Saturday, May 21, 2016

ဆေးနွမ်းပန်းချီ ရေးသူ - မောရူးဆိုး





ဆေးနွမ်းပန်းချီ







ရေးသူ - မောရူးဆိုး




စားနေကျအစားအစာ ပြောနေကျစကားလုံး
ကြည့်နေကျရှုမျှော်ခင်း ဆောင်ရွက်နေကျအပြုအမူ
ဖတ်ရှုနေကျစာအုပ်စာတမ်း
အဲဒါတွေနဲ့အတူ ယုံကြည်တဲ့အတိုင်းနေထိုင်လာလိုက်တာ
ရာစုဝက်တော်တော်ကျော်လာတော့မှ
ငါ့အတွက် ဘာမှမထားရစ်ခဲ့ကြတာပါကလားလို့ သိတော့လည်း
အပြစ်တင်ဖို့ မကောင်းပြောဖို့ အပုပ်ချဖို့ ကျောခိုင်းဖို့
ရည်ရွယ်ချက်ကလေးစိုးစဉ်းမျှတောင် မပေါ်လာရပါ
ဒါပေမဲ့ အဲ့ဒါဟာ
ငါလို့ ပြောပါရစေ။    

စိုက်ခင်းလည်းစိုက်ခင်း ပန်းပွင့်တော့ပန်းပွင့်
နေခြည်ဦးကနေခြည်ဦး ဖြည်းဖြည်းဆိုမှဖြည်းဖြည်း
လေပြေလေညှင်းဆိုရုံ လေပြေလေညှင်း
ရင်ပတ်ကိုဝင်တိုးဆောင့်တော့ အသဲကြွေနှလုံးပြုတ်လု
ငါ့လို ဦးတည်ရာမရှီတော့ဘဲ လမ်းလွှဲသွားကြတာမှန်းကြုံတော့လဲ
စိတ်ပျက်ဖို့ ဆဲဆိုဖို့ တုံ့ပြန်ဖို့ နာကြည်းဖို့
စိတ်ကူးကလေးယောင်လို့တောင်မဖြစ်ရပါ
ဒါပေမဲ့ အဲ့ဒါဟာ
ငါ လို့ပြောပါရစေ။    

အစွန်းအငူနဲ့ချောက်ကမ်းပါး ချိုင့်ဝှမ်းအပြင်ရွှံ့နွ့ဗွက်
ချောင်းမြောင်းခလုတ်ဆူးငြောင့် လျှိုမြောင်
မီးတောင်ရော ရေတံခွန်ရော
လမ်းသွယ်လမ်းမွှာတွေစသည် စသည်အားဖြင့်
ရရှိပိုင်ဆိုင်ထားပြီး မှီငြမ်းပြုရတဲ့
လျှို့ဝှက်မြေပုံထဲကအညွှန်းအတိုင်း ထွက်ခွါလာသမျှ
ပြင်ဆင်ဖို့ အကွန့်အညွန့်ထပ်ထည့်ဖို့ စည်းမျဉ်းဆွဲဖို့ ကောက်ချက်ချဖို့
ငါ့အမည်တောင်မထည့်သွင်းဘဲဆိုတာ မျိုသိပ်ထားပြီးဝမ်းမနည်းရပါ
ဒါပေမဲ့ အဲ့ဒါဟာ
ငါ လို့ပြောပါရစေ။    

တစ်ခါပဲဖြစ်မြောက်ပြုစုဖြစ်တဲ့ စာစီစာကုံးလို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပါ
နိဒါန်း စာကို နိဂုံးနဲ့ အဆုံးသတ်ပြီးတော့မှ တစ်ခုလုံးကို
ကိုယ်ပိုင်အလိုဆန္ဒနဲ့ ကြက်ခြေတ်လိုက်ပြီးတဲ့နောက်
မတ်မတ်ကနေ လဲမသွားခင်အထိကို
မျက်စိရှင်ရှင်နဲ့ မုဒိတာနဲ့ သစ္စာမဲ့သူများက
တိတိကျကျ ခဏခဏ အကဲခတ်လို့။    


မောရူးဆိုး

No comments: