Friday, February 8, 2013

ဒေါင်းမြီးကွက်ပန်း ရေးသူ - မောင်မှိုင်းလွင် (အင်းဝ)





အဲဒီ
ကောင်းကင်ဆံမြိတ်မှာ ....
မွှေးပျံ့နေတဲ့ ပွင့်သစ်တွေဟာ
ဟောဒီ ဆန်တိနိကေတန်ရဲ့ မျိုးဆက်တွေရယ် .... ။
အဲဒီ
ဥယျာဉ်တိမ်စွန်းမှာ .....
ရွှန်းလက်နေတဲ့ ကြယ်သစ်တွေဟာ
ဟောဒီ
ဆီမီးလျှံရဲရဲက
မီးစွယ် မီးညွန့်တွေ ဖြစ်တယ် .... ။
ဦးဏှောက်ထဲသာမက
အမောက် သ,ရာ ... အက သင်ရာ
အတက်ချွန်ရာ ... အတွန်ကျင့်ရာ
နှုတ်သီးသွေးရာ ... အခွပ်စမ်းရာ
နှလုံးသားမှာ ...
သွေးကြောထဲမှာ ... ။
စေတနာကြောင့် ပွင့်တဲ့ပန်း
လန်းဆန်းပေရဲ့ ။
မေတ္တာကြောင့် စိမ့်တဲ့စမ်း
ချမ်းမြပါ့ကွယ် ။
တစ်စက်စို့ဖူး နို့ဦးရည်ထဲက
ပဋိဇီဝဓာတ်နဲ့ပဲ
ဘဝရဲ့ ဗိုင်းရပ်မုန်တိုင်း
ခုတ်ပိုင်းဖြတ်လှဲ တောတိုးရဲခဲ့
ဇွဲမှာ ကိုယ်ခံစွမ်းအားအပြည့်။
ရွှေမှုံ ငွေစ
စိန်ခြယ်ကြယ်ရောင် ကိုယ်ဟန်ပြလို့
လအတု ညအတု ဖန်ဆင်းကြလည်း
ရေနောက် ကန်ပုတ်ထဲမှာ
ကုမုဒြာကြာ မပွင့်နိုင် ။
စိမ်းလဲ့ကြည်အေး
ကျေးဇူးတော်ရေကန်မှာ
ပန်းကောင်းပန်သူများရဲ့
လက်ဖျား ကြာဖူး
ပွင့်သစ်ဦးတို့ ကုဋေကုဋာ
မနက်ဖန် မျက်နှာပီတိတွေနဲ့။
အစော်ကားခံ ဒဏ်ရာတွေနဲ့
ပုတ်ပွနံစော်နေတဲ့
ဥတုပျက် အိုင်းနာကြီးမှာ
ဒါဟာ
အသားနုတက်လာတာ ဖြစ်တယ်။

မောင်မှိုင်းလွင် (အင်းဝ)

No comments: