Wednesday, May 13, 2009

အရှက် နဲ့ တန်ဖိုး
ရေးသူ- လူထုစိန်ဝင်း


"... ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား အကြောင်းများကို မထားမချန်၊ စေ့စုံစွာ ပြန်သည်တွင်၊ ဗိမာန်နန်းဖွား၊ သုဘဒ္ဒါမိဖုရားလည်း၊ စကားရှေ့နောက်၊ ပြန်လှန်ကာထောက် လတ်သော်၊ နောက်နောက်ကျိကျိ နှလုံးတော်ရှိလှ၍၊ မဏိချယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက် ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက်ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘ၀ဟောင်း က၊ ငယ်ပေါင်းပီပီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြစိုင်ပညောင်၊ ရွှေကူချောင်မှာ၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင် လျက်၊ ကျင်ကျင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်၊ နဂိုရ် ဖောက်လဲ၊ ဗာရာမင့် လည်ဆွဲသည်၊ ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏"


စူဠသုဘဒ္ဒါမိဖုရား ဆဒ္ဒန်ဆင်မင်းရဲ့ ဆင်စွယ်ကြီးကို ပိုက်ပြီး ယူကြုံးမရနဲ့ အပူလုံးကြွကာ သေပွဲဝင်ရပုံကို စာဆိုကြီး ဦးပုည ရေးဖွဲ့ခဲ့တာပါ။ သူ ရေးဖွဲ့ပုံက ကောင်းလွန်း လေတော့၊ စောစောပိုင်းက "မုဆိုးတပိုင်း မိန်းမရိုင်းကြီး" ရယ်လို့ အမုန်းသည်းစရာကောင်းခဲ့တဲ့ သုဘဒ္ဒါဟာ နောက်ဆုံးကျတော့ သနားစရာအဖြစ် မြင်ကြရပါတော့မယ်။
တကယ်တော့လည်း စူဠသုဘဒ္ဒါဟာ သနားစရာကောင်းပါတယ်။ အချစ်ကြီး ချစ်တတ် လွန်းလို့ အမုန်းသည်းပြီး အငြိုးကြီးခဲ့ရရှာတာပါ။ ဒီလိုအငြိုးကြီးခဲ့ရတဲ့အဖြစ်ကိုလည်း ဦးပုည ဟာ-
"........ထိုအခါ စူဠသုဘဒ္ဒါမိဖုရား၏ ကိုယ်ထက်၌ သစ်ခြောက်သစ်ခက်၊ ပရွက်ပဆုပ်၊ ခါချဉ်ထုပ်တို့သည် လှုပ်တိုင်း ကြွေလာကုန်၏။ မဟာသုဘဒ္ဒါ မိဖုရား၏ အပေါ်၌ကား ပုံကြီးနံလျား ရွှေမျက်ပါးကို၊ တပြားစီလွှာ၍၊ လေညာကလွှင့်သကဲ့သို့၊ ပန်းပွင့်ပန်းငုံ၊ ပန်းဝတ်မှုန်တို့သည် စုပုံကြွေကျ လာလေသတည်း။ ထိုအခြင်းအရာကို စူဠသုဘဒ္ဒါ မိဖုရားမြင်လျှင်၊ ဤဆင်မင်းကား ချစ်ခြင်းမညီ၊ မဟေသီခံ၊ ညာရံဘဒ္ဒါ၊ သူ့သည်းချာ၌၊ မေတ္တာလုံးလုံးသက်ခဲ့ပြီ။ ငါ့ကို မခင်မကြင်ရုံမျှမကပါလေ၊ အသရေပျက် သစ်ခက်သစ်ခြောက်၊ ပိုးလောက်ခြွေချ၊ အရှက်ရအောင်၊ ငါ့အားသူနှိပ်စက်ခဲ့ပြီ။ သို့စင်ညစ်ကျု၊ မတော်မှုကို၊ ပြုနှင့်စေကာ၊ အနိစ္စာဝယ်၊ နိဗ္ဗာန်သာအမြဲ၊ သံသရာမှာ ဤခန္ဓာမြဲမည်လော၊ အားခဲ၍ ကြိုးစားလျှင်၊ ဆင်မင်းသားမောင်နှံတို့၊ ခံနိုင်မည် မဟုတ်ဟု၊ မျက်ကြုတ်ကဲမိုး ရှက်အားကိုးနှင့်၊ ရန်ငြိုးဖွဲ့မိမှားသတည်း" လို့ ရေးဖွဲ့ ပြထားပါသေးတယ်။
စူဠသုဘဒ္ဒါဟာ အချစ်ကြီးသလောက် အရှက်လည်း ကြီးတတ်ပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် သူ ရင်ကွဲနာ ကျခဲ့ရပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် ဆဒ္ဒါန်ဆင်မင်းကို သူ သေစေခဲ့ပါတယ်။ အဲဒီ 'ရှက်စိတ်' ကြောင့် သူသေခဲ့ရပါတယ်။
"အရှက်" ကြောင့် လူတွေ မိုက်မှားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ သေခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "ယဉ်ကျေး" ခဲ့ကြရပါတယ်။ "အရှက်" ကြောင့် လူတွေ "လိမ္မာ" ခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူနဲ့ တိရစ္ဆာန် ခြားနားခဲ့ကြပါတယ်။ "အရှက်" ကြောင့် လူတွေ "အ၀တ်" ၀တ်လာခဲ့ကြပါတယ်။ အဲဒီလို "ကိုယ်ရုံအ၀တ်" ၀တ်ဆင်လာခဲ့တဲ့ အချိန်ကစပြီး လူသားတွေကို "ယဉ်ကျေးတဲ့သတ္တ၀ါ" လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။
အရှက် ဆိုတဲ့ "ဟီရိသြတပ္ပ" တရားဟာ လူသားတိုင်းအတွက် အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ လူ့တန်ဖိုးကို အဲဒီလူရဲ့ "ရှက်စိတ်" နဲ့ တိုင်းတာလို့ ရပါတယ်။ အရှက်ဆိုတဲ့ အရာ နှစ်မျိုးနှစ်စား ရှိပါတယ်။ သူတပါးကို ရှက်တတ်ခြင်းနှင့် ကိုယ့်ကိုယ့်ကို ရှက်တတ်ခြင်းပါ။ ကိုယ့်ကိုယ်ကို "ကိုယ့်လိပ်ပြာကိုယ်" ရှက်တတ်တဲ့ သူဟာ တန်ဖိုးရှိတဲ့လူ ဖြစ်ပါတယ်။ "ကိုယ့်လိပ်ပြာကိုယ်" မရှက်တတ်တဲ့သူ၊ ရှက်ရကောင်းမှန်းကို မသိတဲ့သူဟာ၊ "လူ" လို့ ခေါ်ဖို့တောင် မထိုက်တန်တဲ့သူ ဖြစ်ပါတယ်။
"အရှက်" ကြောင့် စူဠသုဘဒ္ဒါ မိုက်မှားခဲ့ရတဲ့ သာဓကရှိသလို၊ တဖက်ကလည်း "အရှက်" ကြောင့် မိုက်မှားခဲ့ရတဲ့ ဘ၀က လွတ်မြောက်ပြီး လူကောင်းလူမွန် ဖြစ်ခဲ့ရတဲ့ သာဓကလည်း ရှိပါတယ်။ အဲဒါကတော့ "ဥပက" ရဟန်းကြီးရဲ့ သာဓကပါ။
ဥပကဟာ "အရှက်" ကြောင့် မွန်မြတ်တဲ့ ရဟန်းဘ၀ကို ရောက်ရှိသွားခဲ့ရတာပါ။ မဆာဝါဟာ ဖခင်မုဆိုးကြီးရဲ့ စကားကို မလွန်ဆန်နိုင်တာကြောင့် တက္ကဒွန်းကြီး ဥပကကို ယူခဲ့ရပေမယ့် နည်းနည်းလေးမှ မေတ္တာရှိခဲ့ပုံ မရပါဘူး။ နေ့ရှိသရွေ့ ငြူစူစောင်းမြောင်း လို့ချည်းသာ နေခဲ့ပါတယ်။ စကားတွေနဲ့ ဥပကကို နေ့တိုင်း နှိပ်စက်ကလူ ပြုနေခဲ့ပါတယ်။ နောက်ဆုံးကျတော့ တက္ကဒွန်းအိုကြီး ဥပကဟာ သူ့ကိုယ်သူ ရှက်လာပြီး သူမက်မောလှတဲ့ မဆာဝါအပျိုချောကို ပစ်ပြီး ဗုဒ္ဓရှေ့မှောက်အရောက်သွားကာ ရဟန်းဘောင်ကို ကူးပြောင်း သွားခဲ့ပါတော့တယ်။
ဥပကကြီး ရှက်သွားလောက်အောင် ဖြစ်စေခဲ့တဲ့ မယ်ဆာဝါရဲ့ အငြူအစောင်းကလေး ကို စလေဆရာဦးပုညက ဒီလို ရေးပြခဲ့ပါတယ်။
"ကြိုးလေးမြွှာကြိမ်ပုခက်ကယ်နှင့်၊ စက်ပါရော့ သားညိုရွှေတောင် စက်ပါရော့မောင်။
စက်အောင်လို့ လွှဲပါတယ်ကို၊ သားမောင်ငယ် ပုခက်ထဲက စွဲကျင့်လို့ငို။
မင်းဖေအို မောင်လူထွက်လိုဘဲ၊ အားတက်သလား၊ သားမောင်ရွှေသွယ်၊ မင်းကျင့်ဆိုး လှတယ်။
မကျယ်ပါနှင့် သည်းချာရွှေရိုး၊ မင်းဖအေ ရဟန်းကျိုး၊
ရဟန်းကျိုးပီပီ၊ ကျောင်းဆောင်ထဲမှာ၊ ပျော်လဲ မပျော်လို၊
လူလူလိုလို ရှိပါပဲနှင့်၊ လူထဲကို လာပြန်ချင်တယ်၊
ဘိုးလူထွက်ကယ်။
မင်းမွေးမေငါက ဆဲယင်လ၊ မင်းဖေအိုမောင်ခပြဲမှာတဲ့၊
မုန်းနိုင်ဘဲ ကျွဲရေလိုနှယ်၊ ဒုံးခံတော့တယ်။
မင်းမွေးမေ သည်လူထွက်ကိုတဲ့၊ ခါခါလေ စေနာပျက်ပါလို့၊
အသက်ကယ် သေပါစေလို့၊ တောင်းတဲ့ဆုကို။
မသေလိုပါနိုင်ဘဲနှင့်၊ သည်မွေးမောင်တေတေး၊ ကြွင်းပြန်ရစ်သေး။
ဧလည်းယင်ယင်ဧ။
ရွှေစင်ရင်သွေး၊ မယ့်သားလေး၊ ဧလည်းယင်ယင်ဧ"

မယ်ဆာဝါက သူ့သားကို ပုခက်လွှဲရင်း၊ ပြောင်လှောင်ထေ့ငေါ့ပုံကို ရေးပြထားတာပါ။ နေ့ရှိသရွေ့ မထိခလုပ် ထိခလုပ်နဲ့ နှိပ်စက်ကလူ ပြုပါများတော့ "ဒုံးပေကပ်သပ်" ငုံ့ခံနေတဲ့ ဥပကကြီး ရှက်လာပါတယ်။ "ရှက်စိတ်" ကြောင့် သူနှုတ်လှန်ပြန်ထိုးပါတယ်။ နောက်ဆုံးကျ သူ ဆာဝါကို စွန့်သွားပါတယ်။ အဲဒီလို သူက စွန့်သွားတာတောင် ဆာဝါက ပြက်ရယ်ပြုလိုက်ပါ သေးတယ်။
"သည်နှယ် ဥပက၊ စကားလှန်၍၊ ပြန်ကာဟလျှင်၊ ဆာဝါ့ဖြစ်ခြင်း၊ ဆက်ရက်ခုန်နင်း တဲ့၍၊ ချဉ်းလာကပ်တိုး၊ သူ့ထဘီသွင်၊ နီကျင်ကျင်ကို၊ ခတင်ထိုး၍၊ ကိုယ်းယိုးကားယား၊ ကိုက်၍စားမည့်နှယ်၊ သွားပါ့မနှေး၊ ပြေးပါလေမြန်စွာ၊ လင်မဆာပါဘူး၊ သွားရာ၌တွင်၊ ဆင်ထိုးထိုး ကျားဆွဲဆွဲ၊ မြွေခဲခဲ ၀က်ပက်ပက်၊ မြေအက်၍မျိုမျို၊ သေလိုသေ၊ ရှင်လိုရှင်၊ မမြင်ချင့် အဆုံး၊ မုန်းလိုက်အုန်းမည်၊ အစအဆုံး ပဌမ၊ ဟိုအရင်ကမှ၊ မိဖနှစ်ပါး၊ ဆိုဖန်များလို့၊ အားနာပါးနာ၊ ကြိုက်ရပါတယ်၊ စိတ်ပါလှဘူး၊ ၀မ်းမြူးရွှင်ပျ၊ ညောင်ရေလောင်းလို့၊ တောင်းလိုက်ပါမည်၊ ယခုကြွ ဖိုးလူလေ၊ မောင်ကျောင်းနေ"
တက္ကဒွန်းလူထွက်ကြီးဟာ မယ်ဆာဝါရဲ့စကားကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတဲ့ အခါမှာ၊ အရှက်ကြီး ရှက်သွားခဲ့ပုံ ရပါတယ်။ ဘာမပြော ညာမပြောနဲ့ ဖြုတ်ချည်းထတဲ့ပြီး ဘုရားရှိရာသို့ အရောက်သွားပါတော့တယ်။
ဥပကရဲ့ အဖြစ်ဟာ "ရှက်စိတ်" ကြောင့် ကောင်းရာမွန်ရာကို ရောက်သွားရတဲ့ သာဓကပါ။ စူဠသုဘဒ္ဒါကတော့ "ရှက်စိတ်" ကြောင့် ကြေကွဲစရာ အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရ တာပါ။ ဒီသာဓက နှစ်ခုစလုံးဟာ "အရှက်နဲ့လူလုပ်တယ်" ဆိုတဲ့စကားလေးကို ထင်ရှားအောင် ဥဒဟရုဏ် ဆောင်ပြခဲ့ပါတယ်။
ကိုလိုနီနယ်ပယ်သစ်တွေ ချဲ့ထွင်ကြတဲ့ နယ်ချဲ့စနစ်ကြီးရဲ့ အစဦးပိုင်းကာလတွေမှာ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဒပ်ခ်ျ စတဲ့နိုင်ငံကြီးတွေဟာ စားကျက်နယ်မြေတွေ လုကြရင်း တဦးနဲ့တဦး အပြိုင်အဆိုင် စစ်ပွဲကြီးတွေ တိုက်ခိုက်ကြပါတယ်။ လှေသင်္ဘောကြီးတွေနဲ့ တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတွေမှာ သင်္ဘောတွေ အမြောက်ကျည်ဆံ ထိမှန်ပြီး နစ်မြုပ်တော့မယ်ဆိုရင်၊ သင်္ဘောသားတွေကို သင်္ဘောက ထွက်ခွါခွင့် ပေးခဲ့ပေမယ့်၊ သင်္ဘောရဲ့ ကပ္ပတိန်တွေကတော့ သူ့သင်္ဘောကို စွန့်ခွါထွက်ပြေးလေ့ မရှိပါဘူး။ ခန့်ခန့်ညားညား ၀တ်စုံပြည့် ၀တ်စားဆင်ယင်ပြီး သင်္ဘောနဲ့အတူ နစ်မြုပ်အသေခံသွားတာဟာ ရေတပ်ရဲ့ အစဉ်အလာကြီးတခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ မိမိရဲ့ သင်္ဘောကို စွန့်ခွါထွက်ပြေး သူအဖြစ် အကဲ့ရဲ့ခံရမယ့် အရှက်တကွဲအဖြစ်ကြီးကို ရင်ဆိုင်ရမှာထက် အသက်ကိုသာ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အသက်ကို စွန့်သွားကြတာ ဖြစ်ပါတယ်။ အရှက်ကို အသက်နဲ့ လဲသွားတာပါ။
ကမ္ဘာ့သမိုင်းမှာ အထင်ရှားအကျော်ကြားဆုံး ရေကြောင်းဗိုလ်ချုပ်ကြီးဖြစ်တဲ့ "နယ်လ်ဆင်" ဆိုရင် သူ့သင်္ဘောကို အဆမတန် အင်အားကြီးမားတဲ့ ရန်သူရေတပ် သင်္ဘောတွေက ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံနေရတဲ့အတွက် သူ့အထက်က ရေကြောင်း ဗိုလ်ချုပ်မှူးကြီးက သင်္ဘောကို ဆုတ်ခွါလာခဲ့ဖို့ အချက်ပြအမိန့်ပေးတာကိုတောင်မှ မမြင်ချင်ယောင်ဆောင်ပြီး၊ ဆက်လက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ စစ်ရှုံးလို့ ထွက်ပြေးရ တယ်ဆိုတဲ့ နာမည်ကို ခံရမှာထက် အသက်သာ အသေခံမယ်ဆိုပြီး အရှက်ကို အသက်နဲ့ လဲသွားခဲ့တာပါ။ သူ့အကြောင်းကို မြန်မာစွယ်စုံကျမ်းမှာ ဒီလို ရေးသား ဖော်ပြထားခဲ့ပါတယ်။
[နယ်လဆင်, ဟိုရေးရှိုး (ခရစ် ၁၇၅၈-၁၈၀၅)။ ။ ဟိုရေးရှိုးနယ်လဆင်သည် အင်္ဂလိပ်လူမျိုး ရေကြောင်းဗိုလ်ချုပ်မှူးဖြစ်၍၊ ဗြိတိသျှ ရေကြောင်းတိုက်ပွဲသမိုင်း၌ အထင်ရှား ဆုံးသော ပုဂ္ဂိုလ်တဦးဖြစ်၏။ ယင်းသည် ထရာဖဲလဂါတွင် ပြင်သစ်နှင့် စပိန်တပ်တို့ကို တိုက်ခိုက်အောင်မြင်၍ နပိုလီယန်ကို အနိုင်ယူလိုက်ရာ၊ ဤအောင်မြင်မှုသည် အင်္ဂလန်ပြည်၏ သမိုင်းတွင် အကြီးဆုံးသော အောင်မြင်မှုဖြစ်၏။ (နပိုလီယန်ဘုရင်များ။ ထရာဖဲလဂါတိုက်ပွဲ- ရှု။) နယ်လဆင်သည် ၁၇၅၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် နောဖို့ခရိုင် ဗာနမ်သော့ရွာတွင် ဖွားမြင်၍ သင်းအုပ်ဆရာတဦး၏ သားဖြစ်သည်။ ငယ်စဉ်က အလွန် ချူချာသော သူတယောက် ဖြစ်သော်လည်း ပင်လယ်ခရီးထွက်ရန် အလွန်ဝါသနာပါသည်။ ထို့ကြောင့် ၁၂ နှစ်သား အရွယ်တွင် အကြောင်းမသင့်သဖြင့် ကျောင်းမှထွက်ခဲ့ရသောအခါ ဘုရင့်ရေတပ်မတော်တွင် ရေတပ်ဗိုလ်ကလေးအဖြစ်ဖြင့် အမှုထမ်းပြီးနောက်၊ ဖောက်ကလန် ကျွန်းသို့ သွားသော သင်္ဘောတွင် ပဌမဦးစွာ လိုက်ပါသွားခဲ့လေသည်။ ထိုသင်္ဘောကို သူ၏ ဦးလေးဖြစ်သူ ဗိုလ်မှူးကြီး ဆပ်ကလင်းက ကြီးမှူးရာ၊ ဦးလေး၏ သွန်သင်မှုကြောင့် တကြောင်း၊ နဂိုကပင် ရေကြောင်းဖက်တွင် ၀ါသနာထုံလှသဖြင့် တကြောင်း၊ ရဲရင့်၍ စွမ်းရည်သတ္တိနှင့် ပြည့်စုံသောကြောင့်တကြောင့်၊ နယ်လဆင်သည် ၂၁ နှစ်အရွယ်တွင် အလတ်စား တိုက်သင်္ဘေတစင်း၌ ဗိုလ်မှူးကြီး ဖြစ်လာခဲ့၏။ ထိုအခါမှစ၍ နယ်လဆင်သည် ရက်စက်စွာ အပြစ်ဒဏ်ပေးမှုများကို ပယ်ဖျက်ကာ၊ ဥပဒေများကို ပြုပြင် ပြောင်းလဲခဲ့၏။ သင်္ဘောသားများကို အထူးဂရုစိုက်တတ်သည့်အပြင်၊ ရဲရင့်စွန့်စားသူများကိုလည်း ရာထူးတိုး မြှင့်ပေးလေ့ ရှိ၏။ အသက်ပင်ငယ်သော်လည်း တကယ်ပင် စွမ်းဆောင်နိုင်သော ဗိုလ်မှူးကြီး ဖြစ်လေသည်။ နယ်လဆင်ကား သူရသတ္တိရှိ၏။ တည်ကြည်၏။ မှုခင်းတို့ကို ဆုံးဖြတ်နိုင်၏။
၁၇၉၃ ခုနှစ်၌ အက်ဂါမံနွန် ခေါ် စစ်သင်္ဘောကို အုပ်ချုပ်ရပြီးလျှင် မြေထဲပင်လယ် ရေတပ်၌ ပါဝင်ရလေသည်။ ထိုအခါမှစ၍ ပင်လယ်မှ ပြန်ရသည်ဟူ၍ မရှိဘဲ၊ (၁၇၉၃ ခုနှစ်မှ ၁၈၀၀ ပြည့်နှစ်အထိ) ၇ နှစ်တိုင်တိုင် ပင်လယ်၌ အမှုထမ်းရသည်။ သို့ဖြင့် ၁၇၉၄ ခုနှစ်တွင် ကောစီကား ပင်လယ်ကမ်းရိုးတန်းရှိ ကာလဗီမြို့ကို သိမ်းယူသည့် တိုက်ပွဲ၌၊ လက်ျာဖက်မျက်လုံးတွင် ဒဏ်ရာရရှိရာမှ မျက်လုံးကွယ်သွားလေသည်။
ထို့နောက် ၁၇၉၇ ခုနှစ်တွင် စိန်ဗင့်ဆင့် တိုက်ပွဲ၌ သူ၏ ရဲစွမ်းသတ္တိသည် ချီးကျူးလောက်အောင်ပင် ဖြစ်၏။ ထိုတိုက်ပွဲတွင် စစ်ဗိုလ်ချုပ်ကြီး ဆာဂျွန် ဂျားဗစ်နှင့်အတူ စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းဖွဲစည်းထားသော ရေတပ်ကို နှိမ်နင်း အောင်မြင်သောအခါ၊ သူကောင်းပြုခြင်း ခံရလေသည်။ များမကြာမီ ကနေရီကျွန်းစုရှိ ဆန်တာခရု ခံတပ်ကို တိုက်ခိုက်ရာ၌ အနာတရ ဒဏ်ရာရရှိပြီးလျှင်၊ လက်ျာဖက်လက်ကို တတောင်ဆစ်မှ ဖြတ်ပစ်ရပြန်လေသည်။ နယ်လဆင်သည် အင်္ဂလန်သို့ ပြန်သွားပြီးလျှင်၊ အချိန်အတန်ကြာ ဝေဒနာကို ကုသပြီးနောက်၊ စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာပြန်သည်။
ထိုအချိန်၌ နပိုလီယန်သည် ကုန်းဖက် စစ်ပွဲတို့၌ အောင်မြင်ပြီး၍၊ အင်္ဂလန်ကို ရေတပ်ဖြင့် တိုက်ခိုက်လို၏။ ထိုအတွင်းနယ်လဆင်သည် တူလွန်မြို့ရှိ ပြင်သစ်ရေတပ်ကို စောင့်၍ကြည့်ဆဲ၊ ပြင်သစ်ရေတပ်သည် လေမုန်တိုင်း ထနေစဉ် လွတ်မြောက်သွားသဖြင့်၊ နယ်လဆင်သည် ထိုရေတပ်နောက်သို့ ထပ်ကြပ်လိုက်သွားကာ တိုက်ခိုက်လေ၏။ နယ်လဆင်သည် ရေတပ်ကို နှစ်စုခွဲ၍ တိုက်ခိုက်ရာ ၁၇၉၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် အပြီးတိုင် အောင်မြင်လေသည်။ ဤတိုက်ပွဲကြီးကို နိုင်းမြစ်တိုက်ပွဲကြီးဟူ၍ ဗြိတိသျှသမိုင်းတွင် မှတ်တမ်းတင်ကြသည်။ ထိုတိုက်ပွဲတွင် အရေးမလှသည်နှင့် နပိုလီယန်သည် အီဂျစ်ကို တိုက်ခိုက်ရန် အကြံကို လက်လျှော့လျက် သင်္ဘေငယ်တစင်းဖြင့် မြေထဲပင်လယ်ကို ဖြတ်၍ ပြန်ခဲ့ရလေသည်။ နယ်လဆင်၏ အောင်မြင်မှုသည် ကမ္ဘာတ၀ှမ်းလုံးသို့ ပျံ့နှံ့သွား၏။ နယ်လဆင်သည် ဗဲရွန်ခေါ် သူကောင်းဘွဲ့ဖြင့် မှူးမတ်ငယ်အဆင့်အတန်းသို့ ခန့်အပ်ချီးမြှင့် ခံရသည်သာမက ဆုငွေလည်း မြောက်မြားစွာ ရရှိလေသည်။
၁၈၀၁ ခုနှစ်တွင် နယ်လဆင်သည် ရေကြောင်းဗိုလ်ချုပ်ကြီးရာထူးကို ရရှိခဲ့ပြီးနောက်၊ အင်္ဂလန်သည် ဗောလတစ်ကမ်းခြေနိုင်ငံများနှင့် စစ်ဖြစ်ပြန်ရာ၊ ရေတပ်ဗိုလ်ချုပ်မှူးပါကာ၏ ရေတပ်ကြီးတွင် ပါဝင်လိုက်ပါပြီးလျှင် ဒိန်းမတ်နိုင်ငံသို့ ချီတက်သွားပြန်၏။
ပြင်သစ်ဘုရင် နပိုလီယန်သည် နောက်တကြိမ် အင်္ဂလန်ပြည်ကို စီးနင်းရန် ကြံစည်ပြန် ရာ၊ ၁၈၀၃ ခုနှစ်၌ နယ်လဆင်သည် အနားယူနေရာမှ ရေကြောင်းဗိုလ်ချုပ်ကြီး အဖြစ်ဖြင့် မြေထဲပင်လယ် သင်္ဘောတပ်ကို ဦးစီး၍ တိုက်ပွဲဝင်ခဲ့ပြန်သည်။ ဦးစွာ၌ ကိုပင်ဟားဂင်းမြို့အနီး တွင် ဒိန်းလူမျိုးတို့၏ ရေတပ်ကို အောင်မြင်သည်။ ဤတိုက်ပွဲ ဖြစ်နေစဉ် ရေကြောင်း ဗိုလ်ချုပ်မှူး၏ သင်္ဘောမှ ပြန်၍ဆုတ်ရန် အချက်ပြသော အလံလွှင့်တင်သည်ကိုပင် နယ်လဆင်သည် မမြင်သော မျက်စိဖြင့် မှန်ပြောင်းနှင့်ကြည့်၍ အချက်ပေးခေါ်သည်ကို မမြင်လေဟန်ဆောင်လျက် ဆက်လက်တိုက်ရာ ရှုံးတော့မည့် အခြေမှ တခါတည်း အနိုင်ရခဲ့ လေသည်။ ဤအောင်မြင်မှုကြောင့်လည်း ဗိုင်းကောင့်ခေါ် သူကောင်းဘွဲ့ထူးဖြင့် မှူးမတ်လတ် အဖြစ် တိုးမြှင့်ချီးကျူးခြင်း ခံရပြန်လေသည်။
တခါက နယ်လဆင်သည် သူ၏ အလံတင် သင်္ဘော 'ဗစ်ထရီ' ကို စီးနင်း၍ တူလွန်မြို့နှင့် ခပ်လှမ်းလှမ်းတွင် စောင့်ဆိုင်းနေရာ ပြင်သစ် သင်္ဘောတပ် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ရသောအခါ မိမိ၏ ရေတပ်ဖြင့် ထပ်ကြပ်မကွာ အနောက် အိန္ဒိယကျွန်းစုသို့ ရောက်အောင်လိုက်ပြီးမှ ပြန်၍ လှည့်လာခဲ့၏။ ထို့နောက် ရန်သူတပ်ကို ဆုံမိအောင် ၂ နှစ်တောင်မှ စောင့်ဆိုင်းခဲ့ရပြီးနောက်၊ ၁၈၈၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် စပိန်နိုင်ငံကမ်းခြေ ထရာဖဲလဂါအငူတွင် ရေကြောင်းတိုက်ပွဲကို စတင် တိုက်ခိုက်ရ လေသည်။ ထိုတိုက်ပွဲတွင် နယ်လဆင်သည် 'အင်္ဂလန်ပြည်သည် လူတိုင်းအား မိမိတာဝန်ဝတ္တရားကို ဆောင်ရွက်လိမ့်မည်ဟု မြှော်လင့်သည်' ဟူသော အဓိက ဆောင်ပုဒ်ကို ဖော်ပြသည့် အလံကို မိမိ၏ အလံတင်သင်္ဘောတွင် လွှင့်ထူကာ ၂၇ စင်းမျှသာ ရှိသော အင်္ဂလိပ်သင်္ဘောများဖြင့် စပိန်နှင့် ပြင်သစ်တို့ ပူးပေါင်းထားသည့် ရေတပ်ကြီးကို မဆုတ်မနစ် တိုက်ခိုက်လေသည်။ ဤတိုက်ပွဲတွင် နယ်လဆင်သည် မိမိကိုယ်တိုင် စီးနင်းသည့် 'ဗစ်ထရီ' ခေါ် အလံတင်သင်္ဘောကို ဘေးဥပါဒ်အများဆုံးနေရာတွင် ချထား၍ တိုက်ခိုက်လေရာ၊ တိုက်ပွဲပြင်းထန်လာချိန်တွင် နယ်လဆင်သည် ကုန်းပတ်အမြင့်ပေါ်၌ လျှောက်ရင်း အမိန့်ပေးနေစဉ်၊ ရန်သူ့ဖက်မှ ကျည်ဆံသင့်၍ ကျလေ၏။ ကျည်ဆံသည် နယ်လဆင်၏ ကျောရိုးတွင် မြုပ်ဝင်လျက်ရှိသဖြင့် နယ်လဆင်အား ဘေးကင်းရာ သင်္ဘေ၀မ်းသို့ ယူသွားရလေ၏။ နောက်ဆုံးတွင် အင်္ဂလိပ်တပ်က နိုင်ကြောင်းကို သိရပြီးမှ ရရှိသော ဒဏ်ရာဖြင့် ကွယ်လွန်လေသည်။ "ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ပ်၏တာဝန် ၀တ္တရားများကို ကျေပြွန်စွာ ဆောင်ရွက်ပြီးပါပြီ" ဟူသော နယ်လဆင် သေအံ့ဆဲဆဲတွင် ပြောခဲ့သော စကားသည် သမိုင်း၌ ဥဒါန်းတွင်ရစ်၏။]
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄နာရီခွဲခန့်အချိန်တွင် နယ်လဆင်သည် ရန်သူရေတပ်ကို အပြီးသပ် အောင်မြင်၍ အင်္ဂလန်နိုင်ငံသူ နိုင်ငံသားများသည်လည်း ထိုစစ်ပွဲ နိုင်သည့် သတင်းကောင်းနှင့်တကွ ရေကြောင်းဗိုလ်ချုပ်မှူး နယ်လဆင် တိုက်ပွဲတွင် ကျဆုံးရရှာပြီ ဟူသော ၀မ်းနည်းဖွယ် သတင်းကိုပါ တပါတည်း ကြားကြရလေသည်။ သူ၏ ရုပ်အလောင်းကို ၁၈၀၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်တွင် လန်ဒန်မြို့ စိန့်ပေါဘုရားရှိခိုးကျောင်းကြီး အတွင်း၌ မြှုပ်နှံထား၏။ ထို့အပြင် အထိမ်းအမှတ်အဖြင့် ပေ ၁၇၀ ကျော်မြင့်သော နယ်လဆင် ကျောက်တိုင်ကြီးကို တည်ဆောက်ထားခြင်းဖြင့် အာဇာနည်ရေကြောင်း ဗိုလ်ချုပ်မှူး၏ ကျေးဇူးကို ဂုဏ်ပြု ချီးကျူးထားလေသည်။
"အရှက်နဲ့ လူလုပ်တယ်" ဆိုတဲ့ စကားကို စူဠသုဘဒ္ဒါတို့ခေတ်၊ ဥပကတက္ကဒွန်းကြီးတို့ ခေတ်က ပြောခဲ့ကြသလို ခုခေတ်မှာလည်း ပြောနေကြတာပါ။
"ဟေ့ တို့က အရှက်နဲ့ လူလုပ်တာ၊ အရှက်ကို အသက်ထက် ပိုတန်ဘိုးထားတယ်"
ဆိုတာမျိုး လူတိုင်းလိုလို တကြိမ်တခါတော့ ပြောဖူးကြတာချည်းပါပဲ။ ဒါပေမယ့် 'အရှက်' ဆိုတာ ဘာလဲလို့ မေးကြည့်လိုက်ရင်တော့၊ တယောက်တမျိုး၊ေ၀၀ါးထွေပြားတဲ့ အဖြေတွေသာ ထွက်လာမှာ ဖြစ်ပါတယ်။ တိကျရေရာတဲ့ အဖြေတခုရဖို့ မလွယ်တော့လောက် အောင်ကို 'အရှက်' ဆိုတာ၊ အလှမ်းကွာဝေးသထက် ကွာဝေးလာနေတဲ့ အရာတခု ဖြစ်နေပါတော့တယ်။
ဒီလို အလှမ်းဝေးလာခဲ့ရတာက "အရှက်" ဆိုတာရဲ့ "တန်ဖိုး" သတ်မှတ်ချက်တွေ ပြောင်းလဲ သွားခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ ဘာမှ မကြာသေးတဲ့ မနေ့တနေ့ကတွင် ရှက်စရာလို့ ယူဆထားတဲ့ အရာတခုဟာ ကနေ့ သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလောက် အဖြစ်သာ သဘောထားတာမျိုးတွေ အများကြီး ဖြစ်နေပါပြီ။ "အရှက်" နဲ့ "တန်ဖိုး" တွေ ပြောင်းလဲသွားတာနဲ့အမျှ၊ လူ့အဖွဲ့ အစည်းလည်း ပြောင်းလဲသွားရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူ့အဖွဲ့အစည်းရဲ့ "နေပျော်မှု" "မနေပျော်မှု" ဟာ "အရှက်" နဲ့ "တန်ဖိုး" အပေါ်မှာ အဓိက မူတည်နေကြောင်း ရေးသားလိုက်ရပါတယ်။

လူထုစိန်ဝင်း။
{လူထုစိန်ဝင်း ရဲ့ အရှက်နဲ့တန်ဖိုး စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၉၉ ဖေဖော်ဝါရီမှ ကူးယူ ဖော်ပြပါတယ်။}


No comments: