Showing posts with label စာအုပ်အညွှန်း. Show all posts
Showing posts with label စာအုပ်အညွှန်း. Show all posts

Monday, May 31, 2010

အစဉ်အလာနှင့် တော်လှန်ရေး
ရေးသူ- ဗညားသီဟ(ဒဂုန်တာရာ)




လူရွှန်း
ရေးသူ- အောင်ဇံ
ထုတ်ဝေသူ- ရွှေပိန်ညှင်းစာအုပ်တိုက်
စာမျက်နှာ- ၄၅၄၊ အရွယ်- ၅ x ၇ လက်မ
အဖိုး- ၁၈ ကျပ်၊ အုပ်ရေ- ၁၀၀၀။

(က)

အစဉ်အလာ။
လေးနက်သော အဓိပ္ပါယ်ပါသည့် စကားလုံး။ အတွေးအခေါ်ပါသည့် စကားလုံး။ အစဉ်အလာ။ ခေါင်းဆောင်တယောက်ကို အကဲဖြတ်ရာ ဝေဖန်စိစစ်ရာ၌ မှတ်ကျောက်တခု။ ခေါင်းဆောင်ဆိုရာ၌ နိုင်ငံရေး ခေါင်းဆောင်၊ စာပေခေါင်းဆောင်။ တကယ်ကတော့ ခေါင်းဆောင်ဆိုသည်မှာ တခေတ်မှာ တယောက်လောက် သာ ပေါ်တတ်သည်။ စာပေခေါင်းဆောင်များတွင် ရုရှားတွင် ဂေါ်ကီ။ တရုတ်ပြည်တွင် လူရွှန်း။ မြန်မာပြည်တွင် သခင်ကိုယ်တော်မှိုင်း။ ဘယ်သူမှ ငြင်း၍မရ။ ထင်ရှားသည်။ သိသာသည်။ အဝေးမှပင် မြင်နိုင်ပါသည်။ ရွှေတောင်ကြီးလို၊ နေလို လလို။ ဘာကြောင့် ငြင်းမရသလဲ။ ဘာကြောင့် ထင်ရှားသလဲ။ ဘာကြောင့် အဝေးကပင် မြင်နိုင်သလဲ။ အစဉ်အလာကြောင့်။ ယင်း စာပေခေါင်းဆောင်တို့၏ ရုပ်ပုံမှ ဖြာထွက် လင်းဝင်းလျက်ရှိသော ရောင်ခြည်ကြောင့်။ အစဉ်အလာ လင်းရောင်ခြည်ကြောင့်။ နေမင်းအရောင်၊ လမင်းအရောင်တို့ကို ပြည်သူတို့က မြင်ကြရသည် မဟုတ်လား။
စာပေခေါင်းဆောင်။

ခေါင်းဆောင်ဆိုသည်မှာ လုပ်ယူ၍ ရတာမျိုး မဟုတ်။ ကိုယ့်ကိုယ်ကို နာမည်ပေး၍ ရသည်မဟုတ်။ လူသိများသော စာရေးဆရာလည်း စာပေခေါင်းဆောင်ဖြစ်ပြီဟု ထင်မှတ်၍ မရ။ ပြည်သူတို့၏ ရင်ထဲက လိုလားနှစ်သက် ကြည်ညိုလေးစား ချစ်ခင်ယုံကြည်သောကြောင့်သာ သူတို့၏ ခေါင်းဆောင်ဟူ၍ ပြည်သူက အသိအမှတ်ပြုခြင်း ဖြစ်ပေသည်။ အကြောင်းမဲ့မဟုတ်။ သူ၏ စာပေ၊ အနုပညာကြောင့်၊ သူ၏ ပြည်သူတို့ အကျိုးဆောင်ရွက်ချက်ကြောင့်၊ ပြည်သူတို့ဘက်က အစဉ် ရပ်တည်သော ဆောင်ရွက်ချက် အစဉ်အလာကြောင့်။ ယင်း အစဉ်အလာကြောင့်။

အစဉ်အလာဆိုသည်မှာ သူဖြတ်သန်းသွားသော ခေတ်သမိုင်းကို သူမည်သို့ တုံ့ပြန်ဆောင်ရွက်သည် ဆိုသော လုပ်ရပ်။ အဖိနှိပ်ခံ ပြည်သူဘက်က မည်သို့ ရပ်တည်သလဲဆိုသော သမိုင်းဖြစ်ရပ်။ ဤကား ငြင်း၍မရ။ သမိုင်းကို ဖျောက်ဖျက်၍လည်းမရ။ စာပေပညာရှင်များအဖို့ သာ၍ မရ။ သူ၏ အရေးအသားများမှာ အဖြူပေါ် အမည်း ထင်ပြီးသား၊ ကမ္ဗည်းထိုးပြီးသား။ ခေတ်အဆက်ဆက် ရှာဖွေ ကိုးကား၍ ရသည်။ ဘယ်ခေတ်တုန်းက ဘာရေးခဲ့သည်။ အဖိနှိပ်ခံ ပြည်သူဘက် နေသလား၊ ဖိနှိပ်သော အုပ်စိုးသူဘက် နေသလား။ ဤကား သူ၏ အစဉ်အလာကို ရှာဖွေခြင်း ဖြစ်သည်။ ဤကား သူဖြတ်သန်းလာသော သမိုင်းခေတ် အဆက်ဆက်တွင် သူဘာတွေ လုပ်သလဲဆိုသော အစဉ်အလာ။

အစဉ်အလာသည် သူ၏ ပြည်သူများ ဆင်နွှဲသော တော်လှန်ရေးကြီးနှင့် ဆက်စပ်နေပေသေးသည်။ ဂေါ်ကီ၊ လူရွှန်း၊ သခင်ကိုယ်တော်မှိုင်း။ ဆိုရှယ်လစ် တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေး၊ တော်လှန်ရေး စသော သူတို့ ပြည်ရှိ တော်လှန်ရေး အသီးသီးသည် သူတို့နှင့် ဆက်စပ်နေသော အစဉ်အလာများပင် မဟုတ်ပါလား။

တော်လှန်ရေးဆိုသည်ကား လက်ရှိ စနစ်ထက် သာလွန်ကောင်းမွန်သော စနစ်သစ်တရပ်သို့ တဟုန်ထိုး ပြောင်းလဲခြင်း ဖြစ်သည်။ ခေတ်ဟောင်း စနစ်ဟောင်းထက် သာလွန် ကောင်းမွန်ချင်သောကြောင့် တော်လှန်ရေး ဆင်နွှဲခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဘာကြောင့် အသက်အိုးအိမ် အဆုံးရှုံးခံ၍ တော်လှန်ရေး ဆင်နွှဲတော့မည်နည်း။ တော်လှန်ရေး ရှိသကဲ့သို့ ဆန့်ကျင်ဘက် တော်လှန်ရေး ဆိုတာလည်း ရှိတတ်သေး သည်ကို သတိပြုဖို့ လိုပေသည်။ တန်ပြန်တော်လှန်ရေး ဟူ၍လည်း ခေါ်ကြသည်။ တော်လှန်ရေးနှင့် ပြောင်းပြန် သွားနေသော ဆန့်ကျင်ဘက် ရေးစီးကြောင်း။ တော်လှန်ရေးက တိုးတက်ခြင်းကို ရှေ့ရှု၍ ဆန့်ကျင်ဘက် တော်လှန်ရေးကတော့ ဆုတ်ယုတ်ခြင်းကို ကိုယ်စားပြုသည်။ အစဉ်အလာရှိသူသည် တော်လှန်ရေးဘက်မှ နေ၍၊ အစဉ်အလာမရှိသူသည် ဆန့်ကျင်ဘက်တော်လှန်ရေးမှ နေတတ်သည်။

တိုင်းပြည်တိုင်းတွင် တော်လှန်ရေးများ ရှိသည်သာ။ တော်လှန်ရေးတို့တွင် စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဘက်မှ မီးရှူးတန်ဆောင် ထွန်းညှိ ပေးသူများ ရှိစမြဲပင်။ ပြည်သူတို့က ယင်း မီးရှူးတန်ဆောင် အလင်းရောင်၌ ချီတက်ကြသည်။

ယင်းသို့လျှင် အစဉ်အလာ၊ ခေါင်းဆောင်၊ တော်လှန်ရေးတို့သည် ဆက်စပ်နေသော ဓမ္မတရားများ ဖြစ်ကြပေသည်။

(ခ)

လူရွှန်း (၁၈၈၁ - ၁၉၃၆)သည် တရုတ်ပြည်တော်လှန်ရေး၏ စာပေတပ်ဦးမှ ပြည်သူတို့၏ ရင်ထဲကကို လိုလားနှစ်သက် ကြည်ညို လေစား၊ ချစ်ခင် ယုံကြည်ခြင်း ခံရသော ခေါင်းဆောင် ဖြစ်ပေသည်။ ဘာကြောင့်လဲ။ အစဉ်အလာ ရှိသောကြောင့် ဖြစ်ပေသည်။ ဘာအစဉ်အလာလဲ။ ပြည်သူတို့၏ တော်လှန်ရေးနှင့် မကွဲမကွာ ဆက်စပ်နေသော အစဉ်အလာ။ ဆန့်ကျင်ဘက် တော်လှန်ရေး အယူအဆများကို တိုက်ခိုက်သော ရဲရင့်သော အစဉ်အလာ။ အဖိနှိပ်ခံ ပြည်သူတို့ဘက်မှ အစဉ်မပြတ် ရပ်တည်ခဲ့သော အစဉ်အလာ။

လူရွှန်း၏ ဘ၀သက်တမ်း၌ တရုတ်ပြည် တော်လှန်ရေးကြီးကို ဖြတ်သန်းသွားခဲ့သည်။ တော်လှန်ရေး (၂) ဆင့်။ ဓနရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီတော်လှန်ရေး။ ၁၉၁၁ ၌ မြေရှင်ပဒေသရာဇ်မင်း မန်ချူးမင်းဆက်ကို ဖြုတ်ချကာ တရုတ်သမ္မတနိုင်ငံတော် တည်ထောင်သော တော်လှန်ရေးကာလ။ ထိုကာလ၌ လူရွှန်းမှာ ငယ်ရွယ်သေးသည်။ ဂျပန်ပြည်မှ ဆေးကျောင်းသားအဖြစ် ပြန်လာကာစ။ နယ်ချဲ့ဆန့်ကျင်ရေး၊ အလုပ်သမား၊ ကျောင်းသား၊ ပညာရှင်၊ လူငယ်များ လက်တွဲသော မြေရှင်ပဒေသရာဇ်၏ ဆန့်ကျင်ရေး၊ ၁၉၁၉ မေလ(၄)ရက် အရေးတော်ပုံတွင်ကား လူရွှန်းကိုယ်တိုင် ပါဝင်လာတော့သည်။

ယင်းမေလ(၄)ရက် အရေးတော်ပုံပြီးနောက် တရုတ်ပြည်၏ တော်လှန်ရေးသည် ဒီမိုကရေသစ် တော်လှန်ရေးဟူသော ကဏ္ဍသစ်သို့ ကူးပြောင်းလာသည်ဟု အဆိုရှိပေသည်။ သည်ကာလ ပတ်ဝန်းကျင် လောက်ကစ၍ လူရွှန်း၏ စာပေတို့သည် ထက်မြက် တောက်ပလာပေသည်။ ထိုအခါက လူရွှန်းသည် အသက် (၃၈) နှစ်ခန့် လူငယ်စာရေးဆရာ ဖြစ်ပေသည်။

၁၉၁၈ တွင် ရေးသော 'အရူးနေ့စဉ်မှတ်တမ်း' ၀တ္ထုသည် သူ၏ စာပေသစ်ကဏ္ဍတွင် မှတ်တိုင်တတိုင် ဖြစ်သည်။ မြေရှင်ပဒေသရာဇ် မိသားစု၏ ဆိုးရွားပုံကို သရုပ်ဖော်ထားသော ၀တ္ထု ဖြစ်သည်။ သည်ဝတ္ထုကစ၍ လူရွှန်းသည် ပြည်သူတို့၏ အသည်းစွဲ စာရေးဆရာအဖြစ် ကျော်ကြားလာခဲ့ပေသည်။ ဒီမိုကရေစီတော်လှန်ရေး၏ ဖွားဘက်တော် စာပေသစ် ယဉ်ကျေးမှုတပ်ကို စည်းရုံးလိုက်ခြင်း မည်ပေသည်။ စာဖတ်သူလူထု လွယ်ကူ ရှင်းလင်းစွာ နားလည်နိုင်သော နေ့စဉ်သုံး စကားလုံး စာသားဖြင့် ရေးသားသော ၀တ္ထုဖြစ်၍ ခေတ်သစ်တရုတ် စာပေသမိုင်း၏ မှတ်တိုင်လည်း ဖြစ်ပေသည်။

လူရွှန်း၏ စာရေးဆရာဘ၀ မာတိကာကား ဘက်စုံလှပေသည်။ ၀တ္ထုရေးဆရာ၊ ကဗျာရေးဖွဲ့သူ၊ ဝေဖန်ရေးဆရာ၊ လူငယ်သစ် မဂ္ဂဇင်းအယ်ဒီတာ၊ စာပေသမိုင်းဆရာ၊ စာပေပါမောက္ခ၊ လက်ဝဲစာရေးဆရာအသင်း တည်ထောင်သူ၊ ဘာသာပြန်ဆရာ။ ၀တ္ထုဆရာအဖြစ်ကား သူသည် တရုတ်ပြည် ဘ၀အလွှာစုံ၊ ခဲစားမှုအစုံကို ၀တ္ထုတိုပေါင်းများစွာဖြင့် ဖွဲ့နွဲ့ခဲ့သည်။ ကဗျာအနည်းငယ် ရေးသည်။ ဝေဖန်ရေးဆရာ အဖြစ်ကား ဆန့်ကျင်ဘက် တော်လှန်ရေး အယူအဆများကို ပြတ်သားထက်မြက်သော နိုင်ငံရေး၊ အတွေးအခေါ်ရေး ဝေဖန်စာ မြောက်မြားစွာဖြင့် တိုက်ခိုက်ခဲ့သည်။ သူက 'တော်လှန်စာပေ' ဟူသော တံဆိပ်ကပ်ကာ ဟန်ရေးပြနေသူများကို အမြင်ကပ်နေပုံ ရသည်။ သူက တကယ့် တော်လှန်ရေးသမားမှ တော်လှန်ရေးစာပေကို ရေးနိုင်သည်ဟု ဝေဖန်ထားသည်။ သူသည် အတုနှင့် အစစ်ကို ခွဲခြားရန် သတိပေးခြင်း ဖြစ်သည်။ တော်လှန်ရေးနှင့် ဆန့်ကျင်ဘက် တော်လှန်ရေးသမားကို ကွဲပြားအောင် စီစစ်ပေးခြင်း သဘော။ အထူးသဖြင့် ချန်ကေရှိတ်၏ ကူမင်တန် အစိုးရလက်ထက် ရှုပ်ထွေးနေသော အယူအဆများ ယှက်သန်းနေသည့် ကာလ၌ စာဖတ်သော ပြည်သူတို့သည် လူရွှန်း၏ ဝေဖန်ရေး ဆောင်းပါးများကို ဖတ်ပြီး ထင်လင်း ကြည်လင်ခြင်း ဖြစ်ကြရသည်။ ထို့ကြောင့် လူရွှန်း၏ ဝေဖန်ရေးဆောင်းပါးများကို စောင့်ဖတ်ရသည်ဟု အဆိုရှိသည်။

သူသည် လူငယ်သစ်မဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ရင်း တိုးတက်သော လူငယ်ပညာတတ် ပိုင်းကို စည်းရုံးသည်။ သူသည် ရသစာပေ ဖွဲ့နွဲ့ရာ၌သာ တော်သည် မဟုတ်သေး။ တရုတ်ဝတ္ထုသမိုင်းကို ပြုစုသော စာပေသမိုင်းဆရာလည်း ဖြစ်သည်။ ပီကင်း၊ အေမွိုင်၊ ကန်တုန် စသော တရုတ်ပြည်ရှိ တက္ကသိုလ်များ၌ စာပေပို့ချသော ပါမောက္ခဖြစ်သည်။ ပါမောက္ခအဖြစ် ခေတ်သစ်တရုတ်စာပေကို သင်ကြားရင်း ကျောင်းသားလူငယ်များ၏ ဒီမိုကရေစီ အခွင့်အရေးဘက်မှ ရပ်တည်ပေးသည်။ ကျောင်းသားလူငယ်များက သူ့ကို ရဲဘော်အဖြစ် ချစ်ခင် ယုံကြည်ကြသည်။ ၁၉၃၀ ပတ်ဝန်းကျင်၌ လက်ဝဲ တရုတ်စာရေးဆရာ လောကတွင် တော်လှန်ရေးနှင့် ဆန့်ကျင်ဘက် တော်လှန်ရေး သဘောထားများဖြင့် ရှုတ်ထွေးကာ အရောရော အနှောနှော ဖြစ်နေစဉ် သူသည် ကြည်လင် ပြတ်သားသော ဦးတည်ချက်ဖြင့် လက်ဝဲစာရေးဆရာ အသင်းဟူသော စာရေးဆရာအဖွဲ့အစည်းကို အချိန်ကိုက် တည်ထောင်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်ကား ချန်ကေရှိတ် ကူမင်တန်အစိုးရက ပြည်သူများကို မညှာမတာ ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်ချုပ်ချယ်လျက် ရှိနေပြီး တဘက်တွင် တရုတ်ကွန်မြူနစ် ပါတီက လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲလျက် ရှိနေသည်။ ယင်းသို့ ဆန့်ကျင်ဘက်တော်လှန်ရေးနှင့် တော်လှန်ရေးတို့ အားပြိုင်နေကြစဉ် ယင်းအချိန်ကာလ၌ လူရွှန်းက တရုတ် လက်ဝဲစာရေးဆရာအသင်း ဖွင့်ပွဲတွင် 'ကျွန်တော့်အမြင်ကတော့ ဒီကနေ့ လက်ဝဲစာရေးဆရာတွေဟာ လက်ယာ စာရေးဆရာအဖြစ် ကူးပြောင်းသွားဖို့ အင်မတန်လွယ်ပါတယ်။ အဲဒါကို အနောက်နိုင်ငံတွေမှာ မှန်ခန်း ဆိုရှယ်လစ်တွေလို့ ခေါ်ပါတယ်' ဟု ပြောခဲ့ပေသည်။ သူသည် နယ်ခြားမျဉ်းကြောင်းကို သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

လူရွှန်းသည် ဘာသာပြန်ဆရာ အဖြစ် ၀တ္ထုများကို ဘာသာပြန်သူတယောက် ဖြစ်သည်။

လူရွှန်းသည် တရုတ်ပြည်သူ့ အခွင့်အရေးအသင်း စသော ပြည်သူ့အဖွဲ့အစည်းများ၌ ပါဝင် ဆောင်ရွက်သည်။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ် စသော ပြည်သူ့ဘက်မှ လူထုလှုပ်ရှားမှုကို အားပေးသည်။ သူသည် ကွန်မြူနစ်ပါတီဝင် တယောက်ကား မဟုတ်။ သူ့ကို မော်က 'တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ သေနာပတိချုပ်' ဟု ဖော်ပြခဲ့သည်။ ယင်းသို့ တော်လှန်ရေး အစဉ်အလာလည်းရှိ၊ စာပေရေးသား ဖွဲ့နွဲ့မှုကလည်း အနုပညာ မြောက်သဖြင့် ပြည်သူတို့၏ ရင်ထဲကကို လိုလား နှစ်သက် ကြည်ညို၍ လေးစား ချစ်ခင်အပ်သော စာပေ ခေါင်းဆောင် ဆရာကြီးတဆူအဖြစ် နေလရောင်ဝါ ထင်ရှားခြင်း ဖြစ်သည်။

အောင်ဇံသည် လူရွှန်း၏ အတ္ထုပ္ပတ္တိကို စာအုပ် အကိုးအကားများဖြင့် ပြုစုထားပေသည်။

ဗညားသီဟ(ဒဂုန်တာရာ)

[ဗညားသီဟ ကလောင်နာမည်နဲ့ ၁၉၇၆ မှ ၁၉၈၁ ခု မေလအထိ- မိုးဝေစာပေမဂ္ဂဇင်းတွင် စာပေစစ်တမ်း ကဏ္ဍမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုပေါင်းထုတ်ဝေထားတဲ့ 'စာပေစစ်တမ်း-ဗညာသီဟ' စာအုပ်၊ ပထမအကြိမ်၊ ၁၉၉၇ သြဂုတ် မှ ကူးယူဖော်ပြပါတယ်။]

Monday, May 25, 2009

မိချမ်းဝေ နဲ့ မိတ်ဆက်
ရေးသူ- လူထုဒေါ်အမာ

ပင်လယ်ဝတ္ထုတိုကလေးတွေကို သတ်သတ်မှတ်မှတ် စုစည်းထုတ်ဝေတဲ့ မိချမ်းဝေကို ကျွန်မက လွန်ခဲ့တဲ့ (၁၆) နှစ်လောက်တုန်းက စသိခဲ့တာပါ။ အဲဒီတုန်းက မိချမ်းဝေက မြိတ်မြို့မှာ ကျောင်းဆရာမကလေး။ သူ့အနေနဲ့ စာပေနယ်ထဲ စမ်းတ၀ါးဝါး ၀င်လာစ။ သူ့ခင်ပွန်းကလည်း အစိုးရ၀န်ထမ်းတဦး။ ကဗျာဆရာ အောင်မှူးတဲ့။
ဦးလှဆုံးမယ့်နှစ် နှစ်ဦးပိုင်းက ကျွန်မတို့မှာ သတင်းစာလုပ်ငန်းလို ဖယ်မရရှားမရ ကြီးလေးတဲ့တာဝန် တွေ မရှိချိန်၊ သမီးခင်ပွန်းအတူတူ ခရီးရှည်ထွက်ပြီး လည်ကြ ပတ်ကြမယ်လို့ ရန်ကုန်က ဆရာကြီးဦးသုခ နဲ့ ဇနီး ဒေါ်ကြင်မေကို အဖော်စပ်ကြပြီး သမီးလေး မတင်ဝင်းနဲ့အတူ မြိတ်၊ ထားဝယ်ကို မရောက်ဖူးလို့ အလည်သွားကြ တာလေ။


ကျွန်မတို့ လင်မယားက ခရီးသွားဖို့ ကြိုက်ပေမယ့် အလုပ်တွေနဲ့မို့ နှစ်ယောက်အတူတူ သွားရလာရ တာရယ်လို့ တယ်မရှိပါဘူး။ ၁၉၅၀ ခုနှစ်က စင်ကာပူကို လင်မယားနှစ်ယောက် ရယ်၊ သားကြီးကိုစိုးဝင်းရယ်၊ မောင် ကိုမောင်လေးရယ်၊ ဆန်းကဖီးဦးထွန်းရင်ရယ် အလည် သွားကြဖူးတာတခေါက်၊ ခုတခေါက်လို့ပဲ ပြောကြပါစို့။ ဦးလှ ခရီးသွားရင် ကျွန်မက အိမ်မှာ တာဝန်နဲ့ နေရစ်ခဲ့ရတယ်။ ကျွန်မခရီးထွက်ရင် ဦးလှက (၂)ယောက်စာ အလုပ်တွေနဲ့ အိမ်မှ ရှိရစ်ရတယ်။ ဒီတခါတော့ သတင်းစာလို တာဝန်ကြီးလုပ်ငန်းတွေ မရှိတော့လို့ နှစ်ယောက် အတူ သမီးလေးပါခေါ်ပြီး မိတ်ဆွေကြီးဦးသုခ လင်မယားနဲ့ ခရီးထွက်ခဲ့ကြတာပါ။
ဦးလှက မစ္စတာမောရစ်ကောလစ်ရဲ့ စာအုပ်နှစ်အုပ်ဖြစ်တဲ့ 'မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ' နဲ့ 'စန္ဒမာလာ' ၀တ္ထုတို့ကို ဘာသာပြန်ပြီး ကျွန်မက စာရေးဆရာလုပ်လာတာ ဖြစ်လေတော့ မစ္စတာမောရစ်ကောလစ်ကို ကမ္ဘာကျော်စာရေးဆရာဖြစ်အောင် လုပ်ပေးလိုက်တဲ့ မြိတ်ကို လိုက်ပို့မယ်လို့ ဟိုအနှစ် (၄၀)လောက်ကတည်းက ပြောပြောနေတာပါ။ နို့ပေမယ့် မရောက်ရပါဘူး။ ဒါကြောင့် ကျွန်မတို့က စာပေဟောပြောပွဲခရီးမဟုတ်ပဲ၊ မြိတ်က ဖိတ်ကြားထားတာ မရှိဘဲနဲ့ သက်သက်မယ့် တနင်္သာရီဘက်ကို အလည်ထွက်လာကြတာလေ။ (မှတ်ချက်။ လူထုဒေါ်အမာ ရဲ့ 'အညာသူများပင်လယ်သွား' စာအုပ်ထွက်ခဲ့ပြီး မာယာမဂ္ဂဇင်းမှာ အဲဒီစာအုပ်ထဲက တပုဒ်ကို ဖော်ပြခဲ့ဖူးပါတယ်။)
ဒါပေမယ့် ထားဝယ်နဲ့ မြိတ်ကိုရောက်တော့ မြို့ခံစာပေအပေါင်းအသင်း ရောင်းရင်းတွေက ၀မ်းမြောက် ၀မ်းသာကြိုကြ၊ စာပေတွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြ၊ ကျွေးကြ မွေးကြ ဧည့်ခံကြပေါ့။
အဲဒီမှာ ကဗျာဆရာအောင်မှူးခေါ်တဲ့ ကိုစိုးမြင့်ရယ် သူ့ဇနီးကျောင်းဆရာမလေး ရီရီထွန်းရယ်ကို မြိတ်မှာ တွေ့ခဲ့ သိခဲ့ ခင်မင်ခဲ့ကြတာပါ။
ရီရီထွန်းက ကျောင်းဆရာမအလုပ်တဘက်နဲ့ သူက စာရေးချင်နေသူ ဖြစ်တယ်။ ဒါကြောင့် စာပေရေခံ မြေခံကောင်းတဲ့ မြိတ်က နှစ်တိုင်းထုတ်ဝေနေတဲ့ မြိတ်မဂ္ဂဇင်းမှာလည်း ၀င်ပြီး ကလောင်သွေးတယ်။ တိုင်းရင်းမေတို့၊ အိုးဝေတို့မှာလည်း ၀င်ပြီး ကဗျာရေး စာရေး လုပ်တယ်။ နောက်တော့ ရန်ကုန်ထုတ် မဂ္ဂဇင်းတွေမှာ သူ့ဝတ္ထုကလေးတွေ ကြိုးကြားပါလာတယ်။ အဲဒီလိုပါလာတော့ သူက သူ့ဝတ္ထုတိုကလေးတွေကို 'ဒေါ်ဒေါ်ဖတ်ပါဦး' ဆိုပြီး ကျွန်မဆီကို ပို့လေ့ရှိပါတယ်။
ပို့လာတာတွေကို ဖတ်ရတော့ မိချမ်းဝေရဲ့ ၀တ္ထုကလေးတွေက ပင်လယ်နဲ့ ပတ်သက်တာလေးတွေ ပါလာတယ်လေ။ အဲဒီတော့ ကျွန်မက အညာသူဟုတ်လား။ ပင်လယ်နဲ့ပါတ်သက်တဲ့ စာရေးလာတဲ့ ဆရာမလေးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး လိုင်းချပေးလိုက်တယ်။
'တို့စာပေမှာ ပင်လယ်နဲ့ပါတ်သက်တာရေးတဲ့ စာရေးဆရာက အလွန်နည်းသေးတယ်။ ငါ့သမီးက မြိတ်မှာနေတာဆိုတော့ အဲဒီဘက်က အကြောင်းအရာတွေကို နောက်ခံထားပြီးရေး၊ အဲဒီဘက်က ဗဟုသုတတွေ ထည့်' လို့ အကြံပြုလိုက်တယ်။
ကျွန်မတို့မှာ ပင်လယ်ကမ်းရိုးတန်းကြီး နတ်မြစ်ကနေပြီး ကော့သောင်အထိ မိုင် (၁၈၀၀)လောက် ရှည်လျားတာကြီး ရှိပါတယ်။ ဒါပေမယ့် ရခိုင်စာဆိုကြီးတွေကလည်း ပင်လယ်ကို သိတ်မရေးဖွဲ့ခဲ့ကြပါဘူး။ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ပဲခူး၊ ရွှေဘို၊ အမရပူရ၊ မန္တလေးမြို့တွေမှာ ထီးနန်းတွေ စိုက်ထူသွားကြတော့လည်း ခေတ်အဆက်ဆက် စာဆိုတွေက ပင်လယ်ကို ဖွဲ့သီမှု အလွန်နည်းခဲ့ကြပါတယ်။ ကျွန်မတို့ခေတ်မှာ မြစ်ဝကျွန်းပေါ်သားတွေ ဖြစ်ကြတဲ့ ဇော်ဂျီတို့၊ မောင်ထင်တို့ စာတွေ ဖတ်လာရတော့မှ ကျွန်မတို့မှာ လမုတို့၊ လတာတို့၊ ဒီတို့ ဆိုတာတွေကို ရင်းနှီးလာရတာပါ။
အဲဒီတော့ ကျွန်မက ရီရီထွန်းဟာ မြိတ်မှာ ကျောင်းဆရာမလေး လုပ်နေသူမို့ မြိတ်ရဲ့ကျွန်းတောင် သောင်ကမ်းနဲ့အတူ မြိတ်က ရေလုပ်သားတွေအကြောင်း၊ ကျွန်မတို့ မသိတဲ့ ပင်လယ်တွင်းစားစရာ ရေထွက်ကုန်တွေအကြောင်းပါတဲ့ ၀တ္ထုတွေ ရေးဖို့ တိုက်တွန်းပါတယ်။
ရီရီထွန်းက သထုံသူ။ အဖေက မြန်မာ၊ ဦးထွန်းခင်တဲ့။ အမေက မွန်၊ ဒေါ်သန်းစိန်တဲ့။ သထုံက (၁၀)တန်းအောင်တော့ ၁၉၇၆ ခုနှစ်မှာ ဆွဲခန့် မူလတန်းဆရာမ ၀င်လုပ်ခဲ့တယ်လေ။ သူလုပ်ရတဲ့ကျောင်းက မြိတ်မြို့နယ်က ကလင်ဘန်းကျေးရွာမှာ ဖြစ်သတဲ့။ အဲဒီ တနင်္သာရီတောပိုင်းမှာ (၂) နှစ်လုပ်ပြီးတော့၊ မြိတ် အ-ထ-က မှာ (၁၄) ဆရာမလုပ်ခဲ့တယ်။ နောက် ရန်ကုန်ပြောင်းပြီး မင်္ဂလာတောင်ညွန့် မှာ ဆရာမ (၄) နှစ်လုပ်ပြီး၊ အလုပ်က ထွက်လိုက်တယ်။ အနှစ် (၂၀) ဆရာမ လုပ်သက်နဲ့ ခုတော့ အလုပ်ကထွက်ပြီး စာကိုပဲ ဇောက်ချရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အလုပ်အားသွားတော့ ကျွန်မတိုက်တွန်းတဲ့ စာတွေ ရေးနိုင်ဖို့ သူက မြိတ်ကို ပြန်ပြီး ကွင်းဆင်းပါတယ်။ သူ့မှာ ဆရာမလုပ်သက် မြိတ်ဒေသမှာချည်း (၁၆)နှစ် ရှိခဲ့သူမို့ သူကွင်းဆင်းပြီး အချက်အလက် စုတဲ့အခါတော့ တပည့်တွေနဲ့ သူတို့မိဘတွေက အများကြီး အကူအညီ ပေးကြသတဲ့။ တချို့ ရေလုပ်သားများကတော့လည်း ရိုးရှာကြလို့ စာရေးဆရာတယောက်က စစ်စစ်ပေါက်ပေါက် မေးနေတဲ့ အမေးမျိုးကို မကြုံဖူးလေတော့ ဘ၀အာမခံချက် မရှိရှာသူများမို့ သူ့ကိုကြောက်ပြီး မသင်္ကာဖြစ်လာလို့ ဆက်မပြောကြသူတွေလည်း တွေ့ရသတဲ့။ သူ့တို့ကို ဖမ်းမှာလား မေးတဲ့သူက မေးသတဲ့။ 'ဒေါ်ဒေါ်ရဲ့ မြိတ်ဘက် သွားရတာ မိန်းမဖော်တယောက်လည်း လိုတယ်။ လေယဉ်ခလည်း ဈေးကြီးလိုက်တာ' တဲ့လေ။
'မိချမ်းဝေ' ဆိုတဲ့ ကလောင်နာမည်က မွန်လို မှည့်ထားတာ၊ မြန်မာလို ဘာသာပြန်ရင် 'အေးမေတ္တာ မျှဝေသူ မိန်းကလေး' လို့များ အဓိပ္ပါယ်ရှိမလား မသိဘူး။ သူကတော့ ပထမတော့ ခင်နှင်းယု ရဲ့ 'သခွတ်ပန်း' ကို သဘောကျလို့ တိုင်းရင်းမေမှာ ကဗျာစရေးတော့ 'သခွတ်ပန်း' ဆိုပြီး ကလောင်နာမည် ယူသေးသတဲ့။ နောက်မှ မြိတ်မဂ္ဂဇင်းမှာ ၀တ္ထုတိုလေးတွေ ၀င်ရေးရင်း 'မိချမ်းဝေ' ဆိုတဲ့ ကလောင်နာမည်ကို ပြောင်းလိုက်တာတဲ့။
မြိတ်မြို့ဟာ မြန်မာနိုင်ငံရဲ့ တောင်စွန်ဆုံးနားကမြို့၊ အဲဒီမှာ လူမျိုးတော်တော်စုံ ရှေးကတည်းက နေခဲ့တယ်။ ဒါပေမယ့် မြိတ်မှာနေကြတဲ့ မြန်မာအမျိုးသားတွေက အမျိုးသားရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ ယဉ်ကျေးမှုကိစ္စတွေမှာ တက်တက်ကြွကြွ စည်းစည်းလုံးလုံးရှိတယ် ထင်တာပဲ။ မြို့နယ်မဂ္ဂဇင်း တစောင်ကိုလဲ သိပ်များတဲ့ အခက်အခဲတွေကြားထဲက မှန်မှန်ထွက်နိုင်အောင် ကြိုးစားကြတယ်။
အဲဒီမြိတ်မဂ္ဂဇင်းမှာ ရီရီထွန်းက 'မိချမ်းဝေ' အမည်နဲ့ ၀တ္ထုတိုအရေးအသားကို ၁၉၈၄ ခုကစပြီး ကလောင်သွေးခဲ့တယ်လေ။ မြိတ်မဂ္ဂဇင်းမှာ ဆက်ဆက်ပြီး ရေးတယ်။ နောက်တော့ ရန်ကုန်ထုတ် လစဉ်မဂ္ဂဇင်းတွေထဲ သူ့လက်ရာလေးတွေ ရောက်လာတယ်။ ခု မိချမ်းဝေရဲ့ ကလောင်သက် (၁၄) နှစ် ရှိတော့မယ်ပေါ့။ ဒီပထမဦးဆုံး စထွက်မယ့် သူ့ဝတ္ထုတိုပေါင်းချုပ် 'ကမာရင်ကွဲနဲ့ အခြားပင်လယ်ဝတ္ထုတိုများ' မှာ ပင်လယ်ဝတ္ထု (၁၉) ပုဒ်ပါတယ်။ တချို့က မဂ္ဂဇင်းတွေမှာ ဖော်ပြပြီးသား၊ တချို့က မပါသေးတဲ့ ၀တ္ထုတိုအသစ်ကလေးတွေပါ။
သူ့ ၀တ္ထုလေးတွေက ပေးတဲ့ ဗဟုသုတာက ကျွန်မတို့ အညာသူအညာသားတွေအနေနဲ့ စိတ်ဝင်စားဖို့ သိတ်ကောင်းပါတယ်။ ဥပမာ- ပင်လယ်စာဖြစ်တဲ့ ပင်လယ်ငါးတွေဆိုပါတော့ ကျွန်မတို့က စားဖူးမြင်ဖူးဖို့ နေနေသာသာ တချို့ကိုများ နာမည်ကိုသော်မှ ကြားတောင် မကြားဖူးဘူးလေ။ ငါးမဟုတ်တဲ့ ကမာတို့၊ မျှော့တို့၊ ရေခူတို့ ဆိုတာတွေလည်း အများကြီး ရှိသေး။ တကယ်တော့ ကျွန်မတို့ နိုင်ငံရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ မြိတ်ရဲ့ ကျွန်းတောင်သောင်ကမ်းက သယံဇာတတွေ အလွန်ပေါပေါများများ ရှိတဲ့ဒေသ။ ငါး၊ ပုဇွန်၊ ကမာ၊ ရေခူ စတာတွေအပြင် ငှက်သိုက်တို့၊ ပုလဲတို့၊ ငါးကြီးအံဖတ်တို့ စတဲ့ အဖိုးတန်ပစ္စည်းတွေကလည်း ရှိသေး။ ငါး ပုဇွန် တွေဆို နိုင်ငံခြားကို ဒေါ်လာနဲ့ အစိမ်းလိုက် ရောင်းစားရသလို ငါးပိ၊ ငံပြာရည်၊ ငါးခြောက်၊ ပုဇွန်ခြောက်အဖြစ်နဲ့လည်း ထုတ်လုပ်နိုင်သေးတယ်။ ဒီဒေသက နိုင်ငံခြားငွေရအောင် ဘယ်လောက်ရှာပေးနိုင် နေပြီလဲ။ ကျွန်မတို့ နိုင်ငံက မရလိုက်ဘဲနဲ့ ဘယ်လောက်ဖိတ်ယိုနေတာလဲ ဆိုတာလည်း ခန့်မှန်းဖို့ ခက်တဲ့ အနေအထားပါ။
မိချမ်းဝေရဲ့ ၀တ္ထုလေးတွေမှာ ဒီအကြောင်းတွေ အစုံအစေ့ မဟုတ်စေကာမူ တစေ့တစောင်း တော်တော်စုံအောင် ပါပါတယ်။
သူ့ဝတ္ထုလေးတွေက ပေးတဲ့ ရသကတော့ အဲဒီဒေသက လူငယ်လူရွယ်ကလေးတွေဟာ ကျောင်းနေပြီး ပညာရှာရမှာလား၊ စားဝတ်နေရေး အလွန်ကျပ်နေကြတာမို့ ပင်လယ်မှာ အသက်ဆံဖျားနဲ့ ငွေရှာရမှာလားဆိုတဲ့ လမ်းဆုံလမ်းခွမှာ တချို့က တွေဝေလို့၊ တချို့က မှားမှားမှန်မှန် လောလောဆယ် အကျပ်အတည်းကြားက လွတ်မြာက်ဖို့အတွက် ငါးဖမ်းလှေတွေပေါ်၊ ဂွေးဖောင်တွေပေါ် ရောက်ကုန်ကြလို့ ကိုယ့်ဘ၀ကိုယ်ပြဌာန်း ရုန်းကန်နေကြရရှာသူတွေရဲ့ ခံစားချက်ကလေးတွေကို တွေ့ရပါတယ်။
'လရောင်ကြောက်တဲ့ငါး' ဆိုတဲ့ ၀တ္ထုလေးမှာ ပလာတူးငါးကို ၀ိုင်းချုပ်ပိုက်နဲ့ လဆုတ်ရက်မှာ ဖမ်းရပုံတွေကို ဖတ်ရတယ်။ 'ငါးဖမ်းကောင်းတဲ့မြားစကြာ' ၀တ္ထုကတော့ ငါးမန်းကို မြားစကြာဆိုတဲ့ မြားတွေ အများကြီးနဲ့ ဘယ်လို ဖမ်းရတယ်။ လှေပေါ်မှာတင် ငါးမန်းကို ကိုင်တွယ်ခုတ်ထစ်ပြီး ဘယ်လိုအခြောက်လှမ်း တယ်ဆိုတာကို ဖတ်ရတယ်။ 'ရေနာရတဲ့ဝေလ' ၀တ္ထုက ပုလဲပါတဲ့ မုတ်ကောင်ကို ပင်လယ်ရေနက်မှာ ငုပ်ရှာရပုံ ၀တ္ထုပါ။
ပုဇွန်ကို ကျွန်မတို့ အညာမှာ အကြီးကို ပုဇွန်ထုပ်နဲ့ အသေးကို ပုဇွန်ဆိတ်လို့ (၂) မျိုးပဲ သိတယ်။ တကယ်ကတော့ ပုဇွန်ဆိုတာ အရွယ်အစားအမျိုးမျိုး အများကြီးထဲမှာ ကျွန်မတို့ မမြင်ဖူးတဲ့ ဂွေးဆိုတဲ့ မီးခြစ်ဆံလောက်ရှိတဲ့ ပုဇွန်သေးသေးမျှင်မျှင် ရှည်ရှည်ကလေးတွေလည်း ရှိသေးတယ်။ ကျွန်မတို့ သိတ်ကြိုက်ပေမယ့် ဘယ်တော့မှ စစ်စစ်ကောင်းကောင်းကို မစားရတဲ့ မြိတ်ငပိခေါ်တဲ့ စိမ်းစားငပိဟာ အဲဒီ ဂွေးကို ထောင်းတဲ့ငါးပိပါ။ အဲဒီ ပုဇွန်အမျိုးမျိုးကို ဘယ်လိုဖမ်းရတယ်ဆိုတာ 'ကြယ်တွေကတဲ့ရေအီည' ဆိုတဲ့ ၀တ္ထုကလေးနဲ့ 'ဖောင်ခံလူသား' ဆိုတဲ့ ၀တ္ထုကလေးမှာ စိတ်ဝင်တစား ဖတ်ရပါတယ်။
ကျွန်မတို့ မစားရဖူးတဲ့ ကမာနဲ့ ပဂဲဆိုတာကို ဘယ်လိုငုပ်ဖမ်းရတယ်ဆိုတဲ့ အကြောင်းတွေကိုတော့ 'ကမာရင်ကွဲ' ဆိုတဲ့ ၀တ္ထုလေးမှာရော၊ 'မေ့ဆေး' ဆိုတဲ့ဝတ္ထုကလေး၊ 'ဆဲဗင်းကာလာ' ဆိုတဲ့ ၀တ္ထုကလေးတွေမှာရော ပါတယ်။ ဖတ်လို့ သိတ်ကောင်းပါတယ်။ အဲဒါတွေကို စားဖူးဖို့ နေနေသာသာ မြင်တောင် မမြင်ဖူးပါဘူး။
မိချမ်းဝေရေးတဲ့ 'တိုးဝံ့တိုး' ဆိုတဲ့ ၀တ္ထုကတော့ ပင်လယ်ရေအောက်မှာ ကြောက်စရာ့သတ္တ၀ါကြီး တကောင်ဖြစ်တဲ့ ရေဘ၀ဲခေါ်တဲ့ ရေသရဲကြီးနဲ့ ငါးအူကြီးလို့ခေါ်တဲ့ ငါးလိပ်ကျောက်ကြီး သူသေကိုယ်သေ တိုက်ခိုက်သတ်ဖြတ်ကြတဲ့ တိုက်ပွဲပါ။ ရေသရဲကြီးဟာ ငါးလိပ်ကျောက်နဲ့ အသေအကြေ တိုက်ပွဲကြီး ပြီးသွားတော့ ငါးမန်းစွယ်သီကြီးနဲ့တခါ တိုက်ပွဲ ဖြစ်ရပြန်တယ်။ အဲဒီ တိုက်ပွဲ (၂)ခုစလုံးကို ပွဲကြည့်ပရိသတ် လုပ်ခဲ့တဲ့ ပြည်ကြီးငါးခေါ်တဲ့ ကင်းမွန်ကြီးကတော့ လူတွေရဲ့ မီးထောင်ခြောက်ထဲ ၀င်လိုက်ရလို့ လူ့ငါးဖမ်းလှေပေါ် ရောက်လာရတယ်ဆိုတာကို သည်းထိတ်ရင်ဖို တိုက်ပွဲအဖြစ် ရေးသားပြထားပါတယ်။ [မှတ်ချက်။ မာယာမဂ္ဂဇင်းမှာ ဖော်ပြပြီး ဖြစ်ပါတယ်။]
မိချမ်းဝေဟာ စာရေးသက် မရင့်လှသေးပါဘူး။ ဒါပေမယ့် ကျောင်းဆရာမအလုပ်က ထွက်လိုက်ပြီး စွန့်စွန့်စားစား စာပေနယ်ထဲကို ၀င်လာတာ။ သူကြိုးစားထားတာတွေကို ခု ၀တ္ထုတိုတွေမှာ တွေ့ရတော့ အလားအလာရှိတဲ့ ကလောင်ရှင်အမျိုးသမီးပဲလို့ အောက်မေ့မိပါတယ်။
မိချမ်းဝေရေးတဲ့ ၀တ္ထုတိုတွေထဲမှာ ဆလုံတိုင်းရင်းသားတွေရဲ့ ဘ၀မြှင့်တင်ရေး ၀တ္ထုတပုဒ်လည်းပါ တယ်။ သူ့ဝတ္ထုက ဆလုံအမျိုးသားတွေအကြောင်း စိတ်ဝင်စားစရာ ကောင်းပေမယ့် သူတို့ဘ၀ကို မြှင့်တင်ဖို့ အတွက် မြန်မာအမျိုးသမီး ကျောင်းဆရာမလေးတဦးနဲ့ ဆလုံအမျိုးသားတဦးကို အိမ်ထောင်ဖက်စေပြီး ဘ၀မြှင့်တင်ရေးလုပ်မယ် ဆိုတာကတော့ ပုံပြင်ဆန်အားကြီးတယ် ထင်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် မိချမ်းဝေ ဒီလိုင်းကို လိုက်လာတော့ ကျွန်မတို့ စိတ်ဝင်တစား ဖတ်စရာတွေ အများကြီး တွေ့လိမ့်ဦးမယ်။ ကျွန်မတို့လည်း သူ့လက်က ဆက်လက်ပြီး ထွက်လာမှာကို ဖတ်ရလိမ့်ဦးမယ်လို့ မျှော်လင့်စောင့်စားရင်း မိချမ်းဝေကို စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

လူထုဒေါ်အမာ
[မိချမ်းဝေ ရဲ့ ကမာရင်ကွဲနဲ့ အခြားပင်လယ် ၀တ္ထုတိုများ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၀ခု၊ မေ က ကူးယူဖော်ပြပါတယ်။]


Saturday, April 4, 2009

ကဗျာတပ်မှူး ကြည်အောင် နဲ့........
ရေးသူ- တက္ကသိုလ်မောင်စောလွင်


ကဗျာတပ်မှူးကြည်အောင်နဲ့ 'မိခင်မာရသွန်'

{ဤစာသည် 'ကြည်အောင်၏ မိခင်မာရသွန်' ပဌမနှိပ်ခြင်း၊ ၁၉၈၅ ခု၊ ဖေဖော်ဝါရီလ၊ တွင်၊ ဖော်ပြသော တက္ကသိုလ်မောင်စောလွင်၏ အမှာစာ ဖြစ်ပါသည်။ ၂၀၀၉ မတ်လ၊ ၂၇ တွင် ကွယ်လွန်သွားရှာသော ကဗျာဆရာကြည်အောင် (ဦးကြည်လင်) အတွက်၊ ကြေကွဲဝမ်းနည်း ခြင်း နှင့်အတူ ဆရာကြည်အောင်ကို လေးစားဂုဏ်ပြုသောအားဖြင့် မာယာမှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။}

ကြည်အောင်-သာနိုး
တင်မိုး-စွမ်းရည်
ကိုလေး (အင်းဝဂုဏ်ရည်)
တို့ဟာ ကဗျာစာပေ တပ်ဦးက တပ်မှူးတွေ ဖြစ်တယ်လို့ ရဲရဲကြီး ဆိုလိုက်ပါတယ်။ ဘာလို့ ဒီလိုဆိုနိုင်သလဲလို့ မေးယင်....



သူတို့ကဗျာတွေကို လေ့လာလိုက်ပါ၊ သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းကြည့်တဲ့အခါ အဖြေထွက်လာနိုင်ပါတယ်။
သူတို့ကဗျာကို လေ့လာလိုက်ယင် သူတို့ရဲ့ စေတနာဟာ အများပြည်သူတွေ အပေါ်မှာ ထက်ထက်သန်သန်ထားပြီး ရေးဖွဲ့ကြတယ်ဆိုတဲ့အချက်ဟာ ပေါ်လွင်ထင်ရှားလာပါတယ်။ မှန်ကန်တဲ့ရပ်တည်ချက် ရှိတာတွေ တွေ့ရပါမယ်။ ဒီနေရာမှာ တခြားသူတွေရဲ့ ရုပ်ပုံလွှာကို စာဖွဲ့ဖို့ မလိုသေးပေမယ့် ကြည်အောင် အကြောင်းကိုတော့ ရေးဖွဲ့ရပါလိမ့်မယ်။
ကြည်အောင်ဟာ ဘယ်လိုလူလဲ။
ကြည်အောင်ဟာ ပကတိ ရိုးသားဖြူစင်သူ၊ စိတ်ကောင်းနှလုံးကောင်း ရှိသူ၊ ရဲရင့်တဲ့ အတွေးအခေါ်ကို ကိုင်စွဲထားတဲ့ ကဗျာဆရာတဦးအဖြစ် တွေ့ရပါတယ်။
သူက အင်းဝသား၊ ခရစ်သက္ကရာဇ် ၁၉၃၇ - ခု ဖေဖော်ဝါရီလ ၂၇ ရက်မှာ မွေးတယ်။ အဖေက ဦးစိန်ညွန့်၊ အမေက ဒေါ်ထွေး၊ ကြည်အောင် အမည်ရင်းက ကြည်လင်။
၁၉၅၆ -ခုနှစ် မန္တလေးတက္ကသိုလ်ရောက်ပြီး၊ စာပေလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်၊ ကဗျာနဲ့ ဆောင်းပါးတွေကို မဂ္ဂဇင်းတွေ၊ နံရံကပ်စာစောင်တွေ၊ လူထုသတင်းစာ၊ ငွေတာရီ၊ ရှုမ၀ စတဲ့ မဂ္ဂဇင်းတွေမှာ ရေးခဲ့တယ်။
လမင်းတရာကဗျာများ စာအုပ်နဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသားစာပေ ကဗျာပေါင်းချုပ် ပထမဆု ရခဲ့တယ်။
သူ့အဖို့ ဘယ်နေရာ ဘယ်ဌာနမှာဘဲ ရောက်နေ ရောက်နေ၊ ကဗျာစာပေနဲ့ မွေ့လျော်ပြီး ကဗျာတွေကို အဆက်မပြတ် သီဖွဲ့နေသူ ဖြစ်တယ်။

"ဒုဌ၀တီ သောင်ခြေဦး
ကဗျာဖူး
စိတ်ကူးပန်းတွေ ပွင့်ဖူးတယ်"
ပြည်သူတွေအတွက် တေးသစ်ဆိုဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။

"ပြည်သူတွေကို ချစ်တဲ့စိတ်၊ နယ်ချဲ့ ကို မုန်းတဲ့စိတ်"
စွဲစွဲမြဲမြဲ ခံယူနိုင်ဖို့ဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ ခံယူချက် ဖြစ်ပါတယ်။
ဒီလို ခံယူချက်မျိုးတွေကို အမြဲရှင်သန်နေအောင် ကဗျာဆရာကြည်အောင်က ကြိုးစား ပါတယ်။ နယ်ချဲ့သမားတွေကို သူ ဘယ်တော့မှ မညှာဖူး။

"တောတောင်ခရီး- ဖြတ်လို့ကျော်
တိုက်ပွဲသံကခေါ်
ငါတို့ရဲဘော် ခင်ဦးသား
ဓါးလှံစိန်ပြောင်း ကိုင်ဆောင်ထား။
ရခိုင်မြောက်ဖျား ပန်းဝါမြေ၊
နယ်ချဲ့သမားတွေ။
တိုက်ဟေ့တအား- တို့ထိုးခုတ်၊
ဒင်းတို့ ခေါင်းကိုဖြုတ်"
သူ့ကဗျာတွေထဲမှာ နယ်ချဲ့ သမားကို အပြတ်ချေမှုန်းပါတယ်၊ နယ်ချဲ့စနစ်ကို ရှုတ်ချပါတယ်၊ မြန်မာ့သမိုင်းမှာ ဘယ်လိုဘယ်နည်းနဲ့ နယ်ချဲ့ကို တိုက်ထုတ်ပုံတွေ ရေးချယ်စီကုံးပါတယ်။
ကြည်အောင်ဟာ ရှေးမင်းနေပြည် အင်းဝသားပေမယ့် သူ့ခေတ် အင်းဝကတော့ ကျေးလက် အခြေအနေအဆင့်မှာ ဖြစ်ပါတယ်။ သူဟာ တောသားပါလို့ ပြောယင်လဲ ရပါတယ်။ ကျေးလက်ဓလေ့ ထုံးစံတွေကို သူခြုံငုံမိပါတယ်။ တရင်းတနှီး ပွေ့ဖက်ခဲ့သူ ဖြစ်ပါတယ်။ ဒီတော့ သူ့ကဗျာတွေမှာ မြို့ပြခေတ် အငွေ့အသက်ကင်းပြီး ကျေးလက်နံ့ ထုံသင်းနေတာ တွေ့နိုင်ပါ တယ်။

"နွားစားတဲ၊ ထန်းရွက်ကျဲအုပ်မိုး၊
တိုင်ထန်းသား၊ ရှားပိုးထိုး၊
လေမိုးလုံ တဲတလုံး
ဆောက်ဦးပေါ့ မောင်ကြီးရယ်တော့"
ကဗျာဆရာဟာ လူ့အလွှာအသီးသီးရဲ့ ဘ၀အခြေကိုလဲ သူ့ရှုဒေါင့်တနေရာက သေသေချာချာ ရေးဖွဲ့သီကုံးခဲ့သူပါ။ ကိုတံငါရေလုပ်သား၊ တောအပျိုမလေး၊ ကျွဲသမား၊ ဖောင်သမား၊ ယွန်းထည် အလုပ်သမား၊ နွားမွေးသူများ၊ ကြက်သမား၊ သံဖြူဆရာနဲ့ နို့ကုန်သည်၊ သက်ကြီးရွယ်အို ဘိုးဘွားများ၊ နွားကျောင်းသား၊ ရွှေဘိုကျေးက မေပျိုကလေး၊ စတာတွေဟာ သူကိုယ်တိုင် ထိတွေ့ခံစားရတဲ့ နေရာဌာန ကျေးလက်အသီးသီးက ကဗျာအသီးအပွင့်တွေ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ကြည်အောင်ဟာ အမေကို မြတ်နိုးရမှန်းသိသူ၊ အမေကို ကျိုးနွံရိုသေကိုင်းရှိုင်းသူ၊ မိခင်မေတ္တာ အတိမ်အနက်ကို သိသူအဖြစ် ဂုဏ်ယူရမှာ ဖြစ်ပါတယ်။
သမိုင်းခေတ်ဦး ပကတူးအစက စပြီး အမေကို ဂုဏ်ပြုခဲ့ကြ၊ ကိုးကွယ်ခဲ့ကြ၊ မြတ်နိုးခဲ့ကြ ပါတယ်။ ကြည်အောင်ကလဲ သူ အပတ်တကုတ် ကြိုးပမ်းအားထုတ်ထားတဲ့ ကဗျာတွေနဲ့ အမေကို ရည်ညွှန်းပူဇြော်ပီး "မိခင်မာရသွန်" အမည်နဲ့ ကဗျာစာအုပ် ထုတ်ဝေတာဟာ သင့်မြတ်တယ်လို့ ဆိုရပါမယ်။
အသက် ၇၂ နှစ်အရွယ် အမေရဲ့ မွေးနေ့ကို မမေ့တဲ့ကြည်အောင်.....။
သူ့ အတ္တရုပ်ပုံလွှာပုံကြမ်းမှာတော့.....
အမေကမွေး
ပေးတဲ့နာမည်
ကြည်လင်


တက္ကသိုလ်-မောင်စောလွင်
၂၇၊ အောက်တိုဘာ ၁၉၈၃


Sunday, March 29, 2009

လမင်းတရာသာလိမ့်မည်
ရေးသူ- လူထုဒေါ်အမာ


{ဤစာသည် 'ကြည်အောင်၏ လမင်းတရာကဗျာများ' ပဌမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ နိုဝင်ဘာ၊ တွင်၊ ဖော်ပြသော လူထုဒေါ်အမာ၏ အမှာစာ ဖြစ်ပါသည်။ ၂၀၀၉ မတ်လ၊ ၂၇ တွင် ကွယ်လွန်သွားရှာသော ကဗျာဆရာကြည်အောင် (ဦးကြည်လင်) အတွက်၊ ကြေကွဲဝမ်းနည်း ခြင်း နှင့်အတူ ဆရာကြည်အောင်ကို လေးစားဂုဏ်ပြုသောအားဖြင့် အမေမာ၏ 'လမင်းတရာ သာလိမ့်မည်' ကို မာယာမှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။}

ကဗျာစာအုပ်ကလေးတွေ လုံးချင်းအဖြစ်နှင့် ဟော.....တအုပ်၊ ဟော......တအုပ် ထွက်လာသည်မှာ စစ်ပြီးခေတ်မြန်မာစာပေ၏ ကဗျာကဏ္ဍမှ တိုးတက်မှုတရပ် ဖြစ်ပေသည်။



ကဗျာစာအုပ်ကလေးများသည် အချို့လည်း နှစ်လိုဘွယ်ကောင်းသည်။ အချို့လည်း ရွက်ကြမ်းရေကြိုမျှ ရှိသည်။ အချို့လည်း အဆင့်အတန်း မမြင့်လှ။ သို့သော် အဆင့်မြင့်သည့် ကဗျာစာအုပ်သည် ကျန်ရစ်မည်ဖြစ်ပြီး၊ အဆင့်မမြင့်သည့် ကဗျာများသည် ကာလကြာသည့် အခါ တိမ်မြုပ်သွားပေလိမ့်မည်။ ဤသည်မှာ ဓမ္မတာဖြစ်သည်။ အဆင့်မြင့်သည့် ကဗျာများမူ ဤကဗျာများကိုပင် အသစ်ကို လက်ခံသည့် ငယ်ရွယ်သူတို့က ရွတ်ဖတ်ကြလိမ့်မည်။ ကျက်မှတ်ကြလိမ့်မည်။ ဤကဗျာတို့ကို အခြေပြု၍ ဤကဗျာတို့ထက် ကောင်းနိုးရာရာ အသစ်သော ကဗျာတို့ကို အနာဂတ်တွင် ရေးစပ်ကြပေလိမ့်မည်။
သက္ကရာဇ် ၁၉၃၀ နှင့် ၄၀ အကြားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပေ ဥယျာဉ်ကြီး အတွင်းမှ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်သန့်စင်၊ မောင်သုတ၊ ကုသ၊ သိပ္ပံမောင်ဝ စသော ခေတ်စမ်းစာပေ၊ ခေတ်စမ်းကဗျာဆရာများ ပွင့်ဖူးခဲ့သည်။ ထိုအပွင့်အဖူးတို့က ကျသည့်မျိုးဖြင့် လူ့တဆက်အကွာ ၁၉၅၀ ခုနှစ်နှင့် ၁၉၆၀ ခုနှစ်အကြားတွင် မန္တလေးတက္ကသိုလ် မြန်မာစာပေ ဥယျာဉ်အတွင်းမှလည်း တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ မောင်သိင်္ဂါ စသော ခေတ်စမ်း ကဗျာသမားကလေးများ ပွင့်ဖူးလာကြသည်။
ဤလူငယ်ကလေးများသည် ဇော်ဂျီ၊ မင်းသုဝဏ်တို့က ပေးသည့် ဖွဲ့ဟန်ကို ကိုင်စွဲလာ ကြသော်လည်း ဇော်ဂျီတို့ မင်းသုဝဏ်တို့ထက် သူတို့ကပို၍ တွေးရဲလာကြသည်။ သူတို့ အတွေးအခေါ်နှင့် သူတို့ အဘိဓမ္မာသည် သူတို့ဆရာများထက် တိုးတက်လာကြလေသည်။
ဤသို့ဖြစ်ရခြင်းမှာ ခေတ်၏ ခြားနားခြင်းကြောင့် ဖြစ်သည်။ ခေတ်စမ်းကဗျာပေါ်စခေတ် က မြန်မာနိုင်ငံတွင် နဂါးနီစာအုပ်တိုက်မပေါ်သေး။ ထို့ကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို လေးစားမြတ်နိုး၍ ဆရာကြီး၏ နိုင်ငံရေးသြဇာညောင်းသော ဇော်ဂျီနှင့် မင်းသုဝဏ်တို့က "အို... မြန်မာတို့" ဟူသော ကဗျာမျိုး၊ "သပြေညို" ကဗျာမျိုးကိုသာ ရေးကြသည်။
မြန်မာနိုင်ငံတွင် ကွန်မြူနစ်ပါတီ စတင်တည်ထောင်သည်မှာ ၁၉၄၁ ခုနှစ်ကမှ ဖြစ်သည်။ ထို့ကြောင့် ခေတ်စမ်းကဗျာခေတ်တွင် တိုးတက်သော အတွေးအခေါ်သစ်များက မြန်မာလူငယ် ပညာတတ်တို့ ဦးခေါင်းတွင်းသို့ ချဉ်းနင်းဝင်ရောက်မှုက နည်းပါးပေသေးသည်။ ဇော်ဂျီ၏ ၁၉၃၅ ခုနှစ်က အိုးဝေမဂ္ဂဇင်းပါ ကဗျာတပုဒ်မှာ.....

'အိုမြန်မာတို့' အမည်ဖြင့်.....

"ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
စေတီဘုရား၊ များလည်းများ၏။
များပါလေလဲ.....
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျှင်....
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်....
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင်ရှိလိမ့်တကား။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့ပြေ၊ တို့ရွာပြေကား
ရေချိုးသောက်ရန်၊ မြစ်ကြီးကန်နှင့်
သီးနှံစပါး၊ များလည်းများ၏
များပါလေလဲ
တမွဲမွဲနှင့်၊ ဆင်းရဲစိတ်မှာ
ကာလကြာလျင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်လိမ့်တကား။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပြော့နှင့်
မလျှော့လုံ့လ၊ ဥာဏ်ရောင်ပြ၍
၀၀စားရန်၊ ဆွမ်းတင်ရန်ဟု
ကြံပါကုန်ကြ၊ ကြံကုန်ကြလော့
သူကအစ၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်နိုင်စေ၊ စွမ်းကြစေလော့
ဤပြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤစာစကား၊ ဘယ်သူ့စကားလဲ
ထားလော့တာဝန်၊ ပြွန်လော့လုပ်ငန်း
ဥာဏ်ရွှင်လန်း၍
တ၀မ်းတစိတ်ညီစေတကား"။
ဟူ၍ ရေးစပ်ခဲ့သည်။

မင်းသုဝဏ်က ၁၉၃၈ ခုနှစ်၌ သပြေညို အမည်ဖြင့်

"သူ့ခေါင်းမှာတဲ့သပြေညို
ငါ့ခေါင်းမှာတဲ့သပြေညို
တို့ပြေမှာတို့မေကမ်းပါတဲ့
သပြေညိုရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။"
ဟူ၍ ရေးစပ်ထားပေသည်။

ထိုကာလမှ အနှစ် ၂၀ ကြာ၍ လူ့တဆက်သို့အကူး စစ်ပြီးခေတ်တွင်ကား လွတ်လပ် ရေးမျှနှင့် ပြည်သူက မတင်းတိမ်တော့၊ ဆိုရှယ်လစ်ဗမာနိုင်ငံ ထူထောင်ရေးအထိ တောင်းဆိုလာသည်။ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေး လှိုင်းတံပိုးကြီးက ဗမာပြည်တနံတလျားလုံး ကြီးမားစွာ ရိုက်ခတ်၍ နေသည်။ ဤလှိုင်းတံပိုး ကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေးတက္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည် ဟူသော ကဗျာဆရာလူငယ် ၃ ဦးသည်၊ သူများထက် ရဲရဲတွေးပြီး ရဲရဲရေးလာကြသည်။
ကဗျာတပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁) စာဆိုသူ ဖြတ်သန်း ကြီးပြင်းလာခဲ့ရသည့် ဘ၀ခရီးတာ၊ (၂) စာဆိုသူ ခံယူသည့် ဘ၀အဘိဓမ္မာနှင့် ဦးတည် ရည်မှန်းချက်၊ သို့မဟုတ် ဘ၀နှင့် ပတ်သက်သော သူ့ယုံကြည်ချက်၊ (၃) စာဆိုသူ လက်လှမ်းမှီသည့် အသိအမြင် ဗဟုသုတနှင့် ဝေါဟာရတို့ အပေါ်တွင် အခြေခံလျက် ကဗျာသည် ပေါက်ဖွားသည့် သဘော ရှိပါသည်။
ထို့ကြောင့်လည်း တဆရာတည်းသင်ကြ၊ တကျောင်းတည်း ထွက်လင့်ကစား တယောက်နှင့်တယောက် မတူညီသော ကဗျာများကို သီကုံးနိုင်ကြခြင်း ဖြစ်ပါလိမ့်မည်။
မောင်ကြည်အောင်သည် တိုးတက်သော အဘိဓမ္မာကို လက်ခံပုံရ၍ တနေ့သောအခါ လူနှင့်လူချင်း သွေးစုတ်မှုကင်းသော လောကသို့ ဦးတည်ရည်မှန်းဟန် ရှိသည်။ ထို့ပြင် သူ့အနေနှင့် သူဖြတ်သန်းခဲ့ရသည့် ဘ၀ခရီးသည် ပန်းခင်းလမ်းချည်း ဟုတ်ဟန်မတူ။ မြွေတံတား၊ ကျားခလုတ်၊ သစ်ငုတ်သင်ဖြူး၊ ဆူးမွေ့ရာချည့် မဟုတ်လင့်ကစား အများစုသော ပညာတတ် လူတန်းစားတို့ ဖြတ်သန်းကြီးပြင်းခဲ့ရသလို သာတောင့်သာယာများက များလှဟန် မရှိ။ ဤခံယူချက်၊ ဤအတွေ့အကြုံများဖြင့် သူသည် ဤကဗျာကလေးများကို ရေးစပ်ထားပုံရ သည်။ ဖော်ပြပါ ခုနှစ်သက္ကရာဇ်တို့ကို ထောက်ခြင်းအားဖြင့် သူ့ကဗျာ သက်တမ်းသည် ဘာမျှလည်း မကြာလှသေး၊ ၇ နှစ်မျှသာ ရှိပေသေးသည်။
မောင်ကြည်အောင်က အနုပညာသည် အနုပညာအတွက် သက်သက်ဆိုသည်ကို လက်မခံ၊ အလှသည် အလှသက်သက်ပင်ဖြစ်သည် ဆိုလျှင် ထိုအလှ၌ ဘာတန်းဘိုးရှိသနည်း ဟု သူက အောက်မေ့ပုံ ရသည်။ အလှသည် အကျိုးရှိသော အလှ၊ လူကို အကျိုးပြုသော၊ ကျေးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန် ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက်၊ သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံ သက်သက်ဖြင့် မဖွဲ့။ သူ့ကဗျာသည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်။ သို့သော် ထို အတိုအရှည်တို့၌ သူယုံကြည်ချက် တကွက်ပါလေသည်ချည်း တွေ့ရသည်။ သူသည် အကြောင်းအရာမရှိဘဲ စာစီကုံးသူမျိုး မဟုတ်။ သူ့တွင် တစုံတခုသော ပြောစရာ၊ တစုံတခုသော ခံစားချက်၊ တစုံတခုသော အမြင် ရှိလေသည်။ ထိုအရာကို သူက ကာရန်ရှာ၍ ကဗျာဖွဲ့ထားသည်။
စာရေးသည်ဖြစ်စေ၊ ကဗျာဖွဲ့သည်ဖြစ်စေ၊ တေးစပ်သည်ဖြစ်စေ မိမိတွင် ပြောစရာရှိမှ ရေးဖွဲ့စပ်သင့်ပါသည်။ ဘာဟူ၍ မည်မည်ရရ ပြောရန်မရှိ၊ မိမိက ဘာယုံကြည်သည်၊ ဘာကိုဦးတည်သည်ဟူ၍ မိမိကိုယ်နှိုက်က မပြတ်သားဘဲ စာရေးခြင်း၊ ကဗျာဖွဲ့ခြင်း၊ တေးသီခြင်း ပြုလျင် ပြောင်မြောက်သော စာ ကဗျာ တေးများ ထွက်နိုင်ဘို့ မရှိပါ။ နှင်အား မောင်းအားမပါသော စာငုတ်တုတ်များသာ ထွက်ပါလိမ့်မည်။
မောင်ကြည်အောင်သည် သူ့ရင်ထဲ၌ သူပြောချင်သည်ကလေးများ၊ သူခံစားရချက် ကလေးများ ခိုလိုးခုလု ရှိပုံရသည်။ ယင်း ခိုးလိုးခုလုကလေးများ ရင်တွင်း၌ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည့်အခါ သူက ကဗျာဖွဲ့သည်။ ကာရန် ရှာသည်။ ဥပမာ သူ့ ကဗျာတပုဒ်ဖြစ်သော မုဆိုးကြီး၊ သူတော်စင်၊ နွားကျောင်းသူ ကဗျာ၌ သူတွေးမိသည့် အချက်တချက်ကို ကဗျာဖတ် သူသို့ သူက လက်ဆင့်ကမ်းလေသည်။
လက်တွင် မြွေဆေးနှင့်မိန်းမပျိုကို မြို့သူ အဆင်အပြင်နှင့် မြင်တွေ့လာသောအခါ တောမှ မြို့တက်၍ ပျက်ရသူ လုံမငယ်ကို သူက သနားသည်။ လူ့ဒုက္ခိတ ပိုးတုံးလုံးမကို ပွဲပြ၍ စားရသည့် ဤလောကကိုလည်း ရက်စက်ပါပေ့ဟု သူက ရင်နာသည်။ အရူးမ သားပိုက်ကောင် ဘ၀ ရောက်အောင် ပို့ရက်ကြသည်တကားဟုလည်း သူက စက်ဆုပ်သည်။ ထီလက်မှတ် သုံးစောင်မှ အတိတ်ကို ဖတ်ယင်း ယနေ့ လူနေမှု စနစ်ကား ဘ၀လုံခြုံမှုဟူ၍ ဘာကမှ မရှိပါတကားဟုလည်း သူက လူမှုရေး စီးပွါးရေး သံဝေဂဖြစ်သည်။ သူသည် ဘုရားပွဲကို လည်မည်၊ ဆွမ်းတော်တင်ပွဲတွေကို မြင်မည်၊ သစ်သီးစင်မှ စားချင်စဖွယ်တို့ကို စားချင်ရှာသူ မ၀မလှသော လူတန်းစားကို ကြည့်၍သနားလေသည်။ သူဌေးကြီးအိမ်က ခွေးသမင်နှင့် သူဌေးကြီး၏ ထမင်းချက်တို့ကိုလည်း သူက ဖြစ်ရလေခြင်းဟု အောက်မေ့တတ်လေသည်။ အရင်းရှင်လူ့ဘောင်၏ အပ်ချစရာမရှိ ပြည့်နေသော ထိုအနာအဆာများကို ကြည်အောင်က ကာရန်ကလေးများ ရှာပြီး ကဗျာတို ကဗျာရှည်ကလေးများနှင့် ဖော်လှစ်သည်။
ကြည်အောင်သည် တဖက်က အရင်းရှင်လူနေမှုစနစ်ကြောင့် ကမောက်ကမ လူ့လောက ဖြစ်နေပုံများကို သတိထားမိသည်နှင့်အတူ မြန်မာ့ရိုးရာ ချစ်စဖွယ်ဓလေ့ကလေး များကိုလည်း အငးဝသားတဦးအနေနှင့် ဖက်ပွေ့၍ထားလေသည်။
ကြည်အောင်၏ လာလာလေလိုက်ခဲ့တော့ ကဗျာကို ဖတ်ရသည်မှာ သူနှင့်အတူ တောအပျိုကို မိန်းမခိုးလိုက်ရသကဲ့သို့ ခံစားရသဖြင့် ပျော်စရာကောင်းလှသည်။ ကြည်အောင်၏ နိဗ္ဗာန်ဈေးမှာကား လင်မရနိုင်သည့် အပျိုကြီးမကို သူ့ဇာတ်လိုက်နှင့်အတူ ရောလျက် မျက်စောင်းထိုးမိလိမ့်မည်။
ထို့အပြင် စလေဆရာကြီး ဦးပုည၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြို့မငြိမ်းတို့ကို မြတ်နိုးနှစ်ခြိုက်သောအားဖြင့် ကြည်အောင်က ဤပုဂ္ဂိုလ်များအပေါ် သူ့လေးစားမှုကို ကဗျာနှင့် ဂုဏ်ပြု ဖော်ထုတ်ထားလေသည်။
ကြည်အောင်၏ ကဗျာများတွင် စစ်ဆန့်ကျင်ရေး၊ ညူကလီးယားလက်နက် ပိတ်ပင်ရေး နှင့် ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက်များကို ဖော်ထုတ်သည့် ကဗျာအပုဒ်ပေါင်း အတော်များများ ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး၏ မီးလျှံတွင်းဝယ်၊ ရူးသွပ်သွားသော အမေရိကန်လေသူရဲ၊ မမွေးခဲ့သော ကလေးငယ်၊ မပြီးသေးသောစစ်၊ ငြိမ်းချမ်းရေးသို့ စသည့် ကဗျာများသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တမ်းတ စပ်ဆိုသည့် ကဗျာတွေ ဖြစ်သည်။
စင်စစ် သူ့ကဗျာစာအုပ်ငယ်သည်၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကလောင် ကဲ့သို့ သူ့ကလောင်ကို နှင်နိုင်ပါစေကြောင်းအတွက် ကလောင်သွေးသည့် စာအုပ်ငယ် ဖြစ်သည်ဟုပင် ဆိုချင်သည်။
သူက ဤကမ္ဘာ၌ နယ်ချဲ့စနစ်၊ လူနှင့်လူချင်း ခေါင်းပုံဖြတ်စနစ် မရှိမှ စစ်ဘေးစစ် ရန်ကင်း၍ ဤကမ္ဘာ ငြိမ်းချမ်းသာယာမည်၊ ကမ္ဘာငြိမ်းချမ်းသာယာမှ မြစ်ချောင်းအင်းအိုင် အသီးသီး၌ လမင်းတရာသာနိုင်မည်၊ လမင်းတရာ သာနိုင်ပါမှ ကဗျာဆရာတို့ ချမ်းမြေ့ရွှင်လန်းစွာ ကဗျာသီကုံးနိုင်ပေလိမ့်မည်ဟု ဆိုလိုသည်။ ထို့ကြောင့် သူ့ကဗျာစုကို လည်း လမင်းတရာသာစေကြောင်းအတွက် နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးနှင့် ငြိမ်းချမ်းဆီသို့ ဦးတည်ပြီး သူခံယူသော အဘိဓမ္မာ၊ သူပွေ့ပိုက်သော ယုံကြည်ချက်များကို သူဖြတ်သန်းခဲ့သည့် ခရီးကြမ်းတို့မှ အတွေ့အကြုံများနှင့် အင်းဝအညာသား၏ ဝေါဟာရဘဏ်မှ ကာရန်ရှာလျက် ဤကဗျာစုကို မွေးထုတ်ခြင်း ဖြစ်တန်ရာသည်။
ကြည်အောင် မျှော်မှန်းသည့် လမင်းတရာ သာသည့်ခေတ်ကား ဝေးကွားလှတော့မည် မဟုတ်။
ကြည်အောင်ဖွဲ့ဆိုသည့် ဗီယက်နမ်ပြည်သူများ ကဗျာတွင် ပါသကဲ့သို့ တရားသောစစ် နှင့် မတရားသောစစ်ကို ခွဲခြားလျက် တရားသော စစ်ပွဲများ ဆင်နွှဲကြသူတွေမှာ အာရှတွင်သာမက အာဖရိကနှင့် လက်တင်အမေရိက တိုက်ကြီးတွင်လည်း အများအပြားပင် ရှိနေလေပြီ။ နိုင်ငံတကာရှိ ဤ ပြည်သူတကာ၏ မရပ်မနား လှုပ်ရှားရုန်းကန်မှု၊ ဗမာပြည်သူ၏မရပ်မနား လှုပ်ရှားရုန်းကန်မှု များကြောင့် မဝေးကွာလှတော့သည့် အနာဂတ် ကာလ၌ လမင်းတရာသာနိုင်တော့မည် ဧကန်ဖြစ်ပါ သတည်း။

အမာ။

Tuesday, October 28, 2008

မာယာမှာ ဖော်ပြခဲ့တဲ့ စာရေးဆရာများ


၁။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
၂။ ဗန်းမော်တင်အောင်
၃။ ဒဂုန်တာရာ
၎။ မြသန်းတင့်
၅။ လူထုဦးလှ
၆။ လူထုဒေါ်အမာ
၇။ ပါရဂူ
၈။ ဇော်ဂျီ
၉။ မင်းသုဝဏ်
၁၀။ တင်မိုး


၁၁။ ကြည်အောင်
၁၂။ မောင်သာနိုး
၁၃။ မောင်ပေါက်စည်
၁၄။ မောင်စွမ်းရည်
၁၅။ မောင်စိန်ဝင်း(ပုတီးကုန်း)
၁၆။ လူထုစိန်ဝင်း
၁၇။ ဖိုးကျော့
၁၈။ သက်ခိုင်
၁၉။ အောင်မြိုင်
၂၀။ ငြိမ်းအေးအိမ်
၂၁။ ကိုမှိုင်း
၂၂။ ဂျူး
၂၃။ မသီတာ(စမ်းချောင်း)
၂၄။ နုနုရည် အင်းဝ
၂၅။ ဒေါက်တာသန်းထွန်း
၂၆။ အီကြာကွေး
၂၇။ မင်းလူ
၂၈။ ညီပုလေး
၂၉။ ဖိုးသံချောင်း
၃၀။ ထွန်းဝင်းငြိမ်း
၃၁။ မိုးချိုသင်း
၃၂။ ရွှေဥဒေါင်း
၃၃။ အုန်းမြင့်လှိုင်
၃၄။ တင်သိန်းမောင်
၃၅။ မန်းတင်
၃၆။ ကြယ်နီ
၃၇။ ဒေါက်တာမြမဉ္ဇူ
၃၈။ ခင်ဝမ်း
၃၉။ ချစ်ဦးညို
၄၀။ အောင်ဗလ
၄၁။ မြလူ
၄၂။ ကိုသက်
၄၃။ မိနှောင်း
၄၄။ မောင်ပန်းမွှေး
၄၅။ အောင်ပြည့်
၄၆။ မောင်ဆန်းညွန့်
၄၇။ အေးငြိမ်းသာ
၄၈။ ကြည်အေး
၄၉။ ဌေးကြည်
၅၀။ ထွန်းဝေမြင့်
၅၁။ ရိုးမြေ
၅၂။ တော်ဖရားလေး
၅၃။ မောင်လွှာရင့်(ကွမ်းခြံကုန်း)
၅၄။ မိုးဇော်
၅၅။ ရန်ကြီးအောင်
၅၆။ နောင်
၅၇။ ကြည်ဇော်မိုး
၅၈။ ဘုန်းနွယ်လင်း
၅၉။ မောရူးဆိုး
၆၀။ လက်ျာဝင်း
၆၁။ မောင်နွေထက်
၆၂။ နေလက်
၆၃။ မိချမ်းဝေ
၆၄။ နေ၀င်းမြင့်

Monday, October 27, 2008

အမှတ်တရ

ကိုအေးဝင်း
ကျနော်စာရေးနောက်ကျတာတောင်းပန်ပါတယ်။
ခင်ဗျားရဲ့မာယာ ၁၀ နှစ်ပြည့်နေ့မှာ ရှေ့ကိုဆက်လက် လျှောက်လှမ်းနိုင်စေကြောင်း ဆန္ဒပြုလိုက် ပါတယ်။
အရင်တုံးက ပိုက်ဆံမရှိလို့ စိတ်တိုင်းကျ မလုပ်နိုင်ခဲ့ရာက ဘလော့တွေပေါ်လာမှ ငွေကုန်လဲသက်သာ၊ အာသာလဲပြေ၊ ပရိသတ်လဲတိုးပွါးအဆင်ပြေလိုက်တာ၊ နည်းပညာ ကျေးဇူးပါဘဲ။
အစစအဆင်ပြေပါစေလို့ ၁၀ နှစ်ပြည့်မင်္ဂလာ အခါသမယမှာ ဆုမွန်ကောင်းတောင်း လိုက်ပါ တယ်။
စာဖတ်ပရိသတ်အတွက် စာကောင်းပေမွန်တွေ ဆက်လက်ဝေမျှ ပေးကမ်းနိုင်ပါ စေဗျား။

သင့်
ဆရာစော
၂၇ အောက်တိုဘာ ၂၀၀၈။


Ko Aye Win,
Simply, thank you, My own comment toMa Ya is progressing,improved, I like your choise,presentations. I understand how you are getting humble. First I start read Saya Mya Than Tint's article-work about 45th street scence and rememberance of past era authors is so miserable.I am getting so much emotions. You are contributing for the people who love Myanmar,our country. Keep & touch , MaYa is always my favourate at my PC .

best
pawthame

Sunday, October 26, 2008

ဂယက်
မာယာ ၂၀၀၁ ခု၊ မတ်လ ၂၃



မာယာ 2001 March မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။
01 / 08 / 01


Dear U Aye Win,
At last I am sitting down to write you a short letter in praise of Ma-ya magazine. Only recently, with the publication of the small book of poems by Kabya Saya Tin Moe, have I learnt about your Hundred Moons (La-min-taya)publishing project. I welcome it most warmly and say 'Tha-du,Tha-du, Tha-du.' It is an excellent idea of yours to make the work of some of Burma's leading writers available to the many, many Burmese now living far away from their motherland.



Two aspects of your publications are especially worthy of praise. They are printed on fine paper, well set out and beautifully illustrated. And the selection of items ranges widely from earlier authors such as Theik-pan Maung Wa right through to younger writers today such as Nu Nu Yiy(Inwa), Gyu and Nyi Pu Lay. At the same time I was glad to read the work of some of the most important writers of the post-1945 years, especially Saya Mya Than Tint, Dagon Ta-ya and Ludu Daw Amar.
I began my studies of Burmese literature in 1954. One of the the first things I read was Theikpan Maung Wa's "Oxford Dairy". Another early writer I am very fond of is P. Monin, it is amusing to read in his autobiography why he decided not to become a Catholic priest. In fact I have translated the whole of this work into English.
I hope you will continue with publishing Ma-ya and that you will be able to continue to include an even wider range of authors in the future.
I wish you every success

Khin-min lay-za lyet
Anna Allott(Khin Khin Chaw) - Banbury (near Oxford), England


xxxxxxx xxxxxxx xxxxxxx


ကိုအေးဝင်း
ဒီတခါတော့ မာယာအကြောင်း နဲနဲ ပြောချင်ပါတယ်။
ဒီနေ့ ပြည်ပမှာ ထုတ်နေကြတဲ့ စာနယ်ဇင်းတွေထဲမှာ မာယာလိုစာစောင်မျိုး တစောင်မှ မရှိသေးဘူးလို့ထင်ပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ လိုအပ်နေတဲ့ စာစောင်မျိုး ဖြစ်ပါတယ်။
စာဖတ်သူတဦး အနေနဲ့ ကျနော်မြင်တာပြောရရင်-
မာယာမှာ ခေါင်းကြီးပိုင်း (သို့) အယ်ဒီတာ့အာဘော် စတာတွေမပါတာ သတိထားမိတယ်။ ဒါကိုက မာယာရဲ့ မူထင်ပါရဲ့။ အဆင့်ရှိတဲ့ စာပေတွေ ရွေးပြီးတင်ပြနေရာမှာ ဘာမှ သိပ်မပြောပဲနေတာလဲ မဆိုးပါဘူး။
ဒီစာစောင်ထဲ ဦးတင်အောင်ကို အထူးဂုဏ်ပြုထားတာ တွေ့ရတဲ့အတွက် ဝမ်းလဲသာ ကျေးဇူးလဲတင်မိပါတယ်။
စစ်အုပ်စုရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုကြောင့် စာပေလောကမှာ ဗုံမဟုတ် ပတ်မဟုတ်လူတွေ နဲ့ မော်ဒန်သမားတွေ တွင်ကျယ်နေပါတယ်။ ဒီအခြေအနေကို ကျနော်တို့ ပြောင်းပြန် ပြန်လှန်ဖို့ လိုပါတယ်။
မာယာမှာလဲ ဒီရည်ရွယ်ချက် ရှိမယ်လို့ ထင်ပါတယ်။

ပြည်ပရောက် စာချစ်သူတဦး၊
မေလ ၁၃ ရက်၊ ၂ဝဝဝ။ ည ၉း၃၈

ကိုအေးဝင်းခင်ဗျာ၊
မာယာစာစောင် ရရှိပါသည်။ ဖတ်လို့ အရသာ ရှိပါသည်။ ကိုတင်အောင်အကြောင်း စာမူတွေ ဖတ်ရတော့ ၀မ်းနည်းလွမ်းဆွပ် ရပါသည်။
ဆက်လက်ထုတ်ပါခင်ဗျား။

ဦးသောင်း (အောင်ဗလ)
၂၀၀၀ခု၊ ဧပြီ ၁၂ ရက်၊ အကြပ်နေ့။

Sunday, September 21, 2008

လွမ်းရစ်တော့သက်လှယ်ရယ် (၁၉၄၉ ခု၊ ဒီဇင်ဘာလ)


{ပြည်သူ့လွတ်မြောက်ရေး မျှော်မှန်းချက်နှင့်၊
ဖက်ဆစ် အဓမ္မ စနစ်ဆိုးကြီးအား
ခုခံကာကွယ်တိုက်ခိုက်ရင်း
ကျဆုံးခဲ့ရရှာသော
ပြည်သူ့လွတ်မြောက်ရေး စစ်သည်တော်များအား
အစဉ်အမှတ်ရစိမ့်သောငှာ
ဤစာအုပ်ကိုရေးသည်။}


တင်အောင်။
၁၉၄၉ ခု၊ ဒီဇင်ဘာလအတွင်း၊ ရှုမ၀စာအုပ်တိုက်မှ၊ ပထမအကြိမ်၊ ပုံနှိပ်ထုတ်ဝေသည်။




စာရေးသူ၏၀န်ခံချက်

(၁)
မုတ်သုန်ဦး..... ၁၉၄၈။
ပဲခူးရိုးမ၏ မုတ်သုန်တောနှင့်တောင်သည် စိမ်းစိုညို့မှိုင်းနေသည်။ ချောင်းဖျားတွင် မိုးရွာနေသဖြင့် ခပ်လှမ်းလှမ်းမှ န၀င်းချောင်းရေ တဝေါဝေါစီးနေသံကို ကြားရပေသည်။ သင်းသတ်ထားသော ကျွန်းပင်ရင်းဝယ် သစ်ခုတ်သမားများနှင့် ရပ်နေမိသည်။ ရင်ခေါင်းလုံး ပတ် ရှစ်ပေခန့်ရှိမည်။ အမြင့်ပေ ငါးဆယ်ထက် လျော့နည်းမည်မှာ မဟုတ်ဟု ခန့်မှန်းရပေ သည်။
ကျွန်းပင်ကြီးကို လှဲ-ဖြတ်ပိုင်းပေး- ဖြတ်ပြီးတော့ န၀င်းချောင်းမကြီးထဲသို့ ဆင်နှင့်ဆွဲချ။ ဧရာဝတီမြစ်ရောက်၊ ဖောင်ဖွဲ့၊ ရန်ကုန်ပို့။ သစ်စက်တွင်ခွဲ-အိန္ဒိယကိုဖြစ်စေ- အင်္ဂလန်ကိုဖြစ်စေ ရောင်းလိုက်ရရင်တော့.. စိတ်ကူးယဉ်မိသည်။ ဗမာ့ကျွန်းသစ်ကို တကမ္ဘာလုံးမှ အော်၍အော်၍ တောင်းနေကြသည်။
ခုနှစ်ရာ-ရှစ်ရာ-ကိုးရာ-တထောင်- တတန်ကို ပေးပါမည်-တဲ့။ ဘယ်လောက်များ ဟန်ကျလိုက်သလဲ- ပြန်လည်ထူထောင်ရေးလေ....။
ထိုစဉ် အဆက်မပြတ် ပစ်ခတ်လိုက်သော သေနတ်သံများကို နားကွဲလုမတတ် ကြားလိုက်ရပေသည်။
တတောလုံး တတောင်လုံး ဟိန်းသွားသည်။
"ဘုရား....ဘုရား..."
ပဲ့တင်သံက ပြန်၍ ထပ်လာလေသည်။
"အလို.... ဘာသံများပါလိမ့်.." ကျွန်းပင်ရင်းမှ ငြိမ်သက်စွာ နားစွင့်လိုက်မိပေသည်။
"ပြည်သူ့ဒီမိုကရေစီ.."
"ဒီမိုကရေစီသစ်..."
"ပြီးတော့... ဘ၀သစ်တော်လှန်ရေးပါ.... တဲ့....."
သေနတ်ပြောင်းဝ ယမ်းငွေ့များအကြားမှ သည်အသံများကို ကြားလိုက်ရပေသည်။ သူတို့ သည်လဲ "ပြည်သူ့ဒီမိုကရေစီ သို့မဟုတ် ဒီမိုကရေစီသစ်" အတွက် ဘ၀သစ် တော်လှန်ရေးကို ပြုလုပ်လာကြသည်။ သူတို့သည် သူတို့၏ ယုံကြည်ချက်ကို သရုပ်ဆောင်နိုင် ရန် တောကြီး တောင်ကြီးထဲမှာ ခိုအောင်းလာကြသည်။
ကျွန်းပင်အောက်မှ ထွက်လာခဲ့ရပေပြီ။
"ခုမှပင် ဘ၀သစ်၏တော်လှန်ရေးသည် စခဲ့ပေပြီတကား...."

(၂)
တရားဟောစင်မြင့်ပေါ်မှာ လူတယောက်က စကားပြောလျက် ရှိပေသည်။ စကားပြော ကောင်းပုံလည်း ရပေသည်။ ထိုသူသည်- သည်လိုကွင်းပြင်ထဲက စင်မြင့်ပေါ်မှာ စကားပြော နေမည့်အစား ဒေးကာနယ်ဂျီတို့လို တရားဟောဆရာကြီး လုပ်စားမည်ဆိုလျှင် သူ့အဖို့ရော၊ တခြားသူများအတွက်ရော ဘယ်လောက်များ ကောင်းမလဲဘဲ.....။
သို့ရာတွင် သူ့ရှေ့တည့်တည့်မှ လူထုကြီးသည် သူပြောသမျှကို ပျင်းရိပင်ပန်းစွာ နားထောင်နေကြပုံပင် ထင်ရပေသည်။ မိန်းမကြီးနှစ်ယောက်သည် နို့ဆီသကြားရှားသည်မှ အစ ကြက်သားတပိဿာ ၁၀ိ ဖြစ်နေကြသည့်အကြောင်းကို ညည်းညူနေကြသည်။
"သင်္ကြန်အမြောက်ကြီးပါကွာ....." ဟု နောက်ပိုင်းမှ လူရွယ်သုံးလေးယောက်သည် အခြင်းခြင်း တီးတိုးပြောဆိုရင်း ခပ်အုပ်အုပ်ကလေး ရီမောနေကြသည်။
သို့ရာတွင် သူတို့အားလုံးသည် စင်မြင့်ပေါ်ကလူကို စိတ်ပျက်သည်မှအပ ဘာမျှတော့ မပြော။
လူထုကြီးထဲ တိုးဝင်လိုက်သည်။ ငြိမ်သက်စွာ နားစွင့်မိလိုက်သည်။
"ငြိမ်းချမ်းစွာ ရရှိခဲ့တဲ့ လွတ်လပ်ရေးကို ထိမ်းသိမ်းကြပါ...."
"ဒီမိုကရေစီရဲ့ စည်းဝိုင်းအတွင်းကို ၀င်ကြပါ..."
စင်မြင့်ပေါ်မှလူက ခရားမှရေလွှတ်သလို အဆက်မပြတ် ပြောဆိုသွားပေသည်။ သူစကားပြောပုံမှာ အရည်ရွှမ်း၍ စိတ်ဝင်စားဖွယ်ရာ ကောင်းပါသည်။
"ကဲ... ကဲ.. ဒါလောက်တောင် ခေါ်နေတဲ့ ဒီမိုကရေစီ စည်းဝိုင်ကြီးထဲ ၀င်ပြီးတော့ ကြည့်လိုက်စမ်းကြရအောင်ဗျာ.."
"ဟင်.... ထောင်တွေ ရှိရှိသမျှမှာလဲ လူတွေ ပြည့်ကြပ်နေပါပကောလား... ရာဇ၀တ်မှု တွေက ဒါလောက်တောင် များသလားဗျာ.. ဘာဗျ..... သြ ပုဒ်မ ငါးတဲ့လား...."
"အော်..သတင်းစာတိုက်တွေကို အာမခံတောင်းသတဲ့လား ဟင်.... စက်တွေလဲ သိမ်းပြီး အယ်ဒီတာတွေလဲ ဘမ်းထားသေးတယ်... ဘုရားရေ... ဒါနဲ့မပြီးသေးဘဲ.. သတင်းစာတိုက်တွေကို လူမိုက်တွေငှားပြီး၊ ပုဆိန်တွေနဲ့ ၀င်ရိုက်ချိုးကြသတဲ့လား... ဘုရားဘုရား- ဒီမိုကရေစီကို ဘုရားကယ်ပါ...."
"ပီးတော့.. ပြည်သူလူထုရဲ့ ငွေတွေကိုလဲ အရမ်းဘုံးနေကြသတဲ့လား..ခင်ဗျာ.."
"အို ဒါတွေတင်မကသေးဘူးလားဗျာ...."
"ဥပဒေနှစ်မျိုးတဲ့လားဗျာ.. သြော် သူတို့အထဲက လူတွေအတွက်က တမျိုးတဲ့လား...."
"နို့ ဘယ်မှာလဲဗျ ဒီမိုကရေစီဆိုတာ.. စင်မြင့်ပေါ်က စကားပြောကောင်းသူရယ်.."
"ဒီမိုကရေစီ........" ပါတဲ့.....
စင်မြင့်ပေါ်မှ လူကတော့ ဒီမိုကရေစီ စည်းဝိုင်းအတွင်းကိုသာ ဘိတ်ခေါ်လျက် ရှိပေ သည်။

(၃)
စာရေးသူ၌ ရိုးသားသော ယုံကြည်မှုတခု ရှိပေသည်။ ထိုယုံကြည်မှုကို ၀န်ခံလိုပေ သည်။
လူသည် အသက်ရှင်နေဘို့ ဖြစ်သည်။ သို့ရာတွင် လူသည်အသက်ရှင်နေနိုင်ဘို့ သူ၏ ၀မ်းမီးအတွက် အလုပ်လုပ်ရပေလိမ့်မည်။ အလုပ်မလုပ်ဘဲ တခြားသူအများဘဲ ဖြစ်စေ၊ တယောက်ဘဲဖြစ်စေ၏ လုပ်အားအပေါ်တွင် အသက်ရှင်သူသည် အပေါင်းအသင်း မလုပ်အပ်ဘဲ ၀ိုင်းပယ်ထားသင့်သော လူညစ်ပတ်တယောက်သာ ဖြစ်သင့်ပေသည်။ (အိုမင်းသောသူ၊ နာမကျန်းသူ၊ သုတေသီ၊ အရွယ်မရောက်သေးသော ခလေးစသည်တို့ကို ချွင်းချက်ထားသည်) စာရေးသူ၌ ထိုယုံကြည်မှု ရှိခဲ့ပေသည်။
အလုပ်သမား လယ်သမားသည် စက်ရုံနှင့် လယ်ကွင်းပြင်များမှာသူတို့အလုပ်ကို လုပ်၍ စစ်သားသည် သေနတ်ကိုကိုင်ကာ ပြည်သူ့ကာကွယ်မှုတာဝန်ကို ထမ်းဆောင်ရမည်။
ပညာတတ်သုတေသီက သဘာဝ၏လျှိ့ဝှက်သော့ကို ရှာဖွေနေစဉ်၊ သတင်းစာဆရာ သည် မှန်ကန်သောသတင်းများကို ပြည်သူလူထုဆီသို့ ရဲဝံ့စွာ ပို့ဆောင်ရပေမည်။
သြ.... ကျန်သေးသည်။
နိုင်ငံရေးသမားသည် နိုင်ငရေးကို လုပ်ရပေဦးမည်။
သို့ရာတွင် တခုတော့ရှိသည်။
လူသည် မိမိအလုပ်၌ ရိုးဖြောင့်သော ယုံကြည်မှု ရှိရပေလိမ့်မည်။ မိမိအလုပ်ကို သစ္စာရှိရပေလိမ့်မည်။ သို့မှသာ လူသည် အလုပ်လုပ်၍ အသက်ရှင်ခွင့်ကို ရပေမည်။
တောထဲ တောင်ကြားများမှာ သစ်လုပ်ငန်းကို မလုပ်ကိုင်နိုင်သောအခါ အသက်ရှင် နေနိုင်ဘို့အတွက် အလုပ်တခုခုကို ရှာရပေသည်။
မိမိမြတ်နိုးသော စာရေးဆရာအလုပ်ကို တောင်းခံဘို့ စဉ်းစားမိလာသည်။ စာရေး ၀ါသနာပါခဲ့သော လူငယ်တယောက်အနေဖြင့် "ဘုန်းမောင်တယောက်ထဲရယ်" ၀တ္ထုကို ၁၉၄၇ ခုနှစ်လောက်က ရေးစမ်းခဲ့ဘူးသဖြင့် မိမိကိုယ်ကိုတော့ စာရေးဆရာတယောက် ဖြစ်လာနိုင် ကောင်းရဲ့ဟု ယုံကြည်မှုရှိခဲ့ပေသည်။ ပြီးတော့ စာရေးဆရာ သတင်းစာဆရာ ဘ၀များကိုလဲ မြတ်နိုးမိခဲ့သည်။ သို့ရာတွင် အင်မတန် ဆင်းရဲကြောင်းကိုလဲ သိရှိထားပါသည်။
စာရေးသူ၏ ပထမရေးသော "ဘုန်းမောင်တယောက်ထဲရယ်" မှာ ၁၉၂၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဗမာပြည်၏ (Struggle) လူးလွန့်ရုန်းကန်မှုကို သရုပ်ဆောင်ထားသော ၀တ္ထုတပုဒ် ဖြစ်ပေသည်။ သရုပ်ဆောင်ထားပုံမှာလည်း အကြမ်းပျင်းနိုင်လှပေသည်။ ပထမအကြိမ် ကျိုးပမ်းမှု......။
ဤ- ဒုတိယရေးသော "လွမ်းရစ်တော့သက်လှယ်ရယ်" မှာ ဗမာပြည်၏ လူးလွန့် ရုန်းကန်မှု၏ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် မှားလိုက်ခဲ့ကြသော အမှားကြီးတခုကို သရုပ်ဖော် ထားသော ၀တ္ထုတပုဒ် ဖြစ်ပေသည်။ ထိုအမှား၏ ပေးအပ်သောဒဏ်ကို ဗမာပြည်ယနေ့ ခံစားနေရ ပါပြီ။
"နှေင်းသော နောင်တရခြင်းသည် လမ်းမှန်ကို ပြန်ရောက်ခဲ့သော်လဲ လမ်းမှန်သော နောင်တရခြင်းသည်တော့ မနှောင်းလှသေးပါ" ဟူသော ဆောင်ပုဒ်ကို ပေးခြင်း ဖြစ်ပါသည်။
ဤ "လွမ်းရစ်တော့သက်လှယ်ရယ်" ၀တ္ထုအား ဘတ်ရှု၍ အသီးသီးသော ထင်မြင်ချက်များကို ပေးခဲ့ကြသော ဒဂုန်တာရာ၊ မောင်စည်သူ၊ သန်းဆွေ၊ ငွေဥဒေါင်းနှင် ပေါက်ခေါင်းမှ ဒေါက်တာသိမ်းမောင်တို့အား ကျေးဇူးဥပကာရ တင်ရှိကြောင်းကို အခွင့်အရေး ယူ ဘော်ပြအပ်သည်ဟုလဲ ထင်မြင်မိပေသည်။

တင်အောင်။
ရန်ကုန်။
၃၀-၁၀-၁၉၄၈။