Saturday, October 31, 2009

မီးရထားပုဒ်မ
ရေးသူ- လူထုဦးလှ



ခတ်ပုပု ခတ်ဖြူဖြူ မပိန် မ၀ မပြော့လွန်း မတောင့်လွန်းသော ဤသူငယ်၏ နာမည်မှာ မောင်စိုးဝင်း ဖြစ်သည်။ ဤ ကယားပြည်နယ်သားကလေးသည် ထောင်ထဲသို့ မရောက်ထိုက်ဘဲလျက် ရောက်လာရသည်။ ဤ အဖြစ်အပျက်မျိုးကို အစိုးရက အပြစ်မထားသင့်ပေ။ ပြည်သူ့ဝန်ထမ်းအဖွဲ့များကလည်း စောင့်ရှောက်သင့်လှ သည်။
သူ၏ အသက်မှာ ၂၁ နှစ်ဆိုသော်လည်း မျက်နှာကလေးမှာ နုပေသေးသည်။ ၁၈ နှစ်လောက်သာ ရှိဦးမည်ဟု ခန့်မှန်းရသည်။
သူ၏ ဘ၀အဖြစ်အပျက်ကလည်း လူသားတဦး၏ ခံစားရမှုနှင့် အပြည့်ပင် ဖြစ်သည်။ ကျွန်တော် မေးကြည့်၍ ပြောပြသည်မှာ.....

+ + + +




အဘေမှာ စလင်းက ဟု ပြောပါသည်။ အမေက ညောင်ရွှေ အင်းပေါ့ခုံ ဇာတိ ဖြစ်ပါသည်။ အဘေသည် လွယ်လင် လမ်းဘက် P.W.D. ရုံးမှာ ပြာတာလုပ်ပါသည်။
ညီအစ်ကိုမောင်နှမ ၄ ယောက်အနက် ၂ ယောက် ကျန်ပါသည်။ အစ်မမှာ အိမ်ထောင်ကွဲ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်လောက်က အမေသေဆုံးပါသည်။ ကျွန်တော် ၁၃ နှစ် အရွယ်က ဖြစ်ပါသည်။
ကျွန်တော် အသက် ၆ နှစ်သားမှာ လွယ်လင်မြို့ အာစီအင် အင်္ဂလိပ် မြန်မာ ကျောင်းတွင် ၂ တန်းထိ နေရပြီး၊ ပဒေသရာဇ်မူလ အထက်တန်းကျောင်းတွင် ၅ တန်းအထိ နေရပါသည်။ ၁၉၄၉ ခုနှစ်က ၎င်းကျောင်းမှ ထွက်လာပါသည်။ အမေဆုံးပြီး စိတ်မကောင်း၍ ထွက်လာခြင်း ဖြစ်ပါသည်။ အမေရှိစဉ်က ဤဘက် အင်္ဂလိပ်ခေတ်မှာ ထမင်းဆိုင်ဖွင့်ထားပါသည်။ အမေက လူများကိုယုံ၍ အကြွေးလည်း ပေးပါသည်။ ငွေချေးလျှင် လည်း ချေးလိုက်ပါသည်။ အမေဆုံးသောအခါ ထိုလူများက ငွေများ ပြန်မပေးကြတော့ပါ။ ထို့ကြောင့် ဆိုင်လည်း ရောင်းပစ်ရ၊ အိမ်လည်းရောင်းပစ်ရပါသည်။ ထိုသတင်းများ ကြားသိရသဖြင့် ကျွန်တော်လည်း အလွန် စိတ်ထိခိုက်ပါသည်။ အဘေကလည်း ကျွန်တော့်ကို ကျောင်းဆက်မထားနိုင်တော့ပါ။ ထို့ကြောင့် ကျောင်းက ထွက်လိုက်ရခြင်း ဖြစ်ပါသည်။ အဘေက ထောက်ပံ့ဦးမည်ဆိုလျှင် ကျွန်တော်ဆက်လက်ပြီး ပညာသင်ကြားဦး မည်ပင် ဖြစ်ပါသည်။
ကျောင်းကထွက်ပြီးနောက် ကျွန်တော့် သူငယ်ချင်းတဦးရှိရာ ကျောက်မဲ-နမ့်ဆမ်သို့ သွားပါသည်။ သူ့ နာမည်မှာ ကျော်မြင့်ဟု ခေါ်ပါသည်။ သူက လမ်းဗိုလ်အလုပ် လုပ်ပါသည်။ သူက လက်ထောက်လမ်းဗိုလ်အလုပ် ကျွန်တော့်ကို သင်ပေးပါသည်။ တနှစ်ခန့် သင်ရပါသည်။ ထို့နောက် ကျွန်တော့်ကို လက်ထောက်လမ်းဗိုလ်အလုပ် သူ့လက်အောက်တွင် လုပ်ရန် အထက်လူကြီးများကို ပြောပြီး သွင်းပေးပါသည်။ လခမှာ ၁၃၅ိ ဖြစ်ပါသည်။ အသက် ၁၇ နှစ်ပင် မပြည့်သေးပါ။ ထိုအလုပ်ကို သင်သည့်ရက်ပါ ၂နှစ်ခွဲခန့် လုပ်ပြီးနောက် အဘေတယောက် တည်း နေရသည့်အတွက် လွမ်းပြီး အလုပ်ကထွက်ကာ ပြန်ခဲ့ပါသည်။
အဘေလည်း အလုပ်က ထွက်ပါပြီ။ ကျွန်တော် ပြန်ရောက်သောအခါ ကျွန်တော့ယောက်ဖနှင့် ကျွန်တော့အစ်မများထံတွင် စက်ချုပ်သင်ခိုင်းပါသည်။ ၆ လ ကြာမျှ စက်ချုပ်သင်ပြီး ကူညီ အလုပ် လုပ်ပါသည်။ ၀ိုင်းလုပ် ၀ိုင်းစားပင် ဖြစ်ပါသည်။
တနေ့တွင် လူထုပညာရေးရုံး၌ စစ်သားစုဆောင်းရေး ကြော်ငြာကပ်ထားသည်ကို ကျွန်တော့်သူငယ်ချင်း များက တွေ့ခဲ့သဖြင့် ကျွန်တော့်ကို လာပြောရာ ကျွန်တော်ပါ လိုက်ကြည့်ပါသည်။ ကြော်ငြာတွင် စစ်တပ်ထဲဝင် လျှင် ရမည့် လစာ၊ ရမည့်ရိက္ခာ၊ အ၀တ်အစားစသည်ဖြင့် တလအတွင်း စစ်သားတယောက် ရမည့်တန်ဘိုးကို ပေါင်း၍ ဖော်ပြထားသော စာရင်းကိုလည်း တွေ့ရပါသည်။ ငွေပေါင်းမှာ မနည်းပါ။
သူငယ်ချင်းများက စစ်ထဲဝင်ချင်ကြပါသည်။ ကျွန်တော့်ကို ခေါ်ကြပါသည်။ ကျွန်တော်တို့ နယ်မှ လူငယ်များ၏ စိတ်ထဲတွင် ထိုအချိန်က တော်တော်ကလေး တက်တက်ကြွကြွ ဖြစ်နေကြပါသည်။ သို့ဖြစ်နေခြင်း အကြောင်းမှာ တရုတ်ဖြူများ ကယားပြည်နယ်ထဲသို့ ၀င်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လက်နက်ကိုင် ၍ သူတို့ကို တိုက်ထုတ်ရန် ကျွန်တော်တို့တွင် ၀တ္တရားရှိသည်ဟု ယူဆကြပါသည်။ ထို့ပြင် လက်နက်မရှိက တနေ့နေ့ တရုပ်ဖြူရောက်လာလျှင် အချောင် အသေခံရမည် ဖြစ်သောကြောင့် လက်နက်နှင့် ရန်သူကို ခံတိုက် ယင်း သေရသည်ကမှ ကောင်းသေးသည်ဟု သဘောထားကာ ကျွန်တော်ပါ စစ်ထဲဝင်ရန် လက်မှတ်ထိုးလိုက် ပါသည်။
အိမ်ပြန်ရောက်သောအခါ ကျွန်တော်၏ ယောက်ဖက စစ်ထဲမ၀င်စေလိုကြောင်း၊ စစ်ထဲဝင်လျှင် ဒုက္ခရောက်မည့်အကြောင်း ပြောပါသည်။ အင်္ဂလိပ်လက်ထက်က သူကိုယ်တိုင် စစ်သားလုပ်ခဲ့ဘူး၍ ဒုက္ခရောက် ခဲ့ရပုံများကိုလည်း ပြောပြပါသည်။ စစ်သားများ ဒုက္ခဆင်းရဲရောက်ပုံများကို ကျွန်တော့ယောက်ဖက ပြောပြသော် လည်း တရုတ်ဖြူအန္တရာယ် ကာကွယ်တိုက်ခိုက်လိုသော စိတ်ကြောင့် ကျွန်တော် နည်းနည်းမှ နောက်မတွန့်ပါ။ အချိန်ရောက်၍ ခေါ်သောအခါ ကလောသို့ လိုက်ခဲ့ပါသည်။
ကျွန်တော် ယခု ၀င်သောတပ်မှာ စတင်ဖွဲ့စည်းနေသော အမှတ် ၁ ကယားသေနတ်ကိုင် တပ်ရင်း ဖြစ်ပါသည်။ ကျွန်တော် စစ်ထဲဝင်လိုကြောင်း လက်မှတ်စထိုးသည်မှာ ၁၉၅၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့တွင် ဖြစ်ပါသည်။ ကယားပြည်တွင် ယခင်က ရှိသောတပ်မှာ အရေးပေါ် ကရင်နီ တပ်ရင်းဖြစ်ပါသည်။ ထိုတပ်မှာ လဲဗီးသဘောမျိုး ယာယီဖွဲ့ထားသော တပ်ဖြစ်ပါသည်။ ထိုတပ်ကို ကရင်အရေးတော်ပုံ ပေါ်စက ဖွဲ့သည်ဟု သိရပါသည်။
လွယ်ကော်တွင် ပထမစု၍ရသူပေါင်းမှာ ၈၂ ယောက်ဖြစ်ပါသည်။ တပ်ထဲဝင်လိုကြောင်း လက်မှတ်ထိုး ပြီး ရက်ပေါင်း ၂၀ ခန့် ကြာသောအခါ ကျွန်တော်တို့ကို ကလောသို့ ပို့လိုက်ပါသည်။ ကလောတွင် တလခွဲခန့်နေ ကာ နောက်ထပ်လာမည့် ရဲဘော်များကို စောင့်နေကြရပါသည်။ နောက်ထပ် ၂၉ ယောက် ထပ်၍ ရောက်ပါသည်။
ကယားပြည်နယ်ဝန်ကြီး စောဝဏ္ဏ အရေးပေါ် ဖွဲ့စည်းသော တပ်မှာ မူလဖွဲ့စည်း ကတည်းက တပ်ရင်းတရင်း မပြည့်ပါ။ ထို့ကြောင့် တပ်ရင်းတရင်း ဖွင့်ခွင့် သေသေချာချာ ရသောအခါ လူများလိုနေသဖြင့် ထပ်ဖြည့်ရန် လူထပ်စုခြင်း ဖြစ်ပါသည်။ ကလောတွင် ကျွန်တော်တို့ကို ဗမာ့ခြေလျင်တပ်ရင်း ၂၁ ၌ တွဲ၍ ထားပါသည်။
ကယားတပ်ရင်း လူဟောင်းများသည် လွယ်ကော်ကနေပြီး ကွတ်ခိုင်ကြားတွင် တရုတ်ဖြူများနှင့် အကြီးအကျယ် တိုက်ကြရပါသည်။ တရုပ်ဖြူများ တပ်ပျက် သွားပြီးနောက် ကယားတပ်ရင်းသည် တရုပ်ဖြူ အန္တရာယ် ဆက်လက်ကာကွယ်ရန် မြစ်ကြီးနားသို့ ပြောင်းရွှေ့တာဝန်ယူရပြန်သည်။ မူလတပ်ရင်း မြစ်ကြီးနားသို့ ရောက်သောအခါ ကျွန်တော်တို့ ကလောမှ လူစုကိုလည်း မြစ်ကြီးနားသို့ ပို့ပါသည်။
တပ်ထဲ ၀င် ၀င်ခြင်း ယူနီဖောင်းနှစ်စုံ၊ အိပ်ရာစသော စစ်သားသုံးပစ္စည်းအစုံ ထုတ်ပေးပါသည်။ တပ်သားသစ်လခ ၅၆ကျပ် - ၁၂ ပဲ ရရှိရာ၊ ၅၀ိ ထုတ်ပေး၍ ၆ ကျပ် - ၁၂ ပဲကို စုထားပေးပါသည်။ ကျွန်တော်တို့ တပ်တွင် ကယား၊ ပဒေါင်၊ ဘရဲ့၊ ကေခို၊ ကေဘား၊ ရှမ်း၊ မြန်မာ၊ တောင်သူ အစုံပင် ဖြစ်ပါသည်။ ချင်းဗိုလ်တယောက်၊ ကချင်ဗိုလ်တယောက်လည်း ရှိပါသည်။
မြစ်ကြီးနားရောက်သောအခါမှ ပစ္စည်းများ ထုတ်ပါသည်။ ဆံပင်လည်း ညှပ်ပါသည်။ ထို့နောက် လေ့ကျင့်ရေး ၄ လနီးပါးမျှ ဆင်းရပါသည်။ ထို့နောက် စတုံး ဆမားစသော တိုက်ကင်းဌာနများတွင် တာဝန်ထမ်းရပါသည်။ စတုံးဆမားမှာ မြစ်ကြီးနားက လားများနှင့် ခြေလျင်သွားရလျင် တညအိပ်နှင့် တနေ့လောက် သွားရပါသည်။ တရုတ်နယ်စပ်ဘက် နီးနေပါပြီ။ နွေရာသီတွင်မူ ဆမားအထိ ကားသွား၍ ဖြစ်ပါသည်။ တရုတ်ဖြူများနှင့် တိုက်ပွဲတော့ မဖြစ်ပါ။ သို့ရာတွင် စတုံးရွာအနီး၌ တရုတ်ဖြူ ၁၂ ယောက်ကို လက်ရ ဘမ်းမိပါသည်။ သူတို့က ရွာများသို့ လာပြီး ရိက္ခာဆင့်ရာ၊ ကျွန်တော်တို့ တိုက်ကင်းနှင့် တိုးမိပြီး အငိုက်မိ သွားသဖြင့် အဘမ်းခံရခြင်း ဖြစ်ပါသည်။ သူတို့တွင် လားများလည်း ပါ ပါ သည်။ လားများက ထွက်ပြေးပါသည်။ ၎င်း တရုတ်ဖြူ ၁၂ ယောက်ကို တပ်ရင်းရှိရာ မြစ်ကြီးနား ဗိုလ်မှူးမျိုးမြင့်ထံသို့ ပို့ကြပါသည်။ တပ်ရင်းမှတဖန် မန္တလေးသို့ ပို့ကြပါသည်။
နယ်စပ်ဒေသတွင် ၃ လမျှ နေရပြီးနောက် မြစ်ကြီးနားသို့ ကျွန်တော် ပြန်ရပါသည်။ ကျွန်တော်တို့ လူသစ်များကို မူလတပ်ရင်းရှိ အေ ဘီ စီ ကုမ္ပဏီအသီးသီးကို ခွဲပြီး တာဝန်ထမ်းစေပါသည်။
ကျွန်တော်၏ တာဝန်သစ်မှာ စစ်သားသစ်များ ရောက်လာလျှင် လေ့ကျင့်ပေးရပါသည်။ ကျွန်တော်လည်း စစ်သား ရိုးရိုးပင်ဖြစ်ပါသည်။ အသင့်အတင့် ပညာအရည်အချင်း ရှိသော်လည်း စစ်မှုထမ်းသက် နည်းသေး သောကြောင့် တရစ်မှ မရသေးပါ။ ထို့နောက် တပ်က ရှင်ပြုပွဲကြီးတခု လုပ်ရန် မန္တလေးသို့ ကျွန်တော်နှင့် အခြား ရဲဘော်တယောက်ကို လှူဘွယ်ပစ္စည်း အ၀ယ်လွှတ်ပါသည်။ ထိုကဲ့သို့သော ဝေယျာဝစ္စမျိုးကိုလည်း ကျွန်တော် လုပ်ရပါသည်။
သူငယ်ချင်း ၅ ယောက်နှင့် ကျွန်တော်သည် တပ်ရင်းမှ ခွင့် ၁၅ ရက် ယူပြီး ထွက်လာကြပါသည်။ အခြား ရဲဘော်များကမူ ဆွေမျိုးများ ရှိရာ ရှမ်းပြည်ဘက်သို့ သွားကြပါသည်။ ကျွန်တော်မှာ ရန်ကုန်မရောက်ဘူး သောကြောင့် ရန်ကုန်သို့ လိုက်ခဲ့ပါသည်။
တနေ့တွင် ရန်ကုန်တည်းအိမ်မှနေပြီး မင်္ဂလာဒုံရှိ သူငယ်ချင်းတယောက်ထံ သွားလည်ပါသည်။ အပြန်တွင် မီးရထားထွက်ခါနီးမှ ပြေးတက်ရသဖြင့် လက်မှတ်မ၀ယ်ခဲ့ရပါ။
မင်္ဂလာဒုံမှ ထွက်ပြီး မိနစ် ၂၀ ခန့် ကြာသောအခါ လက်မှတ်စစ်များ တက်လာပါသည်။ ကျွန်တော်က အကျိုးအကြောင်း ပြောပြပြီး လက်မှတ်ဘိုးပေးရာ မရပါ။ ကျွန်တော်နှင့် တတွဲတည်းမှာပင် အသက် ၁၃ နှစ်အရွယ် ကလေးကလေးကိုလည်း ဘမ်းပါသည်။ ၈၊၈၊၅၅ ရက်နေ့က ဖြစ်ပါသည်။ ၁၀၊ဂ၊၅၅ ရက်နေ့တွင် ရုံးတင်ပါသည်။ ကျွန်တော်က ရဲဘော်တယောက်ဖြစ်ကြောင်း၊ လခထုတ် စာအုပ် စသည်များ ဘီလူးမဈေးထောင့် အနီးရှိ တည်းအိမ်တွင် ရှိကြောင်း ပြောပြသော်လည်း ရုံးတင်သောအခါ ကူလီတယောက်ဆိုပြီး တင်ပါသည်။
တရားသူကြီးက ဘာမှလည်း ကျွန်တော့်ကို မမေးပါ။ ဒဏ်ငွေ ၁၅ိ သို့မဟုတ် ထောင်ဒဏ်အလုပ်ကြမ်းနှင့် ၁၅ ရက်ဟု အမိန့်ချလိုက်ပါသည်။ ရုံးတွင် ပုလိပ်တယောက်အား ကျွန်တော့်တည်းအိမ်တွင် ရှိသော ငွေယူပေးရန် စာရေးပြီး လွှတ်သော်လည်း သွားမပေးပါ။ ထို့ကြောင့် မမြှော်လင့်ဘဲနှင့် ထောင်ထဲရောက်လာရခြင်း ဖြစ်ပါသည်။
တည်းအိမ်ကလည်း ကျွန်တော် ဘယ်ရောက်နေသည်ကို သိမည်မဟုတ်သဖြင့် စိတ်ပူနေပါလိမ့်မည်။ ခွင့်ရက်ကလည်း ကျော်ပြီဖြစ်၍ တပ်သို့ ပြန်သွားသောအခါ အပြစ်ပေးခံရမလားလည်း မပြောတတ်ပါ။ တပ်တွင်း အပြစ်ဟောင်းတော့ ဘာမှ မရှိဘူးသဖြင့် သက်ညှာစွာ စဉ်းစားလိမ့်မည်ဟု မြှော်လင့်ရပါသည်။ ထောင်ထဲ ရောက်ဘူးသူ တဦးဖြစ်သဖြင့် တပ်ကသိလျှင် ကျွန်တော့်တက်လမ်းကို ထိခိုက်မည်လား မပြောတတ်ပါ။ တော်တော်တော့ ခက်ပါသည်။
ဂျပန်အပြေး အင်္ဂလိပ်ပြန်အ၀င်တွင် မဟာမိတ်လေယာဉ်ပျံများက ဗုံးကြဲသဖြင့် ကျွန်တော့်အစ်မ တယောက် သေဆုံးပြီး ကတည်းက ကျွန်တော် စိတ်ညစ်ရသည်မှာ ဆက်တိုက်ပင် ဖြစ်ပါသည်။ အမေ တခါ ထပ်ဆုံး ပြန်သောအခါ ပညာပါ မသင်နိုင်ဘဲ ဖြစ်သွားပါသည်။ အမေက သာသနာပြု သီလရင်များနှင့် ကျွန်တော့်ကို မန္တလေးစိန်ပီတာကျောင်းသို့ ပို့ရန် စီစဉ်စိုင်းပြင်းထားပြီး ဖြစ်ပါသည်။ အမေ ဆုံးသွားသည့်အတွက် ၎င်း ရည်ရွယ်ချက်များ အားလုံးပျက်ပြီး ကျွန်တော်လည်း ပညာတပိုင်းတစနှင့် အလုပ်အမျိုးမျိုး ၀င်လုပ်ကာ အမျိုးမျိုး ကြုံတွေ့နေရခြင်း ဖြစ်ပါသည်။
ကျွန်တော် ရန်ကုန်တွင် တည်းနေသော နေရာမှာ ဘီလူးမဈေးအနီးက ကိုအောင်ဘိုဘိုတို့အိမ် ဖြစ်ပါသည်။ တပ်ကြပ်စာရေး ကိုအောင်ဖေ၏ညီ ဖြစ်ပါသည်။ ထောင်ကလွတ်လွတ်ခြင်း သူတို့ အိမ်ကိုသာ ပြန်ရပါမည်။ သူတို့ကလည်း စိတ်ပူလှရော့မည်။
ကယားပြည်မှာ ယခု တော်တော်သာယာလာပါပြီ။ တိုးတက်ပြောင်းလဲမှုလည်း အတော်အတန် ရှိပါသည်။ လူထုပညာရေးသမားများကလည်း တောရွာများအထိသွားပြီး ပညာဗဟုသုတ တိုးတက်ရာ တိုးတက်ကြောင်းများကို လုပ်နေကြပါသည်။ ယခုဖြင့် လည်ပင်းတွင် ကြေးကွင်းများ စွပ်လေ့ရှိကြသည့် ပဒေါင်အမျိုးသမီးများသည် ကြေးဂွင်းစွပ်ခြင်း အလေ့ကို စတင်လက်လွှတ်ကြပါပြီ။ နှစ်ပေါင်းများစွာ လည်ပင်းကို ဂွင်းကြီးစွပ်ထားသည့်အတွက် ဂွင်းများကို ချွတ်ပြီး ၇ရက်လောက်တော့ သူတို့ခမျာ အိပ်ရာထဲမှာ လှဲနေရပါသည်။ လည်ပင်းက ခေါင်းကို မသယ်နိုင်သဖြင့် ခေါင်းမမတ်နိုင်ကြပါ။ ၇ ရက်လောက်ကြာမှ ခေါင်းမတ်နိုင်လာကြ ပါသည်။
ကယားအမျိုးသမီးများလည်း ဒူးတွင် စွပ်ထားသော ကြိမ်ဂွင်းများကို ချွတ်ကြပါပြီ။ ပို၍ ခေတ်ဆန်လာ ကြပါသည်။ တတ်နိုင်သော မိဘများ၏ သားသမီးများကမူ စာသင်ကျောင်းများတွင် ပညာသင်ကြပါသည်။ ကယားစာ ဟူ၍လည်း ရှိပါသည်။ ကရင်စာ သဘောမျိုးပင် ဖြစ်ပါသည်။ ကေဘားလူမျိုး၏ စာမှာမူ အေ ဘီ စီ ဒီနှင့် ဖြစ်ပါသည်။ ဆင်းရဲသော ကယားအမျိုးသမီးများမှာ ခေါင်ရေရောင်းကြပါသည်။
ကျွန်တော် အိမ်ထောင်မပြုသေးပါ။ အဘေ့ထံသို့ တပ်မှနေ၍ တခါတရံ ငွေပို့ပါသည်။ အဘေ၊ အစ်မနှင့် ယောက်ဖများက အိမ်ထောင်ချပေးလိုကြောင်း ပြောကြပါသည်။ ကျွန်တော်က ငယ်သေး၍ ဤအတိုင်းပင် နေပါရစေဦးဟု ပြန်ကြားထားပါသည်။
ထောင်ထဲတွင် အခြားလူများနှင့် ကျွန်တော် မပေါင်းပါ။ အလုပ်က ပြန်လျှင် အစောကြီး အိပ်ပါသည်။ ညတိုင် သူတို့ တိုင်ပင် ပြောဆိုကြသည်များကိုလည်း စိတ်မ၀င်စားပါ။ ၁၅ ရက်ထည်းဖြစ်၍ ကျွန်တော် နက်ဖြန်သဘက်ဆိုလျှင် လွတ်ပါတော့မည်။ လူပေါင်းမှားလျှင် နောက်တခါ ရက်ကြာကြာ ထောင်ထဲ လာနေရမှာ သေချာသည့်အတွက် ကျွန်တော် ရှောင်ခြင်းဖြစ်ပါသည်။

++++ +++ +++

"ထောင်ထဲသို့ ၁၅ ရက် အလည်လာလိုလျှင် ဤ မီးရထားပုဒ်မကို ကျူးလွန်ပြီး လာခဲ့ပါ" ဟု ထောင်တွင်းရှိ လူများက ၎င်းတို့၏ မိတ်ဆွေများကို နောက်ပြောင်ပြီး ပြောလေ့ရှိကြပါသည်။ ထောင်တွင်းသို့ အမြန်ဆုံး ရောက်၍ အမြန်ဆုံးထွက်နိုင်သောနည်း ဖြစ်သည်။ တခါတရံ အဘေက ဒဏ်မဆောင်နိုင်ရှိပေရာ ၅ နှစ်သားကလေးပါ ထောင်ထဲ ပါလာရတော့သည်။

လူထုဦးလှ
[လှောင်ချိုင့်တွင်းမှငှက်ငယ်များ စာအုပ်၊ ဒုတိယနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။]

Friday, October 30, 2009

ဦးလှနှင့် အတူနေခဲ့ရသော ရက်များ
ရေးသူ- အုန်းမောင် (လေထီး)

ဦးလှကို လူချင်းစသိခဲ့ရသည်မှာ စစ်ပြီးကာလတွင် ဖြစ်သည်။
၁၉၄၅ ခု၊ နိုဝင်ဘာလ။ ရက်ကိုတော့ မမှတ်မိတော့။ တနေ့တွင် ဖတပလဌာနချုပ် (ယခုပန်းချီပန်းပု ကျောင်း) အထွေထွေအတွင်းရေးမှူး၏ ရုံးခန်း၌ သခင်မြသွင် (ဒေးဒရဲ) နှင့် ကျွန်တော်တို့ ရှိနေကြစဉ် လူတယောက် ၀င်လာသည်။ ထိုသူမှာ အမေရိကန် စစ်ကာကီ ယူနီဖောင်းကို ၀တ်ထားသည်။ အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ထည် ခပ်တောင့်တောင့်၊ မျက်နှာကမူ အစဉ်ပြုံးနေ၏။
အထွေထွေအတွင်းရေးမှူးက ထိုသူနှင့် ကျွန်တော်တို့ နှစ်ယောက်ကို မိတ်ဆက်ပေးသည်။ ထိုသူကား ကြီးပွါးရေး ဦးလှ ဖြစ်၏။ လွတ်လပ်ရေးအတွက် မန္တလေး ဖတပလကို တာဝန်ယူ စည်းရုံးလုပ်ကိုင်နေသူ ဖြစ်ကြောင်းကို နောက်တော့ သိရ၏။ မိတ်ဆက်ပေးသဖြင့် ကျွန်တော်တို့ အပြုံးချင်း ဖလှယ်၍ နှုတ်ဆက်ကြသည်။ နောက် အထက်မြန်မာနိုင်ပြည်၏ နိုင်ငံရေး၊ စည်းရုံးရေး၊ အခြေအနေများကို ဖတပလ အထွေထွေအတွင်းရေးမှူး နှင့် ဦးလှတို့ အပြန်အလှန် ဆွေးနွေးနေကြသည်ကို ကျွန်တော်တို့က ဘေးမှ နားထောင်နေကြသည်။ ဤကဲ့သို့ နားထောင်ရသဖြင့် အထက်မြန်မာပြည်၏ နိုင်ငံရေး၊ စည်းရုံးရေး အခြေအနေများကို ကျွန်တော်တို့ တစွန်းတစ သိလိုက်ရသည်။
ဤသို့ဖြင့် ဦးလှနှင့် လူချင်း စတွေ့ခဲ့ရသည်။ စသိခဲ့ရသည်။



ဦးလှနှင့် လူချင်း ခုမှ တွေ့ရ၊ သိရသော်လည်း ဦးလှ နာမည်ကိုကား စစ်မဖြစ်မီ ကတည်းက ကျွန်တော်တို့ ကြားဖူးနေ၏။ ထိုအခါက ဦးလှကို "ကြီးပွါးရေးဦးလှ" ဟု လူသိများကြသည်။ ကြီးပွါးရေးမဂ္ဂဇင်းကို ကိုယ်တိုင် ရေးသားထုတ်ဝေသောကြောင့် ကြီးပွါးရေး ဦးလှဟု ခေါ်ကြခြင်း ဖြစ်သည်။ စစ်ကြီးမဖြစ်မီက အမျိုးသားစိတ်ကို နှိုးဆွပေးသော မဂ္ဂဇင်းများထဲတွင် ကြီးပွါးရေးမဂ္ဂဇင်းသည်လည်း တစောင်တဖွဲ့အနေနှင့် ပါဝင်ခဲ့သည်။ ကြီးပွါးရေး မဂ္ဂဇင်းသည် အမျိုးသားစိတ် နိုးကြားတက်ကြွခါစဖြစ်သော ကျွန်တော်တို့ လူငယ်လူရွယ်များ တလေးတစား ဖတ်ခဲ့ရသော မဂ္ဂဇင်းတစောင်လည်း ဖြစ်သည်။
၁၃၀၀ပြည့် အရေးတော်ပုံကာလက မန္တလေးအာဇာနည် ဈာပန အခမ်းအနားသို့ စာရေးဆရာအသင်း ကိုယ်စားလှယ်အဖြစ် ကြီးပွါးရေးဦးလှ တက်ရောက်၍ လွမ်းသူ့ပန်းခွေချသည့် သတင်းဓါတ်ပုံကိုလည်း သတင်းစာ များတွင် ထိုအချိန်က ကျွန်တော် တွေ့မြင် ဖတ်ရှုခဲ့ရဖူးသည်။
စစ်အတွင်း ဖက်ဆစ်အုပ်စိုးမှုအောက်တွင် စာအုပ်စာတမ်းများ ရှားပါးနေချိန်၊ ရွှံ့နှင့်စစ်သား၊ ပန်းနှင့် စစ်သား စသော ဘာသာပြန်စာအုပ်များ ရှားရှားပါးပါး ထွက်လာသည်။ ထိုစာအုပ်များကို ဘာသာပြန်သူမှာလည်း 'ကြီးပွါးရေးဦးလှ' ပင် ဖြစ်၏။ ထို့ကြောင့် ကြီးပွါးရေးဦးလှ ဟူသော အမည်မှာ ကျွန်တော်တို့အတွက် အစိမ်းသက် သက် မဟုတ်ပေ၊ ကျွန်တော်တို့နှင့် ရင်းနှီးပြီးသား အမည်ဖြစ်သည်။
ဦးလှကို လူချင်း စသိရသော အချိန်တွင် ဦးလှမှာ စာရေးဆရာတယောက် အဖြစ်ဖြစ်သာ မဟုတ်သေး၊ လွတ်လပ်ရေးအတွက် ကိုယ်ထိလက်ရောက် ကြိုးပမ်းနေသူတယောက် အဖြစ်ပါတွေ့ရ သိရသဖြင့် ဦးလှကို စိတ်ထဲက လေးစားသွားမိသည်။ တချိန်ထဲတွင်လည်း ကျွန်တော့်စိတ်ထဲတွင် ဦးလှနှင့် ကျွန်တော်တို့သည် လွတ်လပ်ရေးအတွက် တလှေထဲစီး တခရီးထဲသွား နေသူများ ဖြစ်သည်ဆိုသော အသိက တပြိုင်နက် ၀င်ရောက် လာကာ ထိုအသိက ကျွန်တော်တို့အား ရွှင်လန်းတက်ကြွစေခဲ့ပါသည်။ ဦးလှနှင့် လူချင်း သိကျွမ်းခဲ့ရသော်လည်း လူချင်း တွေ့ရပြုရ နည်းသည်။ တွေ့ရပြုရနည်းခြင်းမှာ ဦးလှက မန္တလေး၊ ကျွန်တော်က ဖျာပုံဆိုတော့ မကြာခဏ တွေ့ဖို့ ဆုံဖို့ မလွယ်သောကြောင့် နှစ်ယောက်စလုံး ရန်ကုန်အရောက်နှင့် ကြုံမှသာ တွေ့ရ ဆုံရတော့သည်။ မှတ်မှတ်ရရ ကျွန်တော် ဦးလှနှင့် သုံးခါလောက်ပဲ တွေ့လိုက်ရသည်။
ဖဆပလ အလယ်ပစ္စယံညီလာခံ (၁၉၄၆) တွင် တခါ ဦးလှနှင့် တွေ့လိုက်ရသည်။ ထိုညီလာခံသို့ ဦးလှက မန္တလေးဖဆပလ ကိုယ်စားလှယ်အဖွဲ့နှင့် ပါလာ၍ ကျွန်တော်ကလည်း နယ်ကိုယ်စားလှယ်အဖွဲ့နှင့် ပါလာခဲ့သဖြင့် တယောက်နှင့်တယောက် တွေ့ဆုံလိုက်ရသေးသည်။ စကားတွေ အားရပါးရ ပြောလိုက်ရသေးသည်။ ဖဆပလ အလယ်ပစ္စယံညီလာခံမှာ လွတ်လပ်ရေးနှင့် အမျိုးသား ညီညွတ်ရေးအတွက် အားအကောင်းဆုံး ညီလာခံ ဖြစ်သဖြင့် ကျွန်တော်တို့ အားလုံးမှာ ရွှင်လန်းတက်ကြွနေကြသည်။
ဖဆပလ ဦးစီး အစည်းအဝေး (၁၉၄၆) သို့ ဦးလှ တက်သေးသည်ဟု သိရသည်။ သို့သော် ကျွန်တော် နယ်ရောက်နေသဖြင့် လူချင်းမတွေ့လိုက်ရ။ ထိုအစည်းအဝေးမှာ ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်သော အစည်းအဝေး ဖြစ်၏။ အစည်းအဝေးတွင် ဖဆပလမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ကြောင်း အဆိုကို မဲခွဲရာ ဦးလှက သဘောမတူသဖြင့် မဲမပေးပဲ နေခဲ့သည်ဟု ကြားသိရသည်။ အမျိုးသားညီညွတ်ရေး ပြိုကွဲမှာကို ဦးလှ မလိုလားပေ။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ် ခံရပြီး၊ နောက်တခါ ရန်ကုန်တွင် တွေ့လိုက်ရသေးသည်။ သည်အခါ ဦးလှကို တွေ့ရသည်မှာ အရင်တုန်းကလို ရွှင်ရွှင်လန်းလန်း မရှိတော့။ ညီညွတ်ရေး ပြိုကွဲခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခြင်း တို့ကြောင့် သူ စိတ်ထိခိုက်နေသည်ဟု ကျွန်တော် အကဲခတ်မိသည်။ အစဉ်ပြုံးနေသော သူ့မျက်နှာမှာ ညှိုးနွမ်းနေသည်ကို တွေ့ရသည်။
ကျွန်တော်တို့သည် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေယင်း၊ နိုင်ငံရေး အခြေအနေများသည် တခုပြီးတခု ပြောင်းလဲသွားသည်။ ဖဆပလ-ကွန်မြူနစ်ပါတီကွဲခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံသတ်ဖြတ်ခံ ရခြင်း၊ ပြည်တွင်းစစ် ဖြစ်ပွါးခြင်း စသည် စသည်များ။ နိုင်ငံရေးပါတီများ အစိတ်စိတ်အမြွာမြွာ ကွဲကုန်သည်။ တောထဲရောက်သူရောက်၊ ထောင်ထဲ ရောက်သူရောက်နှင့် ဟိုတကွဲ သည်တကွဲနှင့် အကွဲကွဲ ဖြစ်ကုန်ကြသည်။
ထိုအချိန်သည် တပြည်လုံးတွင် မိုးသက်လေပြင်းများ တိုက်ခတ်နေချိန် ဖြစ်သည်။

(၂)
အတော်ကြာ လူချင်းကွဲနေရာမှ ကျွန်တော်နှင့် ဦးလှ ရန်ကုန်ထောင်တွင် မမျှော်လင့်ပဲ ပြန်တွေ့ရ ပြန်သည်။
ဦးလှသည် ပုဒ်မ ၅ နှင့် အဖမ်းခံနေရ၏။
၁၉၅၀ ခုနှစ်လောက်က မြန်မာပြည်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု စတင်ပေါ်ပေါက်လာသောအခါ ငြိမ်းချမ်းရေး လှုပ်ရှားမှု လုပ်ငန်းများတွင် ဦးလှသည် စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာ သည်ကို တွေ့ရပြန်သည်။ ငြိမ်းချမ်းရေး လိုလားသော ဦးလှသည် ငြိမ်းချမ်းရေးအတွက် ရေးသားသည်၊ ဟောပြောသည်။ စည်းရုံးလှုပ်ရှားသည်။ ငြိမ်းချမ်းရေး ခရီးသည်အဖြစ် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့သည်။ ဦးလှကိုယ်တိုင် ရေးသားထုတ်ဝေသော လူထုသတင်းစာသည် ငြိမ်းချမ်းရေး ကြွေးကြော်သံ ဖြစ်လာသည်။
ဤကဲ့သို့ ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုပ်ရှားယင်း ဖဆပလအစိုးရက ပုဒ်မ ၅ နှင့် ဖမ်းလိုက်ခြင်း ဖြစ်သည်။ ဦးလှ ဖမ်းပြီးနောက် နှစ်လအကြာတွင် ကျွန်တော့်ကိုလဲ တောထဲမှ ဖမ်းမိလာသဖြင့် ပုဒ်မ ၅ နှင့် ရန်ကုန်ထောင်တွင် ချုပ်နှောင်ထားသည်။
ယခုအခါ နှစ်ယောက်စလုံးမှာ ပုဒ်မ ၅ အကျဉ်းသားများ ဖြစ်နေကြ၏။ ကံဆုံချင်တော့ ဦးလှနှင့် ကျွန်တော် တထောင်တည်း၊ တဆောင်တည်း နေရ၏။ ပုဒ်မကလည်း တပုဒ်မတည်း အဖမ်းခံနေရ၏။ ကျွန်တော်နေရသော အဆောင်မှာ နံပါတ် ၅ အဆောင်ဖြစ်၏။ နံပါတ် ၅ အဆောင်မှာ များသောအားဖြင့် ပုဒ်မ ၅ နိုင်ငံရေးအကျဉ်းသားများကို ထားသောကြောင့် ထောင်အာဏာပိုင်များက ပုဒ်မ ၅ ဆောင်ဟု ခေါ်ကြသည်။ အကျဉ်းသားများကမူ နိုင်ငံရေးအဆောင် ဟု ခေါ်ကြသည်။ ကျွန်တော်တို့ နေသော နံပါတ် ၅ ဆောင်ကို အခြား ရိုးရိုးအကျဉ်းသားများနှင့် အဆက်ဖြတ်ထား၏။ ပုဒ်မ ၅ ဆောင်သို့ အကျဉ်းသားများ ကူးလူးဆက်ဆံခြင်း မလုပ်ရ၊ နိုင်ငံရေးသမားများနှင့် မဆက်သွယ်ရ၊ စကားမပြောရဟု ထောင်အာဏာပိုင်များက စည်းကမ်းထုတ်ထားသည်။ ဤစည်းကမ်းကို မလိုက်နာသော အကျဉ်းသားများကို အပြစ်ပေးသည်။
ကျွန်တော်ရောက်စက ကျွန်တော်နေရသော နံပါတ် ၅ အဆောင်တွင် နိုင်ငံရေးသမား သိပ်များများ စားစား မရှိသေး။ သခင်ဖေဌေး (အလံနီ)၊ ဗိုလ်စက်စိန်၊ ဗိုလ်မြင့်သိန်း၊ ဗိုလ်နန္ဒ စသော ပြည်သူ့ရဲဘော် ခေါင်းဆောင်များ၊ လူထုဦးလှ၊ ဗန်းမော်တင်အောင်၊ ကိုရွှေဓါး၊ ဆန်းညွန်ဦး ဦးလှခင် စသော စာရေးဆရာများ၊ သတင်းစာဆရာများ စသည်တို့ လောက်သာ ရှိသေးသည်။
သခင်ဖေဌေးမှာ အလံနီပါတီခေါင်းဆောင်တယောက် ဖြစ်ပြီး မစွမ်းမသန်သူလည်း ဖြစ်သည်။ ပုဒ်မ ၅ နှင့် ချုပ်နှောင်ထားသည်မှာ ၅ နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။ ဗိုလ်စက်စိန်၊ ဗိုလ်မြင့်သိန်း၊ ဗိုလ်နန္ဒတို့မှာ ကြိုးဒဏ်မှ တသက်တကျွန်းသို့ ပြောင်းပေးထားသူများ ဖြစ်၏။ ဗန်းမော်တင်အောင်မှာ သူရေးသော သူပုန်ကြီး နှင့် အမေ ၀တ္ထုတို့အတွက် တရားစွဲထားသဖြင့် အမှုကို ရုံးတွင် ရင်ဆိုင်နေရသည်။ ကိုရွှေဓါးနှင့် ဆန်းညွန့်ဦး ဦးလှခင်တို့မှာ ဗန်းမော်တင်အောင်၏ အမှုတွဲများ ဖြစ်၏။ ထိုသူများထဲမှ ကျွန်တော်နှင့် လူချင်းသိသူမှာ လူထုဦးလှ နှင့် သခင်ဖေဌေးတို့ နှစ်ယောက်လောက်သာ ရှိ၏။ ကျန်လူများကိုမူ လူချင်းမသိခဲ့။ လူချင်းမသိသော်လည်း နာမည်များကိုမူ ကြားဖူးနေသည်။ လူချင်းမသိသော်လည်း ဘ၀တူချင်းမို့ တယောက်နှင့်တယောက် ခင်မင် ရင်းနှီးကြသည်။ တယောက်ကိုတယောက် ကူညီကြသည်။ စောင့်ရှောက်ကြသည်။ သူတို့၏ ကူညီစောင့်ရှောင့်မှု ကြောင့် ထောင်ထဲ နေရသည်မှာ သိပ်အခက်အခဲ မတွေ့လှ။
ကျွန်တော် အဆောင်ရောက်ရောက်ချင်း ပထမဆုံး တွေ့ရသူမှာ ဦးလှနှင့် သခင်ဖေဌေး ဖြစ်၏။ ကျွန်တော်တို့တတွေ တွေ့တွေ့ချင်း ဖက်လှဲတကင်း နှုတ်ဆက်ကြသည်။ စိတ်ထဲတွင်လဲ ၀မ်းနည်းဝမ်းသာ ဖြစ်ကြရသည်။ တချိန်က တိုင်းပြည်လွတ်လပ်ရေးအတွက် တလှေတည်းစီး၊ တခရီးတည်း သွားခဲ့ကြသော ကျွန်တော်တို့သည် ယခုအခါ အကျဉ်းသား ဖြစ်နေကြသည်ကို တွေ့ရသောအခါ ဘ၀၏ဆန်းကြယ်ပုံကို တွေးမိပြီး စိတ်ထဲ အလိုလို ပြုံးမိသည်။
ဦးလှမှာ အနည်းငယ် ၀လာသည်မှ လွဲ၍ အပြင်မှာတုန်းက တွေ့ခဲ့သည့် ရုပ်အတိုင်းပင်။ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိ။ သူ့အပြုံးက နဂိုအတိုင်းပင် အပြုံးမပျက်။ သူ့ လှုပ်ရှားမှုမှာလည်း သွက်လက်ဖြတ်လတ်တုန်း ပင်။ သူတို့တတွေမှာ ကျွန်တော့်ထက် လသော်လည်းကောင်း၊ နှစ်သော်လည်းကောင်း ထောင်စောပြီး ရောက်နေကြသူများ ဖြစ်သဖြင့် ကျွန်တော့်ထက် ထောင်သက်ကြီးသူများ ဖြစ်ကြသည်။ ကျွန်တော့်ထက် ထောင်အတွေ့အကြုံ၊ ထောင်ဗဟုသုတ ရှိသူများ ဖြစ်ကြသည်။ သူတို့က ကျောင်းသားဟောင်း ကျွန်တော်က ကျောင်းသားသစ်လို ဖြစ်နေ၏။ ကျွန်တော်လို ကျောင်းသားသစ်များလည်း နေ့စဉ်လိုလို တိုးနေသဖြင့် တဖြည်းဖြည်းနှင့် ကျွန်တော်တို့ အဆောင်တွင် နိုင်ငံရေးသမားများ များများလာသည်။ အဆောင်မှာ တရုံးရုံးနှင့် စည်ကားနေ၏။
ထောင်ထဲ အနေကြာလာသောအခါ လူတွေလည်း တည်တည်ငြိမ်ငြိမ် ဖြစ်လာကြသည်။ ထောင် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေနိုင်လာကြပြီ။ နေတတ်လာကြပြီ။ တနေ့တာ အချိန်ကို အလဟဿ အဖြစ်မခံ။ ထောင်တွင်း နေရတုန်း နေရခိုက် ကိုယ့်အတွက် အကျိုးရှိမည့် အလုပ်တခုခုကို လုပ်ယင်းဖြင့် တနေ့တာ အချိန်ကို ကုန်လွန်စေခဲ့သည်။ အချို့က စာရေးစာဖတ်သည်။ အချို့က ကျန်းမာရေးလိုက်စားကြသည်။ အချို့က ဗဟုသုတ ရှာကြသည်။ စာသင်ကြသည်။
ကျွန်တော်တို့တတွေမှာ အပြင်လောကနှင့် အဆက် ပြတ်နေ၏။ အပြင်လောကနှင့် အဆက် အသွယ်မှာ ထောင်ဝင်စာပင်ဖြစ်၏။ ထောင်ဝင်စာ လာတွေ့သူ ရှိမှသာလျှင် အပြင်မှ ဟိုသတင်း သည်သတင်းများကို ကြားရသည်။ အပြင်လောကမှ သတင်းများကို ဦးလှထံမှ အများဆုံး ကြားရသည်။ အဘယ့်ကြောင့်ဆိုသော် ဦးလှမှာ မိတ်ဆွေသင်္ဂဟ ပေါများသူဖြစ်သဖြင့် ကျွန်တော်တို့အထဲတွင် ထောင်ဝင်စာ လာတွေ့သူ အများဆုံး ဖြစ်သောကြောင့်ပင် ဖြစ်၏။ ဦးလှသည် သတင်းဦး သတင်းထူးလေးများ ရလာလျှင် ကျွန်တော်တို့ကို သိစေချင် သည်။ ပြောပြချင်သည်။ ထိုအခါ ညည များတွင် တခန်းခန်း၌ စုကြသည်။ စားစရာတခုခုကို လုပ်ကိုင်စားသောက် ယင်း ဦးလှပြောပြသော သတင်းများကို နားထောင်ကြသည်။ သတင်းများက စုံသည်။ နိုင်ငံရေးသတင်း၊ မိတ်ဆွေ သင်္ဂဟများသတင်း၊ ဟိုသတင်း၊ သည်သတင်း စသည်များကို ကြားရပေသည်။
ဦးလှမှာ စာရေးကောင်းသလို စကားပြောလည်း ကောင်းသည်။ သူ စကားပြောသောအခါ သူ ဖြတ်သန်း လာခဲ့သော နိုင်ငံရေးအတွေ့အကြုံ၊ စာပေအတွေ့အကြုံ များထဲမှ အဖြစ်အပျက်ကလေးများနှင့် ဆက်စပ်၍ ပြောတတ်သည်။ နားထောင်သူများ မငြီးငွေ့အောင်လည်း ရယ်စရာ မောစရာကလေးများ ညှပ်၍ ပြောတတ်သည်။ စကားပြောရာတွင် ဒေါသ ကင်းသည်။ အာဃာတ ကင်းသည်။ မာန်မာန မရှိ။ လူတိုင်းကို ချိုချိုသာသာ ပျော့ပျော့ ပျောင်းပျောင်း ပြောဆိုဆက်ဆံသည်။ ပြောစရာရှိ၍ ပြောရသည့်တိုင်အောင် အပြောခံရသူ နားဝင်အောင် ချိုချိုသာသာ ပြောတတ်သဖြင့် အကျဉ်းသားတိုင်း ဦးလှကို ခင်မင်ကြသည်။ 'ဦးလေးလှ'၊ 'ဦးလေးလှ' နှင့် လေးစားကြသည်။
ဦးလှသည် ထောင်ထဲနေရစဉ် ထောင်၏ နှိပ်စက်ညှင်းပန်းမှုများကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ ထောင်ကျ အကျဉ်းသားများ၏ဘ၀သည် ရင်နာစရာ ကောင်းသည်။ ဒါတွေကို နေ့စဉ်နှင့်အမျှ တွေ့မြင်ခံစားနေရ သော ဦးလှက အကျဉ်းသားများကို စာနာသည်။ ထောင်ကို ပြုပြင်ပေးချင်သည်။ အကျဉ်းသားများ၏ ဘ၀ ပြုပြင်ရေးကို စိတ်ဝင်စားသည်။ ထို့ကြာင့် ဦးလှသည် ထောင်ထဲမှာနေတုန်း ထောင်အကြောင်း သိကောင်းစရာများ ကို စူးစမ်းရှာဖွေသည်။ အကျဉ်းသားများနှင့်တွေပြီး အကျဉ်းသားများ၏ ဘ၀ကို လေ့လာသည်။ တခါတခါ သူတွေ့မေးသော အကျဉ်းသားများ၏ဘ၀ တစေ့တစောင်းကို ကျွန်တော်တို့အား ပြောပြတတ်သည်။ ဦးလှရေးသော လေနှင့်အတူ ၀တ္ထုထဲမှ ဇာတ်ကောင် မောင်ညိုအကြောင်းကို ကျွန်တော်နှင့် ဗန်းမော်တင်အောင် တို့အား စကားဆုံတိုင်း ပြောပြောပြသည်။
"မောင်ညိုက မရှိလို့ ခိုးစားပေမယ့် ညစ်ပတ်တဲ့ စိတ်မထားဘူးတဲ့။ သူ မိန်းမ ယူယင်တောင် မိန်းမ ကောင်းကို ဘယ်တော့မှ မယူဘူးတဲ့၊ မိန်းမပျက်ကိုပဲ ယူတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက ထောင်ခဏခဏ ကျနေတော့ မိန်းမကောင်းဆိုယင် ပျက်စီးသွားမှာ စိုးရတယ်။ မိန်းမပျက်ဆိုတော့ နောက်ထပ်ပျက်စီးသွားမှာလဲ မစိုးရတော့ဘူးတဲ့" ဟု မောင်ညို၏ သဘောကျစရာ စိတ်သဘောထားကလေးများကို ပြောပြသည်။ အဆိုးထဲမှ ကောင်းကွက်ကလေးများကို ရှာ၍ သူတို့တတွေ၏ ဘ၀များကို လေ့လာသည်။ ဦးလှက ထောင်ကျအကျဉ်းသား များနှင့် ပြောဆိုဆက်ဆံရာတွင် မာန်မာန မထား။ မတူမတန် သဘောမျိုး မထား။ ရွံ့ရှာစက်ဆုပ်သည့် အကြည့်မျိုးနှင့် မကြည့်။ သူတို့အပေါ် မေတ္တာ စေတနာထားသည်။ သူတို့ကို ကြင်နာ သနားသည်။ သူတို့ဘ၀ကို နားလည်နိုင်အောင် ကြိုးစားပြီး သူတို့အပေါ် စာနာစိတ် ထားသည်။ ထို့ကြောင့်လည်း ဦးလှအား အကျဉ်းသားများ က ချစ်ခင်လေးစားကြခြင်း ဖြစ်သည်။
ဦးလှက သူထောင်ကလွတ်တဲ့နေ့ ထောင်ပြုပြင်ရေး အကျဉ်းသားဘ၀ ပြုပြင်ရေးအတွက် အထောက် အကူဖြစ်မည့် ထောင်စာအုပ်များရေးမည်ဟု သူစဉ်းစားထားသည်။ ထို့ကြောင့် ထောင်ထဲနေရတုန်း နေရခိုက် ထောင်အကြောင်းကို စူးစမ်းရှာဖွေသည်။ ထောင်ကျအကျဉ်းသားများနှင့်တွေ့ပြီး သူတို့ဘ၀ကို လေ့လာသည်။ စူးစမ်းလေ့လာ၍ ရသော အကြောင်းအရာများကို စုစည်း၍ ထောင်စာအုပ်များကို ရေးရာ အကျဉ်းသား၏ဘ၀ကို ဖော်ပြသော 'လေနှင့်အတူ'၊ 'လှောင်ချိုင့်တွင်းမှငှက်ငယ်များ'၊ 'စစ်အချစ်နှင့်ထောင်'၊ 'ထောင်နှင့်လူသား' စသော စာအုပ်များ ထွက်ပေါ်လာခဲ့သည်။ ထောင်တွင်းအကျဉ်းသားများ၏ ဘ၀သည် ပျော်ရွှင်စရာဟူ၍ မရှိ၊ ဒုက္ခအတိနှင့် ပြီး၏။ ငြီးငွေ့စရာကောင်းသည်။ ထို့ကြောင့် အကျဉ်းသားများသည် လောကငရဲတွင် ငရဲခံနေရသော ငရဲသားများ ပမာဟု သူတို့ဘ၀ကို သူတို့ ခိုင်းနှိုင်းကြသည်။
ရန်ကုန်ထောင်သည် စံပြထောင် ဖြစ်လာသောအခါ စံပြထောင် အခွင့်အရေး အချို့ကို အကျဉ်းသားများ ရရှိခံစားလာရသည်။ အကျဉ်းသားများ ပျော်ရွှင်မှုအတွက် ဘောလုံးကန်ခွင့်၊ ခြင်းခတ်ခွင့်များ ပေးသည်။ အားကစားလတွင် အားကစားပြိုင်ပွဲများ ပြုလုပ်ခွင့်ပေးသည်။ အကျဉ်းသားကိုယ်စားလှယ်များ ပါသော အားကစားကော်မတီများဖွဲ့၍ အားကစားပြိုင်ပွဲများ ကျင်းပသည်။ တနှစ်တွင် အားကစားပြိုင်ပွဲများကျင်းပရာ ဦးလှမှာ အားကစားကော်မတီဥက္ကဌ ဖြစ်လာ၏။ ထိုနှစ်က အားကစားပြိုင်ပွဲမှာ ထောင်ရာဇ၀င်တွင် အကြီးကျယ်ဆုံး အစည်ကားဆုံး ပြိုင်ပွဲဖြစ်၏။ ဦးလှကလည်း အပေါင်းအသင်း မိတ်ဆွေသင်္ဂဟ ပေါများသူ ဖြစ်သဖြင့် အပြင်မိတ်ဆွေများထံမှ ငွေအလှူခံသည်။ ဆုပစ္စည်းများအလှူခံရာ အဖိုးတန် ဆုပစ္စည်းများကို ရရှိခဲ့သည်။ အားကစားကော်မတီက အပြင်က ငွေ၊ ပစ္စည်း လှူကြသော မိတ်ဆွေဧည့်သည်များကို ဖိတ်ကြားချင် သည်။ အပြင်လောကမှ အားကစားမောင်မယ်များကို ဖိတ်ကြားချင်သည်။ သို့သော် ထောင်အာဏာပိုင်များက အပြင်က ဧည့်သည်များလာလို့ တစုံတခုဖြစ်လျှင် သူတို့ တာဝန်ဖြစ်မည်။ ဤအတွက် သူတို့ တာဝန် မယူနိုင်ဟု ဆိုသည်။ အားကစားကော်မတီနှင့် ထောင်အာဏာပိုင်များ အကြိတ်အနယ် စကားပြောရသည်။ နောက်ဆုံး ထောင်အာဏာပိုင်များက "ခင်ဗျားတို့ တာဝန်ယူနိုင်လျှင် ဖိတ်ပါ" ဟု ခွင့်ပြုသည်။
ဤကိစ္စကို အားကစားကော်မတီက အကျဉ်းသားများအား ရှင်းပြရာတွင် ဥက္ကဌဦးလှက...
"အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ အကျဉ်းသားအားလုံးမှာ တာဝန်ရှိတယ်။ အပြင်က ဧည့်သည်တွေကို ဖိတ်ဖို့ ကျွန်တော်တို့က တာဝန်ယူခဲ့တယ်။ အပြင်ကလူတွေကလည်း ထောင်သားတွေဆိုတော့ ကြောက်ကြမှာပဲ။ အပြင်က လူတွေထင်သလို အကျဉ်းသားတွေဟာ ကြောက်စရာ လူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လက်တွေ့နဲ့ ပြရမယ်။ ကျွန်တော်တို့ စည်းကမ်း ရှိကြရမယ်။ တခုခုဖြစ်ရင် ကျွန်တော်တို့ ရထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှာပဲ" ဟု ပြောရာ အကျဉ်းသားများက လက်ခုပ်တီး၍ ကတိ ပြုကြသည်။
အားကစားပြိုင်ပွဲ ကျင်းပသောနေ့တွင် ဦးလှဖိတ်ကြားထားသော အပြင်က ဧည့်သည် မိတ်ဆွေများ၊ ကျားဘငြိမ်း ခေါင်းဆောင်သော အားကစားမောင်မယ်များ လာရောက် ကြည့်ရှုအားပေးကြသည်။ ကျားဘငြိမ်းက လက်ဝှေ့ထိုးပြသည်။ ပြိုင်ပွဲဝင် အကျဉ်းသား အားကစားမောင်မယ်များက ဦးလှကို ချီတက် အလေးပြုကြသည်။
အားကစားပြိုင်ပွဲကား စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင် စည်းကမ်းတကျနှင့် ပြီးဆုံးသွားသည်။ ထောင်တွင်း အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ ကျားဘငြိမ်းက ဤသို့ နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့သည်။
"ကျွန်တော့်မိတ်ဆွေ လူထုဦးလှ ဖိတ်လို့သာ လာရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရယင် ကျွန်တော်က ထောင်ထဲလာရတာ ခပ်ကြောက်ကြောက်ပဲ၊ ဒါပေမယ့် ထောင်အားကစားပြိုင်ပွဲကို လာရောက်ကြည့်ရှုကြတဲ့ အကျဉ်းသားတွေရော၊ ပြိုင်ပွဲဝင်တဲ့ အကျဉ်းသားတွေရောဟာ တော်တော် စည်းကမ်းရှိကြပါတယ်။ ကျွန်တော်တို့ ဆိုရင် အကျဉ်းထောင်ထဲက အားကစားပွဲကို ကြည့်နေရတယ်လို့တောင် မထင်ဘူး။ အပြင် မြို့နယ်တခုက အားကစားပွဲကို ရောက်နေသလားလို့တောင် ထင်နေမိပါတယ်......"
အားကစားကွင်းတခုလုံး လက်ခုပ်သံများ ဆူညံသွားတော့သည်။

(၃)
ဦးလှသည် ၁၉၅၇၊ ဇန်န၀ါရီ ၁၄ ရက်တွင် ရန်ကုန်ထောင်မှ လွတ်သည်။ ထောင်ထဲတွင် ပုဒ်မ ၅ ဖြင့် ၃ နှစ်၊ ၃ လ၊ ၇ ရက် နေသွားရသည်။
မလွတ်ခင်တရက်က ဦးလှ လွတ်မည့်သတင်း ရန်ကုန်ထောင်ထဲတွင် ပျံ့နှံ့လာသည်။ အကျဉ်းသားများက ကျွန်တော်တို့ အဆောင်ကို ဟုတ်မဟုတ် လာ၍ စုံစမ်းကြသည်။ ဦးလှကို ကိုယ်တိုင် မေးသူကလည်း မေးကြသည်။ တကယ်လွတ်မည်ဆိုသော သတင်းကို ကြားရသောအခါ အကျဉ်းသားများ၏ မျက်နှာတွင် ၀မ်းနည်းဝမ်းသာ အမူအရာများကို တွေ့ရသည်။
ဝမ်းနည်းခြင်းမှာ နှစ်ရှည်လများ အတူတကွ နေခဲ့ရသော ဘ၀တူတယောက် လျော့သွား၍ ဖြစ်ပြီး၊ ၀မ်းသာခြင်းမှာ လောကငရဲမှ လွတ်မြောက်သွားခြင်းကြောင့် ဖြစ်သည်။ တကယ်ဆိုလျှင် ၀မ်းနည်းခြင်းထက် ၀မ်းသာခြင်းက ပိုပါသည်။ ထိုညတွင် ကျွန်တော်တို့ အဆောင်က မနက်ဖြန်လွတ်တော့မည့် ဦးလှအား လက်ဘက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံ၍ နှုတ်ဆက်ပွဲ ကျင်းပကြသည်။ အခြားအဆောင်များမှ အကျဉ်းသားများက လည်း ကိုယ်စားလှယ်များလွှတ်၍ နှုတ်ဆက်စကား ပြောစေခဲ့ပါသည်။ အကျဉ်းသားတယောက်က နှုတ်ဆက် စကားပြောကြားရာတွင် "ဦးလေးလှ အခုလို လွတ်တာကို ၀မ်းသာပါတယ်၊ ဒါပေမယ့် ဦးလေးလှတယောက် လျော့သွားတာတော့ ကျွန်တော်တို့အတွက် တအားလျော့တာပါပဲ။ ဦးလေးလှကို ကျွန်တော်တို့ မှာချင်တာက တော့ အပြင်ရောက်လို့ ဇနီးသားမယား၊ ဆွေမျိုးမိတ်သင်္ဂဟများနဲ့ တွေ့တယ်ဆိုရင် အထဲက ကျွန်တော်တို့ကို မေ့သွားမှာပါ။ အထဲက ကျွန်တော်တို့ တတွေကို မမေ့ပါနဲ့လို့ မှာချင်ပါတယ်"
တယာက်စီ နှုတ်ဆက်စကားပြောပြီးနောက် ဦးလှက နောက်ဆုံး နှုတ်ဆက်စကားပြောကြားရာ-
"လူတယောက် ထောင်ကလွတ်တယ်ဆိုတာ ၀မ်းသာစရာပါ။ ကျွန်တော်လည်း ၀မ်းသာပါတယ်။ ဒါပေမယ့် ဒီက ဘ၀တူ မိတ်ဆွေများနဲ့ ခွဲခွါသွားရမှာကိုလည်း ကျွန်တော် စိတ်ထိခိုက်ရပါတယ်။ ဘယ်လိုပြောရ မလဲ ဆိုတော့ ဘုရားလက်ထက်က မောင်မစ္စကပြောသလိုပဲ ပြောရမှာပဲ။ မောင်မစ္စကဆိုတာ တဘ၀ထဲမှာ ယောက်ျားတလှည့် မိန်းမတလှည့်နဲ့ နှစ်ဘ၀ ပြောင်းခဲ့တဲ့သူပါ။ ယောက်ျားဘ၀မှာလည်း ကလေးတယောက် ရပါတယ်၊ မိန်းမဘ၀နဲ့လည်း ကလေးတယောက် ရပါတယ်။ ဒီကလေးတွေနဲ့ ပတ်သက်ပြီး လူတွေက မောင်မစ္စကကို ယောက်ျားဘ၀မှာ ရတဲ့ကလေးနဲ့ မိန်းမဘ၀မှာ ရတဲ့ကလေး ဘယ်ကလေးကို ပိုချစ်ပါသလဲလို့ မေးကြပါတယ်။ ဒီတော့ မောင်မစ္စက က အခုလိုဖြေပါတယ်။ ယောက်ျားဘ၀မှာ ရတဲ့ကလေးရော၊ မိန်းမဘ၀မှာ ရတဲ့ကလေးရော ဟာ- ကိုယ့်သားသမီးချည်းပဲဆိုတော့ နှစ်ယောက်စလုံးကို ချစ်ပါတယ်။ ဒါပေမယ့် မိန်းမဘ၀မှာ ရတဲ့ကလေးက ကိုယ်ကိုယ်တိုင် လွယ်ပြီး မွေးရတဲ့ ကလေးမို့ မိန်းမဘ၀မှာ ရတဲ့ကလေးကို ပိုချစ်ပါတယ်လို့ မောင်မစ္စက က ဖြေခဲ့ပါတယ်။
အဲဒီလိုပဲ ဒီက မိတ်ဆွေတွေဟာ ကျွန်တော်နဲ့ အတူတူ နှစ်ရှည်လများ ဒုက္ခတွေကို အတူတူခံစားခဲ့ရတဲ့ ဘ၀တူတွေမို့ အပြင်ရောက်လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်သည့်တိုင်အောင် အထဲက ဘ၀တူ မိတ်ဆွေများကိုတော့ ကျွန်တော့် တသက်တာမှ မေ့နိုင်မှာ မဟုတ်ပါဘူး" ဦးလှ၏ နှုတ်ဆက်စကားများကို အကျဉ်းသားများက တသသနှင့် စွဲကျန်ရစ်ခဲ့သည်။ ထိုညက ဦးလှ၊ ဗန်းမော်တင်အောင်၊ ဗိုလ်စက်စိန်နှင့် ကျွန်တော်တို့သည် နောက်ဆုံးညမို့ ညည့်အတော်နက်သည်အထိ စကားပြောကြသည်။
"အေးပေါ့ဗျာ လွတ်တယ်ဆိုပေမယ့်လည်း ဘာနဲ့တူသလဲဆိုတော့ ကြက်ခြင်းထဲက ကြက်လိုပေါ့။ ကြက်ခြင်းထဲက လွတ်ပြီး ကြက်ခြံထဲ လွှတ်ထားသလိုပေါ့၊ ကြက်ခြံက ကြက်ခြင်ထက်စာယင် နဲနဲ ကျယ်သပေါ့ လေ" ဟု ဦးလှက သူထောင်က လွတ်ခြင်းနှင့် ပတ်သက်၍ သူ၏ သဘောထားကို ပြောပြသည်။
အပြင်ရောက်လို့ တွေ့သင့်သူများကို တွေ့ပြီး ရန်ကုန်တွင်တွင် ကြာကြာမနေပဲ မန္တလေး မြန်မြန်ပြန်မည့် အကြောင်းကိုလည်း ပြောပြသေးသည်။
"အမာလဲ ကျွန်တော်မရှိတုန်း သတင်းစာကတဘက်၊ သားသမီးတာဝန်များက တဘက်နဲ့ သိတ်ပင်ပန်း နေတယ်။ အမာ့ကို တလှည့်အနားပေးပြီး ကျွန်တော်တလှည့် တာဝန်ယူရအုန်းမယ်။ အမာ့ကို တောင်ကြီးလို နေရာမျိုးသွားပြီး အနားယူခိုင်းမယ်" ဟုလည်း ဒေါ်အမာ၏ အပင်ပန်းခံနိုင်ပုံ၊ ဇွဲသတ္တိရှိရှိနဲ့ အလုပ်ကြိုးစားပုံများ ကိုလဲ ပြောပြလိုက်သေးသည်။
ထောင်ကလွတ်သည့်နေ့တွင်ကား ထောင်တွင်းမှ မိတ်ဆွေများက တယောက်ပြီးတယောက် ဆိုသလို လာရောက် နှုတ်ဆက်ကြသည်။ အချိန်ကျတော့ ဦးလှသည် ကျွန်တော်တို့ အဆောင်မှ ထွက်စပြုသည်။ ကျွန်တော်တို့ အားလည်း ဦးလှက တယောက်ပြီးတယောက် လက်ဆွဲနှုတ်ဆက်သည်။ အဆောင်မှ ထွက်သွားပြီး နောက် အဆောင်အပြင်သို့ ရောက်သောအခါ ကျွန်တော်တို့အား တချက်လှည့်ကြည့်ပြီး လက်ကလေးဝှေ့ရမ်းပြ ကာ ဗူးဝဆီသို့ တဖြည်းဖြည်း လှမ်းသွားသည်။ ဦးလှသည် ကျွန်တော်တို့နှင့် ဝေးသွားပြီ ဖြစ်သော်လည်း ဦးလှ၏ ရုပ်သွင်သည် ကျွန်တော်တို့ မျက်စိထဲတွင် တရေးရေးနှင့် ကျန်ရစ်ခဲ့ပါသည်။


(၄)
ဦးလှ ထောင်မှ လွတ်ပြီးနောက် သူပြောသည့်အတိုင်း ဘ၀တူများကိုမမေ့။ ဘ၀တူ အကျဉ်းသားများကို မကြာမကြာ ထောင်ဝင်စာ လာတွေ့သည်။ စားစရာ သောက်စရာများ လာပေးသည်။ အကျဉ်းသားများဖတ်ရန် အတွက် စာအုပ်စာတမ်းများ လာပေးသည်။ အကျဉ်းသားများ နားထောင်ရန် ရေဒီယိုတလုံးလည်း လာလှူသည်။ ထောင်အတွက် အကူအညီလို၍ ဦးလှထံ အကူအညီတောင်းလျှင် ဦးလှက စိတ်ရောကိုယ်ပါ အကူအညီ ပေးသည်။ ဦးလှသည် ဘ၀တူများအပေါ် သံယောဇဉ် ကြီးမားသည်ဆိုတာကို ဘ၀တူ အကျဉ်းသားများက သံသယမရှိ ယုံကြည်ကြသည်။
သည့်နောက် ထောင်တွင်း၌ ဦးလှ ရေးသွားသော ထောင်စာအုပ်များ ဆက်တိုက် ထွက်လာသည်။ ထွက်လာသည့် စာအုပ်တိုင်းကိုလည်း စာဖတ်ပရိသတ်က နှစ်ခြိုက်ကြသည်။ ဦးလှ၏ ထောင်ဝတ္ထု ထောင်စာအုပ် များမှာ စိတ်ကူးယဉ် အဖြစ်အပျက်များ၊ စိတ်ကူးယဉ် ဇာတ်ကောင်များ မဟုတ်။ တကယ့် အဖြစ်အပျက်များ၊ တကယ်ရှိသော တကယ့်ဇာတ်ကောင်များ ဖြစ်၏။ ဦးလှရေးသော ထောင်ဝတ္ထု စာအုပ်များကို ဦးလှက ထောင်ထဲ ပို့ပေးသဖြင့် ကျွန်တော် မှန်မှန် ဖတ်ရသည်။ ထောင်အကြောင်းကို ထောင်ထဲ နေသွားဖူးသူက ရေး၍ ထောင်ထဲမှာ နေရသူက ဖတ်ရသောအခါ ပို၍ အရသာ ရှိသည်၊ ခံစား၍လည်း ပို၍ရသည်။
သည်လိုနှင့် ဦးလှ လွတ်ပြီး၍ ၉ နှစ် အကြာတွင် ကျွန်တော်လည်း ထောင်မှ လွတ်လာသည်။ တယောက်ပြီး တယောက် လွတ်ကုန်ကြသဖြင့် ထောင်ထဲတွင် နိုင်ငံရေးသမား လူဟောင်းများ မရှိတော့။
ဦးလှနှင့် တွေ့ချင်သဖြင့် ဦးလှ ရန်ကုန်ရောက်သည်ဟု ကြားတိုင်း ကျွန်တော် ကြိုးစား၍ တွေ့သည်။ လေးငါးခါလောက် တွေ့လိုက်ရသေးသည်။ တွေ့ကြသည့် အခါ၌လည်း ရှေးဖြစ်ဟောင်းတွေ ပြောကြ ဆိုကြနှင့် ပျော်စရာ ကောင်းလှသည်။ သည့်နောက် ကျွန်တော်လည်း အထဲနှင့်အပြင် သံသရာ လည်နေသဖြင့် နောက်ပိုင်းတွင် ဦးလှနှင့် ကျွန်တော် မတွေ့ရတော့ပေ။ မတွေ့ရသော်လည်း ဦးလှ သတင်းကိုကား ကြားနေရ၏။
ကျွန်တော် နောက်တကြိမ် ထောင်မှ လွတ်လာပြီးနောက် ဦးမြင့်ဆွေ (ဖြူး) အိမ်တွင် ဦးလှနှင့် နောက်ဆုံး တွေ့လိုက်ရ၏။ ဦးလှနှင့် ဒေါ်အမာ ရန်ကုန်ရောက်တုန်း ဦးမြင့်ဆွေက ဦးလှတို့ ဇနီးမောင်နှံကို သူ့အိမ်တွင် မုန့်ဟင်းခါး ဖိတ်ကျွေးသည်။ ကျွန်တော်နှင့် ဦးအုန်းမြင့်ကိုလည်း ဖိတ်သဖြင့် သွားရာ ကျွန်တော်အလွန်တွေ့ချင် နေသော ဦးလှနှင့် ဒေါ်အမာကို မမျှော်လင့်ဘဲ တွေ့ရသည်။ နှစ်ယောက်စလုံး ၀မ်းသာအားရ ဖြစ်ကြရသည်။ တွေ့တုန်းတွေ့ခိုက် ပြောလိုက်ကြသည့် စကားတွေမှာလည်း စုံလို့။ စကားဝိုင်းတွင် ဦးလှ ဒေါ်အမာတို့က ပြောလိုက်၊ ဦးမြင့်ဆွေ၊ ဦးအုန်းမြင့်နှင့် ကျွန်တော်က ပြောလိုက်နှင့် စကားဝိုင်းမှာ ရွှင်နေ၏။
"သည်တခါတော့ ရန်ကုန်က မိတ်ဆွေ တော်တော်များများနှင့် တွေ့သွားမယ်လို့ စိတ်ကူးတာပဲ" ဟု ဦးလှက ရန်ကုန်က မိတ်ဆွေများနှင့် တွေ့လိုသည့် သူ၏ဆန္ဒကိုလည်း ပြောပြသည်။
စကားစမြည်များ ပြောဆိုပြီးနောက် လူစုခွဲလိုက်သည်။ ကျွန်တော်တို့သည် ဦးလှနှင့် ဒေါ်အမာတို့အား ကားဆီသို့ လိုက်ပို့ကြသည်။ အပြန်အလှန် နှုတ်ဆက်ကြသည်။ ကားပေါ်မှနေ၍ ဦးလှ-ဒေါ်အမာတို့က လက်ကလေးများ ဝှေ့ယမ်း၍ ပြပြီး အပြုံးကိုယ်စီဖြင့် နှုတ်ဆက်သွားကြသည်။ ကျွန်တော့်မျက်စိထဲတွင် ဦးလှ၏အပြုံးကို တရေးရေးနှင့် မြင်ယောင်နေ၏။
ဦးလှ၏ အပြုံးကား ကျွန်တော့်အတွက် ဦးလှ၏ နောက်ဆုံးအပြုံးပင် ဖြစ်တော့၏။ အဘယ့်ကြောင့် ဆိုသော် ဦးလှ-ဒေါ်အမာတို့နှင့် ကျွန်တော်တို့ တွေ့ပြီး နောက် လေးငါးလအကြာတွင် ဦးလှ ရုတ်တရက် သေဆုံး သွားသောကြောင့် ဖြစ်၏။ ဦးလှသေဆုံးသည့် သတင်းကို ကြားလိုက်ရသည့်အခါ ဦးလှနှင့် တွေ့ဆုံ ကြုံသိခဲ့ရသည့် ဦးလှ၏ ရုပ်ပုံလွှာ ကားချပ်ကလေးများသည် ကျွန်တော့်မျက်စိထဲတွင် တဖျပ်ဖျပ်နှင့် ပေါ်လာသည်။
"သြော်- ဦးလှလဲ ကျွန်တော်တို့ကို နောက်ဆုံး လာနှုတ်ဆက်သလို လာတွေ့သွားလိုက်သေးတယ်" ဟု နှုတ်မှ အလိုလိုထွက်သွားပြီး နောက်ဆုံးတွေ့လိုက်ရပုံများကို မျက်စိထဲတွင် မြင်ယောင်မိလာသည်။
စိတ်ထဲတွင်ကား ဦးလှသေဆုံး သွားသည့်အတွက် နှမြောတသသော၊ ၀မ်းနည်းကြေကွဲရသော ခံစားမှု အမျိုးမျိုးကို ခံစားရပြီး အကြီးအကျယ် စိတ်မကောင်းဖြစ်ခဲ့ရသည်။
သို့ ဦးလှအတွက် စိတ်ထဲတွင် ၀မ်းနည်းကြေကွဲမှု ဖြစ်ခဲ့ရသော်လည်း၊ စာပေအတွက်လည်းကောင်း၊ တိုင်းပြည်အတွက်လည်းကောင်း ဦးလှ၏ အကျိုးပြုချက်များဖြင့်သာ ကျွန်တော်တို့၏ ၀မ်းနည်းကြေကွဲမှုကို ဖြေသိမ့်ရပါတော့သည်။

အုန်းမောင်(လေထီး)
[လူထုချစ်သမျှလူထုဦးလှ စာအုပ်၊ ပထမအကြိမ်၊ ၁၉၈၃ သြဂုတ်မှ ကူးယူဖော်ပြပါတယ်။]


Thursday, October 29, 2009

ဇာတ်မင်းသားနဲ့ အလှူ့ဒကာ
ရေးသူ- လူထုဦးလှ

(လူထုဦးလှ ရဲ့ ကျောင်းကန်အနီးမှ မြန်မာပုံပြင်များ။ တတိယတွဲ စာအုပ်မှ)

ပစ္စည်းအလွန်ချမ်းသာတဲ့ သူဌေးကြီး ဘကြီးဖြိုးမှာ မအေးသန်းဆိုတဲ့ အလွန်လှတဲ့ သမီးတယောက်ရှိတယ်။ ဘကြီးဖြိုးဟာ အသက် အရွယ်ကြီးလာတဲ့အခါ ပစ္စည်းချမ်းသာလွန်း လို့ နောင်ဘဝကူးကောင်းအောင် ရဟန်းသံဃာတော်တွေပင့်ပြီး အလှူကြီး (၇) ရက်ပေး တယ်။ လူပရိသတ်ကိုလည်း ထမင်းဟင်း၊ အဝတ်အထည်များ ကျွေးမွေးပေးကမ်း လှူဒါန်း တယ်။


အလှူပေးတဲ့ ရက်တွေမှာ ရွာသူရွာသားတွေ ကြည့်ရအောင် နာမည်ကြီးဇာတ် တဇာတ်ကို ငှားပြီးကစေတယ်။ ဇာတ်အဖွဲ့ဝင်တွေဟာ ညကပြီး နေ့အခါမှာ ဘကြီးဖြိုးအိမ် မှာပဲ စတဲချကြတယ်။ ဒီဇာတ်ဟာ ဒီရွာသူရွာသားတွေ သဘောကျတဲ့ ဇာတ်ပဲ။
ဒီလိုရက်ရှည်ရှည် ကပြတော့ အလှူ့ရှင် ဘကြီးဖြိုးသမီး မအေးသန်းနဲ့ ဇာတ်မင်းသားဟာ ချစ်ကြိုက်သွားကြတယ်။ အဲဒီ အကြောင်းကို ဘကြီးဖြိုးသိတော့ အလှူပွဲပြီးတဲ့ နောက်တနေ့မှာ လက်ထပ်ထိမ်းမြားပေးလိုက်ရတယ်။ ပေးစားပြီးတဲ့ နောက် ကာလအတော်ကြာတော့ ယောက္ခမနဲ့သမက်ဟာ အရောတဝင်မရှိဘဲ ခပ်တန်းတန်းနေကြ တယ်။
ဇာတ်ဆန်လွန်းနေတဲ့ မင်းသားဟာ ဘယ်နေရာ စကားပြောပြော ဇာတ်စကားတွေ ပါနေလို့ ဘကြီးဖြိုးက မျက်စိစပါးမွေးစူးပါရော။
ဥပမာ မအေးသန်းက မင်းသားကို ထမင်းစား ရအောင်လို့ခေါ်ရင် မင်းသားက "ကောင်းပြီ နှမတော် မောင်တော်အခုပဲ လိုက်ခဲ့မယ်" လို့ ပြန်ပြောတယ်။
တနေ့တော့ ဘကြီးဖြိုးက သူ့သမက်နဲ့ စကားစမ်းပြောကြည့်မယ်ဆိုပြီး "သားတို့ သမီးတို့ နေထိုင်စားသောက်လို့ ကောင်းကြရဲ့လား၊ ကျန်းကျန်းမာမာ ရှိကြရဲ့လား" လို့ မေး လိုက်တယ်။
အဲဒီအခါ မင်းသားက ရုတ်တရက် ဒူးထောက် လက်အုပ်ချီပြီး "မှန်လှပါ ဖခမည်းတော် ပို့သသော မေတ္တာကြောင့် ကျန်းခန့်သာလို့ မာတော်မူကြောင်းပါ ဘုရား" လို့ ပြောလိုက်တယ်။
ယောက္ခမဖြစ်တဲ့ ဘကြီးဖြိုးဟာ ဒီပြောသံ ကြားရတော့ ဒေါသထွက်လာလို့ "ဟေ့ကောင် စကားပြောရင် ရိုးရိုးတန်းတန်း ပြောစမ်း၊ ဒါမင်း ငါ့ကို ပြောင်တာလား" လို့မေးလိုက်တယ်။ မင်းသားက "မှန်လှပါ ငယ်ရွယ်သူ ကျွန်တော်မျိုးလို မလိမ်တမာ အမိုက်ကောင်ကို အပြစ်တော်မယူဘဲ အချစ်တော်ထားတော်မူပါဘုရား" လို့ နှာသံပါပါ ခပ်ချွဲချွဲကလေး ပြန်ပြောလိုက်တယ်။
အဲဒီအခါ ယောက္ခမကြီးလည်း အလွန်ဒေါသဖြစ်လို့ အပြင်ဘက်မှာထောင်ထားတဲ့ ဓားမကို ဆွဲပြီး ခုတ်မယ်လုပ်တာနဲ့ သမီးက ဖခင်ကို အတင်းဆွဲထားရတယ်။
ဒါပေမယ့် မင်းသားက အပြောဟန်အမူအရာ နဲ့ "မှန်လှပါ သားတော်မလိမ္မာတာကို ခွင့်လွှတ်ပြီး အသက်ချမ်းသာ ပေးတော်မူပါဘုရား"လို့ ပြောပြီး အိမ်ပေါ်က ဆင်းပြေးတော့ တယ်။

{မာယာ နိုဝင်ဘာလ၊ ၂၀၀၀ ခုနှစ်မှ ပြန်လည်ကူးယူဖော်ပြပါတယ်။}

Wednesday, October 28, 2009

ပင်လုံထိပ်ထားဦး မြတ်လေးနဲ့ ကေသီပန်
ရေးသူ- ဥာဏ်မောင်ချစ်

မောင်စိမ်းနီထံက ဆရာဥာဏ်မောင်ချစ်သို့-မေတ္တာဖြင့် ဆိုတဲ့ မောင်စိမ်းနီရဲ့ သင်္ကေတပြု လက်မှတ်နဲ့ ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်းကို ရခဲ့ပါတယ်။ ကိုအောင်ပွင့်က ယူလာပေးခဲ့တာပါ။ ဆရာမောင်စိမ်းနီ က နောက်ထပ် စာတကြောင်းရေးလိုက်ပါသေးတယ်။ သူ့စာက 'ဆရာခင်ဗျာ၊ စာမူများ ချီးမြှင့်ပါရန် မေတ္တာရပ်ခံပါ တယ်' တဲ့။ ပိတောက်ပေးပို့သူကိုရော၊ ယူလာပေးတဲ့သူကိုပါ အားတုံ့အားနာ ဖြစ်မိခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့နှစ်ယောက် မိမိစာရေးဖြစ်ဖို့ အဦးဆုံး နှိုးဆော်အားပေးခဲ့တဲ့ သူတွေ ဖြစ်လို့ပါပဲ။ မိမိရဲ့ ပထမဆုံးဆောင်းပါးဖြစ်တဲ့ 'အညတြကြက်တော၊ ငသြနဲ့ ဒေါက်တာရေချမ်းကို ရှာဖွေခြင်း' ဆိုတာကို ပိတောက် ပွင့်သစ်က စတင် ထည့်သွင်း ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ မောင်အောင်ပွင့်နဲ့ မိမိတို့ ဇနီးခင်ပွန်းအနေနဲ့ ယုံကြည်မှု ညီအစ်ကိုမောင်နှမတွေ ဖြစ်ခဲ့ကြတာ ကြာပါပြီ။ သူဟာ မိမိကို စာရေးဖြစ်ဖို့ ကြုံဆုံတိုင်း တိုက်တွန်း အားပေးခဲ့ သူပါ။ သူနဲ့ မိမိဇနီးသည်က ကဗျာမောင်နှမပါ။ ဇနီးသည် ရုတ်တရက် မမျှော်လင့်ပဲ မိမိကို နှုတ်ဆက် သွားတဲ့အခါ ကိုပွင့်က 'အစ်မကို လွမ်းတဲ့စိတ်တွေ ဖြေလျော့ဖို့ စာသာရေးပါ အကိုရာ' လို့ အားပေးဖေးမမှု ပြုခဲ့ပါတယ်။ မိမိခေါင်းညိတ်ခဲ့ပါတယ်။


ဒီတခေါက်ဆုံကြတော့၊ သူက 'ကိုစိမ်းနီက မှာတယ် အကိုရ၊ အကို ကိုမြတ်လေးအကြောင်း တခုခု ရေးပေးပါ' တဲ့။ 'ဟာ ကိုပွင့် ကျနော်က လေပြေလေညှင်း မတိုက်တတ်ဘူးဗျ။ အကို မြတ်လေးက တကယ့် အနုပညာသည်ဗျ။ သူ့ကို Appreciate လုပ်နိုင်တဲ့ အစွမ်းအစ ကျနော့်မှာ မရှိဘူးဗျ။' လို့ ချက်ချင်းငြင်းချက် ထုတ်ခဲ့ပါတယ်။ 'သူနဲ့ပါတ်သက်ပြီး အကို ပြောနိုင်တာ တခုခုပေါ့၊ အကို ဆရာဗန်းမော်တင်အောင် အကြောင်း တောင် Appreciate လုပ်နိုင်ခဲ့သေးတာပဲ' လို့ မောင်အောင်ပွင့်က အားပေးလှုံ့ဆော်မှု ပြုခဲ့ရှာပါတယ်။ ဒီကနေ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ခေတ်ပေါ်တေးပြုသူ၊ စာရေးဆရာ၊ အဆိုတော် မြတ်လေးရဲ့ ပုံရိပ်များကို အတွေးဖန်သားပြင်ပေါ် ပြန်တင်ကြည့်တဲ့အခါ.....
ပုံရိပ်များဟာ.......
+++ === +++
လွတ်လပ်ရေးခေတ်ဦး၊ မိမိတို့အထက်တန်းကျောင်းသား ဘ၀တုန်းက 'ကာလပေါ်သီချင်းများ' ကို 'ဗမာ့အသံ' ကနေ နေ့စဉ်ထုတ်လွှင့်ပေးခဲ့ပါတယ်။ မြန်မာ့ 'မဟာဂီတသီချင်းကြီးများ' နဲ့ ရက်ခြားပြီး ထုတ်လွှင့်ပေး ခဲ့တယ် ထင်ပါတယ်။ သူ့ ဦးစားပေးမှုနဲ့သူ ဖြစ်ပုံရပါတယ်။ အခုချိန် ပြန်ကြည့်တော့ နှစ်ပေါင်း လေး ငါးဆယ် လောက် ရှိခဲ့ပါပြီ။ သာမန်အားဖြင့် လူတယောက် ကြီးပြင်း ရင့်ကျက်၊ အိုးတွေ အိမ်တွေ၊ မိသားစုတွေနဲ့ ဘ၀တခု ထူထောင်နိုင်တဲ့ ကာလချိန်တာ တခုပါပဲ။ အဲဒီစဉ်က မြန်မာ့မဟာဂီတ တီးဝိုင်းများ၊ အဖွဲ့များဟာ မြို့တိုင်း နယ်တိုင်းမှာ ရှိနေကြသေးတဲ့ အချိန်ပါပဲ။ 'ဗမာ့အသံ' ကနေ မြန်မာဂန္တ၀င်သီချင်းများကို အဖွဲ့လိုက် ထုတ်လွှင့်ခွင့် ရကြပါတယ်။ မင်္ဂလာအခမ်းအနားများမှာ ဂုဏ်ပြုဧည့်ခံ တီးမှုတ်လေ့ ရှိပါတယ်။ (ဒီကနေ့လို) ၀င်ကြေးနဲ့ တီးမှုတ်သီဆိုတာမျိုး မရှိသလောက်ပါပဲ။ မြန်မာ့ရိုးရာ ပွဲလမ်းသဘင်အလိုက် သီဆိုတီးမှုတ်၊ ဧည့်ခံကြတာမျိုးပဲ ရှိပါတယ်။ ဒါဟာလည်း အခကြေးငွေနဲ့ သီဆိုတီးမှုတ်ကြတာမျိုး မဟုတ်ပါဘူး။ မြန်မာ့မဟာဂီတကို ချစ်မြတ်နှိုးသူ များ အနေနဲ့ ဆောင်ရွက်ကြတာမျိုးသာ ဖြစ်ပါတယ်။
မိမိတို့အရွယ် လူများဟာ 'မြန်မာရုပ်ရှင်' ရဲ့ အသံတိတ်ခေတ်၊ သံစုံသွင်းခေတ်၊ အသံထွက်ရုပ်ရှင် ခေတ်များကို ဖြတ်သန်းခဲ့ကြရပါတယ်။ မြန်မာ့အသံတိတ် ရုပ်ရှင်ခေတ်မှာ စန္ဒယား၊ တယော၊ ဗုံ (ခြောက်လုံးပတ်)၊ အဆိုတို့ကို အခြေခံထားတဲ့ 'နောက်ခံတေးဂီတ၀ိုင်း' က ရုပ်ရှင်ပြကွက်များနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် (နောက်ခံတေးဂီတနဲ့ ပို့ပေးတဲ့) အဆိုအတီးများကို တီးခတ်ပေးခဲ့တာကို တွေ့ခဲ့ကြရပါတယ်။ မိမိတို့ အနေနဲ့ အဲဒီ ရုပ်ရှင်နောက်ခံ တေးဂီတအဖွဲ့များကို 'မြန်မာ့ကာလပေါ်တေးဂီတအဖွဲ့' များအဖြစ် နားလည်ခဲ့ကြရပါတယ်။
မြန်မာ့အသံကနေ ထုတ်လွှင့်နေကြတဲ့ တေးဂီတ အဖွဲ့အစည်းများဟာ မဟာဂီတ သီချင်းကြီးများနဲ့ ကာလပေါ် တေးသီချင်းများကို အလှည့်နဲ့ သီဆိုထုတ်လွှင့်ပေးခဲ့ကြပါတယ်။ တေးဂီတအဖွဲ့အစည်းများဟာ မိမိတို့ ထုတ်လွှင့်မယ့် ဂီတပုံစံများအလိုက် အဖွဲ့အစည်းနာမည် လှလှနုနု၊ ကဗျာဆန်ဆန်ကလေးများ ပေးထားကြ ပါတယ်။ တချို့ကျတော့လည်း တဦးချင်းဝါနဲ့ နာမည်ကြီးသူများရဲ့ နာမည်များနဲ့ ထုတ်လွှင့်သီဆို ကြတာမျိုးလည်း ရှိပါတယ်။ ဥပမာ တက္ကသိုလ်စိုး တူရိယာအဖွဲ့၊ စန္ဒယားလှထွတ် တူရိယာအဖွဲ့ စတာမျိုး ရှိပါတယ်။
မြို့တိုင်းနယ်တိုင်းမှာ (ဒေသခံ) မြန်မာ့ဆိုင်းဝိုင်းများလည်း ရှိပါတယ်။ ဒေသခံ မြန်မာ့ဆိုင်းဝိုင်းများဟာ အလှူပွဲများ၊ နာရေးပွဲများမှာ တီးခတ်လေ့ ရှိပါတယ်။ အဲဒီစဉ်က မြန်မာ့မဟာဂီတနဲ့ ကာလပေါ်တေးသီချင်းများ၊ မြန်မာ့ဇာတ်သဘင် (ကဇာတ်) များကို အသံသွင်းပြီး ဖြန့်ချိတဲ့ ဓါတ်ပြားကုမ္ပဏီများလည်း ရှိခဲ့ပါတယ်။ အဲဒီတုန်းက နာမည်ကြီး ဇာတ်မင်းသားကြီးများ ဖြစ်ကြတဲ့ ဦးအောင်မောင်း၊ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ စိန်မဟာသဘင်၊ ရွှေနန်းတင်၊ စိန်မာဒင်၊ မြို့တော်သိန်းအောင် စတဲ့ မြန်မာ့ဇာတ်သဘင် အဖွဲ့ကြီးများဟာ အနယ်နယ်မှာ လှည့်လည် ကပြခဲ့ကြပါတယ်။ အဲဒီ ဇာတ်သဘင်အဖွဲ့ကြီးများမှာ ရှေ့ပိုင်းပြဇာတ်များအတွက် 'ကာလပေါ်တေးဂီတအဖွဲ့' များလည်း ပါရှိခဲ့ပါတယ်။ ကာလပေါ်တေးဂီတအဖွဲ့များ အသံလွှင့်ကြတဲ့အခါ 'အဆိုရောသီချင်းပါ' ပေါက်တဲ့တေးသီချင်းများ (ဓါတ်ပြားရတေးသီချင်း) များကို ဓါတ်ပြားကုမ္ပဏီများက ဓါတ်ပြားသွင်း ထုတ်လုပ် ရောင်းချကြပါတယ်။ 'ဓါတ်ပြားရ အဆိုတော်နဲ့ သီချင်း' ဆိုတာဟာ အဲဒီစဉ်က ကာလပေါ်တေးသီချင်းထဲမှာ 'အဆင့်တခု' ပါပဲ။ နာမည်ကြီးအဆိုတော်နဲ့ လူကြိုက်များတဲ့ တေးသီချင်းများ ဆိုတာဟာ အဲဒီအဆင့်က လာခဲ့ရတာပါ။ မိမိတို့ လူလားမြောက်လာတဲ့အချိန်မှာ နာမည်ကျော်အဆိုတော်များ ဖြစ်လာကြတဲ့ ကိုမြကြီး၊ ကိုမင်းနောင်၊ တွံတေးသိန်းတန်၊ မောင်မောင်ကြီး၊ မောင်မောင်ညွန့်၊ သန်းဖေလေး၊ တင်တင်မြ၊ ချစ်စံပယ်၊ ချိုပြုံး စတဲ့ သူများဟာ 'ဓါတ်ပြားရအဆိုတော်များ' စင်မြင့်ကို ဖြတ်လာကြတဲ့ သူတွေပါ။ မြန်မာ့အသံနဲ့ သောတရှင် တေးချစ်သူများ၊ ဓါတ်ပြာကုမ္ပဏီများက credit ပေးတဲ့ အဆိုတော်များ၊ တေးသီချင်းများဟာ မြန်မာ့ကာလပေါ်ဂီတမှာ 'ခေတ်တခေတ်' လို့ ဆိုရပါလိမ့်မယ်။ နောင်မှာ မြန်မာ့အသံက 'သောတရှင်လိုရာ'၊ 'တေးသံရှင်အကြိုက်' စတဲ့ ထုတ်လွှင့်မှုတွေကို ခွဲခြားထုတ်လွှင့် ပေးခဲ့ပါတယ်။ လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၈) ဒုတိယဆယ်စုနှစ်လောက် ရောက်တဲ့အခါ 'အနှစ်နှစ်ဆယ်တေး' အစီအစဉ်နဲ့ အသံထုတ်လွှင့်မှု၊ သီဆို ဖျော်ဖြေမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ မြန်မာ့ကာလပေါ် ဂီတနယ်မှာ စန္ဒရားနီနီ၊ စန္ဒရားချစ်ဆွေတို့ကို ကိုယ်စားပြုတဲ့ ကာလပေါ်အဖွဲ့တွေ၊ သူတို့နဲ့ သီဆိုကြတဲ့ အဆိုတော်တွေနဲ့ သူတို့ရဲ့ တေးသီချင်းတွေဟာ မြန်မာ့ကာလပေါ် ဂီတမှတ်တိုင်တခုကို ကိုယ်စားပြု စိုက်ထူနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။ ဒါဟာ ၀ါသနာတဦးရဲ့ ခံစားချက် မျှသာပါ။
မိမိဟာ၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀မှာ ကတည်းက မြန်မာ့ဂီတနဲ့ ခေတ်ပေါ်ဂီတ များကို စိတ်ဝင်စားမှု ရှိခဲ့ပါတယ်။ မိမိတို့ ရပ်ကွက်ရဲ့ စေတနာ့ဝန်ထမ်း မီးသတ်အဖွဲ့က ကျောင်းပိတ်တဲ့ သောကြာ၊ စနေညများမှာ ရပ်ကွက်ထဲက ကျောင်းသားများကို မီးကင်းစောင့်ခွင့် ပေးပါတယ်။ အဲဒီမှာ ညဘက်ဆို မယ်ဒိုလင်ကလေးနဲ့ တီးကြဆိုကြတဲ့ အစ်ကိုတချို့နဲ့ ထိတွေ့ခွင့် ရပါတယ်။ ဒီအစ်ကိုကြီးတွေနဲ့ နှစ်တချို့ အတူတူ တွေ့ခွင့်ရခဲ့လို့ သူတို့ မကြာခဏ တီးမှုတ်သီဆိုခဲ့ကြဘူးတဲ့ မြန်မာ့ခေတ်ဟောင်းတေးများဖြစ်တဲ့ ချစ်မိုးဆွေ၊ ချစ်ရေစင်၊ ဂုဏ်မြင့်သူ၊ စုံတောမြိုင်၊ စန္ဒကိန္နရီ၊ မိုးဒေ၀ါ၊ နတ်သျှင်နောင်၊ ရွှေစပါယ်ရုံ၊ ဆုထူးရွယ် စတဲ့ ခေတ်ဟောင်းသီချင်းများကို နားစွဲအောင် နားထောင်ခဲ့ရပါတယ်။ ဒီသီချင်းတွေကို ချစ်ခင်နှစ်သက်လာခဲ့မိပါတယ်။ ဒီသီချင်းတွေ ထုတ်လွှင့်တာနဲ့ ကြုံရင်၊ နားထောင်ရမှန်းသိတဲ့၊ နားထောင်တတ်တဲ့ အလေ့အထတခု ရလာခဲ့ပါတယ်။ မြန်မာ့အသံက ဓာတ်ပြားရ၊ သောတရှင်လိုရာ၊ တေးရေးသူ တေးဆိုသူအကြိုက်၊ တေးသီချင်းများ ထုတ်လွှင့်တဲ့အခါ ရေဒီယိုမရှိလို့ အိမ်ခေါင်းရင်းက စိန့်ကျောင်းသူမရဲ့ ရေဒီယိုနဲ့ သွားနားထောင်ခဲ့ရပါတယ်။ အဲဒီစဉ်က ထုတ်လွှင့်မယ့် ဂီတဂျယ်နယ်ဖြစ်တဲ့ 'တေးဗိမာန်' နဲ့ 'ချိုတေးသံ' တို့ကို မုန့်ဖိုးနဲ့ ၀ယ်ရပါတယ်။ ဂျာနယ်ထဲမှာ တလစာ ထုတ်လွှင့်မယ့် ဂီတအဖွဲ့တွေနဲ့ သီချင်းတွေ ပါ ပါတယ်။ ဆယ်တန်းလောက်ရောက်တဲ့အခါ သူငယ်ချင်းတွေနဲ့စုပြီး သီချင်းဆိုတတ်နေပါပြီ။ သန်းဖေလေးရဲ့ 'အပေါင်းသင်္ချာမင်းသမီးလေး' ကိုမောင်မောင်ကြီး ရဲ့ 'အမိုက်မလေးငှက်ငယ်' ကိုမင်းနောင်ရဲ့ 'မောင်းမကန်ကေသီဦး' ကိုမြကြီးရဲ့ 'မိုး' ကိုစောညိန်းရေးတဲ့ 'နွေနှောင်းရက်ကျန်' တို့ကို ခံစားလှုပ်ရှားတတ်လာခဲ့ပါပြီ။ ဘာကြောင့်မှန်းမသိပေမယ့် ဆွေးမြေ့နာကျင်ရတဲ့ သီချင်းတွေနဲ့ စိန်မောင်မြင့်ရဲ့ 'အမိုက်မလေးရွှေသမင်' လို ဒဿနဆန်တဲ့ တေးသီချင်းတွေကို ခံစားချစ်ခင် နေခဲ့မိတာ (ပြောရရင်) ဒီကနေ့ အထိပါပဲ။
ခြောက်ဆယ်ခုနှစ် ကုန်ခါနီးမှာ မိမိ ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ပထမနှစ်မို့ ထီးတန်းကောလိပ်၊ ထီးတန်းကျောင်းဆောင်မှာ နေခွင့်ရပါတယ်။ ထီးတန်းကျောင်းဆောင် သဟာယနဲ့စာဖတ် အသင်းမှာ အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။ အဆောင်နေ ကျောင်းသားများရဲ့ သာရေးနာရေးများကို အမှုဆောင် ကျောင်းသားများနဲ့အတူ ဆောင်ရွက်ရပါတယ်။ ကျောင်းပိတ်တဲ့နေ့ ညဦးပိုင်းများမှာ လှိုင်မြစ်ကမ်းနားမှာရှိတဲ့ ထီးတန်းဂျက်တီဆင်းပြီး ခံစားချက်တေးတွေကို အလှည့်ကျ ဆိုကြပါတယ်။ မိမိအလှည့်ကျတဲ့အခါ သူငယ်ချင်းတယောက်က 'ခုချိန်ကစပြီး ဒဿဂီရိက လွမ်းပြပါတော့မယ် ခင်ဗျာ' လို့ ကျေညာပေးတတ်ကြပါ တယ်။ မိမိက ခံစားချက်တေးတွေကို ချစ်ပေမယ့် လူက ဒေါသကုမ္မာရဖြစ်နေလို့ပါ။ ၁၉၅၇ ခုနှစ် နှစ်ကုန်ခါနီးမှာ မိမိတို့ ကျင်းပတဲ့ မြို့မမောင်မောင်လေး (စန္ဒရား) တို့ တေးဂီတအဖွဲ့ကို ဧည့်ခံဖို့ ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ တက်သစ်စ အဆိုတော်အဖြစ် နာမည်ကြီးလာတဲ့ ချိုပြုံးက 'ပန်ပိတောက်တို့ကြွေရာမြေ' သီချင်းနဲ့ ဧည့်ခံဖျော်ဖြေခဲ့ ပါတယ်။ ဒီ သီချင်းကို နားထောင်လိုက်ရတိုင်း ပြန်မရောက်တော့တဲ့ 'ရွာ' ကို လွမ်းတယ်။ 'မြို့' ကို လွမ်းတယ်။ ဘ၀တချို့ ပေးထားခဲ့ရတဲ့ 'ကန့်ကော်တော' ကို လွမ်းတယ်။ ဒီနေရာမှာ မေ့လို့ မဖြစ်တဲ့ 'အဖြစ်သနစ်' တွေ ရှိတယ်။ ခုနှစ်သက္ကရာဇ်တွေ ရှိတယ်။ 'ညီမလေးမာလာ' ရှိတယ်။ 'မေတ္တာအသဲလေးများ' ရှိတယ်။ 'ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ' ရှိတယ်။ 'စိန်ပန်းပြာနဲ့ဝေးသူ' ရှိတယ်။
+++ +++ +++

၁၉၅၆-ခုနှစ်၊ နှစ်ဦးလောက်က ရန်ကုန်တက္ကသိုလ်မှာ စတုတ္ထအကြိမ်မြောက် ကျောင်းသားပွဲတော် ကျင်းပခဲ့ပါတယ်။ မိမိတို့ မြို့ခံ တက္ကသိုလ်ကျောင်းသား အစ်ကိုတချို့ရဲ့ စီစဉ်မှုကြောင့် ဒီကျောင်းသားပွဲတော်ကို ကြုံတွေ့ခွင့် ရလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိမိတို့လို တောသူတောင်သား သားသမီး၊ နယ်ကျောင်းသူကျောင်းသား များ အနေနဲ့ ဒီလိုပွဲတော်မျိုးမှာ ပါခွင့်ရတယ်ဆိုတာ ရှားပါးတဲ့ အခွင့်အရေး တမျိုးပါပဲ။ ရန်ကုန်တက္ကသိုလ်ကြီးကို မြင်ခွင့်၊ တွေ့ခွင့် ရလိုက်တာကိုက အခွင့်အရေးကြီးတခုလို့ ဆိုရတော့မှာပါ။ အဓိပတိ လမ်းမတလျှောက်၊ ဘွဲ့နှင်းသဘင်ခန်းမနဲ့ သစ်ပုတ်ပင်ကြီးအထိ အကြောင်းအရာ အမျိုးမျိုးကို ပြသထားတဲ့ ပြခန်းများ ရှိပါတယ်။ ကျောင်းသားပွဲတော်ရဲ့ ဇာတ်ရုံကို ၀ိဇ္ဇာခန်းမလို့ခေါ်တဲ့ Judson Hall ရှေ့က မြက်ခင်းပြင်မှာ တည်ဆောက်ထား ပါတယ်။ တင်ဆက်မှု အမျိုးမျိုး ပါဝင်ပါတယ်။ တပင်တိုင်အက၊ ယိမ်း၊ နှစ်ပါးခွင်၊ မင်းသားလတ်၊ တိုင်းရင်းသား ရိုးရာအကများ၊ အိုးစည်ဒိုးပတ် စတဲ့ တင်ဆက်မှုများ ပါဝင်ပါတယ်။ ဂျပ်ဆင်ခန်းမကြီးထဲမှာ ပြင်ဆင်ဝတ်စား ကြပါတယ်။ ပွဲတော်ကော်မတီဝင်များနဲ့ လုပ်ငန်းကော်မတီဝင်များက အစစအရာရာကို ထိန်းသိမ်းစောင့်ကြပ် စီမံကြပါတယ်။ ဒီအကြိမ် ကျောင်းသားပွဲတော်ရဲ့ Hot Item က 'ညီမလေးမာလာ' အရိပ်ပြ ပြဇာတ် (Shadow Play) ပါ။ တညတာ ပွဲတော်ရဲ့ နောက်ဆုံး အစီအစဉ်အဖြစ် တင်ဆက်တာ ဖြစ်ပါတယ်။
'အရိပ်ပြဇာတ်' Shadow Play ဆိုတာက ဒီလိုပါ။ မြန်မာ့ဇာတ်သဘင် ပွဲကြီးများမှာ ရှေ့ဆုံးက ကားကြီးကို ပြည်ဖုံးကားလို့ ခေါ်ပါတယ်။ ဇာတ်စင်ပေါ်က ပြည်ဖုံးကားနေရာမှာ ရုပ်ရှင်ကားများ အဖြူရောင် ပိတ်ကားကျယ် တခု ရှိပါတယ်။ အဲဒီ ကားနောက်မှာ ပြချင်တဲ့ ပြကွက်များကို သရုပ်ဆောင်သူများက ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ကြရပါတယ်။ သူတို့ကို နောက်က ဆလိုက်မီးအားကောင်းကောင်းနဲ့ ထိုးပေးပါ တယ်။ သရုပ်ဆောင်သူများရဲ့ အရိပ်များက ရှေ့ကပိတ်ကားပေါ်မှာ လှုပ်ရှားသမျှ အရိပ်ထင်ပါတယ်။ သစ်ရွက်ကြွေ တာလေးကအစ ပြလို့ ရပါတယ်။ ဒါကို ရှဲဒိုးပလေးလို့ ခေါ်ကြပါတယ်။ ဒီဇာတ်မျိုးမှာ ဇာတ်ဆောင် နှစ်စု လိုပါတယ်။ တစုက အမူအရာကို သရုပ်ဆောင်ပါတယ်။ တစုက စကားပြောခန်း Dialogue ကို သရုပ်ဆောင် ပါတယ်။ လိုအပ်တဲ့ ဇာတ်ဝင်ခန်းများ (ဥပမာ- ဧည့်ခန်း) ကို ပြင်ဆင်ပေးရတဲ့သူများဟာ အမြန်ပြင်ဆင်ရတာ ကြောင့် အရမ်းပင်ပန်းကြပါတယ်။ ဇာတ်ရဲ့ လိုအပ်တဲ့ သရုပ်ဖော်မှုများ ပီပြင်ဖို့၊ တေးဂီတပိုင်းက ပံ့ပိုးပေးရပါတယ်။
'ညီမလေးမာလာ' ဟာ ဒီလို ဇာတ်မျိုးပါ။ ညီမလေးမာလာ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းက မင်းလှညွန့်ကြူးနဲ့ အဖွဲ့ပါ။ ဇာတ်လမ်းတင်ဆက်သူ Narrator က ရုပ်ရှင်သရုပ်ဆောင်နဲ့ တေးရေး ဒါရိုက်တာ မြတ်လေးပါ။ တေးဂီတအဇွဲ့က စန္ဒယားချစ်ဆွေ တူရိယာအဖွဲ့ပါ။ ညီမလေးမာလာ ဇာတ်သိမ်းသီချင်းကို သီဆိုသူက အဆိုတော် မောင်မောင်ကြီးပါ။ ညီမလေးမာလာ အရိပ်ပြ ပြဇာတ်ကို ကျောင်းသူကျောင်းသားများနဲ့ တက္ကသိုလ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူများဟာ judson မြက်ခင်းပြင်အပြည့် လာရောက် ကြည့်ရှုအားပေးတာကို တွေ့ရပါတယ်။ ဇာတ်သိမ်းသီချင်းတင်ဆက်သူ ကိုမောင်မောင်ကြီးရဲ့တေးသံ၊ ဇာတ်လမ်းတင်ဆက်သူ သရုပ်ဆောင်မင်းသားကြီး မြတ်လေးရဲ့ ကြေကြေကွဲကွဲ တင်ဆက်မှုများအောက်မှာ 'ညီမလေးမာလာ' အရိပ်ပြ ပြဇာတ်ကို လာရောက်ကြည့်ရှု ကြတဲ့ ကျောင်းသူကျောင်းသားများ၊ ပြင်ပက ဧည့်ပရိသတ်များဟာ မျက်ရည်မဆည်နိုင်အောင် ခံစား နာကျင်ခဲ့ကြ ရပါတယ်။
နောက်တနေ့ နေ့လည်ပိုင်းလောက်မှာ မိမိဟာ ကိုမောင်မောင်ညွန့်၊ ကိုဗဆွေလေး၊ ကိုတင်ထွန်းတို့နဲ့ ယူနီယံ စားသောက်ဆိုင်မှာ လက်ဖက်ရည် သောက်နေကြပါတယ်။ ဒီအချိန်မှာ မြတ်လေး ရုတ်တရက်ရောက်လာ ပြီး မိမိတို့ ၀ိုင်းထဲ လာထိုင်ပါတယ်။ အားလုံးနဲ့ သူဟာ သူငယ်ချင်းတွေလိုပဲ၊ နောက်နောက်ပြောင်ပြောင် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံ နေကြတာကို တွေ့ရပါတယ်။ မိမိက သူတို့ကို အားကျနေပါတယ်။ အစ်ကို ဗဆွေလေးက 'ဖိုးမြတ် ဒီမှာ တို့မြို့ကလေး က ဥာဏ်မောင်' တဲ့။ မင်းတို့အတွက် လူငယ် ခြေတက်ကလေးကွ။ ဒီကောင်က အဆိုတော် ဖြစ်ချင်နေတာလို့ အစ်ကို ဗဆွေလေးက ပြောလိုက်ပါတယ်။ 'ဟုတ်လား၊ ဒါဆိုရင် မင်း ဖိုးချစ် (စန္ဒယားချစ်ဆွေ) မူးအောင်တိုက်ကွ၊ ဒါမှ အဆိုတော်ဖြစ်မှာ' လို့ မြတ်လေးက ခပ်တည်တည်တည်နဲ့ ပြောပါတယ်။ အားလုံးက ၀ိုင်းရယ်ကြပါတယ်။ ဒီတော့ မြတ်လေးက 'အေး မင်းက... ဗဆွေလေးတို့ မြို့ကဆိုတော့ သတိထားရမှာပေါ့ကွာ' လို့ ရယ်ရယ်မောမော ပြောပါတယ်။ ဒါဟာ၊ ရန်ကုန်တက္ကသိုလ်ကြီး၊ ညီမလေးမာလာနဲ့ ရုပ်ရှင်မင်းသားကြီး မြတ်လေးတို့ မိမိဘ၀ထဲ ရောက်လာကြပုံများရဲ့ 'နိဒါန်းအစ' လို့ မှတ်တမ်းတင်ရမှာပါ။
++++ ++++ ++++

စတုတ္ထအကြိမ်မြောက် ကျောင်းသားပွဲတော်ကြီး ကျင်းပပြီးနောက်တနှစ်ဖြစ်တဲ့ ၁၉၅၇ ခုနှစ်မှာ မိမိ ရန်ကုန်တက္ကသိုလ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ပဲခူး၊ ၁၉၅၉-၁၉၆၁ ခုနှစ်မှာ မန္တလေးဆောင် စတဲ့ ကျောင်းဆောင်များမှာ နေထိုင်ပညာသင်ကြားခဲ့ရပါတယ်။ မန္တလေးဆောင် သဟာယနှင့် စာဖတ်အသင်းရဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။ အဲဒီစဉ်က မန္တလေးဆောင် အဆောင်မှူးက ဆရာကြီး ဒေါက်တာခင်မောင်ဝင်း (ဒဿန) ပါ။ လက်ထောက်အဆောင်မှူးက ဦးအောင်မြိုင်သန်းပါ။ သဟာယနဲ့ စာဖတ်အသင်းရဲ့ အဓိက လုပ်ငန်းတာဝန်တွေကတော့ အဆောင်နေ ကျောင်းသားများရဲ့ နေ့စဉ် စားမှုသောက်မှု တွေ အဆင်ပြေစေဖို့ တက္ကသိုလ်ကျောင်းသားများရဲ့ ကိုယ်ကျင့် စိတ်ကျင့်များ 'ကြံ့ခိုင်ရေး' အတွက် အဆောင်မှူးများနဲ့အတူ ကြပ်မတ်ထိန်းသိမ်းရတာပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးအကြီးဆုံး ကိစ္စကတော့ လွတ်လပ်ရေးခေတ် ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာတခုဖြစ်တဲ့ နှစ်ကုန်ပိုင်း၊ နောက်နှစ်နှစ်ဆန်းပိုင်း (ဆောင်းနဲ့ နွေအကူးရက်များမှာ) မဖြစ်မနေ ကျင်းပပြုလုပ်ရတဲ့ အဆောင်ရဲ့ Annual Grand Dinner နှစ်ပတ်လည် ညစာစားပွဲကြီးနဲ့ နှုတ်ဆက်ပွဲကို ခမ်းခမ်းနားနား ကျင်းပပေးရတဲ့ တာဝန် ဖြစ်ပါတယ်။ ဒီအခမ်းအနားအတွက် နှစ်စမှာ ကတည်းက ပုံစံအမျိုးမျိုးနဲ့ ရံပုံငွေ ရှာထားကြရပါတယ်။ အစိုးရ ရုံးပိတ်ရက်ကြီးများမှာ အဆောင်က ထမင်းမကျွေးပါဘူး။ ကျောင်းသားတယောက်ကို ၁ ကျပ် ၃၄ ပြားနှုန်းနဲ့ refund လုပ်ပါတယ်။ ကျောင်းသားများနဲ့ ညှိပြီး ပြန်အမ်းငွေများကို စုထားရပါတယ်။ ဒီငွေများနဲ့ လစဉ် Special Dinner နဲ့ ညစာစားပွဲကြီးမှာ သုံးပါတယ်။ ညစာ စားပွဲကြီးအတွက် 'ဖိတ်ကြားခွင့်' ပေးပါတယ်။ Guest Ticket များ ရောင်းပေးပါတယ်။ သီးခြားစပွဲဝိုင်း စီစဉ်ပေးပါတယ်။ 'ဧည့်လက်မှတ်' ကလည်း ရန်ပုံငွေ ရပါတယ်။ ဒီညစာ စားပွဲကြီး တက်ရောက်ဖို့ ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ ကျောင်းသားအဖွဲ့အစည်းများ အားလုံးကို ဖိတ်ကြားပါတယ်။ မိမိအဆောင်နဲ့ (မောင်နှမဆောင်) အဖြစ် သတ်မှတ်ထားတဲ့ အဆောင် S and R E.C. တဖွဲ့လုံးကိုလည်း ဖိတ်ကြားရပါတယ်။ ဒီအခမ်းအနားမှာ အဆောင်မှူးကြီး၊ S and R အဖွဲ့ ဥက္ကဌနဲ့ ဧည့်သည်တော်များ(အချို့) နှုတ်ဆက်မိန့်ခွန်းများ ပြောကြပါတယ်။
ညစာစားပွဲကြီးမှာ ထောပတ်/အုန်း/ဒံပေါက် ထမင်းတမျိုးမျိုး၊ အသားဟင်းနှစ်မျိုး၊ ဟင်းချို၊ အစိမ်းကြော်၊ ဘလချောင်ကြော်၊ သစ်သီး အချိုရည် တိုက်ကျွေးပါတယ်။ ကံစမ်းမဲ ဖောက်ပေးပါတယ်။ ညစာထမင်း သုံးဆောင်ချိန်ကစပြီး ည ဆယ်နာရီခွဲလောက်အထိ တေးသီချင်းများနဲ့ ဧည့်ခံပါတယ်။ ၁၀ နာရီခွဲ နောက်ပိုင်းက စပြီး မနက် ၄နာရီလောက်ထိ ခေတ်ပြိုင် နာမည်ကြီး အငြိမ့်ပွဲ (တခုခုနဲ့) ဧည့်ခံရပါတယ်။ ညစာ စားပွဲ အခမ်းအနား ကြီးကို မီးနဲ့ အလှ ဆင်ထားပါတယ်။ မလိုလားအပ်တဲ့ အနှောက်အယှက်များ မဖြစ်စေဖို့ အဆောင်နေ ရန်ကုန်တက္ကသိုလ် U.T.C. တပ်ဖွဲ့ဝင်များနဲ့ S and R EC များက စောင့်ရှောက်ကြပါတယ်။
မိမိတို့ မန္တလေးဆာင် နှစ်ပတ်လည် ညစာစားပွဲနဲ့ နှုတ်ဆက်ပွဲကြီးအတွက် 'ရှုမ၀' အငြိမ့်အဖွဲ့နဲ့ စန္ဒရားချစ်ဆွေ (တူရိယာအဖွဲ့) နောင် 'ကေသီပန်' တူရိယာအဖွဲ့ကို ခေါ်ယူ ဧည့်ခံစေပါတယ်။ ဒီစဉ်က စန္ဒရားလှထွတ်၊ နီနီ၊ စန္ဒယားချစ်ဆွေတို့ အဖွဲ့တွေက နာမည်ကြီးစပါ။ ဒီအထဲမှာ စန္ဒရားချစ်ဆွေနဲ့ အစ်ကိုမြတ်လေးတို့ ဦးစီးတဲ့ ကေသီပန် တူရိယာအဖွဲ့က ပိုပြီး popular ဖြစ် ရေပန်းစားပါတယ်။ သူတို့ ရက် မပေးနိုင်မှ အခြားအဖွဲ့များကို ခေါ်ယူကြတာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အဲဒီစဉ်က ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သာမှု နာမှုများနဲ့ စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းများထဲမှာ တက်တက်ကြွကြွပါခဲ့ကြလို့ပါ။ အထူးသဖြင့် ၁၉၆၀-ပြည့်နှစ်၊ မြန်မာ့ရုပ်ရှင်လောကမှာ ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး၊ ထွန်းဝေတို့ ဆိုတာ 'မရှိမဖြစ်တဲ့သူတွေ' ဖြစ်နေပါပြီ။ 'စန္ဒရားချစ်ဆွေ' ဆိုတာကလည်း တကယ့် စန္ဒရားချစ်ဆွေ ဖြစ်နေပါပြီ။ သူဟာ ၁၉၅၉ မန်းရာပြည့်ပွဲမှာ အကောင်းဆုံး စန္ဒရားဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်၊ အလွမ်း၊ အမုန်းဖွဲ့တေးများဟာ လူတန်းစားလူမှုဇစ်မြစ်ကို အခြေခံထားတဲ့ 'အချစ်ဖွဲ့ဒဿန' တေးများ ဖြစ်နေလို့ပါပဲ။ သူတို့ရဲ့ တေးဂီတ၊ အရေးအဖွဲ့၊ ဆိုဟန် တီးဟန်များ အားလုံးဟာ အနှစ်သာရ အသစ်၊ ဟန်သစ်နဲ့ တေးသံဖွဲ့စည်းပုံ အသစ်နဲ့ပါ။ 'ခေတ်ဟောင်းတေး' နဲ့ လမ်းခွဲလိုက်တဲ့ 'ခေတ်သစ်တေး' သီချင်းများပါ။ သီချင်းနာမည်များလောက်ကို အကဲခတ်ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ 'မခင်နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီ၊ မခင်နှင်းဆီရဲ့နှင်းဆီဇာတ်လမ်း' စတဲ့ အစ်ကိုမြတ်လေးရဲ့ 'မခင်နှင်းဆီ(သီချင်းတွဲများ)' ဟာ ခေတ်ပေါ်တေးသီချင်းပိုင်းမှာ အသစ်ပါ။ ကေသီပန်တူရိယာ အဖွဲ့ ဖြစ်လာတဲ့အခါ စန္ဒရားချစ်ဆွေရဲ့ 'ချစ်ရေးခက်ခက်၊ ခက်ခက်ကိုမှလိုချင်တယ်' တေးများ၊ ကိုမောင်မောင်ကြီးရဲ့ 'ခြားနားချက်၊ ဖြေရှင်းချက်'၊ ကဗျာဆရာ မောင်လေးအောင် ရေးပြီး သန်းဖေလေး သီဆိုတဲ့ 'အပေါင်းသင်္ချာမင်းသမီးလေး' စတဲ့ ခေတ်ပေါ်တေးများဟာ ခေတ်ပြိုင်ပေါ်လာကြတဲ့ လူတန်းစားအချစ်နဲ့ ဒဿနကို ဖော်ကျူးထားတဲ့ တေးများ ဖြစ်ပါတယ်။ သူတို့ရဲ့ တေးသီချင်းများဟာ အဲဒီစဉ်က ခေတ်ပြိုင် လူငယ်များရဲ့ ခံစားချက်များကို ထင်ဟပ်နိုင်ခဲ့ပါတယ်။ အစ်ကိုမြတ်လေးရဲ့ 'ပင်လုံထိပ်ထားဦး၊ အင်းလျားအမှာ တော်ပုံ'၊ ပင်လုံထိပ်ထားဦး ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးများ ဖြစ်ကြတဲ့ 'ဝေးပြီမွှေးရေ' (ကိုမောင်မောင်ကြီး) ၊ ' ရေမြေဆုံးစေတော့' စတဲ့ တေးသီချင်းများဟာ တေးပြုစာဆိုများ ဖြစ်ကြတဲ့ အစ်ကို မြတ်လေးနဲ့ စန္ဒရားချစ်ဆွေတို့ရဲ့ အနုပညာနဲ့ ယုံကြည်မှု ဒဿနများကို ထင်ဟပ်နေတယ်လို့ ဆိုရပါမယ်။
အစ်ကိုမြတ်လေး ခေါင်းဆောင်တဲ့ ကေသီပန် တူရိယာအဖွဲ့ဟာ ၁၉၅၈- ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုအတွက် 'အများစုဆန္ဒ၊ ဆယ်နှစ်ဝယ်၊ ဆယ်ကြစို့၊ ဧရာဝတီငိုသံဒို့ကြားရသည်' စတဲ့ စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးတေးများ ရေးသား စပ်ဆို တင်ဆက်ခဲ့ကြပါတယ်။ ၁၉၅၉ မှာ 'ပညာရေးနှီးနှောဖလှယ်ပွဲဂုဏ်ပြုတေး' ၁၉၆၀ ကမ္ဘာစစ်ဆန့်ကျင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် 'ငြိမ်းချမ်းရေးသည်အပေါင်းလက္ခဏာ' တေး၊ ၁၉၆၁ တရုပ်ဖြူကျူးကျော်မှု ဆန့်ကျင်ရေးတေးများကို ရေးသား၊ သီဆို တင်ဆက်ခဲ့ကြပါတယ်။ ဒီသီချင်းများဟာ ခြောက်ဆယ်ခုနှစ်များက ကျောင်းသားများ၊ ပြည်သူများအကြားမှာ မှတ်မှတ်ထင်ထင် ကျန်ရစ်တဲ့ 'သမိုင်းဝင်တေးသီချင်များ' ဖြစ်ခဲ့ပါသည်။
၁၉၆၀- ပြည့် ပတ်ဝန်းကျင်လောက်မှာ မြန်မာဇာတ်သဘင်အဖွဲ့များရဲ့ တင်ဆက်မှုမှာ ရှေ့ပိုင်းပြဇာတ်များ၊ ခေတ်စားစ ပြုလာတယ်လို့ ဆိုချင်ပါတယ်။ အထူးသဖြင့် ရွှေမန်းတင်မောင်နဲ့ မြို့တော်သိန်းအောင် ဇာတ်ကြီးများက တင်ဆက်တဲ့ ရှေ့ပိုင်းပြဇာတ်များဟာ လူထုများအကြား ပြောစမှတ် ဆိုမှတ် ပြုရပါသည်။ မြန်မာ့ရုပ်ရှင်နယ်ထဲမှာလည်း မြတ်လေး၊ ကောလိပ်ဂျင်နေ၀င်းနဲ့ မန္တလေးဦးကျောက်လုံးတို့ဟာ 'အပြော' သရုပ်ဆောင်များနဲ့ လူထုကြိုက်သရုပ်ဆောင်များ ဖြစ်လာကြပါတယ်။ ဒီဘက်မှ အစ်ကိုမြတ်လေးက ပိုပြီးထင်ရှာသလားလို့ ယူဆချင်ပါတယ်။ ပင်လုံထိပ်ထားဦး ရုပ်ရှင်ကားကို မိမိတို့ မန္တလေးဆောင် S and R ရံပုံငွေပွဲ ပြသကြပါတယ်။ လူထုများ၊ ကျောင်းသားများအကြား လက်မှတ်များ ရောင်းချရာမှာ အခက်အခဲမရှိပဲ လွယ်လွယ်ကူကူ ရောင်းချလို့ ရပါတယ်။ မြသန်းတင့်က 'လိုက်ခဲ့တော့မြန္ဒာ' ၀တ္ထုကို ၁၉၅၈ ခုနှစ်လောက်မှာ ရေးသားခဲ့တယ် ထင်ပါတယ်။ အစ်ကိုမြတ်လေးက ဒီကာလ၀န်းကျင်မှာပဲ 'ပင်လုံထိပ်ထားဦး' သီချင်းကို ရေးစပ်ခဲ့တယ်လို့ ယူဆချင်ပါတယ်။ ၁၉၅၉ ခုနှစ်မှာ အစိုးရက ရှမ်းစော်ဘွားများရဲ့ ပဒေသရာဇ်အခွင့်အာဏာကို ရုတ်သိမ်းခဲ့ပါတယ်။ သရုပ်ဆောင်နဲ့ ဒါရိုက်တာ မြတ်လေးဟာ ပင်လုံထိပ်ထားဦး ရုပ်ရှင်ကားကို (ရှမ်းအမျိုးသားလူထုကြီးရဲ့ ပဒေသရာဇ်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဇာတ်ကျောရိုးအဖြစ်ထားပြီး) ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကျောရိုးကို ပင်လုံထိပ်ထား (တင်တင်မူ) နဲ့ ပြည်မကြီးမှ ရောက်ရှိလာသူ စာရေးဆရာ ကိုစိုးနိုင် (မြတ်လေး) တို့ ၂ ဦးအကြားက အချစ်နဲ့ ပဒေသရာဇ်စနစ် အယူအဆများ အားပြိုင်ပုံနဲ့ ထင်ဟပ်ပြ ခဲ့တာပါ။ သရုပ်ဆောင်သူများဟာ မိမိတို့ ဇာတ်ရုပ်ကို မိမိတို့ ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ကြကြောင်း ဖော်ပြရမှာ ဖြစ်ပါတယ်။ မင်းသား မြတ်လေးရဲ့ (အပြောနဲ့ သရုပ်ဆောင်မှုများကို) ရုပ်ရှင်ကြည့် ပရိသတ်ကြီးက မကြာခဏ လက်ခုပ်တီး သြဘာပေးခဲ့ကြတာကို တွေ့ရပါတယ်။ (ပင်လုံထိပ်ထားဦးသီချင်းနဲ့ ရုပ်ရှင်မှာ အစ်ကို မြတ်လေးရဲ့ အနုပညာ ၀မ်းစာကို အကဲခတ်နိုင်ဖို့ (မှတ်မိသမျှ) ပင်လံထိပ်ထားဦးသီချင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီသီချင်းဟာ အနှစ် ၅၀ ရှိပါပြီ။ ဖြည့်ကြ၊ ဖြုတ်ကြစေလိုပါတယ်။
'ပင်လုံထိပ်ထားဦး' ကို အစ်ကိုမြတ်လေး ရေးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကို အသံသွင်းသူနဲ့ သီဆိုသူကတော့ အဲဒီစဉ်က ကေသီပန် တူရိယာအဖွဲ့ခေါင်းဆောင် စန္ဒရားချစ်ဆွေ ဖြစ်ပါတယ်။ ဒီသီချင်းကို စန္ဒရားချစ်ဆွေက လွဲပြီး တခြားဘယ်သူမှ ပြန်ဆိုတာ မကြားခဲ့ပါဘူး။ စန္ဒရားချစ်ဆွေရဲ့ အသံသွင်းခွေများ ရှိနိုင်ပါတယ်။ အခုတော့ စန္ဒရားချစ်ဆွေရော၊ အစ်ကိုမြတ်လေးပါ မိမိတို့ကို နှုတ်ဆက် သွားခဲ့ကြပါပြီ။

"ပင်လုံထိပ်ထားဦး" (သီချင်း)
-(ခြေဆင်း- မောင်းသံ၊ တခုသော မောင်းသံ... ကြားလေတိုင်းမှာဖြင့်၊ ထွက်ကိုပဲ ထွက်ပြေးချင်တယ်လေ....... ။ နား.. နှစ်ဖက်ကို စုံကာပိတ်လျက်.. အတင်းရုန်းကန် ပြေးထွက်ရတာလဲ.. များပဲ များပါပြီပကောလေ...။ တခုသော အသံနောက်က.. တခုသော သဏ္ဍာန်ရောက်လာ.. ဘ၀င်တုန် စိတ်များရူးမယ့် အတိတ်ရန်ဟာလေ... ပင်လုံထိပ်ထားဦးရဲ့ အရိပ်သဏ္ဍာန်ပါ မသွေ။)
ဗူး ဖရုံ သခွါး ပဲ ပြောင်း စပါးတွေ... ထွန်နှောလာတဲ့ ဂနိုင်တောခြေ.. ငြင်းခုန်ကစားပွဲ အလောင်းအစား တွေ.... အလွန်ပေါပါတဲ့ မြိုင်မောမြေ...။
(ဗုံရှည်)၂ တီးလို့ လင်းကွင်းသံ စာစာဝေ (မော)၂ မြေ
(ထုံပေ)၂ ဟီးသမို့ သဘင်ကျင်းဟန် ဖြာဖြာနေ (သဘော)၂ တွေ....
မနက်ခင်းလင်းလို့... အိပ်ရာထမလေ.. ရှမ်းတောင်ခြေ တောခြေ.. လက်ဖက်ခင်းဆင်းလို့ လိပ်ပြအကတွေ.. စွမ်းဆောင် ဒီမောမြေ။
တို့များတောင်သူ တောင်သား.. ယာသမား အလုပ်သမားတွေ.. အမျိုးသားအမွေအနှစ် ခံယူကာ စိုးပိုင်တဲ့မြေ.. လယ်လုပ်သူတိုင်း လယ်ပိုင်စေ.. တို့များ လုပ်သား မော ဘ၀တွေ အခြေ...
လူသားတွေနဲ့ ကင်းလွတ်သူရေ..... သင် မယုံသော်လဲ.. ရှိပါစေလေ..၊ ဘုရင်ဂုဏ်သဘောမှာ သွေးခွဲတဲ့.. ပင်လုံမောကလျာ အရေးပဲမို့လေ.. သင်မယုံသောအခါ တမေးထဲ မေးနေမယ် အရှည်.. ကဲ.. သင်မယုံတော့လဲ.. ကဲ.. ရှိပါစေလေ..။
ရှမ်းပြည်ရောက်လို့လဲ.. အနယ်ထိုင်နေ..
မှန်းခြေမပေါက်လို့လဲ.. မနေနိုင်ပေ..
စမ်းရေသောက်ဖို့ပဲ.. အခြေဆိုင်သလေ..။
ရှမ်းပြည်ရောက်သွား.. စခန်းခြေအောက်နား.. အပမ်းဖြေ တထောက်နားနေ...။ ထိုအခါကျမှ မောများဘက်တော်သူက တောကစား ထွက်တော်မူသတဲ့လေ... အခါခွင့်ကြုံကြိုက်ကြသမို့.. ဖူးမျှော်ကြတာတွေ.. စုံလင်သိုင်းဖွဲ့ အရိုင်း အကိုညီတွေ.. ခြုံသင်တိုင်းနဲ့ ပလိုင်း ကိုယ်စီဝေ...။
အဲဒီအထဲများ.. ကျွန်တော်ကပဲ ငေးမော ပြန်ကာနေ.. ဒါကို ပင်.. ဒေါပွတယ် သတဲ့လေ.. မဖူးမြှော်ကောင်းလားလို့.. ကမ္ဘာရန်တမျှ အခြေ.. အထူးခေါ်ထောင်းထားလို့ အနာဒဏ် ဘ၀စေ.. ကျူးကျော် ကြောင်းတရားနဲ့ ရာဇမာန်ရှနေ...။
ရနံ့သင်းကင်းမဲ့တဲ့ ပန်းဒေလီယာအခြေ
ပျံ့သင်းနှင်းတွဲ့တွဲ့ ရှမ်းပြည်ဆီမှာလေ
ဟန်တင်းကင်းမဲ့မဲ့ နန်းဗွေသီဟာရေ...။
အခန်းဆပြီးမျှော် တွေးဆတော့.. နန်းကျသမီးတော်လေး ဘ၀ပါပေ...။ သူ့ကိုယ်သူ.. အသွင်တမူခြား.. ဘုရင်တဆူလား မင်းမူပြန်လို့နေ..။ အခြေအမြစ် အရင်းခံစရိုက်က ပဒေသရာဇ်အကြွင်းအကျန် ဂိုက်တွေ ထားနေတယ်လေ..။ အသားဆီ.. အဆန်းချီတွေချဲ့.. ပါးနီ နှုတ်ခမ်းနီတွေနဲ့ မှုန်းသလို့နေ.. အဆန်းမတူပါပေ၊ လူ့လောက ဟန်ပန်အရေးနဲ့ ပျမ်းမျှကြေးအခြေ.. ဥရောပ ဆန်ဆန်တွေးတဲ့ (ရှမ်း)၂ မလေးရေ...
အတူတလှမ်း မသွားဘဲ.. အသဲစား ချူပြီးကာမွှေ
တမူဆန်းပြား.. တလွဲမှား.. အယူသည်းပါပေ..
လူအတန်းစား.. တကတဲ ခွဲခြားသူကြီးရေ...။

ရန်ကုန်တက္ကသိုလ်ရဲ့ ခြောက်ဆယ်စုနှစ် ပုံရိပ်များကို မှတ်တမ်းတင်လျင်၊ ရုပ်ရှင်သရုပ်ဆောင်၊ တေးပြုစာဆိုမြတ်လေး၊ စန္ဒရားချစ်ဆွေ၊ ကိုလေးညွန့်တို့ ကိုယ်စားပြုတဲ့ ကေသီပန်တူရိယာအဖွဲ့ မပါလျှင် မပြည့်စုံနိုင်ပါဘူး။ ကျောင်းသားပွဲတော်များ၊ နှုတ်ဆက်ညစာစားပွဲကြီးများ၊ အထိမ်းအမှတ် အခမ်းအနားများဟာ ကေသီပန်မပါရင် မပြည့်စုံဘူးလို့ ဆိုရပါမယ်။ 'အနှစ်နှစ်ဆယ်တေး' မှတ်တမ်းမှာ ကေသီပန်ရဲ့ ခေတ်ပေါ်တေးများ၊ အသံဖွဲ့စည်းမှုများ ကိုယ်စားပြုထားတဲ့ ဒဿနများဟာ 'ခေတ်တခေတ်' ကို ကိုယ်စားပြုခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 'ပန်းတိုင်းပွင့်ပါစေ၊ ပင်လုံထိပ်ထားဦး၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ၊ မခင်နှင်းဆီ သီချင်းတွဲများ၊ စန္ဒရားချစ်ဆွေရဲ့ မေ့ကွက်ကိုရှာ၊ မနက်ဖြန်မှဆက်ငိုမယ်' စတဲ့ တေးအဖွဲ့များနဲ့ ခံစားချက်တေးများ ဟာ မြန်မာ့ခေတ်ပေါ်တေးဂီတသမိုင်းမှာ ကြံ့ခိုင်တဲ့မှတ်တိုင်များ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဥာဏ်မောင်ချစ်
[ပိတောက်ပွင်သစ်မဂ္ဂဇင်း၊ အမှတ်(၂၆)၊ စက်တင်ဘာလ၊ ၂၀၀၉ မှ ကူယူဖော်ပြပါတယ်။]

Tuesday, October 27, 2009

ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ
ရေးသူ-လူထုဦးလှ


ဒေါ်အမာ
လူထုသတင်းစာတိုက်
မန္တလေး။
ရန်ကုန်ဗဟိုစံပြထောင်
၃-၂-၅၄


မာ,
ဇန္န၀ါရီလ ၂၀ ရက်နေ့က ရန်ကုန်ကို ချောချောမောမော ရောက်ပါတယ်။ ကိုယ်တို့ စီးလာတဲ့ လေယာဉ်ပျံကလဲ တရားခံတယောက် ပါလာတယ်ဆိုပြီး ၀ူးဝူး ၀ါးဝါး မလုပ်ပါဘူး။ တလျှောက်လုံး သဘောကောင်းပါတယ်။ လေယာဉ်ပျံကြီးက သက်မဲ့ သတ္တ၀ါမို့လား? ရာသီဥတုက ကောင်းလို့ဘဲလား? အကြောင်း ၂ ခုလုံးကြောင့်ဘဲလား? ၂ ခုလုံးကြောင့် ဖြစ်ပါလိမ့်မယ် ထင်တယ်၊ ငြိမ်လိုက်တဲ့ လေယာဉ်ပျံ။


မင်္ဂလာဒုံလေဆိပ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့သား ၂၀၀ လောက်က ပန်းစည်းတွေ, ဘာတွေနဲ့ ဆီးကြိုနေကြတယ်။ ၁၉ ရက်နေ့ကလဲ တကြိမ် လာကြိုကြသေးသတဲ့၊ အဲဒီနေ့က ဆိုရင် လူ ၃၀၀ လောက် ရှိတယ်တဲ့၊ ၀မ်းနည်းထိခိုက်တဲ့ မျက်နှာများနဲ့ ပန်းစည်းများ ကိုယ့်ကို ပေးကြတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့ ကိုယ့်ကို လွှတ်ပေးဘို့လဲ ကြွေးကြော် ကြတယ်။ စုံထောက်အရာရှိ ၄, ၅ ယောက်ကလဲ တာဝန်အရ လာစောင့်နေကြရတယ်။ ရန်ကုန်က လာကြိုကြတဲ့ လူတွေကို ကြည့်ပြီး မန္တလေးလေဆိပ်မှာ မိဘဆွေမျိုးတွေနဲ့ မင်းတို့တတွေ၊ ငြိမ်းချမ်းရေးဘက်တော်သား ၃, ၄ ရာနဲ့ သတင်းစာဆရာတွေ၊ ဦးမူတို့လို မိတ်ဆွေတွေ လိုက်ပို့တာကို ပြန်မြင်နေမိတော့တယ်။ ချမ်းမြသာစည် လေဆိပ်ရောက်တော့ မင်းက ကိုယ့်နားမှာ ထိုင်ပြီး မှာချင်တာတွေ မှာလိုတဲ့အခါမှာ စုံထောက်အရာရှိတဦးက ဘာများပြောမှာပါ လိမ့်ဆိုပြီး၊ တို့ ၂ ယောက် စကားပြောတာကို အတင်းဝင်နားထောင်တာတွေ၊ မင်းဟာ သတ္တိကောင်းတဲ့ မိန်းမဖြစ်ပြီး၊ ကိုယ့်ကို ရန်ကုန်ပို့ဘို့ လေဆိပ်ကို ခေါ်လာတဲ့အခါ မျက်ရည်ကျတာတွေကို မြင်ယောင်နေ တယ်။
ငြိမ်းချမ်းရေး ဘက်တော်သားတွေက ပန်းစည်းများနဲ့ လာစောင့်ကြပေမယ်လို့၊ မင်္ဂလာဒုံ လေဆိပ်မှာ ရန်ကုန်ရဲအဖွဲ့ဝင်တွေက စီကလပ် အကျဉ်းသားတွေ ရုံးထုတ်တဲ့ ထောင်အချုပ်ကားအစုတ် ကြီးနဲ့ ကိုယ့်ကို လာကြိုနေကြတယ်။ ကားက အချုပ်ကား၊ အဟောင်းကြီးလဲဖြစ်၊ စုတ်လဲစုတ်တယ်။ ကိုယ့် မျက်စိထဲမှာဖြင့် တို့မန္တလေးက အသုဘကားအစုတ်မျိုး ခတ်ဆန်ဆန်ဘဲ။ ဒါကြောင့် ကိုယ်က ဒီကားနဲ့တော့ မလိုက်ဘူးလို့ ပြောရတယ်။ ဒီတော့ ရန်ကုန်ရဲအဖြစ်နဲ့ နှစ်ပေါင်းတော်တော်ကြာကြာ အမှုထမ်းဘူးတဲ့ ကိုယ့်ကို တာဝန်ခံခေါ်ဆောင်လာတဲ့ မန္တလေးခရိုင်ရဲဝန်ကြီး ဦးဘဦးက လာကြိုတဲ့ ရဲအုပ်ကို အပြစ်တင်တယ်။ ၀ိုင်ယာလက်ကားတစီးလောက် ခေါ်ခဲ့စရာ ကောင်းတယ်လို့ ပြောတယ်။ ဒါနဲ့ ဦးဘဦးက တိုက်စီတစီးငှားပြီး ဘားလမ်းမြို့မအချုပ်ထောင်ကို ကိုယ့်ကို လိုက်ပို့တယ်။ ကိုယ်က ဘားလမ်းအချုပ်အကြောင်း ကြားဘူးထားတာနဲ့ ရန်ကုန်ထောင်ကို တိုက်ရိုက် ပို့ပေးနိုင်မလားလို့ ဦးဘဦးကို မေးပါရဲ့။ ဦးဘဦးက သူ့တာဝန်က ကိုယ့်ကို ရန်ကုန်ရဲကို အပ်ဘို့ ဖြစ်တယ်။ ရန်ကုန်ရဲကမှ တခြားတာဝန်တွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောပြပြီး၊ ဘားလမ်းမှာဘဲ ထားခဲ့ပါတယ်။ ဟုတ်မလား မပြောတတ်ပါ။ သူတို့ထုံးစံတွေ ကိုယ်လဲ နားမလည်ပါ။
၂၀- ရက်နေ့ ညတညတော့ ငရဲပြည် အလည်ရောက်တဲ့ ညပါဘဲ။ ဘားလမ်း မြို့မအချုပ်ဟာ ဒါကြောင့်လဲ နာမည်ကြီးတာပါဘဲ။ မှောင်လိုက်တာက ရစရာ မရှိဘူး။ ၂၄-နာရီ မီးထွန်းထားရတယ်။ လေကောင်းလေသန့်ဆိုတာက ဘလာနတ္ထိဘဲ။ နေရောင်ဆိုတာ ဖြူသလား မဲသလားသာ မေးကြပေ တော့။ ဆူသံညံသံတွေကလည်း စိတ်မချမ်းသာစရာဘဲ။ ရေချိုးဆင်းရဲတာကလဲ ပြောစရာမရှိဘူး။ အဲဒီ အချုပ်ခန်းထဲမှာ တချို့ တရားခံတွေဟာ ၆,လ တနှစ်ရှိနေကြပြီ။ တဦး၊ ၂ဦးဟာ ၁, နှစ်၊ ၂နှစ်ရှိနေပြီမို့ အသားအရေတွေဟာ သွေးရောင်သားရောင် မရှိတော့ဘူးတဲ့။ ကိုယ်နဲ့တော့ မတွေ့ရပါဘူး။ ကိုယ်နဲ့တခန်းထဲ အတူနေရတဲ့ ကျောင်းသားကလေးတယောက်က ပြောပြလို့ သိရတာဘဲ။ သူကလေးကိုက ဒီအခန်းကျဉ်းကလေးထဲမှာ ၂လ,၃လ, ရှိပြီဆိုလား? သူကလေးကတော့ အုတ်နံရံမှာ ကျောင်းသားတံဆိပ်တွေ ရေးဆွဲတယ်။ ကဗျာလင်္ကာတွေ ရေးခြစ်တယ်၊ ကာတွန်းတွေ ရေးတယ်။ နေ့စဉ် သူဒါတွေ လုပ်နေတာဘဲတဲ့။
တရားခံတွေ ဇွဲကြိုးချ သေတတ်လွန်းလို့တဲ့၊ ဘားလမ်းအချုပ်ခန်းမှာ ခြင်ထောင် ထောင်ခွင့် မပြုဘူး။ ခြင်ကလည်းကိုက်၊ ပိုးဟပ်ဖြူကြီးတွေကလည်း ပေါ၊ နှုတ်ခမ်းမွေးရှေရှေနဲ့ မြေကြွက်အိုကြီးတွေ ကလဲ ၀င်ဝင်လာတော့ အိပ်ပျော်သည်ရှိ၊ မပျော်သည်ရှိ ခြင်ထောင်နဲ့ အကာအကွယ်လုပ်ပြီး လှဲနေတာ အညောင်းသက်သာမယ် ဆိုပြီး ခြင်ထောင် ထောင်ခွင့်တောင်းရတယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေက လာကြည့်ပြီး ကိုယ့်ကိုတော့ ခြင်ထောင် ထောင်ခွင့်ပြုပါတယ်။ ထောင်လို့ ရအောင်လဲ ကူညီကြတယ်။ အဲဒါကြောင့် နဲနဲတော်သေးတာပေါ့၊ မဟုတ်ယင် အသွေးတွေ အသားတွေ လှူရလို့ တော်တော်ကုသိုလ် ရလိုက်ဦးမှာ။ ခြင်ထောင် ထောင်ရပေမယ်လို့ တညဥ့်လုံး အိပ်လို့ မပျော်ပါဘူး။ နဲနဲပါးပါးမှေးရ အညောင်းဆန့်ရတာလောက် ရှိတာပါဘဲ။ ညစ်လဲညစ်ပတ်၊ ဆူလဲဆူ၊ အိမ်သာနံ့ကလဲနံတော့ အိပ်လို့ ဘယ်ရနိုင်ပါ့မလဲ? ဒီဘားလမ်းအချုပ်မှာ အမျိုးသမီးတွေကိုလဲ ချုပ်ထားတယ်။ မကောင်းတဲ့ အလုပ်နဲ့ ပတ်သက်ပြီး အဘမ်းခံထားရတဲ့ အမျိုးသမီးကလေးတဦးကတော့ စိတ်ကနဲနဲ နောက်နေသတဲ့။ သူကဖြင့် တညလုံး သီချင်းဆိုနေတာဘဲ။ အသံကလဲ ကောင်းပါရဲ့၊ သီချင်းကလဲ ကောင်းပါရဲ့၊ ဒါပေတဲ့ ဘ၀ဆုံးရှုံးနေတဲ့ မိန်းကလေးရယ်လို့လဲသိ၊ စိတ်မကောင်းတဲ့ အရူးမ,ကလေးမှန်းလဲသိနေတော့ သူ့သီချင်းတွေဟာ ကိုယ်နေရတဲ့ ငရဲခန်းထဲမှာ သာသာယာယာ မဖြစ်လာဘူး၊ ငရဲပြည်က ငရဲပန်းပန်ပြီး တေးသီချင်းတွေကို ပူပူလောင်လောင် ဆိုနေတာလို့ဘဲ ထင်မိတယ်။ အမှန်ကတော့ ဟုတ်လဲဟုတ်ရှာ မှာပါဘဲ။ ရင်ထဲမှာ ပူလောင်နေရှာမှာပါဘဲ။
၂၁ ရက်နေ့ ၁၀ နာရီခွဲလောက်မှာ ဘားလမ်းအချုပ်ကနေပြီး ပုလိပ်ရုံးကြီး ပထမအထပ်က တရားသူကြီး ဦးကျော်ဂေါင်ရဲ့ နံပါတ် ၈ ရုံးကို ရဲအမှုထမ်းများက လာခေါ်သွားတယ်။ ကိုအေးမောင် (ဦးအေးမောင် ဘီအက်စ်စီ-ဘီအယ်လ်) တယောက်ကဖြင့် တရားသူကြီးရှေ့မှာ ခေါင်းပေါင်းကြီး တကားကားနဲ့ ဘာတွေလုပ်နေ ပြောနေသလဲ မသိပါဘူး။ ၀တ်လုံလို ၀တ်စားထားတော့ ကိုအေးမောင် ဟာ တော်တော်လေးခန့်တယ်။ အိနြေ္ဒရတယ်။ အမှုနဲ့ပါတ်သက်ပြီး ထုံးစံအတိုင်း ပြောစရာတွေ ပြောနေတာ ပေါ့လေ။ တခြားမိတ်ဆွေဝတ်လုံတွေလဲ လာကြတယ်။ သူတို့လိုက်ပါ ဆောင်ရွက်ပေးဘို့ အသင့်ပါဘဲလို့လဲ ကိုယ့်ကို ပြောကြတယ်။ အမှုက တယ်လဲ မကြီးကျယ်လှပါဘူး။ အားလုံးဝိုင်းမလိုက် လောက်ပါဘူး။ ကိုအေးမောင်ကိုဘဲ တာဝန်ပေးပါရစေတော့လို့ ပြောပြတောင်းပန် ရပါတယ်။ ဒါကြောင့် အမှုကို ကိုအေးမောင်ဘဲ လိုက်လိမ့်မယ်။ သူကတော့ ညီအစ်ကိုအရင်းနဲ့ မထူးဘူး။ အစွမ်းကုန် ကြိုးစားမှာဘဲ။ သူ့ဆိုတော့ အားလဲ မနာရဘူး။ အစ်ကိုကြီးဦးကျော်မြင့် (တရားလွှတ်တော် ချုပ် တရားဝန်ကြီးဟောင်း၊ ၀တ်လုံဦးကျော်မြင့်) တို့ဆိုတော့ အားနာစရာ ကောင်းပါတယ်။ အမှု ရန်ကုန်မပြောင်းဘို့ ကိစ္စမှာလဲ အစ်ကိုကြီးဦးကျော်မြင့်က ကိုအေးမောင်နဲ့အတူ တရားလွှတ်တော် (ဟိုက်ကုတ်) မှာ လိုက်ပေးခဲ့ပြီးပြီ၊ ပိုက်ဆံပေးလို့လဲ ယူမှာမဟုတ်ဘူး။
ကိုအေးမောင်ရဲ့ ဇွဲနဲ့ ၀ိရိယကို ကိုယ်သိတယ်။ စေတနာတော့ မင်းသိပြီးတဲ့ အတိုင်းဘဲ။ ဒါကြောင့် အမှုအတွက် အစ,စ စိတ်ချတော့၊ အကောင်းဆုံး ဖြစ်နိုင်တာ ဖြစ်မှာဘဲ။
တို့မိတ်ဆွေကြီး မစ္စတာဘိုစ့်တို့၊ ကိုမြစိန်တို့၊ မစ္စတာဗါးမားတို့နဲ့ မန္တလေးကမိတ်ဆွေ ရှေ့နေကြီးများကိုလဲ ဒီအကြောင်း ပြောပြလိုက်ပါ။
အဲဒီ ၂၁ ရက်နေ့က ၈ နံပါတ် တရားသူကြီးရုံးမှာ မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြည့်ကြပ်သွား တာဘဲ။ ထုံးစံအတိုင်း လုပ်စရာတွေ လုပ်ပြီးသည်နောက် မွန်းလွဲ ၁ နာရီလောက်မှာ ရဲမှူးတယောက်နဲ့ ရဲအုပ်တယောက်က ရန်ကုန်ထောင်ကြီးကို လိုက်ပို့ပါတယ်။ ဒီအကြောင်းတွေတော့ သတင်းစာတွေ ထဲမှာ ဘတ်ရလို့ မင်းတို့ သိပြီးရောပေါ့။
ထောင်ရောက်တော့ တော်တော်စိတ်ချမ်းသာရပါတယ်။ အားလုံးကဘဲ ဂရုလဲစိုက်ပါတယ်၊ စားလို့ သောက်လို့လဲ ကောင်းပါတယ်။ အသိမိတ်ဆွေတွေလဲ အများကြီးဘဲ၊ ဘက်တမင်တန်လဲ ရိုက်ရပါတယ်။
ကလေးတွေ နေကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
နောက်မှ စာရေးဦးမယ်။
မောင်လှ



စာအမှတ်-(၁၇)

ဗဟိုစံပြအကျဉ်းထောင်ကြီး
ရန်ကုန်
၁၃၁၇-ခု တော်သလင်းလ္ဆန်း ၇ ရက်
၂၃-၉-၅၅

မွန်စီယာ နှင့် မဒမ် တို့-
မင်းတို့ အစ်ကို- ကိုတင်မောင် ထောင်ဝင်စာလာတဲ့နေ့က မောင်စိုးဝင်းနဲ့ မောင်ချစ်ခင်တို့ ပြင်သစ်စာသင်နေကြောင်း၊ တော်တော်တတ်ပြီဖြစ်ကြောင်း၊ ဘတ်စာအုပ်အချို့ မှာလို့ဝယ်ပို့လိုက်ရ ကြောင်း၊ 'ဖါသာ' ဘုန်းတော်ကြီးတပါးက သင်ပေးနေကြောင်းများ ပြောပြသွားပါတယ်။ ဖေဖေ့အတွက် ဒီသတင်းဟာ သတင်းကောင်းတခု ဖြစ်ပါတယ်။ ၀မ်းသာနေပါတယ်။ ဒါကြောင့် မင်းတို့ ညီအစ်ကို ၃ ယောက်ကို ဖေဖေက မွန်စီယာ၊ ညီအစ်မနှစ်ယောက်ကို မဒမ်လို့ ခေါ်လိုက်ပါတယ်။
ပြင်သစ်စာဟာ ကမ္ဘာမှာ အလှပဆုံးစာလို့ ဆိုလေ့ပြောလေ့ ရှိကြတယ်။ ဖေဖေတို့ တိုင်းပြည်မှာ ဗမာထဲက ပြင်သစ်စာ တော်တော်တတ်တဲ့လူတွေ ဗမာရှင်ဘုရင် လက်ထက်ကတည်းက တော်တော် များများ ရှိကြတယ်။ ပြင်သစ်နဲ့ ဆက်သွယ်မှုက များခဲ့တာကိုး။ ပြင်သစ်ပြည်ကိုလည်း ပညာတော်သင် လွှတ်ခဲ့ကြတယ်။ မင်းတုန်းဘုရင်ကြီး လက်ထက်ကတည်းက ပြင်သစ်ပြည်ကို ပညာတော်သင်တွေ လွှတ်ခဲ့ပါတယ်။ ဂျပန်နဲ့ ဗမာဘုရင်တွေဟာ ပညာတော်သင် လွှတ်တဲ့နေရာမှာ တပြိုင်တည်းလိုဘဲ။ အနောက်နိုင်ငံတွေမှာ ပညာတော်သင် ကျောင်းသားချင်း တွေ့ကြတဲ့ မှတ်တမ်းတွေ ဘာတွေ ရှိတယ်။ ဒါပေမယ့် တို့ပြည်ကတော့ နယ်ချဲ့လက်လှမ်းနဲ့နီးလို့ ဘုရင်ပါ အဘမ်းခံရတော့ ဂျပန်ပြည်လို စက်မှုလက်မှု လောကဓာတ်ပညာ ကြီးပွါးတိုးတက်ဘို့ အခွင့်အရေး မရလိုက်ဘူး။ တို့ ဗြိတိသျှကျွန်ဖြစ် နေခိုက်မှာ ဂျပန်ဟာ ကြီးပွါးတိုးတက်ခဲ့တာပဲ။ စက်မှုတွေ ထွန်းကားပြီး အနောက်နယ်ချဲ့သမားတွေကို အန်တုနိုင်ခဲ့တယ်။ သူတို့ကိုယ်တိုင်လည်း အနောက်နယ်ချဲ့သမားတွေနဲ့ ယှဉ်ပြိုင်ပြီး နယ်ချဲ့နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ဒီနယ်ချဲ့ဝါဒ လက်ကိုင်ထားလို့လဲ ကနေ့ သူတို့ကိုယ်တိုင် အမေရိကန်ကိုလိုနီတပိုင်း ဖြစ်နေရတယ်။ နယ်ချဲ့ကျွဲချင်းခတ်ကြတာနဲ့ တို့တိုင်းပြည်လဲ စစ်မြေပြင် နှစ်ခါ ဖြစ်ပြီး ပြာပုံအတိ ဖြစ်ရတာဘဲ။
ပြင်သစ်အကြောင်း ပြောနေရာက ဘယ့်နှယ် ဂျပန်အကြောင်း ရောက်သွားပါလိမ့်။
ဗမာလူကြီးထဲက ပြင်သစ်စာ အတတ်ဆုံးတယောက်ကတော့ ဒေါက်တာဘမော် ဖြစ်လိမ့်မယ်။ သူ ဒေါက်တာဘွဲ့ ရတာကိုက ပြင်သစ်ကကိုးကွဲ့။ ဗုဒ္ဓဘာသာအဘိဓမ္မာအကြောင်း စူးစမ်းချက်တရပ်ကို ရေးပြီး တင်ပြလို့ ရတာတဲ့။ အဓိပတိအဖြစ်နဲ့ ဂျပန်ပြည်ကို သွားတုန်းက ဆိုရင်လဲ အင်္ဂလိပ် အမေရိကန် က ဂျပန်ရဲ့ အဓိကရန်သူမို့ သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို အဓိပတိကြီးက ဂျပန်ပြည်မှာ မသုံးဘူး။ ပြင်သစ်လို မိန့်ခွန်းပြောတယ်။ ပြင်သစ်စကားကို ဆက်သွယ်ရေး စကားအဖြစ်နဲ့ အသုံးပြုတယ်။ စကားပြောကလဲကောင်း၊ ဟန်ပန်အမူအရာကလဲ မင်းသားကြီး ရှုံးတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဂျပန်တွေက သူတို့ တင်ထားတဲ့ အဓိပတိကို အင်မတန်သဘောကျ ဆိုဘဲ။ ဂျပန်စကားလဲ မတတ်တော့ အင်္ဂလိပ်စကားနဲ့ ပြောတာထက်တော့ ပြင်သစ်လိုပြောတာက နိုင်ငံရေးပရိယယ်ရေးရာမှာ ပိုအဆင် ပြေသပေါ့ကွယ်။ အဲဒီတုန်းက ဂျပန်ကလဲ ဆန်စားတယ်၊ ဗမာကလဲ ဆန်စားတယ်။ ဒါကြောင့် အတူတူဘဲလို့ ဆွေမျိုး စပ်ကြပြီး ဂျုံစားတဲ့ အင်္ဂလိပ် အမေရိကန်တွေကို ဆန်စားတဲ့ လူတွေက အပြုတ်တိုက်မယ် လို့များတောင် ဂျပန်တွေက ၀ါဒဖြန့်ကြသေးတယ်လေ။ ဂျပန်စစ်ဝါဒဖြန့်ပုံဟာ အဲဒီလို အယူအဆတွေ လဲ ပါတာဘဲ။
အခုနောက်ပိုင်းမှာ ပြင်သစ်စကားနဲ့ စာတတ်တဲ့လူတွေ တော်တော်များများ ထွက်လာကြပါပြီ။ ဒေါက်တာဂွမ်လျောင်၊ ကိုချစ်ကြည်၊ သံအမတ်ဦးဇော်ဝင်းရဲ့ သမီးလေးနဲ့ တချို ဗမာသစံရုံးက အရာရှိများနဲ့ ဗမာပြည်က ကျောက်ကုန်သည်များဘဲ။
မင်းတို့ ညီအစ်ကို ပြင်သစ်စာနဲ့ စကား အခြေခံတော်တော် ရပြီဆိုရင် နောက် ၂ နှစ် ၃ နှစ်မှာ တော်တော်နေရာကျလိမ့်မယ်။ ပြင်သစ်စာသင်စေချင် တတ်စေချင် တာကတော့ ကမ္ဘာ့စာပေနဲ့ ဗဟု သုတအရပ်ရပ်ကို နှံ့စေချင်တာရယ်၊ လောကဓါတ် ပညာ အဘိဓမ္မာပညာရပ်တွေကို လေ့လာနိုင်ဘို့ အတွက်ရယ်ပါဘဲ။ ပြင်သစ်ပြည်ကို ပညာတော်သင်သွားခွင့် ရဘို့တော့ တယ်မလိုလားလှဘူး။ ပြင်သစ်ပြည် အထူးအားဖြင့် ပါရီမြို့တော်ကြီးဟာ လူငယ်-လူရွယ်တွေရော၊ လူကြီးတွေပါ အလွန်ပျက်စီး လွယ်တဲ့ နေရာဖြစ်တယ်လို့ တကမ္ဘာလုံးမှာ မကောင်းတဲ့ ကျော်စောသတင်းကြီး ပျံ့နေတယ်။ လူတွေဟာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ ဆက်ဆံရေးကောင်းကြတယ်။ ဒါပေမယ့် သူတို့ဆီမှာ သေရည်သေရက်၊ အာရုံငါးပါး၊ ကပွဲတွေနဲ့ အခြားပျက်စီးစရာတွေက အလွန်ပေါသတဲ့။ တချို့ တိုင်းပြည်က ဖွင့်ထားတဲ့ သံရုံးမှာလုပ်နေကြတဲ့ အရာရှိတွေတောင် ပျက်စီးကြလို့ တိုင်းပြည်တော်တော် များများက ပြင်သစ်ပြည်ဆိုင်ရာ သံရုံးတွေမှာ ဒီပြဿနာဟာ စဉ်းစားစရာတွေ ဖြစ်နေကြသတဲ့။ ကုန်ဈေးနှုန်းက ကြီးမြင့်တော့ သံအရာရှိတွေဟာ ရတဲ့ငွေနဲ့ မလောက်ကြဘူးတဲ့။ တချို့ကပြောတော့ ပါရီရဲ့ အတွေ့အကြုံနဲ့ ရှုကွက်မြင်ကွက်တွေကို ဘော်ပြထားတဲ့ စာအုပ်တအုပ်ထွက်ဘူးသတဲ့။ ပြင်သစ် လူမျိုး တချို့ကတော့ ဒီလူကြိုက်များတဲ့ ပျက်စီးလမ်းများနှင့် တခြားကြည့်စရာ ရှုစရာတွေဟာ သူတို့တိုင်းပြည်ကို နိုင်ငံခြားသားတွေ လာစေချင်တဲ့ အဆွဲဓာတ်တခုဘဲလို့ ယူဆကြသတဲ့။ နိုင်ငံခြားသားတွေ လာတော့ ပေါင်စတာလင်တို့၊ ဒေါ်လာတို့ဆိုတဲ့ တိုင်းပြည်မက်တဲ့ နိုင်ငံခြားအဘိုးတန် ငွေတွေ လွယ်လွယ်နဲ့ ရသတဲ့။ ခက်လဲခက်ပါဘိတော့တယ်။ ဒီဝါဒမျိုး တို့ဆီ မရောက်သေးတာ တော်သေးတော့တယ်။ တို့ဆီမရောက်သေးပေမဲ့ တို့နဲ့ အိမ်နီးနာချင်း ယိုးဒယားပြည်ကိုတော့ ရောက် နေပြီ။
ယိုးဒယားပြည်မှာ အနောက်နိုင်ငံတွေရဲ့ မကောင်းတဲ့ ယဉ်ကျေးမှုတွေ ၀င်နေပုံဟာ ကြောက် စရာဘဲ။ ၀တ်လစ်စလစ် အကတွေဟာ ဘုရားပွဲတွေမှာတောင် ရုံထိုးပြီး က,နေကြပြီတဲ့။ တချို့ရုံတွေဟာ ဘုန်းကြီးကျောင်းထဲမှာတဲ့၊ အဲဒီအထိ ဆိုးနေကြပြီလေ။ ဒါကြောင့် တနိုင်ငံနဲ့တနိုင်ငံ ယဉ်ကျေးမှုဖလှယ် ကြတဲ့အခါ ဒီလို ယဉ်ကျေးမှုမျိုးတွေပါ သိမ်းကျုံးယူငင် ဆွဲမသွင်းလာကြဘို့ အလွန်အရေးကြီးတာပေါ့ ကွယ်။ ယိုးဒယားပြည်ရဲ့မြို့တော် ဘန်ကောက်မြို့ဆိုတာ အရှေ့နိုင်ငံများရဲ့ ပါရီမြို့လို့ အခုတွင်နေပြီလေ။ ဒီလောက်အထိ ဂုဏ်သတင်း မြင့်နေပြီပေါ့။ ခေတ်ဟောင်း အခါတုန်းကတော့ ဒီဘွဲ့ထူးကို တရုတ်ပြည်မှာ အကြီးဆုံးဖြစ်တဲ့ ရှံဟဲမြို့က ယူတယ်။ အခုတော့ ရှံဟဲမြို့မှာ ပြည့်တန်ဆာနဲ့ ၀တ်လစ် စလစ်အကဆိုရင် ဆေးဖော်ချင်လို့တောင် စုလို့ရမယ် မထင်တော့ဘူး။ ခေတ်ကြီးက အဓမ္မပြောင်းသွား ပြီ။
တို့အရှေ့ဘက် အာရှတိုက်မှ အဆိုးဝါးဆုံး တနေရာကတော့ ဂျပန်ပြည်ဘဲ။ မူလကတည်းက ပြည့်တန်ဆာလုပ်ငန်းဟာ ဥပဒေ၀င် ဖြစ်တဲ့အပြင် အခု စီးပွါးရေးကြပ်တည်းပြီး နိုင်ငံခြားသား စစ်တပ်တွေ ရှိနေတော့ မရှုမလှ ဒုက္ခတွေ့နေကြတာပေါ့။ ဂျပန်ပြည်မှာ အမေရိကန် လေတပ်စခန်း တွေက အခုထိ ချဲ့နေတုန်းဘဲ။ လယ်သမားတွေက ကန့်ကွက်ကြပေမဲ့ သူတို့ လယ်တွေမှာဘဲ လေယဉ်ကွင်းတွေ ချဲ့နေကြတာဘဲ။ ဆန္ဒပြကန့်ကွက်လို့ ပုလိပ်က နှိမ်တာနဲ့ သေကြကြေကြ ဒဏ်ရာ ရကြပေါ့ ကွယ်။ (၁) မြေနည်းရတဲ့အထဲ လယ်မြေတွေကို စစ်အခြေခံစခန်း` လေယဉ်ကွင်းတွေ လုပ်တဲ့အတွက် (၂) လေယဉ်ပျံ တ၀ီဝီနဲ့မို့ ကလေးတွေ စာသင်ပျက်လှတဲ့အတွက် (၃) အရက်မူးပြီး စစ်သားတွေက ရွာတွေ ၀င်ရမ်းတဲ့အတွက် (၄) လေယဉ်ပျံကွင်းနဲ့နီးတဲ့ ရွာတွေက မိန်းကလေးတွေ ပျက်စီးရလွန်းတဲ့ အတွက် ကန့်ကွက်ဆန္ဒပြရခြင်း ဖြစ်သတဲ့။ တိုကျိုလို မြို့ကြီးတွေမှာ ပြည့်တန်ဆာအဖြစ်နဲ့ ငွေရှာရတဲ့ မိန်းကလေးတွေကို မဆိုထားနဲ့ အမေရိကန်လေယဉ်ပျံကွင်းနဲ့ စစ်စခန်းကြီးတွေ နားမှာ ရှိကြတဲ့ ရွာကလေးတွေမှာ ပျက်စီးရတဲ့ မိန်းကလေးတွေ အပေါ်မှာ၊ အမေရိကန် စစ်သား လေတပ်သားတွေက သုံးရတဲ့ ငွေကဘဲ တနှစ်ဆိုယင် ဒေါ်လာတသန်းရှိမယ်လို့ ခန့်မှန်းရသတဲ့။ အင်း... ကျေးဇူးတင်စရာ ပေါ့ကွယ်။ နိုင်ငံခြားငွေ ဒေါ်လာတွေ ပေးပေသကိုး၊ ဒုက္ခ........ ဒုက္ခ......။
ဖေဖေ့စာက နည်းနည်း သဝေထိုးနေပြီလား? အတိုချုပ်ကတော့ ငါ့သားတို့ ပြင်သစ်စာ သင်တာကို ဖေဖေ သဘောကျတယ်။ ဒါပေမဲ့ ကိုယိ့သားသမီး ရွှေတုံးရွှေခဲတွေမို့ မိဘတိုင်းက ပျက်စီးမှာတော့ စိုးတာချည်းပဲ။
ရာဇ၀င်မှာ ပျက်စီးဘူးတဲ့ သာဓကလဲ ရှိတယ်။ ကင်းဝန်မင်းကြီး ပြင်သစ်သွား ဒိုင်ယာရီဆိုတဲ့ စာအုပ်အထူ အဟောင်းကြီး တအုပ် ဖေဖေ့ စာအုပ်ဘီရိုတခုထဲမှာ ရှိလိမ့်မယ်။ ကင်းဝန်မင်းကြီးဟာ ပြင်သစ်ကို သွားတော့ အီတလီပြည်ကို အရင်ဝင်ရတယ်။ အီတလီမှာ လောကဓါတ်ပညာ လေ့လာနေ တဲ့ ဗမာကျောင်းသားတွေနဲ့လဲ တွေ့တယ်။ ဆုံးမစကား ပြောခဲ့တယ်။ ပါရီရောက်တော့ ဖေဖေတို့ ဗမာပြည်က မင်းတုန်းဘုရင်ကြီးရဲ့ ၀န်ကြီးအဖွဲ့က ရွေးချယ်ပြီး လွှတ်ထားတဲ့ မောင်တရုတ်ဖြူဆိုတဲ့ လူငယ်ဟာ ပညာကောင်းစွာ မကြိုးစားဘဲ အပျော်အပါးလိုက်နေတာကို တွေ့ရလို့ စိတ်မချမ်းမသာ ဖြစ်ရတဲ့အကြောင်း ရေးသားမှတ်တမ်းတင်ထားတယ် သားတို့ရဲ့။ ကဲ.. အဲဒီခေတ် ကတည်းက တို့ဗမာက ပြင်သစ်မှာ ဂျပိုးကျ ပျက်စီးဘူးတော့ မိဘဆိုတာ သားသမီး ငယ်ငယ်တွေ ပြင်သစ်မှာ ပညာသင်ဘို့ဆိုရင် ဘယ်စိတ်ချနိုင်ပါ့မလဲ?
ဒါနဲ့ ပြင်သစ်စာနဲ့ စကား, ပါကစ္စတန်ပြည်မှာ ခေတ်စားပုံနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၃ နှစ် လောက်တုန်းက နိုင်ငံခြား တိုင်းပြည်တပြည်မှာ ဖေဖေနဲ့ တွေ့ဆုံတဲ့ ပါကစ္စတန်နီ မိတ်ဆွေကြီး တယောက် ပြောပြတာကလေးကို နည်းနည်းပြောပြချင်တယ်။ အဲဒီပုဂ္ဂိုလ်က ကုန်သည်ကြီးလဲ ကုန်သည်ကြီးပါဘဲ။ ပါလီမန်အမတ်လဲ ဖြစ်တယ်။
သူတို့ တိုင်းပြည်မှာ ပိုက်ဆံကြွယ်ဝချမ်းသာတဲ့ လူတွေဟာ၊ သူတို့ သားသမီးတွေကို ပြင်သစ် စာ သင်စေကြသတဲ့။ အဲဒီ အထက်တန်းလွှာဆိုတဲ့ လူတွေဟာ ၀တ်ပုံစားပုံ နေပုံထိုင်ပုံကစပြီး အစစ အလွန် အနောက်နိုင်ငံ ဆန်သတဲ့။ အထူးအားဖြင့် ပြင်သစ်ကို တုသတဲ့။ သူတို့ကိုယ်တိုင်ကလဲ အိမ်မှာ လင်ရော မယားပါ ပြင်သစ်လိုပြောပြီး ပီတိ ဖြစ်နေကြတာဘဲတဲ့။ တို့ဗမာပြည်မှာ တချို့ ဗမာလင်မယား တွေ ဗမာစကားသပိတ်မှောက်ပြီး ဗမာလူမျိုးကို အထင်သေးကြတာမျိုး နေမှာပေါ့ကွယ်။ အင်္ဂလိပ်လို တွေးပြီး ဗမာလို ဘယ်လို ခေါ်ပါလိမ့်လို့ အင်္ဂလိပ်လို " What you call in Burmese" လို့ ဆိုပြီး ဆက်စဉ်းစားကြရတဲ့ လူတွေလိုပေါ့ကွယ်။ ဒါမှ ဂုဏ်ရှိတဲ့ လူကြီးလူကောင်း အတန်းအစား ဖြစ်တာကိုး ကွဲ့။ တယောက်နဲ့တယောက်လဲ 'ဒါလင်ရေ၊ ဒီးယားရေ' နဲ့ ခေါ်ကြတာပေါ့။ ဖေဖေတို့ မိတ်ဆွေထဲကကို ဒီလို စုံတွဲတွေ အများကြီး ရှိတာဘဲ။ တနေ့တော့ အိမ်မှာ ပြင်သစ်စကားပြောပြီး ကိုယ့်ဖာသာ ဂုဏ်ရှိလှပြီလို့ ထင်နေကြတဲ့ ပါကစ္စတန်နီ ဇနီးမောင်နှံ ၂ ဦးဟာ ပြင်သစ်ပြည် ပါရီမြို့ကို သွားလည်ကြ သတဲ့။ ကိုယ့်မြို့ကိုယ့်ပြည်ကို ပြန်လာကြတဲ့အခါကျတော့ မိတ်ဆွေ သင်္ဂဟတွေက "ပါရီ ဘယ့်နှယ်လဲဗျို့- ပြင်သစ်ပြည် ဘယ်လိုနေသလဲဗျို့" လို့ မေးမြန်းစုံစမ်းကြသတဲ့။ ဒါကတော့ ထုံးစံအတိုင်း နိုင်ငံခြားက ပြန်လာတဲ့လူဆိုရင် ဒီလိုဘဲ မေးကြ နှုတ်ဆက်ကြတာဘဲ မဟုတ်လား? ပါကစ္စတန်နီ သူဌေးလင်မယားက "ဟာ- ပြင်သစ်ပြည်အကြောင်းတော့ မပြောပါနဲ့တော့ဗျ၊ လူတွေ အဆင့်အတန်းက သိတ်မြင့်တယ်၊ ပညာရေးဘက်က အလွန် အထက်တန်းကျပါတယ်။ ပါရီမှာ ကလေးတွေတောင် ပြင်သစ်စကား ပြောကြတယ်" လို့ ပြန်ပြောကြသတဲ့။
ပြင်သစ်ပြည်မှာ ပြင်သစ်လူမျိုး ကလေးတွေဟာ ပြင်သစ်စကားမပြောလို့ ဘာစကားပြောရ မှာလဲ? သူတို့ကတော့ ပြင်သစ်စကားကို အထင်ကြီးလွန်းတော့ မွှန်ပြီး အမှန်ကို မမြင်ဘူးပေါ့ကွယ်။
ပါကစ္စတန်ပြည် ကရာချိမြို့တော်မှာ သူဌေးအထက်တန်းစားဆိုတဲ့ လူတွေရဲ့ အမူအရာ အနေအထိုင်နဲ့ ဘ၀ကို ဖော်ပြတဲ့ အဖြစ်အပျက်ဘဲလို့ ပါကစ္စတန်နီမိတ်ဆွေင်္ကြးက ပြောပြတာဘဲ။ မင်းတို့လဲ ဒီလိုများ ဖြစ်ကုန်မှဖြင့် ဒုက္ခဘဲ။

သားတို့သမီးတို့ကျန်းမာကြပါစေ။
[ ၁၉၅၈ ခုနှစ်ထုတ်၊ လူထုဦးလှ၏ ဇနီးနှင့်သားသမီးများသို့-ထောင်တွင်းမှပေးစာများ စာအုပ်မှ ကူးယူဖော်ပြပါသည်။]

Friday, October 23, 2009

မွေးနေ့လက်ဆောင်
ရေးသူ- ဒေါ်အမာ

ကျွန်မတို့ မြန်မာ့အလေ့အထကတော့ ကိုယ့်မွေးနေ့ရောက်ရင် ဥပုသ်သီတင်း ဆောက်တည်တယ်။ သတိရှိယင် ကိုယ်အသက်ရှင် နေထိုင်ခဲ့တဲ့ နှစ်တွေအတွင်း ရလာတဲ့ အသက်တာမှာ ဘာကောင်းမှု၊ ဘာကုသိုလ်တွေများ ပြုခဲ့သလဲလို့ ပြန်လည်စဉ်းစား ပွါးများတယ်။ သေခြင်းတရားဆိုတဲ့ မရဏာနုဿတိကိုလဲ တနေ၀င်လို့ တနေထွက်ယင် သေဘက်ကို တရက်နီးတာပဲရယ်လို့ ဆင်ခြင်တယ်။ ပေးကမ်း စွန့်ကြဲ လှူဒါန်းနိုင်တဲ့ စီးပွါးရေး အခြေအနေ ရှိယင် ပေးတယ်၊ ကမ်းတယ်၊ ဆွမ်းကပ်တယ်၊ ဆွမ်းလောင်းတယ်ပေါ့။ မြန်မာမှာ မွေးနေ့ပွဲ ကျင်းပတယ်၊ မွေးနေ့လက်ဆောင်ပေးတယ်ရယ်လို့ ထုံးစံမရှိဘူး။ ကျွန်မတို့ သမီးခင်ပွန်းလဲ ကိုယ့်မွေးနေ့တိုင်ယင် ဒီကနေ့တော့ မွေးနေ့ပဲ။ ဒါမှမဟုတ် ဘယ်နေ့တော့ မြန်မာလိုမွေးနေ့၊ ဘယ်နေတော့ အင်္ဂလိပ်လိုမွေးနေ့၊ အခု အသက်ဘယ်နှစ်နှစ် ပြည့်ပြီ စသဖြင့် တယောက်ကိုတယောက် အသိပေးပြီး ဥပုသ်စောင့်တယ်၊ ဆွမ်းလောင်း တယ်၊ ဆွမ်းကပ်တယ်၊ ဒီလိုလုပ်တာပါပဲ။ တခါတလေ သားသမီးတွေတောင် သူတို့ အမေအဖေ့မွေးနေ့ကို သတိမထားမိလိုက်ပါဘူး။ ဒါကြောင့် သူက ကျွန်မကို မွေးနေ့လက်ဆောင် ပေးတယ်ရယ်လို့လဲ မရှိစဖူးဘူး၊ ကျွန်မက သူ့ကို မွေးနေ့လက်ဆောင် ပေးတယ်ရယ်လို့လဲ မရှိစဖူးဘူး။ အဲဒီလိုပြောလို့ မုသားမလွတ်ပဲ ရှိနေမယ်။ တနှစ်တုန်းကတော့ ကျွန်မမွေးနေ့မှာ အလွတ်ကျက်ဖို့ ပါဠိဂါထာလေးတပုဒ်ကို ရေးပြီး မွေးနေ့လက်ဆောင်လို့ စာရေးပေးလာဖူးတယ်။ ကျွန်မလဲ ဒီဂါထာလေးကို အိပ်ရာခေါင်းအုံးအောက်မှာ စာအိတ်ကလေးနဲ့ သိမ်းထား ပါတယ်။ ခုတော့ နှစ်တွေကြာလို့ ရှိမှရှိသေးရဲ့လားတောင် မပြောတတ်ဘူး။ ကျွန်မပြောချင်တာက ကျွန်မတို့မှာ မွေးနေ့လက်ဆောင်ပေးရိုး မရှိဘူးလို့ ဆိုတာပါပဲ။



သူမဆုံးခင် နောက်ဆုံး သူကြုံကြိုက်သွားရတဲ့ ကျွန်မမွေးနေ့ (အသက် ၆၆ နှစ်ပြည့်) တုန်းကတော့ ကျွန်မသမီးအငယ်က "ရော့ မေမေ့ဖို့တဲ့" ဆိုပြီး ပိုက်ဆံအိတ်တလုံး အဲဒီနေ့မှာ လာပေးပါတယ်။ ဟဲ့ ဘယ်သူပေးတာလဲ ဘယ်ကပေးတာလဲ မေးတော့ "ဖေဖေက ပေးတာ၊ မေမေ့မွေးနေ့လက်ဆောင်တဲ့" လို့ ပြန်ပြောပါတယ်။ ကျွန်မကလဲ ထူးထူးဆန်းဆန်းဖြစ်လို့ အံ့သြပြီး "နင့်အဖေက ဘာလုပ်တာလဲ" လို့ သမီးကို မေးတော့ "ဖေဖေက နင့်အမေပေးဖို့ ပစ္စည်းတခုခု ၀ယ်ပေးစမ်းလို့ စောစောက ခိုင်းတယ်။ ကျွန်မက အဖေရဲ့ ဒီနေ့ဥပုသ်နေ့ကြီး ဈေးမဖွင့်ဘူး၊ ဘာဝယ်ချင်တာလဲ" မေးတော့ "ဘာဖြစ်ဖြစ် ကောင်းကောင်းတခု မရှိ ရှိ တာ ရှာဝယ်ခဲ့လို့ ပြောနေတယ်။ ဒါကြောင့် မှောင်ခိုပစ္စည်းရှိတဲ့ ဆိုင်တဆိုင်မှာ သွားရှာတော့ ဒီပိုက်ဆံအိတ်ပဲတွေ့ တယ်။ အဖိုးက များလိုက်တာ၊ တန်လဲ မတန်ပါဘူး မေမေရယ်။ ကျွန်မက မတန်လို့ မ၀ယ်ချင်ဘူး။ ဖေဖေက ၀ယ်သာဝယ်ခဲ့ဆိုလို့ ၀ယ်ခဲ့ရတာ" လို့ ပြောပြပါတယ်။ ရွှေချည်နဲ့ ယက်ထားတဲ့ အ၀တ်စနဲ့ ချုပ်ထားတဲ့ လက်တွင်းကိုင် ပိုက်ဆံအိတ်ကလေးပါ။ ကျွန်မက ထူးထူးဆန်းဆန်း သူဘာစိတ် ဘာလက်ပေါက်လို့ ငါ့ကို ဒါပေးနေတာပါလိမ့်လို့ အံ့သြလိုက်မိပြီး ပြုံးမိသေးတယ်။ နောက်တော့ အော် ငါ စိတ်ဆင်းရဲခဲ့ရတာတွေ များလို့ စိတ်ချမ်းသာအောင်လို့များ အောက်မေ့လေသလားလို့ စဉ်းစားမိတယ်။ တခြား ထွေထွေထူးထူး ဘာမှ မတွေးမိဘူး။ တကယ်တော့ ဒါဟာ သူနောက်ဆုံးကြုံရတဲ့ ကျွန်မမွေးနေ့ပါ။ ဒါကို သူလဲမသိ ကျွန်မလဲ မသိပေမယ့် သူ့မှာ အဲဒီလို မသိပဲနဲ့ သိသလို လုပ်သွားတာတွေ တော်တော်များတယ်။ သူ့အကြာင်း ကျွန်မရေးတဲ့အခါ စုံစုံလင်လင် ရေးပြပါအုန်းမယ်။ သူက ကျွန်မကို အဲဒီလို မွေးနေ့လက်ဆောင် ပေးသွားခဲ့ပေမယ့် ကျွန်မကတော့ သူ့ကို ဘာတခုမှ မပေးမိပါဘူး။
ခုလို ဦးလှဆုံးသွားတော့မှသာ တသက်လုံးက အစဉ်အလာကို ဖျက်ပြီး ဦးလှ အသက် ၇၄ နှစ်ပြည့်တဲ့ ၇၅ ကြိမ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်တခု ပေးချင်နေမိတယ်လေ။ ကျွန်မပေးချင်တဲ့ လက်ဆောင်က ဦးလှကို ခင်မင်တဲ့မိတ်ဆွေ၊ ရေးဘော်ရောင်းရင်းတွေက ဦးလှအကြောင်း ၀ိုင်းပြီးရေးကြတဲ့ ဆောင်းပါးတွေကို စုထုတ်မယ့် စာအုပ်တအုပ်ပါ။
ဦးလှသာ အသက်ရှင်လျက် ရှိနေသေးရင်တော့ သူ့မွေးနေ့မှာ သူက ပုံပြင်စာအုပ် သက်စေ့ထုတ်ဖို့ ကြိုးစားမှာ အမှန်ပါ။သူက သူ့သက်စေ့ ပုံပြင်တွေ ထုတ်သွားမယ်လို့ တကယ်ပဲ ကြုံးဝါးနေတာပါ။ ခုသာ သူရှိသေးယင် သူ့ ၇၅ ကြိမ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ကျွန်မက တစုံတရာ လူသိရှင်ကြား လုပ်မယ်ဆိုရင် သူက သဘောကျမယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်မ နှစ်ယောက်စလုံး နားလည်ထားတာက၊ သူ့အတွက်ရော ကျွန်မအတွက်ပါ ကိုယ်ရေးကိုယ်တာကို ရေးကြီးခွင့်ကျယ် မလုပ်ထိုက်ဘူး လို့ သဘောရထားကြလို့ပါ။ သူ အခုလို ရုတ်တရက် ဆုံးပါးသွားရတဲ့အခါ ကျန်ရစ်သူ ကျွန်မမှာ နှစ်ယောက် စီစဉ်ထားတဲ့ လုပ်ငန်းအစီစဉ်တွေ ပျက်ကုန်တာမျိုး ရှိသလို၊ ကျွန်မတို့ရဲ့ အစဉ်အလာ ပျက်စီးလာတွေလဲ ရှိလာပါတယ်။
ဦးလှက ကျန်းမာရေးကို ဂရုစိုက်သူပါ၊ နို့ပေမယ့် လူက ၀လာတော့ ဆီးချိုရောဂါ ရှိလာပါတယ်။ ဒီ ဆီးချိုရောဂါကို မျက်ခြည်မပြတ်ထားပြီး အစားအသောက်ကို အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ်။ ဒါ့ကြောင့် အသက် ၇၀ ကျော်လာတော့ ကြုံရတဲ့ အိုခြင်းဟာ အသက် ၆၀ ကျော်တော့ ကြုံရတဲ့ အိုခြင်းနဲ့ မတူ ပိုပိုပြီး အကျဘက်က များလာတာ ဖြစ်ပေမယ့် အသက် ၈၀ လောက်အထိတော့ နေရလိမ့်မယ်၊ အလုပ်အကိုင် ( စာရေးတာမျိုး) များကိုလဲ လုပ်နိုင်လိမ့်အုံးမယ်လို့ သူကလဲ ထင်ရှာတယ်၊ ကျွန်မလဲ ထင်တယ်။ သူ့မှာ နှလုံးရောဂါလဲ မရှိဘူး၊ သွေးတိုးလဲ မရှိဘူး။ ဒါ့ကြောင့် နောက် ၄-၅ နှစ် ဖြစ်မချည်း အလုပ်တွေ လုပ်နိုင်လိမ့်မယ်လို့ တွက်ပါတယ်။ ဦးလှက ပရဟိတလုပ်ငန်းတွေကို အသက် ၇၅ နှစ်ရောက်ယင် လုံးလုံးလျှော့ပြီး စာရေးတာချည်း လုပ်တော့မယ်တဲ့ လေ။ သူ့မှာ ပရဟိတလုပ်ငန်းတွေကလဲ တသက်လုံး လုပ်ခဲ့တာဆိုတော့ လျှော့တော့မယ် လျှော့တော့မယ်ဆိုပေမယ့် အမျှင်မပြတ်နိုင်တာလဲ ရှိ၊ သူက သံယောဇဉ်မဖြတ်နိုင်တာလဲ ရှိနေသေးတယ်။ ဒါ့ကြောင့် နည်းနည်းချင်းတော့ လျှော့နေရှာပါပြီ။ နို့ပေမယ့် လုံးလုံးမလုပ်ပဲ နေနိုင်မှာကတော့ ခုလောက် ကတည်းက ဖြတ်အုံးတော့ အသက် ၇၅ နှစ်လောက်မှပဲ ပြတ်လိမ့်မယ်တဲ့။
ဦးလှ အသက် ၆၀ ကျော်လာတော့ ကျွန်မတို့ နှစ်ယောက်စလုံးကိုပဲ သူများအကြောင်းတွေ ရေးတာလဲ ရေးပါ။ ကိုယ့်အကြောင်း ကိုယ့်အတ္ထုပ္ပတိကိုလဲ ရေးကြပါတော့လို့ စာနဲ့တိုက်တွန်း၊ လူကိုယ်တိုင် တိုက်တွန်းသူ တွေ ရှိလာပါတယ်။ ကျွန်မတို့ကလဲ တိုက်တွန်းဖန်များတော့ ရေးဖို့ စိတ်ကူးမိပါတယ်။ ဦးလှ အသက် ၇၀ ကျော်တော့ ကျွန်မကပါ တိုက်တွန်းလာပြီ။ ဒါ့ကြောင့် သူက သူ့အကြောင်းရေးဖို့ အကြမ်းဖျဉ်း ရာထားချက် ကလေးတွေ လုပ်နေပါပြီ။ နိုပေမယ့် ပြီးမြောက်အောင်မြင် မသွားရှာဘူး။ ဒါ့ကြောင့် ခုများဖြင့် လူဆိုတာ ဘာကြီးကို ဘယ်လိုလုပ်လိုက်မယ်လို့ ဘယ်လောက်ပဲ စိတ်ကူးစီစဉ်ကြံစည် ကြုံးဝါးလို့ ထားထား၊ တကယ်ချပြီး လုပ်ပြီး ဖြစ်သွားမှ ဒီအလုပ် အကောင်အထည်ပေါ်ပြီး ကျန်ရစ်တယ်။ မဟုတ်ယင် သေရာပါသွားပြီး အလကား ဖြစ်ရစ်တာပဲဆိုတဲ့ သင်ခန်းစာကြီး ရနေပြီး အလုပ်တွေကို တွင်အောင်လုပ်ချင်တဲ့ လောဘထွက်လို့ချည်း နေပါ တော့တယ်။
ဦးလှမရေးဖြစ်ခဲ့တဲ့ သူ့အကြောင်းကို ကျွန်မရေးပါလို့ ဆောင်းပါးရှင် ကျော်ခေါင်နဲ့ မောင်မိုးသူတို့က ဒီစာအုပ်ထဲမှာ အတိအလင်း တိုက်တွန်းထားကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်မ ရေးသင့်တာပေါ့။ တကယ်စဉ်းစား လိုက်တော့ ရေးလဲ ရေးရမှာပေါ့။ နို့ပေမယ့်...... သူ့အကြောင်း ရေးတယ်ဆိုယင်၊ ကျွန်မနဲ့ သူနဲ့က ၄၃ နှစ်လုံးလုံး ပေါင်းသင်းလာခဲ့ရုံမက နေရာပေါင်း တော်တော်များများမှာ နှစ်ကိုယ့်တစိတ် ရှိခဲ့ကြတာမို့ သူ့အကြောင်းဆိုပေမယ့် ကိုယ့်အကြောင်းတွေလဲ အများကြီး ပါလိမ့်မယ်။ သူ့ အကြာင်းရေးယင် ကိုယ့်အကြောင်းတောင်မှ သီးခြားရေးဖို့ လိုမှ လိုပါတော့မလားဆိုတဲ့အထိလဲ ရောက်သွားနိုင်တယ်။ အဲဒီမှာ အခက်အခဲက ကိုယ့်အကြောင်းကို အလွန် အရေးနဲတဲ့ ကျွန်မတို့အဖို့ ရေးကြည့်လိုက်၊ ပြန်ဖြုတ်လိုက်၊ ရေးမယ်လို့ စပြီးမှ ချုပ်တည်းမှုတွေကြောင့် မပီမမြည် ဖြစ်နေလိုက်ဆိုတဲ့ အခက်အခဲတွေလဲ ရှိလာပါတယ်။
နောက်ပြီး လူတယောက်အကြောင်း ရေးတာဆိုတာ အဲဒီလူ့အကြောင်းကို ရေးမယ့်လူက ကလပ်ပေါ်တင် ကြည့်လို့ ဖြစ်ဖြစ်၊ လက်ဝါးပေါ်ထားကြည့်လို့ ဖြစ်ဖြစ်၊ အဖက်ဖက်က ခြုံငုံမိအောင် ကြည့်ပြီးမှ ရေးသလို ရေးရတာမျိုးကိုး။ ခု ဦးလှအကြောင်း ကျွန်မရေးတော့မယ်ဆိုတော့ ဦးလှက ကျွန်မနဲ့ နီးစပ်လွန်း အားကြီးလို့ သူ့ကို တယောက်ထဲ ခွဲပြီး စေ့စေ့စုံစုံ ခြုံငုံမြင်ရတဲ့ အမြင်မျိုးရေးရအောင် မနည်းကြည့်ယူရပါအုံးမယ်။ ရမှ ရပါ့မလား လို့လဲ ပူပန်မိတယ်။ သူ့ရုပ်ပုံက ကိုယ်နဲ့ နီးကပ်အားကြီး၊ ကိုယ့်အပေါ်မှာ လွှမ်းမိုးအားကြီးတာကိုး။
ဦးလှ ဆုံးပြီးစက ရေးဘော်မိတ်ဆွေတဦးက ကျွန်မကို ဦးလှအကြောင်း ရေးပါတော့လို့ တိုက်တွန်းပါ တယ်။ ကျွန်မက ရေးဖို့နေနေသာသာ သူ့အကြောင်းရယ်လို့ ရင်ထဲ ရောက်လာတာနဲ့ မျက်ရည်ပေါက်ပေါက် ကျလာရတဲ့ အချိန်မျိုးမို့ ရေးလို့ မဖြစ်နိုင်သေးပါဘူးလို့ ပြောတဲ့အခါ မျက်ရည်နဲ့ပဲ ရေးပါ။ ဒါမှ သာကောင်းမှာပါလို့ သူက တိုက်တွန်းပြန်ပါတယ်။ ဒါလဲ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့မိတ်ဆွေ ဦးအေးကြည်က "ဒေါ်အမာ မခံနိုင်ဘူး၊ တငိုထဲငိုနေတာ သနားပါတယ်" လို့ ပြောပါသတဲ့၊ ဒီစကား အမှန်ပါ။ သူ့အကြောင်းရေးဖို့ ကျွန်မအကြိမ်ကြိမ် စမ်းပြီးပါပြီ၊ ကိုယ့်ရင်ထဲမှာ ဘောင်ဘင်ခတ်ရုံမက လှိုင်းတံပိုးကြီးတွေထနေတဲ့ ပရိဒေ၀ သောကတန်းလန်းနဲ့ ဘာစာကောင်းမှ မထွက်နိုင်ပါဘူး။
ကျွန်မတို့ မြန်မာလူမျိုးက ချစ်တဲ့ခင်တဲ့ မိတ်ဆွေတယောက် ရောဂါဝေဒနာ တခုခုရတယ်ဆိုယင် ကိုယ်သောက်လို့ ပျောက်ဖူးတဲ့ဆေး၊ သူများသောက်လို့ ပျောက်တယ်ကြားဖူးတဲ့ဆေးကို အဲဒီဝေဒနာသယ် သောက်ပါလို့ ပေးကိုပေးချင်တယ်။ ဆေးမြီးတို၊ ဆေးမြီးရှည်၊ အင်္ဂလိပ်ဆေး၊ တရုပ်ဆေး၊ ကုလားဆေး ပေးကို ပေးချင်တတ်ပါတယ်။ အဲဒါ ဒီလူမျိုးရဲ့ ချစ်စရာရော၊ မုန်းစရာပါ ရောထွေးနေတဲ့ အကျင့်တခုပါပဲ။ အဲဒီလိုပဲ လူတယောက် သောကပရိဒေ၀ တောက်လောင်နေတယ်ဆိုယင်လဲ ကိုယ်တတ်သလောက် မှတ်သလောက် တရားလေး ချလိုက်ချင်တယ်၊ နေကို မနေနိုင်ဘူး၊ တရားစကားလေးတော့ ပြောလိုက်ရမှ၊ ကျွန်မ မှတ်မိနေသေး တယ်၊ ကျွန်မတူမလေးတယောက် အရွယ်ကောင်းမှာ သားသမီးတအုပ်ကြီးနဲ့ မုဆိုးမဖြစ်ပြီး ကျန်ရစ်ရှာတော့ ကျွန်မက လူတတ်ကြီး လုပ်ပြီး "အလှိုင်ရေ အားလဲမငယ်နဲ့၊ အားလဲမလျှော့နဲ့၊ ဒီကလေးတွေ အားလုံး လူဖြစ်အောင် မွေးရမယ့် တာဝန်ကတော့ ကြီးသပေါ့၊ နို့ပေမယ့် ကိုယ်တက်ရမယ့် တောင်ကို ထိပ်မော့မကြည့်နဲ့၊ ရှေ့တလှမ်းစာပဲ ကြည့်ပြီး ဖြည်းဖြည်းချင် တက်ပေတော့" လို့ စာရေးပြီး နှစ်သိမ့်လိုက်တယ်။ စာရေးဆရာ တယောက်ရဲ့ စိတ်ကူးထဲ မြင်သလိုပေါ့လေ။
ဟော ကိုယ်မုဆိုးမ ဖြစ်ရတဲ့ အချိန်ကျတော့ လား လား ကိုယ့်မှာ ဥမမယ် စာမမြောက်သေးတဲ့ အရွယ် သားသမီးတွေလဲ မကျန်ရစ်ပါဘူး။ အားလုံး လူလားမြောက်ကုန်ကြပါပြီ။ ကိုယ့်နေရေး စားရေးကလဲ ဒီသားသမီးများ ရတတ်သမျှ ရှာကျွေးတာနဲ့ ဖြစ်တတ်သလို စားလို့ ရကောင်းပါတယ်။ နို့ပေမယ့် နို့ပေမယ့် နှစ်ယောက်တွဲပြီး စိတ်တူကိုယ်တူ ဘ၀ခရီးကို လျှောက်ခဲ့ကြတာက အကြာကြီးမို့ ခုလို ဗြုန်းစားကြီး လက်တွဲဖြုတ် လိုက်တဲ့ အခါတော့ ဂယိမ်းဂယိုင် ဖြစ်သွားရုံမကပဲ ပြိုလဲကျန်ရစ်ပါတယ်။ နောက်ပြီး ကိုယ်တယောက်တည်း ဆက်လျှောက်ရမယ့် လမ်းကို ကြည့်လိုက်တော့လဲ သူများအတွက် ကိုယ်ထင်ခဲ့တဲ့ တောင်တက်လမ်းမျိုး ဘယ်မှာ ဟုတ်လိမ့်မလဲ။ ကျွန်မတယောက်တည်း ချောက်ကမ်းပါးပြတ်မှာ မတ်တတ်ရပ်နေခဲ့ရတဲ့အဖြစ်၊ ကမ်းပါးပြတ် မတ်စောက်လိုက်ပုံကလဲ အထက်မော့ကြည့်လို့ မဖြစ်၊ အောက်ငုံ့မကြည့်ရဲ၊ လမ်းရယ်လို့မရှိတဲ့ ကျောက်ကမ်းပါး မှာ လက်နှစ်ဖက်ဆန့်ပြီး ကမ်းပါးပြတ်ကြီးကို ဖက်ရပ်နေရတဲ့အဖြစ်လို ကြောက်ရွံ့အားငယ်စရာ ကောင်းလိုက်တဲ့ အမျိုး၊ ဒီခရီးမျိုးကို ငါဘယ်ပုံဆက်လှမ်းနိုငိပါ့မလဲလို့ တွေးတောင် မကြည့်ဝံ့တော့ဘူး။ ဒါကြောင့် တန်ဟဲ့၊ နောက်များတော့ ငါဘယ်သူ့ကိုမှ တရားမချ တရားမပြတော့ဘူး၊ ပြောတော့သာ လွယ်တာ၊ ကြုံရတဲ့အခါတော့ ထွက်ပေါက် ဘယ်ရှာရမှန်း မသိဘူး၊ သူများကို တရားချတဲ့ငါ့အကျင့် ဖျောက်မှလို့ ပိုင်းဖြတ်မိတယ်။ ကိုယ်ကိုယ်တိုင် ကြုံတွေ့ခံစားရတဲ့အခါတော့ တကယ်ပဲ မလွယ်ပါကလား၊ အရင်ကတော့ ဘာကလေးမဆို တိုင်တိုင်ပင်ပင် သူမသိပဲ ကျွန်မ ဘာမှ လုပ်လေ့မရှိသလို၊ ကျွန်မမသိပဲ သူဘာမှ မလုပ်ပါဘူး။ ဟောအခုတော့ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဖြစ်ရပြီ၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက် ရောက်ပေါ့။
ဦးလှဆုံးပြီးတဲ့နောက် သူ့အသက် ၇၃ နှစ်ပြည့်တဲ့ ဦးလှမွေးနေ့မှာတော့ ဦးလှရှိတုန်းကတဲက စီစဉ်ထား တဲ့ အလှူကို ဖြစ်မြောက်အောင် စိတ်ကိုတင်းပြီး လှူခဲ့ပါတယ်။ ဦးလှရဲ့ မွေးဇာတိရွာ ပုဇွန်မြောင်း (ညောင်လေးပင်နားက) မှာ သူ့မိဘတွေ လှူထားခဲ့တဲ့ ဘုန်းကြီးကျောင်းက ဘုရားဆောင်တဆောင် ရှိပါတယ်။ ဒီဘုရားဆောင်ကြီးက နှစ်ကာလ ကြာညောင်းလို့ ဆွေးတဲ့အပိုင်းက ဆွေးနေပြီ။ ဒါကို ရပ်ရွာလူကြီးများက မိဘလက်ငုတ် အလှူကို ဦးလှတို့ မိသားစုက ပြင်ဆင်လှူဒါန်းစေချင်သတဲ့၊ ဒါ့ကြောင့် ဦးလှကို ဒီကိစ္စအကြောင်းကြားတဲ့အခါ ဦးလှက ကျွန်မသဘောကို မေးပါတယ်။ ကျွန်မက လှူကြတာပေါ့လို့ ပြောတော့ ကျောင်းပြင်စရိတ် ရွာကလူတွေကို ထုတ်ပေးလိုက်ပြီး အဲဒီကျောင်းဆောင် ပြင်ပြီးလို့ ရေစက်ချတဲ့အခါ ရွာကလူတွေကို "မင်းကျွေးချင်နေတယ်ဆိုတဲ့ မန္တလေးကြာဆံဟင်း ကျွေးကြတာပေါ့" လို့ ဦးလှက ပြောပါတယ်။ ကျွန်မကလဲ သူ့ရွာသွားပြီး ကြာဇံဟင်းတိုက်ကျွေးချင်တယ်လို့ သူ့ကို အခါခါပြောခဲ့ပြီး အခါခါ အခွင့်ရှာနေတာမို့ ဒီလိုဆို ဟန်ကျတာပေါ့လို့ သူ့ကို ချက်ချင်း စကားပြန်ထားတာ၊ ကျောင်းဆောင်စပြင်နေဆဲမှာ ဦးလှ အနိစ္စရောက် သွားတာပါ။ ဒါ့ကြောင့် ကျွန်မက ညောင်လေးပင်မှာရှိတဲ့ သူ့တူသားတွေကို ဦးလှရဲ့ မြန်မာလိုမွေးနေ့ တပို့တွဲလဆန်း ၁၀ ရက်နေ့မှာ ကျောင်းရေစက်ချနိုင်အောင် ပြင်ပေးကြပါလို့ မေတ္တာရပ်ရတယ်။ အချိန်မီ ပြီးရှာပါရဲ့။ ဒါ့ကြောင့် ဦးလှ သူ့ရွာကို သွားချင်တဲ့ ပုံစံအတိုင်း သားသမီးနဲ့ မြေးများကိုသာမက ကျွန်မအမ နဂါးဒေါ်ဦးနဲ့ ညီမ ဒေါ်တင်တင်တို့ကိုပါ ခေါ်သွားပြီး ပုဇွန်မြောင်းရွာမှာ သူ့အသက် ၇၃ နှစ်ပြည့်တဲ့ မွေးနေ့မှာ ကျောင်းရေစက်ချခဲ့ပါတယ်။ ဘုန်းကြီးတွေကို ဆွမ်းကပ်၊ ရွာသူရွာသားတွေကို ရွာလုံးကျွတ် မန္တလေးကြာဇံဟင်း မိုးဗြဲဒယ်နဲ့ ၂၇ ဒယ် ချက်ပြီး တိုက်ကျွေးခဲ့ပါတယ်။ ဦးလှသာ ရှိယင် ၀မ်းပန်းတသာနဲ့ သူ့သူငယ်ချင်းတွေနဲ့ ရွာသူရွာသားတွေကို "စားကြကွာ သောက်ကြကွာ" နဲ့ ဧည့်ခံပြီး တပြုံးပြုံး ဖြစ်နေရှာမှာကို မြင်ယောင်ယင်း ရေစက်ချ အမျှဝေခဲ့ပါတယ်။
အသက် ၇၄ နှစ်ပြည့်တဲ့ ၇၅ ကြိမ်မြောက် သူ့မွေးနေ့မှာတော့ ဒီစာအုပ် (လူထုချစ်သမျှ လူထုဦးလှ) ထုတ်ဝေမယ်။ သူ့ မွေးနေ့ လက်ဆောင်ပဲ၊ သူ့အပေါင်းအသင်း ရောင်းရင်းတွေ၊ ခင်မင်သူတွေ၊ ရေးဘော်တွေရဲ့ မွေးနေ့ လက်ဆောင်ပဲလို့ ကျွန်မက မှန်းထားမိတယ်။ မွေးနေ့လက်ဆောင် စာအုပ်ဖြစ်ဖို့ချည်း လုံးပမ်းနေတော့ သူ့ကိုချည်း သတိရနေတုန်းမှာပဲ နိုဝင်ဘာကထဲကတော့ ကျွန်မမွေးနေ့ တိုင်လာပါတယ်။ ဒါ့ကြောင့် ဟင်းဝယ်ပြီး သံဃာတွေကို အဲဒီ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ မနက်က သံဃိကဒါန ဆွမ်းလောင်းတယ်။ ဆွမ်းလောင်းပြီးတော့ ငါ့အသက် ကနေ့ ၆၈ နှစ်ပြည့်ပြီ။ နောင် ဘယ်လောက်ကြာကြာ နေရအုံးမယ်မသိ။ သူများတွေ တချို့ ဒါလောက်မှ အသက်မရှည်ကြဘူး။ ငါမသေခင် ကျန်းမာတုန်း ငါလုပ်နိုင်သမျှ လုပ်ထားခဲ့မှလို့ စဉ်းစားနေတုန်း မနက် ၁၀ နာရီလောက်မှာ ပန်းချီဦးဘရင်ကလေး ဂျစ်ကားတစီးနဲ့ ပေါက်လာပြီး ချိုင်းထောက် ကြီးနဲ့ ဆင်းလာပါတယ်။ သူ့နောက်ကလဲ တခြားပန်းချီဆရာနှစ်ဦးက ဖုံးထားတဲ့ ရုပ်ပုံကြီးတပုံကို မလို့။ ဒါ ဦးလှ ပုံတူဆီဆေးကားတဲ့။ သားသမီးအစုံအညီရှေ့မှာ ဖွင့်ကြည့်ဖို့တဲ့။ ဦးဘရင်ကလေးဆိုတာ ကမ္ဘာစစ်ကြီး ပြီးစမှာ ဦးလှက လူထုဂျာနယ် စထုတ်မယ်ဆိုတော့ လူထုဆိုတဲ့ စာလုံးကို ရေးပေးတဲ့ ဦးလှရဲ့ အရင်းနှီးဆုံး ပန်းချီဆရာ တယောက်ပါ။ ကျွန်မတို့ လူထု စာလုံးဟာ ဦးဘရင်ကလေး စာလုံးပါ။
ဦးလှဆုံးတော့ ဦးဘရင်ကလေးက ဦးလှပုံကို သူဆွဲမယ်ဆိုပြီး ဦးလှဓါတ်ပုံ ၄-၅ ပုံ ကျွန်မဆီက ယူသွားပါတယ်။ ဦးလှမှာ ပုံတူဆိုလို့ တပုံမှ မရှိပါဘူး။ ဘယ်ပန်းချီ ဘယ်ကာတွန်းဆရာကမှ သူ့ပုံတူကို ဆွဲထားဖူးသည် မရှိဘူး။ သူအနိစ္စရောက်တော့ သူ့သူငယ်ချင်းနဲ့ ဆွေမျိုးစာရေးဆရာ ဦးသင်္ခါက ပေဖူးလွှာမဂ္ဂဇင်း မှာ "သြော်-ကိုလှ" ဆိုတဲ့ ဆောင်းပါးရေးတော့မှ ပန်းချီမုတ်သုန်က ဦးလှပုံတူတခုဆွဲပြီး ဖော်ပြလိုက်လို့ အဲဒီပုံတူဟာ ဦးလှရဲ့ ပထမဆုံး ပန်းချီပုံပါပဲ။
ဦးဘရင်ကလေးက ဦးလှကို ရုပ်တူအောင် ဆွဲဖို့တော့ လွယ်ပါတယ်။ ဒါပေမယ့် ဦးလှနေပုံထိုင်ပုံ၊ သူ့ဟန်ပန်၊ သူ့အမူအကျင့်နဲ့ သူ့ စိတ်နေစိတ်ထား ပေါ်လွင်အောင် ဒီပုံကို ကျွန်တော် အများကြီး ကြိုးစားပြီး ဆွဲထားတာပါတဲ့။ ဦးဘရင်ရဲ့ ပုံတူကြီးရောက်လာတော့ သမီးအကြီးကလဲ အလုပ်က မလာသေးဘူး။ သားအငယ်ဆုံးနဲ့ သမီးအငယ်ကလဲ ပုံနှိပ်စက်က မပြန်လာကြသေးဘူး။ ဒါ့ကြောင့် ပန်းချီဆရာရဲ့ ဆန္ဒအတိုင်း ကျွန်မတယောက်ထဲမို့ မဖွင့်ပဲ ထားရတုန်း ဦးဘရင်ကလေးက သူဆွဲခဲ့တဲ့ ပုံကို ကျွန်မကို ပြောပြနေပါတယ်။ ဓါတ်ပုံယူသွားပြီးတဲ့နောက် ၁ နှစ်လောက်ကြာမှ ရောက်လာတဲ့ ပန်းချီကားပါ။ ဦးဘရင်ကလေးက ကျွန်မဆီက ယူသွားတဲ့ ဓါတ်ပုံတွေရယ်၊ သူ့ဆီမှာရှိတဲ့ ဦးလှပုံတွေရယ်၊ သူ့မျက်စိထဲက မှတ်မိနေပုံတွေရယ်ကို ပေါင်းပြီး ပထမ စကက်ခ်ျခေါ်တဲ့ ပုံကြမ်းတွေ ထုတ်တယ်။ စိတ်တိုင်းမကျသေးသမျှ ဆုတ်ပစ်တယ်။ နောက်ဆုံး ပုံကြမ်း ၂ မျိုး စိတ်တိုင်းကျတာရတော့မှ ဦးဘီဟန်စိန်နဲ့ ဦးဘလှစိုးတို့ကို စံပြအဖြစ် အထိုင်ခိုင်းပြန်သတဲ့။ ဘီဟန်စိန်နဲ့ ဦးဘလှစိုးတို့က ဦးလှလို အားကစားသမား မဟုတ်ခဲ့တော့ ထိုင်သာခိုင်းရတယ် ကိုယ်လုံးကိုယ်ပေါက်ချင်း သိပ်မတူဘူးတဲ့။
ပန်းချီကားကို ပြီးခါနီးမှာ ရန်ကုန်က ပန်းချီဝသုန်၊ တင်လှဝင်းထင်၊ မောင်ကျော်ညွန့်၊ ဦးဘရင်ကလေးရဲ့ သား ညိုဝင်း၊ မောင်မောင်သိုက်၊ မောင်ကျော်သောင်းစတဲ့ ပန်းချီဆရာတွေကို ခေါ်ပြသေးတယ်။ ဦးလှကို ရင်းရင်းနှီးနှီးသိကြတဲ့ သခင်လှကျွေ နဲ့ ကိုအောင်ဘန်းတို့ကိုလဲ ခေါ်ပြတယ်။ ပြီးတော့ ကားကို အဝေဖန်ခိုင်းတယ်။ မန္တလေးရောက်တော့လဲ ပန်းချီဆရာ ဦးအောင်ခင်၊ ဦးညိုလေး၊ ဦးကျော်မောင်၊ ဦးကျော်ညွန့်၊ ကိုဦး မောင်အေးမောင် နဲ့ အပျော်ထမ်းပန်းချီဆရာ ကိုမောင်ကို နဲ့ ကိုထွန်းဝေတို့ကို အကြည့်ခိုင်း၊ အဝေဖန်ခိုင်းခဲ့သေး တယ်။ ဦးလှပုံက လူပေါင်းများစွာ ကြည့်နေမှာ၊ ကားအပ်ပြီးမှ ဘာလိုတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူးလို့ အားမနာတမ်း မြင်တဲ့ အပြစ်ကို ပြောကြစမ်းပါလို့ ဖိတ်ခေါ်ခဲ့ အဝေဖန်ခံခဲ့ပါတယ်တဲ့။
ဦးလှက နိုင်ငံရေးသမား ပုံစံမျိုးမဟုတ်ဘူး။ သူလုပ်တဲ့ နိုင်ငံရေးက ငြိမ်းချမ်းဖို့၊ သာယာဖို့၊ ချစ်ကြည် ရင်းနှီးကြဖို့၊ သူ အတွင်းစိတ်က ငြိမ်းချမ်းရေးပဲ၊ ဒါ့ကြောင့် ကျွန်တော် ပူတဲ့အရောင်ကို မသုံးဘူး။ အခု ကျွန်တော် ဆေးပါး ဆွဲထားတာ။ ရေရှည်သုံးရအောင်လို့ တမင် ဒီလိုဆွဲတာပဲ။ နိုင်ငံခြားကားတွေ ဆေးပါးဆွဲယင် ဒိထက်ပဲ ပါးသေးတယ်။ ခုဆေးရောင်ဟာ နောက်တော့ တဖြေးဖြေးနဲ့ တက်လာမယ်လို့ ပြောနေပါတယ်။
သားသမီးတွေ အစုံရောက်လာတော့ လက်မ ၃၀x၄၀ အရွယ်ကို ဘောင်သွင်းပြီး ယူလာတဲ့ သူ့ကားကြီးကို ဖွင့်လိုက်တဲ့အခါ စာတအုပ်ကို ပေါင်ပေါ်တင်ပြီး ဖွင့်ထားရင်း ကိုင်ထားတဲ့ ဦးလှရဲ့ ကိုယ်တပိုင်းပုံကြီး ပေါ်လာတယ်။ ကျွန်မ ရုတ်တရက် ဘာမှ မပြောနိုင်ဘူး။ သူအသက်ရှိတုန်းက ကြည့်တတ်တဲ့ အကြည့်မျိုးနဲ့ ကြည်ကြည်လင်လင် ကြည့်နေတဲ့ သူ့မျက်နှာကိုပဲ အသက်မရှူမိပဲ ကြည့်နေမိတယ်။ ကြည့်ယင်းက ကျွန်မမွေးနေ့ မှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့ ကားကြီးမို့ "မာရေ- ဒါမင့်မွေးနေ့လက်ဆောင်" လို့ သူရှိယင် ပြောလေမလားလို့ အောက်မေ့ပြီး ဟင်းကနဲ ပင့်သက်ရှေကြီးတလုံး ချလိုက်မိပါတယ်။

လူထုဒေါ်အမာ။
[လူထုချစ်သမျှလူထုဦးလှ စာအုပ်၊ ပထမအကြိမ်၊ ၁၉၈၃ သြဂုတ်မှ ကူးယူဖော်ပြပါတယ်။]

Friday, October 2, 2009

ဘ၀ချင်းမတူသည့်တရုတ်ပြည်
ဘာသာပြန်သူ- ဒေါ်အမာ

[အမေရိကန်သတင်းစာဆရာကြီး အဂ္ဂါစနိုး ရေးသည့် The Other Side of The River ကို ဒေါ်အမာက ဘာသာပြန်ပါတယ်။ ပဌမနှိပ်ခြင်း၊ ၁၉၆၆ ဇန်န၀ါရီ၊ မျက်နှာဖုံးပန်းချီ- ဖိုးသံချောင်း]
{မာယာက ထိုစာအုပ်မှာဖော်ပြထားတဲ့ ဘာသာပြန်သူရဲ့ စကားချီးကို စာဖတ်သူတို့အတွက် စာအုပ် အညွှန်းအဖြစ် မျှဝေခြင်းဖြစ်ပါတယ်။}

စကားချီး

အမေရိကန် သတင်းစာဆရာကြီး အဂ္ဂါစနိုး ရေးသားသော The Other Side of The River ခေါ် စာအုပ်ကြီးကို သတင်းစာဆရာကြီး အဂ္ဂါစနိုး၏ ခွင့်ပြုချက်အရ "ဘ၀ချင်းမတူသည့် တရုတ်ပြည်" ဟူသော အမည်ဖြင့် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။



ဤစာအုပ်မှာ တရုတ်ရေးရာ ပါရဂူဟူ၍ ဘွဲ့ချီးမြှင့်ခြင်း ခံရသည့် အမေရိကန် သတင်းစာဆရာကြီး အဂ္ဂါစနိုး ၁၉၆၀ ခုနှစ်က တရုတ်ပြည်တွင် ၅လကြာ နေထိုင်သွားပြီး ရေးသားသည့် စာအုပ် ဖြစ်သည်။ အဂ္ဂါစနိုးသည် တရုတ်ပြည်သို့ ချီကာဂိုထရီဗြွန်း သတင်းစာ၏ သတင်းထောက်ပေါက်စအဖြစ်နှင့် အသက် ၂၂ နှစ်ကတည်းက ရောက်နေပြီး၊ လန်ဒန်ဒေလီးဟဲရဲလ်၏ သတင်းထောက်၊ နယူးရောက် ဆန်းဒေးသတင်းစာ၏ သတင်းထောက်၊ ဆက်တာဒေးအီဗနင်းပို့စ် နှင့် လိုက်မဂ္ဂဇင်းတို့၏ ဆောင်းပါးရှင် အဖြစ်နှင့် တရုတ်ပြည်အကြောင်း သတင်းဆောင်းပါးပေါင်း မြောက်မြားစွာ ရေးသားခဲ့သူ ဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် အဂ္ဂါစနိုးရေးသားသည့် တရုတ်ပြည်ပေါ်မှကြယ်နီ ဆိုသော စာအုပ် ထွက်ပေါ်လာသည့်အခါ သတင်းစာဆရာအဂ္ဂါစနိုး၏ အမည်မှာ ကမ္ဘာတွင် တမဟုတ်ချင်း ထင်ရှားကျော်ကြား သွားလေသည်။ ဤသို့ ကျော်ကြားရခြင်းမှာ ချန်ကေရှိတ်က တရုတ်ကွန်မြူနစ်များနှင့် တရုတ်တော်လှန်ရေးကြီးအကြောင်း သတင်းမှန်များကို ကမ္ဘာက မသိရှိနိုင်စေရန် အမျိုးမျိုး သတင်းမှောင်ချ ပိတ်ဆို့၍ ထားခဲ့ရာ တော်လှန်ရေးဖြစ်နေသည်မှာ ၉ နှစ်၊ ၁၀ နှစ်ကြာပြီ ဖြစ်သော်လည်း တရုတ်များသော်မှ သတင်းမှန်ကို မကြားသိရဘဲ ဖြစ်ချိန်တွင် အဂ္ဂါစနိုးက ချန်ကေရှိတ်၏ တပ်များ အထပ်ထပ်ကို ဖြတ်ကျော်၍ သူပုန်တော်လှန်ရေးသမားတို့၏ နယ်မြေသို့ ခက်ခဲစွာ ဖောက်ထွင်းဝင်ရောက်ပြီး တရုတ် တော်လှန်ရေးကြီးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို 'တရုတ်ပြည်ပေါ်မှကြယ်နီ' ဆိုသော အမည်တပ်၍ ၁၉၃၇ ခုနှစ်က စာအုပ်တအုပ် ရေးသား ထုတ်ဝေခဲ့သောကြောင့် ဖြစ်လေသည်။ (ယခု ထိုစာအုပ်ကို ကြေးမုံအယ်ဒီတာ ကိုတင်ထွေးက ဘာသာပြန်၍ ပင်မရေစီးမှ ထုတ်ဝေလျက် ရှိသည်။)
အဂ္ဂါစနိုးသည် တရုတ်ပြည်တွင် ဒုတိယကမ္ဘာ စစ်ကြီးပြီးသည်အထိ နေပြီး အမေရိကန်သို့ ပြန်သွားခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်တော်လှန်ရေး အောင်မြင်သဖြင့် တရုတ်အမေရိကန်ဆက်ဆံရေး ပျက်ပြားသောကြောင့် တရုတ်ပြည်သို့ လာကြည့်ချင်သော်လည်း အခွင့်မရဘဲ ရှိခဲ့ရာ ၁၉၆၀ ခုနှစ်ကမူ အလွန်ခက်ခဲသည့်ကြားမှ မဖြစ်မနေ ကြံဖန်၍ တရုတ်ပြည်တွင် ဆိုရှယ်လစ်စနစ် တည်ဆောက်နေသည်များကို ကိုယ်တိုင်ကိုယ်ကျ လာ၍ ၅လမျှ လေ့လာကြည့်ရှုသွားပြီး ဤစာအုပ်ကို ရေးသားထုတ်ဝေခြင်း ဖြစ်ပါသည်။
တရုတ်ပြည်အကြောင်း စာရေးဆရာပေါင်း မြောက်မြားစွာက ရေးကြသည့် စာအုပ်တွေ ရှိကြသည်။ သို့သော် ထိုစာအုပ်တွေနှင့် အဂ္ဂါစနိုး၏ 'ဘ၀ချင်းမတူသည့်တရုတ်ပြည်' တို့ ကွာခြားမှု ရှိပေသည်။ ရှိပုံမှာ မစ္စတာစနိုးသည် မလွတ်မြောက်မီက တရုတ်ပြည်အကြောင်းကို ချေးခါးအူမ သိသူဖြစ်သည်ဆိုက မမှား၊ ခေတ်ဟောင်းတရုတ်ပြည်၏ အကြောင်းကို နှိုက်နှိုက်ထွင်းထွင်း သိမြင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် တရုတ်စကားနှင့် စာကို အတော်အတန် ပြောနိုင် ရေးနိုင်သူလည်း ဖြစ်သည်။ တရုတ်လူမျိုး၊ တရုတ်နိုင်ငံနှင့် တရုတ်တော်လှန်ရေးအပေါ် သံယောဇဉ် ရှိသူလည်း ဖြစ်သည်။ ကွန်မြူနစ်တယောက် မဟုတ်သည့် အမေရိကန် သတင်းစာဆရာတဦးလည်း ဖြစ်သည်။ အမှန်ကို ရေးရဲ ရေးဝံ့၍ အရေးကောင်း အတင်ပြကောင်းသူလည်း ဖြစ်သည်။
ယနေ့ တရုတ်ပြည် ဆိုရှယ်လစ်စနစ် တည်ဆောက်နေသည် ဆိုရာ၌ ဘယ်နေရာတွင် ဘာတွေ လုပ်နေကြခြင်း ဖြစ်သည်၊ လူတွေ မည်သို့ ရှိကြသည်၊ လူတွေ အယူအဆ၊ အမြင်အသိနှင့် အနေအထိုင်များ မည်သို့ ပြုပြင်ပြောင်းလဲနေသည်။ ကွန်မြူနစ်ပါတီ၏ ကေဒါတွေ ဘယ်အခဏ်းက ဘယ်လို ရှိသည်၊ တရုတ်ပြည်၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ စစ်ရေး အားလုံးဒေါင့်စေ့အောင် ကြည့်ခဲ့ မြင်ခဲ့ပြီးမှ အလွန်ကျယ်ဝန်းသည့် အခြေအနေတွေကို ဒေါင့်စေ့အောင် ပြန်လည်တင်ပြ သတင်းပေးရေးဆိုသည့် ကြီးမားသည့် တာဝန်တရပ်ကို အဂ္ဂါစနိုးက နိုင်နိုင်နင်းနင်းယူပြီး အောင်အောင်မြင်မြင် ထမ်းဆောင်လိုက်ခြင်း ဖြစ်လေသည်။
ထို့ကြောင့် တရုတ်ပြည်တွင် ဆိုရှယ်လစ်စနစ် ဘယ်ပုံ တည်ဆောက်နေသနည်းဟု သိလိုလျှင် ဤစာအုပ်ကို ဖတ်ရလိမ့်မည်။ ထိုင်ဝမ်ပြဿနာကို တရုတ်က ဘယ်လိုဖြေရှင်းနေသလဲ သိလိုလျှင် ဤစာအုပ်ကို ဖတ်ရလိမ့်မည်။ တရုတ်လုပ်နေသည့် အနုမြူလက်နက်၊ ဟောင်ကောင်နှင့် မကောက် ပြဿနာ၊ တရုတ်နှင့် ဆိုဗီယက်သဘောတရားကွဲလွဲမှု စသည့်ပြဿနာတွေကို သိလိုလျှင် ဤစာအုပ်ကိုပင် ဖတ်ရပါလိမ့်မည်။
ဤစာအုပ်မှာ အကြီးကြီးဖြစ်၍ သတင်းစာ၌ ရက်ပေါင်းများစွာ ဆက်လက်ဖော်ပြခဲ့ရပေသည်။
အဂ္ဂါစနိုး၏ စာအုပ်ကို စာရေးဆရာဂျွန်ဂန်သာက "ကျွန်တော် သိသလောက်ပြောရရင် တရုတ်ပြည် ကွန်မြူနစ်နိုင်ငံ ဖြစ်သွားပြီးသည့်နောက် လေးနက်တည်သော အမေရိကန် သတင်းစာဆရာတယောက်က မျက်မြင်ကိုယ်တွေ့ သတင်းပေးရေးသားသည့် ပြည့်စုံကုံလုံသော စာအုပ်ဟူ၍ ဤတအုပ်သာ တွေ့ဘူးပါသည်။ ကျွန်တော်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်၍နေသည့် ကမ္ဘာအေရှ့ဖျားမှ နိုင်ငံကြီး၏ အဖြစ်အပျက်များကို အမှန်အတိုင်း ရေးသားတင်ပြလာသူ ရှိသည်ဆိုလျှင် ထိုအဖြစ်အပျက်မှာ ကျွန်တော်တို့အတွက် ကောင်းဘို့ဖြစ်ခြင်းဟူ၍ ဆိုရန်ရှိသဖြင့် ကျွန်တော်တို့တတွေသည် ဤစာအုပ်ကို အထူးအလေးပေး ဖတ်ရှုထိုက်လှပါသည်" ဟူ၍ ရေးသား ဝေဖန်ထားပါသည်။
"အုတ်တံတိုင်းဟူသည် ၂ဖက်မျက်နှာ ရှိသည်ချည်း" ဟူသော စာအုပ်ကို ရေးသည့် အင်္ဂလိပ်သတင်းစာ ဆရာ ဖိလစ်ဂရင်းကမူ "တရုတ်ပြည်အကြောင်း တစုံတခု သိလိုသည်၊ သိသည်ဟု ပြောချင်သည်ဆိုလျင် ဤစာအုပ်ကို လက်လွှတ်၍မဖြစ်" ဟု တိုက်တွန်းထားလေသည်။
အိုဝင်လတ်တီမိုးဆိုသည့် ပုဂ္ဂိုလ်ကမူကား "ဘ၀ချင်းမတူသည့်တရုတ်ပြည် စာအုပ်မှာ အဂ္ဂါစနိုး၏ ထက်မြက်လှသော ကလောင်ဖြင့် ထိုနိုင်ငံနှင့် ထိုလူမျိုးကို ချစ်သည့်စိတ်၊ ထိုနိုင်ငံက အခြေအနေအရပ်ရပ်ကို သိရှိမှု၊ စာရေးသူ၏ ရိုးသားဖြူစင်သော စေတနာ၊ တဦးက တဦးကို ယုံကြည်နားလည်မှုတို့ဖြင့် ယနေ့ တရုတ်ပြည် တွင် အုပ်စိုးနေသူများနှင့် ရင်းနှီးစွာဆွေးနွေးခွင့်များ ရခြင်းတို့ စုပေါင်း၍ လွတ်လပ်စွာ ရေးသားတွေးခေါ်နိုင်သည့် အမေရိကန် သတင်းစာဆရာတဦးက ရေးသားသည့် စာအုပ်ကြီးပါပေ" ဟူ၍ ဝေဖန်ထားသည့် စာအုပ်လည်း ဖြစ်ပါသည်။
နယူးရော့ ဟဲရဲထရီဗြွန်း သတင်းစာ၏ စာအုပ်ဝေဖန်ရေးခန်းကမူကား "ဤစာအုပ်ကြီးတွင် အဂ္ဂါစနိုးသည် တရုတ်ပြည်က ပုဂ္ဂိုလ်တွေ အကြောင်းကိုလည်းရေးသည်၊ ပြဿနာတွေ အကြောင်းကိုလည်း ရေးသည်၊ ဥပမာ ရှံစီပြည်နယ်မှ လယ်သမား၊ ပီကင်းကဆရာဝန်၊ ဆိုက်ကားသမား၊ အသက် ၂၂ နှစ်သာ ရှိသေးသည့် အင်ဂျင်နီယာကျောင်းသား၊ စသည်တို့နှင့် တွေ့ဆုံခွင့်ရအောင် ဖန်တီးပေးထားလေသည်။ တဦးနှင့်တဦး သိနားလည်မှုမှာ တွေ့ဆုံဆွေးနွေးခြင်းမှ စတင်ခြင်း ဖြစ်ရာ ဤစာအုပ်နှင့် ဤအခွင့်အရေး ရစေခြင်းမှာ နေရာကျလှသည်" ဟု ရေးသားထားပါသည်။
နယူးစ်ဝိဂျာနယ် စာအုပ်ဝေဖန်ရေးခန်းမှ ဝေဖန်ပုံမူကား "ဤ စာအုပ်မှာ တော်လှန်ရေးပြီးကတည်းက တရုတ်နီပြည်ကို ကိုယ်တွေ့မျက်မြင် သွား၍ ကြည့်ပြီး စုံလင်စွာ သတင်းပေးသည့် အမေရိကန်တဦး၏ ပထမဆုံး စာအုပ်ဖြစ်ပြီး တရုတ်ပြည်နှင့် ပတ်သက်၍ အမေရိကန်တို့ အထင်အမြင် လွဲမှားနေပုံများ၊ အမေရိကန်၏ သဘောထားမမှန်ဘဲ ဖြစ်နေပုံများကို ချေမှုန်းတိုက်ဖျက်သလို ရှိလေသည်" ဟူ၍ ဝေဖန်ရေးသားခြင်း ခံရသည့် စာအုပ်ကြီး ဖြစ်ပါသည်။

ဒေါ်အမာ(ဘာသာပြန်သူ)

ရှုဒေါင့်
ရေးသူ- မမိုးသူ [ဒိုင်အို]


{ညီရင်းအကိုစာဝိုင်းက ၁၉၇၁ မှာ ထုတ်ခဲ့တဲ့၊ ပန်းခူးပွဲ ကဗျာစာအုပ်လေးကို စက်မှုတက္ကသိုလ်မှာ တက်တုန်းက ၀ယ်ယူသိမ်းထားခဲ့တာ၊ ခု အဲဒီထဲက လမင်းတရာကြိုက်တဲ့ ကဗျာတပုဒ်ကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။ ၃၈ နှစ်တောင် ကြာခဲ့လေပြီ။}



ရွှေသမင်တို့ရွာ၊ ကျားအိုနာက
အစာရှာရန် တလည်လည်။

ထိုးမည့်ဆင်သည်၊ နောက်တလှမ်းချီဆုတ်
သည်ပြယုဂ်ပဲ၊ ကျားစဉ်းလဲ၏
ပြုံးဖြဲနောက်ကွယ်၊ အစွယ်ကိုဖုံး
စကားလုံးလှ၊ နုရွသွေးဆောင်
အာဘောင်ကသန်၊ ဟန်ကဘုရင်ကြီး
အမြီးတရမ်းရမ်း၊ ပြင်ဘန်းစေတနာ
သမင်ရွာကို၊ ဖြာလွန်းလှချေ
နှုတ်ခွန်းချွေသည်၊ ရွှေသမင်ဝပြော
လောကနိဗ္ဗာန်ကို၊ ကျားအိုကြီးက
တည်ဆောက်ပြမတဲ့။

စည်းလုံးအားအင်၊ ကြေးမုံပြင်တွင်
သမင်တို့နိဗ္ဗာန်၊ သမင်သာဖန်ရမည်
ဆင်တို့နိဗ္ဗာန်၊ ဆင်သာဖန်ရမည်
ငါတို့၏နိဗ္ဗာန်၊ ငါတို့ဖန်ရမည်
ဤသည်ဆန့်ကျင်၊ ပြောင်းပြန်မြင်သော်
သွေးလျဉ်မြစ်ကြောင်း စီးတော့မည်။

မမိုးသူ [ဒိုင်အို]