ကျနော့်ရဲ့ ဖိုးသောကြာများ - ဌေးဝင်း (ဂျာမဏီ)
ကျနော့်ရဲ့ ဖိုးသောကြာများ
ဗမာပြည်မှာ ကျနော်အလုပ်လုပ်ခဲ့တုန်းက လုပ်ဖေါ်ကိုင်ဘက်များ ပြောလေ့ရှိတဲ့
စကားတခုကို ကျနော် မှတ်မိနေသေးတယ်။ စနေ၊ တနင်္ဂနွေက ရုံးပိတ်ရက်ဆိုတော့
သောကြာနေ့မှာ သူတို့ သောက်လေ့ရှိကြတယ်။ ပီးတော့ သောကြာနေ့မှာ သူတို့
အမြဲပြောတဲ့စကားကတော့ သောက်ရင် ကြာတဲ့နေ့မို့လို့ သောကြာနေ့လို့
အမည်တွင်တာတဲ့။ ဖိုးသောကြာတို့ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ်
ဖွင့်ဆိုချက်တခုပေါ့။ ကျနော့်မှာလဲ ကျနော့်ရဲ့ အရင်းနှီးဆုံး
ချစ်သော ဖိုးသောကြာ ၃ ယောက် ရှိပါတယ်။ ဒီအထဲမှာ ၆၆ နှစ်ပြည့် မွေးနေ့ရှင်
ရဲဘော်ကြီး ကိုအေးဝင်းလဲ အပါအဝင်ပေါ့။ သူတို့ ၃ ဦးလုံးကလဲ
ကျနော်တို့စက်မှုတက္ကသိုလ်က၊ ကျနော့်ထက်အသက်နဲနဲ ကြီးသူတွေ၊ စက်မှု
တက္ကသိုလ်ကို အရင်ရောက်သူတွေ ဖြစ်ကြပါတယ်။
ပထမဆုံးကတော့
အရင်းနှီးဆုံး ဘော်ဒါကြီးဖြစ်ခဲ့တဲ့ ပိသုကာ ကိုဆန်းညွန့်ပါ။ ကဗျာတွေရေးတဲ့
သူ့ရဲ့ ကလောင်နာမည်က မောင်ဆန်းညွန့် (ရေကျော်) သို့မဟုတ် မောင်ညိုငယ် တဲ့။
သူက သိပ်ကို စောစီးစွာဘဲ ဆုံးပါးသွားရှာပီ။ သူတပါးအပေါ်
အလွန်စာနာထောက်ထားတတ်တဲ့၊ အလွန် အေးဆေးတဲ့ ပုဂ္ဂိုလ်တယောက်ပါ။
ပိသုကာဘာသာရပ်ကို ကျနော်နဲ့ တတန်းထဲ တက်ခဲ့သူပါ။ သူက ပိသုကာဖြစ်သွားပီး
ကျနော်ကတော့ စတုတ္ထနှစ်မှာ ဘဝတက္ကသိုလ်ကို ရောက်သွားခဲ့ ပါတယ်။ ၁၉၇၈ လောက်ကနေ
၁၉၈၃ လောက်ဆီထိ သူနဲ့ ကျနော် ပိသုကာအလုပ်လေးတွေ အတူတကွ လက်တွဲ
အလုပ်လုပ်ခဲ့ကြတယ်။ အဲဒီကာလက ညနေဘက်ဆို သူပျောက်ပျောက် သွားတတ်တယ်။
ဖိုးသောကြာတယောက် ပျောက်ပျောက်သွားတာ ဘယ်ရောက်သွားလဲဆိုတာ မေးစရာ
မလိုတော့ဘူးပေါ့နော်။
နောက်တယောက်က ကျနော်လေးစားတဲ့
ချစ်စွာသော ရဲဘော်ကြီး ကိုတင်အေးကြူပါ။ သူ့ရဲ့ ကလောင်နာမည်
မောင်မှိုင်းလွင်(အင်းဝ) ဆိုတာ အထူးပြောစရာ လိုမယ်မထင်တော့ပါ။ ၁၉၇၂ ကျနော်
စက်မှုတက္ကသိုလ်ကို ရောက်ပီးနောက် ကျောင်းထဲမှာ သူ့ကို တွေ့ဘူးပါတယ်။
အဲဒီတုန်းက ဆံရှည်ကိုယ်တော်တွေပေါ့။ ကိုတင်အေးကြူ သို့မဟုတ်
မောင်မှိုင်းလွင်(အင်းဝ) နာမည်နဲ့ သူ့ရဲ့ ကဗျာတွေလဲ ဖတ်ခဲ့ဘူးပါတယ်။ နောက်
၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက် သခင်ကိုယ်တော်မှိုင်း ရာပြည့်
ကျောင်းသားအရေးတော်ပုံနေ့မှာတော့
ဆရာကြီးမှိုင်းရဲ့ အုတ်ဂူရှေ့မှာ သူကတရားဟော၊ မောင်လေးအောင်ရဲ့
“ဒီဇင်ဘာတမ်းချင်း” ကဗျာရွတ်၊ ဆရာကြီးမှိုင်းရဲ့ လေးချိုးကြီးတွေရွတ်တဲ့
အချိန်ကစပီး သူ့ကို လေးစားခဲ့တာပါ။ နောက် မှိုင်းရာပြည့် အရေးတော်ပုံကြောင့်
သူရော ကျနော်ရော ဖမ်းဆီးခံခဲ့ရပီး အင်းစိန်ထောင်၊ တိုက် ၄၊ အခန်း ၄ မှာ
သူနဲ့ကျနော် စီရင်ချက် မကျခင်အထိ အတူနေခဲ့ရပါတယ်။ အဲဒီမှာ သူ့ရဲ့
အတွေ့အကြုံတွေ၊ လေ့လာအား၊ သူ့ရဲ့ အနုပညာ တွေကို လေ့လာသိရှိခွင့် ရခဲ့ပါတယ်။
ဒါတွေဟာ ဘဝတက္ကသိုလ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန် ရတနာတွေပါ။ နောက်
၁၉၈၈-၈၉ သူနဲ့ကျနော် အလံတော်တလက်ထဲအောက်မှာ အတူလှုပ်ရှားခဲ့ စဉ်က တအူတုံဆင်း
ညီအကိုရင်းပမာ ထိစပ်လှုပ်ရှားခဲ့ပါတယ်။ နောက် သူက ၁၉၈၉ ကနေ ၂၀၀၅ ခုနှစ်အထိ
၁၆ နှစ်ကြာ ရန်သူ့လက်တွင်း ကျရောက်ခဲ့ရပီး ကျနော်ကတော့ ရန်သူ့လက်က
ထွက်ပြေးလွတ်မြောက် ရုန်းကန်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့
နှစ်ပိုင်းတွေတုန်းကတော့ သူလဲ ပျောက်ပျောက်သွားတတ်တဲ့ ဖိုးသောကြာတယောက်လို့
ကြားခဲ့ရပါတယ်။ ဟိုတလောလေးက ဆေးရုံတက်ရပီး ခုတော့ပြန်လည် ကျန်းမာလို့။
မနှစ်က သူနဲ့ကျနော်လူချင်းတွေ့တော့ သူ့ရဲ့ အားမန်အပြည့်နဲ့ ကြုံးဝါးသံက “ငါမသေသေးဘူး” တဲ့။ ကြားရတာ အားရတယ်၊ တောင့်ထားပေဦး တော့ ရဲဘော်ကြီးရေ။
နောက်တယောက်က ကျနော့်ရဲ့ ချစ်လှစွာသော ရဲဘော်ကြီး ကိုအေးဝင်း၊ ၁၉၈၉ မှာ
ကျနော့်လိုဘဲ ရန်သူ့လက်က ထွက်ပြေးလွတ်မြောက်ခဲ့ပီး မဲဆောက်မှာ ကျနော်နဲ့
ဘွားကနဲ ပြန်လည်ဆုံတွေ့ခဲ့ ကြတာပါ။ ဒီအကြောင်းတွေ ကျနော့်စာထဲမှာရော၊
သူ့စာထဲမှာပါ ရေးခဲ့ကြပီးပါပီ။ အဲဒီနောက် ကိုဖိုးကြူး ကိုသွားခေါ်ပီး
ကျနော်တို့ ရဲသုံးဘော်ပေါ့။ ဒါပေမဲ့ အဲဒီညနေဘဲ ဒီနှစ်ယောက်က ပျောက်သွားပါ
လေရော။ ဖိုးသောကြာသွားလုပ်ကြတာပေါ့။
ကျနော်က အဲဒီတုန်းက မသောက် တတ်တော့ ကျနော့်ကိုတော့ မခေါ်သွားဘူး။
သူတို့နှစ်ယောက်က ရန်ကုန်မှာကတဲက ရန်ကုန် ကနေ ပျောက်ပျောက်သွားတတ်တဲ့
သောက်ဖေါ်သောက်ဖက်၊ ကွမ်းခြံကုန်းဘက်မှာ ညအိပ်ညနေ သွားသောက်ကြတာတဲ့။
မဲဆောက်ကနေ ကျနော်တို့ ရဲသုံးဘော် ဘန်ကောက်သွားကြတယ်။ ၁၉၈၉ စက်တင်ဘာကနေ
၁၉၉၁ ဧပြီလ ကိုအေးဝင်း အမေရိက သွားသည်အထိ ဘန်ကောက်မှာ ဒုက္ခသည်အဖြစ် အတူတကွ
ရှိခဲ့ကြတယ်။ ဘန်ကောက်ရောက်ပီးစမှာ ရဲဘော်ကြီးက နေ့လယ်ပိုင်း လောက်ဆို
ပျောက်ပျောက်သွားပီး ညမှောင်ရီပျိုးစမှ ပြန်လာတတ်တယ်။ သူပြောပြတာကတော့
ကိုစိုးပိုင်တို့အိမ်သွား၊ ညနေပြန်လာရင် လမ်းထိပ်က ဆိုင်လေးတွေမှာ
ဖိုးသောကြာပေါ့။
ကျနော်တို့ ဒုက္ခသည်လျှောက်ထားတုန်းအချိန်
တညနေမှာ သူတို့နှစ်ယောက်နဲ့အတူ ကျနော်ပါ ပါသွားတယ်၊ ကိုယ့်ဆရာနှစ်ယောက်က
ဖိုးသောကြာလုပ်ပီး ရစ်ကြပါလေရော။ ရဲဘော် ရဲကြီးရဲ့ စာမှာ ကိုအေးဝင်းတို့
ရန်ကုန်မှာကတဲက အရစ်ရှည် တိုင်ပတ်ခဲ့ကြတဲ့အကြောင်း ရေးထားလို့ ကျနော်လဲ
ခုမှ ဒီအကြောင်းရေးဖြစ်တာပါ။ ကိုအေးဝင်းနဲ့ ကိုဖိုးကြူးက Tuk Tuk ငှါး၊
ဘယ်သွား မယ်ပြော၊ ဒါပေမဲ့ Tuk Tuk ဆရာက နားမလည်။ ဘယ်တွေလျှောက်မောင်းလို့
ဘယ်တွေရောက်ခဲ့ မှန်းကို မသိခဲ့ပါဘူး။ ကျနော်လဲ ကိုယ့်ဆရာနှစ်ယောက်ကို
ထိမ်းဘို့ ကြိုးစားပေမဲ့ ဘယ်လိုမှ ထိမ်းမနိုင်ဘူး။ ကျနော် အဲဒီတုန်းက
စိုးရိမ်ခဲ့တာက ဒုက္ခသည်လျှောက်ထားတဲ့အချိန်ဆိုတော့
ကျနော်တို့မှာ ဘာစာရွက်စာတန်း၊ အထောက်အထား၊ လက်မှတ် တစုံတရာ မရှိခဲ့ဘူး။
ရဲအဖမ်းခံ ထိလို့ကတော့ သွားပီ။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ကျနော်တို့နေတဲ့
အခန်းကိုတော့ ပြန်ရောက်ခဲ့ပါတယ်။ နောက်နေ့မနက်ကြတော့ ကိုယ့်ဆရာတွေက
ဘာမှမမှတ်မိတော့ဘူး။
ကျနော်တို့ အတူနေခဲ့စဉ် ကာလတလျှောက်မှာလဲ
သူတို့နှစ်ယောက်က ယမကာ လုလင်ကလေး များလို့ ကိုယ့်ကိုယ်ကို သမုတ်ပီး
ဖိုးသောကြာ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရဲဘော်ကြီး ဖိုးသောကြာ လုပ်လို့
ကံကောင်းလှတဲ့ အဖြစ်ကတော့ ၁၉၈၉ ဇူလိုင် ၁၁ ရက် သူ့ကိုလာဖမ်းတဲ့
အချိန်တုန်းက သူက အိမ်ကနေပျောက်ပီး ဖိုးသောကြာ အလုပ်ကောင်းလို့ လာဖမ်းတဲ့
ထောက်လှမ်းရေးက “အားလုံးရှိတယ်၊ ဟိုတယောက်ပဲ အိမ်မှာမရှိဘူး” လို့
ပြောယူရတဲ့ အထိပါဘဲ။ သူက အိမ်မှာ ဘယ်ရှိပါမလဲ၊ ပျောက်ပျောက်သွားတတ်တာကို၊
ဒါကို ထောက်လှမ်းရေးက မသိရှာဘူး။ သူ ဖိုးသောကြာ အလုပ်ကောင်းလို့ သူ့ရဲ့
ဝရမ်းပြေးဘဝကို စနိုင်ခဲ့တာဘဲ။ ကံကောင်းလေစွ ရဲဘော်ကြီးရေ။
ကဲ …
ရဲဘော်ကြီး ကိုအေးဝင်းရေ၊ ခင်ဗျားလဲ ၆၆ နှစ် ပြည့်ပီ၊ ကျနော်လဲ ၆၄
ပြည့်တော့မယ်။ ခင်ဗျားမသေခင် သို့မဟုတ် ကျနော်မသေခင် ကျနော်တို့
ပြန်တွေ့ကြဦးမှ ဖြစ်မယ်ဗျို့။ အဲဒီ အချိန်ထိ တောင့်ထား ရဲဘော်ကြီးရေ။
ကျန်တဲ့ ကျနော့်ရဲ့ ဖိုးသောကြာ ၂ ယောက် “သက်တော်ရာကျော် ရှည်စေသောဝ်”။ ။
ဌေးဝင်း (ဂျာမဏီ)
No comments:
Post a Comment