Wednesday, February 23, 2011

အော်-မဲနယ်တောင်
ရေးသူ- ဖိုးသံ(လူထု)



မဲနယ်တောင်ပေါ်မှာ နွေဦးပေါက်ပါတော့မယ်။ ဆောင်းခိုစရာမရှိ။ တုန်ကျင်နေအောင်ချမ်းတဲ့ ဥတုရာသီကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ရာကနေ နွေးထွေးတဲ့ကာလဆီကို ရုန်းထွက်စပြုပါပြီ။

အဲဒီလိုနွေနဲ့ဆောင်း အပြိုင်လုနေကြတဲ့တမနက်မှာ ကျနော်နေတဲ့ဦးကျော်စိန်ရဲ့အိမ်ကို ဦးခွန်ထီးရောက်လာခဲ့ ပါတယ်။ ကျနော့်ကိုလာခေါ်တာပါ။ တောင်ကြီးဦးထွန်းမြင့်လေးနဲ့သူတို့ ဗမာပြည်ကွန်မြူနစ်ပါတီမြေအောက်လုပ်နေတဲ့ ရဲဘော်တွေကိုအဆက်ရပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ သူကဂျစ်ကားတစင်းငှားလာခဲ့ပါတယ်။ ဒါကြောင့်မနက်စာစားပြီး ချက်ခြင်းလိုက်ဖို့ပဲပြင်ရပါတယ်။ ကိုယ်ပိုက်ပစ္စည်းရယ်လို့ ဘာမှမရှိလေတော့ပြင်ရတာဘာမှမခက်ပါ။ ခက်တာကခွဲခွာရ တာပါ။


မဲနယ်တောင်ကြီးကိုကျနော်ကချစ်နေမိလို့ပါပဲ။ ကျနော်ပထမဆုံးတောခိုတဲ့နေရာ။ ကျနော်ပထမဆုံးသေနတ်ကိုင် ဖူးတဲ့၊ ပထမဆုံးတိုက်ပွဲကလေးတိုက်ဖူးတဲ့ နေရမဟုတ်လား။ ဒီတောင်ပေါ်မှာကျနော့်ကိုမျက်နှာတင်းတင်းနဲ့ကြည့်သူ၊ ငြိုငြင်တဲ့လူလို့တယောက်မှ မကြုံခဲ့ရပါဘူး။ ကြည်လင်တဲ့အပြုံးတွေချည့် မြင်တွေ့ခဲ့ရဖူးပါတယ်။ “ခွေအုံဖူးမဲကောင်” (ပအို့ဝ်စကား- ကျနော်မဲနယ်တောင်မှာနေဖူးတယ်)လို့ နောင်မှာကျနော်ဂုဏ်ယူစွာပြောလေ့ရှိရတဲ့ တောင်တန်းကြီးဖြစ် ပါတယ်။ ကမ္ဘာမြေကြီးကိုပေါက်ပြားနဲ့ပေါက်တာဟာ ကမ္ဘာမြေကြီးကိုချစ်မြတ်နိုးရာကျတယ်ဆိုတဲ့ အဆိုစကားကို ကျနော်တက္ကသိုလ်မှာနေတုန်းက နောင်တော်ကဗျာဆရာကိုကြည်အောင် မကြာခဏပြောတာကြားရဖူးပါတယ်။ ကျနော်လည်း မဲနယ်တောင်ကြီးပေါ်မှာ သနပ်ဖက်ခင်းတွေပေါက်၊ ကြက်သွန်ခင်းတွေပေါက်ခဲ့တာ နည်းမှမနည်းတော့ပဲ။

မဲနယ်တောင်ကလူတွေက မဲနယ်တောင်ဟာပအို့ဝ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုထိန်းသိမ်းဆက်ခံတဲ့ ဗဟိုလို့သဘော ထားပြောဆိုလေ့ရှိကြပါတယ်။ ဘုန်းကြီးကျောင်းကြီးတွေဟာ တိုင်တရာနီးပါးရှိကြပြီး သံယာတော်တွေဟာ အင်မတန် ကြည်ညိုလေးစားတာ ခံကြရပါတယ်။ သံဃာတော်တွေကလည်း ရွာထဲလာလည်ဆိုတာမျိုးလုံးဝမရှိပဲ ကျောင်းပရ၀ုဏ်ထဲ မှာပဲကျောင်းစည်းကမ်းနဲ့အညီနေကြပါတယ်။ အဲဒီဒေသမှာလောင်းကစားတယမရှိသလို၊ မူးယစ်ဆေးဝါးနဲ့ ဘိန်းဘင်း ကဇော်လည်းမရှိပါ။ အရက်တော့သောက်ကြပါတယ်။ ဒါပေမဲ့အရက်မူးလို့ရမ်းတယ်၊ ကြမ်းတယ်ဆိုတာမျိုးတခါမှမတွေရ ဖူးပါဘူး။ အရက်မူးလို့် ရွာလမ်းမှာက’နေတာမျိုးတော့တွေ့ရဖူးပါတယ်။

ကြုံလို့ ကျနော်ဒီတောင်ပေါ်မှာ တံတားပြင်ခဲ့တဲ့အတွေ့အကြုံလေးတခုပြောပြချင်ပါတယ်။ မဲနယ်တောင်တန်းကြီး ပေါ်က ကျနော်တို့နေတဲ့တကြောမှာရွာတွေဟာ တောင်ခါးပန်းက ချောင်းရိုးတလျှောက်မှာ စီတန်းတည်ရှိနေတယ်လို့ ဆိုရင်ရပါတယ်။ နောက်ပြီးရွာကြီးတွေကဆက်နေတာပါ။ တချို့ဆိုရင် တရွာနဲ့တရွာ ကိုက်နှစ်ရာ-သုံးရာပဲဝေးပြီး ဝေးလှ၊ ကွာလှပါတယ်ဆိုတောင်မှ နှစ်မိုင်လောက်ထက်ပိုပြီး ရွာပြတ်တာမရှိသလောက်ပါပဲ။ ဒီတော့ ဒီချောင်းရိုးတလျှောက်က ကားလမ်းဟာအင်မတန်မှအခရာကျပါတယ်။ ကျနော်ပါဝင်တယ်ဆိုတဲ့ တံတားပြင်ပွဲဟာ ကျနော်နေတဲ့ရွာအောက်နား လေးတင်၊ ၄ဖာလုံလောက်အကွာနေရာမှာရှိပါတယ်။ အဲဒီနေ့မနက်မှာ လမ်းပြင်ဖို့အတွက်ရွာထဲမှာတရက်ကြိုပြီး လူစုံတဲ့ ညနေစောင်းမှာ ကာလသားခေါင်းလုပ်သူက ရွာထဲမှာ“မူနမ်ရွေ့၊ ခိုဘမ်းရွေ့”ဆိုပြီးလိုက်ဗျိုးဟစ်ပါတယ်။ ဗမာလိုဆိုရင် “အပျိုတို့၊ လူပျိုတို့”လို့ဆော်သြတာပါ။ ဒီနေရာမှာ ရကောက်ကို‘r’အသံထွက်ပါတယ်။ တံတားပတ်ဝန်းကျင်က ရွာတွေကအပျိုလူပျိုသာမက လူအိုနဲ့လူနာကလွဲရင်အကုန်လုံးလာရပါတယ်။ မနက်စာထမင်းစားပြီးတာနဲ့ (၉နာရီ၊ ၁၀ နာရီအချိန်လောက်)တံတားပြင်မယ့်နေရာကို ရောက်ကြပါတယ်။ ပြင်ရမယ့်အလုပ်က ချောင်းရိုးထဲမှခုတ်ချထားတဲ့၊ အကိုင်းတွေခုတ်ဖြတ်ထားတဲ့ သစ်ပင်ကြီးနှစ်ပင်ကိုကြိုးနဲ့ဆွဲတင်ရတာပါ။ လူ့လက်သုံးဖက်လောက်တုတ်ပြီး အလျား၅လံ ၆လံလောက်ရှိတဲ့ သစ်လုံးကြီးတွေကို အနက်ပေ ၁၀၀နီးပါ်းရှိတဲ့ချောက်ထဲကနေ အကွာကိုက်၂၀၀လောက်ရှိတဲ့နေရာ အထိဆွဲရတာဟာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ရွာလေးငါးရွာကသန်သန်မာမာလူပေါင်း ၃-၄၀၀လောက်နဲ့ဆွဲတင် ကြတာရဖြစ်ပါတယ်။ ကာလသားခေါင်းတယောက်ကနေ မောင်းကလေးတလုံးနဲ့ညာသံပေးသလို တီးပေးနေပြီး အားလုံးကတညီထဲဝိုင်းဆွဲတင်ကြပါတယ်။ ကျနော့်အထင် သစ်လုံးကြီးနှစ်လုံးကို ၂နာရီကျော် ၃နာရီလောက်ဆွဲတင် ရပါတယ်။ ရွာစုံကလူစုံလာကြတာဆိုတော့ အားလုံးတပျော်တပါကြီးလုပ်ကြပြီး ပြီးတဲ့အခါမှာလူစုခွဲလိုက်ကြပါတယ်။ ကျနော့်အဖို့ကတော့ ကိုယ်နေတဲ့ရွာကလူတွေနဲ့ရော တခြားရွာကလူတွေနဲ့ပါရင်းနှီးလိုက်ရတာဟာ အမြတ်ဖြစ်ပါပဲ။

ကျနော်ရောက်သွားတဲ့အချိန်က မိုးတွင်းကြီး၊ ၀ါတွင်းကြီးဖြစ်လေတော့ အဖိတ်နေ့တိုင်းမှာ ဘုန်းကြီးကျောင်းပို့ဖို့ ရွာတွေက ဆွမ်းချက်ပွဲတွေလုပ်ကြပါတယ်။ ဆွမ်းချက်ပွဲဆိုတာက ရွာထဲကအိမ်တွေမှာ ကာလသား ကာလသမီးတွေက အလှည့်ကျချက်ကြတာဆိုတော့ စည်ကားတော့တာပေါ့။ သူတို့ဆီမှာကအပျိုလည်တဲ့ဓလေ့လည်းရှိတာကိုး။ တနေ့လုံး ပင်ပင်ပမ်းပမ်းအလုပ်လုပ်ကြရတဲ့ လူငယ်တွေအဖို့ဖျော်ဖြေစရာဆိုလို့ ဒီတခုထဲရှိတာဖြစ်ပါတယ်။ ဒါကြောင့် ညမို့ ရောက်လာတယ်ဆိုရင် ကာလသား ၄-၅ယောက်တဖွဲ့စုပြီးအပျိုတွေရဲ့အိမ်ကိုသွားလည်ကြပါတယ်။ အိမ့်ရှင်အပျိုဟာ လာလည်တဲ့ကာလသားကို လက်ခံစကားပြောရပါတယ်။ လက်မခံလို့မရပါဘူး။ တခါတလေဆိုရင် တခြား ရွာက၊ ဒါမှမဟုတ်တရပ်တကျေးက လူပျိုတွေကိုကိုယ့်ရွာသားတွေဲ ခေါ်လာတာမျိုးလည်းရှိတတ်ပါတယ်။ ဒါဆိုလည်း လက်ခံ ရပါတယ်။ ပြီးရင် ယောက်ျားလေးက “မင်းကိုငါသိပ်ချစ်တယ်။ ငါ့ကိုချစ်သလား”လို့မေးရင် မိန်းကလေးက ချစ်သည် ဖြစ်စေ၊ မချစ်သည်ဖြစ်စေ “ချစ်ပါတယ်”လို့ပဲပြန်ပြောရပါတယ်။ မချစ်ဘူးလို့မပြောရပါဘူး။ ဒါပေမဲ့အဲဒီလို အချိန်မှာ ပြောတဲ့စကားကို အတည်ယူလို့မရပါဘူး။ ထုံးစံမို့ပြောနေတာပဲဆိုတာကို နှစ်ဘက်လုံးနားလည်ရပါတယ်။ အဲဒီလို ထမင်းချက်တဲ့အိမ်ဆီက ထိန်ထိန်ငြီးနေတဲ့အောက်လင်းဓာတ်မီးရောင်တွေနဲ့ အိုးစည်သံလင်းကွင်းသံလည်း ပျံ့လွင့်နေ တတ်ပါတယ်။
ဒီလိုနဲ့သီတင်းကျွတ်တဲ့အချိန်ရောက်တော့ ကျနော့်အထင် အဲဒီကပအို့ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကိုတွေ့ရပါ တော့တယ်။ စောစောကပြောခဲ့တဲ့ တိုင်တရာနီးပါးရှိတဲ့ဘုန်းကြီးကျောင်းကြီးတွေမှာ လှူဖွယ်ပစ္စည်းတွေနဲ့ ပွဲတော်တွေ ကျင်းပကြပါတယ်။ တကျောင်းပြီးတကျောင်း အလှည့်ကျကျင်းပကြတဲ့ ဒီပွဲတော်ကို ဒီတရိုးမှာရှိတဲ့ရွာအားလုံးက လူအားလုံးဟာ လှူဖွယ်ပစ္စည်းတွေနဲ့လာကြပြီး ညမှာကျောင်းကိုလှည့်ပတ်ပူဇော်ကြပါတယ်။ လှူဖွယ်ကိုကိုင်သူက ကိုင်၊ အိုးစည်ရှည်ကြီးနဲ့သိုင်းကသူက က။ အပတ်ပေါင်းများစွာလှည့်ကြတာပါ။ ဒီလိုပူဇော်ပွဲတွေကို တောင်ခြေပိုင်းရှိရှမ်းရွာတွေ ကလည်းလာကြပါတယ်။ လှည့်ရာမှာအမျိုးသမီးတွေနဲ့ လူကြီးတွေပဲပါတာမို့ ကာလသားတွေအဖို့ ဒီထက်ကောင်းတဲ့ မျက်စေ့ပွဲတော်တည်စရာမရှိတော့သလိုဖြစ်နေပါတယ်။ အစွမ်းကုန်အလှပြင်ထားတဲ့ ရွာတကာကအပျိုတွေကို တထိုင်ထဲ ကြည့်ရတာမဟုတ်လား။ ဒါဟာ ဘုန်းကြီးကျောင်း တကျောင်းပြီးတကျောင်း၊၊ ရွာလုံးကျွတ်၊ ညလုံးပေါက်လောက် ကျင်းပကြတာပါ။ ကျနော်တောင်၎-၅ပွဲလောက်ရောက်ခဲ့ဖူးပါတယ်။ သူတို့နဲ့လိုက်ပြီးပျော်ခဲ့ရပါတယ်။ အလားတူပဲ တောင်ခြေမှာရှိတဲ့ ရှမ်းရွာတွေက ပွဲတွေကိုလည်း တောင်ပေါ်ကလူတွေက သွားပူဇော်ကြပါတယ်။ အဲဒီနေရာတွေမှာ ကျတော့ မြို့ကလာတဲ့ဈေးသည်တွေကိုလည်းတွေ့ရပါတယ်။

ဒီနေရာကိုကျနော်ရောက်ကတဲက ဦးကျော်စိန်ကို“သူတို့နဲ့ကျနော်နဲ့ အဖွဲ့အစည်းချင်းမတူပေမဲ့ ရန်သူကိုဆန့်ကျင် တိုက်ခိုက်တဲ့လုပ်ငန်းမှန်သမျှမှာ ပါဝင်လုပ်ကိုင်ပေးမယ်”လို့ကတိပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ၁၁ရက်မှာကျတဲ့ သူတို့ရဲ့ပအို့ဝ်တော်လှန်ရေးနေ့ အခမ်းအနားပွဲလမ်းသဘင်တွေမှာ ကျနော်တက်တက်ကြွပါဝင်ခဲ့ပါတယ်။ သူတို့ထုတ်တဲ့ စာစောင်လေးထဲမှာ ကာတွန်းဆွဲပေးတာ၊ ဆောင်းပါးဘာသာပြန်ပေးတာကအစ အားကစားပွဲတွေ ကြီးမှူးလုပ်ကိုင်ပေး၊ ကိုယ်တိုင်ဝင်ပါ စသဖြင့်ထက်ထက်သန်သန် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်ဦးဆောင်တဲ့ ကျနော်တို့ရွာက ဗော်လီဘော အသင်းက ပထမရခဲ့ပါတယ်။

တခါမှာ ညကြီးမင်းကြီး တောင်ပေါ်ကိုရန်သူ့တပ်(မဆလတပ်)လာတယ်ဆိုလို့ သူ့ကိုယ်ရံသဘောမျိုး ကာဘိုင် သေနတ်ဆွဲပြီး တောင်ပေါ်တက်ရှောင်ခဲ့ရဖူးပါတယ်။ နောက်တခါမှာတော့ နေ့ခင်းပိုင်းမှာကားလမ်းတလျှောက် ၀င်လာတဲ့ ရန်သူ့တပ်စုတစုလောက်ကို ဖြတ်တိုက်တာမှာပါခဲ့ပါတယ်။ ကိုယ့်ဘက်က အချိန်နောက်ကျသွားတာအပြင် ရန်သူကို ပိတ်တိုက်တာ မလုပ်နိုင်လို့ဘယ်ဘက်မှထိခိုက်မှုမရှိပဲ ရန်သူတွေလွတ်ထွက်သွားပါတယ်။ မဆလတပ်ရဲ့ ဦးထုပ်တလုံးပဲ ရလိုက်ပါတယ်။

အဲဒီလိုမဲနယ်တောင်သားတွေနဲ့ တပျော်တပါးကြီးနေခဲ့ရာကနေ ပါတီကလာခေါ်တယ်ဆိုတော့ ကျနော့်မှာဘာမှ စဉ်းစားမနေနိုင်တော့ပါဘူး။ ဦးခွန်ထီးက သွားရအောင်၊ အားလုံးစီစဉ်ပြီးပြီလို့ဆိုတော့ ကျနော့်အနေနဲ့ ဘယ်သူတွေလဲ၊ ဘယ်ကယူဂျီလဲ စသဖြင့်မေးမနေနိုင်ပါဘူး။ မေးခွင့်လည်းမရှိဘူးမဟုတ်လား။ “ဟုတ်ကဲ့”တလုံးပဲပြောပြီးထွက်ခွာရ တာပါ။ မနက်စာမစားခင်လေးမှာသူရောက်လာ၊ စားပြီးတာနဲ့ထွက်ဆိုသလိုပဲဖြစ်ပါတယ်။

ကျနော်နဲ့ကိုတော်ဝင်း (ကျနော်ထွက်ပြေးရာမှာကူညီမိလို့ တောခိုရတဲ့ ညီအကိုလိုနေခဲ့သူ)ဟာ ဦးလေးဦးကျော်စိန် တို့လင်မယားကိုကန်တော့ပြီး အိမ်ပေါ်ကဆင်းခဲ့ကြပါတယ်။ သူတို့ကကျနော်တို့ကိုဂျစ်ကားအထိလိုက်ပို့ပါတယ်။ ကား အနားရောက်တော့ ကျနော်နဲ့ဦးလေးဦးကျော်စိန်ရဲ့သား ကိုအောင်မာန်(မြို့နယ်တပ်မှူး)တို့ပုခုံးဘက်ပြီးငိုခဲ့ကြပါတယ်။ ကျနော့်အဖို့ ဒါဟာပထမဆုံးဒီလိုငိုနည်းမျိုးလို့ထင်ပါတယ်။ နေရစ်ဦးတော့မဲနယ်တောင်ပေါ့။ ဂျစ်ကားနောက်ပိုင်းမှာ ထိုင်ပြီး ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ ကိုယ်ပြင်ခဲ့တဲ့တံတားနဲ့ ကိုယ်ပေါက်ခဲ့တဲ့သနပ်ဖက်ခင်းတွေကို ငေးမောနှုတ် ဆက်နေမိခဲ့ပါတယ်။ မဲနယ်တောင်နယ်မြေကထွက်ပြီဆိုတာနဲ့ ကျနော့်အဖို့လွတ်လပ်မှုဆုံးသွားပြီး ကားထဲမှာခပ်ဝပ်ဝပ် ထိုင်လိုက်ရပါတော့တယ်။

ဒီလိုနဲ့ မဲနယ်တောင်ကြီးအပေါ်သံယောဇဉ်မပြတ်နိုင်တဲ့ကျနော်ဟာ ရောက်လေရာမှာ မဲနယ်တောင်နဲ့ မဲနယ် တောင်သားတွေအကြောင်း အမြဲစနဲနာခဲ့ပါတယ်။ ပအို့ဝ်တွေနဲ့တွေ့ရင် တတ်သမျှပအို့ဝ်စကားလေး ပြောကြည့်လိုက်ရင် သူတို့က ဒါဟာမဲနယ်တောင်ကပအို့ဝ်စကားပဲ လို့သူတို့ကမှတ်ချက်ချပါတယ်။ ဒါဆိုရင်ကျနော့်အဖို့ ၀မ်းသာလိုက်ရတဲ့ ဖြစ်ခြင်း။ တနေ့ကတော့ မဲနယ်တောင်ကိုမကြာခဏရောက်နေတဲ့ တောင်ကြီးသားနှစ်ယောက်နဲ့တွေ့လို့ မဲနယ်တောင် အခြေအနေကိုမေးမြန်းမိပါတယ်။ ကျနော်နေခဲ့တဲ့ရွာကိုသူတို့ အခေါက်ခေါက်ရောက်ဖူးပါတယ်။ အဲတော့သူတို့က မဲနယ်တောင်ပေါ်မှာ လောင်းကစားဝိုင်းတွေရောက်နေပြီဆရာရေ့တဲ့။ ကျနော့်မျက်စိပြာသွားသလားအောက်မေ့မိ ပါတယ်။ နောက်ပြီးရွာတွေက ယောက်ျားမိန်းမတွေဟာ ယိုးဒယားကိုသွားအလုပ်လုပ်နေကြလို့ ရွာတွေထဲမှာလည်း လူတော်တော်နည်းနေပြီတဲ့။ တချို့နေရာတွေမှာဘိန်းစိုက်တာတောင်ရှိနေသလိုလိုပဲတဲ့။

ကျနော်အကြိမ်ကြိမ်ရေချိုးခဲ့တဲ့ မဲနယ်တောင်ကရွာတွေကိုဖြတ်စီးဆင်းနေတဲ့ ချောင်းကရေဟာ မဲနယ်တောင်သူ၊ မဲနယ်တောင်သားတွေလိုပဲ အင်မတန်သန့်စင်ကြည်လင်တယ်ဆိုတာကို ကျနော်ကောင်းကောင်းမှတ်မိနေပါတယ်။

ဘယ်လိုပဲပြောပြော။ မဲနယ်တောင်ကြီးဟာကျနော့်ရင်ထဲမှာတော ထီးထီးမားမားရှိဆဲပါ။

ဖိုးသံ(လူထု)

2 comments:

May everybody be happy and healthy! said...

ဘဝထဲက အတွေ့အကြုံ တစ်ခုနဲ့ တင်ပြထားတဲ့
အနှစ်သာရတွေနဲ့အတူ မရောက်ဘူးသေးတဲ့
ဒေသဆစ်ခုဆီ သို့မျှော်မှန်း တွေးဆမိရင်း
အားပေးသွားပါတယ်....ရှင်.
ကောင်းသောနေ့လေးဖြစ်ပါစေ.။

မေငြိမ်း said...

အကို့ကို comment ၀င်ပေးတာ.. ခုန တခါတော့ မရ။ ဆောင်းပါးက ၃၃ လမ်းကို ပြန်ရောက်သွားစေပါတယ်..။ လွမ်းစရာကြီးအကိုရာ.. တချို့ဆို ကျမ မမီလိုက်တော့ အမှတ်တရ ဖြစ်တာပေါ့.. ကျေးဇူးး