Thursday, January 31, 2013

ကဗျာမဟုတ် ရေးသူ - ညိုခက်ကျော်


ခုတလော ပိုက်ဆံဆိုတာကြီးက လူကို ၀င်ဝင်ပူးနေတယ်။
ရပ်ဝေးရပ်နီးဆိုတာလဲ.... ပိုက်ဆံ။
မကင်းရာမကင်းကြောင်းဆိုတာလဲ.... ပိုက်ဆံ။
သာကြောင်းမာကြောင်းဆိုတာလဲ...... ပိုက်ဆံ။
ဖေဖေလဲချမ်းမြေ့ပါစေ အားလုံးဘဲချမ်းမြေ့ကြပါစေ... ဆိုတာတွေလဲ ပိုက်ဆံ။
လေပျံလက်မှတ်ဆိုတာလဲ... ပိုက်ဆံ။
အသက်တမျှပါဆိုတာလဲ.. ပိုက်ဆံ။

ပိုက်ဆံရှိရင် ... တသက်လုံးလူသတ်လာလဲပဲ ငြိမ်းချမ်းရေးပွဲစားလုပ်လို့ရတယ်။
ပိုက်ဆံရှိရင် ... စစ်ပွဲတွေအားလုံးကို ၀ယ်လို့ရတယ်။ရောင်းလို့ရတယ်။
ပိုက်ဆံရှိရင် ... ဘ၀အဆက်ဆက်ခရိုနီပိုင်းလုံးကောင်လုပ်ခဲ့လဲ ကျေစေအေးစေသင်ပုန်းချေသူကောင်းအပြုခံလိုက်လို့ရတယ်။
ပိုက်ဆံရှိရင် ... ငြိမ်းငြိမ်းချမ်းချမ်းကလေးအကြမ်းဖက်လိုက်လို့ရတယ်။
ပိုက်ဆံရှိရင် ... စာတလုံးမှမတတ်လဲ ဘွဲ့လက်မှတ်အကြီးကြီးတွေ ၀ယ်ပလိုက်လို့ရတယ်။
ပိုက်ဆံရှိရင် .... တသက်နဲ့တကိုယ် စာတလုံးမှမဖတ်ခဲ့သမျှ စာရေးဆရာလုပ်လို့ရတယ်။ ကဗျာဆရာလုပ်လို့ရတယ်။ ဂျာနယ်လစ်လုပ်လို့ရသလို ဂန္တ၀င်ပတ်ဘလစ်ရှာကြီးလဲ နေ့ချင်းညချင်းထလုပ်လို့ရတယ်။
ပိုက်ဆံရှိရင် .... သူ့သမိုင်းကိုယ်ရေး၊ ကိုယ့်သမိုင်းသူရေး ရေးပစ်လိုက်လို့ရတယ်။
ပိုက်ဆံရှိရင် .... ဘယ်လောက်ပဲပိန်းပိန်း ယဉ်ကျေးပျူငှာသူမေတ္တာရှင်မလေးလဲလုပ်လို့ရတယ်။
ပိုက်ဆံရှိရင် .. တသက်လုံး သောက်တလွဲ လုပ်လာသမျှတွေကို ဂျီးနီးယပ်စ်လို့ နာမည်ကောက်တပ်လိုက်လို့ရတယ်။
ပိုက်ဆံရှိရင် ... ဘ၀ဆိုတ အငိုနဲ့စပေမယ့် အငိုနဲ့ဆုံးချင်မှဆုံးမယ်။

ပိုက်ဆံမရှိရင် ... ခေတ်အဆက်ဆက် သူရဲကောင်းဖြစ်လာခဲ့လည်း သမိုင်းတကွေ့မှာ အဆိုးမြင်ဝါဒီဖြစ်သွားနိုင်တယ်။
ပိုက်ဆံမရှိရင် ..... ဗလာပွဲမှာတောင် ဟိုးနောက်ဆုံးကမတ်တပ်ရပ်တိုးဝှေ့ကြည့်ရမယ်။
ပိုက်ဆံမရှိရင် ... လူမြင်မကောင်းအောင် ယိုင်နေတဲ့သမိုင်းကို ပြန်တည့်ဖို့ လဲ ကြိုးစားမနေနဲ့တော့ (အင်မတန်ဝမ်းနည်းပါတယ်။)
ပိုက်ဆံမရှိရင် .... အင်တာနေရှင်နယ်နဲ့ ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာကြီးကို ပါးစပ်အလေးခံပီး ဆက်ငုံထားဖို့ စိတ်ကူးမနေနဲ့တော့။
ပိုက်ဆံမရှိရင် ..... ချစ်တာတွေ သစ္စာတွေ မေတ္တာတွေဆိုတာ ရွှေမန်းသဘင်မှာ။
ပိုက်ဆံမရှိရင် .. မိဆွေဆွေ.. နင်မစားမနေနိုင်တဲ့  ပင်ပျိုရွက်နုလက်ဖက်နဲ့  ၃ပြန်ကျော်၊ နန်းသပြေငါးခြောက်တွေ ခုလို နပ်မှန်အောင် စားနိုင်မှာမဟုတ်။
ပိုက်ဆံမရှိရင် ... မိဆွေဆွေ.. နင်အင်မတန်အော်ဂလီဆန်တဲ့ မက်ဒေါနားဘာဂါနဲ့ ကော့စကိုပီဇာ နေ့ရောညပါ ကိုက်နေရမယ် (အံမလေး..တွေးလိုက်တာနဲ့အန်ချင်တယ်။)
ပိုက်ဆံမရှိရင် ... မိဆွေဆွေ... မက်ဆီကန်တောထဲကနေ ညည်းထွက်နိုင်မယ်မဟုတ်။
ပိုက်ဆံမရှိရင် ... တဲတဲလေးချည်ထားတဲ့ ကိုယ့်ဝိဥာဉ်ကြိုးတောင် ကိုယ်ပြန်ဆောင့်ဆွဲချင်တယ်။
တချို့တချို့တွေက ပိုက်ဆံအနည်းအများဆိုတာနဲ့ သိက္ခာဖြောင့်ကြတယ်။ သိက္ခာကောက်ကြတယ်။ သိက္ခာဆယ်ကြတယ်။ သိက္ခာကယ်ကြတယ်။
မရီပါနဲ့ .. ဒီခေတ် ဒီအခါမှာ ... ဘ၀ဘ၀တွေကို ချရေးကြတဲ့အခါ လက်ရေးလက်သားဆိုတာ.. ဒီလိုဘဲပေါ့...
တသက်လုံးသိပ်ကြိုက်ခဲ့တဲ့ “အဆိပ်ငွေကြေး” ဆိုတာ နားထောင်လို့ဘဲကောင်းပြီး
ဆိုလို့ကောင်းတဲ့ သီချင်းမဟုတ်ဆိုတာ ဒီနေ့မှမသိရင် ညည်းတရားထူး လွတ်ပီသာမှတ်!!!!!

ညိုခက်ကျော်(ဇန်န၀ါရီ၃၀၊၂၀၁၃)

Saturday, January 26, 2013

ငို ရီ ငို ရီ။ ရေးသူ ကိုလေး (အင်းဝဂုဏ်ရည်)





၆ ၀ ခု ဒီ ဇင် ဘာ လ
ဆ ရာ စ ဖြစ်
ဖြစ် ဖြစ် ချင်း ဘဲ
အ ဟဲ အ ဟမ်း
မူ လ တန်း ကျောင်း အုပ်
အ ဟုတ် ကျောင်း အုပ်..ကျုပ် ကျောင်း အုပ်.....

ကျောင်း
ဇ ရပ် ဟောင်း နှစ် ဆောင်
တောင် ဘက် က တ ဆောင်
မြောက် ဘက် က တ ဆောင်
ဒေါင် ဝေါင် ဝေါင် သံ ချောင်း..ဗုံး မြီး ဟောင်း ရယ်
စု စု ပေါင်း ရှစ် ဆယ် က လေး တွေ ရယ်
ခန့် ထယ် ထယ် နဲ့ ကျုပ် ကျောင်း အုပ်
လက် ထောက် က လဲ ကျုပ် သိပ် ဟုတ်.....

၆ ၁ ခု ..မတ် လ
စ တု တ္ထ တန်း စာ မေး ပွဲ ကြီး
ဝင် ပြီး ဖြေ ကြ
အ လိုက် တဲ့ ကောင် တွေ
တ ကောင် မှ မ အောင် ဘူး
တန်း လုံး ပျောက် အောင် ကျ ကြ ပါ လေ ရော..

၆ ၁ ဂျွန်
အ မိန့် တော် စာ ချွန် ကြီး က
" ဆ ရာ ကြီး
ဆ ရာ ကြီး ကျောင်း က
တ ယောက် မှ မ အောင် ဘူး
မ အောင် တဲ့ အ တွက် ထု ချေ လွှာ ဆက်
ပျက် ကွက် ရင် ကြီ လေး တဲ့ အ ပြစ်.." တဲ့

ခက် က ပြီ
ကျောင်း အုပ် မောင် မောင် ခက် က ပြီ
ဒီ လာ ကြည့် စမ်း
သူ ငယ် တန်း..ပ ထမ တန်း..ဒု တိ ယ တန်း
တ တိယ တန်း နဲ့ စ တု တ္ထ တန်း
အတန်း က ငါး တန်း
ရင် နှစ် ခြမ်း ဖြန်း ဖြန်း ကွဲ အောင်
ဟို ဆဲ ရ . . ဒီ ဆူ ရ
ဟို ပြေး ရ..ဒီ လွှား ရ
နား ရ တယ် မ ရှိ
သိ သ လောက် သင်
မြင် သ လေက် ပြော
မ မော ခဲ့ ပါ ဘူး
ရှု ရှုး ပေါက် ချင် တဲ့ က လေး ပြေး တယ် ရ
အီ အီး ပါ ချ တဲ့ က လေး ဆေး ပေး ရ
စာ ပြ ရုံ တင် မဟုတ် နာနီ ပါ လုပ် ခဲ့ တဲ့
ကျုပ် ကျောင်း အုပ် ကြီး ပါ ခင် ဗျာ......

ဒီ က လေး တွေ မိ ဘ..ကြည့် ကြ
သူ တို့ က တောင် သူ
တောင် သူ ဆိုတော့ လူ လို တယ်
ထွန် ဟယ် ကြဲ ဟယ် ပေါင်း ပေါက် ဟယ် မို့
ရေ နွေး တယ် ထ မင်း ပို့
မွန်း တည့် လို့ မ ရောက် ရင် သေ ကြ မယ် ပြင်
စာ မ သင် ရ တာ အ ရေး မ ကြီး
" ကျုပ် ကျောင်း အုပ် ကြီး က ကော
ဘာ များ တတ် နိုင် ပါ ဦး မည် နည်း....."

ကျုပ် အ စား
သ ကြား မင်း ကြီး န ကင်း ကြီး နဲ့
ဆင်း ပြီး သင် တောင် အောင် မ လား ဗျာ့
ခင် ဗျား သ ကြား ရူး သွား မှာ မြင် သေး
ကျုပ် က လေး တွေ နဲ့ ကျုပ် မို့ ပေါ့.......

အ တန်း ငါး တန်း ဆ ရာ တ ယောက်
ကျောင်း သား ရှစ် ဆယ် ဆ ရာ တ ယောက်
အာ ပေါက် အောင် သင် တတ် မ ထင် ဘူး
ရွှေ ဥာဏ် ရှင် ဆင် ခြင် တော် မူ ပါ ဘု ရား.....

ကျောက် သင် ပုန်း ကျောက် တံ
ပိုက် ဆံ နဲ့ ဝယ် ရ တာ
ဘယ် မှာ လဲ ဒါ တွေ
ဒါ တွေ မ ပါ တဲ့ က လေး
ခင် ဗျား တို့ ဘဲ သင် ပေး ကြ ပါ အုံး..

ဒါ တွေ က စိတ် ထဲ က ဖြစ် နေ တာ
လည် ချောင်း ထဲ တစ် နေ တာ
တ ကယ် ထု ချေ ဖြစ် တာ က
" ရှေ့ နှစ် ခါ အောင် ပါ စေ့ မယ် ဘု ရား ..."

၆ ၂ မတ် လ
စ တု တ္ထ တန်း စာ မေ ပွဲ ကြီး
ဝင် ပြီး ဖြေ ကြ
အ လိုက် တဲ့ ကောင် တွေ
တ ကောင် မှ မ အောင် ဘူး
တန်း လုးံ ပျောက် အောင် ကျ ကြ ပြန် ပါ လေ ရော.

၆ ၂ ဂျွန်
စွံ ပြီ ဗျို့ စွံ ပြီ
" ဒီ နှစ်
ဆ ရာ ဖြ စ် သင် တန်း တက် .." တဲ့
အ ထက် က အ ထက် က
အ မိန့် တော် ချ လို့
ထုပ် ဟ ပိုး ဟ
ပေါင် ဟ နှံ ဟ
ရန် ကုန် " ကန် ပဲ့ " ကို
တ ကဲ့ ဆ ရာ ဖြစ် အောင်
ပူ ဗြောင် ပူ ဗြောင် ပ စပ် ဆိုင်း နဲ့
ကျောင်း အုပ် ကြီး ဟပ် ပ ဒိုင် ခဲ့ ပါ ကြောင်း.....

ကို လေး (အင်း ဝ ဂုဏ် ရည် )

တော်ရာမှာပျော်အောင်နေရတယ် ရေးသူ ဖိုးသံ (လူထု)



ကျနော်က ကျနော့်အမေ ရေးတဲ့ "ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး" ဆိုတဲ့ စာအုပ်ကို ထွက်ပြီးလေးငါးနှစ်ကြာမှ ဖတ်ရပါတယ်။ ဖတ်ရင်းနဲ့ "ကျောင်းကြီးရွှေအင်ပင်" ဆိုတဲ့ ဆောင်းပါးကို ရောက်တဲ့အခါမှာ "ကျောင်းဒကာကြီးဦးစက်ရွှင်က ပြည်ကြီးသား တရုတ်အစစ်ပဲ။ သူ့ဇာတိက ယူနန်နယ် ထိမ်ရင့် လို့ခေါ်တဲ့ မိုးမြင်းမြို့နားက ယိလော်ရွာ" ဆိုတာကို သွားတွေ့ပါတယ်။ ကျနော် ဟာကနဲ ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေပြောတဲ့ နေရာက ကျနော် ရောက်နေတဲ့နေရာ ဖြစ်နေလို့ပါပဲ။ ဒီမြို့ကို ရှေးတုန်းက ထိန်ယွဲ့၊ ရှမ်းလို ( ဒီခရိုင်အတွင်းမှာ ရှမ်းရွာတွေ အများကြီး ရှိပါတယ်) မိုးမြဲလို့ ခေါ်ပြီး အခုတော့ ထိန်ခြုံးလို့ ခေါ်ပါတယ်။ ယိလော်ရွာက အခုထိန်ခြုံးရဲ့ ဆင်ခြေဖုံး ဖြစ်နေပါပြီ။ မြစ်ကြီးနားနဲ့ အရှေ့နောက်တန်းတန်း (ကားလမ်းနဲ့) ကီလိုမီတာ၂၀၀တောင် မဝေးပါဘူး။ လမ်းကလည်း ကောင်းတော့ ကားကို ပြင်းပြင်းမောင်းရင် သုံးနာရီသာသာနဲ့ ရောက်ပါတယ်။ ဒီကိစ္စကို ထိန်ခြုံးသားတွေ- သမိုင်းဆရာတွေတောင် မသိပါဘူး။ ကျွန်တော်က ပြောပြမှ သိတာပါ။ ဦးက်ရွှင်ရဲ့ အမျိုးတွေလည်း ယိလော်မှာ ရှိကြပါသေးတယ်။ ဒါပေမဲ့ သူတို့လည်း မျက်ခြေပြတ်နေတာ ကြာပါပြီတဲ့။


ပြီးတော့မှ ကျနော် အခုနေနေရတာဟာ အမေ့ဆောင်းပါးထဲက ထိန်ခြုံးမှာပဲ ဆိုတာကို အမေများသိရရင် ဘယ်လိုများ နေမလဲလို့ တွေးပြီး ပြုံးနေမိပါတယ်။ တိုက်ဆိုင်ချင်တော့ ဒီထိန်ခြုံးမြို့ဟာ ရှေးကတည်းက ဗမာပြည်နဲ့၊ မန္တလေးနဲ့ အဆက်အဆံ အသွားအလာများတဲ့ မြို့ဟောင်းတခု ဖြစ်နေပါတယ်။ ဒီမြို့နဲ့ ဆယ်မိုင်မဝေးတဲ့ နေရာမှာ 'မြန်မာရွာ' ဆိုတဲ့ ရွာတရွာတောင် ရှိပါတယ်။ အခုနေကြတာကတော့ တရုတ်ချည့်ပါပဲ။ ဒါမှမဟုတ်လည်း ကာလကြာလို့ တရုတ်ဖြစ်ကုန်ကြသလား မသိပါဘူး။ ဘာကြောင့် ဒီလိုခေါ်တယ်ဆိုတာကို အသေအချာ သုတေသနပြုမယ့်သူ မရှိတော့ ဘယ်လိုကနေ ဘယ်လို ဒီနာမည်ရခဲ့တယ်ဆိုတာ ဘာမှ ရေရေရာရာ မသိရပါဘူး။ အဲဒီမှာ အရင်တုန်းက မြှုပ်ခဲ့တဲ့ အရိုးအိုးတွေ ဘာတွေ တူးဖော်လို့ရတယ်၊ ရေးထားတဲ့စာတွေကို ဖတ်မရဘူးဆိုတဲ့ အပြောမျိုးကိုပဲ ကြားရပါတယ်။ အခုခေတ်က သမိုင်း လေ့လာတယ်ဆိုတာကို အင်တာနက်ပေါ်မှာ အချက်အလက်ရှာနေ၊ ရေးနေကြတဲ့ ခေတ်လိုဖြစ်နေတော့ ဒီလို အချက်အလက်တွေကို ဘယ်သူကမှ သတိမထားမိပါဘူး။ စိတ်ပါဝင်စား သုတေသနလုပ်မယ့်လူ လိုနေတာပါ။

            ဒီက တချို့ ဘုရားကျောင်းတွေမှာ ဗမာပြည်က ဆင်းတုတော်တွေ- ထိုင်ကိုယ်တော်ရော၊ လျောင်းတော်မူ-ရပ် တော်မူရော- ဘုရားစင်မှာ တင်ထားပြီး ကိုးကွယ်ကြတာလည်း တွေ့ရပါတယ်။ ပီဘိ စကျင် ကျောက်ရုပ်တုတော်တွေပါ။ တချို့နေရာမှာဆိုရင် ဘယ်တုန်း ကတည်းက လက်ရှိနေရာကို ရောက်နေတယ်ဆိုတာတောင် ပြောနိုင်တဲ့လူ မရှိတော့ ပါဘူး။

            ဒီမြို့နဲ့ ဗမာပြည်နဲ့ တချိန်က ဘယ်လောက် အဆက်အဆံရှိခဲ့တယ်ဆိုတာ ပြောရရင် ဒီမြို့မှာပဲပြောဆိုသုံးစွဲတဲ့ ဒေသိက စကားတွေထဲမှာ ဗမာစကားတွေဝင်နေတဲ့အထိပါပဲ။ ဥပမာ (ရေ) ပုံး၊ ချိုင့် (ထမင်းထည့်တဲ့ချိုင့်) ဆပ်ပြာ၊ မတ်ခွက် စတာတို့ တရုတ်သံနဲ့ ပြောပါတယ်။ ဥပမာ ဆပ်ပြာဆိုရင် ဆပ်ပြောင်းလို့ အသံထွက်ပါတယ်။ ဒီကလူတွေက ခရမ်းချဉ်သီးကို လောက်မြင်ချယ် (ဗမာခရမ်းသီး) လို့ခေါ်ပြီး မာလကာသီးကိုတော့ လောက်မြင်ထောင် (ဗမာမက်မုံသီး)လို့ ခေါ်ပါတယ်။ နောက်ပြီး သင်္ဘောသီးကိုလည်း စမ်းပေါကြီးလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်က နဂိုက ဒီအရပ်မှာမရှိပဲ ဗမာပြည်ကမှတဆင့် ရောက်လာတယ်ဆိုတာပါ။ ကျွန်တော် ဒီကိုရောက်ကာစတုန်းကဆိုရင် အသက်ကြီးတဲ့ လူကြီးတွေဟာ အပ်ချုပ်စက်ဆိုရင် စင်းဂါး (Singer)မှ၊ စက်ဘီးဆိုရင် ရာလေး (Raleigh)မှ တကယ်ကောင်းတာလို့ ပြောလေ့ရှိပါတယ်။ ဗမာပြည်မှာ ပြောလေ့ ရှိတဲ့အတိုင်း တသွေမတိမ်းပါပဲ။ သူတို့ အဲဒီပစ္စည်းတွေကို ဗမာပြည်ဘက်က သယ်တာပါ။ ဟိုတုန်းက လမ်းပန်းဆက်သွယ်ရေးဟာ ဗမာပြည်နဲ့ ပိုနီး၊ ပိုလွယ်ကူလို့ပါ။ စက်ဘက်တွေ၊ အပ်ချုပ်စက်တွေကို လားဝန်တင်တွေနဲ့ သယ်ယူ လာကြတာဖြစ်ပါတယ်။ အလားတူ ဗမာပြည်က ကျောက်စိမ်းလောက ကအသုံးအနှုန်းများဟာလည်း တရုတ်စကားနဲ့ ထိန်ခြုံး ဒေသိကစကားတွေ ဖြစ်နေ ပါတယ်။ ဥပမာ ကျောက်ကွမ်တယ် (ကျောက်ကိုအရောင်တင်တာ)၊ လန့်ပန်း (အပြာရောင်စွက်တဲ့ကျောက်)၊ ထယ်လုံးစိမ်း (တစ်လုံးလုံးစိမ်းပြီး အရောင်ခြောက်တဲ့ကျောက်)၊ ရှင်းကြလု (အစိမ်းထဲမှာ အမည်းအစက်အပြောင်တွေ ပါတဲ့ကျောက်) စတာတွေပါပဲ။

            နောက် ပြောဖို့လိုတာတစ်ခုက အင်္ဂလိပ်ကို ပြန်တိုက်တဲ့ မက္ခရာမင်းသားရဲ့ သားနှစ်ပါးဖြစ်တဲ့  စောရန်ပိုင်နဲ့ စောရန်နိုင်မင်းသား ညီအစ်ကိုထဲက အစ်ကို စောရန်ပိုင်ဟာ အင်္ဂလိပ်အဖမ်းခံရပြီး အိန္ဒိယကို အပို့ခံခဲ့ရပါတယ်။ ညီဖြစ်သူ စောရန်ပိုင် ခေါ် ချောင်းခွမင်းသားဟာ ရှမ်းပြည်ကို တက်ပြီး အင်အားစု၊ လှုပ်ရှားပါတယ်။ ဒါပေမဲ့ အင်အားမမျှလို့  ဆုတ်ခွာ လာရတာ တရုတ်ပြည်ထဲအထိ ရောက်လာပါတယ်။ တရုတ်ဘက်က  သူ့ကို အဲဒီတုန်းက အုပ်ချုပ်မှုတည်ငြိမ်ပြီး လုံခြုံ စိတ်ချရတဲ့ ထိန်ခြုံးမှာ သူ့ကို အိမ်ပေးထားပါတယ်။ နောက်ပြီးသင့်တော်စွာလည်း ထောက်ပံ့ပေးထားပါတယ်။ သူ့ကို "ကျီအန်းကော့" လို့ တရုတ်နာမည် ပေးထားတယ်လို့ ဆရာမြသန်းတင့်ရေးတဲ့ "တောင်သမန် လေညှင်းဆော်တော့" အထဲမှာ ဖတ်ရဖူးပါတယ်။ သူက ဒီမှာ ဗိန္ဓောဆေးရောင်းသလိုလိုလည်း အရပ်စကား ပြောသံကြားရပါတယ်။

ကျန်ပါသေးတယ်။ ၁၉၅၁ခုနှစ်က ထုတ်ခဲ့တဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ "ငွေနှင်းမှုံမှုံ" ၀တ္ထုပါ။ အဲဒီအထဲမှာ ဆရာက သူ့ ဇာတ်လိုက်ဟာ အင်္ဂလိပ်စစ်တပ်တွေနဲ့ ထိန်ခြုံးကို ရောက်လာခဲ့ပြီး ဒီက တရုတ်မလေး ၀မ်မေနဲ့ရည်းစား ဖြစ်ကြတယ်ဆိုပြီး ဇာတ်လမ်းဖွဲ့ထားပါတယ်။ နောက်ဆုံးမှာ အချစ်ရေးနဲ့စစ်ရေး ရွေးရတော့မှ ငွေနှင်းမှုံမှုံထဲမှာ ခွဲခဲ့တယ်လို့  ရေးခဲ့တာ မှတ်မိနေပါတယ်။

            ထိန်ခြုံးနဲ့ ၃-၄ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ဟော်ရွှင့်ဆိုတဲ့ ရွာကြီးတရွာရှိပါတယ်။ ရွာဆိုပေမဲ့မြို့ ကလေး တမြို့လောက်ရှိပြီး ခရီးသွားလုပ်ငန်းနဲ့ အင်မတန်စည်ကား၊ ၀င်ငွေကောင်းနေတဲ့ နေရာဖြစ်ပါတယ်။ ဒီ ဟော်ရွှင့် ကို တရုတ်ပြည်သားတွေဟာ အိုဗာစီးရွာကြီးလို့ခေါ်ကြပါတယ်။ အကြောင်းကတော့ ခေတ်အဆက်ဆက်မှာ ဒီရွာကြီးက လူတွေဟာ တခြားနိုင်ငံတွေ ထွက်သွားကြတာ သိပ်များလို့ပါ။ အထူးသဖြင့် အရှေ့တောင်အာရှတိုက်ပါ။  ဒီလိုနဲ့ နည်းနည်း စနဲနာလိုက်တော့ မန္တလေးက ကျွန်တော်သိတဲ့ အိုဗာစီးတရုတ် တစ်ဝက်လောက်ဟာ ဒီရွာကြီးက အဆက်တွေဖြစ်နေပါတယ်။ အထက်မှာပြောခဲ့တဲ့ ဗမာစကားလုံးတွေကိုသုံးတာ ဒီနေရာမှာ အများဆုံးပါပဲ။ သူတို့က ဒုက္ခဆိုတဲ့ စာလုံးကိုတောင် (ဗမာအသံထွက်အတိုင်း) သုံးတတ်ပါတယ်။

            တိုက်ဆိုင်လို့ တစ်ခုပြောချင်ပါတယ်။ အဲဒါက ယခင် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် အကြောင်းပါ။ သူတို့ မိသားစုနဲ့ ကျွန်တော်တို့ မိသားစုဟာ အင်မတန်မှ ရင်းနှီးပါတယ်။ သူ့မိဘများကလည်း မန္ထလေးမှာ စက္ကူရောင်း၊ ကျွန်တော့ အဖိုးနဲ့အမေကလည်း မန္တလေးမှာ စက္ကူရောင်းဆိုတော့ ရှေးကတည်းက သိကျွမ်းနေကြတာလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူ(ပထမအကြိမ်) အိမ်ထောင်ပြုတော့ ကျွန်တော်က လူပျိုရံလုပ်ရပါတယ်။ သူတို့ ညီအစ်ကို မောင်နှမတွေ ကလည်း ကျွန်တော်တို့လိုပဲ စိန်ပီတာ-ကွန်ဗင့်ကျောင်းသူကျောင်းသားတွေဆိုတော့ အားလုံးမှာ အင်္ဂလိပ်နာမည်တွေရှိကြပါတယ်။ သူ့ အင်္ဂလိပ်နာမည်က ဟယ်ရီရင်း (Harry Yin) ပါ။ ဒါကြောင့် ကျနော်တို့ အားလုံးကသူ့ကို ကိုဟယ်ရီလို့ ခေါ်ပါတယ်။ ကျွန်တော့ မိဘများကလည်း မောင်ဟယ်ရီလို့ပဲ ခေါ်ပါတယ်။ ဘယ်သူမှ တခြားနာမည်နဲ့ ခေါ်တာ မကြားဖူးပါဘူး။ သူက လူရည်လည်းသန့်၊ အနေအထိုင်အပြောအဆိုလည်းမွန်ရည်၊ ကျောင်းစာလည်းတော်ဆိုတော့ တစ်ချိန်က ကျွန်တော်တို့ အငယ်တွေ သိပ်အားကျရတဲ့ လူတစ်ယောက်ပါ။ သူ့အသက်က ကျွန်တော့အစ်ကိုထက် တစ်နှစ်ကြီးတယ် ထင်ပါတယ်။ ကျောင်းမှာ တစ်တန်းကြီးလို့ ဒီလို ပြောတာပါ။ ငယ်ငယ်လေးကတဲက ကျွန်တော့ ခေါင်းထဲမှာ သူနဲ့ ပတ်သက်ပြီး စဉ်းစားလို့ မပေါက်တဲ့ ပြဿနာတခုရှိခဲ့ ပါတယ်။ အဲဒါကတော့ သူ့အဖေနာမည်ရော၊ အမေနာမည်ရောမှာ 'ရင်း' ဆိုတဲ့စာလုံး မပါဘဲနဲ့ သူ့နာမည်က ဘယ်လိုလုပ်ပြီး ဟယ်ရီရင်း ဖြစ်နေရတာလဲ ဆိုတာပါ။ ဒီလိုနဲ့ တလောကတော့ မန္တလေးမှာမွေး၊ မန္တလေးမှာကြီးပြင်းတဲ့ အိုဗာစီးတရုတ် မိတ်ဆွေတစ်ယောက်နဲ့ ဒီမှာ တွေ့ပါတယ်။ သူက အခု မန္တလေးမှာ မနေတော့ပါဘူး။ အထက်ဘက်ပြောင်းသွားပါပြီ။ သူကလည်း ဒီဟော်ရွှင့်ရွာ အဆက်ပါ။ ဒါနဲ့ သူနဲ့ မန္တလေးရောက် တရုတ်ပြည်ပေါက်တွေအကြောင်း ပြောကြရင်း ကိုဟယ်ရီ့ အကြောင်းဆီ ရောက်သွားပါရော။ သူတို့ချင်း တရုတ်ချင်းပိုသိမှာပဲဆိုပြီး ကျွန်တော်က ငယ်ငယ်ကည်းက ကျွန်တော့်ခေါင်းထဲမှာ တည်ရှိနေတဲ့ ပဟေဠိအကြောင်း မေးကြည့်ပါတယ်။ ဒီအခါမှာ သူက တဟားဟားရီပြီး "ခင်ဗျားကလဲဗျာ၊ သူတို့မျိုးရိုး နာမည်က တရုတ်လို "ရင်း" ဗျ။ ဟောဒီ ဟော်ရွှင့်က။ သူ့အဖေရဲ့ အစ်ကိုအရင်းတွေ ဒီမှာရှိသေးတယ်။ အမွေဆိုင် အိမ်မြေတွေလည်း ရှိသေးတယ်" လို့ပြောပြပါတယ်။ ဒီတော့မှ လိပ်ပတ်လည်သွားတော့တာပေါ့။။ တစ်ဆက်ထဲ စဉ်းစားမိတာက အခု အချိန်မှာ ငါနဲ့ ကိုဟယ်ရီတို့ ပြန်တွေ့လို့ ဒါတွေပြော ပြရင်သူတော့ အံ့သြမှာပဲ။ ဒါ့အပြင် ကျွန်တော်က တရုတ်လိုသူ့ကို မှုတ်လိုက်ရင် ပိုအံ့သြမှာ (သူကတရုတ်စကားမတတ် သလောက်ပါ) လို့လည်း တွေးမိပါသေးတယ်။

            ဘယ်လိုပဲ ပြောပြော ကိုယ့်တိုင်းပြည်ကို အင်မတန်ချစ်၊ ကိုယ့်အိမ်နဲ့မိသားစုကိုအင်မတန်ခင်တွယ်တဲ့ လူက တရုတ်ပြည် ယူနန်ပြည်နယ်ထဲက ထိန်ခြုံးကို ရောက်နေပြီး ဒီထိန်ခြုံးက အဆက်ကတော့ ဗမာပြည်မှာ ၀န်ကြီးဖြစ်နေ ပါတယ်။
            ဒါဟာ လက်တွေ့ပါ။

ဖိုးသံ(လူထု)
           

Friday, January 25, 2013

အပြာရောင် မီးတောက် ရေးသူ - မောင်မှိုင်းလွင် (အင်းဝ)


  

(၁)
နွေအပူ ….
မြေအပူ ….
မွန်းတည့်နေပူအောက်မှာ
ဝမ်းဟာနေသူ ၊ ရင်အပူနဲ့ လူတယောက် ။

အို ….
ဟိုနားမှာလည်း တယောက်
ဒီမှာလည်း တယောက် ၊ နှစ်ယောက်
သုံးယောက် ၊ လေးယောက်
…………………… ။

(၂)
အစ
ပြုံးရာကတည်
တည်ရာကမဲ့
မဲ့ရာကငို … ။

သောကမီးကြောင့်
ရှိုက်ကြီးတငင် ၊ ငိုပြီးရင်
ရင်မှာ နာကျည်းတတ်လာမယ် ။

နာကျည်းလွန်းမှ
အစက ရီနေကြမျက်နှာ
တင်းမာခက်ထန်လာကြလိမ့် ။

(၃)
အပူမီးခ
ဒေါသမှိုင်းဝေ မျက်နှာတွေ …. ။

ဒီမျက်နှာတွေများ
ပေါင်းစည်းမိသွားရင်တော့
မီးတောက်ပဲပေါ့

အပူချိန် အမြင့်ဆုံးရောက်
မီးတောက် အပြာရောင် ။
အဲဒီအခါ ….. ။   ။

မောင်မှိုင်းလွင် (အင်းဝ)

(မောင်မြင့်စံ ၊ မောင်မှိုင်းလွင် (အင်းဝ) ၊ ဘုန်းနွယ်လင်း ၊ ပုသိမ်ခင်လေး ၊ မောင်ဆန်းညွန့် ၊ မောင်စိန်ဝင်း (ပုတီးကုန်း)
စက်မှုတက္ကသိုလ်ကလောင်ရှင်များရဲ့ “အပြာရောင်မီးတောက်” (၁၉၇၂ ၊ ဖေဖော်ဝါရီလ) မှ )

Friday, September 28, 2012

ကောင်းကင်ယံက လင်းယုန်လား ရေတွင်းထဲက ဖားလား

မြန်မာနိုင်ငံရဲ့ လက်ငင်းနိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေး စတဲ့ နိုင်ငံရေးဖြစ်ပေါ်မှုများနဲ့ ပတ်သက်ပြီး အဖွဲ့အစည်း အမျိုးမျိုး၊ လူပုဂ္ဂိုလ် အမျိုးမျိုး၊ မီဒီယာ အမျိုးမျိုးတို့ဟာ အာဘော် အမျိုးမျိုးကို ဖော်ပြခဲ့ကြ၊ ဖော်ပြ ကြဆဲပဲ ဖြစ်ပါတယ်။ ဒီဖော်ပြချက်များကို စုစည်း ကြည့်လိုက်ရင် အလွန်ကို သံတမန် ဆန်ပါတယ်။ diplomatic ဖြစ်လွန်းပါတယ်။ ဒီအာဘော်များဟာ ပြည်ခိုင်ဖြိုး အစိုးရထံမှ လာပါတယ်။ ဒုတိယကတော့ ဒီချုပ်ကို မဏ္ဍိုင်ပြုထားတဲ့ ပါတီစုံနယ်ပယ်ကလည်း လာပါတယ်။ တတိယကတော့ ပြည်တွင်း ပြည်ပ အာဘော်ပိုင်းက လာတာ ဖြစ်ပါတယ်။ ဒီမှာပင် ပြည်တွင်း အာဘော်နဲ့ ပြည်ပနိုင်ငံတကာ အာဘော်ပိုင်းကို ခွဲခြားကြည့်ရပါတယ်။ နိုင်ငံတကာ အာဘော်ပိုင်းကတော့ နှိုင်းယှဉ်ရင် ပိုပြီးလွတ်လွတ် လပ်လပ် ပြောခဲ့ကြပါတယ်။ သူတို့ အတွက် နောက်ပိုင်းရှင်းပါတယ်။ ပြည်တွင်းအာဘော်ပိုင်းမှာပင် (၂)ပိုင်းရှိတယ်လို့ ယူဆချင်ပါတယ်။ တစ်ပိုင်းက ဒီချုပ်နဲ့ပါတီစုံ နယ်ပယ်က လာတာပါ။ ဒီအစုထဲမှာပင် ပေါ်လစီကို ပြောနိုင်သူက အများကြီး မရှိပါဘူး။ ကျန်တာ တွေက ထမင်းမစား ဟင်းမစားပါ။ ဒီချုပ်အပြင် စူးစူးရှရှပြောနိုင်တဲ့ အခြားပါတီများ မတွေ့မိသေးပါ ဘူး။ တိုင်းရင်းသားအမျိုးသားပါတီ များအနေနဲ့ သူတို့ပြောမှဖြစ်မယ့် ကိစ္စမျိုး၊ ပြဿနာမျိုးကျမှပဲ ပြောကြတယ်။ လျှပ်တစ်ပြက်ဂျာနယ် ကိစ္စကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ မီဒီယာပြဿနာကိုကြည့်ပါ။ လစ်ဘရယ် ဒီမိုကရေစီစနစ်ရဲ့ ဝိညာဉ်သုံးပါးထဲမှာ တစ်ပါးဖြစ်တဲ့ လွတ်လပ်စွာ သဘောထား အမြင် ထုတ်ဖော်ခွင့်(ဝိညာဉ်)ဟာ အကျဉ်း စံဘဝက မလွတ်မြောက်နိုင် ဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာ သတိပြုမိတဲ့ အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က မြန်မာ့လူ့ အဖွဲ့အစည်းဟာ အခုမှ ပြုပြင်ရေးလမ်းကြောင်း ပေါ်တက်ခါစပဲ ရှိပါသေးတယ်။ ရှိသမျှ တံခါးတွေ အကုန်ဖွင့်ပေးလို့ မဖြစ်သေးပါဘူး။ တစ်ခုချင်း ဖြည်းဖြည်းပဲဖွင့်ရမယ်ဆိုတဲ့ လောဂျစ်ပါ။ ဒီလောဂျစ်က မိမိကိုယ်ကိုယ် ရော၊ ပတ်ဝန်းကျင်ကိုရော မယုံကြည် တာပါ။ အပျိုဖော်ဝင်စမိန်း ကလေးလို သူ့ပတ်ဝန်းကျင်က ယောက်ျားလေးမှန်သမျှ သူ့အပေါ် ဟိုလုပ်နိုး၊ ဒီလုပ်နိုး ထင်နေတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် မလုံ မလဲဖြစ်တာမျိုး၊ guilty conscious ဖြစ်တာမျိုး မိမိကိုယ်ကိုယ် မိမိမယုံကြည်တာပါ။ ဒုတိယအချက်ကတော့ democratic reform in Burma ဆိုတာဟာ အခြားတိုင်းပြည်များနဲ့ မတူညီနိုင်ပါဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် ဖြစ်ရပါမယ်ဆိုတဲ့ သဘောထားပါ။ ဒါက Burmese way to democracy ပါ။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီပေါ့။ The Burmese Way to Socialism မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတာရဲ့ လှည့်ဖြားမှု အောက်မှာ ၂၆ နှစ်တိုင်တိုင် တွေ့ ကြုံဖြတ်သန်းပြီးတဲ့ အခါ မြန်မာ့လူ့ အဖွဲ့အစည်းဟာ တိုင်းပြည်ရော လူထုပါ LDC နိုင်ငံ(အဆင်းရဲဆုံး နိုင်ငံ)ဘဝကို ကျရောက်ခဲ့ကြရပြီး ပါပြီ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုတာရဲ့ (တကယ့်အဓိပ္ပာယ်က) အစိုးရလက်ဝါးကြီးအုပ် အရင်းရှင် စနစ်ကျင့်သုံးတာပါပဲ။ ဒီမြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကို ပြည်တွင်းက Legal Marxist များဖြစ်ကြတဲ့ ‘မလညပ’ (မြန်မာ နိုင်ငံအလုပ်သမား ညီညွတ်ရေးပါတီ အင်အားစုများ)က ကြိုဆို ထောက် ခံခဲ့ကြပါတယ်။ နိုင်ငံပြင်ပက ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့ မဏ္ဍိုင် နိုင်ငံကြီးဖြစ်တဲ့ ဆိုဗီယက်ပြည် ထောင်စုကလည်း မဆလ စစ်အစိုးရကို ထောက်ခံခဲ့ပါတယ်။ မဆလလမ်းစဉ်ကို Non-Capita- list’s Way လို့ အဓိပ္ပာယ် ကောက်ယူပြီး ထောက်ခံခဲ့ကြတာပါ။ အခု အခါမှာတော့ ဆိုဗီယက်လည်း မရှိတော့ပါဘူး။ မလညပ (ဝိဓူရ) လည်း မရှိတော့ပါဘူး။ ‘မဆလ ပါတီ’လည်း မရှိတော့ပါဘူး။ မဆလ ဗဟိုနိုင်ငံရေးတက္ကသိုလ်ရဲ့ နည်းပြချုပ်ကြီးကတော့ ‘မဆလ’သမိုင်း စာမျက်နှာပေါ်မှာ မရှိတော့တာကိုတော့ သူနဲ့မဆိုင်သလိုနေပြီး ဟိုလူကို ဝေဖန်၊ ဒီလူကို ဝေဖန်တာမျိုး အရူးဘုံမြှောက်တာမျိုး လုပ်နေတာမျိုးတွေ တွေ့နေရပါ သေးတယ်။ The Burmese Way to Socialism ရဲ့ဒုက္ခမျိုးအောက်က လွတ်မြောက်ဖို့ မြန်မာအမျိုးသား ပေါင်းစုံလူထုကြီးဟာ အသက် သွေးချွေးနဲ့ ဘဝတွေကိုပါ မြှုပ်နှံပေး ဆပ်ပြီး ၂၆ နှစ်တိုင်တိုင် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ၂ဝဝ၈ ခုနှစ် မေ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက မွေးထုတ်ပေးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင် ပြည်ခိုင်ဖြိုး အစိုးရနဲ့သူ့ State Apparatus များ သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။ ပြည် တွင်းစစ်ချုပ်ငြိမ်းဖို့၊ အမျိုးသား တန်းတူခွင့်များ ရရှိဖို့၊ ဒီမိုကရေ စီရေးနဲ့ လူ့အခွင့်အရေးများ ဖော်ဆောင်ဖို့ မြန်မာဆင်းရဲသား လူထုကြီး ဆင်းရဲတွင်းက (တက်ခွင့်နဲ့ ထွက်ခွင့်ရဖို့) အလင်းရောင် ကလေးများ ထွက်ပြူစမှာ The Burmese Way to Democracy တွေးခေါ်ပုံကို စာနယ်ဇင်း မျက်နှာစာနဲ့ မီဒီယာ မျက်နှာစာများမှာ ဒီ Line of Thinking ကို ပြန်တွေ့နေ ကြရပါတယ်။ လူ့ အာရုံငါးပါးအမှု ‘ဓမ္မာရုံ’ဆိုတဲ့ ‘ဆဋ္ဌမအာရုံ’(တွေး ကြံခြင်းအမှု)၊ စုစုပေါင်းအာရုံ ၆ ပါးအမှုမှန်သမျှကို ဥပဒေနဲ့အညီ ပြုမူဆောင်ရွက်ဖို့ဆိုတဲ့ လှုံ့ဆော် မှုများကို attentive ဖြစ်တဲ့သူတိုင်း သတိပြုချင် စရာဖြစ်လာနေပါတယ်။ The Burmese Way to (ဘာ)၊ The Burmese Way to (ညာ)ဆိုတာတွေကို မြင်ရကြားရတိုင်း ခေါင်းစွပ်တွေ၊ လက်ထိပ်တွေ၊ ခြေကျင်းတွေ၊ ပုံစံပေးသံတွေ၊ ကြိမ်းမောင်း မာန်မဲသံတွေ၊ သံချေးနံ့ တွေ၊ ကြယ်လမမြင်ရတဲ့ နေ့ရက် တွေ၊ ငိုသံရှိုက်သံတွေ၊ နှုတ်ဆက် သံတွေ၊……ဒီအနိဋ္ဌာရုံတွေ အားလုံးက မိမိတို့ကို မျက်စိမှိတ်၊ လျှာထုတ်ပြနေကြသလိုပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဒုတိယ ကမ္ဘာစစ်ကြီးပြီးစမှာ ဆိုရှယ်လစ်စနစ်လှိုင်း အပုတ်ခံရပါတယ်။ ဆိုရှယ်လစ်စနစ်လှိုင်းဟာ စစ်ပြီး ခေတ်ကမ္ဘာကြီးမှာ နိုင်ငံတည်ဆောက်ရေး လမ်းတစ်သွယ်ဖြစ်လာ ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ တရုတ်ပြည်တို့ဟာ အမာခံ ဆိုရှယ်လစ်စနစ် နိုင်ငံကြီးများ ဖြစ်လာခဲ့ကြပါတယ်။ စစ်ပြီးခေတ် မှာ လွတ်လပ်ရေးရလာခဲ့ကြတဲ့ လွတ်လပ်စနိုင်ငံအများစုဟာ ဆိုရှယ်လစ် စနစ်ဆိုတာကို စိတ်ဝင်စားလာခဲ့ ကြပါတယ်။ နာဆာ (အီဂျစ်) ဆိုရှယ်လစ်စနစ်၊ နေရူး (အိန္ဒိယ) ဆိုရှယ်လစ်စနစ်၊ ဆူကာနို(အင်ဒိုနီးရှား) ဆိုရှယ်လစ်စနစ် ဆိုတာမျိုးတွေ ရေပန်းစားလာကြပါတယ်။ မြန်မာ့ ဆိုရှယ်လစ်စနစ် (၁၉၆၂) ဆိုတာမျိုးတွေ ကြွေးကြော် လာခဲ့ကြပါတယ်။ မြန်မာက သာမန်ကြွေးကြော်တာ မဟုတ်ပါဘူး။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် (၂)ချက် ဆိုတာကို ဖော်ထုတ်ပါတယ်။ ’အညမည’ အတွေး အခေါ်ကို ဖော်ထုတ်ခဲ့ ပါတယ်။ မဆလပါတီ ဗဟိုနိုင်ငံရေး တက္ကသိုလ်ဆို တာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ရှိရှိသမျှ စီးပွားရေး လုပ်ငန်းများအားလုံးကို နိုင်ငံပိုင် လုပ်ခဲ့ ပါတယ်။ နိုင်ငံပိုင်လုပ်တာဟာ ဆိုရှယ်လစ်စနစ် မဟုတ်ဘူးလို့ တရုတ်က ထွက်ပြောခဲ့ပါတယ်။ သိကြတဲ့အတိုင်းပါပဲ။ ၂၆ နှစ် ကြာတဲ့အခါ လူ၊ လမ်းစဉ်၊ ပါတီ အစိုးရအဖွဲ့ အားလုံး ဇူလိုင် ၂၃၊ ၁၉၈၈ မှာ တစ်ခန်းရပ် သွားခဲ့ရ ပါတယ်။ မဆလ ဇာတ်ခေါင်းကွဲပြီး ၂၄ နှစ်အကြာမှာ The Burmese Way to Democracy ဆိုတာမျိုး (တည့်တည့် မပြောပေမယ့်) ထုတ် ဖော်ချက်များက ဒီလို Line of Thinking မျိုး ဖြစ်နေတာကို သတိ ပြုမိပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာမျိုးကို ၂ဝ၁ဝ ခုနှစ်မတိုင်မီ အထိ ကြားနေရပါ တယ်။ ဒီလိုLine of Thinking ဟာ ဘယ်လို ရင်းမြစ်မျိုးက လာနေတယ်ဆိုတာ လတ်ဆတ်တဲ့ အတွေးအခေါ်ရှိသူတိုင်း သတိပြုမိကြမှာ သေချာပါတယ်။ ဒီလို Theory နဲ့ Practise အနီးအဝေးဖြစ် ကြတာကြောင့် နှာခေါင်းကျည်ပွေ့တွေ့သွားကြရတာမျိုးကို မာ့က်စ်ဝါဒ ကိုင်စွဲခဲ့ကြတဲ့ နိုင်ငံရေး အင်အားစုများ အတွင်းမှာလည်း တွေ့ကြရပါတယ်။ မာ့က်စ် ဝါဒယုံကြည်တဲ့ နိုင်ငံရေးအင်အားစု လေးစုဖြစ်ပေါ်ခဲ့ကြောင်း သမိုင်း လက်တွေ့မှာ တွေ့ရပါတယ်။ (၁) (မူလ)ဗမာပြည်ကွန်မြူနစ် ပါတီ (၁၉၃၉)၊ (၂) အလံနီကွန်မြူနစ်ပါတီ (သခင်စိုး/၁၉၄၇)၊ (၃) ပြည်သူ့ရဲဘော်အဖွဲ့(၁၉၄၆)၊ ပြည်သူ့ရဲဘော်ပါတီ(၁၉၅၃/၁၉၆ဝ)၊ (၄) ဗမာပြည်အလုပ်သမား/ လယ်သ မားပါတီ (၁၉၅၁) ဗမာပြည်အလုပ်သမားပါတီ (၁၉၅၆) ‘မြန်မာနိုင်ငံ အလုပ်သမားညီညွတ်ရေးပါတီ’ (၁၉၆ဝ) [မူလအလုပ်သမားပါတီ အစု(ဝိဓူရ)၊ ပြည်သူ့ရဲဘော်ပါတီ (၁၉၅၉ အစု)၊ ဦးသိန်းဖေမြင့်၏ 'ပြည်သူ့ညီညွတ်ရေး ပါတီ အစုများကို စုစည်းထားသည့်ပါတီ] (၁၉၆ဝ/၁၉၆၄) စသည့်ပါတီများ ဟာ မာ့က်စ်ဝါဒကို ယုံကြည်ကိုင် စွဲခဲ့ကြတဲ့ ပါတီများဖြစ်ပါတယ်။ ဆရာကြီး သခင်စိုးခေါင်းဆောင်တဲ့ အလံနီ ကွန်မြူနစ်ပါတီဟာ မာ့က်စ်ဝါဒကို တရားသေဝါဒ၊ မင်းမဲ့ဝါဒ၊ ဂိုဏ်းဂဏ ဝါဒ၊ စွန့်စား ရေးဝါဒများ အဖြစ် ကျင့်သုံးခဲ့တဲ့ အတွက် လူရောအဖွဲ့အစည်းပါ စခန်းသိမ်းခဲ့ရပါတယ်။ (ဒုတိယ အစုကတော့) ဝိဓူရသခင်ချစ်မောင် (အဓိက) ခေါင်းဆောင် တဲ့ မြန်မာ နိုင်ငံ အလုပ်သမား ညီညွတ်ရေး ပါတီ အစုပါ။ ဒီအစုဟာ (ပမညတ) (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု) ၁၉၆ဝ ခုနှစ်များအတွင်း က ဥပဒေ အတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေး တိုက်ပွဲများအတွင်းမှာ လူထု များအပေါ် အလွန်သြဇာကြီးပါ တယ်။ ၁၉၅၆ အထွေထွေ ရွေး ကောက်ပွဲမှာ ကိုယ်စားလှယ် ၄၆ ယောက် အရွေးခံရပြီး လူထုထံမှ ထောက်ခံမဲ ၁ ဒသမ ၅ သန်းကျေုာ် ရရှိခဲ့ဖူးပါတယ်။ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီက ပြည်ထောင်စုပါတီ အစိုးရထံမှ အာဏာကို သိမ်းယူလိုက်ပါတယ်။ ဒီအစုဟာ အာဏာသိမ်းမှုနဲ့အတူ မြန် မာ့ဆိုရှယ်လစ် လမ်းစဉ်ကိုပါ ဘုံလုပ်ငန်းစဉ်အဖြစ် သဘောထားပြီး ထောက်ခံရုံသာမက ၃၃ ဦး အကြံပေးအဖွဲ့အတွင်း ပါဝင်ပြီး အကြံပေးချက်များကို ထပ်မံ ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ပါတယ်။ ၁၉၆၄ ခု၊ မတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေး ဥပဒေအရ ပါတီစုံစနစ်ကို တော်လှန်ရေး ကောင်စီက ဖျက်သိမ်းခဲ့ပါတယ်။ မာ့က်စ် ဝါဒကို ဥပဒေတွင်းဝါဒ Legalism အဖြစ် ခံယူရပ်တည်ခဲ့တဲ့ ‘မလညပ’နဲ့ ဝိဓူရသခင်ချစ်မောင်ဟာ ဥပဒေတွင်းဝါဒီအဖြစ်နဲ့ ဘဝကို နိဂုံးချုပ်ခဲ့ရပါတယ်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲရဲ့ အမာခံကျောရိုး အဖွဲ့အစည်းကြီး တစ်ခုအဖြစ်နဲ့ ပါဝင်ခဲ့တဲ့ ဗကပဟာလည်း ကိုယ်ထူးကိုယ်ချွန် မရပ်တည် နိုင်ခဲ့မှုနှင့် တိုင်းရင်းသား အမျိုးသားများရဲ့ လမ်းခွဲမှု၊ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ လက်ဝဲ၊ လက်ျာလမ်း စဉ်အမှားများကြောင့် ဂျပန်ခေတ် ကလို ယူဂျီပါတီအဖြစ် ရပ်တည်နေ ရပါတယ်။ Theory and Practise ကို အသုံးချရာမှာ ဝင်ကစွပ်လုပ်တာ ရော၊ ဖိနပ်နဲ့ မတော်လို့ ဖနောင့်ကို လှီးတာရော၊ အားလုံးဟာ အကျိုး မရှိကြောင်း၊ မြန်မာ့နိုင်ငံရေး ဘဝ လက်တွေ့ များက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ မာ့က်စ်ဝါဒဆိုတာ (Eclecticism) ‘လိုရာအသုံးချရေး ဝါဒ’ မဟုတ်ကြောင်း နားလည် သဘောပေါက်ကျင့်သုံးနိုင်မှ မျှော်လင့်တဲ့ အကျိုးရလဒ်များ အကောင်အထည် ဖြစ်မှာပါ။ “Liberty, Equality and Justice” ဆိုတာ လောကပါလ တရားကြီးများပါ။ ကမ္ဘာစောင့် တရားကြီးများပါ။ ပထဝီအကန့် အသတ်၊ လူမျိုးအကန့်အသတ်၊ ယဉ်ကျေးမှု အကန့်အသတ် မရှိပါ ဘူး။ လွတ်လပ်မှုဆိုတာ ဒီမိုကရေစီပါ။ လွတ်လပ်မှုမရှိရင် ကျန် လောကပါလ တရားကြီးများ မရှင်သန်နိုင်ပါဘူး။ အလားတူပါပဲ။ တန်းတူမှုနဲ့ တရား မျှတမှု ကင်းမဲ့နေ ရင်လည်း လွတ်လပ်မှုဟာ မေးခွန်း ကြီးတစ်ခု ဖြစ်နေပါလိမ့်မယ်။ အောင်သာ (ပီသုံးလုံး) Rest of your post