Sunday, May 8, 2011

ပထမမြန်မာနိုဗယ်ဆိုသောဝတ္ထုမှ
ရေးသူ-ဘိုဘိုလန်းစင်







(၁)

မာယာအတွက် စာမူစဉ်းစားတော့ မာယာဟာ စာဟောင်းစာကောင်းတွေကို ခေတ်သစ်နဲ့ ပေါင်းကူး ပေးနေသူဖြစ်တယ်။ သို့တွက် ခေတ်ဟောင်းစာနဲ့ ပတ်သက်တာက ဆီလျော်မယ်အောက်မေ့တယ်။ ယနေ့ လန်ဒန် အရှေ့တိုင်းနဲ့ အာဖရိကပညာသင်ကျောင်းမှာ “မောင်ရင်မောင် မမယ်မ ဝတ္ထု ” (၁၉၀၄) ထုတ်ထဲက ဓာတ်ပုံရိုက်လာတာကို မာယာပရိသတ်အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ စစ်မဖြစ်ခင် အရှေ့တိုင်း ပညာသင်ကျောင်း ခေတ်ကထဲက ဒီမှာရောက်နေတဲ့စာအုပ်ပါ။ မြန်မာဝတ္ထုဝေဘန်ချက်တွေ သုတေသနအသင်း ဂျာနယ်မှာ ရေးသွားတဲ့ လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခဂျေအေစတီးဝပ် (ရန်ကုန်တက္ကသိုလ်သမိုင်း ကထိက ဒေါက်တာဘာဘရာစတီးဝပ်အဖေ) လှူထားတာဖြစ်နိုင်တယ်။ မူလစာအုပ်မှာ ၁၂ပုံရှိတယ်လို့ လူထု ဒေါ်အမာက ၁၉၅၉ ဒုတိယနှိပ်ခြင်းအမှာမှာ ရေးဘူးပေမယ့် ဒီစာအုပ်မှာတော့ ၁၁ ပုံပဲတွေ့ပါတယ်။ ဝတ္ထုမှာ ပန်းချီပုံထဲ့တာ၊ ဝတ္ထုခန်းဖွင့်တွေမှာ ပန်းစာလုံးနဲ့ အလှဆင်တာက အဲဒိခေတ်အင်္ဂလိပ်စာအုပ်တွေရဲ့ အဆင်အပြင် ပါ။ ဓာတ်ပုံထဲ့တာတော့ ခေတ်ပြိုင်လွှမ်းမိုးမှုရှိသလားမသိပါ။
ပုံတွေမှာ ဟို အနှစ် တရာကျော်က မြန်မာတွေရဲ့ လူမှုဘဝကို အကဲခတ်နိုင်ပါလိမ့်မယ်။ ပါတော်မူခါစနဲ့ အဝတ်အစားမှာ တယ်မပြောင်းသေးတာလဲ တခြားခေတ်ပြိုင် အနောက်တိုင်းသား မှတ်တမ်းဓာတ်ပုံတွေမှာလိုပဲ သတိထားမိမှာပါ။ မောင်ရင်မောင်ထောင်ထဲမှာ ဝတ်ထားတာက ဘန်ဂါလီစွပ်ကျယ်ဖြစ်မယ်မှတ်ပါတယ်။ အိမ်ပုံတွေကတော့ တချို့မှာ ဗမာအိမ်လို့ ပြောရမယ်မထင်ပါ။ ရေချခန်း၊ ရတနာအိုးတူးမိခန်းတွေက ရန်ကုန် ကန်တော်ကြီးထဲ ရိုက်တယ်လို့ထင်ပါတယ်။ တာင်တွင်းမြို့က ပွဲစားအိမ်ဆိုတာတော့ ရန်ကုန်ဆင်ခြေဖုံး ပုဇွန်တောင်စက်ဆန်း မအူကုန်း ကြည့်မြင်တိုင်စတဲ့ ဆင်းရဲသားရပ်ကွက် ဗမာရပ်ကွက်တွေမှာ ရိုက်သလား မသိပါ။ အခုခေတ် မြန်မာလူနေရပ်ကွက်တချို့ ကျေးလက်တွေအသွင်အပြင်နဲ့ တယ်မကွာလှပါ။ အင်္ဂလိပ်ကိုလိုနီ အရင်းရှင်များ မြေပဒေသာပင်ပေါက်တဲ့ခေတ်က မြန်မာတွေနွမ်းပါးပုံလဲ ခုခေတ်နဲ့ ထို့တူပါပဲ။ ထိပ်က ဘောင်းဘီ ဝတ်တွေနေရာမှာ နောက်ထပ်ဘောင်းဘီဝတ် ဘောင်းဘီချွတ်တွေ ဝင်လာတာပဲ ကွာတယ်။ မောင်ရင်မောင်ကို ဖမ်းခေါ်သွားပုံ၊ ထောင်တွင်းမှာ မမယ်မနဲ့တွေ့ခန်း စတာတွေမှာ ပဒေသရာဇ်ခေတ်ရာဇဝတ်မှုခင်း၊ အကျဉ်းထောင် နဲ့ပတ်သက်တဲ့ နီးစပ်ဖွယ် မှတ်တမ်းသဘောမျိုးတောင် ယူနိုင်ပါတယ်။ ဇာတ်ထဲမှာ မင်းသားလေးကို ရိုက်နှက်ဖမ်း သွားတော့ အပူတိုက်ငိုချင်းချဟာ အစဉ်အလာရှိပီးအလေ့ပါ။
ဝတ္ထုထဲ ကြော်ငြာထဲ့တဲ့ အရင်းရှင်အလေ့လဲ ထွန်းကားနေပါပီ။ ကြော်ငြာတွေထဲမှာ အဲဒိခေတ်ကပေါ်တဲ့ အင်္ဂလိပ်အိမ်ရှေ့မင်းတံဆိပ်ရ ဒင်္ဂါး ၃၅၀ တန် ပုံနှိပ်စာလုံးရိုက်နှိပ်သောစက် (လက်နှိပ်စက်)၊ စိန်ဗေဒါကြီးစီးတဲ့ ဆင်တိုစက်ဘီး၊ နောက် ကုန်သည်လမ်း ဝပ်ဆင်တိုက်က မိုတိုကားဓာတ်စက်ရထားနဲ့ ဓာတ်စက်ဘီး ရောင်းကြော်ငြာကလဲ မြန်မာပို့ဆောင်ရေးတခေတ်ပြောင်းပုံမှာ စိတ်ဝင်စားရာတကွက်ပါ။ မီးသင်္ဘော၊ ရထား၊ ဓာတ်ရထားတွေနောက်မှာ စက်ဘီး၊ မိုတိုဆိုင်ကယ်၊ မိုတိုကားတွေ ဘယ်လိုဝင်လာသလဲဆိုတာ စဉ်းစားစရာပါ။ ဦးမြဟန်ရဲ့ မြန်မာပြည်ဒိုင်ယာရီမှာ ၁၉၀၀ကျော်တနှစ်မှာ မော်တော်ကား အရေအတွက် တနိုင်ငံလုံး ဘယ်နှစ်ရာ ဆိုတာဖတ်ဖူးပါတယ်။ ၁၉၀၅-၆လောက်မှာ မြန်မာပြည်ကို မော်တော်ကား စရောက်တယ်လို့ ဖတ်ဖူးတော့ ဒီကြော်ငြာအရ ဒိထက်ပိုစောပါလိမ့်မယ်။ သိသူများ ဝေငှကြပါအုံး။ မော်တော်ဆိုင်ကယ်ကတော့ ဂျာမနီမှာ ၁၈၈၀ အကုန်လောက်က စရောင်းပေမယ့် အမေရိကန် နယူးယောက်ကိုတောင် ၁၈၉၅ မှ ရောက်တယ်လို့ ဝီကီ အင်တာနက်က ဆိုပါတယ်။ မန္တလေးမြို့ကို ပထမဆုံး မော်တော်ကား သင်္ဘောနဲ့သယ်လာတော့ တမြို့လုံးထွက်ကြည့်တယ်၊ လမ်းမှာ ရွှံ့ထဲမောင်းရတော့ ကားထိုးရပ်သွားတဲ့အတွက် စာရေးဆရာ ရုပ်ရှင် မင်းသား ဒဂုံပ ဦးဘတင်ရဲ့ မိဘဘိုးဘွား မွတ်စလင် ဘာသာဝင်ကားရှင်တွေက စိတ်ပူပီး ဘုန်းကြီးကျောင်းကို လှည်းနဲ့ဆွဲသွားပီး ပရိတ်ရွတ်ခိုင်းတယ်ဆိုတာ ၁၉၆၀ ကျော်က မြန်မာမဂ္ဂဇင်းတအုပ်မှာ ဖတ်ဖူးပါတယ်။
(၂)
မြန်မာဘာသာနဲ့ ပထမဆုံးနိုဗယ်လို့ အဖွင့်မှာ အင်္ဂလိပ်လို စာတင်ထားတာကို သတိပြုမိမှာပါ။ ရိုမန့်အလွမ်းဇာတ်ကြောင်းအားပြုစတိုရီပေမယ့် နိုဗယ်
လူ့သဘာဝအဖွဲ့ဝတ္ထုလို့ဆိုလိုဟန်တူပါတယ်။ ဝတ္ထုထဲမှာ အဆိုးအကောင်းအဖြူအမဲလုံးလုံးကွဲတဲ့ “ဇာတ်ခွင်ကျ” ဇာတ်ကောင်တွေပဲ ပါတာပါ။ ထောင်ထဲက အရူး ဦးပေါ်လာသည်ပင် အခန်းကဏ္ဍ မပြောင်မြောက်လှဘူးထင်ပါတယ်။ နောက် ဆယ်နှစ်လောက်မှာပေါ်မယ့် ရွှေပြည်စိုး၊ စပယ်ပင်၊ မှာတော်ပုံဝတ္ထုတွေထဲက အရူးမပြန်ပေး၊ ဦးဓူဝံ၊ အမိန့်တော်ရမောင်ကိတ္တိ၊ လောစံ၊ သီလရှင်မယ်စန္ဒာနဲ့ တိတ်တိတ်ပုန်းညိနေတဲ့ ယပ်လှဲကိုယ်တော်၊ အမေဘွား၊ ခင်အုံ၊ ဦးကျော်ဒွေး၊ မောင်မောင်ရွ တို့လို ထင်းပီးထွက်နေတဲ့ ရုပ်ကြွဇာတ်ကောင်တွေ မပါသေးပါဘူး။
ဒိအရင်မရှေးမနှောင်းမှာ ရော်ဘင်ဆင်ကရူးဆိုး၊ ပသီပုံပြင်ဝတ္ထု၊ နောက် ခရစ်ဝင်ဇာတ်ကြောင်းတွေ ဘာသ
ာပြန်တာ ရှိခဲ့ပေမယ့် မြန်မာပရိသတ်နဲ့ အလှမ်းဝေးနေလို့ ပြင်သစ်ရာဇဝင်ဝတ္ထုဆရာ ဒူးမားကြီးရဲ့ မွန်တီခရစ္စတိုမြို့စားကို ဦးလှကျော်က ရှေ့ပိုင်းမှီးပီး ဝတ္ထုလုပ်ရေးတာ ပေါက်သွားတယ်လို့ ယူဆရပါတယ်။ ဒိနောက် ချဉ်ပေါင်ရွက်သယ်မောင်မှိုင်း၊ မောင်တာနော၊ စိန်တလေးမြတလေးစတဲ့ ချစ်ခန်းကြိုက်ခန်းနဲ့ ဗဟုသုတတွေ ရောရေးတဲ့ ဝတ္ထုတွေခေတ်စားလာပီး ရှိရင်းစွဲ ပြဇာတ်စာပေခေတ်တိမ်သွားပါတယ်။ ဒိအရင် မရှေးမနှောင်းမှာ ရော်ဘင်ဆင်ကရူးဆိုး၊ ပသီပုံပြင်ဝတ္ထု၊ နောက် ခရစ်ဝင်ဇာတ်ကြောင်းတွေ ဘာသာပြန်တာ ရှိခဲ့ပေမယ့် မြန်မာပရိသတ်နဲ့ အလှမ်းဝေးနေလို့ ပြင်သစ်ရာဇဝင်ဝတ္ထုဆရာ ဒူးမားကြီးရဲ့ မွန်တီခရစ္စတိုမြို့စားကို ဦးလှကျော်က ရှေ့ပိုင်းမှီးပီး ဝတ္ထုလုပ်ရေးတာ ပေါက်သွားတယ်လို့ ယူဆရပါတယ်။ ဒိနောက် ချဉ်ပေါင်ရွက်သယ်မောင်မှိုင်း၊ မောင်တာနော၊ စိန်တလေးမြတလေးစတဲ့ ချစ်ခန်းကြိုက်ခန်းနဲ့ ဗဟုသုတတွေရောရေးတဲ့ ဝတ္ထုတွေခေတ်စားလာပီး ရှိရင်းစွဲ ပြဇာတ်စာပေခေတ်တိမ်သွားပါတယ်။ ဒိပြင် အရှေ့ဖျားနိုင်ငံတွေက ခေတ်သစ်ဝတ္ထုစာပေပေါ်ပေါက်ပုံတွေနဲ့ ယှဉ်လေ့လာသင့်ပါတယ်။ ဖိလစ်ပိုင်က မျိုးချစ်အာဇာနည်စစ်စစ် (ဗိုလ်ချုပ်တို့လို မတော်တဆမဟုတ်) ရီဇော်ရဲ့ ၁၉ ရာစု နိုင်ငံရေးဝတ္ထုကြီးတွေ၊ အိန္ဒိယ၊ တရုတ်ပြည်က တဂိုး၊ လူရွှန်းနဲ့ သူတို့ထက်စောတဲ့သူတွေ၊ ဂျပန်က ၁၉ ရာစု အနောက်ပုံတူကူးဝတ္ထုတွေ ဒါတွေနဲ့ယှဉ်ကြည့်ရမှာပါ။
ဇာတ်လမ်းအဖွဲ့ကို ပါဠိလိုခေါ်တဲ့ဝတ္ထုအသုံးက မြန်မာဗုဒ္ဓဘာသာစာပေမှာ ပဝေသဏီကရှိပီးသားမို့ ဒီလို ဖေတော့မောင်တော့ စာသိမ်တွေကို ဝတ္ထုလို့တပ်ရမလားလို့ သတင်းစာတွေမှာ အချေအတင်တွေ ဖြစ်ခဲ့ပါသေးတယ်။ ပထမအင်းဝခေတ် ရှင်မဟာသီလဝံသရဲ့ ပါရာယနဝတ္ထုဟာ အစောဆုံးတွေ့တဲ့ မြန်မာလို ရေးဝတ္ထု ဖြစ်ပေမယ့် ပါဠိစာပေ ဗုဒ္ဓထုပ္ပတ်တွေရဲ့ အငွေ့အသက်လွှမ်းတယ်။ နောက်ခေတ်တွေမှာ အစဉ်အဆက် ရေးလာတဲ့ ရတနာကြေးမုံ၊ မဟာရာမ၊ ဣန္ဓာဝုဓ (အီနောင်)၊ ဣန္ဓာဝံသစတဲ့ နန်းတွင်းဇာတ်တော်ကြီး ဝတ္ထုတွေကတော့ အဖတ်အရသာခံအတွက် တေးထပ်သီချင်း အဆိုအပြောတွေ မြိုင်မြိုင်နဲ့ရေးတဲ့ အော်ပရာ ပြဇာတ် ဆန်ဆန်တွေဖြစ်တယ်။ တခြား အာရှရှေးဟောင်းစာပေ၊ ယိုးဒယား၊ မာလာယု၊ ဂျားဗားစတဲ့ အိမ်နီးချင်း စာပေတွေမှာလဲ ဒါမျိုး ဆင်ဆင်တွေရှိပါတယ်။ ဦးလှကျော်ရဲ့ စကားပြင် သက်သက်နဲ့ ရေးတဲ့ ဝတ္ထုကတော့ တထာဂတဝတ္ထု ခေါ် တထာဂတုပ္ပတ္တိကျမ်း၊ မာလာလင်္ကာရဝတ္ထု ၊ မဟာဝင်၊ စူဠ၀င်၊ ဒီပ၀င်၊ အနာဂတ၀င်စတဲ့ ကျမ်းဝတ္ထုတွေ ဘုရားဖြစ်တော်စဉ်၊ သီဟိုဠ် သာသနာဝင် သမိုင်းဆိုင်ရာ ဝတ္ထုမြန်မာပြန်တွေ၊ ပီးတော့ သူတို့ခေတ်မှာ အင်မတန်ကျော်ကြားတဲ့ မင်းပူးဦးသြဘာသ၊ ဦးပုညတို့ရဲ့ နာမည်ကျော် ဝေဿန္တရာ၊ ယုန်မင်း ဝတ္ထု၊ သူအိုမကြီးဝတ္ထုစတဲ့ စကားပြေရိုးရိုးဘာသာရေးစာပေတွေရဲ့ အငွေ့အသက်ရှိလေလား၊ ဒါမှမဟုတ် ဦးလှကျော် ငယ်စဉ် ဦးလေး ဝန်ထောက်ကြီးဦးညိုနဲ့ နေစဉ်က ကိုးကွယ်သက်ဝင်ခဲ့တဲ့ ခရစ်ယာန်ကျမ်းစာ ဆရာယုဒသန်ပြန်ရဲ့ ရိုးစင်းကျစ်လစ်တဲ့ အလှက ဖမ်းစားခဲ့လေသလား၊ ခေတ်ပြိုင် ဝိတိုရိယအလွမ်းဝတ္ထုတွေရဲ့ သြဇာလေလား မသိပါ။ ဝန်ထောက်ဦးညိုရေးတဲ့ ဗုဒ္ဓဘာသာအလင်းပြကျမ်းဟာလဲ ဝတ္ထုတပုဒ်လို သေသပ်လှပ ပါတယ်။ သူရေးပီး မထုတ်ဖြစ်ခဲ့တဲ့ နောက်လင်၊ ကိုမြို့အုပ်စတဲ့ ဝတ္ထုတွေ ဒုတိယကမ္ဘာစစ်မီးတွင်းက မပျက်စီးခဲ့ရင် ဆရာကြီးရဲ့ စာပေလက်စကို ပိုသိလာမှာပါ။ ရှုမဝမဂ္ဂဇင်းမှာ ၁၉၆၀ လောက်က ဆရာဇေယျ ဝေငှတဲ့ ဦးလှကျော်ရဲ့ ရှေ့နေကျမ်းတအုပ်ထဲက ဇာတ်ကြောင်းပြ ပုစ္ဆာတခုဆိုရင် ဝတ္ထုတပုဒ်လို ကျကျနန ရေးတာပါ။
အမိန့်တော်ရ မြို့အုပ်မင်းရဲ့ အရေးအသားက တိကျသပ်ရပ် ချောမွတ်တာ တွေ့တော့ ဒုတိယနှိပ် အမှာထဲက လူထုဒေါ်အမာရေးတဲ့ ယနေ့စာပေ အရေးအသားဟာ ပိုဝေဆာ ယဉ်နုလာပေမယ့် ဝါကျမှန်အောင် မဖွဲ့တတ်တော့ စကားတွေကြွယ်ပီး မပြောင်တဲ့ စာတွေပဲ ထွက်လာတယ် ဆိုတဲ့ကောက်ချက်ကို သတိရမိပါတယ်။ ဒါက စစ်ပီးခေတ် ဗန်းမော်တင်အောင်၊ နန္ဒ၊ မောင်သာရစတဲ့ လူငယ်တွေရဲ့ စာနုတွေ ဟုန်းဟုန်းတောက် နေချိန်ပါ။ ကနေ့ခေတ် သတ်ပုံသတ်ညွှန်းတောင် မမှန်တဲ့ အကြောင်းရပ်ဗဟုသုတစာခံတိမ်တဲ့ အတွေးအယူ လောကအမြင် လွန်စွာချို့တဲ့ကာ ရဲဝံ့တယ်ဆိုပီး လော်လီဆန်းပြားတာကို ဂုဏ်မှတ်တဲ့ ဘုရားစူး အဖြစ်စာတွေ ကဗျာတွေကို ဒေါ်အမာ နားမလည်ဘူး မကြိုက်ဘူးပြောနိုင်သေးရင်လဲ ထွန်းပေါ်တစ်လစ်တွေက အဖွားကြီး ရှော်တယ်၊ ရင်ဘတ်မပါဘူးပဲ ပြောကြမှာအမှန်ပဲ။
စာပေမြင့်မှ လူမျိုးလဲ အထက်တန်းကျပါတယ်။ ဂရိ၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အိန္ဒိယစတဲ့ လူမျိုးကြီး တွေ ယဉ်ကျေးမှုမြင့် တန်ခိုးထွားခဲ့တာမှာ စာပေအတွေးအခေါ်တွေရဲ့ လှုံ့ဆော်တီထွင်မှုတွေကလဲ အခရာပါပဲ။
ဦးလှကျော်ဟာ ပထမကမ္ဘာစစ်ပီး ဗမာပြည်ဆိုက်လာတဲ့ စပိန်တုပ်ကွေးကြီး အတွင်းမှာ အဖျားရောဂါနဲ့ အနိစ္စရောက်ပါတယ်။



2 comments:

Myanmar said...

မာယာဆီကနေ ဒီလိုစာမျိုးတွေ မျှော်နေတာ။ ကျေးဇူးတင်တယ်။

Myanmar said...

မာယာဆီကနေ ဒီလိုစာမျိုးတွေ မျှော်နေတာ။ ကျေးဇူးတင်တယ်။