထောင်ဝင်စာ လာတွေ့ရင် သူ့ခမျာ မျက်နှာငယ်ရှာဦးတော့မယ်။

ညီပုလေး

2 comments:

Anonymous said...

ကျေးဇူးတင်ပါတယ် ကိုညီပုရဲ့စာတွေကြိုက်လို့။
သူ့ရဲ့ဝထ္တုတိုတွေဆို တော်တော်များများဖတ်ဖူးတယ်။
ဝက်ဝံလေးမောင်မိုးဆို ကျနော့်သ္မီးတွေအတွက် ညအိပ်ပုံပြင်တောင်ဖြစ်သွားသေးဗျို့။

သန်းဇင်ချစ်ဗ said...

ဒီနေရာမှာ အမေ့(ဒေါ်ဒေါ့်) အကြောင်းတော့ပြောဖို့လိုပြီထင်တယ်
သရက်ထောင်မှာထောင်ဝင်စာတွေ့ဖို့မှတ်ပုံတင်မပါလို့ အဝေးကြီးကလာပြီးမတွေ့ရတဲ့အမေ့ကို....မိဘမေတ္တာဘဲ
လို့အားလုံးခံစားရတယ်......မတင်ဝင်းတို့က အမေ့ကို ကိုညိုထောင် (၃)နှစ်ဘဲကျတယ်လို့ညာထားကျတာ ၃နှစ်ပြည့်ခံနီးတော့မလွတ်ရင်ခက်ခြေရဲ့ဆိုပြီး ဘယ်သူကပြောတယ်မသိဘူး အမေကို ကိုညို (၇)နှစ်လို့ပြောတယ်ထင်ပါရဲ့ ၁၀နှစ်တောင်မပြောဘူးထင်တယ် ထားပါလေ အမေပြောတဲ့စကားလေး အခုထိနားထဲကမထွက်ဘဲ ရင်ထဲခံစားနေရတုန်းဘဲ သြော်အမေက မိခင်ဘဲလေ အားလုံးက တော်လှန်ရေးထဲအပိုင်စီးထားချင်ကြတာ (အားလုံးရဲ့အမေအဖြစ်) ...အမေပြောတာလေးရင်ဘတ်နဲ့နားထောင်ကြည့်ရ အောင်ရိုးရိုးလေးပါဘဲ အမေ့ရဲ့အသံနဲ့ နားထောင်ပါ အမေ့ကိုကန်တော့ရင်အမေကလက်အုပ်ချီထားတတ်တယ် ဒီတခါကန်တော့ပြီးပြန်အမတ်မှာ အမေကဘာမပြောညာမပြောနဲ့ (သားရေ ကိုညိုက ခုနှစ် နှစ် တဲ့)...အမေ့ရဲ့အသံက မိဘမေတ္တာ ရင်ထဲအပြည့်ပါဘဲဗျာ အခုထိရင်ထဲမှာဆို့အောင်ခံစားရတယ် (ဖိုးစိုးဝင်း ဖိုးသံချောင်းတို့ ကိုရောဘယ်လိုပြောမလဲလို့.....)