အပြောင်းအလဲ
ရေးသူ - သီဟလတ်
[ဒီဝတ္ထုဟာ
၂၀၁၂ ခု၊ ဇူလိုင်လထုတ်၊ လှိုင်းသစ်မဂ္ဂဇင်းမှာ ဖော်ပြပြီးသား ဖြစ်ပါတယ်။ သက်ရှိထင်ရှား
စက်မှုတက္ကသိုလ် ကဗျာသမား၊ စာပေအနုပညာသမားတွေ၊ ၄၈၂၈ ဒေသပါတီ ကော်မတီအမှုတွဲတွေ
ပါဝင်ခဲ့တာမို့ လမင်းတရာက လေးစားစွာ မှတ်တမ်းတင် ဂုဏ်ယူပြု ဖော်လိုက်ပါတယ်။
စာရေးသူ သီဟလတ်နဲ့ လှိုင်းသစ်မဂ္ဂဇင်းကို အထူးပင် ကျေးဇူးတင်ပါကြောင်း။]
ကျောင်းမျက်နှာစာ
ကားပတ်လမ်းအတိုင်း လျှောက်လာရင်း လူငယ်စားသောက်ဆိုင်တန်း ဘက်ကို လှမ်းကြည့်မိသည်။
ကုက္ကိုပင်တွေ အုပ်ဆိုင်းဆိုင်းနဲ့ တခြမ်းကို လူငယ်ခန်းမ ဖွဲ့ထားကာ တခြမ်းကို
စားသောက်ဆိုင်တန်း လုပ်ထားသည့် တထပ် သစ်သားဆောင် ရှည်မျောမျောမှာ ပကာသနကင်းစွာ
အေးချမ်းလှသည်။ သူ့ရဲ့ ဟိုမှာ ဘက်ဆီမှာတော့ အင်ဂျင်နီယာကုန်ထုတ် သမဝါယမအသင်း
အဆောက်အအုံတွေ အစီအရီ ရှိနေသည်။
ပင်မကျောင်းဆောင်ကြီးကို
ကြည့်လိုက်တော့ အင်ဂျင်နီယာများကို မွေးထုတ်ပေးနေသူ ပီသစွာ ဟိတ်ဟန်ကောင်းလှသည်။
ဒီစာသင်နှစ် ကုန်လျှင်တော့ ဒီအရပ် ဒီဝန်းကျင်ကို ခွဲခွါရတော့မည် ထင်သည်။ တကယ်လည်း
ကျောင်းအရိပ်က ခွဲခွါသွားဖို့ သင့်ပြီ။ စတုတ္ထနှစ်ကနေ အခုနောက်ဆုံးနှစ်အထိ တနှစ်မှ
နှစ်ချင်းပေါက် မအောင်ခဲ့။ တတန်း နှစ်နှစ် နေခဲ့သည်ချည်း။ အခုလည်း နောက်ဆုံးနှစ်မှာ
တနှစ်ထိုင်ပြီးပြီဆိုတော့ ဒီနှစ်တော့ စာမေးပွဲ အောင်အောင် ကြိုးစားရမည်။ ဓါသနာကို
လျှော့ရမည်။ ကျောင်းပြီးတော့မှ ကိုယ် ဝါသနာပါကို လုပ်ရင် ရတာပဲဟု တွေးသည်။
ကားလမ်းမပေါ်ကနေ လူငယ်စားသောက်ဆိုင်တန်းဘက် ချိုးကွေ့လိုက်တော့
ဆိုင်ခန်းအပြင်ခုံမှာ ညီလင်းညိုတယောက်တည်း ထိုင်နေတာ တွေ့ရသည်။
"တယောက်တည်းလား"
"အေး၊
ရော့၊ မင်းအတွက်"
ညီလင်းညိုက
သူ့အမေးကို ပြန်ဖြေရင်း စာအုပ်တအုပ် လှမ်းပေးသည်။ မျက်နှာဖုံးကို ကြည့်လိုက်တော့ ပန်းချီကိုမုတ်သုန်
လက်ရာနဲ့ သူတို့တတွေရဲ့ တတိယမြောက် ကဗျာစာအုပ်။ "ခရီးရှည် မိုးစက်ပွင့်"
။ ကျောဖုံးမှာတော့ ကဗျာရေးသူတွေရဲ့ ကလောင်အမည်တွေကို လက်ရေးနဲ့
ဒီဇိုင်းလုပ်ထားသည်။
ဒတ္ထ၊
ကိုမိုးညို-ပျဉ်းမနား၊ မြေ(စက်မှု တက္ကသိုလ်)၊ စုစု(စက်မှုတက္ကသိုလ်)၊
အောင်စိုးဦး(မြင်းခြံ)၊ မောင်နိုင်လတ်(ပျော်ဘွယ်)၊ နေဝင်းသာ၊ ရည်ဦး၊ ပိုင်ရဲသစ်၊
သဲနီဝင်း၊ ဥသျှာ၊ မွန်းခိုင်၊ ညီလင်းညို၊ ကိုကို(စက်မှုတက္ကသိုလ်)၊ စသည့်
စက်မှုတက္ကသိုလ်ကလောင်ရှင် အင်ပြည့် အားပြည့် ပါသည်ဟု ဆိုရပေမည်။
"မင်းရော
ပုံရေးဖြစ်သေးလား"
"ပေါ့ထရိတ်တပုံ
ရေးနေတာတော့ ရှိတယ်၊ အခု ဖတ်စ်တမ်းပိတ်မှပဲ လက်စသပ်နိုင်မယ်"
"ညီမလေးပုံလား"
ညီလင်းညို၏
အပြုံးနှင့်မေးခွန်းကို သူရဲကျဲကျဲနှင့် ဝန်ခံရသည်။
"ငါ
ဒီနှစ် ကျောင်ပြီးမှ ဖြစ်မှာ၊ ကျောင်းပြီးရင် ဘယ်ရောက်လို့ ဘယ်ပေါက်ဦးမလဲ မသိဘူး၊
သူ့ကို အမှတ်တရပေးစရာ ဒါပဲ ရှိတာကွ"
"ငါလည်း
မင်းနဲ့ အတူတူပါပဲကွာ၊ ဒီနှစ် ကျောင်းပြီးမှ ဖြစ်မှာ၊ ကျောင်းပြီးရင် ဘာလုပ်ရမလဲ
မသိဘူး။ ရတဲ့အလုပ် လုပ်ရမှာပဲ"
သူတို့ နှစ်ယောက်စလုံး
မိဘကျောထောက်နောက်ခံ တောင့်တင်းသူများ မဟုတ်ကြ။ နှစ်ယောက်သား နှုတ်ဆိတ်သွားကြပြီး
မတ်လ၏ နေရောင်အောက်က လမ်းမကြီးကို ငေးကြည့်နေမိကြသည်။
"ဟိုမှာ
ဆရာကလေးလေးနဲ့ ကျောင်းသား အဘိုးကြီး လာနေပြီ"
လက်ဖက်ရည်ဆိုင်က
စားပွဲထိုးခေါင်း ဝင်းရီက ခပ်နောက်နောက်လေးပြောလို့ ကြည့်လိုက်တော့ ဆရာလေးနဲ့
ဦးကိုကြီး၊ အဆောင်နှစ်ဘက်မှ ဆင်းလာတာကို တွေ့ရသည်။ သူပြောလည်း ပြောစရာ။ ဆရာလေးက
သူတို့နဲ့ ရွယ်တူတန်းတူ။ နှစ်စဉ် အတန်း မှန်မှန်အောင်သွားပြီး ဌာနမှာ
ဆရာပြန်လုပ်နေသူ။ ဦးကိုကြီးကတော့ သူတို့ထက် ၁၀ နှစ်ကြီးသူ၊ စက်မှုတက္ကသိုလ်ကို
နှစ်ကျော့ပြန်ဝင်ပြီး ကျောင်းဆွေး လူဆွေးနေ နေသည့် ကျောင်းသားကြီး။
သူတို့
ဝိုင်းမှာ ဝင်ထိုင်ရင်း ဦးကိုကြီး ကဗျာစာအုပ်ကို ကောက်ကိုင်ကာ ညီလင်းညိုကို
မေးသည်။
"ငါ့အတွက်
စာအုပ်တွေရော"
"အောင်စိုးဆီမှာ
ပေးထားတယ်"
ဦးကိုကြီးက
သဲနီဝင်း ကလောင်အမည်ဖြင့် ကဗျာရေးတာကို သတိရမိသည်။
"ဦးကိုကြီး
တီဗွီက စွယ်တော်ရိပ် အငြိမ့်လွှင့်ရင် လူရွှင်တော် တိုင်ကီဆိုပြီး ခင်ဗျားပါတယ်၊
မဂ္ဂဇင်းတွေ စာစောင်တွေ ထွက်ရင် သဲနီဝင်းဆိုပြီး ခင်ဗျားပါတယ်"
"စာမေးပွဲအောင်စာရင်းတခုပဲ
ခင်ဗျားမပါတာ ပြောမလို့ မဟုတ်လား"
ဦးကိုကြီးက
လူရွှင်တော် ပီသစွာ သူ့အပြောကို မခံ၊ ကိုယ့်ပေါင် ကိုယ်ပဲ လှန်ထောင်းသည်။
"ကိုသစ်၊
ဆရာကြီးဦးလွန်းကြွယ်က သင်တန်းဆင်းရင် ပြပွဲလုပ်ဖို့ ပြောနေတယ်။
ဇွန်လလောက်ဖြစ်မယ်၊ ကျောင်းပိတ်ရင် ပုံရေးထားဦး"
"စိတ်ချဆရာလေး၊
ဒီကောင် ပေါ့ထရိတ် တပုံတော့ သေချာပြီးမှာ"
ညီလင်းညိုက အစ
ထောင်ပေးသည်။
"ဟုတ်လား၊
ဒါဆို ငါလည်း မင်းကို ပုံတူ အပ်ဦးမှထင်တယ်"
ဦးကိုကြီးက
ဝင်ကြပ်သည်။
ခဏကြာမှာတော့
ဗိုလ်ဝေ၊ မင်းဦး၊ ဗိုလ်စိုး၊ အောင်စိုး၊ သိန်းဇော်၊ ကိုနိုင်၊ ရဲမင်း၊
တယောက်ပြီးတယောက် ရောက်လာကြသည်။ စကားဝိုင်းလည်း ပိုစိုပြေ လာသည်။
---------------------------------------------------------------------------------
နွေကျောင်းပိတ်ရက်က
ငြီးငွေ့စွာ ကုန်လွန်သွားသည်။ ပုံတူပန်းချီကားတကားနဲ့ ဈေးပုံ ပန်းချီကားတကားသာ
ရေးဖြစ်သည်။ ဒုတိယ နှစ်ဝက်ပြန်ဖွင့်တော့ သူ အတန်းမှန်မှန် တက်ဖြစ်သည်။
ကျောင်းနှစ်လည်မဂ္ဂဇင်း ထွက်လာသည်။ အရင်ကဆို သူတို့ တပျော်တပါး လိုက်ရောင်းနေကျ။
အခုတော့ သူမလိုက်ဖြစ်တော့။ မဂ္ဂဇင်းကော်မတီမှာလည်း အတန်းငယ်က ကျောင်းသား
ကျောင်းသူတွေနဲ့ အင်အားတောင့်နေပြီ။ တနေ့ ကျောင်းအရောက်မှာ ကာတွန်းဘောက်စ်မှာ
ဟာလာဟင်းလင်း ဖြစ်နေ၍ သူ အံ့သြသွားသည်။ အမြဲတမ်းဆို ပုံသစ် မလဲသေးရင်တောင်
ပုံဟောင်းတွေကို ထားထားနေကျ။ တခုခုတော့ ထူးနေပြီဟု တွေးမိသည်။
နွေးအေးရောက်တော့
ဗိုလ်ယိမ်းနဲ့ ဗိုလ်ဝေ ထိုင်နေတာကို တွေ့ရသည်။ သတင်းထူးတခုခု ရှိပြီဆိုလျှင်
ဗိုယိမ်း နွေးအေးမှာထိုင်ကာ လာသမျှလူကို သတင်းပေးတတ်သည်။
"ဗိုလ်ယိမ်း
ဘာထူလဲ"
သူဝင်ထိုင်ရင်း
မေးလိုက်သည်။
"မင်းမသိသေးဘူးလား၊
မင်းတို့ ဆရာလေးကို ဆရာသက် ခေါ်ဆူတာ"
"ဘာဖြစ်လို့လဲ"
"ဒီတပါတ်
ကာတွန်းဘောက်စ် ကာတွန်းတွေက အနုပညာအသင်းနဲ့ မဂ္ဂဇင်းကို ဆော်ထားတာတွေ
များလို့တဲ့"
"ဒါကတော့ဗျာ
မဂ္ဂဇင်းကလည်းထွက်၊ တီဗွီကလည်း စွယ်တော်ရိပ် အငြိမ့်လွှင့် ဆိုတော့ ရာသီစာလို
ရေးကွက်ရသွားတာကိုး"
"မဂ္ဂဇင်းထဲမှာ
ဂျိုကာကလည်း ရေးထားတာကို၊ နောင်ပြစ်မှားမယ့် အပြစ်တွေကိုပါ ကြိုတင်ခွင့်လွှင့်ပါ
ဆရာကြီးဆိုတော့ ဒီကောင်တွေ အကြံအစည် ရှိပြီးသားလို့ တွေးစရာ ဖြစ်သွားတာပေါ့"
ဗိုလ်ဝေက
ဝင်ထောက်ပြသည်။ ဗိုလ်ယိမ်းက သူသိထားတာကို ဆက်ပြောသည်။
"အခု
ကာတွန်းကပ်မယ်ဆိုရင် အဆင့်ဆင့် ဖြတိရမယ်တဲ့။ ပထမ မင်းတို့ ပန်းချီ၊ ကာတွန်းအသင်း
ဥက္ကဌ ဆရာဦးဝင်းမြင့်ရဲ့ ခွင့်ပြုလက်မှတ်၊ ပြီးရင် အနုပညာအသင်းက
ဆရာဦးခင်မောင်တင့် ခွင့်ပြုလက်မှတ်၊ ပြီးရင် ပီအက်စ်ဌာနက ဆရာဦးသာဒင်
ခွင့်ပြုလက်မှတ်၊ အဲဒါတွေ စုံရင် ကျောင်းရုံးကိုပြ၊ အဲဒီတော့မှ ကျောင်းရုံးက
တံဆိပ်တုံး နှိပ်ပေးပြီး ကာတွန်းဘောက်စ် သော့ထုတ်ပေးမှာ"
"ဟင်..
ကာတွန်းဘောက်စ်သော့ကို ကျောင်းရုံးက ယူထားလား"
သူက အံ့သြစွာ
မေးလိုက်မိသည်။
"ဟုတ်တယ်။
ကာတွန်းဘောက်စ်သော့ကိုပါ သိမ်းသွားတာတဲ့"
"ဒါဆို
ဘာလို့ ဆရာလေးကို ခေါ်ဆူရတာလဲ၊ အတွင်းရေးမှူးက ဖေမောင်သိန်းပဲဟာ"
"မင်းဆရာလေး
လက်ရာကြောင့် နေမှာပေါ့။ ဟိုမဂ္ဂဇင်းရောင်းနေတဲ့ပုံမှာ ရေးထားတာ မတွေ့ဘူးလား၊ ပွင့်ဖြူလွင်နဲ့
ဝင်းမာညွန့်ကတောင် ပြောနေတယ်၊ ဆရာလေးကို ချောင်းပြီး ခဲနဲ့ ထုမယ်တဲ့"
"ဗိုလ်ဝေရာ။
ခင်ဗျားတို့ မဂ္ဂဇင်းကော်မတီက ဟိုမိန်းကလေးတွေက တယ်အားကိုးရပါလား၊ ကျနော်ထင်တာတော့
မင်းတို့ ကာတွန်းတွေက ရယ်လည်းမရယ်ရဘူးလို့ ဆရာက ပြောတာကို ကာတွန်းသမားက ဟုတ်ပါတယ်၊
ကျွန်တော်တို့ ကာတွန်းတွေက ဆရာ့ကဗျာလောက် မရယ်ရပါဘူးလို့ ပြန်ပြောတဲ့ ကာတွန်းက
ပိုထိသွားတာ ထင်တယ်"
"ဒါပေါ့ကွ၊
မင်းတို့က ခေါင်မှ သွားဆော်တာကိုး"
သူ့အမြင်ကို
ဗိုလ်ဝေက ထောက်ခံလိုက်သည်။
"အင်း ကျွန်တော်တို့
ပြပွဲလည်း ဘယ်လို လာဦးမလဲ မသိဘူး"
"သင်တန်းဆင်းပြပွဲပဲဟာ
အဆင်ပြေမှာပါ"
ဆိုင်အပြင်ဘက်ကို
လှမ်းကြည့်လိုက်တော့ မိုးတွေညို့နေတာကို တွေ့ရသည်။
-------------------------------------------------------------
"ဒေါက်…..
ဒေါက်"
အခန်းတံခါး
ခေါက်သံနဲ့အတူ တံခါးပွင့်သွားပြီး မင်းခင်မောင်ရင်နဲ့ ဇော်ဇော် ဝင်လာသည်။
"မဂ္ဂဇင်းအတွင်းရေးမှူး
အသစ်လေးပါလား၊ ဘာကျွေးမလို့လဲ"
"ကိုသစ်ကလဲဗျာ၊
မနောက်ပါနဲ့"
"ပေါက်စ၊
ငါတကယ်ပြောတာပါ၊ မင်း အတွင်းရေးမှူးဖြစ်တာကို ငါဝမ်းသာတယ်၊ ဘာလို့လဲ ဆိုတော့
စာပေဟောပြောပွဲအတွက်ပေါ့။ လိုင်းကြောင်တွေဆို သူတို့ စိတ်ကူးတည့်ရာ ဖိတ်မှာ၊
ငါတို့ ကျောင်းရဲ့ စာပေဟောပြောပွဲတွေကလည်း အစဉ်အလာနဲ့ မဟုတ်လား"
မင်းခင်မောင်ရင်ကို
သူခေါ်နေကျအတိုင်း ပေါက်စလို့ ခေါ်ကာ ပြောလိုက်သည်။
"စိတ်ချပါ
ကိုသစ်ရာ၊ ကျွန်တော်လည်း စာပေဟောပြောပွဲ လုပ်တော့မယ်ဆိုရင် ကိုဝေတို့
ကိုသစ်တို့ကို တိုင်ပင်ဦးမှာပါ"
ဇော်ဇော်က
သူနဲ့ မင်းခင်မောင်ရင်တို့ စကားပြောနေတဲ့ဆီမှာ အာရုံမရှိ၊ သူ့အခန်းနံရံမှာ ချိတ်
ထားတဲ့ ပန်းချီကားကိုသာ စိတ်ဝင်တစား
ကြည့်နေသည်။
"ဒါနဲ့
မင်းတို့ လာတာ ကိစ္စရှိလို့လား"
"ကျွန်တော့်
ကိစ္စ မဟုတ်ပါဘူး ကိုသစ်ရာ၊ ဇော်ဇော်က ကိုသစ်ကို အလုပ်အပ်ချင်လို့တဲ့၊ ဇော်ဇော်
ပြောလိုက်လေကွာ"
"ကိုသစ်၊
ကျွန်တော့်ကိုလည်း ပုံတူ ဆဲါပေးပါလား။ ပြပွဲတုန်းက ကိုသစ်ဆွဲတဲ့ မိန်းကလေးပုံက
လက်ရာအရမ်းကောင်းတာပဲ"
"အင်း၊
ငါ စာမေးပွဲ ဖြေမပြီးမချင်း ကျောင်းစာကလွဲပြီး ဘာမှ မလုပ်တော့ဘူးလို့ စဉ်းစားထားတာ"
"ကိုသစ်ကလည်းဗျာ
အဲသလို မလုပ်ပါနဲ့။ ကျွန်တော့်ပုံတပုံတော့ ဆွဲလိုက်ပါ၊ ကျောင်းပြီးလို့ ကျွန်တော့်
စာအုပ်ထုတ်ရင် မျက်နှာဖုံး သုံးချင်လို့ပါ၊ အဲဒီကျ ကိုသစ်ကို ဘယ်ရှာမှန်းမသိ ဖြစ်မှာ စိုးလို့ အခုကတည်းက အပ်ထားတာ။
ကျွန်တော်က ကိုသစ်လက်ရာမျက်နှာဖုံးနဲ့ ထုတ်ချင်လို့ပါ"
ဇော်ဇော်က
ဆေးဗူးတွေ ထုတ်ပေးပြီး ဓါတ်ပုံတပုံလည်း ပြသည်။
"ကျွန်တော်
ဖီးလ် ဆင်းတုန်းက ရိုက်ထားတာ၊ အလင်းအမှောင်ရော မျက်နှာအနေအထားရော ကောင်းလို့ ပုံတူ
ဆွဲထားချင်တာ။ တခုပဲ ရှိတယ်။ ဓါတ်ပုံထဲမှာက ညာဘက်လှည့်နေတဲ့ ပုံ ဖြစ်တယ်။ အဲဒါကို
ဘယ်ဘက် လှည့်တဲ့ပုံ ပြင်ဆွဲပေးလို့ ရတယ် မဟုတ်လား"
ဇော်ဇော်က
တက်တက်ကြွကြွ ပြောနေတော့ သူ မငြင်းသာတော့။ ဒီတပုံတော့ ဆွဲလိုက်ပါမယ်လေလို့ တွေးလိုက်မိသည်။
"အင်း
ဘယ်ဘက် လှည့်ပေးလို့ ရပါတယ်"
"ကဲပါ၊
ငါအကောင်းဆုံး ဆွဲမယ်၊ ဟုတ်လား၊ စာအုပ်ထွက်ရင်တော့ ငါ့ကို လက်ဆောင်ပေးဖို့ မမေ့နဲ့"
"ပို့ပေးမှာပေါ့
ကိုသစ်ရာ၊ ကျေးဇူး၊ ကျေးဇူး"
ပြီးတော့
သူတို့ သုံးယောက် အဝိုင်းဆိုင်မှာ လက်ဖက်ရည်သောက်ရင်း စကားပြောဖြစ်ကြသည်။
ပန်းချီအကြောင်း၊ စာပေအကြောင်း။
"ကျွန်တော်
ကျောင်းပြီးရင် စာရေးမယ်၊ စာအုပ်ထုတ်မယ်၊ ဒါပေမယ် စာပေနဲ့
စာအုပ်လုပ်စားတာမျိုးတော့ မလုပ်ဘူးဗျာ"
ဇော်ဇော်က သူ့
စိတ်ကူးကို သူပြောသည်။
"အင်း
စာပေအနုပညာ မစစ် မဖြစ်ဖို့ရယ်၊ လုပ်စားကိုင်စား အကြံအဖန်တွေ မဖြစ်ဖို့ရယ်
အရေးကြီးတာ"
"ဟုတ်တယ်
ကိုသစ်၊ အခု ရှဲဒိုးတွေ တော်တော်ခေတ်စားနေတယ်၊ ကျွန်တော်တော့ အဲဒါမျိုး ဘယ်တော့မှ
မလုပ်ဘူး"
ကျောင်းသားဘဝ
တက်ကြွမှုတွေဖြင့် အားတက်သရော ပြောဖြစ်ကြသည်။ ကိုယ်ကျိုးစီးပွါးတွေ အကြောင်း တခုမှ
မပါ။ လေတချက်အဝှေ့မှာ မိုးစက်ကလေးများ ပါလာသည်။ မိုး၇ွာတော့မည်။ သူတို့
စကားဝိုင်းလေးကို သိမ်းလိုက်ကြသည်။
---------------------------------------------------------------
ကျောင်းပြီးကတည်းက
ကျောင်းကို သူ ပြန်မရောက်ဖြစ်တော့ပေမယ့် ကျောင်းတော်ကြီး ကတော့ သိပ်မပြောင်းလဲသေး။
စီဆောင်ရှေ့ အပေါက်ကနေ အဆောင်ထဲသို့ ဝင်လိုက်သည်။ ကျောင်းပိတ်ထားတာ ကြာပြီမို့
အခန်းတွေက ဖုန်တွေ ပင့်ကူအိမ်တွေနဲ့ ဖြစ်နေသည်။ အေ ဆောင်အလယ်ထပ် ဆရာလေးခန်းကို
လှမ်းကြည့်တော့ အခန်းတံခါး ဖွင့်ထားတာ တွေ့ရသည်။ ဆရာလေး အခန်းမှာ ရှိနေသည်။
"ဆရာလေး"
"ဟာ
ကိုသစ်၊ ဘယ်တုန်းက ရောက်တာလဲ"
"ဒီမနက်ပဲ"
သူ
ခ၇ီးဆောင်အိပ်ကို ချရင်း ခုံမှာ ဝင်ထိုင်လိုက်သည်။
"ငါအလုပ်က
ပြုတ်လာတာ"
သူများတွေ
ခေါ်သလို ဆရာလေးလိုက်ခေါ်ပေမယ့် သူငယ်ချင်းဆိုတော့ မင်းနဲ့ ငါနဲ့ ပြောတာ
အကျင့်ဖြစ်နေသည်။
"ငါထင်သားပဲ၊
ကောင်းပါတယ်။ ဒီအလုပ်တွေကလည်း မင်းစိတ်နဲ့ မကိုက်ပါဘူး။ ဒါနဲ့ အဲဒီအလုပ်မှာ
ဘယ်လောက်ကြာသွားလဲ"
အခု ၈၉
ဇွန်ဆိုတော့ ၂ နှစ်ကျော်လောက်တော့ ကြာသွားတာပေါ့၊ မင်းေ၇ာ အေးဆေးပဲလား"
"အေးဆေးလို့ပဲ
ပြောရမှာပဲ၊ အခု မင်းဘာလုပ်မလဲ"
"လောလောဆယ်တော့
မဆုံးဖြတ်ရသေးဘူး၊ အဖေတို့ အမေတို့ဆီ ခဏပြန်နေရင်း အေးအေးဆေးဆေး စဉ်းစားမယ်"
"အေး၊
အဲဒါကောင်းတယ်၊ ဘယ်တော့ပြန်မယ် စိတ်ကူးလဲ"
"ဒီညနေ
ရထားနဲ့လေ"
"မင်းကလည်း
မြန်လိုက်တာ နေဦး၊ မင်းရော ထမင်းမစားရသေးဘူး မဟုတ်လား၊ ရေသွားချိုးပြီး
ထမင်းသွားစားရအောင်"
သူတို့နှစ်ယောက်
ထမင်းအတူစားရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြသလို၊ လက်ရှိအခြေအနေတွေ
ပေါ်မှာလည်း ဝေဖန်သုံးသပ်ဖြစ်ကြသည်။
ဆရာလေးထံမှ
သတင်းတော်တော်စုံစုံကို သိရသည်။ ရန်ကုန်တက္ကသိုလ် အသိုင်းအဝိုင်းမှာ အလုပ်လုပ်နေသူ
ဖြစ်၍ တော်တော် သိနေတာ ဖြစ်မည်ဟု ထင်သည်။ တယ်တော့ သူထင်တာ မှားနေကြောင်း နောက်မှ
သိရသည်။
သူအိမ်ပြန်ရောက်ပြီး
တလလောက်အကြာ ဆရာလေး၊ ညီလင်းညို၊ ပေါက်စ တို့ တဖွဲ့ကြီး နရသိန်ရောက်သွားတာကို
ကြားရသည်။ သူစိတ်မကောင်း။
---------------------------------------------------------------
လွန်ခဲ့သော
အနှစ်နှစ်ဆယ်ကာလကို သူတို့တွေ ပုံစံအမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ကြသည်။
သူအိမ်ပြန်ရောက်ပြီး
သုံးလေးလအကြာမှာ ရန်ကုန် ပြန်ရောက်လာခဲ့သည်။ ပထမတော့ သူ့ဆရာတယောက်ရဲ့ လုပ်ငန်းမှာ အလုပ်ဝင်လုပ်သည်။
၂ နှစ်လောက်ကြာတော့ ဒီအလုပ်နဲ့ သူ့ဘဝ မကိုက်မှန်း သိလာသည်။ ဆရာ့ကို
ခွင့်တောင်းပြီး အလုပ်က ထွက်လိုက်သည်။ စာအုပ် မျက်နှာဖုံးတွေ၊ ပန်းချီကားတွေ
ရေးသည်။ တဖြည်းဖြည်း အသိအမှတ် ပြုခံလာရသည်။ ညီမလေးလို့ သူတို့ ခေါ်ကြတဲ့
ဝင်းဝင်းနဲ့ အိမ်ထောင်ပြုပြီး သမီးလေးတယောက် ရသည်။
ဆရာလေးနဲ့
ပေါက်စကတော့ ၇ နှစ်ကျော် ရှစ်နှစ်လောက်အကြာမှာ ပြန်ရောက်ကြသည်။ သူတို့လည်း သူတို့
ဝါသနာပါရာ ပုံနှိပ်မီဒီယာအလုပ် လုပ်ကြသည်။ သူနဲ့ အလုပ်ချင်း ဆက်စပ်နေတော့ မကြာခဏ
တွေ့ဖြစ်သည်။ တခါတရံ သူ့ကို ဆရာလေးက အလုပ်အပ်သည်။ ပုံနှိပ်မီဒီယာမှာ ပေါက်စ
သိတ်မကြာလိုက်။ NGO တခုရဲ့ ပရောဂျက်မန်နေဂျာ ဖြစ်သွားသည်။
ညီလင်းညိုကတော့
နရသိန်မှ နောက်ဆုံး ပြန်ရောက်သူ၊ (၁၆) နှစ်ခန့် ကြာသွားသည်။ ကျန်းကျန်းမာမာနှင့်
ပြန်ရောက်လာ၍ အားလုံးစိတ်ချမ်းသာရသည်။ သူလည်း အခုတော့ NGO တခုမှာ အလုပ်လုပ်နေသည်။
ဘာပဲဖြစ်ဖြစ်
သူတို့တတွေ ကျောင်းတုန်းကလေို ရိုင်းရိုင်းပင်းပင်း ချစ်ချစ်ခင်ခင် နေကြမြဲ။
သူတို့လိုပဲ
ပုံနှိပ်မီဒီယာလောကကို ရောက်နေသူတဦး ရှိသေးသည်။ သူကတော့
ဇော်ဇော်(စက်မှုတက္ကသိုလ်)ပဲ ဖြစ်သည်။ ကျောင်းသားဘဝက ပြောခဲ့သည့်အတိုင်း စာတွေလည်း
ရေးသည်။ အောင်မြင်မှုနဲ့အတူ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ သတင်းဓါတ်ပုံတွေမှာ
သူ့ပုံကို မကြာခဏ တွေ့ရသည်။ သူတို့နဲ့ သိပ်မဆုံဖြစ်။ တခါတခါတော့ ဖုံးဆက်သည်။
ဒီနေ့
သူတို့တွေ ကျောင်းကြီးကို ခွဲခွါခဲ့တာ နှစ် နှစ်ဆယ်ပြည့်အဖြစ် အမှတ်တရ တွေ့ဆုံ
ကြသည်။ ကိုယ့်အလုပ် ကိုယ့်အကိုင်နဲ့ အဆင်ပြေနေကြပြီမို့ ကျောင်းသားတုန်းကလို
အရှည်ကြီးဆိုင်တို့၊ စိန်ဝှာမင်းတို့ မဟုတ်တော့။ အစားအသောက်လည်း အဆင်ပြေ၊ စကားလည်း
အေးအေးဆေးဆေး ပြောလို့ ရတဲ့ အောင် ဝှိုက်ရိုက်စ် စားသောက်ဆိုင်ကို နေရာ ရွေးကြသည်။
သူငယ်ချင်းတွေ
အကုန် စုံအောင် စီစဉ်ပေမယ့် တချို့က မရောက်လာနိုင်။ ငဘိုက သင်္ဘောပေါ်မှာ။ နောက်လမှ
ပြန်ဆင်းမည်။ ကိုအော်ပီကျယ်ကတော့ စာပေဟောပြောပွဲ ရှိလို့ နယ်ရောက်နေသည်။
"အနှစ်
နှစ်ဆယ်ဆိုတာ ဘာမှ မကြာသလိုပဲနော်"
ပေါက်စက တကယ့်
တွေးတွေးဆဆပုံစံဖြင့် ပြောသည်။
"မင်းဘကြီး
မကြာရမှာလားကွ၊ ၁၆ နှစ်တောင် တော်တော်ကြာတာ"
ညီလင်းညိုက
ပြန်ပြောတော့ ပေါက်စကို အားလုံးက ဝိုင်းရယ်ကြသည်။
"ကိုမြေရော
ခေါ်ထားတယ် မဟုတ်လား"
ဗိုလ်မြင့်က
မြေ(စက်မှု)ကို သတိတရ မေးသည်။
"ခေါ်ထားတယ်၊
ဒါပေမယ့် လာမှာ မဟုတ်ဘူးထင်တယ်"
"အေးကွာ၊
မြေကြီးက ငါတို့ကို တော်တော် စိမ်းသွားတာပဲ"
ကိုနိုင်က
စိတ်မကောင်းစွာ ဝင်ပြောသည်။
"မင်းဦးနဲ့
ဗိုလ်စိုးက လာနေပြီတဲ့၊ ရောက်ခါနီးပြီလို့ ဖုံးဆက်တယ်"
သူပြေတော့မှ
ဆရာလေးက တစုံတခုကို သတိရဟန်ဖြင့် ပြောသည်။
"ငါမေ့နေလို့၊
ဇော်ဇော်က ကိုသစ်အတွက် စာအုပ်ပေးလိုက်တယ်။ သူကတော့ မလာနိုင်ဘူးတဲ့။
အခမ်းအနားတခုမှာ စကားပြောဖို့ ဖိတ်ထားလို့တဲ့"
ဆရာလေးက
စာအုပ်တအုပ် ထုတ်ပေးသည်။
"ဟာ၊
မျက်နှာဖုံးက ကိုသစ် ဇော်ဇော့်ကို ကျောင်းတုန်းက ဆွဲပေးတဲ့ ပုံတူပဲ"
ပေါက်စက သူနဲ့
အတူ လာခဲ့တဲ့ ကိစ္စမို့လို့ သတိတရနဲ့ ပြောသည်။ သူ စာအုပ် မျက်နှာဖုံးကို ကြည့်ပြီး
အံ့သြသွားသည်။ ပြီးတော့ ပေါက်စကို မေးလိုက်သည်။
"ပေါက်စ
သေသေချာချာကြည့်စမ်း၊ ဘာထူးခြားလဲ"
ပေါက်စက
မျက်နှာဖုံးကို သေသေချာချာကြည့်ရင်း သတိရသွားသည်။
"ကိုသစ်ဆွဲပေးထားပုံက
ဘယ်ဘက်လှည့်နေတဲ့ပုံပဲ၊ အခု ညာဘက်လှည့်နေတယ်၊ ဖိုတိုရှော့ပ်ထဲမှာ ဖလစ်လိုက်တာ
ထင်တယ်"
ပေါက်စက
ဖိုတိုရှော့ပ် နဲ့ ဒီဇိုင်းလုပ်ဖူးသူဆိုတော့ သိနေသည်။
"သူပဲ
ပုံဆွဲခိုင်းတုန်းက ညာဘက်လှည့်နေတဲ့ ဓါတ်ပုံပေးပြီး ဘယ်ဘက်လှည့်နေတဲ့ ပုံ
ပြောင်းဆွဲပေးပါဆိုလို့ ပြောင်းဆဲါပေးထားတာ။ အခုတော့ ဘာလို့
ညာပြန်လှည့်ရတာလဲ"
ပေါက်စက
မကျေမနပ်ဖြင့် ဆက်ပြောသည်။
"ဘာဖြစ်လို့လဲ၊
ငါတို့ကိုလည်း ရှင်းပြပါဦး"
ကိုနိုင်က
သူ့ထုံးစံအတိုင်း ခပ်လေးလေးနဲ့ ဝင်မေးသည်။ သူက ဇော်ဇော်နဲ့ ပေါက်စ ပုံလာအပ်စဉ်က
အကြောင်းကို အသေးစိတ် ရှင်းပြရသည်။ အားလုံးက ငြိမ်ပြီး စိတ်ဝင်တစား
နားထောင်နေကြသည်။ ဗိုလ်မြင့်က မှတ်ချက် ပေးသည်။
"အပြောင်းအလဲတွေ
များတဲ့ ခေတ်ကြီးမှာ ဘာမဆို ပြောင်းလဲသွားနိုင်တာပဲ။ အရင်က ဘယ်ဘက်လှည့်ခဲ့တဲ့
အရာတွေ ညာဘက်လှည့်သွားတာလည်း အပြောင်းအလဲတခုလို့ မြင်တဲ့သူက မြင်နိုင်တာပဲလေ"
သူ ကိုနိုင်
မှုတ်ထုတ်လိုက်တဲ့ စီးကရက် ငွေ့တွေ လေထဲမှာ ဝေ့ဝဲ ပျောက်ကွယ်သွားတာကို
ငေးကြည့်နေမိသည်။
သီဟလတ်
၂၉ - ၅ - ၂၀၁၂
(မှတ်ချက်။ ။ ကာတွန်းဘောက်စ်ဆိုတာ တယ်လီဖုန်းရုံဟောင်းတခုရဲ့
တံခါမဟုတ်တဲ့ ကျန်သုံးဘက် မှန်တွေကို အတွင်းကနေ ကာတွန်းတွေ ကပ်ပြီး နံရံကပ်
ကာတွန်းတွေ ကပ်တဲ့ ရုံကလေး လုပ်ထားတာ ဖြစ်တယ်)
No comments:
Post a Comment