ဒီစာကို Select ပေးပြီးရေးပါ...Summary
Rest of your post
ဒီစာကို Select ပေးပြီးရေးပါ...Summary
Rest of your post
ဒီစာကို Select ပေးပြီးရေးပါ...Summary
Rest of your post
ဒီစာကို Select ပေးပြီးရေးပါ...Summary
Rest of your post
လူတွေများ စိတ်တွေညစ်ပြီဆိုရင် ဘာလုပ်တတ်ကြသလဲ ကိုယ်တွေးနေမိတယ်။ ကိုယ့်အဖို့မှာတော့ စိတ် မပျော်ရွှင်ရင် ကိုယ့်သားသမီးလို ဖြစ်နေတဲ့ ကြောင်လေးတွေနဲ့သာ ဆော့လိုက် ပွတ်သပ်လိုက် ကစားလိုက် နေမိတာပဲ။
သူတို့နဲ့နေရင် စိတ်ပင်ပန်းတာ စိတ် အခန့်မသင့်တာ အဆင်မပြေတာတွေလဲ ခဏတဖြုတ်တော့ မေ့တယ်။ မပျော်ရွှင်တဲ့ စိတ်တောင် လန်းလန်းဆန်းဆန်း ဖြစ်လာတတ်တယ်။ သူတို့အကြောင်း ပြောမယ် ရေးမယ် ဆိုရင် ပြောမကုန်၊ ရေးမကုန်။ ကြောင်လေးတွေနဲ့ စာရေးဖို့ ဂီယာပြန်နှိုးရသလိုပေါ့။
အရင်က ကြောင်လေးတွေ ခြံထဲမှာ လာပေါက်ရာက တဖြေးဖြေး သိမ်းသွင်းပြီး ကိုင်လို့ရလာတော့ အရင်ပေါက်တဲ့ ၅ကောင်က အိမ်ထဲမှာနေ၊ နောက်ပေါက်တဲ့ ၅ကောင်က ခြံထဲမှာနေလို့ အသီးသီး နယ်နိမိတ် သတ်မှတ်ထားကြတယ်။ နောက်တော့ ဆုံးတဲ့ကလေးက ဆုံး၊ အိမ်ပြောင်းတဲ့ ကောင်က ပြောင်း၊ ကားတိုက်တဲ့ ကလေးက အတိုက်ခံရဆိုတော့ အိမ်မှာ အခုဆို ၄ကောင်ပဲ ကျန်ပါတော့တယ်။ (ဆုံးတဲ့ ကလေးတွေ အကြောင်းတော့ မပြောပါရစေနဲ့တော့။)
ပဲများတဲ့ ပဲထုပ်ကလေး သမီးဖြူရယ်၊ အနက်ကြား အိုဘားမားရယ်၊ အထီးတကောင်တည်း ကျန်တဲ့ အကြီးကောင် ရယ်၊ နောက်တကောင်က စပယ်တင် တဲ့။ နှုတ်ခမ်းမှာ မှဲ့လေးလို ထင်းထင်း အနက်စက်ကလေး ရှိတာမို့ စပယ်တင် လို့ နံမည်ပေးလိုက်တာ။ ကြောင်ထီးထင်ပြီး အိုဘားမားလို့ နံမည် ပေးလိုက်ပြီးမှ အမ ဖြစ်နေသလိုမျိုး စပယ်တင် ပေးပြီးမှ အထီးဖြစ်နေရင် အခက်မို့ သေချာ ကြည့်ပါဟဲ့ လုပ်ရသေးတယ်။
အခု သူတို့အတွက် ခြံထဲမှာ ကိုယ့်အမျိုးသားက ကြောင်အိမ်ကလေး နှစ်လုံး ဆောက်ပေးထားတယ်။ အင်တာနက်ကနေ ကြောင်တွေအတွက် အိမ်ကို သေချာရှာ၊ ဒီဇိုင်း ထုတ်ပြီးမှ သုံးထပ်သားနဲ့ ဆောက်၊ ဆေးတွေသုတ်၊ ကော်ဇော ခင်းပြီး နေချင့်စဖွယ် လုပ်ပေးထားတာပါ။ သူတို့ကလဲ အဲဒီအိမ်လေးထဲမှာပဲ ၀င်အိပ်တယ်၊ နေပါတယ်။
ခြံထဲမှာ နေရပြီဆိုတော့လဲ နဂိုကမှ တောကြောင်စပ်လေးတွေဆိုတော့ ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကျားကျားယားယားတွေ ဖြစ်ကုန်တယ်။ နေ့တိုင်း အစာကျွေးနေတဲ့ ကိုယ်တို့ကိုတောင် စိတ်မထင်ရင် မထင်သလို ခီး ခီး နဲ့ ပြန်ဟောက်တတ်တယ်။ ဒါပေမဲ့ ဘယ်ကိုမှတော့ ထွက် မသွားဘူး။ အထူးအိမ်ခင် တဲ့ ထူးအိမ်ခင်တွေပါ။ ခြံထဲမှာပဲ လှဲလိုက် ဆော့လိုက် နေကြတယ်။
ကိုယ်တို့လဲ ကြည်နူးနေတာပေါ့။ သူတို့ သဘာဝအတိုင်း ဆော့ကြ၊ ကစားကြ၊ သစ်ပင်ပေါ် ပြေးတက်လိုက်ကြ နဲ့ဆိုတော့ စိတ်ချမ်းသာမိတာပေါ့။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက သိပ်မကြာလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ပုတ်သင်ညိုတွေ ဖမ်း ဆော့၊ ကင်းလိပ်လျှောလို အကောင်မျိုးလေးတွေ ဖမ်းလာ၊ တခါကတော့ သူတို့လက်နဲ့ ဖိထားတဲ့ ခပ်လှုပ်လှုပ်ဟာလေး ကြည့်လိုက်တာ ငှက်ပေါက်စလေး ဖြစ်နေတာကိုး။
ငှက်ကလေးရဲ့ ခေါင်းကလေးကို အိုဘားမားက လက်နဲ့ ဖိထားတယ်။ ခဏနေတော့ လွှတ်လိုက်တယ်။ ငှက်က ကမူးရှူးထိုး ခုန်ဆွပြီး ပြေးတော့ တလှမ်း နှစ်လှမ်းလောက် လှမ်းပြီး ပြန်ဖိထားတယ်။ ပုံစံကတော့ တကယ့်အချဉ်ပဲ။ ဆော့တဲ့အရွယ်တွေဆိုတော့ မျောက်မူးလဲ တို့ လျှပ်စီးလက်တို့ နံမည် ပေးရမဲ့ အပေါက်။ ငှက်ပေါက်စလေးကို ၄ကောင်သား ဆော့လိုက်ကြတာ ဗြောင်းဆန်နေပါရောလား။
စားချင်လို့တော့ မဟုတ်တာ သေချာတယ်။ စားတာလဲ တခါမှ မတွေ့ဘူးလေ။ အစာလဲ ၀ နေတော့ ဆော့ရုံ ဆော့တာပါ။ ဒါပေမဲ့ “ကြောင် ကျီစားရာ ငှက်မခံသာ” ဆိုသလို ငှက်ပေါက်စလေးတွေလဲ သေကုန်သလား မသိ။ နောက်တနေ့ကစပြီး သူတို့ရဲ့ မဟာရန်သူ ပေါ်လာတော့တယ်။
ငှက်မကြီးလို့ ကိုယ်ထင်တာပဲ။ မနက်မိုးလင်းကတည်းက တံခါးဝမှာ စောင့်နေတယ်။ ခေါင်မိုးစွန်းမှာ နားပြီး အသံကုန် ခြစ် အော်နေတာပါ။ speaker corner များ ထင်နေသလား မသိ။ သူ့ရင်တွင်းခံစားချက်တွေ အကုန် ပေါက်ကွဲ၊ အော်ဟစ်။ ငါ့ကလေးတွေ ပြန်ပေး လို့ ကြောင်တွေကို အော်ဟစ် တောင်းဆိုလိုက်တယ်။
ကြောင်တွေကလဲ ခပ်တည်တည်ပဲ။ ပြန်ပေးစရာလဲ မရှိတော့။ ငှက်ကလေးတွေလဲ ဆော့တာ သေကုန်ပြီ။ ဒါနဲ့ မကြားချင်ယောာင် ဆောင်နေပုံပဲ။ ရုပ်တည်ကြီးနဲ့ အိုဘားမားဆိုရင် ငုတ်တုတ်ထိုင်နေတယ်။ အကြီးကောင်ကလဲ သူ မလုပ်သလိုလို။ အဖြူမကလဲ ငှက်ခေါင်းကလေး ငုံမိရုံပါဆိုတဲ့ အထာနဲ့။
ကိုယ်တို့ရဲ့ နောက်ဖေးထွက်တဲ့ အပေါက်ဝနားမှာ သူတို့ ကြောင်အိမ်ကလေးတွေ ရှိတာပါ။ အစာကျွေးရင်လဲ အဲဒီနောက်ဖေးပေါက်ကနေပဲ ထွက်ကျွေးတာ။ ငှက်ကလဲ အပီအပြင်ကို အပေါက်ဝမှာ လာစောင့်နေတာပါ။ လာစားရဲ စားကြည့်စမ်း၊ ထိုးသုတ်ပစ်မယ် လို့ ကြိမ်းဝါးနေပုံပါပဲ။ တကယ်လဲ လုပ်ရဲတဲ့ ငှက်မ ဆိုတာ ကြာတော့ ကိုယ်တို့လဲ သိလာရတယ်။
ငှက်က တကောင်တည်း၊ ကြောင်က ၄ကောင်။ ဒါပေမဲ့ ကြောင်လေးကောင်စလုံး စားကောင်းခြင်း မစားရ၊ ဆော့ကောင်းခြင်း မဆော့ရ။ အစာကျွေးချိန်ဆို စားမယ်ကြံရင် ကျောကုန်းကို ငှက်က ထိုးသုတ်လိုက်တယ်။ တခါ ငုံ့စားနေပြန်တော့ ကျောက အမွှေးတဆုပ် ငှက်လက်ကြားထဲ ပါသွားပြန်ပါရော။ ရေကလေး သောက်မယ်ကြံရင် နားရွက်ကို ဖြတ်သုတ် လိုက်လို့ နားစုတ်သွားပြန်ပါပေါ့။
အရင်ကလို ခြံထဲမှာ လှဲပြု ဘယ်နေနိုင်ပါတော့မလဲ။ ငှက်က မျက်စိထောက်ဒေါက် ကြည့်နေတော့တာကိုး။ ကြောင်ဆိုတာကလဲ လေးဖက်ထောက် သွားတဲ့ သတ္တ၀ါဆိုတော့ လမ်းလျှောက်နေတုန်း ငှက်ပျံလာတာကို မမြင်ရဘူးလေ။ ငှက်ကလဲ သူ့ကလေးတွေ သေထားတာဆိုတော့ မကျေနပ်နိုင်ဘူး။ သူသေ ကိုယ်သေ၊ ၄ကောင် တကောင်ချင်း ချမယ်လို့ ဆုံးဖြတ်ထားပုံရတယ်။
ကိုယ်တို့မှာတော့ “ငှက်ကလေးတွေ စိုးစီ စိုးစီ” လို့လဲ ကဗျာ မရွတ်နိုင်။ သံကုန်ခြစ် အော်နေတာ ဘယ်မှာ စိုးစီ ဖြစ်မှာတုန်း။ ငိုကြွေးနေတဲ့အသံဟာ လူစကား မဟုတ်တဲ့ ငှက်သံတောင် နားထောင်လို့ သာယာနာပျော်ဖွယ် မဖြစ်ဘူး။ သနားစရာ ကောင်းပါဘိ။
“တိရိစ္ဆာန်တွေဟာ အချိန်ကြာရှည် မမှတ်မိတတ်ဘူး၊ short term memory ပဲ ”ဆိုတာ ဘယ်မှာ မှန်လို့တုန်း။ ဒီငှက်က ကောက်ရိုးမီး ဟုတ်ပုံမရဘူး။ ကိုယ်တို့အိမ်မှာတော့ ကြောင် နဲ့ ငှက် စစ်ပွဲဟာ အခုဆို တပတ်ကျော် ကြာနေပြီ။ ကြောင်တွေကလဲ ဒီ ငှက်ကို အပြတ်ခုတ်လိုက်ဖို့ ကြံစည်နေတယ်၊ သစ်ပင်ပေါ်ကနေ လှမ်း ခုန်အုပ်တယ်၊ ကြောင်သာ ခြေကားယား လက်ကားယားနဲ့ မြေပေါ်ကျရတာ။ ငှက်ကတော့ ရွှတ်ကနဲ တချက်ခုန်ပျံသွားတယ်လေ။
ကြောင်တွေရဲ့ ကျောကို ပွတ်သပ်လိုက်ရင်လဲ အရင်လို မချောမွေ့တော့ဘူး။ ငှက်ကုတ်ရာ ဗလပွ နဲ့။ အမွှေးတွေလဲ တဆုပ် တဆုပ်နဲ့ နည်းတာ မဟုတ်။ လမ်းတောင် ဖြောင့်ဖြောင့် မလျှောက်ရဲ။ အစားတောင် ကောင်းကောင်း မစားရဲ။ ဘယ်အချိန်များ ငှက် လာကုတ်လေမလဲ တထိတ်ထိတ်နဲ့။ အိမ်ထဲမှာပဲ ပုန်းပြီး နေရတယ်။
မနေ့ကတော့ ကိုယ်လဲ ငါ့ကောင်တွေ ဘယ်လိုများ နေကြသလဲ လို့ ပြူတင်းပေါက်က လှမ်း အကဲခတ်လိုက်တာ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ရတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုဘားမားက ပက်လက်ကြီးလန်ပြီး မြက်ခင်းပေါ် လှဲနေရတော့တာကိုး။ ကိုယ်လဲ မွေးကတည်းက ကြောင်တွေ မွေးလာပေါင်း များပြီ။ တခါမှ ကြောင်တွေ မအိပ်ဘဲ ပက်လက်ကြီး လန်နေတာ မတွေ့ဖူးဘူး။
အခုတော့ ကြောင်လဲ ကျောစုတ်ပါများတော့ ငှက်ကုတ်မှာစိုးလို့ ပက်လက်ကို လန်ပြီး မျက်လုံးပြူး ကြည့်နေရတဲ့ အဖြစ်ကို ရောက်ပါလေရော။ ဒါမှ ငှက်လာကုတ်ရင် လက်နဲ့ ခြောက်ရမှာကိုး။ အဲဒါကိုကြည့်ပြီး ကိုယ်လဲ ရီမိတော့တာပေါ့။
တကယ်တော့ ကြောင်နဲ့ ငှက်ဆိုရင် ဘယ်သူအားသာသလဲ မေးစရာ မလို၊ သူငယ်တန်း ကလေးတောင် သိပါရဲ့။ ပြီးတော့လဲ ကြောင်က လေးကောင်၊ ငှက်က တကောင်။ အင်အားချင်းကလဲ မမျှ။ ဒါပေမဲ့ ငှက်ကလေးရဲ့ ဇွဲနဲ့ တစိုက်မတ်မတ်လုပ်ရပ်က အင်အားကြီးပါတယ်ဆိုတဲ့ ကြောင်တောင် ကြောက်ပြီး ပက်လက်လန်ရတဲ့ ဘ၀ ရောက်ရတာကိုး။
ကိုယ်လဲ ပြူတင်းပေါက် ဘောင်ပေါ်မှာ မေးတင်ပြီး မရပ်မနား လူးလာခေါက်ပြန် ပျံရင်းကြံနေတဲ့ ငှက်ကလေးကို ကြည့်ရင်း တွေးမိတဲ့ အတွေးတစကို စာရေးပြီး မှတ်တမ်းတင်လိုက်မိပါတော့တယ်။
မိုးချိုသင်း
{မိုးချိုသင်း ဘလော့မှ ကူးယူဖော်ပြပါတယ်။}
ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ခင်တုန်းက ကျွန်မတို့ မန္တလေးမှာ လူ့အလွှာတလွှာ ရှိခဲ့ပါတယ်။ သူတို့က မြန်မာဘုရင်များရဲ့ အနွယ်တော် မင်းဆွေစိုးမျိုးတွေနဲ့ မင်းမှုထမ်း ၀န်ကြီး၊ မှူးကြီး၊ မတ်ကြီးများရဲ့ အဆက်အနွယ် များပါ။ ဟိုတုန်းကတော့ သူတို့က တခြားသူများနဲ့ သိပ်ရောရောနှောနှော မရှိလှဘူး။ မရှိပုံက ဒီလိုပါ။
ကျွန်မက ၁၂၇၇- ခု တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်မှာ မွေးသူဆိုပါတော့။ ပါတော်မူပြီး နှစ်ပေါင်း (၃၀) တိတိအကြာမှာ မွေးတဲ့ ဆင်းရဲသား သားသမီးပါ။ ဒါပေမယ့် ကျွန်မ ကြီးပြင်းတဲ့ ခေတ်မှာတော့ ဘုရင်နဲ့၊ နန်းတော်အိမ်တော်နဲ့၊ မှူးကြီးမတ်ရာဆိုသူတွေရဲ့ မြေး၊ တတိယမျိုးဆက်လောက်နဲ့က ကျွန်မနဲ့ ကစားဖက်၊ ကျောင်းနေဖက် အရွယ်တွေပေါ့။ ဒုတိယမျိုးဆက်ကိုတော့ ကျွန်မက လူကြီးတွေအဖြစ်နဲ့ တွေ့မြင်သိမှီခဲ့သူပေါ့။
ဒီလူတွေက တတိယမျိုးဆက်လောက်အထိ ကျွန်မတို့နဲ့ တစပ်တည်း တကျုံ့တည်း မဖြစ်ပုံက ဒီလိုပါ။ သူတို့က စကားပြောရင် ညင်ညင်သာသာနဲ့ ခပ်တိုးတိုးပဲ ပြောတတ်ပါတယ်။ အော်လား ဟစ်လား မရှိဘူး။ နင်ပဲငဆ မပြောဘူး။ ဆဲရေးတိုင်းထွာ မလုပ်ဘူး။ သူတို့နဲ့ ကျွန်မတို့နဲ့ စကားပြောရင် ကျွန်တော်၊ ကျွန်မ မသုံးဘူး။ သူတို့နာမည်ပဲ ထည့်ပြောတယ်။ ကျွန်မတို့က 'အမေသွားရင် ကျွန်မတို့လည်း အမြဲလိုက်တာပေါ့' ဆိုတဲ့ စကားမျိုးကို သူတို့က ပြောရင် 'မဘုရား နောက်က ထိပ်တင်တို့ ပါမြဲပေါ့' ဆိုတာမျိုး ပြောတတ်တယ်။ 'မယ်မယ်က ဘယ့်နှယ်၊ ခေါင်ခေါင်က ဘယ်သို့' ဆိုတာမျိုးဟာ သူတို့ အသုံးအနှုန်းပါ။
သူတို့ကို အင်္ဂလိပ်အစိုးရက တော်တော်ရင်းချာသေးတဲ့ ဆွေတော် မျိုးတော်ဆိုရင်၊ ပင်စင်ဆိုတဲ့ ရိက္ခာ၊ လစာပေးပါတယ်။ ကျွန်မသိသလောက် အိမ်ရှေ့ကိုယ်တော်ကြီး (ကနောင်မင်းသား)ရဲ့ သားတော် ထန်းတပင် မင်းသား၊ ထန်းတပင်မင်းသားရဲ့ မြေးတော် ကျွန်မသူငယ်ချင်း ထိပ်တင်မျိုးတို့၊ ထိပ်တင်တိုးတို့ ညီအမ ပင်စင်လစာ တလ ၁၅ိ/- ရပါတယ်။ ဒီ ၁၅ိ/- က ကျောင်းထားတော့ ကျောင်းလခနှုတ်တဲ့အခါ (၉ိ/-) ပဲ ကျန်ပါတယ်။ အဲဒါဟာ ထမင်းဖိုးမှ အနိုင်နိုင်ပါ။ အ၀တ်အစားဖိုး မကျန်ပါဘူး။ အဓိပ္ပါယ်က မသေရုံတော့ ကျွေးထားတယ် ဆိုတဲ့ သဘောပါပဲ။
ဒါပေမယ့် အဲဒီ မင်းမျိုး စိုးမျိုးတွေက ၀င်ငွေနည်းလှပါသကောလို့ တခြားအလုပ်လည်း ဘာအလုပ်မှ လုပ်မစားကြပါဘူး။ (၁၀ိ/-) နဲ့ ၀ယ်ပြီး (၁၀ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၁ိ/-၈ဲ) နဲ့ ရောင်းတယ်။ (၁၀ိ/-) ရင်းတော့ ငါးမူးမြတ်တယ်၊ တကျပ်မြတ်တယ် ဆိုတဲ့ အရောင်းအ၀ယ်မျိုးလည်း သူတို့ လုပ်မစားတတ်ဘူး။ သူများဆီမှာ လခစားဆိုတဲ့ အလုပ်မျိုးကိုလည်း သူတို့က ဘယ်တော့မှ မလုပ်ဘူး။ မစားလောက်ရင် ရှိတာလေးတွေ ရောင်းချ၊ ပေါင်နှံပြီး ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲစားသောက်ပြီး အသက်ရှင်ကြတာပဲ။ သူတို့ သူများဆီမှာ မျက်နှာအောက်ကျခံပြီး ချေးပါ၊ ငှားပါ၊ ပေးပါ၊ ကယ်ပါ လို့လည်း လျှာမြက်ပေါက်ပါစေ၊ ဘယ်တော့မှ မပြောပါဘူး။ ဒီလိုနဲ့ ပိန်လိန်ပြီး နေကြတာပါ။
သူတို့အပေါ် တကယ်သစ္စာရှိတဲ့၊ တကယ်မြတ်နိုးတဲ့ သူတို့ ကျေးတော်မျိုး၊ ကျွန်တော်မျိုးတချို့က သူတို့ နန်းတော် အိမ်တော်ထဲမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းပစ္စယလေးမျိုးများကို လက်နဲ့လုပ်ကိုင်ရောင်းချပြီး လုပ်ကျွေးပါ တယ်။ ဒါကလည်း ဘယ်လောက်ရအောင် ရှာနိုင်မှာလဲ။ ဥပမာ ကျွန်မသိသလောက် ရေးပြပါမယ်။ ဖော့ကို ရေစိမ်ပြီးတော့ ဓားနဲ့လှီး၊ အဖတ်ကလေးတွေ ဆေးဆိုးပြီး ဖော့ပန်းကလေးတွေ လုပ်ရောင်းတယ်။ မန္တလေးက မျက်နှာကြီး အလှူမင်္ဂလာဆောင်တွေမှာ ဖလားစုံကွမ်းအစ်များ တည်တဲ့အခါ ကွမ်းအစ်ထဲ အလှထည့်တဲ့ လေးညှင်းပွင့် နာနတ်သီး လုပ်ရောင်းပါတယ်။ လုပ်ပုံက ဖော့ကလေးကို နာနတ်သီးပုံလှီးပြီး အသီးရဲ့ မျက်ကွင်းအနေနဲ့ လေးညှင်းပွင့်ကလေးတွေ ထိုးထည့်ထားတာပါ။ ပြီးတော့ ရောင်ပြားကလေးနဲ့ နာနတ်သီးအရွက်နဲ့ အရိုးကို အထက်အောက်မှာ စိုက်ပေးပါတယ်။
ဆေးကပ်လုပ်ရောင်းပါတယ်။ ကွမ်းဝါးဆေး၊ ဆေးရွက်ကြီးကို အခေါက်ခေါက်ထပ်ပြီးတော့ အဲဒီ အထပ်ကို ရောင်ပြားစက္ကူနဲ့ ကပ်ညှပ်ပြီး အပ်နဲ့ချုပ်နှောင်ပါတယ်။ ပြီးတော့ ဆေးထပ်ကို ၀ိုင်းသွားအောင် ကိုက်ပြီး အထက်မှာ ရောင်ပြားလိပ်ပြာကလေး၊ ငွေချည်နှုတ်ခမ်းမွေးကလေးနဲ့တကောင် ဆေးထပ်ပေါ်နားနေဟန် လုပ်ထားပါတယ်။ ကွမ်းတအစ်ကို တခု ထည့်ဖို့ပါ။ အဲဒါမျိုး အလှူမင်္ဂလာတွေက မှာကြားရင် (၁၀၀၊ ၂၀၀) လုပ်ရောင်းပါတယ်။ ကျွန်မတို့ ငယ်ငယ်က အလှူကြီးတွေ လိုက်ရရင် ကွမ်းအစ်ထဲက လေညှင်းပွင့် နာနတ်သီးတို့၊ ဆေး လိပ်ပြာကပ်တို့ကို နှိုက်ယူလာခဲ့ကြတာပါ။
အလှူ၊ မင်္ဂလာ လက်ဖက်ပွဲမှာ ထည့်ဖို့ ကြက်သွန်ဖြူကြော်များ ကြော်ပေးပါတယ်။ သူတို့ ကြက်သွန်ဖြူကြော်က ဥတလုံး ဒေါင်းသိုး ကြက်သွန်ဖြူ အမြစ်ရှည်ရှည်ကလေးကို ပိုးတီလှီးထားပြီး ပိုးတီကို ဆန့်ကြော်ပါတယ်။ ဥက အမြိတ်ကလေးက ပိုးတီရဲ့ ခေါင်းလေးလို နေတာမို့ ခေါင်းပိုင်မှာ မျက်စိနှစ်ပေါက် ဆေးနက်ကလေးနဲ့ ထည့်ပေးပါတယ်။ ဒါကြောင့် ကြက်သွန်ပိုးတီကြော်က ပိုးကောင်ကလေးနဲ့ တူနေပြီး လှလည်းလှ ဆန်းလည်းဆန်းကြယ်ပါတယ်။ အဲဒီကြက်သွန်ကြော် (၁၀၀၊ ၂၀၀) စသဖြင့် ရာနဲ့ချီမှာပြီး ၀ယ်ရ ပါတယ်။
ဒီလိုဟာတွေက ရှေးကတော့ နန်းတော်အိမ်တော်ထဲမှာ အားနေတဲ့ ခြွေရံသင်းပင်းက စိတ်ကူးရတာကို အဆန်းအပြား အလှအပ လုပ်ပြီး၊ ဆက်သတာများ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ သိမီတဲ့ခေတ်မှာ သူတို့ အရှင်သခင်များ ခရမ်းသီးပိန်၊ ဓားတုံးဘ၀မှာ မ၀ရေစာ ပင်စင်နဲ့ မတ်တတ်ခြောက်နေတော့ မကြည့်ရက်လို့ တပည့်တပန်းများက တတ်တဲ့ပညာနဲ့ ရှာဖွေကျွေးတဲ့ ပုံစံပါ။ ဒီပုံစံက ဘယ်လောက်များ ၀လင်နိုင်ပါ့မလဲ။
မန္တလေးမြို့မှာ ပုရစ်ပေါ်တဲ့ အခါမှာတော့ အဲဒီအိမ်တော်တွေမှာ ဥပြောင်းကြော် ဆိုတာမျိုး စားကြပါသတဲ့။ ဥပြောင်းကြော်ဆိုတာက ပုရစ်တို့ထုံးစံ အမက ဥတွဲတွေနဲ့မို့ ဆိမ့်တယ်။ အဖိုက ဥမပါဘူး။ ဒါပေမယ့် ချိုတယ်။ အဲဒါ ချိုတဲ့ ပုရစ်အဖိုရဲ့ ကိုယ်ထဲကို ဆိမ့်လှတဲ့ ပုရစ်အမက ဥတွေကို ဖောက်ညှစ်ထည့်ရပါတယ်။ ထည့်တာက ဖင်က ထည့်တာပါ။ ပြီးရင် ဒီဥတွေ ပြန်ထွက်မကျအောင် ကြက်သွန်ဖြူဥကလေးနဲ့ ဖြစ်စေ၊ ၀က်သားတုံး သေးသေးလေးနဲ့ ဖြစ်စေ၊ ပိတ်ဆို့ပေးရပါတယ်။ ပြီးမှ ဥပြောင်းပုရစ်ကို ကြော်တာပါ။ ချိုပြီး ဆိမ့်နေမှာပေါ့။ ကျွန်မတို့က ကြားသာ ကြားဖူးပါတယ်။ မစားဖူးပါဘူး။ လုပ်လည်း မလုပ်အားကြပါဘူး။ အိမ်မှာ ပုရစ်ကြော်တယ်ဆိုရင် ချေးမှ အနိုင်နိုင်ထုတ်ပြီး ကြော်နိုင်တာပါ။
ကျွန်မတို့က သူတို့လက်ရာကလေးတွေကို ၀ယ်ယူသုံးစွဲ စားသောက်ရတယ်ဆိုရင် ရင်ထုမနာ ရှိပါတယ်။ သူတို့ကို သနားတာကိုး။ သူတို့က အရှင်သခင်မရှိတော့တဲ့ခေတ်မှာ သူတို့ အဲဒီလိုပဲ အသက်ရှင်နေတာကို ကျွန်မတို့က ၀မ်းနည်းပြီး သနားနေကြတာပါ။
အလှူမင်္ဂလာပွဲ ပွဲနေပွဲထိုင်ရှိလို့ ကျွန်မတို့က သူတို့ကို ဖိတ်တယ်၊ ကြားတယ်ဆိုရင်လည်း လာပါတယ်။ လာတဲ့အခါ သူတို့ ဖီးလိမ်းဝတ်စားလာပုံက ဆံပင်ကို ဆီလိမ်းပြီး သပ်သပ်ရပ်ရပ် နှစ်ပတ်ရစ်ထုံးနှောင်ပါတယ်။ ရှေ့မှာ လိပ်ခွံဘီးအ၀ိုင်းကို စိုက်ထားပါတယ်။
တရုတ်အင်္ကျီရင်ဖုံးနဲ့ ကွင်းထဘီကို ခပ်ရှည်ရှည် ဒရင့်တိုက်နီးပါး ၀တ်ပါတယ်။ ပြီးတော့ ငါးတောင်ပုဝါကို စုံချပြီး ဒေ၀ီခြုံဖြန့် ခြုံထားပါတယ်။ ဘာတွေ ၀တ်ခဲ့ ၀တ်ခဲ့ သူတို့ အ၀တ်အစားကတော့ သစ်လွင်တောက်ပြောင်မှု မရှိတော့ပါဘူး။
ပရိသတ်တွေနဲ့ တွေ့တော့လည်း ဖော်ရွေစွာ ပြုံးရွှင်မှုပြပေမယ့် ပရိသတ်ထဲမှာ ဖောင်လောက်အောင် စကားပြောနေတဲ့ လူရယ်လို့ မရှိသလောက်ပါ။ ကျွန်မတို့ ဘေးလူက သူတို့ကိုကြည့်ပြီး ရင်ထဲ ခံစားရပုံကတော့ သူတို့ဘ၀ဟာ မှေးမှိန်လိုက်တာလို့ပဲ ခံစားရပါတယ်။
ဒီလူမျိုးတွေ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်မှာတော့ မရှိတော့ပါဘူး။ ဆွေတော်မျိုးတော် ပင်စင်ဆိုတာလည်း ဗြိတိသျှအစိုးရမှ မရှိတော့ဘဲ။ ပေးတဲ့လူ မရှိတော့ဘူးပေါ့။ ပြီးတော့ တချို့က အိုမင်းရင့်ရော်လို့ သေဆုံးကုန်ကြတယ်။ ငယ်ရွယ်သူတွေကလည်း သာမန် ဆင်းရဲသားများနဲ့ ရောနှောကုန် ကြတယ် ထင်ပါရဲ့။ မင်းဆွေ မင်းမျိုးဆိုလို့ အလွန်ကို နည်းပါးသွားပါတော့တယ်။
ကျွန်မတို့ အခုတွေ့နေရသေးတဲ့ စတုတ္ထသမီးတော်ရဲ့ သားသမီးတွေ ဆိုတာကလည်း ကျွန်မတို့ သိတဲ့ တော်ဘုရားကလေးတို့ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာပြီး လူဆင်းရဲတွေနဲ့ တသားတည်းဖြစ်အောင် ဘယ်လိုနေပါတယ် ဆိုဆို သူတို့ကို ဗြိတိသျှတွေက ပြည်သူနဲ့ ရောနှောမှုမရှိအောင် ဘိုကျောင်းတွေမှာ ထားပြီး ငယ်ငယ်လေးကတည်းက ပညာသင်စေခဲ့တာမို့ ထမင်းစားရင် လက်နဲ့ မစားတတ်ဘူး။ ဇွန်းခက်ရင်းနဲ့ စားချင်တယ်။ မြန်မာစကားကို ရေရေလည်လည် မပြောတတ်ပေမယ့် အင်္ဂလိပ်လို ပြောရမယ်ဆိုရင်၊ ကျကျနန ပြောဆို ရေးသားတတ်တယ်။ သူတို့ ခမျာ မြန်မာဖြစ်အောင်မနည်းကြိုးစား သင်ကြားနေကြရပါတယ်။
ခုဆိုရင် ဘုရင်မရှိတော့တာ နှစ်ပေါင်း (၁၁၆) နှစ် ရှိပြီ မဟုတ်လား။ အဲဒီတော့လည်း လူမျိုးဆက် (၄-၅) ဆက် ကြာလေပြီမို့ အဲဒီလူစားတွေ ရောနှောပျောက်ကွယ် သွားကြပြီဆိုရင် မဆန်းတော့ဘူးပေါ့။
လူထုဒေါ်အမာ
[ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၁၄၆၊ ဇန်န၀ါရီ ၂၀၀၂]
{မန္တလေးအနှစ်၁၅၀ပြည့် မဂ္ဂဇင်း၊ ၂၀၀၉ မေလ၊ ပထမအကြိမ် မှ ကူးယူဖော်ပြပါတယ်။}
မေလထုတ် မြန်မာ့ဓန မဂ္ဂဇင်းထဲမှာ ဆူးငှက်က မန္တလေးက ရွာဟိုင်းသင်္ချိုင်း နေရာဟောင်းမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေးရှိသေးတယ်လို့ ဖတ်ရတော့ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) တုန်းက အမေ ကိုဗဟိန်းအပေါ် မရိုးမသား ရှိခဲ့တာကလေး ပြန်ပေါ်လာရတယ်။
ပြန်ပေါ်လာရုံ၊ အမှတ်ရရုံမက စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ကိုယ်က ဘာမှ ပြောလို့ရတဲ့ ဘ၀မျိုးမှ မဟုတ်တော့ဘဲကိုး။
ကိုဗဟိန်းနဲ့ အမေတို့က မန္တလေးမှာ နေကြတာက ဂုန္တန်ဝင်းနဲ့ ယွန်းတန်းဆိုတော့ မန္တလေးလို တပြပဲ အိမ်ချင်းက ဝေးကြတာမို့ အိမ်နီးချင်းတွေပေါ့။ ပြီးတော့ နှစ်ယောက်စလုံးက ဆရာကြီးဦးရာဇတ်တပည့် နေရှင်နယ်ကျောင်းသားတွေ။ အတန်းချင်းတော့ မတူပါဘူး။ သူက ငယ်တာကိုး။ နောက်ဦးလှနဲ့ အမေနဲ့ အကြောင်းပါလာတော့ ဦးလှနဲ့ ကိုဗဟိန်းက အရင်ကတည်းက သိကျွမ်းပြီးသားတွေ ဖြစ်တဲ့အပြင် ဦးလှ မန္တလေးသားဖြစ်လာတော့ ကိုဗဟိန်းအဖေ ဦးလေးမှင်က ဦးလှကို ပိုပြီး ခင်တယ်၊ ချစ်တယ်လေ။ ဦးလှက မန္တလေးမှာ သူ့အမျိုးရှိတယ်ဆိုရင် အဲဒါ ဦးလေးမှင်ပဲလို့ အောက်မေ့တယ်။ ဒါကြောင့် သူ့သား သားဦး ကိုစိုးဝင်း မွေးတော့ လသားကလေး ရှိသေးတယ်။ မချီတတ် ချီတတ်နဲ့ အနှီးထုပ်ချိုင်းညှပ်ပြီး ထီးကြီးတချောင်းဆောင်းလို့ သူ့ ဦးလေးမှင်ကို သူ့သား သွားပြသတဲ့။
အမေ ဒီအကြောင်းတွေ ပြန်ရေးနေတာက အမေနဲ့ ကိုဗဟိန်းနဲ့ ရင်းနှီးပုံကို သိစေချင်လို့ပါ။ အမေက ၁၉၃၅ ခုနှစ်လောက်ကစပြီး ၀တ္ထုတိုကလေးတွေ ကြီးပွါးရေးထဲမှာ ရေးနေတယ်။ အဲဒီလိုရေးရင်း တနေ့တော့ ကြီးပွါးရေးထဲမှာ မြမဉ္ဇူ ကလောင်အမည်နဲ့ အမေရေးတဲ့ "ဒေါသ" ဆိုတဲ့ ၀တ္ထုတိုကလေး ပါလာတယ်။ ဒီဝတ္ထုတိုကလေးကို ကိုဗဟိန်းက ကြိုက်လွန်းလို့တဲ့၊ အိမ်ကိုလာပြီး သူက သူ ဒီဝတ္ထုတိုကို ကြိုက်တဲ့အကြောင်း ချီးကျူးဝမ်းသာစကား လာပြောတယ်။
ဒီဝတ္ထုတိုကလေးဟာ ၁၉၃၇ ခုနှစ်က ကြီးပွါးရေး အောက်တိုဘာလထုတ်မှာ ပါတာပါ။ အဲဒီတော့ အမေ့အသက်က (၂၂) နှစ်၊ စာရေးသက်က (၂) နှစ်ပေါ့။ ကိုဗဟိန်း ချီးမွမ်းတာကို အမေက သဘောကျပြီး အဲဒါ ကိုယ်ပိုင်အတွေးနဲ့ ရေးတာ မဟုတ်ဘူး။ The Wrath ဆိုတဲ့ ၀တ္ထုတိုတပုဒ်ကို မှီးတာလို့ ဖွင့်မပြောဘူး။ တိတ်တိတ်ကလေး မြုံပြီး သူ့အချီးအမွမ်းကို ခံနေလိုက်တယ်။ ဒါပေမယ့် ကိုဗဟိန်း ချီးမွမ်းတုန်းက ကိုယ်ပီတိ ဖြစ်လိုက်ရတာက ဘယ်နှမိနစ် ကြာလေမယ်တော့ မသိဘူး။ ငါ့နှယ်နော်၊ ကိုဗဟိန်းအပေါ် မရိုးသားလိုက်တာ တကယ်ဆိုတော့ ငါ ဖွင့်ပြောလိုက်ဖို့ ကောင်းတာဆိုပြီး စိတ်မကောင်း ဖြစ်လိုက်ရတာဟာ အဲဒီအချိန်ကစပြီး ယနေ့ထက်ထိ သတိရတိုင်း ဆိုပါတော့။
ကိုဗဟိန်း မကွယ်လွန်ခင်က မန္တလေးဆေးရုံကြီးပေါ်မှာ ဆေးရုံတက်နေရတယ်ဆိုတော့ အမေနဲ့ ဦးလှနဲ့ သွားမေးကြသေးတယ်။ မန္တလေးဆေးရုံကြီးက အဲဒီတုန်းက ဒေါက်တာမတ်ရဲ့ သံတဲကျောင်းနဲ့ စိန်ပီတာကျောင်း တွေမှာ ဆေးရုံလုပ်ထား၊ ဖွင့်ထားရတာ။ ကိုဗဟိန်းကို သံတဲကျောင်းက အဆောင်တခုမှာ တင်ထားတာ။ မှတ်မိသေးတယ်။ ကိုဗဟိန်းက နေမကောင်းတုန်းလည်း သူ့အပြုံးကလေးကတော့ ပျောက်ကွယ်မသွားဘူး။ အမေတို့ နှစ်ယောက်ကို ပြုံးပြီး ဧည့်ခံနေရှာတာ။ အဲဒီတုန်းကလည်း အမေက ကိုဗဟိန်းကို "ဒေါသ" ၀တ္ထုတိုဟာ ကျွန်မ original မဟုတ်ဘူး၊ မှီးတာလို့ ဖွင့်ပြောဖို့ သတိရတယ်။ နို့ပေမယ့် ရှက်လို့ မပြောဝံ့တာနဲ့ မပြောခဲ့ဘူး။
နောက်တော့ ကိုဗဟိန်း ဆုံးရှာပါရော။ သူဆုံးတာ ၁၉၄၆ ခု နိုဝင်ဘာ (၂၀) ရက်နေတဲ့။ သူဆုံးသွားပြီဆိုတော့ ပြီးပါရော၊ ငါ သူ့ကို ဘယ်တော့မှ ဖွင့်ပြောလို့ ရတော့မှာ မဟုတ်ဘူးဆိုပြီး ကိုယ့်မရိုးသား လိုက်မှုအတွက် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ကျန်ရစ်တယ်။
ခုဆိုရင် ရဲဘော်ဗဟိန်း မရှိရှာတာ (၅၂) နှစ် ရှိပြီပေါ့။ ဘယ်နှနှစ် ရှိရှိ၊ အမေ မသေသေးလို့ ရဲဘော်ဗဟိန်းအကြောင်း အမေ့အသိထဲ တနည်းနည်းနဲ့ ပေါ်လာတယ်ဆိုရင် ဒီကိစ္စ ပေါ်လာမှာပဲ။ ပေါ်လာရင်လည်း ကိုယ့်ဘာသာ ငါသိပ်ညံ့တာပဲ၊ ရှော်တာပဲလို့ အပြစ်ဆိုမိတာပဲ။ ပြီးတော့ စိတ်ထဲ ရှက်နေပါရော။
အဲဒီတော့ သားတို့ သမီးတို့ကို အမေပြောချင်တာက ကိုယ့်စိတ်ထဲ မတော်မှန်းသိတဲ့ အပြစ်တခုကို မကျူးလွန်မိပေစေနဲ့။ မကျူးလွန်ဖြစ်အောင် ချုပ်တည်းလို့ ဖြစ်စေ၊ ရှောင်ရှားလို့ဖြစ်စေ နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ့်လိပ်ပြာက ကိုယ်ပြန်နှောက်ယှက်တာဟာ မူလ ကျူးလွန်မိရတာမျှမက အလွန်ဝန်လေးနေတတ်တယ်။
အမေကတော့ စိတ်ထဲမှာ "ကိုဗဟိန်းရေ- အဲဒီတုန်းက ကျွန်မ ရှော်ခဲ့တာ၊ ဟန်လုပ်ချင်ခဲ့တာ၊ မရိုးသားခဲ့မိတာကို အတန်တန် ၀မ်းနည်းစကားပြောမိပါတယ်။ ရှင် ကြားနိုင်တဲ့ ဘ၀ဆိုရင် ကောင်းပေစွ" လို့ ပြောစမ်းချင်လှပါတယ်။
လူထုဒေါ်အမာ
[မြားနတ်မောင်မဂ္ဂဇင်း၊ အမှတ် ၇၄၊ ၁၉၉၈ ဇူလိုင်]
{လူထုဒေါ်အမာရဲ့ 'လွမ်းသူ့စာ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၃ ဖေဖော်ဝါရီမှ ကူးယူဖော်ပြပါတယ်။}
မနေ့က နေ့လယ်မှာ ချောင်းထဲ ငါးဆင်းဖမ်းရင်း အေးရီမလက်ကို သံပြားရှသွားတယ်တဲ့။ 'အမေဆေးထည့်ပေးပါ' ဆိုပြီးလာပြတော့ လက်မှာ သွေးချင်းချင်းနီနေတာပဲ။ ဒါနဲ့ ဆေးတို့ဖတ် သိပ်ပေးလိုက် ရတယ်။ ညကျတော့ တဟင်းဟင်း ညည်းပြီး ဖျားရော။ အပူတွေ တက်နေလိုက်တာများ သူ့နဖူးပေါ်မှာ လက်ကို ကြာကြာတင်မထားနိုင်ဘူး။ ဦးဟုတ်စွမ်း ကုန်စုံဆိုင်က ပါရာစီတမောတလုံး ၀ယ်တိုက်လိုက်ပြီး အိပ်ခိုင်း လိုက်တယ်။
မနက်ကျတော့ ကိုယ်နည်းနည်း ပူနေသေးပေမယ့်၊ ညတုန်းကလို ခြစ်ခြစ်တောက် မပူတော့ဘူး။
"အမေ ... သမီးနေကောင်းသွားပြီလား"
အေးရီမက ထဘီအဟောင်းလေး ပြောင်းလဲရင်း မေးတယ်။
"ဟဲ့ လုံးလုံး ကောင်းတာမဟုတ်သေးဘူး။ ဘာလုပ်မလို့လဲ"
"ငါးဆင်းစမ်းမလို့"
"အလိုတော် ... ညည်းတော်တော် သေချင်နေတယ်ပေါ့ ဟုတ်လား"
အေးရီမက မျက်လုံးဝိုင်းလေးနဲ့ ငေးကြည့်နေတယ်။ တခုခုပြောမလို့ အားယူနေတဲ့ပုံပါပဲ။ ခဏကြာမှ အသံတိုးတိုးနဲ့ ပြောရှာတယ်။
"သမီးစောင်ဝယ်ချင်လို့ပါ"
"စောင် ဟုတ်လား"
"ဟုတ်တယ် အမေ။ သမီးစောင်က စုတ်နေပြီ။ ပြီးတော့ အငယ်မနဲ့ တွဲခြုံရတာဆိုတော့ မလုံတော့ဘူး။ မိုးလင်းခါနီးဆို အရမ်းချမ်းတာပဲ။ အဲဒါကြောင့် စောင်ဝယ်ချင်လို့ နေ့ခင်းဘက်ဆို သမီး ငါးစမ်းပြီး ရောင်းရင်း ပိုက်ဆံစုထားတာ။ ခုဆို ပြည့်တော့မယ်ထင်တယ်။ မြန်မြန်ပြည့်သွားအောင် ငါးဆင်းစမ်းချင်တယ်"
ညှိုးရိပ်သန်းနေပြီး မျက်ရည်တွေ ဝေ့နေတဲ့ သမီးမျက်နှာကို ငေးကြည့်နေမိတယ်။ တကယ်ဆို အေးရီမဟာ ဆယ့်သုံးနှစ်ပဲ ရှိပါသေးတယ်။ သားသမီးရဲ့ လိုအပ်ချက်တွေကို စောင့်ကြည့် ဖြည့်ဆည်းပေးရမှာ မိဘတွေရဲ့ တာဝန်မဟုတ်လား။ ဒါပေမယ့် ....
"သမီးစုထားတဲ့ ပိုက်ဆံ ပြစမ်း။ လိုတာကို အမေ့ကုန်စိမ်းစာရင်းထဲက နည်းနည်း စိုက်ဝယ်ပေးမယ်။ နောက်နေ့ ကုန်စိမ်းကို အရင်းလျှော့ပြီး ၀ယ်လိုက်မှာပေါ့"
အေးရီမက ကမန်းကတန်း အခန်းထဲ ပြေးဝင်သွားတော့ ဆွေးမြည့်နေပြီဖြစ်တဲ့ ၀ါးကြမ်းခင်းတွေက တကျွိကျွိမြည်ပြီး ယမ်းခါရင်း ကျန်ခဲ့တယ်။ အေးရီမတို့ အဖေဆုံးတာပဲ (၅) နှစ်ပြည့်ခါနီးပြီး။ ဒီအိမ်ကလေးက အေးရီမတို့ အဖေ မဆုံးခင် လေးငါးနှစ် ကတည်းက ဆောက်ထားတဲ့ဥစ္စာပဲ၊ နေလို့ဖြစ်သေးတာ ကံကောင်းတယ်။ အဖေမရှိတဲ့ကလေးတွေကို ၀မ်းဝအောင် တနေကုန်တနေခန်း ရုန်းကန်ရှာဖွေနေရတာနဲ့ အိမ်ထဲက ကိုယ့်သားသမီးတွေ ဘယ်လိုနေလို့ ဘယ်လိုထိုင်ကြသလဲ ဆိုတာ မကြည့်မိတာ ကြာလှပေါ့။
"အမေ ဒီမှာ"
အေးရီမ ငါးဖမ်းပြီး စုထားတဲ့ ပိုက်ဆံတွေ။ အကြီးဆုံး ငါးဆယ်တန်ကစလို့ ငါးကျပ်တန် အဆုံး ညစ်နွမ်းနွမ်း စိုထိုင်းထိုင်းလေးတွေ။ နှစ်ရာ၊ နှစ်ရာရှစ်ဆယ်။ သုံးရာကိုးဆယ့်ငါး။
"မနက်ဖြန်ကျရင် အမေလိုတာ စိုက်ပြီး မြို့မှာ အညာစောင်လေးတထည် သွားဝယ်ပေးမယ်နော်"
အေးရီမရဲ့ အဖျားကြောင့် ညှိုးငယ်နေတဲ့ မျက်နှာလေး ၀င်းထိန်သွားတယ်။
စောင်ကလေးက ခြောက်ရာကျတယ်။ အနီရင့်ရင့် အကွက်ကျဲကျဲလေး။ အသားနည်းနည်း ပါးပေမယ့် နွေးမှာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ သမီးအေးရီမတော့ စောင်ရတော့မယ်တွေးပြီး ပျော်နေတာနဲ့ အဖျားကျလောက်ပါပြီ။ စက်သံငြိမ့်ငြိမ့်နဲ့ တရိပ်ရိပ်ပြေးနေတဲ့ ဧရာဝတီသင်္ဘောကြီးက နှေးနေသလိုပဲ။ အိမ်စောစောပြန်ရောက်တော့ ညနေ ကုန်စိမ်းရောင်းချိန် မီနိုင်တာပေါ့။
ဟော ... ဒီမြစ်အကွေ့ကျော်ရင် ရွာကို လှမ်းမြင်နေရပြီ။ ခင်းထိုင်ထားတဲ့ သတင်းစာဟောင်းလေး ပြန်ခေါက်၊ ကြွပ်ကြွပ်အိတ် အနီလေးကို ချိုင်းကြားညှပ်ပြီး သင်္ဘောလက်ရန်းနား ကပ်ရပ်နေလိုက်တယ်။
ရွာကို သင်္ဘောကပ်ဖို့ ပြင်နေတော့ ကမ်းနဖူးက လူအုပ်ထဲမှာ အေးရီမကို မြင်ရတယ်။ ကောင်မလေး နေမကောင်းလျက်နဲ့ သင်္ဘောဆိပ်ဆင်းလာတယ်။ ကဲကိုကဲတယ်လို့ တွေးမိပေမယ့် နှုတ်ခမ်းကတော့ ပြုံးမိတယ်။
"အမေ ... အမေ .. သမီး ဒီမှာ .. ဒီမှာ..."
အေးရီမရဲ့ အော်သံလေး ကြားရပြီ။ သင်္ဘေပေါ်က ကုန်းဘောင်လည်း ကမ်းပေါ်ထိုးချနေပြီ။ အို လူတွေကလည်း တိုးဝှေ့ ဆင်းလိုက်ကြတာ။ ကုန်းပေါ် မရောက်ဖူးတဲ့အတိုင်းပဲ။ ဒီကျောင်းသူမလေးနောက်က ကပ်လိုက်မှ။
"ဟဲ့ ဟဲ့ နောက်က အထမ်းသမားကြီးရဲ့ ထမ်းပိုးကြီးက ဘယ်လိုလဲ လူကို လာထိုးနေပါလား"
ဒန်အိုးဒန်ခွက်တွေကို အထမ်းထဲ ထည့်ရောင်းတဲ့ အဘိုးကြီးက တောင်းပန်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်ပေမယ့် ကွမ်းတွေငုံထားတဲ့ ပါးစပ်က ဘာမှ ပြောလို့ မရဘူး။ သူလည်း တိုးဝှေ့ဆင်းနေတဲ့ လူအုပ်ထဲမှာ သူ့ထမ်းပိုးကို ထိန်းလို့ မရဘူး ဖြစ်နေတယ်။
"ဟဲ့ ... ဟဲ့ .. အို .. အမေလေး သွားပြီ"
ဒုတိယအကြိမ် လူအုပ်ကြားက ထိုးထွက်လာတဲ့ ထမ်းပိုးဟာ စောင်ထုပ်ကလေး ညှပ်ထားတဲ့ လက်မောင်းကို အရှိန်နဲ့ ဆောင့်တိုးလိုက်တော့ ကြွပ်ကြွပ်အိပ် အနီလေးဟာ ထမ်းပိုးထိပ်နဲ့ ငြိပြီး နောက်ကျိနေတဲ့ မြစ်ရေထဲကို ...။
အေးရီမကို ဖြတ်ခနဲ လှမ်းကြည့်မိတယ်။ အေးရီမ မျက်လုံးတွေ ၀ိုင်းသွားတယ်။ ပြီးတော့ လျှပ်တပြက် အချိန်တွင်းမှာပဲ မြစ်ရေပြင်ထဲကို ၀ုန်းကနဲ ခုန်ဆင်းသွားတယ်။
"ဟဲ့ သမီး .... သမီး .. အေးရီမ"
အေးရီမက ဘာကိုမှ ဂရုမစိုက်ပါဘူး။ မိုးနှောင်း မြစ်ရေစီးထဲမှာ မျောပါသွားတဲ့ ကြွပ်ကြွပ်အိတ်လေး နောက်ကို ကျားကုတ်ကျားခဲ ရေကူးရင်း လိုက်လို့။
သူ မီတော့မယ်။
ခက်မာ။
ဗြူတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၁ခုနှစ်။
သင်္ဘောကျင်းမှာ ကျွန်တော်က ကောင်စီဝင်တဦး ဖြစ်ပါတယ်။ အလုပ်သမားထုက ရွေးချယ်ပြီး တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်ပါ။ ကောင်စီကနေပြီး ကျွန်တော့်ကို ထုတ်လုပ်ရေး အတွင်းရေးမှူး၊ စည်းကမ်း ထိမ်းသိမ်းရေး အတွင်းရေးမှူး၊ စံပြရွေးချယ်ရေး အတွင်းရေးမှူး ဆိုပြီး တာဝန် ၃ ခု ပေးပါတယ်။
(အခု VOA မှာ လုပ်နေတဲ့) ဦးချစ်ဦး(၃၇) နှစ် ဆိုတာက ကျွန်တော်တို့ ကောင်စီ ဥက္ကဌပါ။ သူက စာရင်းကိုင်ချုပ်။ ကျွန်တော်တို့ သင်္ဘောကျင်းမှာ လခ ကျပ် ၁၂ဝဝ နဲ့ ဘားဆုံးနေပြီ။
ကောင်စီအစည်းအဝေးကို အပတ်တိုင်း ထိုင်ရတယ်။ တက်ရောက်တဲ့သူတွေထဲမှာ ဦးချစ်ဦး၊ ဗိုလ်မှူးရဲညွန့်၊ ကောင်စီအထွေထွေ အတွင်းရေးမှူး၊ နောက် ဌာနဆိုင်ရာ အလုပ်သမားကိုယ်စားလှယ်တွေ.......
ဆင်မလိုက် သင်္ဘောကျင်းက ယူဂိုစလဗ်က အကူအညီပေးတာ၊ သိန်း ၆၅ဝ ကုန်ကျတယ်။ ယူဂိုစလဗ် အင်ဂျင်နီယာတွေနဲ့ အတူ အလုပ် လုပ်ကြရတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အနောက်ဂျာမဏီ လျှပ်စစ် ဆီးမင်း ကုမ္ပဏီရှိတယ်။ တပ်ဆင်ထားတဲ့ စက်တွေက အရှေ့ဂျာမဏီ စက်တွေ။ စက်ရုံထဲမှာ သင်္ဘောလွန်းလမ်းတွေ၊ သင်္ဘောကို တနေရာက တနေရာကူးပြောင်းပေးတဲ့ Transmitter ရေကန်ကြီးတွေ၊ သင်္ဘော တည်ဆောက် ရေးစက်ရုံ၊ အလုပ်ရုံတွေပေါင်းစုံ၊ ဌာနပေါင်းစုံ ရှိပါတယ်။ အလုပ်သမားတွေ ဆိုတာကလဲ များသောအားဖြင့် ကိုးတန်း၊ ဆယ်တန်း သမားတွေ...... အလုပ်သမားပေါင်း ၁ဝဝဝ ခန့်ရှိတယ်။
ကျွန်တော်တို့ အနေနဲ့ တန်ချိန် ၃ဝဝဝ ရှိတဲ့ မေယု သင်္ဘောက အစ ရန်မျိုးအောင် စစ်သင်္ဘော အထိ ကုန်းပေါ် တင်ကြရတယ်၊ Five Stars က ပြည်တော်ညွန့် သင်္ဘောလဲ တင်ရတာပဲ။ လုပ်ရတဲ့ အလုပ်က အတတ်ပညာမြင့်တယ်။ တချို့ အလုပ်တွေက သိပ်ပင်ပန်းတယ်။ ဘာကြောင့်လဲ ဆိုတော့ စက်နဲ့ လုပ်ရမယ့် ဟာတွေကို လူအားနဲ့ လုပ်နေရလို့ ဖြစ်တယ်။ ဥပမာ... ဆိုပါတော့ တန်ဝက်လောက် လေးတဲ့ဟာ ဆိုရင် ချိန်းဘလောက်နဲ့ မ, ရမှာ ဖြစ်ပေမယ့် လူ ၄,၅ ယောက်နဲ့ မ, နေရတော့ လူတွေဟာ အကြော အခြင်တွေ ပြတ်ထွက်ကုန်ပြီလား ခံစားရတယ်။ နောက်- သင်္ဘောပန်ကာကြီးတွေ ဖြုတ်တဲ့ အခါ ၁၂ ပေါင် လေးတဲ့ တူကြီးနဲ့ တအား လွှဲ, လွှဲရိုက်ပြီး ဖြုတ်ကြရတာ၊ မေယု ပန်ကာ ဆိုရင် ၂တန်-၃တန် လောက် လေးတယ်။ အဲဒါကြီးကို ချိန်းဘလောက်နဲ့ ဖြုတ် တူနဲ့ ရိုက်ရတဲ့ အလုပ်သမားတွေဟာ တပေါင်း တန်ခူး နေပူကြီးထဲမှာ၊ စဉ်းစားသာ ကြည့်ပါ။ သင်္ဘောဝမ်းထဲ လေးဘက်ထောက်ဝင်ပြီး ရပစ် (Rivet) ရိုက်ရတဲ့ အခါမျိုးဆိုရင် သေချင်စော် နံတယ်။ ဒါပေမဲ့ ရတဲ့ လခ ကျတော့ သိပ်နည်းတယ်။
ကျွန်တော်တို့ ကောင်စီက လူတွေဟာ ရန်ကုန်တိုင်းမှာ ရှိတဲ့ စက်ရုံ အလုပ်ရုံတွေကို မကြာမကြာ လေ့လာခွင့် ရပါတယ်။ ဘီပီအိုင်၊ ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင်နဲ့အထည်စက်ရုံ..... စသည် ရောက်ဖူးတယ်။ ဒီအပေါ်က ကျွန်တော်တို့ အလုပ်သမားတွေ နှိုင်းယှဉ်ပြီး ဆွေးနွေးခဲ့ကြတယ်။ အလုပ်သမားတွေရဲ့ နေထိုင် စားသောက်မှုဘဝ၊ အလုပ်ခွင် အခြေအနေ၊ လစာ၊ ထောက်ပံ့မှု၊ စောင့်ရှောက်မှု.... စသည်။ ထောင့်ပေါင်းစုံက ကြည့်ပါတယ်။
ဥပမာ... ဘီပီအိုင် (ဆေးဝါးစက်ရုံ) မှာဆိုရင် ကလေးထိန်းဌာန ရှိတယ်။ စည်းကမ်းသတ်မှတ်မှု မြင့်တယ်။ အခန်းထဲဝင်ရင် ဘိနပ်ချွတ်ဝင်၊ ပိုးသတ်ထားတဲ့ ဝတ်စုံတွေ လဲပြီးမှ ဝင်ရတာမျိုး။
လေ့လာရေးက ပြန်လာရင် ကောင်စီအစည်းအဝေး ထိုင်ရတယ်။ ထုတ်လုပ်ရေး ဘယ်လိုတိုးအောင် လုပ်ရမလဲ၊ ဆွေးနွေးကြတယ်။
ဒီနေရာမှာ မဆလခေတ် အရာရှိကြီးတွေနဲ့ သူတို့လည်ပတ်နေတဲ့ ယန္တားရားကြီး အကြောင်းကို မိမိနဲ့ ဆက်စပ်နေတဲ့ အပိုင်းကနေပြီး ပြောပြချင်တယ်။
တယောက်က ဗိုလ်မှူးကြီး တင်စိုး- သယ်ယူပို့ဆောင်ရေးမှာ ဦးသာကျော် ပြီးရင် သူပဲ။ သူက "ဒီမှာ ကိုဝင်းထိန်- ခင်ဗျား သိတဲ့အတိုင်း ကျွန်တော်ဟာ အစိုးရ အကြီးတန်းအရာရှိ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှ လုပ်လို့ မရဘူး" တဲ့။
အဲဒီကောင်စီ အစည်းအဝေးမှာပဲ ကျွန်တော်က "ထုတ်လုပ်ရေးမှာ M -၆ လုံးလို့ ပြောကြတယ်။ Man လူ၊ Machine ဆိုတဲ့ စက်ကရိယာ၊ Market ဈေးကွက်၊ Money ဆိုတဲ့ ပိုက်ဆံ၊ Method နည်းပညာနဲ့ Management ခေါ်တဲ့ စီမံခန့်ခွဲမှု။ ကျွန်တော်တို့ စက်ရုံမှာ ခေတ်မီဖို့ ဆိုရင် ကျွန်တော်တို့ အလုပ်သမား အားလုံးကို အတတ်ပညာ မြှင့်ရမယ်။ စက်ရုံကို ခေတ်မီဖို့ M-၆ လုံးတပ်ဆင်ရမယ်။ ကျွန်တော်တို့ သိပ်ပင်ပန်း နေတယ်။ လစာ ကနည်းတယ်။ အာဟာရ မလိုက်နိုင်၊ ခွန်အားမရှိ။ ခေတ်က မမီတော့ ကရိန်းနဲ့ လုပ်ရမယ့် ဟာကို လူတွေနဲ့ မ, နေရတယ်။ ဒါကြောင့် M ၆လုံး ကိစ္စ အမြန် စဉ်းစား ပေးကြပါ" လို့ ပြောလိုက်တယ်။
ဒု ဗိုလ်မှူးကြီး ညွန့်အောင် ဆိုတာ ရှိတယ်။ အဲဒီတုန်းက သူက ရန်လုံးအောင် စစ်ရေယာဉ်ရဲ့ C.O ဖြစ်တယ်။ ဗိုလ်နေဝင်း စာတိုက်ကြီး စာရေး လုပ်နေစဉ်က သူ့ကို ထိန်းပေးရတာ ဆိုတော့ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ သူ့ အထက်က ဗိုလ်ချုပ်သောင်းတင် လာရင်လဲ salute မပေးဘူး။ မမြင်ချင်ယောင်ဆောင်နေတာ။
ကျွန်တော်တို့ရဲ့ GM (အထွေထွေ မန်နေဂျာ) က ဦးမျိုးခင် ဆိုတဲ့ ရခိုင် ကုလားကြီး၊ သူက စက်ရုံကို သိပ်ဖွံ့ဖြိုးချင်တယ်။ သိပ်တိုးတက်ချင်တယ်။ အလုပ်သမားတွေရဲ့ ဘဝကို ကောင်းစေချင်တယ်။ ဒါကို သိတဲ့အခါ သူ့အထက်အရာရှိ- ဦးသာကျော်က "ဟေ့ မျိုးခင်" ဆိုပြီး 'ငါ' နဲ့ ကိုင်တုတ်တယ်။ ဦးသာကျော်ဟာ ရခိုင်တွေထဲမှာ ဘုရင်လို ဆက်ဆံတာ - တော်တော်များများက သူ့ကို ဘုရားမထူးရရုံ တမယ်ပဲ။
ရေတပ်ရဲ့ အထာက တမျိုး၊ ဗိုလ်တွေကို ထမင်းပို့ရတဲ့ AP တပ်သားတွေ ရှိသေးတယ်။ ထမင်းပို့တဲ့ အခါ သူတို့ မကြည်လို့ရှိရင် ထမင်းထဲ တံတွေး ထွေးထည့်ပေးလိုက်တာ- မိသွားတဲ့ အခါ ထိုးကြ ကြိတ်ကြ ဖြစ်ကြတယ်။
သူတို့နဲ့ ကျွန်တော်တို့ အလုပ်သမားတွေ ယေဘုယျအားဖြင့် ခင်ကြတယ်။ အရာရှိရော တပ်သားတွေပါ ခင်ကြတယ်။ ဘဝ အရကို မခင်လို့ မဖြစ်ဘူး။ လူ ၂ဝဝ-၃ဝဝ လောက် စီးတဲ့ တန်ချိန် ၃ဝဝဝ လောက် ရှိတဲ့ စစ်သင်္ဘောကြီး ပင်လယ်ထဲ သွားတဲ့အခါ အလုပ်သမားတွေ လုပ်ပေးလိုက်တာ မသေသပ်ရင် လိုရာမရောက် သေရွာရောက်သွားနိုင်တယ်။ သင်္ဘော ဒေါက်ဆင်းရင် ကျွန်တော် လက်မှတ်ထိုးမှ ထွက်ခွင့်ရတာ ဆိုတော့ ကျွန်တော့်ကို အရေးပေးပါတယ်။
မေဒေးတို့ ပြည်ထောင်စုနေ့တို့ဆိုရင် ကျွန်တော်တို့ သင်္ဘောကျင်း အလုပ်သမားတွေပဲ ထမနဲ ထိုးပေးရတယ်။ လူ ထောင်သောင်းအတွက် ထိုးပေးရတာပါ။ ကျွန်တော် အလုပ်သမားတွေနဲ့ အတူထိုး အတူစားနေခဲ့တယ်။ သင်္ဘောကျင်းမှာ စာကြည့်တိုက် ဖွင့်တယ်။ အတူဖတ်ကြ လေ့လာကြတယ်။ ဒီအလုပ်သမား တွေထဲမှာ ရုရှား၊ ပိုလန်၊ အရှေ့ဂျာမဏီ.... စတဲ့ ဆိုရှယ်လစ် နိုင်ငံတွေကို သွားပြီး ပညာသင်ခဲ့ရသူတွေ ရှိတယ်။ ဒါကြောင့် ဆိုရှယ်လစ် စနစ်အပေါ် တိမ်းညွှတ်မှု ရှိကြတယ်။
အထက်မှာ ပြောခဲ့တာတွေဟာ အရေးအခင်း မပေါ်မီ နောက်ခံ အနေအထားတွေ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဌာနနဲ့ ဆိုင်တဲ့ အရေးအခင်းအကြောင်း တင်ပြပါမယ်။
ဇွန်လ ၅-ရက်နေ့က စပါမယ်။ ကျွန်တော်တို့ ဆင်မလိုက် သင်္ဘောကျင်းနဲ့ လှည်းတန်း မီးရထားလမ်းနဲ့က ကပ်နေတယ်။ ရန်ကုန်ဘက်က မီးရထားအလုပ်သမားတွေ အင်းစိန်ဘက် ချီတက်သွားကြပြီ ဆိုတဲ့သတင်း ကြားနေကြရပြီ။
၆-ရက်နေ့မှာ ထုံးစံအတိုင်း ဌာနကို အစောကြီးသွားတယ်။ သန့်ရှင်းရေးလုပ်၊ ရေနွေးတည်၊ စာကြည့် တိုက်ဖွင့်၊ စက်ရုံ ဖွင့်ပေးပြီး ကဲန်တင်းထဲ သွားထိုင်ပြီး စောင့်နေတုန်း အလုပ်သမားတွေ ဝင်လာတယ်။
"ကိုဝင်းထိန် ဟိုမှာ မီးရထားမှာတော့ ဆန္ဒပြမှုတွေ ဖြစ်နေပြီ။ ဘာလုပ်ကြမလဲ?" လို့ အလုပ်သမား ရဲဘော် ကိုဘာစိန်က မေးတယ်။
"သူတို့တောင် မှောက်ရင် ကျွန်တော်တို့လဲ မှောက် ပေါ့ æဗျာ။ ဒါ ကိစ္စ ကောင်းပဲ။" æ ဆိုပြီး လက်မြေ‡ာက်ပြလိုက်တယ်။ အလုပ်သမားတွေကလဲ အားလုံး လက်မြှောက်ပြလိုက်ကြကာ "ဒီလိုဆိုရင် ကျွန်တော်တို့ သပိတ်မှောက်ကြမယ်။" လို့ ညှိလိုက်ကြတယ်။ ကဗျာကယာ ဆိုင်ထဲ စားသောက်ပြီး ထွက်လာ ကြတယ်။ ဆိုင်ရှေ့မှာ ကျွန်တော်က "သပိတ်- သပိတ်" တိုင်တာနဲ့ 'မှောက်၊ မှောက်' ဆိုတဲ့ အသံတွေ ဟိန်းထွက်ခဲ့ တယ်။
အလုပ်သမားတွေကို ကျွန်တော်က "ရဲဘော်တို့ æ ခုအချိန်က စပြီးတော့ သပိတ်မှောက်မယ်။ တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် တို့ သပိတ်မှောက်ကြမယ်။ ဆန္ဒ ပြကြမယ်။ ဒီအခွင့်အရေး တွေ ရရှိဖို့ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြမယ်။" လို့ လှုံ့ဆော်လိုက်တယ်။
အလုပ်သမားတွေ တဖြောဖြော ရောက်ရှိလာချိန်မှာတော့ ကျွန်တော်က စားပွဲတလုံးပေါ် တက် ရပ်လိုက်ပြီး "သပိတ်၊ သပိတ်" လို့တိုင်လိုက်တာနဲ့ "မှောက်æမှောက်" ဆိုတဲ့ အသံကြီးက တုန်ဟီး ထွက်ပေါ် လာတယ်။ နောက်တော့ တခြားစက်ရုံတွေဘက် ချီတက်ကြတယ်။ ဝယ်လ်ဒါရှော့ (Welder Shop) ဘက် ရောက်တော့ တခါ-
"ရဲဘော် အလုပ်သမား အပေါင်းတို့ တို့ ရဲ့ အခွင့်အရေးတွေကို ရဖို့ တိုက်ပွဲဝင်ကြမယ်။ ဒီအတွက် တို့ အလုပ် မလုပ်ကြတော့ဘူး။ စက်ရုံတွေ ပိတ်မယ်" လို့ ကြေညာလိုက်တယ်။
ရဲဘော် ဘာရွှေက "အလုပ်သမား သပိတ်... မှောက်၊ မှောက" လို့ တိုင်ပေးတယ်။ နောက် ကျွန်တော်က ဖိတင်ရှော့က သော့၊ ဝယ်လ်ဒါရှော့က သော့၊ ၂ချောင်းကို သိမ်းထားလိုက်တယ်။
ရဲဘော်ဘာရွှေ ဦးဆောင်တဲ့ အလုပ်သမားတွေက ဒေါက်ကာ (Docker) ဘက်ကို ထွက်သွားကြတယ်။ ရဲဘော် ဘာရွှေဟာ ကရိန်းပေါ် တက်လိုက်ပြီး
"အလုပ်သမား ရဲဘော် အပေါင်းတို့ ခု အချိန်မှာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တောင်းဆိုမယ်။ ရအောင်ကို တောင်းဆိုမယ်။ နွားမွေးရင် မြက်ကျွေးရမယ်။ လူမွေးရင် ဆန်ပေးရမယ်။" လို့ ဟောပြောတယ်။
အလုပ်သမားထုကြီးက "ဒို့အရေး ဒို့အရေး" လို့ ကြွေးကြော်ကြတယ်။
အဲဒီလိုနဲ့ ကျွန်တော်တို့တတွေ အယ်လက်ထရီကယ်ရှော့၊ မရှင်းရှော့၊ ရှစ်ဘီလ်ဒင် (Ship Building)၊ နောက် ဝယ်လ်ဒင်ရှော့၊ ကာပင်တာ (Carpenter) ဘော်ဒီ (Body) ရှော့၊ အင်ဂျင်ရီပဲယားရှော့ (Engine Repair Shop)၊ ဝန်ကြီးရုံး (TLC)၊ ဦးသာကျော်ရုံး( သင်္ဘောကျင်းထဲမှာပဲ သုံးတယ်) တွေဘက် လှည့်လည်ကြတယ်။
အဲဒီနေ့က ဦးသာကျော် မလာဘူး။ သူက အလယ်ထပ်မှာ နေတယ်။ ဝန်ကြီးရုံးမှာ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းတွေ ရှိတယ်။ သူတို့ကို ကျွန်တော်က ပြောတယ်။
"သင်္ဘောကျင်း တခုလုံးကို အလုပ်သမားတွေ သိမ်းလိုက်ပြီ၊ အဲဒီတော့ ခင်ဗျားတို့ အလုပ်သမားတွေနဲ့ လက်တွဲပြီး သပိတ်မှောက်ပါ။ အတူတကွ ကျွန်တော်တို့ အခွင့်အရေးတွေကို တောင်းဆိုကြမယ်။ မရမချင်း တောင်းမှာ ဖြစ်တယ်။ ခင်ဗျားတို့ အလုပ်မဆင်းကြပါနဲ့"
သူတို့ဘက်က တုံ့ပြန်မှု ကောင်းပါတယ်။ အလုပ်မဆင်းကြပါဘူး။
ဒီကနေ ဆေးခန်းထဲ သွားတယ်။ ဒေါက်တာ စီစီနဲ့ နာ့စ် မလေး တင်တင်မူ ရှိတယ်။ သူတို့ နှစ်ယောက်စလုံး အလုပ်သမားတွေနဲ့ ခင်ကြတယ်။ စေတနာလဲ ကောင်းကြတယ်။ ဆေးပေး ရက်ရောတယ်။ တက်ထရာ ဆိုက်ကလင်း ဆို လက်တခုပ်ကြီး ပေးတာ။
သူတို့က အိမ်ပြန်ဖို့ ပြင်နေကြပြီ၊ ကျွန်တော်က အလုပ်သမားတွေကို ပစ်မသွားဖို့၊ အတူ လက်တွဲ တိုက်ဖို့ တောင်းပန်ပါတယ်။ သူတို့လဲ အလုပ်သမားတွေကို စာနာပြီး မျက်ရည်တွေ ဝိုင်းလာကြတယ်။ နောက်တော့ အတူ လက်တွဲ တိုက်ဖို့ သန္နိဌာန် ချကြတယ်။
အလုပ်သမား ရဲဘော်တွေက ကျွန်တော့်ဆီ ရောက်လာတယ်။ "ရဲဘော် ဝင်းထိန် တချို့ အရာရှိတွေ သပိတ်ကို ဖြိုခွဲဖို့ ကြိုးစားနေတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ? ရိုက်ကြရမှာလား?" လို့ ပြောတာနဲ့
"ဟာ မလုပ်လိုက်ကြပါနဲ့၊ ထိန်းသိမ်းထားပါ။ ဒီမှာ ရုံးဖွင့်ထားတာပဲ၊ ဒီကို ခေါ်ခဲ့ပါ" ဆိုတော့ မကြာခင် ကောင်စီဥက္ကဌ ဦးချစ်ဦး၊ ဒု ဥက္ကဌ ဦးအုန်းမောင်၊ နောက် အတွင်းရေးမှူး ကိုလှမြင့် ပါလာတယ်။ ပြီးတော့မှ မန်နေဂျာ ဦးမျိုးထွဋ်၊ ဦးဘကြိုင် စသူတို့ ပါလာတယ်။ သူတို့ မျက်နှာတွေလဲ မကောင်းကြဘူး။ ကျွန်တော်က
"ဦးမျိုးထွဋ်တို့ ဦးချစ်ဦးတို့ ခင်ဗျား စိတ်မရှိပါနဲ့၊ လုံခြုံရေးအတွက် ခေါ်ရတာပါ။ ကျွန်တော်တို့ကို ယုံစေချင်တယ်။ ခင်ဗျားတို့ကို မသတ်ပါဘူး။ ခုလို အပြင်မှာ လုပ်နေတာကို အလုပ်သမားတွေက ခင်ဗျားတို့အပေါ် သံသယ ဖြစ်နေတယ်။ ဒါကြောင့် လုံခြုံရေးအခန်းမှာ နေကြပါ" လို့ ပြောပြီး ထိန်းထားလိုက်ရပါတယ်။ လုံခြုံရေး သော့တွေအပါ သော့အားလုံးကို ကျွန်တော် ကိုင်ထားပါတယ်။
သပိတ်တိုက်ပွဲကို ၈ နာရီ ၉ နာရီမှာ စလိုက်ကြပြီမို့ အလုပ်သမား သပိတ် ကော်မတီလဲ ဖွဲ့ကြရတယ်။
ဥက္ကဌ ကျွန်တော်၊ ဒု ဥက္ကဌ ကိုဘန်ရွှေ၊ အကြံပေး ကိုတင်မြင့် စသည် တာဝန်ပေးကြတယ်။
ဥက္ကဌ အနေနဲ့ ဂိတ်က အုတ်တိုင် တတိုင်ပေါ်တက် မိုက်ကရိုဖုန်း ကိုင်ပြီး မိန့်ခွန်းပြောရတယ်။
"ရဲဘော် အလုပ်သမား အပေါင်းတို့-
ခုအချိန်က စပြီး ဒို့တတွေ ဆင်မလိုက် သင်္ဘောကျင်းကို သိမ်းလိုက်ပြီ၊ စက်ရုံတွေ အားလုံးကို တို့ သိမ်းပိုက်လိုက်ပြီ၊ စက်ရုံတွေနဲ့အတူ စစ်သင်္ဘောတွေကိုလဲ သိမ်းထားလိုက်ပြီ၊ ဒါကြောင့် စက်ရုံတွေ အားလုံးဟာ သင်္ဘောတွေ အားလုံးဟာ တို့ အလုပ်သမားတွေရဲ့ အာဏာအောက်မှာ ရှိတယ်။ ဒါကြောင့် တို့သိမ်းပိုက်ထားတဲ့ စက်ရုံတွေအတွက် တို့ အလုပ်သမားတွေ ပြည်သူတွေရဲ့ အကျိုးအတွက် တို့ သပိတ်မှောက် ဆန္ဒပြမယ်။ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ဟာ အညံ့မခံဘူး။ အလျှော့မပေးဘူး။
ရဲဘော် အလုပ်သမား အပေါင်းတို့-
စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြပါ။" လို့လဲ တောင်းဆိုလိုက်ရော အလုပ်သမားတွေက "ဒို့ အရေး ဒို့ အရေး" လို့ ကြွေးကြော်လိုက်ကြတယ်။ ကျွန်တော်က ဆက်ပြီး ကောင်စီမှာ ကျွန်တော်တင်ပြဆွေးနွေးတဲ့ M ၆လုံး ကိစ္စ ရှင်းပြပါတယ်။ နောက်မှ....
"ဒီ M ၆လုံး ပြည့်ပြည့်စုံစုံ မရှိဘဲနဲ့ ဒီလောက် ခေတ်မီတဲ့ သင်္ဘောကျင်းကြီး မလည်ပတ်နိုင်ဘူး။ ကရိန်းနဲ့ မ, ရမယ့်ဟာကို လူတွေနဲ့ မနေကြရတယ်။ ရဗစ် ရိုက်နေတဲ့ အလုပ်သမားတွေကို ကြည့်လိုက်ဦး စစ်ဘိနပ်က ကျွဲတဖက်၊ နွားတဖက် ကိုယ်ပေါ်မှာ စက်ဆီတွေပေ၊ တပေါင်း-တန်ခူး၊ ဧပြီ လကြီးထဲမှာ ခွေးတွေလို ၄-ဘက်ထောက် ရဗစ်ရိုက်နေကြရတယ်။ သံဂဟေဆော်တဲ့ အလုပ်သမားတွေ ခဏခဏ ဓာတ်လိုက်ခံရတာတို့ ဘာတို့ ဖြစ်ကုန်တယ်။
ဆိုချင်တာက လုပ်ငန်းခွင်ဟာ အန္တရာယ် မကင်းဘူး။ အန္တရာယ်ကင်းအောင် ရဲဘော်တို့ တောင်းဆိုကြရ လိမ့်မယ်။ နောက်တခု-
ရဲဘော်တို့ အလုပ်ဆင်းတဲ့ အခါ ၇ နာရီခွဲ အရောက်လာနိုင်ဖို့ ၆ နာရီ ကတည်းက အိမ်က ထွက်ရတယ်။ မိုးချုပ်မှ အိမ် ပြန်ရောက်တယ်။ အချိန်တွေ အများကြီး ကုန်သွားပြီ။ တနေကုန် အလုပ်ထဲမှာပဲ နစ်နေကြရတယ်။ ရတဲ့ လစာက သိပ်နည်းတယ်။ ဒါကြောင့် ဒီမှာ အိမ်ခန်းရဖို့ လိုလာပြီ။ အိမ်ခန်း ရဖို့ တောင်းဆိုရမယ်။
အိုဗာတိုင်ကိစ္စလဲ ပြောရမယ်။ အိုဗာတိုင်ကို တလ ၇၂ နာရီ ပဲ လုပ်ခွင့်ပေးတယ်။ တို့ လက်တွေ့ လုပ်ပးကြရတာက နာရီ ၁ဝဝ ကျော်တယ်။ နာရီကျော်တွေဟာ ဒေးအော့ (day off) နဲ့ပဲ ပြန်ရတယ်။ ဆိုချင်တာက အိုဗာတိုင် လုပ်ခ အပြည့်မရဘူး။ ရတဲ့ လစာက သိပ်နည်း။ တချို့ ဘားဆုံးနေပြီ။ ပရိုမိုးရှင်း တင်ပေးသင့်ပြီ။
ချုပ်လိုက်ရင် လုပ်ခတွေ သိပ်နည်းတယ်။ အိုဗာတိုင် တအားလုပ်နေရတယ်။ လုပ်ငန်းခွင်ကလဲ အန္တရာယ်ကြီးတယ်။ ဒါကြောင့် ဒါတွေအတွက် တို့ တိုက်ကြမယ်။ ဆန်လုံလောက်စွာ ရဖို့ တောင်းဆိုရမယ်။ လစာ တိုးပေးဖို့၊ ရာထူးတိုးပေးဖို့၊ နေအိမ် ရရှိဖို့၊ ကုန်ဈေးနှုန်း ကျဆင်းဖို့တွေလဲ တောင်းဆိုကြရမယ်။" နောက်တော့ ကျွန်တော်က ကြွေးကြော်သံတိုင်ပေးလိုက်ပါတယ်။
ဆန်လုံလောက်စွာ ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး။)
ကုန်ဈေးနှုန်း ကျဆင်းရေး.... ( ။ )
နေအိမ်ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး)
လုပ်ငန်းခွင် အန္တရယ်ကင်းရေး..... ( ။ )
လစာ တိုးမြှင့်ရေး..... ( ။ )
နောက်တဆက်တည်း သင်္ဘောကျင်းထဲမှာရှိတဲ့ ရေတပ်ကိုလဲ ထပ်ပြီးတော့ ပန်ကြားရတယ်။ ဒီအချိန်က ဒေါက်တင်ထားတဲ့ ရေတပ်သင်္ဘော ၅ စင်း ရှိတယ်။
"ရန်လုံးအောင်၊ ရန်မျိုးအောင်၊ သုတေသီ၊ နဂါးကျင်း၊ နဝရတ် သင်္ဘောပေါ်က တပ်မှူး တပ်သား အပေါင်းတို့ ရဲဘော်တို့ကို ကျွန်တော်တို့ အိမ် ပြန်ခွင့် မပေးတော့ဘူး၊" လို့လဲ ကြေညာလိုက်တယ်။
(ကျွန်တော်က ကြားဖြတ်ပြီး ရဲဘော်တွေကို မေးလိုက်တယ်။)
မေး။ ။ ဒေါက်တင်နေတဲ့ အချိန် သင်္ဘောပေါ်မှာ စတင်းဘိုင် (stand by) လား?
ဖြေ။ ။ သူတို့ဘာသာ လုပ်နေကြတာပဲ၊ ရိုးရိုးနေကြတာပေါ့။ အိမ်မှာ နေသလို နေကြတာပဲ။
မေး။ ၊ သူတို့က သင်္ဘောကြီး ထားခဲ့ပြီး ကမ်းပေါ်တက်တာ ရှိသလား?
ဖြေ။ ။ မရှိဘူးလေ။
ဒီနေရာမှာ ပြောဖို့လိုတာက သင်္ဘော တစီးမှာ တပ်ခွဲ တခွဲ ရှိတယ်။ ၅စီး ဆို ၅ ခွဲ ရှိတယ်။ တစီး တစီးကို ဒု ဗိုလ်မှူးကြီး (C.O) သို့မဟုတ် ဗိုလ်မှူးတယောက် အုပ်ချုပ်တယ်။
သုတေသီ သင်္ဘောက အဏ္ဏဝါ ဆိုက်စမစ် (Seismic) ဒီကောင်က တန်ဖိုး သိပ်ကြီးတယ်။ အဲဒီခေတ် ငွေဈေးနဲ့ကို သိန်း ၅ဝ-၆ဝ လောက် ပေးရတယ်။ ရန်မျိုးအောင်က စတီး သင်္ဘော၊ ဒုတိယ ကမ္ဘာစစ်တုန်းက မဟာရေယာဉ် (ဒု ဗိုလ်မှူးကြီး အုပ်ချုပ်တယ်) ရန်မျိုးအောင်မှာ အမြောက် ပါတယ်။ သုတေသီ၊ မေယု တို့မှာလဲ အမြောက်ပါတယ်။ တခြား လက်နက်မျိုးစုံ တပ်ဆင်ထားရာမှာ ဘောက်ဖာ၊ ပွိုင့် ၅ စသည့် ရှိကြတယ်။ နေဝင်းစတင်းကို ရိုးရိုး တပ်သားတွေ ကိုင်ကြရတယ်။ သင်္ဘောတိုင်းမှာ ရိက္ခာတွေ ရှိကြတယ်။ ပဲအိတ်၊ ဆန်အိတ် အပြင် အခြေခံ ရိက္ခာ စုံစုံလင်လင် တင်ထားရတယ်။ သူတို့ အတွက် ပြဿနာ မရှိ၊ ဒါနဲ့.....
"သင်္ဘောပေါ်မှာ ရှိတဲ့ တပ်မှူး တပ်သားအပေါင်းတို့၊ ရဲဘော်တို့ အိမ် မပြန်ကြပါနဲ့။ ဒီအထဲမှာပဲ နေကြပါ။ ကျွန်တော်တို့နဲ့ တိုက်ပွဲ အတူ ဝင်ကြပါ။ ကျွန်တော်တို့ရဲ့ တိုက်ပွဲကို ရဲဘော်တို့ ထောက်ခံ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်"
အဲဒီတော့ ရေတပ်က ရဲဘော်တွေ ကျွန်တော်တို့နဲ့အတူ လာပြီး ဆန္ဒပြတယ်။
သင်္ဘောပေါ်ရှိတဲ့ သူတွေဟာ မြို့ထဲ သွားချင်ရင် ကျွန်တော်တို့ ဂိတ်တွေ ဖြတ်မှရတယ်။ ရေလမ်းပေါက် က ထွက်မယ်ဆိုရင်လဲ သင်္ဘောတွေကို ကျွန်တော်တို့က ကိုင်ထားလိုက်ပြီ။ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်လာနိုင်တဲ့ အနေအထားပါ။ ရေတပ် အနေနဲ့ ပစ်မယ် ခတ်မယ် ဆိုရင် အချိန်မရွေး ပစ်နိုင်ပါတယ်။
မကြာလိုက်ပါဘူး၊ ရန်လုံးအောင် သင်္ဘောက ဗိုလ်မှူး စိုးလှိုင် ကျွန်တော့်ဆီ ရောက်လာတယ်။ ဝန်ကြီး ရုံးမှာဆွေးနွေးတယ်။ သူက "ဆရာ ဝင်းထိန် ဘယ်လိုလဲ?"...... တဲ့။
ကျွန်တော်က "ဗိုလ်မှူး စိုးလှိုင် ကျွန်တော်တို့ကို ကူညီပါ။ ရိက္ခာတွေ လိုချင်တယ်။ ရမလား?" ဆိုတော့ "ယူပါ၊ ရပါတယ်" တဲ့။
ဆက်ပြီး သူက "ခင်ဗျားတို့ သပိတ် နိုင်ပါ့မလား?" ပေါ့
ကျွန်တော်က "နိုင်ပါတယ်၊ ကျွန်တော်တို့ကို ဗိုလ်မှူး ထောက်ခံစမ်းပါ။ ဗိုလ်မှူးတို့ လုံခြုံရေးကို အာမခံပါတယ်။" လို့ ပြောလိုက်တော့ နှုတ်ဆက်ပြီး ဗိုလ်မှူး စိုးလှိုင် ပြန်သွားတယ်။ ကျွန်တော်လဲ ပင်ပန်းလွန်းတာနဲ့ နားနေစဉ် အလုပ်သမား ရဲဘော် တယောက် လာသတင်းပို့တယ်။
"ဗိုလ်မှူးရဲညွန့် လာနှောက်ယှက်နေတယ်။ အလုပ်သမားတွေ သပိတ်မမှောက်ရဘူး...လို့ ပြောနေတယ်။"
ဗိုလ်မှူးရဲညွန့်ကို သွားအခေါ်ခိုင်းပေမယ့် လိုက်မလာပါ။ သူက ညွှန်ကြားရေးမှူး၊ သူ့ရုံးခန်းကို ကျွန်တော် လိုက်သွားပြီး "ဗိုလ်မှူး ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ခဲ့စေချင်တယ်။" လို့ ပြောတော့ ပထမမှာ ငြင်းနေသေးတယ်။ ကျွန်တော်က "ခင်ဗျားရဲ့ လုံခြုံရေး အန္တရာယ် ရှိတယ်နော၊ လိုက်ခဲ့ပါ" ဆိုတော့မှ လိုက်လာပါတယ်။ "မောင်ရင် ကြည့်လဲ လုပ်ပေးပါ" လို့ လဲ ပြောတယ်။
"ဒါတွေ ထားလိုက်စမ်းပါ" ဆိုပြီး ခေါ်ထုတ်လာခဲ့တယ်။ ကျွန်တော်တို့ နှစ်ယောက် တွဲထွက်လာတာ မြင်တော့ အလုပ်သမားတွေက လက်ခုပ်တီး ကြိုကြပါတယ်။
"ဒို့အရေး... ဒို့အရေး၊ သပိတ်.... သပိတ်၊ မှောက်...... မှောက်။ ကုန်ဈေးနှုန်း ကျဆင်းရေး.... ဒို့အရေး" ကြွေးကြော်သံတွေ ထွက်ပေါ်လာပါတယ်။
သပိတ်မှောက် အလုပ်သမားတွေအတွက် ရိက္ခာ ကိစ္စက စဉ်းစားရပြီ၊ ဒါကြောင့် ကားတစီးကို အလံထိုးပြီး ရဲဘော်တချို့ အင်းစိန်ဘက် ထွက် အလှူခံကြတယ်။ ပြန်လာကြတော့ ရိက္ခာတွေက ကားနဲ့ အပြည့်ပဲ၊ ထမင်းထုပ်တွေ၊ လက်ဖက်သုတ်ထုပ်တွေလဲ ပါလာတယ်။ ထမင်းထုပ်တွေထဲမှာ လက်ရေးလှလှနဲ့ "အလုပ်သမား သပိတ်ကို ထောက်ခံတယ်" ဆိုတဲ့ စာတွေတွေ့ပြီး အားတက်ကြတယ်။ တချို့ အထုပ်တွေထဲမှာ ပိုက်ဆံတွေ ပါတယ်။ ပစ္စည်းတွေကတော့ မျိုးစုံပဲ။ ရပ်ကွက်ထဲက အရပ်သူအရပ်သားတွေကလဲ ထမင်းအိုးကြီးတွေနဲ့ ရောက်လာကြတယ်။ ဟင်းတွေကလဲ မျိုးစုံ။
ကျွန်တော်တို့ စက်ရုံမှာပဲ လက်ကမ်း စာစောင်တွေ ရိုက်တယ်။ တောင်းဆိုချက်တွေ ကြွေးကြော်သံတွေ ပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဆန်လုံလောက်စွာ ရရှိရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ လစာ တိုးမြှင့်ရေး စသည် အပြင် ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး အောင်ရမည် ဆိုတာလဲ ထည့်ရိုက်တယ်။ ကျွန်တော်တို့ အလုပ်သမားတွေက ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တာမှ မဟုတ်ပဲ။ မဆလ လုပ်ချင်သလို လုပ်နေတာက တပိုင်းပဲ။ ဂက်စတင်နာ (Gestener) နဲ့ရိုက်ပီး ဝေငှကြတယ်။
နောက်.... မိန်းခလုတ်ရှိရာ တယ်လီဖုန်းရုံးမှာ ကျွန်တော် သွားထိုင်တယ်။ စက်ရုံအသီးသီးကို ဆက်သွယ်ကြည့်တယ်။ ကျွန်တော်တို့ စက်ရုံဘေးမှာတင်ရှိတဲ့ သုံးထပ်သား စက်ရုံမှာလဲ စ တိုက်ပွဲဝင်နေပြီ။ သူတို့က ကိုယ်စားလှယ်လွှတ်လာတယ်။ ဘယ်လို လုပ်ရမလဲပေါ့။ ကျွန်တော်က "သပိတ်ကတော့ ဆက်မှောက် ရမယ်။ ကျွန်တော်တို့ကတော့ အညံ့မခံဘူး။ တောင်းဆိုချက်တွေ ရတဲ့ အထိ တိုက်သွားမယ်" ပြောတာကို လက်ခံသွားတယ်။ နောက် အမှတ် ၁-၂ သစ်စက်တွေက ကိုယ်စားလှယ်တွေ ရောက်လာတယ်။ ဆွေးနွေးကြတယ်။ ဘဝတူ အလုပ်သမား အချင်းချင်း သွေးစည်းကြတယ်။
ကျွန်တော်တို့ကလဲ ဆက်သား၊ ကိုယ်စားလှယ် စသည် လွှတ် ဆွေးနွေးတာတွေ ရှိတယ်။ BPI ဘက် လွှတ်ဖို့ ပြင်နေစဉ် စက်ရုံပေါင်းစုံက အလုပ်သမားတွေ ရောက်လာပြန်တယ်။ သူတို့ခံစားချက်တွေ ရင်ဖွင့်ကြတယ်။ သမိုင်းချည်မျှင်၊ ဂုံနီစက်ရုံ၊ BPI က အလုပ်သမားတွေ ရောက်လာပြီး ဟောပြောကြ၊ ရင်ဖွင့်ကြတိုင်း "ဒို့အရေး.... ဒို့အရေး" ထောက်ခံသံတွေနဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း တီးကြတယ်။
ညနေပိုင်းလောက် ဗိုလ်မှူးစိုးလှိုင်နဲ့ ထပ်တွေ့တော့ "ဗိုလ်မှူး ခင်ဗျား ကျွန်တော်တို့ကို ကူညီပါဦး" ဆိုတော့ "ဘာများလဲ? ကူညီတာပေါ့" လို့ပြောတယ်။ အဲဒီအချိန်က ကျွန်တော်တို့ ဌာနမှာ ရေတပ်က လာတည်ပေးထားတဲ့ လျှပ်စစ်ဌာန ရှိတယ်။ တချို့ လျှပ်စစ်ပညာတွေက မြင့်တော့ ရေတပ်က သင်ထားတဲ့ လူတွေမှ လုပ်လို့ရတာ ရှိတယ်။ ရေတပ်က PO တွေအားလုံးကိုလဲ အရေးကြီးတဲ့ ဌာနတွေကို အလုပ်သမားတွေနဲ့ တွဲပြီး စောင့်ရှောက် ပေးဖို့ မေတ္တာရပ်ခံထားတယ်။
ညနေဘက်မှာ အလုပ်သမားရဲဘော်တချို့ကို အင်းစိန်ဘက် ထပ်လွှတ်တယ်။ ၆ နာရီလောက် ရှိမယ် ထင်တယ်။ သူတို့ပြန်လာပြီး သမိုင်း ဘာတာရှေ့၊ သမိုင်းဈေးမှာ အလုပ်သမား အရပ်သားတွေ ပစ်သတ်ခံရတဲ့ အကြောင်း ပြောပြကြတယ်။
ဒါနဲ့ ကျွန်တော်က "ရဲဘော် အလုပ်သမားအပေါင်းတို့ တို့ရဲ့တောင်းဆိုချက်တွေကတော့ တဖြည်းဖြည်းနဲ့ ခက်လာပြီ၊ ဒါပေမဲ့ တို့ဟာ ဒူးမထောက်ဘူး။ အညံ့မခံဘူး။ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ အခု သမိုင်း ဘာတာရှေ့မှာ တို့အလုပ်သမား ရဲဘော်တွေ အသတ်ခံရတယ်။ ပစ်သတ်တာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆုံး တို့ဟာ ဒူးမထောက်ဘဲနဲ့ အသေခံ တိုက်ပွဲဝင်သွားမယ်။ တို့တောင်းဆိုချက်တွေ မရမချင်း တောင်းဆို တိုက်ပွဲဝင်သွားမယ်။ တို့ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်မယ်။ ရဲဘော်တို့ကို ကျွန်တော် ကတိပေးတယ်။ ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ရဲဘော်တို့နဲ့အတူ ကျွန်တော်ရှိမယ်" လို့ မိန့်ခွန်းတို ပေးခဲ့တယ်။
နောက်တော့ တယ်လီဖုန်းနဲ့ ဂုံနီစက်ရုံကို လှမ်းဆက်တယ်။ ကောင်စီအတွင်းရေးမှူးက ဖုန်းလက်ခံတယ်။ ကျွန်တော်က သမိုင်းချည်မျှင်စက်ရုံရှေ့မှာ အလုပ်သမားတွေ ပစ်သတ်ခံရတဲ့ အကြောင်း သတင်းပေးပြီး "ကျွန်တော်တို့ကတော့ မလျှော့ဘူး၊ ဒူးမထောက်ဘူး။ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမယ်၊ မရမချင်း တိုက်ပွဲဝင်သွားမယ်။ လိုအပ်တာရှိရင် အကြောင်းကြားမယ်၊ ခင်ဗျားတို့ဘက်ကလဲ အကြောင်းကြားပါ" လို့ ပြောတယ်။ သူတို့စက်ရုံကလဲ ဒီသဘောအတိုင်းရှိကြောင်း ပြန်ပြောတယ်။ အဲဒီအချိန် ဂုံနီစက်ရုံမှာ ဗဟိုကော်မတီ အသစ်ရွေးချယ်ပွဲ စနေပြီ။
အဲဒီ ညနေမှာ မိုးတွေ ရွာချလာတယ်။ အခြေအနေကအရေးကြီးလာချိန်မို့ ဝန်ကြီးရုံးမှာ အိပ်စောင့်နေကြတဲ့ အမျိုးသမီးတွေကို ကျွန်တော်ကပြောတယ်။ "ခင်ဗျားတို့ ကျွန်တော်နဲ့ လိုက်ခဲ့ပါ၊ ဒီတိုင်းနေလို့ မဖြစ်ဘူး၊ လုပ်စရာတွေ ရှိတာတွေ လုပ်ကြရမယ်။ အခြေအနေ သိပ်မကောင်းဘူး" ဆိုတော့ ကျွန်တော့်နောက် လိုက်လာကြတယ်။
ဆက်သွယ်ရေးတွေနဲ့ ပတ်သက်ပြီး ရေတပ်က အရာရှိတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေ တွဲကိုင်ထားကြတယ်။ လုံခြုံရေးလဲ အလားတူပဲ။ တယ်လီဖုန်းရုံးကို ကျွန်တော်တို့ သွားကြတယ်။ ကက်ဆက်နဲ့ ကျွန်တော့်အသံကို သွင်းလိုက်ပြီး စပီကာနဲ့ "ပြည်သူကိုပန်ကြားချက်" ထုတ်လွှင့်လိုက်တယ်။ စက်ကြီးကသိပ် ကောင်းတော့ စက်ရုံတွေအားလုံးဆီ တပြိုင်တည်း ရောက်ရှိ သွားပါတော့တယ်။
"မိဘ ပြည်သူအပေါင်းတို့ခင်ဗျား အစိုးရဟာ သမိုင်းဘာတာရှေ့မှာ ရိုးသားစွာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ပစ်သတ်ခဲ့ပါတယ်၊ အဲဒီတော့ မိဘ ပြည်သူအပေါင်းတို့ ကျွန်တော်တို့နဲ့ လက်တွဲပါ။ စစ်အစိုးရက အခု အပြစ်မဲ့တဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ပစ်သတ်နေပါပြီ။ ကျွန်တော်တို့ကို ကာကွယ် စောင့်ရှောက်ပါ" လို့ ပန်ကြားပါတယ်။ ဒီ အသံကို အသံချဲ့စက်ကနေ အမြဲဖွင့်ပေးထားလိုက်ပါတယ်။
ဒီအချိန်မှာ အစိုးရအလိုတော်ရိ တယောက်က သပိတ်ကော်မတီ ပြင်ဖွဲ့ရမယ်။ သူလဲ ပါမယ်ဆိုပြီး ရုတ်ရုတ် ရုတ်ရုတ် လုပ်လာတယ်၊ အတွင်းပိုင်းကနေ သပိတ် ဖြိုခွဲဖို့ လုပ်လာတာမို့ ဖမ်းထိန်းသိမ်းလိုက်ရ တာရှိတယ်။
မိုးက ချုပ်သည်ထက် ချုပ်လာပြီ။ ဒီအချိန် ဗိုလ်မှူးရဲညွန့်က ကျွန်တော့်ကို လှမ်းခေါ်ပြန်ရော၊ "ဘာလုပ်ချင်လို့လဲ" ဆိုတော့ "မောင်ရင်တို့ကို စစ်တပ်က ပစ်တော့မယ်၊ ကိုယ်လဲ အရာရှိပဲမောင်ရင်၊ စေ့စပ်လိုက်စမ်းပါ။" လို့ ပြောတယ်။ "တော်စမ်းပါ၊ လုပ်မနေစမ်းပါနဲ့၊ ထားလိုက်စမ်းပါ၊" လို့ ကျွန်တော်က ဟန့်လိုက်တော့ ဦးချစ်ဦးတို့ ဦးမျိုးထွဋ်တို့က ကျွန်တော့်ကို ကြည့်တယ်။ သူတို့ကိုတော့ စာနာပါတယ်ဆိုတဲ့ အမူအယာလောက်ပဲ ပြလိုက်မိတယ်၊ သူတို့ကိုလဲ အချုပ်ထဲ ထည့်ထားရတယ်လေ။
ဒီလိုနဲ့ အချိန်တွေ ကုန်လိုက်လာတယ်။ ထမင်းလဲ မစားရ၊ ရေလဲ မသောက်မိတာ ဘယ်လောက်ကြာ သွားပြီလဲ မသိ။ ဝန်ထမ်း အမျိုးသမီး တယောက်ပေးတဲ့ Lunch Box နဲ့ကိစ္စပြီးလိုက်ပြီး တယ်လီဖုန်း ရုံးခန်းထဲ ရောက်နေချိန် ဦးမြဟန်ကြီး ရောက်လာတယ်။ မူလက PO ပင်စင်ယူပြီးတဲ့နောက် ကျွန်တော်တို့ဆီ ဖစ်တာ အဖြစ်နဲ့ ဝင်လုပ်နေသူပဲ။
သူက "ကိုဝင်းထိန် ကမ်းနားမှာကွန်မင်ဒို သင်္ဘော ကပ်နေပြီ။ သူတို့ပစ်လိမ့်မယ်။" လို့ ပြောတော့ "ဦးမြဟန် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မဆွေးနွေးချင်ဘူး၊ ထားလိုက်ပါ" လို့ တားလိုက်တယ်။
သူထွက်သွားပြီး မကြာခင် ကိုကျော်ကြီးခင်နဲ့ ရောက်လာပြန်တယ်။ "ရေလယ်မှာ ဗိုလ်မှူးသိန်းထွန်း စောင့်နေတယ်၊ ခင်ဗျားနဲ့ စကားပြောချင်လို့တဲ့၊" ဒီတော့ ကျွန်တော် တွက်လိုက်မိပြီ "ငါ့တော့ ဆွဲတော့မယ်" သူတို့ခေါ်တဲ့နေရာ လိုက်သွားပြီ ဆိုတာနဲ့ ဖမ်းပြီလေ၊ ဒီလိုဆိုရင် အလုပ်သမားတွေကို ညွှန်ကြားလို့ မရတော့ဘူး၊ လှုပ်ရှားမှု ပြိုကွဲသွားတော့မယ်၊ မဖြစ်ဘူး။
"ကျွန်တော် မလာနိုင်ဘူး၊ တွေ့ချင်ရင် ဗိုလ်မှူးသိန်းထွန်း ကျွန်တော့်ဆီ လာပါစေ" လို့ ပြောလိုက်တယ်။ ဦးမြဟန် ပြန်ထွက်သွားတယ်။
ခဏနေတော့ တခေါက်ပြန်လာကြတယ်။ ကျော်ကြီးခင်က "ကိုဝင်းထိန် သူတို့ တကယ်ပစ်တော့မယ်" တဲ့။ "ပစ်ရင်လဲ ပစ်ပစေကွာ" လို့ တုံ့ပြန်လိုက်တယ်။
စဉ်းစားရတာတွေကတော့ အများကြီး- ရေတံခါးကြီး ပျက်စီးသွားရင်၊ ပေါက်ကွဲသွားလို့ရှိရင်၊ အားလုံးအထိနာမယ်။ စက်ရုံတွေ ပျက်စီးမယ်။ စက်ရုံထဲ ဝင်ပစ်ရင်လဲ သေကြ ကြေကြ အထိနာကြမယ်။ စက်ရုံရဲ့ လုံခြုံရေး အလုပ်သမားတွေရဲ့ လုံခြုံရေး စဉ်းစားလာရတယ်။ နောက်ထပ် ဆုံးရှုံးမှုကြီးတခု ရှိသေးတယ်။ ခုလို တောင်းဆိုလာကြပြီးမှ တောင်းဆိုချက် ဘာမှ မရဘဲနဲ့ ကျွန်တော်တို့သပိတ်ကြီး ပျက်စီးသွားမှာ- ပြီးဆုံးသွားမှာပဲ။
ဒါကြောင့် ကျွန်တော် ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ မိုက်ကရိုဖုန်း ကောက်ကိုင်လိုက်ပြီး...
"ရဲဘော် အလုပ်သမားအပေါင်းတို့ စက်ရုံရဲ့ လုံခြုံရေးကို တို့အားလုံး တာဝန်ယူရမယ်။ နောက် ရေတံခါး၊ သင်္ဘောတွေရဲ့ လုံခြုံမှုနဲ့ စက်ရုံတွေ အားလုံးရဲ့ လုံခြုံမှု၊ တို့အားလုံးရဲ့လုံခြုံမှုကို တို့တာဝန်ယူရမယ်။ ဒီစက်ရုံဟာတို့ရဲ့ စက်ရုံဖြစ်တယ်။ တို့ဟာ တို့တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ အညံ့မခံဘူး၊ ဒူးမထောက်ဘူး၊ ရတဲ့အထိတိုက်ပွဲဝင်သွားမယ်။
အခု သပိတ်မှောက်မှုဟာ ဗမာတပြည်လုံး ဖြစ်နေပြီ။ တို့ယုံကြည်စိတ်ချရတဲ့ ရန်ကုန်ဆိပ်ကမ်း ဆိုလို့ ရှိရင်လဲ အခု သပိတ်မှောက်နေပြီ၊ ရန်ကုန်ဆိပ်ကမ်းဆိုတာက ဒုဗိုလ်မှူးကြီး လှမြင့်- ဘဲကြီးလှမြင့် (ဘဲလ်အဲယား လှမြင့်) ဆိုတာဟာ တက္ကသိုလ် ကျောင်းသားတွေ ပါးရိုက်တဲ့ ဘဲ။ ဒီကောင် သူရဲ-သူရဲ၊ အဲဒီမှာ သူက နာယက ဖြစ်နေတာ- ခု သူ့ဆိပ်ကမ်းမှာ အလုပ်သမားတွေ သပိတ်မှောက်နေပြီ။
ပြီးတော့ တို့ရဲ့ သပိတ်ဟာ တပြည်လုံးလက္ခဏာ ဆောင်တယ်။ တို့ တောင်းဆိုချက်တွေ ရ, ရမယ်။ တို့ တတွေ ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ရအောင် တိုက်မယ်။ တို့ အညံ့မခံဘူး။ လျှော့လို့ မရဘူး" လို့ ပြောချလိုက်တယ်။
ဒါကိုကြားပြီး ချက်ချင်းပဲ သုံးထပ်သားစက်ရုံကလဲ ကျွန်တော်တို့နဲ့ တသဘောထဲ ရှိကြောင်း။ "လုံးဝ အညံ့မခံဘူး၊ ဆက်လက် တိုက်ပွဲဝင်သွားမယ်၊ တောင်းဆိုချက်တွေ ရအောင်တိုက်မယ်" ဆိုတဲ့အကြောင်း အကြောင်းကြားလာတယ်။
စစ်တပ်က နေဝင်ရင် ပစ်မယ်လို့ သတင်းတွေ ထွက်နေတာရှိတယ်။ ဒါကြောင့် သစ်စက်ကလာ ပြောတယ်။ "ကျွန်တော်တို့ သစ်တုံးတွေနဲ့ ကာထားတယ်။ စက်ရုံထဲ ဝင်ပစ်လို့မရအောင် ဖြစ်တယ်" တဲ့။ ကွန်မင်ဒိုတွေ ဝင်ပစ်မှာကို တားဆီးတဲ့သဘောပဲ။
ကျွန်တော်တို့ရဲ့ အနောက်ဘက်မှာ အက်ဆစ် စက်ရုံရှိတယ်။ ကော့စတစ် စက်ရုံ- အဲဒီကလဲ အတူတူပဲ။ ကျွန်တော်တို့နဲ့ အတူတိုက်ပွဲ ဝင်မယ်တဲ့။
ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင်စက်ရုံ တို့ကိုလဲ "စစ်တပ်က ဝင် ပစ်မယ့် အခြေအနေရှိတယ်၊ ဘာပဲ ဖြစ်ဖြစ် တို့ရအောင် တိုက်ပွဲ ဝင်သွားမယ်။ မစေ့စပ်တော့ဘူး၊ သပိတ်ကတော့ တပြည်လုံး ဖြစ်နေပြီ။ ရန်ကုန်ဆိပ်ကမ်း သပိတ်ကြောင့် ကမ်းနားမှာ ကုန်တင်ကုန်ချ လုပ်ငန်းတွေ ရပ်တော့မယ်။ ရပ်တာနဲ့ အစိုးရ အခက်အခဲရှိပြီး တပြည်လုံး အလုပ်သမားနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့် တောင်းဆိုချက်တွေ ရအောင် တိုက်ပွဲ ဝင်သွားမယ်" လို့ ဖုန်းနဲ့ အကြောင်းကြားလိုက်တယ်။
နောက်တော့ အခန်းသော့ဖွင့်ပြီး ဗိုလ်မှူးရဲညွန့်ကို ခေါ်ထုတ်လာခဲ့တယ်။ ချက်ချင်းလိုပဲ ကျွန်တော်တို့ရဲ့ မိန်းဂိတ်ရှေ့မှာ စစ်ကားတွေရောက် လာတယ်။ ကွမ်းခြံဘက်က လာတာဖြစ်တယ်။ ရေတပ်က မဟုတ်ဘူး၊ လှည်းတန်းဘက်က- ကျွန်တော်တို့ ခေါင်းဆောင်မှုအဖွဲ့ သပိတ်ကော်မတီဝင်တွေက အလုပ်သမားထု ကြားထဲမှာ ရှိနေတယ်။
တချို့ရဲဘော်တွေက ကျွန်တော့်ကို ဒီနေရာက စွန့်ခွာဖို့ ပြောနေပြီ။ ကျွန်တော့်လက်ထဲမှာ စက်ရုံသော့ အားလုံးရှိတယ်။ မာဇဒါ ဂျစ်ကားကို လိုရ မယ်ရ အပြင်တနေရာမှာ ထားတာ ရှိတယ်။ ထွက်သွားရမလား... လို့ အတွေးတချက် ပေါ်တယ်။ ဒါပေမဲ့ ကျွန်တော် အလုပ်သမားရဲဘော်တွေကို သစ္စာမဖောက်နိုင်ဘူး။ ပေါက်ကွဲလု မတတ်ဖြစ်နေတဲ့ အခြေအနေကြီးကို စွန့်မသွားနိုင်ဘူး။ အဲဒီတော့ သေစရာရှိလို့ရှိရင် ရှေ့ကသေမယ်။ ခေါင်းဆောင်ဆိုတာ ဘယ်တော့မှ နောက်ကနေ မသေရဘူး။ ဘယ်တော့မှ နောက်မဆုတ်ရဘူး။ ငါသေပြီး နောက်မှ နောက်လူတွေ သေရမယ်။ ဒီလို စဉ်းစားပြီး 'လူထု' ကြားထဲက တပ်ဦးကို ကျွန်တော် တိုးထွက်လာ တယ်။ ဗိုလ်မှူးရဲညွန့်ကိုတော့ ကိုင်ထားတယ်။ ဒီလိုနဲ့ မိန်းဂိတ် သံတံခါးကို ရောက်သွားပြီ၊ တဖက်က မြင်နိုင်တဲ့နေရာ ပစ်မယ်ဆို လှမ်းပစ်လို့ ရတဲ့နေရာ၊ ပထမ ဆုံးထိမှာက ကျွန်တော်နဲ့ ဗိုလ်မှူးရဲညွန့်ပဲ။ အဲဒီ အချိန်မှာပဲ ရဲဘော်ဘီကျော်စိန်က တွန်းထိုး ထွက်လာတယ်။ နောက် အုတ်ခုံပေါ် တက်လိုက်တယ်။ သင်္ဘောကျင်း တခုလုံး မီးတွေလင်းနေတယ်။ ဆလိုက်မီးတွေကလဲ ထွန်းထားသေးတယ်။ BAA ဂရောင်းက ဆလိုက်ကြီးတွေ လေ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
ရဲဘော် ဘီကျော်စိန်က စစ်တပ်ကို "မင်းတို့ပြန်သွားပါ၊ အလုပ်သမားတွေကို အန္တရာယ်မပေးနဲ့၊ တို့ အလုပ်သမားတွေ တောင်းဆိုနေတာက ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန်လုံလောက်စွာ ရရှိရေးပဲ၊ အလုပ်သမား တွေနဲ့ အစိုးရဟာ ရန်သူမဟုတ်ဘူး၊ နောက်ကို ပြန်ဆုတ်ကြပါ။ အလုပ်သမားတွေဘက်ကို လှည့်ထားတဲ့ သေနတ်ပြောင်းတွေ- တဖက်ကို လှည့်လိုက်ပါ။" လို့ ပြောတယ်။ စစ်တပ်ဘက်က လှုပ်ရှားမှု မပြတာနဲ့ ပြန်ဆင်းသွားတယ်။
ဒီတော့မှ ဆိုင်ထားတဲ့ဘက်က ဗိုလ်မှူးတယောက် စပီကာနဲ့ စကားပြောတယ်။ "အလုပ်သမားတွေ၊ ခင်ဗျားတို့ တောင်းဆိုချက်တွေကို ကောင်စီအဆင့်ဆင့်ကနေ တောင်းပါ၊ ခု ဆန္ဒပြမှုကို ရပ်လိုက်ကြပါ။ ဗိုလ်မှူးရဲညွန့်ကို ကျွန်တော်တို့လက်ထဲ ပြန်အပ်ပါ။ သပိတ်ကို လူစု မခွဲဘူး၊ ဗိုလ်မှူး ရဲညွန့်ကို ပြန်မအပ်ဘူးတိုရင် ရတဲ့နည်းနဲ့ ယူရပါလိမ့်မယ်။" တဲ့။ ပြောပြီးတာနဲ့ စစ်တပ်က ကျွန်တော်တို့ကို သေနတ်နဲ့ ချိန်ထားလိုက်ကြတယ်။ ဒီအချိန်မှာ ကျွန်တော်က ဗိုလ်မှူးရဲညွန့်လက်ကို လိမ်လိုက်ပြီး "ခင်ဗျားတို့ တွေ့ချင်တဲ့ ဗိုလ်မှူးရဲညွန့်ဆိုတာ ဟောဒီမှာပဲ။ အဲဒီတော့ သူ့ကိုလိုချင်ရင် ကျွန်တော်တို့ တောင်းဆိုချက်တွေကို လိုက်လျောပါ။ ချက်ချင်း ပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ တောင်းဆိုနေတာမှာ - အလုပ်သမားတွေနဲ့ လုပ်သားပြည်သူတရပ်လုံး အတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန်လုံလောက်စွာရရှိရေး၊ လုပ်ငန်းခွင်ကိစ္စ၊ နေအိမ်ရရှိရေး တို့ဖြစ်တယ်။ အလုပ်သမား အခွင့်အရေးကို တောင်းနေတာသာ ဖြစ်တယ်။ ခင်ဗျားတို့ဆီက အာဏာကို လုနေတာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို တိုက်မယ့် သေနတ်ပြောင်းတွေကို တနေရာကို လှည့်လိုက်ပါ။
စစ်တပ်ဘက်က အရာရှိကြီး အပေါင်းတို့- ကျွန်တော်တို့ကို မတိုက်ပါနဲ့။ ခင်ဗျားတို့ တိုက်ရမှာက တနေရာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ လုပ်သားပြည်သူတရပ်လုံးအတွက် တောင်းဆိုနေတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်နေတာ ဖြစ်တယ်။ အလုပ်သမား လူတန်းစားဟာ ဆိုရှယ်လစ်စနစ်ကို ဘယ်တော့မှ သစ္စာ မဖောက်ဘူး။ ဆိုရှယ်လစ် စနစ်အတွက် အလုပ်သမားလူတန်းစားက အခု တိုက်ပွဲဝင်နေတာဖြစ်တယ်။"
(ဒီအချိန် နောက်ကနေ ထပ် ရိုက်လာတဲ့ ပန်းဖလက်တွေ လာပို့လို့ ဖတ်ကြည့်လိုက်တော့ 'ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး အောင်ပွဲခံရမယ်။' 'ဗိုလ်ချုပ်ကြီး တင်ဦး သက်တော် ရာကျော် ရှည်ပါစေ' ဆိုတာတွေ ပါတယ်။ ထိပ် မြွေကိုက်ခံနေရ ချိန်မှာမှ ရောက်လာတာဖြစ်လို့ ဒီအတိုင်းထားလိုက်ပြီး)
"အဲဒီတော့ စစ်တပ်က တပ်မှူး တပ်သား အပေါင်းတို့ ခင်ဗျားတို့ တပ်ကို ပြန်သွားကြပါ။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ် စနစ်ကို တည်ဆောက်နေတဲ့အတွက် ဆိုရှယ်လစ်စနစ်ရဲ့ ရန်သူမဟုတ်ဘူး။ နောက်ပြန်ဆုတ်ကြပါ။"
၆ ရက်ည တညလုံး အပြန်အလှန်ပြောလာလိုက်ကြတာ ၇ ရက် နံနက် ၄ နာရီထိုးတော့ မီးကျည်တလုံး ကောင်းကင်ကို ဖွေးကနဲ ထိုးတက်လာတယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တခု ရှိတယ်။ တညလုံး အချိန်ဆွဲ ထားပြီး မိုးလင်းတာနဲ့ ရန်ကုန်တမြို့လုံးမှာ ရှိတဲ့ စက်ရုံတွေ ထပ်ပြီးဆွေးနွေးဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်က
"ဗိုလ်မှူးရဲညွန့်ကို ခင်ဗျားတို့ဆီ ကျွန်တော်ပြန်အပ်မယ်။ ခင်ဗျားတို့က သေနတ်ပြောင်းတွေ တနေရာ လှည့်လိုက်ပါ" လို့ လှမ်းပြောလိုက်တယ်။
ဗိုလ်မှူးရဲညွန့်က "ဖိုးဝင်းထိန် စစ်တပ်ကတော့ တကယ် ပစ်တော့မယ်။ ကိုယ့်ကို မောင်ရင်တို့အလျှော့ ပေးလိုက်ပါ။" လို့ ခပ်အုပ်အုပ်ပြောတယ်။
"ဗိုလ်မှူးရဲညွန့် ခင်ဗျားလဲ ကျည်ဆံတတောင့် ကျွန်တော်လဲ ကျည်ဆံတတောင့်ပဲ၊ သေရင်တော့ အတူသေကြမှာပဲ။ အဲဒါကြောင့် ခင်ဗျားအနေနဲ့ လုပ်သားပြည်သူတွေအပေါ်မှာ တကယ်သံယောဇဉ် ရှိရင်၊ တကယ်သစ္စာရှိရင် စစ်တပ်ကို 'မပစ်ပါနဲ့' လို့ မိုက်ကရိုဖုန်းနဲ့ ပြောပေးပါ" ဆိုပြီး မိုက်ကရိုဖုန်း ထိုးပေးလိုက်တယ်။
သူက "ဖိုးဝင်းထိန်-ကိုယ်ဟာ စစ်တပ်က တပ်မတော် အရာရှိဖြစ်တယ်။ တပ်မတော်ကို သစ္စာဖောက်လို့ မဖြစ်ဘူး။ ဒါကြောင့် ကိုယ်မပြော ဘူး"æတဲ့။
ဒီတော့ ကျွန်တော်က "ဗိုလ်မှူး ခင်ဗျားကလဲ တပ်မတော်ကို သစ္စာရှိတယ်။ ကျွန်တော်ကလဲ အလုပ်သမားတွေအပေါ်မှာ သစ္စာရှိတယ်။ ပြည်သူပေါ်မှာ သစ္စာရှိတယ်။ အဲဒီတော့ နှစ်ယောက်သေ သေကြတာပေါ့ တယောက် ကျည်ဆံ တတောင့်စီနဲ့" လို့ ပြောရင်းနဲ့ ပြန်ဆုတ်ခဲ့တယ်။
ဒီအချိန် ဦးမြဟန်နဲ့ ကိုကျော်ကြီးခင် လာပြောပြန်တယ်။ "စစ်တပ်က တက်လာပြီ၊ ကမ်းခြေက နေတက် လာတာဖြစ်တယ်။" တဲ့။ တချို့ရဲဘော်တွေကလဲ ဘာလုပ်ရမလဲ လာမေးကြတယ်။
"ဘာမှမလုပ်နဲ့၊ ဒီအတိုင်း တောင်းဆိုကြမယ်။ ဘာမှ မလုပ်နဲ့၊ ဘာကိုမှ မလုပ်နဲ့" လို့ အမိန့်ပေး လိုက်တယ်။
ဒီအချိန် ဖြတ်ကနဲ သတိရလိုက်တာရှိတယ်။ ဘယ်လိုတုံ့ပြန်မလဲ?။
ကျွန်တော့် လက်ထဲမှာ သင်္ဘောကျင်းတခုလုံးရဲ့ သော့တွေ ရှိတယ်။ ပါဝါစတေရှင် ကို ဖောက်ခွဲလို့ရ တယ်။ သင်္ဘောကျင်း ရေလုံကျင်းက ရေတွေ ဖောက်ထုတ်လိုက်လို့ရှိရင် သင်္ဘောတွေ ပျက်သွားနိုင်တယ်။ ဂျွမ်းထိုးမှောက်ခုန် ဖြစ်သွားမယ်၊ ဒီမှာ ရေတပ် စစ်သင်္ဘောတွေကလဲ ရှိနေတယ်။ သင်္ဘောကျင်း ပြာကျသွား အောင်လဲ လုပ်နိုင်တယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ ပြည်သူတွေလဲ ပြာကျတဲ့အထဲ ပါသွားနိုင်တယ်။ ဒီအချိန် ကွမ်းခြံ ရပ်ကွက်တခုလုံး စစ်တပ်က ဝိုင်းထားပြီးပြီ။ အခြေအနေတွေက အဲဒီလိုရှိတယ်။
ကိုကျော်ကြီးခင်က "နောက်မှာ ကွန်မင်ဒို တပ်တွေ ရောက်လာပြီ" လို့ သတိပေးတယ်။
"ကဲ ဗိုလ်မှူး ကြားတဲ့အတိုင်းပဲ၊ ကျုပ်တို့ကတော့ အသေခံပြီး တိုက်ရတော့မယ်။ ဒီတော့..... "
ဗိုလ်မှူးရဲညွန့် လက်ကို လိမ်လိုက်ပြီး သူနဲ့အတူ ပြန်သွားခဲ့တယ်။ ကွန်မင်ဒိုတပ် လာမယ့် နေရာကို ဦးတည်လိုက်တယ်။ ရှေ့ရောက်သွားတာနဲ့ စ ပစ်ပြီ။ "ဗိုလ်မှူး ရဲညွန့်ကို ပေး ပေး" လို့လဲ ပါးစပ်က အော်တောင်း တယ်။ "ဟေ့ အလုပ်သမားတွေ မင်းတို့ ဆန်မရဘူး၊ ဟောဒါပဲ ရမယ်ကွ" လို့လဲ ကြုံးဝါးတယ်။ ပြောပြော ပစ်ပစ် လုပ်ကြတယ်။ ဘက်နက် (လှံစွပ်) တွေနဲ့ တက်ထိုးတယ်။ ရဲဘော်တွေဟာ အထွေးလိုက် လဲကျကုန်တယ်။ တချို့ ရေကန်ထဲ ကျတယ်။
ဒီအချိန် ဗိုလ်မှူးရဲညွန့်က "ရဲညွန့်ဆိုတာ ကျွန်တော်ပါပဲ" အော်ပြီး ရုန်းတယ်။ ကျွန်တော်ကလဲ လွှတ်ပေးလိုက်ပါတယ်။ လက်ထဲက ပါသွားတဲ့အခါ "ဟေ့ ရဲညွန့် ရပြီဟေ့" ပေါ့နော်။
မိုးက လင်းနေပါပြီ။ လမ်းပေါ်က သွေးတွေကတော့ စွေးစွေးနီနေပါတယ်။ သွေးခဲတွေ သွေးစီးကြောင်း တွေ.........။
ရဲဘော်တချို့ G3 ကျည်ဆံ ဖောက်ထွက်သွားလို့ ခြေထောက်မှာ အပေါက်တွေနဲ့။
ရဲဘော် သန်းအောင် ဆိုရင် ပါးစပ်ကြီး ပြတ်ထွက်သွားပြီး လျှာဟာ ကတ်ကြေးနဲ့ ညှပ်ထားသလိုပဲ။
သယ်နိုင်သလောက် ရဲဘော်တွေကို ပွေ့ပွေ့ပြီးတော့ ဆေးခန်းထဲ သွင်းရတယ်။ ဒေါက်တာ စီစီကလဲ မျက်ရည်တွေနဲ့ ငိုနေရှာတယ်။ ဒေါက်တာ စီစီနဲ့ တင်တင်မူတို့ တော်ရှာပါတယ်။ လူနာ ရဲဘော်တွေကို ဆေးထိုး ပေး၊ ပတ္တီးစည်းပေး ပါတယ်။
ဒဏ်ရာရ ရဲဘော်တွေဆိုတာ အများကြီး ကုတင်ပေါ်မှာ မဆန့်လို့ ကြမ်းခင်းပေါ် မှာ ချထားရတယ်။
ရဲဘော် တင်မောင်- သူ စကားမပြောနိုင်တော့ဘူး၊ သူက မီးသတ်စက်ကို နှိုးနေတုန်း နောက်ကနေ G3 နဲ့ပစ်လို့ စအိုထဲ ကျည်ဆံဝင်သွားတယ်။ သူ့နားသွားတော့ - မရတော့ဘူးပေါ့နော်၊ လက်ခါပြတယ်။ အလားတူ ရဲဘော်သန်းအောင်ကလဲ ခေါင်း, ခါ ပြရှာတယ်။ ရဲဘော်ဘဖူး ကတော့ နားထင်ကို လှံစွပ်နဲ့အထိုးခံထားရလို့ ပါးစပ်က သွေးတွေ ဗွက်ခနဲ ဗွက်ခနဲ အန်ကျနေပါတယ်။ ဒီလိုလျှောက်ကြည့် အားပေးနေစဉ် ရဲဘော်တွေက ကျွန်တော့်ကို ပြေးခိုင်းနေကြတယ်။
ကျွန်တော်က "ရဲဘော်တို့ ကျွန်တော် ရဲဘော်တို့နဲ့ အတူ အသေခံမယ်။ ပြဿနာတွေ ကျွန်တော်ရှင်းမယ်။ ဘယ်တော့မှ ရဲဘော်တို့ကိုမစွန့်ခွာဘူး၊ အဲဒီတော့ ရဲဘော်တို့နဲ့ အတူ ကျွန်တော်ရှိမယ်။ ကြိုးစင်ကို ကျွန်တော်တက်သွားမယ်။ ရဲဘော်တို့အပေါ်မှာ ထာဝစဉ် သစ္စာရှိမယ်။ ရဲဘော်တို့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး" လို့ ပြောနေချိန်မှာပဲ......
စစ်တပ်က ကက်ပတိန်တယောက် အခန်းထဲ ရောက်လာပြီး "ဟေ့ ဝင်းထိန်" ဆိုပြီးတော့ G3 နဲ့ လှမ်းထောက်ထားတယ်။ နောက်တော့ ကျွန်တော့်ကို လက်မြှောက်ခိုင်းပြီး အပြင်ကို ခေါ်ထုတ်သွားတယ်။ သပိတ် လမ်းမကြီးမှာ သွေးတွေ...... သွေးခဲတွေ အများကြီးပါပဲ။ အဲဒီလမ်းပေါ်မှာ ကွန်မင်ဒို ဗိုလ်ကြီး ဖြစ်သူက ကျွန်တော့်ကို ဆောင့်ကြောင့် ထိုင်ခိုင်းတယ်။
"မင်း ငါ့ကို ပစ်ချင်ပစ်လေ၊ ငါကတော့ ထိုင်စရာ မလိုဘူး၊ ငါ တရားခံ မဟုတ်ဘူး၊ မင်းတို့ တရားခံပဲ၊ ပစ်လိုက်စမ်းပါ။" ပြောမှ ဒီကောင်က ကျွန်တော့်ကို ဦးချစ်ဦးတို့ ဦးအုန်းမောင်တို့ ဦးထွန်းရီတို့ကို ကျွန်တော် ချုပ်ထားတဲ့ အခန်းထဲ ပြန်ထည့်တယ်။ ဦးချစ်ဦးက ကျွန်တော့်ဆီက သော့တွေ တောင်းတယ်။ သူက "ရဲဘော်တွေတော့ အတော်များများ ကျကုန်ပြီ.. ကိုဝင်းထိန်" လို့လဲ ပြောတယ်။ သူ့ကို သော့ အားလုံးပေးလိုက် ပါတယ်။
မိုးအတော်လင်းနေပြီ၊ ကွန်မင်ဒို တပ်သားတွေ လက်နက်မျိုးစုံ အီကွစ်မင့်မျိုးစုံနဲ့ ကမ်းနားပေါ်က တက်လာပြီး သင်္ဘောကျင်း လမ်းကြီးကို ဖွင့်ချပစ်လိုက်တယ်။ နောက် မိန်းဂိတ်ကြီးကို ဖွင့်ပြန်တယ်။ ဒီအချိန် တိုင်းမှူးလို့ ယူဆရသူ တယောက် မာစီဒီးကားကြီးနဲ့ သင်္ဘောကျင်းထဲ ဝင်ရောက်လာတယ်။ အလုပ်သမားတွေရဲ့ သွေးတွေပေါ် နင်းပြီး စစ်သားတွေက သွားလာနေကြတယ်။
၇ နာရီလောက်မှာ အလုပ်သမားတိုက်ပွဲကြီး ပြီးဆုံးသွားပြီပေါ့၊ ကျွန်တော့်ကိုတော့ ဘားလမ်းကို ခေါ်သွားပါတယ်။ အဲဒီကမှ အင်းစိန်ထောင်။
{အလုပ်သမားတွေ၊ ပြည်သူတွေ အသက်ပေး သွေးမြေကျခဲ့ရတဲ့ ၃၅ နှစ်မြောက် မေ-ဂျွန် အလုပ်သမား အရေးခင်းကို အမှတ်ရလို့ အင်တာနက်မှာတွေ့လို့ ကူးယူသိမ်းထားတဲ့ ဒီဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။ ခွင့်ပြုချက် မတောင်းနိုင်တာကို ခွင့်လွှတ်နားလည်ပေးပါရန်။}
ပင်လယ်ဝတ္ထုတိုကလေးတွေကို သတ်သတ်မှတ်မှတ် စုစည်းထုတ်ဝေတဲ့ မိချမ်းဝေကို ကျွန်မက လွန်ခဲ့တဲ့ (၁၆) နှစ်လောက်တုန်းက စသိခဲ့တာပါ။ အဲဒီတုန်းက မိချမ်းဝေက မြိတ်မြို့မှာ ကျောင်းဆရာမကလေး။ သူ့အနေနဲ့ စာပေနယ်ထဲ စမ်းတ၀ါးဝါး ၀င်လာစ။ သူ့ခင်ပွန်းကလည်း အစိုးရ၀န်ထမ်းတဦး။ ကဗျာဆရာ အောင်မှူးတဲ့။
ဦးလှဆုံးမယ့်နှစ် နှစ်ဦးပိုင်းက ကျွန်မတို့မှာ သတင်းစာလုပ်ငန်းလို ဖယ်မရရှားမရ ကြီးလေးတဲ့တာဝန် တွေ မရှိချိန်၊ သမီးခင်ပွန်းအတူတူ ခရီးရှည်ထွက်ပြီး လည်ကြ ပတ်ကြမယ်လို့ ရန်ကုန်က ဆရာကြီးဦးသုခ နဲ့ ဇနီး ဒေါ်ကြင်မေကို အဖော်စပ်ကြပြီး သမီးလေး မတင်ဝင်းနဲ့အတူ မြိတ်၊ ထားဝယ်ကို မရောက်ဖူးလို့ အလည်သွားကြ တာလေ။
ကျွန်မတို့ လင်မယားက ခရီးသွားဖို့ ကြိုက်ပေမယ့် အလုပ်တွေနဲ့မို့ နှစ်ယောက်အတူတူ သွားရလာရ တာရယ်လို့ တယ်မရှိပါဘူး။ ၁၉၅၀ ခုနှစ်က စင်ကာပူကို လင်မယားနှစ်ယောက် ရယ်၊ သားကြီးကိုစိုးဝင်းရယ်၊ မောင် ကိုမောင်လေးရယ်၊ ဆန်းကဖီးဦးထွန်းရင်ရယ် အလည် သွားကြဖူးတာတခေါက်၊ ခုတခေါက်လို့ပဲ ပြောကြပါစို့။ ဦးလှ ခရီးသွားရင် ကျွန်မက အိမ်မှာ တာဝန်နဲ့ နေရစ်ခဲ့ရတယ်။ ကျွန်မခရီးထွက်ရင် ဦးလှက (၂)ယောက်စာ အလုပ်တွေနဲ့ အိမ်မှ ရှိရစ်ရတယ်။ ဒီတခါတော့ သတင်းစာလို တာဝန်ကြီးလုပ်ငန်းတွေ မရှိတော့လို့ နှစ်ယောက် အတူ သမီးလေးပါခေါ်ပြီး မိတ်ဆွေကြီးဦးသုခ လင်မယားနဲ့ ခရီးထွက်ခဲ့ကြတာပါ။
ဦးလှက မစ္စတာမောရစ်ကောလစ်ရဲ့ စာအုပ်နှစ်အုပ်ဖြစ်တဲ့ 'မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ' နဲ့ 'စန္ဒမာလာ' ၀တ္ထုတို့ကို ဘာသာပြန်ပြီး ကျွန်မက စာရေးဆရာလုပ်လာတာ ဖြစ်လေတော့ မစ္စတာမောရစ်ကောလစ်ကို ကမ္ဘာကျော်စာရေးဆရာဖြစ်အောင် လုပ်ပေးလိုက်တဲ့ မြိတ်ကို လိုက်ပို့မယ်လို့ ဟိုအနှစ် (၄၀)လောက်ကတည်းက ပြောပြောနေတာပါ။ နို့ပေမယ့် မရောက်ရပါဘူး။ ဒါကြောင့် ကျွန်မတို့က စာပေဟောပြောပွဲခရီးမဟုတ်ပဲ၊ မြိတ်က ဖိတ်ကြားထားတာ မရှိဘဲနဲ့ သက်သက်မယ့် တနင်္သာရီဘက်ကို အလည်ထွက်လာကြတာလေ။ (မှတ်ချက်။ လူထုဒေါ်အမာ ရဲ့ 'အညာသူများပင်လယ်သွား' စာအုပ်ထွက်ခဲ့ပြီး မာယာမဂ္ဂဇင်းမှာ အဲဒီစာအုပ်ထဲက တပုဒ်ကို ဖော်ပြခဲ့ဖူးပါတယ်။)
ဒါပေမယ့် ထားဝယ်နဲ့ မြိတ်ကိုရောက်တော့ မြို့ခံစာပေအပေါင်းအသင်း ရောင်းရင်းတွေက ၀မ်းမြောက် ၀မ်းသာကြိုကြ၊ စာပေတွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြ၊ ကျွေးကြ မွေးကြ ဧည့်ခံကြပေါ့။
အဲဒီမှာ ကဗျာဆရာအောင်မှူးခေါ်တဲ့ ကိုစိုးမြင့်ရယ် သူ့ဇနီးကျောင်းဆရာမလေး ရီရီထွန်းရယ်ကို မြိတ်မှာ တွေ့ခဲ့ သိခဲ့ ခင်မင်ခဲ့ကြတာပါ။
ရီရီထွန်းက ကျောင်းဆရာမအလုပ်တဘက်နဲ့ သူက စာရေးချင်နေသူ ဖြစ်တယ်။ ဒါကြောင့် စာပေရေခံ မြေခံကောင်းတဲ့ မြိတ်က နှစ်တိုင်းထုတ်ဝေနေတဲ့ မြိတ်မဂ္ဂဇင်းမှာလည်း ၀င်ပြီး ကလောင်သွေးတယ်။ တိုင်းရင်းမေတို့၊ အိုးဝေတို့မှာလည်း ၀င်ပြီး ကဗျာရေး စာရေး လုပ်တယ်။ နောက်တော့ ရန်ကုန်ထုတ် မဂ္ဂဇင်းတွေမှာ သူ့ဝတ္ထုကလေးတွေ ကြိုးကြားပါလာတယ်။ အဲဒီလိုပါလာတော့ သူက သူ့ဝတ္ထုတိုကလေးတွေကို 'ဒေါ်ဒေါ်ဖတ်ပါဦး' ဆိုပြီး ကျွန်မဆီကို ပို့လေ့ရှိပါတယ်။
ပို့လာတာတွေကို ဖတ်ရတော့ မိချမ်းဝေရဲ့ ၀တ္ထုကလေးတွေက ပင်လယ်နဲ့ ပတ်သက်တာလေးတွေ ပါလာတယ်လေ။ အဲဒီတော့ ကျွန်မက အညာသူဟုတ်လား။ ပင်လယ်နဲ့ပါတ်သက်တဲ့ စာရေးလာတဲ့ ဆရာမလေးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး လိုင်းချပေးလိုက်တယ်။
'တို့စာပေမှာ ပင်လယ်နဲ့ပါတ်သက်တာရေးတဲ့ စာရေးဆရာက အလွန်နည်းသေးတယ်။ ငါ့သမီးက မြိတ်မှာနေတာဆိုတော့ အဲဒီဘက်က အကြောင်းအရာတွေကို နောက်ခံထားပြီးရေး၊ အဲဒီဘက်က ဗဟုသုတတွေ ထည့်' လို့ အကြံပြုလိုက်တယ်။
ကျွန်မတို့မှာ ပင်လယ်ကမ်းရိုးတန်းကြီး နတ်မြစ်ကနေပြီး ကော့သောင်အထိ မိုင် (၁၈၀၀)လောက် ရှည်လျားတာကြီး ရှိပါတယ်။ ဒါပေမယ့် ရခိုင်စာဆိုကြီးတွေကလည်း ပင်လယ်ကို သိတ်မရေးဖွဲ့ခဲ့ကြပါဘူး။ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ပဲခူး၊ ရွှေဘို၊ အမရပူရ၊ မန္တလေးမြို့တွေမှာ ထီးနန်းတွေ စိုက်ထူသွားကြတော့လည်း ခေတ်အဆက်ဆက် စာဆိုတွေက ပင်လယ်ကို ဖွဲ့သီမှု အလွန်နည်းခဲ့ကြပါတယ်။ ကျွန်မတို့ခေတ်မှာ မြစ်ဝကျွန်းပေါ်သားတွေ ဖြစ်ကြတဲ့ ဇော်ဂျီတို့၊ မောင်ထင်တို့ စာတွေ ဖတ်လာရတော့မှ ကျွန်မတို့မှာ လမုတို့၊ လတာတို့၊ ဒီတို့ ဆိုတာတွေကို ရင်းနှီးလာရတာပါ။
အဲဒီတော့ ကျွန်မက ရီရီထွန်းဟာ မြိတ်မှာ ကျောင်းဆရာမလေး လုပ်နေသူမို့ မြိတ်ရဲ့ကျွန်းတောင် သောင်ကမ်းနဲ့အတူ မြိတ်က ရေလုပ်သားတွေအကြောင်း၊ ကျွန်မတို့ မသိတဲ့ ပင်လယ်တွင်းစားစရာ ရေထွက်ကုန်တွေအကြောင်းပါတဲ့ ၀တ္ထုတွေ ရေးဖို့ တိုက်တွန်းပါတယ်။
ရီရီထွန်းက သထုံသူ။ အဖေက မြန်မာ၊ ဦးထွန်းခင်တဲ့။ အမေက မွန်၊ ဒေါ်သန်းစိန်တဲ့။ သထုံက (၁၀)တန်းအောင်တော့ ၁၉၇၆ ခုနှစ်မှာ ဆွဲခန့် မူလတန်းဆရာမ ၀င်လုပ်ခဲ့တယ်လေ။ သူလုပ်ရတဲ့ကျောင်းက မြိတ်မြို့နယ်က ကလင်ဘန်းကျေးရွာမှာ ဖြစ်သတဲ့။ အဲဒီ တနင်္သာရီတောပိုင်းမှာ (၂) နှစ်လုပ်ပြီးတော့၊ မြိတ် အ-ထ-က မှာ (၁၄) ဆရာမလုပ်ခဲ့တယ်။ နောက် ရန်ကုန်ပြောင်းပြီး မင်္ဂလာတောင်ညွန့် မှာ ဆရာမ (၄) နှစ်လုပ်ပြီး၊ အလုပ်က ထွက်လိုက်တယ်။ အနှစ် (၂၀) ဆရာမ လုပ်သက်နဲ့ ခုတော့ အလုပ်ကထွက်ပြီး စာကိုပဲ ဇောက်ချရေးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အလုပ်အားသွားတော့ ကျွန်မတိုက်တွန်းတဲ့ စာတွေ ရေးနိုင်ဖို့ သူက မြိတ်ကို ပြန်ပြီး ကွင်းဆင်းပါတယ်။ သူ့မှာ ဆရာမလုပ်သက် မြိတ်ဒေသမှာချည်း (၁၆)နှစ် ရှိခဲ့သူမို့ သူကွင်းဆင်းပြီး အချက်အလက် စုတဲ့အခါတော့ တပည့်တွေနဲ့ သူတို့မိဘတွေက အများကြီး အကူအညီ ပေးကြသတဲ့။ တချို့ ရေလုပ်သားများကတော့လည်း ရိုးရှာကြလို့ စာရေးဆရာတယောက်က စစ်စစ်ပေါက်ပေါက် မေးနေတဲ့ အမေးမျိုးကို မကြုံဖူးလေတော့ ဘ၀အာမခံချက် မရှိရှာသူများမို့ သူ့ကိုကြောက်ပြီး မသင်္ကာဖြစ်လာလို့ ဆက်မပြောကြသူတွေလည်း တွေ့ရသတဲ့။ သူ့တို့ကို ဖမ်းမှာလား မေးတဲ့သူက မေးသတဲ့။ 'ဒေါ်ဒေါ်ရဲ့ မြိတ်ဘက် သွားရတာ မိန်းမဖော်တယောက်လည်း လိုတယ်။ လေယဉ်ခလည်း ဈေးကြီးလိုက်တာ' တဲ့လေ။
'မိချမ်းဝေ' ဆိုတဲ့ ကလောင်နာမည်က မွန်လို မှည့်ထားတာ၊ မြန်မာလို ဘာသာပြန်ရင် 'အေးမေတ္တာ မျှဝေသူ မိန်းကလေး' လို့များ အဓိပ္ပါယ်ရှိမလား မသိဘူး။ သူကတော့ ပထမတော့ ခင်နှင်းယု ရဲ့ 'သခွတ်ပန်း' ကို သဘောကျလို့ တိုင်းရင်းမေမှာ ကဗျာစရေးတော့ 'သခွတ်ပန်း' ဆိုပြီး ကလောင်နာမည် ယူသေးသတဲ့။ နောက်မှ မြိတ်မဂ္ဂဇင်းမှာ ၀တ္ထုတိုလေးတွေ ၀င်ရေးရင်း 'မိချမ်းဝေ' ဆိုတဲ့ ကလောင်နာမည်ကို ပြောင်းလိုက်တာတဲ့။
မြိတ်မြို့ဟာ မြန်မာနိုင်ငံရဲ့ တောင်စွန်ဆုံးနားကမြို့၊ အဲဒီမှာ လူမျိုးတော်တော်စုံ ရှေးကတည်းက နေခဲ့တယ်။ ဒါပေမယ့် မြိတ်မှာနေကြတဲ့ မြန်မာအမျိုးသားတွေက အမျိုးသားရေးကိစ္စ၊ ဘာသာရေးကိစ္စ၊ ယဉ်ကျေးမှုကိစ္စတွေမှာ တက်တက်ကြွကြွ စည်းစည်းလုံးလုံးရှိတယ် ထင်တာပဲ။ မြို့နယ်မဂ္ဂဇင်း တစောင်ကိုလဲ သိပ်များတဲ့ အခက်အခဲတွေကြားထဲက မှန်မှန်ထွက်နိုင်အောင် ကြိုးစားကြတယ်။
အဲဒီမြိတ်မဂ္ဂဇင်းမှာ ရီရီထွန်းက 'မိချမ်းဝေ' အမည်နဲ့ ၀တ္ထုတိုအရေးအသားကို ၁၉၈၄ ခုကစပြီး ကလောင်သွေးခဲ့တယ်လေ။ မြိတ်မဂ္ဂဇင်းမှာ ဆက်ဆက်ပြီး ရေးတယ်။ နောက်တော့ ရန်ကုန်ထုတ် လစဉ်မဂ္ဂဇင်းတွေထဲ သူ့လက်ရာလေးတွေ ရောက်လာတယ်။ ခု မိချမ်းဝေရဲ့ ကလောင်သက် (၁၄) နှစ် ရှိတော့မယ်ပေါ့။ ဒီပထမဦးဆုံး စထွက်မယ့် သူ့ဝတ္ထုတိုပေါင်းချုပ် 'ကမာရင်ကွဲနဲ့ အခြားပင်လယ်ဝတ္ထုတိုများ' မှာ ပင်လယ်ဝတ္ထု (၁၉) ပုဒ်ပါတယ်။ တချို့က မဂ္ဂဇင်းတွေမှာ ဖော်ပြပြီးသား၊ တချို့က မပါသေးတဲ့ ၀တ္ထုတိုအသစ်ကလေးတွေပါ။
သူ့ ၀တ္ထုလေးတွေက ပေးတဲ့ ဗဟုသုတာက ကျွန်မတို့ အညာသူအညာသားတွေအနေနဲ့ စိတ်ဝင်စားဖို့ သိတ်ကောင်းပါတယ်။ ဥပမာ- ပင်လယ်စာဖြစ်တဲ့ ပင်လယ်ငါးတွေဆိုပါတော့ ကျွန်မတို့က စားဖူးမြင်ဖူးဖို့ နေနေသာသာ တချို့ကိုများ နာမည်ကိုသော်မှ ကြားတောင် မကြားဖူးဘူးလေ။ ငါးမဟုတ်တဲ့ ကမာတို့၊ မျှော့တို့၊ ရေခူတို့ ဆိုတာတွေလည်း အများကြီး ရှိသေး။ တကယ်တော့ ကျွန်မတို့ နိုင်ငံရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ မြိတ်ရဲ့ ကျွန်းတောင်သောင်ကမ်းက သယံဇာတတွေ အလွန်ပေါပေါများများ ရှိတဲ့ဒေသ။ ငါး၊ ပုဇွန်၊ ကမာ၊ ရေခူ စတာတွေအပြင် ငှက်သိုက်တို့၊ ပုလဲတို့၊ ငါးကြီးအံဖတ်တို့ စတဲ့ အဖိုးတန်ပစ္စည်းတွေကလည်း ရှိသေး။ ငါး ပုဇွန် တွေဆို နိုင်ငံခြားကို ဒေါ်လာနဲ့ အစိမ်းလိုက် ရောင်းစားရသလို ငါးပိ၊ ငံပြာရည်၊ ငါးခြောက်၊ ပုဇွန်ခြောက်အဖြစ်နဲ့လည်း ထုတ်လုပ်နိုင်သေးတယ်။ ဒီဒေသက နိုင်ငံခြားငွေရအောင် ဘယ်လောက်ရှာပေးနိုင် နေပြီလဲ။ ကျွန်မတို့ နိုင်ငံက မရလိုက်ဘဲနဲ့ ဘယ်လောက်ဖိတ်ယိုနေတာလဲ ဆိုတာလည်း ခန့်မှန်းဖို့ ခက်တဲ့ အနေအထားပါ။
မိချမ်းဝေရဲ့ ၀တ္ထုလေးတွေမှာ ဒီအကြောင်းတွေ အစုံအစေ့ မဟုတ်စေကာမူ တစေ့တစောင်း တော်တော်စုံအောင် ပါပါတယ်။
သူ့ဝတ္ထုလေးတွေက ပေးတဲ့ ရသကတော့ အဲဒီဒေသက လူငယ်လူရွယ်ကလေးတွေဟာ ကျောင်းနေပြီး ပညာရှာရမှာလား၊ စားဝတ်နေရေး အလွန်ကျပ်နေကြတာမို့ ပင်လယ်မှာ အသက်ဆံဖျားနဲ့ ငွေရှာရမှာလားဆိုတဲ့ လမ်းဆုံလမ်းခွမှာ တချို့က တွေဝေလို့၊ တချို့က မှားမှားမှန်မှန် လောလောဆယ် အကျပ်အတည်းကြားက လွတ်မြာက်ဖို့အတွက် ငါးဖမ်းလှေတွေပေါ်၊ ဂွေးဖောင်တွေပေါ် ရောက်ကုန်ကြလို့ ကိုယ့်ဘ၀ကိုယ်ပြဌာန်း ရုန်းကန်နေကြရရှာသူတွေရဲ့ ခံစားချက်ကလေးတွေကို တွေ့ရပါတယ်။
'လရောင်ကြောက်တဲ့ငါး' ဆိုတဲ့ ၀တ္ထုလေးမှာ ပလာတူးငါးကို ၀ိုင်းချုပ်ပိုက်နဲ့ လဆုတ်ရက်မှာ ဖမ်းရပုံတွေကို ဖတ်ရတယ်။ 'ငါးဖမ်းကောင်းတဲ့မြားစကြာ' ၀တ္ထုကတော့ ငါးမန်းကို မြားစကြာဆိုတဲ့ မြားတွေ အများကြီးနဲ့ ဘယ်လို ဖမ်းရတယ်။ လှေပေါ်မှာတင် ငါးမန်းကို ကိုင်တွယ်ခုတ်ထစ်ပြီး ဘယ်လိုအခြောက်လှမ်း တယ်ဆိုတာကို ဖတ်ရတယ်။ 'ရေနာရတဲ့ဝေလ' ၀တ္ထုက ပုလဲပါတဲ့ မုတ်ကောင်ကို ပင်လယ်ရေနက်မှာ ငုပ်ရှာရပုံ ၀တ္ထုပါ။
ပုဇွန်ကို ကျွန်မတို့ အညာမှာ အကြီးကို ပုဇွန်ထုပ်နဲ့ အသေးကို ပုဇွန်ဆိတ်လို့ (၂) မျိုးပဲ သိတယ်။ တကယ်ကတော့ ပုဇွန်ဆိုတာ အရွယ်အစားအမျိုးမျိုး အများကြီးထဲမှာ ကျွန်မတို့ မမြင်ဖူးတဲ့ ဂွေးဆိုတဲ့ မီးခြစ်ဆံလောက်ရှိတဲ့ ပုဇွန်သေးသေးမျှင်မျှင် ရှည်ရှည်ကလေးတွေလည်း ရှိသေးတယ်။ ကျွန်မတို့ သိတ်ကြိုက်ပေမယ့် ဘယ်တော့မှ စစ်စစ်ကောင်းကောင်းကို မစားရတဲ့ မြိတ်ငပိခေါ်တဲ့ စိမ်းစားငပိဟာ အဲဒီ ဂွေးကို ထောင်းတဲ့ငါးပိပါ။ အဲဒီ ပုဇွန်အမျိုးမျိုးကို ဘယ်လိုဖမ်းရတယ်ဆိုတာ 'ကြယ်တွေကတဲ့ရေအီည' ဆိုတဲ့ ၀တ္ထုကလေးနဲ့ 'ဖောင်ခံလူသား' ဆိုတဲ့ ၀တ္ထုကလေးမှာ စိတ်ဝင်တစား ဖတ်ရပါတယ်။
ကျွန်မတို့ မစားရဖူးတဲ့ ကမာနဲ့ ပဂဲဆိုတာကို ဘယ်လိုငုပ်ဖမ်းရတယ်ဆိုတဲ့ အကြောင်းတွေကိုတော့ 'ကမာရင်ကွဲ' ဆိုတဲ့ ၀တ္ထုလေးမှာရော၊ 'မေ့ဆေး' ဆိုတဲ့ဝတ္ထုကလေး၊ 'ဆဲဗင်းကာလာ' ဆိုတဲ့ ၀တ္ထုကလေးတွေမှာရော ပါတယ်။ ဖတ်လို့ သိတ်ကောင်းပါတယ်။ အဲဒါတွေကို စားဖူးဖို့ နေနေသာသာ မြင်တောင် မမြင်ဖူးပါဘူး။
မိချမ်းဝေရေးတဲ့ 'တိုးဝံ့တိုး' ဆိုတဲ့ ၀တ္ထုကတော့ ပင်လယ်ရေအောက်မှာ ကြောက်စရာ့သတ္တ၀ါကြီး တကောင်ဖြစ်တဲ့ ရေဘ၀ဲခေါ်တဲ့ ရေသရဲကြီးနဲ့ ငါးအူကြီးလို့ခေါ်တဲ့ ငါးလိပ်ကျောက်ကြီး သူသေကိုယ်သေ တိုက်ခိုက်သတ်ဖြတ်ကြတဲ့ တိုက်ပွဲပါ။ ရေသရဲကြီးဟာ ငါးလိပ်ကျောက်နဲ့ အသေအကြေ တိုက်ပွဲကြီး ပြီးသွားတော့ ငါးမန်းစွယ်သီကြီးနဲ့တခါ တိုက်ပွဲ ဖြစ်ရပြန်တယ်။ အဲဒီ တိုက်ပွဲ (၂)ခုစလုံးကို ပွဲကြည့်ပရိသတ် လုပ်ခဲ့တဲ့ ပြည်ကြီးငါးခေါ်တဲ့ ကင်းမွန်ကြီးကတော့ လူတွေရဲ့ မီးထောင်ခြောက်ထဲ ၀င်လိုက်ရလို့ လူ့ငါးဖမ်းလှေပေါ် ရောက်လာရတယ်ဆိုတာကို သည်းထိတ်ရင်ဖို တိုက်ပွဲအဖြစ် ရေးသားပြထားပါတယ်။ [မှတ်ချက်။ မာယာမဂ္ဂဇင်းမှာ ဖော်ပြပြီး ဖြစ်ပါတယ်။]
မိချမ်းဝေဟာ စာရေးသက် မရင့်လှသေးပါဘူး။ ဒါပေမယ့် ကျောင်းဆရာမအလုပ်က ထွက်လိုက်ပြီး စွန့်စွန့်စားစား စာပေနယ်ထဲကို ၀င်လာတာ။ သူကြိုးစားထားတာတွေကို ခု ၀တ္ထုတိုတွေမှာ တွေ့ရတော့ အလားအလာရှိတဲ့ ကလောင်ရှင်အမျိုးသမီးပဲလို့ အောက်မေ့မိပါတယ်။
မိချမ်းဝေရေးတဲ့ ၀တ္ထုတိုတွေထဲမှာ ဆလုံတိုင်းရင်းသားတွေရဲ့ ဘ၀မြှင့်တင်ရေး ၀တ္ထုတပုဒ်လည်းပါ တယ်။ သူ့ဝတ္ထုက ဆလုံအမျိုးသားတွေအကြောင်း စိတ်ဝင်စားစရာ ကောင်းပေမယ့် သူတို့ဘ၀ကို မြှင့်တင်ဖို့ အတွက် မြန်မာအမျိုးသမီး ကျောင်းဆရာမလေးတဦးနဲ့ ဆလုံအမျိုးသားတဦးကို အိမ်ထောင်ဖက်စေပြီး ဘ၀မြှင့်တင်ရေးလုပ်မယ် ဆိုတာကတော့ ပုံပြင်ဆန်အားကြီးတယ် ထင်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် မိချမ်းဝေ ဒီလိုင်းကို လိုက်လာတော့ ကျွန်မတို့ စိတ်ဝင်တစား ဖတ်စရာတွေ အများကြီး တွေ့လိမ့်ဦးမယ်။ ကျွန်မတို့လည်း သူ့လက်က ဆက်လက်ပြီး ထွက်လာမှာကို ဖတ်ရလိမ့်ဦးမယ်လို့ မျှော်လင့်စောင့်စားရင်း မိချမ်းဝေကို စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
လူထုဒေါ်အမာ
[မိချမ်းဝေ ရဲ့ ကမာရင်ကွဲနဲ့ အခြားပင်လယ် ၀တ္ထုတိုများ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၀ခု၊ မေ က ကူးယူဖော်ပြပါတယ်။]
နေခြည်စူးရှနေသော်လည်း မြောက်ပြန်လေအဝှေ့မှာတော့ ဆောင်းရနံ့တို့ သင်းပျံ့ပျော်မွေ့ဆဲ။ တခါတရံ ခပ်လှမ်းလှမ်းဆီမှ ကျွန်းရိပ်ညိုများကိုပင် မမြင်ရအောင် နှင်းဇာပါးက ပိတ်ဆီးကာရံတတ်သေးရာ သည်လိုရက်မျိုး ဆိုရင်တော့ ကျွန်းခိုနေသည့် သူတို့ လှေကလေးသည် နှင်းကွဲကို စောင့်ပြီးမှ ပင်လယ်ထွက်လေ့ရှိသည်။ ကုန်တင်စက်လှေကြီးများနှင့် ငါးဖမ်းလှေများက နှင်းဇာပါးကို မြူမှုန်ခြယ်သော နံနက်များမှာ သူတို့လို ခူဖမ်း လှေကလေးတွေအတွက် အန္တရာယ်ဆိုးတွေပင် ဖြစ်သည်။
သည်နေ့တော့ ရွှေရည်သောက်တဲ့ နေခြည်ပြောက်ကလေးများက နှင်းမှုံငွေစက်တွေကို ယူငင် သိမ်းဆည်း သွားသည့်အတွက် ၀န်းကျင်တခွင်လုံး ထင်လင်းဝါရွှေလို့နေသည်။ နေခြည်ဆမ်းပက်ထားသည့် ပြာလဲ့လဲ့ ပင်လယ်ရေပင်လျှင် ၀ါတလီ စိမ်းတလှည့်ဖြင့် သဘာဝတရားကြီးရဲ့ လှည့်စားခြင်းကို ခံစားနေရသည်။
သူလည်း ဘာထူးသေးလဲ။ ပဉ္စလက်မှော်ဆရာရဲ့ ကြိမ်ရိုက်ခြေဆောင့်ခြင်းကို ခံနေရသည်ပဲ။ သွားစမ်းပါ။ နေပူပူ နှင်းကျကျ သူ့အဖို့ကတော့ ဘာမှမဆန်း။ သည်ခရီး သည်လမ်း သည်လုပ်ငန်းတွေ ပင်လယ်နှင့် မကင်းသရွေ့ ပင်လယ်အတွင်း ပျော်မွေ့နေရမည်က မသေမချင်းပေါ့။ သေခြင်းကလည်း သူ့လိုလူအတွက် မေ့လျော့နေသည်ထင်ပါရဲ့။ နုနယ်ငယ်ရွယ်လွန်းသူ သူ့ညီမလေးကိုမှ ရွေးချယ်ခေါ်ငင်သွားခဲ့သည်။
မျက်စိများကိုဖွင့်၍ အိပ်စက်ခြင်းကို ယူဆောင်တတ်သော ငါးတို့သည် တိမ်ညိုရိပ်မဲတွေရဲ့အောက်မှာ ငြိမ်သက်နေကြသည်။ ရွေ့လျားစီးမျောမှုတွေကြား ရပ်တန့်ငြိမ်သက်သက်ခြင်းတွေ ဘာကြောင့် ရှင်သန်ပျော်ဝင် နေပါလိမ့်။ ပင်လယ်ပြင်တွင် ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်၍ဟု တခါက အော်ဟစ်ခဲ့ဖူးသူများကို သူ့အနေဖြင့် တဆိတ်လောက် လက်တို့လိုက်ချင်သည်။ တိမ်စိုင်ရိပ်မဲတို့ရဲ့အောက်မှာ ငြိမ်သက်စွာ အိပ်စက်နေသည့်ငါးများ၊ ဒီမှာလေ ငြိမ်သက်ခြင်းတွေ။
ငါး၏ ဦးခေါင်းနှင့် အမူအကျင့်ချင်း တူလှစွာသော သူ၏ လှေဦးသည် ရေဆန်ကို ထိုးခွဲဆန်တက် နေသည်။ စူးရှရှနေခြည်အောက်မှာ တိမ်ရိပ်ခို ငြိမ်သက်နေသည့် ငါးအုပ်ကို ကွင်းရှောင်ခုတ်မောင်းပေမယ့် စက်ရှိန်ကြောင့် လှိုင်းယက်ထမှုမျိုးကိုတော့ သူ့အနေဖြင့် တားဆီးပိုင်ခွင့် မရှိပါ။ မျှားချိတ် သို့မဟုတ် ပိုက်တန်းကိုသာ ရန်သူထင် စိုးရွံ့တတ်သော ငါးများအဖို့ စက်ရှိန်ကြောင့် လှုပ်ရှားလာသော လှိုင်းယက်လောက် ကိုတော့ အိပ်ပျက်ခံ၍ ထကြည့်မည် မဟုတ်ပေ။
ထိုးခွဲဖိတ်စင်လာသည့် ရေစက်ရေပန်းကလေးတွေ သူ့မျက်နှာကို ကလူကျီစယ်ချိန်၌ ရေစီးအတိုင်း မျောပါလာသော သတ္တ၀ါကောင်လေးတွေကို ခပ်ခွက်နှင့် ဆီးခပ်ဆယ်ယူလိုက်သည်။ ပါလာသည်က ငါးလည်းမဟုတ်၊ ပုဇွန်လဲမဟုတ်၊ ခမောက်ပုံသဏ္ဍာန် လုံးဝန်းသည့်ခန္ဓာကိုယ်နှင့် ရေထဲမှာ လှုပ်ရှားသွားလာ နေသည့် ပင်လယ်ခူကောင်များ။ ငါးတွေက ဆူးတောင်၊ ရေယက်နှင့် အမြီးတို့ကို အသုံးပြုပြီး ရေမှာ လူးလာခေါက်ပြန် ကူးနိုင်ပေမယ့် ပင်လယ်ခူကောင်များကတော့ ငါးတွေလို ကူးခတ်နိုင်စွမ်းမရှိဘဲ ပင်လယ်ရေစီး ကြောင်းတလျှောက် ရေတက်ရေကျအလိုက် အလိုက်သင့် မျောပါနေခြင်းဖြစ်သည်။ ယခုလို လဆန်း၊ လဆုတ် (၆)ရက်မှ (၁၂)ရက်အထိ ရေသေမျိုးဆိုလျှင် ခူပေါ်သည့် ရက်များဖြစ်သည်။
ညီမလေးရေ..... မင်းရဲ့အသွေးအသား အဆီအခဲတွေဟာ ပင်လယ်ပြင်ကြီးထဲမှာ ကျေပျက်ပျော်ဝင် ကုန်ပြီလားကွာ။ အခုလောက်ဆို ညီမလေးရဲ့ အရိုးတွေ ပင်လယ်ကြမ်းပြင်အောက်မှာ အမှုန်အနယ်အဖြစ် ကျဆင်းသက်ရောက်ကုန်ရောပေါ့။ ငါ့ညီမလေးရဲ့ အသက်ဝိညာဉ်ဟာ ဒီပင်လယ်ပြင်ကြီးထဲမှာ ကျင်လည် ကျက်စားနေမယ်ဆိုရင်တော့ မင်းအစ်ကိုရဲ့ သောကကို မြင်နေရမှာပါ။
'အေ့'
ညက စိတ်ညစ်ညစ်နှင့် တောချက်မီးတောက် အရက်ပြင်းတွေ နင်းကန်သောက်ပြီး လေချဉ်တက် လာသည့် သူသည် ပဲကုတ်ကြီး မမြင်အောင် လှေနံမှာထောင်ထားသည့် အရက်ပုလင်းကို ဆွဲယူ၍ ခပ်သွက်သွက် မော့ချလိုက်သည်။ အဟား ခုမှ နေသာ ထိုင်သာရှိသွားတော့တယ်။ မြို့သားတွေ အတွက်တော့ ဒါဟာ မောနင်းပက်ပေါ့။
ရင်ထဲမှာ ရှင်းသွားသော်လည်း ခေါင်းထဲမှာတော့ နောက်ကျိရီဝေမှုများ လှည့်ပတ်ဆူဝေလို့ နေသည်။ ကြိမ်ကွင်းတွင် နိုင်လွန်ပိုက်အိတ် တပ်ဆင်ပြီး သစ်သားရိုးတံ တပ်ထားသည့် ခူခပ်ခွက်သည် သူ့လက်ထဲမှာ ခပ်သွက်သွက် လှုပ်ရှားနေသည်။ လက်ကိုင်ရိုးတံ၏ ထိပ်ဖျားမှာ ဖော့လုံးများကို အစီအရီ တပ်ဆင်ထားသည်။ ရေခူခပ်နေစဉ် မတော်တဆ ရေထဲ လွတ်ကျသွားလျှင် ရေပေါ်မှာ ပေါ်နေပြီး ခွက်မဆုံးစေရန် ဖြစ်သည်။
ခူခပ်ခွက်မှာ ဖော့လုံးတပ်ထားတာ ဘယ်သူရဲ့ စိတ်ကူးပါလိမ့်။ ကောင်းလိုက်တဲ့စိတ်ကူး။ ငါ့ညီမလေး ကိုယ်မှာလည်း ဒီဖော့လုံးတွေ တပ်ဆင်ထားရင် ကောင်းမယ်။ ဒါမှ ရေမနစ်အောင်....၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ညီမလေးဟာ ရေနစ်သေဆုံးတာ မဟုတ်ဘူး။ သေပြီးမှ ရေနစ်တာပါ။
သူ့ပါးစပ်က ရွတ်ချင်တာတွေ ရွတ်နေသော်လည်း သူ့လက်များက ခူခပ်မပျက်။ ရေစီးကြောင်းအတိုင်း မျောပါလာသည့် လုံးလုံးလိမ့်လိမ့် ခူလုံးတွေကတော့ ခပ်ခွက်ထဲ ၀င်လာမစဲ တသဲသဲ။ လာစမ်း လာကြစမ်း အပြာရောင်ရေခူ၊ အ၀ါရောင်ရေခူ၊ အစိမ်းရောင်ရေခူ၊ ပန်းရောင်ရေခူ၊ အညိုရောင်ရေခူ။ ရေခူခြောက်ပြုလုပ်ဖို့ အကောင်းဆုံးကတော့ ပထမတန်းစား ပန်းရောင်ရေခူများ။
ရေခူတွေရဲ့ သဘာဝကလည်း ဆန်းကြယ်လှသည်။ အဖြူရောင်ပင်လယ်ရေခူ လေးမြှောင့်တုံးဆိုလျှင် အလျား (၁) ပေ၊ အနံ (၁၀) လက်မလောက် ရှိမည်။ ပုံသဏ္ဍာန်ကိုက အဖြူရောင်လေးမြှောင့်တုံး သဏ္ဍာန်ကြီး။ ဒီကောင်မျိုးက ပင်လယ်ရေအကျ ကမ်းစပ်မှာ တင်ကျန်သည့်အခါ နေပူရှိန်ထိမိသည်နှင့် တကိုယ်လုံး အရည်ပျော်သွားသော ရေခဲတုံးကြီးလို ဖြစ်သွားတော့သည်။
ဟို ရေခူနှပ်ဆိုသည့် အမျိုးအစားကရော၊ လူတွေရဲ့ နှာခေါင်းကထွက်သည့် နှပ်လို ချွဲပျစ်ပျစ်နှင့် ရွံ့ရှာဖွယ်တောင် ကောင်းသေး။ ပင်လယ်ရေခူ ထမင်းပြုတ်ဆိုတာလည်း ရှိသေးသည်။ ထမင်းပြုတ်လို ပျစ်ချွဲချွဲ ပျော့အိအိနှင့် ကိုင်၍မရလောက်အောင် ချောကျိပျော့အိနေသည့်အတွက် ရေခူထမင်းပြုတ်၊ တချို့က ရေခူဆန်ပြုတ်ဟု ခေါ်ကြသည်။
ထွီ သူ နှလုံးမသာယာစွာနှင့် ပင်လယ်ထဲ သလိပ်ချွဲများ ခပ်ထုတ်ထွေးချပြီး အလစ်ချောင်းကာ ခွက်ပုန်းမော့လိုက်ပြန်ရာ ပူလောင်ခါးရှသည့်ရသက လည်ချောင်းတလျှောက် စီးဆင်းသွားကြပြန်သည်။ ညီမလေးရေ ဆန်ပြုတ်ဆိုလို့ ငါ့ညီမလေးကို ဆေးတခွက် ဆန်ပြုတ်တဇွန်း မတိုက်လိုက်ရဘဲ လက်လွှတ်ဆုံးရှုံး လိုက်ရတာ ရင်နာလွန်းလို့ပါကွာ။ ခပ်ငယ်ငယ်ကတည်းက မိဘတွေ သေဆုံးကုန်လို့ ဒီမောင်နှမနှစ်ယောက်ပဲ ဖက်တွယ်ကြီးပြင်းလာကြရာက ပိုပြီးလုံခြုံစိတ်ချရတဲ့ မြို့က ဦးလေးတို့မိသားစုဆီ ပို့ထားခဲ့မိတာ အကို့အမှား ပါကွာ။ အစ်ကို ပိုက်ဆံတွေ အများကြီးရတဲ့အခါ တို့မောင်နှမနှစ်ယောက် အတူပြန်နေကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပင်လယ်မှာ ကြုံရာကျပန်းအလုပ်တွေ မမောတမ်း လုပ်ခဲ့တာလည်း ငါ့ညီမလေးအသိ။
'အစ်ကိုရေ... ငါ့ကို ပစ်မထားနဲ့နော်။ ငါဒီအလုပ်တွေ မလုပ်နိုင်တော့ဘူး။ ပထက်ကမ်းက အအေးခန်း ထဲမှာ ပုဇွန်ခေါင်းဖြတ်တဲ့ အလုပ်က ပိုက်ဆံရပေမယ့် သိပ်ပင်ပန်းတယ်။ တနေ့လုံး မတ်တပ်ရပ်နေရတော့ ခြေသလုံးတွေ တောင့်တဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ လက်ချောင်းတွေကလည်း အေးစက်နေတဲ့ ပုဇွန်အသေ ကောင်တွေကို ကိုင်ရလွန်းလို့ ထုံကျင်ကျင် ဖြစ်နေပြီ။ ပြီးတော့ အခုတလော အသက်ရှူရတာ မကောင်းဘူး။ ညနေစောင်းလို့ 'လဟာ' လာရင် ငါကြောက်တယ်အကို။ ပထက်ကမ်း အအေးခန်းဟာ မြို့နဲ့မျက်နှာချင်းဆိုင်မှာမို့ ခရီးမဝေးလှပေမယ့် မွန်းလွဲတာနဲ့ လေတွေ တ၀ှီးဝှီးအော်ပြီး လဟာဆိုတဲ့ လှိုင်းကြက်ခွပ်တွေ ပေါ်လာရင် ငါ့ရင်တွေ တအားတုန်တာပဲ။ အချိန်တန်တော့လည်း လေအော်လှိုင်းထနေတဲ့ ရေပြင်ကို ဖြတ်ပြီး ပြန်ရတာ ညနေတိုင်းဆိုတော့ အိမ်ရောက်ရင် ကြောက်လွန်းလို့ ညဘက်ဆို အိပ်မပျော်ပြန်ဘူး။ ဒီတခါ ပင်လယ်က ပြန်လာရင် ငါ့အနားမှာပဲ နေပါတော့ဟယ်။ တခြားကုန်းပေါ်က အလုပ်တွေ ရှာလုပ်ပြီး အစ်ကို မိန်းမယူချင် ယူပေါ့။ ငါက မီးဖိုထဲမှာ ထမင်းချက်ပေးမယ်လေ။ ပုဇွန်ပါကင်တော့ မထုတ်ချင်တော့ဘူး အစ်ကိုရယ်'
ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့၍ အစ်ကိုကို နင် ငါနှင့် ပြောတတ်သည့် ညီမလေးရဲ့ အသုံးအနှုန်းများ သည် မယဉ်ကျေးပေမယ့် သူ့နားထဲမှာ နားဝင်ချိုနေခဲ့သည်။ သူ ကော့သောင်ဘက် အလုပ်သွားလုပ်၍ ပြန်လာသည့်အခါ သူ့ညီမလေးအတွက် ပါတိတ်ထမီတို့၊ မိတ်ကပ်ဘူးတို့ ပါလာနေကျ။ အလှအပပစ္စည်းကလေး တွေနှင့် ညီမလေးကို နှစ်သိမ့်ပြီး အိမ်တဆောင်နှင့် ကိုယ်တို့မောင်နှမ နှစ်ယောက်နေဖို့ မဖြစ်သေးဘူး ညီမလေးရေလို့ ပြောမထွက်ခဲ့ပါ။
မြို့မှာသာ ထားခဲ့ရသည်၊ ညီမလေးကို သူ သိပ်စိတ်ချသည်တော့မဟုတ်။ လှိုင်းတံပိုးများ အကြား ညီမလေးကို သူအနစ်အမွန်း မခံနိုင်။ သူ ငါးလှေနောက် လိုက်သွားပြီး လုပ်ငန်းသိမ်းတော့ ပါလာသည့် ငွေစကလေးများ ပွါးလာလေမလား မျှော်လင့်ချက်နှင့် သူ မိုက်တွင်းနက်မိပြန်သည်။ အနီထောင်ကစားဝိုင်းတွင် ပြုတ်ပြုတ်ပြုန်းသွားတော့ သူ့ငွေစကလေးတွေကို မျက်စိထဲ ပြန်မြင်ရင်း လှေနံကို ခေါင်းနှင့်ဆောင့်မိသည်မှာ အခါခါ။ နောင်တများကို ထမ်းပိုး၍ ခူဖမ်းရာသီရောက်တော့ သူ ပင်လယ်ထဲ ရောက်ခဲ့ပြန်သည်။
ကမ္ဘာ့ဟင်းလျာဈေးကွက်မှာ ပထမတန်းဟင်းလျာအဖြစ် နေရာယူသည့်၊ ပင်လယ်ခူတို့သည် ပင်လယ်မှာ တော့ ဆန်းကြယ်သည့် သတ္တ၀ါတမျိုးပါ။ ဟောဒီမှာ ကြည့်၊ ရေခူတကောင်လုံးကို ဦးခေါင်းပိုင်းနှင့် ခြေထောက်ပိုင်း ဆိုပြီး ခွဲခြားထားရာမှာ ဦးခေါင်းပိုင်းကိုသာယူပြီး ခြေထောက်ပိုင်းကို ရေထဲသို့ ဖြတ်တောက်ပစ်ချလေ့ရှိသည်။ ထိုခြေထောက်ပိုင်းသည် ရေထဲရောက်ပြီးနောက် ခြောက်နာရီအတွင်းမှာ ခူကောင်အဖြစ် ပြန်လည်ပေါက်ဖွားလေ့ ရှိတယ်လို့ ၀ါရင့်ရေလုပ်သားကြီးတွေ ပြောသံ ကြားဖူးသည်။
သည်ထက်ပိုပြီး အံ့သြဖို့ကောင်းသည်က ခူကောင်ရဲ့ ဦးခေါင်းပိုင်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်း သည့် ထူးခြားချက်တခု ရှိသည်။ အဲဒါက ဘာလဲဆိုတော့ မိုးလေ၀သအခြေအနေကို ကြိုတင်ခန့်မှန်းနိုင်ခြင်းပါဘဲ။ ခူကောင်ရဲ့ နားနောက်မှာ ရှိသည့် အကြောအမျှင် စွမ်းအင်သတ္တိတွေက မုန်တိုင်းမကျမီ တဆယ့်နှစ်နာရီအကွာမှာ မုန်တိုင်းကျတော့မှာကို ကြိုတင်သိနေခြင်းပင် ဖြစ်သည်။
ထိုအသိညာဏ်ကြောင့်ပင်လျှင် ရေခူတို့သည် ယခုလို ဆောင်းအလယ် နွေဦးခါမှာ ပင်လယ်ရေတိမ်ပိုင်း ၌ စုပြုံကျက်စားကြခြင်းဖြစ်သည်။ မိုးသက်မုန်တိုင်း ကျတော့မည်ဆိုလျှင် ရေခူကောင်တို့သည် ရေနက်ထဲသို့ ငုံ့လျှိုးပျောက်ကွယ်သွားလေ့ရှိသည်။ သူတို့ ရေခူဖမ်းသမားတွေဟာလည်း ရေခူရဲ့ နားနောက်မှာရှိတဲ့ အသံလှိုင်းရိုက်ခတ်မှု သဘောသဘာဝတွေကို အကဲခတ်ပြီး ပင်လယ်ပြင်သို့ ထွက်ရလေ့ရှိသည်။
မုန်တိုင်းနှင့်ပင်လယ်ဆိုသည်ကလည်း မကြာခဏ ဒွန်တွဲတတ်သည်မို့ ရေကြောင်းကို အားပြုနေရသည့် ရေလုပ်သား၊ လှေလုပ်သားအားလုံး အလေးအနက် သတိထားအပ်သည့် အရာပေပဲ။ ဒါပေမယ့် ပင်လယ်ပြင် ကျယ်ကြီးထဲမှာသာ လှေတစင်းနစ်မြုပ်သည့်အခါ အသက်ဆုံးချင်ဆုံးမည်၊ ကော့သောင်းရေကြောင်းခရီးစဉ် ကတော့ လှေနစ်မြုပ်သည့်တိုင်အောင် လူတွေ ဖိတ်စင်ခဲသည်။ ကျွန်းငယ်ကလေးတွေ ပေါများတာရယ်၊ လမ်းတ လျှောက်လုံး ငါးဖမ်းလှေတွေ မပြတ်သွားလာနေတတ်တာကြောင့်ရယ် ကယ်ဆယ်မယ့်သူ ပေါ်ပြီး လှေနစ်ပေမယ့် လူမသေနိုင်ပါ။
ဒါပေမယ့် ညီမလေးရေ... အစ်ကိုရှိရာ ကော့သောင်းကို ဆင်းလိုက်လာတဲ့ညီမလေးရဲ့ တဇွတ်ထိုး စိတ်ကလေးက တဲတဲလေးကျန်တော့သည့် ကျန်းမာရေးကို ဆောင့်ဆွဲလိုက်သလို ဖြစ်သွားပါရောလား။ မိုးကြီးလေကြီးထဲ ရုတ်တရက် စက်ချို့ယွင်းပြီး လှေနစ်တော့ ညီမလေးဟာ အခြားခရီးသည်တွေနဲ့အတူ ဖောင်တခုပေါ် ရောက်သွားသတဲ့။ အဲဒီဖောင်ကိုတော့ လူရှစ်ယောက်လောက် ဖက်တွယ်ထားတယ်။ ဖောင်ဆိုတာ လှေလိုလှော်ရတဲ့ အရာမဟုတ်တော့ ရေထဲမှာ အလှည့်ကျ ဆင်းယက်ရတာပေါ့။ နဂိုက လူမသိဘဲဖြစ်နေတဲ့ နှလုံးရောဂါအခံကြောင့် အလန့်ကြီးလန့်ပြီး အခြေအနေမမှန်တော့တဲ့ ညီမလေးကို အားလုံးက ငဲ့ညှာပြီး ရေထဲဆင်းပြီး ဘယ်သူမှ မယက်စေပါဘူးတဲ့။
ညမှောင်မှောင် မိုးသက်တွေကြား ဖောင်ပေါ် သက်တောင့်သက်သာ ထိုင်လိုက်လာရတာတောင် ညီမလေးခမျာ အသက်မရှင်ရှာခဲ့ဘူး။ မိုးစင်စင်လင်းတော့ အသက်မဲ့နေတဲ့ ညီမလေးရဲ့ ခန္ဓာကိုယ်ကို မြို့ထိသယ်ဆောင်ခွင့်မရှိဘဲ ရေမှာချခဲ့ရတာ ရင်နာစရာကောင်းလိုက်တာ။ ရေနစ်လို့မသေဘဲ သေမှ ရေနစ်ရတဲ့ညီမလေးရေ၊ အခုလောက်ဆို ငါ့ညီမလေးရဲ့ အသားတွေကို ငါးကြီးတွေစားလို့ အရိုးတွေကတော့ အမှုန်အနယ်အဖြစ် ရေအောက်ကြမ်းပြင်ဆီ ရောက်ရောပေါ့။ တော်တော်မတရားတဲ့ လောကကြီး။ လှေတစင်းလုံးနစ်တာ၊ ငါ့ညီမလေးတယောက်တည်း သေရတယ်လို့။
နေရှိန်မြင့်တက်လာလို့လား၊ သောက်ထားသည့် မီးတောက်အရက်ရဲ့ အရှိန်ကြောင့်လား။ ရီဝေယိုင်ထိုး နေသည့် သူ့ခန္ဓာကိုယ်သည် ခူခပ်ခွက်ကို ရေမှာချစဉ် အရှိန်လွန်ပြီး ရေထဲသို့ လူပါထိုးကျသွားလေတော့သည်။ ခူခပ်ခွက် လက်တံထိပ်ဖျားက ဖော့လုံးမှာ ချည်ထားသည့်ကြိုး၏ တဖက်စသည် လှေနံရံနှင့်ပါ တွဲချည်ထားခြင်း ကြောင့် ခပ်ခွက်ကို လက်မှာမြဲနေသော သူသည် ရေထဲသို့ကျသွားသော်လည်း နစ်မြုပ်သွားခြင်းမရှိပေ။
လှေပေါ်မှာ ပါလာသည့် ပဲ့ကုတ်နှင့် သူလို ဘ၀တူ ခူခပ်သမားတယောက်ရဲ့ ကျေးဇူးကြောင့် သူအသက်မသေဘဲ လှေပေါ်ပြန်ရောက်လာပေမယ့် သူ့တကိုယ်လုံး ပူလောင်ယားယံပြီး မီးလောင်ဖုလို အနာတွေ ထွက်လာသည်။ သံပူမီးနှင့် အထိခံရသလို အရေပြားတွေ ကွာကျလာတော့မတတ် ပြင်းထန်သည့် ဝေဒနာကို ခံစားနေရသည်။
'ပင်လယ်ခူမီး ထိပြီဟေ့'
မျက်လုံးမဖွင့်နိုင်အောင် ခံစားနေရသည့်အထဲ ပဲ့ကုတ်၏ အသံကြောင့် သူ ကြက်သီးမွေးညင်း ထလောက်အောင် အကြောက်ကြီးသွားမိသည်။ ပင်လယ်ပြင်တွင် ရေခူ (၁၂) မျိုးခန့် ရှိသည့်အနက် စားသုံး၍ရသည့် ခူများရှိသလို စားသုံးရန်မပြောနှင့် လူကို အန္တရာယ်ပြုသည့် ရေခူအမျိုးပေါင်းများစွာ ရှိသည်။ သူတို့တွင် လူ၏အရေပြားကို ပူလောင်စေတတ်သော စွမ်းအင်ရှိသည့် အဆိပ်ရည်များရှိသည်။ သူတို့ကို ထိမိသည်နှင့် ထိုအဆိပ်ရည်ဖြင့် ပြန်ပက်တတ်သည်။ ထိမိလျှင် တကိုယ်လုံး ယားယံစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူယား။ ထိမိလျှင် တကိုယ်လုံး ကိုက်ခဲ တောင့်တင်းစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူထောင်း၊ နီဝါရောင်ရှိ မှိုနှင့်တူသဖြင့် ပင်လယ်မှိုမီးဟုလည်းခေါ် ငါးဖန်ခွက်ဟုလည်းခေါ်သော ကြောက်စရာ ပင်လယ်ခူမီး။ ခူပင်လယ်ကြီးထဲကျမှတော့ ခူမီးထိပြီပေါ့။ သူသေတော့မှာ ထင်ပါရဲ့ ညီမလေးရေ။
'ဟေ့ကောင် မူးမူးရူးရူးနဲ့ ပေါက်ကရတွေ အော်မနေနဲ့။ ပင်လယ်ခူထိလို့ သေတဲ့မသာ မရှိဘူးကွ'
ပဲကုတ်က ဒေါသတကြီးအော်ဟစ်ပြီး မီးဖိုချောင်သုံး ရှလကာရည်တွေနဲ့ ခူမီးထိသည့်နေရာတွေကို လောင်းချပေးနေသည်။ ရုတ်တရက် ရေခူထိသည့်အခါ လျှပ်တပျက် ကုသချက်ထင်ပါရဲ့။ သေတာကနောက်၊ ပူလောင်နာကျင်တာက အရင်။ မခံစားချင်ဘူး။ လက်ရှိဘ၀နဲ့ ဝေဒနာတွေကို မေ့ထားနိုင်ဖို့ ပေးစမ်းပါ။ ပူလောင်ခါးရှတဲ့ မီးတောက်အရက်ပြင်းပြင်းတခွက်လောက်။ ။
မိချမ်းဝေ။
[စတိုင်သစ်မဂ္ဂဇင်း၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ]
{မိချမ်းဝေရဲ့ 'ကမာရင်ကွဲနှင့် အခြားပင်လယ်ဝတ္ထုတိုများ' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၀ ခု၊ မေလ မှ ကူးယူဖော်ပြပါတယ်။}
တုန်တုန်ရီရီနဲ့ အဘိုးအိုတယောက်ဟာ ထူထပ်စိမ်းညို့နေတဲ့ တောအုပ်တခု အလယ်ရှိ စမ်းချောင်းငယ်ရဲ့ ကမ်းပါးမှာ ချိုင်းထောက်ကြီးကို အားပြုပြီး ရပ်နေတယ်။ ရီဝေတဲ့ မျက်လုံး၊ လွမ်းဆွတ်တသတဲ့ အကြည့်နဲ့ မြူတွေအုပ်ဆိုင်းနေတဲ့ တောင်ထွတ်ကြီးကို သမင်လည်ပြန် ကြည့်နေတယ်။ တောင်ထွတ်များကို မြင်နိုင်စွမ်း မရှိပါဘူး။ မိုးသား တိမ်တိုက်တွေကြား တိုးဝင် ပျောက်ကွယ်သွားတယ်။ ဘယ်လိုလူသားမှ တက်ရောက်ခြေချနိုင်ခြင်းမရှိလို့ ယူဆစရာ ဖြစ်တယ်။
ဒါပေမယ့် အဘိုးအိုကတော့ တောင်ထိပ်ကို ခြေချနိုင်ခဲ့ပြီး ဖြစ်တယ်။ မိုးသက်မုန်တိုင်း နှင်းမုန်တိုင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး တောင်ထိပ်ကို ခြေချနိုင်ခဲ့တာပါ။ မတ်စောက်တဲ့ ကမ်းပါးချောက်ကြီးတွေ၊ ဝေသီမြင့်မားတဲ့ တောင်ထွတ်ကြီးတွေကို ကျော်ဖြတ် ပြီးမှ ဘယ်လူသားမှ ခြေမချနိုင်လို့ ထင်ခဲ့ကြတဲ့ တောင်မင်းမဟာကို သူ့ခြေအောက်ရောက် အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ အခုတော့ အဆင်းလမ်းအတိုင်း တယောက်တည်း အဖော်မပါ ထော့ကျိုးထော့ကျိုးနဲ့ ဆင်းလာခဲ့တာ စမ်းချောင်းလေး နဘေးကိုတောင် ရောက်နေပြီလေ။
စမ်းချောင်းလေးကမ်းပါးမှာ ကျောက်ဖြူမှတ်တိုင်လေးတတိုင်ကို သူ စိုက်ထူထားပါ တယ်။ "၆၀" လို့ နံပါတ်စဉ် ရေးထိုးထားတဲ့ ကျောက်ဖြူမှတ်တိုင်ကလေးပေါ့။
သူလျှောက်လှမ်းခဲ့တဲ့ ခရီးရှည်ကြီးတခုလုံးမှာ အခုလို လမ်းပြမှတ်တိုင်ကလေးတွေကို တတိုင်ပြီးတတိုင် မပျက်မကွက် စိုက်ထူခဲ့တယ်။ သူ့နောက်က လိုက်လာကြမယ့် ခရီးသွားတွေ အဆင်ပြေဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ သူလည်း သူ့ရှေ့က ခရီးသွားများ စိုက်ထူထားခဲ့တဲ့ လမ်းညွှန်တိုင်လေးတွေ ကြည့်ပြီး ဒီခရီးထိရောက်အောင် လျှောက်လှမ်းနိုင်ခဲ့တာ မဟုတ်လား။ ကိုယ့်အလှည့်မှာ ကိုယ့်တာဝန်ကျေရမယ်လေ။
သူ့ရဲ့ နောက်ဆုံး အန္တိမပန်းတိုင်ကို မရောက်မချင်း ဒီလိုမှတ်တိုင်လေးတွေ စိုက်ထူ ထားဖို့ သန္ဒိဌာန် ချထားပြီးသား။ သူ့ရဲ့ အန္တိမပန်းတိုင်က "သစ္စာမြေ" ကို အရောက်သွားဖို့ ဖြစ်တယ်။ သစ္စာမြေမှာ ဗြဟ္မစိုရ်တရား ထွန်းကားတယ်။ လူသားအားလုံး လွတ်လပ်ချမ်းမြေ့ ပျော်ရွှင်စွာ ကြောင့်ကြမဲ့ နေနိုင်ကြတယ်။
သစ္စာမြေမှာ ကြီးနိုင်ငယ်ညှင်းစနစ် မရှိဘူး။ ကြမ်းကြုတ်ရက်စက်ခြင်း မရှိဘူး။ ငြိမ်းချမ်းခြင်းသာ ရှိတယ်။
သစ္စာမြေမှာ လိမ်ညာလှည့်စားခြင်း မရှိဘူး။ ဖြူစင်ဖြောင့်မတ်ခြင်းသာ ရှိတယ်။
သစ္စာမြေမှာ အရှက်ရှိတယ်။
သူဟာ သစ္စာမြေကို သွားနေသူ ဖြစ်တယ်။
သူဟာ သစ္စာရှာပုံတော် ခရီးသည် ဖြစ်တယ်။
သူဟာ အရှက်ဆိုတာ သိတယ်။ ဂုဏ်သိက္ခာဆိုတာကို နားလည်တယ်။ သစ္စာတရားကို မြတ်နိုးလေးစားတယ်။
အသင်္ချေ အသင်္ချာ ကပ်ကမ္ဘာပေါင်းများလှစွာကပင် များလှစွာသော မဟာလူသားကြီး တွေနဲ့ မရေမတွက်နိုင်တဲ့ အညတရ မထင်မရှား လူပေါင်းများစွာလည်း ဒီလမ်းတလျှောက် စမ်းတ၀ါးဝါး လျှောက်ခဲ့ကြဖူးပါတယ်။ သစ္စာတရားရှာပုံတော် ဖွင့်ခဲ့ကြဖူးပါတယ်။ များလှစွာ သော မဟာလူသားကြီး တွေနဲ့ မရေမတွက်နိုင်တဲ့ အညတရ မထင်မရှား လူပေါင်းများစွာ ဟာလည်း တခြားလမ်းငယ်။ လမ်းသွယ်။ လမ်းမြှောင်များစွာတို့ကနေပြီး သစ္စာတရားရှာပုံတော် ဖွင့်ခဲ့ကြဖူးပါတယ်။
သစ်သားချိုင်းထောက်ကြီးကို အမှီပြုပြီး တုန်တုန်ရီရီနဲ့ စမ်းချောင်းဘေးမှာ ရပ်နေတဲ့ အဘိုးအိုဟာ ကုဋေပေါင်းများစွာရှိတဲ့ "သစ္စာခရီးသည်" တွေထဲက အညတရတယောက်သာ ဖြစ်ပါတယ်။
သစ္စာတရားကို ဘယ်တော့၊ ဘယ်အခါ၊ ဘယ်နေရာမှာ ဘယ်လို နည်းလမ်းနဲ့ ရှာတွေ့မလဲဆိုတဲ့ မေးခွန်းကိုတော့ သူမဖြေနိုင်သေးဘူး။ မဟာလူသားကြီးတွေ ဘယ်နှစ် ယောက်များ သစ္စာတရားကို ရှာဖွေတွေ့ရှိသွားခဲ့ပြီလဲ။
အညတရလူ သာမန်တွေထဲက ဘယ်နှစ်ယောက်များ သစ္စာတရားကို ရှာဖွေတွေ့ရှိ သွားခဲ့ပြီလဲ။
ဒီမေးခွန်းကို သူမဖြေနိုင်သေးဘူး။
ဒါပေမယ့် သူ့ကိုယ်သူတော့ ယုံကြည်စိတ်ချတယ်။
မှန်ကန်တဲ့ လမ်းကြောင်းနဲ့ သစ္စာတရားရှိရာကို ဦးတည်သွားနေတယ်လို့ သူ့ကိုယ်သူ ယုံကြည်စိတ်ချတယ်။
လူပေါင်းများစွာတို့ကတော့ သူဟာ လမ်းမှားကြီးလိုက်နေတယ်လို့ ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုကြတယ်။ ဆိုပလေ့စေပေါ့။ တွေဝေယိမ်းယိုင်ခြင်း မရှိပါဘူး။
သူ့ကို လမ်းမှားလိုက်နေတယ်လို့ ကဲ့ရဲ့ကြသူတွေ ကိုယ်တိုင်ကရော မှန်ကန်တဲ့လမ်း ကြောင်းကို ဦးတည်မိကြရဲ့လား။ တကယ်တော့ သူတို့လဲပဲ စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းသွား နေကြ သူတွေပါ။ မျက်စိမမြင်တဲ့သူ အချင်းချင်း အကန်းလို့တော့ မခေါ်သင့်ပါဘူးလေ။
သူအခိုင်အမာ ယုံကြည်ထားတာ တခုရှိတယ်။
ဘယ်လမ်းကသွားသွား၊ မမှိတ်မသုံတဲ့ ဇွဲသတ္တိနဲ့ မရပ်မနား သွားနေမယ်ဆိုရင်၊ ခရီးသည် အချင်းချင်းဟာ "သစ္စာလမ်းမကြီး" ရဲ့ တနေရာမှာ မလွှဲမသွေ ဆုံတွေ့ကြရမယ် ဆိုတာ ပြောရဲပါတယ်။
လူများစွာတို့က သူ့ကို ခေါင်းမာမှုအတွက် ပြစ်တင်ကဲ့ရဲ့ကြတယ်။ ဒါအတွက်တော့ သူ တွေဝေယိမ်းယိုင်ခြင်း မဖြစ်ခဲ့ပါဘူး။ သစ္စာတရားရှာပုံတော် လမ်းတလျှောက်မှာ မရေမတွက် နိုင်တဲ့ အန္တရာယ်တွေနဲ့ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရခဲ့ဖူးတယ်။ သွေးပင်လယ်ဝေပြီး၊ ချွေး သမုဒ္ဒရာဖြစ်ခဲ့ဖူးတယ်။ သူ့ဦးခေါင်းတခုလုံး သွေးချင်းချင်းရဲအောင် အထုအထောင်း အရိုက်အပုတ်တွေ ခံခဲ့ရဖူးတယ်။ ဒါပေမယ့် သူ ဦးမညွတ်ခဲ့၊ ဒူးမထောက်ခဲ့ဘူး။
သံမဏိကို မာကျောလာအောင် မီးပြင်းတိုက်ရတယ် မဟုတ်လား။ ဒုက္ခတွေ ဝေဒနာတွေ ဒဏ်ရာဒဏ်ချက်တွေက သူ့ကို ခေါင်းမာတဲ့လူတယောက် ဖြစ်စေခဲ့တယ်။ ဘာကိုမှ မတုန်လှုပ်တဲ့ ဥပေက္ခာဝါဒီတဦး ဖြစ်စေခဲ့တယ်။ ဥပေက္ခာဝါဒီအဘိုးအိုကြီးပေါ့။
စပ်စပ်စုစု အမေးအမြန်းထူတတ်သူများကို သူနှစ်သက်တဲ့ ကဗျာစာဆို Emily Bronte ရဲ့ ကဗျာတပုဒ်ကိုသာ သူ ရွတ်ဆိုပြတတ်ပါတယ်။ ကဗျာက 'ဥပေက္ခာဝါဒီအဘိုးအို' ပါတဲ့။
"ဓနဥစ္စာဆိုတာ ငါသိပ်အလေးထားခဲ့တာ မဟုတ်။ အချစ်ဆိုတာလည်း ငါ ရယ်သွမ်း သွေး သရော်ခဲ့တယ်။ ကျော်ကြားမှုရမ္မက်ဆိုတာက နံနက်မိုးသောက် အလင်းရောက်တာနဲ့ ကွယ်ပျောက်သွားရတဲ့ အိပ်မက်တခုမျှသာ။
ငါသာ ဘုရားရှိခိုးဆုတောင်းခြင်းမျိုး ပြုခဲ့မိလျှင် ငါ့နှုတ်ဖျားက လှုပ်ရှားထွက်ပေါ်လာ မယ့် ဆုတောင်းစကားက လက်ရှိ ငါပိုင်ဆိုင်ထားတဲ့ ငါ့စိတ်နှလုံးသားကို မပြောင်းမလဲ လက်ရှိအတိုင်း ရှိစေပြီး လွတ်လပ်ခြင်းကို ငါ့အား ပေးပါဆိုတာသာ ဖြစ်လိမ်မယ်။
အသော့နှင်ပြေးလွှားနေတဲ့ ငါ့နေ့ရက်တွေ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကို ရောက်လုဆဲ ကာလမှာ ငါတောင်းဆိုသည်မှာ ဤမျှသာ။
အသက်ရှင်နေခိုက်မှာ ဖြစ်စေ၊
သေသည်၏ အခြားမဲ့၌ ဖြစ်စေ၊
ခံနိုင်ရည်သတ္တိနဲ့ ပြည့်စုံတဲ့
နှောင်ကြိုးမဲ့ ၀ိညာဉ်ကိုသာ ငါ့အားပေးကြပါ"
အဲဒီ တကိုယ်တော် ခရီးသည်ကြီး၊ အဲဒီ သစ္စာရှာဖွေသူကြီး၊ အဲဒီ ဥပေက္ခာဝါဒီ အဘိုးအိုကြီးဟာ သူနဲ့တူလှတယ်။
သူသည်လည်း ကဗျာထဲက စမ်းတ၀ါးဝါး ခရီးသည်ကြီးလိုပဲ ရှေ့ကသွားနှင့်လေသူများ လျှောက်လှမ်းခဲ့ကြတဲ့ လမ်းကြောင်းကလေးတွေအတိုင်း လျှောက်လှမ်းခဲ့သူတဦး မဟုတ်လား။
ပြီးတော့ သူ့ရှေ့က သွားခဲ့ကြတဲ့ ခရီးသွားများလိုပဲ။ နောက်က လိုက်လာကြမယ့် လူများအတွက် သစ္စာလမ်းကို ညွှန်ပြဖို့ လမ်းပြမှတ်တိုင်ကလေးပေါင်းများစွာ စိုက်ထူပေးထား ခဲ့လေတယ်။ ကဗျာလေးတပုဒ်တောင် အဆစ်ပါသေးရဲ့။
အိုလာလှည့်၊ သစ္စာရှာသူများ၊
ထာဝရပျော်ရွှင် ချမ်းမြေ့ဘုံ၊
ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း ကျွန်းငယ်ကလေး
သင်တို့ရှာဖို့၊ ကြည်နူးခံစားဖို့
အသင့်စောင့်ဆိုင်းနေလေရဲ့။
လမ်းတလျှောက်မှာ
လမ်းဆုံပေါင်းများစွာ
လမ်းသွယ်ပေါင်းများစွာ
သင်တွေ့ရလိမ့်မယ်.
ဘယ်ဟာ လမ်းမှန်လဲလို့
ငါ့ကို မမေးကြလေနဲ့
ငါသည်လည်း
အဲဒီ ပရမတ္တဆိုတဲ့ သစ္စာတရားကို ရှာဖို့
စမ်းတ၀ါးဝါးလျှောက်သွားနေဆဲ
ခရီးသွားတဦးသာပဲလေ။
အိုခရီးသွားသူများ
ရှေ့ကို ဆက်၍ဆက်၍သာ သွားပါ။
ထာဝရပျော်ရွှင်ချမ်းမြဘုံ
ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း ကျွန်းငယ်ကလေး
သင်တို့ရှာဖို့၊ ကြည်နူးခံစားဖို့
အသင့်စောင့်ဆိုင်းနေလေရဲ့.
ဘုံနန်းကို သွားဖို့ အလွယ်လမ်းကို မရှာလေနဲ့။
သစ္စာတရားမှာ ဖြတ်လမ်းမရှိဘူး။
သစ္စာလမ်းဟာ ရှည်လျားတယ်
အန္တရာယ်ထူပြောတယ်
ဒါပေမယ့်
သံမဏိကို မီးရဲရဲမှာ တူနဲ့နာနာထုပြီး
မာကျောအောင် လုပ်ရတယ် မဟုတ်လား။ ။
လူထုစိန်ဝင်း။
မဟေသီမဂ္ဂဇင်း ၂၀၀၀ ခုနှစ်၊ အောက်တိုဘာ၊
စာရေးသူရဲ့ "၆၀" ပြည့် အထိမ်းအမှတ် အက်ဆေး အမှတ် ၂။
{လူထုစိန်ဝင်း ရဲ့ 'ပိတောက်မြေက မဟေသီနဲ့ ရွှေအမြုတေ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၄ခု စက်တင်ဘာ မှ ကူးယူဖော်ပြပါတယ်။}