Tuesday, October 27, 2009

ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ
ရေးသူ-လူထုဦးလှ


ဒေါ်အမာ
လူထုသတင်းစာတိုက်
မန္တလေး။
ရန်ကုန်ဗဟိုစံပြထောင်
၃-၂-၅၄


မာ,
ဇန္န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်ကို ချောချောမောမော ရောက်ပါတယ်။ ကိုယ်တို့ စီးလာတဲ့ လေယာဉ်ပျံကလဲ တရားခံတယောက် ပါလာတယ်ဆိုပြီး ၀ူးဝူး ၀ါးဝါး မလုပ်ပါဘူး။ တလျှောက်လုံး သဘောကောင်းပါတယ်။ လေယာဉ်ပျံကြီးက သက်မဲ့ သတ္တ၀ါမို့လား? ရာသီဥတုက ကောင်းလို့ဘဲလား? အကြောင်း ၂ ခုလုံးကြောင့်ဘဲလား? ၂ ခုလုံးကြောင့် ဖြစ်ပါလိမ့်မယ် ထင်တယ်၊ ငြိမ်လိုက်တဲ့ လေယာဉ်ပျံ။


မင်္ဂလာဒုံလေဆိပ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့သား ၂၀၀ လောက်က ပန်းစည်းတွေ, ဘာတွေနဲ့ ဆီးကြိုနေကြတယ်။ ၁၉ ရက်နေ့ကလဲ တကြိမ် လာကြိုကြသေးသတဲ့၊ အဲဒီနေ့က ဆိုရင် လူ ၃၀၀ လောက် ရှိတယ်တဲ့၊ ၀မ်းနည်းထိခိုက်တဲ့ မျက်နှာများနဲ့ ပန်းစည်းများ ကိုယ့်ကို ပေးကြတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ ကိုယ့်ကို လွှတ်ပေးဘို့လဲ ကြွေးကြော် ကြတယ်။ စုံထောက်အရာရှိ ၄, ၅ ယောက်ကလဲ တာဝန်အရ လာစောင့်နေကြရတယ်။ ရန်ကုန်က လာကြိုကြတဲ့ လူတွေကို ကြည့်ပြီး မန္တလေးလေဆိပ်မှာ မိဘဆွေမျိုးတွေနဲ့ မင်းတို့တတွေ၊ ငြိမ်းချမ်းရေးဘက်တော်သား ၃, ၄ ရာနဲ့ သတင်းစာဆရာတွေ၊ ဦးမူတို့လို မိတ်ဆွေတွေ လိုက်ပို့တာကို ပြန်မြင်နေမိတော့တယ်။ ချမ်းမြသာစည် လေဆိပ်ရောက်တော့ မင်းက ကိုယ့်နားမှာ ထိုင်ပြီး မှာချင်တာတွေ မှာလိုတဲ့အခါမှာ စုံထောက်အရာရှိတဦးက ဘာများပြောမှာပါ လိမ့်ဆိုပြီး၊ တို့ ၂ ယောက် စကားပြောတာကို အတင်းဝင်နားထောင်တာတွေ၊ မင်းဟာ သတ္တိကောင်းတဲ့ မိန်းမဖြစ်ပြီး၊ ကိုယ့်ကို ရန်ကုန်ပို့ဘို့ လေဆိပ်ကို ခေါ်လာတဲ့အခါ မျက်ရည်ကျတာတွေကို မြင်ယောင်နေ တယ်။
ငြိမ်းချမ်းရေး ဘက်တော်သားတွေက ပန်းစည်းများနဲ့ လာစောင့်ကြပေမယ်လို့၊ မင်္ဂလာဒုံ လေဆိပ်မှာ ရန်ကုန်ရဲအဖွဲ့ဝင်တွေက စီကလပ် အကျဉ်းသားတွေ ရုံးထုတ်တဲ့ ထောင်အချုပ်ကားအစုတ် ကြီးနဲ့ ကိုယ့်ကို လာကြိုနေကြတယ်။ ကားက အချုပ်ကား၊ အဟောင်းကြီးလဲဖြစ်၊ စုတ်လဲစုတ်တယ်။ ကိုယ့် မျက်စိထဲမှာဖြင့် တို့မန္တလေးက အသုဘကားအစုတ်မျိုး ခတ်ဆန်ဆန်ဘဲ။ ဒါကြောင့် ကိုယ်က ဒီကားနဲ့တော့ မလိုက်ဘူးလို့ ပြောရတယ်။ ဒီတော့ ရန်ကုန်ရဲအဖြစ်နဲ့ နှစ်ပေါင်းတော်တော်ကြာကြာ အမှုထမ်းဘူးတဲ့ ကိုယ့်ကို တာဝန်ခံခေါ်ဆောင်လာတဲ့ မန္တလေးခရိုင်ရဲဝန်ကြီး ဦးဘဦးက လာကြိုတဲ့ ရဲအုပ်ကို အပြစ်တင်တယ်။ ၀ိုင်ယာလက်ကားတစီးလောက် ခေါ်ခဲ့စရာ ကောင်းတယ်လို့ ပြောတယ်။ ဒါနဲ့ ဦးဘဦးက တိုက်စီတစီးငှားပြီး ဘားလမ်းမြို့မအချုပ်ထောင်ကို ကိုယ့်ကို လိုက်ပို့တယ်။ ကိုယ်က ဘားလမ်းအချုပ်အကြောင်း ကြားဘူးထားတာနဲ့ ရန်ကုန်ထောင်ကို တိုက်ရိုက် ပို့ပေးနိုင်မလားလို့ ဦးဘဦးကို မေးပါရဲ့။ ဦးဘဦးက သူ့တာဝန်က ကိုယ့်ကို ရန်ကုန်ရဲကို အပ်ဘို့ ဖြစ်တယ်။ ရန်ကုန်ရဲကမှ တခြားတာဝန်တွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောပြပြီး၊ ဘားလမ်းမှာဘဲ ထားခဲ့ပါတယ်။ ဟုတ်မလား မပြောတတ်ပါ။ သူတို့ထုံးစံတွေ ကိုယ်လဲ နားမလည်ပါ။
၂၀- ရက်နေ့ ညတညတော့ ငရဲပြည် အလည်ရောက်တဲ့ ညပါဘဲ။ ဘားလမ်း မြို့မအချုပ်ဟာ ဒါကြောင့်လဲ နာမည်ကြီးတာပါဘဲ။ မှောင်လိုက်တာက ရစရာ မရှိဘူး။ ၂၄-နာရီ မီးထွန်းထားရတယ်။ လေကောင်းလေသန့်ဆိုတာက ဘလာနတ္ထိဘဲ။ နေရောင်ဆိုတာ ဖြူသလား မဲသလားသာ မေးကြပေ တော့။ ဆူသံညံသံတွေကလည်း စိတ်မချမ်းသာစရာဘဲ။ ရေချိုးဆင်းရဲတာကလဲ ပြောစရာမရှိဘူး။ အဲဒီ အချုပ်ခန်းထဲမှာ တချို့ တရားခံတွေဟာ ၆,လ တနှစ်ရှိနေကြပြီ။ တဦး၊ ၂ဦးဟာ ၁, နှစ်၊ ၂နှစ်ရှိနေပြီမို့ အသားအရေတွေဟာ သွေးရောင်သားရောင် မရှိတော့ဘူးတဲ့။ ကိုယ်နဲ့တော့ မတွေ့ရပါဘူး။ ကိုယ်နဲ့တခန်းထဲ အတူနေရတဲ့ ကျောင်းသားကလေးတယောက်က ပြောပြလို့ သိရတာဘဲ။ သူကလေးကိုက ဒီအခန်းကျဉ်းကလေးထဲမှာ ၂လ,၃လ, ရှိပြီဆိုလား? သူကလေးကတော့ အုတ်နံရံမှာ ကျောင်းသားတံဆိပ်တွေ ရေးဆွဲတယ်။ ကဗျာလင်္ကာတွေ ရေးခြစ်တယ်၊ ကာတွန်းတွေ ရေးတယ်။ နေ့စဉ် သူဒါတွေ လုပ်နေတာဘဲတဲ့။
တရားခံတွေ ဇွဲကြိုးချ သေတတ်လွန်းလို့တဲ့၊ ဘားလမ်းအချုပ်ခန်းမှာ ခြင်ထောင် ထောင်ခွင့် မပြုဘူး။ ခြင်ကလည်းကိုက်၊ ပိုးဟပ်ဖြူကြီးတွေကလည်း ပေါ၊ နှုတ်ခမ်းမွေးရှေရှေနဲ့ မြေကြွက်အိုကြီးတွေ ကလဲ ၀င်ဝင်လာတော့ အိပ်ပျော်သည်ရှိ၊ မပျော်သည်ရှိ ခြင်ထောင်နဲ့ အကာအကွယ်လုပ်ပြီး လှဲနေတာ အညောင်းသက်သာမယ် ဆိုပြီး ခြင်ထောင် ထောင်ခွင့်တောင်းရတယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေက လာကြည့်ပြီး ကိုယ့်ကိုတော့ ခြင်ထောင် ထောင်ခွင့်ပြုပါတယ်။ ထောင်လို့ ရအောင်လဲ ကူညီကြတယ်။ အဲဒါကြောင့် နဲနဲတော်သေးတာပေါ့၊ မဟုတ်ယင် အသွေးတွေ အသားတွေ လှူရလို့ တော်တော်ကုသိုလ် ရလိုက်ဦးမှာ။ ခြင်ထောင် ထောင်ရပေမယ်လို့ တညဥ့်လုံး အိပ်လို့ မပျော်ပါဘူး။ နဲနဲပါးပါးမှေးရ အညောင်းဆန့်ရတာလောက် ရှိတာပါဘဲ။ ညစ်လဲညစ်ပတ်၊ ဆူလဲဆူ၊ အိမ်သာနံ့ကလဲနံတော့ အိပ်လို့ ဘယ်ရနိုင်ပါ့မလဲ? ဒီဘားလမ်းအချုပ်မှာ အမျိုးသမီးတွေကိုလဲ ချုပ်ထားတယ်။ မကောင်းတဲ့ အလုပ်နဲ့ ပတ်သက်ပြီး အဘမ်းခံထားရတဲ့ အမျိုးသမီးကလေးတဦးကတော့ စိတ်ကနဲနဲ နောက်နေသတဲ့။ သူကဖြင့် တညလုံး သီချင်းဆိုနေတာဘဲ။ အသံကလဲ ကောင်းပါရဲ့၊ သီချင်းကလဲ ကောင်းပါရဲ့၊ ဒါပေတဲ့ ဘ၀ဆုံးရှုံးနေတဲ့ မိန်းကလေးရယ်လို့လဲသိ၊ စိတ်မကောင်းတဲ့ အရူးမ,ကလေးမှန်းလဲသိနေတော့ သူ့သီချင်းတွေဟာ ကိုယ်နေရတဲ့ ငရဲခန်းထဲမှာ သာသာယာယာ မဖြစ်လာဘူး၊ ငရဲပြည်က ငရဲပန်းပန်ပြီး တေးသီချင်းတွေကို ပူပူလောင်လောင် ဆိုနေတာလို့ဘဲ ထင်မိတယ်။ အမှန်ကတော့ ဟုတ်လဲဟုတ်ရှာ မှာပါဘဲ။ ရင်ထဲမှာ ပူလောင်နေရှာမှာပါဘဲ။
၂၁ ရက်နေ့ ၁၀ နာရီခွဲလောက်မှာ ဘားလမ်းအချုပ်ကနေပြီး ပုလိပ်ရုံးကြီး ပထမအထပ်က တရားသူကြီး ဦးကျော်ဂေါင်ရဲ့ နံပါတ် ၈ ရုံးကို ရဲအမှုထမ်းများက လာခေါ်သွားတယ်။ ကိုအေးမောင် (ဦးအေးမောင် ဘီအက်စ်စီ-ဘီအယ်လ်) တယောက်ကဖြင့် တရားသူကြီးရှေ့မှာ ခေါင်းပေါင်းကြီး တကားကားနဲ့ ဘာတွေလုပ်နေ ပြောနေသလဲ မသိပါဘူး။ ၀တ်လုံလို ၀တ်စားထားတော့ ကိုအေးမောင် ဟာ တော်တော်လေးခန့်တယ်။ အိနြေ္ဒရတယ်။ အမှုနဲ့ပါတ်သက်ပြီး ထုံးစံအတိုင်း ပြောစရာတွေ ပြောနေတာ ပေါ့လေ။ တခြားမိတ်ဆွေဝတ်လုံတွေလဲ လာကြတယ်။ သူတို့လိုက်ပါ ဆောင်ရွက်ပေးဘို့ အသင့်ပါဘဲလို့လဲ ကိုယ့်ကို ပြောကြတယ်။ အမှုက တယ်လဲ မကြီးကျယ်လှပါဘူး။ အားလုံးဝိုင်းမလိုက် လောက်ပါဘူး။ ကိုအေးမောင်ကိုဘဲ တာဝန်ပေးပါရစေတော့လို့ ပြောပြတောင်းပန် ရပါတယ်။ ဒါကြောင့် အမှုကို ကိုအေးမောင်ဘဲ လိုက်လိမ့်မယ်။ သူကတော့ ညီအစ်ကိုအရင်းနဲ့ မထူးဘူး။ အစွမ်းကုန် ကြိုးစားမှာဘဲ။ သူ့ဆိုတော့ အားလဲ မနာရဘူး။ အစ်ကိုကြီးဦးကျော်မြင့် (တရားလွှတ်တော် ချုပ် တရားဝန်ကြီးဟောင်း၊ ၀တ်လုံဦးကျော်မြင့်) တို့ဆိုတော့ အားနာစရာ ကောင်းပါတယ်။ အမှု ရန်ကုန်မပြောင်းဘို့ ကိစ္စမှာလဲ အစ်ကိုကြီးဦးကျော်မြင့်က ကိုအေးမောင်နဲ့အတူ တရားလွှတ်တော် (ဟိုက်ကုတ်) မှာ လိုက်ပေးခဲ့ပြီးပြီ၊ ပိုက်ဆံပေးလို့လဲ ယူမှာမဟုတ်ဘူး။
ကိုအေးမောင်ရဲ့ ဇွဲနဲ့ ၀ိရိယကို ကိုယ်သိတယ်။ စေတနာတော့ မင်းသိပြီးတဲ့ အတိုင်းဘဲ။ ဒါကြောင့် အမှုအတွက် အစ,စ စိတ်ချတော့၊ အကောင်းဆုံး ဖြစ်နိုင်တာ ဖြစ်မှာဘဲ။
တို့မိတ်ဆွေကြီး မစ္စတာဘိုစ့်တို့၊ ကိုမြစိန်တို့၊ မစ္စတာဗါးမားတို့နဲ့ မန္တလေးကမိတ်ဆွေ ရှေ့နေကြီးများကိုလဲ ဒီအကြောင်း ပြောပြလိုက်ပါ။
အဲဒီ ၂၁ ရက်နေ့က ၈ နံပါတ် တရားသူကြီးရုံးမှာ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြည့်ကြပ်သွား တာဘဲ။ ထုံးစံအတိုင်း လုပ်စရာတွေ လုပ်ပြီးသည်နောက် မွန်းလွဲ ၁ နာရီလောက်မှာ ရဲမှူးတယောက်နဲ့ ရဲအုပ်တယောက်က ရန်ကုန်ထောင်ကြီးကို လိုက်ပို့ပါတယ်။ ဒီအကြောင်းတွေတော့ သတင်းစာတွေ ထဲမှာ ဘတ်ရလို့ မင်းတို့ သိပြီးရောပေါ့။
ထောင်ရောက်တော့ တော်တော်စိတ်ချမ်းသာရပါတယ်။ အားလုံးကဘဲ ဂရုလဲစိုက်ပါတယ်၊ စားလို့ သောက်လို့လဲ ကောင်းပါတယ်။ အသိမိတ်ဆွေတွေလဲ အများကြီးဘဲ၊ ဘက်တမင်တန်လဲ ရိုက်ရပါတယ်။
ကလေးတွေ နေကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
နောက်မှ စာရေးဦးမယ်။
မောင်လှ



စာအမှတ်-(၁၇)

ဗဟိုစံပြအကျဉ်းထောင်ကြီး
ရန်ကုန်
၁၃၁၇-ခု တော်သလင်းလ္ဆန်း ၇ ရက်
၂၃-၉-၅၅

မွန်စီယာ နှင့် မဒမ် တို့-
မင်းတို့ အစ်ကို- ကိုတင်မောင် ထောင်ဝင်စာလာတဲ့နေ့က မောင်စိုးဝင်းနဲ့ မောင်ချစ်ခင်တို့ ပြင်သစ်စာသင်နေကြောင်း၊ တော်တော်တတ်ပြီဖြစ်ကြောင်း၊ ဘတ်စာအုပ်အချို့ မှာလို့ဝယ်ပို့လိုက်ရ ကြောင်း၊ 'ဖါသာ' ဘုန်းတော်ကြီးတပါးက သင်ပေးနေကြောင်းများ ပြောပြသွားပါတယ်။ ဖေဖေ့အတွက် ဒီသတင်းဟာ သတင်းကောင်းတခု ဖြစ်ပါတယ်။ ၀မ်းသာနေပါတယ်။ ဒါကြောင့် မင်းတို့ ညီအစ်ကို ၃ ယောက်ကို ဖေဖေက မွန်စီယာ၊ ညီအစ်မနှစ်ယောက်ကို မဒမ်လို့ ခေါ်လိုက်ပါတယ်။
ပြင်သစ်စာဟာ ကမ္ဘာမှာ အလှပဆုံးစာလို့ ဆိုလေ့ပြောလေ့ ရှိကြတယ်။ ဖေဖေတို့ တိုင်းပြည်မှာ ဗမာထဲက ပြင်သစ်စာ တော်တော်တတ်တဲ့လူတွေ ဗမာရှင်ဘုရင် လက်ထက်ကတည်းက တော်တော် များများ ရှိကြတယ်။ ပြင်သစ်နဲ့ ဆက်သွယ်မှုက များခဲ့တာကိုး။ ပြင်သစ်ပြည်ကိုလည်း ပညာတော်သင် လွှတ်ခဲ့ကြတယ်။ မင်းတုန်းဘုရင်ကြီး လက်ထက်ကတည်းက ပြင်သစ်ပြည်ကို ပညာတော်သင်တွေ လွှတ်ခဲ့ပါတယ်။ ဂျပန်နဲ့ ဗမာဘုရင်တွေဟာ ပညာတော်သင် လွှတ်တဲ့နေရာမှာ တပြိုင်တည်းလိုဘဲ။ အနောက်နိုင်ငံတွေမှာ ပညာတော်သင် ကျောင်းသားချင်း တွေ့ကြတဲ့ မှတ်တမ်းတွေ ဘာတွေ ရှိတယ်။ ဒါပေမယ့် တို့ပြည်ကတော့ နယ်ချဲ့လက်လှမ်းနဲ့နီးလို့ ဘုရင်ပါ အဘမ်းခံရတော့ ဂျပန်ပြည်လို စက်မှုလက်မှု လောကဓာတ်ပညာ ကြီးပွါးတိုးတက်ဘို့ အခွင့်အရေး မရလိုက်ဘူး။ တို့ ဗြိတိသျှကျွန်ဖြစ် နေခိုက်မှာ ဂျပန်ဟာ ကြီးပွါးတိုးတက်ခဲ့တာပဲ။ စက်မှုတွေ ထွန်းကားပြီး အနောက်နယ်ချဲ့သမားတွေကို အန်တုနိုင်ခဲ့တယ်။ သူတို့ကိုယ်တိုင်လည်း အနောက်နယ်ချဲ့သမားတွေနဲ့ ယှဉ်ပြိုင်ပြီး နယ်ချဲ့နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ဒီနယ်ချဲ့ဝါဒ လက်ကိုင်ထားလို့လဲ ကနေ့ သူတို့ကိုယ်တိုင် အမေရိကန်ကိုလိုနီတပိုင်း ဖြစ်နေရတယ်။ နယ်ချဲ့ကျွဲချင်းခတ်ကြတာနဲ့ တို့တိုင်းပြည်လဲ စစ်မြေပြင် နှစ်ခါ ဖြစ်ပြီး ပြာပုံအတိ ဖြစ်ရတာဘဲ။
ပြင်သစ်အကြောင်း ပြောနေရာက ဘယ့်နှယ် ဂျပန်အကြောင်း ရောက်သွားပါလိမ့်။
ဗမာလူကြီးထဲက ပြင်သစ်စာ အတတ်ဆုံးတယောက်ကတော့ ဒေါက်တာဘမော် ဖြစ်လိမ့်မယ်။ သူ ဒေါက်တာဘွဲ့ ရတာကိုက ပြင်သစ်ကကိုးကွဲ့။ ဗုဒ္ဓဘာသာအဘိဓမ္မာအကြောင်း စူးစမ်းချက်တရပ်ကို ရေးပြီး တင်ပြလို့ ရတာတဲ့။ အဓိပတိအဖြစ်နဲ့ ဂျပန်ပြည်ကို သွားတုန်းက ဆိုရင်လဲ အင်္ဂလိပ် အမေရိကန် က ဂျပန်ရဲ့ အဓိကရန်သူမို့ သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို အဓိပတိကြီးက ဂျပန်ပြည်မှာ မသုံးဘူး။ ပြင်သစ်လို မိန့်ခွန်းပြောတယ်။ ပြင်သစ်စကားကို ဆက်သွယ်ရေး စကားအဖြစ်နဲ့ အသုံးပြုတယ်။ စကားပြောကလဲကောင်း၊ ဟန်ပန်အမူအရာကလဲ မင်းသားကြီး ရှုံးတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဂျပန်တွေက သူတို့ တင်ထားတဲ့ အဓိပတိကို အင်မတန်သဘောကျ ဆိုဘဲ။ ဂျပန်စကားလဲ မတတ်တော့ အင်္ဂလိပ်စကားနဲ့ ပြောတာထက်တော့ ပြင်သစ်လိုပြောတာက နိုင်ငံရေးပရိယယ်ရေးရာမှာ ပိုအဆင် ပြေသပေါ့ကွယ်။ အဲဒီတုန်းက ဂျပန်ကလဲ ဆန်စားတယ်၊ ဗမာကလဲ ဆန်စားတယ်။ ဒါကြောင့် အတူတူဘဲလို့ ဆွေမျိုး စပ်ကြပြီး ဂျုံစားတဲ့ အင်္ဂလိပ် အမေရိကန်တွေကို ဆန်စားတဲ့ လူတွေက အပြုတ်တိုက်မယ် လို့များတောင် ဂျပန်တွေက ၀ါဒဖြန့်ကြသေးတယ်လေ။ ဂျပန်စစ်ဝါဒဖြန့်ပုံဟာ အဲဒီလို အယူအဆတွေ လဲ ပါတာဘဲ။
အခုနောက်ပိုင်းမှာ ပြင်သစ်စကားနဲ့ စာတတ်တဲ့လူတွေ တော်တော်များများ ထွက်လာကြပါပြီ။ ဒေါက်တာဂွမ်လျောင်၊ ကိုချစ်ကြည်၊ သံအမတ်ဦးဇော်ဝင်းရဲ့ သမီးလေးနဲ့ တချို ဗမာသစံရုံးက အရာရှိများနဲ့ ဗမာပြည်က ကျောက်ကုန်သည်များဘဲ။
မင်းတို့ ညီအစ်ကို ပြင်သစ်စာနဲ့ စကား အခြေခံတော်တော် ရပြီဆိုရင် နောက် ၂ နှစ် ၃ နှစ်မှာ တော်တော်နေရာကျလိမ့်မယ်။ ပြင်သစ်စာသင်စေချင် တတ်စေချင် တာကတော့ ကမ္ဘာ့စာပေနဲ့ ဗဟု သုတအရပ်ရပ်ကို နှံ့စေချင်တာရယ်၊ လောကဓါတ် ပညာ အဘိဓမ္မာပညာရပ်တွေကို လေ့လာနိုင်ဘို့ အတွက်ရယ်ပါဘဲ။ ပြင်သစ်ပြည်ကို ပညာတော်သင်သွားခွင့် ရဘို့တော့ တယ်မလိုလားလှဘူး။ ပြင်သစ်ပြည် အထူးအားဖြင့် ပါရီမြို့တော်ကြီးဟာ လူငယ်-လူရွယ်တွေရော၊ လူကြီးတွေပါ အလွန်ပျက်စီး လွယ်တဲ့ နေရာဖြစ်တယ်လို့ တကမ္ဘာလုံးမှာ မကောင်းတဲ့ ကျော်စောသတင်းကြီး ပျံ့နေတယ်။ လူတွေဟာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ ဆက်ဆံရေးကောင်းကြတယ်။ ဒါပေမယ့် သူတို့ဆီမှာ သေရည်သေရက်၊ အာရုံငါးပါး၊ ကပွဲတွေနဲ့ အခြားပျက်စီးစရာတွေက အလွန်ပေါသတဲ့။ တချို့ တိုင်းပြည်က ဖွင့်ထားတဲ့ သံရုံးမှာလုပ်နေကြတဲ့ အရာရှိတွေတောင် ပျက်စီးကြလို့ တိုင်းပြည်တော်တော် များများက ပြင်သစ်ပြည်ဆိုင်ရာ သံရုံးတွေမှာ ဒီပြဿနာဟာ စဉ်းစားစရာတွေ ဖြစ်နေကြသတဲ့။ ကုန်ဈေးနှုန်းက ကြီးမြင့်တော့ သံအရာရှိတွေဟာ ရတဲ့ငွေနဲ့ မလောက်ကြဘူးတဲ့။ တချို့ကပြောတော့ ပါရီရဲ့ အတွေ့အကြုံနဲ့ ရှုကွက်မြင်ကွက်တွေကို ဘော်ပြထားတဲ့ စာအုပ်တအုပ်ထွက်ဘူးသတဲ့။ ပြင်သစ် လူမျိုး တချို့ကတော့ ဒီလူကြိုက်များတဲ့ ပျက်စီးလမ်းများနှင့် တခြားကြည့်စရာ ရှုစရာတွေဟာ သူတို့တိုင်းပြည်ကို နိုင်ငံခြားသားတွေ လာစေချင်တဲ့ အဆွဲဓာတ်တခုဘဲလို့ ယူဆကြသတဲ့။ နိုင်ငံခြားသားတွေ လာတော့ ပေါင်စတာလင်တို့၊ ဒေါ်လာတို့ဆိုတဲ့ တိုင်းပြည်မက်တဲ့ နိုင်ငံခြားအဘိုးတန် ငွေတွေ လွယ်လွယ်နဲ့ ရသတဲ့။ ခက်လဲခက်ပါဘိတော့တယ်။ ဒီဝါဒမျိုး တို့ဆီ မရောက်သေးတာ တော်သေးတော့တယ်။ တို့ဆီမရောက်သေးပေမဲ့ တို့နဲ့ အိမ်နီးနာချင်း ယိုးဒယားပြည်ကိုတော့ ရောက် နေပြီ။
ယိုးဒယားပြည်မှာ အနောက်နိုင်ငံတွေရဲ့ မကောင်းတဲ့ ယဉ်ကျေးမှုတွေ ၀င်နေပုံဟာ ကြောက် စရာဘဲ။ ၀တ်လစ်စလစ် အကတွေဟာ ဘုရားပွဲတွေမှာတောင် ရုံထိုးပြီး က,နေကြပြီတဲ့။ တချို့ရုံတွေဟာ ဘုန်းကြီးကျောင်းထဲမှာတဲ့၊ အဲဒီအထိ ဆိုးနေကြပြီလေ။ ဒါကြောင့် တနိုင်ငံနဲ့တနိုင်ငံ ယဉ်ကျေးမှုဖလှယ် ကြတဲ့အခါ ဒီလို ယဉ်ကျေးမှုမျိုးတွေပါ သိမ်းကျုံးယူငင် ဆွဲမသွင်းလာကြဘို့ အလွန်အရေးကြီးတာပေါ့ ကွယ်။ ယိုးဒယားပြည်ရဲ့မြို့တော် ဘန်ကောက်မြို့ဆိုတာ အရှေ့နိုင်ငံများရဲ့ ပါရီမြို့လို့ အခုတွင်နေပြီလေ။ ဒီလောက်အထိ ဂုဏ်သတင်း မြင့်နေပြီပေါ့။ ခေတ်ဟောင်း အခါတုန်းကတော့ ဒီဘွဲ့ထူးကို တရုတ်ပြည်မှာ အကြီးဆုံးဖြစ်တဲ့ ရှံဟဲမြို့က ယူတယ်။ အခုတော့ ရှံဟဲမြို့မှာ ပြည့်တန်ဆာနဲ့ ၀တ်လစ် စလစ်အကဆိုရင် ဆေးဖော်ချင်လို့တောင် စုလို့ရမယ် မထင်တော့ဘူး။ ခေတ်ကြီးက အဓမ္မပြောင်းသွား ပြီ။
တို့အရှေ့ဘက် အာရှတိုက်မှ အဆိုးဝါးဆုံး တနေရာကတော့ ဂျပန်ပြည်ဘဲ။ မူလကတည်းက ပြည့်တန်ဆာလုပ်ငန်းဟာ ဥပဒေ၀င် ဖြစ်တဲ့အပြင် အခု စီးပွါးရေးကြပ်တည်းပြီး နိုင်ငံခြားသား စစ်တပ်တွေ ရှိနေတော့ မရှုမလှ ဒုက္ခတွေ့နေကြတာပေါ့။ ဂျပန်ပြည်မှာ အမေရိကန် လေတပ်စခန်း တွေက အခုထိ ချဲ့နေတုန်းဘဲ။ လယ်သမားတွေက ကန့်ကွက်ကြပေမဲ့ သူတို့ လယ်တွေမှာဘဲ လေယဉ်ကွင်းတွေ ချဲ့နေကြတာဘဲ။ ဆန္ဒပြကန့်ကွက်လို့ ပုလိပ်က နှိမ်တာနဲ့ သေကြကြေကြ ဒဏ်ရာ ရကြပေါ့ ကွယ်။ (၁) မြေနည်းရတဲ့အထဲ လယ်မြေတွေကို စစ်အခြေခံစခန်း` လေယဉ်ကွင်းတွေ လုပ်တဲ့အတွက် (၂) လေယဉ်ပျံ တ၀ီဝီနဲ့မို့ ကလေးတွေ စာသင်ပျက်လှတဲ့အတွက် (၃) အရက်မူးပြီး စစ်သားတွေက ရွာတွေ ၀င်ရမ်းတဲ့အတွက် (၄) လေယဉ်ပျံကွင်းနဲ့နီးတဲ့ ရွာတွေက မိန်းကလေးတွေ ပျက်စီးရလွန်းတဲ့ အတွက် ကန့်ကွက်ဆန္ဒပြရခြင်း ဖြစ်သတဲ့။ တိုကျိုလို မြို့ကြီးတွေမှာ ပြည့်တန်ဆာအဖြစ်နဲ့ ငွေရှာရတဲ့ မိန်းကလေးတွေကို မဆိုထားနဲ့ အမေရိကန်လေယဉ်ပျံကွင်းနဲ့ စစ်စခန်းကြီးတွေ နားမှာ ရှိကြတဲ့ ရွာကလေးတွေမှာ ပျက်စီးရတဲ့ မိန်းကလေးတွေ အပေါ်မှာ၊ အမေရိကန် စစ်သား လေတပ်သားတွေက သုံးရတဲ့ ငွေကဘဲ တနှစ်ဆိုယင် ဒေါ်လာတသန်းရှိမယ်လို့ ခန့်မှန်းရသတဲ့။ အင်း... ကျေးဇူးတင်စရာ ပေါ့ကွယ်။ နိုင်ငံခြားငွေ ဒေါ်လာတွေ ပေးပေသကိုး၊ ဒုက္ခ........ ဒုက္ခ......။
ဖေဖေ့စာက နည်းနည်း သဝေထိုးနေပြီလား? အတိုချုပ်ကတော့ ငါ့သားတို့ ပြင်သစ်စာ သင်တာကို ဖေဖေ သဘောကျတယ်။ ဒါပေမဲ့ ကိုယိ့သားသမီး ရွှေတုံးရွှေခဲတွေမို့ မိဘတိုင်းက ပျက်စီးမှာတော့ စိုးတာချည်းပဲ။
ရာဇ၀င်မှာ ပျက်စီးဘူးတဲ့ သာဓကလဲ ရှိတယ်။ ကင်းဝန်မင်းကြီး ပြင်သစ်သွား ဒိုင်ယာရီဆိုတဲ့ စာအုပ်အထူ အဟောင်းကြီး တအုပ် ဖေဖေ့ စာအုပ်ဘီရိုတခုထဲမှာ ရှိလိမ့်မယ်။ ကင်းဝန်မင်းကြီးဟာ ပြင်သစ်ကို သွားတော့ အီတလီပြည်ကို အရင်ဝင်ရတယ်။ အီတလီမှာ လောကဓါတ်ပညာ လေ့လာနေ တဲ့ ဗမာကျောင်းသားတွေနဲ့လဲ တွေ့တယ်။ ဆုံးမစကား ပြောခဲ့တယ်။ ပါရီရောက်တော့ ဖေဖေတို့ ဗမာပြည်က မင်းတုန်းဘုရင်ကြီးရဲ့ ၀န်ကြီးအဖွဲ့က ရွေးချယ်ပြီး လွှတ်ထားတဲ့ မောင်တရုတ်ဖြူဆိုတဲ့ လူငယ်ဟာ ပညာကောင်းစွာ မကြိုးစားဘဲ အပျော်အပါးလိုက်နေတာကို တွေ့ရလို့ စိတ်မချမ်းမသာ ဖြစ်ရတဲ့အကြောင်း ရေးသားမှတ်တမ်းတင်ထားတယ် သားတို့ရဲ့။ ကဲ.. အဲဒီခေတ် ကတည်းက တို့ဗမာက ပြင်သစ်မှာ ဂျပိုးကျ ပျက်စီးဘူးတော့ မိဘဆိုတာ သားသမီး ငယ်ငယ်တွေ ပြင်သစ်မှာ ပညာသင်ဘို့ဆိုရင် ဘယ်စိတ်ချနိုင်ပါ့မလဲ?
ဒါနဲ့ ပြင်သစ်စာနဲ့ စကား, ပါကစ္စတန်ပြည်မှာ ခေတ်စားပုံနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၃ နှစ် လောက်တုန်းက နိုင်ငံခြား တိုင်းပြည်တပြည်မှာ ဖေဖေနဲ့ တွေ့ဆုံတဲ့ ပါကစ္စတန်နီ မိတ်ဆွေကြီး တယောက် ပြောပြတာကလေးကို နည်းနည်းပြောပြချင်တယ်။ အဲဒီပုဂ္ဂိုလ်က ကုန်သည်ကြီးလဲ ကုန်သည်ကြီးပါဘဲ။ ပါလီမန်အမတ်လဲ ဖြစ်တယ်။
သူတို့ တိုင်းပြည်မှာ ပိုက်ဆံကြွယ်ဝချမ်းသာတဲ့ လူတွေဟာ၊ သူတို့ သားသမီးတွေကို ပြင်သစ် စာ သင်စေကြသတဲ့။ အဲဒီ အထက်တန်းလွှာဆိုတဲ့ လူတွေဟာ ၀တ်ပုံစားပုံ နေပုံထိုင်ပုံကစပြီး အစစ အလွန် အနောက်နိုင်ငံ ဆန်သတဲ့။ အထူးအားဖြင့် ပြင်သစ်ကို တုသတဲ့။ သူတို့ကိုယ်တိုင်ကလဲ အိမ်မှာ လင်ရော မယားပါ ပြင်သစ်လိုပြောပြီး ပီတိ ဖြစ်နေကြတာဘဲတဲ့။ တို့ဗမာပြည်မှာ တချို့ ဗမာလင်မယား တွေ ဗမာစကားသပိတ်မှောက်ပြီး ဗမာလူမျိုးကို အထင်သေးကြတာမျိုး နေမှာပေါ့ကွယ်။ အင်္ဂလိပ်လို တွေးပြီး ဗမာလို ဘယ်လို ခေါ်ပါလိမ့်လို့ အင်္ဂလိပ်လို " What you call in Burmese" လို့ ဆိုပြီး ဆက်စဉ်းစားကြရတဲ့ လူတွေလိုပေါ့ကွယ်။ ဒါမှ ဂုဏ်ရှိတဲ့ လူကြီးလူကောင်း အတန်းအစား ဖြစ်တာကိုး ကွဲ့။ တယောက်နဲ့တယောက်လဲ 'ဒါလင်ရေ၊ ဒီးယားရေ' နဲ့ ခေါ်ကြတာပေါ့။ ဖေဖေတို့ မိတ်ဆွေထဲကကို ဒီလို စုံတွဲတွေ အများကြီး ရှိတာဘဲ။ တနေ့တော့ အိမ်မှာ ပြင်သစ်စကားပြောပြီး ကိုယ့်ဖာသာ ဂုဏ်ရှိလှပြီလို့ ထင်နေကြတဲ့ ပါကစ္စတန်နီ ဇနီးမောင်နှံ ၂ ဦးဟာ ပြင်သစ်ပြည် ပါရီမြို့ကို သွားလည်ကြ သတဲ့။ ကိုယ့်မြို့ကိုယ့်ပြည်ကို ပြန်လာကြတဲ့အခါကျတော့ မိတ်ဆွေ သင်္ဂဟတွေက "ပါရီ ဘယ့်နှယ်လဲဗျို့- ပြင်သစ်ပြည် ဘယ်လိုနေသလဲဗျို့" လို့ မေးမြန်းစုံစမ်းကြသတဲ့။ ဒါကတော့ ထုံးစံအတိုင်း နိုင်ငံခြားက ပြန်လာတဲ့လူဆိုရင် ဒီလိုဘဲ မေးကြ နှုတ်ဆက်ကြတာဘဲ မဟုတ်လား? ပါကစ္စတန်နီ သူဌေးလင်မယားက "ဟာ- ပြင်သစ်ပြည်အကြောင်းတော့ မပြောပါနဲ့တော့ဗျ၊ လူတွေ အဆင့်အတန်းက သိတ်မြင့်တယ်၊ ပညာရေးဘက်က အလွန် အထက်တန်းကျပါတယ်။ ပါရီမှာ ကလေးတွေတောင် ပြင်သစ်စကား ပြောကြတယ်" လို့ ပြန်ပြောကြသတဲ့။
ပြင်သစ်ပြည်မှာ ပြင်သစ်လူမျိုး ကလေးတွေဟာ ပြင်သစ်စကားမပြောလို့ ဘာစကားပြောရ မှာလဲ? သူတို့ကတော့ ပြင်သစ်စကားကို အထင်ကြီးလွန်းတော့ မွှန်ပြီး အမှန်ကို မမြင်ဘူးပေါ့ကွယ်။
ပါကစ္စတန်ပြည် ကရာချိမြို့တော်မှာ သူဌေးအထက်တန်းစားဆိုတဲ့ လူတွေရဲ့ အမူအရာ အနေအထိုင်နဲ့ ဘ၀ကို ဖော်ပြတဲ့ အဖြစ်အပျက်ဘဲလို့ ပါကစ္စတန်နီမိတ်ဆွေင်္ကြးက ပြောပြတာဘဲ။ မင်းတို့လဲ ဒီလိုများ ဖြစ်ကုန်မှဖြင့် ဒုက္ခဘဲ။

သားတို့သမီးတို့ကျန်းမာကြပါစေ။
[ ၁၉၅၈ ခုနှစ်ထုတ်၊ လူထုဦးလှ၏ ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ စာအုပ်မှ ကူးယူဖော်ပြပါသည်။]

No comments: