Wednesday, May 6, 2009

အင်္ဂလိပ်စကားပြောတတ်ချင်သူများအတွက်
ရေးသူ- လူထုစိန်ဝင်း

"ကျွန်တော့်သမီးက အင်္ဂလိပ်စာအဓိကနဲ့တော့ ဘွဲ့ရပြီးပါပြီ။ ဒါပေမယ့် စကားလည်း မပြောနိုင်၊ သတင်းစာတွေ မဂ္ဂဇင်းတွေလည်း မဖတ်နိုင်ပါဘူး။ သံရုံးတွေကဖွင့်တဲ့ သင်တန်း တွေလည်း တက်နေတာပဲ။ ဒါပေမယ့် ထင်သလောက် တိုးတက်မလာဘူး၊ အဲဒါဘာဖြစ်လို့လဲ"
အနှစ် (၂၀) လုံးလုံး စကားပြောသင်တန်းဆရာလုပ်လာတဲ့ ကာလတလျှောက်မှာ ဒီစကားမျိုး နေ့တိုင်းကြားခဲ့ရပါတယ်။ သင်တန်းလာတက်ကြတဲ့ လူအားလုံးလိုလိုလည်း ဒီအတိုင်းပါပဲ။ အင်္ဂလိပ်စာသင်တဲ့ ဆရာမတော့ လုပ်နေပါရဲ့။ အင်္ဂလိပ်စကားတော့ မပြောတတ်။ အင်္ဂလိပ်စာအုပ်တွေတော့ မဖတ်တတ်ပါဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ တော့ ဖြစ်လာပါရဲ့။ နိုင်ငံခြားသားတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါကျတော့ ပြောတတ်ဖို့ ဆိုတတ်ဖို့ ဆိုတာထား။ သူပြောတာကိုတောင်မှ သေသေချာချာနားလည် သဘောပေါက်နိုင် စွမ်း မရှိကြပါဘူး။


မကြိုးစားကြလို့လား ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီခေတ် ကလေးတွေလောက် တပင်တပန်း ကြိုးစားအားထုတ်ကြတာမျိုး တွေ့တောင်မတွေ့ဖူးပါဘူး။ ကိုယ့်ခေတ်၊ သူတို့မိဘ တွေ ခေတ်တုန်းကလည်း သူတို့လို သင်တန်းတကာ ကျူရှင်တကာလည်း တက်ရတာမျိုး မရှိခဲ့ပါဘူး။ သူတို့ခမျာတွေကျတော့ တနေ့ ကျူရှင်တွေနဲ့သာ အချိန်ကုန်နေကြရရှာတာပါ။ အိမ်ဆိုတာ အိပ်ဖို့နေရာကလေးတခုလောက်သာ သူတို့အတွက် အဓိပ္ပါယ် ရှိပါတော့တယ်။ စားတာလည်း ကျူရှင်တခုနဲ့တခုကြား အားတဲ့အချိန်တိုလေးမှာ ထမင်းဗူးဖွင့်ပြီး ၀မ်းဗိုက်ပြည့် ပြီးရောဆိုတဲ့ သဘောနဲ့ ကတိုက်ကရိုက် စားကြရရှာတာပါ။ မြန်မာကလေးတွေရဲ့ ပင်ကိုယ် ဥာဏ်ရည်ဥာဏ်သွေးကလည်း မညံ့ပါဘူး။ ထုံထုံထိုင်းထိုင်း အစားထဲက မဟုတ်ကြပါဘူး။ ဒါတောင်မှ ဘာဖြစ်လို့ ဒီခေတ်ကလေးတွေ အင်္ဂလိပ်ဘာသာစကား အပြောအဆို၊ အရေးအဖတ်မှာ မစွမ်းကြတာလဲဆိုတာကို လေ့လာသုံးသပ်ကြည့်ဖို့ကောင်းပါတယ်။
နှစ်ပေါင်း (၂၀)ကျော် အင်္ဂလိပ်စကားပြောသင်တန်းလေး ဖွင့်ပြီး သင်ကြားလာတဲ့ အတွေ့အကြုံအရ သုံးသပ်ကြည့်မိတာကတော့ သူတို့ သင်ယူပုံ သင်ယူနည်း မှားနေတယ် လို့ ထင်ပါတယ်။ ဒီနေ့ကလေးတွေက ဆရာနဲ့ ကျူရှင်ကို သိပ်အားထားလွန်းပါတယ်။ ကိုယ်တိုင် အားထုတ်လုပ်ကိုင်မှု အပိုင်းက အားနည်းပါတယ်။ ကျောင်းနဲ့ ကျူရှင်တွေမှာသာ အချိန်ကုန် နေလေတော့ ကိုယ်တိုင်အားထုတ်လုပ်ကိုင်ဖို့ အချိန်ရယ်လို့ သိပ်များများစားစား မကျန်တော့ ပါဘူး။
ပညာတရပ်ကို တတ်မြောက်ကျွမ်းကျင်ဖို့ရာမှာ ဆရာသင်တာနဲ့တင် မပြီးပါဘူး။ ကိုယ်တိုင် အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ စက်ချုပ်တာ၊ ဆံပင်ညှပ်တာလို ကိစ္စမျိုးတောင် များများလေ့ကျင့်မှ လက်ရာကောင်းလာတာမျိုး မဟုတ်လား။ ကိုယ့်သင်တန်းမှာ (၁၀) တန်းအဆင့်ကို အနိမ့်ဆုံးထားပြီး လက်ခံတာကြောင့် မြန်မာပြည်က (၁၀) တန်းအဆင့် ကလေးများဟာ အလုပ်ခွင်မှာ အသုံးချရုံလောက် အင်္ဂလိပ်စာအခြေခံကိုတော့ လုံလောက်အောင် သင်ယူခဲ့ကြပြီးဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ လုပ်ငန်းခွင်အသုံးချရုံ သက်သက်ဆိုရင် သူတို့ သင်ယူခဲ့ရတဲ့ သဒ္ဒါအခြေခံနဲ့တင် လုံလောက်ပါတယ်။ ထပ်ပြီး အချိန်ဖြုန်း သင်ယူနေဖို့ မလိုတော့ပါဘူး။ (၁၀) တန်းသင် သဒ္ဒါလောက်နဲ့ နေ့စဉ်သတင်းစာတို့ မဂ္ဂဇင်းတို့ ဖတ်လို့ရပါတယ်။
မပြောတတ်ဘူး၊ မရေးတတ်ဘူး၊ မဖတ်တတ်ဘူးလို့ ညည်းတွားနေသူတွေကို ဘယ်လောက်များများ ပြောခဲ့၊ ရေးခဲ့၊ ဖတ်ခဲ့ဖူးလဲလို့ မေးခွန်းထုတ်ကြည့်ပါ။ တကယ်တမ်း ကျတော့ ဘယ်သူမှ ပြောဖို့၊ ဖတ်ဖို့၊ ရေးဖို့ အလေ့အကျင့် လုံလုံလောက်လောက် မလုပ်ကြဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ မပြောဘဲနဲ့ ဘယ်လိုလုပ် ပြောတတ်မှာလဲ။ မရေး မဖတ်ဘဲနဲ့လည်း ဘယ်လိုလုပ် ရေးတတ် ဖတ်တတ်မှာလဲ။
တကယ်က (၁၀) တန်း အခြေခံလောက် ရှိထားပြီဆိုရင် စာဖတ်တတ်အောင်၊ ရေးတတ်အောင် ကျူရှင် ထပ်တက်ဖို့ မလိုပါဘူး။ ကိုယ့်ဟာကိုယ် အိမ်မှာနေရင်း အဖတ်ကျင့် အရေးကျင့်နေရင် ရပါတယ်။ ကိုယ်နားလည်နိုင်တဲ့ အရေးအသားမျိုးနဲ့ ရေးထားတဲ့ ကျောင်းသားဖတ် ပုံပြင်စာအုပ်တွေ၊ ၀တ္ထုစာအုပ်တွေ အများကြီး ရှိပါတယ်။ သံရုံးစာကြည့်တိုက်တွေမှာ စာလုံးရေ (၁၅၀၀- ၂၀၀၀) လောက်နဲ့ရေးထားတဲ့ စာအုပ်မျိုးက စပြီး စာလုံးရေ သုံးလေးငါးထောင်နဲ့အထိ အဆင့်လိုက် ရေးသားတဲ့ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဂန္တ၀င် စာကြီး ပေကြီးတွေကို ကျောင်းသားလေးတွေ ဖတ်နိုင်အောင်၊ သူတို့ အရွယ်အသီးသီးနဲ့ လိုက်တဲ့ ဝေါဟာရလောက်နဲ့ ရေးသားပေးထားကြပါတယ်။ ဒီစာအုပ်မျိုး တွေ ဖတ်သားရပြီဆိုရင် မူရင်းဝတ္ထုစာအုပ်ကြီးတွေ ဖတ်တဲ့အခါ သိပ်အခက်အခဲ မဖြစ်တော့ ဘူးပေါ့။ ဇာတ်လမ်း သဘောက နားလည်ပြီဆိုတော့ အင်္ဂလိပ်စာ အရေးအသားနဲ့ စကားလုံး ဝေါဟာရတွေကို စဉ်းစားဖို့ လွယ်ကူသွားပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် သင်တန်းသားများကို စာဖတ်နိုင်သလောက် များများကြီးဖတ်ပေးကြဖို့ အမြဲအကြံပေးပါတယ်။ အင်္ဂလိပ်စာကို ဖတ်ပြီး အသေအချာ နားလည်ပြီဆိုရင် ပြန်ရေးဖို့ မခက်လှတော့ပါဘူး။
စာရေးလေ့ကျင့်ဖို့လည်း "How to Write" စာအုပ်မျိုးတွေ ဖတ်ပြီး ကျက်မှတ်နေဖို့ မလိုပါဘူး။ ကိုယ်တနေ့တာ လုပ်ခဲ့သမျှတွေကို အင်္ဂလိပ်လို ဒိုင်ယာရီရေးတဲ့ အကျင့်လေး လုပ်ထားရင် ပြီးတာပါပဲ။ စာကို အင်္ဂလိပ်လို စရေးခါစမှာတော့ ကိုယ်ပြောချင်တာကို လိုက်ရေးဖို့ အခက်တွေ့မှာပါ။ ဒါပေမယ့် မရှက်မကြောက် ကိုယ်ရေးတတ်သလိုသာ ဆက်ပြီး ရေးဖြစ်အောင် ရေးပါ။ ဒိုင်ယာရီဆိုတာ တခြားသူ ဖတ်တာမှ မဟုတ်ပဲ။ ကိုယ့်ဟာကိုယ် ဖတ်တာဆိုတော့ မှားလည်း ရှက်စရာ မရှိဘူး မဟုတ်လား။ တလ ကိုးသီတင်း နေ့စဉ်မပျက် ရေးပြီးပြီဆိုရင် ရေးစက အခက်အခဲ ဖြစ်နေတာလေးတွေကို အလွယ်တကူနဲ့ ရေးချနိုင်တာကို တွေ့ရပါလိမ့်မယ်။ ဒိုင်ယာရီရေးလို့ အတော်လေးသွက်လာပြီဆိုရင် အက်ဆေးလေးတွေ ရေးကြည့်ပါ။ မကြောက်ပါနဲ့။ အင်္ဂလိပ်စကားပြောတဲ့ အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုးတွေ ထဲမှာလည်း ကိုယ့်လောက်တောင် အင်္ဂလိပ်စာ မဖတ်တတ်၊ မရေးတတ်သူတွေ ရှိနေပါလား ဆိုတာကို အမြဲခေါင်းထဲမှာ ထည့်ထားပါ။ ဒီနေ့ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ဂျပန်လူမျိုး အများစုဟာ မြန်မာတွေလောက် အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာ မတတ်ကြပါဘူး။ မပြောတတ် ဘူး။ မပြောတတ်ဘူးဆိုတဲ့ မြန်မာတွေ နိုင်ငံခြားရောက်သွားတဲ့ အခါမျိုးမှာ ကိုယ်လိုချင်တာ လုပ်ချင်တာကို တဖက်သား နားလည်လောက်အောင်တော့ ပြောတတ်ပါတယ်။ ဂျပန်တွေ မပြောတတ်ဘူးဆိုရင် တကယ်ကို ဘာဆိုဘာမှ မပြောတတ်တာပါ။ အဲဒီလို မပြောတတ် ပေမယ့် ဂျပန်တွေကို လူတကာက တလေးတစား ဆက်ဆံနေကြရတာ မဟုတ်လား။
စာရေး စာဖတ်တတ်ဖို့ ကျူရှင်တက်စရာ မလိုပါဘူး။ ကိုယ့်ဟာကိုယ် များများဖတ်ကျင့် လုပ်လို့ ရပါတယ်။ အင်္ဂလိပ်စကားပြောဖို့ကျတော့ အဖော်များများ လိုပါတယ်။ တယာက်တည်း စာအုပ်ဖတ်ပြီး အလွတ်ကျက်ရုံနဲ့ မပြောတတ်ပါဘူး။ သိပ်တတ်ချင်လွန်းလို့ တယောက်တည်း ဆရာကို အိမ်ခေါ်သင်လည်း မပြောတတ်ပါဘူး။ စာအုပ်ထဲမှာပါတဲ့ အပြန်အလှန် စကားပြော ခန်းတွေကြည့်ပြီး ဆရာတလှည့် ကိုယ်တလှည့် ပြောနေရုံနဲ့ မရပါဘူး။ အဲဒီလိုလုပ်လို့ ပြောနည်းကိုသာ သိနိုင်ပါတယ်။ အသံထွက်မှန်အောင်သာ ဆရာက ပြင်ပေးနိုင်ပါတယ်။ ရောက်တတ်ရာရာ အကြောင်းအရာတွေကို နှုတ်သွက်အာသွက် ပြောထွက်လာအောင်တော့ ဆရာက မတတ်နိုင်ပါဘူး။ ဒီလိုဖြစ်အောင် ပြောဖက် အဖော်များများရှိဖို့ လိုပါတယ်။ အဖော်များတော့ တယောက်တပေါက်နဲ့ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပါတယ်။ အားလုံးက မတတ်သေးလို့ တတ်အောင် လေ့ကျင့်နေကြသူတွေချည်းဆိုတော့ ရှက်ရွံ့နေစရာ လည်း မလိုဘူးလေ။ ကိုယ့်ထက် အားနည်းသူက သူပြောချင်တာ မပြောတတ်လို့၊ ဝေါဟာရမသိလို့ မေးရင် ကိုယ်က ရှင်းပြပေးနိုင်သလို၊ ကိုယ့်ထက် အားသာသူနဲ့ တွေ့တော့လည်း ကိုယ်ကမေးနိုင်တာပေါ့။ မေးတာပဲ ဖြစ်ဖြစ်၊ ဖြေတာပဲ ဖြစ်ဖြစ် ကိုယ့်ပါးစပ်က စကားတွေ ပြောနေရတယ် မဟုတ်လား။ တခုတော့ ရှိပါတယ်။ စကားဝိုင်းမှာ မြန်မာလို လုံးဝမပြောရဆိုတဲ့ စည်းကမ်းတော့ ချထားဖို့ လိုပါတယ်။ အင်္ဂလိပ်စကားပြောကျင့်တယ်ဆိုပြီး မြန်မာလိုတွေ ပြောနေလို့ အလကားပဲ ဖြစ်မှာပေါ့။
နှုတ်သွက်လျှာသွက် ဖြစ်ဖို့သာ အဖော်များများ လိုတာပါ။ ကျန်တာတွေက ကိုယ့်ဟာ ကိုယ် အလေ့အကျင့် လုပ်လို့ ရပါတယ်။ နားလေ့ကျင့်တာလည်း အိမ်မှာ ရုပ်ရှင်ကားတွေ ကြည့်ရင်း၊ သီချင်းတွေ ဖွင့်နားထောင်ရင်း လုပ်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောအခွေတွေ ဈေးကြီးကြီးပေးဝယ်ပြီး၊ နားထောင်ဖို့ မလိုပါဘူး။ ဒီအခွေတွေ နားထောင်ရတာ ကြာတော့ ငြီးငွေ့ပြီး နားမထောင်ချင်တော့ပါဘူး။ သီချင်းခွေဆိုတော့ အကြိမ်ရာထောင် နားထောင်လည်း ငြီးငွေ့တယ် မရှိဘူးလေ။ သီချင်းလိုက်ဆိုတာဟာ အသံထွက်မှန်ဖို့ လေ့ကျင့်ရာလည်း ရောက် ပါတယ်။
ပညာဆိုတာ ယူတတ်ရင် ရုပ်ရှင်ကလည်း ရပါတယ်။ သီချင်းကလည်း ရပါတယ်။ ဆေးညွှန်းစာရွက် ဖတ်ရင်လည်း ယူလို့ရပါတယ်။ (၁၀) တန်းအခြေခံလောက် သင်ယူထားပြီး သူတယောက်ဟာ အင်္ဂလိပ်စကားကို အလုပ်ဖြစ်ရုံလောက်သာ လိုအပ်တာဖြစ်ရင် ကျူရှင်တွေ ကျောင်းတွေ ထပ်တက်နေစရာ မလိုပါဘူးဆိုတာ ထပ်ပြီးပြောချင်ပါတယ်။ အလုပ်ဖြစ်ရုံ လောက်မဟုတ်ဘဲ အင်္ဂလိပ်စကား အင်္ဂလိပ်စာကို အဓိကထားပြီး လုပ်ရတဲ့ အလုပ်မျိုးဆိုရင် သာ ထပ်ပြီး သင်ယူဖို့ လိုပါတယ်။
ပညာဆိုတာ ဘယ်ပညာမဆို သင်ယူလို့ ကုန်သွားပြီ မရှိပါဘူး။ အသက်ထက်ဆုံး သင်နေဖို့ လိုအပ်တာချည်း ဖြစ်ပါတယ်။ ဒါပေမယ့် သင်ယူတယ် ဆိုတာမှာ ကျူရှင်တက်မှ ကျောင်းတက်မှ ဖြစ်တာ မဟုတ်ပါလားဆိုတာ အမြဲသတိ ပြုသင့်ပါတယ်။ ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျူရှင်တွေ ဘယ်လောက်တက်တက်၊ ဆရာတွေ ဘယ်လောက် သင်သင်၊ ကိုယ်တိုင် အလေ့အကျင့် မလုပ်လို့ကတော့ ဘယ်တော့မှ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်မလာနိုင်ဘူးဆိုတာလည်း အမြဲသတိပြုသင့်ပါတယ်။
နောက်ဆုံး နိဂုံးချုပ် ပြောလိုက်ချင်တာကတော့-
အင်္ဂလိပ်စာ ဖတ်တတ်ချင်ရင် အင်္ဂလိပ်စာ များများဖတ်။
အင်္ဂလိပ်စာ ရေးတတ်ချင်ရင် အင်္ဂလိပ်စာ များများရေး။
အင်္ဂလိပ်စကားပြောတတ်ချင်ရင် အင်္ဂလိပ်စကား များများပြော။
ဒီနည်း (၃) နည်းကလွဲပြီး တခြားနည်းလမ်း မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။

လူထုစိန်ဝင်း။
{မဟေသီမဂ္ဂဇင်း၊ အမှတ်(၈) ၂၀၀၃ ခုနှစ်။}
[လူထုစိန်ဝင်းရဲ့ ပိတောက်မြေက မဟေသီနဲ့ရွှေအမြုတေ စာအုပ်၊ ပထမအကြိမ်၊ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ၊ မှ ကူးယူဖော်ပြပါတယ်။]

3 comments:

Thet Soe said...

great article! Couldn't agree more :)

Thet Oo said...

ဒီဆောင်းပါးကို ဖတ်ပြီးသားပေမယ့် ထပ်ပြီး ဖတ်သွားပါတယ်။ လိုက်နာမှတ်သားဖွယ်ကောင်းတဲ့ အချက်တွေပါပဲ။

ကိုလူထွေး said...

လေ့ကျင့်ဖို့လိုတယ်ဆိုတဲ့အချက်က သိပ်ကိုမှန်ပါတယ်

ဒါပေမယ့် လေ့ကျင့်တတ်အောင် ငယ်ငယ်လေးကတဲက သင်မပေးလိုက်ကြတော့...

တကယ်တော့ သူငယ်တန်းကတဲက စပေးသင့်ခဲ့တဲ့ နည်းလမ်းပါ...