Saturday, December 8, 2007

အမေနဲ့အတူနေခြင်း
ဒေါက်တာမြမဉ္ဇူ


ကျွန်မ အလုပ်မှ အနားယူလိုက်တဲ့ အခါမှာ အရှိန်နဲ့ပြေးနေတဲ့မြင်း ဇက်ကြိုးသပ်လိုက်သလို ရုတ်တရက် တုံ့ခနဲဖြစ်သွားပြီး တွေဝေနေမိတယ်။ မနက်လမ်းလျှောက်က အပြန် အိပ်လိုက်၊ နေ့လည်ထမင်းစားပြီး အိပ်လိုက်နဲ့၊ တီဗွီရှေ့မှာ အချိန်ကုန်နေမိတယ်။ ကျွန်မတသက်မှာ အလုပ်မှာရှိတဲ့ အချိန်နဲ့ အိမ်မှာနေတဲ့အချိန် တွက်ဆလိုက်ရင် အလုပ်မှာနေတဲ့အချိန်က များပါလိမ့်မယ်။ နံနက် စောစော အလုပ်ကိုရောက်တာနဲ့ သင်ရမယ့် သင်ခန်းစာအတွက် စာအုပ်တွေထဲမှာ မျက်နှာဝှက်ပြီး ပြင်ဆင်ရပါတယ်။
ရုံးကသယ်လာတဲ့ ကျွန်မစုဆောင်းထားတဲ့ စာအုပ်တွေကို အိမ်က ခုံတွေပေါ်မှာ၊ စားပွဲပေါ်မှာတင် ထားမိတယ်။ ဒီလိုမြင်ရတိုင်း စိတ်မချမ်းသာဘူး။ ကျွန်မ အင်မတန် မြတ်နိုးတဲ့ စာအုပ်တွေ အသုံးချဖို့ မလိုတော့ဘူးလား?
၃ လ လောက်ကြာမှ စိတ်ကို ပြန်လည်စုစည်းပြီး စနစ်တကျ နေရာထားမိတယ်။ အချိန်ရလာတော့ ကျွန်မဟာ အနှောင်အဖွဲ့ ဘာမှမရှိတော့တဲ့ ဘ၀ကို ကျေနပ်လာမိတယ်။ လွတ်လပ်တဲ့ အရသာကို စတင်ခံစားတတ်လာတယ်။
ကျွန်မ အိပ်ရာဘေးက စာအုပ်စင်မှာ ကျွန်မ အများဆုံးဖတ်တတ်တဲ့ စာအုပ်တွေထားပါတယ်။ အများအားဖြင့်ကတော့ ကဗျာစာအုပ်တွေပါ။ ကျွန်မ ခဏခဏ ဖတ်မိတဲ့ စာအုပ်ကတော့ ကိုဝက်ရဲ့ ကဗျာစာအုပ်တွေပါ။ ကျွန်မခရီးသွားတိုင်း ဖတ်ဖို့ အချိန်ရတာမို့ သယ်သွားပြီး လေယဉ်ကွင်းမှာ စောင့်ရ တဲ့အချိန်၊ လေယဉ်ပေါ်မှာ၊ ရထားပေါ်မှာ ရှိနေတဲ့အချိန်တွေမှာ အမြဲဖတ်ပါတယ်။
သူ့မိဘအကြောင်း၊ ငယ်စဉ်ကလေးဘ၀ မောင်နှမတွေ ဆော့ကစားကြတာတွေ၊ သူ့နှမနဲ့ ညီလေးကို ကျွန်မ ကောင်းစွာ သိနေတာမို့ ကျွန်မတို့ ငယ်ငယ်က မောင်နှမတွေ ချစ်သလို ပျော်ခဲ့ရတဲ့ဘ၀ကို သတိရစေတဲ့အတွက် ဖတ်ရတာ ကြည်နူးစရာ အလွန်ကောင်းပါတယ်။
ကျွန်မရဲ့မိဘတွေက သားအကြီးတွေနဲ့ ကြာရှည်စွာ မနေခဲ့ရပါဘူး။ ဒါပေမယ့် သားသမီးတွေလို ကျွန်မရဲ့ မိဘကိုချစ်တဲ့ ၀မ်းမနာ သားသမီးတွေ ရှိပါတယ်။ ကျွန်မရဲ့ မိဘကို စိတ်စေတနာကောင်းနဲ့ အမြဲတမ်းစောင့်ရှောက်တဲ့ ကိုဝက်နဲ့ဦးစိန်ဝင်းကို ကျွန်မတို့မောင်နှမတွေက အခင်ဆုံးဖြစ်ပြီး၊ အမေ့သမီး တွေထဲကတော့ မမခင်ဦးကို ကျွန်မ အချစ်ဆုံးဖြစ်ပါတယ်။
မောင်လေးရေးတဲ့ အမေ စိမ်းလန်းအေးမှာ နေရတဲ့ဘ၀ ဆောင်းပါးလေးကို ကျွန်မ မကြာခဏ ဖတ်မိတယ်။ အမေလမ်းလျှောက်တဲ့ အိမ်တော်လမ်းကလေးမှာ သူပြေးရင်း အမေနဲ့သူ အတူနေရတဲ့ ဘ၀ကို ချယ်မှုန်းထားတာပါ။
ဟုတ်ပါတယ်။ အမေဟာ အရင်က သူလျှောက်ခဲ့တဲ့ လမ်းကလေးကို မလျှောက်နိုင်တော့တာ ၃ နှစ်လောက် ရှိပါပြီ။ ၂ ကြိမ်ဆေးရုံမှာ နှလုံးရောဂါကြောင့် တက်ရောက်ကုသခဲ့ရပြီး၊ ပါရဂူများရဲ့ စွမ်းဆောင်မှုကြောင့် အမေအသက် ရှည်နေတာပါ။ နွေရာသီရောက်တဲ့အချိန်တိုင်း အစားပျက်ပြီး အစားမ၀င်တဲ့အတွက် နှစ်စဉ် စိမ်းလန်းအေးကို ရောက်လာပြီး၊ သီတင်းကျွတ်မှ အိမ်ကို ပြန်လာနိုင်ပါတယ်။
နှစ်ပေါင်းများစွာ လမ်းလျှောက်ခဲ့တာမို့ အမေ ဒီလမ်းကလေးကို စွဲလန်းရှာပါတယ်။ ဒါကြောင့် တခါတလေ ကားပေါ်တင်ပြီး ဒီလမ်းကလေးကို သူလျှောက်တဲ့အတိုင်း မောင်းပြီး လိုက်ပြရပါတယ်။ အမေပျော်အောင် ကျွန်မ စိမ်းလန်းအေးကို ရောက်တိုင်း လုပ်နေကျ အလုပ်ပါ။
အမေ အိပ်ရာကနိုးရင် စလုပ်တာကတော့ ခြံထဲက မြတ်လေးပင်လေးဆီ မြေးမလေးနဲ့ သွားပြီး ပန်းသွားခူးတာပါပဲ။ သူကိုယ်တိုင်သီပြီး ဘုရားမှာ ကပ်ပါတယ်။ ဘုရားရှိခိုးပုတီးစိပ်တဲ့အခါမှာ ပုတီးကို ကိုယ်တိုင်ကြိုးထိုးပြီး ပို့ထားတဲ့သားတွေ ကုသိုလ်ရအောင်ဆိုပြီး အကုံးတိုင်းစိပ်ပါတယ်။
ညက အိပ်ရေးဝလို့ အစာဝင်ရင်ဖြင့် နေသာတဲ့နေ့တွေမှာ နံနက်ခင်း ခြံထဲမှာ လမ်းလျှောက် ပါတယ်။ အလှချင်းပြိုင်နေတဲ့ နှင်းဆီတွေထဲမှာ အပွင့်သိပ်ကြီးတဲ့ ပန်းရောင် South Sea ကို အကြိုက်ဆုံးပဲတဲ့။ ပန်းပွင့်တိုင်းကို အမေသိနေတယ်။ နောက်ပေါ်တဲ့ Athena နဲ့ Princess Monaco ဆိုတဲ့ နှင်းဆိတွေကို အမေက လှလွန်းလို့တဲ့။ ဒါ့ကြောင့် ဒီနှစ် ဆောင်းဝင်ရင် ခြံကို ပြင်ကြမယ်။ အမေကြိုက်တဲ့ အလှဆုံး နှင်းဆီတွေကို အများဆုံး စိုက်ကြမယ်။
သားသမီးတွေ၊ မြေးတွေက အလုပ်တွေ၊ စီးပွါးရေးတွေ၊ ကျောင်းတွေကြောင့် တခါတရံ အမေ့နားမှာ မရှိတတ်ဘူး။ အနီးကပ်ဆုံး စောင့်ရှောက်နေတာကတော့ ကိုစိုးမြင့်ပါပဲ။ ညတိုင်း အမေ့တရား ထိုင်ဖက်ပါ။ အမေ့နားမှာ အမြဲရှိပြီး အဖော်လုပ်ပေးနေတာကတော့ သားအငယ်ဆုံး ကိုကျော်သီဟပါပဲ။ သူ့ကြောင့် အမေဟာ ဘော်လုံးပွဲတွေ ကြည့်တတ်လာပြီး Owen တို့ Beckham တို့ကို ကောင်းစွာ သိပါတယ်။
အမေဟာ သူ့ပန်းတွေကို ပြတင်းကနေ လှမ်းကြည့်နေရတယ်။ ခြံရဲ့အလယ်မှာ စိုက်ထားတဲ့ အမေ့အကြိုက် ခတ္တာပန်းတွေကတော့ ခူးလို့ မနိုင်နိုင်အောင် ဧပြီနဲ့မေလမှာ ပွင့်ကြပါတယ်။ အဲဒီအချိန် ကျရင် အမေ့ဘုရားစင်မှာ ခတ္တာပန်းတွေချည်းပဲ ဖြစ်နေပြီး ဒီပန်းတွေနဲ့ ဆက်နွယ်တဲ့ အဖေ့ကို သတိရပြီး ခတ္တတွေပွင့်ပြီလို့ အမေ့ရင်ထဲမှာ ပြောနေမှာပါပဲ။
မိုးကျတာနဲ့ မြေကြီးထဲက ပြူထွက်လာတဲ့ နှင်းပန်းလေးတွေဟာ အမေခူးနေကျ ပန်းလေးတွေပါ။ တခါတရံ ဆီမီးတောက် ပန်းလေးတွေ တောင်သားတွေက အမေဘုရားတင်ဖို့ ခူးလာကြပါတယ်။ မှန်ပြူတင်းက ပန်းလေးတွေအပြင် အမေကြည့်တာတွေကတော့ ပြောင်းလဲနေတဲ့ ရာသီဥတုပါပဲ။ နေသာရင် ဗွတ်ကလုံနဲ့ သပိတ်လွယ်တို့ တေးချင်းဆိုကြပြီး၊ ခြံဝမှာမြင်နေတဲ့ ထင်းရူးပင်တွေ ငြိမ်နေတဲ့အခါ၊ လေတိုက်နေလို့ ယိမ်းထိုးနေတဲ့အခါ၊ မိုးစက်တေါ မိုးနှင်းတွေ မှိုင်းတွေ၊ ယခုလို မိုးကုန် တော့မယ့် အချိန်မှာ တခါတရံ နံနက်ခင်းမှာ နှင်းတွေဝေတတ်တာမို့ အမေဟာ သူ့နဘေးမှာမရှိတဲ့ သားသမီးတွေကို လွမ်းပါလိမ့်မယ်။
သားသမီးတွေ စုံရင်တော့ ထမင်းဝိုင်းမှာ စပါယ်ရှယ်လုပ်ထားတဲ့ ဟင်းတွေကို မြိန်ယှက်စွာ စားတတ်ပါတယ်။ ထမင်းစားရင် ကြာတတ်တာမို့ သမီးတွေက စောင့်စားရင်း စားစေချင်တာကလေးကို ထည့်ပေးရင်း ၀င်အောင်ကျွေးကြပါတယ်။ နေ့လည်အိပ်ရင်တော့ ကျွန်မ အဖော်လုပ်ရပါတယ်။ အမေ့ လက်ကလေးနဲ့ ခြေဖ၀ါးလေးတွေဟာ အမြဲအေးနေတာမို့ ဆုပ်ပေးထားရင်း အဖေ့ကို အထူးသတိရမိ ပါတယ်။ အဖေကွယ်လွန်ခဲ့တာ ၂၁ နှစ်ရှိပြီ။ ရုတ်တရက် နာမကျန်းဖြစ်ပြီး ဆုံးတာမို့ အဖေ့ကို တာရှည်ပြုစုခွင့် မရလိုက်ပါဘူး။ ဆုံးခါနီး အချိန်တွေအကြောင်း စဉ်းစားမိရင် ကျွန်မခေါင်းထဲက ချွေးတွေ ထွက်တတ်ပါသေးတယ်၊
ကျွန်မငယ်ငယ်က ရန်ကုန်မှာကျောင်းနေတော့ အဖေ့ရဲ့ သူငယ်ချင်းအိမ်မှာ နေရပါတယ်။ မိဘလို စောင့်ရှောက်တာမို့ အဖေအမေလို့ခေါ်ပြီး သူတို့သမီးတွေဟာ ကျွန်မတို့နဲ့ ညီအစ်မအရင်းတွေလို ချစ်ခဲ့ပါတယ်။ ရန်ကုန်ကအဖေ မဆုံးခင် ၉နှစ် ၁၀နှစ် အိပ်ရာထဲမှာ လေဖြတ်ပြီး လဲတော့ သမီးတွေနဲ့ အမေက ပြုစုကြတယ်။ ကျွန်မ ရန်ကုန်ရောက်တိုင်း သွားပြီးကြည့်ပါတယ်။ ကျွန်မလာရင် သိတ်ပြီး ၀မ်းသာရှာတယ်။ သမီးတွေနဲ့ အမေက သိပ်ဂရုစိုက်ပြီး ပြုစုစောင့်ရှောက်တာ မြင်ရတော့ ကျွန်မ အဖေဟာ သူ့လောက် အသက်မရှည်ခဲ့တာကို တွေးမိပြီး အဖေရှိရင် ကျွန်မလည်း ဒီလိုပြုစုမှာပဲလို့ တွေးမိပါတယ်။
အမေဟာ အသက်ကြီးလာတော့ အရင်ကလို စာကိုတွင်အောင် မရေးနိုင်တော့ပါဘူး။ မေ့ကုန်ပြီလို့ လည်း ပြောတတ်တယ်။ ကျွန်မသား ဘိုဘိုကို အဖွားဘာရေးရင် ကောင်းမလဲတဲ့။ မျက်စိက စာ သိတ်မဖတ်နိုင်တော့ သူသိချင်တာတွေကို ပြောပြခိုင်းပါတယ်။ Sars အကြောင်း ပြောပြစမ်းပါလို့လဲ ပြောတတ်ပါတယ်။ ဒါပေမယ့် မကြာခင်က ဆရာကြီးဦးကိုလေး(ဇေယျာမောင်) ကွယ်လွန်တော့ သူ့အကြောင်းအမှတ်တရ ရေးတဲ့ဆောင်းပါးမှာ အချက်အလက်တွေက ပြည့်စုံပြီး မှန်ကန်တာမို့ ဆရာကြီးဦးကိုလေးနဲ့မမခင်တို့ဘ၀ကို ချယ်မှုန်းနိုင်ခဲ့ပါတယ်။
လမ်းလျှောက်တဲ့အခါတိုင်း ခြံဝမှာရှိတဲ့ ပဒိုင်းရောင်စုံကို အမေက နှစ်နှစ်ခြိုက်ခြိုက် အနီးကပ် ကြည့်တတ်ပါတယ်။ လမ်းကူးပြီး အပင်နား အမြဲသွားကြည့်ပြီး နောက်ထပ်အပင်တွေ ထပ်စိုက်ပါဦးလို့ မှာတတ်တယ်။ ဒီပန်းတွေဟာ ညနေစောင်းကစပြီး တညလုံး အမွှေးတိုင်လိုမွှေးတဲ့ ထူးခြားတဲ့ ပန်းတွေပါပဲ။
ခုလို မိုးနှောင်းတဲ့အခါမှာ နွေဦးမှာလှဖို့အတွက် ဥယျာဉ်မှူး ဦးသိန်းထွန်းက ခြံကိုစပြင်နေပါပြီ။
အမေကြိုက်တဲ့ South Seas နှင်းဆီတွေကို အ၀င်ဝမှာ အခင်းတွေနဲ့ စိုက်မှာဖြစ်ပြီး သိတ်မွှေးတဲ့ ပဲပန်းနှင့် Marie Gold ပန်းတွေ ရောင်စုံ ပွင့်စေပါမယ်။
အမေဟာ အဖေနဲ့အကြောင်းပါတော့ သူတို့ဘ၀ဟာ ဖဲမွေ့ယာမဟုတ်ပဲ ဆူးခင်းလမ်းကို လျှောက်ခဲ့ ရသတဲ့။ ဒီလမ်းကို ကျွန်မတို့ အတူတူလျှောက်ခဲ့ရတာမို့ ယခုလို စိမ်းလန်းအေးမှာ နေရတဲ့ အမေ့ဘ၀ ကို ချမ်းမြေ့စေချင်တယ်။

ဒေါက်တာမြမဉ္စူ


No comments: