Thursday, February 7, 2013

စွယ်တော်ရိပ် အမေ ရေးသူ - မောင်စိန်ဝင်း(ပုတီးကုန်း)







ရာဇဝင်မှာ
ဘုရင်လောင်း ပေါ်မယ်ဆိုလို့
ကိုယ်ဝန်သည် မိခင်တွေ
အသတ်ခံရသတဲ့ ….
တကယ့်အဖြစ်လား …
ပုံပြင်လား ….
မခွဲခြားနိုင်ခဲ့။

သူရဲကောင်းတွေ မွေးထုတ်တဲ့ မိခင်
ရာဇဝင်ထဲကလိုမျိုး
အငြှိုးတကြီး အနှိပ်စက်ခံ
ခေတ်ဒဏ်ရာဗလပွနဲ့
ကာလတခုကို ဖြတ်သန်း
ပန်းတွေ မဝေနိုင်ခဲ့တာ
ကြာ .. ကြာ … ကြာပေါ့။

ကျောင်းသားနဲ့ ပြည်သူ
ညီတူပေါင်းဖက်
“နှစ်လွှာမှ တရွက်ဖြစ်”
ခေတ်အဆက်ဆက်ရဲ့ ကြေးမုံပြင်
အမေသင်ပေးတဲ့ အဘိဓမ္မာနဲ့
သားတွေဟာ ရင့်ကျက်
သမီးတွေဟာ ရင့်ကျက်
ပြည်သူဘက်က ရပ်တည်
အာဇာနည်တွေအဖြစ်
မျိုးစေ့အသစ်တွေပါအမေ …

မျိုးစေ့မှ အပင်
အပင်မှ အရွက်ဖြစ်
ရွက်သစ်တွေနဲ့ လန်း
ပန်းပွင့်တွေနဲ့ ဝေ
အမေ အရင်ကလို ကျန်းမာလာပါစေ …

အဲဒီအခါမှာ
အလွှာ နှစ်လွှာ - တရွက်နဲ့
ကမ္ဘာ … ကမ္ဘာ … ဆက်အောင်
(အမေ … )
စာမျက်နှာအသစ်ဖွင့်နိုင်ပါစေသတည်း။

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments: