Friday, May 15, 2009

သစ္စာလမ်းပေါ်က ဥပေက္ခာဝါဒီ အဘိုးအို
ရေးသူ- လူထုစိန်ဝင်း

တုန်တုန်ရီရီနဲ့ အဘိုးအိုတယောက်ဟာ ထူထပ်စိမ်းညို့နေတဲ့ တောအုပ်တခု အလယ်ရှိ စမ်းချောင်းငယ်ရဲ့ ကမ်းပါးမှာ ချိုင်းထောက်ကြီးကို အားပြုပြီး ရပ်နေတယ်။ ရီဝေတဲ့ မျက်လုံး၊ လွမ်းဆွတ်တသတဲ့ အကြည့်နဲ့ မြူတွေအုပ်ဆိုင်းနေတဲ့ တောင်ထွတ်ကြီးကို သမင်လည်ပြန် ကြည့်နေတယ်။ တောင်ထွတ်များကို မြင်နိုင်စွမ်း မရှိပါဘူး။ မိုးသား တိမ်တိုက်တွေကြား တိုးဝင် ပျောက်ကွယ်သွားတယ်။ ဘယ်လိုလူသားမှ တက်ရောက်ခြေချနိုင်ခြင်းမရှိလို့ ယူဆစရာ ဖြစ်တယ်။



ဒါပေမယ့် အဘိုးအိုကတော့ တောင်ထိပ်ကို ခြေချနိုင်ခဲ့ပြီး ဖြစ်တယ်။ မိုးသက်မုန်တိုင်း နှင်းမုန်တိုင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး တောင်ထိပ်ကို ခြေချနိုင်ခဲ့တာပါ။ မတ်စောက်တဲ့ ကမ်းပါးချောက်ကြီးတွေ၊ ဝေသီမြင့်မားတဲ့ တောင်ထွတ်ကြီးတွေကို ကျော်ဖြတ် ပြီးမှ ဘယ်လူသားမှ ခြေမချနိုင်လို့ ထင်ခဲ့ကြတဲ့ တောင်မင်းမဟာကို သူ့ခြေအောက်ရောက် အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ အခုတော့ အဆင်းလမ်းအတိုင်း တယောက်တည်း အဖော်မပါ ထော့ကျိုးထော့ကျိုးနဲ့ ဆင်းလာခဲ့တာ စမ်းချောင်းလေး နဘေးကိုတောင် ရောက်နေပြီလေ။
စမ်းချောင်းလေးကမ်းပါးမှာ ကျောက်ဖြူမှတ်တိုင်လေးတတိုင်ကို သူ စိုက်ထူထားပါ တယ်။ "၆၀" လို့ နံပါတ်စဉ် ရေးထိုးထားတဲ့ ကျောက်ဖြူမှတ်တိုင်ကလေးပေါ့။
သူလျှောက်လှမ်းခဲ့တဲ့ ခရီးရှည်ကြီးတခုလုံးမှာ အခုလို လမ်းပြမှတ်တိုင်ကလေးတွေကို တတိုင်ပြီးတတိုင် မပျက်မကွက် စိုက်ထူခဲ့တယ်။ သူ့နောက်က လိုက်လာကြမယ့် ခရီးသွားတွေ အဆင်ပြေဖို့ ရည်ရွယ်ချက်နဲ့ပေါ့။ သူလည်း သူ့ရှေ့က ခရီးသွားများ စိုက်ထူထားခဲ့တဲ့ လမ်းညွှန်တိုင်လေးတွေ ကြည့်ပြီး ဒီခရီးထိရောက်အောင် လျှောက်လှမ်းနိုင်ခဲ့တာ မဟုတ်လား။ ကိုယ့်အလှည့်မှာ ကိုယ့်တာဝန်ကျေရမယ်လေ။
သူ့ရဲ့ နောက်ဆုံး အန္တိမပန်းတိုင်ကို မရောက်မချင်း ဒီလိုမှတ်တိုင်လေးတွေ စိုက်ထူ ထားဖို့ သန္ဒိဌာန် ချထားပြီးသား။ သူ့ရဲ့ အန္တိမပန်းတိုင်က "သစ္စာမြေ" ကို အရောက်သွားဖို့ ဖြစ်တယ်။ သစ္စာမြေမှာ ဗြဟ္မစိုရ်တရား ထွန်းကားတယ်။ လူသားအားလုံး လွတ်လပ်ချမ်းမြေ့ ပျော်ရွှင်စွာ ကြောင့်ကြမဲ့ နေနိုင်ကြတယ်။
သစ္စာမြေမှာ ကြီးနိုင်ငယ်ညှင်းစနစ် မရှိဘူး။ ကြမ်းကြုတ်ရက်စက်ခြင်း မရှိဘူး။ ငြိမ်းချမ်းခြင်းသာ ရှိတယ်။
သစ္စာမြေမှာ လိမ်ညာလှည့်စားခြင်း မရှိဘူး။ ဖြူစင်ဖြောင့်မတ်ခြင်းသာ ရှိတယ်။
သစ္စာမြေမှာ အရှက်ရှိတယ်။
သူဟာ သစ္စာမြေကို သွားနေသူ ဖြစ်တယ်။
သူဟာ သစ္စာရှာပုံတော် ခရီးသည် ဖြစ်တယ်။
သူဟာ အရှက်ဆိုတာ သိတယ်။ ဂုဏ်သိက္ခာဆိုတာကို နားလည်တယ်။ သစ္စာတရားကို မြတ်နိုးလေးစားတယ်။
အသင်္ချေ အသင်္ချာ ကပ်ကမ္ဘာပေါင်းများလှစွာကပင် များလှစွာသော မဟာလူသားကြီး တွေနဲ့ မရေမတွက်နိုင်တဲ့ အညတရ မထင်မရှား လူပေါင်းများစွာလည်း ဒီလမ်းတလျှောက် စမ်းတ၀ါးဝါး လျှောက်ခဲ့ကြဖူးပါတယ်။ သစ္စာတရားရှာပုံတော် ဖွင့်ခဲ့ကြဖူးပါတယ်။ များလှစွာ သော မဟာလူသားကြီး တွေနဲ့ မရေမတွက်နိုင်တဲ့ အညတရ မထင်မရှား လူပေါင်းများစွာ ဟာလည်း တခြားလမ်းငယ်။ လမ်းသွယ်။ လမ်းမြှောင်များစွာတို့ကနေပြီး သစ္စာတရားရှာပုံတော် ဖွင့်ခဲ့ကြဖူးပါတယ်။
သစ်သားချိုင်းထောက်ကြီးကို အမှီပြုပြီး တုန်တုန်ရီရီနဲ့ စမ်းချောင်းဘေးမှာ ရပ်နေတဲ့ အဘိုးအိုဟာ ကုဋေပေါင်းများစွာရှိတဲ့ "သစ္စာခရီးသည်" တွေထဲက အညတရတယောက်သာ ဖြစ်ပါတယ်။
သစ္စာတရားကို ဘယ်တော့၊ ဘယ်အခါ၊ ဘယ်နေရာမှာ ဘယ်လို နည်းလမ်းနဲ့ ရှာတွေ့မလဲဆိုတဲ့ မေးခွန်းကိုတော့ သူမဖြေနိုင်သေးဘူး။ မဟာလူသားကြီးတွေ ဘယ်နှစ် ယောက်များ သစ္စာတရားကို ရှာဖွေတွေ့ရှိသွားခဲ့ပြီလဲ။
အညတရလူ သာမန်တွေထဲက ဘယ်နှစ်ယောက်များ သစ္စာတရားကို ရှာဖွေတွေ့ရှိ သွားခဲ့ပြီလဲ။
ဒီမေးခွန်းကို သူမဖြေနိုင်သေးဘူး။
ဒါပေမယ့် သူ့ကိုယ်သူတော့ ယုံကြည်စိတ်ချတယ်။
မှန်ကန်တဲ့ လမ်းကြောင်းနဲ့ သစ္စာတရားရှိရာကို ဦးတည်သွားနေတယ်လို့ သူ့ကိုယ်သူ ယုံကြည်စိတ်ချတယ်။
လူပေါင်းများစွာတို့ကတော့ သူဟာ လမ်းမှားကြီးလိုက်နေတယ်လို့ ကဲ့ရဲ့သင်္ဂြိုဟ် စကားတင်းဆိုကြတယ်။ ဆိုပလေ့စေပေါ့။ တွေဝေယိမ်းယိုင်ခြင်း မရှိပါဘူး။
သူ့ကို လမ်းမှားလိုက်နေတယ်လို့ ကဲ့ရဲ့ကြသူတွေ ကိုယ်တိုင်ကရော မှန်ကန်တဲ့လမ်း ကြောင်းကို ဦးတည်မိကြရဲ့လား။ တကယ်တော့ သူတို့လဲပဲ စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းသွား နေကြ သူတွေပါ။ မျက်စိမမြင်တဲ့သူ အချင်းချင်း အကန်းလို့တော့ မခေါ်သင့်ပါဘူးလေ။
သူအခိုင်အမာ ယုံကြည်ထားတာ တခုရှိတယ်။
ဘယ်လမ်းကသွားသွား၊ မမှိတ်မသုံတဲ့ ဇွဲသတ္တိနဲ့ မရပ်မနား သွားနေမယ်ဆိုရင်၊ ခရီးသည် အချင်းချင်းဟာ "သစ္စာလမ်းမကြီး" ရဲ့ တနေရာမှာ မလွှဲမသွေ ဆုံတွေ့ကြရမယ် ဆိုတာ ပြောရဲပါတယ်။
လူများစွာတို့က သူ့ကို ခေါင်းမာမှုအတွက် ပြစ်တင်ကဲ့ရဲ့ကြတယ်။ ဒါအတွက်တော့ သူ တွေဝေယိမ်းယိုင်ခြင်း မဖြစ်ခဲ့ပါဘူး။ သစ္စာတရားရှာပုံတော် လမ်းတလျှောက်မှာ မရေမတွက် နိုင်တဲ့ အန္တရာယ်တွေနဲ့ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေ ရခဲ့ဖူးတယ်။ သွေးပင်လယ်ဝေပြီး၊ ချွေး သမုဒ္ဒရာဖြစ်ခဲ့ဖူးတယ်။ သူ့ဦးခေါင်းတခုလုံး သွေးချင်းချင်းရဲအောင် အထုအထောင်း အရိုက်အပုတ်တွေ ခံခဲ့ရဖူးတယ်။ ဒါပေမယ့် သူ ဦးမညွတ်ခဲ့၊ ဒူးမထောက်ခဲ့ဘူး။
သံမဏိကို မာကျောလာအောင် မီးပြင်းတိုက်ရတယ် မဟုတ်လား။ ဒုက္ခတွေ ဝေဒနာတွေ ဒဏ်ရာဒဏ်ချက်တွေက သူ့ကို ခေါင်းမာတဲ့လူတယောက် ဖြစ်စေခဲ့တယ်။ ဘာကိုမှ မတုန်လှုပ်တဲ့ ဥပေက္ခာဝါဒီတဦး ဖြစ်စေခဲ့တယ်။ ဥပေက္ခာဝါဒီအဘိုးအိုကြီးပေါ့။
စပ်စပ်စုစု အမေးအမြန်းထူတတ်သူများကို သူနှစ်သက်တဲ့ ကဗျာစာဆို Emily Bronte ရဲ့ ကဗျာတပုဒ်ကိုသာ သူ ရွတ်ဆိုပြတတ်ပါတယ်။ ကဗျာက 'ဥပေက္ခာဝါဒီအဘိုးအို' ပါတဲ့။

"ဓနဥစ္စာဆိုတာ ငါသိပ်အလေးထားခဲ့တာ မဟုတ်။ အချစ်ဆိုတာလည်း ငါ ရယ်သွမ်း သွေး သရော်ခဲ့တယ်။ ကျော်ကြားမှုရမ္မက်ဆိုတာက နံနက်မိုးသောက် အလင်းရောက်တာနဲ့ ကွယ်ပျောက်သွားရတဲ့ အိပ်မက်တခုမျှသာ။
ငါသာ ဘုရားရှိခိုးဆုတောင်းခြင်းမျိုး ပြုခဲ့မိလျှင် ငါ့နှုတ်ဖျားက လှုပ်ရှားထွက်ပေါ်လာ မယ့် ဆုတောင်းစကားက လက်ရှိ ငါပိုင်ဆိုင်ထားတဲ့ ငါ့စိတ်နှလုံးသားကို မပြောင်းမလဲ လက်ရှိအတိုင်း ရှိစေပြီး လွတ်လပ်ခြင်းကို ငါ့အား ပေးပါဆိုတာသာ ဖြစ်လိမ်မယ်။
အသော့နှင်ပြေးလွှားနေတဲ့ ငါ့နေ့ရက်တွေ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ကို ရောက်လုဆဲ ကာလမှာ ငါတောင်းဆိုသည်မှာ ဤမျှသာ။
အသက်ရှင်နေခိုက်မှာ ဖြစ်စေ၊
သေသည်၏ အခြားမဲ့၌ ဖြစ်စေ၊
ခံနိုင်ရည်သတ္တိနဲ့ ပြည့်စုံတဲ့
နှောင်ကြိုးမဲ့ ၀ိညာဉ်ကိုသာ ငါ့အားပေးကြပါ"

အဲဒီ တကိုယ်တော် ခရီးသည်ကြီး၊ အဲဒီ သစ္စာရှာဖွေသူကြီး၊ အဲဒီ ဥပေက္ခာဝါဒီ အဘိုးအိုကြီးဟာ သူနဲ့တူလှတယ်။
သူသည်လည်း ကဗျာထဲက စမ်းတ၀ါးဝါး ခရီးသည်ကြီးလိုပဲ ရှေ့ကသွားနှင့်လေသူများ လျှောက်လှမ်းခဲ့ကြတဲ့ လမ်းကြောင်းကလေးတွေအတိုင်း လျှောက်လှမ်းခဲ့သူတဦး မဟုတ်လား။
ပြီးတော့ သူ့ရှေ့က သွားခဲ့ကြတဲ့ ခရီးသွားများလိုပဲ။ နောက်က လိုက်လာကြမယ့် လူများအတွက် သစ္စာလမ်းကို ညွှန်ပြဖို့ လမ်းပြမှတ်တိုင်ကလေးပေါင်းများစွာ စိုက်ထူပေးထား ခဲ့လေတယ်။ ကဗျာလေးတပုဒ်တောင် အဆစ်ပါသေးရဲ့။

အိုလာလှည့်၊ သစ္စာရှာသူများ၊
ထာဝရပျော်ရွှင် ချမ်းမြေ့ဘုံ၊
ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း ကျွန်းငယ်ကလေး
သင်တို့ရှာဖို့၊ ကြည်နူးခံစားဖို့
အသင့်စောင့်ဆိုင်းနေလေရဲ့။
လမ်းတလျှောက်မှာ
လမ်းဆုံပေါင်းများစွာ
လမ်းသွယ်ပေါင်းများစွာ
သင်တွေ့ရလိမ့်မယ်.
ဘယ်ဟာ လမ်းမှန်လဲလို့
ငါ့ကို မမေးကြလေနဲ့
ငါသည်လည်း
အဲဒီ ပရမတ္တဆိုတဲ့ သစ္စာတရားကို ရှာဖို့
စမ်းတ၀ါးဝါးလျှောက်သွားနေဆဲ
ခရီးသွားတဦးသာပဲလေ။
အိုခရီးသွားသူများ
ရှေ့ကို ဆက်၍ဆက်၍သာ သွားပါ။
ထာဝရပျော်ရွှင်ချမ်းမြဘုံ
ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း ကျွန်းငယ်ကလေး
သင်တို့ရှာဖို့၊ ကြည်နူးခံစားဖို့
အသင့်စောင့်ဆိုင်းနေလေရဲ့.
ဘုံနန်းကို သွားဖို့ အလွယ်လမ်းကို မရှာလေနဲ့။
သစ္စာတရားမှာ ဖြတ်လမ်းမရှိဘူး။
သစ္စာလမ်းဟာ ရှည်လျားတယ်
အန္တရာယ်ထူပြောတယ်
ဒါပေမယ့်
သံမဏိကို မီးရဲရဲမှာ တူနဲ့နာနာထုပြီး
မာကျောအောင် လုပ်ရတယ် မဟုတ်လား။ ။

လူထုစိန်ဝင်း။
မဟေသီမဂ္ဂဇင်း ၂၀၀၀ ခုနှစ်၊ အောက်တိုဘာ၊
စာရေးသူရဲ့ "၆၀" ပြည့် အထိမ်းအမှတ် အက်ဆေး အမှတ် ၂။
{လူထုစိန်ဝင်း ရဲ့ 'ပိတောက်မြေက မဟေသီနဲ့ ရွှေအမြုတေ' စာအုပ်၊ ပထမနှိပ်ခြင်း၊ ၂၀၀၄ခု စက်တင်ဘာ မှ ကူးယူဖော်ပြပါတယ်။}

No comments: