Friday, May 8, 2009

မွန်ပုံပြင်-မုန့်စားချင်တဲ့သမက်
ရေးသူ- လူထုဦးလှ

မွန်အမျိုးသားများမှာ နတ်ကို ယုံကြည်သူများ၊ မိရိုးဖလာ နတ်ကိုးကွယ်သူများ ရှေးက အင်မတန် များတယ်။ အကြောင်းတခု ဖြစ်လာရင် နတ်ဖမ်းစားတယ်၊ နတ်ပြုစားတယ်၊ နတ်ကို ပသ, တင်မြှောက်ရင် ကျရောက်တဲ့ အန္တရာယ်က ပျောက်ကင်းတယ်။ အဲဒီလို အယူအဆ တွေနဲ့ နစ်မွန်းနေပြီး တခါတလေ နတ်ကိစ္စနဲ့ပါတ်သက်လို့ ကသိကအောက် ဖြစ်ရတဲ့ ကိစ္စများလည်း ရှိတယ်။


အဲဒီကိစ္စမျိုးနဲ့ပါတ်သက်လို့ ပုံပြင်တွေ သာဓကတွေ အများကြီးရှိတဲ့အထဲက အကြောင်းတခုကတော့-
ရှေးက သုဝဏ္ဏဘူမိ သထုံခရိုင်မှာ ပေါင်ရွာလို့ခေါ်တဲ့ ရွာကြီးတရွာ ရှိတယ်။ ဒီရွာကနေ ပြီး ပင်လယ်ဘက်ကို ကြည့်လိုက်ရင် မျက်စိတဆုံး ကျယ်ပြန့်တဲ့ ကွင်းပြင်ကြီး ရှိတယ်။ မြေလွတ်မြေရိုင်းတွေက ပေါတယ်။ လုပ်ကိုင်စားလို့လည်း ကောင်းတယ်။ ဒါကြောင့် တခြားရွာက လူတွေဟာ ပေါင်ရွာကို ပြောင်းလာပြီး ဒီကွင်းပြင်ကြီးမှာ လယ်ယာတည်ကာ လုပ်ကိုင် စားသောက်နေကြတာလည်း ရှိတယ်။
ဒီလို လယ်လုပ်ဖို့ မြေရိုင်းတွေ ပေါများတဲ့ အချိန်မှာ ၀ါးဂရုရွာဘက်က ပြောင်းလာတဲ့ အိမ်ထောင် တအိမ်ထောင်ဟာ ပေါင်ရွာမှာ အခြေတကျ လယ်လုပ်နေကြတယ်။ ဒီလိုနေရင်းနဲ့ အဲဒီ အိမ်ထောင်က သားတယောက်ဟာ ရွာခံပေါင်ရွာက အမျိုးသမီးတယောက်နဲ့ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျတယ်ဆိုရင်ပဲ ဒီလူဟာ ယောက္ခမအိမ်မှာ လိုက်ပြီး နေရတယ်။ ယောက္ခမရဲ့ လယ်ကိုပဲ လုပ်ရတယ်။ လူက အလုပ်ကလည်းကောင်း၊ ၀ိရိယကလည်း ရှိတော့ ယောက္ခမက အင်မတန် ချစ်တယ်။
ဒီလူ အိမ်ထောင်ကျလို့ ယောက္ခမအိမ် စရောက်တဲ့နှစ်မှာပဲ လယ်ထဲကို ဆင်းတယ်။ သူဟာ ဒီရွာရောက်လာတာ မကြာသေးတော့ ရပ်ဓလေ့ ရွာဓလေ့ကို သိပ်မသိသေးဘူး။
လယ်ထဲမှာ မနားမနေလုပ်ရင်း မိုးဦးကျလို့ လယ်ထွန်၊ ကောက်စိုက်၊ ပေါင်းသင်၊ သမန်းလိုက်၊ နွားစာရိတ်၊ နွားထင်းရှာနဲ့ ၀ါခေါင်လပြည့်နေ့ကို ရောက်လာတယ်။
သူဟာ လယ်လုပ်နေတဲ့ တချိန်လုံးမှာ မနက်မိုးလင်းတာနဲ့ လယ်ထဲဆင်းခဲ့ပြီး မိုးချုပ်ခါနီးမှ အိမ်ကို ပြန်တယ်။ မနက်စာကိုတော့ ဇနီးဖြစ်သူက လယ်ထဲဆင်းပို့တယ်။ ညစာကိုသာ အိမ်ပြန်စားတယ်။ လယ်ထဲမှ ကျွဲနွားအတွက်ပါ တဲထိုးထားတော့ လယ်က တဲမှာ အိပ်တဲ့အခါလည်း အိပ်တယ်။ ဒီလိုအိပ်တဲ့အခါ တဲမှာပဲ ချက်စားတယ်။ အလုပ်များချိန်ဆိုရင် ညဘက်ကို အိမ်မပြန်တော့ဘဲ လယ်ထဲက တဲမှာဘဲ အိပ်တာက များတယ်။ ၀ါဆိုဝါခေါင်လမှာ တော့ ရေစောင့်ရတဲ့ကိစ္စ၊ နွားထိန်းရတဲ့ ကိစ္စတွေကြောင့် လယ်ထဲက တဲမှာပဲ အိပ်လေ့ရှိတယ်။
ဒီလို နေ့မအား ညမအား အလုပ်လုပ်နေရင်းက ၀ါခေါင်လပြည့်နေ့ရောက်လာတော့ 'ဒီကနေ့ဟာ ကျောင်းကန်ဘုရား သွားတဲ့နေပဲ၊ ငါတော့ မအားလို့ မသွားနိုင်ဘူး။ ရွာက ရွှေအိုးမျှောပွဲ လုပ်ကြမှာ ဘယ်ကလောက် စည်မလဲတော့ မသိဘူး။ ညနေစောင်းမှ ရွာပြန်ပြီး ရွှေအိုးမျှောပွဲမှာ လုပ်ကြတဲ့ မုန့်ကို အ၀စားမယ်' လို့ တွက်ထားတယ်။
မွန်တို့ဒေသက တချို့ရွာတွေမှာ ၀ါခေါင်လပြည့်နေ့ကို ရွှေအိုးမျှောပွဲနေ့ရယ်လို့ အလှူပေးတဲ့နေ့ ရှိပါတယ်။ လုပ်ကြပုံက ခြင်းကြားကြီးကို အိုးကြီးသဏ္ဍာန်ရက်၊ ပိတ်ဖြူကို နနွင်းဆိုးပြီး ပတ်တယ်။ ရွှေအိုးကြီးနဲ့တူအောင် အ၀ါရောင် နနွင်းဆိုးတာပဲ။ ပြီးတော့ အတီးအမှုတ် အကအခုန်တွေနဲ့ ဆွမ်းတော်ကြီးခံလှည့်သလို ရပ်ထဲရွာထဲမှ ရွှေအိုးကြီးကို လှည့်ကြတယ်။ တချို့ ရွှေအိုးကျတော့ တခြားရွာများကိုတောင် ကူးပြီးလှည့်ကြတယ်။ ဒီအခါ ရွာသူရွာသားတွေက အိမ်ရှေ့ရောက်လာတဲ့ ရွှေအိုးကြီးထဲကို ခြံထွက်အသီးအနှံတွေ ထည့်ကြတယ်။ မုန့်တွေ ပဲတွေကိုလည်း ထည့်ကြတယ်၊ လှူကြတယ်။
ညနေစောင်းတော့ ဒီရွှေအိုးကြီးကို ဘုန်းတော်ကြီးကျောင်း ယူသွားပြီး ဘုရားစင်ရှေ့မှာ (နောက်တနေ့ မနက် အရုဏ်တက်မှာ ကပ်ဖို့) ချထားလိုက်တယ်။ အဲဒီညမှာတော့ တရွာလုံး ပျော်ကြရွှင်ကြနဲ့ စည်စည်ကားကား ရွှေအိုးလှူပွဲ ကျင်းပကြတယ်။ မနက်လင်းတော့မှ ရွှေအိုးကြီးကို ရေစက်ချလှူတယ်။ ပြီးတော့ အိမ်တွေအိမ်တွေ၊ အိမ်တိုင်းအိမ်တိုင်းကလည်း ညကလုပ်ထားတဲ့ မုံ့မျိုးစုံကို မြေရွက်အိုးမှာထည့်၊ တံခွန် ကုက္ကား မုလေးပွါးတွေနဲ့ လှလှပပပြင်ဆင်ပြီး လပြည့်မနက် အရုဏ်တက်မှာ မြစ်ထဲကို မျှောကြတယ်။ ရှင်ဥပဂုတ်ကို ပူဇော်တဲ့ သဘောမျိုးပဲ။ ဒါပေမယ့် ၀ါခေါင်လပြည့်နေ့ကို ရွှေအိုးလှူပွဲနေ့လိုပဲ ခေါ်ကြတယ်။
တချို့က ရွှေအိုးလှူပွဲဆိုတာ သုဇာတာအမျိုးသမီးက မြတ်စွာဘုရားသခင်ထံ ဃနာနို့ဆွမ်းကို ရွှေခွက်နဲ့တကွ လှူပြီးတဲ့နောက် မြတ်စွာဘုရားသခင်က အဲဒီရွှေခွက်ကို မြစ်ထဲ မျှောလိုက်တဲ့ အထိမ်းအမှတ်ပွဲလို့လည်း ဆိုကြတယ်။
ဒါနဲ့ လယ်သမားသမက်ဟာ ဒီကနေ့တော့ ၀ါခေါင်လပြည့်နေ့ပဲ။ ရွှေအိုးလှူပွဲတော့ ရွာမှာ လုပ်ကြလိမ့်မယ်။ မုန့်တွေ ပဲတွေ အလျှံပယ် လုပ်ကြမှာပဲ။ ရွာတက်ပြီး တ၀စားမယ်လို့ အားခဲပြီး နေမ၀င့်တ၀င်အချိန်မှာ လယ်ထဲက ရွာကို တက်ခဲ့တယ်။
အိမ်ရောက်လို့ လှေကားပေါ် တက်မိတာနဲ့ သူ့ဇနီးကို 'ကဲဟေ့ ငါမုန့်စားချင်လို့ တက်လာတာ။ ဘယ်မလဲမုန့်၊ ငါ့ကို မုန့်ကျွေးစမ်းပါ' လို့ လှမ်းပြောလိုက်တယ်။
ဒီတင် ဇနီးဖြစ်သူက ပြူးတူးပျာတာဖြစ်ပြီး၊ ဘာမှ ပြန်မပြောတော့ဘဲ မီးဖိုထဲရှိတဲ့ သူ့အမေဆီ ၀င်သွားကာ 'အမေ၊ အမေ့သမက် မောကြီးပန်းကြီးနဲ့ ဘာဖြစ်လာသလဲမသိဘူး။ ကွင်းကတက်လာပြီး မုန့်စားမယ်၊ မုန်းစားချင်တယ်နဲ့ မုန့်တောင်းစားနေတယ်' လို့ ကမန်းကတန်း ပြောလိုက်တယ်။
သမီးက ဒီလိုပြောလိုက်တော့ အမေဖြစ်သူကလည်း လန့်သွားတယ်။ 'ဘယ့်နှယ် ဒီအချိန်မှာ ကွင်းကနေ မုန့်စားဖို့ ပြန်လာရတာလဲ၊ အပမှီလာတယ်ထင်တယ်။ နေဦး၊ နင်လည်း တခြားခဏရှောင်နေ၊ ငါ သူ့အမေကို သွားပြီး အကြောင်းကြားလိုက်မယ်။ ပြီးတော့ နတ်ကတော်ဆီကိုပါ ၀င်ခဲ့မယ်' လို့ ပြောပြီး နောက်ဖေးလှေကားက ဆင်းသွားတယ်။
သမီးကလည်း မယောင်မလည်လုပ်ပြီး ရှောင်သွားတယ်။
ဒီလူဟာ အိမ်ပေါ်ရောက်တော့ ယောက္ခမရော သူ့ဇနီးရော မမြင်တာနဲ့ ဘယ်များသွား ကုန်ကြပါလိမ့်လို့ မတွေးတတ်အောင် ဖြစ်ပြီး အိမ်ဦးမှာပဲ ထိုင်နေလိုက်တယ်။
ယောက္ခမဖြစါသူဟာ (သူနဲ့ ခမည်းခမက်တော်တဲ့) သမက်ရဲ့အမေ့အိမ်ကို ပြေးသွားပြီး 'ရှင့်သား လယ်ထဲက ဘာဖြစ်လာသလဲ မသိဘူး။ အိမ်ရောက်တာနဲ့ မုန့်စားမယ်၊ မုန်းစားချင် တယ်လို့ အချိန်အခါမဟုတ် မုန့်တောင်းနေတယ်။ အပမှီလာသလား မဆိုနိုင်ဘူး။ အိမ်ကို တဆိတ်ပြေးကြည့်လိုက်ပါဦး၊ ကျွန်မ နတ်ကတော်ဆီ သွားလိုက်ဦးမယ်' လို့ ကတိုက်ကရိုက် ပြောပြီး နတ်ကတော်အိမ်ကို ထွက်သွားတယ်။
ဒီတင် အမေဖြစ်တဲ့သူက စိတ်ပူပြီး သူ့သားဆီကို အပြေးအလွှား လိုက်လာတယ်။ အိမ်ရောက်လို့ သူ့သားထိုင်နေတာကို တွေ့တော့ အကျိုးအကြောင်းမေးတယ်။ ဒီတော့ သားက 'ဒီကနေ့ ၀ါခေါင်လပြည့်နေ့ ရွှေအိုးမျှောပွဲနေ့မှာ မုန့်လုပ်ကြမယ်ထင်ပြီး မုန့်စားချင်တာနဲ့ ကွင်းက တက်လာခဲ့တာပဲ' လို့ ရှင်းပြတယ်။
အဲဒီလို ပြောလိုက်တော့မှ သူ့အမေဟာ ဘ၀င်ကျသွားပြီး 'ငါ့သား၊ ဒီလိုဆိုရင် ကွင်းထဲကို အခု ပြန်ဆင်းပေတော့။ ဒီအရပ်မှာ ရွှေအိုးမျှောပွဲ လုပ်တဲ့ ဓလေ့ မရှိဘူး၊ တို့ အရပ်နဲ့ မတူဘူး။ တို့ရပ်တို့ ရွာမှာဆိုရင် ၀ါခေါင်လပြည့်နေ့ ရွှေအိုးမျှောပွဲမှာ မုန့်တွေလုပ်ပြီး၊ လှူကြ၊ ဝေကြ၊ စားကြနဲ့ ပျော်စရာ ဖြစ်တာ။ ဒီမှာ ဒီဓလေ့ မရှိတော့ ငါ့သားလယ်ထဲက တက်လာပြီး မုန့်စားချင်တယ်လို့ ဆိုတာနဲ့ သူတို့က ငါ့သားကို အပမှီလာသလား၊ တစ္ဆေပူးလာသလားလို့ ထင်ပြီး အခု နတ်ကတော်ဆီ မေးရအောင် သွားနေလေရဲ့။ တော်တော်ကြာလို့ နတ်ကတော်ရောက်လာရင် ဘာလုပ်ညာလုပ်နဲ့ ငါ့သား ဒုက္ခဖြစ်နေဦးမယ်။ လယ်ထဲကို အခုပဲ ဆင်းတော့' လို့ သူ့သားကို လယ်ထဲ ပြန် အဆင်းခိုင်းလိုက်တယ်။
သားကလည်း အမေပြောတဲ့အတိုင်း ချက်ချင်းပဲ လယ်ထဲကို ဆင်းသွားတယ်။ သူ လယ်ထဲ ဆင်းသွားလို့ မကြာခင်ပဲ သူ့ ယောက္ခမနဲ့ နတ်ကတော် ရောက်လာတယ်။ ပြီးတော့ ယောက္ခမဖြစ်တဲ့သူက သူ့သမက်ကို မမြင်တာနဲ့ ဘယ်ထွက်သွားလဲလို့ မေးတယ်။
ဒီတော့ သားရှင် မိခင်က 'မုန့် မရှိရင်လည်း မစားတော့ပါဘူးလို့ ပြောပြီး ခုပဲ လယ်ထဲ ပြန်ဆင်းသွားတယ်' လို့ အဆင်ပြေမယ် ထင်သလို ပြောလိုက်တယ်။
ဒီလိုပြောလိုက်ပေမယ့် ယောက္ခမဖြစ်သူက မကျေနပ်ဘူး။ သူ့သမက်မှ အန္တရာယ် ကင်း မကင်း နတ်ပူးကြည့်ဖို့ နတ်ကတော်ကို ခိုင်းတယ်။ နတ်ကတော်ကလည်း နတ်ပူးပြီး 'လယ်နတ် အရှင်ကြီးက မုန့်စားချင်လို့ လိုက်လာတာ၊ အခု စိတ်ဆိုးပြီး ပြန်သွားတယ်။ စိတ်ပြေအောင် မုန့်ဖြူ မုန့်နီနဲ့ ပသရမယ်' လို့ ပြောတယ်။
ဒီစကား ကြားတာနဲ့ ယောက္ခမဖြစ်သူဟာ သမီးကို ခေါ်ကာ ချက်ချင်း မုန့်ဖြူ မုန့်နီ လုပ်ပြီး လယ်နတ် အရှင်ကြီးကို ပသ ပူဇော်လိုက်တယ်။ ဒီလို လယ်စောင့်အရှင်ကြီးကို ပသ ပူဇော်ပြီးတာနဲ့ အဲဒီမုန့်တွေကို သမက်ရှိရာ လယ်ထဲကို ချက်ချင်းပို့လိုက်တယ်။ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ ညနေမှာ မုန့်စားချင်နေတဲ့ သမက်ဟာ သူ စားချင်တဲ့ မုန့်မျိုး မဟုတ်ပေမယ့် နတ်တင်တဲ့မုန့်ကိုတော့ စားလိုက်ရတယ်။

လူထုဦးလှ။
[လူထုဦးလှ ရဲ့ မွန်ပုံပြင်များ၊ ပဉ္စမတွဲ၊ ၁၉၉၉ စက်တင်ဘာ၊ ပထမနှိပ်ခြင်းမှ ကူးယူ ဖော်ပြပါတယ်။]

No comments: