Saturday, November 20, 2010

ဥတ္တရမြို့
ရေးသူ- ငြိမ်းအေးအိမ်



မြန်မာနိုင်ငံမြောက်ပိုင်းက မီးရထားလမ်းဆုံးမြို့လေး တစ်မြို့ဆီ ကျွန်တော်ရောက်ခဲ့ပါတယ်။ 'မြစ်ကြီးနား'ပါ။

သူ့ကို (အဲဒီမြို့ကို) မြန်မာပြည်ရဲ့ 'ဥတ္တရမြို့တော်'လို့ သတ်မှတ်ကောင်းသတ်မှတ်ကြပါလိမ့်မယ်။ ကျွန်တော်အနေနဲ့တော့၊ အခြားသောနယ်မြို့ကြီးတစ်ချို့တွေထက် သိပ်တော့ဖြင့် ထူးပြီးခြားနား နေလှတယ်လို့ မထင်မိပါဘူး။

အဲဒီမြို့မှာ လူနဲ့လောဘဒေါသဟာ ထူလိုက်ပါးလိုက် ဒွေးရော ယှက်တင်တည်ရှိနေပါတယ်။ နုပျိုခြင်းနဲ့ အိုမင်းမှုဟာ လင်းလိုက်မှုန်လိုက် ပျိုးပြက်လက်နေ ပါတယ်။ ဒုက္ခနဲ့သုခဟာ သိပ်သည်းလိုက်၊ကျဲတောက်လိုက် ပျော်ဝင်နေပါတယ်။ တစ်ခါတရံ နေပြင်းလိုက်၊ ခြောက်သွေ့လိုက်။ တစ်ခါတလေ မတော့ ချမ်းခိုက်ခိုက်တုန်လိုက်၊ မြို့တစ်ဝက်ကုန်ခမန်း ရေလွှမ်းလိုက်။

မြို့ရဲ့ တစ်ချို့နေရာဟာ ရိုးသားတယ်။ တစ်ချို့နေရာက ကောက်ကျစ်တယ်။ တစ်နေရာမှာ ဖေါ်ရွေမှု ကိုတွေ့ရပြီး၊ သိပ်မဝေးတဲ့ နောက်တစ်နေရာမှာ သက်ဦးဆံပိုင် ခေတ်ဆီက အရိပ်အငွေ့တွေ မြင်ရမယ်။ သိပ်ကံကောင်းရင်တော့ မင်းလောင်းတစ်ပါးလို ဝတ်စားဆင်ယင်မှုနဲ့ ဘူတာနားတစ်ဝိုက် မြင်းစီးပြီး လှည့်လည် သွားလာနေသူကိုတောင် တွေ့မြင်ရဖူးနိုင်တယ်။
သောက်သောက်လဲ ချမ်းသာခြင်းရဲ့ ပြယုဂ် အဆောက်အုံတွေကို ခင်ဗျား မြင်နိုင်ပြီး၊ အောက်ဆုံးလွှာက သက်ကြီးရွယ်အိုနဲ့ ကလေးငယ် တစ်ချို့တွေရဲ့ ချို့ငဲ့မှုကိုလည်း ထုံးစံအတိုင်း မပျက်မကွက်တွေ့ မြင်ရနိုင်ပါတယ်။ သုံးမကုန်အောင် ရှာဖွေစုဆောင်း နိုင်ခဲ့ကြတဲ့ ငွေကြေးတွေကို ဖင်ခုထိုင်ပြီး ဒီမြို့ထက် ကျယ်ပြောတဲ့ အခင်းအကျင်းရှိရာကို လှမ်းမျှော် ကြည့်နေသူ ('လောပန်း' နှင့်အခြား အမည်နာမရှိသူများ) တွေ ရှိနေသလို၊ ကြက်ယက်သလို ရှာဖွေစားသောက်နေကြရှာတဲ့ ဒီမြို့ရဲ့ အထင်ကရ ''မိုးမလင်းဈေး'' ဆိုတာလည်းရှိ နေပြန်ပါတယ်။ အလားတူ မြို့ပေါင်း ဘယ်နှ မြို့လောက် ဒီကမ္ဘာပေါ်မှာရှိနေကြောင်း ကျွန်တော်မသိပါ။ မြို့တွေအကြောင်း စံနစ်တကျ မှတ်တမ်းတင်ထားတဲ့ ပရိုဂရမ်တစ်ခု ပေါ်ပေါက်နေပြီ ဆိုတာလည်း ကျွန်တော် မကြားဖူးသေး။ ကမ္ဘာကျော် 'လီဒို' လမ်းမကြီးဟာ ဒီမြို့ကို ဖြတ်သွားဖူးပါတယ်။ 'ပညာအရည်အချင်း' လို့ ခေါင်းစဉ်တပ်ထားတဲ့၊ ကိုယ်ရေးရာဇဝင် ကွက်လပ်မှာ 'ခေသူမဟုတ်'လို့ ဖြည့်သွင်းရေးသားခဲ့ဖူးသူ ပွင့်လင်းရိုးရှင်းသော တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက် ဒီမြို့မှာနေထိုင်ခဲ့ဖူးတယ်။ 'စိနတိုင်း' က မြိန်ရေယှက်ရေ မက်မက်စက်စက် မြိုဝါးစားသုံးနေတဲ့ ပြည်နယ်ထွက် ကျောက်စိမ်းရိုင်းများစွာ ဒီမြို့မှာ ဧည့်သည်လုပ်ခဲ့ဖူးတယ်။ 'မေခ' နဲ့ 'မလိခ' ဖူးစာဆုံပြီး 'ဧရာဝတီ'ကို မွေးခဲ့တာ ဒီမြို့ရဲ့ အထက်ဘက် နားလေးမှာပေါ့။ ဧရာဝတီကို မွေးဖွား သန့်စင်ခဲ့တဲ့ မြစ်နှစ်စင်းရဲ့ ကြမ်းပြင်မှာတော့ ရွှေမှုန်ရွှေခဲတွေ လက်လက်ကြဲနေတယ်။

အခုတော့ဖြင့် 'မြို့' ဟာ ခါးလျားရှည်တဲ့ တံတားတစ်စင်းနဲ့ ဧရာဝတီ အရှေ့ဘက်ကမ်းကို 'ကြောင်းလမ်း' ထားလေရဲ့။ သူ့ ကြည့်ရတာ (၂၁)ရာစု ရောက်မှ သွားလမ်းသာလို့ လာလမ်းဖြောင့်အောင် ဖေါက်လုပ်ထားတဲ့ လမ်းတွေကို ကြည့်ရင်း ဒုတိယကမ္ဘာစစ်တုန်းက သူ့ ရင်ခွင်ထဲမှာ သွေးစီးစက်လက်၊ ဒဏ်ရာဟောက်ပက်နဲ့ ကျဆုံးခဲ့ရရှာသူ များစွာကို မေ့လျော့ နေလေရော့သလား မဆိုနိုင်ဘူး။ မြို့ရဲ့ သမိုင်းဟာ ဟောသလို လူတွေကို မြင်ဖူး၊ ကြုံဖူးခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားပေါင်းစုံ မြန်မာ့မျိုးချစ် သူရဲကောင်းများ၊ အင်္ဂလိပ်စစ်သား၊ အမေရိကန်စစ်သား၊ အာဖရိကန်စစ်သား၊ အိန္ဒယနွယ်ဖွားစစ်သား၊ ဂျပန်စစ်သား၊ 'ချန်ကေရှိတ်' ရဲ့ တရုတ် စစ်သားများ။ ဗြူ၇ိုကရက်များ၊ လောပန်းများ၊ ဘိန်းစားများ၊ လား ကျောင်းသားများ၊ သူတို့ရဲ့ အသက်တွေကို အလို လောဘထဲမှာ ထုပ်ပိုး သိမ်းဆည်းထားတဲ့ ကုန်သည်များ။ မျိုးချစ် ဘုန်းတော်ကြီးများ၊ သာသနာပြု သူတော်စင်များ၊ ဘောင်းဘီ တစ်ဘက်ချ၊ တစ်ဘက် လိပ်တင်ထားတဲ့ တောင်တန်းများပေါ်က ဒေသခံ တော်လှန်ရေးသမားများ။

မြို့ဟာ စစ်သားပေါင်းများစွာရဲ့ 'ဟန်းကော' ထဲကို အစာဖြည့်ပေးခဲ့ရဖူးတယ်။ သူတို့ တစ်တွေရဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာ၊ တန်ချိန်ပေါင်းများစွာကို လိုရာအရောက် ထမ်းပိုး သယ်,မ ပေးခဲ့ရ ဖူးတယ်။ လူတွေ၊ မြင်း/လားတွေရဲ့ ခြေသလုံးနဲ့ ပခုံးကို အသုံးပြုပြီးပေါ့။ နီးရာဓားကို ကြောက်လို့ စစ်သတင်း တစ်ချို့ကို ဖုံးပြီး စစ်သတင်း တစ်ချို့ကို ဖေါ်ခဲ့ရ ဖူးတယ်။ ကင်ပေတိုင်ရဲ့ ဓားသွားမှာ လည်ပင်းပြတ် ပါသွားခဲ့ဖူးတယ်။ ဂေါရာစစ်သားရဲ့ လှံစွပ်ဖျားမှာ ရင်ဘတ် ပွင့်သွားခဲ့ ရဖူးတယ်။ မြို့ကလေးက စုဆောင်းထားတဲ့ စစ်နဲ့ ပတ်သက်သမျှ 'ဒဏ္ဍာရီ' တွေဟာ စွယ်စုံကျမ်း တစ်အုပ်စာလောက်၇ှိမယ်။ ဒုတိယ ကမ္ဘာစစ်၊ ပြည်တွင်းစစ် နှစ်ပေါင်းများစွာ၊ စသဖြင့် 'စစ်'တွေနဲ့ချည်းပဲ အလိုမတူပဲလက်ထပ်ထိမ်းမြားခဲ့ရ၊ အတူနေထိုင်ခဲ့ရတဲ့ မြို့ကလေး ခမျာ စစ်ဆိုတဲ့အသံကို မကြားချင်တော့လို့ ရေတောင် 'စစ်' မသောက်ချင်တော့ဘူး ပြောတယ်။

ခုတော့ဖြင့်၊ ဒီမြေပြင်မှာ တိုက်ပွဲဝင်ခဲ့ကြဖူးသူ အားလုံးရဲ့ ခြေရာတွေဟာ ကုန်လွန်ခဲ့တဲ့ အချိန်နဲ့၊ ဖေါက်လုပ်ထားတဲ့ လမ်းတွေ အောက်မှာ လွယ်လင့်တကူ ပျောက်ဆုံး သွားခဲ့လေရော့သလားလို့ တွေးတောစရာ ပါပဲ။ လေယဉ်ပျက်လာရှာသူ၊ အရိုးအိုးကောက်ရင်း ဆုတောင်းသူတစ်ချို့ ရဲ့ ရင်ထဲမှာတော့ အဲဒီသမိုင်းဟာ ထင်ရှား လင်းပျက်နေတုန်း ထင်ပါ့။ သမိုင်းခြေရာတွေလို ပျောက်ကွယ် သွားရတော့မယ့် လူသား မျိုးနွယ်စု တစ်ခုလည်း ဒီမြို့လေးရဲ့ ဟိုး မြောက်ဘက်ဝေးဝေးက ရေခဲတောင်တန်းတွေဆီမှာ ရှိနေပြန်ပါတယ်။ 'ထရုန်' လို့ခေါ်တဲ့ မြန်မာ့ တိုင်းရင်းသား မျိုးနွယ်စုတစ်ခုဟာ ၂ဝဝ၆ ခုနှစ်ဆီ ရောက်တော့ လူဦးရေ ခြောက်ယောက်ပဲ ကျန်တော့တယ် ပြောရင် ခင်ဗျားက ပုံပြင်တစ်ပုဒ် ပြောပြ နေတယ်လို့ ထင်မှာလား။ ''တောမှာ သွားပြော'' လို့ ဒေါသတကြီး ငေါက်ငမ်းလွှတ် မှာလား။ စိတ်မဆိုးပါနဲ့။ အမျိုးပျောက်မှာ စိုးကြောက်ပြီး ထိမ်းသိမ်းထားရတဲ့ အခြားအရာတွေလည်း ဒီမြို့ဝန်းကျင်မှာ ရှိနေပါ သေးတယ်။ 'ဟူးကောင်း' တောင်ကြားက ကျားများ ထိမ်းသိမ်းထားတဲ့ ကျားဘေးမဲ့ ဥယျာဉ်ပါ။ ဘေးမဲ့ ဥယျာဉ်ဟာ ဧရိယာ မိုင်ပေါင်းများစွာကျယ် ပါတယ်။ ဘယ့်နှယ်လဲ။ လူ့အမျိုး ပျောက်ကာနီးမှာ ကမ္ဘာ့ ကျားမျိုး မပျောက်အောင် ထိမ်းသိမ်း ဆောင်ရွက်နေရတဲ့ ဒီ အစီအစဉ်ကိုဖြင့် ခင်ဗျား သဘောကျတယ် ဟုတ်စ။

မြို့လည်ခေါင်မှာတော့၊ အရိုးအသားအသစ်၊ ကြွက်သား အသစ်တပ်ဆင်၊ မိတ်ကပ်အသစ် လိမ်းကျံလို့ ဝါမဆိုမီ အစွံထုတ်တော့မယ့် သတို့သမီး စတိုင်လ်နဲ့ အလှဆုံး ပြင်ဆင်ထားတဲ့ ဘူတာရုံကြီးဟာ သူ့ရင်ဝ တည့်တည့်ကို ထုတ်ချင်းပေါက် ထိုးဖေါက်ဝင်နေသူ စစ်လက်ကျန် ရထားလမ်းဟောင်းကြီးကို မဖယ်ရှား နိုင်သေးဘူး။ ဒါပေမယ့် အဲဒီ လမ်းဟောင်းပေါ်မှာ တောက်တောက်ပပ အရောင်ဆင်းနဲ့ တရုတ်ပြည်လုပ် တွဲသစ်ကြီးတွေ စုန်ဆန်ပြေးလွှားနေတာ ခင်ဗျား မြင်ရနိုင်ပါပြီ။ ဒီကနေ့ လူတွေဟာလည်း စစ်အတွင်းက လူတွေလိုပါပဲ။ ရထားဥသြသံကို နားထောင်လိုက်။ ဘူတာထဲ ရထားကြီးဝင်လာတာ အရှင်လတ်လတ်မြင် ရရင်ကို ဝမ်းမြောက်ဝမ်းသာဖြစ်လိုက်။ အထုပ်အပိုးကိုယ်စီဆွဲပြီး ရထားကြီး ပေါ်တက်သွားလိုက်၊ ဆင်းလာလိုက်။ လာသူကို ကြိုဆိုလိုက်၊ ပြန်သူကို နှုတ်ဆက်လိုက်နဲ့ပေါ့။

မြစ်ကြီးတစ်စင်းရဲ့အနားမှာ လဲလျောင်းနေတဲ့ ဒီမြို့ဟာ ကမ္ဘာစစ်ဒဏ်ကိုလည်း ရင်ဖွင့်ခံခဲ့ရ၊ ပြည်တွင်းစစ် ဒဏ်ကိုလည်း ကျောခင်းခံခဲ့ရ ပေသပေါ့။ သူ့ကို ကြေကွဲစရာတွေ ဗလပွ၊ ကြွယ်ဝစရာတွေ အနန္တနဲ့ မြို့လို့ ပြောပြန်ရင်လည်း လွန်မယ်မထင်ပါ။ နှစ်ပေါင်းများစွာ တူးဖေါ်ရယူခဲ့ကြပြီးပေမယ့် ကနေ့ထိ မကုန် ခမ်းနိုင်သေးတဲ့ ကမ္ဘာကျော် အစိမ်းရောင် ကျောက်မျက်ရတနာတွေဟာလည်း မြို့လေးရဲ့ မလှမ်းမကမ်းမှာ။

'ရွှေ' လို့ခေါ်တဲ့ အဝါရောင်သတ္တုတွေကလည်း မေခမြစ် အောက်ကြမ်းပြင်က ထွက်လိုက်၊ 'ဟူးကောင်း' ချိုင့်ဝှမ်းက ပေါ်လာလိုက်နဲ့ ' သိုက်'ပေါင်းများစွာ စည်ကားရာ။

မိုလစ်ဒီနမ်၊ ခဲ၊ သွပ်၊ သံ၊ ဝူဖရမ်၊ ကျောက်မီးသွေးတွေဟာ မြို့ရဲ့ အရှေ့ဘက် တောင်တန်းတွေဆီမှာ စေးပြစ်ဥခဲ ဖွဲ့တည်လို့။ သူ အမူးလွန်လာတဲ့ တစ်ခါတစ်ခါမှာတော့ မြို့ကလေးဟာ ရင်ကော့ခေါင်းမော့ ပြီး ခုလိုကြုံးဝါး တတ်ပြန်တယ်။ ''အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ မလိုတမာအသံဟာ ဘယ်ကမ္ဘားယံကို ထိမှန်ပြီး ပဲ့တင်ပြန်လာ နေတာတုန်းကွ၊ မင်းတို့ ဘာမှ ပြောစရာအကြောင်းမရှိဘူး၊ ဆင်းရဲတယ် မဆင်းရဲဘူး သိချင်ရင် ငါ့ဆီလာလှည့်'' တဲ့။ ဟုတ်လားတော့ မသိပါဘူး။ သူမူးလာတိုင်းမှာ ဒီကြုံးဝါးသံကို ကြားကြားနေရတာတော့ အဟုတ်ပဲ။

တစ်လောတုန်းဆီက နှစ်များမှာတော့ ဧရာဝတီမြစ်ရေလျှံ သတဲ့။ တောင်ပေါ်မိုးတွေ သိပ်များလို့။ မြစ်ဖျားမှာ တောပြုန်းလို့။ Glacial lake outbrust floods (GLOFs) ဆိုလားပဲ၊ ဟိမဝန္တာက ဂလက်စ်ဆီ ရေခဲအိုင်ကြီးတွေ အရည်ပျော်ကျလို့၊ စသဖြင့် ယော်မှန်းရမ်းသန်း ပြောကြတယ်။ ဘယ်ဟာ ဘယ်အချက် မှန်တယ်မသိပေမယ့် မြစ်ရေဟာ အန္တရာယ်ဖြစ်လောက်အောင် လျှံတက်ခဲ့တာတော့အမှန်ပဲ။ အန်ဂျီအို (NGO) တစ်ခုမှာ သဘာဝဝန်းကျင်ထိမ်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေတဲ့ ပညာရှင် သူငယ်ချင်း တစ်ယောက်ဆီက ဂြိုလ်တုက ရိုက်ထားတဲ့ ပုံတွေယူကြည့်မိတယ်။ ဟုတ်ပေသားပဲ။ မြို့လေးဟာ သွေးအားနည်း လူမမာ တယောက်လို၊ အစိမ်းရောင် အားနည်းတဲ့ ရောဂါခံစားနေရတာ တွေ့မိတယ်။ မြို့ကလေးနဲ့ သူ့ ပတ်ဝန်းကျင် အကြောင်း တွေတွေလေး တွေးနေမိရာက 'ပေါ်ပြူလာ' ဂျာနယ်မှာ ကျွန်တော်ရေးခဲ့ဖူးတဲ့ ဆောင်းပါး တပုဒ်ဆီ စိတ်ရောက်သွားခဲ့ရ ပြန်တယ်။ ရေးခဲ့ဖူးတာ ဒီလိုပါ။

လူသားများအတွက် သို့မဟုတ်၊ လူသား တွေသုံးစွဲဖို့ပစ္စည်းများ ထောက်ပံ့ရေးအတွက် လမ်းပွင့်စေရန် ထိုသစ်တောများကို ရှင်းပစ် ခြင်းပင်ဖြစ်သည်။ ထို သစ်တောများကို -
က။ သစ်မာအတွက် သစ်လုံးထုတ်သည်။
ခ။ ကျွဲနွားခြံနှင့် ဝင်ငွေရသီးနှံ စိုက်ခင်းများအတွက် သုံးသည်။
ဂ။ ဆည်မြောင်းတမံဆောက်လုပ်၍ ရေလွှမ်း စေသည်။
ဃ။ လမ်းများနှင့် သတ္တုတွင်းများ ဖေါက်သွယ် ဆောက်လုပ်ရန်ဖျက်ဆီးသည်။
င။ ဒေသခံပြည်သူတို့အတွက် ဆောက်လုပ်ရေး ပစ္စည်းဖြစ်စေ၊ လောင်စာဖြစ်စေ ထောက်ပံ့ပေးရန် ခုတ်လှဲပစ်သည်။

ကျွန်တော် တော်တော်ဖြုံသွားပါတယ်။ ကမ္ဘာကြီးဟာ ပြီးပြီးရော မေ့မေ့ပျောက် နေတာမှ မဟုတ်ပဲ။ သူ့ကိုယ်ပေါ်က သစ်ပင်တွေကို ဘာ့အတွက်၊ ဘယ်လို ခုတ်လှဲသုံးစွဲ နေကြတယ် ဆိုတာကို ခွဲခွဲခြားခြား သေသေချာချာ မှတ်သားထားတာပဲ။ အပိုဒ်(ခ)မှာ ဝင်ငွေရ သီးနှံစိုက်ခင်း များအတွက်ဆိုပြီး ခပ်ပေါ့ပေါ့ ဖျော့ရေးထား လို့သာ တော်တော့တယ်။ တကယ်က အဲဒီအပိုဒ် အတွက်ကုန်ခဲ့တာကမှ အလဟသ။ စပါးစိုက်ဖို့ အတွက် သစ်ပင်တွေကို အကြီးအသေး အငုတ် မကျန် မီးရှို့ပြစ်ကြတာ။ 'ပြာ' လုပ်လိုက်ကြတာ။ ဘယ်မှာမှ ပြန်သုံးလို့မရ။ သစ်ပင်သေက ဝင်ငွေ တစ်ပြားမှမရ။ လုပ်အားအရှုံးခံ ရှို့ပစ်ခဲ့ကြတာ။

ကျွန်တော်တို့ နိုင်ငံမှာ တောင်ယာခုတ် အသက်မွေးရတဲ့ တောင်ပေါ်နေတိုင်းရင်းသား မိသားစုတွေ အနည်းဆုံး ငါးသောင်းလောက်တော့ ရှိတယ်။ ဒီမိသားစုတွေ တစ်နှစ်စားဖို့ တောင်ယာ စပါးစိုက် ကြမယ်။ အနည်းဆုံး တစ်အိမ်ထောင် သုံးဧကလောက်စိုက်မှ လောက်င ကြမှာ။ ဒါဆို ဒီမိသားစု ငါးသောင်းလောက်က တစ်နှစ်မှာ ခုတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ သစ်တောဧက ဘယ်လောက် ရှိမလဲ။ မှန်းစမ်း။ အာလိုလို . .၊ လောင်စာ မဖြစ်၊ အိမ်ယာမဖြစ်၊ တံတားမဖြစ်၊ ကားမဖြစ်ပဲ အလကားပဲတင်း မီးရှို့ပစ်နေတဲ့ သစ်တောတွေ တစ်နှစ်ကို (၂၆ဝ) စတုရန်းမိုင် လောက် ရှိနေပါရောလား။ အဲ လောက်များတဲ့ အပင်တွေကို ရှို့ပစ်လို့ ထွက်လာမယ့် အပူငွေ့၊ ကာဗွန်ဒိုင် အောက်ဆိုက်တွေ ကမ္ဘာကြီးကို ဘယ်လောက် အနေရခက်စေမလဲ။ သစ်ပင်တွေ ကုန်သွားတော့ မြေကြီးက သူ့အပေါ် ရွာချတဲ့ မိုးရေတွေကို အရင်လို စုပ်ယူမထိမ်းသိမ်းနိုင်။ ရေတွေက အပင်မဲ့ တောင်စောင်းတွေ တစ်လျှောက် အတားဆီးမဲ့ ဒလဟောစီးရင်း မြေဆီလွှာတွေကို တိုက်စားသွား။ (ဒါ့ကြောင့် ခုတ်ယူထားတဲ့ တောင်ယာတွေမှာ ၂နှစ်ထက်ပို ပြီးစိုက်ပျိုး စားသောက်လို့ မရတာနေမှာ)။ စိုက်ပျိုး မရတော့ နောက်ထပ်တောင်ယာခုတ်၊ ခုတ်တော့ကုန်၊ ကုန်တော့ပြုန်း၊ ပြုန်းတော့ပူ၊ ပူတော့ ရာသီပြောင်း။ ဟူး . . ဘယ်ဘက်က ကြည့်ကြည့် ကောင်းကွက်ကိုမရှိပါလား။ ဘုရား . . ဘုရား ကျွန်တော်တွေးနေတာ ကမ္ဘာကြီး မသိပါစေနဲ့။

(ကျွန်တော် အဲသလိုရေးသားဖေါ်ပြခဲ့ဖူးတယ်)

ဘာပဲပြောပြော၊ နေထိုင်စားသောက်မှုပုံစံ၊ လူမှုဆက်ဆံရေး ပုံစံတွေမှာတော့ 'မြို့' ဟာ အခြားသော သူနဲ့ခေတ်ပြိုင်မြို့တွေနဲ့တော့ အတော်တူလာပါပြီ။ နောက်ကျမကျန်ရစ်အောင် အမီလိုက်နေပြီလို့ ဆိုနိုင်ကောင်းပါတယ်။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ 'ဒင်းဆမ်း' နံနက်စာရသလို၊ ကျွန်တော်ချစ်တဲ့ ဒီမြို့ကလေးမှာလည်း ပေါင်းအိုးပူပူ အဆင့်ဆင့်ထဲက အသင့်စားနံနက်စာများ ရနေပါပြီ။ တစ်ခုတော့ရှိပါတယ်။

'ဒင်းဆမ်း' စားသူများရဲ့ မနက်ခင်း။ ခေါပုပ်ကင် စားသူများရဲ့ မနက်ခင်း။
ကြက်ပေါင်းရေစိမ်ခေါက်ဆွဲ စားသူများရဲ့ မနက်ခင်း။
မုန့်ဟင်းခါး၊ လက်ဘက်ရည်၊ ထမင်းကျော် စားသူများရဲ့ မနက်ခင်း။
မနက်ခင်းစာ တစ်ခုခုကို မွတ်သိပ်နေတဲ့ မနက်ခင်းရယ်လို့ တော့ ကွဲပြားနေမှာပါ။

မြို့ကလေးဆီမှာ လေကြောင်းလိုင်းအသီးသီးရဲ့ လက်မှတ် အရောင်းဌာနရှိတယ်။ ကွန်ပြူတာ စာစီ စာရိုက် လုပ်ငန်းလေးတွေရှိတယ်။ အိမ်ခြံမြေနဲ့ စိန်ရွှေပွဲစားရှိတယ်။ ကတော်တွေ ရှိတယ်။ မှော်တွေရှိတယ်။ ချက်ချင်းစမ်း၊ ချက်ချင်း တပ်လို့ရတဲ့ 'ဗွီးရှင်း' မျက်မှန်ဆိုင်ကြီးတွေရှိတယ်။ မော်တော်ကား ရေဆေးဆီလိုက် ရှိတယ်။ စည်ဘီယာဆိုင် အများကြီးနဲ့ ကောက်ညှင်းပေါင်းသည် တစ်ယောက် နှစ်ယောက်ရှိတယ်။ ဘောလုံးပွဲ ရှိုးရုံတွေရှိတယ်။ တစ်၊ နှစ်၊ သုံးနဲ့ အသက်မွေး ဝမ်းကြောင်းမှုတွေ ရှိတယ်။ လှော်တက်နဲ့ အင်ဂျင်စက်ရှိတယ်။ ကျောက်မျက် တူးဖေါ်ရေး စခန်းတွေဆီသွားမယ့် ဘူဒိုဇာ၊ ဘက်ခ်ဟိုးနဲ့ ဘန်ကောက်မြို့မှာ တွေ့ရတတ်တဲ့ 'တုတ်တုတ်' လိုမျိုး တရုတ်ပြည်လုပ် သုံးဘီးဆိုင်ကယ် တွေရှိတယ်။ အကောင်းစား 'ခတ်ချို'ဆန်နဲ့၊ ပူတာအိုကနေ လေယဉ်စီး လာတဲ့ 'ဝါရှင်တန်ဂရိတ်ဖု'၊ မေခမြစ်ရိုးထွက် လိမ္မော်သီးတွေရှိတယ်။ တရုတ်ပြည်က လာတဲ့ ဒီဇယ်၊ ဓာတ်ဆီ၊ အထည်အလိပ်နဲ့ လူ့အသုံးအဆောင် မှန်သမျှရှိတယ်။ လည်ချောင်းယားယံခြင်းကို ဖြေဖျောက်ဖို့ ကာရာအိုကေ အခန်းတွေရှိတယ်။ ခန္ဓာကိုယ်ညောင်းညာခြင်းကို ပြေပျောက်ဖို့လည်း စီမံထားတာ မြင်ရမယ်။ အခြားမြို့တွေလိုပဲ အမှောင်နဲ့အလင်းတစ်လှည့်စီရှိတယ်။ ထူးခြားတာကတော့ ဧရာဝတီ မြစ်ကြီးကို ဦးဦးဖျားဖျား ပိုင်ဆိုင်ခွင့်ရထား တာပါပဲ။ နောက်ပြီးတော့ . . . အခုလိုမျိုး 'ရှိ' မှုတွေကို တွေ့ရဦးမယ်။

ငေါက်ငန်းဟိန်းဟောက်မှုများလည်းရှိ၊ လိုသည်ထက်ပို 'လေဖေါ'ရင်း 'လုံး' တတ်သော ဆရာ 'ယောရောရှိ' တွေလည်းရှိတယ်။ မြစ်ဘေး မေးတင်ထားတဲ့ ရိုးရာခေါင်ရည်ဆိုင်တွေမှာတော့ ရယ်သံ ချိုမြူမြူတွေ တွေ့ရတတ်တယ်။ နေညိုချိန် ရေဆိပ်မှာ ထမိန်ရင်လျားနဲ့ ရေချိုးအဝတ်လျှော်နေသူ အမျိုးသမီးတွေ၊ မြစ်ရေကြည်ကြည်ထဲ တဗွမ်းဗွမ်းဂျွမ်း ထိုးပြိုင်ပွဲ ကျင်းပနေကြတဲ့ ကလေးတွေ ကမ်းခြေတစ်လျားမှာ ရှိနေကြလိမ့်မယ်။

တကယ်လို့များ မြို့မဈေးကြီးကိုကျော်ပြီး မြစ်ကမ်းဘက်ကို ဆင်းကြည့်ဖြစ်ရင်၊ အဲဒီကမ်းခြေမှာပဲ 'တဲ' လို့ အမည်တပ်ရရုံ အိပ်စက်မယ့်နေရာ တခုဖန်တီးနေထိုင်လို့ ဘဝတိုက်ပွဲဆင်နွဲနေသူ အိမ်ခြေမဲ့ တချို့ တွေ့ရနိုင်တယ်။ အဲဒီ တဲနားမှာ မြစ်ထဲကရလာတဲ့ ရေမျောထင်းတွေ ဆယ်ပြီး မီးတပုံ ဖိုထားမယ်။ မီးခိုး လူးလူးထဲမှာ အိုးမည်း တူးတူးလေး တည်ရင်း ညစာ ချက်နေမယ်။ ပူစီပေါင်းရောင်းသူက သူ့ပခုံးမှာ ထမ်းထားတဲ့ ကောက်ရိုး တုတ်ကြီးဆီကနေ ပူစီပေါင်းတွေ ဖြုတ်ယူ သိမ်းဆည်းနေမယ်။ ဒညင်းသီး တုတ်ထိုးရောင်းသူက မနက်အတွက် ပြုပ်ထားပြီး ဒညင်းသီးတွေကို တုတ်တံမှာ သီနေမယ်။ အမှိုက်ပုံတကာ လည်ရင်းတနေ့လုံး ကောက်လို့ရလာခဲ့တဲ့ ပစ္စည်းပစ္စယလေးတွေ မြွေရေခွံအိပ်ထဲ ထည့်ထမ်းလို့ တဲကလေးဆီ တလှမ်းချင်းလှမ်းလာ နေတဲ့ ကလေး တယောက်တလေ မြင်တွေ့ရကောင်းလည်း တွေ့ရနိုင်တယ်။ နေ့တဓူဝ ထွက်ပေါ်နေကျ နင်ပဲငဆ ဆဲဆို ရန်ဖြစ်သံလည်း ခင်ဗျား ကြားရကောင်း ကြားရနိုင်တယ်။ မြင်တတ်ရင် ဆိုနေကျသီချင်းနဲ့ ကြားနေကျသတင်း တပုဒ်ဟာ အမှောင်လုံးလုံးမကျခင် ကမ်းခြေကို အသော့နှင်လာနေတာ တွေ့ရမယ်။

အခြား မြို့များနည်းတူပဲ ခန်းမတစ်ခုထဲမှာ ကျင်းပတဲ့ 'ညပွဲ'က သန်းကောင် သန်းလွဲကြီး အပြန်မှာ ရန်ဖြစ်ကြတဲ့ မှတ်တမ်းတချို့လည်း မြို့ကလေးဆီမှာ တွေ့နိုင်တယ်။ ဘယ်သူတွေရှိရမလဲ။ ပွဲတက်နိုင်သူ၊ ငွေသုံးနိုင်သူ၊ ငယ်ရွယ်သူတစ်ချို့ပေါ့။ သိန္ဓောမြင်း လေမှာခရီးပြင်းနှင် သလိုမျိုး အရှိန်ဟုန်နဲ့ ပြေးလွှားနေတဲ့ ဆိုင်ကယ်ပေါင်းစုံရယ် စတစ်ကာ ကပ် ကားတွေရယ်လည်း တွေ့ရတတ်တယ်။

မြို့ဟာ မြို့ဆန်ဆန်ပါပဲ။ ဈေးတွေ၊ ကျောင်းတွေရှိတယ်။ ဆေးရုံနဲ့ ဂေါက်ကွင်းရှိတယ်။ တက္ကသိုလ်ရှိတယ်။ ရိုးရာပွဲတွေ ကျင်းပတဲ့ မနောကွင်းရှိတယ်။ တယ်လီဖုန်း ကြေးနန်းရုံးရှိတယ်။ သာသနိက အဆောက်အအုံတွေရှိတယ်။ မြို့သူမြို့သားတွေ ဥပဒေကို လေးစား လိုက်နာတတ်အောင် ဆောင်ရွက်ပေးနေတဲ့ အကျဉ်းထောင်၊ အချုပ်ခန်း နဲ့ ရုံးပြင်ကန္ဒားများစွာ ရှိတယ်။ တူညီဝတ်စုံ၊ စိမ်း၊ နီ၊ ပြာ၊ ဖြူ၊ ဝါ၊ ဝတ်ထားတဲ့လူများစွာထဲမှာ အစိမ်းရောင်တွေ သိပ်သည်းနေတာမြင်ရမယ်။ ဆိုက်ကားဂိတ်၊ မြင်းလှည်းဂိတ်၊ တက္ကဆီလို့အမည်တပ်ရမယ့် ကားလေးများဂိတ် ရှိတယ်။ အရက်ဆိုင်၊ အပေါင်ဆိုင်၊ ထမင်းဆိုင်၊ ထွေရာလေးပါး ဘာဘာညာညာ မေးမြန်းဝယ်ယူနိုင်တဲ့ ကွမ်းယာဆိုင် တွေရှိတယ်။ မြို့ရဲ့ ခပ်မှောင်မှောင် ချောင်ကျကျနေရာ တချို့မှာ ပလပ်စတစ် 'မာကျံ' တုန်းများ ရောမွှေနေသံကြားရမယ်။ ငွေစက္ကူ ရေတွက်သံနဲ့ တွတ်ထိုးသံတွေလည်း တလှည့်စီ ထွက်ပေါ်နေတတ်တယ်။

မြို့တွေရောက်တိုင်း နာမည်ဆိုင်းဘုတ်လေးတွေ လိုက်ဖတ် လေ့ရှိပါတယ်။ အဲဒီ နာမည်ပေးမှု လေးတွေဟာ မြို့ရဲ့ အရောင်အသွေး၊ အခြေအနေကို တစိတ်တပိုင်း လှစ်ပြနေတတ်တယ်လို့ ထင်ပါတယ်။ 'လန်းကျော' တောင်လို့ အနက်ထွက်မယ့် 'လန်းကျောဘွမ်'လို ချစ်စရာ ရိုးရှင်းတဲ့ ရိုးရာနာမည်တွေ၊ 'သွေး' စာပေ နဲ့ မြန်မာကျော် 'ဥတ္တရလမင်း' လို အောက်ပြည်အောက်ရွာနံ့သင်းတဲ့ နာမည်တွေ၊ 'နဂါး နှစ်ကောင်' လို့ အမည်ရ တဲ့ စိနတိုင်းကြိုက် မှည့်ခေါ်မှုတွေ၊ ဂေါ်ရခါး နာမည်၊ အင်္ဂလိပ် နာမည်တွေနဲ့ ပွစာကြဲနေတဲ့ ဆိုင်းဘုတ်တွေဟာ သူတို့ရဲ့ နောက်ခံသမိုင်း ကို ဖေါ်ပြနေကြတယ်။ ဒါ့ကြောင့် အမျိုးအမယ်စုံပြီး ဝေစည်နေတဲ့ ဒီဆိုင်းဘုတ်တွေက ဒီမြို့မှာ ဖြင့်ယဉ်ကျေးမှု၊ လူမှုဆက်ဆံ ရေးပေါင်းစုံ ရောနှောပေါင်းယှက်နေကြောင်း ထင်ဟတ်ပြနေတော့တယ်။ တရုတ် 'စီချွမ်'ပြည်နယ်က ချဉ်စပ်ဟင်းလျာ၊ ဒန်ပေါက်၊ ဝက်ပုန်းရည်ကြီး၊ ကချင်ငါးပေါင်း၊ ရှမ်းမုန်ညင်းချဉ်တွေဟာ နေ့စဉ် တွင်တွင်ကျယ်ကျယ် ရောင်းချနေရတဲ့ အစားအစာတွေပါလို့ ဈေးသည် တွေက အာမ,ခံကြရင် မြို့ရဲ့ကိုယ်ထဲမှာ စီးမျော လှည့်နေမယ့်သွေးအုပ်စု အမျိုးအစားကို ခင်ဗျား ခန့်မှန်းတတ်လောက်ပြီ ထင်ပါတယ်။

မြို့လည်ခေါင် တဝိုက်မှာ စာအုပ်အရောင်းဆိုင် လေးငါးဆိုင်လောက်ေ တွ့ရတော့ ကျွန်တော် အားတက်မိတယ်။ စာအုပ်ဆိုင်များတာဟာ စာဖတ်သူများတဲ့ အဓိပ္ပာယ်ပါ။ စာဖတ်သူတွေဟာ သာမာန် စာမဖတ်သူ တွေထက်စာရင် အနာဂတ်ကို ပိုဦး ဆောင်နိုင်သူတွေ ဖြစ်တယ်လို့ ယုံကြည်ထားမိလို့ ဝမ်းသာ သွားတာပါပဲ။ ဆိုင်ရှင်တွေကို မေးကြည့်မိပါတယ်။ ဘယ်လိုစာအုပ်မျိုး၊ ဘယ်သာသာရပ်မျိုး ပိုရောင်းကောင်းလဲ လို့ပါ။ အမေးခံရတဲ့ ဆိုင်ရှင်တိုင်းလိုလို အဖြေတူ တခွန်းပဲ ဖြေကြပါတယ်။ ''ဒီလိုပါပဲ'' တဲ့။ 'ဒီလိုပါပဲ' ဆိုတာ၊ မသေမချာ ဝေဝေဝါးဝါးနဲ့ ဖိုးကပ်စ် မပြတ်တဲ့ သဘော၊ ယောင်ချာချာ ရေစုန်လိုက် နေတဲ့ သဘော မဟုတ်ပါလား။ ဒီမြို့ကလေးမှာ 'ဒီလိုပါပဲ' လို့ အမည်မှည့်ထားတဲ့သူ ဘယ်နှယောက်များ နေထိုင်ပါလိမ့်လို့ တွေးမိ ရင်း ကျွန်တော်ဝမ်းနည်းသွားခဲ့တယ်။

မြို့ဟာ အပြင်ပန်းအားဖြင့်တော့ မြို့လိုပဲ ကျော့ကျော့လေး 'ဝတ်' ပါတယ်။ ရွရွလေး 'စား'ပါတယ်။ ထည်ထည်ကလေး 'နေ' ပါ တယ်။ ကိုယ်တိုင်လည်း ပွဲလမ်းသဘင်ကျင်းပပြီး၊ သူများကျင်းပတဲ့ ပွဲတွေလည်း ပုံမှန်ပဲ တက်ရောက်လေ့ရှိပါတယ်။ နောက်.... ၊ မြို့လိုပဲ ဟန်လုပ်တတ်ပြီး၊ မြို့လိုပဲ ကြောက်တတ်ပါတယ်။ မြို့လေးရဲ့ အကျင့်စရိုက်ဟာ ဒီအတိုင်းဆိုတာ သေချာပါတယ်။ ဒါတွေကို ကျွန်တော် ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပဲ။

ကျွန်တော် မသေချာတာက မြို့ဟာ သူ့သမိုင်းကို သူမှတ်မိရဲ့လား ဆိုတာ။ သူ့အနာဂတ်ကိုသူ တင်ကူး တွက်ဆထားရဲ့လား ဆိုတာပါ။ လာမယ့်အနာဂတ်မှာ မြို့အတွက် မုချအရေးပါလာမယ့် လမ်းမ ကြီးတစ်ခု တည်ဆောက်နေတာလည်း တွေ့ခဲ့ရပါတယ်။ လမ်းဖေါက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်တွေမှာတော့ ''ထိန်-မြစ်'' လမ်းဖေါက်လုပ်ရေးလို့ စာတမ်းတွေ ထိုးကပ်ထားတာတွေ့ရလိမ့်မယ်။ ''ထိန်'' က တရုတ်ပြည်၊ ထိန်ချုန်းမြို့ကို ဆိုလိုတာဖြစ်ပြီး၊ ''မြစ်'' က မြန်မာပြည် မြစ်ကြီးနား မြို့ကို ရည်ညွှန်းတာဖြစ်မှာပါ။ ကျွန်တော့်စိတ်ထဲမှာသာ သူ့ အနာဂတ်သူ စဉ်းစားမှ နေရဲ့လားလို့ အလကားပဲတင်း အားမလိုအားမရ ဝင်ဖြစ်နေမိပေမယ့် တကယ်တော့ မြို့ဟာ သူ့ဖာသာသူ သည်းသည်းသန်သန် စဉ်းစားနေပုံ ရပါတယ်။ တခါတရံမှာ တွေတွေငြိမ်ငြိမ်ကြီး စဉ်းစားခန်းဝင်နေတတ် တဲ့ မြို့ရဲ့ ထူးခြားသော ငြိမ်သက်မှုကို တွေ့ရတတ်ပါတယ်။

သူ စဉ်းစားနေတဲ့အထဲမှာ (ရင်းနှီးမြှုပ်နှံမှု၊ ကူးသန်းရောင်းဝယ်မှု၊ သယံဇာတများထုတ်လုပ်ရောင်းချမှု၊ ကြီးပွားချမ်းသာလာခြင်းဖြင့် မြို့တစ်မြို့ရဲ့ အရေးပါ အရာဝင်လာမှု) စတဲ့ အချက်အလက်တွေကို ထည့်သွင်း တွက်ချက် တည်ဆောက်ထားတဲ့ ခေတ်ပေါ်ကစားနည်း ဆော့ဖ်ဝဲ (software) အသစ်တစ်ခု ရေးဆွဲစေဖို့ ဘယ်ကုမ္ပဏီကို အလုပ်အပ်ရရင်ကောင်းမလဲ ဆိုတဲ့အချက်လည်း ပါဝင်နိုင်ပါတယ်။ သူ့ အရှေ့ဘက်ခြမ်းက လူသန်း တစ်ထောင်ကျော်နဲ့ အနောက်ဘက်ခြမ်းက သန်းတစ်ထောင်ကျော်သောလူတွေရဲ့ ဧရာမ ဈေးကွက်ကြီး အတွက် ကုန်စည်ဖြတ်သန်းခွင့် (transit) အခွန် ဘယ်လောက်ရနိုင်မလဲ ဆိုတာ ပါနိုင်ပါတယ်။ အိမ်ခြံမြေ ဈေးကွက်ရဲ့ အလားအလာကို တွက်ချက်ခြင်းလည်း ပြုလုပ်နေနိုင် ပါသေးတယ်။ ခွန်အားကောင်းလှတဲ့ ရေရင်းမြစ် ရှိရာ မြစ်ချောင်းတွေမှာ ရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ရင်း ထွက်လာမယ့် ဓါတ်အား ပမာဏတွေကို ဈေးကွက်တင်နိုင်ရေး ကိစ္စလည်း ပါကောင်း ပါနိုင်ပါတယ်။ လမ်းသာရင် မြေဈေးကောင်းမယ်။ ဧရာဝတီမြစ်၊ ဒုတိယ ကမ္ဘာစစ် နောက်ခံသမိုင်းကြောင်း၊ လီဒိုလမ်းမ၊ သဘာဝအလှနဲ့ သယံဇာတ ပိုင်ဆိုင်ထားမှုတွေက ကမ္ဘာလှည့်ခရီးသည်တွေကို မျှားယူ နိုင်တဲ့ အကောင်းဆုံးအစာ ဖြစ်တယ်။ ဒီတော့ အင်တာနေရှင်နယ် ဟိုတယ်ကြီး တခုကို လက်ဦးမှုယူပြီး တည်ဆောက်မယ် ဆိုတဲ့ အကြံစည် မျိုးလည်း ပါနိုင်ပါသေးတယ်။ မြို့ဟာ၊ မြို့ကတော်ရဲ့ လာမယ့်မွေးနေ့ အတွက် ကျောက်စိမ်းနန်းတော်တစ်ခုရယ်၊ ရွှေသေတ္တာနဲ့ အပြည့်ထည့် ထားတဲ့ ကျောက်မျက်ရတနာတွေရယ် လက်ဆောင်ပေးမယ်ဆိုတဲ့ အတွေးမျိုး တွေး နေ/မနေ တော့ အသေချာ ပြောနိုင်ကြပါ့မလားရယ်။ ဒီတချက်အတွက်တော့ အလောင်းအစားတခု ပြုလုပ်ဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်ပါတယ်။

မြို့ဟာ မကြာခင်မှာ သူ မုချဖွံ့ဖြိုး လာတော့မယ်အကြောင်း သူ့ဖာသူ သေသေချာချာကြီးကို သိနေတယ်။ ဒီအပေါ်မှာ ယုံယုံ ကြည်ကြည်ကြီးကို ရှိနေတယ်။

အစိမ်းရောင်ပျောက်ဆုံးခြင်းဖြစ်ရပ်နောက်ကွယ်က ရာသီ ပျက်သုဉ်းခြင်းအကြောင်း၊ ဧရာဝတီရဲ့ ရေစီးနဲ့ မြစ်ကြောင်း အပြောင်းအလဲ အခြေအနေ အကြောင်း၊ အိပ်မက်ကုန်သည်များရဲ့ လမ်းကြောင်းကို ဘယ်လို ဗျူဟာချမှတ် ပိတ်ဆို့ဖြတ်တောက်လိုက်ရင် မြို့သူမြို့သားတွေ ရဲ့အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးရာ ရောက်မယ့် အကြောင်း၊ ဆယ်ရွာပေါင်းမှ ဆယ့်တအိမ် ရှိတဲ့ တောင်ပေါ်တိုင်းရင်းသား ရွာတွေကို ဘယ်လို စုစည်းပြီး ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ အကြောင်း၊

ရာစုပေါင်း များစွာ စစ်ပွဲတွေချည်းပဲ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ ဒေသခံတိုင်းရင်းသားတွေကို ခေတ်နဲ့အမီ ငြိမ်းချမ်းစွာနေထိုင်နိုင်ကြ အောင် ဘယ်လိုစီစဉ်ပေးရင် ကောင်းမယ့်အကြောင်း။

ကိုယ် တာဝန်ကျရာ မူလတန်း ကျောင်းကလေးဆီရောက်ဖို့ လေးငါးရက်ဆက်တိုက် လမ်းလျှောက်သွား နေကြရတဲ့ မန်ကျီ၊ ဆော့လော်မြို့နယ်က မူလတန်းပြ ဆရာ/ ဆရာမတွေ အကြောင်း စတာတွေကို စဉ်းစား နေ/မနေ တော့ သိပ်မသေချာ။

ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ ဟောဒီ ဥတ္တရမြို့ကို ကြီးလည်းကြီးပွားစေချင်တယ်။ ရုပ်ဝတ္ထုပြည့်စုံသလို စိတ်ဓာတ်ခွန်အား ကြံ့ခိုင်စေချင်တယ်။ လူမျိုးမတူ၊ ယဉ်ကျေးမှုဘယ်လိုလွဲကွဲကွဲ၊ တစ်ဦးနဲ့ တစ်ဦးကြားမှာ အဆင့်အတန်းကွာဟမှု၊ အခြေခံလူသားရပိုင်ခွင့်ခြားနား မှုမျဉ်း ကျဉ်းမြောင်းနေစေ့ချင်တယ်။

ကျွန်တော့် နားထဲမှာ ယာဉ်၊ ရထားသံတွေကြားလာပြန်တယ်။ လေယာဉ်တစ်စီး ထိုးဆိုက်လာသံ ကြားတယ်။ ဖေါက်လုပ်ရေး ယန္တရားတွေရဲ့ အင်ဂျင်သံကို ကြားတယ်။ ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေသူ တချို့ ဆီက မေးရိုက်သံတွေ ကြားတယ်။ ဆံပင်တိုတို၊ ဘောင်းဘီတိုတို၊ အသက် ခပ်ကြီးကြီး စိနတိုင်း သူကြီးတယောက်ရဲ့ 'ခတ်ချို'ဆန် ဈေးဆစ်သံ သြသြကိုကြားရတယ်။ အခု ကြားနေရတဲ့ အသံတွေကို စာရင်း ပြုစုကြည့်တဲ့အခါ အတော်လေး အမယ်စုံတာ တွေ့ရတယ်။

ဆုတောင်းပြည့်စေတီက ဆည်းလည်းသံ.
ဘုရားကျောင်းများဆီက တနင်္ဂနွေနေ့ စုပေါင်းဝတ်ပြုသံ။
မနောကွင်းက လူစုလူဝေးနဲ့အော်ဟစ်သံ၊ ချိုအီနွဲ့နွဲ့ နတ်ခေါ်တေးနဲ့ စည်းချက်မှန်မောင်းသံ။
ဧရာဝတီမြစ်ရေ စီးသံ။
မြစ်ရေစီးကို အသုံးပြုပြီး ရွှေတွင်းတွေဆီ စားနပ်ရိက္ခာ သယ်ပို့နေတဲ့ စက်တပ် လှေလေးတွေရဲ့ တဒုတ်ဒုတ် အသံ။
'ဝိုင်းမော်' ဘက်ကမ်းကို ကူးမယ့် ကူးတို့ သင်္ဘောတစင်းရဲ့ အချက်ပေး ဥသြသံ။
မိုးမလင်းဈေးရဲ့ ငိုက်မြည်းသံ။ ညည်းညူသံ။ စည်ဘီယာဆိုင်တွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာမယ့် 'ဂိုး . . .' ဆိုတဲ့ သံပြိုင်ဟစ် အားပေးသံ။
ဆေးဖြတ်ရင်ဖြတ် မဖြတ်ရင်ငါ့ကိုဖြတ် လို့အော်ပြောနေတဲ့ ငယ်ရွယ်သော တစ်စုံတွဲဆီက ရန်ဖြစ်သံ၊ ပြန်ချစ်သံ။
မြို့လည် ကုက္ကိုလ်ပင်မှာ 'အဖေါ်' ကြော်ငြာ စာရွက်တွေ လိုက်ကပ်နေတဲ့ အသံ။
ဝန်စည်စလှယ် အပြည့်တင်ထားတဲ့ ခတ်ချိုမြစ်ဆိပ်သွား ဈေးပြန် မြင်းလှည်းတစီးဆီက မညှာမတာ ကြာပွတ်သံ။
''Where the Ledo road?" လို့ မေးမြန်းစူးစမ်းသံ။
ရှေး သံလမ်းအိုကြီးကို တရုတ်တွဲ အသစ်ရဲ့ ဘီးတွေက ဗြောင်ကျကျ ကြိတ်ဝါးနေသံ။
ဘီအိုစီ လမ်းမှာ တားထားတဲ့ ဂိတ်တံကို အောက်ချလိုက်သံ။
ဗလမင်းထင် တံတားမှာ ဂိတ်မထားတော့ဘူး ဆိုတဲ့အသံ။
'လိုင်ဇာ'သွားချင်လို့ ကားခ ဘယ်လောက်လဲလို့မေးမြန်းသံ။
အညာဒေသသား စားပွဲထိုး ပေါက်စလေးရဲ့ ငယ်သံမပျောက် သေးဘဲအော်လိုက်တဲ့ ''ဝမ်းတီးကျဆိမ့်၊ ဝမ်းနံ ထောမယ်''ဆိုတဲ့အသံ။

အောက်ပြည်အောက်ရွာက တကိုယ်ရေ ဆံသသမားလေးရဲ့ မဲမှောင်မှောင်၊ ညှီ စို့ စို့ ဆိုင်လေးဆီက တချပ်ချပ် မြည်နေတဲ့ စက်ကပ်ကျေး ထိုးကိုက်သံ။ (ကပ်ကျေးသံကြားမှာ သူ့နေထိုင် စားသောက်မှုဘဝ အကြောင်း ပြောပြနေတဲ့ ဇာတ်လမ်းတွဲကြီးလည်း ပါနေပါလိမ့်မယ်။) ''ငါး ပိဿာလောက်ရှိမယ်၊ ပေါလိသားမှာ အရည်စိုက်နေတာ၊ ပဲစွေးလုရည်၊ ကွမ်ချက်ထိုးပြီးသား၊ ပိုင်ရှင်က တစ်သောင်းအောက်မှာ ဈေးမဖွင့်နဲ့ လို့ခေါ်ထားတယ်'' စတဲ့ မစားရဝခမန်း၊ ခြေအေးဝမ်းယောင် အသံ။

ကမ္ဘာလှည့်ခရီးသည်တွေ လက်ထဲက တစ်ချောက်ချောက် မြည်နေတဲ့ ကင်မရာရှပ်တာတံခါး ဖွင့်ပိတ်သံ။

မြို့ဟာ အရောင်တွေ၊ အသံတွေ၊ အနံ့တွေကြားမှာ မြှုပ်ချည် ပေါ်လှည့်ဖြစ်နေတယ်။ ဘာသာ ပေါင်းစုံ စကားသံတွေကိုလည်း ထုပ်ပိုး သိမ်းဆည်းထားတယ်။ တခါတလေမတော့ မြှောက်ထိုးပင့်ကော်နဲ့ ချောက်ချ သွေးထိုး စကားသံတွေကြားမှာ ဘယ်ဟာ အမှန်လဲလို့ သူ ကိုယ်တိုင် ဝေခွဲဖို့ ခက်နေတတ်ပြန်တယ်။

နေ့မှာလင်းတဲ့ အလင်းနဲ့ ညမှာမှောင်မယ့် အမှောင်ကို ဘယ်ညာလက်အစုံရဲ့ တဘက်စီမှာ ဆုပ်ကိုင်ထားတယ်။ သေနတ်ပါတဲ့ ယမ်းခါးပတ် ကို ကောက်ပတ်လိုက်ရမလိုလို၊ ဘီရိုထဲ ထည့်သိမ်းရမလိုလို သူ့စိတ်က ချည်တုံ ချည်ချ ဖြစ်နေတတ်သေးတယ်။ ကျွန်တော့်အတွက်တော့ ဒီမြို့နဲ့ အသိအကျွမ်းဖြစ်ရတာ၊ ပျော်ရွှင်စရာနည်းနည်း၊ မွန်းကြပ်မှုများများ ထည့်ဖျော်ထားတဲ့ ကော့တေး တစ်ခွက်သောက်ရသလိုပဲ။

ဒါနဲ့ ကျွန်တော်ဟာ၊ အာရုံနောက်စရာ မြို့ရဲ့ ရှုတ်ရှုတ် ထွေးထွေးတွေကြားမှာ အသာခြေရာဖျောက်ပြီး လမ်းဆက်လျှောက်ခဲ့တယ်။ ခြေလှမ်းတွေဟာ မြို့ရဲ့ သမိုင်းဆီကိုလည်း မရောက်၊ မျှောင်လင့်ခြင်း အနာဂတ်ဆီကိုလည်း မရောက်ခဲ့။

ကျွန်တော့် ခြေလှမ်းတို့ ဦးတည်ရာဟာ အေးမြသန့်စင်သော လေထုရှိတဲ့ ချမ်းတမြေ့မြေ့ အရှေ့တောင်တန်းတွေဆီကိုသာ။ ဘာပဲဖြစ်ဖြစ် ချစ်တဲ့မြို့ကလေးကိုတော့ အေးချမ်းသာယာစွာ ရှိစေချင်တာအမှန်ပါပဲ။


ငြိမ်းအေးအိမ်
၂ဝဝ၇ခု ဇန်နဝါရီ (၂၉) (ဝ၅း၃၆)နာရီ
ကချင်ပြည်နယ် အရှေ့ဘက်တောင်တန်း


No comments: