နှုတ်ဆက်လိုက်သည်
… အာအိုင်တီ
နှစ်ပေါင်းနှစ်ဆယ်တိုင်
ခွဲခွါခဲ့ရသော အာအိုင်တီနှင့် ပြန်ဆုံရမည်ဆိုသော စိတ်တွေက လှုပ်ရှားနေမိသည်။ ပြန်တွေ့သည့်အခါ
အာအိုင်တီသည် ဘယ်လိုများ နေမလဲ။ ဒါလောက်တောင် ခွဲထားရသလားဟူ၍ စိတ်လုပ်နေမည်လား။ မတွေ့တာကြာ၍
ခပ်စိမ်းစိမ်း ဖြစ်နေမည်လား။
တွေ့ရတာ ဝမ်းသာလွန်း၍
ဖက်လဲတကင်း ဖြစ်လေမလား။ အာအိုင်တီနှင့် ခွဲခွါခဲ့ရသော နှစ်ပေါင်းနှစ်ဆယ် တို့ထက်လွန်၍
အာအိုင်တီနှင့် စတင်တွေ့ရသည့် နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်ကျော် အတိတ်သည် ဆလိုက်ကားချပ်များသဖွယ်
တချပ်စီ တချပ်စီ ပေါ်လာကြသည်။
ယခု ပထမအကြိမ်
အတန်းပေါင်းစုံနှင့် နှစ်ပေါင်းစုံ ပြန်လည်ဆုံတွေ့ပွဲကြီးကို ဝှဲချီးကျင်းပမည့် အာအိုင်တီမြက်ခင်း။
ကျွန်တော်တို့
၁၉၆၉ ဘွဲ့ရသူများ ဘွဲ့နှင်းသဘင် ကျင်းပခဲ့သည့် နေရာပေပဲ။ စနစ်သစ်ပညာရေးအကြောင်းကို
သည်နေရာတွင် ဆိုရပေလိမ့်မည်။
စနစ်တွေက
အသစ်အသစ်၊ သစ်ပြီးရင်း သစ်လာခဲ့သဖြင့် ဘယ်စနစ်သည် မူလပထမ လက်ဟောင်းစနစ်သစ် ဖြစ်လေသလဲ။
နှောင်းလူတို့ သိစေရန် အနည်းငယ် စမြုံ့ပြန်လိုပါသည်။
မြန်မာနိုင်ငံတွင်
အင်္ဂလိပ်ခေတ်ကတည်းက ကျင့်သုံးလာခဲ့သည့်စနစ်မှာ ရန်ကုန်တက္ကသိုလ်လက်အောက်တွင် ဆေးပညာမဟာဌာန၊
အင်ဂျင်နီယာမဟာဌာန၊ စသည်ဖြင့် မဟာဌာနကြီးများဖြင့် ဖွဲ့စည်းထားသော တက္ကသိုလ် ပညာရေး
ဖြစ်သည်။ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်တို့တွင် အဓိကဘာသာရပ် လိုင်းခွဲမထားပဲ
Inter A, Inter B ဟူ၍ ကြိုက်ရာဘာသာရပ်တွဲများကို ယူပြီး သင်ကြရသည်။ ထိုနောက် ယခုအခေါ်
တတိယနှစ် ရောက်မှ ကြိုက်ရာလိုင်းကို လိုက်ကြရသည်။
ထိုစနစ်ဟောင်းကြီးကို
အမြစ်မှ ပြောင်းလဲလိုက်သည်က ၁၉၆၄ တွင် ပေါ်လာသော စနစ်သစ်ပညာရေး ဖြစ်သည်။ တက္ကသိုလ်များကို
သီးခြားခွဲ ဖွင့်လိုက်သည်။ ဆေးပညာတက္ကသိုလ်၊ စက်မှုတက္ကသိုလ် စသည်ဖြင့် ပါမောက္ခချုပ် သီးခြားအုပ်ချုပ်သော
institute များ ပေါ်ပေါက်လာခဲ့သည်။
ကျွန်တော်သည်
၁၉၆၃ တွင် ဆယ်တန်းအောင်သူဖြစ်ရာ တက္ကသိုလ်ပထမနှစ်ကို စနစ်ဟောင်းဖြင့် မန္တလေးတက္ကသိုလ်
(၁၉၅၆ - ၅၇ ခန့်က ရန်ကုန်တက္ကသိုလ်မှ ခွဲထွက်၍ သီးခြားဖြစ်လာသည်) တွင် သင်ရသည်။
ကျွန်တော်၏
တက္ကသိုလ်ပညာရေးမှာ လာလာချင်း ဆောက်နှင့်ထွင်းခံရတော့သည်။ ၁၉၆၃ ဇွန်လတွင် ဖွင့်သော မန္တလေးတက္ကသိုလ်သည်
အောက်တိုဘာလတွင် စပြီး ပိတ်လိုက်သည်။ ရန်ကုန်တက္ကသိုလ်သည် လည်း ထိုနည်းလည်းကောင်း ပါပဲ။
၁၉၆၂ အရေးအခင်း၏ ရိုက်ခတ်ချက်က ၁၉၆၃ တွင် ပြန်ပေါ်လာခြင်း ဖြစ်သည်။
မန္တလေးတက္ကသိုလ်တွင်
အောက်တိုဘာလထဲ၌ အကြီးအကျယ် ဆန္ဒပြကြ၏။ ကျောင်းမတက်ရဟူ၍ ကျောင်းတက်လာသူများကို လမ်းမတွင်
ပိတ်ဆို့ တားဆီးကြသည်။ မအူမလည် ပထမနှစ်ကျောင်းသား ကျွန်တော်သည် လမ်းဘေးမှ ကြည့်ကောင်းကောင်းဖြင့်
ကြည့်နေခဲ့သည်။ မန္တလေးနန်းတော် တောင်မုခ်နှင့် မန္တလေးတက္ကသိုလ် အဓိပတိလမ်းသည် တောင်မြောက်
ဖြောင့်တန်းနေသော လမ်းမကြီး ဖြစ်သည်။ နေမြင့်လာသောအခါ နန်းတော်ဘက်မှ သံချပ်ကာ ကားကြီးများ
တရွေ့ရွေ့ လာနေကြသည်ကို မြင်ရသည်။ ကားပေါ်တွင် မန္တလေးမြို့ တရားသူကြီး ပါ၏။ တရားဥပဒေနှင့်အညီ
ဆန္ဒပြသူများကို ဖယ်ရှားခိုင်းသည်။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဖယ်မပေးပါက အရေးယူမည်
ဆိုပြီး အသင့်ပါလာသော မီးသတ်ကားပေါ်မှ ရေပိုက်ကြီးများဖြင့် ထိုးချတော့သည်။ ဆန္ဒပြသူများက
သင်္ကြန်ရေသဘင်သဖွယ် “ရယ်တာပေါ့၊ ရယ်တာပေါ့” ဟု အော်ကြသည်။ နောက်တော့ မကြာပါ။ ရယ်သံများ
ပျောက်ပြီး “ဗြောက် ဗြောက်၊ ဗြောက် ဗြောက်” နှင့် အသံတွေ ကြားလာရတော့သည်။
“ဒါ မျက်ရည်ယို
ဗုံးဟေ့” ဟု အော်သူက အော်သဖြင့် ကျွန်တော်သည် ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင်
ပြေးတော့သည်။
ထို့နောက်တော့
ကျောင်းတွေပိတ်၊
ဘယ်တော့ ဖွင့်မယ်မှန်းမသိရ။
နောက်တော့
စာမေးပွဲတွေကို နယ်က၊ အထက်တန်းကျောင်းတွေမှာပဲ လုပ်တော့မည်ဟု ကြေညာသည်။ ၁၉၆၄ မတ်လထဲတွင်
ကျွန်တော်သည် ငယ်ငယ်က ကျောင်းတက်ခဲ့သော ကျောက်ဆည် အထက်တန်းကျောင်းတွင် Inter A စာမေးပွဲကို
ဖြေရသည်။ လေးလတည်းသာ တက်လိုက်ရသော Inter A။
မြန်မာ့ပညာရေးသမိုင်းတွင်
ပွဲဦးထွက် (နောက်ထွက်တွေ ရှိသေး၍ ဤစကားလုံးကို သုံးခြင်း ဖြစ်သည်) နယ်တွင် ဖြေရသော
တက္ကသိုလ်စာမေးပွဲ။
စာမေးပွဲကြီးပြီးတော့လည်း
ကျောင်းက မဖွင့်၊ ပုံမှန်မှာ သင်္ကြန်အပြီး မေ ဇွန်တွင် ဖွင့်နေကျ ဖြစ်သည်။ နောက်တော့
စနစ်သစ် ပညာရေးဟူ၍ ပေါ်လာတော့သည်။ ၁၉၆၄ ခု၊ တနှစ်လုံး ကျွန်တော်သည် လပ်လျားလပ်လျားနှင့်
ဘာအလုပ်မှ မရှိ။
၁၉၆၄ ခု နိုဝင်ဘာလကျတော့မှ
ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဒုတိယနှစ် ကျောင်းသားအဖြစ် စတက် ရတော့သည်။ ရန်ကုန်ကို ထိုစဉ်က
Rangoon ဟု ခေါ်သဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်သည် အများအခေါ် R.I.T. ။ ၁၉၆၄ ခုနှစ်
R.I.T ဝင်သော ကျွန်တော်သည် ငါးနှစ်တက်ပြီးနောက် ၁၉၆၉တွင် ဘွဲ့ရသည်။
အာအိုင်တီ၏
ပထမဆုံး ဘွဲ့နှင်းသဘင်မှာ စိမ်းလန်းစိုပြေ၊ အုန်းထန်းပင်များ ဝေဆာသော အာအိုင်တီ မြက်ခင်းပြင်မှာ
ဖြစ်သည်။
Building
2 ကို ကျောပေး၍ စင်ကို မနိမ့်မမြင့် ဆောက်ထားသည်။ Architect ဌာနက ဒီဇိုင်းဆွဲ ဆောက်လုပ်ပေးသည်ဟု
ဆိုသည်။ အခြားတပါးကို မှာမနေရ၊ ထိုစဉ်က Architect ဌာနတွင် အချိန်ပိုင်း ကထိက လုပ်သော
ဆရာဗဂျီအောင်စိုး ရှိနေသေးသည်။
ညနေစောင်း။
အုန်ထန်းပင်များ၏
အရိပ်တို့ ရှည်လျားလှပြီ။
မြန်မာဆိုင်းဝိုင်းကြီးက
စည်တော်ရွမ်း၏။
အာအိုင်တီ၏
ပထမဆုံး ပါမောက္ခချုပ် ဆရာကြီး ဦးရုံးမို အမှုပြုသော ပါမော်က္ခ ဆရာ ဆရာမများသည် ဝတ်ရုံကြီးတဖားဖား
ခေါင်းပေါ်မှ ဦးထုပ်ကြီး တကားကားဖြင့် ဝင်းခင်းပြီး လျှောက်လာကြသည်။ အလွန်မြန်ဆန်၍
အလွန်ကြည်နူးဖွယ် ကောင်းလှသည်။ အာအိုင်တီ မြက်ခင်းသည် သည်လောက် ကျက်သရေ မင်္ဂလာရှိလိမ့်မည်ဟု
မထင်ခဲ့။
ယခု ဤမြက်ခင်းတွင် အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်၊ အနှစ်လေးဆယ်အတွင်း
ဘွဲ့ရသွားကြသော အင်ဂျင်နီယာများ၊ ဆရာ တပည့်များ ကြုံဆုံကြရတော့မည်။
ဘယ်လောက်ကျက်သရေ
မင်္ဂလာ ရှိလိုက်ဦးမည်လဲ။ အာအိုင်တီသည် ဘယ်လောက်ဝမ်းသာလိုက်လေမလဲ။
အာအိုင်တီဟု
ဆိုလိုက်လျှင် ပုံရိပ်အမျိုးမျိုး၊ ယခုခေတ် Internet အခေါ် Key Word အမျိုးမျိုး ခေါင်းထဲတွင်
ပေါ်လာပေလိမ့်မည်။
“စွယ်တော်ရိပ်”၊
”ဦးလူပေါ”၊ ”ဂျီဟော”၊ ”နွေးအေး”၊ ”မပြောမရှိနဲ့”…… စသည် စသည်……၊
ပုံရိပ်တကာ့
ပုံရိပ်ထဲတွင် အာအိုင်တီ မြက်ခင်းပုံရိပ်သည် အထင်လင်းဆုံးဖြစ်သည်။ ဤမြက်ခင်းသည် ပွဲလန်းသဘင်မျိုးစုံ၊
အဖြစ်သနစ်မျိုးစုံ တွေ့ကြုံခဲ့ရပြီ။
ဘွဲနှင်းသဘင်မှသည်
Funfair ၊ လောင်းကြေးစားကြေး သြဘာလမ်းလျှောက်ပွဲ၊ ထိုမှတပါး အခြားအခြားသော အဖြစ်အပျက်များ၊
အကောင်းလည်းပါ၊ အဆိုးလည်းပါ၏။ ယခုတော့ ဆရာကန်တော့ပွဲနှင့် ပြန်လည်ဆုံတွေ့ပွဲ။ အာအိုင်တီသမိုင်းကိုအသိဆုံးမှာ
ဤမြက်ခင်းပင် ဖြစ်ပါသည်။
ကျွန်တော့်အကြောင်းကို
ပြန်ကောက်ရလျှင် တက္ကသိုလ် တက်တက်ချင်း ဆောက်နဲ့ ထွင်းခံရသော ကွှန်တော်သည် အာအိုင်တီ
တက်နေစဉ်နှင့် ထို့နောက် နှစ်များတွင်လည်း ဆောက်သာမက စူးရော၊ ပေါက်ဆိန်ပါ ပါလာသော အဖြစ်များကို
ကြုံဆုံခဲ့ရပါသည်။
၁၉၆၇ တွင်
တရုတ်ဗမာအရေးအခင်း ဖြစ်သဖြင့် ကျွန်တော် စတုတ္ထနှစ်အရောက်တွင် ကျောင်းတွေ ပိတ်လိုက်ပြန်၏။
အာအိုင်တီမှ အရှေ့လားသော် တရုတ်သင်းချိုင်း ဖြစ်သဖြင့် ဗမာတွေ ရန်ကို ကြောက်၍ ညမှ လာချသော
အသုဘများအကြောင်း ကောလာဟလက လာပြန်၏။
ဟုတ်ပါရဲ့။
ညဥ့်ဘက်လှမ်းကြည့်ပါက တရုတ်သင်းချိုင်းမှ မီးတလက်လက်။ အဆောင်နှင့် တရုတ်သင်းချိုင်း
အဝေးကြီး ဖြစ်ပါလျက် ကြောက်လွန်း၍ အိမ်သာသွားရန်ပင် အပြင်မထွက်ရဲသူကလည်း ရှိသေးသည်။
ကျောင်းတွေ
ပိတ်လိုက်တော့ သူများတွေ ဝမ်းသာအားရ ကိုယ့်ရပ်ကိုယ့်ရွာ အလုအယက် ပြန်ကြသော်လည်း ကျွန်တော့်မှာတော့
ကျွန်တော့်အပူနှင့် ကျွန်တော်။ အညာသားဖြစ်သော်လည်း အသားဖြူ မျက်လုံးမှေးသော ကျွန်တော့မှာ
“ပဲခူးဘူတာမှာ ရထားပေါ် တရုတ်ပါရင် ရိုက်သည်” ဟူသော ကောလဟလ ရှိနေ၍ ပြန်ရမှာ မဝံ့မရဲ။
ပဲခူးဘူတာ ဝင်ရင် ကိုယ့်ကို မမြင်ရအောင် ပုန်းနေမည်ဟူ၍ စိတ်ကို ရဲဆေးတင်ကာ ကြောက်ကြောက်
လန့်လန့် ပြန်ရ၏။
သည့်နောက်
၁၉၇၀ ရောက်ပြန်တော့ ရန်ကုန်တက္ကသိုလ်ရွှေရတုသဘင် ပွဲတွင်းကြီး ပျော်ကောင်းနေတုန်း ကျောင်းတွေ
ပိတ်ပြန်သည်။ ကျွန်တော်က ဆရာ ဖြစ်စ၊ အာအိုင်တီ ထီးယိမ်းကလည်း ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း
ဇာတ်စင်မှာ၊ နာမည်အရဆုံး ဖြစ်နေချိန် ကျွန်တော်တို့ Chemical ဘာသာရပ်အသင်းကလည်း ယိုးဒယား
မုန့်ဟင်းခါးကို ဆိုင်ဖွင့်ရောင်းကောင်းနေချိန်၊ ဘာပြောကောင်းမလဲ၊ နှစ်ရက် သုံးရက်နှင့်
ပိတ်သွားတော့သည်။
ကြည့်၊ သမိုင်းစဉ်တခုနှင့်
ယှဉ်လျှင် အနှစ်နှစ်ဆယ် သုံးဆယ်ဆိုသော ကာလသည် မကြာသေးဟု ဆိုနိုင်ပါ၏။ သို့သော် ကျွန်တော့်မှတ်ဥာဏ်သည်
မကောင်းတော့။ မေ့တေ့တေ့။ ရှေ့နောက် ပြောင်းပြန် ဖြစ်ချင်ချင်။ ရွှေရတု အရင်လား..၊ ရွှေရတုနောက်မှာလား၊
ခုမှ သတိရသည်။
ပဉ္စမအကြိမ်မြောက်
အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့်နှစ်။
သမိုင်းဝင်းထဲက အားကစားရုံတွင် ဘောက်ဆင်ထိုးပွဲ၊ အကြိတ်အနယ်။ လက်မှတ်မရသူတွေက အပြင်တွင်
ဆူကြပူကြသည်။ ထို့နောက်တော့ ကျောင်းပိတ်ပြန်သည်။ ရွှေရတုနှင့် ကျွန်းဆွယ်ပွဲ ဘယ်ဟာက
အရင်မှန်း မသိတော့။ သို့သော် သေချာသည်ကတော့ ကျောင်းပိတ်ခြင်းပင်။ အာအိုင်တီအဖို့ သူချစ်သော
ကျောင်းသားများနှင့် ခွဲရသည်မှာ တကယ်တော့ မဆန်းလှ။
ကျွန်တော်သည်
ဆရာပြန်လုပ်ပြီး အဆောင်နည်းပြလည်း လုပ်ခဲ့သဖြင့် ကျောင်းတွေ ပိတ်တိုင်း ခြောက်ကပ်ကျန်ရစ်သော
အဆောင်အကြောင်းကို အသိဆုံးဖြစ်သည်။ ကျောင်းသား တရာကျော်၊ နှစ်ရာခန့်ရှိသော အဆောင်ပင်လျှင်
ဤမျှ ခြောက်သွေ့သွားပါက၊ ကျောင်းသား နှစ်ထောင်ကျော်ရှိသော အာအိုင်တီကြီးဆိုလျှင် ဘယ်လိုနေလိမ့်မည်နည်း။
ခွဲခွါရသည်များက အကြိမ် စိပ်လာသည်။
ရက်တိုမှ
ရက်ရှည်၊ ရက်မှသည်လ၊ လမှသည် နှစ်။
ခွဲခွါရတိုင်း
ခံစားရမြဲ ဖြစ်သည်။
အာအိုင်တီ
ဘယ်လို ခံစားရမလဲ။
အနှစ်နှစ်ဆယ်တောင်
ခွဲနေခဲ့သော ကျွန်တော့်ကို အပြစ်ဖို့လေမလား။
ပြန်လည်တွေ့ဆုံပွဲကြီးကို
ဝှဲချီးပြုလုပ်မည် ဆိုသောအခါ၊ ပြန်လည်မဆုံတွေ့နိုင်တော့သူ များကို သတိရပြန်သည်။
အတန်းထဲမှ
ကိုမင်းထွန်းလှိုင်တို့၊ ကိုမြင့်ဆွေတို့ မရှိကြတော့။ ဆရာကြီးတွေထဲက ဦးစိန်လှိုင်တို့
ဒေါက်တာစန်းတင့်တို့၊ ဦးအောင်သန်း စသော ဆရာကြီးများကို ကန်တော့နိုင်တော့မည် မဟုတ်တော့။
ကျောင်းသားတွေထဲကရော၊
နိုင်ငံတကာတွင် ပြန်လည်ဆုံတွေ့ပွဲများ ခေတ်စားသည်။
Facebook
စသော Social Network များ ခေတ်စားသည့် ယခုလိုအခါတွင် ပို၍ များလာသယောင် ဖြစ်သည်။
ပြန်လည်ဆုံတွေ့ပွဲတွေ
တက်ရောက်နိုင်ဖို့က အချိန်ရော၊ ငွေရော၊ လူရော အားလုံး အဆင်ပြေဖို့ လိုသည်။
အားလုံး အဆင်ပြေနေသူ
မဟုတ်ပါက ပြန်လည်တွေ့ဆုံပွဲကို တက်ရောက်ဖို့ မလွယ်။ သုံးခုလုံးကို ပြည့်စုံမှ ဖြစ်မည်။
ယခုပွဲတွင်
ဘယ်သူတွေနှင့်များ ပြန်တွေ့ရမလဲ။ ပြန်တွေ့ရသူသည် သေချာပေါက် ပြန်တွေ့နိုင်လောက်အောင်
ခွန်အားရှိသူဟု မှတ်ရမှာ ဖြစ်သဖြင့် သူ့အတွက် ကြိုတင် ဝမ်းသာမိသည်။
သို့သော်
ပြန်မတွေ့နိုင်သူများကို သတိရလှ၏။ အချို့မှာ ရပ်ခြား၊ မြေခြား၊ နိုင်ငံခြား၊ အချို့မှာ
အခြေအနေခြား၊ အချို့မှာ ဘဝပင် ခြားသွားကြလေပြီ။
တင်တင်စော၊ ကိုအေးဝင်း၊ မသန်းနှောင်း၊ ဖုန်းမော်၊ တင်အေးကြူ စသူတို့ကို
သတိရလှသည်။
အာအိုင်တီသည်
ဦးလူပေါဂိတ်ကြီးက ဂိတ်မကြီး ဖြစ်သဖြင့် တရားဝင်ဆိုပါက ထိုဂိတ်မှ ဝင်ပြီး ထိုဂိတ်မှ
ပြန်ထွက်ရမည် ဖြစ်သည်။ ပုံမှန် ကျောင်းဝင်ပြီးနောက် ဘွဲ့ယူကာ ပုံမှန် ကျောင်းထွက်ရမည်
ဖြစ်သည်။
သို့သော်
အာအိုင်တီတွင် ဂိတ်တွေ အများသား……..။
ဘီပီအိုင်ဂိတ်မှာ
ဘတ်စ်ကားစီးသူ အများက သုံးသော ဂိတ်ဖြစ်သည်။ ကျဉ်းသော်လည်း လူဝင်လူထွက် ပိုများသည်။
သည့်ပြင်လည်း ကြို့ကုန်းရပ်ကွက်နှင့် ဆက်နေသော ဘေးဂိတ်များ ရှိသေး၏။ အမှုထမ်းရပ်ကွက်ကို
ကျော်ပြီး တရုတ်သင်းချိုင်း(ဟောင်း) ကို ထွက်သော နောက်ဖေးပေါက်လည်း ရှိသေးသည်။
ဝင်တုန်းက ဦးလူပေါဂိတ်မှ ဝင်လာပြီး နောက်တော့ ဘယ်အပေါက်က ထွက်သွားမှန်း
မသိသူတွေ တပုံတပင်…။
အာအိုင်တီကတော့
ကျောသားရင်သားမခွဲခြားဘဲ လှေလှော်ရင်း တက်ကျိုးကြသော ထိုသူတို့ကိုလည်း လွမ်းနေပေလိမ့်မည်။
အများတကာတွေ
ပြန်တွေ့ဆုံကြသည့်အခါ သူတို့ကို မမြင်လို့ အာအိုင်တီကမေးလျှင် ဘယ်လိုဖြေရမည်နည်း။ ဆရာကြီးမင်းသုဝဏ်၏
“သူ့မှာတမ်း” ကဗျာလေးကို သတိရသည်။
လွတ်လပ်ရေး
တိုက်ပွဲတွင် ဖက်ဆစ်များကို တိုက်ရင်း ကျည်သင့်၍ သေလုမြောနေသော စစ်သားလေးအား ကျန်ရစ်
ရဲဘော်များက မေးသည်။
“မွေးရပ်မြေတွင်
ကျန်ရစ်သော မိဘများကို ဘာမှာဦးမလဲ”
”ကန်တော့လိုက်ကြောင်း
ပြောပြပါ”
”နေအိမ်တွင်
ကျန်ရစ်သော ဇနီးသည်အား ဘာမှာဦးမလဲ”
”ခွင့်လွှတ်ကြောင်း
ပြောပြလိုက်ပါ”
”တိုက်ပွဲဝင်ရဲဘော်တွေကို
ဘာမှာဦးမလဲ”
“အားနာကြောင်းပြောလိုက်ပါ”
အာအိုင်တီကို
ပြန်တွေ့သည့်အခါ ဘာကို ပြောရပါ့။
ရင်မောင်။