မောင်စိမ်းနီထံက ဆရာဥာဏ်မောင်ချစ်သို့-မေတ္တာဖြင့် ဆိုတဲ့ မောင်စိမ်းနီရဲ့ သင်္ကေတပြု လက်မှတ်နဲ့ ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်းကို ရခဲ့ပါတယ်။ ကိုအောင်ပွင့်က ယူလာပေးခဲ့တာပါ။ ဆရာမောင်စိမ်းနီ က နောက်ထပ် စာတကြောင်းရေးလိုက်ပါသေးတယ်။ သူ့စာက 'ဆရာခင်ဗျာ၊ စာမူများ ချီးမြှင့်ပါရန် မေတ္တာရပ်ခံပါ တယ်' တဲ့။ ပိတောက်ပေးပို့သူကိုရော၊ ယူလာပေးတဲ့သူကိုပါ အားတုံ့အားနာ ဖြစ်မိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့နှစ်ယောက် မိမိစာရေးဖြစ်ဖို့ အဦးဆုံး နှိုးဆော်အားပေးခဲ့တဲ့ သူတွေ ဖြစ်လို့ပါပဲ။ မိမိရဲ့ ပထမဆုံးဆောင်းပါးဖြစ်တဲ့ 'အညတြကြက်တော၊ ငသြနဲ့ ဒေါက်တာရေချမ်းကို ရှာဖွေခြင်း' ဆိုတာကို ပိတောက် ပွင့်သစ်က စတင် ထည့်သွင်း ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ မောင်အောင်ပွင့်နဲ့ မိမိတို့ ဇနီးခင်ပွန်းအနေနဲ့ ယုံကြည်မှု ညီအစ်ကိုမောင်နှမတွေ ဖြစ်ခဲ့ကြတာ ကြာပါပြီ။ သူဟာ မိမိကို စာရေးဖြစ်ဖို့ ကြုံဆုံတိုင်း တိုက်တွန်း အားပေးခဲ့ သူပါ။ သူနဲ့ မိမိဇနီးသည်က ကဗျာမောင်နှမပါ။ ဇနီးသည် ရုတ်တရက် မမျှော်လင့်ပဲ မိမိကို နှုတ်ဆက် သွားတဲ့အခါ ကိုပွင့်က 'အစ်မကို လွမ်းတဲ့စိတ်တွေ ဖြေလျော့ဖို့ စာသာရေးပါ အကိုရာ' လို့ အားပေးဖေးမမှု ပြုခဲ့ပါတယ်။ မိမိခေါင်းညိတ်ခဲ့ပါတယ်။
ဒီတခေါက်ဆုံကြတော့၊ သူက 'ကိုစိမ်းနီက မှာတယ် အကိုရ၊ အကို ကိုမြတ်လေးအကြောင်း တခုခု ရေးပေးပါ' တဲ့။ 'ဟာ ကိုပွင့် ကျနော်က လေပြေလေညှင်း မတိုက်တတ်ဘူးဗျ။ အကို မြတ်လေးက တကယ့် အနုပညာသည်ဗျ။ သူ့ကို Appreciate လုပ်နိုင်တဲ့ အစွမ်းအစ ကျနော့်မှာ မရှိဘူးဗျ။' လို့ ချက်ချင်းငြင်းချက် ထုတ်ခဲ့ပါတယ်။ 'သူနဲ့ပါတ်သက်ပြီး အကို ပြောနိုင်တာ တခုခုပေါ့၊ အကို ဆရာဗန်းမော်တင်အောင် အကြောင်း တောင် Appreciate လုပ်နိုင်ခဲ့သေးတာပဲ' လို့ မောင်အောင်ပွင့်က အားပေးလှုံ့ဆော်မှု ပြုခဲ့ရှာပါတယ်။ ဒီကနေ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ခေတ်ပေါ်တေးပြုသူ၊ စာရေးဆရာ၊ အဆိုတော် မြတ်လေးရဲ့ ပုံရိပ်များကို အတွေးဖန်သားပြင်ပေါ် ပြန်တင်ကြည့်တဲ့အခါ.....
ပုံရိပ်များဟာ.......
+++ === +++
လွတ်လပ်ရေးခေတ်ဦး၊ မိမိတို့အထက်တန်းကျောင်းသား ဘ၀တုန်းက 'ကာလပေါ်သီချင်းများ' ကို 'ဗမာ့အသံ' ကနေ နေ့စဉ်ထုတ်လွှင့်ပေးခဲ့ပါတယ်။ မြန်မာ့ 'မဟာဂီတသီချင်းကြီးများ' နဲ့ ရက်ခြားပြီး ထုတ်လွှင့်ပေး ခဲ့တယ် ထင်ပါတယ်။ သူ့ ဦးစားပေးမှုနဲ့သူ ဖြစ်ပုံရပါတယ်။ အခုချိန် ပြန်ကြည့်တော့ နှစ်ပေါင်း လေး ငါးဆယ် လောက် ရှိခဲ့ပါပြီ။ သာမန်အားဖြင့် လူတယောက် ကြီးပြင်း ရင့်ကျက်၊ အိုးတွေ အိမ်တွေ၊ မိသားစုတွေနဲ့ ဘ၀တခု ထူထောင်နိုင်တဲ့ ကာလချိန်တာ တခုပါပဲ။ အဲဒီစဉ်က မြန်မာ့မဟာဂီတ တီးဝိုင်းများ၊ အဖွဲ့များဟာ မြို့တိုင်း နယ်တိုင်းမှာ ရှိနေကြသေးတဲ့ အချိန်ပါပဲ။ 'ဗမာ့အသံ' ကနေ မြန်မာဂန္တ၀င်သီချင်းများကို အဖွဲ့လိုက် ထုတ်လွှင့်ခွင့် ရကြပါတယ်။ မင်္ဂလာအခမ်းအနားများမှာ ဂုဏ်ပြုဧည့်ခံ တီးမှုတ်လေ့ ရှိပါတယ်။ (ဒီကနေ့လို) ၀င်ကြေးနဲ့ တီးမှုတ်သီဆိုတာမျိုး မရှိသလောက်ပါပဲ။ မြန်မာ့ရိုးရာ ပွဲလမ်းသဘင်အလိုက် သီဆိုတီးမှုတ်၊ ဧည့်ခံကြတာမျိုးပဲ ရှိပါတယ်။ ဒါဟာလည်း အခကြေးငွေနဲ့ သီဆိုတီးမှုတ်ကြတာမျိုး မဟုတ်ပါဘူး။ မြန်မာ့မဟာဂီတကို ချစ်မြတ်နှိုးသူ များ အနေနဲ့ ဆောင်ရွက်ကြတာမျိုးသာ ဖြစ်ပါတယ်။
မိမိတို့အရွယ် လူများဟာ 'မြန်မာရုပ်ရှင်' ရဲ့ အသံတိတ်ခေတ်၊ သံစုံသွင်းခေတ်၊ အသံထွက်ရုပ်ရှင် ခေတ်များကို ဖြတ်သန်းခဲ့ကြရပါတယ်။ မြန်မာ့အသံတိတ် ရုပ်ရှင်ခေတ်မှာ စန္ဒယား၊ တယော၊ ဗုံ (ခြောက်လုံးပတ်)၊ အဆိုတို့ကို အခြေခံထားတဲ့ 'နောက်ခံတေးဂီတ၀ိုင်း' က ရုပ်ရှင်ပြကွက်များနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် (နောက်ခံတေးဂီတနဲ့ ပို့ပေးတဲ့) အဆိုအတီးများကို တီးခတ်ပေးခဲ့တာကို တွေ့ခဲ့ကြရပါတယ်။ မိမိတို့ အနေနဲ့ အဲဒီ ရုပ်ရှင်နောက်ခံ တေးဂီတအဖွဲ့များကို 'မြန်မာ့ကာလပေါ်တေးဂီတအဖွဲ့' များအဖြစ် နားလည်ခဲ့ကြရပါတယ်။
မြန်မာ့အသံကနေ ထုတ်လွှင့်နေကြတဲ့ တေးဂီတ အဖွဲ့အစည်းများဟာ မဟာဂီတ သီချင်းကြီးများနဲ့ ကာလပေါ် တေးသီချင်းများကို အလှည့်နဲ့ သီဆိုထုတ်လွှင့်ပေးခဲ့ကြပါတယ်။ တေးဂီတအဖွဲ့အစည်းများဟာ မိမိတို့ ထုတ်လွှင့်မယ့် ဂီတပုံစံများအလိုက် အဖွဲ့အစည်းနာမည် လှလှနုနု၊ ကဗျာဆန်ဆန်ကလေးများ ပေးထားကြ ပါတယ်။ တချို့ကျတော့လည်း တဦးချင်းဝါနဲ့ နာမည်ကြီးသူများရဲ့ နာမည်များနဲ့ ထုတ်လွှင့်သီဆို ကြတာမျိုးလည်း ရှိပါတယ်။ ဥပမာ တက္ကသိုလ်စိုး တူရိယာအဖွဲ့၊ စန္ဒယားလှထွတ် တူရိယာအဖွဲ့ စတာမျိုး ရှိပါတယ်။
မြို့တိုင်းနယ်တိုင်းမှာ (ဒေသခံ) မြန်မာ့ဆိုင်းဝိုင်းများလည်း ရှိပါတယ်။ ဒေသခံ မြန်မာ့ဆိုင်းဝိုင်းများဟာ အလှူပွဲများ၊ နာရေးပွဲများမှာ တီးခတ်လေ့ ရှိပါတယ်။ အဲဒီစဉ်က မြန်မာ့မဟာဂီတနဲ့ ကာလပေါ်တေးသီချင်းများ၊ မြန်မာ့ဇာတ်သဘင် (ကဇာတ်) များကို အသံသွင်းပြီး ဖြန့်ချိတဲ့ ဓါတ်ပြားကုမ္ပဏီများလည်း ရှိခဲ့ပါတယ်။ အဲဒီတုန်းက နာမည်ကြီး ဇာတ်မင်းသားကြီးများ ဖြစ်ကြတဲ့ ဦးအောင်မောင်း၊ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ စိန်မဟာသဘင်၊ ရွှေနန်းတင်၊ စိန်မာဒင်၊ မြို့တော်သိန်းအောင် စတဲ့ မြန်မာ့ဇာတ်သဘင် အဖွဲ့ကြီးများဟာ အနယ်နယ်မှာ လှည့်လည် ကပြခဲ့ကြပါတယ်။ အဲဒီ ဇာတ်သဘင်အဖွဲ့ကြီးများမှာ ရှေ့ပိုင်းပြဇာတ်များအတွက် 'ကာလပေါ်တေးဂီတအဖွဲ့' များလည်း ပါရှိခဲ့ပါတယ်။ ကာလပေါ်တေးဂီတအဖွဲ့များ အသံလွှင့်ကြတဲ့အခါ 'အဆိုရောသီချင်းပါ' ပေါက်တဲ့တေးသီချင်းများ (ဓါတ်ပြားရတေးသီချင်း) များကို ဓါတ်ပြားကုမ္ပဏီများက ဓါတ်ပြားသွင်း ထုတ်လုပ် ရောင်းချကြပါတယ်။ 'ဓါတ်ပြားရ အဆိုတော်နဲ့ သီချင်း' ဆိုတာဟာ အဲဒီစဉ်က ကာလပေါ်တေးသီချင်းထဲမှာ 'အဆင့်တခု' ပါပဲ။ နာမည်ကြီးအဆိုတော်နဲ့ လူကြိုက်များတဲ့ တေးသီချင်းများ ဆိုတာဟာ အဲဒီအဆင့်က လာခဲ့ရတာပါ။ မိမိတို့ လူလားမြောက်လာတဲ့အချိန်မှာ နာမည်ကျော်အဆိုတော်များ ဖြစ်လာကြတဲ့ ကိုမြကြီး၊ ကိုမင်းနောင်၊ တွံတေးသိန်းတန်၊ မောင်မောင်ကြီး၊ မောင်မောင်ညွန့်၊ သန်းဖေလေး၊ တင်တင်မြ၊ ချစ်စံပယ်၊ ချိုပြုံး စတဲ့ သူများဟာ 'ဓါတ်ပြားရအဆိုတော်များ' စင်မြင့်ကို ဖြတ်လာကြတဲ့ သူတွေပါ။ မြန်မာ့အသံနဲ့ သောတရှင် တေးချစ်သူများ၊ ဓါတ်ပြာကုမ္ပဏီများက credit ပေးတဲ့ အဆိုတော်များ၊ တေးသီချင်းများဟာ မြန်မာ့ကာလပေါ်ဂီတမှာ 'ခေတ်တခေတ်' လို့ ဆိုရပါလိမ့်မယ်။ နောင်မှာ မြန်မာ့အသံက 'သောတရှင်လိုရာ'၊ 'တေးသံရှင်အကြိုက်' စတဲ့ ထုတ်လွှင့်မှုတွေကို ခွဲခြားထုတ်လွှင့် ပေးခဲ့ပါတယ်။ လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၈) ဒုတိယဆယ်စုနှစ်လောက် ရောက်တဲ့အခါ 'အနှစ်နှစ်ဆယ်တေး' အစီအစဉ်နဲ့ အသံထုတ်လွှင့်မှု၊ သီဆို ဖျော်ဖြေမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ မြန်မာ့ကာလပေါ် ဂီတနယ်မှာ စန္ဒရားနီနီ၊ စန္ဒရားချစ်ဆွေတို့ကို ကိုယ်စားပြုတဲ့ ကာလပေါ်အဖွဲ့တွေ၊ သူတို့နဲ့ သီဆိုကြတဲ့ အဆိုတော်တွေနဲ့ သူတို့ရဲ့ တေးသီချင်းတွေဟာ မြန်မာ့ကာလပေါ် ဂီတမှတ်တိုင်တခုကို ကိုယ်စားပြု စိုက်ထူနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။ ဒါဟာ ၀ါသနာတဦးရဲ့ ခံစားချက် မျှသာပါ။
မိမိဟာ၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀မှာ ကတည်းက မြန်မာ့ဂီတနဲ့ ခေတ်ပေါ်ဂီတ များကို စိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ မိမိတို့ ရပ်ကွက်ရဲ့ စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့က ကျောင်းပိတ်တဲ့ သောကြာ၊ စနေညများမှာ ရပ်ကွက်ထဲက ကျောင်းသားများကို မီးကင်းစောင့်ခွင့် ပေးပါတယ်။ အဲဒီမှာ ညဘက်ဆို မယ်ဒိုလင်ကလေးနဲ့ တီးကြဆိုကြတဲ့ အစ်ကိုတချို့နဲ့ ထိတွေ့ခွင့် ရပါတယ်။ ဒီအစ်ကိုကြီးတွေနဲ့ နှစ်တချို့ အတူတူ တွေ့ခွင့်ရခဲ့လို့ သူတို့ မကြာခဏ တီးမှုတ်သီဆိုခဲ့ကြဘူးတဲ့ မြန်မာ့ခေတ်ဟောင်းတေးများဖြစ်တဲ့ ချစ်မိုးဆွေ၊ ချစ်ရေစင်၊ ဂုဏ်မြင့်သူ၊ စုံတောမြိုင်၊ စန္ဒကိန္နရီ၊ မိုးဒေ၀ါ၊ နတ်သျှင်နောင်၊ ရွှေစပါယ်ရုံ၊ ဆုထူးရွယ် စတဲ့ ခေတ်ဟောင်းသီချင်းများကို နားစွဲအောင် နားထောင်ခဲ့ရပါတယ်။ ဒီသီချင်းတွေကို ချစ်ခင်နှစ်သက်လာခဲ့မိပါတယ်။ ဒီသီချင်းတွေ ထုတ်လွှင့်တာနဲ့ ကြုံရင်၊ နားထောင်ရမှန်းသိတဲ့၊ နားထောင်တတ်တဲ့ အလေ့အထတခု ရလာခဲ့ပါတယ်။ မြန်မာ့အသံက ဓာတ်ပြားရ၊ သောတရှင်လိုရာ၊ တေးရေးသူ တေးဆိုသူအကြိုက်၊ တေးသီချင်းများ ထုတ်လွှင့်တဲ့အခါ ရေဒီယိုမရှိလို့ အိမ်ခေါင်းရင်းက စိန့်ကျောင်းသူမရဲ့ ရေဒီယိုနဲ့ သွားနားထောင်ခဲ့ရပါတယ်။ အဲဒီစဉ်က ထုတ်လွှင့်မယ့် ဂီတဂျယ်နယ်ဖြစ်တဲ့ 'တေးဗိမာန်' နဲ့ 'ချိုတေးသံ' တို့ကို မုန့်ဖိုးနဲ့ ၀ယ်ရပါတယ်။ ဂျာနယ်ထဲမှာ တလစာ ထုတ်လွှင့်မယ့် ဂီတအဖွဲ့တွေနဲ့ သီချင်းတွေ ပါ ပါတယ်။ ဆယ်တန်းလောက်ရောက်တဲ့အခါ သူငယ်ချင်းတွေနဲ့စုပြီး သီချင်းဆိုတတ်နေပါပြီ။ သန်းဖေလေးရဲ့ 'အပေါင်းသင်္ချာမင်းသမီးလေး' ကိုမောင်မောင်ကြီး ရဲ့ 'အမိုက်မလေးငှက်ငယ်' ကိုမင်းနောင်ရဲ့ 'မောင်းမကန်ကေသီဦး' ကိုမြကြီးရဲ့ 'မိုး' ကိုစောညိန်းရေးတဲ့ 'နွေနှောင်းရက်ကျန်' တို့ကို ခံစားလှုပ်ရှားတတ်လာခဲ့ပါပြီ။ ဘာကြောင့်မှန်းမသိပေမယ့် ဆွေးမြေ့နာကျင်ရတဲ့ သီချင်းတွေနဲ့ စိန်မောင်မြင့်ရဲ့ 'အမိုက်မလေးရွှေသမင်' လို ဒဿနဆန်တဲ့ တေးသီချင်းတွေကို ခံစားချစ်ခင် နေခဲ့မိတာ (ပြောရရင်) ဒီကနေ့ အထိပါပဲ။
ခြောက်ဆယ်ခုနှစ် ကုန်ခါနီးမှာ မိမိ ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ပထမနှစ်မို့ ထီးတန်းကောလိပ်၊ ထီးတန်းကျောင်းဆောင်မှာ နေခွင့်ရပါတယ်။ ထီးတန်းကျောင်းဆောင် သဟာယနဲ့စာဖတ် အသင်းမှာ အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။ အဆောင်နေ ကျောင်းသားများရဲ့ သာရေးနာရေးများကို အမှုဆောင် ကျောင်းသားများနဲ့အတူ ဆောင်ရွက်ရပါတယ်။ ကျောင်းပိတ်တဲ့နေ့ ညဦးပိုင်းများမှာ လှိုင်မြစ်ကမ်းနားမှာရှိတဲ့ ထီးတန်းဂျက်တီဆင်းပြီး ခံစားချက်တေးတွေကို အလှည့်ကျ ဆိုကြပါတယ်။ မိမိအလှည့်ကျတဲ့အခါ သူငယ်ချင်းတယောက်က 'ခုချိန်ကစပြီး ဒဿဂီရိက လွမ်းပြပါတော့မယ် ခင်ဗျာ' လို့ ကျေညာပေးတတ်ကြပါ တယ်။ မိမိက ခံစားချက်တေးတွေကို ချစ်ပေမယ့် လူက ဒေါသကုမ္မာရဖြစ်နေလို့ပါ။ ၁၉၅၇ ခုနှစ် နှစ်ကုန်ခါနီးမှာ မိမိတို့ ကျင်းပတဲ့ မြို့မမောင်မောင်လေး (စန္ဒရား) တို့ တေးဂီတအဖွဲ့ကို ဧည့်ခံဖို့ ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ တက်သစ်စ အဆိုတော်အဖြစ် နာမည်ကြီးလာတဲ့ ချိုပြုံးက 'ပန်ပိတောက်တို့ကြွေရာမြေ' သီချင်းနဲ့ ဧည့်ခံဖျော်ဖြေခဲ့ ပါတယ်။ ဒီ သီချင်းကို နားထောင်လိုက်ရတိုင်း ပြန်မရောက်တော့တဲ့ 'ရွာ' ကို လွမ်းတယ်။ 'မြို့' ကို လွမ်းတယ်။ ဘ၀တချို့ ပေးထားခဲ့ရတဲ့ 'ကန့်ကော်တော' ကို လွမ်းတယ်။ ဒီနေရာမှာ မေ့လို့ မဖြစ်တဲ့ 'အဖြစ်သနစ်' တွေ ရှိတယ်။ ခုနှစ်သက္ကရာဇ်တွေ ရှိတယ်။ 'ညီမလေးမာလာ' ရှိတယ်။ 'မေတ္တာအသဲလေးများ' ရှိတယ်။ 'ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ' ရှိတယ်။ 'စိန်ပန်းပြာနဲ့ဝေးသူ' ရှိတယ်။
+++ +++ +++
၁၉၅၆-ခုနှစ်၊ နှစ်ဦးလောက်က ရန်ကုန်တက္ကသိုလ်မှာ စတုတ္ထအကြိမ်မြောက် ကျောင်းသားပွဲတော် ကျင်းပခဲ့ပါတယ်။ မိမိတို့ မြို့ခံ တက္ကသိုလ်ကျောင်းသား အစ်ကိုတချို့ရဲ့ စီစဉ်မှုကြောင့် ဒီကျောင်းသားပွဲတော်ကို ကြုံတွေ့ခွင့် ရလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိတို့လို တောသူတောင်သား သားသမီး၊ နယ်ကျောင်းသူကျောင်းသား များ အနေနဲ့ ဒီလိုပွဲတော်မျိုးမှာ ပါခွင့်ရတယ်ဆိုတာ ရှားပါးတဲ့ အခွင့်အရေး တမျိုးပါပဲ။ ရန်ကုန်တက္ကသိုလ်ကြီးကို မြင်ခွင့်၊ တွေ့ခွင့် ရလိုက်တာကိုက အခွင့်အရေးကြီးတခုလို့ ဆိုရတော့မှာပါ။ အဓိပတိ လမ်းမတလျှောက်၊ ဘွဲ့နှင်းသဘင်ခန်းမနဲ့ သစ်ပုတ်ပင်ကြီးအထိ အကြောင်းအရာ အမျိုးမျိုးကို ပြသထားတဲ့ ပြခန်းများ ရှိပါတယ်။ ကျောင်းသားပွဲတော်ရဲ့ ဇာတ်ရုံကို ၀ိဇ္ဇာခန်းမလို့ခေါ်တဲ့ Judson Hall ရှေ့က မြက်ခင်းပြင်မှာ တည်ဆောက်ထား ပါတယ်။ တင်ဆက်မှု အမျိုးမျိုး ပါဝင်ပါတယ်။ တပင်တိုင်အက၊ ယိမ်း၊ နှစ်ပါးခွင်၊ မင်းသားလတ်၊ တိုင်းရင်းသား ရိုးရာအကများ၊ အိုးစည်ဒိုးပတ် စတဲ့ တင်ဆက်မှုများ ပါဝင်ပါတယ်။ ဂျပ်ဆင်ခန်းမကြီးထဲမှာ ပြင်ဆင်ဝတ်စား ကြပါတယ်။ ပွဲတော်ကော်မတီဝင်များနဲ့ လုပ်ငန်းကော်မတီဝင်များက အစစအရာရာကို ထိန်းသိမ်းစောင့်ကြပ် စီမံကြပါတယ်။ ဒီအကြိမ် ကျောင်းသားပွဲတော်ရဲ့ Hot Item က 'ညီမလေးမာလာ' အရိပ်ပြ ပြဇာတ် (Shadow Play) ပါ။ တညတာ ပွဲတော်ရဲ့ နောက်ဆုံး အစီအစဉ်အဖြစ် တင်ဆက်တာ ဖြစ်ပါတယ်။
'အရိပ်ပြဇာတ်' Shadow Play ဆိုတာက ဒီလိုပါ။ မြန်မာ့ဇာတ်သဘင် ပွဲကြီးများမှာ ရှေ့ဆုံးက ကားကြီးကို ပြည်ဖုံးကားလို့ ခေါ်ပါတယ်။ ဇာတ်စင်ပေါ်က ပြည်ဖုံးကားနေရာမှာ ရုပ်ရှင်ကားများ အဖြူရောင် ပိတ်ကားကျယ် တခု ရှိပါတယ်။ အဲဒီ ကားနောက်မှာ ပြချင်တဲ့ ပြကွက်များကို သရုပ်ဆောင်သူများက ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ကြရပါတယ်။ သူတို့ကို နောက်က ဆလိုက်မီးအားကောင်းကောင်းနဲ့ ထိုးပေးပါ တယ်။ သရုပ်ဆောင်သူများရဲ့ အရိပ်များက ရှေ့ကပိတ်ကားပေါ်မှာ လှုပ်ရှားသမျှ အရိပ်ထင်ပါတယ်။ သစ်ရွက်ကြွေ တာလေးကအစ ပြလို့ ရပါတယ်။ ဒါကို ရှဲဒိုးပလေးလို့ ခေါ်ကြပါတယ်။ ဒီဇာတ်မျိုးမှာ ဇာတ်ဆောင် နှစ်စု လိုပါတယ်။ တစုက အမူအရာကို သရုပ်ဆောင်ပါတယ်။ တစုက စကားပြောခန်း Dialogue ကို သရုပ်ဆောင် ပါတယ်။ လိုအပ်တဲ့ ဇာတ်ဝင်ခန်းများ (ဥပမာ- ဧည့်ခန်း) ကို ပြင်ဆင်ပေးရတဲ့သူများဟာ အမြန်ပြင်ဆင်ရတာ ကြောင့် အရမ်းပင်ပန်းကြပါတယ်။ ဇာတ်ရဲ့ လိုအပ်တဲ့ သရုပ်ဖော်မှုများ ပီပြင်ဖို့၊ တေးဂီတပိုင်းက ပံ့ပိုးပေးရပါတယ်။
'ညီမလေးမာလာ' ဟာ ဒီလို ဇာတ်မျိုးပါ။ ညီမလေးမာလာ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းက မင်းလှညွန့်ကြူးနဲ့ အဖွဲ့ပါ။ ဇာတ်လမ်းတင်ဆက်သူ Narrator က ရုပ်ရှင်သရုပ်ဆောင်နဲ့ တေးရေး ဒါရိုက်တာ မြတ်လေးပါ။ တေးဂီတအဇွဲ့က စန္ဒယားချစ်ဆွေ တူရိယာအဖွဲ့ပါ။ ညီမလေးမာလာ ဇာတ်သိမ်းသီချင်းကို သီဆိုသူက အဆိုတော် မောင်မောင်ကြီးပါ။ ညီမလေးမာလာ အရိပ်ပြ ပြဇာတ်ကို ကျောင်းသူကျောင်းသားများနဲ့ တက္ကသိုလ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူများဟာ judson မြက်ခင်းပြင်အပြည့် လာရောက် ကြည့်ရှုအားပေးတာကို တွေ့ရပါတယ်။ ဇာတ်သိမ်းသီချင်းတင်ဆက်သူ ကိုမောင်မောင်ကြီးရဲ့တေးသံ၊ ဇာတ်လမ်းတင်ဆက်သူ သရုပ်ဆောင်မင်းသားကြီး မြတ်လေးရဲ့ ကြေကြေကွဲကွဲ တင်ဆက်မှုများအောက်မှာ 'ညီမလေးမာလာ' အရိပ်ပြ ပြဇာတ်ကို လာရောက်ကြည့်ရှု ကြတဲ့ ကျောင်းသူကျောင်းသားများ၊ ပြင်ပက ဧည့်ပရိသတ်များဟာ မျက်ရည်မဆည်နိုင်အောင် ခံစား နာကျင်ခဲ့ကြ ရပါတယ်။
နောက်တနေ့ နေ့လည်ပိုင်းလောက်မှာ မိမိဟာ ကိုမောင်မောင်ညွန့်၊ ကိုဗဆွေလေး၊ ကိုတင်ထွန်းတို့နဲ့ ယူနီယံ စားသောက်ဆိုင်မှာ လက်ဖက်ရည် သောက်နေကြပါတယ်။ ဒီအချိန်မှာ မြတ်လေး ရုတ်တရက်ရောက်လာ ပြီး မိမိတို့ ၀ိုင်းထဲ လာထိုင်ပါတယ်။ အားလုံးနဲ့ သူဟာ သူငယ်ချင်းတွေလိုပဲ၊ နောက်နောက်ပြောင်ပြောင် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံ နေကြတာကို တွေ့ရပါတယ်။ မိမိက သူတို့ကို အားကျနေပါတယ်။ အစ်ကို ဗဆွေလေးက 'ဖိုးမြတ် ဒီမှာ တို့မြို့ကလေး က ဥာဏ်မောင်' တဲ့။ မင်းတို့အတွက် လူငယ် ခြေတက်ကလေးကွ။ ဒီကောင်က အဆိုတော် ဖြစ်ချင်နေတာလို့ အစ်ကို ဗဆွေလေးက ပြောလိုက်ပါတယ်။ 'ဟုတ်လား၊ ဒါဆိုရင် မင်း ဖိုးချစ် (စန္ဒယားချစ်ဆွေ) မူးအောင်တိုက်ကွ၊ ဒါမှ အဆိုတော်ဖြစ်မှာ' လို့ မြတ်လေးက ခပ်တည်တည်တည်နဲ့ ပြောပါတယ်။ အားလုံးက ၀ိုင်းရယ်ကြပါတယ်။ ဒီတော့ မြတ်လေးက 'အေး မင်းက... ဗဆွေလေးတို့ မြို့ကဆိုတော့ သတိထားရမှာပေါ့ကွာ' လို့ ရယ်ရယ်မောမော ပြောပါတယ်။ ဒါဟာ၊ ရန်ကုန်တက္ကသိုလ်ကြီး၊ ညီမလေးမာလာနဲ့ ရုပ်ရှင်မင်းသားကြီး မြတ်လေးတို့ မိမိဘ၀ထဲ ရောက်လာကြပုံများရဲ့ 'နိဒါန်းအစ' လို့ မှတ်တမ်းတင်ရမှာပါ။
++++ ++++ ++++
စတုတ္ထအကြိမ်မြောက် ကျောင်းသားပွဲတော်ကြီး ကျင်းပပြီးနောက်တနှစ်ဖြစ်တဲ့ ၁၉၅၇ ခုနှစ်မှာ မိမိ ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ပဲခူး၊ ၁၉၅၉-၁၉၆၁ ခုနှစ်မှာ မန္တလေးဆောင် စတဲ့ ကျောင်းဆောင်များမှာ နေထိုင်ပညာသင်ကြားခဲ့ရပါတယ်။ မန္တလေးဆောင် သဟာယနှင့် စာဖတ်အသင်းရဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။ အဲဒီစဉ်က မန္တလေးဆောင် အဆောင်မှူးက ဆရာကြီး ဒေါက်တာခင်မောင်ဝင်း (ဒဿန) ပါ။ လက်ထောက်အဆောင်မှူးက ဦးအောင်မြိုင်သန်းပါ။ သဟာယနဲ့ စာဖတ်အသင်းရဲ့ အဓိက လုပ်ငန်းတာဝန်တွေကတော့ အဆောင်နေ ကျောင်းသားများရဲ့ နေ့စဉ် စားမှုသောက်မှု တွေ အဆင်ပြေစေဖို့ တက္ကသိုလ်ကျောင်းသားများရဲ့ ကိုယ်ကျင့် စိတ်ကျင့်များ 'ကြံ့ခိုင်ရေး' အတွက် အဆောင်မှူးများနဲ့အတူ ကြပ်မတ်ထိန်းသိမ်းရတာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးအကြီးဆုံး ကိစ္စကတော့ လွတ်လပ်ရေးခေတ် ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာတခုဖြစ်တဲ့ နှစ်ကုန်ပိုင်း၊ နောက်နှစ်နှစ်ဆန်းပိုင်း (ဆောင်းနဲ့ နွေအကူးရက်များမှာ) မဖြစ်မနေ ကျင်းပပြုလုပ်ရတဲ့ အဆောင်ရဲ့ Annual Grand Dinner နှစ်ပတ်လည် ညစာစားပွဲကြီးနဲ့ နှုတ်ဆက်ပွဲကို ခမ်းခမ်းနားနား ကျင်းပပေးရတဲ့ တာဝန် ဖြစ်ပါတယ်။ ဒီအခမ်းအနားအတွက် နှစ်စမှာ ကတည်းက ပုံစံအမျိုးမျိုးနဲ့ ရံပုံငွေ ရှာထားကြရပါတယ်။ အစိုးရ ရုံးပိတ်ရက်ကြီးများမှာ အဆောင်က ထမင်းမကျွေးပါဘူး။ ကျောင်းသားတယောက်ကို ၁ ကျပ် ၃၄ ပြားနှုန်းနဲ့ refund လုပ်ပါတယ်။ ကျောင်းသားများနဲ့ ညှိပြီး ပြန်အမ်းငွေများကို စုထားရပါတယ်။ ဒီငွေများနဲ့ လစဉ် Special Dinner နဲ့ ညစာစားပွဲကြီးမှာ သုံးပါတယ်။ ညစာ စားပွဲကြီးအတွက် 'ဖိတ်ကြားခွင့်' ပေးပါတယ်။ Guest Ticket များ ရောင်းပေးပါတယ်။ သီးခြားစပွဲဝိုင်း စီစဉ်ပေးပါတယ်။ 'ဧည့်လက်မှတ်' ကလည်း ရန်ပုံငွေ ရပါတယ်။ ဒီညစာ စားပွဲကြီး တက်ရောက်ဖို့ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ ကျောင်းသားအဖွဲ့အစည်းများ အားလုံးကို ဖိတ်ကြားပါတယ်။ မိမိအဆောင်နဲ့ (မောင်နှမဆောင်) အဖြစ် သတ်မှတ်ထားတဲ့ အဆောင် S and R E.C. တဖွဲ့လုံးကိုလည်း ဖိတ်ကြားရပါတယ်။ ဒီအခမ်းအနားမှာ အဆောင်မှူးကြီး၊ S and R အဖွဲ့ ဥက္ကဌနဲ့ ဧည့်သည်တော်များ(အချို့) နှုတ်ဆက်မိန့်ခွန်းများ ပြောကြပါတယ်။
ညစာစားပွဲကြီးမှာ ထောပတ်/အုန်း/ဒံပေါက် ထမင်းတမျိုးမျိုး၊ အသားဟင်းနှစ်မျိုး၊ ဟင်းချို၊ အစိမ်းကြော်၊ ဘလချောင်ကြော်၊ သစ်သီး အချိုရည် တိုက်ကျွေးပါတယ်။ ကံစမ်းမဲ ဖောက်ပေးပါတယ်။ ညစာထမင်း သုံးဆောင်ချိန်ကစပြီး ည ဆယ်နာရီခွဲလောက်အထိ တေးသီချင်းများနဲ့ ဧည့်ခံပါတယ်။ ၁၀ နာရီခွဲ နောက်ပိုင်းက စပြီး မနက် ၄နာရီလောက်ထိ ခေတ်ပြိုင် နာမည်ကြီး အငြိမ့်ပွဲ (တခုခုနဲ့) ဧည့်ခံရပါတယ်။ ညစာ စားပွဲ အခမ်းအနား ကြီးကို မီးနဲ့ အလှ ဆင်ထားပါတယ်။ မလိုလားအပ်တဲ့ အနှောက်အယှက်များ မဖြစ်စေဖို့ အဆောင်နေ ရန်ကုန်တက္ကသိုလ် U.T.C. တပ်ဖွဲ့ဝင်များနဲ့ S and R EC များက စောင့်ရှောက်ကြပါတယ်။
မိမိတို့ မန္တလေးဆာင် နှစ်ပတ်လည် ညစာစားပွဲနဲ့ နှုတ်ဆက်ပွဲကြီးအတွက် 'ရှုမ၀' အငြိမ့်အဖွဲ့နဲ့ စန္ဒရားချစ်ဆွေ (တူရိယာအဖွဲ့) နောင် 'ကေသီပန်' တူရိယာအဖွဲ့ကို ခေါ်ယူ ဧည့်ခံစေပါတယ်။ ဒီစဉ်က စန္ဒရားလှထွတ်၊ နီနီ၊ စန္ဒယားချစ်ဆွေတို့ အဖွဲ့တွေက နာမည်ကြီးစပါ။ ဒီအထဲမှာ စန္ဒရားချစ်ဆွေနဲ့ အစ်ကိုမြတ်လေးတို့ ဦးစီးတဲ့ ကေသီပန် တူရိယာအဖွဲ့က ပိုပြီး popular ဖြစ် ရေပန်းစားပါတယ်။ သူတို့ ရက် မပေးနိုင်မှ အခြားအဖွဲ့များကို ခေါ်ယူကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အဲဒီစဉ်က ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သာမှု နာမှုများနဲ့ စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများထဲမှာ တက်တက်ကြွကြွပါခဲ့ကြလို့ပါ။ အထူးသဖြင့် ၁၉၆၀-ပြည့်နှစ်၊ မြန်မာ့ရုပ်ရှင်လောကမှာ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး၊ ထွန်းဝေတို့ ဆိုတာ 'မရှိမဖြစ်တဲ့သူတွေ' ဖြစ်နေပါပြီ။ 'စန္ဒရားချစ်ဆွေ' ဆိုတာကလည်း တကယ့် စန္ဒရားချစ်ဆွေ ဖြစ်နေပါပြီ။ သူဟာ ၁၉၅၉ မန်းရာပြည့်ပွဲမှာ အကောင်းဆုံး စန္ဒရားဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်၊ အလွမ်း၊ အမုန်းဖွဲ့တေးများဟာ လူတန်းစားလူမှုဇစ်မြစ်ကို အခြေခံထားတဲ့ 'အချစ်ဖွဲ့ဒဿန' တေးများ ဖြစ်နေလို့ပါပဲ။ သူတို့ရဲ့ တေးဂီတ၊ အရေးအဖွဲ့၊ ဆိုဟန် တီးဟန်များ အားလုံးဟာ အနှစ်သာရ အသစ်၊ ဟန်သစ်နဲ့ တေးသံဖွဲ့စည်းပုံ အသစ်နဲ့ပါ။ 'ခေတ်ဟောင်းတေး' နဲ့ လမ်းခွဲလိုက်တဲ့ 'ခေတ်သစ်တေး' သီချင်းများပါ။ သီချင်းနာမည်များလောက်ကို အကဲခတ်ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ 'မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီဇာတ်လမ်း' စတဲ့ အစ်ကိုမြတ်လေးရဲ့ 'မခင်နှင်းဆီ(သီချင်းတွဲများ)' ဟာ ခေတ်ပေါ်တေးသီချင်းပိုင်းမှာ အသစ်ပါ။ ကေသီပန်တူရိယာ အဖွဲ့ ဖြစ်လာတဲ့အခါ စန္ဒရားချစ်ဆွေရဲ့ 'ချစ်ရေးခက်ခက်၊ ခက်ခက်ကိုမှလိုချင်တယ်' တေးများ၊ ကိုမောင်မောင်ကြီးရဲ့ 'ခြားနားချက်၊ ဖြေရှင်းချက်'၊ ကဗျာဆရာ မောင်လေးအောင် ရေးပြီး သန်းဖေလေး သီဆိုတဲ့ 'အပေါင်းသင်္ချာမင်းသမီးလေး' စတဲ့ ခေတ်ပေါ်တေးများဟာ ခေတ်ပြိုင်ပေါ်လာကြတဲ့ လူတန်းစားအချစ်နဲ့ ဒဿနကို ဖော်ကျူးထားတဲ့ တေးများ ဖြစ်ပါတယ်။ သူတို့ရဲ့ တေးသီချင်းများဟာ အဲဒီစဉ်က ခေတ်ပြိုင် လူငယ်များရဲ့ ခံစားချက်များကို ထင်ဟပ်နိုင်ခဲ့ပါတယ်။ အစ်ကိုမြတ်လေးရဲ့ 'ပင်လုံထိပ်ထားဦး၊ အင်းလျားအမှာ တော်ပုံ'၊ ပင်လုံထိပ်ထားဦး ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးများ ဖြစ်ကြတဲ့ 'ဝေးပြီမွှေးရေ' (ကိုမောင်မောင်ကြီး) ၊ ' ရေမြေဆုံးစေတော့' စတဲ့ တေးသီချင်းများဟာ တေးပြုစာဆိုများ ဖြစ်ကြတဲ့ အစ်ကို မြတ်လေးနဲ့ စန္ဒရားချစ်ဆွေတို့ရဲ့ အနုပညာနဲ့ ယုံကြည်မှု ဒဿနများကို ထင်ဟပ်နေတယ်လို့ ဆိုရပါမယ်။
အစ်ကိုမြတ်လေး ခေါင်းဆောင်တဲ့ ကေသီပန် တူရိယာအဖွဲ့ဟာ ၁၉၅၈- ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုအတွက် 'အများစုဆန္ဒ၊ ဆယ်နှစ်ဝယ်၊ ဆယ်ကြစို့၊ ဧရာဝတီငိုသံဒို့ကြားရသည်' စတဲ့ စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးတေးများ ရေးသား စပ်ဆို တင်ဆက်ခဲ့ကြပါတယ်။ ၁၉၅၉ မှာ 'ပညာရေးနှီးနှောဖလှယ်ပွဲဂုဏ်ပြုတေး' ၁၉၆၀ ကမ္ဘာစစ်ဆန့်ကျင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် 'ငြိမ်းချမ်းရေးသည်အပေါင်းလက္ခဏာ' တေး၊ ၁၉၆၁ တရုပ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေးတေးများကို ရေးသား၊ သီဆို တင်ဆက်ခဲ့ကြပါတယ်။ ဒီသီချင်းများဟာ ခြောက်ဆယ်ခုနှစ်များက ကျောင်းသားများ၊ ပြည်သူများအကြားမှာ မှတ်မှတ်ထင်ထင် ကျန်ရစ်တဲ့ 'သမိုင်းဝင်တေးသီချင်များ' ဖြစ်ခဲ့ပါသည်။
၁၉၆၀- ပြည့် ပတ်ဝန်းကျင်လောက်မှာ မြန်မာဇာတ်သဘင်အဖွဲ့များရဲ့ တင်ဆက်မှုမှာ ရှေ့ပိုင်းပြဇာတ်များ၊ ခေတ်စားစ ပြုလာတယ်လို့ ဆိုချင်ပါတယ်။ အထူးသဖြင့် ရွှေမန်းတင်မောင်နဲ့ မြို့တော်သိန်းအောင် ဇာတ်ကြီးများက တင်ဆက်တဲ့ ရှေ့ပိုင်းပြဇာတ်များဟာ လူထုများအကြား ပြောစမှတ် ဆိုမှတ် ပြုရပါသည်။ မြန်မာ့ရုပ်ရှင်နယ်ထဲမှာလည်း မြတ်လေး၊ ကောလိပ်ဂျင်နေ၀င်းနဲ့ မန္တလေးဦးကျောက်လုံးတို့ဟာ 'အပြော' သရုပ်ဆောင်များနဲ့ လူထုကြိုက်သရုပ်ဆောင်များ ဖြစ်လာကြပါတယ်။ ဒီဘက်မှ အစ်ကိုမြတ်လေးက ပိုပြီးထင်ရှာသလားလို့ ယူဆချင်ပါတယ်။ ပင်လုံထိပ်ထားဦး ရုပ်ရှင်ကားကို မိမိတို့ မန္တလေးဆောင် S and R ရံပုံငွေပွဲ ပြသကြပါတယ်။ လူထုများ၊ ကျောင်းသားများအကြား လက်မှတ်များ ရောင်းချရာမှာ အခက်အခဲမရှိပဲ လွယ်လွယ်ကူကူ ရောင်းချလို့ ရပါတယ်။ မြသန်းတင့်က 'လိုက်ခဲ့တော့မြန္ဒာ' ၀တ္ထုကို ၁၉၅၈ ခုနှစ်လောက်မှာ ရေးသားခဲ့တယ် ထင်ပါတယ်။ အစ်ကိုမြတ်လေးက ဒီကာလ၀န်းကျင်မှာပဲ 'ပင်လုံထိပ်ထားဦး' သီချင်းကို ရေးစပ်ခဲ့တယ်လို့ ယူဆချင်ပါတယ်။ ၁၉၅၉ ခုနှစ်မှာ အစိုးရက ရှမ်းစော်ဘွားများရဲ့ ပဒေသရာဇ်အခွင့်အာဏာကို ရုတ်သိမ်းခဲ့ပါတယ်။ သရုပ်ဆောင်နဲ့ ဒါရိုက်တာ မြတ်လေးဟာ ပင်လုံထိပ်ထားဦး ရုပ်ရှင်ကားကို (ရှမ်းအမျိုးသားလူထုကြီးရဲ့ ပဒေသရာဇ်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဇာတ်ကျောရိုးအဖြစ်ထားပြီး) ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကျောရိုးကို ပင်လုံထိပ်ထား (တင်တင်မူ) နဲ့ ပြည်မကြီးမှ ရောက်ရှိလာသူ စာရေးဆရာ ကိုစိုးနိုင် (မြတ်လေး) တို့ ၂ ဦးအကြားက အချစ်နဲ့ ပဒေသရာဇ်စနစ် အယူအဆများ အားပြိုင်ပုံနဲ့ ထင်ဟပ်ပြ ခဲ့တာပါ။ သရုပ်ဆောင်သူများဟာ မိမိတို့ ဇာတ်ရုပ်ကို မိမိတို့ ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ကြကြောင်း ဖော်ပြရမှာ ဖြစ်ပါတယ်။ မင်းသား မြတ်လေးရဲ့ (အပြောနဲ့ သရုပ်ဆောင်မှုများကို) ရုပ်ရှင်ကြည့် ပရိသတ်ကြီးက မကြာခဏ လက်ခုပ်တီး သြဘာပေးခဲ့ကြတာကို တွေ့ရပါတယ်။ (ပင်လုံထိပ်ထားဦးသီချင်းနဲ့ ရုပ်ရှင်မှာ အစ်ကို မြတ်လေးရဲ့ အနုပညာ ၀မ်းစာကို အကဲခတ်နိုင်ဖို့ (မှတ်မိသမျှ) ပင်လံထိပ်ထားဦးသီချင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီသီချင်းဟာ အနှစ် ၅၀ ရှိပါပြီ။ ဖြည့်ကြ၊ ဖြုတ်ကြစေလိုပါတယ်။
'ပင်လုံထိပ်ထားဦး' ကို အစ်ကိုမြတ်လေး ရေးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကို အသံသွင်းသူနဲ့ သီဆိုသူကတော့ အဲဒီစဉ်က ကေသီပန် တူရိယာအဖွဲ့ခေါင်းဆောင် စန္ဒရားချစ်ဆွေ ဖြစ်ပါတယ်။ ဒီသီချင်းကို စန္ဒရားချစ်ဆွေက လွဲပြီး တခြားဘယ်သူမှ ပြန်ဆိုတာ မကြားခဲ့ပါဘူး။ စန္ဒရားချစ်ဆွေရဲ့ အသံသွင်းခွေများ ရှိနိုင်ပါတယ်။ အခုတော့ စန္ဒရားချစ်ဆွေရော၊ အစ်ကိုမြတ်လေးပါ မိမိတို့ကို နှုတ်ဆက် သွားခဲ့ကြပါပြီ။
"ပင်လုံထိပ်ထားဦး" (သီချင်း)
-(ခြေဆင်း- မောင်းသံ၊ တခုသော မောင်းသံ... ကြားလေတိုင်းမှာဖြင့်၊ ထွက်ကိုပဲ ထွက်ပြေးချင်တယ်လေ....... ။ နား.. နှစ်ဖက်ကို စုံကာပိတ်လျက်.. အတင်းရုန်းကန် ပြေးထွက်ရတာလဲ.. များပဲ များပါပြီပကောလေ...။ တခုသော အသံနောက်က.. တခုသော သဏ္ဍာန်ရောက်လာ.. ဘ၀င်တုန် စိတ်များရူးမယ့် အတိတ်ရန်ဟာလေ... ပင်လုံထိပ်ထားဦးရဲ့ အရိပ်သဏ္ဍာန်ပါ မသွေ။)
ဗူး ဖရုံ သခွါး ပဲ ပြောင်း စပါးတွေ... ထွန်နှောလာတဲ့ ဂနိုင်တောခြေ.. ငြင်းခုန်ကစားပွဲ အလောင်းအစား တွေ.... အလွန်ပေါပါတဲ့ မြိုင်မောမြေ...။
(ဗုံရှည်)၂ တီးလို့ လင်းကွင်းသံ စာစာဝေ (မော)၂ မြေ
(ထုံပေ)၂ ဟီးသမို့ သဘင်ကျင်းဟန် ဖြာဖြာနေ (သဘော)၂ တွေ....
မနက်ခင်းလင်းလို့... အိပ်ရာထမလေ.. ရှမ်းတောင်ခြေ တောခြေ.. လက်ဖက်ခင်းဆင်းလို့ လိပ်ပြအကတွေ.. စွမ်းဆောင် ဒီမောမြေ။
တို့များတောင်သူ တောင်သား.. ယာသမား အလုပ်သမားတွေ.. အမျိုးသားအမွေအနှစ် ခံယူကာ စိုးပိုင်တဲ့မြေ.. လယ်လုပ်သူတိုင်း လယ်ပိုင်စေ.. တို့များ လုပ်သား မော ဘ၀တွေ အခြေ...
လူသားတွေနဲ့ ကင်းလွတ်သူရေ..... သင် မယုံသော်လဲ.. ရှိပါစေလေ..၊ ဘုရင်ဂုဏ်သဘောမှာ သွေးခွဲတဲ့.. ပင်လုံမောကလျာ အရေးပဲမို့လေ.. သင်မယုံသောအခါ တမေးထဲ မေးနေမယ် အရှည်.. ကဲ.. သင်မယုံတော့လဲ.. ကဲ.. ရှိပါစေလေ..။
ရှမ်းပြည်ရောက်လို့လဲ.. အနယ်ထိုင်နေ..
မှန်းခြေမပေါက်လို့လဲ.. မနေနိုင်ပေ..
စမ်းရေသောက်ဖို့ပဲ.. အခြေဆိုင်သလေ..။
ရှမ်းပြည်ရောက်သွား.. စခန်းခြေအောက်နား.. အပမ်းဖြေ တထောက်နားနေ...။ ထိုအခါကျမှ မောများဘက်တော်သူက တောကစား ထွက်တော်မူသတဲ့လေ... အခါခွင့်ကြုံကြိုက်ကြသမို့.. ဖူးမျှော်ကြတာတွေ.. စုံလင်သိုင်းဖွဲ့ အရိုင်း အကိုညီတွေ.. ခြုံသင်တိုင်းနဲ့ ပလိုင်း ကိုယ်စီဝေ...။
အဲဒီအထဲများ.. ကျွန်တော်ကပဲ ငေးမော ပြန်ကာနေ.. ဒါကို ပင်.. ဒေါပွတယ် သတဲ့လေ.. မဖူးမြှော်ကောင်းလားလို့.. ကမ္ဘာရန်တမျှ အခြေ.. အထူးခေါ်ထောင်းထားလို့ အနာဒဏ် ဘ၀စေ.. ကျူးကျော် ကြောင်းတရားနဲ့ ရာဇမာန်ရှနေ...။
ရနံ့သင်းကင်းမဲ့တဲ့ ပန်းဒေလီယာအခြေ
ပျံ့သင်းနှင်းတွဲ့တွဲ့ ရှမ်းပြည်ဆီမှာလေ
ဟန်တင်းကင်းမဲ့မဲ့ နန်းဗွေသီဟာရေ...။
အခန်းဆပြီးမျှော် တွေးဆတော့.. နန်းကျသမီးတော်လေး ဘ၀ပါပေ...။ သူ့ကိုယ်သူ.. အသွင်တမူခြား.. ဘုရင်တဆူလား မင်းမူပြန်လို့နေ..။ အခြေအမြစ် အရင်းခံစရိုက်က ပဒေသရာဇ်အကြွင်းအကျန် ဂိုက်တွေ ထားနေတယ်လေ..။ အသားဆီ.. အဆန်းချီတွေချဲ့.. ပါးနီ နှုတ်ခမ်းနီတွေနဲ့ မှုန်းသလို့နေ.. အဆန်းမတူပါပေ၊ လူ့လောက ဟန်ပန်အရေးနဲ့ ပျမ်းမျှကြေးအခြေ.. ဥရောပ ဆန်ဆန်တွေးတဲ့ (ရှမ်း)၂ မလေးရေ...
အတူတလှမ်း မသွားဘဲ.. အသဲစား ချူပြီးကာမွှေ
တမူဆန်းပြား.. တလွဲမှား.. အယူသည်းပါပေ..
လူအတန်းစား.. တကတဲ ခွဲခြားသူကြီးရေ...။
ရန်ကုန်တက္ကသိုလ်ရဲ့ ခြောက်ဆယ်စုနှစ် ပုံရိပ်များကို မှတ်တမ်းတင်လျင်၊ ရုပ်ရှင်သရုပ်ဆောင်၊ တေးပြုစာဆိုမြတ်လေး၊ စန္ဒရားချစ်ဆွေ၊ ကိုလေးညွန့်တို့ ကိုယ်စားပြုတဲ့ ကေသီပန်တူရိယာအဖွဲ့ မပါလျှင် မပြည့်စုံနိုင်ပါဘူး။ ကျောင်းသားပွဲတော်များ၊ နှုတ်ဆက်ညစာစားပွဲကြီးများ၊ အထိမ်းအမှတ် အခမ်းအနားများဟာ ကေသီပန်မပါရင် မပြည့်စုံဘူးလို့ ဆိုရပါမယ်။ 'အနှစ်နှစ်ဆယ်တေး' မှတ်တမ်းမှာ ကေသီပန်ရဲ့ ခေတ်ပေါ်တေးများ၊ အသံဖွဲ့စည်းမှုများ ကိုယ်စားပြုထားတဲ့ ဒဿနများဟာ 'ခေတ်တခေတ်' ကို ကိုယ်စားပြုခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 'ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ မခင်နှင်းဆီ သီချင်းတွဲများ၊ စန္ဒရားချစ်ဆွေရဲ့ မေ့ကွက်ကိုရှာ၊ မနက်ဖြန်မှဆက်ငိုမယ်' စတဲ့ တေးအဖွဲ့များနဲ့ ခံစားချက်တေးများ ဟာ မြန်မာ့ခေတ်ပေါ်တေးဂီတသမိုင်းမှာ ကြံ့ခိုင်တဲ့မှတ်တိုင်များ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဥာဏ်မောင်ချစ်
[ပိတောက်ပွင်သစ်မဂ္ဂဇင်း၊ အမှတ်(၂၆)၊ စက်တင်ဘာလ၊ ၂၀၀၉ မှ ကူယူဖော်ပြပါတယ်။]
No comments:
Post a Comment