Tuesday, May 5, 2009

ခွပ်လိုက်ကြစို့သူငယ်ချင်း- ချက်လက်ဖက်ရည်လာပြီ
ရေးသူ-အီကြာကွေး



[မမျှော်လင့်ဘဲ မိုးဝေမဂ္ဂဇင်း၊ လ ၂၀၀ ပြည့်အထူးကို ကောက်လှန်လိုက်တာ၊ ဆရာကြီးကွေး ဆောင်းပါးလေး ပြန်ဖတ်မိတာ၊ စိတ်တွေက ဟိုး အနှစ်နှစ်ဆယ်ကျော် ပြန်ရောက်သွားတယ်။
တလောတုန်းက ပြည်တွင်းက သူငယ်ချင်းတယောက်နဲ့ စကားစပ်မိလို့ ဗမာပြည်မှာ လက်ဖက်ရည်တခွက် ဘယ်လောက်လဲ မေးကြည့်လိုက်တာ တခွက် ကျပ် ၃၀၀ တဲ့။ အား..ပါး..။
ခု လက်ဖက်ရည်တခွက်ဖိုးက တို့ RIT မှာ ကျောင်းတက်တဲ့ ၁၉၇၀ လောက်က လက်ဖက်ရည်ဆိုင်တဆိုင် သားသားနားနား တည်လို့ရပါလား- လို့ပြောလိုက်မိတယ်။ အဲဒီတုန်းက လက်ဖက်ရည် တခွက်မှ ပြား သုံးဆယ်။
ကိုယ်ထောင်ကထွက်ပြီး၊ ၆နှစ်အကြာ၊ မိုးဝေ လ ၂၀၀ ပြည့်ကာလ (၁၉၈၄) မှာတောင်၊ ဆရာကြီးကွေး ဆောင်းပါးအလိုအရ တကျပ်၊ ငါးမတ်ပဲ ရှိသေးတယ်။ ခု ကျပ် ၃၀၀ တဲ့။ အဆပေါင်း ၃၀၀ လောက်မြင့်သွားပြီ။
ကွေးကြီးကို အမှတ်ရပြီး... ဒီဆောင်းပါးကို မာယာက ပြန်လည် ဆန်းသစ်ပါတယ်။
အယ်ဒီတာ-မာယာမဂ္ဂဇင်း။]


'လက်ဖက်ရည် အဖန်သောက်ရင်လ၊
ကျက်သရေ အမြန်ရောက်ပါလိမ့်၊
ကြံသလောက် ပြီးတဲ့ရေ'
ကြံသလောက် ပြီး မပြီးကား အမှန်မသိ။ ကျက်သရေ အမြန်ရောက် မရောက်လည်း မသေချာ။ လက်ဖက်ရည်အဖန်ခေါ် ရေနွေးကြမ်းကို များများ သောက်လျင် ရေအိမ်သို့ အခေါက်ခေါက် ပြေးရမည်ကိုကား သေချာစွာ သိသည်။
လက်ဖက်ရည်ကို ပေါ့ပေါ့မထင်နှင့်။ ဟိုးရှေးယခင်ခါက လက်ဖက်ရည် သောက်သင့် မသောက်သင့် ပြဿနာနှင့် ပတ်သက်၍ ကဗျာတိုက်ပွဲတွေ၊ ဘာတွေပင် ဖြစ်ခဲ့ဖူးသည်။ သောက်သင့်သည့်ဘက်မှ....
"လက်ဖက်ရည်သောက်ရမှ နောက်သမျှ အေးမယ်။ ခြောက်န၀ ဘေးမတွယ်အောင် ဆေးသဖွယ် မှတ်သုံး"
ဟု လက်ဖက်ရည်ကို ဂုဏ်တင်လိုက်သောအခါ မသောက်သင့်ဘက်မှ...
"လက်ဖက်ရည် သောက်လှလို့၊ ယောက္ခမဆဲဆို၊ ခြောက်န၀ ကဲပိုတယ်။ သဲဖိုလို့ပိန်ချုံး"
ပက်ပက်စက်စက် နစ်နစ်နာနာ လက်ဖက်ရည်ကို သိက္ခာချ ပစ်လိုက်သည်။ ဤတွင် နှစ်ဖက် ဖျန်ဖြေရေးသမားက နင်တော်နင်တန် ပန်းကန်ကွဲဟု ရန်ပွဲကြားသို့ ၀င်လာသည်။
"လက်ဖက်ရည်ဒွိဟမှာ၊ အနိဌ-ဣဌာ၊ မမိကြ ဒိထာကို၊ သိသာရုံဖော်ခွင့်၊ ဘေးနှစ်ဝလျှောက် မြွက်စာကို၊ ကောက်ချက်ရှာ ညွှန်းပြပေသင့်"
မည်သို့ပင်ဖြစ်စေ၊ လက်ဖက်ရည် ကဗျာတိုက်ပွဲမှာ အရှုံးအနိုင်မရှိ သရေပွဲဖြင့် ပြီးသွားသည်။ ဟိုဘက် ဒီဘက် ချွတ်လား တက်ကြသေးသော်လည်း ဖျန်ဖြေသူများက ထပ်ဖျန်ဖြေ၍ သရေမှ ထပ်ဆင့်သရေ ဖြစ်သွားလေသည်။
အထက်ပဝေ ရှေးအခါက၊ လက်ဖက်ရည်ရေးရာတွင် အပြီးသတ် အဆုံးအဖြတ် မပေးနိုင်ခဲ့ပေ။ သောက်သင့်သလား၊ မသောက်သင့်ဘူးလား၊ ပြတ်ပြတ်သားသား မဖြစ်ခဲ့။ ယနေ့အချိန်တွင် လက်ဖက်ရည်ဆိုင်များ တိုးပွါးလာခြင်း၊ ဆိုင်တိုင်းတွင် ကြက်ပျံမကျ၊ ငှက်ပျံမကျ စည်ကားနေခြင်းတို့ကို ထောက်ချင့်လျင်၊ သောက်သင့်သည်အဆိုကို လူတွေ လက်ခံပုံရသည်ဟု ယူဆရပေတော့မည်။
"၀မ်းတီး တူးကော် ၀မ်းတီး ချိုပေါ့ကျမယ်"
"တူးတီး ချိုဆိမ့်"
မည်သည့်ဆိုင် ၀င်သွားသွား ထိုအသံများ ကြားရမြဲ။ လက်ဖက်ရည်ဆိုင်စကား၊ လက်ဖက်ရည်ဆိုင် ဘာသာဗေဒကို ဂုရုကွေး လေ့လာမိတာ ကြာပြီ။ စားပွဲထိုး လူငယ်များမှာ ပြေးဟယ်၊ လွှားဟယ်၊ ခုံသုတ်ဟယ်၊ ရေနွေးချဟယ်နှင့် ဒလက်လည်အောင် လှုပ်ရှားနေရ သည်။ အလုပ်များနေရသည်။ သူတို့ စကားရှည်ရှည် မပြောနိုင်။ ပြောချိန်မရ။ ပြောခွင့်မသာ။ အခြေအနေအရ ဖျော်သမားနားလည်အောင် စကားတို သုံးရသည်။ ဤမှ စတင်၍ ၀မ်းတီး တူးကော်တို့၊ တူးတီး သရီးကော်တို့ အတိုကောက်အသုံးအနှုန်းတွေ ပေါ်ပေါက်လာရသည်။ လက်ဖက်ရည်ကို အတိုကောက် တီး၊ ကော်ဖီကို အတိုကောက် ကော်၊ နံပြားကို အတိုကောက် နံ။ သူတို့ အတိုကောက် လုပ်လို့ မရသေးတာ တခုပဲ ရှိသည်။ အီကြာကွေး။ အီကြာကွေးကိုကား သူတို့ အတိုကောက် ခေါ်၍ မရရှိသေး။ အချို့ဆိုင်များက (ကြာကွေး) ဟု စမ်းသပ်ကြည့်ဘူးသေး သော်လည်း ဘာတွေကြာ၍ ဘာတွေကွေးမှန်း မရှင်းလင်းသဖြင့် (အီကြာကွေး) ပဲ ပြန်ခေါ် နေရသည်။
"၀မ်းတီး နံ ထော ၀မ်း"
ဝမ်းတီးကို သိပြီးဖြစ်၍ ထားတော့။ နံ ထော ၀မ်းက ဘာပါလိမ့်။ သူတို့အလိုအရ ဒီလိုဆိုပဲ။ နံ က နံပြား။ ထော က ထောပတ်သုတ်။ ၀မ်းက တချပ်။ နံထောဝမ်း မှာ နံပြားထောပတ်သုတ် တချပ်ဖြစ်သည်။ နံပြား ယိုသုတ်တချပ် ဆိုလျှင် သူတို့အခေါ်အရ (နံ ယို ၀မ်း) သို့မဟုတ် (၀မ်း နံ ယို)။ ဂုရုကွေး နံပြားယိုသုတ် မစားတာ ကြာပြီ။ (၀မ်း နံ ယို) ကို အခြားအဓိပ္ပါယ်တမျိုး တွေးမိသဖြင့် အန်ချင်သောကြောင့် ဖြစ်သည်။
ဂုရုကွေး လက်ဖက်ရည်နှင့် ရင်းနှီးခဲ့တာ ကြာပါပြီ။ ဓနုဖြူတွင် နေစဉ် ဟိုရှေးယခင် ကလေးဘ၀ ကတည်းက ဖြစ်သည်။
ထိုစဉ် ကတည်းက သောက်ခဲ့သည်မှာ ယခု အသက်နှစ်ထောင် ဂုရုကွေးဖြစ်လာသည် အထိ သောက်တုန်း သောက်ဆဲ သောက်မြဲပင်။
"ဂုရုကွေး လာဗျို့ ထိုင်"
လက်ဖက်ရည် ဆိုင်ထဲမှ အပေါင်းအသင်းများက လှမ်းခေါ်ကြသည်။ ဂုရုကွေး ခုံလွတ် တလုံးတွင် ၀င်ထိုင်လိုက်သည်။
"လက်ဖက်ရည်လား ကော်ဖီလား"
"လက်ဖက်ရည် ပေါ့ ချို ဆိမ့်"
"ကိုယ်ဟာကိုယ်မှာ ကိုယ်သောက်တာ ကိုယ်ရှင်း"
"ဟေ... ဘယ်လိုလဲကွ။ မင်းတို့ တိုက်မယ်မှတ်လို့ ငါဝင်လာတာ"
"မတိုက်နိုင်တော့ဘူး ဂုရုကွေး။ ကိုယ်သောက်တာကိုယ်ရှင်း၊ ဖောရိန်းစစ်စတန်ပဲ။ သည်ဝိုင်းတ၀ိုင်းလုံး တကာမရှိဘူး။ ကိုယ့်တာဝန်ကိုယ်ယူပဲ"
"အေး... ဒီလိုပဲ ဖြစ်ရတော့မှာပေါ့ကွာ၊ ၀မ်းတီး ချို ဆိမ့်ဟေ့။ မုံ့မချနဲ့ ရေနွေးချ"
လက်ဖက်ရည် မိတ်ဆွေ အတော်များများ ဖောရိန်းစစ်စတန်ခေါ် ကိုယ်သောက်တာ ကိုယ်ရှင်းစနစ် ကျင့်သုံးနေကြသည်ကို တွေ့ရသည်။ မှန်သည်။ တ၀ိုင်းလုံး တကာခံရမည်ဆို တော့ နည်းတဲ့ ပိုက်ဆံမှ မဟုတ်တာ။
မသောက်ရ မနေနိုင်လို့သာ ၀င်သောက်ရတာ အိတ်ကပ်ထဲမှာ၊ ကိုယ့်တယောက်စာပဲ ပါတယ်။ မိတ်ဆွေနဲ့ ဆုံနေရင် မခေါ်အခက် ခေါ်အခက်။ ဒီတော့ မမြင်ဟန် ဆောင်နေလိုက်တာ အကောင်းဆုံးပါပဲ၊ ဒါတောင် အလိုက်ကန်းဆိုး မသိသူတွေက လာလာနှုတ်ဆက်ကြသေး။ လက်ဖက်ရည် တိုက်ခိုင်းကြသေးတယ်။
လက်ဖက်ရည်ချိုး မိတ်ဆွေတယောက်က ချူသံပါအောင် ညည်းပြသွားသည်။ သူ့ဘက်ကကြည့်သော် သူပြောတာ ဟုတ်ပါသည်။ သူ့မှာ ဘာအလုပ်မှ ဟုတ်တိပတ်တိမရှိ၍ ၀င်ငွေမမှန်။ သူတပါးအား လက်ဖက်ရည်တိုက်ကျွေးခြင်း ဒဏ်ကို သူဘယ်လို ခံနိုင်မည်နည်း။
ဂုရုကွေး အကြံတခုရသဖြင့် ခြံထဲမှ သင်္ဘောမယ်ဇလီရွက်၊ ဒန့်သလွန်ရွက်များ ခူးသည်။ ကတ်ကြေးဖြင့် အမျှင်မျှင်ဖြစ်အောင် ကိုက်ဖြတ်ကာ နေခြောက်လှန်းသည်။ ဗန်းကြီးက တဗန်း အပြည့်ပင်။ ထိုဗန်းကြီးကို ကျီးမထိုးရန်၊ ခွေးမနင်းရန် တုတ်တချောင်းကိုင်၍ အနားမှ ထိုင်စောင့်သည်။
"ဟေ့ လူကြီး ဘာရွက်တွေ လှန်းနေတာလဲ။ ဆေးဖော်မလို့လား"
ဟာကြူလီငပျော့ ရောက်လာပြီး ဂုရုကွေးကို နောက်သည်။ ဒီကောင့်အလုပ်က ဒါပဲ။ ဂုရုကွေးလုပ်သမျှ ကောင်းကောင်းဆိုးဆိုး လိုက်နောက်ဖို့ပဲ။
"ဘာရွက်ဖြစ်ဖြစ်ပေါ့ကွာ။ မပြီးခင် ငပျော့မမြင်စေနဲ့တဲ့။ ပြီးတော့ သိမှာပေါ့။ မင်းအား တယ် မဟုတ်လား။ ဈေးထဲသွားပြီး မုန့်လုပ်ထန်းလျက် နှစ်ဆယ်သားလောက် ၀ယ်ပေးစမ်း ကွာ"
နေ လေးငါးရက် ကောင်းကောင်းမိလိုက်သဖြင့် အရွက်များ ချောက်လုနီးနီး ဖြစ်နေ သည်။ လုံးလုံး မချောက်လည်း အကြောင်းမဟုတ်။ ဒယ်အိုးထဲထည့်၊ မီးဖိုပေါ်တင်၍ အိုးကင်းပူတိုက်လိုက်သော် လုံးလုံးချောက်သွားမည်။ ထန်းလျက်ဝယ်ပေးသော ငပျော့ကို ည ဆက်ဆက် ကြွခဲ့ရန်နှင့် ဆိုက်ကားမာစတာ စာကလေးပါ ခေါ်ခဲ့ရန် မှာလိုက်ရသည်။
"သောက်ကြစမ်း ငါ့လူတို့၊ အားရပါးရ ကြိုက်သလောက် သောက်စမ်း၊ ကုန်ယင် ထပ်ရမယ်"
ဂုရုကွေး တိုက်ကျွေးသော ၀ါဖန့်ဖန့် အရည်များကို စာကလေးနှင့် ငပျော့တို့ မရဲတရဲ သောက်ကြသည်။ ဂုရုကွေးကား ရဲရဲရင့်ရင့်ပင် တခွက်ပြီးတခွက် ခွက်ဆင့်နှက်နေသည်။
"ဘယ့်နှယ်လဲဟေ့ အရသာ"
"တမျိုးကြီးပဲဗျာ။ မီးခိုးစော်နံတယ်။ ချို ခါး စပ်ကြီး၊ ခင်ဗျားဟာ ဘာရည်တွေလဲ"
"မသေမချင်း မှတ်ထား အဲဒါ ချက် လက်ဖက်ရည်လို့ ခေါ်တယ်။ ၀ိဇ္ဇာနည်းကျ ဂုရုကွေးကိုယ်တိုင် ဖျော်စပ်ထားတဲ့ ချက်လက်ဖက်ရည်။ ချက်အရက်တို့၊ ချက်နို့ဆီတို့ကို မခံချင်လို့ ချက် လက်ဖက်ရည်ကို တီထွင်လိုက်တာ။ လက်ဖက်ခြောက်အဖြစ် သင်္ဘေမယ်ဇလီ ရွက်နဲ့ ဒန့်ဒလွန်ရွက်ကို အခြောက်လှန်းပြီး ခတ်ထားတယ်။ မဲဇလီရွက်က လေနိုင်တယ်။ ၀မ်းမှန်တယ်။ ဒန့်ဒလွန်ရွက်က သွေးတိုးကျတယ်။ ထန်းလျက်က ရင်ချောင်တယ်"
"ခင်ဗျား ငပေါပဲ ဂုရုကွေး၊ အလုပ်အကြီးအကိုင်ကြီး လုပ်ပြီး အပင်ပန်းခံနေတယ် ဆိုင်သွားသောက်လိုက် ပြီးတဲ့ဥစ္စာ"
"မင်း ဘာသိလို့လဲ ငပျော့။ လက်ဖက်ရည်ဆိုင်တွေက လက်ဖက်ရည်တခွက်ကို ငါးမတ်၊ တကျပ်ခွဲ ရောင်းနေကြတယ်။ သူတို့ပေးမဲ့အစား ကိုယ်ဟာကိုယ် ချက်လက်ဖက်ရည် ဖျော်ပြီး သောက်နေတာ။ ငါ့ ချက်လက်ဖက်ရည်ကို လူကြိုက်များလာယင် တခွက်ပြားသုံး ဆယ်နဲ့ တနေ့ခွက်သုံးသိန်းရောင်းပြီး တိုက်ဆောက်မယ်ဟေ့ သွတ်..သွတ်..သွတ်...သွတ်"

အီကြာကွေး။
လ ၂၀၀ ပြည့် မိုးဝေမဂ္ဂဇင်း၊ ၁၉၈၄ စက်တင်ဘာ။

No comments: