Friday, July 13, 2018

သူရဲကောင်း - မောင်စိန်ဝင်း(ပုတီးကုန်း)

ကျောင်းမှာကထည်းကသူငယ်ချင်းသို့.....


သူရဲကောင်း
......,,,,,,

ပန်းလိုကြွေလည်း
ဝေတုန်းအတိုင်းသင်းနေတယ်...
ကြယ်လိုကြွေလည်း
နေတုန်းအတိုင်း လင်းနေတယ်...
ပန်းလိုလည်းသင်း
ကြယ်လိုလင်းသူ
ရင်တွင်းထာဝရရှိနေမယ်။


မောင်စိန်ဝင်း(ပုတီးကုန်း)

Saturday, June 16, 2018

ထင်းခုတ်စားကြတယ်

ထင်းခုတ်စားကြတယ်

ထင်းခုတ်စားကြတယ်..


ဂေါ်ကီပြောသလို (ဂေါ်ကီ ရေးတဲ့ အမေဝတ္ထုထဲမှာလို့ ထင်တာပဲ) ထောင်ဆိုတာ အစိုးရက စေတနာ ဗလပွနဲ့ ဆောက်ပေးထားတဲ့ ပြည်သူတွေအတွက် နားခိုရာ ဇရပ်ကြီးလို.... လူပေါင်းစုံ၊ အလွှာပေါင်းစုံက လာရောက် တည်းခို ကြတယ်။

ကျနော်တို့တုန်းကတော့ ဒီဇရပ်ကြီးမှာ နားခိုလာသူ အများစုက ကျောင်းသားတွေ။ နောက်တော့ အထူးဆောင်ကို ပုံစံဆောင် ပြောင်းတော့ ဝန်းကျင်ကို လူပေါင်းစုံ ရောက်လာတယ်။ ကျောင်းသား၊ အလုပ်သမား၊ အရပ်သား (လူကောင်း လူဆိုး)။ စစ်တပ်ထဲက လူတွေလဲ ပါတယ်။ ဗိုလ်တွေ ရာထူးကြီးသူတွေတော့ မပါဘူး။ ဗိုလ်တွေက ထောင်ဝင်ဒါမီယာမှာ နေရတယ်။ အပြင်မှာ အခွင့်ထူးခံ၊ ထောင်ကျတော့လည်း အခွင့်ထူးခံ....။ သူ့အိမ်ယာ သူ့ဝင်း သူ့ခြံနဲ့...။

ကျနော်တို့ ဇရပ်ကြီးမှာ အချင်းချင်း တယောက်ဆီက တယောက် သင်ကြတယ်။ ကိုယ်မတတ်တာ သူ့ဆီက ကိုယ်သင်၊ သူမတတ်တာ သူ့ကို ကိုယ်က သင်ပေး... အချင်းချင်း ယိုင်းပင်းကြတယ်။ သင်ကြားခြင်းနဲ့ သင်ယူခြင်း...။ နောက်ပီး ရှိအတူ မရှိအတူ။ တလုပ်ရှိရင် တဝက်ခွဲပေးဖို့ ဘယ်သူမှ ဝန်မလေးကြဘူး..။

ကြည့်လေ.. တိုက်မှာ ကြုံရတာ၊ ပဲကြီးလှော် တထုတ်ရတဲ့ အခန်းက မရတဲ့ တခြားအခန်းတွေကို လက်တဆုပ်စာစီ ခွဲပေးတယ်။ လက်တဆုတ်စာ ရတဲ့အခန်းကလည်း ကိုယ့်အခန်းထဲ လူရှိသလောက် အညီအမျှ ခွဲကြတာချည်းပဲ။ ကျနော်တို့လို လေးယောက်ရှိတဲ့ အခန်းမှာ ပဲကြီးလှော် တယောက် ၈ စေ့လောက် ဝေပုံကျ ရတယ်။ ကိုယ်က ၈ စေ့ကို ခြမ်းတော့ ၁၆ ခြမ်း ရတယ်။ ထမင်းလေးနဲ့ ဟင်းအဖြစ် တနပ်စာ ချိုးချိုးခြံခြံ။ ထညက်ခဲလေး တလုံးရတော့လဲ တခါတည်း ကိုက်မစားလိုက်ပဲ သွားနဲ့ နဲနဲ နဲနဲ ခြစ်စားရင် ထမင်းတခါစာ ရအောင်စားရတယ်။ ဝါဒါတွေဆီက ဆေးပေါ့လိပ်တောင်းရမ်းလို့ ရရင် တိုတို ရှည်ရှည်၊ တယောက်နှစ်ဖွာဆို နှစ်ဖွာ။ အစီခံစက္ကူ မီးလောင်တဲ့အထိ မျှမျှတတ။

ဘဝတက္ကသိုလ်က သင်ပေးလိုက်တဲ့ သင်ခန်းစာတွေ ဘယ်မှာ တန်ဖိုးဖြတ်လို့ ရနိုင်မှာလဲ။

ဒီကျောင်းသားတွေဟာ ထောင်ကထွက်လို့ မိဘရင်ခွင်ကို ပြန်ရောက်တော့ ကိုယ့်ဝမ်းအတွက် ကိုယ်ကျောင်းတယ်။ ကိုယ့်လမ်း ကိုယ်လျှောက် ကြတယ်။ မိဘက တောင့်တောင့်တင်းတင်း ဟန်ကျပန်ကျ ရှိရင်တောင် "ပန်းပန်လျက်ပါ" ရုပ်ရှင်ထဲမှာ ကောလိပ်ဂျင်နေဝင်း ပြောသလို... "မိဘက အသင့်ခင်းထားတဲ့ ပန်းမွှေ့ယာ ရွှေကော်ဇောပေါ် အသင့်...." ခင်းထိုင်မချ လိုက်ကြဘူး။

ခုခေတ် ခုခါမှာ လူတလုံး သူတလုံး နေနိုင်ကြတဲ့၊ နေနေကြတဲ့ ဟိုတုန်းက ထောင်ထွက် ကျောင်းသားတွေဟာ၊ မိမိဘဝ ရပ်တည်ခိုင်မာဖို့ ကာလတခုကို တစုံတရာ ဖြတ်သန်းခဲ့ရတာ ချည်းပါပဲ။ ထောင်ကျလို့ ကိုယ့်ကို ဘယ်သူမှ ဆုလာမချဘူး။ ထောင်ကျလက်မှတ်နဲ့ ဘယ်သူ့ ဆီကမှ လက်ဖြန့် မတောင်းကြဘူး။ လက်ဝေမခံဘူး။ ကိုယ့်ဘာသာကိုယ် ရှာဖွေရလို့ ဖြစ်ဖြစ်၊ ရန်သူနဲ့ ပူးပေါင်းပြီး ရှာဖွေ စားသောက်လို့ပဲ ဖြစ်ဖြစ်၊ တခုခုကိုတော့ လုပ်ကိုင်စားသောက်ကြတာချည်းပဲ။

ကျောင်းသားတွေ (ငယ်၊ လတ်၊ ကြီး) မည်သူမျှ ကျောင်းပြန်တက်ခွင့် မရခဲ့ဘူး။ ကိုယ့်ဝမ်းကိုယ် ကျောင်းပီး ရှာဖွေလုပ်ကိုင် စားသောက်ကြရတယ်။ မှတ်မိသလောက် ပြန်ရေးကြည့်ချင်တယ်။

ကျော်မြင့်... တဲ့။ ကျောင်းသားငယ်လေးတယောက်။ ရွှေတိ၈ုံအရေးအခင်းမှာ ရွှေတိဂုံဘုရားပေါ်ကနေ အဖမ်းခံသွားရတာ။ ထောင်ထဲမှာ အစ်ကိုကြီးတွေနဲ့အတူ တိုက်ပွဲဝင်တယ်။ အတူ တိုက်ပိတ်ခံရတယ်။ ကျနော်တို့ စစ်ကြောရေးဝင်ခံနေရတုန်းမှာ ၅ တိုက်ကို ဘိုးတော်ခင်ဝင်း၊ ကိုဦးလှစော (ယခု The Wave) တို့နဲ့ ရောက်လာတယ်။ တိုက်ကာလကို ဖြတ်သန်းပြီး အဆောင်ရောက်တော့ ဒီကလေးက မီးမောင်းတွေနဲ့ တခန်းတည်း ကျပြန်တယ်။ အစ်ကိုကြီးတွေက သူ့ကို စာသင်ပေးတယ်။ ကကြီး ခခွေး သင်ပုန်းကြီးကို သင်ပေးတယ်။ သူ့ စာအံသံ ကျနော်တို့ အခန်းဆီကို ပျံ့လွင့်လာတတ်တယ်။ သူ့ဦးဏှောက်က သာမန်လို ဖွံ့ဖွံ့ဖြိုးဖြိုးတော့ မဟုတ်ဘူး။ အပြင်ရောက်တော့ ဒီကလေးကို ကျနော်ပြန်တွေ့တယ်။ တက္ကသိုလ် ဝန်းကျင်မှာ မြေပဲလှော် လိုက်ရောင်းတယ်။ ကျနော့ကို မြင်တော့ သူ့ မြေပဲလှော်ပုံးထဲက မြေပဲလှော်တထုပ် ထုတ်ကျွေး ရှာတယ်။

ကျော်မြင့်လိုပဲ.. ရွှေတိဂုံပေါ်က မိလာတဲ့ ကျောင်းသားလေးတွေ အများကြီး။ အဲဒီမှာ ခင်မောင်လွင် ဆိုတဲ့ ကျောင်းသားလေး.....။ ငယ်ငယ်က ပိုလီယို ရောဂါကြောင့် ခြေထောက်လေးတဖက်က မသန်ရှာဘူး။ သူထောင်ထဲ ရောက်နေတုန်း သူ အပြင်မှာ ဖြေခဲ့တဲ့ ၁၀ တန်းစာမေးပွဲက အောင်စာရင်းထွက်တယ်။ ဂုဏ်ထူးနဲ့ အောင်တယ်။ ထောင်က ပြန်ထွက်တော့ (၁၉၈၀ ဝန်းကျင်) သူ့ကို ရန်ကုန်ဘူတာကြီးမှာ တွေ့တယ်။ ရထားဘူတာ စင်္ကြန်တွေမှာ သတင်းစာတွေ၊ စာစောင်တွေ လက်ပွေ့ လိုက်ရောင်းတယ်။ နောက်တော့ ပလက်ဖောင်း (၁) မှာ စာအုပ်တွေ မဂဇင်းတွေကို ဖြန့်ခင်းရောင်းနေတာ တွေ့တယ်။ သူဘဝ အဆင့်ဆင့် တိုးတက်လာတာ ခု သူ စီးပွါးရေးလုပ်ငန်းတခုနဲ့ အောင်မြင်ကြီးပွါးနေတယ်လို့ ကြားမိတယ်။

အဲဒီတုန်းက ဖော်မြူလာရှိတယ်။ ထောင်ထွက် အထူးသဖြင့် ကျောင်းသားတွေဟာ ကျောင်းပြန်တက်ခွင့် မရကြတော့ အပြင်ရောက်လာတော့ စာအုပ်အငှားဆိုင် ဖွင့်တယ်၊ ဒါမှမဟုတ် နယ်ဘက်တွေ ဆင်းပြီး တွဲဘက်ကျောင်းဆရာ (ဆွဲခန့်ကျောင်းဆရာ) လုပ်တယ်၊ ဒါမှမဟုတ် အထက်တန်းရှေ့နေ စာမေးပွဲဖြေပြီး ရှေ့နေလုပ်ကြတယ်။

ကျနော်က ထောင်ကျမဲ့ ဆဲဆဲမှာ စာအုပ်အငှားဆိုင်ကလေးတခု အစပျိုးထားခဲ့တော့ နှစ်နှစ်ကြာ ထောင်ကအထွက်မှာ ဒီဆိုင်ကလေးက အရှိန်တော်တော် ရနေပြီ။ ထောင်ထဲမှာ ရဲဘော်အတော်များများက ကျနော့်စာအုပ်ဆိုင်ကလေးကို စိတ်ဝင်စားကြတယ်။ တချို့ အားကျကြတယ်။ အပြင်ရောက်ရင် သူတို့လဲ ဖွင့်မယ်ဆိုပြီး စိတ်ကူးတွေ ထုတ်ခဲ့ကြတယ်။ ထွက်လာတော့ ကျနော့်ဆိုင်ကို ရောက်လာကြတယ်။ တချို့ စာဖတ်ချင်လို့၊ တချို့ စာအုပ်အငှားဆိုင် ဖွင့်ဖို့ လာတိုင်ပင်ကြတာ။ ၂၉ လမ်းမှာ ဖွင့်တဲ့ ရှင်နေမင်းစာပေ ကိုစံမင်း(ပန်းချီစံမင်း)၊ လမ်း ၅၀ ထိပ်က အမေ့အိမ်စာအုပ်အငှားဆိုင် ကိုစန္ဒာထူးမင်းဝင်း၊ သင်္ဃန်းကျွန်း လမ်းမကြီးပေါ်ဖွင့်တဲ့ ကိုမြတ်ခိုင် (ယခု မီဒီယာဂုရုကြီး ကိုမြတ်ခိုင်)။

စီးပွါးရေးလောကမှာ မာစတာဘရိန်း အောင်မိုးသူ (ခေါ်) အေးကြည်။ စီးပွါးရေးဥာဏ်သွက်လို့ ကျနော်တို့က တိန်ရှောက်ပိန် လို့ နာမည်ပေးထားတယ်။ ထောင်ကထွက်တော့ သူ့ တက်လက်စ ဆေးတက္ကသိုလ်လဲ တက်ခွင်မရတော့ သူ့ဇာတိ မော်လမြိုင်ကို ပြန်တယ်။ အိမ်ရှေ့မှာ 'စိတ်တိုင်းကျ' လက်ဘက်ရည်ဆိုင်ဖွင့်တယ်။ ကျောင်းနေဘက် သူငယ်ချင်းတွေ ဆရာဝန်ပေါက်စတွေက၊ မော်လမြိုင်က ဆေးရုံတွေမှာ ဟောက်စ်ဆာဂျင် ဆင်းနေကြပြီ။ သူ့ဆိုင်ကို အဲဒီ သူငယ်ချင်းတွေက အလုပ်အားတဲ့အချိန်မှာ အကူ လုပ်အားလာပေးကြတယ်။ စပွဲထိုးပေးတယ်၊ ကောင်တာ ထိုင်ပေးတယ်။ ဆရာဝန်လေးတွေ စပွဲထိုးလုပ်နေတဲ့ လက်ဘက်ရည်ဆိုင် ဆိုပြီး မော်လမြိုင်မှာ နာမည် ကြီးသွားတာပေါ့။ သခင်သင်းလှိုင် တို့လို ရှေးတုန်းက သခင်လက်ဟောင်းကြီးတွေ၊ မောင်စူးစမ်းလို့ ခေါ်တဲ့ ရဲဘော်ချမ်းအေးတို့ လာပြီး သူ့လက်ဘက်ရည်ဆိုင်မှာ စတည်းချကြတယ်။ ထောက်လှမ်းရေးကလဲ ကွက်ကြည့် ကွက်ကြည့်။ ခုတော့ စိတ်တိုင်းကျ ဆိုင်က ဗမာပြည်မှာတွင်းမှာသာမက ထိုင်းနိုင်ငံ ဘန်ကောက်မှာတောင် ဖွင့်ထားတယ်။

ရဲဘော်တွေ အလုပ်မျိုးစုံ လုပ်ကြတယ်။ ရေတွက်ကြည့်ရင် ကီလီဘောတံတားမှာ ကုန်ထမ်းတယ်၊ ဘတ်စ်ကားလက်မှတ်ရောင်း လုပ်တယ်၊ ဆိုက်ကားနင်းတယ်၊ ဘဲဥရောင်းတယ်၊ အသုဘ ပွဲစားလုပ်တယ် ( ကျနော့်ကို လာပြောတယ် အသုဘအတွက် အကူညီ လိုရင်ပြောတဲ့)၊ ဘုရားပွဲတွေ လိုက်ပြီး ပြက္ခဒိန်တွေ ဗေဒင်စာအုပ်တွေ ရောင်းတယ်၊ ပလာတာ ရိုက်တယ်၊ လေးကောင်ဂျင်ဒိုင်အတွက် အော်ဂနိုက်ဇာ လုပ်ပေးတယ်... ။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသားက နယ်ဘက်ရွာတွေ သွားပြီး ဆေးကုစားတယ်၊ မင်္ဂလာဈေးမှာ ဆေးဆိုင်ဖွင့်ပြီး ဆေးရောင်းတယ်။ ရေးဘက်ကို သွားပြီး မှောင်ခို ကယ်ရီလုပ်တယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောသလို ထမင်းတလုပ်အတွက် ထင်းခုတ်ကြတဲ့ လူတွေ...။

အလုပ်မျိုးစုံ လုပ်ကြရင်းပဲ အရေးကြုံလာတော့ နိုင်ငံရေးပွဲထဲ ဝင်နွှဲကြပြန်တယ်။ ထောင်ထဲကို ဒုတိယ၊ တတိယ၊ စတုတ္ထ အထိ ဝင်ကြရတယ်။ လွတ်မြောက်တဲ့ နယ်မြေကို ရောက်သွားပြီး လက်နက်ကိုင်စွဲ တိုက်ပွဲ ဝင်ကြတယ်။

ဒီ ထောက်ထွက်တွေဆီက မျိုးဆက်သစ်တွေ ပေါက်ဖွားလာကြပြန်တယ်။ မဆုံးနိုင်တဲ့ တော်လှန်ရေး သံသရာမှာ ကျင်လည်ကြရင်း......

မောင်အေးဝင်း။
နိုဝင်ဘာ ၆ ရက်၊ ၂၀၁၁။

Friday, June 1, 2018

ကျွန်မ၏ မောင်ငယ် မောင်အေးဝင်း ရေးသူ - မမြင့်ခိုင်


ကျွန်မ၏ မောင်ငယ် မောင်အေးဝင်း 

ရေးသူ - မမြင့်ခိုင်






 

သည်ခေါင်းစဉ်ကို ဖတ်မိလိုက်သည်နှင့် ကာယကံရှင်မှအပ (ကာယကံရှင်လည်း ပါကောင်းပါမည်) ဘဝင်မကျ ဖြစ်မိမည် ထင်ပါသည်။ မှန်ပါသည်။ လုံခြုံရေးအရာအရှိ ပုဂ္ဂိုလ်တဦး၊ အသက် ၆၆ နှစ်အရွယ် ဂုဏ်သရေရှိ လူသားတဦးဖြစ်သော "အေးဝင်း(လမင်းတရာ)" အား ကလေးသူငယ်တဦးသဖွယ်၊ စာမျက်နှာထက်တွင် မောင် - တပ်၍ ခေါ်ဝေါ်သုံးစွဲ လိုက်ခြင်းသည် အ-ဂါရဝတရား ဖြစ်သွားသည်လား မပြောတတ်ပါ။ သို့သော် ကျွန်မကတော့ သူ့အမည်ကို သည်လိုဘဲ ခေါ်ပြီး နှုတ်ဆက်လိုက်ပါသည်။

+++++ +++++ +++++ +++++

၁၉၇၉- ခုနှစ်အကုန်၊ ၈၀- ခုနှစ်အစ၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀ နီးပါး ကာလက သူ့ကို ကျွန်မ စ၍ တွေ့ဘူးခဲ့သည်။ သည်တုန်းက ကျွန်မ၏ "အတုံ့ရှိလျှင် ကြေစေသား" စာအုပ် ထွက်ပြီးချိန်။ ကျွန်မထံ သူရောက်လာသည်။ ရွှေဘုံသာလမ်း အလယ်ဘလောက်တွင် "လမင်းတရာစာပေ" အမည်ဖြင့် စာအုပ်အငှားဆိုင်ဖွင့်ထားသော လူငယ်ကလေး။ သည်တုန်းက ကျွန်မတို့ နှစ်ယောက်စလုံး လူကြီး မဖြစ်ကြသေးသော အသက်အရွယ်။ ကျွန်မထက်လည်း အတော် အတန် ငယ်ပုံရသည်။ သို့သော် သူစိမ်းတယောက်၊ သူ့အလုပ်အကိုင် သူ့ဂုဏ်သိက္ခာနှင့် ဆိုရင်တော့ "ကိုအေးဝင်း"။ သူလည်း စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းဖြစ်ကြောင်း၊ ကျွန်မစာအုပ်ကို ထုတ်ချင်ကြောင်း၊ သူက ပြောသည်။ အလှမ်းဝေးသော မြို့လည်ခေါင်မှ သူ၏ "လမင်းတရာ" စာအုပ်အငှားဆိုင်ကို ကျွန်မ မသိပါ။ သူ့ကိုလည်း ကျွန်မ မသိပါ။ သို့သော် ကျောင်းဆွေ ကျောင်းမျိုး၊ အပြောအဆို အေးဆေးယဉ်ကျေးခြင်း၊ ယခင်ထုတ်ဝေသူနှင့် မည်သည့် စာချုပ်စာတမ်းမျှ ရှိမနေခြင်း စသောအချက်များကြောင့် စာအုပ်ရေးပေးရန် ကျွန်မ သဘောတူလိုက်ခဲ့သည်။

ပထမစာအုပ် "အမှောင်မှလွန်မြောက်ခြင်း" (၁၉၈၀ - ဇူလိုင်)

စာအုပ်ထုတ်ဝေသူဆိုတိုင်း စာပေအနုပညာဟူသည် ဘာမှန်းသိသည်မဟုတ်ကြောင်း ထုတ်ဝေသူအချို့နှင့် ဆက်ဆံဘူးပြီး ဖြစ်သော ကျွန်မက အနည်းငယ် သဘောပေါက်ခဲ့ ပြီးပါပြီ။ ယခု လုပ်ငန်းအရ ပြောဆိုဆက်ဆံလာရသောအခါ "ကိုအေးဝင်း" ၏ စာပေဟူသော အနုပညာ အပေါ် နားလည်လေးစား မြတ်နှိုးမှု ကို ခန့်မှန်း၍ ရလာသည်။ သည်တော့ ယခင်ထုတ်ဝေသူ များကဲ့သို့ သူက စာမူလာယူ၊ ကျွန်မက စာမူပေးလိုက်၊ စာအုပ်တိုက်ကို သွားစရာမလိုသော ပုံစံ မဟုတ်တော့ဘဲ အလှမ်းဝေးသော မြို့လည်ခေါင်မှ သူ၏ "လမင်းတရာ" သို့ ကျွန်မ တကူးတက အလည် ရောက်ရောက် သွားခဲ့ပါသည်။ သည်မှာ သူ၏ စာပေစိတ်ကို တွေ့ရခြင်းပါဘဲ။ စာအုပ် အငှားဆိုင်ဟု အမည်တပ်ထားသော အခြား စာအုပ်ဆိုင်များကဲ့သို့ အဖတ်များသော ဝတ္ထု မဂ္ဂဇင်း၊ ကာတွန်းစာအုပ်များသာမကဘဲ၊ နိုင်ငံရေး၊ သမိုင်း၊ သုတေသန၊ အတ္ထုပ္ပတ္တိ၊ ဂန္ထဝင် ဝတ္ထုစာအုပ်ကောင်း များစွာကို "လမင်းတရာ" တွင် ကျွန်မ တွေ့ရပါသည်။ သူ့ဆိုင်သို့ မကြာခဏရောက်၊ ဝတ္ထုအကြောင်း၊ စာအုပ်အကြောင်းများ ပြောဖြစ်ရာမှ သူသည် ကျွန်မနှင့် စကားပြော၍ရသော မိတ်ဆွေတယောက် ဖြစ်လာခဲ့သည်။ သည်လိုနှင့် "အမှောင်မှ လွန်မြောက်ခြင်း" ရေးပြီးသွားပြီ။ အချို့ ထုတ်ဝေသူများကတော့ သူတို့ အပ်ချင်သော ပန်းချီ ဆရာနှင့် အဖုံးပန်းချီ အပ်ကြသည်။ သူကတော့ ကျွန်မဆန္ဒကို မေးပါသည်။ ကျွန်မကြိုက်သော ပန်းချီဆရာ အမည်ကိုပြောတော့ သူလက်ခံပါသည်။ ပန်းချီဆရာ "ကိုစံတိုး" ထံ ကျွန်မတို့ နှစ်ယောက် ပုံသွားအပ်ကြသည်။ ကိုစံတိုးက ဝတ္ထုနောက်ဆုံးပိုင်း အကြောင်းအရာကို သိရလျှင် ပုံဆွဲရတာ ပိုကောင်းသည်ဆို၍ ဝတ္ထုနိဂုံးပိုင်း မူရင်းကို ပေးခဲ့ပါသည်။ သည်မှလည်း ကိုစံတိုးကို ကျွန်မ အလွန်လေးစားသွားသည်။ ဒါကြောင့်လည်း သူ့ပုံတွေ အသက်ဝင်သည် မဟုတ်လား။

အဖုံးပန်းချီ ကိစ္စပြီးတော့ ဝတ္ထုကြော်ငြာ။ နာမည်ကြီး စာပေအနုပညာမဂ္ဂဇင်း "ရှုမဝ" တွင် သူထည့်ပေးပါသည်။ မှတ်မိနေပါသည်။ ကြော်ငြာကိစ္စအတွက် ရှုမဝမဂ္ဂဇင်းတိုက်တွင် ကဗျာဆရာ "မောင်မြင့်မြတ်" က ကျွန်မတို့ကို လက်ခံတွေ့ဆုံပါသည်။ "မောင်ဆွေတင့်" "မောင်မြင့်မြတ်" တို့၏ ကဗျာများကို ကျွန်မ ကောင်းကောင်း ဖတ်ဖူးခဲ့သောကြောင့် လူကိုယ်တိုင် တွေ့ဆုံလိုက်ရသောအခါ အလွန်ဝမ်းသာခဲ့ရသည်။

၁၉၈၀ - ခုနှစ်၊ ဇူလိုင်တွင် "အမှောင်မှလွန်မြောက်ခြင်း" ထွက်ပြီးနောက်၊ နောက်တအုပ် အတွက် သူ စီစဉ်ပါသည်။ ပထမဦးဆုံး ရေးခဲ့သော လုံးချင်း "မောင့်ကိုစိမ်းကား မယ်နှမက ဆိုသလား" ကို ကျွန်မ စိတ်တိုင်းကျ မဖြစ်ခဲ့ပါ။ အလွန်ရေးချင်သော လူတန်းစားတခု အကြောင်းကို ရေးခဲ့သော်လည်း လုံးချင်းရေးပါး မဝသေးသော အချိန်က ရေးခဲ့သောကြောင့် အဓိကဇာတ်ကောင် အချို့၏ ဇာတ်ရုပ်ကို ဖေါ်ပြရာတွင် အားနည်းချက် များရှိခဲ့သည်။ လူတန်းစားသရုပ်ကို တတ်နိုင်သမျှ အပီပြင်ဆုံး ဖေါ်ပြနိုင်လိုသောကြောင့် ယင်းဝတ္ထုကို ပြန်လည်ချဲ့ထွင် အသစ်ရေးသားပြီး၊ "အနီးဆုံးအဝေးဆုံး အဝေးဆုံးအနီးဆုံး" ဟု အမည်ပေးပါသည်။ ရှေး အိုင်ချင်းတခုမှ ကျွန်မအလွန်ကြိုက်သော စာသား "မောင့်ကိုစိမ်းကား" ကို အလွန်နှမြောစွာဖြင့် သူ့ပထမစာအုပ်တွင်သာ နေရာမပျက် ပြန်ထားခဲ့ပါသည်။

"အနီးဆုံးအဝေးဆုံ." အတွက် အဖုံးပန်းချီကိုတော့ ကိုအေးဝင်းဆန္ဒအရ "မောင်မောင်သိုက်" ကို ရွေးချယ်ပါသည်။ ကျွန်မက "ဇာတ်ကောင်အမျိုးသမီးကို အရမ်းလှအောင် မရေးပါနဲ့၊ သာမန်ဘဲ ရေးပေးပါ" ဟု ပြောသောအခါ ကိုမောင်မောင်သိုက်က "ကျွန်တော့်ကို ဘယ် စာရေးဆရာမှ ဒီလို မပြောဖူးဘူး" ဟု အလွန်တအံ့တသြ ပြောပါသည်။ တောင်းဆိုချက်အတိုင်း ဆွဲပေးလိုက်သော ကိုမောင်မောင်သိုက်လက်ရာကို မြင်လိုက်ရသောအခါ ကျွန်မ အလွန် ကျေးဇူးတင်သွားပါသည်။

၁၉၈၀ ခုနှစ်၊ ဒီဇင်ဘာလတွင် "အနီးဆုံး အဝေးဆုံး." ထွက်ပြီးနောက် ကိုအေးဝင်းက "ကျွန်တော်တို့ ခဏနားရအောင်" ဟု ဆိုပါသည်။ ဘာကြောင့်ဟု မပြောသော်လည်း ကျွန်မ ကောင်းစွာ သဘောပေါက်ပါသည်။ အလွန်အားနာသွားပါသည်။ သူလုပ်ချင်၍ လုပ်လိုက်သော အလုပ်တခုသည် သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုတခုကို ဖြစ်ကောင်း ဖြစ်စေနိုင်ခဲ့ပါလိမ့် မည်။ သို့သော် ကျန်သောအပိုင်းကဏ္ဍ တခုအတွက်မူ မျှော်လင့်သလောက် အကျိုးဖြစ်ထွန်းမှု ရှိဟန်မတူပါ။ သူကလည်း မပြော၊ ကျွန်မကလည်း မမေး။ သို့နှင့် "လမင်းတရာ" ထုတ်ဝေရေး နှင့် ကျွန်မသည် စာအုပ်နှစ်အုပ်နှင့် ရပ်သွားခဲ့သည်။ သို့သော် ရပ်သွားခဲ့သည်မှာ စာအုပ်ထုတ်ဝေရေးဟူသော သာမန်ကိစ္စလေးတခု မျှသာပါ။ ထုတ်ဝေသူနှင့် စာရေးသူအကြား ယင်းကိစ္စသည် ဘာမျှဆန်းပြားသော အရာမဟုတ်။ ယခင်ထုတ်ဝေသူများနှင့်လည်း သည်လို ကြုံခဲ့ ဆုံခဲ့ ဘူးသည်သာ။ "လမင်းတရာ" နှင့် ကျွန်မတို့ အကြား ဆက်သွယ်မှုသည် စာအုပ်ထုတ်ဝေရေး ကိစ္စတခုတည်းမဟုတ်။

ကျွန်မအတွက် ရောက်ရန် သွားရန် မလိုအပ်လှသော မြို့လည်ခေါင်ဒေသသို့ ၁၉၈၁ ခုနှစ် နောက်ပိုင်း မကြာခဏ ရောက်ရောက်သွားပါသည်။ ရွှေဘုံသာလမ်း အလယ်ဘလောက်မှ "လမင်းတရာ" သို့ပါဘဲ။ ထုတ်ဝေသူနှင့် စာရေးသူအကြား လုပ်ငန်းဆက်ဆံမှု မလိုအပ်တော့ သော အချိန်တွင် စာပေအနုပညာကို လေးနက်စွာ စိတ်ဝင်စားသူ နှစ်ဦးအကြား နွေးထွေးသော မိတ်ဆွေဆက်ဆံရေးနှင့်သာပင်။

သူ့ဆိုင်တွင် စာအုပ်များကို သွားကြည့်သည်။ တခါတရံ ယူဖတ်သည်။ သူနှင့် စကားပြောသည်။ သူနှင့်ကျွန်မသည် အနုပညာရပ် အတော်များများကို လေးနက်စွာ စိတ်ဝင်စားခြင်းတွင် ထူးခြားစွာ လာတိုက်ဆိုင်နေသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်။ ယင်းအနုပညာများနှင့် ပတ်သက်၍ ကျွန်မတို့နှစ်ယောက် သူ့ဆိုင်တွင် အကြာကြီး ပြောဘူး ဆိုဘူးကြသည်။ ကဗျာနှင့် ပတ်သက်၍လည်း တခါက မေးဘူးပါသည်။

"ကျွန်တော် အင်တာဗျူး လုပ်အုန်းမယ်၊ မော်ဒန်ကဗျာကို ကြိုက်သလား"
ကျွန်မလည်း အရှင်းဆုံး ဖြေလိုက်ပါသည်။
"တချို့ကဗျာတွေက တည့်တည့်ရေးလို့ မရလို့ သွယ်ဝိုက်ပြီး ရေးတာကို နားလည်တယ်။ ဒါပေမယ့် တချို့ကျတော့ ဖွက်ထားတာ နက်လွန်းလို့ ဘာကို ရေးချင်တာမှန်းကို မသိဘူးလေ။ နားမလည်ဘူး။ ခံစားလို့ မရဘူး။ အနုပညာဆိုတာ ခံစားလို့ ရ ရမယ်လေ"
သူက ပြုံးနေပါသည်။ ဘာမှတော့ မပြောပါ။

သည်လိုနှင့် သူသည် တဖြည်းဖြည်း ကျွန်မနှင့် စကားပြော၍ရသော မိတ်ဆွေရင်းတဦး ဖြစ်လာသည်။ ကျွန်မဘေးတွင် သည်လိုမိတ်ဆွေ မရှိသလောက် ရှားသည်။ မရှိဘူးဟုပင် ပြော၍ ရသည်။ ကျွန်မတို့ နှစ်ဦးကြားမှ ထုတ်ဝေသူနှင့် စာရေးသူဆက်ဆံရေးဘဝသည် ဝေးသော အတိတ်တွင် မှိန်ပျပျသာ ကျန်ခဲ့ပြီ။ လက်ရှိ အနုပညာခံစားချက်၊ ခံယူချက် တူညီသော မိတ်ဆွေရင်းဘဝသည် အလွန်နှစ်လိုဘွယ် ကောင်းသောဘဝပင်။

ကျွန်မတို့ နှစ်ယောက်စလုံး မော်လမြိုင်သူ/သားများ ဆိုသည်က လွဲ၍ မည်သူ့ သားသမီး၊ မည်သည့် အဆင့်အတန်းဟူသည်ကို မည်သူမျှ စိတ်မဝင်စား၊ မစူးစမ်းကြပါ။ လိုမှ မလိုအပ်ဘဲ။ သည်လိုနှင့် စကားပြော၍ ရသော ကျွန်မထက်ငယ်သော လမင်းတရာကိုအေးဝင်းသည် "မောင်အေးဝင်း" ဖြစ်လာခဲ့သည်။ သည်လိုခေါ်ခြင်းကို သူ လက်ခံ မခံ ကျွန်မခွင့်မတောင်းခဲ့ ဟု ထင်ပါသည်။ သူကလည်း ဘာမှ မပြောပါ။

ပို၍ ရင်နှီးသော မိတ်ဆွေဘဝသို့ ရောက်ရန် ဖန်တီးလာသော အကြောင်းတခုက သူ့ဇနီး လှသိင်္ဂီသည် ကျွန်မ၏ ဂျာမန်ဘာသာတပည့် ဖြစ်လာခဲ့ခြင်း။ သည်တော့ ကျွန်မတို့ သုံးဦးသည် ဆရာတပည့် မိတ်ဆွေ မောင်နှမများဟု ကျွန်မခံယူသည်။

ကျွန်မသည် ကိုယ်တိုင်ကသာ စာရေးသော်လည်း၊ အနုပညာကို အလေးအနက် စိတ်ဝင်စား သော်လည်း၊ ကိစ္စတစုံတရာ ရှိလျင်မှလွဲ၍ ကျွန်မအလွန် လေးစားကြည်ညိုသော မည်သည့် အနုပညာရှင် တဦးထံကိုမျှ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ပါ။ ထိုသို့သော ကျွန်မသည် မောင်အေးဝင်း၏ ကျေးဇူးဖြင့် ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်တို့ထံ ရောက်ခဲ့ဘူးပါသည်။ ကျွန်မအား ဆရာဒဂုန်တာရာ ပြောခဲ့ဖူးသော စကားတခွန်းကိုတော့ ယခုထိ မမေ့နိုင်ပါ။

" အတုံ့ရှိလျှင်ကြေစေသား ဝတ္ထုကို ဖတ်ရတုန်းက ဒီဝတ္ထုကို ရေးတဲ့ မမြင့်ခိုင်ဆိုတာ အမျိုးသမီးနာမည်ခံပြီး ရေးတဲ့ အမျိုးသား စာရေးဆရာတယောက်ဘဲ လို့ ယူဆလို့ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဘာမှ မရေးခဲ့တာ"

ဆရာက နောက်ပိုင်းကျတော့ ကျွန်မ၏ "အမှောင်မှလွန်မြောက်ခြင်း" နှင့်ပတ်သက်၍ မိုးဝေမဂ္ဂဇင်း စာပေစစ်တမ်းကဏ္ဍတွင် "ဗညားသီဟ" အမည်နှင့် "မိုးရာသီတွင်တွေ့ခဲ့ရသော အချစ်ဝတ္ထုတပုဒ်" အမည်ပေး၍ ရေးခဲ့ပါသည်။ ကျွန်မရေးခဲ့သမျှ လုံးချင်းစာအုပ်များတွင် ကျွန်မကိုယ်တိုင်အကြိုက်ဆုံး (မောင်အေးဝင်း၏ လမင်းတရာစာပေမှ ထုတ်ဝေခဲ့သော) စာအုပ်နှင့် ပတ်သက်၍ ဆရာ အလေးအနက် ရေးသားပေးခဲ့သည်ကို ဝမ်းသာကြည်နူး၍ မဆုံးပါ။

သည်လောက် ရင်းနှီးခင်မင်ခဲ့ကြသော်လည်း သူ့ကို "လမင်းတရာ" စာပေ၊ စာအုပ်ဆိုင်ပိုင်ရှင် အဖြစ်မှ လွဲ၍ ဘာမျှမသိခဲ့။ ကျွန်မ၏ ပင်ကိုယ်ဗီဇကလည်း စပ်စပ်စုစု လုံးဝမလုပ်တတ်၊ သူကလည်း အနုပညာ ကိစ္စရပ်များမှ လွဲ၍ ဘာမျှမပြော။ သည်လိုနှင့် ကိုယ်ပိုင်ဘဝကို ကိုယ်ပိုင်ခံယူချက်များဖြင့် တည်ဆောက်ကြရင်း ကျွန်မတို့ ကွဲကွာခဲ့ကြရာမှ တနေ့တော့ လုံးဝမမျှော်လင့်ဘဲ ပြန်ဆုံတွေ့ကြရသည်။ ရန်ကုန်တွင်မဟုတ်။ မြေကြီးပေါ်တွင်မဟုတ်။ အမေရိကဟူသော ကမ္ဘာမြေတနေရာမှ ပို့လိုက်သည့် စာကလေးတစောင်မှ တဆင့်။ သို့သော် သည်လို ပြန်ဆုံကြခြင်းသည်လည်း ခဏကလေးမျှသာ။ တဖန် ပြန်၍ ဝေးသွားကြပြန်သည်။ ရှားပါးလှသော မိတ်ဆွေကောင်းများ ဆုံးရှုံးလိုက်ရပြီ ဟုဘဲစိတ်မကောင်းစွာ မှတ်ယူလိုက်ရသည်။

ကုန်လွန်ခဲ့သော အချိန်တွေ များစွာ။ ပြောင်းလဲမှုတွေ များစွာ၊ များစွာ၊ များစွာ။

၂၀၁၆ ခုနှစ်။ မိုးတွေရွာနေသော ကာလ။ ဇူလိုင်လကုန်လောက်ဟုထင်သည်။ ရန်ကုန်နှင့် အတန်ငယ်အလှမ်းဝေးသော နေရာတခုတွင် အင်္ဂလိပ်စာသင်ကြားရေး ကိစ္စတခုဖြင့် ကျွန်မ ရောက်ရှိနေချိန်။ မကြားသည်မှာ ကာလမည်မျှ ကြာခဲ့ပြီ ဟုပင် မတွက်ဆနိုင်တော့သော အသံကို တယ်လီဖုံးပေါ်တွင် ကြားလိုက်ရပါ၏။ လုံးဝပင် မယုံနိုင်လောက်စွာ။

သူ မည်မျှဝမ်းသာကြောင်း သူ့အသံတွင် ပေါ်လွင်နေသလို ကျွန်မလည်း သည့်နှယ်ပင်ဟု တယ်လီဖုံးထဲမှ သူတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး သိကြပါလိမ့်မည်။ သူတို့ နှစ်ယောက်စလုံးပုံ တွေ မြင်ရတော့ ငယ်ရုပ်တော့ မပျောက်သေး။

သူရေးသားခဲ့သော "ကျွန်တော်ဝရမ်းပြေး၊ ကျွန်တော်ဒုက္ခသည်" စာအုပ်အဖုံးကို viber တွင် မြင်လိုက်ရသည်။ ထုတ်ဝေသူထံမှ "ကျွန်တော်." စာအုပ်ကို ဖတ်ရသောအခါမှ မောင်အေးဝင်းသည် ဘာလဲ ဟူသည်ကို ကျွန်မသိရခြင်း ဖြစ်ပါ၏။ အခြား စာဖတ်သူများလည်း ကျွန်မနည်းတူ ရှိလိမ့်မည်ဟု ယုံကြည်သည့်အတွက် ဒုတိယစာအုပ် ရေးဖြစ်အောင်ရေး၊ ထုတ်ဖြစ်အောင် ထုတ်စေချင်ပါသည်။ ဖတ်ချင်လှပါသည်။

တခါက facebook ပေါ်တွင် သူတင်ခဲ့သော ငှက်ကလေးများအကြောင်း၊ ယင်းငှက်ကလေးများ အချင်းချင်း ပြောကြသော စကားများအကြောင်းကို ဖတ်ရသောအခါ "ဒါဟာ စာရေးဆရာတယောက်ရဲ့ အနုပညာအတွေးအခေါ်ဘဲ" ဟု မှတ်ချက်ချခဲ့မိသည်။ သူ့ကိုတော့ မပြောဖြစ်ခဲ့ပါ။

အိမ်ထောင်သက် ၄၅ နှစ်တွင် ဇနီး၊ သမီး မြေးတွေနှင့် ဘဝကို ဖြတ်သန်းနေသူ မောင်အေးဝင်းက တနေ့ ပြောလာသည်။

"ကျွန်နော့် အသက် ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်၊ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ကျွန်နော့်အတွက် အမှတ်တရ ဆောင်းပါးတွေကို အမှတ်တရ ထုတ်ဝေမယ်။ မချိုရေးပေးပါ" လိုလား ဝမ်းမြောက်စွာပင် ကျွန်မ သဘောတူလိုက်ပါသည်။

အခြားဘာမျှ မလုပ်ပေးနိုင်သော်လည်း သည်အရာကတော့ ကျွန်မ တတ်နိုင်သောအရာ။ ပြီးတော့ သူသည် အခြားသော သူမဟုတ်။ မောင်အေးဝင်း။ ကျွန်မ၏ ရှားပါးသော မိတ်ဆွေ လမင်းတရာ မောင်အေးဝင်း။

၆၆ နှစ်မြောက် မွေးနေ့တွင် ရရှိလာမည့် စာပေလက်ဆောင်များသည် မောင်အေးဝင်းအတွက် တကယ့် အမှတ်တရပစ္စည်းများ ဖြစ်ပါစေသတည်း။ ။

မမြင့်ခိုင်
မေလ ၁၇ ရက်၊ ၂၀၁၈ခု။

Friday, May 25, 2018

မွေးနေ့မှာပျော်ရွှင်ပါစေ ကိုအေးဝင်းရေ.. နုနုရည် အင်းဝ။

မွေးနေ့မှာပျော်ရွှင်ပါစေ ကိုအေးဝင်းရေ..
.
လွန်ခဲ့တဲ့ဆယ်နှစ်...၂၀၀၀၈ ခုနှစ်ကပေါ့..။


ကျမ ကိုရီးယားအနုပညာတက္ကသိုလ် မှာ ခဏ ရောက်နေတဲ့ အချိန်လေး...။
ညနေစောင်းရင် ကျမ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ တဖျပ်ဖျပ် စိမ်းလာကြတဲ့ အဝေးရောက်ကျမတို့လူမျိုးတွေရဲ့ ချစ်ခင် ပူပန် စိုးရိမ်ကြတဲ့ G talk မီးစိမ်းပွင့်လေးတွေလေ...။

အဲဒီထဲမှာ ဟိုး...ကမ္ဘာ့အနောက်ဖက်ခြမ်းမှာ နေထိုင်တဲ့
လမင်းတရာ မောင်မာယာ တယောက်ကလဲ အလွန်စိတ်ထိခိုက်အောင်ပြောတတ်တာ...။

" မြန်မာပြည်က ထညက်ခဲကို လွမ်းတယ်ဗျာ မစားရတာ ဘယ်လောက်ကြာပြီလဲတောင် မပြောတတ်တော့ဖူး"
"ထညက်နဲ့ ငါးရံ့အူ မစားရတာ သက်တမ်းတူတူလောက်ရှိမှာ"
"ဒီနေ့ တခု သတိရတယ်။ ဝရောင်းချဉ်မစားရတာ နှစ်နှစ်ဆယ်ကျော်သွားပြီ။ ဝရောင်းချဉ်ဆိုတာ သိလား မော်လမြိုင်က။ ဒေါင်းခြေရောပဲ"
"အညာက နွားနို့ခဲ ကျွဲနို့ခဲကိုလဲ လွမ်းတယ်"
"စားချင်တာတွေ သွားချင်တာတွေ ကျန်းမာတုန်း စားနိုင်တုန်း သွားနိုင်တုန်း ပြန်နိုင်ရင်ကောင်းမှာနော်
ကတ်ပေါ်တင်ပီး ပက်လက်ပြန်သွားရလို့ ဘာလုပ်ရမှာလဲ"
တဲ့...

အိမ်ပြန်ချိန် ဆိုတာ ရောက်လာမှာပါ ကိုအေးဝင်းရေ
အစားတွေ တဝကြီးစားပြီး စကားတွေ တဝကြီးပြောရမဲ့
အိမ်ပြန်ချိန်ဆိုတာ ရောက်လာမှာပါ။

နုနုရည် အင်းဝ။

ညီငယ် မောင်ကိုကို (အကိုခေါ်တဲ့ငယ်နာမည်ပါ)

အကိုအေးဝင်း(လမင်းတရာ)သို့
၆၆ အမှတ်တရ။

ဘဝမျ ဉ်းပြို င်

စာအမြဲရေးဖြစ်နေတဲ့ကျနော်အဖို့ စာရေးမဖြစ်အောင်
်လက်တွန့်တဲ့အခါမျိုးလဲရှိတတ်ပါတယ်။အဲဒီလိုအခါမျိုးက
စာအရေး အားကောင်းပြီး စာဖတ်တဲ့အလေ့ အားကြီးတဲ့
အကိုအေးဝင်းတို့လိုလူက သူ့အတွက် စာလေးတပုဒ်ရေးပါ
ဆိုလာတဲ့အခါမျိုးမှာ သူ့ထက်စာဝါနုသူကျနော့်မှာ ဘာစာမှ
မထွက်တော့ပဲ ရေးချဖို့အခက်ကြုံ ရတတ်တာမျိုးပါ။ခုလဲ အကိုက သူ့အသက် ၆၆ ပြည့်မွေးနေ့အမှတ်တရ စာတိုဖြစ်စေ ကဗျာတိုလေးဖြစ်စေ တခုခုရေးပါဆိုလာတော့
ခက်ကပြီပေါ့။ဘယ်ကစပြီးဘယ်လိုရေးရမှန်းမသိအောင်
်ပါပဲ။

အကို့မေမေနဲ့ ကျနော့်အဖေက မောင်နှမမို့ အကိုနဲ့ကျနော်က
ညီအကိုတွေပါ။အကိုနဲ့ကျနော်ညီအကိုဆိုပေမယ့် ကျနော်တို့
ညီအကိုရဲ့ဘဝက မျဉ်းပြို င်နှစ်ခုလိုဖြစ်နေတာ သတိထားမိပါ
တယ်။ဆိုပါတော့ ကျနော်က ရန်ကုန်မှာမွေးပီး လူမှန်းသိတဲ့
အရွယ် နွေရာသီကျောင်းပိတ်လို့ မိဘတွေနဲ့အတူမော်လမြို င်
သွားတဲ့အခါ အကိုတို့ကမော်လမြို င်မှာနေနေတာတွေ့ရပါ
တယ်။အကိုကငယ်ငယ်ကတဲက သိပ်ဣနြေ္ဒရတယ်။
တယောက်ထဲနေတတ်တယ်။အကို့အောက်ညီနဲ့ကျနော်တို့က
မျောက်ရှုံးအောင်ဆော့နေချိန်မှာ အကိုကတော့စာအုပ်လေးနဲ့
နာမယ်နဲ့လိုက်အောင်အေးအေးနေပါတယ်။ပြောချင်တာက
အကိုနဲ့ကျနော် ညီအကိုဖြစ်ပေမယ့် တမြို့ စီနေရတာ
ရယ် စရိုက်မတူတတ်တာရယ်ကိုက ဘဝမျဉ်းပြို င်သဘော
ပါပဲ။

တနွေမှာအကိုတို့ကအကိုတို့အဖိုးကိုးကွယ်တဲ့ဝဲပျံကျောင်းမှာ
ကိုရင်ဝတ်ကြပြီး ကျနော်က အဖေ့အမေ အဖွါးကိုးကွယ်တဲ့
ဆင်ဖြူကျောင်းမှာသင်္ကန်းဆည်းကိုရင်ဝတ်ရပါတယ်။ဝဲပျံ
နဲ့ဆင်ဖြူ က စည်းပဲခြားတာပါ။တကျောင်းစီဝတ်ကြရ
ပါတယ်။

နောက်တော့ ကျနော်က မော်လမြို င်ကို မိဘတွေနဲ့အတူ
ပြောင်းလာပြီး အကိုက မိဘတွေနဲ့အတူ ရန်ကုန်ကိုပြောင်း
သွားပါတယ်။
နောက်ပိုင်း အကိုစက်မှုတက္ကသိုလ်တက်တာကြားရတာပါပဲ။
ကျနော်ကလဲ မန္တလေးရောက်သွားတယ်။၁၉၇၃ လောက်မှာ
ကျနော်က မန်းစံပြထောင်ထဲရောက်သွားသလို အကိုကလဲ
အင်းစိန်ထောင်ထဲရောက်သွားတယ်။သူထောင်ကျတာ
ကျနော်မသိသလို ကျနော်ထောင်ကျတာလဲ သူသိမှာမဟုတ်
်ပါ။

ထောင်ကလွတ်လာကြပြီး မဂိုလမ်းတလမ်းထဲမှာ သူက
ကမ်းနားဖက် ကျနော်က အထက်ဖက် နေကြပေမယ့် မဆုံဖြစ်ကြပါ။မဆုံသာဖြစ်ရမယ် အလုပ်က စာပေအလုပ်
ချင်းအတူတူမို့ မဆုံဖြစ်ကြတာအဆန်းသားလို့ပြောရမှာ
ပါပဲ။

နောက်တော့ အကိုပြည်ပဘာ့ကြောင့်ထွက်သွားတာတွေ တိတိကျကျမသိရအောင်အဆက်အသွယ်ပြတ်သွားပြီး
တူတော်မောင်မောင်သီဟ ပြောပြတော့မှပဲ အကို့အကြောင်း
တွေသိခွင့်ရိလာပါတယ်။အဲသလိုသိလာတဲ့အချိန်မှာ
အကိုက ခုနေရာရောက်နေလို့ ဆက်သွယ်ရခက်သွားပါ
တယ်။ငယ်ငယ်ကနဲ့ဘာမှမဆိုင်တော့တဲ့
အကိုရဲ့ခံယူချက်တွေ လှု ပ်ရှားမှုတွေကိုအံ့အားသင့်သလို ဝမ်းသာဂုဏ်ယူနေမိပါတယ်။
ကံအားလျော်စွာ ကျနော်က fb သုံးမိတော့အကိုနဲ့အဆက်
အသွယ်ပြန်ရ စကားပါပြောဖြစ်နဲ့ မို့ ပြန်ဆုံတယ်ဆိုပေမယ့် ငယ်ငယ်ကတဲက ယှဉ်ရုံယှဉ်ပြီး ပူးတုံကပ်တုံဟန်နဲ့သွားနေ
တဲ့ အကိုနဲ့ကျနော်တို့ရဲ့ဘဝမျဉ်းဟာ ပြိုင်တဲ့အဆင့်က
တက်ပြီး တကယ်ဆုံတွေ့တဲ့အထိဖြစ်မလာသေးပါဘူး။
အကိုဟာ ငယ်စဉ်ကတဲးက ကျနော့်ရဲ့စံပြအကိုပါ။အကို့ကို
အားကျပြီး စာဖတ်တဲ့အလေ့ရလာတာထင်ပါတယ်။အကိုငယ်ငယ်က ဘာသာရေးစာပေတွေဖတ်တာသိရဖူး
တယ်။ဒါကြောင့် တချိန်ချိန်တခါခါမှာ ကျနော်တို့ညီအကိုတွေ
ဆုံပြီး ကိုယ်ယုံကြည်ရာ ကိုယ်သန်ရာတွေပြောပြီးနေသွားချင်
်ပါသေးတယ်။

ဘာဖြစ်ဖြစ် အကိုကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နဲ့
အမမသိင်္ဂီရယ် သမီးတွေရယ် မြေးတွေရယ်နဲ့ ပျော်ပျော်ရွှင်
ရွှင် စားစားသောက်သောက် နေသွားနိင်ပါစေလို့ ဆုတောင်း
ပါတယ်။

ညီငယ် မောင်ကိုကို (အကိုခေါ်တဲ့ငယ်နာမည်ပါ)

ရဲဘော်ဖိုးသံချောင်း


 



၂၅ ရက်နေ့ဟာ
ကျနော့်မွေးနေ့ပါတဲ့
ကဗျာလေးတမျက်နှာ
စာတိုလေး၂ရွက်စာ
လုပ်စမ်းပါဦးတဲ့။
အော်သနားစဖွယ့်ဦးအေးဝင်း။

အဟဲ့၊ လာမဟဲ့
၆၆နှစ်သားလေးကိုတဲ့
ကာရံလေးတဖဲ့၊ စာသံလေးတလှည့်နဲ့
ဆုံးမထည့်လိုက်မယ်
ဘာတဲ့၊ အဟမ်း-အဟမ်း-။
ရွှေဂျူဗလီလား၊ ငွေဂျူဗလီလား
ဒန်ဂျူဗလီလား၊ ပလပ်စတစ်ဂျူဗလီလား
ဘာဂျူဗလီလဲငါမသိ၊ ငါ့ကမွတ်ဆလင်ဗလီပဲသိတာ။

လူရီစရာတွေမပြောတော့ဘူး
ကျောကော့အောင်ခံနေရတဲ့
ငါတို့ပြည်သူတွေရဲ့
ဒုက္ခနဲ့ဝေဒနာ
တပြေတရွာကနေကြားသိနေရ
နားမရှိ၊ မျက်စိမပါလည်းသိနေတော့
ဘယ်တော့မဆိုတွေးမိတာက
အော်ကျုပ်တို့တာဝန်မကျေသေးဘူး
မသေကြနဲ့ဦးစို့ဗျ။

အသောက်နဲ့အစား
သတိထားသင့်တာထား
ကျဆုံးသွားသူတွေကိုပြန်စဉ်းစား
ကိုယ်တာဝန်ကြေရဲ့လား
ကမ္ဘာစွန်ကမ္ဘာဖျား
လစန္ဒာအနားမှာနေဦးတော့
ဗမာပြည်မှဗမာပြည်
ငါလာမည်၊ ငါလာမည်ပဲ
တော်လှန်ရေးဆိုတာက
လူအိုမပါရမဆို
အသက်မပြည့်တာမရှိ
တယောက်ဆိုတယောက်
ပစပ်တပေါက်ဆိုတပေါက်
လောက်တယ်လို့မရှိဘူး
ခြောက်ဆယ့်ခြောက်ဆိုတာနဲ့
ပင်စင်လျှောက်လို့မရဘူး
ရန်ကုန်ကိုလမ်းလျှောက်ပြန်
တိုက်ပွဲဝင်တန်ဝင်ရမယ်
ကျုပ်တို့ရဲ့ကျောပြင်တိုင်း
သင်္ချိုင်းမရွေးဘူး
လှိုင်းတံပိုးတွေအကြား
ဆက်ကြရဦးမယ်
အဂ္ဂရယ်လူမထွက်ပါနဲ့
ချီတက်ပါဦး။

ရဲဘော်ဖိုးသံချောင်း

ကိုအေးဝင်း။

ဒီနေ့မှာ ကျရောက်တဲ့ ကိုအေးဝင်းရဲ့-(၆၆)နှစ်မြောက်မွေးနေ့မှာ မိသားစုတစုလုံးပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း၊

အသက်ရှည်ရှည်အနာမဲ့စွာနေရပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ကိုအေးဝင်း----ကျွန်မတို့တတွေ အိုလာကြပြီ။

 နာလာကြပြီ။ နောက်ဆုံးတလမ်းပဲကျန်တော့တယ်။ 
အဲဒီလမ်းသွားကြရတဲ့အခါ-ဘာနောင်တမှမရဖို့လိုပါတယ်။
လုပ်နိုင်သမျှလုပ်ခဲ့ပြီးပြီ-လို့ 
စိတ်ချလက်ချပြောနိုင်ဖို့လိုပါတယ်။

အတူတူကြိုးစားကြပါစို့။
မရှုယဉ်။

ရွှေပြည်တော် မျော်တိုင်းမဝေးစေဖို့ - မော်မင်းသန်း

ရွှေပြည်တော် မျော်တိုင်းမဝေးစေဖို့ 



တစ်ခါတုန်းက
ရွှေပြည်တော်မှာ
စာပေ ကဗျာ
ချစ်သူများနဲ့ 
လွတ်လပ် ပျော်ရွှင်
ရွှေလွင်ပြင်မှာ
လမင်းတရာ
သာခဲ့ ဘူးတယ်။


ရွေပြည်တော်မှာ
အဖေါ်အပေါင်းများ
နဲ့ 
ပညာသင်ကြား
ငယ်ဘဝကား
ရွှေရောင်တောက်ပ
ခဲ့ဘူးတယ်။

ရွှေပြည်တော်မှာ
ဘကြီးမှိုင်းရာပြည့် 
ခြိမ့်ခြိမ့် သဲသဲ
ဆင်နွှဲ ခဲ့ ကြ
တော်လှန်ကြယ်နီ
ဝင်းပခဲ့ဘူးတယ်
ရွှေပြည်တော်မှာ
လူထုအုံကြွ
ဖိနှိပ်မှုမှန်သမျ
တော်လှန်ခဲ့ ကြ
ပြည်သူတွေနဲ့ အတူ
ဒီရေမြင့်သစ်ခဲ့ 
ဘူးတယ်။

ရွှေပြည်တော်ရေ
ရေခြားမြေခြား
တိုင်းတပါးကနေ
လှမ်းမျော်ငေးရ
စစ်မီလျံတွေကြားက
အမိမြေအတွက်
ကြေကွဲနေရဆဲပါလေ။

ရွှေပြည်တော်ရေ
မျော်တိုင်းမဝေးစေဖို့ 
တစ်နေ့ တော့လေ
ချစ်တဲ့ မြေကို
ရှိုက်နမ်းဖို့ အတွက်
အလွမ်းတွေကို
ထမ်းပိုးရင်းနဲ့ 
ငါတို့ 
ဆယ်လမွန်ငါးတွေလို
အိမ်ကိုပြန်လာခဲ့ မယ်
ဟေ့ ။ ။

မော်မင်းသန်း

အကိုကြီး ကိုအေးဝင်း
၆၆ နှစိမြောက်
မွေးနေ့ မင်္ဂလာအတွက်ရေး
ဖွဲ့ ပါတယ်။
၂၅ ၅ ၁၈
Rangoon
လွမ်းငွေ့ဝေဝေ ။
မင်းသားကြီးဝင်းဦးသီဆိုခဲ့တဲ့လွမ်းငွေ့ဝေဝေ သီချင်းကို လူတော်တော်များများကြားဘူးကြမှာပါ။ဆရာကြီးရွှေပြည်အေး ရဲ့လက်ရာပါ။ပထမဆုံးဒီသီချင်းကိုဘယ်သူဆိုခဲ့သလဲတော့ မသိပါ။ရွှေပြည်အေး တေးနုလက်ရာထင်ပါရဲ့။ကက်ဆက်ခွေ ခေတ်ကောင်းချိန်မှာထွက်လာတာပါ။

အခါခါ နွမ်းကြွေနေ လွမ်းငွေ့ဝေ ဝေ ဆိုပြီးအော်ဂင်နဲ့အဆုံးသတ်ပါတယ်။ ဂီတလုလင်မောင်ကိုကို အဖွဲ့ထင်ပါတယ်။အော်ဂင်ကိုတချိန်က ခရစ်ယန်ဘုရားကျောင်းတချို့မှာသာတီးကြပါတယ်။ဒီသီချင်းခွေမှာအော်ဂင်သံကို အစောဆုံးကြားဘူးတာထင်ပါတယ်။ဒီအခွေထဲကမေရှင် တို့ ဥသြဘသောင် တို့ ကြည်ကြည်ဌေး တို့ရဲ့သီချင်းတွေကိုတော့ မူရင်းခေတ်ဟောင်းသီချင်းဓါတ်ပြားတွေနဲ့ မြန်မာ့အသံကမကြာခဏကြားဘူးပါတယ်။ဒီ လွမ်းငွေ့ဝေဝေ ကိုတော့ ဒီကက်ဆက်ခွေထဲမှာ ဝင်းဦးပြန်ဆိုမှကြားဘူးတာပါ။ ဒီသီချင်းတွေ အကြောင်းပထမဆုံးပြောပြတာက အခု အမေရိကားရောက်နေတဲ့ ကိုအေးဝင်းပါ။ဖြစ်ရပုံကဒီလို။
၁၉၇၄ ၇၅ ၇၆ အချိန်တွေက တက္ကသိုလ်တွေမှာ ဗိုလ်နေဝင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပါတယ်။တဆက်ထဲမှာဘဲ အင်းစိန်ထောင်ထဲမှာကျောင်းပေါင်းစုံကလူငယ်တွေ အလုပ်သမားတွေ အလိုလိုစုမိကြပါတယ် ။ လေးတိုက် ငါးတိုက် ခြောက်တိုက် စစ်ခွေးတိုက် လက်ပါးတိုက် ( ကိုယ်ရေပြားရောဂါရှင်တွေထားတဲ့တိုက် ) အစရှိတဲ့ တိုက်အမျိုးမျိုး အဆောင်အမျိုးမျိုး မှာ အခြေအနေ အစုံစုံနဲ့နေကြရတယ်။

အဲဒီအချိန်က အင်မနက်စတီအင်တာနေရှင်နယ် တို့ ဟူးမင်းရိုဒ်ဝှော့ခ်ျ တို့ အိုင်စီအာစီတို့ဆိုတာ မကြားဘူးပါ။ရိုက်ကြနှက်ကြနှိပ်စက်ကြတာတွေတော့မဆန်းပါ။

( မုန်တိုင်းနောက်ကလေပြေညှင်း ။ )

ဒီသီချင်းကတော့ အခုရခိုင်အမတ်ဦးလှစော ကဗျာဆရာမောင်ခိုင်အောင်ဘဝနဲ့ဆိုလေ့ရှိတဲ့ ဓညဝတီခင်မောင်သန့်ရဲ့သီချင်းပါ။ရခိုင်ကျောင်းသားကဗျာဆရာလေးဟာ ရခိုင်အဆိုကျော်ရဲ့အလွမ်းသီချင်းကလေးဆိုပြတာ သဘာဝကျပါတယ်။ရခိုင်အမတ်ကြီးဟာ ဒီကနေ့ လွှတ်တော်ထဲမှာအင်မတန် အသံမာပေမဲ့ လွမ်းသံနှောတဲ့နေ့ရက်တွေကိုတော့ မှတ်မိနေပါတယ်။

နောက်ထပ်အဆိုကျော်တယောက်က စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုသက်တင်ပါ။ဝင်းဦးရဲ့နွမ်းလျအိမ်ပြန်သီချင်းကို အပြင်မှာတပိုင်းတစကြားဘူးပေမဲ့ သူဆိုပြမှ အစအဆုံးသေသေချာချာ နားထောင်ဘူးတာပါ ။အဆောင်မှာ သူကအပေါ်ထပ် ကိုယ်ကအောက်ထပ် ခြောက်လက်မလောက်ကြမ်းပေါက်ကလေးကြားထဲကဆိုပြရတာ ။

နောက်တယောက်ကပန်းချီဆရာမန္တလေးတင်မောင်ဦးပါ။အလွန်ပိန်လို့လားမသိ ။ ကိုဗလလို့ခေါ်တယ်။ ဆရာကြီးပေါ်ဦးသက်တို့ ဆရာကြီးဦးဝင်းဖေ တို့ရဲ့လက်ထွက် မန္တလေးသားစစ်စစ် ဆံပင် အင်္ကျီ ဘောင်းဘီ ဖို့ယိုးဖားယား ဝတ်ပြီးမြို့မငြိမ်းသီချင်းတွေ ကို အက်ကွဲစူးရှသံနဲ့ဆိုလေ့ရှိပါတယ်။ပန်းချီအကြောင်းတွေဘက်စုံပြောပြတဲ့ ပန်းချီနဲ့ပတ်သက်ရင် သင်ဆရာမြင်ဆရာတဦးဖြစ်လာပါတယ်။
နောက်အဆိုရှင်တယောက်က စန္ဒယားချစ်ဆွေ သီချင်းတွေဆိုပြတဲ့ ရေကျော်သား တင်သိန်းလွင်ပါ ။လူမမြင်ရဘဲ တိုက်ထဲမှာ ဟိုဘက်ခန်း ဒီဘက်ခန်း အသံဘဲကြားခဲ့ရတာပါ ။သူနဲ့ပတ်သက်ပြီးအမှတ်တရပြောစရာရှိတယ် ။သူဟာ ဟိုးရှမ်းပြည်ဘက်ကတိုင်းရင်းသားစစ်တပ်တခုမှာ အရာရှိတယောက်ဖြစ်လာတယ် ။နောက်ပိုင်းတော့ ရန်ကုန်မှာသူနဲ့မကြာမကြာတွေ့နေကျပါ ။ ဒီကြားထဲမှာ စစ်ပွဲတွေနဲ့ ဗမာ့သမိုင်းကြောင်းဆက်စပ်တဲ့ဆောင်းပါးစာအုပ်တအုပ်ဖတ်မိတယ် ။ သူငယ်ချင်းကလေးတယောက်ဆီကငှားဖတ်တာပါ။ ။ဖတ်ရင်းနဲ့သဘောကျတာနဲ့ စာအုပ်ပိုင်ရှင်ကိုပြန်မပေးတော့ပါ။မကြာခင်ကမှ သိရတာ ။စာရေးဆရာက တင်သိန်းလွင်ဆိုဘဲ။ဖြစ်ရလေ။
လွမ်းငွေ့ဝေဝေအကြောင်းပြန်ဆက်ပါ့မယ်။ထိပ်ပေါက်ခေါင်ကွဲ ကာလတွေရှိသလို ရေဒီယိုတွေ ဘာတွေ နားထောင်လို့ရတဲ့ကာလကလေးတွေရှိခဲ့တယ်။ကိုယ်တိုင်နားမထောင်ရပေမဲ့ ကိုအေးဝင်း တို့ရေဒီယိုကလေးနားထောင်ခွင့်ရတဲ့ အချိန်ရှိခဲ့တယ်။ရေဒီယိုမှာလွမ်းငွေ့ဝေဝေ အပါအဝင် ရွှေပြည်အေးသီချင်းတွေအကြောင်း သူနားထောင်ခဲ့ရတာပြောပြဘူးတယ် ။အပြင်ပြန်ရောက်လို့ကက်ဆက်ခွေနားထောင်မိမှ သြော်ဟိုတုန်းကသူပြောပြတာ ဒီသီချင်းတွေကိုး လို့သတိရတော့တယ် ။
ကိုအေးဝင်း ကသူ့မွေးနေ့အမှတ်တရလေး တခုခုပြောပါဆိုလို့။ရောက်တတ်ရာရာပါ၊ကိုတင်မောင်ဦး နဲ့ ကိုသက်တင်တို့တော့ကွယ်လွန်သွားကြပါပြီ။ကိုယ့်နားနဲ့ဆတ်ဆတ်ကြားခဲ့ရတဲ့ အဆိုဆရာတွေအကြောင်းပါ ။စာအုပ်ငှားဖတ်ပြီးပြန်မပေးဖြစ်တော့တဲ့ သူငယ်ချင်ကလေးလဲဆုံးရှာပါပြီ။

မုန်တိုင်းထဲက လေပြေညှင်းတွေဖြစ်ပါတယ်။

Wednesday, May 23, 2018

ကျနော့်ရဲ့ ဖိုးသောကြာများ - ဌေးဝင်း (ဂျာမဏီ)

ကျနော့်ရဲ့ ဖိုးသောကြာများ


ဗမာပြည်မှာ ကျနော်အလုပ်လုပ်ခဲ့တုန်းက လုပ်ဖေါ်ကိုင်ဘက်များ ပြောလေ့ရှိတဲ့ စကားတခုကို ကျနော် မှတ်မိနေသေးတယ်။ စနေ၊ တနင်္ဂနွေက ရုံးပိတ်ရက်ဆိုတော့ သောကြာနေ့မှာ သူတို့ သောက်လေ့ရှိကြတယ်။ ပီးတော့ သောကြာနေ့မှာ သူတို့ အမြဲပြောတဲ့စကားကတော့ သောက်ရင် ကြာတဲ့နေ့မို့လို့ သောကြာနေ့လို့ အမည်တွင်တာတဲ့။ ဖိုးသောကြာတို့ရဲ့ ကိုယ်ပိုင် အဓိပ္ပါယ် ဖွင့်ဆိုချက်တခုပေါ့။ ကျနော့်မှာလဲ ကျနော့်ရဲ့ အရင်းနှီးဆုံး ချစ်သော ဖိုးသောကြာ ၃ ယောက် ရှိပါတယ်။ ဒီအထဲမှာ ၆၆ နှစ်ပြည့် မွေးနေ့ရှင် ရဲဘော်ကြီး ကိုအေးဝင်းလဲ အပါအဝင်ပေါ့။ သူတို့ ၃ ဦးလုံးကလဲ ကျနော်တို့စက်မှုတက္ကသိုလ်က၊ ကျနော့်ထက်အသက်နဲနဲ ကြီးသူတွေ၊ စက်မှု တက္ကသိုလ်ကို အရင်ရောက်သူတွေ ဖြစ်ကြပါတယ်။

ပထမဆုံးကတော့ အရင်းနှီးဆုံး ဘော်ဒါကြီးဖြစ်ခဲ့တဲ့ ပိသုကာ ကိုဆန်းညွန့်ပါ။ ကဗျာတွေရေးတဲ့ သူ့ရဲ့ ကလောင်နာမည်က မောင်ဆန်းညွန့် (ရေကျော်) သို့မဟုတ် မောင်ညိုငယ် တဲ့။ သူက သိပ်ကို စောစီးစွာဘဲ ဆုံးပါးသွားရှာပီ။ သူတပါးအပေါ် အလွန်စာနာထောက်ထားတတ်တဲ့၊ အလွန် အေးဆေးတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ ပိသုကာဘာသာရပ်ကို ကျနော်နဲ့ တတန်းထဲ တက်ခဲ့သူပါ။ သူက ပိသုကာဖြစ်သွားပီး ကျနော်ကတော့ စတုတ္ထနှစ်မှာ ဘဝတက္ကသိုလ်ကို ရောက်သွားခဲ့ ပါတယ်။ ၁၉၇၈ လောက်ကနေ ၁၉၈၃ လောက်ဆီထိ သူနဲ့ ကျနော် ပိသုကာအလုပ်လေးတွေ အတူတကွ လက်တွဲ အလုပ်လုပ်ခဲ့ကြတယ်။ အဲဒီကာလက ညနေဘက်ဆို သူပျောက်ပျောက် သွားတတ်တယ်။ ဖိုးသောကြာတယောက် ပျောက်ပျောက်သွားတာ ဘယ်ရောက်သွားလဲဆိုတာ မေးစရာ မလိုတော့ဘူးပေါ့နော်။

နောက်တယောက်က ကျနော်လေးစားတဲ့ ချစ်စွာသော ရဲဘော်ကြီး ကိုတင်အေးကြူပါ။ သူ့ရဲ့ ကလောင်နာမည် မောင်မှိုင်းလွင်(အင်းဝ) ဆိုတာ အထူးပြောစရာ လိုမယ်မထင်တော့ပါ။ ၁၉၇၂ ကျနော် စက်မှုတက္ကသိုလ်ကို ရောက်ပီးနောက် ကျောင်းထဲမှာ သူ့ကို တွေ့ဘူးပါတယ်။ အဲဒီတုန်းက ဆံရှည်ကိုယ်တော်တွေပေါ့။ ကိုတင်အေးကြူ သို့မဟုတ် မောင်မှိုင်းလွင်(အင်းဝ) နာမည်နဲ့ သူ့ရဲ့ ကဗျာတွေလဲ ဖတ်ခဲ့ဘူးပါတယ်။ နောက် ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက် သခင်ကိုယ်တော်မှိုင်း ရာပြည့် ကျောင်းသားအရေးတော်ပုံနေ့မှာတော့ ဆရာကြီးမှိုင်းရဲ့ အုတ်ဂူရှေ့မှာ သူကတရားဟော၊ မောင်လေးအောင်ရဲ့ “ဒီဇင်ဘာတမ်းချင်း” ကဗျာရွတ်၊ ဆရာကြီးမှိုင်းရဲ့ လေးချိုးကြီးတွေရွတ်တဲ့ အချိန်ကစပီး သူ့ကို လေးစားခဲ့တာပါ။ နောက် မှိုင်းရာပြည့် အရေးတော်ပုံကြောင့် သူရော ကျနော်ရော ဖမ်းဆီးခံခဲ့ရပီး အင်းစိန်ထောင်၊ တိုက် ၄၊ အခန်း ၄ မှာ သူနဲ့ကျနော် စီရင်ချက် မကျခင်အထိ အတူနေခဲ့ရပါတယ်။ အဲဒီမှာ သူ့ရဲ့ အတွေ့အကြုံတွေ၊ လေ့လာအား၊ သူ့ရဲ့ အနုပညာ တွေကို လေ့လာသိရှိခွင့် ရခဲ့ပါတယ်။ ဒါတွေဟာ ဘဝတက္ကသိုလ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန် ရတနာတွေပါ။ နောက် ၁၉၈၈-၈၉ သူနဲ့ကျနော် အလံတော်တလက်ထဲအောက်မှာ အတူလှုပ်ရှားခဲ့ စဉ်က တအူတုံဆင်း ညီအကိုရင်းပမာ ထိစပ်လှုပ်ရှားခဲ့ပါတယ်။ နောက် သူက ၁၉၈၉ ကနေ ၂၀၀၅ ခုနှစ်အထိ ၁၆ နှစ်ကြာ ရန်သူ့လက်တွင်း ကျရောက်ခဲ့ရပီး ကျနော်ကတော့ ရန်သူ့လက်က ထွက်ပြေးလွတ်မြောက် ရုန်းကန်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းကတော့ သူလဲ ပျောက်ပျောက်သွားတတ်တဲ့ ဖိုးသောကြာတယောက်လို့ ကြားခဲ့ရပါတယ်။ ဟိုတလောလေးက ဆေးရုံတက်ရပီး ခုတော့ပြန်လည် ကျန်းမာလို့။ မနှစ်က သူနဲ့ကျနော်လူချင်းတွေ့တော့ သူ့ရဲ့ အားမန်အပြည့်နဲ့ ကြုံးဝါးသံက “ငါမသေသေးဘူး” တဲ့။ ကြားရတာ အားရတယ်၊ တောင့်ထားပေဦး တော့ ရဲဘော်ကြီးရေ။

နောက်တယောက်က ကျနော့်ရဲ့ ချစ်လှစွာသော ရဲဘော်ကြီး ကိုအေးဝင်း၊ ၁၉၈၉ မှာ ကျနော့်လိုဘဲ ရန်သူ့လက်က ထွက်ပြေးလွတ်မြောက်ခဲ့ပီး မဲဆောက်မှာ ကျနော်နဲ့ ဘွားကနဲ ပြန်လည်ဆုံတွေ့ခဲ့ ကြတာပါ။ ဒီအကြောင်းတွေ ကျနော့်စာထဲမှာရော၊ သူ့စာထဲမှာပါ ရေးခဲ့ကြပီးပါပီ။ အဲဒီနောက် ကိုဖိုးကြူး ကိုသွားခေါ်ပီး ကျနော်တို့ ရဲသုံးဘော်ပေါ့။ ဒါပေမဲ့ အဲဒီညနေဘဲ ဒီနှစ်ယောက်က ပျောက်သွားပါ လေရော။ ဖိုးသောကြာသွားလုပ်ကြတာပေါ့။ ကျနော်က အဲဒီတုန်းက မသောက် တတ်တော့ ကျနော့်ကိုတော့ မခေါ်သွားဘူး။ သူတို့နှစ်ယောက်က ရန်ကုန်မှာကတဲက ရန်ကုန် ကနေ ပျောက်ပျောက်သွားတတ်တဲ့ သောက်ဖေါ်သောက်ဖက်၊ ကွမ်းခြံကုန်းဘက်မှာ ညအိပ်ညနေ သွားသောက်ကြတာတဲ့။ မဲဆောက်ကနေ ကျနော်တို့ ရဲသုံးဘော် ဘန်ကောက်သွားကြတယ်။ ၁၉၈၉ စက်တင်ဘာကနေ ၁၉၉၁ ဧပြီလ ကိုအေးဝင်း အမေရိက သွားသည်အထိ ဘန်ကောက်မှာ ဒုက္ခသည်အဖြစ် အတူတကွ ရှိခဲ့ကြတယ်။ ဘန်ကောက်ရောက်ပီးစမှာ ရဲဘော်ကြီးက နေ့လယ်ပိုင်း လောက်ဆို ပျောက်ပျောက်သွားပီး ညမှောင်ရီပျိုးစမှ ပြန်လာတတ်တယ်။ သူပြောပြတာကတော့ ကိုစိုးပိုင်တို့အိမ်သွား၊ ညနေပြန်လာရင် လမ်းထိပ်က ဆိုင်လေးတွေမှာ ဖိုးသောကြာပေါ့။

ကျနော်တို့ ဒုက္ခသည်လျှောက်ထားတုန်းအချိန် တညနေမှာ သူတို့နှစ်ယောက်နဲ့အတူ ကျနော်ပါ ပါသွားတယ်၊ ကိုယ့်ဆရာနှစ်ယောက်က ဖိုးသောကြာလုပ်ပီး ရစ်ကြပါလေရော။ ရဲဘော် ရဲကြီးရဲ့ စာမှာ ကိုအေးဝင်းတို့ ရန်ကုန်မှာကတဲက အရစ်ရှည် တိုင်ပတ်ခဲ့ကြတဲ့အကြောင်း ရေးထားလို့ ကျနော်လဲ ခုမှ ဒီအကြောင်းရေးဖြစ်တာပါ။ ကိုအေးဝင်းနဲ့ ကိုဖိုးကြူးက Tuk Tuk ငှါး၊ ဘယ်သွား မယ်ပြော၊ ဒါပေမဲ့ Tuk Tuk ဆရာက နားမလည်။ ဘယ်တွေလျှောက်မောင်းလို့ ဘယ်တွေရောက်ခဲ့ မှန်းကို မသိခဲ့ပါဘူး။ ကျနော်လဲ ကိုယ့်ဆရာနှစ်ယောက်ကို ထိမ်းဘို့ ကြိုးစားပေမဲ့ ဘယ်လိုမှ ထိမ်းမနိုင်ဘူး။ ကျနော် အဲဒီတုန်းက စိုးရိမ်ခဲ့တာက ဒုက္ခသည်လျှောက်ထားတဲ့အချိန်ဆိုတော့ ကျနော်တို့မှာ ဘာစာရွက်စာတန်း၊ အထောက်အထား၊ လက်မှတ် တစုံတရာ မရှိခဲ့ဘူး။ ရဲအဖမ်းခံ ထိလို့ကတော့ သွားပီ။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ကျနော်တို့နေတဲ့ အခန်းကိုတော့ ပြန်ရောက်ခဲ့ပါတယ်။ နောက်နေ့မနက်ကြတော့ ကိုယ့်ဆရာတွေက ဘာမှမမှတ်မိတော့ဘူး။

ကျနော်တို့ အတူနေခဲ့စဉ် ကာလတလျှောက်မှာလဲ သူတို့နှစ်ယောက်က ယမကာ လုလင်ကလေး များလို့ ကိုယ့်ကိုယ်ကို သမုတ်ပီး ဖိုးသောကြာ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရဲဘော်ကြီး ဖိုးသောကြာ လုပ်လို့ ကံကောင်းလှတဲ့ အဖြစ်ကတော့ ၁၉၈၉ ဇူလိုင် ၁၁ ရက် သူ့ကိုလာဖမ်းတဲ့ အချိန်တုန်းက သူက အိမ်ကနေပျောက်ပီး ဖိုးသောကြာ အလုပ်ကောင်းလို့ လာဖမ်းတဲ့ ထောက်လှမ်းရေးက “အားလုံးရှိတယ်၊ ဟိုတယောက်ပဲ အိမ်မှာမရှိဘူး” လို့ ပြောယူရတဲ့ အထိပါဘဲ။ သူက အိမ်မှာ ဘယ်ရှိပါမလဲ၊ ပျောက်ပျောက်သွားတတ်တာကို၊ ဒါကို ထောက်လှမ်းရေးက မသိရှာဘူး။ သူ ဖိုးသောကြာ အလုပ်ကောင်းလို့ သူ့ရဲ့ ဝရမ်းပြေးဘဝကို စနိုင်ခဲ့တာဘဲ။ ကံကောင်းလေစွ ရဲဘော်ကြီးရေ။

ကဲ … ရဲဘော်ကြီး ကိုအေးဝင်းရေ၊ ခင်ဗျားလဲ ၆၆ နှစ် ပြည့်ပီ၊ ကျနော်လဲ ၆၄ ပြည့်တော့မယ်။ ခင်ဗျားမသေခင် သို့မဟုတ် ကျနော်မသေခင် ကျနော်တို့ ပြန်တွေ့ကြဦးမှ ဖြစ်မယ်ဗျို့။ အဲဒီ အချိန်ထိ တောင့်ထား ရဲဘော်ကြီးရေ။

ကျန်တဲ့ ကျနော့်ရဲ့ ဖိုးသောကြာ ၂ ယောက် “သက်တော်ရာကျော် ရှည်စေသောဝ်”။ ။

ဌေးဝင်း (ဂျာမဏီ)

Saturday, May 19, 2018

အဘမွေးနေ့အတွက်


အဘမွေးနေ့အတွက်

ကျနော်ကတော့ သူ့ကို ချစ်စနိုးနဲ့ အဘလို့ ခေါ်တယ်။ အဖေအရွယ်၊ ဦးလေးအရွယ်မို့လို့ အဲလို ခေါ်တာပါ။ စိတ်ထဲမှာတော့ အကိုတယောက်လို သဘောထားတယ်။ ဘာလို့လဲဆိုတော့ သူက အရွယ်နဲ့ မလိုက်အောင် စိတ်ပိုင်းဆိုင်ရာ သွက်လက်လို့။
.
ဘယ်တုန်းက စသိတယ်ဆိုတာတော့ မမှတ်မိဘူး။ ကျနော့်အထင် ခေါင်းလောင်းသံ ဂရုထဲမှာ စသိတယ် ဖြစ်မယ်။ အဘနဲ့ မသိခင် သူ့သမီးနဲ့ ကျနော်နဲ့ အရင်မိတ်ဆွေ ဖြစ်တယ်။ ပြီးမှ အဘနဲ့ သိတယ်။ အဖေရော၊ သမီးရော လူချင်းမတွေ့ဘူးပဲ သိတာ သူတို့ပဲ ရှိမယ်။
.
အဘအကြောင်းတွေကို သူရေးတဲ့စာတွေကနေ တဆင့်သိရတယ်။ သူ ပထမဆုံးအကြိမ် နိုင်ငံရေးမူနဲ့ ထောင်ကျတဲ့နှစ်ဟာ ကျနော်မွေးတဲ့နှစ်။ သူက စက်မူတက္ကသိုလ်ကျောင်းသား ရဲရဲတောက် လှုပ်ရှားခဲ့သူ။ စာအုပ်ရောင်းဖူးတယ်။ ဘန်ကောက်မှာ နေဖူးတယ်။ အမေရိကားမှာ စာဆက်တင်ဖို့ အခွင့်အရေးရပေမဲ့ အိမ်သူ့ကျန်းမာရေးကြောင့် ရပ်ဆိုင်းခဲ့သူ။ မြေးနှစ်ယောက်အဖိုး။ စာဖတ်နာသူ၊ စာရေးကောင်းသူ၊ ဟင်းချက်ကောင်းသူ။ စာပေ ချစ်သူ၊ စာအုပ်စုသူ။ ပွင့်လင်းသူ။ ရိုးဖြောင့်သူ။ ပျော်ပျော်နေတတ်သူ။
.
အဘမှာ ဂုဏ်ပုဒ်တွေ အများကြီးပါ။ ကိုယ်နဲ့ အပြင်မှာ လူချင်းမမြင်ဘူးပေမဲ့ သူ့သဘော၊ သူ့မနောကို အဝေးက ကြည့်ပြီး ပေါင်းလို့ သင်းလို့ အတော်ကောင်းမှာပဲ လို့တွက်ထားမိတယ်။ သူတောင် ဘာလိုလိုနဲ့ ခြောက်ဆယ့်ခြောက် ရှိပြီတဲ့။ 66 တွေ ပြောင်းပြန်လှန်ပြီး 99 အထိ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ တရာကျော်ချင်လည်း ကျော်မှာပေါ့။ အရင်ဆုံးတော့ 99 အထိချိန်ထားပါ။ တနေ့တော့ လူချင်းတွေ့မယ်အဘ။

Friday, May 18, 2018

လမင်းတရာသို့ - ဘုန်းနွယ်လင်း

လမင်းတရာသို့





 ပြန်ဆုံပါ့မလားမမျှော်ရဲတဲ့မရေရာမူတွေကြား
ခင်ဗျား/ကျနော်ဆံဖြူသွားကျိုးခဲ့
လက်ချင်းဆုပ်မနူတ်ဆက်နိုင်ပေမဲ့
သွေးကြောတွေထဲမှာခင်ဗျားအရှင်လတ်လတ်
စာရွက်နဲ့အသံတွေကြားက
ပုန်းရှေင်မသွားပါနဲ့
ခင်ဗျားအပြုံးတွေကြေင့်
သက္ကရာဇ်တွေပွင့်စေချင်သေးတယ်
ရဲဘော်ရဲ့မွေးနေ့လက်ဆောင်


ဘုန်းနွယ်လင်း

“ချစ်သော အေးမာယာဝင်း၏ ၆၆နှစ်မွေးနေ့သို့ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုခြင်း”

“ချစ်သော အေးမာယာဝင်း၏ ၆၆နှစ်မွေးနေ့သို့ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုခြင်း”

ဒီလူ့ကို သိသလားမေးလာရင် …။

သိတာပေါ့။
ဒါ ကျုပ်ရဲဘော်၊
ကျုပ်သူငယ်ချင်း၊
ကျုပ်နဲ့ အင်းစိန်တောရ အတူဆင်းဘက်၊ ဆိမ်းဘက်ခ်ျလို့။
မဆိုင်းမတွ ရဲရဲ ပျော်ပျော် ဖြေပလိုက်မှာပေါ့။

�ဒီလူ့ကို မင်းတကယ်ရောသိရဲ့လား/ သိခဲ့ရဲ့လားလို့ ထပ်မေးမယ်။
ဒီမေးခွန်းကို ဖြေရမှာ နည်းနည်းတော့ ဂွကျတတရယ်။
အင်းးး … ၊ဒီတစ်ခါတော့ ၀ါးတားတားဖြေရတော့မယ်။ ဖြေမှ ဖြစ်တော့မယ်။
ဘာဖြစ်လို့လဲဆိုတော့ ..
သူနဲ့ကိုယ်က အပြင်မှာ အရှင်လတ်လတ် ၂ခါလားပဲ တွေ့ဖူးတယ်။
နောက်ဆုံးတစ်ခါက လှည်းတန်းလား အုတ်ကျင်းလားမှာမသိ၊ ကားပေါ်မှာ တွေ့ခဲ့တာ။ အဲ့တုန်းက သူတောင် ရီဝေနေသလား မပြောတတ်။ ကျွန်တော်က ရန်ကုန်က အပြီးပိုင်ထွက်ခါနီးရက်တွေပေါ့။

(အဲ့ဒီကာလက ကျုပ်တို့ ရွှေပြည်ကြီးမှာ ဗကပယူဂျီဆဲလ်တွေဟာ မွစာကို ကျဲနေတာ။ သူလည်း အဲ့ဒီဆဲလ်ပေါင်းများစွာထဲက ကိုယ်နဲ့မတူသော ဆဲလ်တစ်ခုမှာရှိလိမ့်မယ်ထင်တာပဲ။ ပင်မ နောက်ခံတူမယ် ။ နောက်ဆုံးသွားရမယ့် ရည်မှန်းချက်တူမယ်။ ဒါပေမယ့် ပြည်မကြီးဝမ်းပိုက်ထဲမှာ ငြိမ်သက်စွာ နေထိုင်လှုပ်ရှားရတဲ့ ခွင်လေးတွေ မတူဘူး။)

ကျွန်တော်က ဆရာအေးလို့ ချစ်ခင်စွာ တလေးတစားခေါ်တဲ့ ကိုအေးဝင်း(လမင်းတရာ)နဲ့ ကျွန်တော်နဲ့က အင်းစိန်တောရမှာ အတူသီတင်းသုံးဘက်။ ဒါပေမယ့် အဲ့ဒီ ထောင်တွင်းကာလမှာ နေကြရတဲ့ တိုက်တွေ အဆောင်တွေ မတူတော့တစ်ယောက်ကို တစ်ယောက် အရှင်လတ်လတ်မဆုံကြဘူး။ မမြင်ဖူးကြဘူး။ မြင်ဖူးတယ်ဆိုရင်တောင် လှစ်ကနဲနေမှာ။ စိတ်အာရုံမှာ အတူဖြတ်သန်းဖူးတဲ့ ပုံရိပ်ပေါ်မလာဘူး။
အပြင်ပြန်ရောက်လာကြတော့လည်း ၂ကြိမ်လားမသိ၊ လူချင်းဆုံဖူးတာ။ ဒါေ့ကြာင့် သိလားဆိုတော့ သိတယ်။ တကယ်သိလားဆိုရင် ဝေေ၀၀ါးဝါး သိများသိလေသလားဖြေရမှာ။

��တကယ်ဆိုတော့ “ရဲဘော်” ဆိုတဲ့ တံဆိပ်ကပ်လိုက်ပြီ။ ဒီဝေါဟာရကို သုံးလိုက်ပြီဆို မသိလို့ မရ၊ ထဲထဲဝင်ဝင်သိကြတယ်ဆိုတာ နှလုံးသားမှာ သံမှိုရိုက်ပြီးသား။ တက်တူးထိုးပြီးသား။ လူချင်းဆုံစရာမလို။ နှလုံးသားချင်း၊ ယုံကြည်မှုချင်းပဲ ဆုံစရာလိုတယ်။

�ခုလို ဆယ်စုနှစ်တွေ အတော်ဖြတ်သန်းလာပြီးနောက်၊ သူ့အကြောင်းတွေကို သူရေးတဲ့စာတွေထဲက ဖတ်ရ။ ကိုယ့်ရဲဘော်တွေနဲ့ စကားစမြည်ပြောဖြစ်တဲ့ အခါ ဟိုနားတစ်စ ဒီနားတစ်စ ပေါ်လာတဲ့ သူ့ဖြတ်ပိုင်းပုံလေးတွေကို ဆက်ကြည့်ရတဲ့အခါ၊ လူသာမဆုံတယ်၊တစ်မြုံတည်းက ငှက်တွေ ဖြစ်နေတာတွေ့ရတယ်။

သူနဲ့ အရင်းနှီးဆုံးလူ၊ သူနဲ့ အတူဖြတ်သန်းခဲ့သူ၊ သူနဲ့ အတူလျှို့ဝှက်လုပ်ဆောင်ခဲ့သူ၊ စွန့်စားခဲ့သူတွေဟာ ကျွန်တော်နဲ့ ပူးတုံခွာလှည့်၊ (ဟိုတစ်ကွေ့တွေ့၊ဒီတစ်ကွေ့ခွာ)နေကြရတဲ့ ရဲဘော်ရင်းတွေ ဖြစ်နေပြန်တယ်။ အဲတော့ လူချင်းမဆုံပေမယ့် ဘ၀ချင်းဆုံနေခဲ့သော ရဲဘော်ရဲဘက်ပါပဲ။ ကိုအေးဝင်းဟာ ကျွန်တော့်ရဲဘော်၊ ကျွန်တော်တို့ ရဲဘော်ပါပဲ။

သူ့အတိတ်ရဲ့ ရန်ကုန်က လမင်းတစ်ရာ စာအုပ်အငှားဆိုင်လေးဟာ တစ်စုံတရာတန်ဖိုးနဲ့ သမိုင်းတာဝန်ကျေခဲ့သလို၊ အင်တာနက်ပေါ်က၊ သူလုပ်ဆောင်နေတဲ့ “မာယာမဂ္ဂဇင်း”ဟာလည်း ခုချိန်ထိ တာဝန်ထမ်းဆောင်ဆဲ။

�၂၀၀၇ အောက်တိုဘာ၃၀ မှာ၊ “မွန်းတည့်နေရိပ်”ဆိုတဲ့ ကျွန်တော်တို့လူငယ်ဘ၀က နာမည်ကျော်ခဲ့တဲ့ (စက်မှုတက္ကသိုလ်က) ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်နဲ့ စတင်မိတ်ဆက်ခဲ့တဲ့ အွန်လိုင်း မဂ္ဂဇင်းဟာ၊ ၂၀၁၈မေလမှာ ““၆၆” ဆိုတဲ့ စာမူကိုဖေါ်ပြပြီး ခိုင်ခိုင်မာမာ ရပ်တည်နေတုန်းပါပဲ။
�သူဟာ စာချစ်သူ၊ စာကိုတန်ဖိုးထားသူ၊ သူတန်ဖိုးထားတဲ့စာတွေကို သူသန်ရာနည်းလမ်းတွေနဲ့ ဒီနေ့အထိ ဖြန့်ဝေပေးမျှနေသူဖြစ်တယ်။
�သူဟာ သူနဲ့ ခေတ်ပြိုင်ရဲဘော်တွေကို ချစ်ခြင်းကြီးစွာနဲ့ ချစ်နေဆဲ သွေးနွေးနေဆဲ ရဲဘော်ဖြစ်တယ်။�သူဟာ သူယုံကြည်ရာကို အခု အသက်(၆၆)နှစ်ပြည့်သည်အထိ စွဲမြဲစွာ ကိုင်စွဲထားသူဖြစ်တယ်။
မတရားမှုကို မုန်းသူ၊ စစ်အာဏာရှင်ကို မုန်းသူ၊ မမှန်ကန်မှုကို မုန်းသူဖြစ်တယ်။
သူအလုပ်လုပ်ရာ ၊ သမုဒ္ဒရာကမ်းခြေတစ်ခုကနေ နေ၀င်ချိန်တွေကို ငေးရီနှစ်သက်မှတ်တမ်းယူနေသူဖြစ်တယ်။
�ဇနီးသားသမီးမြေးများကို ချစ်သူ၊ ငှက်များနဲ့ သဘာဝကို ချစ်သူ၊ ဟင်းချက်ကောင်းသူ၊ ဟင်းကောင်းကြိုက်သူ၊ မိတ်ဆွေ ရဲဘော်များကို ချစ်စိတ်နဲ့ပူပင်နေတတ်သူဖြစ်တယ်။
�ခု သူ (၆၆)နှစ်ပြည့်ပြီတဲ့။ ဆီးချိုနည်းနည်း၊ သွေးတိုးနည်းနည်း၊ ချစ်ခြင်းများများ၊ သံယောဇဉ်များများနဲ့ နေထိုင်တဲ့သူ့ကို တစ်ခေါက်လောက်ဖြင့် မျက်နှာချင်းဆိုင် စကားစမြည်ပြောချင်သေးတယ်။
�ကျွန်တော့်အဖေ၊ (သူနဲ့လည်း တစ်ကြိမ်တော့ဆုံဖူးမယ်ထင်ပါတယ်) ပြောခဲ့တဲ့စကားလေး လက်ဆောင်ပေးချင်တယ်။
�လူတွေဟာ အသက်(၆၀)ထိ နေရရင် အရင်းကျေပြီကွ၊ အဲ့ဒီကနေ တစ်ရက်၊ တစ်နှစ်ပိုနေရလေလေ နေရသမျှအချိန်တွေ အားလုံးဟာ ကိုယ့်အတွက်အမြတ်တွေချည်းပဲတဲ့။
�ကျွန်တော်ချစ်သော၊ ကျွန်တော့်ရဲဘော်၊ ကျွန်တော့်ရှေ့က စီနီယာကြီး အမြတ်များများ ကျန်ပါစေ။
�လေးစားချစ်ခင်ခြင်းနဲ့
�သင့်ရဲဘော်

�ငအအ

မေကြည်

<ကိုယ့်ရဲ့ ၁၆နှစ်ပြည့် မွေးနေ့ အတွက် ဒေါ်မေကြည် ရေးပေးတဲ့ အမှတ်တရလက်ဆောင်။>

~စာရေးသူက အသက်မှာ ၅၀ နှုတ်ပြီး ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ နောက်ထပ် အသက် ၅၀ ထပ်နေရဦးမယ့် သဘောပါပဲ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ~

ဦးအေးဝင်းကို ကျွန်မက အဘ လို့ ရိုသေစွာ ခေါ်ပါတယ်။ ရိုသေစွာလို့ အထူးပြုရခြင်းဟာ အမှန်တကယ် နှစ်လို ရိုသေစိတ် နဲ့ ခေါ်ခြင်းကို ထင်ရှားစေချင်လို့ပါ။ အဘ ဦးအေးဝင်း ဆိုတာနဲ့ မေတ္တာစိတ်နဲ့ ကျေးဇူးတရား ဆိုတဲ့ စကားလုံးတွေ ဟာ စိတ်နှလုံးထဲ အရင် ဆုံး ဝင်လာပါတယ်။
အဘကို မိတ်ဆွေအဖြစ် ကျွမ်းဝင်ရတာဟာ မေတ္တာစိတ်နဲ့ ယှဉ်တဲ့ ကျေးဇူးတရား နဲ့ ဆက်နွယ်လို့ပါ။ ကိုယ့် အပေါ် စိတ်ရော ကိုယ်ပါ တလျှောက်လုံး ထောက်မ ကူညီခဲ့တဲ့ ကျေးဇူးရှင် ဟာ အဘတို့ မိသားစုနဲ့ ဆွေစဉ်မျိုးဆက် နှစ်ကာလ ရှည်စွာ ချစ်ခင် ရင်းနှီးခဲ့ကြသူ ဖြစ်နေလို့ပါ။ အခုအချိန်ထိ အဘကို ဓာတ်ပုံက တဆင့်သာ မြင်ဖူးပါတယ်။ ကိုယ့် ကျေးဇူးရှင်ရဲ့ ပုံရိပ် အောက်က လာပြောသွားတဲ့ မှတ်ချက်ကြောင့် အဘ ကို စ သိခဲ့ပါတယ်။ ကိုယ့် ကျေးဇူးရှင် က
အဘတို့မိသားစုနဲ့ ရင်းချာ ကျွမ်းဝင်ပြီး သူ့ သားတွေရဲ့ နာမည်ကို အဘတို့ အိမ်က သားတွေ နာမည် အတိုင်း ထပ်တူ ပေးထားတာတဲ့။ နာမည်တွေက လှပ ခမ်းနား လွန်းလို့ မဟုတ်ဘူး။ ထိုအမည် ပိုင်ရှင်များရဲ့ စိတ်နေ သဘောထားကို နှစ်လို လွန်း လို့ ပေးထား တယ် ဆိုတာ ရိပ်စားမိလို့ပါပဲ။ အဲဒီ အကြောင်းအရာလေးဟာ စိတ်နှလုံး မှာ လာ ငြိ ပြီး နောက်တော့ အဘ ကို အကျွမ်းတဝင် ဖြစ်လာစေတဲ့ အခြေခံ အချက်ပါပဲ။
တစ်ဆက်တည်းမှာ မေတ္တာစိတ်နဲ့ ယှဉ်တဲ့ ကျေးဇူးတရားအကြောင်းကို ပြန်လှန် စဉ်းစား ဖြစ်ပါတယ်။ လူတစ်ဦးက နောက်တစ်ဦးကို ကူညီ ထောက်မမှု ပြုခြင်းဟာ အမျိုးမျိုး ကွဲပြား ပါတယ်။ တာဝန်အရ လူမှုအသိစိတ်အရ ကူညီခြင်း ရှိသလို ဂရုဏာကြောင့် စေတနာကြောင့် ထောက်ပံ့ခြင်းလည်း ရှိတယ်။ အပြန်အလှန် အကျိုးအမြတ်ကြောင့် ကူညီတာကို မြင်တွေ့ နိုင်ပြီး မေတ္တာစိတ်ထားနဲ့ယှဉ်ကာ လူတစ်ယောက်ရဲ့ ကိုယ်ကျိုးချမ်းသာကို ဖော်ဆောင်ပေးတဲ့ စောင့်ရှောက် ကူညီခြင်းတွေလည်း ရှိရဲ့ ။
ကူညီရာမှာလည်း သူတပါးရဲ့ အခြေခံ လိုအပ်ချက်ဟာ ဘာလဲလို့ အသေအချာ ရိပ်စားမိသူက ဥာဏ်နဲ့ ဆင်ခြင်ပြီး ပေးတဲ့ အထောက်အပံ့ ဟာ အကောင်းဆုံးပါပဲ။ ဒီလို သိမြင်နိုင်တဲ့ ဥာဏ် ရှိဖို့ အထောက်အကူ ပြုသူဟာ အောက်သက်ကြေမှ ရနိုင်တာပါ။ အကူညီခံရသူရဲ့ စိတ် အခြေအနေ ကို မထိပါးစေဘဲ စောင့်ရှောက်ဖို့ရာ သာတောင် ခက်ပါသေးတယ်။
မွေးဖွားကြီးပြင်းလာရာ အရပ်တွေဟာ မနီးမဝေးဖြစ်ပြီး ဘာသာဗေဒ အခြေခံ တူသူမို့ အဘ နဲ့ ပြောဆိုဆက်ဆံရတာ ကိုယ့် ဦးလေးသားချင်းများလို ရင်းချာစိတ် ရှိတယ်။ ဘယ် အကြောင်း အရာ ကို မဆို ပေါ့ပေါ့ပါးပါး ပြောနိုင်တယ်။ စာအုပ်တွေအကြောင်း၊ အစားအသောက်အကြောင်း၊ ချက်ပြုတ်ခြင်းအကြောင်း၊ ခရီးထွက်ခြင်းအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း စတဲ့ အကြောင်းခြင်းရာတွေကို စုံ ပေါ့။ အဘ တို့ ဖြတ်သန်းခဲ့ရတဲ့ လူမှုဝန်းကျင်နဲ့ နိုင်ငံရေး အခြေအနေ ကိုလည်း အများကြီး ကြားနာခဲ့ရတယ်။ သူ့ ဘဝမှာ ကြုံခဲ့တာ များ လှပြီမို့ သူ ကြိုတင် သတိ ပေးတာတွေ တကယ် ဖြစ်လာတာ မြင်ခဲ့ရပြီ။ ဆက်လက်ပြီး အဘဆီက အကြံပြုချက်တွေ သတိပေးချက်တွေ နာယူချင်ပါသေးတယ်။ စုံလင်လှတဲ့ သူ့ ဘဝအကြောင်းကို နားထောင်ချင်ပါသေးတယ်။
ကျွန်မတို့ ရိုသေတဲ့ အဘ ဦးအေးဝင်း သက်ရှည်ကျန်းမာပါစေ။ ဘဝ နေဝင်ချိန်မှာ အဘ ချစ်တဲ့ မိသားစု၊ အဘ ချစ်တဲ့ သဘာဝအလှ နဲ့ သန့်စင်အေးမြသော လေ ကို ရှု ရင်း နေထိုင် ရှင်သန်ပါ။
အဘ ရေ... ကံ အခွင့် သင့်ရင်တော့ မော်လမြိုင် တောင်ပေါ်တန်းပေါ်မှာ ဆုံပြီး သံလွင်မြစ် နေဝင်ချိန်ကို ကြည့်ကြသေးတာပေါ့။ ပြီးတော့ ကမ်းနားလမ်းကို ဆင်းပြီး အစားအသောက် မျိုးစုံ စားကြအုန်းစို့ ရှင်။

��ရိုသေစွာဖြင့်
မေကြည်

Thursday, May 17, 2018

(မေ ၂၅၊ ၂၀၁၈ ကိုအေးဝင်း ရဲ့  ၆၆နှစ်ပြည့် မွေးနေ့ သို့) မိုးချိုသင်း

မလေးရှားမှာ နေတုန်းက အမေရိကားက ဖုန်းတခု လာတယ်။ ကျနော် လမင်းတရာ မောင်အေးဝင်းပါ တဲ့။ မိုးချိုသင်းရဲ့ စာမူတပုဒ် လမင်းတရာ စာစဉ်မှာ ဖော်ပြထားလို့ စာအုပ် လှမ်းပို့ပေးချင်ပါတယ် တဲ့။ အခုလို တကူးတက လှမ်း အသိပေးဖော်ရလို့ စိတ်ထဲမှာ ၀မ်းသာရတယ်။ စာကို တန်ဖိုးထားတဲ့သူ၊ စာပေကို ချစ်မြတ်နိုးတဲ့သူမှန်း မမြင်ဖူးပေမဲ့ ပထမအကြိမ်စကားပြောအပြီးမှာပဲ မိုင်ပေါင်းများစွာ ကွာဝေးနေတာတောင် သိလိုက်ရတယ်။ လွန်ခဲ့တဲ့ ၁၉နှစ်လောက်ကမို့ ဖုန်းခတွေ ဈေးကြီးနေတာတောင် ရှည်ရှည်ဝေးဝေး စကားတွေ ပြော လှမ်းဆက်တာ အမှတ်တရ ရှိနေပါတယ်။

အဲဒီတုန်းက အကို - ကိုအေးဝင်းလို့ အလွယ် ခေါ်မိတာပါ။ အသံကလဲ ကံကောင်းထောက်မစွာ နု သလို ဖြစ်နေတယ်လေ။ ကျနော်တို့က ကျနော်တို့က နဲ့ အများသဘောဆောင်သလိုမျိုး စကားပြောတတ်တယ်။ ဒါနဲ့ သူလို ကိုယ်လို လူငယ်တယောက်လို့သာ ထင်မိတာပဲ။ အဲဒီတုန်းကသာ ခုလို Facebook တွေပေါ်လို့ ရုပ်မြင်လိုက်ရင်တော့ "ကြည်" ခေါ်သလို အဘ ခေါ်ချင် ခေါ်မိမှာပါ (ဤကား စကားချပ်)။
နောက်တော့ ကံကြမ္မာက တမြို့ တည်းမှာ နေရဖို့ ဖန်လာပါတယ်။ LA ရောက်ပြီး နောက်တနေ့မှာပဲ အဖေက ဒီနေ့ ကိုအေးဝင်းလာလိမ့်မယ် သမီးရေ..တဲ့။ ဒီမှာ အဖေရယ်၊ ခင်ပွန်းရယ် ရှိပေမဲ့ အရောင်တူနိုင်တဲ့ မိတ်ဆွေတွေနဲ့ ခင်ခွင့်ရမှာ သိရလို့ အားရှိသွားတာ အမှန်ပဲ။ စကားကို လေးလေး မှန်မှန် နဲ့ ပြောလိုက်တဲ့ စကား၊ တနေ့လုံး သူချည်း ပြောပြီး ပြန်သွားတယ်။ သူ့အိမ်ကိုလဲ လာလည်ဖို့ ဖိတ်သွားတယ်။ ရုပ်ကတော့ တရုတ် သိုင်းဘိုးဘိုးကြီး ဒီဇိုင်းပဲ။ တခေါင်းလုံးဖြူနေတဲ့ ဆံပင်ရှည်ကြီးကို စည်းထားသေးတယ်။ ကြည့်လိုက်တာနဲ့ အတော်မိုက်တဲ့သူမှန်း သိသာပါတယ်။ ခေတ်ဆန်တဲ့ မိုက်နည်းမျိုး မဟုတ်ရပါ။ လူမိုက်ရုပ် ထွက်နေတာကို ဆိုလိုချင်တာပါ။

အဖေနဲ့က ဘော်ဒါတွေပေါ့။ သူတို့ ကဗျာတွေ အတူဖတ်ကြတယ်၊ စာတွေအတူ ဆွေးနွေးကြတယ်။ သူတို့ချစ်တဲ့ မိတ်ဆွေတွေအကြောင်း ပြောကြတယ်။ မြန်မာပြည် အတူ လွမ်းကြတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေရောပေါ့။ ပြီးတော့ ကက်ဆက်လေးနဲ့ ကပြားမလေး ဂိုယာရမ်သီချင်းကို နားထောင်ကြ ဆိုကြပေါ့။ အစားအသောက်အကြောင်းလဲ ပါတာပေါ့။ ကိုယ်ကတော့ ဘေးကနေ နားထောင်သူပေါ့။ အကိုက အဖေ့ကို အတော်ချစ်တယ်။ အဖေကလဲ သူ့ကို အမြဲလို မျှော်နေရှာတာပါ။ သူတို့ အတူ San Diego တို့ Universal Studio တို့ သွားကြတယ်၊ အဖေက ကိုအေးဝင်းနဲ့ Universal Studio သွားလည်တဲ့အကြောင်း ကဗျာစပ်သေးတယ်။ Studio ထဲက ဆက်တင်တွေမှာ ငလျင်တွေ လှုပ်၊ ရေတွေကြီး၊ ရထားတွေ မှောက်၊ မီးတွေ လောင်ပြီး စိတ်မောရပေမဲ့ ပြကွက်ပြီးသွားရင် အကုန် အကောင်းပဂတိ ပြန်ဖြစ်သွားသလို ကိုယ်တို့ ရွှေပြည်ကြီးလဲ ရုပ်ရှင်ဆက်တင်တွေလို ပျက်တာတွေ ခဏချင်း ပြန်ကောင်းသွားရင် ဘယ်လောက် ကောင်းလိုက်မလဲ တဲ့။ ကဗျာဆရာက အကောင်းကို မျှော်လို့ လမင်းတရာကိုအေးဝင်းကို ပွေ့ဖက်ပြီး ပြန်ခဲ့ပါသတဲ့။ ကဗျာဖတ်ရင်း သူတို့နှစ်ယောက်ကို ရုပ်ရှင်ပြကွက်တွေလို မြင်ယောင်ပြီး စိတ်ထိခိုက်ရသေးတယ်။

အဖေဆုံးသွားပြီးတဲ့နောက်မှာ ကိုအေးဝင်းရဲ့ စကားပြောဖော်ဟာ ကိုယ် ဖြစ်လာတယ်။ အဲဒီအခါ ထူးခြားတာက သူက ကိုယ်တို့ကြားမှာ ရှိနေတဲ့ အချိန် အပိုင်းအခြားကို ချုံ့ ပစ်လိုက်တာပါ။ စကားတွေပြောတိုင်း သူတို့ခေတ်က လူတွေ အကြောင်းကို ကိုယ်လဲ အဲဒီခေတ်မှာ မွေးဖွားကြီးပြင်းခဲ့သလို ပြောဆိုနေတော့တာပါ။ တကယ်က သူ နိုင်ငံရေးလုပ်၊ ထောင်ကျချိန်မှာမှ ကိုယ်က လူ့လောကထဲ စ ရောက်တဲ့သူ။ ဘယ်လိုလုပ် သူ့ဘော်ဒါတွေကို သိနိုင်ပါ့မလဲ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ အင်း လိုက်ရတာပဲ။ ဒီလူကြီးကို ခင်မိပြီကိုး။
ချိုသင်း အဲဒီတုန်းကလေ ကိုဖိုးကြူးက ဘယ်လို၊ ဆန္ဒန်ကြီးက ဘယ့်နှယ်၊ စသဖြင့် သူပြောတဲ့လူတွေနဲ့ ကိုယ်က ငယ်ပေါင်းကြီးဖော်တွေလို အားလုံး ဘော်ဒါတွေပဲ ဆိုသလိုမျိုး သူ့သူငယ်ချင်းတွေအကြောင်း ပြောနေတတ်တာပါ။ ပြီးရင် ဟိုလူ့ကို သိလား၊ ဒီလူ့ကို သိလား လဲ မေးသေးတာ။ သည်းခံပါတယ်။ သည်းခံပါတယ်။ သူ့အလွမ်းတွေ သွန်ချနေတာကို အတော် သည်းခံနေပါတယ်။ တခါတလေ ကိုယ် နားမလည်တဲ့ အယူအဆရေးရာတွေဖက် ရောက်ပြီး ပြောရင်းဆိုရင်း ဘေးတိုက်သွားတဲ့ ဂဏန်းကြီးလို ဖောက်သွားသေးတယ်။ ကိုယ်ကသာ ဂဏန်းလို့ သူ့ကို ထင်နေတာ၊ သူကတော့ အတည့်သွားနေတယ် ဖြူးလို့ ဖြောင့်လို့ လို့ ထင်ချင်ထင်နေမှာပေါ့။ အဲဒီအခါကျတော့လဲ ငြင်းရပြန်တာပေါ့။ အဲလို ငြင်းခုန်ပြီး တလ နှစ်လလောက် စကားမပြောကြဘူး။ နောက်တော့လဲ မနေနိုင်ပါဘူး။ သူ ဆီးချိုတက်နေတယ်ကြားရင် ဟိုဟာမရှောင်ဘူးလား၊ ဒါတွေ စားလိုက်ပြန်ပြီလား ဆိုပြီးကိုယ်ကလဲ ဆရာမကြီး သွားလုပ်ပြီး ပြန်ခေါ်လိုက်တာပါပဲ။ မုန့်လုံး စက္ကူကပ်ပဲ။

တခါတလေကျတော့လဲ Virtual world က အဖြစ်အပျက်တွေကို သူ ခံစားပြီး ဟင်းချက်နေတာပဲ ကောင်းပါတယ် ချိုသင်းရယ် တဲ့။ ကိုယ်လဲ ချ ချ လို့ အားပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူချက်တဲ့ဟင်းတွေက တကယ်ကောင်းတာပါ။ စေတနာတွေနဲ့ ပြည့်နေတာ..။ သူစားချင်တာတွေ ချက်နည်း ပြုတ်နည်းတွေ အားပါးတရ ရေးတတ်သေးလို့ ကိုယ့်အမျိုးသားက အရသာရှိသောစာ လို့ သွားရည်ကျတတ်သေးတယ်။

ဘ၀ဆိုတာ ဒီလိုပါပဲ။ ခရီးတခု အတူသွားခဲ့ကြတယ်။ အားလုံးဆင်တူ ၀တ်ထားတဲ့ group tour တော့ မဟုတ်ခဲ့ဘူး။ သူက အနီရောင် ၀တ်ထားပေမဲ့ ကိုယ်က အဖြူရောင် နှစ်သက်ချင်နှစ်သက်မိမှာပေါ့။ ဒါပေမဲ့ အဲဒီအရောင်တွေက ရောက်ချင်တဲ့ ခရီးဆုံးကိုတော့ အနှောက်အယှက် မဖြစ်စေခဲ့ဘူး။ တောင်တွေကို အတူ တက်လို့၊ မောရင် ရေ မျှတိုက်လို့၊ ခက်ခဲရင် အထုပ် ကူဆွဲ လို့ သွားကြရတာကို ၀မ်းသာတယ်။ မှောင်နဲ့မဲမဲမှာ မောင်နဲ့ နှမ လက်ချင်း တွဲလို့ရသေးတာ ကျေနပ်တယ်။ ကိုယ်ချစ်ခင်သူတွေနဲ့ ကြာရှည်လေးမြင့် မခေါ်မပြော ဖြစ်ရမှာ ပျင်းတယ်။ ခုခေတ်မှာ ပေါပေါပဲပဲဖြစ်နေတဲ့ အပြစ်တင်မှုတွေ၊ ရန်ဖြစ် စိတ်ဆိုးရမှာတွေအတွက် အချိန်တွေ အင်အားတွေ နှမြောတယ်။
အကို ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှည်ရှည် နေပါအုံး။ စာပေနဲ့ မွေ့လျော်ရတဲ့ဘ၀မှာ တည်ငြိမ်တဲ့ ငြိမ်းအေးမှုကို ခံစားလိုက်ပါအုံး..။



(မေ ၂၅၊ ၂၀၁၈ ကိုအေးဝင်း ရဲ့  ၆၆နှစ်ပြည့် မွေးနေ့ သို့)
မိုးချိုသင်း

လမင်းတရာ သာဆဲပါ

လမင်းတရာ သာဆဲပါ

လမင်းတရာ ဘယ်ကစသလဲဆိုရင်တော့”မောင်အေးဝင်း-လှသိဂီင်္ ကိုယ်ပိုင်စာကြည့်တိုက်”က စမယ်ထင်ပါတယ်။

နှစ်ယောက်လုံးကကျနော့်အနေနဲ့ပြောရင် ရဲဘော် သူငယ်ချင်း လင်မယားပါ။ ကိုအေးဝင်းက အင်းစိန်တောရမှာ စက်မှုတက္ကသိုလ်ကျောင်းသားဆိုးများ ဘဝနဲ့ထမင်းတလုပ်တုတ်တချက်ကို အန်တုဖြတ်ကျော်ခဲ့ကြသူတွေ မသိဂီင်္နဲ့က နိုင်ငံခြားဘာသာသိပ္ပံမှာ အထက်အောက် တတန်းကြီးတတန်းငယ် ဘာသာတူ သူငယ်ချင်းတွေ
နှစ်ယောက်လုံးက ကျနော့်ကို ချစ်ခင်ရင်းနှီးစွာနဲ့ ရဲကြီး လို့ခေါ်ခဲ့ကြသူတွေ။

◦ ၈၉ခုနှစ်မှာ ၄၈၂၈ယူဂျီလှုပ်ရှားမှုတွေပေါ်ပေါက်ပြီးဖမ်းဆီးမှုတွေဖြစ်တော့ ဆဲလ်တခုထဲဖြစ်တဲ့သူကအပြေးကောင်းလို့ဘန်ကောက်ရောက် နောက်တော့အမေရိကန်ရောက်(သူရေးတဲ့ ကျနော်ဒုက္ခသည် မှာဖတ်ပါ-ကြော်ငြာ)ကျနော်ကဒုတိယမ္ပိ မကြေပွဲနဲ့ အင်းစိန် သာယာဝတီရောက်။ ဆိုလိုတာကရင်ဘတ်ချင်းတူကြတဲ့ရဲဘော်တွေပါ။

တခါသား ကျနော်အိမ်ထောင်ကျပြီး အမျိုးသမီးနဲ့ ရန်ကုန်ဆေးရုံကြီးကိုသွားကြတယ်။ ဟိုင်းလတ်၄၈ဘတ်စကားနဲ့ပါ။ အဲဒါ လှည်းတန်းရောက်တော့ကားပေါ်ကိုခရီးသည်တွေ ထပ်တက်လာကြတယ်။ အဲဒီထဲကတယောက်က အားရဝမ်းသာနာမည်ခေါ်ပြီးနှုတ်ဆက်တာကြည့်လိုက်တော့သူ-ကိုအေးဝင်း နောက်တယောက်လဲပါသေးတယ်။ ကျနော်မသိတဲ့သူ နေ့လည်တချက်ခွဲ နှစ်ချက်လောက် ဒါပေမယ့်ကိုယ့်လူတွေကအတော်ကောင်းနေကြပြီ။ စကားတွေပြော နှုတ်တွေဆက်ပြီး ၁၆လမ်းမှာ သူတို့ဆင်းရင် လိုက်ဆင်းရမယ်ဆိုလာကြတယ်။ အဲဒီမှာပွဲဆက်ကြမယ်ပေါ့။

သူတို့နှစ်ယောက်က တအားစိတ်တွေထက်သန်ပြီး အတင်းခေါ် မလိုက်ရင်ဆွဲချတော့မယ့်ပုံဆိုတော့ ကျန်တဲ့ခရီးသည်တွေ အနှောက်အယှက်မဖြစ်အောင်လိုက်ပါ့မယ်လို့အာမခံလိုက်ပြီး အမျိုးသမီးကို ဆေးရုံကိစ္စအရင်တယောက်ထဲသွားနှင့်ဖို့ အပြန်လာခေါ်မယ်ပြောပြီးမှ ဒင်းတို့နဲ့ဆင်းလိုက်သွားရတော့တာပေါ့။

အဲဒီမှာ ၁၆လမ်းဆိုင်ရောက်တော့ သူအခုပြောပြောနေတဲ့ ဘီအီးနဲ့တိုလီမိုလီအမြည်းတွေစားသောက်စကားပြောပြီး မနဲစကားဖြတ်ပြီးဆေးရုံကိုထွက်လာရပါတယ်။

ဒါနဲ့မပြီးသေးပါဘူး နောက်တနေ့မြို့ထဲရောက်ရင်းရွှေလမင်းမှာဝင်ထိုင်တော့ ဒင်းကအဝင်ဝနားကစားပွဲမှာတယောက်တည်း ငုတ်တုတ် သွားနုတ်ဆက်ပြီး မနေ့ကဘယ်အချိန်မှပြန်ကြလဲလို့မေးကြည့်တော့သူကဇဝေဇဝါနဲ့ မနေ့ကရဲကြီးနဲ့ကိုယ်နဲ့တွေ့လို့လားတဲ့လေ သူ့ပုံကတကယ်မသိတဲ့ပုံ ဒါနဲ့ဘယ်လိုဘယ်လိုဆိုပြီးပြောပြတော့မှ ဟာ ဟုတ်ပြီ ကိုယ့်မှာအဲဒီကတ်ပျောက်နေတာ အခုမှဘဲသိတော့တယ်တဲ့ တကယ့်ကိုသူမေ့နေတာ အဲသလို။

ဒါနဲ့၈၉ဂျူလိုင် သြဂုတ်မှာ၂တိုက်ထဲရောက်တော့ကိုရာဇာကြီးနဲ့မျက်စောင်းထိုးအခန်းမှာနေရတယ် ရင်ကွဲတိုက်ထုံးစံတယောက်တယောက်မြင်ရပြီးစကားပြောကြရင်း စပ်မိသွားရာကအဲဒီနေ့က ကိုအေးဝင်းနဲ့ပါလာတဲ့တယောက်က သူပါဘဲတဲ့ ။
ဒင်းတို့၂ယောက် ကွမ်းခြံကုန်း တင်မောင်ဌေးဆီကပြန်လာတာ အဲ့မှာဘီအီးပြတ်သွားလို့မဝသေးတာနဲ့ဆယ်မိုင်ကုန်းပြန်လာ ပွဲဆက်ကြတာတဲ့ အဲဒီကနေမြို့ထဲအသွားကားပေါ်မှာကျနော်နဲ့တွေ့ပြီးဆက်အရစ်ရှည်ကြတာ အဲသလိုလူမျိုးတွေ
သူတို့ဟာကျနော့်အမှုတွဲတွေ အတူတွဲလုပ်ခဲ့ကြသူတွေ အဲလိုတယောက်တယောက်ချစ်ခင်စွာနဲ့အရစ်ရှည်တိုင်ပတ်ခဲ့ကြသူတွေ။
ခုတော့သူလဲရေခြားမြေခြားအမေရိကားမှာ လာရစ်ပါဦးလို့ပြောရင်တောင် လူခွဲမရှိလို့မလာနိုင်သူပါ မော်လမြိုင်သားပီပီ အရသာရှိမယ့်ဟင်းတွေချက်စားပြီး သူငယ်ချင်း ရဲဘော် မိတ်ဆွေများကို စက္ခုအာရုံနဲ့အဟာရကျွေးနေသူ Red Wineလေးကိုချိန်ဆသောက်သုံးရင်းနဲ့ ၆၆နှစ်အသက်ပြည့်မွေးနေ့ကိုဖြတ်ကျော်ဖို့စောင်စားနေသူ ကျန်းမာရေးအားနည်းလာတဲ့ဇနီးသည်မသိဂီင်္ကိုလက်တွဲခေါ်နေသူ။

ရဲဘော်ကြီးမွေးနေ့မှာဇနီး သမီးသမက် မြေးများနဲ့ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Saturday, May 12, 2018

" ၆၆ "



 ၆၆ ကို လူမှုကွန်ယက် သုံးသူတွေ လန့်နေကြတဲ့ ခေတ်မှာ ကိုယ်နဲ့ လူမှုကွန်ယက်မှာ စတင်သိကျွမ်းပြီး မိတ်ဆွေဟောင်းတွေလို လေပေးဖြောင့်တဲ့ လေးလေးဦးအေးဝင်းရဲ့ အသက်က ဒီလ ၆၆နှစ်ပြည့်တယ်။ တခါမှ မမြင်ဖူးပေမယ့် ကိုယ်က လေးလေးခေါ်တယ်၊ ကိုယ့်ကို မခိုင်လို့ ခေါ်တယ်၊ လူချင်းမဆုံဖူးပေမယ့် ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ သမိုင်းစတချို့ တူညီတဲ့ အတွက် မိတ်ဆွေဖွဲ့ကြတယ်ပေါ့။

စစ်အာဏာရှင်ကို မုန်းတီးတာ တူတယ်၊ ဆန့်ကျင်တာတူတယ်၊ ဒါပေမယ့် လေးလေးတို့က တကယ့်ကို ခေတ်ကြမ်းစနစ်ကြမ်းကို ဒင်းကြမ်း တိုးပြီး တိုက်ပွဲဝင်ခဲ့ကြသူတွေဆိုတာ ကျတော်ဝရမ်းပြေးဒုက္ခသည် အပါအဝင် အခြားစာတွေ ဖတ်ပြီး သိရတယ်၊ ကိုယ်တွေကတော့ ကိုယ်ဖြတ်သန်းနေတဲ့ ခရီးမှာ ပြည်သူအားလုံး မကြိုက်တဲ့ စနစ်ကို တွန်းထုတ်မယ်ဟေ့ ဆိုတော့ ဝင်ပြီး ပခုံးစွန်းခံလိုက်တာနဲ့ ဟေးဆို စုပေါင်းတွန်းတဲ့ အထဲက လက်တဖက်သာပါ။ ထောင်ကျတန်းကျ အနှိပ်စက်ခံပြီး နောက်ဆုံး ကိုယ်အင်မတန်ချစ်တဲ့ ဇာတိ မွေးဖွားရာ တိုင်းပြည်ကို စွန့်ခွာသွားခဲ့ရတဲ့ များပြားလှစွာသော ဇာတ်လမ်းတွေကြားထဲက တခုသော ဇာတ်လမ်းတပုဒ်နဲ့ ရဲဘော်တယောက်၊ သမိုင်းထဲက စီနီယာတယောက်ပေါ့၊ ဒါ့ကြောင့် ခင်မင်လေးစားရတဲ့ မိတ်ဆွေတဖြစ်လည်း ဦးလေးသားချင်းလို စကားပြောလို့ရတဲ့ လေးလေးဦးအေးဝင်းရဲ့ မွေးနေ့အတွက် လက်ဆောင် စာစု ရေးဖြစ်ပါတယ်။

ပြီးခဲ့ရက်ပိုင်းကလေးကပဲ ဖေ့စ်ဘွတ်မှာ ကိုအေးဝင်းဆုံးပြီ ဟုတ်လား၊ ကိုအေးဝင်းကြီးပါ ဆုံးသွားပြီလား စတဲ့ ကောမန့်တွေ ဖတ်ရတဲ့ အခါ ကိုယ်က ရယ်မိတယ်၊ သူများ ဆုံးတာ ရယ်စရာလားဆို မဟုတ်ပါဘူး၊ အဲဒီစာတွေ မတိုင်ခင် အပေါ်ကပို့စ်မှာ လေးလေးက သူဆုံးပြီဆို သတင်းကြားလို့ သူ့ထံ ဖုန်းဆက်တဲ့ သူငယ်ချင်းနဲ့ စကားပြောတဲ့ အကြောင်း ရေးထားတဲ့ ပို့စ်လေး ဖတ်မိလို့ ရယ်နိုင်တာပါ။
တယောက်ကဆို သူက တို့နဲ့ အတန်းတူလေ နောက် သူက ကျခဲ့တာ သူ့ မော်လမြိုင်အိမ်တောင် သွားလည်ဖူးသေးတယ်လေတဲ့ ၊ ကို---- တော့ဆုံးသွားပြီ ကိုအေးဝင်းလည်း ဆုံးပြီဆိုတော့ ဟာ ဘယ်လို ဖြစ်ကြတာလဲဆို နောက်မှ တကယ်မဟုတ်မှန်းသိတယ် ဆိုတဲ့ ပို့စ်အောက်မှာ အဲလို ရေးတော့ ရယ်မိတာပေါ့။ တဆက်ထဲ တကယ်များဆို လေးလေးအကြောင်း ရေးတာတွေ စုံအောင် ဖတ်ရမှာလို့ နောက်တောက်တောက် တွေးမိသေးတယ်၊ ဒီလို ပြောလို့ စိတ်ဆိုးမယ် မထင်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ အစားအသောက်ရှောင်တဲ့ အကြောင်း ရေးတော့ မခိုင် စားသာစားလူ့ဘဝသေမှာပဲ အသက်ရှင်တုန်း စားရတာလို့ တခါ ပြောဖူးတယ်၊

တကယ်လည်း အစားအသောက်ကို ခုံခုံမင်မင် ချက်ပြုတ်စားသောက်နေတဲ့ ဦးလေးကြီးပေါ့၊ ကိုယ်တို့ နိုင်ငံ့အရေးတခု အကြောင်းပြုပြီး ဖရန့် ဖြစ်သွားပေမယ့် တကယ်တန်းကျ ချက်ရေးပြုတ်ရေး အစားအသောက်အကြောင်းတွေသာ ပြောဖြစ်တာကိုး၊ မခိုင် ဒါဘာငါးလဲ ၊ မခိုင် ဒါကို ထိုင်းလို ဘယ်လို ခေါ်သလဲ၊ မခိုင် ထမင်းပေါ် ဟင်းပုံစား ထိုင်းစတိုင် အခု ဘယ်လောက်ဖြစ်နေပြီလဲ ဒီလို အမြဲမေးတတ်တယ်၊
သတင်းတွေ မထွက်ခင် မတိုင်ခင်နေ့ကတင် ငါးသလောက်ကြော်၊ ကြက်ဟင်းခါးသီးကြော်၊ ကြက်သားဟင်း ချက်တယ်ဆို တွေ့လိုက်လို့ ကြည့်လုပ်ပါအုန်း လေးလေးရယ်ဆို ဝင်ပြောမလို့ ဒါပေမယ့် ငါးသလောက်ကြော်က သူ့ဖို့ ဆိုတာ ဖတ်မိမှ လေးလေးရဲ့ အမျိုးသမီးအတွက်လို့ သိပြီး လက်ရုပ်လိုက်တယ်၊ လေးလေးက အလုပ်ကို အစောကြီးသွားတဲ့ အခါ အမျိုးသမီးအတွက် ချက်ပြုတ်ပေးသွားတာ သဘောကျစရာ၊ သူ့အတွက်လည်း မနက်စာ နေ့လည်စာ ဒီလိုလေးတွေထည့်တဲ့ အပြင် တခါတလေ ငှက်စာကပါသေးတာ၊

တခါတလေ တွေးမိတယ်၊ ကိုယ့်တိုင်းပြည်မှာ အင်ဂျင်နီယာတယောက် ဖြစ်လာရမယ့် ပညာတတ်တယောက်က ထောင်ကျ တိုင်းပြည်ရဲ့အဝေး မှာ ဘဝကို အခြေချ နေထိုင်နေရတာ ဆိုးလိုက်တာလို့၊ ဒီလိုလူမျိုးတွေ တိုင်းပြည်မှာ များလာတဲ့ အခါ အခု လတ်တလောမှာကို အနာဂတ်က မတွေ့ဝံ့အောင် ဖြစ်နေပြီ၊ အသက်ဆယ့်သုံးလေးနှစ်အရွယ်တွေ ကျောင်းမနေရ၊ မနေနိုင် မိသားစုဝင်ငွေကို ဝိုင်းပြီး ရှာပေးနေရပြီ။ တချို့ဆိုရင် မိသားစုကို အဓိက ရှာပေးနေရတာ။ ကိုယ်တို့ အိမ်နားက နာမည်ကြီး စားသောက်ဆိုင်မှာ အဲဒီလို အရွယ်တွေ ငါးဆယ်မက ရှိတယ်၊ ဒီလို ဆိုင်မျိုးတွေ ရန်ကုန်မြို့အနှံ့ တပုံတပင်၊ တနိုင်လုံးဆိုက ကျောင်းနေအရွယ် အလုပ်လုပ်နေရသူ သန်းချီ ရှိတယ်၊ အတိတ်မှာ ပညာတတ်တွေ အဝေးရောက်တယ်၊ အနာဂတ် ပညာသင်နိုင်သူမရှိ၊ တိုင်းပြည်တပြည်ရဲ့ အနာဂတ်က လူငယ်တွေ ပညာတတ်ခြင်းနဲ့ ဆိုင်တယ်ဆို ကြားဖူးတာ၊ ပြောပြောနေကြတာ ဒါဖြင့် ဘယ့်နဲ့ လုပ်မတုန်း၊ လေးလေးတို့လို လူတွေ မြင်ရတိုင်း ဒီလို အတွေးဝင်တယ်၊
ထားပါတော့ မွေးနေ့မှာ နိုင်ငံရေးတွေ ခဏထား လက်ရှိဘဝမှာ နေပျော်အောင်နေတဲ့ ပုံစံကို အတုယူရပါတယ်လို့ ပြောပါရစေ၊ တခါတလေ ကိုယ့်အမျိုးသားက ဘာချက်စားရမှန်းမသိရင် ဦးအေးဝင်းကြီး ဘာချက်လဲ ကြည့်လေတဲ့ ကိုယ်တို့ရဲ့ မီနူးကြီးပေါ့၊ တခါကတော့ မေ့နေတဲ့ ဇီးဖြူသီးထောင်း ဦးအေးဝင်းထောင်းသလို ထောင်းပေးဆိုလို့ ထောင်းပေးရတယ်၊ ငါးကျီးကျပ်ကင်ကို အသားနွှင်ပြီး ငရုပ်သီးစပ်စပ်နဲ့ ကြော်နေကျက မန်ကျီးရွက်လို ကင်ပွန်းချဉ်ရွက်လို အရွက်ထည့်ပြီး ကြော်တဲ့အခါ အသွင်တမျိုးနဲ့ စားကောင်းလို့ ဒီနည်းဘယ်ကရဆို ဦးအေးဝင်းလေ လေးလေးချက်တာ တွေ့လို့ လိုက်ချက်တာ ဒီလို အတုယူရတာ၊
ရုတ်တရက်ကြည့်ရင် အသက်ခြောက်ဆယ်ကျော် အဖိုးကြီး၊ တကယ်တန်းက စာပေအနုပညာတွေ ပြည့်ဝနေပြီး မီးဖိုချောင် အချက်အပြုတ်လည်း ကျွမ်းကျင်လှတဲ့ စနစ်ဆိုးရဲ့ ဝေးရာ လွင့်ထွက်လာတဲ့ တိုင်းပြည် ချစ်သူပေါ့၊ မြန်မာနိုင်ငံနဲ့ ရေမြေချင်းကပ်နေပြီး တောတောင် ရေမြေ သဘာဝ ထွက်ကုန် တူညီလှတဲ့ ထိုင်းနိုင်ငံကိုပါ ခေတ္တခိုလှုံခဲ့ဖူးတယ်ဆိုတာထက် မြန်မာနိုင်ငံ အစားထိုး နေထိုင်ဖို့ စိတ်ကူးနေတဲ့ အချက်က မြန်မာ့ရေမြေကို လွမ်းမောနေတဲ့ လူကြီးတယောက်လို့ သိသာစေတယ်၊

မှိုင်းရာပြည့်ပွဲကနေ ထောင်ထဲရောက် ၈၈နောက်ပိုင်း ဝရမ်းပြေး အဲဒီနောက် ဒုက္ခသည် ပြီးတော့ အမေရိကန်နိုင်ငံကို ရောက်သွားခဲ့ရတဲ့ တိုင်းပြည်ကို စနစ်ဆိုးကနေ တွန်းထုတ်ဖို့ ကြိုးစားခဲ့သူတွေထဲက တယောက်၊ စိတ်အေးလက်အေး နေနိုင်တဲ့ အခြေအနေမှာတောင် ရံဖန်ရံခါ ၆၆ မကြောက်ဘာမကြောက် နင့်မေကလွှားဆို ဟင်းချက်ရင်း ဂျူတီစောင့်ရင်း ထထအော်နေရသေးတဲ့ ခေတ်မှာ စိတ်တိုင်းကျ ဘဝကို ဖြတ်သန်းနိုင်ပါစေ၊ ငြိမ်းချမ်းပါစေ၊ စားချင်တာတွေ အချိန်မရွေး ဆက်ပြီး ချက်နိုင်ပါစေ ဆုတောင်းပေးပါတယ်၊ထောင်မမှုတန်းမမှု ၆၆ မမှုတဲ့ လူကြီးမို့ ၆၆ ကနေ ရာကျော်အထိ မြေးတဖြာနဲ့အတူ နေသွားနိုင်မှာပါလို့ ယုံကြည်ပါတယ် လေးလေး၊


ခိုင်ခိုင်စောလွင်

Tuesday, January 9, 2018

ဘီယာအသေးတလုံး ကိုးဒေါ်လာ…..

ဘီယာအသေးတလုံး ကိုးဒေါ်လာ..

ဒီနှစ်ထဲမှာ (၂၀၁၇ခု) ခရီး ၂ ခါ သွားဖြစ်ခဲ့တယ်။ မေလထဲမှာတခါ၊ နိုဝင်ဘာထဲမှာ တခါ။ ဟိုတုန်းကဆို ကိုယ်သွားခဲ့တဲ့ ခရီးတွေအကြောင်း အတိုအထွာကို ရေးသားမှတ်တမ်းပြုပြီး facebook တင်ခဲ့တယ်။

ကိုယ့် fb friend ဆိုတာ ပြည်တွင်းက ရဲဘော်၊ သူငယ်ချင်း၊ မိတ်ဆွေ နဲ့ ဆွေမျိုးတွေပဲလေ။ သူတို့နဲ့ ကိုယ် ထိတွေ့ဆက်ဆံနိုင်တာလဲ အင်တာနက် ပဲရှိတာ။

တယောက်နဲ့တယောက် သာရေး၊ နာရေးကို ဒီပေါ်ကပဲ ဆက်ဆံရတာ။ သူတို့ သိချင်တာ ကိုယ်ပြောပြတယ်၊ ကိုယ်သိချင်တာ သူတို့ကိုမေးတယ်။ နွေးထွေးမှုတွေ ပိုရလာတယ်။ တယောက် အပေါ် တယောက် ပိုပြီး ပိုပြီး နားလည်လာတယ်။ ဆင့်ပွါးမိတ်ဆွေတွေ တိုးလာတယ်။ ပျောက်နေတဲ့ သူတွေ ပြန်ရှာလာတွေ့တယ်။ ကွဲနေတဲ့ သူတွေ ပြန်ပေါင်းမိကြတယ်။ အင်တာနက် ထဲကနေ သူတို့နားကို ကိုယ်သွားတယ်။ ကိုယ့်နားကို သူတို့ လာကြတယ်။ လက်ချင်းမတွဲ စိတ်ချင်းတွဲလို့ ခရီးတွေ အတူသွားတယ်။ အစားတွေ အတူစားကြတယ်။ ဖတ်စရာတွေ ဖလှယ်တယ်။ ဝေဒနာတွေ မျှဝေ………..

ခု နောက်ဆုံးသွားခဲ့တဲ့ ခရီးအကြောင်းကို ရေးမယ် ကြံထားတာ၊ လက်က တော်တော်နဲ့ ရောက်မလာခဲ့ဘူး။ ဘာဖြစ်လဲ ဆိုတော့ ဒီနေရာက ရောက်ဖူးတဲ့သူ၊ သိတဲ့လူ များတာမို့ အကျိုးမများ အရာမရောက် ဖြစ်မှာစိုးတာလဲ ပါတယ်။ ဒါပေမယ့် ခုရေးလိုက်ပါပြီ။

ကိုယ်တို့ အလုပ်မှာ အရင်တုန်းကဆို vacation ရက်ကို vacation မယူဘူးဆိုရင်၊ vacation လုပ်ခ အပိုရတယ်။ ခု ဥပဒေက ယူကို ယူရမယ် ဆိုပဲ။ အေးလေ ကိုယ် ယူလိုက်တယ်။ မေလတုန်းက ၃ ရက်ယူတယ်။ ခု ၂ ရက်တယ်။ ကိုခိုင်ထူး သီချင်းကို ဆိုလိုက်တယ်။ ".. ရှိတာတွေ အကုန် လုံး ယူ အေးဝင်း ရတာတွေ အကုန်လုံးယူ"

ကြာသာပတေး-သောကြာ က ကိုယ့် ပုံမှန် နားရက်မှာ နောက်ထပ် ၂ ရက်ပေး.. စနေ-တနင်းဂနွေပေါင်းပြီး လေးရက်ယူပစ်လိုက်တယ်။ တနင်းလာနေ့မှ အလုပ်ပြန်ဆင်းမယ်။

သွားတော့မယ် ဆိုတာနဲ့ ထုံးစံအတိုင်း google မှာ ဘယ်သွားမယ်၊ ဘယ်မှာနေမယ်၊ ဘာစား မယ်က အစ အသေးစိတ် လေ့လာတော့တာ။ လိပ်စာတွေ၊ မြေပုံတွေ ကြည့်၊ print ထုတ်။ ကိုယ်ခရီးသွားရင် gps ကိုချည်း ဘယ်တော့မှ အားမကိုးဘူး။ ဧရိယာကြီးတခုလုံးကို မြေပုံထဲ သေသေချာချာ ကြည့်ရမှ အားရတာ။

ဒီတခါ Las Vegas သွားမယ်။ အရင်က ၄ ခါ ရောက်ဖူးပြီးသား။ မစိမ်းဘူး။ နောက်ဆုံး တခေါက် Utah, Arizona သွားပြီးအပြန်တောင် အဲဒီကို လှည့်ဝင်ပြီး ဆရာမောင်သာရဆီ ဝင်တွေ့ခဲ့သေးတာ။

နိုဝင်ဘာလ ၈ ရက် ကြာသာပတေး မှာ မနက် ၉း၀၀ အိမ်ကထွက်တယ်။ ဟိုတယ်မှာ check-in time က ညနေ ၃း၀၀မှ။ ၄ နာရီပဲ ကားမောင်းရတဲ့ ခရီး။ မိုင်အားဖြင့် ၂၈၀ လောက် ရှိတာ။ ဒါပေမယ့် လမ်းတဝက်လောက်မှာ နားမှ၊ မဟုတ်ရင် ညောင်းလို့ ဒူးနာတာနဲ့ သေမှာ။

လမ်းတဝက်တိတိ မကျတကျ လောက်မှာ Barstow ဆိုတာ ရှိတယ်။ အဲဒီမှာ နားတယ်။ Barstow Station McDonald မှာ breakfast စားလိုက်ကြတယ်။ မိနစ် ၄၀ - တနာရီလောက် စားစား နားနား လုပ်ပြီးမှ ခရီးပြန်ဆက်တယ်။

နောက်ထပ် ၂ နာရီလောက် ထပ်မောင်းလိုက်တော့ Nevada State က Las Vegas မြို့ကြီးကို ရောက်သွားတယ်။

Excalibur Hotel မှာ အင်တာနက်ကနေ နှစ်ည အတွက်ပေးထားပြီးသား။ နေ့လည် ၂ နာရီ လောက်ရောက်သွားတော့ ကိုယ်တို့အတွက်အခန်းက ပြင်လို့ဆင်လို့ မပြီးသေးတာမို့ ၃ နာရီ မှ ဝင်လို့ ရမယ်တဲ့။

အဲဒီမှာ ပြသနာက စတာပဲ။ ည စာစားဖို့ကလည်း စောသေး။ နေ့လည်စာ ထမင်း မစားရသေး။ ကိုယ်ကလည်း စားရင် အရည်လေးသောက်ရမှ ဆိုတော့ ကားမမောင်းတော့တဲ့ ဒုံးဒုံးချ နားပြီဖြစ်တဲ့ ဟိုတယ်မှာ ကားထားပြီးမှ စားမယ် မှတ်တာ။ ဟိုတယ် valet parking မှာ ကားကို တခါတည်း ပေးလိုက်တယ်။

ဗိုက်ကလည်း တဂျုတ်ဂျုတ် ဆာနေပြီ၊ ဟမ်ဘာဂါတခု အာလူးကြော်တပွဲကို အဆာပြေ နှစ်ယောက်သား စားထားမယ်ဆိုပြီး မှာလိုက်တယ်။ ကိုယ်က Heineken အသေးတလုံး၊ သူက အချိုရည်တခွက် မှာတယ်။ ဒေါ်လာတရာတန် တရွက် ထုတ်ပေးတာ၊ cash register က လူမည်းမလေးက ကိုယ့် ဒေါ်လာတရာတန်ကို မီးရောင်မှာ ထောင်ကြည့်၊ အမြီးပြန် ခေါင်းပြန်ကြည့်၊ အစစ်အတု ခွဲတဲ့ မင်နဲ့ တို့ကြည့်ပြီး သူမဆုံးဖြတ်နိုင်လို့ မန်နေဂျာကို ခေါ်ပြနေတယ်။

ကိုယ်ကတော့ သေချာတယ်လေ၊ ကိုယ့်ပိုက်ဆံ အသစ်ကျပ်ချွတ် ဘဏ်ကထုတ်လာတာ၊ အတုမဖြစ်နိုင်ဘူး။ ထောင်မလဲသဲကော် ဗမာပြည်သားတွေ အကြိုက် တောင့်တောင့်တင်းတင်း အစစ်ကလေး။ မန်နေဂျာနဲ့ cashier တိုးတိုးတိတ်တိတ် ပြောနေကြပြီးမှ ရတယ်ရတယ် ဖြစ်သွားတယ်။

"ငါ့ ပိုက်ဆံက ခုမှ ဘဏ်ကထုတ်လာတာ၊ ဘာဖြစ်လို့လဲ."
"အော် ဘာမှ မဖြစ်ဘူး၊ ရပါတယ်"
ဘီယာတလုံး၊ ဟမ်ဘာဂါ၊ အာလူးကြော်၊ အချိုရည် ဒေါ်လာ နှစ်ဆယ်ကြော်ကျတယ်။
".. .. ဘာဖြစ်လို့လဲ၊ ဘီယာတလုံး ဘယ်လောက်မို့လဲ.."
".. plus tax nine dolar and something"
သောက်ကျိုးနဲ၊ ကိုယ်တို့ အရပ်ဒေသမှာ ဘီယာ ၆ လုံးတွဲ တတွဲစာ ပေးလိုက်ရတယ်။ ဘယ်တတ်နိုင်မလဲ ရွေးစရာလမ်းမရှိဘူး။ ကိုယ်ကလဲ သောက်ချင်၊ ဆာကလဲ ဆာနေပြီ။ သူပိုက်ဆံ ပြန်အမ်းတယ်။ ဒေါ်လာ နှစ်ဆယ်တန် အသစ်ကလေးတွေ..
"အင်း နင့် နှစ်ဆယ်တန်တွေက တဘက်ပဲ ရိုက်ထားပါလား၊ တဘက်က အဖြူဗြောင်ကြီး"
ဒင်း မျက်လုံးကြီး အကြီးအကျယ် ပြူးသွားပြီး သူ့ပိုက်ဆံ သူပြန်လှန်ကြည့်နေတယ်။ ကိုယ် ရီလိုက်ပြီး
"ကျေပြီ.. နင်နဲ့ ငါနဲ့ ကျေပြီ"
" အမလေး.. လန့်သွားတာပဲ……"

ဘီယာတလုံး ဘယ်သွားကြားညှပ်သွားမှန်းမသိဘူး။ ခွက်များ ပေါက်နေလို့လား။ မတတ်နိုင်ဘူးလေ။ ကိုယ်မှ မဝပဲ၊ ဆင့်ပါးစပ်နှမ်းပက်။ တလုံးထပ်ဝယ်ရပြန်ရော.. ကိုးဒေါ်လာ။

အဲဒီမှာ အုံးစိမ်းရည်လဲ တွေ့တယ်။
"ဘီယာတလုံး သောက်ရင် အုံးရည်တလုံး အလကားတိုက်တယ် ဆို."
"ဒီနေ့ မရဘူး မနက်ဖြန်မှ"
ဒင်းကလေးကလဲ အလာသား။ ကိုယ်နောက်တာကို သူ ပြန်နောက်တယ်။ အမည်းဆိုပေယ့် အမဲချောလေး..

ခဏနေတော့ ဆိုင်ထဲမှာ rock သီချင်း ဆူဆူညံညံ ကျယ်ကျယ်လောင်လောင် ထွက်လာပြီး၊ ဆိုင်ထဲက သူတို့အရွယ် အလုပ်သမား ကောင်လေးကောင်မလေးတွေ အဖြူအမည်း ၆ ယောက် လောက် ထွက်လာပြီး က, ကြပါလေရော။ သီချင်းဆုံးတော့ တဆိုင်လုံးကို ဦးညွတ် အလေးပြုသွားတယ်။ ကိုယ့်ကိုတောင် လက်ပြသွားတယ်။ ကိုယ့်စိတ်ထဲမှာတော့
".. ပိုကျုံကျွေ့ ပုလင်းလောက်ရှိတဲ့ ဘီယာတလုံး ကိုးဒေါ်လာနဲ့ အချဉ်ရလိုက်လို့ အောင်ပွဲခံကြတာ နေမှာ……."

အေးဝင်း (လမင်းတရာ)
၁၂၊ ၁၈၊ ၂၀၁၇။
ည ၇း၂၆။