Friday, October 30, 2009

ဦးလှနှင့် အတူနေခဲ့ရသော ရက်များ
ရေးသူ- အုန်းမောင် (လေထီး)

ဦးလှကို လူချင်းစသိခဲ့ရသည်မှာ စစ်ပြီးကာလတွင် ဖြစ်သည်။
၁၉၄၅ ခု၊ နိုဝင်ဘာလ။ ရက်ကိုတော့ မမှတ်မိတော့။ တနေ့တွင် ဖတပလဌာနချုပ် (ယခုပန်းချီပန်းပု ကျောင်း) အထွေထွေအတွင်းရေးမှူး၏ ရုံးခန်း၌ သခင်မြသွင် (ဒေးဒရဲ) နှင့် ကျွန်တော်တို့ ရှိနေကြစဉ် လူတယောက် ၀င်လာသည်။ ထိုသူမှာ အမေရိကန် စစ်ကာကီ ယူနီဖောင်းကို ၀တ်ထားသည်။ အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်၊ မျက်နှာကမူ အစဉ်ပြုံးနေ၏။
အထွေထွေအတွင်းရေးမှူးက ထိုသူနှင့် ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးသည်။ ထိုသူကား ကြီးပွါးရေး ဦးလှ ဖြစ်၏။ လွတ်လပ်ရေးအတွက် မန္တလေး ဖတပလကို တာဝန်ယူ စည်းရုံးလုပ်ကိုင်နေသူ ဖြစ်ကြောင်းကို နောက်တော့ သိရ၏။ မိတ်ဆက်ပေးသဖြင့် ကျွန်တော်တို့ အပြုံးချင်း ဖလှယ်၍ နှုတ်ဆက်ကြသည်။ နောက် အထက်မြန်မာနိုင်ပြည်၏ နိုင်ငံရေး၊ စည်းရုံးရေး၊ အခြေအနေများကို ဖတပလ အထွေထွေအတွင်းရေးမှူး နှင့် ဦးလှတို့ အပြန်အလှန် ဆွေးနွေးနေကြသည်ကို ကျွန်တော်တို့က ဘေးမှ နားထောင်နေကြသည်။ ဤကဲ့သို့ နားထောင်ရသဖြင့် အထက်မြန်မာပြည်၏ နိုင်ငံရေး၊ စည်းရုံးရေး အခြေအနေများကို ကျွန်တော်တို့ တစွန်းတစ သိလိုက်ရသည်။
ဤသို့ဖြင့် ဦးလှနှင့် လူချင်း စတွေ့ခဲ့ရသည်။ စသိခဲ့ရသည်။



ဦးလှနှင့် လူချင်း ခုမှ တွေ့ရ၊ သိရသော်လည်း ဦးလှ နာမည်ကိုကား စစ်မဖြစ်မီ ကတည်းက ကျွန်တော်တို့ ကြားဖူးနေ၏။ ထိုအခါက ဦးလှကို "ကြီးပွါးရေးဦးလှ" ဟု လူသိများကြသည်။ ကြီးပွါးရေးမဂ္ဂဇင်းကို ကိုယ်တိုင် ရေးသားထုတ်ဝေသောကြောင့် ကြီးပွါးရေး ဦးလှဟု ခေါ်ကြခြင်း ဖြစ်သည်။ စစ်ကြီးမဖြစ်မီက အမျိုးသားစိတ်ကို နှိုးဆွပေးသော မဂ္ဂဇင်းများထဲတွင် ကြီးပွါးရေးမဂ္ဂဇင်းသည်လည်း တစောင်တဖွဲ့အနေနှင့် ပါဝင်ခဲ့သည်။ ကြီးပွါးရေး မဂ္ဂဇင်းသည် အမျိုးသားစိတ် နိုးကြားတက်ကြွခါစဖြစ်သော ကျွန်တော်တို့ လူငယ်လူရွယ်များ တလေးတစား ဖတ်ခဲ့ရသော မဂ္ဂဇင်းတစောင်လည်း ဖြစ်သည်။
၁၃၀၀ပြည့် အရေးတော်ပုံကာလက မန္တလေးအာဇာနည် ဈာပန အခမ်းအနားသို့ စာရေးဆရာအသင်း ကိုယ်စားလှယ်အဖြစ် ကြီးပွါးရေးဦးလှ တက်ရောက်၍ လွမ်းသူ့ပန်းခွေချသည့် သတင်းဓါတ်ပုံကိုလည်း သတင်းစာ များတွင် ထိုအချိန်က ကျွန်တော် တွေ့မြင် ဖတ်ရှုခဲ့ရဖူးသည်။
စစ်အတွင်း ဖက်ဆစ်အုပ်စိုးမှုအောက်တွင် စာအုပ်စာတမ်းများ ရှားပါးနေချိန်၊ ရွှံ့နှင့်စစ်သား၊ ပန်းနှင့် စစ်သား စသော ဘာသာပြန်စာအုပ်များ ရှားရှားပါးပါး ထွက်လာသည်။ ထိုစာအုပ်များကို ဘာသာပြန်သူမှာလည်း 'ကြီးပွါးရေးဦးလှ' ပင် ဖြစ်၏။ ထို့ကြောင့် ကြီးပွါးရေးဦးလှ ဟူသော အမည်မှာ ကျွန်တော်တို့အတွက် အစိမ်းသက် သက် မဟုတ်ပေ၊ ကျွန်တော်တို့နှင့် ရင်းနှီးပြီးသား အမည်ဖြစ်သည်။
ဦးလှကို လူချင်း စသိရသော အချိန်တွင် ဦးလှမှာ စာရေးဆရာတယောက် အဖြစ်ဖြစ်သာ မဟုတ်သေး၊ လွတ်လပ်ရေးအတွက် ကိုယ်ထိလက်ရောက် ကြိုးပမ်းနေသူတယောက် အဖြစ်ပါတွေ့ရ သိရသဖြင့် ဦးလှကို စိတ်ထဲက လေးစားသွားမိသည်။ တချိန်ထဲတွင်လည်း ကျွန်တော့်စိတ်ထဲတွင် ဦးလှနှင့် ကျွန်တော်တို့သည် လွတ်လပ်ရေးအတွက် တလှေထဲစီး တခရီးထဲသွား နေသူများ ဖြစ်သည်ဆိုသော အသိက တပြိုင်နက် ၀င်ရောက် လာကာ ထိုအသိက ကျွန်တော်တို့အား ရွှင်လန်းတက်ကြွစေခဲ့ပါသည်။ ဦးလှနှင့် လူချင်း သိကျွမ်းခဲ့ရသော်လည်း လူချင်း တွေ့ရပြုရ နည်းသည်။ တွေ့ရပြုရနည်းခြင်းမှာ ဦးလှက မန္တလေး၊ ကျွန်တော်က ဖျာပုံဆိုတော့ မကြာခဏ တွေ့ဖို့ ဆုံဖို့ မလွယ်သောကြောင့် နှစ်ယောက်စလုံး ရန်ကုန်အရောက်နှင့် ကြုံမှသာ တွေ့ရ ဆုံရတော့သည်။ မှတ်မှတ်ရရ ကျွန်တော် ဦးလှနှင့် သုံးခါလောက်ပဲ တွေ့လိုက်ရသည်။
ဖဆပလ အလယ်ပစ္စယံညီလာခံ (၁၉၄၆) တွင် တခါ ဦးလှနှင့် တွေ့လိုက်ရသည်။ ထိုညီလာခံသို့ ဦးလှက မန္တလေးဖဆပလ ကိုယ်စားလှယ်အဖွဲ့နှင့် ပါလာ၍ ကျွန်တော်ကလည်း နယ်ကိုယ်စားလှယ်အဖွဲ့နှင့် ပါလာခဲ့သဖြင့် တယောက်နှင့်တယောက် တွေ့ဆုံလိုက်ရသေးသည်။ စကားတွေ အားရပါးရ ပြောလိုက်ရသေးသည်။ ဖဆပလ အလယ်ပစ္စယံညီလာခံမှာ လွတ်လပ်ရေးနှင့် အမျိုးသား ညီညွတ်ရေးအတွက် အားအကောင်းဆုံး ညီလာခံ ဖြစ်သဖြင့် ကျွန်တော်တို့ အားလုံးမှာ ရွှင်လန်းတက်ကြွနေကြသည်။
ဖဆပလ ဦးစီး အစည်းအဝေး (၁၉၄၆) သို့ ဦးလှ တက်သေးသည်ဟု သိရသည်။ သို့သော် ကျွန်တော် နယ်ရောက်နေသဖြင့် လူချင်းမတွေ့လိုက်ရ။ ထိုအစည်းအဝေးမှာ ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်သော အစည်းအဝေး ဖြစ်၏။ အစည်းအဝေးတွင် ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ကြောင်း အဆိုကို မဲခွဲရာ ဦးလှက သဘောမတူသဖြင့် မဲမပေးပဲ နေခဲ့သည်ဟု ကြားသိရသည်။ အမျိုးသားညီညွတ်ရေး ပြိုကွဲမှာကို ဦးလှ မလိုလားပေ။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ် ခံရပြီး၊ နောက်တခါ ရန်ကုန်တွင် တွေ့လိုက်ရသေးသည်။ သည်အခါ ဦးလှကို တွေ့ရသည်မှာ အရင်တုန်းကလို ရွှင်ရွှင်လန်းလန်း မရှိတော့။ ညီညွတ်ရေး ပြိုကွဲခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခြင်း တို့ကြောင့် သူ စိတ်ထိခိုက်နေသည်ဟု ကျွန်တော် အကဲခတ်မိသည်။ အစဉ်ပြုံးနေသော သူ့မျက်နှာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရသည်။
ကျွန်တော်တို့သည် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေယင်း၊ နိုင်ငံရေး အခြေအနေများသည် တခုပြီးတခု ပြောင်းလဲသွားသည်။ ဖဆပလ-ကွန်မြူနစ်ပါတီကွဲခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံသတ်ဖြတ်ခံ ရခြင်း၊ ပြည်တွင်းစစ် ဖြစ်ပွါးခြင်း စသည် စသည်များ။ နိုင်ငံရေးပါတီများ အစိတ်စိတ်အမြွာမြွာ ကွဲကုန်သည်။ တောထဲရောက်သူရောက်၊ ထောင်ထဲ ရောက်သူရောက်နှင့် ဟိုတကွဲ သည်တကွဲနှင့် အကွဲကွဲ ဖြစ်ကုန်ကြသည်။
ထိုအချိန်သည် တပြည်လုံးတွင် မိုးသက်လေပြင်းများ တိုက်ခတ်နေချိန် ဖြစ်သည်။

(၂)
အတော်ကြာ လူချင်းကွဲနေရာမှ ကျွန်တော်နှင့် ဦးလှ ရန်ကုန်ထောင်တွင် မမျှော်လင့်ပဲ ပြန်တွေ့ရ ပြန်သည်။
ဦးလှသည် ပုဒ်မ ၅ နှင့် အဖမ်းခံနေရ၏။
၁၉၅၀ ခုနှစ်လောက်က မြန်မာပြည်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု စတင်ပေါ်ပေါက်လာသောအခါ ငြိမ်းချမ်းရေး လှုပ်ရှားမှု လုပ်ငန်းများတွင် ဦးလှသည် စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာ သည်ကို တွေ့ရပြန်သည်။ ငြိမ်းချမ်းရေး လိုလားသော ဦးလှသည် ငြိမ်းချမ်းရေးအတွက် ရေးသားသည်၊ ဟောပြောသည်။ စည်းရုံးလှုပ်ရှားသည်။ ငြိမ်းချမ်းရေး ခရီးသည်အဖြစ် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့သည်။ ဦးလှကိုယ်တိုင် ရေးသားထုတ်ဝေသော လူထုသတင်းစာသည် ငြိမ်းချမ်းရေး ကြွေးကြော်သံ ဖြစ်လာသည်။
ဤကဲ့သို့ ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုပ်ရှားယင်း ဖဆပလအစိုးရက ပုဒ်မ ၅ နှင့် ဖမ်းလိုက်ခြင်း ဖြစ်သည်။ ဦးလှ ဖမ်းပြီးနောက် နှစ်လအကြာတွင် ကျွန်တော့်ကိုလဲ တောထဲမှ ဖမ်းမိလာသဖြင့် ပုဒ်မ ၅ နှင့် ရန်ကုန်ထောင်တွင် ချုပ်နှောင်ထားသည်။
ယခုအခါ နှစ်ယောက်စလုံးမှာ ပုဒ်မ ၅ အကျဉ်းသားများ ဖြစ်နေကြ၏။ ကံဆုံချင်တော့ ဦးလှနှင့် ကျွန်တော် တထောင်တည်း၊ တဆောင်တည်း နေရ၏။ ပုဒ်မကလည်း တပုဒ်မတည်း အဖမ်းခံနေရ၏။ ကျွန်တော်နေရသော အဆောင်မှာ နံပါတ် ၅ အဆောင်ဖြစ်၏။ နံပါတ် ၅ အဆောင်မှာ များသောအားဖြင့် ပုဒ်မ ၅ နိုင်ငံရေးအကျဉ်းသားများကို ထားသောကြောင့် ထောင်အာဏာပိုင်များက ပုဒ်မ ၅ ဆောင်ဟု ခေါ်ကြသည်။ အကျဉ်းသားများကမူ နိုင်ငံရေးအဆောင် ဟု ခေါ်ကြသည်။ ကျွန်တော်တို့ နေသော နံပါတ် ၅ ဆောင်ကို အခြား ရိုးရိုးအကျဉ်းသားများနှင့် အဆက်ဖြတ်ထား၏။ ပုဒ်မ ၅ ဆောင်သို့ အကျဉ်းသားများ ကူးလူးဆက်ဆံခြင်း မလုပ်ရ၊ နိုင်ငံရေးသမားများနှင့် မဆက်သွယ်ရ၊ စကားမပြောရဟု ထောင်အာဏာပိုင်များက စည်းကမ်းထုတ်ထားသည်။ ဤစည်းကမ်းကို မလိုက်နာသော အကျဉ်းသားများကို အပြစ်ပေးသည်။
ကျွန်တော်ရောက်စက ကျွန်တော်နေရသော နံပါတ် ၅ အဆောင်တွင် နိုင်ငံရေးသမား သိပ်များများ စားစား မရှိသေး။ သခင်ဖေဌေး (အလံနီ)၊ ဗိုလ်စက်စိန်၊ ဗိုလ်မြင့်သိန်း၊ ဗိုလ်နန္ဒ စသော ပြည်သူ့ရဲဘော် ခေါင်းဆောင်များ၊ လူထုဦးလှ၊ ဗန်းမော်တင်အောင်၊ ကိုရွှေဓါး၊ ဆန်းညွန်ဦး ဦးလှခင် စသော စာရေးဆရာများ၊ သတင်းစာဆရာများ စသည်တို့ လောက်သာ ရှိသေးသည်။
သခင်ဖေဌေးမှာ အလံနီပါတီခေါင်းဆောင်တယောက် ဖြစ်ပြီး မစွမ်းမသန်သူလည်း ဖြစ်သည်။ ပုဒ်မ ၅ နှင့် ချုပ်နှောင်ထားသည်မှာ ၅ နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ ဗိုလ်စက်စိန်၊ ဗိုလ်မြင့်သိန်း၊ ဗိုလ်နန္ဒတို့မှာ ကြိုးဒဏ်မှ တသက်တကျွန်းသို့ ပြောင်းပေးထားသူများ ဖြစ်၏။ ဗန်းမော်တင်အောင်မှာ သူရေးသော သူပုန်ကြီး နှင့် အမေ ၀တ္ထုတို့အတွက် တရားစွဲထားသဖြင့် အမှုကို ရုံးတွင် ရင်ဆိုင်နေရသည်။ ကိုရွှေဓါးနှင့် ဆန်းညွန့်ဦး ဦးလှခင်တို့မှာ ဗန်းမော်တင်အောင်၏ အမှုတွဲများ ဖြစ်၏။ ထိုသူများထဲမှ ကျွန်တော်နှင့် လူချင်းသိသူမှာ လူထုဦးလှ နှင့် သခင်ဖေဌေးတို့ နှစ်ယောက်လောက်သာ ရှိ၏။ ကျန်လူများကိုမူ လူချင်းမသိခဲ့။ လူချင်းမသိသော်လည်း နာမည်များကိုမူ ကြားဖူးနေသည်။ လူချင်းမသိသော်လည်း ဘ၀တူချင်းမို့ တယောက်နှင့်တယောက် ခင်မင် ရင်းနှီးကြသည်။ တယောက်ကိုတယောက် ကူညီကြသည်။ စောင့်ရှောက်ကြသည်။ သူတို့၏ ကူညီစောင့်ရှောင့်မှု ကြောင့် ထောင်ထဲ နေရသည်မှာ သိပ်အခက်အခဲ မတွေ့လှ။
ကျွန်တော် အဆောင်ရောက်ရောက်ချင်း ပထမဆုံး တွေ့ရသူမှာ ဦးလှနှင့် သခင်ဖေဌေး ဖြစ်၏။ ကျွန်တော်တို့တတွေ တွေ့တွေ့ချင်း ဖက်လှဲတကင်း နှုတ်ဆက်ကြသည်။ စိတ်ထဲတွင်လဲ ၀မ်းနည်းဝမ်းသာ ဖြစ်ကြရသည်။ တချိန်က တိုင်းပြည်လွတ်လပ်ရေးအတွက် တလှေတည်းစီး၊ တခရီးတည်း သွားခဲ့ကြသော ကျွန်တော်တို့သည် ယခုအခါ အကျဉ်းသား ဖြစ်နေကြသည်ကို တွေ့ရသောအခါ ဘ၀၏ဆန်းကြယ်ပုံကို တွေးမိပြီး စိတ်ထဲ အလိုလို ပြုံးမိသည်။
ဦးလှမှာ အနည်းငယ် ၀လာသည်မှ လွဲ၍ အပြင်မှာတုန်းက တွေ့ခဲ့သည့် ရုပ်အတိုင်းပင်။ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိ။ သူ့အပြုံးက နဂိုအတိုင်းပင် အပြုံးမပျက်။ သူ့ လှုပ်ရှားမှုမှာလည်း သွက်လက်ဖြတ်လတ်တုန်း ပင်။ သူတို့တတွေမှာ ကျွန်တော့်ထက် လသော်လည်းကောင်း၊ နှစ်သော်လည်းကောင်း ထောင်စောပြီး ရောက်နေကြသူများ ဖြစ်သဖြင့် ကျွန်တော့်ထက် ထောင်သက်ကြီးသူများ ဖြစ်ကြသည်။ ကျွန်တော့်ထက် ထောင်အတွေ့အကြုံ၊ ထောင်ဗဟုသုတ ရှိသူများ ဖြစ်ကြသည်။ သူတို့က ကျောင်းသားဟောင်း ကျွန်တော်က ကျောင်းသားသစ်လို ဖြစ်နေ၏။ ကျွန်တော်လို ကျောင်းသားသစ်များလည်း နေ့စဉ်လိုလို တိုးနေသဖြင့် တဖြည်းဖြည်းနှင့် ကျွန်တော်တို့ အဆောင်တွင် နိုင်ငံရေးသမားများ များများလာသည်။ အဆောင်မှာ တရုံးရုံးနှင့် စည်ကားနေ၏။
ထောင်ထဲ အနေကြာလာသောအခါ လူတွေလည်း တည်တည်ငြိမ်ငြိမ် ဖြစ်လာကြသည်။ ထောင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေနိုင်လာကြပြီ။ နေတတ်လာကြပြီ။ တနေ့တာ အချိန်ကို အလဟဿ အဖြစ်မခံ။ ထောင်တွင်း နေရတုန်း နေရခိုက် ကိုယ့်အတွက် အကျိုးရှိမည့် အလုပ်တခုခုကို လုပ်ယင်းဖြင့် တနေ့တာ အချိန်ကို ကုန်လွန်စေခဲ့သည်။ အချို့က စာရေးစာဖတ်သည်။ အချို့က ကျန်းမာရေးလိုက်စားကြသည်။ အချို့က ဗဟုသုတ ရှာကြသည်။ စာသင်ကြသည်။
ကျွန်တော်တို့တတွေမှာ အပြင်လောကနှင့် အဆက် ပြတ်နေ၏။ အပြင်လောကနှင့် အဆက် အသွယ်မှာ ထောင်ဝင်စာပင်ဖြစ်၏။ ထောင်ဝင်စာ လာတွေ့သူ ရှိမှသာလျှင် အပြင်မှ ဟိုသတင်း သည်သတင်းများကို ကြားရသည်။ အပြင်လောကမှ သတင်းများကို ဦးလှထံမှ အများဆုံး ကြားရသည်။ အဘယ့်ကြောင့်ဆိုသော် ဦးလှမှာ မိတ်ဆွေသင်္ဂဟ ပေါများသူဖြစ်သဖြင့် ကျွန်တော်တို့အထဲတွင် ထောင်ဝင်စာ လာတွေ့သူ အများဆုံး ဖြစ်သောကြောင့်ပင် ဖြစ်၏။ ဦးလှသည် သတင်းဦး သတင်းထူးလေးများ ရလာလျှင် ကျွန်တော်တို့ကို သိစေချင် သည်။ ပြောပြချင်သည်။ ထိုအခါ ညည များတွင် တခန်းခန်း၌ စုကြသည်။ စားစရာတခုခုကို လုပ်ကိုင်စားသောက် ယင်း ဦးလှပြောပြသော သတင်းများကို နားထောင်ကြသည်။ သတင်းများက စုံသည်။ နိုင်ငံရေးသတင်း၊ မိတ်ဆွေ သင်္ဂဟများသတင်း၊ ဟိုသတင်း၊ သည်သတင်း စသည်များကို ကြားရပေသည်။
ဦးလှမှာ စာရေးကောင်းသလို စကားပြောလည်း ကောင်းသည်။ သူ စကားပြောသောအခါ သူ ဖြတ်သန်း လာခဲ့သော နိုင်ငံရေးအတွေ့အကြုံ၊ စာပေအတွေ့အကြုံ များထဲမှ အဖြစ်အပျက်ကလေးများနှင့် ဆက်စပ်၍ ပြောတတ်သည်။ နားထောင်သူများ မငြီးငွေ့အောင်လည်း ရယ်စရာ မောစရာကလေးများ ညှပ်၍ ပြောတတ်သည်။ စကားပြောရာတွင် ဒေါသ ကင်းသည်။ အာဃာတ ကင်းသည်။ မာန်မာန မရှိ။ လူတိုင်းကို ချိုချိုသာသာ ပျော့ပျော့ ပျောင်းပျောင်း ပြောဆိုဆက်ဆံသည်။ ပြောစရာရှိ၍ ပြောရသည့်တိုင်အောင် အပြောခံရသူ နားဝင်အောင် ချိုချိုသာသာ ပြောတတ်သဖြင့် အကျဉ်းသားတိုင်း ဦးလှကို ခင်မင်ကြသည်။ 'ဦးလေးလှ'၊ 'ဦးလေးလှ' နှင့် လေးစားကြသည်။
ဦးလှသည် ထောင်ထဲနေရစဉ် ထောင်၏ နှိပ်စက်ညှင်းပန်းမှုများကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ ထောင်ကျ အကျဉ်းသားများ၏ဘ၀သည် ရင်နာစရာ ကောင်းသည်။ ဒါတွေကို နေ့စဉ်နှင့်အမျှ တွေ့မြင်ခံစားနေရ သော ဦးလှက အကျဉ်းသားများကို စာနာသည်။ ထောင်ကို ပြုပြင်ပေးချင်သည်။ အကျဉ်းသားများ၏ ဘ၀ ပြုပြင်ရေးကို စိတ်ဝင်စားသည်။ ထို့ကြာင့် ဦးလှသည် ထောင်ထဲမှာနေတုန်း ထောင်အကြောင်း သိကောင်းစရာများ ကို စူးစမ်းရှာဖွေသည်။ အကျဉ်းသားများနှင့်တွေပြီး အကျဉ်းသားများ၏ ဘ၀ကို လေ့လာသည်။ တခါတခါ သူတွေ့မေးသော အကျဉ်းသားများ၏ဘ၀ တစေ့တစောင်းကို ကျွန်တော်တို့အား ပြောပြတတ်သည်။ ဦးလှရေးသော လေနှင့်အတူ ၀တ္ထုထဲမှ ဇာတ်ကောင် မောင်ညိုအကြောင်းကို ကျွန်တော်နှင့် ဗန်းမော်တင်အောင် တို့အား စကားဆုံတိုင်း ပြောပြောပြသည်။
"မောင်ညိုက မရှိလို့ ခိုးစားပေမယ့် ညစ်ပတ်တဲ့ စိတ်မထားဘူးတဲ့။ သူ မိန်းမ ယူယင်တောင် မိန်းမ ကောင်းကို ဘယ်တော့မှ မယူဘူးတဲ့၊ မိန်းမပျက်ကိုပဲ ယူတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ထောင်ခဏခဏ ကျနေတော့ မိန်းမကောင်းဆိုယင် ပျက်စီးသွားမှာ စိုးရတယ်။ မိန်းမပျက်ဆိုတော့ နောက်ထပ်ပျက်စီးသွားမှာလဲ မစိုးရတော့ဘူးတဲ့" ဟု မောင်ညို၏ သဘောကျစရာ စိတ်သဘောထားကလေးများကို ပြောပြသည်။ အဆိုးထဲမှ ကောင်းကွက်ကလေးများကို ရှာ၍ သူတို့တတွေ၏ ဘ၀များကို လေ့လာသည်။ ဦးလှက ထောင်ကျအကျဉ်းသား များနှင့် ပြောဆိုဆက်ဆံရာတွင် မာန်မာန မထား။ မတူမတန် သဘောမျိုး မထား။ ရွံ့ရှာစက်ဆုပ်သည့် အကြည့်မျိုးနှင့် မကြည့်။ သူတို့အပေါ် မေတ္တာ စေတနာထားသည်။ သူတို့ကို ကြင်နာ သနားသည်။ သူတို့ဘ၀ကို နားလည်နိုင်အောင် ကြိုးစားပြီး သူတို့အပေါ် စာနာစိတ် ထားသည်။ ထို့ကြောင့်လည်း ဦးလှအား အကျဉ်းသားများ က ချစ်ခင်လေးစားကြခြင်း ဖြစ်သည်။
ဦးလှက သူထောင်ကလွတ်တဲ့နေ့ ထောင်ပြုပြင်ရေး အကျဉ်းသားဘ၀ ပြုပြင်ရေးအတွက် အထောက် အကူဖြစ်မည့် ထောင်စာအုပ်များရေးမည်ဟု သူစဉ်းစားထားသည်။ ထို့ကြောင့် ထောင်ထဲနေရတုန်း နေရခိုက် ထောင်အကြောင်းကို စူးစမ်းရှာဖွေသည်။ ထောင်ကျအကျဉ်းသားများနှင့်တွေ့ပြီး သူတို့ဘ၀ကို လေ့လာသည်။ စူးစမ်းလေ့လာ၍ ရသော အကြောင်းအရာများကို စုစည်း၍ ထောင်စာအုပ်များကို ရေးရာ အကျဉ်းသား၏ဘ၀ကို ဖော်ပြသော 'လေနှင့်အတူ'၊ 'လှောင်ချိုင့်တွင်းမှငှက်ငယ်များ'၊ 'စစ်အချစ်နှင့်ထောင်'၊ 'ထောင်နှင့်လူသား' စသော စာအုပ်များ ထွက်ပေါ်လာခဲ့သည်။ ထောင်တွင်းအကျဉ်းသားများ၏ ဘ၀သည် ပျော်ရွှင်စရာဟူ၍ မရှိ၊ ဒုက္ခအတိနှင့် ပြီး၏။ ငြီးငွေ့စရာကောင်းသည်။ ထို့ကြောင့် အကျဉ်းသားများသည် လောကငရဲတွင် ငရဲခံနေရသော ငရဲသားများ ပမာဟု သူတို့ဘ၀ကို သူတို့ ခိုင်းနှိုင်းကြသည်။
ရန်ကုန်ထောင်သည် စံပြထောင် ဖြစ်လာသောအခါ စံပြထောင် အခွင့်အရေး အချို့ကို အကျဉ်းသားများ ရရှိခံစားလာရသည်။ အကျဉ်းသားများ ပျော်ရွှင်မှုအတွက် ဘောလုံးကန်ခွင့်၊ ခြင်းခတ်ခွင့်များ ပေးသည်။ အားကစားလတွင် အားကစားပြိုင်ပွဲများ ပြုလုပ်ခွင့်ပေးသည်။ အကျဉ်းသားကိုယ်စားလှယ်များ ပါသော အားကစားကော်မတီများဖွဲ့၍ အားကစားပြိုင်ပွဲများ ကျင်းပသည်။ တနှစ်တွင် အားကစားပြိုင်ပွဲများကျင်းပရာ ဦးလှမှာ အားကစားကော်မတီဥက္ကဌ ဖြစ်လာ၏။ ထိုနှစ်က အားကစားပြိုင်ပွဲမှာ ထောင်ရာဇ၀င်တွင် အကြီးကျယ်ဆုံး အစည်ကားဆုံး ပြိုင်ပွဲဖြစ်၏။ ဦးလှကလည်း အပေါင်းအသင်း မိတ်ဆွေသင်္ဂဟ ပေါများသူ ဖြစ်သဖြင့် အပြင်မိတ်ဆွေများထံမှ ငွေအလှူခံသည်။ ဆုပစ္စည်းများအလှူခံရာ အဖိုးတန် ဆုပစ္စည်းများကို ရရှိခဲ့သည်။ အားကစားကော်မတီက အပြင်က ငွေ၊ ပစ္စည်း လှူကြသော မိတ်ဆွေဧည့်သည်များကို ဖိတ်ကြားချင် သည်။ အပြင်လောကမှ အားကစားမောင်မယ်များကို ဖိတ်ကြားချင်သည်။ သို့သော် ထောင်အာဏာပိုင်များက အပြင်က ဧည့်သည်များလာလို့ တစုံတခုဖြစ်လျှင် သူတို့ တာဝန်ဖြစ်မည်။ ဤအတွက် သူတို့ တာဝန် မယူနိုင်ဟု ဆိုသည်။ အားကစားကော်မတီနှင့် ထောင်အာဏာပိုင်များ အကြိတ်အနယ် စကားပြောရသည်။ နောက်ဆုံး ထောင်အာဏာပိုင်များက "ခင်ဗျားတို့ တာဝန်ယူနိုင်လျှင် ဖိတ်ပါ" ဟု ခွင့်ပြုသည်။
ဤကိစ္စကို အားကစားကော်မတီက အကျဉ်းသားများအား ရှင်းပြရာတွင် ဥက္ကဌဦးလှက...
"အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ အကျဉ်းသားအားလုံးမှာ တာဝန်ရှိတယ်။ အပြင်က ဧည့်သည်တွေကို ဖိတ်ဖို့ ကျွန်တော်တို့က တာဝန်ယူခဲ့တယ်။ အပြင်ကလူတွေကလည်း ထောင်သားတွေဆိုတော့ ကြောက်ကြမှာပဲ။ အပြင်က လူတွေထင်သလို အကျဉ်းသားတွေဟာ ကြောက်စရာ လူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လက်တွေ့နဲ့ ပြရမယ်။ ကျွန်တော်တို့ စည်းကမ်း ရှိကြရမယ်။ တခုခုဖြစ်ရင် ကျွန်တော်တို့ ရထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှာပဲ" ဟု ပြောရာ အကျဉ်းသားများက လက်ခုပ်တီး၍ ကတိ ပြုကြသည်။
အားကစားပြိုင်ပွဲ ကျင်းပသောနေ့တွင် ဦးလှဖိတ်ကြားထားသော အပြင်က ဧည့်သည် မိတ်ဆွေများ၊ ကျားဘငြိမ်း ခေါင်းဆောင်သော အားကစားမောင်မယ်များ လာရောက် ကြည့်ရှုအားပေးကြသည်။ ကျားဘငြိမ်းက လက်ဝှေ့ထိုးပြသည်။ ပြိုင်ပွဲဝင် အကျဉ်းသား အားကစားမောင်မယ်များက ဦးလှကို ချီတက် အလေးပြုကြသည်။
အားကစားပြိုင်ပွဲကား စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင် စည်းကမ်းတကျနှင့် ပြီးဆုံးသွားသည်။ ထောင်တွင်း အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ ကျားဘငြိမ်းက ဤသို့ နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့သည်။
"ကျွန်တော့်မိတ်ဆွေ လူထုဦးလှ ဖိတ်လို့သာ လာရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရယင် ကျွန်တော်က ထောင်ထဲလာရတာ ခပ်ကြောက်ကြောက်ပဲ၊ ဒါပေမယ့် ထောင်အားကစားပြိုင်ပွဲကို လာရောက်ကြည့်ရှုကြတဲ့ အကျဉ်းသားတွေရော၊ ပြိုင်ပွဲဝင်တဲ့ အကျဉ်းသားတွေရောဟာ တော်တော် စည်းကမ်းရှိကြပါတယ်။ ကျွန်တော်တို့ ဆိုရင် အကျဉ်းထောင်ထဲက အားကစားပွဲကို ကြည့်နေရတယ်လို့တောင် မထင်ဘူး။ အပြင် မြို့နယ်တခုက အားကစားပွဲကို ရောက်နေသလားလို့တောင် ထင်နေမိပါတယ်......"
အားကစားကွင်းတခုလုံး လက်ခုပ်သံများ ဆူညံသွားတော့သည်။

(၃)
ဦးလှသည် ၁၉၅၇၊ ဇန်န၀ါရီ ၁၄ ရက်တွင် ရန်ကုန်ထောင်မှ လွတ်သည်။ ထောင်ထဲတွင် ပုဒ်မ ၅ ဖြင့် ၃ နှစ်၊ ၃ လ၊ ၇ ရက် နေသွားရသည်။
မလွတ်ခင်တရက်က ဦးလှ လွတ်မည့်သတင်း ရန်ကုန်ထောင်ထဲတွင် ပျံ့နှံ့လာသည်။ အကျဉ်းသားများက ကျွန်တော်တို့ အဆောင်ကို ဟုတ်မဟုတ် လာ၍ စုံစမ်းကြသည်။ ဦးလှကို ကိုယ်တိုင် မေးသူကလည်း မေးကြသည်။ တကယ်လွတ်မည်ဆိုသော သတင်းကို ကြားရသောအခါ အကျဉ်းသားများ၏ မျက်နှာတွင် ၀မ်းနည်းဝမ်းသာ အမူအရာများကို တွေ့ရသည်။
ဝမ်းနည်းခြင်းမှာ နှစ်ရှည်လများ အတူတကွ နေခဲ့ရသော ဘ၀တူတယောက် လျော့သွား၍ ဖြစ်ပြီး၊ ၀မ်းသာခြင်းမှာ လောကငရဲမှ လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။ တကယ်ဆိုလျှင် ၀မ်းနည်းခြင်းထက် ၀မ်းသာခြင်းက ပိုပါသည်။ ထိုညတွင် ကျွန်တော်တို့ အဆောင်က မနက်ဖြန်လွတ်တော့မည့် ဦးလှအား လက်ဘက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံ၍ နှုတ်ဆက်ပွဲ ကျင်းပကြသည်။ အခြားအဆောင်များမှ အကျဉ်းသားများက လည်း ကိုယ်စားလှယ်များလွှတ်၍ နှုတ်ဆက်စကား ပြောစေခဲ့ပါသည်။ အကျဉ်းသားတယောက်က နှုတ်ဆက် စကားပြောကြားရာတွင် "ဦးလေးလှ အခုလို လွတ်တာကို ၀မ်းသာပါတယ်၊ ဒါပေမယ့် ဦးလေးလှတယောက် လျော့သွားတာတော့ ကျွန်တော်တို့အတွက် တအားလျော့တာပါပဲ။ ဦးလေးလှကို ကျွန်တော်တို့ မှာချင်တာက တော့ အပြင်ရောက်လို့ ဇနီးသားမယား၊ ဆွေမျိုးမိတ်သင်္ဂဟများနဲ့ တွေ့တယ်ဆိုရင် အထဲက ကျွန်တော်တို့ကို မေ့သွားမှာပါ။ အထဲက ကျွန်တော်တို့ တတွေကို မမေ့ပါနဲ့လို့ မှာချင်ပါတယ်"
တယာက်စီ နှုတ်ဆက်စကားပြောပြီးနောက် ဦးလှက နောက်ဆုံး နှုတ်ဆက်စကားပြောကြားရာ-
"လူတယောက် ထောင်ကလွတ်တယ်ဆိုတာ ၀မ်းသာစရာပါ။ ကျွန်တော်လည်း ၀မ်းသာပါတယ်။ ဒါပေမယ့် ဒီက ဘ၀တူ မိတ်ဆွေများနဲ့ ခွဲခွါသွားရမှာကိုလည်း ကျွန်တော် စိတ်ထိခိုက်ရပါတယ်။ ဘယ်လိုပြောရ မလဲ ဆိုတော့ ဘုရားလက်ထက်က မောင်မစ္စကပြောသလိုပဲ ပြောရမှာပဲ။ မောင်မစ္စကဆိုတာ တဘ၀ထဲမှာ ယောက်ျားတလှည့် မိန်းမတလှည့်နဲ့ နှစ်ဘ၀ ပြောင်းခဲ့တဲ့သူပါ။ ယောက်ျားဘ၀မှာလည်း ကလေးတယောက် ရပါတယ်၊ မိန်းမဘ၀နဲ့လည်း ကလေးတယောက် ရပါတယ်။ ဒီကလေးတွေနဲ့ ပတ်သက်ပြီး လူတွေက မောင်မစ္စကကို ယောက်ျားဘ၀မှာ ရတဲ့ကလေးနဲ့ မိန်းမဘ၀မှာ ရတဲ့ကလေး ဘယ်ကလေးကို ပိုချစ်ပါသလဲလို့ မေးကြပါတယ်။ ဒီတော့ မောင်မစ္စက က အခုလိုဖြေပါတယ်။ ယောက်ျားဘ၀မှာ ရတဲ့ကလေးရော၊ မိန်းမဘ၀မှာ ရတဲ့ကလေးရော ဟာ- ကိုယ့်သားသမီးချည်းပဲဆိုတော့ နှစ်ယောက်စလုံးကို ချစ်ပါတယ်။ ဒါပေမယ့် မိန်းမဘ၀မှာ ရတဲ့ကလေးက ကိုယ်ကိုယ်တိုင် လွယ်ပြီး မွေးရတဲ့ ကလေးမို့ မိန်းမဘ၀မှာ ရတဲ့ကလေးကို ပိုချစ်ပါတယ်လို့ မောင်မစ္စက က ဖြေခဲ့ပါတယ်။
အဲဒီလိုပဲ ဒီက မိတ်ဆွေတွေဟာ ကျွန်တော်နဲ့ အတူတူ နှစ်ရှည်လများ ဒုက္ခတွေကို အတူတူခံစားခဲ့ရတဲ့ ဘ၀တူတွေမို့ အပြင်ရောက်လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်သည့်တိုင်အောင် အထဲက ဘ၀တူ မိတ်ဆွေများကိုတော့ ကျွန်တော့် တသက်တာမှ မေ့နိုင်မှာ မဟုတ်ပါဘူး" ဦးလှ၏ နှုတ်ဆက်စကားများကို အကျဉ်းသားများက တသသနှင့် စွဲကျန်ရစ်ခဲ့သည်။ ထိုညက ဦးလှ၊ ဗန်းမော်တင်အောင်၊ ဗိုလ်စက်စိန်နှင့် ကျွန်တော်တို့သည် နောက်ဆုံးညမို့ ညည့်အတော်နက်သည်အထိ စကားပြောကြသည်။
"အေးပေါ့ဗျာ လွတ်တယ်ဆိုပေမယ့်လည်း ဘာနဲ့တူသလဲဆိုတော့ ကြက်ခြင်းထဲက ကြက်လိုပေါ့။ ကြက်ခြင်းထဲက လွတ်ပြီး ကြက်ခြံထဲ လွှတ်ထားသလိုပေါ့၊ ကြက်ခြံက ကြက်ခြင်ထက်စာယင် နဲနဲ ကျယ်သပေါ့ လေ" ဟု ဦးလှက သူထောင်က လွတ်ခြင်းနှင့် ပတ်သက်၍ သူ၏ သဘောထားကို ပြောပြသည်။
အပြင်ရောက်လို့ တွေ့သင့်သူများကို တွေ့ပြီး ရန်ကုန်တွင်တွင် ကြာကြာမနေပဲ မန္တလေး မြန်မြန်ပြန်မည့် အကြောင်းကိုလည်း ပြောပြသေးသည်။
"အမာလဲ ကျွန်တော်မရှိတုန်း သတင်းစာကတဘက်၊ သားသမီးတာဝန်များက တဘက်နဲ့ သိတ်ပင်ပန်း နေတယ်။ အမာ့ကို တလှည့်အနားပေးပြီး ကျွန်တော်တလှည့် တာဝန်ယူရအုန်းမယ်။ အမာ့ကို တောင်ကြီးလို နေရာမျိုးသွားပြီး အနားယူခိုင်းမယ်" ဟုလည်း ဒေါ်အမာ၏ အပင်ပန်းခံနိုင်ပုံ၊ ဇွဲသတ္တိရှိရှိနဲ့ အလုပ်ကြိုးစားပုံများ ကိုလဲ ပြောပြလိုက်သေးသည်။
ထောင်ကလွတ်သည့်နေ့တွင်ကား ထောင်တွင်းမှ မိတ်ဆွေများက တယောက်ပြီးတယောက် ဆိုသလို လာရောက် နှုတ်ဆက်ကြသည်။ အချိန်ကျတော့ ဦးလှသည် ကျွန်တော်တို့ အဆောင်မှ ထွက်စပြုသည်။ ကျွန်တော်တို့ အားလည်း ဦးလှက တယောက်ပြီးတယောက် လက်ဆွဲနှုတ်ဆက်သည်။ အဆောင်မှ ထွက်သွားပြီး နောက် အဆောင်အပြင်သို့ ရောက်သောအခါ ကျွန်တော်တို့အား တချက်လှည့်ကြည့်ပြီး လက်ကလေးဝှေ့ရမ်းပြ ကာ ဗူးဝဆီသို့ တဖြည်းဖြည်း လှမ်းသွားသည်။ ဦးလှသည် ကျွန်တော်တို့နှင့် ဝေးသွားပြီ ဖြစ်သော်လည်း ဦးလှ၏ ရုပ်သွင်သည် ကျွန်တော်တို့ မျက်စိထဲတွင် တရေးရေးနှင့် ကျန်ရစ်ခဲ့ပါသည်။


(၄)
ဦးလှ ထောင်မှ လွတ်ပြီးနောက် သူပြောသည့်အတိုင်း ဘ၀တူများကိုမမေ့။ ဘ၀တူ အကျဉ်းသားများကို မကြာမကြာ ထောင်ဝင်စာ လာတွေ့သည်။ စားစရာ သောက်စရာများ လာပေးသည်။ အကျဉ်းသားများဖတ်ရန် အတွက် စာအုပ်စာတမ်းများ လာပေးသည်။ အကျဉ်းသားများ နားထောင်ရန် ရေဒီယိုတလုံးလည်း လာလှူသည်။ ထောင်အတွက် အကူအညီလို၍ ဦးလှထံ အကူအညီတောင်းလျှင် ဦးလှက စိတ်ရောကိုယ်ပါ အကူအညီ ပေးသည်။ ဦးလှသည် ဘ၀တူများအပေါ် သံယောဇဉ် ကြီးမားသည်ဆိုတာကို ဘ၀တူ အကျဉ်းသားများက သံသယမရှိ ယုံကြည်ကြသည်။
သည့်နောက် ထောင်တွင်း၌ ဦးလှ ရေးသွားသော ထောင်စာအုပ်များ ဆက်တိုက် ထွက်လာသည်။ ထွက်လာသည့် စာအုပ်တိုင်းကိုလည်း စာဖတ်ပရိသတ်က နှစ်ခြိုက်ကြသည်။ ဦးလှ၏ ထောင်ဝတ္ထု ထောင်စာအုပ် များမှာ စိတ်ကူးယဉ် အဖြစ်အပျက်များ၊ စိတ်ကူးယဉ် ဇာတ်ကောင်များ မဟုတ်။ တကယ့် အဖြစ်အပျက်များ၊ တကယ်ရှိသော တကယ့်ဇာတ်ကောင်များ ဖြစ်၏။ ဦးလှရေးသော ထောင်ဝတ္ထု စာအုပ်များကို ဦးလှက ထောင်ထဲ ပို့ပေးသဖြင့် ကျွန်တော် မှန်မှန် ဖတ်ရသည်။ ထောင်အကြောင်းကို ထောင်ထဲ နေသွားဖူးသူက ရေး၍ ထောင်ထဲမှာ နေရသူက ဖတ်ရသောအခါ ပို၍ အရသာ ရှိသည်၊ ခံစား၍လည်း ပို၍ရသည်။
သည်လိုနှင့် ဦးလှ လွတ်ပြီး၍ ၉ နှစ် အကြာတွင် ကျွန်တော်လည်း ထောင်မှ လွတ်လာသည်။ တယောက်ပြီး တယောက် လွတ်ကုန်ကြသဖြင့် ထောင်ထဲတွင် နိုင်ငံရေးသမား လူဟောင်းများ မရှိတော့။
ဦးလှနှင့် တွေ့ချင်သဖြင့် ဦးလှ ရန်ကုန်ရောက်သည်ဟု ကြားတိုင်း ကျွန်တော် ကြိုးစား၍ တွေ့သည်။ လေးငါးခါလောက် တွေ့လိုက်ရသေးသည်။ တွေ့ကြသည့် အခါ၌လည်း ရှေးဖြစ်ဟောင်းတွေ ပြောကြ ဆိုကြနှင့် ပျော်စရာ ကောင်းလှသည်။ သည့်နောက် ကျွန်တော်လည်း အထဲနှင့်အပြင် သံသရာ လည်နေသဖြင့် နောက်ပိုင်းတွင် ဦးလှနှင့် ကျွန်တော် မတွေ့ရတော့ပေ။ မတွေ့ရသော်လည်း ဦးလှ သတင်းကိုကား ကြားနေရ၏။
ကျွန်တော် နောက်တကြိမ် ထောင်မှ လွတ်လာပြီးနောက် ဦးမြင့်ဆွေ (ဖြူး) အိမ်တွင် ဦးလှနှင့် နောက်ဆုံး တွေ့လိုက်ရ၏။ ဦးလှနှင့် ဒေါ်အမာ ရန်ကုန်ရောက်တုန်း ဦးမြင့်ဆွေက ဦးလှတို့ ဇနီးမောင်နှံကို သူ့အိမ်တွင် မုန့်ဟင်းခါး ဖိတ်ကျွေးသည်။ ကျွန်တော်နှင့် ဦးအုန်းမြင့်ကိုလည်း ဖိတ်သဖြင့် သွားရာ ကျွန်တော်အလွန်တွေ့ချင် နေသော ဦးလှနှင့် ဒေါ်အမာကို မမျှော်လင့်ဘဲ တွေ့ရသည်။ နှစ်ယောက်စလုံး ၀မ်းသာအားရ ဖြစ်ကြရသည်။ တွေ့တုန်းတွေ့ခိုက် ပြောလိုက်ကြသည့် စကားတွေမှာလည်း စုံလို့။ စကားဝိုင်းတွင် ဦးလှ ဒေါ်အမာတို့က ပြောလိုက်၊ ဦးမြင့်ဆွေ၊ ဦးအုန်းမြင့်နှင့် ကျွန်တော်က ပြောလိုက်နှင့် စကားဝိုင်းမှာ ရွှင်နေ၏။
"သည်တခါတော့ ရန်ကုန်က မိတ်ဆွေ တော်တော်များများနှင့် တွေ့သွားမယ်လို့ စိတ်ကူးတာပဲ" ဟု ဦးလှက ရန်ကုန်က မိတ်ဆွေများနှင့် တွေ့လိုသည့် သူ၏ဆန္ဒကိုလည်း ပြောပြသည်။
စကားစမြည်များ ပြောဆိုပြီးနောက် လူစုခွဲလိုက်သည်။ ကျွန်တော်တို့သည် ဦးလှနှင့် ဒေါ်အမာတို့အား ကားဆီသို့ လိုက်ပို့ကြသည်။ အပြန်အလှန် နှုတ်ဆက်ကြသည်။ ကားပေါ်မှနေ၍ ဦးလှ-ဒေါ်အမာတို့က လက်ကလေးများ ဝှေ့ယမ်း၍ ပြပြီး အပြုံးကိုယ်စီဖြင့် နှုတ်ဆက်သွားကြသည်။ ကျွန်တော့်မျက်စိထဲတွင် ဦးလှ၏အပြုံးကို တရေးရေးနှင့် မြင်ယောင်နေ၏။
ဦးလှ၏ အပြုံးကား ကျွန်တော့်အတွက် ဦးလှ၏ နောက်ဆုံးအပြုံးပင် ဖြစ်တော့၏။ အဘယ့်ကြောင့် ဆိုသော် ဦးလှ-ဒေါ်အမာတို့နှင့် ကျွန်တော်တို့ တွေ့ပြီး နောက် လေးငါးလအကြာတွင် ဦးလှ ရုတ်တရက် သေဆုံး သွားသောကြောင့် ဖြစ်၏။ ဦးလှသေဆုံးသည့် သတင်းကို ကြားလိုက်ရသည့်အခါ ဦးလှနှင့် တွေ့ဆုံ ကြုံသိခဲ့ရသည့် ဦးလှ၏ ရုပ်ပုံလွှာ ကားချပ်ကလေးများသည် ကျွန်တော့်မျက်စိထဲတွင် တဖျပ်ဖျပ်နှင့် ပေါ်လာသည်။
"သြော်- ဦးလှလဲ ကျွန်တော်တို့ကို နောက်ဆုံး လာနှုတ်ဆက်သလို လာတွေ့သွားလိုက်သေးတယ်" ဟု နှုတ်မှ အလိုလိုထွက်သွားပြီး နောက်ဆုံးတွေ့လိုက်ရပုံများကို မျက်စိထဲတွင် မြင်ယောင်မိလာသည်။
စိတ်ထဲတွင်ကား ဦးလှသေဆုံး သွားသည့်အတွက် နှမြောတသသော၊ ၀မ်းနည်းကြေကွဲရသော ခံစားမှု အမျိုးမျိုးကို ခံစားရပြီး အကြီးအကျယ် စိတ်မကောင်းဖြစ်ခဲ့ရသည်။
သို့ ဦးလှအတွက် စိတ်ထဲတွင် ၀မ်းနည်းကြေကွဲမှု ဖြစ်ခဲ့ရသော်လည်း၊ စာပေအတွက်လည်းကောင်း၊ တိုင်းပြည်အတွက်လည်းကောင်း ဦးလှ၏ အကျိုးပြုချက်များဖြင့်သာ ကျွန်တော်တို့၏ ၀မ်းနည်းကြေကွဲမှုကို ဖြေသိမ့်ရပါတော့သည်။

အုန်းမောင်(လေထီး)
[လူထုချစ်သမျှလူထုဦးလှ စာအုပ်၊ ပထမအကြိမ်၊ ၁၉၈၃ သြဂုတ်မှ ကူးယူဖော်ပြပါတယ်။]


No comments: