နေခြည်စူးရှနေသော်လည်း မြောက်ပြန်လေအဝှေ့မှာတော့ ဆောင်းရနံ့တို့ သင်းပျံ့ပျော်မွေ့ဆဲ။ တခါတရံ ခပ်လှမ်းလှမ်းဆီမှ ကျွန်းရိပ်ညိုများကိုပင် မမြင်ရအောင် နှင်းဇာပါးက ပိတ်ဆီးကာရံတတ်သေးရာ သည်လိုရက်မျိုး ဆိုရင်တော့ ကျွန်းခိုနေသည့် သူတို့ လှေကလေးသည် နှင်းကွဲကို စောင့်ပြီးမှ ပင်လယ်ထွက်လေ့ရှိသည်။ ကုန်တင်စက်လှေကြီးများနှင့် ငါးဖမ်းလှေများက နှင်းဇာပါးကို မြူမှုန်ခြယ်သော နံနက်များမှာ သူတို့လို ခူဖမ်း လှေကလေးတွေအတွက် အန္တရာယ်ဆိုးတွေပင် ဖြစ်သည်။
သည်နေ့တော့ ရွှေရည်သောက်တဲ့ နေခြည်ပြောက်ကလေးများက နှင်းမှုံငွေစက်တွေကို ယူငင် သိမ်းဆည်း သွားသည့်အတွက် ၀န်းကျင်တခွင်လုံး ထင်လင်းဝါရွှေလို့နေသည်။ နေခြည်ဆမ်းပက်ထားသည့် ပြာလဲ့လဲ့ ပင်လယ်ရေပင်လျှင် ၀ါတလီ စိမ်းတလှည့်ဖြင့် သဘာဝတရားကြီးရဲ့ လှည့်စားခြင်းကို ခံစားနေရသည်။
သူလည်း ဘာထူးသေးလဲ။ ပဉ္စလက်မှော်ဆရာရဲ့ ကြိမ်ရိုက်ခြေဆောင့်ခြင်းကို ခံနေရသည်ပဲ။ သွားစမ်းပါ။ နေပူပူ နှင်းကျကျ သူ့အဖို့ကတော့ ဘာမှမဆန်း။ သည်ခရီး သည်လမ်း သည်လုပ်ငန်းတွေ ပင်လယ်နှင့် မကင်းသရွေ့ ပင်လယ်အတွင်း ပျော်မွေ့နေရမည်က မသေမချင်းပေါ့။ သေခြင်းကလည်း သူ့လိုလူအတွက် မေ့လျော့နေသည်ထင်ပါရဲ့။ နုနယ်ငယ်ရွယ်လွန်းသူ သူ့ညီမလေးကိုမှ ရွေးချယ်ခေါ်ငင်သွားခဲ့သည်။
မျက်စိများကိုဖွင့်၍ အိပ်စက်ခြင်းကို ယူဆောင်တတ်သော ငါးတို့သည် တိမ်ညိုရိပ်မဲတွေရဲ့အောက်မှာ ငြိမ်သက်နေကြသည်။ ရွေ့လျားစီးမျောမှုတွေကြား ရပ်တန့်ငြိမ်သက်သက်ခြင်းတွေ ဘာကြောင့် ရှင်သန်ပျော်ဝင် နေပါလိမ့်။ ပင်လယ်ပြင်တွင် ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်၍ဟု တခါက အော်ဟစ်ခဲ့ဖူးသူများကို သူ့အနေဖြင့် တဆိတ်လောက် လက်တို့လိုက်ချင်သည်။ တိမ်စိုင်ရိပ်မဲတို့ရဲ့အောက်မှာ ငြိမ်သက်စွာ အိပ်စက်နေသည့်ငါးများ၊ ဒီမှာလေ ငြိမ်သက်ခြင်းတွေ။
ငါး၏ ဦးခေါင်းနှင့် အမူအကျင့်ချင်း တူလှစွာသော သူ၏ လှေဦးသည် ရေဆန်ကို ထိုးခွဲဆန်တက် နေသည်။ စူးရှရှနေခြည်အောက်မှာ တိမ်ရိပ်ခို ငြိမ်သက်နေသည့် ငါးအုပ်ကို ကွင်းရှောင်ခုတ်မောင်းပေမယ့် စက်ရှိန်ကြောင့် လှိုင်းယက်ထမှုမျိုးကိုတော့ သူ့အနေဖြင့် တားဆီးပိုင်ခွင့် မရှိပါ။ မျှားချိတ် သို့မဟုတ် ပိုက်တန်းကိုသာ ရန်သူထင် စိုးရွံ့တတ်သော ငါးများအဖို့ စက်ရှိန်ကြောင့် လှုပ်ရှားလာသော လှိုင်းယက်လောက် ကိုတော့ အိပ်ပျက်ခံ၍ ထကြည့်မည် မဟုတ်ပေ။
ထိုးခွဲဖိတ်စင်လာသည့် ရေစက်ရေပန်းကလေးတွေ သူ့မျက်နှာကို ကလူကျီစယ်ချိန်၌ ရေစီးအတိုင်း မျောပါလာသော သတ္တ၀ါကောင်လေးတွေကို ခပ်ခွက်နှင့် ဆီးခပ်ဆယ်ယူလိုက်သည်။ ပါလာသည်က ငါးလည်းမဟုတ်၊ ပုဇွန်လဲမဟုတ်၊ ခမောက်ပုံသဏ္ဍာန် လုံးဝန်းသည့်ခန္ဓာကိုယ်နှင့် ရေထဲမှာ လှုပ်ရှားသွားလာ နေသည့် ပင်လယ်ခူကောင်များ။ ငါးတွေက ဆူးတောင်၊ ရေယက်နှင့် အမြီးတို့ကို အသုံးပြုပြီး ရေမှာ လူးလာခေါက်ပြန် ကူးနိုင်ပေမယ့် ပင်လယ်ခူကောင်များကတော့ ငါးတွေလို ကူးခတ်နိုင်စွမ်းမရှိဘဲ ပင်လယ်ရေစီး ကြောင်းတလျှောက် ရေတက်ရေကျအလိုက် အလိုက်သင့် မျောပါနေခြင်းဖြစ်သည်။ ယခုလို လဆန်း၊ လဆုတ် (၆)ရက်မှ (၁၂)ရက်အထိ ရေသေမျိုးဆိုလျှင် ခူပေါ်သည့် ရက်များဖြစ်သည်။
ညီမလေးရေ..... မင်းရဲ့အသွေးအသား အဆီအခဲတွေဟာ ပင်လယ်ပြင်ကြီးထဲမှာ ကျေပျက်ပျော်ဝင် ကုန်ပြီလားကွာ။ အခုလောက်ဆို ညီမလေးရဲ့ အရိုးတွေ ပင်လယ်ကြမ်းပြင်အောက်မှာ အမှုန်အနယ်အဖြစ် ကျဆင်းသက်ရောက်ကုန်ရောပေါ့။ ငါ့ညီမလေးရဲ့ အသက်ဝိညာဉ်ဟာ ဒီပင်လယ်ပြင်ကြီးထဲမှာ ကျင်လည် ကျက်စားနေမယ်ဆိုရင်တော့ မင်းအစ်ကိုရဲ့ သောကကို မြင်နေရမှာပါ။
'အေ့'
ညက စိတ်ညစ်ညစ်နှင့် တောချက်မီးတောက် အရက်ပြင်းတွေ နင်းကန်သောက်ပြီး လေချဉ်တက် လာသည့် သူသည် ပဲကုတ်ကြီး မမြင်အောင် လှေနံမှာထောင်ထားသည့် အရက်ပုလင်းကို ဆွဲယူ၍ ခပ်သွက်သွက် မော့ချလိုက်သည်။ အဟား ခုမှ နေသာ ထိုင်သာရှိသွားတော့တယ်။ မြို့သားတွေ အတွက်တော့ ဒါဟာ မောနင်းပက်ပေါ့။
ရင်ထဲမှာ ရှင်းသွားသော်လည်း ခေါင်းထဲမှာတော့ နောက်ကျိရီဝေမှုများ လှည့်ပတ်ဆူဝေလို့ နေသည်။ ကြိမ်ကွင်းတွင် နိုင်လွန်ပိုက်အိတ် တပ်ဆင်ပြီး သစ်သားရိုးတံ တပ်ထားသည့် ခူခပ်ခွက်သည် သူ့လက်ထဲမှာ ခပ်သွက်သွက် လှုပ်ရှားနေသည်။ လက်ကိုင်ရိုးတံ၏ ထိပ်ဖျားမှာ ဖော့လုံးများကို အစီအရီ တပ်ဆင်ထားသည်။ ရေခူခပ်နေစဉ် မတော်တဆ ရေထဲ လွတ်ကျသွားလျှင် ရေပေါ်မှာ ပေါ်နေပြီး ခွက်မဆုံးစေရန် ဖြစ်သည်။
ခူခပ်ခွက်မှာ ဖော့လုံးတပ်ထားတာ ဘယ်သူရဲ့ စိတ်ကူးပါလိမ့်။ ကောင်းလိုက်တဲ့စိတ်ကူး။ ငါ့ညီမလေး ကိုယ်မှာလည်း ဒီဖော့လုံးတွေ တပ်ဆင်ထားရင် ကောင်းမယ်။ ဒါမှ ရေမနစ်အောင်....၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ ညီမလေးဟာ ရေနစ်သေဆုံးတာ မဟုတ်ဘူး။ သေပြီးမှ ရေနစ်တာပါ။
သူ့ပါးစပ်က ရွတ်ချင်တာတွေ ရွတ်နေသော်လည်း သူ့လက်များက ခူခပ်မပျက်။ ရေစီးကြောင်းအတိုင်း မျောပါလာသည့် လုံးလုံးလိမ့်လိမ့် ခူလုံးတွေကတော့ ခပ်ခွက်ထဲ ၀င်လာမစဲ တသဲသဲ။ လာစမ်း လာကြစမ်း အပြာရောင်ရေခူ၊ အ၀ါရောင်ရေခူ၊ အစိမ်းရောင်ရေခူ၊ ပန်းရောင်ရေခူ၊ အညိုရောင်ရေခူ။ ရေခူခြောက်ပြုလုပ်ဖို့ အကောင်းဆုံးကတော့ ပထမတန်းစား ပန်းရောင်ရေခူများ။
ရေခူတွေရဲ့ သဘာဝကလည်း ဆန်းကြယ်လှသည်။ အဖြူရောင်ပင်လယ်ရေခူ လေးမြှောင့်တုံးဆိုလျှင် အလျား (၁) ပေ၊ အနံ (၁၀) လက်မလောက် ရှိမည်။ ပုံသဏ္ဍာန်ကိုက အဖြူရောင်လေးမြှောင့်တုံး သဏ္ဍာန်ကြီး။ ဒီကောင်မျိုးက ပင်လယ်ရေအကျ ကမ်းစပ်မှာ တင်ကျန်သည့်အခါ နေပူရှိန်ထိမိသည်နှင့် တကိုယ်လုံး အရည်ပျော်သွားသော ရေခဲတုံးကြီးလို ဖြစ်သွားတော့သည်။
ဟို ရေခူနှပ်ဆိုသည့် အမျိုးအစားကရော၊ လူတွေရဲ့ နှာခေါင်းကထွက်သည့် နှပ်လို ချွဲပျစ်ပျစ်နှင့် ရွံ့ရှာဖွယ်တောင် ကောင်းသေး။ ပင်လယ်ရေခူ ထမင်းပြုတ်ဆိုတာလည်း ရှိသေးသည်။ ထမင်းပြုတ်လို ပျစ်ချွဲချွဲ ပျော့အိအိနှင့် ကိုင်၍မရလောက်အောင် ချောကျိပျော့အိနေသည့်အတွက် ရေခူထမင်းပြုတ်၊ တချို့က ရေခူဆန်ပြုတ်ဟု ခေါ်ကြသည်။
ထွီ သူ နှလုံးမသာယာစွာနှင့် ပင်လယ်ထဲ သလိပ်ချွဲများ ခပ်ထုတ်ထွေးချပြီး အလစ်ချောင်းကာ ခွက်ပုန်းမော့လိုက်ပြန်ရာ ပူလောင်ခါးရှသည့်ရသက လည်ချောင်းတလျှောက် စီးဆင်းသွားကြပြန်သည်။ ညီမလေးရေ ဆန်ပြုတ်ဆိုလို့ ငါ့ညီမလေးကို ဆေးတခွက် ဆန်ပြုတ်တဇွန်း မတိုက်လိုက်ရဘဲ လက်လွှတ်ဆုံးရှုံး လိုက်ရတာ ရင်နာလွန်းလို့ပါကွာ။ ခပ်ငယ်ငယ်ကတည်းက မိဘတွေ သေဆုံးကုန်လို့ ဒီမောင်နှမနှစ်ယောက်ပဲ ဖက်တွယ်ကြီးပြင်းလာကြရာက ပိုပြီးလုံခြုံစိတ်ချရတဲ့ မြို့က ဦးလေးတို့မိသားစုဆီ ပို့ထားခဲ့မိတာ အကို့အမှား ပါကွာ။ အစ်ကို ပိုက်ဆံတွေ အများကြီးရတဲ့အခါ တို့မောင်နှမနှစ်ယောက် အတူပြန်နေကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပင်လယ်မှာ ကြုံရာကျပန်းအလုပ်တွေ မမောတမ်း လုပ်ခဲ့တာလည်း ငါ့ညီမလေးအသိ။
'အစ်ကိုရေ... ငါ့ကို ပစ်မထားနဲ့နော်။ ငါဒီအလုပ်တွေ မလုပ်နိုင်တော့ဘူး။ ပထက်ကမ်းက အအေးခန်း ထဲမှာ ပုဇွန်ခေါင်းဖြတ်တဲ့ အလုပ်က ပိုက်ဆံရပေမယ့် သိပ်ပင်ပန်းတယ်။ တနေ့လုံး မတ်တပ်ရပ်နေရတော့ ခြေသလုံးတွေ တောင့်တဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ လက်ချောင်းတွေကလည်း အေးစက်နေတဲ့ ပုဇွန်အသေ ကောင်တွေကို ကိုင်ရလွန်းလို့ ထုံကျင်ကျင် ဖြစ်နေပြီ။ ပြီးတော့ အခုတလော အသက်ရှူရတာ မကောင်းဘူး။ ညနေစောင်းလို့ 'လဟာ' လာရင် ငါကြောက်တယ်အကို။ ပထက်ကမ်း အအေးခန်းဟာ မြို့နဲ့မျက်နှာချင်းဆိုင်မှာမို့ ခရီးမဝေးလှပေမယ့် မွန်းလွဲတာနဲ့ လေတွေ တ၀ှီးဝှီးအော်ပြီး လဟာဆိုတဲ့ လှိုင်းကြက်ခွပ်တွေ ပေါ်လာရင် ငါ့ရင်တွေ တအားတုန်တာပဲ။ အချိန်တန်တော့လည်း လေအော်လှိုင်းထနေတဲ့ ရေပြင်ကို ဖြတ်ပြီး ပြန်ရတာ ညနေတိုင်းဆိုတော့ အိမ်ရောက်ရင် ကြောက်လွန်းလို့ ညဘက်ဆို အိပ်မပျော်ပြန်ဘူး။ ဒီတခါ ပင်လယ်က ပြန်လာရင် ငါ့အနားမှာပဲ နေပါတော့ဟယ်။ တခြားကုန်းပေါ်က အလုပ်တွေ ရှာလုပ်ပြီး အစ်ကို မိန်းမယူချင် ယူပေါ့။ ငါက မီးဖိုထဲမှာ ထမင်းချက်ပေးမယ်လေ။ ပုဇွန်ပါကင်တော့ မထုတ်ချင်တော့ဘူး အစ်ကိုရယ်'
ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့၍ အစ်ကိုကို နင် ငါနှင့် ပြောတတ်သည့် ညီမလေးရဲ့ အသုံးအနှုန်းများ သည် မယဉ်ကျေးပေမယ့် သူ့နားထဲမှာ နားဝင်ချိုနေခဲ့သည်။ သူ ကော့သောင်ဘက် အလုပ်သွားလုပ်၍ ပြန်လာသည့်အခါ သူ့ညီမလေးအတွက် ပါတိတ်ထမီတို့၊ မိတ်ကပ်ဘူးတို့ ပါလာနေကျ။ အလှအပပစ္စည်းကလေး တွေနှင့် ညီမလေးကို နှစ်သိမ့်ပြီး အိမ်တဆောင်နှင့် ကိုယ်တို့မောင်နှမ နှစ်ယောက်နေဖို့ မဖြစ်သေးဘူး ညီမလေးရေလို့ ပြောမထွက်ခဲ့ပါ။
မြို့မှာသာ ထားခဲ့ရသည်၊ ညီမလေးကို သူ သိပ်စိတ်ချသည်တော့မဟုတ်။ လှိုင်းတံပိုးများ အကြား ညီမလေးကို သူအနစ်အမွန်း မခံနိုင်။ သူ ငါးလှေနောက် လိုက်သွားပြီး လုပ်ငန်းသိမ်းတော့ ပါလာသည့် ငွေစကလေးများ ပွါးလာလေမလား မျှော်လင့်ချက်နှင့် သူ မိုက်တွင်းနက်မိပြန်သည်။ အနီထောင်ကစားဝိုင်းတွင် ပြုတ်ပြုတ်ပြုန်းသွားတော့ သူ့ငွေစကလေးတွေကို မျက်စိထဲ ပြန်မြင်ရင်း လှေနံကို ခေါင်းနှင့်ဆောင့်မိသည်မှာ အခါခါ။ နောင်တများကို ထမ်းပိုး၍ ခူဖမ်းရာသီရောက်တော့ သူ ပင်လယ်ထဲ ရောက်ခဲ့ပြန်သည်။
ကမ္ဘာ့ဟင်းလျာဈေးကွက်မှာ ပထမတန်းဟင်းလျာအဖြစ် နေရာယူသည့်၊ ပင်လယ်ခူတို့သည် ပင်လယ်မှာ တော့ ဆန်းကြယ်သည့် သတ္တ၀ါတမျိုးပါ။ ဟောဒီမှာ ကြည့်၊ ရေခူတကောင်လုံးကို ဦးခေါင်းပိုင်းနှင့် ခြေထောက်ပိုင်း ဆိုပြီး ခွဲခြားထားရာမှာ ဦးခေါင်းပိုင်းကိုသာယူပြီး ခြေထောက်ပိုင်းကို ရေထဲသို့ ဖြတ်တောက်ပစ်ချလေ့ရှိသည်။ ထိုခြေထောက်ပိုင်းသည် ရေထဲရောက်ပြီးနောက် ခြောက်နာရီအတွင်းမှာ ခူကောင်အဖြစ် ပြန်လည်ပေါက်ဖွားလေ့ ရှိတယ်လို့ ၀ါရင့်ရေလုပ်သားကြီးတွေ ပြောသံ ကြားဖူးသည်။
သည်ထက်ပိုပြီး အံ့သြဖို့ကောင်းသည်က ခူကောင်ရဲ့ ဦးခေါင်းပိုင်းမှာ အလွန်တရာ အံ့သြဖွယ်ကောင်း သည့် ထူးခြားချက်တခု ရှိသည်။ အဲဒါက ဘာလဲဆိုတော့ မိုးလေ၀သအခြေအနေကို ကြိုတင်ခန့်မှန်းနိုင်ခြင်းပါဘဲ။ ခူကောင်ရဲ့ နားနောက်မှာ ရှိသည့် အကြောအမျှင် စွမ်းအင်သတ္တိတွေက မုန်တိုင်းမကျမီ တဆယ့်နှစ်နာရီအကွာမှာ မုန်တိုင်းကျတော့မှာကို ကြိုတင်သိနေခြင်းပင် ဖြစ်သည်။
ထိုအသိညာဏ်ကြောင့်ပင်လျှင် ရေခူတို့သည် ယခုလို ဆောင်းအလယ် နွေဦးခါမှာ ပင်လယ်ရေတိမ်ပိုင်း ၌ စုပြုံကျက်စားကြခြင်းဖြစ်သည်။ မိုးသက်မုန်တိုင်း ကျတော့မည်ဆိုလျှင် ရေခူကောင်တို့သည် ရေနက်ထဲသို့ ငုံ့လျှိုးပျောက်ကွယ်သွားလေ့ရှိသည်။ သူတို့ ရေခူဖမ်းသမားတွေဟာလည်း ရေခူရဲ့ နားနောက်မှာရှိတဲ့ အသံလှိုင်းရိုက်ခတ်မှု သဘောသဘာဝတွေကို အကဲခတ်ပြီး ပင်လယ်ပြင်သို့ ထွက်ရလေ့ရှိသည်။
မုန်တိုင်းနှင့်ပင်လယ်ဆိုသည်ကလည်း မကြာခဏ ဒွန်တွဲတတ်သည်မို့ ရေကြောင်းကို အားပြုနေရသည့် ရေလုပ်သား၊ လှေလုပ်သားအားလုံး အလေးအနက် သတိထားအပ်သည့် အရာပေပဲ။ ဒါပေမယ့် ပင်လယ်ပြင် ကျယ်ကြီးထဲမှာသာ လှေတစင်းနစ်မြုပ်သည့်အခါ အသက်ဆုံးချင်ဆုံးမည်၊ ကော့သောင်းရေကြောင်းခရီးစဉ် ကတော့ လှေနစ်မြုပ်သည့်တိုင်အောင် လူတွေ ဖိတ်စင်ခဲသည်။ ကျွန်းငယ်ကလေးတွေ ပေါများတာရယ်၊ လမ်းတ လျှောက်လုံး ငါးဖမ်းလှေတွေ မပြတ်သွားလာနေတတ်တာကြောင့်ရယ် ကယ်ဆယ်မယ့်သူ ပေါ်ပြီး လှေနစ်ပေမယ့် လူမသေနိုင်ပါ။
ဒါပေမယ့် ညီမလေးရေ... အစ်ကိုရှိရာ ကော့သောင်းကို ဆင်းလိုက်လာတဲ့ညီမလေးရဲ့ တဇွတ်ထိုး စိတ်ကလေးက တဲတဲလေးကျန်တော့သည့် ကျန်းမာရေးကို ဆောင့်ဆွဲလိုက်သလို ဖြစ်သွားပါရောလား။ မိုးကြီးလေကြီးထဲ ရုတ်တရက် စက်ချို့ယွင်းပြီး လှေနစ်တော့ ညီမလေးဟာ အခြားခရီးသည်တွေနဲ့အတူ ဖောင်တခုပေါ် ရောက်သွားသတဲ့။ အဲဒီဖောင်ကိုတော့ လူရှစ်ယောက်လောက် ဖက်တွယ်ထားတယ်။ ဖောင်ဆိုတာ လှေလိုလှော်ရတဲ့ အရာမဟုတ်တော့ ရေထဲမှာ အလှည့်ကျ ဆင်းယက်ရတာပေါ့။ နဂိုက လူမသိဘဲဖြစ်နေတဲ့ နှလုံးရောဂါအခံကြောင့် အလန့်ကြီးလန့်ပြီး အခြေအနေမမှန်တော့တဲ့ ညီမလေးကို အားလုံးက ငဲ့ညှာပြီး ရေထဲဆင်းပြီး ဘယ်သူမှ မယက်စေပါဘူးတဲ့။
ညမှောင်မှောင် မိုးသက်တွေကြား ဖောင်ပေါ် သက်တောင့်သက်သာ ထိုင်လိုက်လာရတာတောင် ညီမလေးခမျာ အသက်မရှင်ရှာခဲ့ဘူး။ မိုးစင်စင်လင်းတော့ အသက်မဲ့နေတဲ့ ညီမလေးရဲ့ ခန္ဓာကိုယ်ကို မြို့ထိသယ်ဆောင်ခွင့်မရှိဘဲ ရေမှာချခဲ့ရတာ ရင်နာစရာကောင်းလိုက်တာ။ ရေနစ်လို့မသေဘဲ သေမှ ရေနစ်ရတဲ့ညီမလေးရေ၊ အခုလောက်ဆို ငါ့ညီမလေးရဲ့ အသားတွေကို ငါးကြီးတွေစားလို့ အရိုးတွေကတော့ အမှုန်အနယ်အဖြစ် ရေအောက်ကြမ်းပြင်ဆီ ရောက်ရောပေါ့။ တော်တော်မတရားတဲ့ လောကကြီး။ လှေတစင်းလုံးနစ်တာ၊ ငါ့ညီမလေးတယောက်တည်း သေရတယ်လို့။
နေရှိန်မြင့်တက်လာလို့လား၊ သောက်ထားသည့် မီးတောက်အရက်ရဲ့ အရှိန်ကြောင့်လား။ ရီဝေယိုင်ထိုး နေသည့် သူ့ခန္ဓာကိုယ်သည် ခူခပ်ခွက်ကို ရေမှာချစဉ် အရှိန်လွန်ပြီး ရေထဲသို့ လူပါထိုးကျသွားလေတော့သည်။ ခူခပ်ခွက် လက်တံထိပ်ဖျားက ဖော့လုံးမှာ ချည်ထားသည့်ကြိုး၏ တဖက်စသည် လှေနံရံနှင့်ပါ တွဲချည်ထားခြင်း ကြောင့် ခပ်ခွက်ကို လက်မှာမြဲနေသော သူသည် ရေထဲသို့ကျသွားသော်လည်း နစ်မြုပ်သွားခြင်းမရှိပေ။
လှေပေါ်မှာ ပါလာသည့် ပဲ့ကုတ်နှင့် သူလို ဘ၀တူ ခူခပ်သမားတယောက်ရဲ့ ကျေးဇူးကြောင့် သူအသက်မသေဘဲ လှေပေါ်ပြန်ရောက်လာပေမယ့် သူ့တကိုယ်လုံး ပူလောင်ယားယံပြီး မီးလောင်ဖုလို အနာတွေ ထွက်လာသည်။ သံပူမီးနှင့် အထိခံရသလို အရေပြားတွေ ကွာကျလာတော့မတတ် ပြင်းထန်သည့် ဝေဒနာကို ခံစားနေရသည်။
'ပင်လယ်ခူမီး ထိပြီဟေ့'
မျက်လုံးမဖွင့်နိုင်အောင် ခံစားနေရသည့်အထဲ ပဲ့ကုတ်၏ အသံကြောင့် သူ ကြက်သီးမွေးညင်း ထလောက်အောင် အကြောက်ကြီးသွားမိသည်။ ပင်လယ်ပြင်တွင် ရေခူ (၁၂) မျိုးခန့် ရှိသည့်အနက် စားသုံး၍ရသည့် ခူများရှိသလို စားသုံးရန်မပြောနှင့် လူကို အန္တရာယ်ပြုသည့် ရေခူအမျိုးပေါင်းများစွာ ရှိသည်။ သူတို့တွင် လူ၏အရေပြားကို ပူလောင်စေတတ်သော စွမ်းအင်ရှိသည့် အဆိပ်ရည်များရှိသည်။ သူတို့ကို ထိမိသည်နှင့် ထိုအဆိပ်ရည်ဖြင့် ပြန်ပက်တတ်သည်။ ထိမိလျှင် တကိုယ်လုံး ယားယံစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူယား။ ထိမိလျှင် တကိုယ်လုံး ကိုက်ခဲ တောင့်တင်းစေတတ်သော ဝေဒနာကို ပေးသည့် ပင်လယ်ခူထောင်း၊ နီဝါရောင်ရှိ မှိုနှင့်တူသဖြင့် ပင်လယ်မှိုမီးဟုလည်းခေါ် ငါးဖန်ခွက်ဟုလည်းခေါ်သော ကြောက်စရာ ပင်လယ်ခူမီး။ ခူပင်လယ်ကြီးထဲကျမှတော့ ခူမီးထိပြီပေါ့။ သူသေတော့မှာ ထင်ပါရဲ့ ညီမလေးရေ။
'ဟေ့ကောင် မူးမူးရူးရူးနဲ့ ပေါက်ကရတွေ အော်မနေနဲ့။ ပင်လယ်ခူထိလို့ သေတဲ့မသာ မရှိဘူးကွ'
ပဲကုတ်က ဒေါသတကြီးအော်ဟစ်ပြီး မီးဖိုချောင်သုံး ရှလကာရည်တွေနဲ့ ခူမီးထိသည့်နေရာတွေကို လောင်းချပေးနေသည်။ ရုတ်တရက် ရေခူထိသည့်အခါ လျှပ်တပျက် ကုသချက်ထင်ပါရဲ့။ သေတာကနောက်၊ ပူလောင်နာကျင်တာက အရင်။ မခံစားချင်ဘူး။ လက်ရှိဘ၀နဲ့ ဝေဒနာတွေကို မေ့ထားနိုင်ဖို့ ပေးစမ်းပါ။ ပူလောင်ခါးရှတဲ့ မီးတောက်အရက်ပြင်းပြင်းတခွက်လောက်။ ။
မိချမ်းဝေ။
[စတိုင်သစ်မဂ္ဂဇင်း၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ]
{မိချမ်းဝေရဲ့ 'ကမာရင်ကွဲနှင့် အခြားပင်လယ်ဝတ္ထုတိုများ' စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၀ ခု၊ မေလ မှ ကူးယူဖော်ပြပါတယ်။}
1 comment:
အစက နေ အဆုံးထိဖတ်လိုက်တာ ပြီးသွားမှပဲ မျက်တောင်ခတ်ဖို့ သတိရတယ်။ ကောင်းလိုက်တာ။ :)
Post a Comment